Thursday, December 22, 2011

ကော်ပီ + ကြော်ငြာ

(၁)
“ကိုယ့်နှလုံးသားလေးလည်း ရင်ခုန်နှုန်း ထိန်းဖို့ခက်ပြီ… ငြိမ်အောင် တင်းထားလို့မရ၊ မယုံနိုင်ဘူး မင်းနဲ့တွေ့စဉ်…ဒါ အချစ်လို့ခေါ်မလား…ကိုယ်မသိလိုက်မီ…”

(၂)
ဒီ အမေရိကန် တော်တော် တုံးတာပဲ။ ကျနော် ကြိတ်တွေးရင်း စိတ်ထဲကနေ ရယ်လိုက်တယ်။ ဒီ အမေရိကန် တော်တော် တုံးတာပဲ။

(၃)
“မင်းတို့ မြန်မာတွေ melody တခုကိုတောင် ကိုယ့်ဘာသာကိုယ် မဖန်တီးချင်ဘဲ သူများတွေဆီက အလွယ်တကူ ခိုးချနေကြတယ်” ဆိုတဲ့ အဓိပ္ပါယ်တွေကို အဲဒီ့ အမေရိကန်ရဲ့ မျက်လုံးတွေမှာ ထင်ထင်ရှားရှားတွေ့လိုက်ရလို့ ကျနော် ရယ်ချင်သွားတယ်။ ဒီလူဟာ အစဉ်အလာ သမားပဲ။

(၄)
ကျနော်သာ အားမနာတတ်လို့ ကတော့ သူ့ကို တခွန်းတည်း ပြောလိုက်မယ်။ “Reinventing the wheel” ဆိုတာ မကြားဖူးဘူးလားလို့။ အချိန်ကုန်ခံပြီး ဘီးကို ဘာလို့ အစကနေ ပြန်တီထွင်နေမလဲ။

ထမင်းစားဖို့ စပါးကို ကိုယ်တိုင် စိုက်နေစရာ မလိုပါဘူး။ ဆန်ကောင်းကောင်း သန့်သန့်လေးတွေ ဝယ်ပြီး ချက်လိုက်ရင် နူးညံ့တဲ့ ထမင်းတပွဲတော့ ဖြစ်လာနိုင်တာပဲ။

ဆောရီးပါ မစ္စတာ အမေရိကန်။ ကျနော်တို့ ဘာမဟုတ်တဲ့ emotion လေးတွေ ကို ဖော်ကျူးဖို့ အချိန် အများကြီး မပေးနိုင်ဘူး။ ခင်ဗျားတို့ဆီက လူတွေ လုပ်ပြီးသား ဟာလေးတွေကို အသာလေး အညွန့် ခူးစားလိုက်ရုံပဲ။ မြန်မာဆိုပြီး အထင်သေးမယ်တော့ မကြံနဲ့။ မြန်မာတွေ ဘယ်တုန်းကမှ မညံ့ခဲ့ဘူး။ မြန်မာဆိုတာ ခင်ဗျားတို့ အဖြူတွေ၊ Black အမေရိကန်တွေ ရဲ့ ဦးနှောက်ကိုတင် မကဘူး၊ Chinese တွေ Indian တွေ၊ ကိုရီးယားတွေ၊ ထိုင်းတွေရဲ့ ဦးနှောက်ကိုပါ အလွယ်တကူ ဖောက်စားနေတာ။

အထောက်အထားနဲ့ ပြောတတ်တဲ့သူဆို မြန်မာတွေဆိုတာ ဦးနှောက်ဖောက်စားခြင်း အတတ်ကို မြဝတီမင်းကြီး ဦးစ လက်ထက်ကတည်းက တတ်မြောက်နေတဲ့ အကြောင်း ဂုဏ်ယူဝံ့ကြွားစွာတောင် ရှင်းပြလိမ့်ဦးမယ်။

(၅)
ရှိပြီးသား Melody တွေမှာ စာသားလေးတွေ ကောက်ထည့်လိုက်တော့ရော ဘာဖြစ်လဲ?
Efficient ဖြစ်တာပေါ့။ Productive ဖြစ်တာပေါ့။ အလဟဿ အချိန်တွေ မကုန်တော့ဘူးပေါ့။

စာသား၊ အဆို နဲ့ လိုက်ပြီးတီးခတ်ထားပုံကလွဲရင် နဲ့ အားလုံး ကောင်းဖို့ ရာနှုန်းပြည့် သေချာသွားတာပေါ့။

ဝမ်းနည်ပါတယ် မစ္စတာ အမေရိကန်။ ကျနော်တို့က ငအတွေ မဟုတ်ဘူး။ စေ့စပ်တယ်။ ရာနှုန်းပြည့် သေချာမယ့် အလုပ်မျိုးကိုပဲ စိတ်ဝင်စားပါတယ်။

(၆)

“ကမ္ဘာမကြေဘူး…ငါတို့ သွေးနဲ့ရေးခဲ့ရတဲ့ မော်ကွန်းတွေ….တော်လှန်ရေး….ဒီမိုကရေစီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော”

ဗဟုသုတ နည်းတဲ့ ထိုင်းတယောက်က လာမေးတော့ ခံစားချက်လေးတွေ ပျောက်သွားတယ်။ ထပြီးသား ကြက်သီးလေးတွေလည်း ပြန်ဝင်သွားတယ်။

သူမေးတာကိုလည်း ကြည့်ဦး။ “မမြဲခြင်း တရားကို ဖွဲ့ထားတဲ့ သီချင်းကို မင်းတို့က ဘာလို့ လက်သီး လက်မောင်းတွေ တန်းပြီး၊ အံတွေ ကြိတ်ပြီး ဆိုနေကြတာလဲ” တဲ့။ မူရင်း အင်္ဂလိပ် သီချင်းက အနိစ္စတရားကို ဖွဲ့ထားတာကိုး။

စိတ်လေတယ်။ စဉ်းစဉ်းစားစား မမေးဘူး။ အနိစ္စတရားကိုတော့ ဘယ်သူက သွားပြီး လက်သီးလက်မောင်း တန်းနေမှာလဲ။ ဒီသံစဉ်ကို ကော်ပီလုပ်ရင် ဒီအဓိပ္ပါယ်ပဲ ဖြစ်ရမယ်လို့ သူ့ဖြုတ်ဦးနှောက်လေးက တရားသေ တွေးထားလား မသိပါဘူး။

အနိစ္စ သီချင်းက ကမ္ဘာမကြေတဲ့ သီချင်း ဖြစ်သွားတော့ရော ဘာဖြစ်သေးလဲ။ လူတွေ တက်ကြွလာအောင် လှုံဆော်နိုင်ရင် ပြီးတာပဲ။

ကမ္ဘာ့ငြိမ်းချမ်းရေးသီချင်းက ဇီးထုပ်ကြော်ငြာ သီချင်း ဖြစ်သွားတော့ရော ဘာအရေးလဲ။ အဲဒါဟာ ကျနော်တို့ မြန်မာတွေ ကျင့်သုံးနေတဲ့ “Win-Win Strategy” ပဲ။ ကြည့်တဲ့သူတွေလည်းကြိုက်၊ ကြော်ငြာတဲ့သူလည်း စီးပွါးဖြစ်တယ်လေ။

အမယ်… ငြိမ်းချမ်းရေး သီချင်းကို ကြော်ငြာ သီချင်းလုပ်လိုက်လို့ တနပ်စားဥာဏ်လို့တော့ လာမပြောနဲ့။ Mr. Bean ဇာတ်ကား ကြည့်ရသလို ရယ်ပစ်လိုက်မယ်။

မသိရင် မှတ်ထား။ ကိုစန်းအောင် ဆိုတဲ့လူဆိုရင် ၁၉၉၄- ၉၅ ခုလောက်တုန်းက ကြော်ငြာသီချင်း အတိုလေးတွေကို စုပြီး သီချင်းခွေ အဖြစ် ထုတ်လိုက်တာ ရောင်းရသဗျာ။ အိမ်နားက သီချင်းခွေ အငှားဆိုင်မှာတောင် တင်လိုက်သေးတယ်။ ဘယ်လောက်ဟန်ကျလဲ။ ကြော်ငြာ ရိုက်တုန်းကလည်း ပိုက်ဆံရ၊ ခွေထုတ်တော့လည်း ကြော်ငြာရှင်တွေ ဆီက ပိုက်ဆံရ၊ ခွေရောင်းရတာကလည်း ပိုက်ဆံရသေးတယ်။ ဒီတော့ တနပ်စားဥာဏ်လို့ လာမပြောနဲ့။ အမြင်ကျယ်ကျယ် ထားစမ်းပါ။ မျက်တောင်မွှေး တထောက်စာလေးတင် ကြည့်ချင်တဲ့ အကျင့်ကို ဖျောက်ကြပါ။

(၇)
ကြော်ငြာအကြောင်းစဉ်းစားမိတော့ မြန်မာပြည်က တီဗွီ အစီအစဉ်မှာ ၁၉၈၈ နောက်ပိုင်းကမှ စပြီး ကြော်ငြာတွေ ထိုးခွင့်ရတာကို သတိရမိတယ်။ အဲဒီ့အချိန်ကျမှ တီဗွီကြော်ငြာတွေ စလုံးရေစ ခဲ့ရလို့ မြန်မာတွေ ကြော်ငြာရဲ့ အရေးပါပုံကို အသိနောက်ကျ လှချည်လားလို့တော့ အထင်မသေးလိုက်ပါနဲ့။ ငါတို့ မြန်မာတွေဟာ ဟိုးရှေးရှေးတုန်းကတည်းက ကြော်ငြာရဲ့ အရေးပါပုံကို သိပြီးသား ဖြစ်သလို ပြောင်ပြောင်မြောက်မြောက်လည်း ကြော်ငြာ တတ်ပြီးသား။

(၈)

ဖတ်ပြီး ပီတိတွေ ဖြစ်ပြီး မျက်ရည်တောင် ဝဲချင်သတဲ့။ စိတ်ဝင်စားသွားတယ်။

ဖတ်ကြည့်လိုက်တော့ “ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့။ ငါ၏ လက်ဝဲလက်ဖြင့် ဝတ်စားတန်ဆာ ကိုပေးအံ့။ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သိမ့်စေသကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်စေအံ့” တဲ့။ ကျန်စစ်သားမင်းကြီးရဲ့ ကြော်ငြာ။

အဲ့လို အလုံးမျိုးတွေ၊ အဲဒီ့ထက် ကောင်းတဲ့ အလုံးတွေ ကတော့ ခုခေတ် သတင်းစာတွေ မှာလည်း တွေ့နိုင်တာပဲ။ မျက်ရည်မဝဲခင်မှာ... ကျန်စစ်သားမင်းကြီးက သူပြောခဲ့တဲ့ အတိုင်း တကယ်ရော လုပ်ခဲ့လား ဆိုတာတော့ စဉ်းစားကြည့်မယ် မရှိဘူး။ အပြောကောင်းတိုင်း မျက်ရည်ဝဲနေရလို့ ရှားရှားပါးပါး မျက်ရည်တွေ ခန်းကုန်မှဖြင့် နှမြောစရာ။

မင်းတုန်းမင်းကြီးကလည်း သတင်းစာ လွတ်လပ်ခွင့် ပေးသလိုလိုနဲ့ သူ့ကိုယ်သူ အဝေဖန် ခံနိုင်ကြောင်း ဒီလို ကြော်ငြာဖူးတယ်။
“ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့ မိဖုရားမကောင်းလျှင် ငါ့မိဖုရားကိုရေး၊ မင်းတို့မှာအပြစ်မရှိစေရ” ကြည့်ရတာ “မင်း” တို့မှာ အပြစ်မရှိစေရ ဆိုတဲ့ စာကြောင်းထဲက “မင်း” ဆိုတာက ရှင်ဘုရင် ဆိုတဲ့ အဓိပ္ပါယ်ကို ဆိုလိုတာ ထင်ပါတယ်။

(၉)

အရွယ်အစားတောင် တတောင့်နဲ့ တတောင့် တူအောင် မလုပ်နိုင်သေးတဲ့ တိုင်းရင်းဆေးတွေမှာလည်း တန်ခိုးတော် အနန္တ…..ကြော်ငြာတွေအရ

အေအိုင်ဒီအက်စ် ပျောက်ကင်းနိုင်တဲ့ဆေးကို သုတေသနတောင် မလုပ်ပဲ လက်တန်းဖော်စပ် နိုင်တာ၊ အရင်ဆုံး ဖော်စပ်နိုင်တာ မြန်မာတွေ…..ကြော်ငြာတွေအရ

“သင်တန်းသားဦးရေ ကန့်သတ်ထားသည်။ လာအပ်သလောက်သာ လက်ခံမည်” ဒါကတော့ သင်တန်းကြော်ငြာမှာ ဆီလျော်အောင် ကိုယ့်ဘာသာကိုယ် ထပ်ဖြည့်လိုက်တာ။

ကြော်ငြာတွေက ညာကြတာများတော့ လူတွေက မကောင်းဘူးလို့ မြင်လာကြရော။ တကယ်က ကြော်ငြာဆိုတာ လိမ်ချင်သူနဲ့ အလိမ်ခံချင်သူကြားမှာ ပေါင်းကူးပေးတဲ့ အရာလည်း ဖြစ်နိုင်သလို ပေးချင်သူနဲ့ လိုအပ်သူကြားမှာ ပေါင်းကူးပေးတဲ့ အရာလည်း ဖြစ်နိုင်သေးတာပဲ။

တောက်တွေးမြောက်တွေး လုပ်နေတာကို အသံနေ အသံထား တခုက လှုပ်နှိုးလိုက်တယ်။

“စားကြည့်။ အရသာခံကြည့်။ မကြိုက်ရင် ပိုက်ဆံမပေးနဲ့” အဲဒါက ဈေးသည်တယောက်ရဲ့ ကြော်ငြာ။

“လာလော့၊ ရှုလော့။ လုပ်ကြည့်ပြီး ကြိုက်မှ လက်ခံ့” အဲဒါကိုတော့ ကြော်ငြာခံရသူကို အကျိုးရှိစေမယ့် ကြော်ငြာလို့ မိတ်ဆွေ တယောက်က သုံးသပ်ဖူးတယ်။

ကဲ…ရေးတာလည်း တော်တော် ရှည်သွားပြီ။ သူငယ်ချင်း ... စာဖတ်လိုက်ရလို့ မျက်လုံးတွေ ညောင်းသွားပြီလား။ ဒါဆိုရင် အပြင်ကို ထွက်လိုက်။ ပြီးတော့ မိုးပေါ်ကို မော့ကြည့်လိုက်စမ်း။ ကောင်းကင်ဘုံကို တွေ့ရဲ့လား? ဘုရားသခင်ရဲ့ ကြော်ငြာကို?
(ကောင်းကင်ကို)

Tuesday, December 20, 2011

"သူ" ဘယ်သူလဲ သိချင်ရင်တော့ ကောင်းကင်ရဲ့ အရောင်ကိုသာ ကြည့်လိုက်

(၁)

ဒေါက်ဒေါက်ဒေါက်
မေးခွန်းတွေ ဦးနှောက်ကို တံခါးလာခေါက်နေတယ်။
ဒေါက်ဒေါက်ဒေါက်
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ စာရင်းထဲမှာ သူ့ကို ဘာကြောင့် ထည့်မထားကြတာလဲ?

(၂)

သူ့အတွေးအခေါ်တွေထဲမှာ ကြိုက်တာလေးတွေလည်း ရှိတယ်။ မကြိုက်တာလေးတွေလည်း ရှိတယ်။

လူတွေက သူ့ကို အစဉ်အလာကို ဖျက်ဆီးရက်သူလို့ မြင်ကြတယ်။ ဒါပေမဲ့ လူတွေရဲ့ အမြင် ဆိုတာကို ခေါက်ထားလိုက်ပါ။ လူအုပ်ကြီးဆိုတာက လူအုပ်ကြီး နောက်ကို လိုက်ရင်း လမ်းပျောက်နေတတ်ကြပေမဲ့ အရေအတွက်ကို ကြည့်ပြီး လမ်းမှန်ရောက်နေပြီလို့ ထင်နေကြတဲ အခါမျိုးတွေလည်း ရှိတတ်တယ်။

ကျနော်ကတော့ သူ့ကို အစဉ်အလာတွေထဲကနေ စစ်ထုတ်ပြီး အမှန်တရားကို ကြိုးစား ရှာဖွေနေသူလို့ မြင်တယ်။ ဒါပေမဲ့ ကျနော့်အမြင်ကိုလည်း ခေါက်ထားလိုက်ပါ။ ကျနော်ဆိုတာကလည်း စည်းပြင်ကလူ

“သူ” ကတော့ သူ့ကိုယ်သူ ပစ္စုပ္ပန် သမားတဲ့။ ထားတော့။

(၃)

လက်သည်းကြားမှာ အပ်စိုက်၊ တူနဲ့ရိုက်ပြီး လက်“မတွန့်” တဲ့သူကို သူရဲကောင်း ရွေးခဲ့တယ် ဆိုတာတွေ ဟုတ်ခဲ့သည် ဖြစ်စေ၊ မဟုတ်ခဲ့သည် ဖြစ်စေ ထားလိုက်တော့။ အခုခေတ်မှာ အဲဒါကို အတုယူနေဦးမယ် ဆိုရင် ဟာသတပုဒ်လို ဖြစ်သွားပြီ။ Originality တွေ ပျောက်ဆုံးနေတဲ့ ခေတ်မှာ တကယ်လိုနေတာက ဘယ်ကိစ္စမှာမဆို လိုအပ်တယ်ထင်ရင် ခွဲထွက်ရဲတဲ့ သတ္တိပဲ။

“အကြောင်းကြောင်းကြောင့် အုပ်စုကိုခွာ၊
ဘယ်သူမှ မရှိတဲ့ ကွင်းပြင်ကြီးထဲမှာ ရပ်မိရင်
မိုးကြိုးပစ်မှတ် ဖြစ်သွားနိုင်တယ်” လေ။

(၄)

အများဆန္ဒတဲ့။ ဆွဲဆောင်အား ကောင်းလွန်းတဲ့ စကားလုံးမှာ အပြုသဘော ဆောင်တဲ့ သဘောတရားတွေ ရှိနေတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အမှောင်ခြမ်းကိုလည်း စဉ်းစားခန်း ဝင်ကြည့်ဖူးတယ်။

ဂျော်ဒါးနိုး ဘရူနိုဟာ ကိုပါးနီးကပ်စ်ရဲ့ အယူအဆတွေကို ဖြန့်လို့ အရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရတယ်။ (အများဆန္ဒအရ)
ဆိုကရေးတီးဟာ အဆိပ်သောက်ခဲ့ရတယ်။ (မဲခွဲဆုံးဖြတ် အပြီး)
ဟစ်တလာရဲ့ ပါတီဟာ အနိုင်ရသွားခဲ့ပြီးတော့ ဟစ်တလာဟာ အာဏာရှင် ဖြစ်လာခဲ့တယ်။ (ရွေးကောက်ပွဲရဲ့ ရလဒ်)

ဒါဆိုရင် အများဆန္ဒအတိုင်း ဆုံးဖြတ်ခြင်း ဆိုတာကလည်း သူ့အားနည်းချက်နဲ့သူ။ ဒီမိုကရေစီ ဆိုတာမှာတောင် သူ့အားနည်းချက်နဲ့သူ။

(၅)

စွန့်လွှတ်ရခြင်း အတူတူမှာ ကွာခြားမှုတွေ အများကြီးတော့ ရှိလိမ့်မယ်။ စွန့်လွှတ်သူတွေ ကိုယ်တိုင်မှာလည်း ကွားခြားမှုတွေ ရှိနေလိမ့်မယ်။ အကျိုးဆက်မှာလည်း ကွာခြားမှုတွေ ရှိနေလိမ့်မယ်။

ခရစ်တော်ဟာ လက်ဝါးကပ်တိုင်မှာ အသေခံခဲ့တယ်။
“သူ”ကတော့ မြန်မာပြည်ရဲ့ အကောင်းဆုံး တက္ကသိုလ်လို့ ခေါ်ရမလား၊ အဲဒီ့ “ဘဝတက္ကသိုလ်” မှာ ဘယ်နှစ်ကြိမ်မြောက် ရောက်ရှိသွားခြင်းပါလဲ?


“သူ” က ချေပဖူးတယ်။ ကိုယ်အသေ သတ်မှတ်ထားတဲ့ ရှုထောင့်တခုကနေပဲ ကြည့်ရင်တော့ တခြား ယုံကြည်ချက်တွေလည်း တွေဟာလည်း စံနှုန်းနဲ့ လွဲနေကြမှာပဲ။ အဲဒီ့ထဲမှာမှ သူ့ကို ဘာလို့ ကွက်ပြီး အရေးယူရသလဲလို့။

ဟိုဘက်မှာကလည်း အဖြေက အဆင်သင့်။ Enlightened man တပါးရဲ့ နာမည်ကို အလွဲသုံးစားလုပ်ခြင်း။

(၆)
ဒါဆိုရင် Enlightened man ဖြစ်တဲ့ အရှင်မြတ်ဟာ ဘာတွေ ဟောကြားခဲ့ပါသလဲ။

ကိုယ့်မှတ်စုလေး ကိုယ်ပြန်ပြီး ထုတ်ဖတ်ကြည့်တယ်။
[[[ ကျနော့်မှာ အပြောအဆို ကြမ်းတဲ့ ဘာသာမဲ့ သူငယ်ချင်းတယောက် ရှိတယ်။ သူက ရိုးသားပြီး ကူညီတတ်ပေမယ့် ပိဿလေးနဲ့ ပစ်သလို ပြောတတ်တယ်။
တရက် စကားဝိုင်းမှာ တခြားသူငယ်ချင်းတယောက်က သူ့ကို
“ဘာမှ လာငြင်းမနေနဲ့။ အဲဒါ ဘုရားသခင်ရဲ့ နှုတ်ကမြွက်တော်”
“ဘုရားသခင်ရဲ့ နှုတ်ကမြွက်တော်လို့ ပြောရအောင် မင်းက ဘုရားသခင်နဲ့ လက်ဘက်ရည်ဆိုင် အတူတူ ထိုင်ဖူးလို့လား”
အခြေအနေတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ သူငယ်ချင်းတယောက်က သူ့ကို ခွေးခြေခုံနဲ့ ရိုက်မယ်လုပ်တယ်။ နောက်တော့ သူ လက်ဘက်ရည်ဆိုင်က ထွက်သွားတယ်။
သူ့ဥပမာက ကြမ်းလွန်းတယ်။ ဒါပေမယ့် သူ ပေးချင်တဲ့ မက်ဆေ့ကတော့ ဒီနေ့အထိ ကျနော့်ရင်ဘတ်ထဲမှာ မိုးခြိမ်းနေတုန်း။ ]]]
[[[ အဲလို မက်ဆေ့မျိုး ကို ရှေးခေတ်က မှတ်တမ်းတင်ခဲ့တဲ့ စာအုပ်တွေကို နှိုင်းယှဉ်ဖတ်ကြည့်တဲ့ အခါမျိုးမှာလည်း ရနိုင်တယ်။
ဥပမာ…
ရာဇဓိရာဇ် အကြောင်း…
မွန်ဘာသာမူမှာ မွန်ဘုရင် ရာဇဓိရာဇ်သေလို့ မြန်မာဘုရင်မင်းခေါင်က သံဝေဂ ရပြီးငိုတယ်တဲ့။ မြန်မာဘာသာမူမှာကျတော့ မြန်မာ ဘုရင်မင်းခေါင်သေလို့ ရာဇဓိရာဇ်က သံဝေဂရပြီးငိုတယ်ဆိုပဲ။ သေတဲ့လူတွေက ပြောင်းပြန်ဖြစ်နေကြတယ်။ တခြားအချက်အလက်တွေမှာလည်း ကွဲလွဲမှုတွေ အများကြီး။
ကမ္ဘာအရပ်ရပ်က ရှေးရာဇဝင်ဇာတ်လမ်းတွေ အတိုင်းပါပဲ…. သမိန်ပရမ်း သရဲကိုက်လို့ သေတယ်ဆိုတဲ့ ကိစ္စတွေလို ဒဏ္ဍာရီဆန်တာတွေ အများကြီးပါနေရတော့တယ်။
ဒါတောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ နီးပါးလောက်ကပဲ ရှိသေးတယ်။ ဘာသာရေးသမိုင်းတွေလို နှစ်ပေါင်းထောင်နဲ့ချီလာရင် ?
တလွဲသုံးနေရင်တော့ ဘာသာရေးတွေဟာ အမုန်းကမ်ပိန်း တခု ပဲဖြစ်လာလိမ့်မယ်။
တကယ်တမ်းကျတော့ ဘယ်သူမဆို ကိုယ့်မျက်လုံးကို စည်းထားတဲ့ အဝတ်ကိုတောင် မြင်ရတာမှ မဟုတ်တာ။]]]
[[[နှစ်တွေ ခြားခြားလာတယ်။
ဘုရားတွေရဲ့ပုံရိပ် ဝါးဝါး လာတယ်။
ဒဏ္ဍာရီတွေ များများလာတယ်။
“တမန်တော်ကတော့ ဒီလိုအဓိပ္ပါယ်နဲ့ ပြောခဲ့တာ မဟုတ်လောက်ဘူး”
“ဒါတွေက ဘုရားဟောတာ မဖြစ်နိုင်ဘူး။ ရှေးလူတွေက သွတ်သွင်းခဲ့တာ”
“ဒါကမှ ဘုရားဟော အစစ်”
နောက်ဆုံးတော့ လူတွေဟာ ဘုရားတွေကို ကိုယ့်ထင်ကြေးအတိုင်း ပြန်ပြီး ဖန်ဆင်းနေရတာပါပဲ။ ယန်းပေါဆတ် (Jean Paul Sartre) ပြောသလိုပေါ့။ ကျနော်တို့ အားလုံး လွတ်လပ်မှုဒဏ်ကို အဲလောက်ထိ ကျခံနေရပါတယ်။]]]
(၇)

စဉ်းစားကြည့်လိုက်ရင် ဒီလိုမျိုးလည်း ဖြစ်နေပြန်သေးတယ်။ နိုင်ငံရေးပညာရှင် တယောက် ရှိခဲ့တယ် ဆိုပါစို့။ အဲဒီ့ ပညာရှင် ပြောခဲ့တယ် ဆိုတာတွေကို တဆင့် ပြန်ပြောပြတဲ့ သူတွေဆီက သိရတဲ့ စကားတွေဟာ တမျိုးစီ ဖြစ်နေတယ် ဆိုပါစို့။

ကျနော်က အဲဒီ့ နိုင်ငံရေး ပညာရှင် အကြောင်း ပြောမယ်။ “အဲဒီ့ ပညာရှင်ဟာ အရမ်းတော်တယ်လို့ လူတွေက ပြောကြတယ်။ ဒါပေမဲ့ သူဘာတွေ ပြောခဲ့မှန်းတော့ ငါလည်း သိပ်သိတာ မဟုတ်ဘူး။ ဒါပေမဲ့ ဟို A ဆိုတဲ့ တယောက်ကတော့ အဲဒီ့ နိုင်ငံရေး ပညာရှင် ဟာ ဒီလို ပြောသွားခဲ့တယ်လို့ ကျိန်းသေကြီးကို ပြောတယ်။ အဲဒါကိုပဲ ငါယုံတယ်။ A ပြန်ပြောပြတာကမှ ဟိုနိုင်ငံရေးပညာရှင် ရဲ့ တကယ့် စကားအစစ်။ အဲဒါက လွဲရင် အမှားတွေ။ ဘာလို့တုန်းဆိုတော့ A ပြောတာကိုပဲ ကျနော်က ငယ်ငယ်ကတည်းက သိလာလို့။
(ဒါပေမဲ့ တကမ်တမ်းကျ တဆင့် ပြန်ပြောတဲ့ A ကလည်း သေချာသိတာ မဟုတ်ဘူး။ ကျနော်ကလည်း သေချာသိတာ မဟုတ်ဘူး။ A ပြောတာကမှ အမှန်ဆိုရင်လည်း တကမ္ဘာလုံးက ဟာတွေက အမှားလို ဖြစ်သွားမယ်။)

နောက်တယောက်ကလည်း ကျနော့်လိုပဲ ပြောမယ်။ ဒါပေမဲ့ အယူအဆချင်းကတော့ မတူဘူး ဖြစ်နေပြီ။ ဒါဆိုရင် ဘယ်ဟာက အမှန်လဲ? ထားပါတော့။ ခေါင်းရှုပ်တယ်။ ဆုံးဖြတ်ရ ခက်တာချင်း အတူတူ ဒီနေရာ ဒီဒေသမှာ ရေများရင် ရေကို အနိုင်ပေးလိုက်တာက ငြိမ်းချမ်းပါတယ်။ ဒါ အထူးအဆန်းမှ မဟုတ်တာ။ ဟိုဒေသမှာလည်း မီးများရင် မီးကို အနိုင်ပေးနေတာပဲလေ။

ဒါဆိုရင် ကျနော့်ရဲ့ ဇာတ်လိုက် “သူ” ဟာ မှားသွားပြီပေါ့။ ရှိစေတော့။

(၈)

“သူ” ပြောခဲ့တာတွေ မှားတယ် ဆိုရုံနဲ့ သူ့ကို အကျဉ်းချသင့် ပြီလား။ "သူ" က အသက်လည်း တော်တော်ကြီးလှပြီ။ "သူ" နဲ့ စကားပြောဖူးတဲ့ ညီမလေး တယောက်ကတော့ "သူ"ဟာ စိတ်ရှည်လက်ရှည် ရှင်းပြတတ်တဲ့ စည်းရုံးတတ်တဲ့ အဘိုးတယောက်နဲ့ တူတယ်လို့ တင်စားဖူးတယ်။

သူအကျဉ်းကျနေရခြင်း အကြောင်း၊ ဟိုတစ ဒီတစ အသိလေးတွေနဲ့ ကျနော် စာလုံးပေါင်းကြည့်တယ်။

1. တဘက်မှာ သူ့ကို ချေပခွင့် ရှိသလား။ သူမှားကြောင်း ထောက်ပြခွင့် ရှိသလား။ [မီဒီယာ ပေါင်းစုံသုံးပြီး ချေပခွင့် ရှိတယ်။ သူ့မှာသာ ပုံနှိပ်မီဒီယာတွေကနေ အပြန်အလှန် ချေပခွင့် မရှိတာ။ သူ့အယူအဆ တွေကိုလည်း ပုံနှိပ် ဖြန့်ဝေခွင့် ပိတ်ပင်ထားတယ်] အဲဒီ့လောက် လုပ်တာဟာ မလုံလောက် သေးဘူးလား။
2. စာဖတ်တဲ့ သူတွေကို အထင်သေးတာလား။ စာဖတ်တဲ့ သူတွေမှာ စဉ်းစားနိုင်တဲ့ ဦးနှောက် မရှိတော့ဘူးလား။ [ဦးနှောက်တွေ ရှိပါတယ်။ “သူ” ပြောသမျှကို အားလုံးကတော့ လက်ခံကြမှာ မဟုတ်ပါဘူး။ အားလုံး လက်ခံလိုက်မှတော့ ခုလို ပြဿနာတောင် ဖြစ်နေမှာ မဟုတ်ပါဘူး။ ပြီးတော့ သေနတ်နဲ့ ထောက်ပြီး သူ့ဝါဒတွေကို အတင်း ယုံခိုင်းနေတာမှ မဟုတ်တာ။]
3. ကိုယ့်ဟာက ရာနှုန်းပြည့် မှန်နေပြီလို့ ထားလိုက်ပါတော့။ ဒါဆိုရင် မသိနားမလည်သေးတဲ့ သူတွေ သူ့အမှားတွေကို နားဝေတိမ်တောင် ဖြစ်သွားရင်ကော ဘယ်လိုလုပ်မလဲ။ [သူ့လိုဆန်ဆန် အတွေးမျိုးက… ဥပမာ တောင်တတောင်ဟာ ကမ္ဘာ့ပထဝီမှာ မရှိဘူးလို့ ပြောတာမျိုးက “သူ” မှ တွေးမိတာ မဟုတ်ပါဘူး။ အဲလိုအတွေးတွေကို တခြားလူတွေလည်း တွေးမိနိုင်ပါတယ်။ ဒီလိုဆိုတော့ သူ့ဟာကို ကိုယ့်ဘက်က ယုတ္တိခိုင်ခိုင်နဲ့သာ ဖြေရှင်းနိုင်မယ်ဆိုရင် အများ အတွေးမှားနေကြတဲ့ ကိစ္စတွေကို တခါတည်း ဖြေရှင်းပြီးသားတောင် ဖြစ်သွားပါဦးမယ်]
4. ဟိုး နှစ်ပေါင်းထောင်ချီခဲ့တဲ့ ပဒေသရာဇ် ခေတ်တုန်းကတောင် အယူအဆတွေ ရောင်စုံ ဖူးပွင့်ခဲ့သေးတယ်လို့ ဆိုတယ်။ ဥာဏ်တော်ရှင် ဖူးပွင့်ခဲ့တယ်ဆိုတဲ့ခေတ်က ပဒေသရာဇ် ဘုရင်တွေ အခုလို ဆန်ဆန် ဖမ်းဆီးတာမျိုး ရှိခဲ့ဖူးပါသလား?
5. သူ့အနေနဲ့ နာမည်က အစ ခွဲထွက်ပြီး လုပ်ရင်ရော [ဒါဆိုရင်လည်း Holy man တပါး ရဲ့ အယူအဆတွေကို နှစ်သက်လို့ “သူ” ယူပြီး ကိုးကားတဲ့ အခါမှာ credit မပေးဘဲ ယူသုံးတယ်လို့များ စွပ်စွဲကြလေမလား။ လောကအတွက် ဖူးပွင့်လာတဲ့ ဥာဏ်ကြီးရှင် တယောက်ရဲ့ ဝါဒတွေကို လူတိုင်းက ကိုးကားခွင့် မရှိတော့ဘူးလား။]

ရနိုင်သမျှ အချက်အလက်လေးတွေကို အခြေခံပြီး တွေးကြည့်ခြင်းဟာ ခေါင်းမူးစေတတ်တယ်ဆိုရင် အဲဒါကို မူးယစ်စေတတ်သော အရာလို့များ ပြောကြမလား။ ရှိစေတော့။ ကျနော်တွေးကြည့်ချင်သေးတယ်။

(၉)
ဒေါက်ဒေါက်ဒေါက်
မေးခွန်းတွေ ဦးနှောက်ကို တံခါးလာခေါက်နေတယ်။
ဒေါက်ဒေါက်ဒေါက်
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ စာရင်းထဲမှာ သူ့ကို ဘာကြောင့် ထည့်မထားကြတာလဲ?

(၁၀)
"သူ" ဘယ်သူလဲ သိချင်ရင်တော့ ကောင်းကင်ရဲ့ အရောင်ကိုသာ ကြည့်လိုက်။
ကောင်းကင်ကို
(ပို့စ်တင်ထားတဲ့ တကယ့်ရက်က ဒီဇင်ဘာ ၃၁ ရက်နေ့ပါ။ ကော်ပီ + ကြော်ညာပို့စ်ကို ဒါရဲ့ အပေါ်ကို ရောက်စေချင်လို့ ဒီဟာတင်တဲ့ ရက်ကို ဒီဇင်ဘာ ၂၀ လို့ ပြောင်းထားလိုက်ပါတယ်။)

Sunday, December 11, 2011

တွဲဖက်သရုပ်ဆောင်

(၁)
စွက်စွက်ဖက်ဖက် ပါးစပ်ဖျားတွေ ဆိုတာ
ရက်ရက်စက်စက် သေနတ်၊ဓါး တွေ လိုပဲ။
ဒါပေမဲ့ … အသက်ကို ရန်ရှာမယ့်အစား
အရှက်ကို ရန်ရှာလိမ့်မယ်။

(၂)
တခါတခါ
ဝေဖန် ပါးစပ်မျိုးဆိုတာ
စေတန် နတ်ဆိုးလိုပဲ။
ကောင်းခန်းဆို
သောင်းကျန်းတတ်တယ်။

(၃)
အသစ်အဆန်းစကား ထိုးကွက်တွေနဲ့လည်း
အချစ်လမ်းတံတား ကျိုးပျက်သွားအောင် ဖျက်ဆီးတတ်တယ်။

(၄)
သူတို့က မြွေဖမ်းသမားတွေကွယ့်
ကလေး… ခြေလှမ်းမမှားစေနဲ့။

(၅)
ကလေးရေ…
လူမှု စက်ဝိုင်းဇုန်ကြီး တခုလုံး
ဝဲဂယက် အရှုပ်တထောင်နဲ့
ကွဲအက်ပုပ်ရောင် နေတာကို မြင်ရဲ့လား။

ဒါပေမဲ့လည်း ဖြတ်သန်းရမှာမို့
တွဲဖက်သရုပ်ဆောင်လေးရေ
တွဲလက်မပြုတ်အောင် ကိုင်ထား။
(ကောင်းကင်ကို)

Saturday, December 10, 2011

ကျနော့် ရှပ်အင်္ကျီအပြာက ဘာအရောင်လဲ?

ကျနော်ဟာ အဝတ်အစားကို ကျကျနန မဝတ်တတ်တဲ့ သူတယောက်ပါ။ ဒါပေမဲ့ အဲဒါဟာ ကျနော့် အပြစ်ချည်းတော့ မဟုတ်ပါဘူး။

ကျနော့် အခန်းထဲမှာ အဝတ်လဲတုန်းကတော့ ကျနော့် ရှပ်အင်္ကျီနဲ့ ဆွယ်တာက အရောင်ချင်း လိုက်ဖက်လှပါတယ်။ ဒါပေမဲ့ ကျနော့် ကျောင်းသူလေးတွေရှေ့ရောက်တော့ အရောင်နှစ်ခုက လုံးဝ မလိုက်ဖက်တော့ သလိုပဲ။ အဲဒါကို ဘယ်လို ဖြေရှင်းရမလဲ?

လက်တွေ့ကျကျ ဖြေရှင်းနည်းကတော့ ကျောင်းသူလေးတွေကို ကျနော့် အခန်းထဲမှာပဲ စာခေါ်သင်ပေးလိုက်ရင်တော့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါဟာ အဝတ်အစား ပြဿနာကို ဖြေရှင်းနိုင်လိုက် ခြင်းသာ ဖြစ်ပြီးတော့ ရင်ထဲမှာတော့ အတွေးအခေါ် ပုစ္ဆာတပုဒ် ကျန်နေခဲ့ပါတယ်။

ကျနော့် အခန်းထဲမှာ ရှပ်အင်္ကျီ အပြာရဲ့ အရောင်ဟာ ဘာအရောင်လဲ?

နယူးယောက် မြို့ရဲ့ နေသာတဲ့ နွေဦး နေ့လည်ခင်း တခုမှာ ကျနော် အဲဒီ့အင်္ကျီလေးနဲ့ အပြင်ထွက်တဲ့ အခါ ကျနော့် အခန်းထဲတုန်းက အရောင်နဲ့ အနည်းငယ် ကွဲပြားသွားမှာ ဖြစ်ပေမဲ့ အပြာရောင် လို့ ကျနော် ခေါ်နေဦးမှာပဲ။

ကျနော့် စာသင်ခန်းထဲက မီးရောင်အောက်မှာတော့ ကျနော့် ရှပ်အင်္ကျီလေးဟာ အပြာရောင် ပေမဲ့ ကျနော့် အခန်းထဲတုန်းက အပြာရောင်လို ကျနော့်ဆွယ်တာနဲ့ လိုက်ဖက်မှု မရှိတော့ပါဘူး။ အပြာရောင် ဆိုတဲ့ စကားလုံး တူညီနေ ပေမဲ့ နဂိုတုန်းက ဆွယ်တာနဲ့ လိုက်ဖက်ခဲ့တဲ့ အင်္ကျီဟာ စာသင်ခန်းထဲမှာ လိုက်ဖက်မှု မရှိတော့ပါဘူး။ ရှပ်အင်္ကျီရဲ့ ဟာ ဘာတွေ ပြောင်းလဲ သွားခဲ့ပါသလဲ။ တကယ်တော့ ဘာမှ ပြောင်းလဲစရာ မရှိပါဘူး။
တကယ်ကျတော့ ရှပ်အင်္ကျီရဲ့ အရောင်က ပြောင်းလဲ သွားခြင်းမျိုး မဟုတ်ဘဲ ကျနော်တို့ရဲ့ မျက်လုံးထဲမှာသာ အရောင် ပြောင်းလဲ သွားတယ်လို့ ထင်ရခြင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ မျက်စေ့က အရောင်မှားကို မြင်စေခြင်းပဲ ဖြစ်ပါတယ်။ ဒါဆိုရင် အရောင်နှစ်ခုမှာ ဘယ်အရောင်က အရောင်အမှား ဖြစ်ပါသလဲ?

အလင်းရောင်နည်းတဲ့ ကျနော့်ရဲ့ အခန်းလေးက အင်္ကျီရဲ့ အရောင်ကို မှန်မှန်ကန်ကန် မြင်နိုင်ဖို့ အနေအထား မရှိတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် သဘာဝ နေရောင်အောက်မှာမှ အမှန်ဆုံး အရောင်ကို သိနိုင်မှာလား။ နယူးရောက်မြို့ရဲ့ နွေဦး နေ့လည်ခင်း နေရောင်အောက်မှာ ပေါ်တဲ့ အရောင်နဲ့ လန်ဒန်မြို့ ဆောင်းတွင်း မွန်းလွဲပိုင်းမှာ ပေါ်တဲ့ အရောင်ကလည်း ခြားနားနေပါလိမ့်မယ်။ ဒါဆိုရင် ဘယ်နေရောင်က ရှပ်အင်္ကျီရဲ့ အရောင်မှန်ကို သိဖို့ အသင့်တော်ဆုံး အခြေအနေ တရပ်ဖြစ်ပါသလဲ။ ရှပ်အင်္ကျီရဲ့ အရောင်မှန်ကို သိဖို့ သဘာဝ နေရောင်ထက် မီးချောင်းရဲ့ အလင်းက ပိုပြီး သင့်တော်တယ်လို့ရော ဘာလို့ မပြောနိုင်ရမှာလဲ။

ဒါမှ မဟုတ် ရုပ်ဝတ္ထု ပစ္စည်းတခုမှာ အရောင်မှန် ဆိုတာ မရှိဘူး လို့ပဲ ယူဆလိုက်ရ မလား? အဲဒါဆိုရင်တော့ ကျနော်တို့ အနေနဲ့ ဘယ်အလင်းရောင်က ရုပ်ဝတ္တု တခုခုရဲ့ အရောင်မှန်ကို သိစေသလဲ ဆိုတာကို စဉ်းစားဖို့ လိုတော့မှာ မဟုတ်ပါဘူး။ ဘာလို့တုန်းဆိုတာ အရောင်မှန် ဆိုတာကို မရှိလို့ပါပဲ။ ဒါမှမဟုတ်လည်း ရုပ်ဝတ္ထု ပစ္စည်းတခုမှာ ကြည့်မြင်ရတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အရောင်တခုထက် ပိုပြီး ပါတယ်လို့ ပြောရမလား။ ဒါဆိုရင်တော့ ကျနော့် ရှပ်အင်္ကျီမှာ အရောင်မှန်တွေ အများကြီး ရှိနိုင်သလို ဖြစ်သွားပါလိမ့်မယ်။

အခုတော့ ကျောင်းသူလေးတွေ အခန်းထဲက ထွက်သွားကြပါပြီ။ ကျနော့် ရှပ်အင်္ကျီအပြာက ဘာအရောင်လဲ?

(Free translation of Andrew Pessin’s essay, “True Colors”)
ဘာသာပြန်သူ…ကောင်းကင်ကို

Tuesday, December 6, 2011

Leading question

သူငယ်ချင်းတွေနဲ့ ဆွေးနွေးတဲ့အခါ ခဏခဏ ကြုံရတဲ့ မေးခွန်းတခုရှိတယ်။ ဘာကြောင့် တယောက်က ချမ်းသာတဲ့ မိဘက မွေးလာပြီး တခြား တယောက်က ဆင်းရဲတဲ့ မိဘကနေ မွေးလာလဲတဲ့။ တယောက်က ဉာဏ်ကောင်းပြီး တယောက်က ဘာလို့ ဉာဏ်ထိုင်းရတာလဲတဲ့။ (အဲဒါကိုတော့ genetics နည်းပညာနဲ့လည်း ရှင်းပြလို့ ရမှာပါ)

ဘုရားသခင် (သို့မဟုတ်) အလ္လာကို ကို ယုံကြည်သူတွေကတော့ အရာရာကို ဘုရားသခင်ရဲ့ အလိုတော်လို့ ပြောကြမှာပါပဲ။ ဒါဆိုရင် ပြန်မေးစရာမေးခွန်းတွေ အများကြီး ရှိလိမ့်မယ်။ ဘုရားသခင်ဟာ မွေးရာပါ ဒုက္ခိတတွေကို လူ့ငရဲ ခံစားရရုံသက်သက် ဖန်ဆင်းထားတာလား?

လူတွေ တယောက်နဲ့ တယောက် မွေးကတည်းက ကွဲပြားနေမှုကို ဘာကြောင့်လဲ ဆိုပြီးတော့ မေးခွန်းမကြာခဏ ထုတ်လေ့ရှိသူတွေကတော့ အရှေ့တိုင်းဘာသာရေး တချို့ကို ယုံကြည်သူတွေ ပါပဲ။ ပြီးတော့ သူတို့မှာ အဖြေကလည်း အဆင်သင့် ရှိနေတတ်တယ်။ အတိတ်ဘဝ ကံကြောင့်တဲ့။ အဲဒါ တရားမျှတမှု ရှိတဲ့ စနစ်တရပ် ဖြစ်ပေမယ့် တကယ်ဟုတ်မဟုတ် မသိနိုင်တဲ့ အတွက် သိမှုပြင်ပက ကိစ္စလို့ပဲ ဒီနေရာမှာ ထားလိုက်ရအောင်ပါ။

တကယ်စဉ်းစားကြည့်ရင်တော့ “ဘာကြောင့် တယောက်က ချမ်းသာတဲ့ မိဘက မွေးလာပြီး တယောက်က ဆင်းရဲတဲ့ မိဘကနေ မွေးလာလဲ” ဆိုတဲ့ မေးခွန်းကိုက မလိုအပ်တဲ့ မေးခွန်းကြီးပါ။ တခါတလေကျ မေးသူဆီမှာ အဖြေကြိုရှိပြီးသား leading question ကြီး ဖြစ်နေတတ်ပါတယ်။

သဘာဝအရ အမျိုးသားနဲ့ အမျိုးသမီး မေထုန်မှုပြုရင် ကလေးမွေးလာတတ်တယ် မို့လား။ ဆင်းရဲတဲ့ မိဘက မွေးရင် ကလေးက မွေးမွေးချင်းမှာ ဆင်းရဲတဲ့သူလေး ဖြစ်မှာပေါ့။ ချမ်းသာတဲ့ မိဘက မွေးရင် ကလေးက မွေးမွေးချင်းမှာ ချမ်းသာတဲ့သူလေး ဖြစ်မှာပေါ့။ ဗီဇတွေကိုလည်း မိဘတွေဆီက အမွေရမှာပေါ့။

ကွဲပြားနေတယ် ဆိုတာက အတိတ်ဘဝကံဆိုတာ ကို လက်ခံမှ၊ သံသရာ ဆိုတာကို လက်ခံမှ မဟုတ်ပါဘူး။ အံစာတုံးတွေ အများကြီးကို လှိမ့်လိုက်ရင် အံစာတုံးတွေ အကုန်လုံး ၁ ကနေ ၆ အတွင်း ကျချင်ရာ ကျနေကြမှာပဲ။ တခုနဲ့ တခု တူမှာ မဟုတ်ပါဘူး။ အံစာတုံးမှာ အတိတ်ဘဝ မရှိခဲ့တာတော့ သေချာပါတယ်။

သစ်ပင်တွေကို ကြည့်လိုက်ပါ။ သစ်ပင်တွေ တပင်နဲ့ တပင် တူရဲ့လား။ သစ်ပင်တွေမှာ အတိတ်ဘဝကံ ဆိုတာ မရှိနိုင်ပေမဲ့ သဘာဝ အလျောက် တပင်နဲ့ တပင် မတူဘဲ ကွဲပြားနေကြပါတယ်။ သစ်ပင်တွေ သဘာဝ အလျောက် ကွဲပြားနေမှုကို ဘယ်သူမှ မေးခွန်းပုစ္ဆာ မလုပ်ကြပေမဲ့ လူတွေရဲ့ ကွဲပြားမှုကျမှ စဉ်းစားနေကြတာပါ။

သရက်စေ့ကနေ သရက်ပင် ဖြစ်လာတာနဲ့ တခြားမျိုးစေတွေကနေ တခြားအပင်တွေ ဖြစ်လာပြီး တပင်နဲ့တပင်ကွဲပြားနေတာကို ကို ရှင်းပြဖို့ သဘာဝ တရားပဲ လိုပါတယ်။ အဲလိုပဲ ချမ်းသာတဲ့ မိဘ နှစ်ပါးကနေ ချမ်းသာတဲ့ ကလေးလေး ဖြစ်လာတာ၊ ဆင်းရဲတဲ့ မိဘကနေ ဆင်းရဲတဲ့ ကလေးလေး ဖြစ်လာတာကို ရှင်းပြဖို့ သဘာဝတရားနဲ့တင် လုံလောက်နေပါပြီ။ အသစ်ဖြစ်လာတဲ့ နှင်းဆီပင်မှာ သဘာဝ အလျောက် နိုက်ထရိုဂျင်ဓာတ်တွေ ချို့တဲ့ နေနိုင်သလို အသစ်ဖြစ်လာတဲ့ လူသားလေးမှာလည်း သဘာဝ အလျောက် တခုခု ချို့တဲ့နေနိုင်ပါတယ်။

အတိတ်ဘဝကံကို ယုံကြည်သူ ဖြစ်စေ၊ ဘုရားသခင်ရဲ့ အလိုတော်ကို ယုံကြည်သူ ဖြစ်စေ ကိုယ့်စိတ်ထဲမှာ လွတ်လွတ်လပ်လပ် ယုံကြည်နိုင်ပါတယ်။ မယုံကြည်သူကလည်း လွတ်လွတ်လပ်လပ် မယုံကြည်ဘဲ နေနိုင်ပါတယ်။

ဒါပေမဲ့ … ယုံကြည်တာ မယုံကြည်တာက ပြဿနာ မရှိလှပေမဲ့ နှုတ်က ထုတ်ပြောလိုက်ရင် [တခြားနိုင်ငံတွေမှာ ဆိုရင်တော့] ပြဿနာ တက်တတ်ပါတယ်။ မွေးကတည်းက နိမ့်ပါးတဲ့သူကို၊ မွေးကတည်းက ကံမကောင်းတဲ့သူကို ဒီကောင် အရင်ဘဝက မကောင်းတာ လုပ်ခဲ့လို့ ဖြစ်တာ ဆိုတာက သူတို့ စံအရတော့ prejudice လုပ်ခြင်းပါ။ blaming the victim လို့လည်း သူတို့စံနဲ့ ပြောမှာပါပဲ။

ကိုယ်လက်အင်္ဂါ ချို့တဲ့သူတွေဟာ အရင်ဘဝက မကောင်းမှု လုပ်ခဲ့သူတွေလို့ ပြောခဲ့တဲ့ အတွက် ၁၉၉၉ ခုနှစ်လောက်တုန်းက အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်း နည်းပြ Glenn Hoddle ဟာ နည်းပြ ရာထူးကနေ အထုတ်ခံခဲ့ရဖူးတာက အထင်ရှားဆုံး သာဓက တခု ဖြစ်ပါတယ်။
(by ကောင်းကင်ကို)

Friday, December 2, 2011

လူကြီးသူငယ်နာ (ဦးသန့်)

ကျွန်ုပ်တို့ မြန်မာလူမျိုးများတွင် ထင်သာမြင်သာသော ချို့ယွင်း အားနည်းချက်တစ်ခု ရှိပါသည်။ ဤအားနည်းချက်သည်ပင် ဖွံ့ဖြိုးမှု နောက်ကျရခြင်း၏ အကြောင်းရင်းခံတစ်ခု ဖြစ်နိုင်သည်။

ဤသို့သော ပျော့ကွက်ဟာကွက်မျိုးကို၊ အမေရိကန်တွေက ‘လူကြီးသူငယ်နာ ရောဂါ’ ဟု ခေါ်ကြသည်။ ကျွန်ုပ်တို့နိုင်ငံတွင်လည်း အသက်ကြီး အချိန်မစီးသည့် ကလေးပေါကြီးတွေ ပေါမှပေါ ဖြစ်လေရာ၊ သူတို့ပြောသော ရောဂါအမည်နှင့် အဟပ်ညီမည်ထင်ပါသည်။

သို့သော် အဆိုပါရောဂါ ဆိုသည်ထက်၊ အသိပညာအရာတွင် ကလေက၀နိုင်မှုနှင့် ပို၍ဆိုင်ပါလိမ့်မည်။ မည်သို့ပင်ရှိစေ ဤလို ရောဂါမျိုး ဖိစီးနှိပ်စက်ခံနေရသည့် မြန်မာလူမျိုး အရေအတွက်သည်ကား၊ ပို၍ပို၍ များလာဟန် ရှိပါသည်။ ထားတော့…၊ ဤချို့ယွင်းအားနည်းချက် (ဆိုကြပါစို့ ရောဂါ) ဆိုသည်မှာ ဘာကို ဆိုလိုပါသနည်း။ ဤရောဂါက ကျွန်ုပ်တို့ မြန်မာတွေကို ဘယ်သောင်ဘယ်ကမ်း ဆိုက်စေမည်နည်း…။

ကလေးတစ်ယောက်က သူ့ကစားဖော် သူငယ်ချင်းများကို ပြောလေ့ပြောထရှိသည်များကို ကျွန်ုပ်တို့တတွေ မကြာခဏဆိုသလို ကြားရလေ့ရှိသည်။
‘ငါ့အိမ်က မင်းအိမ်ထက် ပိုကြီးသကွ’
‘ငါ့အဖေက မင်းအဖေကို အသာလေးနဲ့ နောက်ကောက်ချနိုင်တယ် မောင်’ စသဖြင့်။
ဤသို့သော ကလေးအကြွားမျိုးကို မိဘဖြစ်သူများက ဟန့်သယောင်၊ တားသယောင် ဆောင်ကြသော်လည်း စိတ်ထဲကတော့ ကျိတ်သဘောကျနေကြသည်က များသည်။ ဒီလိုနှင့် ငယ်ကျင့်တွေမှာ လူကြီးဘ၀အထိ ပါလာတော့သည်။

ဦးရွှေက သူ့ဇနီးအတွက် ရွှေဘီးတစ်ချောင်း လုပ်ပေးသောအခါ၊ အိမ်နီးချင်း ဦးငွေက အားကျမခံ သူ့မိန်းမကို စိန်ဘီး လုပ်ပေးသည်မှာ အဆိုပါ ဖော်ပြချက်မျိုး ဖြစ်ပါသည်။ ထို့ထက် တစ်ဆင့်တက်လာသောအခါ ပိုဆိုးလေသည်။

‘ဟေ့ ငါတို့ မြန်မာဘုရင်တွေက ယိုးဒယား၊ အာသံနဲ့ မဏိပူရကို နိုင်ခဲ့တာကွ၊ ဘာမှတ်လဲ…’ စသဖြင့်။

မိမိအောင်မြင်မှုအပေါ် သွေးနားထင်ရောက်နေသော၊ အခြားနိုင်ငံနှင့် လူမျိုးများအပေါ် အဖက်မတန်သလို သဘောထားသော ဘ၀င်စိတ်ပင် ဖြစ်ပါသည်။
‘ဟိတ် အတန်းထဲမှာ ငါ အတော်ဆုံး၊ ငါအလိမ္မာဆုံးကွ’ ဆိုသည့် ကလေးစကားနှင့် ဘာကွာတော့မည်နည်း။

လူဦးရေနှင့် နှိုင်းယှဉ်ကြည့်လျှင်၊ ကျွန်ုပ်တို့ နိုင်ငံတွင် ၀တ်ပြုကိုးကွယ်စရာ ဘုရားကျောင်းကန်တွေ အခြားမည်သည့် တိုင်းပြည်ထက်မဆို ပိုများသည်။ သို့နှင့်တိုင် ကျွန်ုပ်တို့တတွေ၏ ဘာသာရေး အဆုံးအမများ အပေါ် စောင့်ထိန်းလိုက်နာမှုမှာ အားနည်းလှသည်ဟု ဆိုချင်သည်။

ကျွန်ုပ်တို့ ဘာသာတရားက ဘုန်းတော်ကြီးများကို လောကီရေးတွင် ၀င်မစွက်ရန် တားမြစ်ထားသေးသည်။ သို့သော် အငြိမ့်ပွဲ ဇာတ်ပွဲတွေ သွားကြည့်ပါက ၀ါဝါ၀င်းဝင်းတွေ မမြင်ချင့်အဆုံး ဖြစ်တော့သည်။

ကျွန်ုပ်တို့နိုင်ငံမှာ သယံဇာတ ပေါကြွယ်သည်ဟု နာမည်ကြီးသည်။ သို့သော် ကျွန်ုပ်တို့တတွေကား ‘ဆီကို ရေချိုး၊ ဆေးရိုးမီးလှုံ’ ဟုဆိုကာ ဖြုန်းတီးမှုကို အဟုတ်ကြီး ထင်နေကြသည်။ ဘာကြောင့် ဤသို့ ဖြစ်နေပါသနည်း။ စိတ်ဓာတ်ရေးရာအရ နို့စို့ကလေးဘ၀မှ မတက်နိုင်သောကြောင့် ဖြစ်ပါသည်။

ကျွန်ုပ်တို့ မြန်မာတွေမှာ ကမ္ဘာပေါ်တွင် အနုပညာပါရမီ အသန်ဆုံး လူမျိုးတစ်မျိုး ဖြစ်သည်မှာ မှန်ပါသည်။ သို့နှင့်တိုင် အနုပညာသည်များ (ဇာတ်မင်းသား၊ ဇာတ်မင်းသမီး) များနှင့် ပတ်သက်လျှင်မူ၊ အောက်တန်းစား ဖက်ခွက်စားဟု သဘောထားကြသည်က များသည်။ သူတို့နှင့် ကြမ်းတပြေးတည်း ထိုင်လျှင်ပင် အရှက်ရစရာ၊ သိမ်ငယ်စရာဟု ထင်ကြသည်။

နို်င်ငံခြားသားတို့၏ စဉ်းစားတွေးခေါ်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံများနှင့် ပတ်သက်လျှင်လည်း အတုယူ နည်းယူစရာ ရှာမကြည့်တတ်။ အထင်သေး ရှုတ်ချကြသည်က များသည်။ ပြောရလျှင် အစစအရာရာ ကျွန်ုပ်တို့တတွေမှာ အရွယ်မရောက်သေးသော ကလေးစိတ်နှင့် လူကြီးကိုယ်တွေ ဖြစ်နေတော့သည်။

ကျွန်ုပ်တို့နိုင်ငံ ရောက်လာကြသော နိုင်ငံခြားဧည့်သည်များက ကျွန်ုပ်တို့ကို သဘောကျကြပါသည်။ ‘နက်ဖြန်ခါ အတွက်ပင် တွေးမပူတတ်သော ပျော်ပျော်နေသေခဲ လူမျိုး’ ဟုလည်း မကြာခဏဆိုသလို ပြောတတ်ကြသည်။ ဤကောက်ချက်မျိုးကို ကျွန်ုပ်တို့က ဂုဏ်ယူမဆုံး ဖြစ်နေကြသည်။ လူကြီးတစ်ယောက်၏ မြှောက်ပင့်စကားကို ကျေနပ်ပီတိဖြာနေသော ကလေးလေးတစ်ယောက်နှင့်ပင် တူသေးတော့သည်။

ကျွန်ုပ်တို့ဟာသက ရိုးတာသည်။ ကျွန်ုပ်တို့စကားက ပေါ့ပြက်သည်။ ကျွန်ုပ်တို့ အတွေးက တိမ်သည်။ သင့်,မသင့် မှန်,မမှန် ကိုယ်တိုင် မစဉ်းစား။ စဉ်းစားဆုံးဖြတ်ရမည့် အလုပ်ကို ဆရာတော်များနှင့် ဂုဏ်သရေရှိ လူကြီးမင်းများကိုသာ လွှဲထားသည်။ ကလေးတွေနှင့် ဘာကွာတော့မည်နည်း။

ကျွန်ုပ်တို့လူမျိုးမှာ စံသတ်မှတ်ချက်များကိုလည်း အလွန်ကိုးကွယ်လေ့ ရှိပါသည်။ သို့သော် ‘စံ’ အတိုင်းကား မကျင့်။ ကျင့်သယောင်ယောင် ဆောင်ကြသည်။ မိမိကိုယ်ကိုယ် ဆန်းစစ်ဝေဖန်သည်မျိုး အလျှင်းမရှိ။ သူများ အထင်သေးမှာ ကြောက်သောကြောင့် ဖြစ်သည်။

ဤအကျင့်က ကျွန်ုပ်တို့စာပေတွင် ထင်ဟပ်လျက် ရှိသည်။ အကယ်၍များ အိပ်(ချ)ဂျီဝဲ(လ) တို့၊ ဒီအိပ်(ချ) လောရင့် တို့၊ ဂိုဂို(လ) တို့သာ မြန်မာပြည်တွင် လူဖြစ်ခဲ့လျှင်၊ ကမ္ဘာကျော် စာရေးဆရာကြီးတွေ ဖြစ်လာလိမ့်မည် မဟုတ်။ အပယ်ခံ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်ဖို့များသည်။

မြန်မာ့နိုင်ငံရေးမှာလည်း ဤနည်းနှင်နှင်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အကျင့်က နိုင်ငံရေးသမားတစ်ယောက်၏ တန်ဖိုးကို ကြိုက်မကြိုက်ဆိုသည်နှင့်သာ ဆုံးဖြတ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင်သာ ချိန်ဘာလိန်လို အရည်အချင်းမျိုး ရှိသည့် နိုင်ငံရေးသမားမျိုးရှိလျှင် သူ့သက်တမ်းမှာ ခြောက်လထက် ပိုမခံ။ မြန်မာတွေက အရည်အချင်းထက် သူ့တို့ဟာဒယကို ထိ,မထိသာ ကြည့်တတ်သည်။

ယနေ့ မြန်မာနိုင်ငံရေးလောကကို ကြည့်လိုက်လျှင်လည်း သတင်းစာများအတွက် သတင်းဖြစ်ရုံမျှထက် ဘာမျှမပို။ အချင်းချင်း ရန်ဖြစ်နေကြသည်က များသည်။ ပါတီနှစ်ခုရှိလျှင် တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ခိုက်မည်။ အဆဲကောင်း အတိုက်ကောင်းလျှင် နာမည်ကြီးမည်။ အစိုးရကို နာနာဆဲနိုင်ပါက ပိုလူကြိုက်များလိမ့်မည်။ မြန်မာဓလေ့တွင် အစိုးရ(မင်း)ကို ရန်သူမျိုးငါးပါးထဲ ထည့်သွင်းထားသည် မဟုတ်ပါလော။

မြန်မာ့ရေခံမြေခံမှာ ဒီမိုကရေစီစနစ် ရှင်သန်ဖို့ အကောင်းဆုံးဟု ဆိုကြသည်များ ရှိသည်။ လူတန်းစား ကွာဟမှု ပြောပလောက်အောင် မရှိသောကြောင့်ဟု ဆိုသည်။ သို့ဖြစ်လင့်ကစား၊ ကျွန်ုပ်တို့တတွေမှာ ကိုယ့်သားသမီးများကို ယခုလို ဆုံးမလေ့ရှိကြသည်။

‘သားရေ- သမီးရေ ဟိုကလေးနဲ့ မကားစားကြနဲ့နော်၊ ဒင်းတို့တတွေက အဆင့်အတန်း မရှိဘူးကွဲ့’

ကျွန်ုပ်တို့ လူကြီးအချင်းချင်းလည်း ယခုလို ပြောလေ့ရှိကြသည်။
‘ဦးချမ်းသာနဲ့ ဒေါ်ပို်က်ဆံကို သိသမို့လား။ ဒီလိုမြို့လေးမှာ သူတို့ဘယ်နေနိုင်မလဲ။ သူတို့ ကလေးတွေအတွက် ပေါင်းစရာ မရှိဘူးတဲ့လေ။ သူတို့အိမ်နီးချင်းတွေက စာရေးစာချီနဲ့ ကျောင်းဆရာတွေကိုးရှင့်…’ စသည်ဖြင့်။

ဤသည်တို့မှာ မြန်မာတစ်ဦး၏ မြန်မာလူမျိုးများအပေါ် အမြင်များ ဖြစ်ပါသည်။ စိတ်ပျက်ဖို့ ရေးလိုက်သည် မဟုတ်။ သိမှတ်လက်ခံပြီးသကာလ ဘာ့ကြောင့် ဤသို့ဖြစ်ရသည်ကို၊ အကြောင်းရှာစိစစ်ကြဖို့ ဖြစ်ပါသည်။ ဤသို့လုပ်နိုင်လျှင် ရောဂါတစ်ဝက် ကုသပြီး ဖြစ်နိုင်ပါသည်။
ဦးသန့် (Facebook group တခုတည်းကနေ ပြန်ဝေမျှတာပါ။)

Wednesday, November 30, 2011

မြန်မာဝီကီထဲက paradox

"ဘာသာမဲ့ ဘာသာ" တဲ့။ မြန်မာ ဝီကီမှာ ဖတ်လိုက်ရတဲ့ paradox....

အောက်ကစာကတော့ မြန်မာဝီကီကဟာကို မူရင်းအတိုင်း ကော်ပီလုပ်ထားတာပါ။

[[[ဘာသာမဲ့ဘာသာ၏ အယူဝါဒမှာ ဘုရားမဲ့၊ တရားမဲ့၊ သံဃာမဲ့၊ ဘာသာမဲ့၊ ရုပ်ဝါဒီ သိပံသုတေသီတို့၏ အဆိုအမိန့်များကို လက်ခံလိုက်နာကျင့်သုံး၏။ ထိုရုပ်ဝါဒီ သိပံသုတေသီဆိုသူများကိုပင် အမှန်တရား ဖော်ထုတ်နိုင်စွမ်းရှိသော အာဇာနည် သူရဲကောင်းများ အဖြစ် ယုံကြည် သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။ ဘာသာမဲ့ဘာသာ၏ အဓိကအားနည်းချက်မှာ တစ်ခေတ်တစ်ချိန်က အမှန်တရားအဖြစ် အတိအလင်း ထုတ်ဖော်ထားသော “သီအိုရီ” တစ်ခုသည် နောင် တစ်ခေတ် နောင် တစ်ချိန်တွင် အမှားအဖြစ် အတိအလင်းပင် ၀န်ခံကြရ ပြန်ခြင်း ဖြစ်၏။ (3) ]]]

.....................................................

ရည်ညွှန်းထားတဲ့ အဆိုတွေက တဘက်သတ် အဆိုတွေ ချည်းပါပဲ။

“နောင် တစ်ခေတ် နောင် တစ်ချိန်တွင် အမှားအဖြစ် အတိအလင်းပင် ၀န်ခံကြရ ပြန်ခြင်း ဖြစ်၏” တဲ့။

တကယ်တော့ အဲလို ဝန်ခံမှု ဆိုတာ သိပ္ပံရဲ့ အလှတရားနဲ့ ရိုးသားမှု ဆိုတာကို မသိကြတာ။ ကိုပါးနီးကပ်စ်ရဲ့ သီအိုရီ ကိုသာ ဘုရားဟောတခုလို ပုံအပ်ပြီး ကိုးကွယ်လိုက်ကြရင် Newton ရဲ့ သီအိုရီတွေ Einstein ရဲ့ သီအိုရီတွေ ပေါ်လာနိုင်စရာ အကြောင်းမရှိပါဘူး။

မပြည့်စုံသေးတာကို မပြည့်စုံသေးဘူးလို့ ဝန်ခံတဲ့ စနစ်နဲ့ အားလုံးမှန်ပြီ၊ ပြင်စရာ မလိုတော့ဘူး ဆိုတဲ့ စနစ်တွေမှာ ဘယ်ဟာက ပိုရိုးသားပါသလဲ? မသိသေးတာတွေကို မသိကိန်းတွေ အဖြစ် ထားလိုက်တာကိုက သိပ္ပံရဲ့ အလှပါ။ အတိတ်က အယူအဆတွေက မပြင်ရကြေး ဆိုရင် အခုချိန်ထိ.... နေလုံးကြီးခမျာ... ကမ္ဘာကို လှည့်ပတ်နေရတုန်းပဲ ရှိမှာ။ အဲလိုဆိုရင်တော့ …..ကျနော့်မျက်လုံးထဲမှာ မြင်မိတာက ကျနော်တို့ (အားလုံးနီးပါး) မီးကို ကိုးကွယ်ပူဇော်နေတဲ့ ပုံရိပ်တွေ။

ကောင်းကင်ကို

Friday, November 25, 2011

လက်နက်မဲ့ စစ်ဆင်ရေး

လိမ်နေတာ မဟုတ်ရပါဘူး။
နင်စိတ်ချမ်းသာအောင် မေတ္တာနဲ့ ဝန်ဆောင်မှုပေးလိုက်တာပါ။

နင့်အလိုဆန္ဒတွေ ရှေ့နောက် မညီသရွေ့
ငါ့ကတိတွေလည်း ရှေ့နောက် ညီမှာ မဟုတ်ဘူး။
နင် စံပယ်လိုရင် စံပယ်၊ နင် နှင်းဆီလိုရင် နှင်းဆီ
ငါ့နှုတ်ခမ်းတွေက ချက်ချင်းပွင့်ပေးမှာ။

ငါ့ရဲ့မိရိုးဖလာ စကား...
သကြားအုပ်ထားတာ ဆိုပေမဲ့
ချစ်ခြင်းမေတ္တာမှာ
အနှစ်ရော အကာပါ ပါတယ်။

အထီးကျန်သီချင်းကို ဆိုနေကျ
ခေါက်ရိုးကျိုးနေတဲ့ နှုတ်ခမ်းတွေတောင်
ကြည့်စမ်း…
အတွေ့အကြုံ အသစ်အဆန်းနဲ့ လန်းလို့။

တကယ်တော့ ဒါက
မတရား တံဆိပ်ကပ်ခံနေရတဲ့ သဘာဝ၊
ပြီးတော့ ဒုက္ခတောထဲက အာဟာရပေါ့။

အဲဒီ့နေ့က
ချစ်သောမျက်လုံးတွေနဲ့
တယောက် အတွင်းသားကို တယောက် ကြည့်ခဲ့ကြတယ်။

အဲဒီ့နေ့က
မေတ္တာလက်နက်နဲ့
တယောက်ခါးကို တယောက် လက်ထိပ်ခတ်ခဲ့တယ်။
(ကောင်းကင်ကို)

Monday, November 21, 2011

နာရီပေါ်က မြစ်တစင်း (Philosophy…ဘာသာပြန်/မှီငြမ်း)

အချိန်တွေ ကုန်သွားတယ် ဆိုတာဟာ မဆန်းတော့တဲ့ ကိစ္စပါ။ ဒီနေ့ ကြုံတွေ့ရတာ တွေဟာ မနက်ဖန် ရောက်ရင် ပျောက်ကွယ် သွားမှာမို့ “ဒီနေ့က တို့ရဲ့လက်ထဲမှာ၊ အနာဂတ်အတွက် သော့လေးတချောင်းဆို” စတဲ့ … ဒီနေ့ကို အပြည့်အဝ အသုံးချဖို့ တိုက်တွန်းထားတဲ့ သီချင်းတွေကိုတောင် စပ်ဆိုကြလေ့ ရှိကြပါတယ်။

ဒါပေမယ့် စဉ်းစားကြည့်ရအောင်။ အချိန်က ရွေ့လျားစီးဆင်း နေတယ်လို့ ကျနော်တို့ ဘာကြောင့် ထင်ကြတာပါလဲ။ တကယ်တော့ အချိန် ရွေ့လျားနေကြောင်း ကျနော်တို့ ဘယ်လိုမှ သက်သေပြလို့ မရနိုင်ပါဘူး။ အချိန်ဟာ physical object လည်းမဟုတ၊် အရာဝတ္ထု လည်း မဟုတ်တဲ့ အတွက် ပထမနေရာ တခုမှာ ရှိမနေခဲ့သလို ဒုတိယ နေရာကို ရွေ့လျားသွားမှာ မဟုတ်တဲ့ အတွက် တကယ်တော့ အချိန်ကို စီးဆင်းရွေ့လျားနေတယ်လို့ ကျနော်တို့ မဆိုနိုင်ပါဘူး။

ဒါဆိုရင် ဘယ်လိုအနေအထားကြောင့် အချိန်ကို ရွေ့လျားနေတယ်လို့ ထင်ရတာပါလဲ။

တကယ်လို့ အချိန်ဟာ ရွေ့လျားနေတယ်ဆိုရင် ကျနော်တို့ အနေနဲ့ အမြန်နှုန်းကို ပြောနိုင်သင့်ပါတယ်။ စာဖတ်သူအနေနဲ့ နာရီတွေက အချိန်ရဲ့ အမြန်နှုန်းကို တိုင်းတာနိုင်တယ်လို့ ပြောကောင်း ပြောပါလိမ့်မယ်။ အဲဒါ တကယ်ဟုတ်မဟုတ် ကျနော်တို့ စဉ်းစားကြည့်ရအောင်။

နာရီတွေက တကယ်တော့ အချိန်ကို တိုင်းတာ တာ မဟုတ်ပဲ physical things တွေ တခုနဲ့ တခု [နှိုင်းရ သဘောအရ] ဘယ်လို အပြန်အလှန် ဆက်စပ်နေသလဲ ဆိုတာကို တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ ပထမအကြိမ် နာရီကို အကြည့်မှာ ၁း၁၃ မိနစ်လို့ နာရီက ပြနေတာကို တွေ့ပြီး ဒုတိယ အကြိမ်မှာ ၁း၁၅ မိနစ်လို့ နာရီက ပြတယ် ဆိုပါစို့။ တကယ်တော့ အဲဒီ့ နာရီကိုကြည့်ခြင်း နှစ်ခုက တခုနဲ့ တခု အပြန်အလှန် ဆက်စပ်နေရုံပဲ ဖြစ်ပေမယ့် ၂မိနစ် ဆိုတဲ့ အချိန်ကွာခြားမှုကို တိုင်းတာနိုင်တယ်လို့ ထင်ရပါတယ်။

ဒါဆိုရင် စဉ်းစားကြည့်ရအောင်။ ဒီနေရာမှာ ပိုပြီးရှင်းလင်းအောင်လို့ နဂို ဆောင်းပါးထဲမှာ ပါတဲ့ ဥပမာကို အကျယ်ချဲ့ပြီး ရှင်းလင်းချင်ပါတယ်။ ကျနော်တို့ အနေနဲ့ A ကနေ B ကို ခရီးသွားမယ် ဆိုပါစို့။ A မှာ နာရီ ကြည့်လိုက်တော့ ၁း၁၃ မိနစ် ဖြစ်ပြီး B ကိုရောက်လို့ နာရီ ကြည့်လိုက်တဲ့ အခါ ၁း၁၅ မိနစ် ဆိုပါစို့။ နှစ်မိနစ် တိတိ ကြာပါတယ်။

ဒါဆိုရင် ဒီလိုစိတ်ကူးကြည့်လိုက်ရအောင်။ စကြဝဠာ ကြီး တခုလုံးထဲက အရာအားလုံးမှန်သမျှ အကုန် အမြန်နှုန်း မြင့်သွားမယ်၊ ဦးနှောက်ရဲ့ အလုပ်လုပ်ဆောင်ပုံတွေ၊ ရွေ့လျားမှုတွေ အပါအဝင် အကုန်လုံး နှစ်ဆ မြန်သွားတယ် ဆိုပါစို့။ ဒါပေမယ့် နာရီတွေရဲ့ ရွေ့လျားမှုနှုန်းကတော့ ပိုမြန်မလာပဲ မူလ အတိုင်းဆိုပါစို့။ အဲဒါဆိုရင် ကျနော်တို့ ရွေ့လျားပြီး ခရီးသွားတဲ့ အချိန်မှာ Aမှာ နာရီကြည့်လိုက်တဲ့ အခါ ၁း၁၃ မိနစ် ဖြစ်နေပေမယ့် B ရောက်လို့ နာရီကြည့်လိုက်တဲ့ အခါ ၁း၁၄ မိနစ်ပဲ ရှိနေပါလိမ့်မယ်။ ဒါဆိုရင် စကြဝဠာ ကြီး တခုလုံးထဲက အရာအားလုံးနည်းတူ နာရီတွေရဲ့ ရွေ့လျားမှုကပါ နှစ်ဆ ပိုမြန်လာခဲ့တယ် ဆိုရင်ကော။ A ကနေ B ရောက်လို့ နာရီကြည့်လိုက်တဲ့ အခါ [နာရီတွေကလည်း ကျန်တာတွေ နည်းတူ နှစ်ဆ ပိုမြန်လာတဲ့အတွက်] ၁း၁၅ မိနစ်ပဲ ဖြစ်နေပါလိမ့်မယ်။ အချိန်ကွာခြားမှုက ၂ မိနစ်ပဲ ပြနေပါလိမ့်မယ်။ ဒါဆိုရင် ပထမဆုံး အကြိမ် [အရာရာ အားလုံး နှစ်ဆ မမြန်သေးခင်] က အချိန်ကွာခြားမှုကလည်း ၂ မိနစ် [နာရီလက်တံတွေ အပါအဝင် အကုန်လုံး လိုက်မြန်သွားတဲ့ အခါမှာ အချိန်ကွာခြားမှုကလည်း ၂မိနစ်] ဖြစ်နေပါလိမ့်မယ်။ တကယ်တော့ မတူတော့ပါဘူး။ အကုန်မြန်လာတဲ့နောက်ပိုင်းမှာ ၂ မိနစ် ပဲကွာခြားပေမယ့် [အချိန်ကွာခြားမှုခြင်း တူနေသေးပေမယ့်] တကယ်က အရာရာက ပိုမြန်နေပါပြီ။ ဒါကြောင့် နာရီတွေဟာ အချိန်ကို တကယ်တမ်း တိုင်းတာ နေတာ မဟုတ်ပါဘူး။

တကယ်လို့ အချိန်ဟာ physical things အားလုံးနဲ့ ကင်းလွတ်ပြီး သူ့ဘာသာသူ ဖြစ်တည် ရွေ့လျားတယ်လို့ ယူဆထားရင် ဒီလိုတွေးကြည့်လိုက်ပါ။ စကြဝဠာကြီး တခုလုံးမှာ ရုပ်ဝတ္ထုတွေ [ဂြိုလ်တွေ ဘာတွေ အပါအဝင်] ဘာဆိုဘာမှ မရှိပဲ လုံးဝ ဟင်းလင်းကြီးလို့။ ဒါဆိုရင် ဘာအဖြစ်အပျက်၊ ဘာရွေ့လျားမှုမှ မရှိနိုင်တဲ့ အတွက် အချိန်ဆိုတာကော ရှိနိုင်ပါဦးမလား။

ကျနော်တို့ ကိုယ့်ဘာသာ အတွေးပွါး ကြည့်ရအောင်။
ဘာဆိုဘာမှ မရှိတဲ့ ဟင်းလင်း အခြေအနေကနေ တခုခု ပေါ်ပေါက်လာရင်၊ တခုခု ရွေ့လျားလာရင် ?
Big Bang မတိုင်ခင်က အချိန် ဆိုတာ ရှိနိုင်သလား?
God က စကြဝဠာ ကို ၇ရက်နဲ့ ဖန်ဆင်းတယ် ဆိုတာ အဓိပ္ပါယ် ရှိပါ့မလား။ ရက်ဆိုတာကို ဘာနဲ့ အဲ့ဒီ့တုန်းက သတ်မှတ်လိုက်တာလဲ?

“Time flies, when you’re having fun” လို့ လူတွေ ပြောလေ့ရှိကြတယ်။ ပျော်ရရွှင်ရ တာကတော့ ကောင်းပါတယ်။ ဒါပေမယ့် အချိန်ဆိုတာ ကုန်လွန်ရွေ့လျားတဲ့ သဘော မရှိဘူးဆိုရင် ပျော်ရွှင်နေတဲ့အခါမှာ အချိန်တွေ ပိုမြန်မြန် ကုန်လွန်ရွေ့လျားသွားတယ် ဆိုတာကလည်း အဓိပ္ပါယ် ရှိမှာ မဟုတ်တော့ပါဘူး။

“Andrew Pessin” ရဲ့ The 60-Second Philosopher စာအုပ်မှ Passing Time ကို ဘာသာပြန်/ကိုးကား ပါသည်။
ကောင်းကင်ကို

Saturday, November 12, 2011

Interracial Marriage

ဘုရင်တွေလုပ်တော့ ချစ်ကြည်ရေးတဲ့
အဖေနဲ့အမေလုပ်တော့ သစ္စာဖောက်။

ခလေးကတော့…မွေးရာပါ
ရောဂါမဟုတ်တဲ့ ရောဂါနဲ့
ဥပါဒါန်တချို့ရဲ့ ပါးစပ်ဖျားမှာ
သစ်ကိုင်းလွတ်နေမယ့်မျောက်။
ကောင်းကင်ကို

Tuesday, November 8, 2011

မဟာ ပုရိသ ဝါဒီ

အနာရှိတာကို လက်ခံမှ ဆေးကုပေးလို့ ရမယ့် သဘောလား။ အမျိုးသမီးတွေဘက်က ရှေ့နေလိုက်ပြီး ပြောပေးတာကို အမျိုးသမီးတွေက လက်မခံကြတော့ ကျော်စွာလင်း စကားအတိုင်းပဲ ပြောရတော့မယ်။ တချို့..."မဟာ ပုရိသဝါဒီ အမျိုးသမီး" တွေကို အံ့သြပါ့။

Jame Lwin: ကိုယ်က အလကား ရှေ့နေလိုက်ပေးပေမယ့် အစွပ်စွဲခံရသူက သူလုပ်ပါတယ်လို့ ပြောပြီး ၀န်ခံလိုက်တော့ ရှေ့နေ နာမည်ပျက်တာပေါ့။

Sunday, November 6, 2011

တဟီတီ သွားရအောင် (ဒဂုန်တာရာ)

သရက်ပွင့်တို့
နီကြင့်ဝါ၀ါ၊ ကြွေရင့်ဖွာကြ
လွင့်ကာရှပ်ရှပ်၊ ရေကမ်းစပ်သို့
ပြေးကပ်တော့မည်၊ ပင်လယ်ဆီသို့
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။

အို... ဘယ်ကြည့်ကြည့်
ဝင်းမှည့်ငိုက်ယွန်း၊ နေရောင်ထွန်း၍
ရွက်ပွန်းထိယှက်၊ သရက်ရွက်တို့
ပြိုးပြက်နီနီ၊ ဂိုဂင်နီနှင့်
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။

အဲသည့်ကျွန်းမှာ
မိန့်ခွန်းမြွက်ကြား၊ တရားဟောသံ
နိုင်ငံရေးလည်း မရှိဘူးကွယ့်။

လူ့ဘ၀၏
အပေါ်ယံလွှာ၊ ၀ဲကာကြည်နူး
လုပ်ဇာတ်မြူး၏၊ စိတ်ကူးဝတ္ထု
အတုရုပ်ရှင်လည်း မရှိဘူး။

အဘွားလုပ်သူ
ငြူစူစောင်းမြောင်း၊ ကြိမ်းမောင်းမာန်မဲ
ဆဲရေးသံများ၊ မကြားရဘူး
သိုက်မြုံဦးမှ၊ ကျူးရင့်ဆိုဟန်
ငှက်သံကိုသာ ကြားရမယ်။

ရေညှိအောက်မှ
မြွေဟောက်ဝါကြား၊ တို့ ကစားပြီး
စွန့်စားခန်းလည်း တွေ့နိုင်သေး။

ရှန်ပိန်အရက်
မချက်လိုဘူး၊ အုန်းရည်ကိုသောက်
တမော့လောက်နှင့်၊ မူးနောက်ဝေပြီး
သဲငွေသောင်မှာ အိပ်နိုင်သေး။

ဆာရင်လည်းလေ
တွဲလွဲငုံ့ဆိုင်၊ ငှက်ပျောခိုင်မှ
ခူးကိုင်ဆွက်ကာ၊ အခွံနွှာပြီး
ဗီတာမင်များ၊ ဓာတ်အားကြွယ်လှ
ပလုပ်ပလောင်း စားနိုင်သေး။

ဘာလိုသေးလဲ
အေးအေးမေ့ပျောက်၊ သစ်ပင်အောက်မှ
နှစ်ယောက်တည်းပဲ၊ လက်တွဲချင်တွဲ
မေလည်းသီချင်း၊ လွတ်လပ်ခြင်းနဲ့
ရှိုက်မျှဉ်းတေးကို၊ အော်ဆိုချင်ဆို
ပျက်ပြိုအက်ကွဲကြောင်သွားပါစေ။

ဘာလိုသေးလဲ
ငြိမ့်အေးတိတ်ဆိတ်၊ သစ်ပင်ရိပ်မှာ
မမှိတ်ရေးရေး၊ မျက်လုံးမှေး၍
တွေးတောကြံဖန်၊ ကာရန်ကိုရှာ
ကဗျာစပ်ကာ ရူးနိုင်သေး။

ဘယ့်နှယ်လဲမေ
လူထဲသူထဲ၊ ဟန်ဆောင်ဝဲမှ
တိုးရှဲဝေးရာ၊ ထိုကျွန်းသာသို့
ဘယ်ခါလိုက်မလဲ ပြောစမ်းပါ။
ဒဂုန်တာရာ

Thursday, November 3, 2011

တိုက်ပွဲ နဲ့ Business

Business ဆိုတာက သေနတ်တွေ မပါတဲ့ တိုက်ပွဲ
တိုက်ပွဲဆိုတာကတော့ သေနတ်တွေပါတဲ့ business ပေါ့။

ရေး...ကိုရီးယား ကဗျာဆရာ ပက်နိုဟယ် (Park No Hae) (박노해)
ဘာသာပြန်သူ ...S
unwu Kang

Thursday, October 27, 2011

ထွက်ခွာ နံနက်ခင်း (by ခရေငယ်)














မင်းသားက မင်းသမီးနဖူးကိုအနမ်းမှာ
ဇာတ်ပေါင်းခန်းနဲ့ ဆုံးလိုက်ချင်ပေမဲ့ . .

အခုတော့ . .
ဗလာဖြစ်လုရင်ထဲက စကားလုံးအပိုင်းတွေ
အလွမ်းရောင် ပိတ်ကားပေါ်မှာ
တစစီ ဆက်နေခွင့်သာရှိတယ် . . ။

အိမ်နားက ပိတောက်ပင်လည်း နဂိုထက် အရွက်ပိုကြွေ
ပြတင်းတံခါးနား လာနေကျငှက်တွေလည်း စကားနည်း
မှန်ထဲက အရိပ်မှာလည်း တက်ကြွခြင်း“ ကွယ်” လို့ . . ။

“ ငိုထားသလား” အမေးတွေကို
မကြားယောင်ဆောင် . .
အနွေးဓါတ်မပြယ်သေးတဲ့ လက်တဘက်ကို
ယောင်နနအကြည့်နဲ့ ငေး . . ။

လွမ်းဖို့ကလွဲလို့ ဘာမှမသိဘဲ
ရင်ထဲ ၀ုန်းဒိုင်းကြဲရွတ်နေမိတာက
တစ်ကြောင်းတည်း . .

“ ဘယ်တော့ ထပ်လာကြိုရဦးမှာလဲ ”

ခရေငယ်

Monday, October 17, 2011

အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်

ခြောက်ကပ်ပြီး ပတ်ကြားအက်နေတဲ့
ငါ့နှလုံးသား ဥယျာဉ်မှာ
ကန္တာရတို့ အဆုပ်လိုက် ပွင့်နေတယ်။

ညပေါင်း တသောင်းကျော်စောင့်တာတောင်
ငါမျှော်နေတဲ့ လမင်းက
အခုထိ မသာဘူး။

ငါဟာ
အချစ်ရဲ့ ပွင့်ချပ်တွေကို
ငါ့ဘဝလှေငယ်မှာ ရွက်တပ်ဖို့ 
မဝံ့မရဲ စောင့်နေရတဲ့ သူပါ။

ခြေလှမ်းတလှမ်းလှမ်းလိုက်တိုင်း
အထီးကျန်မှုတွေက
ငါ့နောက်က တကောက်ကောက် လိုက်တယ်။

ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာမြေပြင်ရှိသေးတယ်၊
ဝေဒနာနဲ့ နှစ်ရက်တွေမှာငါ
ငိုစရာရင်ခွင် မရှိဘူး။

ကံကြမ္မာက အတင်းပစ်ချလိုက်တဲ့တိုက်ပွဲမှာ
လောကဓံရဲ့  လက်သီးချက်တွေနဲ့ 
ဘဝက ခဏခဏ ကွဲတယ်။
ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့သွေးတွေကို
အကြင်နာလက်တွေနဲ့ 
ဘယ်သူလာ ဆေးထည့်ပေးပါ့မလဲ။

သြော်...
ငါ့ပါးနှစ်ဘက်ကမ်းခြေမှာ
အားတက်စေမဲ့ “အနမ်းလှေ” ဟာ
ဘယ်အချိန်လာရောက် ဆိုက်ကပ်လေမလဲ။
ကောင်းကင်ကို
လွန်ခဲ့တဲ့ လေးနှစ်လောက်က ရေးခဲ့တဲ့ ကဗျာဟောင်းပါ။ blog တွေ ပြန်ပွင့်လာပြီမို့ အသစ်မရေးဖြစ်တဲ့ အချိန်မှာ အဟောင်းကို ပြန်တင်လိုက်တာပါ။

Monday, October 10, 2011

ဆာဟာရ အမှတ် 1373

ဆရာ သစ္စာနီ အပါအဝင် ကဗျာဆရာတွေ ပါဝင်ရေးသားထားတဲ့ "ဆာဟာရ အမှတ် 1373" ဆိုတဲ့ ကဗျာစာအုပ်ပါ။
download link http://www.mediafire.com/?bgdcry0b2ahzir6

ပွင့်မလာခဲ့တဲ့ တံခါးတွေပေါ်က


အနာဂတ် မရှိတော့ဘူးလို့ ထင်နေလည်း
မွေးရာပါ ရှင်သန်လိုစိတ်နဲ့ ဆက်ပြီး အလျှောက်
ရှေ့ နားကိုနည်းနည်းလေး အရောက်မှာ
အနာဂတ်က သူ့ လက်သီးနဲ့ ထိုးနှက်ထုထောင်း
သူရှိနေကြောင်းကို ခပ်ကြမ်းကြမ်းသက်သေပြတယ်။

ဒီလိုနဲ့ ရှင်သန်နေချင်စိတ်ကို နေရာတကျ ပြန်ထား၊
ပြီးတော့…ယာဉ်ကြော ကျပ်ကျပ်ထဲက ကားတွေလို
ခြေထောက်တွေကို စလိုးမိုးရှင်းနဲ့ ရွေ့ လျား
တနေ့ တလံတော့ သွားပါတယ်။
ပုဂံရယ်… ငါမရောက်ခင် မပျောက်ပါနဲ့ ။

ချွေးနဲ့ ရင်းပြီး ရလာခဲ့တဲ့ box မှာ
အာမခံချက်လေး တွေ့ မလားလို့ ဖောက်ကြည့်တယ်။
ကျေးဇူးတင်ပါသည်ဆိုတဲ့ စာကြောင်းနဲ့ 
ကံကောင်းပါစေဆိုတဲ့ စာသား
ရပါများလွန်းတော့ ခါးတယ်။

သွားရင်းလာရင်းနဲ့ တွေ့ ပါလိမ့်မယ်။
ပွင့်မလာခဲ့တဲ့ တံခါးတွေပေါ်က “ကြက်ခြေခြစ်”
အဲဒါ ကျနော့် လက်ဗွေဖြစ်တယ်။
ကောင်းကင်ကို

Tuesday, October 4, 2011

ဝင်္ကပါထဲကလူ

ငါယုံတယ်
ဒါ့ကြောင့် ဒါမှန်တယ် ဆိုတာ
လူတွေရဲ့ အဘိဓမ္မာပါပဲ။

Surreal မျက်လုံးနဲ့
ဘုရားသခင်ရဲ့ ပုခုံးပေါ်ကို ကျော်ပြီး ကြည့်လိုက်တယ်။
သဒ္ဓါတရား ဆိုတာ
ဆူးပေါင်းများစွာ ဝန်းရံထားတဲ့
မျိုးကွဲအများဆုံး ပလတ်စတစ် ပန်းပါပဲ။

ဘာသာရေးဆိုတဲ့ အလင်းရောင်တွေမှာ
အမှောင် ဘယ်နှစ်မှောင် ပါနိုင်သလဲ။
အမှောင်ကို မီးထွန်းပြီး ရှာသူတွေကတော့
အမှောင်မရှိဘူးလို့ ပြောကြတယ်။

ကျနော်လား?
ဗုဒ္ဓ နဲ့ ဗုဒ္ဓ ခြားနားမှုတွေကို စဉ်းစားရင်း
နိဗ္ဗာန် နဲ့ နိဗ္ဗာန် ကွာခြားမှုတွေကို စဉ်းစားရင်း
မိုးလင်းမိုးချုပ်ဖူးတယ်။
ကောင်းကင်ကို

Friday, September 30, 2011

Probability

Program တစ်ခုရေးပြီး 1 ကနေ တစ်သန်း အထိ ကဏန်း တခုကို random ခေါက်လိုက်မယ်။ ဘယ်ကဏန်းပဲကျကျ တော်ရုံတန်ရုံ အံ့သြကြမှာ မဟုတ်ပါဘူး။ 111111 လိုမျိုး 123456 လိုမျိုး ကဏန်းကျရင်တော့ နည်းနည်း အံသြချင် အံ့သြမယ်။ ထားတော့။

အိပ်မက်တခု မက်တယ်။ “ဟေ့ကောင်၊ မင်းအိပ်မက်ထဲက အတိုင်းဖြစ်လား” လို့ မေးရင် မဖြစ်ဘူး။ နောက်တယောက်ကို မေးရင်လည်း မဖြစ်ဘူး။ နောက်တယောက်လည်း မဖြစ်ဘူး။ ထူးထူးဆန်းဆန်း တယောက်က အိပ်မက်ထဲက အတိုင်း အပြင်မှာပါ လိုက်ဖြစ်တယ်ဆိုပါဆို့။ ဖြစ်နိုင်ချေကို သချာင်္နည်းနဲ့ ဥပမာပေးပြီး တွက်ပြရလွယ်အောင် အိပ်မက်အတိုင်း ဖြစ်လာစရာ အဖြစ်အပျက်က ၁ ခု ရှိနေပြီး အိပ်မက်အတိုင်း မဟုတ်တဲ့ အဖြစ်အပျက်က ၉၉ ခု ရှိတယ်ဆိုပါစို့။ ဒါဆိုရင် လူအယောက်တရာမှာ တယောက်က အိပ်မက် အတိုင်းဖြစ်တော့မယ်။ လူတသန်းရှိရင် အယောက် တသောင်းက အိပ်မက် အတိုင်းဖြစ်တော့မယ်။ အဲဒီ့လူတသောင်းစုမိသွားရင်၊ သူတို့ရဲ့ အသံတွေ စုမိသွားရင် အိပ်မက်အတိုင်း ဖြစ်တယ်ဆိုတဲ့ အယူအဆတွေ ထွက်လာတော့မယ်။ ဟို လူပေါင်း ကိုးသိန်းကိုးသောင်းက အိပ်မက်အတိုင်း မဖြစ်တာကိုကျတော့ မမြင်ကြတော့ဘူး။ ထူးဆန်းတာ ထူးခြားတာက လူ့စိတ်ကို ထိခိုက်လွယ်တယ်လေ။

လူဆိုတာ ဖြစ်လာရင် ကားတိုက်သေမယ်၊ မိုးကြိုးပစ်သေမယ်၊ ရောဂါနဲ့သေမယ် အဲလိုဖြစ်နိုင်ချေတွေ ရှိနေမှာပဲ။ percentage အရ ဥပမာ လူဆယ်သန်းမှာ တယောက် မိုးကြိုး ပစ်ခံရလို့ သေမယ်ဆိုပါစို့။ လူပေါင်းသန်းခြောက်ထောင် ပြီးတော့ သမိုင်းနဲ့ချီပြီး ကြည့်လိုက်ရင် မိုးကြိုးပစ်ခံရလို့ သေတဲ့လူလည်း နည်းမှာ မဟုတ်ပါဘူး။ မိုးကြိုးပစ်ခံရပြီး သေတဲ့ လူကလည်း လူဆိုတော့ လူပီပီ ကောင်းတာရော မကောင်းတာရော လုပ်ခဲ့လိမ့်မယ်။ အဲဒီ့တော့ အဲဒီ့လူ မကောင်းတာလုပ်ခဲ့တာ တခုခုနဲ့ ချိတ်ပြီးတွေးလိုက်ကြရော။ အဲဒါနဲ့ ဒါလုပ်ရင် မိုးကြိုးပစ်ခံရတယ် ဆိုတဲ့ အယူအဆတွေ ပေါ်လာတော့တာပဲ။ တကယ်က သူ့လိုပဲ နည်းတူ လုပ်ပြီး ဘာမှမဖြစ်တဲ့သူတွေ အများကြီး ရှိတာကိုတော့ လျစ်လျူ ရှုထားကြတယ်လေ။

အိပ်မက်ကိစ္စတွေ အကြားအမြင် ကိစ္စတွေကို ပြန်တွေးကြည့်ရင် အိပ်မက်အတိုင်း မဖြစ်တာ၊ အကြားအမြင်တွေ မှားတာ တွေက များပေမယ့် တခုလေး မှန်ရင်ပဲ လူတွေက တန်းတန်းစွဲ လုပ်ကြ၊ တအံ့တသြ လုပ်ကြတာကိုး။ မှားတဲ့ အရာတွေကိုတော့ မေ့နေကြတယ်။ ဒီလိုပဲ ပရိတ်ရွတ်လို့ ဘေးကင်းတယ်၊ ဘုရားသခင် ဆီမှာ ဆုတောင်းလို့ အလိုပြည့်သွားတယ်၊ ဂါထာရွတ်လို့မီးကွင်းသွားတယ်ဆိုတာက သူ့ဘာသာသူ random နံပါတ် ထဲက ကဏန်းတခု ကျသလို တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတာမျိုးပါ။ အခေါက်တိုင်း ရာနှုန်းပြည့် ပရိတ်ရွတ်လို့ ဘေးကင်း၊ ဘုရားသခင် ဆီမှာ ဆုတောင်းလို့ ဆုတောင်းပြည့်၊ ဂါထာရွတ်လို့ မီးကွင်းသွားမှသာ အမှန်တရားလို့ ပြောလို့ ရမှာပေါ့။ မှားတဲ့ ၉၉ ၇ာခိုင်နှုန်းကို လျစ်လျူရှုပြီး မှန်တဲ့ တစ်ရာခိုင်နှုန်းကိုပဲ စိတ်ဝင်စားပြီး အမှတ်ပြည့်ပေးရင်တော့ အမြဲတမ်း အမှတ်တရာ အပြည့် ပေးနေရတော့မှာပေါ့။

ကမ္ဘာ့ဖလားမှာ ရေဘဝဲက ဆက်တိုက်မှန်သွားတယ်ဆိုတာ၊ တချို့လူတွေ ရှေ့ဖြစ်ဟောတာ မှန်သွားတယ်ဆိုတာကလည်း ကဏန်းတွေ random ခေါက်တာ 1111111 ကဏန်းကို တိုက်တိုက်ဆိုင်ဆိုင် ကျသလိုပဲ သူတို့လည်း probability တခုအရ မှန်သွားနိုင်တာပဲလေ။ မှန်တိုင်း ကိုးကွယ်ရတော့မှာလား။

တကယ်ဆို အဲလို တဖွဖွ အထူးအဆန်းလုပ်ပြောနေကတည်းက အဲဒါက အမှန်တရား မဟုတ်ဘူးဆိုတာကို ပြနေတာ။ ဘာဖြစ်လို့တုန်းဆိုတော့ စဉ်းစားကြည့်။ နက်ဖန်စာမေးပွဲစစ်မယ်လို့ ဆရာမက ပြောပြီး နောက်နေ့တကယ်စစ်ရင် အဲဒါက reality ဆိုတော့ ဘယ်သူမှ အထူးအဆန်းလုပ်ပြီး ပြောနေမှာ မဟုတ်ဘူး။ ဖြစ်နိုင်ချေနည်းလွန်းသွားတဲ့ အခါမှာသာ တဖွဖွနဲ့ အထူးအဆန်းအဖြစ် ပြောနေကြတာပါ။ အိပ်မက်တိုင်းသာ တကယ်ဖြစ်တယ်၊ လူတိုင်းရဲ့ အိပ်မက်တွေကသာ မှန်နေကျဆို ဘယ်သူမှ အဲဒါကို အထူးအဆန်းလုပ်ပြီး ပြောနေမှာ မဟုတ်ဘူး။ တခါတခါမှ ကွက်မှန်သွားမှသာ “မှန်တယ်ဟဲ့” ဘာညာနဲ့ အထူးအဆန်း လုပ်ပြောနေရတာကိုက တကယ့်အမှန်တရား မဟုတ်မှန်း၊ ဖြစ်နိုင်ချေအရမ်းနည်းနည်းလေးထဲက တိုက်တိုက်ဆိုင်ဆိုင် တခုဖြစ်သွားမှန်းကို ဝန်ခံရာတောင် ကျပါသေးတယ်။

ဒါကြောင့် ရေဘဝဲ သူ့ဘာသာသူ ဘယ်လောက်မှန်မှန်၊ ဘယ်သူတွေ အကြားအမြင် ဘယ်လောက်မှန်မှန် တကယ်တော့ မှန်နိုင်ချေလေး probability လေး ရှိနေတာမို့ အံ့သြစရာ မလိုပါဘူး။ probability အရ ရာနှုန်းပြည့်လည်း တခါတခါ ဖြစ်နိုင်တယ်လေ။ ရေဘဝဲ မှန်သွားတယ်ဆိုတာကလည်း ဖြစ်နိုင်တာပဲ။ အံစာတုံးခေါက်မယ် ဆိုပါစို့။ ခေါက်တဲ့လူတွေထဲမှာ အားလုံးက တစ်ကနေ ခြောက် ကျချင်တာ ကျနေပြီးတော့ တယောက်တည်းက ကွက်ပြီး သူခေါက်သမျှ အခေါက်တိုင်းမှာ ၁ တွေချည်း ကျတာလည်း ဖြစ်နိုင်ချေ ရှိနေတာပဲ။ ရေဘဝဲကလည်း အဲဒီ့လူနဲ့ တူတာပေါ့။

ဒါကြောင့် တချို့ကိစ္စတွေဟာ ဘယ်လောက်ပဲ ထူးဆန်းနေနေ ဖြစ်နိုင်ချေများစွာထဲက တခုဖြစ်သွားတာမို့ အံ့သြ စရာတော့ မရှိပါဘူး။ ဖြစ်နိုင်ချေ အရမ်းနည်းလွန်းလို့သာ ကျနော်တို့ အရေးတယူ ပြောနေရတာဖြစ်ပြီး အဲလိုအရာမျိုးက Universal Truth အဖြစ် လက်ခံဖို့ ပိုပြီး အလှမ်းဝေးလှကြောင်းပါ။

[[ကမ္ဘာ့ဖလားမှာ မှန်အောင်ဟောခဲ့တဲ့ ရေဘဝဲ နဲ့ ပတ်သတ်တဲ့ အကြောင်းက သချာင်္နဲ့ ရှင်းပြလို့ ရပါတယ်။ 0 ကနေ 127 အထိ ကဏန်းတွေ Random ခေါက်တာ “127” ကျတာကို လူတွေ အံ့သြနေကြတဲ့ သဘောပါပဲ။ စုစုပေါင်း ရေဘဝဲ ဟောတာက ခုနစ်ပွဲမို့လား။ တစ်ပွဲချင်းစီ ကြည့်ရင်တော့ မှန်ဖို့က ၅၀ ရာခိုင်းနှုန်း အထိ ရှိတယ်။ ခုနစ်ပွဲဆက်တိုက်ကျတော့ ၅၀ ရာခိုင်နှုန်း မဟုတ်တော့ဘူး။ “မှားမှားမှားမှားမှားမှားမှား” (၇ပွဲမို့လို့ ၇ခု) “မှားမှားမှားမှားမှားမှားမှန်” ကနေ “မှန်မှန်မှန်မှန်မှန်မှန်မှန်” အထိ ဖြစ်နိုင်ချေတွေကို တွဲလိုက်ရင်….ကွန်ပျူတာသမားဆို မှားကို 0 ထား မှန်ကို 1 ထားရင် “0000000” “0000001” စသည်ဖြင့် တွဲလိုက်ရင် Two to the power 7 ကို ရလိမ့်မယ်။ အဲဒါက ၁၂၈။ ဖြစ်နိုင်ချေက ၁၂၈ ခုမှာ တခုဆိုတော့ သိပ်မဆန်းပါဘူး။ လူ ၁၂၈ ယောက်မဲနှိုက်တာ တယောက် ပေါက်သွားသလောက်ပါပဲ။ ထီပေါက်တာလောက်တောင် မထူးဆန်းဘူး။ အဲဒါကို လူတွေ အံ့သြနေတာ။ ၁၂၇လို့ ပြောရတာက 0 ကနေ စထားလို့။]]
[[မရှင်းရင်တော့ သုံးပွဲကို စဉ်းစားကြည့်။ 0 က မှားတာ။ 1 က မှန်တာ။ 000 001 010 011 100 101 110 111 .....111 က အကုန်မှန်တာ။ သုံးပွဲတည်းဆိုတော့ Two to the Power 3= 8]]
(ကောင်းကင်ကို)

Saturday, September 24, 2011

အမြိုက်

လောက နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့
ဓမ္မရေစီးကြောင်းထဲက
ဘဝနေနည်းကောင်းတွေတောင် မလိုတော့ဘူး။

ချစ်သူ့မျက်နှာ ချောကဗျာအလှက
ကျနော့်အတွက် အိုအေစစ် ကောဌာသပေါ့
သူ့သဏ္ဍန်ကို အထပ်ထပ်ရှု
အေးမြတဲ့ မီးတောက်လေးကိုပဲ အဖော်ပြုမယ်။
(ကောင်းကင်ကို)

Thursday, September 22, 2011

လျှာနဲ့သွားရဲ့ ကကြိုး (by ကောင်းကင်ကို + ခရေငယ်)


နံနက်တိုင်း ကျနော် ဖတ်ချင်တဲ့ သတင်းက

အကြင်နာတွေ ထည့်ဖျော်ထားတဲ့ ကော်ဖီတခွက်
အရန်သင့် ဖြစ်နေတဲ့ အကြောင်း။

နေ့လယ်တိုင်း ကျမ ဖန်တီးချင်တဲ့ လက်ရာက
ချစ်မေတ္တာအပူပေးလို့ အမြဲနွေးမယ့်
ယုယမှုနိုင်းချင်းနဲ့ မိသားစု ထမင်းဝိုင်းလေး။

ညနေတိုင်း ကျနော် နားထောင်ချင်တဲ့ သီချင်းက
စကားတွေစွတ် ဇွတ်တရွတ် ပြောနေတဲ့
ကရားရေလွှတ် တတွတ်တွတ် လေး။

ညတိုင်း ကျမ မက်ချင်တဲ့ အိပ်မက်က
ကလေးဆန် နွဲ့ဆိုးကို ချစ်ခြင်းနဲ့ထွေးဖက်မယ့်
အားကိုးယုံကြည်ရတဲ့ သူ့လက်တွေ . . . ။
(By ကောင်းကင်ကို + ခရေငယ်)

Monday, September 19, 2011

မျက်ကန်း မျိုးချစ်စိတ်

Racism က “ကောင်းသလိုလို” ယူဆပြီး လက်ခံထားတဲ့သူတွေ တော်တော်များများ တွေ့နေရပါတယ်။ ဒီနေ့ ကျနော် Facebook မှာ မြစ်ဆုံဆည်ကို ကန့်ကွက်ရေးနဲ့ ပတ်သတ်တဲ့ group တခုကို ဝင်ကြည့်မိတော့ မြစ်ဆုံဆည်က တရုတ်အစိုးရနဲ့ ပူးပေါင်းပြီး လုပ်တာမို့ တရုတ်ကို ကန့်ကွက်တဲ့ အနေနဲ့ “တယုတ်” လို့ အားလုံး တညီတညွတ်တည်း ပြောင်းရေးကြရအောင် ဆိုပြီး နှိုးဆော်တဲ့ သူတောင် ရှိပါသေးတယ်။ မြစ်ဆုံဆည်ကို သဘာဝ ပတ်ဝန်းကျင် ရှုထောင့်နဲ့ မကြိုက်မယ့် တရုတ်တွေ၊ ကန့်ကွက်မယ့် တရုတ်တွေလည်း အများကြီး ရှိမှာပဲ။ လူမျိုးစွဲ တယူသန်မှုက အချင်းချင်း မျက်နှာပျက်စရာ ကောင်းပါတယ်။

တရုတ်နိုင်ငံ အစိုးရ မကောင်းတိုင်း တရုတ်အားလုံးကို မုန်းကြေး တိုက်ခိုက်ကြေး ဆိုရင်…..မြန်မာအစိုးရက တိုင်းရင်းသားတွေ အပေါ် နှိပ်စက်နေတာတွေ၊ ပေါ်တာဆွဲတာတွေ၊ မုဒိမ်းကျင့်တာတွေကို ကြည့်ပြီး မြန်မာအားလုံး မုဒိမ်းကောင်တွေ၊ ကြီးနိုင်ငယ်ညှဉ်းကောင်တွေလို့ ပြောလာကြရင်ကော ကျနော်တို့ ဘယ်လို ခံစားရမလဲ။ ခက်တာက ကျနော်တို့ နိုင်ငံက အစိုးရဘက်ကရော၊ အတိုက်အခံဘက်က တချို့ကပါ လူမျိုးရေးနဲ့ ခုချိန်ထိ မှိုင်းတိုက်လို့ ကောင်းနေတုန်း။

လူမျိုးပျောက် မပျောက် ဆိုတာကတော့ ကျနော်လက်ခံထားတဲ့ အနိစ္စ ရှုထောင့်က ကြည့်ရင် ဘယ်ဟာကမှမှ မမြဲတာ။ တနေ့ ပျောက်မှာပဲ။ လူမျိုးတင်မဟုတ်ဘူး၊ ကမ္ဘာကြီးပျက်ပြီး လူအားလုံးလည်း ပျောက်ချင် ပျောက်သွားမှာပဲ။ လူမျိုးပျောက်တာနဲ့ ပတ်သတ်ပြီး ကျနော် တခါတော့ ပြောဖူးတယ်။ ပျူလူမျိုးတွေ ပျောက်သွားတော့ ဘယ်သူကများ ဝမ်းနည်းနေလို့လဲ။ အခုခေတ်ရှိနေတဲ့ လူမျိုးတွေက ဘယ်သူက ပျူလူမျိုး တွေပျောက်ဆုံးမှု အတွက် ဝမ်းနည်းနေလို့လဲ။ လူမျိုးတမျိုး ဆက်လက် တည်မြဲရေးအတွက် အခုရှိနေတဲ့ လူမျိုးတွေကသာ ပူပန်နေကြတာ၊ ပျောက်မပျောက် ဘယ်သူမှ သေချာ မပြောနိုင်သလို ပျောက်သွားခဲ့ရင်လည်း နောက်ခေတ်ရဲ့ လူမျိုးအသစ်တွေက အထူးတလည် ဝမ်းနည်းနေမှာ မဟုတ်ပါဘူး။ သူတို့ဘာသာသူတို့ အဆင်ပြေနေရင် ဝမ်းသာနေမှာပါပဲ။

အခုခေတ် ကျနော်တို့ကိုယ်တိုင်ကို ကျနော်တို့ ပြန်မေးကြည့်ရအောင်။ ဆုနှစ်ခုထဲက ကြိုက်တဲ့ ဆုတခုကို တောင်းလို့ ရတယ် ဆိုပါစို့။ ရှေးတုန်းက ပျူလူမျိုးတွေ မပျောက်ရေး (ဒါမှမဟုတ်) ခုခေတ်ရှိနေတဲ့ မြန်မာတွေ ချမ်းသာရေးဆို ကျနော်တို့ ဘာကို ရွေးမတုန်း? ခုခေတ်လူတွေ ချမ်းသာရေးကိုပဲ ရွေးမှာမို့လား။

ဘာသာရေးတွေ အားလုံးနီးပါးမှာ ကောင်းတဲ့ အချက်တခုက လူမျိုးစွဲ မရှိတာပါ။ ဒါပေမယ့် အဲဒီ့ကောင်းတဲ့ အချက်ကျတော့ တော်တော်များများက လျစ်လျူရှုထားကြတယ်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေး အော်နေတဲ့သူတွေလည်း သေချာစဉ်းစားဖို့တော့လိုတယ်။ ကိုယ်က ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေကို တဘက်မှာ အော်နေပြီးတော့ တဘက်မှာ တခြားသူတယောက်ရဲ့ လွတ်လပ်ပိုင်ခွင့်ကို လိုက်ချုပ်ချယ်နေပြီဆိုရင်တော့ ကိုယ်တောင်းတဲ့ အယူအဆကို ကိုယ်ကိုယ်တိုင် လက်မခံနိုင်သလို ဖြစ်နေပြီ။

လူ့အခွင့်အရေးတွေ ဒီမိုကရေစီတွေ အော်နေတဲ့ ခေတ်မှာ racism အတွက် နေရာ မရှိတော့ပါဘူး။ လူမျိုးခြားကို မယူချင်တဲ့သူကတော့ မယူနဲ့ပေါ့။ ကိုယ့်အယူအဆ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပေါ့။ ဒါပေမယ့် ယူမယ့်သူကို ကန့်ကွက်တာတွေ ဝေဖန်တာတွေ နှိမ့်ချတာတွေကတော့ ဒီခေတ်ကြီးမှာ လုံးဝ မရှိသင့်တော့ပါဘူး။

အောက်ကစာကတော့ စာရေးဆရာမ ကြည်အေးရဲ့ ဟောင်းနေပေမယ့် ခေတ်မီနေဆဲ စာပါ။
“ရာဇဝင်အဆက်ဆက်မှာ လူမျိုးအချင်းချင်းပေါင်းပြီး လူမျိုးသစ်ဖြစ်လာတာ၊ လူမျိုးတစ်မျိုးက တစ်မျိုးကို မျိုသွားတာတွေ ရှိသားပဲ။ တရုတ်ခေါ်ခေါ်၊ အင်္ဂလိပ်ခေါ်ခေါ် လူတွေလည်း လူလူချင်း ရောနှောသွားတာပဲ၊ အထွေးတော့ ဘာမှ ကန့်ကွက်စရာမရှိပါဘူး၊ ဗမာမှ ယူမယ် စိတ်မကူးပါဘူး။ တကယ်တော့ ဂျာမန်ကောင်းကင်မှာ ဂျူးလူမျိုးတွေ ပြာကျတဲ့ အငွေ့နဲ့ မှောင်မည်းသွားတဲ့ အဖြစ်မျိုးသာ ကြောက်စရာ ရွံစရာပါ”
ကောင်းကင်ကို

(မှတ်ချက်။ ။ စာကိုသေချာဖတ်စေချင်ပါတယ်။ မြစ်ဆုံဆည်နဲ့ တရုတ်အစိုးရကို ထောက်ခံနေခြင်း မဟုတ်ပါ။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မယ့် စီမံကိန်းမှန်သမျှ၊ အာဏာရှင်ဆန်တဲ့ အစိုးရ မှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။ တရုတ်အစိုးရ မကောင်းတာနဲ့ တရုတ်လူမျိုးတိုင်းကို မုန်းတီးရမယ် ဆိုတာကို လက်မခံခြင်းပါ။ လူမျိုးရေး ခွဲခြားဆက်ဆံမှုကို မကြိုက်ကြောင်း ဦးတည်ရေးထားတဲ့ ပို့စ်ဖြစ်ပါတယ်)

Thursday, September 15, 2011

နှင်း (မိုဃ်းဇော်)

ဟမ္ဘာဂါ စားသလို
မင်းလည်း ခံစားချင်တဲ့ အရာ
ဝီစကီသောက်သလို
ငါလည်း မှောက်မှားချင်တဲ့ အရာ။

သကြားဓာတ်လိုသလို
မင်းလည်း လိုအပ်နေတဲ့အရာ
ရေငတ်သလို
ငါလည်း လိုအပ်နေတဲ့အရာ။

ချည်မျှင်နဲ့ အဝတ်အထည်တွေ ခြားထားလို့
ငါတို့ တယောက်ကို တယောက် မမြင်ရဘူး။

ဆိတ်ကွယ်ရာဟာ ဝေးလံခေါင်းပါးလွန်းနေလို့
ငါတို့ တယောက်နဲ့ တယောက် မနီးရဘူး။

ဒီဘဝကိုတော့
မင်းလမ်းကိုပဲ မင်းလျှောက်သွားပါလေ
နောင်ဘဝကျ
ငါတို့ ချစ်ခွင့်ရချင်ရမှာပေါ့။

အမှန်တရားဟာ
သုခဘုံနဲ့ လွဲခဲ့တယ်။ ။
(မိုဃ်းဇော်)

Monday, September 5, 2011

Atheist တယောက်ရဲ့ (ရောက်တတ်ရာရာ) ခံစားချက်

ဘာသာရေးတွေကို ကိုယ့်အမြင်နဲ့ ဝေဖန်တဲ့ အခါ လူတွေ ဘာသာမဲ့ ဖြစ်လာဖို့ မရည်ရွယ် မမျှော်မှန်း ထားပါဘူး။ ကိုယ့်လွတ်လပ်မှုနဲ့ ကိုယ်နေနေတာကို သူတို့ရဲ့ ဟိုပေတံနဲ့ လာတိုင်း၊ ဒီပေတံနဲ့ လာတိုင်း မတိုင်းတော့ပဲ သူတို့ ယုံကြည်မှုဟာ သူတို့အတွက်လောက်ပဲ အမှန်တရား ဖြစ်နိုင်တယ် ဆိုတာလောက်ကို သဘောပေါက်လာကြရင်ပဲ ကျေနပ်ပါပြီ။ “ဒါက ငါ့အတွက်ပဲ အမှန်တရား၊ ဒါက အဓိပ္ပါယ် မရှိပေမယ့် ဒါကို ငါလုပ်ရင် ငါစိတ်ချမ်းသာတယ်။ ဒါကြောင့် ငါလုပ်တာ” လို့ နှလုံးသွင်းထားတဲ့ သူဆိုရင် ကျနော့်တယောက်တည်း အနေနဲ့တော့ ဘာမှ ပြောမှာ မဟုတ်ပါဘူး။ ဘာသာမဲ့ခြင်း ကိုလည်း absolute truth အနေနဲ့ သတ်မှတ်ထားတာ မဟုတ်တဲ့ ကျနော်က (ဘာလို့တုန်းဆိုတော့ ဘာသာမဲ့တာက ကိုးကွယ်တာ မရှိတာပဲ ရှိတာ။ ကျန်တဲ့ဟာတွေ မှားတယ်ထင်တယ်လို့ပဲ ပြောနိုင်တာ။ အမှန်တရားကို တွေ့ရှိခြင်းမှ မဟုတ်တာ) ဘာသာရေး သမားတွေလည်း သူတို့ဟာလည်း သူတို့အတွက်ပဲ အမှန်တရားလို့ သဘောထားကြီးပေးရင် အကုန်လုံးငြိမ်းချမ်းသွားမယ် ထင်တယ်။ တဘက်မှာ ကိုယ်မှန်တယ် ထင်တာကို သူများက မှားတယ်လို့ ထင်လည်း စိတ်ဆိုးစရာ မဟုတ်တော့ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ အဲဒါက ကိုယ် တယောက်တည်း အတွက် အမှန်တရား ဖြစ်နေလို့။

ဘာသာရေးမှ မဟုတ်ပါဘူးလေ။ အနုပညာ၊ ကဗျာ၊ စာပေ အဲဒါတွေ အားလုံးလည်း ဓမ္မဓိဌာန်ကျကျ သုံးသပ်ကြည့်ရင် universal truth မှ မဟုတ်တာ။ ဒီတော့ ကိုယ့်ဘာသာစိတ်ချမ်းသာရင် တန်ဖိုးထား၊ ဒါကို ဝေဖန်လာတဲ့သူလည်း ရှိမယ်။ ပြန်ပြီးချေပနိုင်တယ်။ စိတ်ဆိုးစရာတော့ မဟုတ်။

မြန်မာပြည်ရဲ့ စာပေလောက ဖြစ်ဖြစ် ဘာသာရေး လောကဖြစ်ဖြစ် များနေတာက ကိုယ့်ဟာမှ ကိုယ့်ဟာ ဆိုတဲ့အစွဲတွေပဲ။ နာမည်ကြီး စာရေးဆရာ ကဗျာဆရာတွေက ပြောကြတယ်။ အနုပညာကို မခံစားတတ်သူသည် လူပင်မဖြစ်ထိုက်တဲ့။ အဲဒါလည်း တဘက်စွန်းပါ။ ကျနော်က အနုပညာကို အရမ်းမြတ်နိုးပေမယ့် မင်းတို့ဟာတွေ ဘာမှ မဟုတ်ဘူးလို့ ပြောရင်လည်း လက်ခံကျေနပ် နိုင်တဲ့သူပါ။ ကိုယ့် မြတ်နိုးမှုကို စွန့်လွှတ်လိုက်တာ မျိုးတော့မဟုတ်ဘူး။ သူပြောတာလည်း သူ့ရှုထောင့်က ဟုတ်နေတာပဲလေ။ အဲဒီ့တော့တချို့ အနုပညာရှင်တွေ ပြောပြောနေတဲ့ ကဗျာဆရာဆိုတာ ကမ္ဘာကြီးကိုပဲ ကယ်တင်သလိုလို၊ ကဗျာကို နားမလည်တဲ့လူကပဲ အသုံးမကျတော့သလိုလို၊ ဘာသာရေးမှာလည်း အဲလိုပါပဲ။ တဘက်သတ် ဆန်တာ တွေ လျှော့ကြရင် ကောင်းမယ်။ ကဗျာကို နားမလည်ပဲနဲ့ စိတ်ကောင်းရှိတဲ့သူတွေလည်း အများကြီး။ ဘာသာရေးကို နားမလည်ပဲနဲ့ စိတ်ကောင်း ရှိတဲ့သူတွေလည်း အများကြီး။

ဒါပေမယ့် ဘာလို့ ဝေဖန်တဲ့ အခါ ဝေဖန်သလဲဆိုတာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်ကို လာဝေဖန်ရင် နှစ်သက်သလို ကိုယ်ကလည်း ဝေဖန်ချင်လို့ပါ။ ဝေဖန်ချင်းက စဉ်းစားစရာတွေကို ဆွပေးတယ်လို့ ကျနော်ယူဆပြီး လူတွေရဲ့ အတွေးကို မြှင့်တင်ပေးနိုင်စွမ်း ရှိတယ်လို့ ယူဆလို့ တခုမှ မချွင်းမချန် ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ အခါလည်းရှိမယ်။ ဒါပေမယ့် ပဋိပက္ခကို မျှော်လင့်ရုံသက်သက် ဝေဖန်တာ မဟုတ်ပါဘူး။

တကယ်တော့ ဘာသာရေးကို tool တခုလိုပဲ အသုံးချ၊ ကောင်းတဲ့နေရာမှာ သုံး။ မကောင်းတဲ့နေရာမှာ မသိချင်ယောင် ဆောင်နေ…အဲလိုလူမျိုးတွေကိုလည်း လေးစားပါတယ်။ တဘက်မှာ လောဂျစ်ရဲ့ အခန်း၊ လောဂျစ်ရဲ့ role ကိုလည်း မြှင့်တင်ချင်သူမို့၊ အဲလိုလုပ်ရတာ ဝါသနာထုံလို့ လုပ်နေတာလည်း ပါပါတယ်။

ဒါပေမယ့် ကျနော် ဒေးကား အယူအဆတခုခုဖြစ်ဖြစ်၊ နစ်ရှေးရဲ့ အယူအဆ တခုခုဖြစ်ဖြစ် တင်လိုက်တဲ့အခါ သူတို့က သာမန် ပုထုဇဉ်တွေလေ၊ လမ်းလွဲနေပြီ ဘာညာ ပြောတာမျိုး၊ ကိုယ်စီ ဘာသာရေး ပေတဲ့နဲ့ လာလာတိုင်းကြတာမျိုးကို မနှစ်သက်တဲ့အတွက် အမှန်တရားလို့ထင်ဆမှု အမျိုးမျိုး ရှိနိုင်တာကို သိသာစေဖို့လောက်သာ ဘာသာရေးကို ဝေဖန်ခြင်းပါ။ ဘာသာရေးကို ကိုးကွယ်တဲ့သူတွေကို မုန်းမယ်ဆိုရင်တော့ အဖိုးအဖွား အဖေအမေ က စပြီး မုန်းနေရမှာပေါ့။ ဒါကြောင့်မို့ ဘာသာမဲ့ကို ဘာသာရေး သမားတွေက မုန်းမယ်ဆိုရင်လည်း တချိန်ချိန်မှာ ခင်ဗျားတို့ရဲ့ သားမြေးတွေကို မုန်းရတာမျိုး မဖြစ်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။ အယူအဆ မတူရင်တောင် လူကိုမမုန်းပဲ အယူအဆအကြောင်း သက်သက်သာ ပြောကြရင် လောကကြီး ဘယ်လောက်ငြိမ်းချမ်းလိမ့်မလဲ။
(ကောင်းကင်ကို)

Friday, September 2, 2011

ငါတို့ မိတ်ဆွေ ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း (မိုဃ်းဇော်)

မင်းသဘာဝကို မြင်ရတိုင်း
ငါ့ရင်မှာ မုန်တိုင်းထန်ခဲ့ရ
ဒီညကျမှ
လရောင်ဟာ
မင်းကမ္ဘာပေါ် ဖြာကျနေရဲ့။

စစ်မဲ့ဇုံ
မင်းရင်အစုံက
စိမ့်ကျလာတဲ့ စမ်းရေအိုင်တအိုင်
နို့နှစ်ရောင် ချိုင့်ဝှမ်းတခု
လျှို့ဝှက်တဲ့ တောအုပ်အစပ်နား
ငါရောက်သွားတော့
လေတိုးသံလို မင်းညည်းညူ
ရေတံခွန်လို တို့သွန်ချ
ငါတို့ မိတ်ဆွေဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း။ ။
(မိုဃ်းဇော်)

Tuesday, August 23, 2011

ခေတ်မျက်မှန်

ကမ်းကုန်အောင် ရက်စက်မယ့် ပုဏ္ဏားရယ်
ကြိုသိပြီးသား ဖခင်ရယ်
ထိပ်တိုက် တွေ့ကြတယ်။

စိုက်သောသူ ပိုင်သင့်တယ် ဆိုတဲ့ အတွေးနဲ့
ဖခင်ကို ထောက်ခံသင့်သလား?
“သားသမီးကို လှူမှ
ရွှေဥာဏ်တော်ကို ရစေ” ဆိုတဲ့
သဘာဝတရား ဆိုတာကို
အပြစ်ဆိုရမလား?

သိချင်သေးတာ တခုက
ပါးကွက်သားဆန်ဆန် ဥပဒေသ ကို
ဘယ်သူ ပြဌာန်းခဲ့ပါသလဲ?

သားသမီးလှူလိုက်တယ်ဆိုတဲ့ ရေစက်ကို
အခုခေတ်ထဲမှာ ချကြည့်တော့
ခေတ်ကြီးကိုက child rights တွေ ဘာ rights တွေနဲ့
အနှိုင်းမဲ့ဆိုသော ပါရမီ တချို့တွေ
သူ့ခေတ်နဲ့သူပဲ ရှိပါစေ။
ကောင်းကင်ကို

Tuesday, August 16, 2011

မျက်ရည်များနဲ့ ဖိုထိုးခြင်း

မနက်တုန်းကတော့
ငါ့ဦးနှောက်ရဲ့ညာတောင်ပံက
စကားလုံးတွေကို ကုလားဖန်ထိုး
မျက်ရည်နဲ့ ဖိုထိုးကြည့်သေးတယ်။

ကြာပွတ်တချောင်းရဲ့ အနမ်းရယ်၊
ဆုံးရှုံးသွားတဲ့ ဝဋ်တခုရယ်ကို
လွမ်းတယ်။

ခုတော့ ငါဟာ
သောကနတ်ဘုရားနဲ့ ဖန်ခွက်ချင်းတိုက်
brand မရွေးတော့တဲ့ လူမိုက်ပါကွယ်။

တနေ့ တနေ့
မချစ်ပဲ ယူနေရတဲ့ ကတော်
စားဝတ်နေရေးဆိုတဲ့ လက်တွဲဖော် အတွက်
အာရုံတွေကို ဇွတ်အတင်း ဖမ်းချုပ်
လူသားစက်ရုပ် လုပ်အပြီးမှာတော့

နေ့တနေ့ရဲ့ နောက်ဆုံးစာတမ်းထိုးအဖြစ်
နည်းနည်းကျန်သေးတဲ့ ဖန်ခွက်တလုံးရယ်
အိပ်ပျော်နေတဲ့ လူတယောက်ရယ်ကို တွေ့လိမ့်မယ်။
ကောင်းကင်ကို (June 2011)

Wednesday, August 10, 2011

အဲဒီနေ့မှာ ကိုယ်တစ်ယောက်တည်း မဟုတ်တော့ (by ခရေငယ်)

အထီးကျန်တယ်ဆိုတဲ့ လက်တွေကို
တယုတယ ဆုပ်ကိုင်ခွင့် ရမယ့်နေ့ . .

သူ့ရင်ခွင်ကို ခေါင်းနဲ့အဝှေ့မှာ
“မသာယာဘူး ” မှန်သမျှ ပြာကျသွားမယ့်နေ့ . .

အရိုးဆုံး ချစ်စကားတို့နဲ့
နှုတ်ခမ်းကိုယ်စီ ခမ်းနားကြမယ့်နေ့ . .

အမြတ်တနိုးအပြန်အလှန်အကြည့်တွေနဲ့
သူနဲ့ကိုယ်ရဲ့ အချစ်ကြောင့်
ဟိုး . . မိုးကုပ်စက်ဝိုင်းဆီမှာ
နေ ၊ လ ၊ ကြယ်တွေအစား
ပန်းတစ်ခင်းပွင့်မယ့်နေ့ . .

ကိုယ့်ဆောင်းရာသီလေး
တွတ်တီးတွတ်တာနဲ့
စကားပြော စတတ်မယ့်နေ့ . .

အရှင်ရုက္ခစိုး နတ်မင်းကြီးက
တောင့်တလွန်းလို့ ကိုယ်ထင်ပြသလို
ကိုယ့်နှလုံးသားရဲ့ အရှင်သခင်ကို
ကိုးစားစွာ ဖူးမြင်ခွင့်ရမယ့်နေ့ . .

အာဒံ နဲ့ သူ့ဧ၀ ဆုံကြတဲ့နေ့ပေါ့ . . ။ ။

ခရေငယ်(3.8.2011)

Saturday, August 6, 2011

Relationship

လေးဆိုတာ… ဒီနေ့နဲ့မနက်ဖန် ဘာသာစကားသစ်ရဲ့ …ပထမဆုံးနဲ့ နောက်ဆုံးသော အက္ခရာ၊
ရေတွက်လို့မရတဲ့ လေလွင့်လိပ်ပြာတွေ … သဏ္ဍန်လေးတခုစီ…လုယက်ပြီး ပျံသန်း နေကြတယ်၊
ငယ်ငယ်လေးကတည်းက… ငါမစမ်းဖူးသေးတဲ့…စည်းကမ်းမကျတကျ နေထိုင်မှုစနစ်ကိုပေးသူ၊
ဟာသဆန်သွားနိုင်တဲ့… ဟာကွက်တွေတောင်… အေးမြတဲ့အမှောင်အောက်မှာ… သူမတူမှု အရောင်တွေ တောက်လို့၊
ငါ့ဘဝ တခြမ်းကို… ငါ့ဘဝတခြမ်းနဲ့ ပေါင်းစည်းပြီး… ငါ့ကိုမွေးဖွားပေးလိုက်တဲ့… “မိန်းမသား”ကဗျာ၊
ချစ်ချင်းဆိုတဲ့… နာမ်သားသက်သက်အနုပညာမှာ…ဘယ်လို ဝေဖန်ရေးဆရာမှ မလိုဘူး၊
သူပေးတဲ့ အကြင်နာ စိန်နားကပ်ရောင်နဲ့ …ငါ့ဘဝ ပါးပြောင်နေလိုက်ပုံများ။

ကောင်းကင်ကို

Wednesday, August 3, 2011

အလှဗေဒ၏ မိစ္ဆာ (by မင်းတစေ)

အဖုအထစ် ဝေဆာနေလွန်းလို့
မူးယစ်ဝေဒနာကို ဖြစ်ပေါ်စေတတ်တဲ့
ဗီးနပ်စ်အိန်ဂျယ်လ် အလှဘုရင်မကိုတောင်
မီးယပ်ပိန်နာသည်မ အသွင်ခစေခဲ့သူ။

မယ်မဒ္ဒီပျိုကညာလို အဖူးအရွတွေနဲ့
ဆယ်ပန်းချီယိုဖြာ မြူးကြွနေတဲ့
ကလီယိုပက်ထရာ အနုအလှကိုတောင်
အရွယ်လှီအိုစာ ဘီလူးမဖြစ်စေခဲ့သူ။

ကျူးပစ်ငတိ အပျင်းကွေးလွန်းလို့
ယခုအထိ သတင်းမွှေးစွန်းနေတဲ့
ဂျူးလီးယက် မင်းသမီးလေးကိုတောင်
ရူးပြီးသတ်သေခဲ့သူလို့ အတင်းကြီး ထင်မှတ်မှားစေခဲ့သူ။
နှုတ်ခမ်းအကွေးအဆတွေရဲ့ ရသကြောင့်
စုတ်နမ်းပြေးကြသူတွေ များလွန်းတဲ့
မိုနာလီဆာရဲ့ အပြုံးရမ္မက် ကုဋေကုဋာတွေကိုတောင်
ကမ္ဘာမြေလွှာရဲ့ အဆုံးဘက်တနေရာမှာ ပုန်းဝှက်နေထိုင်စေခဲ့သူ။

အဲ့ဒီလို……………...................
ရူပါမာန်တက်နေတဲ့ ငနဲမတိုင်းကို
အမူအယာဟန် မလုပ်ရဲတော့လောက်အောင်
မတူမတန်သလို ခုတ်လှဲချခဲ့တဲ့ မင်းကတော့
တကယ့်ကို လူမဆန်စွာ လွန်ကဲပြီး လှနေသူလေးတစ်ဦးပါပဲ။

အဲ့ဒါတွေကြောင့်လည်း……..
ဒီမှာ….............အချစ်ဆိုတဲ့
စောက်သုံးမကျတဲ့ ဝေဒနာကိုကြောက်လို့
နှလုံးသားနေရာကိုဖောက်ထုတ်ပြီး
ကျောက်တုံးအစား သေချာကောက်ထည့်ထားတဲ့
ငါလိုကောင်တစ်ကောင်ရဲ့ ခပ်မာမာရင်ဘတ်တစ်ခုကိုတောင်

မင်းက......................................
သီရိမာလို ပီတိဖြာတဲ့ အကြည့်အငွေ့နဲ့
ပဉ္စပါပီလို ဘ၀င်ကျစရာ အထိအတွေ့ တွေတောင် မသုံးပဲ
အသာကလေး ညွတ်ပြောင်း ကွဲအက် အရည်ပျော်ကျစေနိုင်ခဲ့တယ်။

ဘာလို့လည်းဆိုတော့…………….............
ဥမ္မာဒန္တီလို ပဒုမ္မာဟန်သီတဲ့ ခြေလှမ်းတွေနဲ့
ဆုန်ခါဆန်ချီ လှမ်းလျှောက်လာနေတဲ့ မင်းလေးကို
ဟိုးအဝေးက လှမ်းမြင်လိုက်ရရုံလေးနဲ့ပဲ
တစ်သက်စာ အေးစက်မဲမှောင်နေခဲ့တဲ့
ငါ့ရဲ့ခုနှစ်ဆောင်ပြိုင် နှလုံးသားတိုက်ခန်းလေး
ပပ၀တီ ကောင်ရေ တသန်းအား ရုတ်တရက်ဝင်ဆောင့်လိုက်သလို
ချက်ခြင်း မီးဟုန်းဟုန်းထတောက်ခဲ့ရလို့ပဲပေါ့။
မင်းတစေ

Saturday, July 23, 2011

ခရေ

(၁)
အခုဆို
ငါ့စိတ်ရွက်ပြတ်တောမှာ
အတွေးလေးတွေ ကဗျာဈာန်သင့်
ခရေအဖြစ် ပွင့်တယ်။

(၂)
သူက
သာမန်မိန်းကလေး တယောက်
ဒါပေမယ့် တန်ခိုးရှင်
သောက အကြိုအကြားထဲက ငါ့ကို
ဆွဲထုတ်ကယ်တင်ခဲ့တယ်။

(၃)
အတိတ်မှာတော့ ငါက
နေဝင်နေထွက်တိုင်း
ကိုယ့်ပျော့ကွက်နဲ့ကိုယ် ထိုင်းမှိုင်းခဲ့တဲ့သူ။

(၄)
ဒီလိုနဲ့ အမှတ်မထင်
သက်တန့်မီးရောင်ရှေ့ ခြေလှမ်းအကွေ့
နိမိတ်ဆန်းတခု တွေ့လိုက်တယ်။
လူ့ဘဝကို သုညလို့ အပုပ်ချခဲ့သူတယောက်
‘ခရေ’ရိပ်ရဲ့အောက်မှာ
ဘဝအဓိပ္ပါယ်များစွာ ကောက်လို့။

လောကဓံပီး သွားတဲ့ ငါ့ခြေရင်းမှာလည်း
ဒုက္ခ ‘ပါးပြင်း’တွေ ခယဝပ်ဆင်းလို့။

(၅)
ဒီလိုနဲ့
ရှုပ်ရှုပ်ထွေးထွေး အရာ… ‘ကံ’ဆိုတာရဲ့
မျက်နှာသာပေး ကစားကွက်မှာ
အားတက်သွားပြီး ငါကြွေးကြော်မိတယ်။
“ငါ့ဘဝက ဘယ်တော့မှ မရှုံးဘူး။
သူ့ သံယောဇဉ်နေဝန်း၊
အနောက်ဘက်ဆီ မယွန်းသရွေ့။”

(၆)
လက်ရှိအခြေအနေလား?
မနက်စောစောစီးစီး
နှလုံးသားက အချက်ပေးတယ်
သွားတက်လေးနဲ့
တသက်မဝေးချင်ဘူးတဲ့။

လက်ရှိအခြေအနေလား?
ကဗျာရေးနေရင်းနဲ့
မျက်လုံးများက သူ့ပုံရိပ်ဆီ ထွက်ပြေးတယ်
ဦးနှောက် အမိန့်ပေးမှုစနစ်ကို
တစုံတယောက်က အနုနည်းနဲ့ ထိန်းချုပ်ပစ်သတဲ့။

(၇)
ကျောင်းနေတုန်းက
အရေးပါတဲ့ စာတွေဘေးမှာ
ခရေပွင့် ပြခဲ့ကြတယ်။
အခု ငါ့အဖြစ်က
ကျော်လွှားခံနေရတဲ့ ဖတ်စာ
ခရေပွင့်လေးရေ
ငါ့ဘဝ ထဲကိုခုန်ချ
ငါအရေးပါကြောင်း ပြလှည့်ပါ။
ကောင်းကင်ကို

Friday, July 22, 2011

မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစေ့

နိုင်ငံရေးဟာ gunများကြားထဲ ပျံသန်း နေရတဲ့ငှက်
နိုင်ငံရေးဟာ စမ်းတဝါးဝါးနဲ့ အသံစမ်း နေရတဲ့လက်

နိုင်ငံရေးဟာ သံဃာကိုတောင် သတ်ရဲတဲ့ သေနတ်
နိုင်ငံရေးဟာ ပင်လယ်လို ဖြဲထားတဲ့ ပါးစပ်

နိုင်ငံရေးဟာ ကမ္ဘာအနှံ့ က အာခံကြမယ့် သိမ်းငှက်တထောင်
နိုင်ငံရေးဟာ အမေရိကန်ကို သွားဖို့ လက်မှတ်တစောင်

နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် သွေးထဲက မီးထတောက်မယ့် သူပုန်
နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် အကျင့်မပျောက်တဲ့ ခွေးမြီးကောက်

နိုင်ငံရေးဟာ ခွပ်ဒေါင်းတွေ လက်ထဲက ဝရဇိန်လက်နက်
နိုင်ငံရေးဟာ မျောက်တွေ လက်ထဲက အုန်းသီးတလုံး

နိုင်ငံရေးဟာ သွေးနဲ့ ရေးခဲ့တဲ့ သြဂုတ်၊စက်တင်ဘာ သမိုင်း
နိုင်ငံရေးဟာ ရေပေါ်မှာရေးလိုက်တဲ့ ကြေငြာချက် တစ်စောင်

နိုင်ငံရေးဟာ အရေပြားပေါ်မှာ ကြက်သီးတွေ စီးဆင်းသွားစေတဲ့ ဟစ်ဟော့ သီချင်းတပုဒ်
နိုင်ငံရေးဟာ ဘလော့တွေထဲမှာ အညောင်းမိနေတဲ့ ကော်ပီ သတင်းတပုဒ်

နိုင်ငံရေးဟာ ကလေးတယောက်ရဲ့ ဗိုက်ထဲက တဂွီဂွီထွက်လာတဲ့ တကယ့်အမှန်
နိုင်ငံရေးဟာ မီဒီယာပေါ်မှာ ဆရာသမား တယောက် ဇွတ်အတင်းလုပ်ပြီး ပြောလိုက်တဲ့ အသံ

နိုင်ငံရေးဟာ ပါးစပ်ပိတ်နေရတဲ့ လူထု
နိုင်ငံရေးဟာ ကြေးမုံ စက္ကူစုတ်ထဲက အက္ခရာအစု

နိုင်ငံရေးဟာ အာဟာရ ပြတ်နေတဲ့ ဆင်ဖြူတော်
နိုင်ငံရေးဟာ ဒေါ်လာငတ် နေတဲ့ ကြောင်သူတော်

နိုင်ငံရေးဟာ ထောင်ထဲမှာ လူမသိသူမသိ သေသွားရှာတဲ့ အညတရ ကျောင်းသားတယောက်
နိုင်ငံရေးဟာ ကိုယ့်ဘာသာကိုယ် သတ်မှတ်လိုက်တဲ့ အဝေးက အာဇာနည် တယောက်

နိုင်ငံရေးဟာ မိစ္ဆာတို့ရဲ့  လူသတ်ကွင်း တကွင်း
နိုင်ငံရေးဟာ အီလစ်တို့ရဲ့  ကစားကွင်း တကွင်း

နိုင်ငံရေးဟာ ဘတ်စ်ကားကြပ်ကြပ်ပေါ်မှာ တိုးဝှေ့ နေရတဲ့ နံနက်
နိုင်ငံရေးဟာ ကြယ်တွေဘယ်လောက်ထွက်ထွက် လင်းမလာသေးတဲ့ည

နိုင်ငံရေးဟာ လမ်းမတွေ ပေါ်မှာ ခြေဗလာနဲ့ လျှောက်ခဲ့ကြတဲ့ ခြေထောက်
နိုင်ငံရေးဟာ ဖိနပ်နဲ့ မတော်လို့ အဖြတ်ခံလိုက်ရတဲ့ ဖနောင့်

နိုင်ငံရေးဟာ ငါတို့မွေးထားရမယ့် တစ္ဆေတကောင်
နိုင်ငံရေးဟာ ပုပ်ပွနေတဲ့ အသေတကောင်

တခါတခါမှာ နိုင်ငံရေးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားတခွန်း
“နိုင်ငံရေးဆိုတာ အင်မတန် မွန်မြတ်သန့်စင်ပြီး၊
သူတော်ကောင်းတွေမှသာ လုပ်နိုင်တဲ့ အလုပ်”
တခါတခါမှာ နိုင်ငံရေးဟာ ဒေါက်တာသန်းထွန်းရဲ့ စကားတခွန်း
“ငါ့ လက်ဝဲက လူကိုလည်း စေ့စေ့စပ်စပ်ကြည့်တယ်၊
ငါ့လက်ယာက လူကိုလည်း ဒီလိုပဲ အားမနာတမ်း ကြည့်တယ်၊
စေတနာ အချောင်းလည်းမမြင်ဘူး၊
အပြားလည်းမမြင်ဘူး”

နိုင်ငံရေးဟာ ဘဝပေါင်းများစွာ ထည့်လှောင်ထားတဲ့ စစ်ဖိနပ်တရံ
နိုင်ငံရေးဟာ ဆူးလေဘုရားနားက ပစ်ခတ်သံ

နိုင်ငံရေးဟာ အချစ်ကဗျာ တပုဒ်နဲ့ ကိုစောဝေ ပစ်လိုက်တဲ့ မိုးကြိုး
နိုင်ငံရေးဟာ အကျဉ်းထောင်ထဲ လွတ်ကျသွားတဲ့ မြို့ တော်

နိုင်ငံရေးဟာ စက်တင်ဘာ မိနစ်မှာ တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးတလုံး

နိုင်ငံရေးဟာ အတ္တလက်အိတ်တွေ စွပ်ပြီး ထိုးနေကြတဲ့ ခပ်ပျော့ပျော့ လက်သီး

နိုင်ငံရေးဟာ “လက်နက်”နဲ့ “ဓားပြတိုက်ခွင့်” လဲလှယ်ထားတဲ့ ငြိမ်းချမ်းရေး

နိုင်ငံရေးဟာ ယားနာတွေကို ဖုံးဖို့ ထဘီရှည်ရှည် ဝတ်ပြီး က္ကုနြေ္ဒရှင်ယောင် ဆောင်ထားတဲ့ အပျိုမ
နိုင်ငံရေးဟာ မိတ်ကပ်တွေဖို့ ထားတဲ့ တောတွင်း ဥပဒေသ

နိုင်ငံရေးဟာ ညစ်ပေတဲ့ လက်တွေနဲ့ အိုးမည်း အသုတ်ခံလိုက်ရတဲ့ မျက်နှာ
နိုင်ငံရေးဟာ တလွဲဘာသာအပြန်ခံလိုက်ရတဲ့ ကဗျာတပုဒ်

နိုင်ငံရေးဟာ တတောလုံး စိမ်းစိုဖို့ ကိုယ်စီ ဝေဆာပေးရမယ့် သစ်ပင်
နိုင်ငံရေးမှာ ကြွက်ခုတ်ဖို့ က အဓိက

နိုင်ငံရေးဟာ ငါတို့ မဖြေကြပဲ ချန်ထားခဲ့တဲ့ ပုစ္ဆာ
နိုင်ငံရေးဟာ ပေါက်ကွဲ စေချင်ဇောနဲ့  ငါတို့ အားလုံးမျှော်နေရတဲ့ ကတ္တီပါ ဗုံးတလုံး။
ကောင်းကင်ကို
လွန်ခဲ့တဲ့ သုံးနှစ်လောက်က တင်ခဲ့တဲ့ ကဗျာဟောင်းလေးပါ။

မှတ်ချက်။ "နိုင်ငံရေးဟာ အမေရိကန်ကို သွားဖို့ လက်မှတ်တစောင်" ဆိုတဲ့နေရာမှာ နိုင်ငံရေးလုပ်ပြီး အကြောင်းကြောင်းကြောင့် တတိယနိုင်ငံကို ထွက်သွားရတဲ့သူတွေကို အပြစ်တင်လိုခြင်း မဟုတ်ပါဘူး။ ဘာစိတ်ဓာတ်မှ မရှိပဲ ဝင်ရှုပ်တဲ့သူတွေကိုပဲ ဆိုလိုပါတယ်။

ဆရာကြီးဒေါက်တာ သန်းထွန်းပြောခဲ့တဲ့ စကားကတော့ နိုင်ငံရေးသမားတွေကို ပြောခဲ့တာတော့ မဟုတ်ပါဘူး။ သူ့ လုပ်ဖော်ကိုင်ဘက် ဆရာတွေကို ပြောခဲ့တာပါ။

Tuesday, July 19, 2011

ရိုမီယို ဂျူးလိယက်တို့ လားရာဘုံ

ရင်ဘတ်မှာလည်း မြှားတစင်း
နံကြားမှာလည်း မြှားတစင်း
နောက်ကျောမှာလည်းမြှားတစင်း
ဒါပေမယ့် ငါက အသက်ပြင်းတယ်။

နောက်ဆုံးအသက်ကို အပြတ်ရှင်းမယ့်မြှား
ငါမြင်နိုင်စွမ်းတောင် ရှိပါဦးမလား။

ငါရှင်လျက်နဲ့ သေတော့မယ်
ဘယ်လိုလူ့ငရဲမှာ ငါလားဦးမလဲ။

အက်ဆစ်ချိုတွေသောက်သုံး
ငါတလျှောက်လုံး ပူဇော်ခဲ့တာကတော့
ကိုးကွယ်သူုတွေကို ငရဲချတတ်တဲ့ ဘုရား။
ကောင်းကင်ကို

Friday, July 15, 2011

Corpse Bride အားနှစ်သိမ့်ခြင်း (by မင်းတစေ)

ချစ်သူရေ…………………
ဒေသနာတရားတော်တွေ သံမှိုနှက်ထားတဲ့
ဟန်ဆောင်မျက်ရည်က တစ်ဘက်
ငရဲရဲ့ကောင်းကင်လို ပူလောင်စူးရှနေတဲ့
မနာလိုစွပ်စွဲမှုတွေက တစ်ဘက်နဲ့
အသုဘရှုသူတွေရဲ့ အတင်းအဖျင်းတေးဂီတကို
မင်းဘယ်လိုမှ နားဝင်ချိုလိမ့်မယ်မထင်ဘူး။

အဲဒီတော့…………………
ကိုယ်မှေးစက်စောင့်မျှော်နေတဲ့
နန်းတော်ဖြူအောက်ကို အမြန်သာခိုဝင်
ငြိမ်သက်နေတဲ့ နှလုံးခုန်သံနဲ့ တိတ်တိတ်လေးအိပ်
လွင့်ကြွေခဲ့ပြီးပေမယ့် ရနံ့မပြယ်သေးတဲ့ ပန်းတပွင့်လို
လိပ်ပြာကို လွမ်းနေပစ်လိုက်စမ်းကွယ်။

ချစ်သူရေ……………......
ကဲ့ရဲ့မှုတွေဆိုတာ မိစ္ဆာကောင် ငါးရှဥ့် တွေလိုပါပဲ
မင်းဘက်ကယဉ်ကျေးမှုတွေ ဘယ်လောက်ပဲ လုံခြုံစေဦးတော့
အသွေးအသားနံ့တွေကျွံထွက်နေတဲ့ ၀င်ပေါက်ကို မရရအောင်ရှာပြီး
အရိုးတေလေသာကျန်တဲ့အထိ သူတို့ မင်းကိုဝိုင်းတွတ်ကြမှာလေ.......

ဒါပေမယ့် အဲဒါကိုက သင်္ချိုင်းရဲ့ ဥပဒေသဆိုတော့
အသွေးအသားတွေကုန်တဲ့အထိ စောဒက မတက်ပဲ
ငြိမ်ငြိမ်လေးထိုင်စောင့် နေရုံကလွဲလို့
ကိုယ်တို့က ဘာများတတ်နိုင်မှာလည်း............

ဘာဖြစ်လည်း…………….
တို့တွေကသေဆုံးပြီးသားဆိုတော့
အဲဒါကိုတွေးပြီး ၀မ်းနည်းနေမယ့်အစား
အုတ်ဂူတွေမှီပြီး ဟားတိုက်လိုက်ကြစို့ကွာ။

ချစ်သူရေ...........
မင်းရင်မှာယုံထားဖို့က
အသွေးအသားမရှိတဲ့
အရိုးတွေထတွန်ပြီဆိုရင်
လှေနံဓါးထစ် အချစ်သင်္ကေတတွေထက်
ပိုပြီးကျယ်လောင်နေတတ်တယ်ဆိုတာ။

တကယ်ဆို အလောင်းကောင်တွေရဲ့ လက်ထပ်ပွဲကို
ဘယ်အသက်ရှုသံတွေကမှ ၀င်မစွက်သင့်ခဲ့တာပေါ့။
မင်းတစေ

Thursday, July 7, 2011

ဘာသာမဲ့ ကဗျာဆရာရဲ့ နိဗ္ဗာန် (by မင်းတစေ)

" ကြင်နာသူရေ မေမပါရင် နိဗ္ဗာန်တောင်
ကိုယ်လေတစ်ကိုယ်ရည် မရောက်ချင်ပါ"
ဂျောက်......................................။

ချစ်သူက စိတ်ရှုပ်သွားသလိုနဲ့
သီချင်းကို လှမ်းပိတ်လိုက်ပြီး
နားမလည်မှု မျက်ဝန်းအစုံကို
သူ့ဘက်လှမ်းဝင့်လိုက်တယ်။

တင်းတင်းစေ့ထားတဲ့ သူမရဲ့ နှုတ်ခမ်းတွေ
ပြေလျော့သွားတာနဲ့ တပြိုင်နက်
ဆွဲလဲသံချိုမြမြတွေ သူ့နားတွေက တဆင့်
သူ့နှလုံးသားထဲကို ထိုးဖောက်ဝင်ရောက်လာတယ်
"နိဗ္ဗာန်ဆိုတာဘာလည်း ကိုကို"တဲ့။

အော်......................ဒါလား
နားထောင်စေ..ကောင်မလေးရေ
သူတို့တွေပြောကြတာတော့
နိဗ္ဗာန်ဆိုတာ ချစ်ခြင်းနဲ့ လွမ်းခြင်းတို့ ကင်းလွတ်ရာ
ငြိမ်းချမ်းတဲ့ နယ်မြေတစ်ခု...တဲ့။

ဟုတ်လား.......................
ဒါဆိုပျင်းစရာကြီးပေါ့နော်။

အသေအချာပေါ့..ချစ်သူ
အချစ်နဲ့ အလွမ်းကို Scan မဖတ်နိုင်သေးသရွေ့တော့
ဘယ်လောက်ပဲ ငြိမ်းချမ်းနေပါစေ
ရင်ခုန်သံအသေတွေ တစ်ခုပေါ်တစ်ခုဆင့်နေတဲ့
ခြောက်ခြောက်ခြားခြား ငြိမ်းချမ်းမှုမျိုးပဲ ဖြစ်နေတော့မှာပေါ့။

အဲဒီ့ ခြောက်ခြားတဲ့ ငြိမ်းချမ်းမှုတွေအောက်
နှလုံးသားတွေ ဘယ်လောက်များ
အလုပ်လက်မဲ့ ဖြစ်နေကြမလဲ မသိဘူးနော်။

ပြောသာပြောရတယ် ...ချစ်သူ
တကယ်က အဲဒီ့နေရာ တကယ်ရှိမရှိကိုတော့
ဘုရားသခင်ကိုယ်တိုင်တောင် သက်သေမပြနိုင်တော့
ယုံရခက် မယုံရခက်ပေါ့ကွယ်။

ဟင်....ဒါဆို နိဗ္ဗာန်ဆိုတာ တကယ်မရှိဘူးပေါ့။

အဲလိုလည်းဟုတ်ဘူး..ကောင်မလေးရ
ဆက်နားထောင်........................

တကယ်က နိဗ္ဗာန်ဆိုတာ .............
ကာလနဲ့ဒေသမွတ်သိတ်မှုတွေကနေ
ထာဝရကင်းလွတ်နေတဲ့
အချိန်နဲ့နေရာမရွေး ဖြစ်ပေါ်နေနိုင်တဲ့
ငြိမ်းချမ်းတဲ့ ခံစားချက်တစ်မျိုးပါပဲ။

မင်းရင်ထဲမှာ ဖြစ်တည်နိုင်သလို
ကိုယ့်ရင်ထဲမှာလည်းဖြစ်တည်နိုင်တယ်။

ဘာလို့ အဲလိုပြောနိုင်တာလည်း..ဟုတ်လား?
ကိုယ့်ရင်ထဲမှာ အေးမြတဲ့ခံစားမှုတွေနဲ့
ထာဝရပြီးပြည့်စုံတဲ့ နူးညံ့တဲ့နိဗ္ဗာန်ငယ်တစ်ခု
သန္ဓေတည် ရောက်ရှိနေခဲ့ပြီး ဖြစ်နေလို့ပေါ့။

အဲဒီနိဗ္ဗာန်က အခြားတော့မဟုတ်ပါဘူး
အချစ်နဲ့ အလွမ်းဆိုတဲ့
(၁၂)ရာသီပန်းပင်တွေကို
ကိုယ့်နှလုံးသားရပ်ဝန်းမှာ
အချိန်မှန်မှန်ဖူးပွင့်ပေးနေခဲ့တဲ့
မင်းကလေး ကိုယ်တိုင်ပါပဲ။

သိပ်အံ့သြသွားသလား...ချစ်သူ

ပန်းကလေးတွေက မင်းကိုနမ်းဆွတ်ဖို့
ကိုယ့်နိဗ္ဗာန်တံခါးဝတွေမှာ
ခြေဖျားတွေကို အစီအရီထောက်လို့။

မိုးကောင်းကင်က မင်းအပြုံးတွေကို ကမ္မ၀ါဖတ်ဖို့
ကိုယ့်နိဗ္ဗာန်တံတိုင်းတွေပေါ်မှာ
သူ့ခန္ဓာကို ကွေးညွတ်လို့။

ပင်လယ်က မင်းမျက်ရည်ကို သဲ့ယူဖို့
ကိုယ့်နိဗ္ဗာန် မြစ်လက်တက်တွေကိုတောင်
တစ်စက်မကျန်အောင် ဖျာလိုသိမ်းခေါက်လို့။

မယုံမရှိနဲ့ချစ်သူ.............
ဖုန်းဆိုးတောလို ကြမ်းတမ်းတဲ့
ကိုယ့်ရင်ဘတ်အဖြုံးတစ်ခုပေါ်တောင်
သိပ်လှတဲ့ ပန်းတွေ ပွင့်ပြနိုင်ခဲ့တဲ့
မင်းကလေးက နိဗ္ဗာန်မဟုတ်ရင်
ဘယ်အရာက နိဗ္ဗာန်ဖြစ်နိုင်ဦးမှာလဲ။

ကဲသိပြီလား.................
မင်းသိပ်သိချင်နေတဲ့ နိဗ္ဗာန်ဆိုတာ
ကိုယ့်ရင်ခုန်သံတွေ တရံမလပ်နှိုးဆွပေးနေတဲ့
မင်းကလေးကိုယ်တိုင်ဆိုတာကို။

(မှတ်ချက်။အမြင်ကတ်ခြင်းဖြင့် ပြီး၏)
မင်းတစေ
blog ဆက်မရေးတော့တဲ့ မင်းတစေရဲ့ ကဗျာဟောင်း တပုဒ်ပါ။

Monday, July 4, 2011

ဖြတ်လမ်း

ဖြတ်လမ်းသည်
ငါတို့လမ်းမဟုတ်။
ငါတို့သည် အဖိုးတန်ကားများဖြစ်၍
ဖြတ်လမ်း အစုတ်မှ မသွားနိုင်။
ကောင်းကင်ကို

ကဗျာဟောင်း "ငါတို့ဖန်ဆင်းထားတဲ့မြစ်" ထဲက တပိုဒ်တည်း ဖြတ်ထုတ် ထားတာပါ။

Saturday, July 2, 2011

@#$% (by မင်းတစေ)

သရဲသဘက်မတွေက
အမဲဖျက်ခြွေချခဲ့လို့
ကွဲအက်သေစပြုနေတဲ့
အသဲပျက်ကြွေဘ၀တစ်ခုထဲကို
တွဲလက်တွေချပေးရဲခဲ့သူ…….

မြေခွေးကောင်မတွေကြောင့်
သေဘေးအမှောင်ခနေတဲ့
တစ္ဆေသွေးကြောင်ညတွေထဲ
ဖြေဆေးဆောင်ရောက်ရှိလာခဲ့သူ…...

မိစ္ဆာအရိုင်းအစိုင်းမတွေကြောင့်
သိက္ခာအပြိုင်းပြိုင်းကျနေတဲ့
ပြိတ္တာအထိုင်းအမှိုင်း ငါ့ကိုမှ
လိပ်ပြာအသိုင်းအ၀ိုင်းဘ၀တွေထဲ
ရွေးချယ်ခေါ်ဆောင်ခဲ့သူ……

ဒီလိုနဲ့………………………….
ငရဲခန်း ပူလောင်လောင်တွေထဲ
အမြဲတမ်း ငူငေါင်နေတတ်တဲ့
အသဲကြမ်း အူကြောင်ကြောင်တစ်ခုကိုတောင်
မင်းက…ပုလဲပန်း အဖြူရောင်တွေပွင့်စေခဲ့ပါတယ်….ချစ်သူ

ဘ၀အရာကုဋေ မကလေအောင်
အလှကဗျာတွေ ထည့်လှောင်ထားသူရေ
အစရှာဖွေ မရဲအောင်တောင်
မွစာ ကြေကွဲ လောင်နေတဲ့
ငါ့ညတာရှည် မဲမှောင်တွေထဲမှာတော့
မင်းက လကမ္ဘာမြေဘွဲ့ဆောင်သူလေးပါပဲ။
(မင်းတစေ)

သူငယ်ချင်း မင်းတစေရဲ့ ကဗျာလေးပါ။ သူက သူ့ blog မှာ စာဆက်မရေးတာ ကြာပါပြီ။ သူ့ကဗျာလေးတွေကို အမှတ်တရ ပြန်တင်ဖို့ သူနဲ့ အွန်လိုင်းမှာ တွေ့တုန်းက ကျနော်ခွင့်တောင်းထားဖူးပါတယ်။ သူ့ ကဗျာတချို့နဲ့ ဝတ္ထုတို တော်တော်များများကို ကျနော် word file တခုနဲ့ စုထားဖြစ်ပါတယ်။

Monday, June 27, 2011

သဘာဝ

ပြာတွေ ဆက်သွားရမယ့် ခရီးကျ
အခမဲ့လမ်းညွှန်တွေ များလိုက်တာ။
တခါတခါဆို ဘုရားသခင်တွေ pamphlet ပေါက်
ကိုယ့်ရှေ့ကို ကယ်တင်ရှင်အဖြစ် ရောက်လာတတ်တယ်။

လက်တွေ့ အပျံသင်ဖြတ်သန်းရတဲ့ တောနက်ကျ
သော့ချက်တွေ ဈေးကြီးလိုက်တာ
ဟော… ဟိုမှာ ကြယ်ပွင့်တလက်
Source code တွေကို ဝှက်နေတယ်။
ကောင်းကင်ကို

Tuesday, June 21, 2011

ကောင်းချင်ဦးဟဲ့ ကျန်းမာရေး (Philosophy, Ethics, Politics)

ဘာရွေးရွေး သွေးစွန်းမယ့် ကိစ္စ

“သင်ဟာ ဘုရားသခင်လည်း မဟုတ်၊ သေမင်းလည်း မဟုတ်။ ဒါပေမယ့် အသက်တွေကတော့ သင့်လက်ထဲမှာချည်းပဲ”

အောက်က စာပိုဒ်တွေကတော့ Andrew Pessin ရဲ့ ‘You Choose, You Lose’ ကို ဘာသာပြန်ထားတာပါ။

ကလေးငါးယောက်ဟာ ရထားလမ်းလွှဲနားက ရထားလမ်းကြောင်း တခုပေါ်မှာ သဲကြီးမဲကြီးဆော့နေကြမယ်၊ ဆော့တဲ့အထဲမှာ စိတ်ရောက်နေကြပြီးတော့ ရထားလာနေတာကိုလည်း သူတို့ သတိမထားမိကြဘူး ဆိုပါစို့။ ကံကောင်းချင်တော့ သင်က အဲဒီ့အဖြစ်အပျက်ကို လှမ်းမြင်လိုက်ပြီး ရထားလမ်းကြောင်းကို အချိန်မီ လွှဲပစ်နိုင်တဲ့ ခလုတ်ကလည်း သင်လက်လှမ်းမီတဲ့နားမှာ ရှိနေမယ်။ ကံဆိုးချင်တော့ အဲလို လမ်းလွှဲလိုက်ဖို့ ဆိုပြန်တော့လည်း တခြားလမ်းကြောင်းမှာ ဆော့နေတဲ့ ကလေးတယောက်ကလည်း ရှိနေပြန်တယ်။

ကဲ..ဘယ်လိုဆုံးဖြတ်သင့်တယ်လို့ စာဖတ်သူ ထင်ပါသလဲ။ ဘာမှမလုပ်ပဲ ဒီတိုင်းထားလိုက်ရင် ကလေးငါးယောက် သေမယ်။ လမ်းလွှဲခလုတ်ကို နှိပ်လိုက်ရင်တော့ ကလေးငါးယောက်ရဲ့ အသက်ကို ကယ်နိုင်မှာ ဖြစ်ပေမယ့် တခြားကလေးတယောက်က အသားလွတ်သေမယ်။ ငါးယောက်နဲ့ တယောက် ဘယ်ဟာကို ရွေးမလဲ။

ဒီနေရာမှာ မူရင်းစာရေးသူ ရေးထားတာက လူတော်တော်များများဟာ ငါးယောက်ရဲ့ အသက်ကို ကယ်ဖို့အတွက် (စိတ်ဆင်းရဲစွာနဲ့ပဲ တယောက်ကို စတေးပြီး) ရထား လမ်းလွှဲခလုတ်ကို နှိပ်ကြဖို့များတယ်လို့ ဆိုထားပါတယ်။

စာဖတ်သူဆိုရင်ကော ဘယ်လိုလုပ်မလဲ။ ဆက်ပြီးတွေးမိတာက… ‘ငါးယောက်ကို ကယ်ဖို့အတွက်နဲ့ တယောက်ကို အသားလွတ် မစတေးသင့်ဘူး၊ ခလုတ်ကို မနှိပ်သင့်ဘူး’ လို့ ယူဆတဲ့သူဆိုရင်တောင်
(၁) ကလေးငါးယောက်ထဲမှာ ကိုယ့်မောင်နှမ ဒါမှမဟုတ် သားသမီးတယောက်ယောက် ပါနေရင်ကော

ဟုတ်ပြီ။ ဒီ့ထက်ပိုကြမ်းတဲ့ ဥပမာတခုကို ကြည့်ရအောင်။

ဒီအောက်က စာကတော့ လန်ဒန်မြို့City University မှာ ဒဿနိကဗေဒ (philosophy) ကို သင်ကြားပို့ချ ပေးနေတဲ့ BBC အစီအစဉ်တွေမှာလည်း ဒဿနိကဗေဒဆိုင်ရာတွေ တင်ဆက်ခဲ့တဲ့ ပါမောက္ခ Peter Cave ရဲ့ ‘The Dangers of Health’ ကို ဘာသာပြန်ထားတဲ့ ပထမပိုင်း ဖြစ်ပါတယ်။


ကိုယ်အင်္ဂါ အစားထိုးကုသရေး နဲ့ပတ်သတ်ပြီး အတော်ဆုံး၊ အအောင်မြင်ဆုံး အဖွဲ့ တခုရဲ့ ခေါင်းဆောင် အထူးကု ဆရာဝန်တယောက်ရှိမယ်၊ ပြီးတော့ အဲဒီ့ဆရာဝန်ဟာ အတွေးအခေါ်သမား တယောက်လည်း ဖြစ်ခဲ့မယ် ဆိုပါစို့။

ကိုယ်အင်္ဂါ အစားထိုး ကုသမှု ခံယူဖို့ အလျင်အမြန် လိုအပ်နေတဲ့ လူနာလေးယောက် ရှိနေမယ်၊ ပြီးတော့ အဲဒီ့လူနာတွေ အတွက် လိုအပ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အချိန်မီ ရှာလို့မရလို့ သူတို့လေးယောက်လုံး သေရမယ့်ကိန်းဆိုက်နေတယ်လို့ ယူဆကြည့်ကြပါစို့။

Andrea ကတော့ အသည်းအစားထိုးဖို့ လိုအပ်နေတာပါ။ Barry က နှလုံး၊ Clarissa က ပန်ကရိယ၊ Donald က အဆုတ် စတာတွေ အသီးသီး အစားထိုးကုသခံဖို့ လိုအပ်နေကြမယ်၊ အလှူရှင်ကလည်း တယောက်မှ မရှိတဲ့အတွက် ခေါင်းဆောင်ဆရာဝန်ဟာ အကြီးအကျယ် စိတ်ညစ်နေမယ်။ ဒါ့အပြင် အဲဒီ့ဆရာဝန်ဟာ ငွေကြေးအတွက် လုပ်နေတဲ့ အသပြာ ဆရာဝန်မဟုတ်ပဲ လူတွေရဲ့ အသက်ကို ကယ်တင်ချင်လို့ လုပ်နေတဲ့ စေတနာ ဆရာဝန် တယောက် ဖြစ်နေတယ် ဆိုပါစို့။ ခုတော့ လူလေးယောက် အသက်ဆုံးရှုံးတော့မယ့် အရေးကို သူလက်ပိုက်ပြီး ကြည့်နေရပြီ။

ဝေဒနာရှင် လေးယောက်ဟာ အပြစ်ကင်းစင်တဲ့ လူတွေဖြစ်တဲ့အပြင် ဝေဒနာတွေသာ ခံစားမနေရဘူးဆိုရင် ပြည့်စုံပျော်ရွှင် နေမယ့်သူတွေလည်း ဖြစ်တယ်ဆိုပါစို့။ တကယ်လို့ လိုအပ်တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေသာ ရမယ်ဆိုရင် သူတို့အားလုံးရဲ့ အသက်ကို ကယ်နိုင်မှာဖြစ်ပေမယ့် အဲဒါတွေ အချိန်မီရဖို့ မျှော်လင့်ချက်မရှိဘူးဖြစ်နေမယ်။

ဒီလိုနဲ့ ဆရာဝန်ဟာ စိတ်ပျက်လက်ပျက်နဲ့ လူနာလေးယောက်ကို မျှော်လင့်ချက် မရှိတော့ဘူးလို့ ပြောမလို့ရှိသေး၊ ဆရာဝန်ဟာ ဆေးခန်းမှာ receptionist အသစ်တယောက် ရောက်လာတာကို သတိထားမိတယ်။ သူက ကျန်းမာသန်စွမ်းတဲ့ လူငယ်၊ သူ့နာမည်က Eric၊

ဆရာဝန်ရဲ့ မျက်လုံးတွေဟာ ရုတ်တရက် အရောင်တောက်လာကြတယ်။ Eric ကို ခွဲခန်းထဲမှာ လိုက်ပြရင်း ဆရာဝန်ရဲ့ စိတ်ထဲမှာ တွေးနေမိတာက
“ငါက လူတတ်နိုင်သမျှ များများကို ကယ်ချင်တဲ့လူ တယောက်ဖြစ်တယ်။ Eric ကိုသတ်ပြီး သူ့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို လိုအပ်နေတဲ့ လူနာလေးယောက်ကိုသာ ဝေလိုက်ရရင် သူတို့လေးယောက်လုံး အသက်ရှင်မယ်။ Erci ကတော့ အသက်ဆုံးရှုံးသွားမယ်။ သူသေသွားတာ အရမ်းဝမ်းနည်းစရာ တခုဆိုတာ မှန်ပေမယ့် လူလေးယောက်ရဲ့ အသက်ကိုတော့ ကယ်နိုင်လိမ့်မယ်။ တယောက်ကို စတေးပြီး လေးယောက်ရဲ့ အသက်ကို ကယ်တင်နိုင်တာဟာ ထိုက်တန်တဲ့ စတေးမှုတခု မဟုတ်ဘူးလား”

Eric ကို သတ်တဲ့အမှုဟာ ဥပဒေနဲ့တော့ မညီဘူးပေါ့၊ ဒါပေမယ့် ဒီနေရာမှာ အဓိက ဆွေးနွေးချင်တာက (ဥပဒေက ခွင့်ပြုတယ်ပဲထားပြီး ဘာသာရေးတွေရဲ့ ကျင့်ဝတ်တွေကိုလည်း ခဏမေ့ထားကြပါစို့) ဘယ်ဟာက ပိုမို လုပ်သင့်/အကျိုးရှိ သလဲ၊ ဘယ်ဟာက ပိုမိုမှန်ကန်နိုင်သလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဘာမှမလုပ်ပဲ ထားလိုက်ရင် ဝေဒနာရှင် လေးယောက်ဖြစ်တဲ့ Andrea, Barry, Clarissa, Donald တို့ ကို ဆုံးရှုံးမယ်။ Eric ကို စတေး လိုက်ရင်တော့ လူလေးယောက်ရဲ့ အသက်ကို ကယ်နိုင်မယ်။ လူငါးယောက် (Eric+လေးယောက်) လုံးရဲ့ ဘဝတန်ဖိုးကလည်း အတူတူပဲ ဆိုကြပါစို့။


မူရင်းစာရေးသူ Peter Cave ကလည်း အပြစ်ကင်းရိုးသားတဲ့ လူတယောက်ကို သတ်ပြီးမှ အပြစ်ကင်းရိုးသားတဲ့ လူလေးယောက်ကို ကယ်တင်ဖို့ ဆိုတာ လူတော်တော်များများ အတွက် ထိတ်လန့်တုန်လှုပ်စရာ အတွေးဖြစ်လိမ့်မယ်လို့ ဆိုထားပါတယ်။ ဘာသာပြန်သူ ဖြစ်တဲ့ ကျနော်လည်း အဲဒီ့အတိုင်းပဲ ယူဆပါတယ်။

ဒီနေရာမှာ ကျနော့် အတွေးထဲမှာ ပေါ်လာတဲ့မေးခွန်းလေးတွေကို စာဖတ်သူကို မေးလိုပါတယ်။
(၁) ဝေဒနာခံစားနေရတဲ့ လေးယောက်ထဲမှာ ကိုယ့်မိဘ တဦးဦး ပါနေရင်ရော ဘယ်လိုဆုံးဖြတ်မလဲ။ (ခုနက ‘ရထားလမ်းလွှဲ’ ပြဿနာတုန်းက…ဆော့နေတဲ့ကလေးငါးယောက်ထဲမှာ ကိုယ့်ကလေးပါခဲ့ရင် ဆိုတုန်းကရော ဘယ်လိုဆုံးဖြတ်ခဲ့လဲ)

တကယ်လို့ စတေးခံရမယ့် ပုဂ္ဂိုလ်ဖြစ်တဲ့ Eric ဟာ
(၂) လူကောင်းမဟုတ်ပဲ ဆိုးဆိုးဝါးဝါး ရာဇဝတ်ကောင် ဖြစ်နေရင်ရော ဘယ်လိုဆုံးဖြတ်မလဲ။ (ဟိုလေးယောက်က လူကောင်းဆိုပါစို့)

(၃) တကယ်လို့ Eric က လူမဟုတ်ပဲ တိရိစ္ဆာန် တကောင်ကောင် (တိရိစ္ဆာန်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကိုလည်း လူမှာ အစားထိုးလို့ အိုကေတယ်ပဲ ထားလိုက်ကြပါစို့) အဲဒါဆိုရင်ကော တိရစ္ဆာန်ကို စတေးမလား။

ဒီကိုယ်အင်္ဂါ အစားထိုးကုသရေး ပုစ္ဆာက ကြမ်းတဲ့အတွက် (Eric သေအောင် ကိုယ်တိုင် အားထုတ်ဖို့လိုတဲ့အတွက်၊ ကာယကံမြောက် သတ်ဖို့လိုတဲ့အတွက်) ကျနော်အပါအဝင် လူတော်တော်များများက တယောက်ကို မစတေးသင့်တဲ့ဘက်မှာ နေကြလိမ့်မယ်လို့ ကျနော့်အနေနဲ့ ထင်မိပါတယ်။ ရှေ့က ရထားလမ်းလွှဲ ပြဿနာမှာတော့ ကိုယ်တိုင်ကိုယ်ကျ သတ်ဖို့မလိုဘူးလေ။ ခလုတ်ကို နှိပ်လိုက်ရုံ၊ ဆုံးဖြတ်ချက် ချရုံပဲဆိုတော့ ကလေး တယောက်ကို စတေးပြီး ကလေး ငါးယောက်ကို ကယ်ချင်တဲ့စိတ် ပေါ်ချင်ပေါ်နိုင်တယ်လို့ ထင်မိပါတယ်။

ဆရာမ ဂျူးကလည်း ‘ရထားလမ်းလွှဲ’ ပြဿနာနဲ့ တော်တော်လေးတူတဲ့ အင်္ဂလိပ်အက်ဆေး တပုဒ်ကိုမှီငြမ်းပြီးတော့ ‘အဝါရောင်ရထား’ ဆိုတဲ့ ဝတ္ထုတို တပုဒ်ကို ရေးခဲ့ဖူးပါတယ်(စင်ကာပူ စာပေဟောပြောပွဲအရ)။ ကလေးငါးယောက်ကို ကယ်ဖို့ ကလေးတယောက်ကို စတေးရမယ့် နေရာမှာ ကလေးတယောက်ကို ကယ်ဖို့ ‘ဇာတ်လိုက်မ’က သူ့ကားကို စတေးရမယ့် အခြေအနေမျိုး ဖြစ်သွားတာပဲ ကွာပါတယ်။ အဲဒီ့တော့ အားပျော့သွားပါတယ်။ အဲဒီ့ဝတ္ထုကတော့ ရှင်းပါတယ်။ moral value အရပဲ ကြည့်မယ်ဆိုရင်တော့ ကားအစား ကလေးကိုပဲ ရွေးသင့်တာ ထင်ရှားလွန်းပါတယ်။ (ဇာတ်လိုက်မ ကတော့ ကားကို ရွေးသွားပါတယ်။) အဲဒီ့ဝတ္ထုဟာ လူ့အတွင်းစိတ်ပဋိပက္ခတွေ၊ လူတွေရဲ့ အတ္တကြီးမှုတွေကိုပဲ ဖွဲ့ချင်တာ ဖြစ်ပါလိမ့်မယ်။

ကိုယ်အင်္ဂါ အစားထိုးကုသရေး ဆရာဝန် ရင်ဆိုင်ရတဲ့ ပြဿနာလို၊ ‘ရထားလမ်းလွှဲ’ ပြဿနာလို ပြဿနာမျိုး အပြင်မှာ မရှိနိုင်ဘူးလို့တော့ မထင်လိုက်ပါနဲ့။ အဲဒီ့လောက် မထင်ရှားပေမယ့် အဲဒီ့လို ပြဿနာမျိုးက လက်တွေ့လောကမှာလည်း ရှိနေပါတယ်။

အများစုအတွက် အနည်းစုကို စတေးသင့်ပါသလား?

ဒီနေရာမှာ ကျနော် ကြားဖြတ်ပြောချင်တာက လူ့စိတ်ဟာ (လူတယောက်တည်းမှာကို) ရှေ့နောက်မညီတဲ့ အတွေးအခေါ်တွေကို အတူတူ လက်ခံထားတတ်ပါတယ်။ ဥပမာ သိပ္ပံက ပြောတဲ့ ဒိုင်နိုဆောရှိခဲ့တယ် ဆိုတဲ့ အယူအဆမျိုးကို လက်ခံထားသူတယောက်ဟာ တခြားတဘက်မှာလည်း လူတွေကို ဘုရားသခင်က တိုက်ရိုက်ဖန်ဆင်းတယ် ဆိုတဲ့ အယူအဆတွေ၊ ဗြဟ္မာကြီးလေးပါးကနေ ဆင်းသက်လာတယ် ဆိုတဲ့ အယူအဆတွေကို လက်ခံထားတတ်ပါတယ်။ ကိုယ်လက်ခံထားတဲ့ အယူအဆတွေ ရှေ့နောက် ညီမညီကိုလည်း လူအများစုက မဆန်းစစ်တတ်ကြပါဘူး။ ကိုယ့်ကိုယ်ကို ကြံဖန်လှည့်စားပြီး နေတတ်ကြပါတယ်။ မတော်တဆ ကိုယ်တယောက်တည်းရဲ့ အယူအဆချင်း ထိပ်တိုက်တွေ့လာရင်တောင် အတွေးကို ချက်ခြင်းဖြတ်လိုက်ပြီး စဉ်းစားမှု ရပ်လိုက်ကြတာများပါတယ်။ စိတ်အပင်ပန်း မခံချင်တဲ့ သဘောပါ။

ခုနက ပြဿနာနှစ်ပုဒ်နဲ့ ပတ်သတ်တဲ့ ကိစ္စမှာလည်း အတူတူပါပဲ။ လူတွေက လေးယောက်ကို ကယ်ဖို့အတွက် Eric ကိုမသတ်လိုပေမယ့် လက်တွေ့လောကမှာတော့ အများစုအတွက် အနည်းစုကို စတေးရတာကို လက်ခံတာမျိုးတွေ ရှိပါတယ်။ ဒီမိုကရေစီ ဆိုတာတောင်မှ အခါများစွာမှာ အများစုအတွက် အနည်းစုက စတေးခံလိုက်ရတာတွေ ရှိပါတယ်။

ဘာသာပြန်သူအနေနဲ့ ကြားဖြတ်ပြီး ဥပမာ တခု ပေးရရင် အမေရိကန် နိုင်ငံရဲ့ ‘အကြမ်းဖက်မှု တိုက်ဖျက်ရေး’ မှာလည်း လူအများစု လုံခြုံရေးအတွက် သံသယရှိသူ အနည်းစုကို ဟုတ်ဟုတ် မဟုတ်ဟုတ် အပြစ်ရှိရှိ မရှိရှိ ဖမ်းဆီးနှိပ်စက်ပြီး မေးခဲ့ရတာတွေ ရှိခဲ့ပါတယ်။ မတရားပေမယ့် ခံရတဲ့သူအတွက်လည်း တော်တော်ဆိုးဆိုးဝါးဝါး ခါးစည်းခံရပေမယ့် လက်တွေ့လောကမှာတော့ အများစု အကျိုးအတွက် ဆိုပြီး လုပ်နေရတဲ့ ပြဿနာတွေပါ။

Peter Cave ရဲ့ အာဘော် ဒုတိယပိုင်းကို ဆက်ပါမယ်။
စစ်ပွဲကာလတွေမှာ ဆိုရင် တခါတရံ လူအများစုရဲ့ အကျိုးအတွက် အပြစ်ကင်းတဲ့လူနည်းစုအကျိုးတွေကို စတေးလိုက်ရတာမျိုးဆိုရင် လူတွေက အလွယ်တကူ လက်ခံတတ်ကြပါတယ်။

ဒီ့ထက်ပိုပြီး နိုင်ငံတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ ဥပမာကတော့ အစိုးရတွေက အခွန်ပေးရတဲ့သူတွေပျော်အောင် အခွန်တွေလျှော့ကောက်မယ်။ အကျိုးဆက်အဖြစ် တဘက်မှာ ကျန်းမာရေး ကဏ္ဍတွေမှာ ဘတ်ဂျတ်တွေလျှော့ချကြရတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမို လစ်ဟင်းသွားတာကြောင့် လူတချို့ မသေသင့်ပဲ သေကြမယ်။ အဲဒါဟာလည်း အများစုအတွက် အနည်းစုကို စတေးလိုက်ရ ခြင်းပါပဲ။ နောက်ပြီး ကောက်ခံရတဲ့ အခွန်တွေကို အနုပညာ ကဏ္ဍတွေ၊ အားကစား ကဏ္ဍတွေ၊ ဖျော်ဖြေရေး ကဏ္ဍတချို့တွေမှာ မသုံးပဲ အသက်ကြီးရင့်သူတွေ၊ ဆင်းရဲသူတွေရဲ့ ကျန်းမာရေး ကဏ္ဍတွေ အတွက်သာ အသုံးပြုလိုက်မယ် ဆိုရင် သေဆုံးမှုတွေ နှစ်စဉ် လျော့ကျသွားမှာပါ။ ဒါပေမယ့် လက်တွေ့လောကမှာတော့ အဲဒါတွေ သုံးရတဲ့အတွက်၊ လူအများစုရဲ့ ဘဝအရည်အသွေးတွေ ဘဝနေပျော်မှုတွေ တိုးတက်လာရေးအတွက် လူနည်းစုရဲ့ အသက်တွေကို စတေးလိုက်ရသလို ဖြစ်သွားပါတယ်။

တကယ်လို့ အများစု အကျိုးအတွက် အနည်းစုကို စတေးသင့်တယ်လို့ ယူဆတယ်ဆိုရင် သင်ဟာ ‘အများစုအကျိုးအများဆုံးရှိရေး ဝါဒီ’ Utilitarianism တဦးဖြစ်ပါတယ်။ Utilitarianism ဆိုတာက အားလုံးကို ထည့်သွင်း တွက်ချက်ပြီး အသားတင်အကျိုးအမြတ် အများဆုံး ထွက်စေမယ့် ဆုံးဖြတ်ချက်ကို ချတဲ့ ဝါဒမျိုးပါ။

ကိုယ်အင်္ဂါအစားထိုးကုသရေး ပုစ္ဆာနဲ့ ပတ်သတ်ပြီး ‘individual is king’ ဆိုတဲ့ အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ လူတယောက်ချင်းစီရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ဘယ်သူမှ ယူပိုင်ခွင့် မရှိဘူးလို့ စောဒက တက်လို့ ရပါတယ်။ Eric ကို သတ်ပြီးမှ လူလေးယောက်ကို ကယ်မယ်ဆိုတဲ့ အယူအဆဟာ တဦးချင်းစီရဲ့ အခွင့်အရေးရှုထောင့်အရကြည့်ရင် လုံးဝမှားယွင်းတဲ့ ကိစ္စလို့ ပြောရမှာပါ။

တခြားတဘက်မှာ ခေတ်သစ် စစ်ပွဲတွေအကြောင်း စဉ်းစားကြည့်ကြပါစို့။ စစ်ပွဲဖြစ်လာပြီ ဆိုရင် တမင်ရည်ရွယ်ပြီး လုပ်တာမဟုတ်ဘူးဆိုရင်တောင် စစ်ပွဲကြောင့် အရပ်သားတချို့ သေကြ၊ ဒုက္ခရောက်ကြရမှာက ထင်ရှားနေတဲ့ ကိစ္စပါ။ ဒါပေမယ့် အဲဒီလိုကိစ္စကျတော့ ‘ကာကွယ်ရေး’၊ ‘နိုင်ငံ့အရေး’၊ ‘တော်လှန်ရေး’ စတဲ့ စကားလုံးတွေအောက်မှာ ရောက်သွားပြီး လုပ်သင့်တယ် စတေးသင့်တယ်လို့ ယူဆတတ်ကြပါတယ်။ စစ်ပွဲနဲ့ အကြမ်းဖက် တိုက်ခိုက်မှု ကွာတာက အကြမ်းဖက်မှု တချို့က အရပ်သားတွေကိုပါ တိုက်ရိုက် ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရလဒ် ဖြစ်တဲ့ ‘အရပ်သား သေဆုံးမှု’ ဆိုတာချင်းက သွားတူနေတဲ့ အတွက် လူများစုရဲ့ ‘အသားတင်စိတ်ကျေနပ်မှု အများဆုံး အခြေအနေ’ ဆိုတဲ့ နောက်ဆုံးရလဒ်ကို အဓိက တန်ဖိုး ထားတဲ့ Utilitarianism ဝါဒရဲ့ ရှုထောင့်အရဆိုရင်တော့ စစ်ပွဲရော၊ အကြမ်းဖက်မှုရော နှစ်မျိုးစလုံးဟာ အရှုံးချည်းပဲမို့ အတူတူပါပဲ။

နောက်ဆုံးအနေနဲ့ ကိုယ်အင်္ဂါအစားထိုးကုသရေး ပုစ္ဆာမှာ စတေးသင့်တယ်လို့ ပြောတဲ့ဘက်ကို Utilitarianism နဲ့ပဲ ပြန်ထောက်စရာ အချက် ရှိနေပါသေးတယ်။ တကယ်လို့ အဲလိုသာ စတေးကြေးဆိုရင် လူတိုင်းရဲ့ဘဝမှာ လုံခြုံမှု မရှိတော့တဲ့အတွက် လူအများစုရဲ့ စိတ်ကျေနပ်မှုက ထိုးကျသွားမှာ ဖြစ်တဲ့ အတွက် မစတေးသင့်ဘူးလို့ ပြောရင်လည်း ရပါတယ်။

ဒါဆိုရင် အနည်းစုကို စတေးရေး အစီအစဉ်ဟာ အစိုးရရဲ့ လျှို့ဝှက် ပေါ်လစီ တရပ်….ဥပမာ နိုင်ငံ့ လူဦးရေနဲ့ ယှဉ်ရင် အနည်းစုဖြစ်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဘတ်ဂျတ်ကို မသိမသာ လျှော့ချ စတေးပြီးတော့ အများစု စိတ်ကျေနပ်ရေးအတွက် အခွန်လျှော့ကောက်ခံတာမျိုး၊ စစ်ပွဲလိုဖြစ်နေတဲ့ အချိန်မှာ အများစုလုံခြုံရေးအတွက် ဘယ်သူ့ကိုမဆို တိတ်တိတ်လေး ဖမ်းဆီး အကျဉ်းချ စစ်ဆေးနိုင်တဲ့ ပေါ်လစီမျိုး… ဆိုရင် ရော သင့်အနေနဲ့ ထောက်ခံချင်ပါသလား။

ထောက်ခံသည် ဖြစ်စေ၊ မထောက်ခံသည် ဖြစ်စေ… အဲလိုမျိုးအခြေအနေတွေ ဖြစ်လာပြီ ဆိုရင်တော့…

မိတ်ဆွေ…သင်ဟာ ဒေါင်ဒေါင်မြည်အောင် ကျန်းမာနေပါသလား။ ကိုယ်အင်္ဂါအစားထိုးကုသရေး ဆေးခန်းနားကို မသွားတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
ကောင်းကင်ကို
Peter Cave ရဲ့ 'Can a Robot be Human?' စာအုပ်ထဲက ‘The Dangers of Health’ နဲ့ Andrew Pessin ရွဲှ့'The 60 Seconds Philosopher' စာအုပ်ထဲက ‘You Choose, You Lose’ ကို ‘free translation’ စတိုင်နဲ့ ဘာသာပြန်ထားတာပါ။ ကျနော် (ဘာသာပြန်သူ) ပြောချင်တာ တချို့ကိုလည်း ဆွေးနွေးသလိုလို ဘာလိုလို ပုံစံနဲ့ ထည့်ထားပါတယ်။ :D

Friday, June 17, 2011

အိပ်မက်ကြမ်း [မောင်လှမျိုး(ချင်းချောင်းခြံ)]

ကျောက်ကြမ်းကြမ်းမှာမှ
ဖယောင်းပန်းလှလှပွင့်တယ်။

တောင်ထိပ်ရောက်ဖို့ တက်တာမဟုတ်ဘူး
တောင်ရှိလို့ တက်ပစ်လိုက်တာ။

ပြုတ်ကျလို့သေချင်သေ
ငုတ်တုတ်ထိုင်နေသူတွေကို
သနားတယ်။

အခြေအနေကောင်းမှ
လမ်းလျှောက်ထွက်ချင်သူတွေတော့
ရှိတတ်တာပေါ့။

ချစ်သူဆီကတောင်
“ဘာပဲဖြစ်ဖြစ် ချစ်မှာပဲ”…ဆိုတဲ့
စကားသတ္တိမျိုး၊
မကြားရမှတော့..
ဘာတွေကို..
မျှော်လင့်စရာ လိုတော့မလဲ။

ပိုင်မှဖမ်းတတ်တဲ့
အပိုင်ဖမ်းဇာတ်လမ်းတွေလောက်ကတော့
ခြင်ရိုက်တာထက် လွယ်ပါတယ်။

ချစ်ခြင်း၌
မည်သည့် ပိုက်ကွန်မျှ မရှိ။

မောင်လှမျိုး (ချင်းချောင်းခြံ)

နှစ်သက်တဲ့ ကဗျာလေးတွေကို ဘလော့မှာ စုဆောင်းတာပါ။

Sunday, June 12, 2011

ငါဖန်ဆင်းမယ့် နိုင်ငံ

ငါဖန်ဆင်းမယ့် နိုင်ငံ ကို
ရင်ခွင်ပိုက် အုပ်ချုပ်မယ့်သူဟာ
လက်ဝဲသစ်နဲ့  လက်ယာသစ်တို့ ရဲ့ ရင်သွေးဖြစ်တယ်။
သူက အဖေတူတယ်။
လူမျိုးစွဲ ဘာသာစွဲမရှိပဲ... ရင်သွေးတွေ ဘက်က ရပ်တည်ပေးတယ်။
ပုရွက်ဆိတ်တို့ ရဲ့ ဝါဒနဲ့ ... ငါတို့ ကို နိဗ္ဗာန်တစ်ခုတည်စေတယ်။
သူက အမေတူတယ်။
လှောင်အိမ်တံခါးကို ဆွဲဖွင့်
ကောင်းကင် အနှံ့ ပျံသန်းခွင့်ကို ပေးတယ်။

ငါ ဖန်ဆင်းမယ့်နိုင်ငံရဲ့ 
နိုင်ငံသူနိုင်ငံသားတွေဟာ
ချီကွေဗားရားနဲ့ ဒိုင်ယာနာတို့ ရဲ့ ရင်သွေးတွေ ဖြစ်တယ်။
ချီကွေဗားရားရဲ့  အဖြတ်ခံခဲ့ရတဲ့ လက်တစ်ဘက်က
ငါတို့ နဲ့ လက်ဆွဲ နှုတ်ဆက်တယ်။
ဒါကြောင့် ငါတို့ သွေးတွေဟာ
အနိုင်ကျင့်ခံရတိုင်း ချက်ခြင်းဆူပွက်တယ်။
ဒိုင်ယာနာရဲ အကြင်နာလက်တစ်ဘက်က
ငါတို့ နှလုံးသားကို နူးညံစေတယ်။
လေထဲက ဖယောင်းတိုင်လေးရဲ့ အကြင်နာမီးတောက်ကြောင့်
ငါတို့ နှလုံးသားဟာ နှင်းဆီရောင်နဲ့ လင်းတယ်။
အမှောင်ကမ္ဘာမှာ ကြိတ်ပြီးရွာနေရတဲ့ မျက်ရည်မိုးတွေကို တိတ်စေတယ်။

ငါချစ်တဲ့နိုင်ငံရဲ့  မြို့ လယ်ခေါင်မှာ
ရေပန်း တစ်ခုမရှိဘူး။
တောက်လောင်နေတဲ့ မီးပုံကြီးတစ်ခုပဲရှိတယ်။
အဲဒီ့ မီးပုံကြီးထဲက
ဓားကိုင်ထားတဲ့ နှင်းဆီတစ်ပွင့်ခုန်ထွက်
သူ့ နာမည်က ဂျုံးအော့ဖ်အတ်တဲ့။
၁၇ နှစ် အရွယ်လေးနဲ့  ကျူးကျော်သူတွေကို မောင်းထုတ်နိုင်ခဲ့တဲ့ ပြင်သစ်သူအပျိုစင်ပေါ့။
မလိုသူတွေက သူ့ ကို မတရား စွပ်စွဲ၊ အရှင်လတ်လတ်မီးပုံထဲထည့်ပစ်ခဲ့တာတောင်မှ
သူ့ ဝိညာဉ်က မသေခဲ့ဘူး။
အဲဒီ့ မီးပုံကြီးထဲကပဲ
သစ္စာတွေငုံထားတဲ့ ဖီးနစ်(စ်)ငှက်တစ်ကောင် ခုန်ထွက်ပြီးတေးဆို
သူ့ နာမည်က ဂျော်ဒါးနိုး ဘရူနိုတဲ့။
အမှောင်ခေတ်ကြီးထဲမှာမှ မှားပြီးလင်းခဲ့မိတဲ့ ကြယ်တစ်ပွင့်ပေါ့။
ကမ္ဘာက နေကို ပတ်နေတာလို့  ပြောခဲ့ရုံနဲ့ 
အရှင်လတ်လတ်မီးရှို့ အသတ်ခံခဲ့ရတဲ့ သူရဲကောင်း။
အမှောင် ကြီးစိုးလာတဲ့ အခါတိုင်း
သူတို့ နှစ်ယောက် ဝိညာဉ်တွေက
ဟိုးကောင်းကင်ဖျားဆီကိုပျံ
ကြယ်နှစ်စင်း သဏ္ဍန်နဲ့ 
ငါချစ်တဲ့ နိုင်ငံကို စောင့်ရှောက်တယ်။

ဟော…ဟိုမှာ
စပါတာကပ်
မြင်းပေါ်က ခုန်ဆင်း
ဖိနှိပ်သူတွေရဲ့ ရင်ဝကို ခပ်ပြင်းပြင်းထိုးဖို့ 
ငါတို့ ကို လှံတစ်စင်း အပ်နှင်းတယ်။
ဟော…ဟိုမှာ
ငထင်ငယ်
ရာဇဝင်ထဲက ခုန်ထွက်
ငါတို့ ကို ဓားတလက် လာဆက်တယ်။

ငါချစ်တဲ့ နိုင်ငံမှာ
လက်ညှိုးပေါင်း တစ်ထောင် ဖြတ်မယ့်သူတွေ မရှိဘူး။
ငှက်အမျိုးပေါင်း တစ်ထောင် သတ်မယ့်သူတွေ မရှိဘူး။
ငါချစ်တဲ့ ကမ္ဘာကြီး တည်ငြိမ်နေလိုက်ပုံက
ဈာန်ရထားတဲ့ ရသေ့တပါး
စင်္ကြဝဠာကြီးထဲမှာ နေကိုပတ်ပြီး
ဈာန်ကြွနေသလိုလို။

ငါချစ်တဲ့နိုင်ငံမှာ
ဆန့် ကျင်ဘက် ဝါဒီတို့ 
အချင်းချင်း စစ်မခင်းကြဘူး။
နေမင်းနဲ့ မိုးစက်ပွင့်တွေလို
ဆန့် ကျင်ဘက် တို့  ညီညွတ်စွာ ယှဉ်တွဲပြီး
လှပတဲ့ သက်တန့် တစ်စင်းကို ဖန်ဆင်းတယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
လူသားဆိုတဲ့ ဘုံလူမျိုး တစ်မျိုးတည်းသာ သတ်မှတ်ထားတယ်။
အဲဒီ့လူမျိုးဖြစ်ဖို့ အသားအရောင် ကို မကြည့်ဘူး၊
နှလုံးသား အရောင်ကိုသာ ကြည့်တယ်။
လူတစ်ယောက်ရဲ့  ရုပ်တရားထက် နာမ်တရားကို ပိုပြီး အလေးထားတယ်။

ငါချစ်တဲ့ နိုင်ငံမှာ လူမျိုးတစုကို ကွက်ကွက်ကလေး ချစ်တဲ့စိတ်ထက် တိုင်းပြည်ချစ်စိတ်ကို ပိုပြီး တန်ဖိုးထားတယ်။
ငါရဲ့ နိုင်ငံမှာ သက်ရှိလူသားတွေ မပြောနဲ့ ။
သက်မဲ့မြစ် တွေကအစ တိုင်းပြည်ကို ချစ်ကြတယ်။
သွေးမနှောတဲ့ ဧရာဝတီက စပါး တွေ သီးပေးသလို
သွေးနှောတဲ့ သံလွင်ကလည်း
မမောမပန်း ဟိုးတောင်ပေါ်က ခုန်ဆင်း
သူ့ ရဲ့ ချစ်ခြင်းက ငါတို့ အတွက် အလင်းကို ဖြစ်စေတယ်။

ငါချစ်တဲ့ နိုင်ငံက လူတိုင်းရဲ့ ရင်ထဲမှာ
ပြည်ထောင်စုတစ်ခုစီ ရှိတယ်။
ရင်ထဲမှာ ပြည်ထောင်စုတစ်ခုစီရှိနေလို့ 
အပြင်မှာ ပြည်ထောင်စုတစ်ခုကို တည်ဖို့  မခက်ဘူး။

ငါချစ်တဲ့ ကမ္ဘာမှာ
ယဉ်ကျေးမှုတို့ ဝတ်မှုန်ကူးပြီး ပန်းပွင့်ရောင်စုံတို့ ဖူးတယ်။
ငါချစ်တဲ့ နိုင်ငံထဲမှာ တည်တဲ့
ရွှေတိဂုံနဲ ခါကာဘိုရာဇီကို
တစ်ကမ္ဘာလုံးက ယဉ်ကျေးမှုမြင့်မားသူတိုင်း ပိုင်ဆိုင်သလို
သူတို့ ဆီမှာ တည်တဲ့
အန်ကောဝပ်နဲ့  ပီဆာမျှော်စင်ကို လည်း
ငါတို့ အားလုံး ပိုင်ဆိုင်တယ်။
ယဉ်ကျေးမှုတို့ ရဲ့  နှလုံးသည်းပွတ် မှန်သမျှဟာ
နယ်နိမိတ်တွေကို ကျော်လွန်ဖြတ်သန်းပြီး
စကြာင်္ဝဠာ တစ်တိုက်လုံးအထိ မွှေးတယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
ဥယျာဉ်တစ်ခုရှိတယ်။
အဲဒီ့ ဥယျာဉ်ထဲက သစ်ပင်တွေမှာ
ဘာသာတရားတို့ ရဲ့ အဆီအနှစ်တွေက
သစ်သီးအဖြစ်သီးနေတယ်။
အဲဒီ့သစ်သီးတွေကို ကြိုက်သလောက်ဆွတ်ယူကြ။
အဲဒီ့ ဥယျာဉ်ရဲ့ သစ်သီးတိုင်းဟာ ချိုမြိန်ပြီးဆေးဘက်ဝင်တယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
ပင်လယ်တစ်ခုရှိတယ်။
နာမည် အမျိုးမျိုးနဲ့ စီးဆင်းလာတဲ့ ဘာသာတရားဆိုတဲ့မြစ်တွေဟာ
ကိုယ်ချင်းစာတရားဆိုတဲ့ ပင်လယ်မှာ ပေါင်းဆုံတယ်။
အဲဒီ့ ပင်လယ်ရဲ့ ရေစက်ရေပေါက်တိုင်းဟာ ချိုမြိန်ပြီး ဆေးဖက်ဝင်တယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
ဘုရားတွေ ပရိနိဗ္ဗာန် စံပေမယ့်
တရားတွေ ပရိနိဗ္ဗာန် မစံသေးဘူး။
လူတိုင်းရဲ့ ရင်ထဲမှာ
ဘုရားတစ်ဆူစီရှိနေတယ်။

ကောင်းကင်ကို

(blog လုပ်ခါစက ရေးပြီး တင်ခဲ့တဲ့ ကဗျာဟောင်းကို ပြန်တင်လိုက်တာပါ)

Tuesday, June 7, 2011

လမ်းပျောက်သူ

မျှော်လင့် ချက်ကောင်းကင်မှာ
ပင့် ကူတွေ အိမ်ဖွဲ့ 
ငါ့ “မနက်ဖန်”လေး သိမ်ငယ်ရတော့ မယ်။

ရက်စက်လိုက်တာ လေရိုင်းရယ်…
ပွင့် ဖို့ အားယူနေတဲ့ ပန်းငုံလေးကိုမှ
ရွေးပြီးခြွေရက်တယ်နော်။

တစက်စက် ကျလာတဲ့ နေ့ တွေတောင်
ပင်လယ်ကြီးထဲ ပြည့် တော့ မယ်….
ငါဘယ်ကို ရွက်လွှင့် ရမှာလဲ။

အားလုံးက ပြောကြတယ်။
ဦးထုပ်နက်နဲ့ လူတဲ့၊
ကိုယ့်ကိုယ်ကိုလဲ မေးကြည့်တယ်
အတွေးထဲ မြွေတကောင်ဝင် အဆိပ်ထုတ်နေသလား။

မင်္ဂလာမှန်သမျှ ဆိတ်သုဉ်းနေတဲ့
ဟောဒီ့ ဖုန်းစိုးသင်္ချိုင်းမြေမှာ
လရောင်ရေးရေးလေးကို လိုချင်တမ်းတမိသူနဲ့ 
လမင်းကို ဖုံးကွယ်ပစ်တဲ့တိမ်တွေ
ဘယ်သူ့ မှာ အပြစ်ရှိသလဲ။

မိတ်ဆွေ….
သင့်မှာ သွားစရာလမ်းကလဲ မရှိ၊
ပြီးတော့ သင်ဟာ ဆင်တကောင်လဲ မဟုတ်ဘူးဆိုရင်
သင်ဘာတွေလုပ်မလဲ။
ကောင်းကင်ကို
(စိတ်ဓာတ်ကျတုန်းက ရေးထားပြီးတော့ blog လုပ်ခါစက တင်ခဲ့တဲ့ ကဗျာပါ။ နှစ်ပိုဒ်ဖြုတ်ထားပါတယ်)

Wednesday, June 1, 2011

ငှက်ဖမ်းသမား

သူပဲ အကြောင်းမဲ့ ဖမ်း
သူပဲ ဈေးကြီးကြီးနဲ့ ပြန်လွှတ်
သြော်..ငှက်ဖမ်းတာ မဟုတ်တဲ့ ငှက်ဖမ်းသမား
သူဘာကို အလိုရှိမှန်းလည်း ငါသိတယ်။

ဟော…
ရင်ထဲက ခုန်ထွက်လာတဲ့
ကရုဏာ ဆိုတဲ့ကောင်တောင်
သူ့ကစားကွက်မှာ ပွန်းတကောင်ဖြစ်လို့။

ဒါဟာ
တဘက်သတ် ဆန်လွန်းတဲ့ ဘာတာစနစ် တမျိုး
ငါ့ စေတနာတွေ အဖြစ်ဆိုးပေါ့။

‘တကောင်လွတ်လည်း တကောင်ပဲ’ ဆိုပြီး
‘Chicken Soup’ စာစု ထဲက
‘ကြယ်ငါး’ ဒဿနနဲ့
မျှော်လင့်ချက်လက်ကျန်လေးကိုအနှိုက်
ငါ့လက်တွေတုန်နေလိုက်တာ။
ကောင်းကင်ကို

Friday, May 27, 2011

'အထိအခိုက်များတဲ့ ဇာတ်လိုက်' ကဗျာမှ (မောင်ဖီလာ)

မျက်စိတချက် အရွှေ့မှားတာနဲ့
အတွေ့အကြုံများတဲ့ ယောကျာ်းလည်း
မိုင်းနင်းမိတော့တာပဲ။

(မောင်ဖီလာ)

Saturday, May 21, 2011

ဘာမြူဒါ

ကဗျာအဟောင်း ပြန်တင်လိုက်တာပါ။

ဘာမြူဒါ

နှုတ်ခမ်းကြွက်သားလေးတွေ အက၊
'ပန်း'ဆက်တံခါးလေး အဟမှာ
အလွန်ဆုံးကျယ်လှ တလက်မ ပေါ့။
ဒါပေမယ့်
နှင်းဆီနဲ့ တူတဲ့ အပေါက်
ပုရိသတွေ ပြုတ်ပြုတ်ကျတတ်တဲ့ ချောက်ဟာ
စူပါမင်းတစ်ယောက်ကိုတောင်
ခြေထောက်ဆွဲထားနိုင်တယ်။
ကောင်းကင်ကို

Sunday, May 15, 2011

သေချင်နေတဲ့ လူလိမ္မာ

ဖေဖော်ဝါရီ လက ဟာကို နည်းနည်းပြန်ပြင်ပြီး ဒုတိယ အကြိမ် ပြန်တင်တာပါ။

download လုပ်ချင်ရင် pdf download link

သေချင်နေတဲ့ လူလိမ္မာ

(၁)
စာရေးဆရာ တယောက်က လူ့ဘဝကို ဘတ်စ်ကားနဲ့ ခိုင်းနှိုင်းပြီး ဥပမာ ပေးဖူးတယ်။ တယောက်နဲ့ တယောက် ဆုံစည်းမှုဆိုတာ ဘတ်စ်ကားကြပ်ကြပ်ထဲက ခဏလေး ဆုံစည်းမှုလိုပဲတဲ့။ ဘတ်စ်ကားက ကြပ်လွန်းတော့ တယောက်နဲ့ တယောက် နင်းမိတာတို့ ထိခိုက်မိတာတို့ ရှိမယ်။ ခဏတာ လေးမို့ ခွင့်လွှတ်လိုက်ပါတဲ့။

ဒါပေမယ့် သူအခု ဆုံနေရတဲ့လူ၊ သူ့ကိုလိုက်နှောင့်ယှက်နေတဲ့ လူက ခဏလေး မဟုတ်ဘူး။ သူလူမှန်းသိစ အရွယ်ကနေ ခုချိန်ထိ ထာဝရ လိုက်နှောင့်ယှက်နေတာ။ သူဆက်ပြီး သည်းမခံနိုင်တော့ဘူး။

ဒါနဲ့ သူ ကြံဖန်ပြီး ခွင့်လွှတ်တဲ့နည်းတွေ လိုက်စဉ်းစားကြည့်တော့ နည်းတခုကို သတိရသွားတယ်။ အဲဒီ့နည်းအရ ဆိုရင်တော့ ကိုယ်နဲ့ သံသရာမှာ အမျိုးမတော်ဖူးတဲ့သူ မရှိဘူးတဲ့။ ကိုယ် ခွင့်မလွှတ်နိုင်တဲ့သူ နဲ့ ကိုယ်နဲ့ သံသရာမှာ ဆွေမျိုး တနည်းတဖုံ တော်စပ်ခဲ့ဖူးမှာပဲလို့ တွေးပြီး ခွင့်လွှတ်လိုက်ပါတဲ့။ အဲဒီ့မှာ သူဦးနှောက် ပိုခြောက်သွားပြီးတော့ စိတ်ထဲက ရေရွတ်လိုက်တယ်။
“ငါနဲ့ငါ သံသရာမှာ ဘာတော်ခဲ့ပါသလဲ”

(၂)
သူ့ကို သူကိုယ်တိုင်က လိုက်နှောင့်ယှက်နေတာ ကြာလှပြီ။ သူစာအုပ် တအုပ်ဖတ်ပြီဆို စာရေးသူရဲ့ ညံ့ဖျင်းမှုတွေကို လာပြောပြီ။ တရားနာပြီဆိုရင်လည်း အဲဒီ့တရားရဲ့ ဟာကွက်တွေကို လာပြောပြီ။ သြော်…သူ့စိတ်ထဲကနေ ‘နေခြည်’ကို ထုတ်ပစ်ဖို့ ကြိုးစားခဲ့တုန်းကလည်း…

(၃)
ဖယောင်းတိုင်လေး မကုန်ခင် ဒီ ခြောက်ခြားစရာ တစ္ဆေဇာတ်ကို သူ ဆက်ဖတ်ရမလား။ ဒါမှမဟုတ် ဖယောင်းတိုင်လေးကို မှုတ်ပြီး စောစော အိပ်လိုက်ရမလား။ သေချာတာ တခုကတော့ သူဆုံးဖြတ်ချက် မချနိုင်ပဲ တွေးနေရင် တစ္ဆေဇာတ်လမ်းလည်း မဖတ်လိုက်ရ၊ စောစောလည်း မအိပ်လိုက်ရပဲ ဖယောင်းတိုင်လေး ကုန်သွားတာပဲ အဖတ်တင်မယ်။
နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချဖို့ သူဆုံးဖြတ်လိုက်တယ်။ ရှုံးရင်တောင်မှ စိတ်ပဋိပက္ခကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ရှုံးရတာထက်စာရင် ဆုံးဖြတ်ချက်နဲ့ ရှုံးတာက တော်သေးတယ်လို့ သူထင်တယ်။

အရှုံးဆိုတာ ချိုမြိန်တဲ့ ဝိုင်အရက်မှ မဟုတ်တာ။ သူ ဘာလို့ အချိန်ဆွဲပြီး သောက်နေရမှာလဲ။

(၄)
ဆုံးဖြတ်ဖို့အတွက် ခေါင်းပန်းလှန်တဲ့ နည်းကိုတော့ သူမသုံးချင်ဘူး။ အဲဒါက ကိုယ့်ကိုယ်ကို အကြွေစေ့တစေ့လောက်မှ တန်ဖိုးမထားတဲ့လူတွေရဲ့ လုပ်ရပ်လို့ သူယူဆတယ်။

ဒီတော့ ပြဿနာကို အဖြူအမည်း မဆုံးဖြတ်ခင်မှာ သူ့အနေနဲ့ တွေးခေါ်သယောင်ယောင် လုပ်ဖို့တော့ လိုလာပြီ။ စဉ်းစားခြင်းဆိုတဲ့ နာမည်နဲ့ ကိုယ်သန်ရာသန်ရာကို လိုသလို ဆွဲတွေးတာတွေ ဘာတွေ လုပ်ဖို့လိုလာပြီ။ ဒါမှလည်း လိုအပ်လာရင် အကောင်းဆုံးစဉ်းစားခဲ့သားပဲလို့ တွေးပြီး စိတ်ဖြေလို့ ရမယ် မဟုတ်လား။

သူ့ဘဝ ဟိုးအောက်ဆုံးအမြစ်နားအထိ လက်တံရှည်ရှည်နဲ့ ဒုက္ခလှမ်းပေးနေတဲ့ မေးခွန်းကို Yes or No တခုခု ဖြေဖို့ လုပ်မှ ဖြစ်တော့မယ်။

တွေးရင်းတွေးရင်းနဲ့ Albert Camus ရဲ့ စကားတခုကို သူ သတိရလို့ ပြုံးလိုက်မိသေးတယ်။
အတွေးအခေါ်ပိုင်းဆိုင်ရာ ပြဿနာတွေထဲမှာ တကယ်နက်နဲတဲ့ ပြဿနာဆိုလို့ တခုပဲ ရှိတယ်တဲ့။ အဲဒီ့အကြောင်းအရာကတော့ ‘suicide’ တဲ့။ အခု သူအဲဒီ့အကြောင်းအရာကို ကိုင်တော့မှာဆိုတော့ အနက်နဲဆုံး အတွေးအခေါ် ပြဿနာတခုကို စဉ်းစားခြင်းလို့ ကြီးကြီးကျယ်ကျယ် နာမည် လျှောက်တပ်လို့တောင် ရသေးတယ်။

“ဗွန်းးးး” “ဗွန်းးးးးး”
ရုတ်တရက် ကြားလိုက်ရတဲ့ စက်နှိုးသံကို သူမခံနိုင်လို့ နားတွေကို အတင်းပိတ်လိုက်ရတယ်။

(၅)
ဟင်!
သူအသံကြားလို့ ဖျတ်ခနဲ ကြည့်လိုက်တော့ တီဗွီဖန်သားပြင်မှာ နေခြည်ရဲ့ ရုပ်ပုံလွှာ။ သူ အံ့သြသွားတယ်။ နေခြည်ရဲ့ ရုပ်ပုံက မှောင်ရိပ်သန်းပြီး ဝါးနေတယ်။ သူ ဖန်သားပြင်ရဲ့ အလင်းရောင်ကို တင်ဖို့ အလင်းအမှောင်ချိန်တဲ့ ခလုတ်ကို လိုက်ရှာလိုက်တယ်။ မတွေ့ဘူး။ နေခြည့်ပုံကလည်း ကြည့်ရင်းနဲ့ တဖြည်းဖြည်း ဝါးပြီး ပျောက်သွားတယ်။
သူ့ပါးပေါ်ကို မျက်ရည်တွေ စီးကျလာတယ်။
သူ့ရှေ့က အရာဝတ္ထုကလည်း သူစိုက်ကြည့်ရင်းကနေ တီဗွီဖန်သားပြင် တခု မဟုတ်တော့ပဲ ကြည့်မှန်တချပ်ဖြစ်သွားပြန်တယ်။ အဲဒီ့ကြည့်မှန်ချပ်ထဲမှာတော့ ချောင်ကျနေတဲ့ သူ့မျက်နှာစစ်တလင်းမှာ သောကနှစ်သွယ် စီးဆင်းလို့။

(၆)
မှန်ထဲက သောကကောင်ရဲ့ ရှင်သန်နေမှုဟာ ဘာအကျိုးရှိပါသလဲ။
သေဆုံးခြင်းနဲ့ ပတ်သတ်ပြီး ကောင်းကျိုး၊ ဆိုးကျိုး စာရင်းတခု လုပ်ဖို့ သူဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ကောင်းကျိုး နံပါတ် (၁) အဖြစ် သူ့စာရင်းထဲမှာ ဒီလို ချရေးလိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး(၁)
နေခြည်နဲ့ ပြန်တွေ့ရနိုင်တယ်။ ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ လိုမှာမဟုတ်တော့ဘူး။
ကောင်းကျိုး နံပါတ်(၁) မှာတင် အချက် ၂ချက်ပါနေတာကို သူသတိထားမိတယ်။ ကိစ္စမရှိဘူး။ ဒါက သူတယောက်တည်း သိရုံ၊ ဆုံးဖြတ်ချက်ချဖို့ အထောက်အကူပြုရုံ ရည်ရွယ်ထားတဲ့ စာရင်း။

(၇)
သေခြင်းတရားဆိုတာ ဘာလဲ။ တချို့ကလည်း သေတတ်အောင် ပြင်ဆင်ထားကြတဲ့။ သေတာတောင်မှ နည်းနာတွေ လိုသေးသလားကွယ်။
ရှင်သန်ခြင်းမှာသာ ပြင်ဆင်မှု မရှိပဲ ရှင်သန်လို့ မရတာ။ သေခြင်းကတော့ ပြင်ဆင်မထားလည်း အမှတ်တမဲ့ ရောက်လာပြီး ဒီအတိုင်းပြီးသွားတာပဲ။ သူ့အထင်မှာတော့ သေတာထက်စာရင် ရှင်ရတာက အဆပေါင်းများစွာ ပိုခက်တယ်လို့ ထင်တယ်။ ရှင်နေတုန်းမှာပဲ ရှာဖွေရ၊ ရုန်းကန်ရ၊ အလုပ်လုပ်ရ၊ ကျောင်းတက်ရ၊ ငိုရ ယိုရ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ရ၊ ပတ်ဝန်းကျင်က လက်ခံထားတဲ့ အပေါ်ယံ ဓလေ့ထုံးတမ်းတွေကို လိုက်နာရနဲ့။
ဒီကြားထဲ ကံကောင်းထောက်မစွာနဲ့ တခါတလေ ပျော်ရ၊ ပြုံးရရင်တောင် အဲဒါတွေက အကုသိုလ် ဘာညာနဲ့ အပြစ်ကင်းတဲ့ အပျော်မျက်လုံးလေးတွေကို သဲနဲ့လာပက်ကြသေးတယ်။ အသက်ရှင်နေတုန်းမှာ သဘာဝအလျောက် ပျော်ပါစေ တော့လား။
တချို့လူတွေ ရှိသေးတယ်။ သေခါနီးလူကို ဘဝကူးကောင်းအောင် ဆိုပြီး သေခါနီးမှာ ဟိုဟာတွေရွတ်ပေး၊ ဒီဟာတွေ ရွတ်ပေးနဲ့။ သူတွေးရင်း ရယ်ချင်လာတယ်။ အဲဒါက ဘာနဲ့ တူတုန်းဆိုတော့ တနှစ်လုံး ပေပေတေတေနဲ့ စာမလုပ်ခဲ့တဲ့ ကျောင်းသားတယောက်ကို စာမေးပွဲဖြေဖို့ နာရီပိုင်းအလိုမှ ဖုတ်ပူမီးတိုက် သင်ပေးနေတာနဲ့ တူတယ်လို့ သူတွေးမိတယ်။
သူစာရင်းထဲမှာ ဒီလို ချရေးလိုက်ပြန်တယ်။
သေဆုံးခြင်း
ကောင်းကျိုး(၂)
ရုန်းကန်စရာ မလိုတော့၊ ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ မလိုတော့။

(၈)
ဒုက္ခဆိုတာ တကယ်တော့ ဒုက္ခမဟုတ်သေးဘူး။ ဒုက္ခမှန်းသိသွားမှသာ ဒုက္ခက ‘ဒုက္ခ’ဆိုပြီး တရားဝင် ဖြစ်သွားတာ။

လူတွေများ ကံဆိုးလိုက်ပုံက မွေးလာလို့ အရွယ်လေး နည်းနည်းရောက်လာတာနဲ့  လူတိုင်းသေရမယ်ဆိုတာကို သိလာကြတယ်။ ဒါပေမယ့် လူတွေရဲ့ အသိဥာဏ်က ရောဂါကိုသာ သိနိုင်စွမ်းရှိပြီး ဆေးကို မသိနိုင်တဲ့ အသိဥာဏ်မျိုး။ တနည်းအားဖြင့်တော့ ကိုယ့်ကိုယ်ကို သွေးပျက်အောင် နှိပ်စက်ရုံလောက် အသုံးတည့်တဲ့ အသိဥာဏ်မျိုး။ သူချရေးလိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၃)
စောက်သုံးမကျတဲ့ တဝက်တပျက် အသိဥာဏ်တွေ မရှိတော့။ ပြီးတော့ လူ့ဘဝက ရခဲတယ်တဲ့။ ဟုတ်ခဲ့ရင်တော့ ကော်တာပဲ။ လူသာပြန်မဖြစ်ခဲ့ရင် ဒုက္ခကို ဒုက္ခမှန်းမသိလို့၊ ခံစားနိုင်စွမ်းနိမ့်လို့ ဒုက္ခတချို့ဟာ ဒုက္ခမဟုတ်တော့။ ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ မလိုတော့။

(၉)
တကယ်ဆို လူတိုင်းနီးပါးက အလုပ်လက်မဲ့ ဖြစ်နေသင့်တယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာလည်း သူတို့နိုင်ငံတွေမှာ အလုပ်လက်မဲ့ဦးရေဟာ စုစုပေါင်းလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်လာပြီ၊ ရာနှုန်းပြည့်နီးပါးဖြစ်အောင် ဆက်လက်ကြိုးစားမယ် ဘာညာနဲ့ အပြိုင်အဆိုင် ဂုဏ်ယူဝံ့ကြွားစွာ ကြေညာ နေသင့်တယ်။
အပြည့်အစုံ ပြောရရင်တော့ လူတွေဟာ အလုပ်လက်မဲ့ ဖြစ်နေတာနဲ့ တပြိုင်တည်းမှာပဲ စားစရာ သောက်စရာတွေ ဖူလုံနေပြီး လုပ်ချင်တာကိုပဲ စိတ်ကြိုက် လုပ်နေခွင့် ရသင့်တယ်လေ။

အဝတ်လျှော်စက်တွေ၊ အကြွေစေ့နဲ့ အအေးဗူးတွေ ဘာတွေ ရောင်းတဲ့ စက်တွေ၊ ခိုင်းစားစရာ စက်ရုပ်တွေကို ဘာလို့ တီထွင်ထားကြသလဲ။ ကြိုးစားပမ်းစားလည်း တီထွင်ရသေးတယ်။ စက်တွေကပဲ အလုပ်လုပ်ပြီး လူတွေက အေးအေးဆေးဆေး ကြိုက်ရာလုပ်နေနိုင်တဲ့ ဘဝမျိုးကို ရသင့်တယ်မဟုတ်လား။

ခုတော့ သတ္တဝါတွေအားလုံးထဲမှာ တပတ်ကိုခြောက်ရက်လောက် အချိန်တွေထဲမှာ အကျဉ်းကျနေတာဆိုလို့ လူဆိုတဲ့ ဥာဏ်ကြီးရှင်တွေပဲ ရှိတယ်။ အချိန်ဇယားနဲ့ အလုပ်လုပ်ရ၊ အချိန်ဇယားနဲ့ စားရ၊အိပ်ရ၊ အချိန်ဇယားနဲ့ ချစ်တင်းနှောရနဲ့။
အချိန်ဆိုတာကို လူတွေပဲ ပညတ်။ ပြီးတော့ အချိန်ထဲမှာ လူတွေပဲ အကျဉ်းကျ။ ဘာသာစကားတွေ၊ ပညာရပ်တွေ တီထွင်။ ပြီးတော့ အဲဒါတွေကို လေ့လာရ၊ သင်ရနဲ့ အကျဉ်းကျ။
ဒါနဲ့များ ခပ်တုံးတုံးငနဲတွေက သူ language ဘယ်နှစ်မျိုးတတ်သလေး ဘာလေးနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အထိ နှိပ်စက်ထားသလဲဆိုတာကို ဘုမသိ ဘမသိ လာကြွားကြသေးတယ်။

ပြီးတော့ လူတွေလေ့လာတယ် သိလာတယ်ဆိုတာကလည်း အဖြေတခုရတိုင်း မေးခွန်းတွေ ဆယ်ခုမက ထပ်ပေါ်လာတာမျိုး။ ဆက်ပြီး လိုက်ပေတော့ပဲ။
ဥပမာ ရှေးကလူတွေရဲ့ စိတ်ကူးယဉ်မှုကြောင့် မဆီမဆိုင် စာတွေကဗျာတွေထဲမှာ အချောင်နာမည်ရနေတဲ့ ‘လ’ ဆိုတဲ့ မစွမ်းမသန် အရန်ဂြိုလ်စဂြိုလ်န ကိုပဲကြည့်။
အစကတော့ ‘လ’ကို နတ်သားလိုလို၊ လင်းနေတဲ့ နတ်ဘုရားတပါးလိုလို လူတွေ ထင်နေကြတုန်းကတော့ အဟုတ်။နတ်သားတို့ နတ်ဘုရားတို့ဆိုတာကို သွားလေ့လာရင် ကျိန်စာသင့်သွားမယ် မဟုတ်လား။ ကြည့်ပါလား။ ‘လ’ က နတ်သားဖြစ်တယ် ဆိုတာကို မယုံသလို ဘာလိုလိုပြောမိခဲ့ကြတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာကိုးရာ က ကောင်တွေ အခုဆို အကုန်သေပြီလေ။ သေမှာပေါ့။ နှစ်ပေါင်း ရှစ်ရာကိုးရာ တောင် ရှိ…အဲလေ သွားစော်ကားတာကိုး။

အဲလိုယုံကြည်နေတုန်းကတော့ ယုံကြည်မှုဆိုတော့ ဘာမှ ဆန်းစစ်နေစရာ မလိုဘူးလေ။ အလုပ်မရှုပ်တော့ဘူး။ ဒါကြောင့်လည်း စာပေတွေ၊သီချင်းတွေ၊ကဗျာတွေက “ယုံကြည်ချက်နဲ့ အသက်ရှင်ကြဖို့” အာပေါက်အောင် တိုက်တွန်းနေကြတာ ဖြစ်မယ်။ တွေးရတောရ လေ့လာရတာတွေနဲ့ အလုပ်မရှုပ်စေချင်တဲ့ စေတနာတွေ ဖြစ်မှာပါ။

ခုတော့ နေရဲ့အရောင်နဲ့ တကိုယ်လုံးပြောင်နေတဲ့ အဲဒီ့ ‘လ’ စုတ် ‘လ’ ပဲ့က နတ်ဘုရား မဟုတ်ပဲ ဂြိုလ်ရံလဆိုတာလည်း သိသွားရော သူ့ရဲ့ structure တွေ geology တွေ လေ့လာရ၊ အပူချိန်တွေ လေ့လာရနဲ့ အလုပ်ကို ရှုပ်သွားတော့တာပဲ မဟုတ်လား။

သူ သေခြင်းရဲ့ ကောင်းကျိုးကို စဉ်းစားရင်းနဲ့ အတွေးနည်းနည်းချော်သွားတယ်။ သေခြင်းရဲ့ ကောင်းကျိုးနံပါတ် (၄) ကို သူဒီလို ချရေးလိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၄)
အချိန်ရဲ့ အကျဉ်းသားအဖြစ်က လွတ်မြောက်လာမယ်။ လိုက်လေ ဝေးလေဆိုတဲ့ အဖြစ်က လွတ်မယ်။ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။

(၁၀)
“ဆရာ၊ ကျနော့်ရောဂါက ဘာရောဂါလဲ”

အဲလိုမေးသံတွေကို ကြားရင် သူအော်ရယ်လိုက်ချင်တယ်။ “ကိုယ့်လူရေ…ဆရာဝန်ကို သွားမေးမနေနဲ့။ ကျနော်ပြောပြမယ်။ ခင်ဗျားရဲ့ ရောဂါက မွေးဖွားခြင်း လို့ ခေါ်တယ်”

ဟုတ်တယ်လေ။ သတ္တဝါတိုင်းဟာ မွေးလာပြီးကတည်းက သေဖို့သေချာပြီးသား။ ရောဂါနာမည်ကို ဘယ်လိုတပ်တပ် သေမှာက သေမှာပဲ။

ဒါကြောင့် တချို့အူတူတူ လူတွေက သူ့ကို ထမင်းစားဖို့ အသက်ရှင်နေတာလား၊ အသက်ရှင်ဖို့ ထမင်းစားနေတာလား၊ ဘာအတွက် အသက်ရှင်နေတာလဲလို့ မေးလာတိုင်း သူကခပ်သွက်သွက် ပြန်ဖြေလေ့ရှိတယ်။

“ကျနော် သေဆုံးဖို့အတွက် အသက်ရှင်နေတာ”

သူအဲလိုဖြေလိုက်ရင် မေးခွန်းရှင်တွေ မျက်နှာပျက်သွားကြတာ များတယ်။ ထားပါတော့။ မမှုပါဘူး။ သူတို့ ဘယ်လိုပဲ မျက်နှာပျက်ပျက် သူ့ကို ထောက်ခံမယ့်သူတွေက ရှိနေတယ်လေ။

“ကိုမာ” ရပြီး ပိုက်တန်းလန်းတွေက ပေးတဲ့အသက်လေးနဲ့ ဆက်ရှင်နေရတဲ့သူတွေ၊ ရောဂါကျွမ်းမှု အရသာကို တငုံချင်း စိမ်ပြေနပြေ ခံစားနေရတဲ့သူတွေရဲ့ လိပ်ပြာကောင်ကြီးတွေက တောင်ပံတဝုန်းဝုန်းခတ်ပြီး သူ့ အဆိုကို ထောက်ခံကြလိမ့်မယ်။ သူတို့ ခန္ဓာကောင်ကြီးတွေဟာ သေဆုံးဖို့ တမျှော်မျှော်နဲ့ အသက်ရှင်နေကြရတယ်ဆိုတာ။

သူ့အတွေးတွေကို စာရင်းထဲ ထည့်ဖို့ ဘောင်ဝင်မဝင် သူစဉ်းစားလိုက်တယ်။ သိပ်တော့ ဘောင် မဝင်လှဘူး။ ဒါပေမယ့် လုပ်တတ်ကိုင်တတ်ရင် ဖြစ်ပါတယ်။

စာရင်းပုံစံခွက်ထဲမှာ သူလှည့်ပတ်ပြီး ထည့်လိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၅)
ဘယ်လိုကြွေးကြော်ပြီး ရှင်သန်ရှင်သန် နောက်ဆုံးမှာ တူညီတာ တခုကတော့ မသေဆုံးခင်လေး ရှင်သန် နေကြရတာပါပဲ။ ဒီတော့ လူ့မသိစိတ်ထဲမှာ သေဆုံးခြင်းက နောက်ဆုံးပန်းတိုင်လို ဖြစ်နေတော့တာပေါ့။ ဒါကြောင့်လည်း သေမှာ (တနည်းအားဖြင့်) ကိုယ့်အတ္တလေး မရှိတော့မှာကို အရမ်း ကြောက်နေကြတာ။ တကယ်ဆိုရင်တော့ ပန်းတိုင်ကို မရောက်မှာသာ စိတ်ပူရရိုး ထုံးစံ ရှိတယ်လေ။ ပန်းတိုင်ကို မြန်မြန်ရောက်မယ့်ကိစ္စမျိုးဆိုရင် လက်ခမောင်း ထခတ်သင့်တာပေါ့။
သြော်…နောက်အားသာချက်တခုက ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။

(၁၁)
တကယ်ဆိုတော့ သေတယ်ဆိုတာ အရေးကြီးတဲ့ တာဝန် တခုကို ထမ်းဆောင်တာလို့လည်း ပြောလို့ရသေးတယ်။

ဥပမာ ကမ္ဘာပေါ်မှာ မသေဆေးတမျိုး ပေါ်လာတယ် ဆိုပါစို့။ သွားပြီ။ ကမ္ဘာကြီးတော့ ကမ္ဘာဖြစ်ရှုံးပြီ။ အကြီးအကျယ် ဒုက္ခရောက်ပြီ။ လူတွေ အကုန်လုံး မသေဖို့ ဆိုတာက မွေးဖွားခြင်း မရှိမှ ဖြစ်နိုင်မယ်မဟုတ်လား။ နို့မို့ဆို ကမ္ဘာကြီးမှာ လူတွေအကုန်လုံး ပြည့်ညပ် နေမှာပေါ့။ အခြေချစရာနေရာတွေ၊ အရင်းအမြစ်တွေ မလုံမလောက်ဖြစ်လိမ့်မယ်။

သေဆုံးခြင်း မရှိဘူးဆိုပါတော့။ ကုလို့မပျောက်နိုင်တဲ့ ရောဂါတခုခု အပြင်းအထန်ခံစားနေရတဲ့လူတွေ အတွက်လည်း တခုတည်းသော လွတ်လမ်းလေး မရှိတော့။ ထောင်နှစ်၁၀၀ မက ကျနေတဲ့သူတွေ အတွက်လည်း တခုတည်းသော လွတ်လမ်းလေး မရှိတော့။ စိတ်ဓာတ်တွေ ငရဲပြည်ရဲ့ ဟိုးမြေအောက်ခန်းထဲအထိ ကျဆင်းနေတဲ့သူတွေ အတွက်လည်း တခုတည်းသော လွတ်လမ်းလေး မရှိတော့။ မွေးဖွားခြင်း မရှိတော့ တနေ့လာလည်း ဒီမျက်နှာ….တနေ့လာလည်း ဒီမျက်နှာ! မေးလိုက်ရင် အသက်က ၁၆၀၀၊ အသက်က ၂၇၀၀! လူအိုတွေချည်း။ ဟား! တော်တော် စိတ်ပျက်စရာ ကောင်းမှာပဲ။

ပြီးတော့ နှစ် ၁၀၀၀ နေလည်း ဒီလူတွေ၊ နှစ် ၂၀၀၀ နေလည်း ဒီလူတွေချည်းဆို ဒီလူ ဒီအိုင်ဒီယာ ဒီအတွေးအခေါ်တွေနဲ့ပဲ ကမ္ဘာကြီး ရပ်တန့်သွားလိမ့်မယ်။

ဒီတော့ ကိုယ့်ကိုယ်ကို ခြွေချခြင်းနဲ့ စောစော တာဝန်ထမ်းဆောင်သင့်တယ်လို့ သူတွေးလိုက်မိတယ်။

ဒါနဲ့ပဲ…ဆရာသမား တယောက် website မှာ ရေးထားတဲ့ လေသံကို သူအတုခိုးလိုက်ပြီး သူ့စာရင်းထဲမှာ ဒီလို ချရေးလိုက်တယ်။

သေဆုံးခြင်း (ကိုယ့်ကိုယ်ကို သတ်သေခြင်း)
ကောင်းကျိုး (၆)
မျိုးဆက်သစ်များအားလုံး ဝမ်းသာတော့။
လူတယောက် လူ့လောကမှ စောစောစီးစီး နေရာဖယ်ပေးခြင်းအားဖြင့် လောက တာဝန်ထမ်းဆောင်ရန် စဉ်းစားနေပြီ။ ထိုသူကား အခြားမဟုတ်။ မိမိကိုယ်တိုင်ပင် ဖြစ်တော့သည်။

သြော်… နောက်ထပ်ကောင်းကျိုးတခုကတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။

(၁၂)
စဉ်းစားရင်း စဉ်းစားရင်းနဲ့ စီမံကိန်း တသီတတန်းနဲ့ အသားတုံးကြီး တခုအကြောင်း သူ့ခေါင်းထဲမှာ ပေါ်လာတယ်။ အဲဒီ့အသားတုံးကြီးက အရာရာကို အချိန်အတိအကျနဲ့ စီမံအကွက်ချပြီးမှ လုပ်တတ်တဲ့သူ။ အိမ်သာတက်ရင်က အစ အချိန်အလကား မကုန်ရအောင် ဖတ်စရာ စာအုပ်တွေ တအုပ်ပြီး တအုပ် အမြဲပြင်ထားတတ်တယ်။ လုပ်ငန်းတခု လုပ်တော့မယ်ဆိုရင်လည်း အာကာသဒုံးပျံ တစင်း လွှတ်တော့မယ့် အတိုင်း အချိန်ကို သေချာ တွက်ချက် ပြင်ဆင်ပြီး ကွက်တိဖြစ်အောင် လုပ်လေ့ရှိတယ်။ သေခြင်းတရားဆိုတာ နီးနီးလေး ဆိုတာကိုလည်း အဲဒီ့လူက သတိရှိလိုက်သေးတယ်။ နောက်တော့ အဲဒီ့လူ လုပ်ရမယ့် အလုပ်သစ်တခုက တနှစ်ကျော်လောက်ကြာမှာ။ အဲဒါနဲ့ အဲဒီ့လူက သေချာချင်တဲ့သူဆိုတော့ လုံလောက်တဲ့ ကျန်းမာရေး ရှိမရှိ သိအောင်လို့ ဆေးသွားစစ်တယ်။ ဆေးစစ်ချက် အရ ဘာရောဂါမှ မရှိဘူးတဲ့။ လုပ်ငန်းစလုပ်လို့ ရပြီပေါ့။ ဒါပေမယ့် ဆေးစစ်ချက်ယူပြီး ပြန်အလာ လမ်းဖြတ်အကူးမှာ ကားတိုက်ခံလိုက်ရပြီး ပွဲချင်းပြီး သေသွားတော့တယ်။

လက်ရှိ သူစဉ်းစားနေတဲ့အကြောင်းအရာအရ… အဲဒီ့လူရုတ်တရက်သေတာကို သံဝေဂ ရရမယ့်အစား အဲဒီ့လူ ကိုယ့်plan လေးနဲ့ကိုယ် မသေနိုင်တာကိုပဲ သူက သံဝေဂရနေတယ်။ မဖြစ်ဘူး။ အချိန်ရှိတုန်း မြန်မြန်ဆုံးဖြတ်ပြီး လုပ်မှ!

ကိုယ့်ကံကြမ္မာရဲ့ အရှင်သခင်ဟာ ကိုယ်တိုင် ဖြစ်သင့်တယ်လို့ လူတွေ ပြောပြောနေကြတယ် မို့လား။ ခရစ်တော်က အိပ်ဖို့ ခေါ်တဲ့အထိ၊ အလ္လာက အမိန့်ပေးတဲ့ အထိ၊ ကံကြမ္မာဆိုတဲ့ ရှုပ်ထွေးထွေး အစုအဝေးကြီးက ‘ဟေ့ယောင်..မင်းသေတော့’လို့ အလိုက်သိတဲ့ အထိ ဘာလို့ စောင့်နေရမှာလဲ။

“ငါသာလျှင် ငါ့ကံကြမ္မာရဲ့ အရှင်သခင် ဖြစ်ရမယ်ဟေ့” …သူယောင်ပြီး ကြွေးကြော်လိုက်တယ်။

ကိုယ်ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ အဆင်ပြေမယ့်နည်းနဲ့ ကြွေကျပစ်ရမယ်။ တခြားလူတွေကတော့ မေးချင်ကြပါလိမ့်မယ်။ သေခြင်းနဲ့ ပတ်သတ်ပြီး ကိုယ့်ကြမ္မာကိုယ် မပြဌာန်းရတော့ကော ဘာဖြစ်မှာ မို့လို့တုန်းလို့။

အဲလို သူ့ကိုမေးလာရင်တော့ မေးလာတဲ့သူတွေကို ဒုံးဝေးရန်ကော ဆိုတဲ့ အကြည့်နဲ့ သူကြည့်မိမှာ အသေအချာပါပဲ။ ဟုတ်တယ်လေ။ ပျမ်းမျှခြင်း ဥပဒေသနဲ့ တွက်ကြည့်ရင် လူတွေဟာ ဘောလုံးပွဲ ကြည့်နေတုန်း နှလုံးခုန် ရပ်ပြီး သေနိုင်ချေ၊ စုံတွဲ ချစ်တင်းနှောနေတုန်း နှလုံးခုန် ရပ်ပြီး သေနိုင်ချေ၊ သူများမင်္ဂလာဆောင် (ဒါမှမဟုတ်) မွေးနေ့ တခုခုထဲမှာ အမင်္ဂလာကောင် ဆန်ဆန် ဂွတီးဂွကျ သွားသေနိုင်ချေ၊ ဒါမှမဟုတ်လည်း တယောက်တည်း အခန်းထဲမှာ သော့ခတ်ပြီးနေနေတုန်း သေသွားတာ ရက်ကြာသွားမှ ဘေးခန်းတွေက အပုပ်နံ့ရပြီး သိသွားတာမျိုးဖြစ်နိုင်ချေ…အဲဒါတွေက လူတသောင်းမှာ တယောက်လောက်တော့ ကြုံရနိုင်ချေ ရှိတာပဲ။ ထီပေါက်နိုင်ချေထက်တောင် ပိုများသေးတယ်။ အဲလိုသာ သေသွားရင် ခပ်နနကောင်တွေရဲ့ ပါးစပ်ဖျားမှာ ခင်ဗျား အထူးအဆန်း မသာကောင်ဖြစ်ပြီး ခင်ဗျားတော့သွားပြီ။

သူချရေးလိုက်ပြန်တယ်။

သေဆုံးခြင်း (ကိုယ့်ကိုယ်ကို သတ်သေခြင်း)
ကောင်းကျိုး (၇)
ငါသာလျှင် ငါ့ကြမ္မာ၏ အရှင်သခင် ဖြစ်သင့်သည်။ တော်ကြာ ဘုရားသခင်က ကိုယ့်နောက်ဆုံးအချိန်မှာ ပေါက်ပေါက်ရှာရှာ ကျီစားနေမှဖြင့်….
နောက်ထပ်ကောင်းကျိုးတခုက ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။

(၁၃)
သူ့နာမည်ကပဲ စီးနေလို့လား။ သူ့စာရင်းကို ပြန်ကြည့်လိုက်တော့ ကောင်းကျိုးတွေချည်း ခုနစ်ခု ဖြစ်နေတယ်။ ဆိုးကျိုးက တချက်မှ မရှိသေးဘူး။

သူ့စာရင်းကိုသူ တချက် ပြန်ဖတ်ကြည့်ရင်းနဲ့ “ကောင်းကျိုး (၃)… စောက်သုံးမကျတဲ့ တဝက်တပျက် အသိဥာဏ်တွေ မရှိတော့” ဆိုတာ အရောက် မှာ သူတခုတွေးမိလိုက်ပြန်တယ်။ အဲဒီ့ တဝက်တပျက် အသိဥာဏ် ဆိုတာကြီးကလည်း လူနဲ့ အမြဲကပ်နေတာမျိုး မဟုတ်ဘူးဗျ။ စိတ်လှုပ်ရှားတဲ့ အခိုက်အတန့်တခုခုမှာ ကိုယ့်ဆီကနေ ကိုယ့်ဦးနှောက်ကြီးက ထွက်ပြေးသွားတတ်တယ်။ ဥပမာ ပရိသတ်ရှေ့ထပြော ခါနီးမှာ အကုန်မေ့သွားတာမျိုး။ ဒါမှမဟုတ် ဒေါသထွက်နေတဲ့ အချိန်မှာ အသိဥာဏ်လွတ်ပြီး လုပ်မိသွားတာမျိုး။ အဲဒါနဲ့ ဆက်စပ်ပြီး တလောက သူဖတ်ဖူးလိုက်တဲ့ ဆောင်းပါး တပုဒ်ကို ဝိုးတဝါး အမှတ်ရလိုက်တယ်။ စုံတွဲတွေ ချစ်တင်းနှောနေတဲ့ အချိန်မှာ အမျိုးသမီးတွေရဲ့ လက်တွေ မြောက်တက်သွားတာ၊ အော်တာတွေဟာ အဲဒီ့အချိန်မှာ အဲဒီ့အမျိုးသမီးရဲ့ ဦးနှောက်က စဉ်းစားတွေးခေါ်တဲ့ တချို့အစိတ်အပိုင်းတွေ အလုပ်မလုပ်တော့လို့တဲ့။ အမျိုးသားတွေလည်း အတူတူပဲ။ အထူးအဆန်းတော့လည်း မဟုတ်ပါဘူးလေ။ အဲလိုအချိန်မှာ အတွေးနက်နေဖို့လည်း လိုမှ မလိုတာ။

ဘယ်လောက်ကြီးကျယ် မြင့်မြတ်တဲ့ ပညာရှင်ကြီးတွေ၊ ပုဂ္ဂိုလ်ကြီးတွေ၊ က္ကုနြေ္ဒရှင်ကြီးတွေပဲ ဖြစ်ပါစေ ဘဝမှာ ကိုယ့်ဦးနှောက် ကိုယ့်ဆီက ထွက်ပြေးသွားတာမျိုး ကြုံခဲ့ဖူးမှာပဲ။ အဲဒါမျိုးက အဆိုးလို့သတ်မှတ်ထားတဲ့ စိတ်လှုပ်ရှားချိန်မျိုးမှ ဖြစ်တာတော့ မဟုတ်ဘူး၊ ကုသိုလ်လို့ထင်ရတဲ့ စိတ်ခံစားမှု အခိုက်အတန့်တွေမှာလည်း ဖြစ်နိုင်တယ်။ ဥပမာ တခုခုမှာ ယုံကြည်မှု လွန်ကဲတာမျိုး ပေါ့ဗျာ။ အလွယ်ဆုံး ဥပမာ ပေးရရင်တော့ဗျာ တိရစ္ဆာန်တွေနဲ့ လူတွေ စကားပြောတယ်ဆိုတာကို သာမန်အခြေအနေ ဆိုရင် တယောက်မှ ယုံကြမှာ မဟုတ်ဘူး။ ဒါပေမယ့် ဘာသာရေး ဆိုတဲ့ ခေါင်းစဉ်အောက် ရောက်သွားတော့ အဲဒါကို ဒဲ့ယုံတဲ့သူတွေလည်း လောကမှာ မနည်းဘူး။

ဘာသာရေးဆိုမှ သူ့သေခြင်းနဲ့ ပတ်သတ်တဲ့ ကောင်းကျိုးဆိုးကျိုး စာရင်းထဲမှာ ဘာသာရေးနဲ့ တိုက်ရိုက် သက်ဆိုင်တာ မပါသေးတာကို သူသတိရသွားတယ်။ ဒါက ချန်ခဲ့လို့ မဖြစ်တဲ့ အရာပဲ။ တကယ်တော့ ဘာသာရေးတွေ ပေါ်လာတဲ့အကြောင်းတရားထဲမှာ သေခြင်းကလည်း မင်းသားတယောက်ပါပဲ။

(၁၄)
သူ့အတွေးအခေါ်တွေက တိတ္ထိဆန်မှုတွေနဲ့ ဖူးပွင့်ဝေဆာတယ်။ တကယ်တော့ အကြောင်းအကျိုးမပြနိုင်သေးတဲ့ ပဟေဠိ အကောက်အကွေ့တွေကို လူတွေက ဘာသာရေးဆိုတဲ့ စင်တခုခုပေါ် တင်ပြီး ပသ နေကြတာပဲလို့ သူက ယူဆထားတယ်။ ဘန်ကောက်သွားတုန်းကလို စတိုးဆိုင် တဆိုင်ရှေ့ အရောက်မှာ ဆိုင်တံခါး အလိုအလျောက် ပွင့်သွားတာကိုသာ ကျောက်ခေတ်လူသား တယောက် ရုတ်တရက် မြင်သွားမယ်ဆိုရင် အီလက်ထရွန်းနစ် စနစ်မှန်း သိမှာ မဟုတ်ဘူး။ သူ့ကို နတ်ဘုရား တပါးလို့ထင်သွားပြီး ကိုးကွယ်မှာ သေချာတယ်။

သူက ဘုရားသခင်တွေကို မယုံကြည်တဲ့သူဆိုတော့ သူထာဝရငရဲမှာများ ကျနေမလား။ သူ စဉ်းစားကြည့်လိုက်တယ်။
“ထားပါတော့။ ခင်ဗျားကို ကျနော်က မသိဘူး၊ မသိလို့ မယုံဘူးဆိုပါတော့။ အဲလို ခင်ဗျားကို မသိရုံ၊ မယုံရုံလေးနဲ့ ခင်ဗျားက ကျနော့်ကို နှိပ်စက်ညှဉ်းပန်းမယ် ဆိုရင် ခင်ဗျားတအား ကလေးဆန်တာပေါ့။ ဘုရားသခင်က အဲလို ကလေးဆန်ဆန် လူဆိုးကြီး ဟုတ်ပါ့မလား” လို့သူ အတွေးဝင်လာတယ်။
ပြီးတော့ မီးတွေ ရေတွေနဲ့ ကမ္ဘာကြီးကို ဖျက်ဆီးပစ်မယ် ဆိုတာကရော။ အာဏာရှင်တွေ လူတသိန်းလောက်ကို အစုလိုက် အပြုံလိုက် သတ်ရင်တောင် holocaust ဆိုတဲ့ ရာဇဝတ်မှု မြောက်သေးတာ။ ဘုရားသခင်က အဲလို ရာဇဝတ်ကောင် ဆန်ပါ့မလား။ တွေးရင်းနဲ့ သူ့စိတ်သက်သာသလိုလို ရှိသွားတယ်။

တကယ်လို့ ဘုရားသခင်ရှိနေရင်တောင် စာအုပ်ထဲက ဘုရားသခင်တွေနဲ့ တူမှာမဟုတ်ဘူး။ ဘုရားသခင် အစစ်ကြီး လူ့ပြည်ကိုဆင်းလာရင် လူတွေက သူတို့ထင်တာနဲ့ မတူလို့ ဘုရားသခင်အဖြစ် လက်မခံပဲ လိမ်လည်မှုနဲ့ ဖမ်းတောင်ဖမ်းနိုင်တယ်လို့ သူက တွေးလိုက်သေးတယ်။

ငရဲနဲ့ နတ်ပြည် ဆိုတာကိုတော့ သူက စံပယ်နံ့နဲ့ ညှော်နံ့ တပြိုင်တည်းသင်းနေတဲ့ ဝတ္ထုလို့ပဲ ယူဆတယ်။ ဝတ္ထုဆိုတဲ့သဘောက လက်တွေ့သိထားတာတွေကို စိတ်ကူးတွေရွှဲနေအောင် ထပ်လောင်းပြီး ရေးလေ့ရှိကြတယ် မဟုတ်လား။ ငရဲပြည်ရဲ့ နည်းပညာအဆင့်အတန်းကို ကြည့်လိုက်။ မစင်ဘင်ပုပ်တွင်းကြီးတွေ၊ မီးခဲတွေ၊ ပြာပူတွေ၊ အားလုံး လူ့ပြည်မှာ ရှိပြီးသား ဟာတွေချည်းပဲ။ လျှပ်စစ်ဓာတ်တို့ပြီး နှိပ်စက်နည်းတို့ ဘာတို့ကျ မပါတော့ဘူး။ ဘယ်ပါမတုန်း။ ကျမ်းတွေရေးတဲ့ ခေတ်က လျှပ်စစ်ဓာတ်မှ မပေါ်သေးတာ။ ခုခေတ်လူ့ပြည်က ထောင်တွေကတော့ ငရဲပြည်ထက် အဆင့်မြင့်တဲ့ နည်းပညာတွေကို သုံးနိုင်လို့ ကြံဖန် ဂုဏ်ယူနေကြမလား မသိ။

သူ့စိတ်ထဲက တိတ္ထိကောင်ရေ ကုဋေကုဋာ အားနဲ့ အတွေးအင်ဂျင်က ဒီတင် မရပ်သေးဘူး။ ကမ္ဘာမပျက်ခင်မှာ ပွင့်မယ့် ဘုရားရှင်အကြောင်း ရှေးက ကျမ်းပြုသူတွေ ရေးထားတာ ကိုလည်းတွေးကြည့်တယ်။ ယာဉ်ရထားတွေက ဆင်မင်း ၇,၀၀၀ မြင်း ၁,၀၀၀ နဲ့မောင်းနှင်မယ့် ရထားယာဉ်တော် ခုနစ်ရာတဲ့။ ပဒေသရာဇ်ခေတ်ရဲ့ အကောင်းဆုံးယာဉ်တွေကို ကြည့်ပြီး ရေးလိုက်တာ ဖြစ်ရမယ်။ တကယ်ဆို ကမ္ဘာမပျက်ခင်မို့လို့ ယာဉ်တွေက ခေတ်မီယာဉ်တွေပဲ ဖြစ်သင့်တာပေါ့။ ကမ္ဘာမပျက်ခင်မှာကိုပဲ လူတွေ ဟိုးကျောက်ခေတ်ကနေ evolution နဲ့ ပြန်စရမယ်ဆိုရင်တော့လည်း မသိဘူးပေါ့။

မြေကြီးအောက်မှာ ငရဲ၊ မိုးပေါ်မှာ ကောင်းကင်ဘုံဆိုတဲ့ အယူအဆတွေကလည်း ကမ္ဘာကြီးကို အုပ်စောင်းအောက်က နံပြားလိုလို ဘာလိုလို ယူဆထားတဲ့ ခေတ်က အတွေးအခေါ် တွေပဲလို့ သူက တွေးသေးတယ်။ အုပ်စောင်းဆိုတဲ့ မိုးကုပ်စက်ဝိုင်းထဲက အမြင့်တနေရာရာမှာ ကောင်းကင်ဘုံကြီး ရှိမယ်။ နံပြားအောက်မှာ မဟာမြေထုကြီး ရှိပြီး မြေထုကြီးအောက်မှာ ငရဲတွေရှိမယ် ဆိုတဲ့ အတွေးမျိုးပေါ့။

သူ့ အနေနဲ့ အံ့သြမိတာကတော့ ရှေးတုန်းက ကျမ်းပြုဆရာတွေက ငရဲတွေ၊ ကောင်းကင်ဘုံတွေရဲ့ ပထဝီဝင်ကိုကျတော့ ရေးပြီးတော့ ကမ္ဘာပေါ်ကတခြားဒေသတွေရဲ့ ပထဝီဝင်တွေ၊ တခြားဒေသက လူတွေရဲ့ အကြောင်းကိုကျတော့ ဘာလို့ မပြောကြတာတုန်းလို့ စဉ်းစားဖူးတယ်။ သူ့အဖေ ကိုလည်း မေးကြည့်ဖူးတယ်။ ကမ္ဘာ့ပထဝီဝင်က တရားရကြောင်း ငြိမ်းချမ်းကြောင်းတွေ မဟုတ်လို့ မဟောခဲ့တာ နေမှာပေါ့တဲ့။ ဒါဆို ဖွဲ့စည်းပုံမှားနေတဲ့ စကြဝဠာ အကြောင်းတွေ၊ တောင်မဟုတ်တဲ့တောင် တွေရဲ့ ပထဝီဝင်တွေကို ကျတော့ တရားရကြောင်းလည်း မဟုတ်ပဲနဲ့ ဘာလို့ ဘာသာရေးဆရာ တွေက ရေးခဲ့ကြသလဲလို့ သူကထပ်မေးလိုက်တော့ သူ့အဖေက သိပ်မတွေးနဲ့တဲ့။ တွေးနေလို့ ဘာမှဖြစ်မလာဘူးတဲ့။ သူကတော့ အဲလို မထင်ဘူး။ နမူနာ ယူစရာ စံ ဖြစ်တဲ့ ဘုရားတောင် ဘုရားဖြစ်အောင် တောထွက်ဖို့ အတွေးတွေကနေ စခဲ့ရတာမဟုတ်လား။

သူ့အတွက်တော့ ဘာသာရေးတွေဟာ ကရုဏာနံ့နဲ့ထုံတဲ့ နိမိတ်ပုံတွေထက် ဘာမှ မပိုဘူး။ အဲဒါကို ဘယ်သူ့ကိုမှလည်း သူပြောမပြဖြစ်ဘူး။ လူတချို့ကလည်း မလွယ်ဘူးမို့လား။ ဘုရားရှင်ကိုယ်တိုင် ပြန်ကြွလာပြီး သူ မဟောခဲ့တာ တချို့တွေကို မဟောခဲ့ကြောင်း လာထောက်ပြရင်တောင် လူတွေက သူတို့ လှေနံဓားထစ် လက်ခံထားတာတွေနဲ့ မတူလို့ ဓမ္မန္တရယ်လို့ သတ်မှတ်ချင် သတ်မှတ်နေကြမှာ။

“ပဒေသရာဇ်ခေတ်ရဲ့ အနုပညာတွေကပဲ ပြောင်မြောက်လွန်းခဲ့သလား။ မလိမ်ဖို့ ဆုံးမနေကြတဲ့ အရာတွေ ကိုယ်၌မှာ ဘာလို့မုသားဖြူတွေ ပါနေရတာလဲ။ နိမိတ်ပုံတွေနဲ့ ပညာပေးတာကို ဒဲ့ယူလိုက်သည်အထိ ငါတို့တွေကပဲ တုံးနေကြပြီလား။ အိုင်တီခေတ်က လူတွေတော့ ပဒေသရာဇ်ခေတ်က မှော်အောင်သူတွေရဲ့ ပညာပြမှုကို ရေရေလည်လည် ခံနေရပြီ။ လူ့ဦးနှောက်တွေဟာ ဘာလို့ ထင်ယောင်ထင်မှားဘက်မှာ ပိုသန်နေကြတာလဲ။ ဘီလူးအရိုးစုတွေကို လိုက်မရှာကြတာကပဲ တော်သေးတယ်။”

“အတင်းအကြပ် ယုံကြည်ခိုင်းမှု ဆိုတာကတော့ ကြောက်စရာအကောင်းဆုံး အာဏာရှင် စနစ်ပါပဲ။ လူတွေဟာ သူတို့မလုပ်ချင်တဲ့ ဟမ္မူရာဘီ ကိုဓဥပဒေကိုတော့ သဘာဝတရားကြီးအား အတင်းအကြပ် တာဝန်လွှဲအပ်ခဲ့ပြီ။ ငါ့စိတ်ထဲမှာ သဘာဝအလျောက် ပေါ်လာတဲ့ လောဂျစ်ဆန်ဆန် ဂျစ်ကန်ကန် အတွေးတွေက စော်ကားလိုစိတ် မပါလည်းပဲ ငရဲဝင်ခွင့်တွေလား။ ပဒေသရာဇ်ခေတ်က မိုင်းဗုံးတွေကို ငါတို့ ဘယ်လိုရှင်းကြမလဲ။”

“မိရိုးဖလာအဆင့်နဲ့ ကျေနပ်မနေနဲ့လို့ ဆုံးမခဲ့သူတွေကို ငါမုန်းချင်တယ်။ ပိုဖတ်ဖြစ်လို့ ပိုသိလာမှ သံသယတွေ ပိုကြံ့ခိုင်လာခဲ့တာလေ။ ခုတော့ ကိုယ့်ကိုယ်ကို လှည့်ဖျားမှုအတတ်ကို ငါလုံးလုံးဆုံးရှုံးခဲ့ပြီ” သူ့အတွေးတွေကို ကြောက်စိတ်က ဘရိတ်လာအုပ်လို့ တပိုင်းတစနဲ့ ရပ်သွားတယ်။

သူ့အတွေးတွေကို သူတောင် ပြန်လန့်နေတာမို့ လူက ထိုင်နေပေမယ့် စိတ်က နပန်းသမားတယောက်လို ရုန်းကန်နေရတယ်။ ကိုယ့်ငယ်ငယ်က အစွဲကို ကိုယ်ပြန်ဖျောက်ဖျက်ပစ်ဖို့ ဆိုတာက ကိုယ့်ဂိုးကိုယ် ပြန်သွင်းရမယ့် ပယ်နယ်တီ တလုံးလိုပဲ။ ခုတော့ ကောင်းကင်ပေါ်က လက်တံတချောင်း ထွက်လာပြီး သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးနေသယောင် ခံစားနေရတယ်။ အရပ်ရှစ်မျက်နှာ မှာလည်း လက်ညှိုးတွေ..လက်ညှိုးတွေ၊ နောက်ဆုံး လမ်းလျှောက်ရင်တောင် မြေကြီးပေါ်ကနေ သူ့ကို ထိုးတဲ့ လက်ညှိုးတွေ ထွက်ထွက်လာတာမို့ မနင်းမိအောင် မနည်းရှောင်နေရတယ်။ အင်္ဂုလိမာလရေ…မြန်မြန်လာကယ်ပါတော့။

ဇောချွေးတွေကိုသုတ်ပြီး သူချရေးလိုက်ပြန်တယ်။

သေဆုံးခြင်း
ကောင်းကျိုး (၈)
သူများယုံကြည်တိုင်း လိုက်ယုံကြည်ရန် မလိုတော့။ လူအုပ်ကြီးထဲမှာနေရင်းနဲ့ အထီးမကျန်တော့။ အမြင်မတူယုံနဲ့ ထိုးလာမယ့် လက်ညှိုးတွေ မရှိတော့။
ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ မလိုတော့၊

(၁၅)
အခုဆိုရင် သူ့ဘက်မှာ ဆွဲချ ရှစ်ဖော်တောင် ရှိလာပြီမို့ သူ့ရင်ခုန်သံတွေ နည်းနည်းမြန်လာတယ်။ ထွက်ပေါက်ကနေ သူရင်ကော့ပြီး ထွက်သွားဖို့ ပြင်လိုက်ပြီးမှ တစုံတရာကိုတွေးမိပြီး သူခေါင်းငိုက်စိုက် ကျသွားပြန်တယ်။

“တကယ်လို့ ခင်ဗျားဟာ မိုးကြိုးပစ်ခံရပြီး သေမယ်ဆိုပါတော့။ တချို့က ခင်ဗျားကို မိဘကို စော်ကားထားလို့လို့ သမုတ်ကြလိမ့်မယ်။ တကယ်တော့ မိုးကြိုးပစ်ခံရပြီး သေတဲ့လူနဲ့ ကားတိုက်ပြီး သေတဲ့လူက အတူတူပါပဲ။ ထီ ဆုကြီးပေါက်တဲ့လူနဲ့ ဆုသေးပေါက်တဲ့လူလောက်ပဲ ကွာတယ်။”

“ခင်ဗျား ဝရဇိန်လက်နက် မှန်ပြီး သေသွားလို့ အဲလို သမုတ်ခံရရင်လည်း ကိစ္စမရှိပါဘူး။ ခင်ဗျားအနေနဲ့ သေရာကနေ ကုန်းရုန်းထပြီးတော့ သမုတ်တဲ့သူရဲ့ အိပ်မက်ထဲ ဝင်ပြီး ဒီလိုဆို သစ်ပင်တွေလည်း မိဘကို စော်ကားလို့ပေါ့နော်..ဘာညာနဲ့ ခင်ဗျားရဲ့ မသာရုပ်ကြီးအားကိုးနဲ့ ဖြဲချောက်ပစ်လိုက် လို့ရတယ်။ အဲဒီ့လူကို
နားရွက်ဆွဲပြီး မိုးကြိုးလွှဲတွေအကြောင်း ပြောပြလိုက်လို့လည်း ရသေးတယ်။ ဒါမှ လက်မခံသေးလည်း အဲဒီ့အကောင်ကို ဂုတ်သာ ချိုးပစ်လိုက်ပေတော့။”

“ကိုယ့်ကိုယ်ကို အဆုံးစီရင်ရတာ ကျတော့ အဲလိုမဟုတ်ဘူးဗျ။ ဘဝကို အရှုံးပေးသွားမှန်း ထင်ရှားတယ်။ suicide လုပ်တာကို do လို့တောင် မသုံးကြဘူး။ commit တဲ့။”

ကျန်ရစ်သူတွေက အခွင့်ကြုံတိုင်း သူ့ကို အရှုံးသမားတယောက်လို ပြော ပြော နေကြမှာကိုတော့ သူမလိုလားဘူး။ သူစိတ်ကူးယဉ်ထားတာက ဒီလို။ သူ့ကိုယ်သူ အဆုံးစီရင်လိုက်ရင်တောင် ဘယ်သူကမှ သူအဆုံးစီရင်သွားမှန်း မရိပ်မိစေရဘူး။ သွေးရိုးသားရိုး accident တခုခုနဲ့ သေသွားတာ လို့ပဲ ထင်ခဲ့စေချင်တယ်။ ဖြစ်နိုင်ရင် စာရေးဆရာ မင်းဆွေ လိုမျိုး ရုတ်တရက်ပျောက်သွားတာမျိုးဆို ပိုသဘောကျတယ်။ မင်းဆွေက ဆေးလိပ်ဝယ်ဖို့ အိမ်ကနေ ထွက်သွားရင်း ပျောက်သွားတာလေ။

သူ ခဏခဏ မက်တဲ့ အိပ်မက်တခုရှိတယ်။ အိမ်ကို…အဘိုးတို့ဆီ အလည် သွားမယ်လို့ ညာပြော။ ပြီးတော့ ကိုယ့်ကို ဘယ်သူမှ မသိတဲ့ ကမ်းခြေမြို့တမြို့ကို တိတ်တိတ်ကလေး သွားပြီး လှေတစီး ငှားမယ်။ အင်း..ငှားတာက မဖြစ်နိုင်လောက်ဘူးထင်တယ်။ စပေါ်ပေးရတာက ကိစ္စမရှိဘူး။ မှတ်ပုံတင်တွေ ဘာတွေ ပြခိုင်းနေရင် ဒုက္ခ။ လှေကို အပိုင်ဝယ်လိုက်တာ အေးတယ်။ ပြီးတော့ ပင်လယ်ထဲကို လှေလေးနဲ့သွား။ ပင်လယ်ထဲရောက်တော့မှ ရေအောက်ကမ္ဘာထဲကို ခုန်ချ။ လှေကလေးကတော့ ဆက်မျောသွားမယ်။

သူ့အမေနဲ့ အဖေကတော့ သတင်းစာမှာ လူပျောက်ကြော်ညာ ထည့်ချင် ထည့်ကြလိမ့်မယ်။ “မောင်မရဏမင်း သည် အဘိုးအဘွားများရှိရာ မကွေးမြို့သို့ အလည်အပတ် သွားရောက်မည်ဟုပြောသွားကာ ပျောက်ဆုံး သွားပါသဖြင့်” …ဘာညာပေါ့။ သြော်… “မရဏမင်း” ဆိုတော့ ဘယ်သူမှ လိုက်ရှာရဲမယ်လို့လည်း မထင်ဘူး။ သူပြုံးရင်းနဲ့ ချရေးလိုက်တယ်။
သေဆုံးခြင်း (ကိုယ့်ကိုယ်ကို သတ်သေခြင်း)
ဆိုးကျိုး (၁)
ကိုယ့်ကိုယ်ကို သတ်သေမှန်းသိသွားရင် အရှုံးသမားလို့ သတ်မှတ်ကြလိမ့်မယ်။

(၁၆)
“ကိုကို”
နေခြည့်ပါးစပ်ဖျားမှာ သူ့နာမည် ပန်းလိုပွင့်ခဲ့တယ်။
“ပြော…နေခြည်”
နေခြည်နဲ့တွေ့တဲ့အချိန်ဆို သူ့ရင်တွေက ညိမ့်ညိမ့်လေး ခုန်လေ့ရှိတယ်။သူ့ရင်ခုန်သံ ညိမ့်ညိမ့်လေးကိုသာ ဂီတအဖြစ် ပြောင်းလဲပေးနိုင်မယ့် converter တခုရှိရင် ခေါင်းလောင်းသံ ချိုချိုလေးတွေ ထွက်မှာပဲ။
“မြတ်နိုးမှု” ဆိုတဲ့ ကျယ်ပြန့်တဲ့ လျှို့ဝှက်ခက်ဆစ်လေးကို ရင်ဘတ်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း စကားပြောနေတဲ့ သူ့ကို နေခြည် ကြည့်တတ်ရင်တော့ မျက်လုံးတွေထဲမှာ လေးနက်တဲ့ အချစ်တွေ တူတူပုန်း နေတာကို တွေ့လိမ့်မယ်။ သူ့ဦးနှောက်ဟာ နေခြည်ဆိုတဲ့ ဖိုင်တွေနဲ့ ပြည့်နေတဲ့ ဖိုဒါပေါ့။
ဖြစ်နိုင်ရင် သူ့ရင်ထဲမှာ နေခြည်အေးအေးလေးနဲ့ ၂၄ နာရီလုံး လင်းချင်တယ်။

နေခြည်ဆိုတဲ့ သတ္တဝါမလေးဟာ သူ့စိတ်ကို နူးညံ့မှုတွေ အသာခြုံလွှမ်းပေးတဲ့ ကဗျာကုန်ကြမ်းလေးပါပဲ။ သူ့ရင်ထဲက အချစ်တွေကို ကဗျာယူနစ်နဲ့သာ တိုင်းမယ်ဆိုရင် အခုဆို ယူနစ် ၂၀ ကျော်နေလောက်ပြီ။

“ကိုကို…နေခြည် သွားတော့မယ်”
နေခြည့်ရဲ့ နှုတ်ဆက်သံလေးက သူ့အတွက် ‘ကဗျာတိုတပိုဒ်ရဲ့အပိတ်’ ဆိုရင် သူ့ကို စိတ်အာဟာရ ပေးလေ့ရှိတဲ့ မျက်နှာလေးကတော့ သူ့အတွက် ‘ကာဗိုဟိုက်ဒရိတ်’ ပေါ့။
ဒါပေမယ့် ကံဆိုးတယ်…သူရော နေခြည်ရော အရမ်း ကံဆိုးတယ်။

အကြောင်းကတော့ နေခြည်ဟာ သူ့မွေးစားညီမလေး ဖြစ်တဲ့အပြင် တဝမ်းကွဲ ညီမလေးမို့လို့ ပါပဲ။ နေခြည့်မိဘတွေက ဟိုးငယ်ငယ်လေးကတည်းက ဆုံးသွားလို့ သူ့အဖေနဲ့ အမေက မွေးစားထားတာ။

ဒါပေမယ့် သူ နေခြည်အပေါ် ထားတဲ့ အချစ်က ၅၂၈ မကပေမယ့် ၁၅၀၀ မီးတောက် အစစ်ကြီး မဟုတ်တာတော့ သေချာ ပါတယ်။ သူ့ရဲ့အချစ်ဟာ မြတ်နိုးခြင်းသက်သက်၊ အတူရှိနေလိုခြင်း သက်သက်၊ မေတ္တာနဲ့ မိုးပေးလိုခြင်း သက်သက်၊ တဘဝလုံး မျှဝေခံစားလိုခြင်း သက်သက် ၊ စောင့်ရှောက်ပေးလိုခြင်း သက်သက်တွေ ဆိုတာကို သူ အာမ ခံရဲပါတယ်။ ဒါပေမယ့် နေခြည် တခြားယောကျာ်းလေးတွေနဲ့ စကားပြောနေတာတွေ၊ ပြုံးပြ နှုတ်ဆက် တာမျိုးတွေကို သူမြင်သွားတဲ့အခါမျိုးတွေမှာ ဆိုရင်တော့ သူ့သောကတွေဟာ အနီရောင်ရင့်ပြီးတော့ မီးတောက်တွေလို ပွင့်ဖွာတတ်တယ်။

သူ့စိတ်ထဲမှာ အဲလိုစောက်သုံးမကျတဲ့ မိစ္ဆာသရဲသဘက်ကလေး ငယ်စဉ်ကတည်းက တဖြည်းဖြည်း ကြီးပြင်းလာတာကို သူသတိထားမိလိုက်တဲ့ အချိန်မှာတော့ နောက်ကျသွားပြီ။ အဲဒီ့ သရဲသဘက်လေးကို သူကြိုးစားသတ်ကြည့်ပေမယ့်လည်း သတ်လေလေ မကောင်းဆိုးဝါးကောင် လေးက ကြီးထွားလေလေ။ သူရည်းစားတွေ တယောက်ပြီး တယောက်ထားကြည့်တယ်။ မရဘူး။ နောက်ဆုံးတော့ အဲဒီ့ မင်စာ သရဲသဘက် လေးကို သူသတ်ဖို့ မကြိုးစားတော့ပဲ လက်ပိုက်ကြည့်နေလိုက်ရတော့တယ်။

ဘာပဲဖြစ်ဖြစ် အစပိုင်းမှာတော့ သူ့စိတ်သူ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အင်း…အဲဒါဆိုရင် သိပ်တော့မတိကျဘူး။ တကယ်က သူ့ အချစ်စိတ်တွေကို သူ မထိန်းချုပ်နိုင်ဘူး။ သူထိန်းချုပ်နိုင်တာက ကာယကံရယ်၊ ဝစီကံရယ်ပဲ။ နောက်တော့ နေခြည်က ကျော်ကျော်ဆိုတဲ့ ကောင်လေးနဲ့ ရည်းစားဖြစ်သွားတယ်။ သူအိမ်ကို တိုင်ဖို့ စဉ်းစားလိုက်သေးပေမယ့် နေခြည်ရည်းစားရသွားတာလည်း တမျိုးကောင်းတာပဲလို့ စဉ်းစားမိလို့ မတိုင်ဖြစ်တော့ဘူး။

ဒါပေမယ့် သူ့ရဲ့ မျက်လုံးတွေက နေခြည့်ကို လိမ်တတ်ပုံမရပါဘူး။ သူ့မျက်နှာပေါ်မှာ မကြာခဏ ကြေညာသွားမိတတ်တဲ့ မနာလိုမှု အထောက်အထား တွေရယ်၊ သူ့ ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ မြတ်နိုးမှု အထောက်အထား ဓာတ်ပုံတွေရယ်၊ အကြောင်းမရှိ အကြောင်းရှာပြီး နေခြည့်အခန်းထဲ စကားသွားသွားပြီး ပြောသလိုမျိုး သံယောဇဉ်အထောက်အထားတွေရယ်၊ ဂရုစိုက်လွန်မှုတွေရယ်ကြောင့် နေခြည်လည်း တဖြည်းဖြည်းနဲ့ ရိပ်မိလာပြီလို့ သူထင်နေတယ်။

တရက်တော့ နေခြည့်အခန်းထဲကို စကားသွားပြောရင်းနဲ့ နေခြည့်စားပွဲပေါ်မှာ သော့ခတ်ထားနေကျ နေခြည့် ဒိုင်ယာရီစာအုပ်ကလေးကို သော့မခတ်ပဲနဲ့ တွေ့လိုက်ရတယ်။ ညကျတော့ သူ ဘယ်လို စိတ်ရူးပေါက်လာမှန်းမသိဘူး။ အဲဒီ့ ဒိုင်ယာရီစာအုပ်ကို ဖတ်ချင်စိတ် အရမ်းပြင်းပြလာတာနဲ့ နေခြည့်အခန်းဆီ သွားပြီး တံခါးကို အသာလေးဖွင့်ကြည့်လိုက်တယ်။ ဟင်! နေခြည်က ဂျက်ထိုးမထားဘူး။ အခန်းက မှောင်မဲနေတယ်။ သူ အခန်းဝက နေခြည့် စာကြည့်စားပွဲကို ဖြည်းဖြည်းချင်း စမ်းလိုက်တယ်။

“အမလေး။ ကိုကိုရေ…လူ…လူ”
ဟိုက်၊ နေခြည်နိုးသွားပြီ။ နေခြည်က တခုခုဆို သူ့ကိုပဲ တတတ်တယ်။ “ဟ။ နေခြည်…ငါပါဟ။ နင်ကလည်း ဒီအိမ်ထဲကို တခြား ဘယ်သူဝင်လို့ ရမှာတုန်း။ ငါ့စာအုပ် တအုပ်မတွေ့လို့ နင့်စားပွဲပေါ်မှာများ ကျန်ခဲ့သလားလို့ ငါလာရှာတာ”

တအိမ်လုံးနိုးလာပြီး နေခြည့်အခန်းဆီ ရောက်လာကြတယ်။ သူကတော့ စာအုပ်ရှာချင်ယောင် ခဏဆောင်လိုက်ပြီး မေးခွန်းထုတ်သလို မျက်လုံးတွေကို အပြင်ပန်းတည်ငြိမ်မှုနဲ့ ရင်ဆိုင်ပစ်လိုက်တယ်။ ကျန်တဲ့လူတွေ ပြန်အိပ်ပျော် မပျော်တော့ မသိဘူး။ သူ့မျက်လုံးတွေကတော့ နောက်နေ့မနက်လင်းသည် အထိ တညလုံး နိုက်ဂျူတီ ဆင်းလိုက်ရတယ်။ သူ့အခန်းကျဉ်းလေးထဲမှာတော့ အတွေးပျက်အကောင်ပေါက်များ သွေးပျက်ကယောင်ခြောက်ခြားနဲ့ လမ်းသလားလို့။

ညနေက နေခြည့်အခန်းထဲကို သူ ဘာစာအုပ်မှ ယူမသွားခဲ့တာကိုတော့ သူနဲ့နေခြည် နှစ်ယောက်တည်းပဲ သိလိမ့်မယ်။

(၁၇)
ခုဆို သူ့စိတ်ဟာ သော့ခတ်ထားတုန်းပေမယ့်လည်း မလုံခြုံတော့ဘူး။ နေခြည်ကိုလည်း ရင်မဆိုင်ရဲတော့ဘူး ဖြစ်နေတယ်။ သူ့ဖောက်ပြန်နေတဲ့ စိတ်တွေကို အဖေနဲ့ အမေပါ တစွန်းတစ သိများ သိသွားပြီလား။

နောက်ဆုံးတော့…စိတ်အပြောင်းအလဲ ဖြစ်လိုဖြစ်ငြား ရန်ကုန်မှာ သင်တန်းတွေ သွားတက်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမယ့် ရန်ကုန်မှာ သူသိပ်မကြာလိုက်ပါဘူး။ အမေဘက်က အဘိုး တောင်ကြီးမှာ ဆေးရုံလာတက်ရင်း ဆုံးသွားတာနဲ့ တောင်ကြီးကို သူခဏဆိုပြီး ပြန်လာခဲ့ရတယ်။ သူကတော့ ကြိုတင် မျှော်လင့်ပြီးသားဖြစ်တာရယ်၊ အဘိုးနောက်ဆုံးအချိန်တွေမှာ မတွေ့လိုက်ရတာရယ်ကြောင့် သိပ်မခံစားရပါဘူး။ နေခြည်ကတော့ တော်တော်နွမ်းနေပုံ ရတယ်။

(၁၈)
“ကိုကို…နေခြည်တို့ ရှုခင်းသာဘက် သွားရအောင်လေ။ ပြီးတော့ ဆိုင်ကယ်လျှောက်စီးရအောင်”

“အင်း၊ ကောင်းသားပဲ”

ရှုခင်းသာထဲက လေထုက သန့်ရှင်းလတ်ဆတ်နေပေမယ့် သူ့ရင်ထဲမှာတော့ ဘာလို့မှန်းမသိ နွမ်းဖတ်နေတယ်။
“နေခြည် …ကျော်ကျော်နဲ့ အခြေအနေရော”
“နေခြည်တို့ ပြတ်သွားကြပြီ ကိုကို”
“သြော်…သူကဖြတ်သွားတာလား”
“မဟုတ်ဘူး။ နေခြည်က ဖြတ်လိုက်တာ”
“ဟင်! ဘာဖြစ်လို့တုန်း”
“နေခြည် အစကတည်းက သူ့ကို တကယ် မချစ်ဘူးကိုကို”
“ဟာ! ဒါဆို အစကတည်းက မတွဲနဲ့ပေါ့။ ဘာလို့ တွဲနေသေးတုန်း”
“အဲဒီ့တုန်းကတော့ ကိုကိုရှိနေတာကိုး”
“ဘာ!!!” နေခြည့်စကားကြောင့် သူ ရှက်လည်းရှက် ဒေါသလည်း အရမ်းထွက်သွားတယ်။
“အဲဒါ ငါနဲ့ ဘာဆိုင်လို့တုန်း။ ငါက အဲလောက်တောင် ကြောက်စရာ ကောင်းနေပြီလား။ ငါ….ငါ….” သူဘာဆက်ပြောရမှန်း မသိတော့ဘူး။ “တောက်!” သူ့ကိုယ်သူ မုန်းတီးမှုနဲ့ သူ တောက်တချက် ခေါက်လိုက်တယ်။
“မဟုတ်ဘူးကိုကို…အဲလို မဟုတ်ဘူး” နေခြည့်မျက်နှာမှာ မျက်ရည်တွေ ရွှဲနေတယ်။ “နေခြည်ပြောချင်တာက နေခြည်” နေခြည့်စကားက ရပ်သွားတယ်။
“နေခြည်… ကိုကိုရေးလက်စ ကဗျာနှစ်ပုဒ်ကို ကိုကို့ ကွန်ပျူတာထဲကနေ ဖတ်ဖူးတယ် ကိုကို။ တပုဒ်က ကိုကို့ စိတ်ပဋိပက္ခတွေ အကြောင်း” နေခြည့်စကားက ရပ်သွားပြန်တယ်။ သူကတော့ စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းရှည် တချက် ချလိုက်တယ်။
“ကိုကို နေခြည့်ကို ချစ်နေတာကို သိလိုက်ရတယ်။ နေခြည်လည်း ကိုကို့ကို ချစ်မိနေပြီ ကိုကို။ ပြီးတော့ ကိုကို့လိုပဲ အပြစ်မကင်းတဲ့ စိတ်တွေ ခံစားနေရတယ်။ ဒါနဲ့ နေခြည်လည်း စိတ်များပြောင်းသွားမလားဆိုပြီး ကိုကျော့်အချစ်ကို လက်ခံလိုက်တာ” နေခြည်က ပြောရင်းနဲ့ ဆက်ငိုနေတုန်းပဲ။
“နေခြည်…မငိုနဲ့တော့လေ”
သူ နေခြည့် ဘယ်လက်လေးကို လှမ်းယူပြီးတော့ တယုတယ ဆုပ်ကိုင်ထားလိုက်တယ်။ ခဏနေတော့ နေခြည်က သူ့နားတိုးလာပြီးတော့ ခေါင်းလေးကို သူ့ပုခုံးပေါ် မီလိုက်တယ်။

(၁၉)
ဟား! သွားပြီ။
သူအမှတ်တမဲ့နဲ့ ခေါင်းကို ဘယ်ဘက်ကို လှည့်ပြီး ကြည့်လိုက်မိတော့ ဒေါက်တာ ဦးစံလွင်တို့။ နေခြည်ကတော့ မမြင်ဘူး။ သူကြည့်လိုက်တဲ့ အခါမှာ ဒေါက်တာ ဦးစံလွင်တို့က မျက်နှာလွှဲသွားကြတယ်။ သြော်…မြင်ပြီးမှတော့လည်း မထူးတော့ပါဘူး။
“နေခြည်…ကိုကိုတို့ သွားရအောင်လေ”
“ကိုကို…နေခြည် စုဠာမုဏိ ဘုရားသွားချင်တယ်။ ဘုရား သွားပြီး ဆုတောင်း ရအောင်နော်”
“အင်း…ကောင်းသားပဲ” သူကတော့ လောလောဆယ် ဒေါက်တာ ဦးစံလွင်တို့ သူနဲ့ နေခြည့်ကို မြင်သွားလို့ စိတ်ရှုပ်နေတယ်။ ပန်းခြံထဲကနေ အမြန်ခွာရရင် ပြီးရော။

(၂၀)
ဆိုင်ကယ်က ဘုရားဆီ ဦးတည်သွားနေပေမယ့် သူ့စိတ်ကတော့ အကုသိုလ်တွေ ပေါ်မှာ ကျက်စားနေတယ်။

“ဒီနေ့ အဖြစ်အပျက်တွေက မြန်လွန်းတယ်။ နေခြည်ကလည်း ငါ့ကို ချစ်သတဲ့။ ငါအကြီးအကျယ် မှားခဲ့ပြီထင်တယ်။ နေခြည့်ကို သွေးဆောင် ဖျားယောင်းခဲ့သလိုများ ဖြစ်ခဲ့ပြီလား။ တကယ်ဆို ငါက အကြီးပဲ။ အစစ အရာရာ ဆင်ခြင်သင့်တာပေါ့။ နေခြည်လေးလည်း စိတ်ပဋိပက္ခ ခံစားနေရ ရှာမှာပဲ။ ငါတို့ မောင်နှမ နှစ်ယောက်ရဲ့ မေတ္တာကို… လူမဆန်စွာ စိတ်ဖောက်ပြန်မှုလို့ ခေါ်သင့်သလား။ ရှေးတုန်းကတော့ လူတွေတင် မကဘူး၊ ဂရိ ဒဏ္ဍာရီထဲက နတ်ဘုရားတွေ၊ နတ်ဘုရားမ တွေတောင် မောင်နှမ အချင်းချင်း လက်ထပ်ခဲ့ကြ သတဲ့။ သိဒ္ဓတ္ထမင်းသားရဲ့ အဖေတူ အမေကွဲ ညီတော် နန္ဒမင်းသားလေးနဲ့ သူ့ရဲ့ ကြင်ယာတော် ဇနပဒ ကလျာဏီဆိုလည်း မောင်နှမတွေ ပါပဲ။ အဲဒါတွေက ရှေးတုန်းက မို့လို့ဆိုရင် ဓမ္မတို့ အဓမ္မတို့ ဆိုတာတွေဟာ ခေတ်တွေ၊ ကာလဒေသတွေရဲ့ ပြဌာန်းသတ်မှတ်ချက် သက်သက်ပဲလား။ အမှန်အမှား ဆုံးဖြတ်တာမှာ ဘာလို့ ပေတံတွေအမျိုးမျိုး ရှိနေကြတာလဲ။ တကယ်တော့ လောကကြီးမှာ ဘောင်ဝင်ခြင်း မဝင်ခြင်းကသာ အဓိက ကျနေတယ် ထင်တယ်။ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင် အိုင်းစတိုင်းရဲ့ ဒုတိယဇနီးဟာ အမေဘက်ကကြည့်ရင် အိုင်းစတိုင်းနဲ့ တဝမ်းကွဲ မောင်နှမ တော်စပ်တဲ့အပြင် အဖေဘက်က ကြည့်ရင်ပါ နှစ်ဝမ်းကွဲ ထပ်ပြီး တော်စပ်လိုက်သေး သတဲ့။ ဒီဘက်ခေတ်မှာလည်း တချို့ နိုင်ငံ တချို့ဒေသတွေမှာ မောင်နှမ ဝမ်းကွဲချင်း လက်ထပ်နေကြတုန်းပဲ မို့လား။ ခု…သူနဲ့ နေခြည်က လက်ထပ်ဖို့လည်း ရည်ရွယ်တာ မဟုတ်ပါဘူး။ တယောက်နဲ့ တယောက် ပြင်းထန်တဲ့ သံယောဇဉ်နဲ့ ချည်နှောင်သွားမိရုံလေးပါ။ မျိုးရိုးဗီဇ ပညာရှင်တွေကတော့ ဆွေမျိုးချင်း လက်မထပ်သင့်ဘူးတဲ့။ အင်း။ ဟုတ်မှာပါ။ နောက်ဆုံးတော့ ကာလဒေသနဲ့ အံဝင်အောင် မနေနိုင်တဲ့ ငါ့ရဲ့ ဖောက်ပြန်နေတဲ့ စိတ်ကိုပဲ အပြစ်တင်ရတော့မှာပဲ။ ဒေါက်တာဦးစံလွင်တို့ကတော့ မြင်သွားပြီ။ အဖေနဲ့ အမေကို သူတို့ သွားများပြောနေမလား”

“ကိုကို…ဖြည်းဖြည်းမောင်းပါ။ နေခြည်…”
နေခြည့်စကားတောင် မဆုံးသေးဘူး။
“ဝုန်း”
လမ်းကြားထဲက အရှိန်နဲ့ ထွက်လာတဲ့ ဆိုင်ကယ်က သူတို့ဆိုင်ကယ်ကို ဝင်တိုက်လို့ ဆိုင်ကယ်ရော နေခြည်ရော သူပါ လွင့်စင်သွားတော့တယ်။

(၂၁)
နေခြည်သေသွားရတာ သူ့ကြောင့်လည်း ပါတယ် ဆိုတဲ့ အစွဲက သူ့စိတ်ကို ဖိစီးနေတယ်။ တကယ်ဆို
သူ ခုလို အဓိပ္ပါယ်မရှိ တဲ့ ကောင်းကျိုးဆိုးကျိုး တွက်ချက်မှုတွေ လုပ်နေစရာတောင် မလိုပါဘူး။ နေခြည် သေသွားတာ တချက်တည်းနဲ့ တင် သူ့ကိုယ်သူ ခွင့်မလွှတ်သင့်ဘူးလို့လည်း တွေးနေမိတယ်။ အခု သူ့ရင်ထဲမှာ ဝေဒနာမျိုးစုံနဲ့ ပူလောင်နေတယ်။ အရပ်ရှစ်မျက်နှာမှာလည်း ဝေဒနာ မီးတောက်တွေ…သောက မီးတောက်တွေ။ သူ့ကိုယ်ခန္ဓာပါ ပူလောင်သလို ရှိလာတာမို့ သူမျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။
“ဟင်! ငါဘယ်ရောက် နေတာပါလိမ့်။” သူမျက်လုံးတွေကို ထပ်ကစား ကြည့်လိုက်တယ်။ ဟာ! ဟိုမှာ…မီး..မီးတွေ!… သေချင်နေတဲ့ လူမိုက်တယောက်အတွက် ဘုရားသခင်က ရေကန်အသင့် ကြာအသင့် ဖန်တီးပေးလိုက်တာလား။ သူ့အကုသိုလ်တွေကို မျက်စေ့ဒေါက်ထောက်ကြည့်နေပုံရတဲ့ ကံကြမ္မာကပဲ ပထမပွဲမှာ အလဲမထိုးလိုက်နိုင်လို့ အညှိုးအတေးနဲ့ အကွက်ဆင် ဖန်တီးပေးလိုက်တာလား။ တကယ်ဆို သူအလိုရှိနေတဲ့ ဘုရားသခင်က မီးတောက်တွေအသွင်နဲ့ သူ့ကို ကူညီဖို့လာပြီလေ။ သူမီးတောက်တွေနဲ့ ရင်းရင်းနှီးနှီး မိတ်ဆွေ ဖွဲ့လိုက်သင့်တာပေါ့။

ဒါပေမယ့် မီးလောင်ပြီး သေရတာဟာ ဆိုးတယ်လို့ သူထင်လို့လား။ ဒါမှမဟုတ် မီးလောင်ပြီးပဲ အသားကင် တကောင်လို သေသေ၊ ဆိုင်ကယ်မှောက်ပြီးပဲ သွေးသံရဲရဲနဲ့ အသားတစ် တခုလို သေသေ၊ ရေနစ်လို့ ဖောယောင် ပုပ်ပွပြီးပဲ သေသေ၊ သတ္တဝါတွေဟာ သူခံနိုင်တဲ့ နာခြင်းအဆင့်တခုကို လွန်သွားရင် သတိလွတ်မေ့မျောသွားမှာမို့ တခုနဲ့ တခု ဝေဒနာ ခံစားရမှုချင်း သိပ်မကွာဘူးဆိုတာကို သူမယုံကြည်လို့လား။ ဒါမှမဟုတ် မွေးရာပါ ရှင်သန်လိုစိတ် ကြောင့်ပဲလား။
သူအခန်းထဲကနေ ပြေးထွက်ဖို့ ပြင်လိုက်တယ်။ အိုး…သူ့ ခြေထောက်တွေက လှုပ်လို့ မရတော့ဘူး။ ဒါနဲ့ သူကျုံးအော်လိုက်တယ်။ “မီးဗျို့…မီး…မီး” “ကယ်ကြပါဦးဗျို့”
“မီး” လို့ အော်သံကြားတာနဲ့ ဒေါ်မြတ်မြတ်မင်းက အခန်းဆီကို အပြေးအလွှား ရောက်လာတယ်။
“သား…မာနမင်း…မီးက…မီးက ဘယ်မှာတုန်း” အခန်းထဲမှာတော့ မီးဆိုလို့ ဖယောင်းတိုင် မီးတခုပဲ ရှိတယ်။
“မီး…မီး…အမေ…မီး” မာနမင်းကတော့ ထိတ်လန့်တကြား ရေရွတ်နေတုန်း။

မာနမင်းရဲ့ အော်သံကြောင့် ဘေးအိမ်က လူတချို့ပါ ရောက်လာကြတယ်။
“သားလေး နေမကောင်းလို့ အိပ်မက်ယောင်ပြီး အော်နေတာပါ။ မီးလောင်တာ မဟုတ်ပါဘူးရှင်”

ဒေါ်မြတ်မြတ်မင်းက ဒိုင်ယာဇီပင် တလုံးယူပြီး မာနမင်းကို တိုက်လိုက်တယ်။
ဒီလိုနဲ့ မရဏမင်း တဖြစ်လဲ မာနမင်းဟာ အိပ်ပျော်သွားတော့တယ်။

အိပ်မက်ထဲမှာတော့ မာနမင်းဟာ သူမရောက်ဖူးတဲ့ မြို့လေးမှာ လှေတစင်းကိုဝယ်….သြော်..ပင်လယ်ဆီကို သွားဖို့။

ကောင်းကင်ကို
(10 Feb 2011)