Showing posts with label For Free Thinkers. Show all posts
Showing posts with label For Free Thinkers. Show all posts

Thursday, October 3, 2019

Algebra...Geometry...သရဲတစ္ဆေ....ယုတ္တိ....Godel...စိတ္တဇ

 Algebra...Geometry...သရဲတစ္ဆေ....ယုတ္တိ....Godel...စိတ္တဇ 

(Facebook Memories မှာ တက်လာတဲ့ ပို့စ်ကို မူရင်းရေးခဲ့တဲ့ date အတိုင်း blog မှာ ပြန်စုတာပါ)

ဟိုးတစ်ရက်က တခြားသူတစ်ယောက်ရဲ့ စာတစ်ပုဒ်မှာ (မင်းခိုက်စိုးစံတို့ တာရာမင်းဝေတို့ရဲ့ အဆိုအမိန့်တွေ ထည့်ရေးထားတဲ့ စာတစ်ပုဒ်မှာ)  algebra က နိမ့်သလိုလို သဘော ရေးထားတာကို ဖတ်လိုက်ရတယ်။ အရှေ့တိုင်းသားတွေဟာ အလွတ်ကျက်ပြီး algebra ကို ကျွမ်းကျင်တဲ့ပုံစံမျိုး။ ပြောရရင် algebra က နိမ့်နေတဲ့ ပုံစံမျိုး ရေးထားတယ်။ ပြီးတော့ prove လုပ်ရတာဟာ Geometry မှာပဲရှိပြီး Algebra မှာ မရှိတဲ့သဘောမျိုး ဖတ်လိုက်ရတယ်။ တကယ်က algebraic proof တွေ ရှိပါတယ်နော်။ 

ဒါပေမဲ့ သူရေးထားတာမှာ အဲဒီအချက်ရယ်၊ မင်းခိုက်စိုးစံက တစ်ဘက်စွန်းဆန်ဆန် (Geometry မရသူတွေကပဲ သရဲတစ္ဆေတွေကို ယုံကြသလိုလို ပြောထားတာ) ကို သူက ကိုးကားထောက်ခံထားတဲ့အချက်ရယ်၊ အဲဒါတွေက လွဲရင်တော့ သူဟာ ပညာကိုချစ်တဲ့စိတ်နဲ့ရေးထားတာမို့ သူ့ Post က ကေင်းပါတယ်။ ဒါပေမဲ့ Geometry ရတာ မရတာက တစ်ကဏ္ဍ၊ သရဲတစ္ဆေ ယုံတာ မယုံတာက တစ်ကဏ္ဍပါ။ Geometry ရပြီး သရဲတစ္ဆေ ယုံသူ ရှိသလို၊ အဲဒါမရပေမဲ့ သရဲတစ္ဆေ မယုံသူလည်း ရှိတာပဲ။ ကိုယ်လည်း Geometry ချစ်ပေမဲ့၊ သရဲတစ္ဆေကို မယုံပေမဲ့၊ သင်္ချာမရသူတွေ အဲလိုဟာတွေကို ယုံမယ်လို့ စွပ်စွဲတာမျိုးကိုတော့ မကြိုက်။ စွပ်စွဲရင် ရလဒ်က ချစ်စရာကောင်းတဲ့ သင်္ချာကို ပိုမုန်းလာကြတာပဲရှိမယ်။ 

သရဲတွေဘာတွေ ယုံမယုံက တကယ်တော့ သင်္ချာဘာညာနဲ့ မဆိုင်၊ အိုင်ကျူနဲ့လည်း မဆိုင်။ Psychology နဲ့ပဲ ဆိုင်မယ်ထင်တယ်။ 

Kurt Gödel ဆိုတာ တော်လွန်းတဲ့ ထိပ်တန်း သင်္ချာပညာရှင်၊ ယုတ္တိပညာရှင်၊ ဒဿန ပညာရှင်ပေါ့။ အိုင်းစတိုင်းတဲ့ ခင်မင်တဲ့ မိတ်ဆွေ။ ဂိုဒဲ(လ်)စကြာဝဠာ ဆိုတာလည်း နာမည်ကြီးတယ်။ သူ့ စကြာဝဠာမှာဆို အချိန်ခရီးသွားလို့ရတယ်။ ထားပါတော့။ သူက logic ကိုလည်း အားပြုရတဲ့ logician ။ Proof တွေ ဆိုတာက သူ့အလုပ်။ ဒါပေမဲ့ သရဲတစ္ဆေကို ယုံကြည်တယ်လို့ ဖတ်ဖူးတယ်။ ဟုတ်မဟုတ်တော့ မသိ။  ကျွန်တော်ဖတ်ဖူးတာကို ပြောတာ။ ထားပါတော့။ သူဟာ စနိုးဝှှိုက် နဲ့ လူပုလေးခုနစ်ယောက် (မြန်မာမှှု ပြုကြတာကတော့ မနှင်းဖြူနဲ့ လူပုလေး ခုနစ်ယောက်ပေါ့) အဲဒီရုပ်ရှင်ကို အရမ်းစွဲလမ်းတယ်။ အဲဒီ ဇာတ်လမ်းထဲက အဆိပ်ခတ်ထားတဲ့ ပန်းသီးနဲ့ နည်းနည်းပါးပါး ဆက်စပ်နေမလားတော့ မသိ။ (တိုက်ရိုက် ဆက်စပ်ချင်မှလည်း ဆက်စပ်မယ်။) သူ့ကို အစားအသောက်ထဲမှာ အဆိပ်ခတ်ကြမှာလို့ စွဲလမ်းယုံကြည်ခဲ့တယ်။ ဒီတော့ သူ့မိန်းမ ကျွေးတဲ့ အစားအစာ ကလွဲရင် ဘာမှ မစားတော့။ ဖြစ်ချင်တော့ သူအသက်ကြီးနေပြီ ဖြစ်တဲ့အချိန်မှာ (သူ့အသက် ၇၁ နှစ်မှာ) သူ့မိန်းမက ဆေးရုံတက်ရပါလေရော။ ဒီတော့ သူ့အတွက် အစားအစာ လုပ်မပေးနိုင်တော့ဘူး။ ဒီတော့ မစားတော့ဘူးလေ။ သေသွားတာပေါ့။ သူဆုံးတော့ သူ့ကိုယ်ခန္ဓာ အလေးချိန်က ၂၉ ကီလိုပဲ ရှိတော့တယ်။ 

Godel လောက် လောဂျစ်ပိုင်တာ သိပ်မရှိနိုင်။ ဒါပေမဲ့ စိတ္တဇဝင်သွားတော့ logic မရှိတာကိုလည်း စွဲလမ်းသွားတာပါပဲ။ Godel လောက် အိုင်ကျူမြင့်တာလည်း ရှားမယ်။ ဒီတော့ သရဲတစ္ဆေလို ဟာတွေကို ယုံကြည်မှှုဟာ အမြဲတမ်းတော့ အိုင်ကျူတွေ ဘာညာတွေနဲ့လည်း မဆိုင်။ (ယေဘုယျအားဖြင့် ဆိုင်တဲ့ အခါတွေ ရှိမယ်) ဒါပေမဲ့ စိတ္တဇ ဝင်သွားရင်တော့ ဘယ်လောက် အိုင်ကျူမြင့်မြင့်၊ ဘယ်လောက် လောဂျစ်ကောင်းကောင်း ဖြစ်ချင်တာဖြစ်၊ စွဲလမ်းချင်တာ စွဲလမ်းတော့တာပဲ။ ဒါကြောင့် Geometry ရခြင်း မရခြင်းနဲ့ သရဲတစ္ဆေလို အရာတွေကို စွဲလမ်းခြင်း၊ မစွဲလမ်းခြင်းတိုနဲ့တော့ လူတွေရဲ့ အိုင်ကျူတွေ၊ ဗဟုသုတတွေ၊ အတွေးအခေါ် အဆင့်အတန်းတွေကို အမြဲတမ်း သွားဆုံးဖြတ်လို့ မရဘူးဆိုတာကို ပြောချင်တာပါ။ ဒီလို ပြောခြင်းဟာ အဲဒါတွေ မဆက်စပ်နေဘူးလို့ လုံးဝ ပယ်ချခြင်းတော့ မဟုတ်ဘူးနော်။ "အမြဲတမ်း" တော့ မဆက်စပ်ဘူး ဆိုတာမှာ "အမြဲတမ်း" ဆိုတာကို တမင်တကာကို ထည့်ထားတာပါ။ ယေဘုယျအားဖြင့် ဆက်စပ်နေတာတွေတော့ ရျိပါမယ်။ စကားအထအန နဲ့ အထောက်ခံရတတ်လို့ ပေရှည်ရပါတယ်။ ဆိုလိုချင်တာက ဉာဏ်ဘယ်လောက်ကောင်းကောင်း၊ ကျန်တဲ့ကိစ္စတွေမှာ လောဂျစ်ဘယ်လောက်ကျကျ စိတ္တဇ ဝင်လာရင်တော့ သရဲ၊တစ္ဆေ၊ ဥစ္စာစောင့် ဆိုတာတွေ၊ ဘာသာရေး ထူးခြားဆန်းကြယ် အဖြစ်တွေကို ယုံချင်ယုံကြမှာပါပဲ။ 

(ကောင်းကင်ကို)

Thursday, September 19, 2019

သင်္ချာမရှိရင် + ပညာသမားတွေရဲ့ သဘောထား

 (မှတ်ချက်။ ။လင်းသိုက်ညွန့်ကို ချေပတာတော့ မဟုတ်။ သင်္ချာကိစ္စမှာ သူ့ပြောဆိုချက်က ချေပလောက်ရအောင်တောင် ဘောင်မဝင်ပါဘူး။ ဒါပေမဲ့ အရင်ကတည်းက ရေးဖို့စိတ်ကူးထားတဲ့ အကြောင်းအရာကို ပိုထင်ရှားစေမယ့် အခြေအနေဖြစ်လာနိုင်လို့ ရေးဖြစ်အောင် ရေးလိုက်တာပါ။)


သင်္ချာသာမရှိရင် သိပ္ပံဟာ ဘာဖြစ်သွားမလဲ။ trial and error နည်းနဲ့ပဲ ကြိုးပမ်းရတော့မယ်။ trial and error ဆိုတာက ဒီလို။ ဘလိုင်းကြီးနီးပါး ကြိုးစားကြည့်လိုက်၊ လိုချင်တဲ့ အဖြေ ရမရကြည့်။ မရသေးရင် နောက်တစ်ခါ ထပ်ကြိုးစားကြည့်။ မရမချင်း အကြိမ်ကြိမ်ကြိုးစားလိုက်၊ ပြန်လုပ်လိုက် လုပ်နေရတာ။ Tiral and error နည်းကို အသုံးမဝင်ဘူးလို့ ပြောချင်တာတော့ လုံးဝလုံးဝ မဟုတ်ဘူးနော်။ ကျန်တဲ့နည်းတွေနဲ့ အဆင်မပြေတဲ့ အခြေအနေမှာ အသုံးဝင်ပါတယ်။ ဒါပေမဲ့ “အဲဒါတစ်ခုတည်းနဲ့သာဆိုရင်” သိပ္ပံဟာ တအားနှေးကွေးသွားမယ်။

ဥပမာ မော်တော်ယာဉ်တွေ၊ လေယာဉ်တွေ၊ ဒုံးပျံတွေကိုသာ သင်္ချာမပါဘဲ trial and error နည်းနဲ့သာ အကြိမ်ကြိမ်စမ်းသပ်ရမယ်၊ လွှတ်တင်ရမယ်ဆိုရင် လူ့အသက်တွေတောင် အကြိမ်ကြိမ်စတေးရတော့မယ်။ (တကယ်ကတော့ သင်္ချာတွေ သီအိုရီတွေ လုံးဝ မပါဘဲလည်း အဲဒီ စက်ကိရိယာတွေ၊ နည်းပညာတွေ အဆင့်ဆင့် ဖြစ်ကို ဖြစ်လာနိုင်စရာမရှိ။)

Pythagoras သီအိုရမ်က အသေးအမွှားကိစ္စရပ်လေတွေက အစ (အသေးအမွှားလို့ ပြောလိုက်ရပေမဲ့ တကယ်ကတော့ အသေးအမွှားမဟုတ်။ သင်္ချာတွေထွင်ခဲ့လို့ လွယ်သွားလို့သာ အသေးအမွှားတွေ ဖြစ်ကုန်တာ)။ အသေးအမွှား ကိစ္စလေးတွေက အစ Relativity သီအိုရီအထိ Pythagoras သီအိုရမ်က အသုံးဝင်ပါတယ်။

နောက်တစ်ခု ဆိုးဝါးတာက ပညာရဲ့ သဘောကို နားမလည်ကြတာ။ ပညာရေးနဲ့ဆိုင်တဲ့ တက္ကသိုလ်မှာ၊ အထူးသဖြင့် နည်းပညာ တက္ကသိုလ်မှာ အပေါင်း၊အနုတ်၊ အမြောက်၊အစား လောက်ပဲ အသုံးဝင်တာလို့ သွားပြောတော့ ရုပ်ပျက်တာပေါ့။

တကယ်ကတော့ သင်္ချာဟာ နယ်ပယ်စုံမှာ အရေးပါမှှု ပိုများလာပါတယ်။ သင်္ချာမပါဘူးလို့ လူတွေ ယူဆကြတဲ့ ဇီဝဗေလို နယ်ပယ်မှာတောင် Mathematical Biology လို ပညာရပ်တွေ ပိုဖွံ့ဖြိုးလာပါပြီ။ သင်္ချာကို စသုံးတာက ၁၂ ရာစုလောက်ကတည်းက ဆိုပေမဲ့ အခုနောက်ပိုင်းမှာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာတာပါ။

တစ်ခုရှိပါတယ်။ လက်တွေ့ဘဝမှာ အဆင့်မြင့် သင်္ချာကို လူတိုင်းက သုံးတတ်စရာ မလိုတဲ့ အခြေအနေမျိုးတော့ ရှိနေတာပေါ့။ ဒါဟာ သင်္ချာက အသုံးမဝင်ခြင်းကြောင့် မဟုတ်ဘဲ နောက်ကွယ်မှာ လူနည်းစု ပညာရှင်တွေက သင်္ချာကိုသုံးပြီး အစစအရာရာ လွယ်အောင် ဖန်တီးပေးထားကြလို့ပါ။ ဘယ်ဟာမှ သင်္ချာနဲ့ မလွတ်ပါဘူး။ သင်္ချာတို့၊ ပညာရပ်တို့ကို လက်တွေ့ဘဝမှာ သုံးစရာ မလိုတော့ဘူးဆိုပြီး ပညာဆိုတာကို အားမပေးရင်တော့ အဲလိုအစစ ဖန်တီးပေးမယ့် လူနည်းစု ပညာရှင်တွေလည်း ပေါ်ထွက်လာတော့မှာ မဟုတ်ဘူး။ လက်တွေ့လောကမှာလည်း အဲလိုတော့ ဖြစ်နေတယ်။ ဥပမာ သင်္ချာညံ့တာကို သင်္ချာမရတာကို တကူးတက ဂုဏ်ယူတာတွေ တွေ့ဖူးတယ်။ သင်္ချာညံ့ခြင်းသည်ပင် တခြားဘက်မှာ တော်သလို ပါ အဓိပ္ပါယ် ကောက်လိုက်ကြတာမျိုး တွေ့ဖူးတယ်။

သင်္ချာဟာ ကမ္ဘာသုံး ဘာသာစကား။ ဒီထက်ပိုပြီး ပြောရရင် စကြာဝဠာသုံး ဘာသာစကားလို့တောင် ပြောလို့ရတယ်။ ဂြိုဟ်သားဆိုတာသာရှိရင် သူတို့သင်္ချာနဲ့ ဒီကမ္ဘာရဲ့ သင်္ချာ သင်္ကေတတွေ၊ အခြေစနစ်တွေ ကွဲကောင်းကွဲနိုင်ပေမဲ့ သဘောတရားကတော့ အတူတူပဲ ဖြစ်နေမှာလို့ ဆိုကြတယ်။ ဒီတော့ အသိပညာတိုးတက်ရေးမှာ ဘာသာစကား (language) တွေ နည်းတူ သင်္ချာကလည်း အရေးပါပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ လူတော်တော်များများရဲ့ လျစ်လျူရှှုခြင်းကို ခံထားရတယ်။

ပညာရပ် စာတမ်းတွေ၊ အထူးသဖြင့် အဆင့်မြင့် သင်္ချာတွေပါ ပါလာတဲ့ စာတမ်းတွေဆိုတာက ကမ္ဘာပေါ်မှာ လူဖတ်တာ အနည်းဆုံး စာတွေပါ။ လူတွေ အပြစ်လည်း မဟုတ်။ ပညာရှင် အချင်းချင်းတောင် လိုင်းမတူရင်၊ သေချာလေ့လာထားသူ မဟုတ်ရင် ဖတ်ဖို့လည်း အဆင်မပြေကြဘူးကိုး။ ဘယ်သူမှ သိပ်မဖတ်တာတွေ၊ ဘယ်သူမှ ဂုဏ်သိပ်မပြုတာတွေ လုပ်ဖို့ ငွေအားဖြင့်လည်း ကုန်ကျသလို၊ တခြားလူမှှုရေး၊ စီးပွားရေးတွေကိုပါ လက်လွှတ်ပြီး နှစ်ပေါင်းများစွာ အားထုတ်ရတဲ့ ရလဒ်ကို မတန်ဘူးလို့ လူအများစုကတော့ ယူဆကြမှာပါ။ နောက်ပြီး အဲလိုအရာတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေက (တခြားဟာတွေနဲ့ နှှိုင်းယှဉ်ရင် နည်းတယ်။ အခုနောက်ပိုင်းမှာတော့ ပြန်များလာပြီထင်တယ်။ ဘာပဲပြောပြော တိုက်ရိုက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေလောက်တော့ အလုပ်မပေါဘူးပေါ့။ Physics နဲ့ PhD ရပြီး call center မှာ လုပ်ရင်း စိတ်ဓာတ်ကျပြီး suicide လုပ်သွားသူ တစ်ယောက်အကြောင်း ဖတ်ဖူးတယ်။ လန်ဒန်မှာ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ပညာရှင်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းက ပိုနည်းပြီပေါ့။

နောက်ပြီးတော့ ဒီသုံးမျိုးကို ကွဲပြားနေဖို့ လိုအပ်ပါတယ်။ (၁) စီးပွားရေးလုပ်ငန်းရှင်တွေ CEO တွေပါ။...ဇူကာဘတ်တို့ လိုပါ။ ဘီလျံနာ သူဌေးတွေပေါ့။ (၂) တီထွင်သူတွေပါ။ လုပ်ငန်းရှင်မဟုတ်ဘဲ တီထွင်သူ သက်သက်ဆိုရင် ဘီလျံနာ သူဌေးတွေလိုတော့ မချမ်းသာ ကြပါဘူး။ ငွေအတွက်မဟုတ်ဘဲ ဝါသနာကို အရင်းခံ လုပ်ကြသူတွေလည်းများမယ်။ ဒါပေမဲ့ သူတို့ဟာ ဘာပဲပြောပြော သူတို့ရဲ့ တီထွင်မှှုကို မှတ်ပုံတင်လို့  မူပိုင်ခွင့်ယူလို့ ရသေးတယ်။ (၃) အီကွေးရှင်းတွေ တွေ့ရှိသူတွေ၊ သီအိုရီတွေ တွေ့ရှိသူတွေကတော့ သူတို့ရဲ့ အီကွေးရှင်းတွေ၊ သီအိုရီတွေကို မှတ်ပုံတင်လို့ မရပါ။ Law of nature ကို သင်္ချာအီကွေးရှင်းကို မူပိုင်ခွင့်ယူလို့ မရပါ။ ဘယ်သူတွေ့ရှိတာဆိုပြီး နာမည်ခံလို့တော့ ရပေမဲ့ ငွေရေးကြေးရေး မူပိုင်ခွင့် ယူလို့ မရပါ။ နာမည်ကျန်ခဲ့တယ်ဆိုတာမှာလည်း တချို့ ပညာရှင်တွေကလွဲလို့ အများစုကိုက ရုပ်ရှင်မင်းသားတွေ လောက်တောင် လူသိကြတာ၊ ကျော်ကြားကြတာ မဟုတ်ပါ။ ကုလသမဂ္ဂတို့၊ အမေရိကန် အစိုးရတို့ကို ဒေါ်လာ သန်း တစ်ထောင်လောက်နဲ့ ရောင်းစားမယ်ဆိုတာမျိုးကတော့ ဟာသပါ။

ငွေကြေးမရပေမဲ့လည်း ဝမ်းမနည်းကြပါဘူး။ ပိုက်သာဂိုးရပ်စ်က အိုလံပစ်ပွဲနဲ့ တင်စားဖူးတယ်လို့ ဆိုတယ်။ တချို့တွေက အိုလံပစ်ပွဲတော်မှာ ရောင်းဝယ်ဖောက်ကားကြဖို့ လာကြတာ။ တချို့ကကျ ယှဉ်ပြိုင် အနိုင်လုဖို့ လာကြတာ။ သူတို့က ငွေကြေး သို့မဟုတ် ဂုဏ်သိက္ခာအတွက် လာကြတာပေါ့။ ဒါပေမဲ့ နောက်တစ်မျိုး ရှိသေးတယ်။ ငွေကြေးတွေ ယှဉ်ပြိုင်မှှုတွေ မပါဘဲ သဘောသဘာဝကို လေ့လာမယ့် ပွဲကြည့်ပရိသတ် သက်သက်တွေ။ Spectator တွေပေါ့။ ပညာချစ်မြတ်နိုးသူတွေဟာ အဲဒီလို နောက်ဆုံးအမျိုးအစား ဖြစ်သင့်တယ်လို့ သူကဆိုတယ်။ (မှတ်ချက်။ အဲလိုချည်း ရာနှှုန်းပြည့် ဖြစ်နေမှာတော့ မဟုတ်။ ပညာမာန တို့ အားထုတ်မှှုကို အသိအမှတ်ပြု ခံလိုစိတ်တို့တော့ ရှိကြမှာပဲ။ ဒါပေမဲ့ အဲဒီလို စိတ်တွေမကင်းကြပေမဲ့ အဲဒီဆန္ဒတွေထက် ပညာကိုတော့ ပိုပြီး ရှေ့တန်းတင်ကြတာမျိုးပေါ့။)

ပရိသတ်ဆိုတာတောင်မှ ဇိမ်ခံမယ့် ပွဲကြည့်ပရိသတ်မျိုးကို ဆိုလိုတာ မဟုတ်ဘူးနော်။ သဘာဝတရားကို ချစ်မြတ်နိုးတဲ့ လေ့လာသူ သက်သက်တွေပေါ့။ ဖြည့်ပြောရရင်တော့ ပညာရပ် သို့မဟုတ် လေ့လာမှှု၊ ဖန်တီးမှှု တစ်ခုခုကို ဈာန်ဝင်စားရုံ သက်သက် လုပ်နေတာမျိုး။ (နှှိုှု်င်းရသဘောအရဆိုရင်) အကျိုးစီးပွားမျှော်မှန်းမှှု မပါတာ/နည်းတာ မျိုးပေါ့။ သင်္ချာမှာ ဈာန်ဝင်စားတာလည်း ဖြစ်နိုင်တယ်။ ရူပဗေဒလည်း ဖြစ်နိုင်တယ်။ ဂီတလည်း ဖြစ်နိုင်တယ်။ တျခား အနုပညာလည်း ဖြစ်နိုင်တယ်။

အဲ… သင်္ချာနဲ့ ပတ်သတ်ပြီး တစ်ခုခုကို မျှော်ကိုးပြီး လုပ်တာဆိုရင်တော့ ယူကလစ်ရဲ့ စကားလို့ ဆိုကြတာကိုပဲ ပြန်ပြောရမယ်။ Geometry ကို လေ့လာတာ ဘာအကျိုးအမြတ်ရနိုင်မလဲ ဆိုတဲ့သဘောမျိုး တစ်ယောက်က သူ့ကို မေးလာတာ။ သူပြန်ဖြေတာက “လေ့လာမှှုကနေ ဒီကောင် အကျိုးအမြတ် လိုချင်နေတယ်။ သူ့ကို ပိုက်ဆံတစ်ပြား ပေးလိုက်စမ်းပါ” ဆိုတဲ့ သဘောမျိုး။

ဒီတော့ နောက်တခါ ပညာရေးကို တက်ကျမ်းလို သဘောမျိုး မဆီမဆိုင် ပြောလာရင် စင်ပေါ်တက်ပြီး အကြွေစေ့တွေ အမ်းလိုက်ကြရင် ကောင်းမလား။

ကောင်းကင်ကို 

Facebook က ပို့စ်ကို အဲဒီမှာ ရေးခဲ့တဲ့ ရက်အတိုင်း backdate နဲ့  ပြန်တင်တာပါ။ 

Tuesday, September 19, 2017

ဘာသာရေး နဲ့ ဘိန်း

 ဘာသာရေးနဲ့ ပတ်သတ်ပြီး “အဆိုးဘက်မှာ စွဲလမ်းမှှု”ဟာ ဘိန်းစွဲတာထက် ဆိုးပါတယ်။ ဘိန်းက စွဲတဲ့လူနဲ့ သူ့ပတ်ဝန်းကျင် ကွက်ကွက်လေးလောက်ပဲ ဆိုးကျိုးပေးနိုင်တာ။ ဘာသာရေး အစွဲအလမ်းကြောင့်ကျ တစ်ကမ္ဘာလုံးမှာ အပြစ်မဲ့သူတွေ အများကြီး သေနေရ၊ ဒုက္ခရောက်နေရ၊ အဖိနှိပ်ခံနေရတယ်။

ဘိန်းစွဲခဲ့သူတွေထဲမှာ ကျွန်တော်တို့ လေးစားနေရတဲ့ ကမ္ဘာကျော် အဆိုတော်တွေ ရှိတယ်။ မြန်မာ့ဂီတလောကမှာ သမိုင်းမှတ်တိုင်တွေ စိုက်ထူသွားခဲ့တဲ့ အဆိုတော်တွေ ရှိတယ်။ (အဲဒီ အဆိုတော်တွေရဲ့ နာမည်တွေကိုတော့ ကျွန်တော် မပြောချင်ဘူး) ဘာသာရေး အလွန်အကျွံ စွဲသူတွေကြောင့်တော့ လူတွေ သေရတာပဲ ရှိတယ်။
ဘာသာရေးကို အရမ်းယုံကြည်စွဲလမ်းပြီး ကောင်းတာလုပ်တဲ့သူတွေလည်း ရှိပါတယ်လို့ ပြောလာရင် အဲဒါက တကယ်တော့ အဲဒီလူဟာ ဘာသာရေးကွက်ကွက်လေးတစ်ခုတည်းကို စွဲလမ်းမနေဘဲ မေတ္တာဝါဒကို ကျင့်သုံးလို့ ဖြစ်လိမ့်မယ်။ အဲလိုလူမျိုးဟာ ဘာသာရေးကို စွဲလမ်းတာ မဟုတ်ဘဲ ဓမ္မကို နှစ်ခြိုက်တာလို့ ပြောရမလား။
ဘာသာတစ်ခုတည်းကို အလွန်အကျွံ ကွက်ပြီး စွဲလမ်းနေရင်တော့ အဲဒီဘာသာရေးသမားဟာ သူ့ဘာသာနဲ့ ကိုယ့်ဘာသာ အပြိုင်အဆိုင် ခွပ်နေမယ့် အဆင့်ကနေ ဘယ်လိုလုပ် တက်လာမှာလဲ။
ဘာသာရေးကြောင့် တိုက်ရိုက်မဟုတ်ပေမဲ့… ဘာသာရေးခေါင်ဆောင်တွေကြောင့် World Trade Center လည်း ပြိုခဲ့ပြီ။ အစ္စလာမ်မစ် ဘာသာရေးခေါင်းဆောင်တချို့ဟာ ကမ္ဘာမှာ ရွံစရာအကောင်းဆုံး လူတွေကို ဖြစ်လို့။
ဘာသာရေးခေါင်းဆောင်တွေကြောင့် “ခွေးကို အားရပါးရ ပေါင်းစမ်း” ဆိုတဲ့ စကားတွေလည်း ပေါ်လာပြီ။ အဲလို ဘုန်းကြီးကို ရဟန်းတစ်ပါးမို့၊ သင်္ကန်းကြီး ဝတ်ထားလို့ မဝေဖန်သင့်ဘူးဆိုတဲ့ အယူအဆက ခေတ်ပညာတတ်ဆိုတဲ့… စက်မှှုတက္ကသိုလ်က ကျောင်းနေဘက် တချို့မှာတောင် ရှိသေးတယ်။ ကြည့်စမ်း။ ဘာသာရေး အစွဲအလမ်း၊ ဘာသာရေးမှှိုင်းက လူတွေကို ဘယ်လောက်တောင် ကန်းစေသလဲဆိုတာ။
ကောင်းကင်ကို
friend list မှာ လူလျော့သွားလို လျော့သွားငြား ပြန်တင်ကြည့်တာ။ ဟိုးအရင်တုန်းက ရေးခဲ့တဲ့ဟာ။ 😃 Facebook က ပို့စ်ကို အဲဒီရက်အတိုင်း backdate နဲ့ ပြန်တင်တာပါ။

Tuesday, March 21, 2017

ဘုရားခန်းထဲရောက်ရင်

မျက်စေ့ပြာနေတဲ့ခေတ်ဟာ
ရွှေဝါရောင်ဝင်းလဲ့နေတဲ့မြစ်ထဲ
အမှိုက်တချို့ ပစ်ခဲ့တယ်။

 မြန်မာနိုင်ငံမှာ
ဝက်သားစားခြင်းအတတ်ဟာ
ကိုယ်ခံပညာတစ်ရပ်လား။

လော်စပီကာထဲက ဘီလူးကြိုက် တေးသံဟာ
အာကြမ်းလျှာကြမ်းနဲ့
လူမိုက်ဂိုက်ဖမ်းလို့။

အမုန်းရောဂါသည်တွေနဲ့
မဖြစ်မနေ ဆက်ဆံနေရတဲ့အခါ
သည်းခံမှုကို စုရုံး
ကွန်ဒုံးလို ထုတ်သုံးနေရ။

ရှေးတုန်းကလို မဟုတ်တော့ဘူး။
ရတနာသေတ္တာရဲ့ အနက်အရှိုင်းကို
မြန်မာပြည်နဲ့ မတိုင်းမိစေနဲ့။
ငှက်မြတ်တွေနားတဲ့ ပရမတ်ကို
မြန်မာပြည်နဲ့ ဈေးမဖြတ်မိစေနဲ့။

အနိဌာရုံတွေ ခုန်ပေါက်ကစားနေကျ ချောက်ထဲမှာမှ
ဇာတိရလာမိတဲ့ ငရဲနိုင်ငံသားတွေ
မြင်မြင်သမျှအလင်းစ တစ်ပွင့်နှစ်ပွင့်ကို
မရမက လိုက်ကောက်နေရ။

စိတ်ဒဏ်ရာတစ်စုကို
ပွင့်ဖတ်နုတွေနဲ့ကပ်ဖို့
အမေ့အိမ်ကို အပြေးအလွှားလျှောက်
ဘုရားခန်းထဲရောက်ရင်
ဗုဒ္ဓရဲ့ ဖန်မီးအိမ်မျက်လုံးထဲမှာ
လူုတွေကို သရော်ဝေဖန်တဲ့ အပြုံးတွေ
ရှာကြည့်ပြီး စိတ်ဖြေရမယ်။

မျက်စေ့ပြာနေတဲ့ခေတ်ကတော့
 ရွှေဝါရောင်ဝင်းလဲ့နေတဲ့မြစ်ထဲ
အမှိုက်တချို့ ပစ်လို့။

ကောင်းကင်ကို (Jan 31 – 2017)
Facebook မှာ ဇန်နဝါရီ ၃၁ တုန်းက တင်ခဲ့တဲ့ ကဗျာပါ

Thursday, August 27, 2015

ဘုရား ဖြစ်နိုင် မဖြစ်နိုင်

အမျိုးသမီးတွေ ဘုရားဖြစ်နိုင် မဖြစ်နိုင်ကို တချို့ ဆွေးနွေးကြတယ်။ တချို့ကလည်း အမျိုးသမီးတွေ ဘုရားဖြစ်ခွင့် မရှိဘူးဆိုပြီး မကျေမနပ် ညဉ်းညူကြတယ်။ တကယ်တော့ အခုလို ခေတ်မှာ အမျိုးသမီးတွေရော၊ အမျိုးသားတွေရော ဘယ်သူမှ (ဘာသာကြီးတွေက) ဘုရားမျိုး၊ တမန်တော်မျိုး မဖြစ်နိုင်တော့ဘူး။ အလွန်ဆုံးဖြစ်ရင် နတ်လို ဟာတွေလောက်ပဲ ဖြစ်မယ်။ ဒါမှမဟုတ် အိုရှိုးလောက်၊ Sai Baba လောက်၊ ဒလိုင်းလားမားလောက်တော့ ဖြစ်နိုင်တယ်။

ဘုရားတွေ၊ တမန်တော်တွေဟာ ရှေးတုန်းက ပေါ်ခဲ့လို့သာ သိပ်အစစ်ဆေး မခံခဲ့ရတာ။ ဒီခေတ်မှာသာ ပေါ်လာပြီဆိုရင် အများစုက... "ဟုတ်မှဟုတ်ရဲ့လား၊ ညာနေတာလား၊ စိတ္တဇဖြစ်နေတာလား" စတဲ့ သံသယတွေနဲ့ စစ်ဆေးကြလိမ့်မယ်။ တချို့ကပဲ သူတို့ကို ဘုရားအဖြစ် လက်ခံကြလိမ့်မယ်။ ဒီတော့ အခုလက်ရှိ ဘာသာကြီးတွေကလို အများစုလက်ခံတဲ့ ဘုရားတွေ၊ တမန်တော်တွေ ပေါ်လာဖို့ဆိုတာ ပဒေသရာဇ်ခေတ်ကို ပြန်ရောက်သွားမှပဲ ဖြစ်နိုင်မယ်ထင်တယ်။

ခုခေတ်လူတွေဟာ.... "ရှေးခေတ်တုန်းက တန်ခိုးရှင်တွေ၊ ဘုရားတွေ... မိုးပေါ်ပျံနိုင်ခဲ့တာတွေ ရှိခဲ့နိုင်တယ်၊ လူနဲ့ တိရစ္ဆာန်စကားပြောခဲ့တာတွေ ရှိခဲ့နိုင်တယ်" ဆိုပြီး ဆက်ယုံနေကြသေးပေမဲ့ အခုခေတ်လူတစ်ယောက်ယောက်က သူ မိုးပေါ်ပျံနိုင်တယ်လို့ လာပြောရင်တော့ အများစုက ယုံကြမှာ မဟုတ်တော့ဘူး။ လိမ်နေတာလို့ ပြောကြလိမ့်မယ်။ အရူးလို့ ပြောကြလိမ့်မယ်။

အစဉ်အဆက်လက်ခံလာမှုကြောင့်သာ ရှေးကအဖြစ်တွေကို ဆက်ယုံနေကြတာ။ ဒီတော့ အခုခေတ်မှာ ဘုရားတွေ၊ တမန်တော်တွေ ပေါ်ဖို့ဆိုတာ မလွယ်တော့ဘူးပေါ့။

အမျိုးသမီးတွေ ဘုရားဖြစ်ဖို့၊ တမန်တော်ဖြစ်ဖို့ ဆိုတာတွေနဲ့ ပတ်သတ်ပြီး ပြောရရင် ... ဘုရားဖြစ်ဖို့ဆိုတာက လက်ခံမယ့်သူတွေ အုံလိုက်ကျင်းလိုက် လိုတယ်လေ။ လူအများစုက ဘုရားဆိုတာ အမျိုးသားပဲဖြစ်ရမယ်၊ တမန်တော်ဆိုတာ အမျိုးသားပဲ ဖြစ်ရမယ်လို့ လက်ခံထားတဲ့နောက်မှတော့ အမျိုးသမီးတွေဟာ ဘုရားတွေ တမန်တော်တွေ မဖြစ်တော့ဘူးပေါ့။ ဒါတောင် Goddess တွေ ရှိနေပါတယ်။ ရှိခဲ့ပါတယ်။

အမျိုးသမီးတွေ ဘုရားမဖြစ်ရတော့လည်း ဘာအရေးလဲ။ အမျိုးသမီး အိုင်စတိုင်းတို့၊ အမျိုးသမီး စတီဖင်ဟောကင်းတို့ ဖြစ်အောင်လုပ်ပေါ့။ မဒမ်ကျူရီလို ဖြစ်အောင်လုပ်ခွင့်တော့ ရှိတယ်လေ။ (တိုးတက်တဲ့ နိုင်ငံတွေမှာပေါ့။ မတိုးတက်တဲ့ နိုင်ငံတွေမှာတော့ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော အဲလောက်ဖြစ်ထွန်းဖို့ ခက်တယ်။)

ဘာသာမဲ့ပြီးမှ... အမျိုးသမီးဘုရား မျှော်တာမျိုး... တခါတလေ တွေ့ရတာလည်း ပြုံးချင်စရာတော့ ကောင်းတယ်။ (အမျိုးသမီးအခွင့်အရေးကို ထောက်ပြချင်ကြတာ နေမှာပါ)

ယုံကြည်ချက်ကို အခြေခံကြတဲ့ ဘာသာရေးပါဆိုမှ... လူတွေကတော့ သူတို့ကိုးကွယ်မယ့် ဘုရားတွေ တမန်တွေဟာ အမျိုးသားပဲ ဖြစ်ရမယ်တို့၊ ဘာအမျိုးအနွယ်ပဲ ဖြစ်ရမယ်တို့ ဆိုပြီး သူတို့ဟာသူတို့ သတ်မှတ်ကြမှာပဲလေ။ သူတို့က အဲလိုဖြစ်သင့်တယ်လို့ ယူဆပြီး ကိုးကွယ်ကြတာကိုး။ ကိုယ်က အတင်း သွားပြင်လို့မှ မရတာ။

တကယ်အရေးကြီးတာက ဘုရားဖြစ်ခွင့် မဖြစ်ခွင့်ထက် လွတ်လွတ်လပ်လပ် ပညာသင်ခွင့်တွေ၊ တန်းတူအခွင့်အရေးတွေ ရဖို့ပဲ အရေးကြီးပါတယ်။

ကောင်းကင်ကို (၂၇ သြဂုတ်၊ ၂၀၁၅)

Friday, May 22, 2015

Determinism နှင့် ပတ်သတ်၍

နိဒါန်း
-------
အပိုင်း (၁) က… အတွေးအခေါ်ကောင်းတဲ့ ဘုန်းဘုန်းတစ်ပါးကို ကျွန်တော် ဆွေးနွေးထားတာပါ။

တချို့လူတွေကို အာပေါက်မတတ် ရှင်းပြရင်တောင် ပြောချင်တဲ့သဘောကို နားမလည်ဘဲ လျှောက်ပြီး ပြန်ပြောကြတဲ့ အချိန်မှာ… ဘုန်းဘုန်းနဲ့ ဆွေးနွေးရင် စကားအများကြီး ပြောစရာ မလိုဘူး။ အသေးစိတ်ပြောစရာ မလိုဘူး။ တန်းသဘောပေါက်တယ်။ သူ ပြန်ဆွေးနွေးတာလည်း ရှိတယ်။
ဒါကြောင့် တချို့လူတွေက ဘုန်းကြီးတွေ ဘာသာရေးကလွဲလို့ ဘာမှ မသိဘူးလို့ အကုန်သိမ်းကြုံးပြောရင် ကျွန်တော် မကြိုက်တာ။ တကယ်က ထက်သန်သူဆိုရင် သူတို့မှာ လေ့လာချိန်တွေ ပိုရ၊ တွေးချိန်တွေ ပိုရလို့ ပိုသိပါတယ်။ အများစုကတော့ လူဖြစ်ဖြစ် ဘုန်းကြီးဖြစ်ဖြစ် တွေးဖို့ အခြေအနေ သိပ်မပေးကြတော့ မတွေးကြ၊ မသိကြဘူး။

တချို့လူတွေကို ကိုယ်က စိတ်ရှည်ရှည် ထပ်တလဲလဲ ရှင်းပြပေမဲ့ ဘယ်လိုမှ နားမလည်ကြဘူးဆိုတာမှာ... ကိုယ်က ရှင်းပြတာ ညံ့တာလည်း ပါမယ်။ သူတို့တွေ ကိုယ်တိုင်ကိုယ်က ပေကပ်ပြီး တွေးရိုးတွေးစဉ်အတိုင်း တွေးနေကြတာလည်း ပါတယ်။
တချို့လူတွေဆို ကိုယ့်ကိုယ်ကို "အတွေးသမား...သူများနဲ့ မတူဘူး" လို့လည်း လျှောက်ပြောသေးတယ် … တစ်ခုခု နက်နဲသယောင်ရှိတာကို ရှင်းပြပြီဆိုရင်... သူတို့က အရေးမပါတာတွေ.... ပြောပြီးသားဟာတွေကို အတင်း လာလာငြင်းနေတော့ အကြောင်းအရာတွေ ထပ်ကုန်ရော။ ဘာသာရေး အကြောင်းပါ နွယ်လာရင် ပိုဆိုးသေးတယ်။ ဘယ်လိုမှ ဘာသာရေးကိုခွာပြီး မတွေးကြတော့ဘူး။ တစ်ခါတစ်ခါ... ကိုယ်ပြောတာတွေကို သူတို့ တစ်မျိုး သဘောပေါက်သွားကြမှန်း ကိုယ်က သိနေပြီ။ သူတို့က မသိသေးဘူး။ အွန်လိုင်းမှာ ဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် Determinism နဲ့ Free Will အကြောင်း ပြောတိုင်း အဲလိုဖြစ်တတ်တယ်။

ဘုန်းဘုန်းကတော့ ခြွင်းချက်။ သုံးလေးကြောင်းလောက်နဲ့တင် ကျွန်တော် ဘာပြောချင်မှန်း တန်းသိတယ်။ အပိုင်း(၁) မှာ နည်းနည်း ရှည်သွားတာက ဖတ်သူမရွေး ပိုနားလည်လာအောင် နည်းနည်း ထပ်ဖြည့်ထားလိုက်လို့ ရှည်နေတာပါ။
တကယ်က ကျွန်တော် ရေးတာတွေက အနက်ကြီးးလည်း မဟုတ်ပါဘူး။ လူတွေကိုက တွေးရမှာ ပျင်းကြတာ။

အပိုင်း (၁)
------------
ဘုန်းဘုန်းက မေးလာတာက Determinism ဟာ chaos သီအိုရီ နဲ့ ဝိရောဓိ ဖြစ်မနေဘူးလား။ random သဘောနဲ့ ဝိရောဓိ ဖြစ်မနေဘူးလားလို့ မေးထားတာပါ။

ကျွန်တော်ပြောထားတာတွေက...
တစ်ခါတစ်ခါ ပြဌာန်းခံရတယ် ဆိုပေမဲ့ တရားသေ ပုံသေကားချပ်ကြီးတော့ မဟုတ်ဘူး။ random ဖြစ်ချင်ရာဖြစ်တယ်ဆိုတဲ့ သဘောမျိုးနဲ့လည်း လုံးဝ ကင်းနေတာ မဟုတ်ပါဘူး။
ဥပမာ….software အံစာတုံး တစ်ခုမှာ ဖြစ်နိုင်ခြေ ခြောက်ခု ရှိတယ် ဆိုပါစို့။ အဲဒီ အံစာတုံးဟာ ဂဏန်းတစ်ခုခုကို တခုခုကို ဗဟိုပြုပြီးတော့ လွှဲမယ် ဆိုပါစို့။ အံစာတုန်းက ခြောက်ခုပဲရှိမှာကတော့ ပုံသေပဲ။ ဒါပေမဲ့ တစ်ကနေ ခြောက်၊ ဒါမှမဟုတ် ၂ ကနေ ၇…. ဒါမှမဟုတ် ၃ ကနေ ၈ အဲလို ကွာသွားမယ်။ software အံစာတုံးနော်။

အဲဒါကို
ဘောလုံးပွဲနဲ့ ဥပမာပေးမယ်ဆိုရင် ရီးယဲမက်ဒရစ် နဲ့ သူနဲ့ ကွာတဲ့ ဆန်ဒါးလန်းဆိုပါစို့။ ရီးယဲလ်ရဲ့ အရည်အချင်းက ၄ ကို ဗဟို ပြုပြီး လွှဲနေမယ်။ ဆန်ဒါးလန်းက ၁ ကိုဗဟိုပြုပြီး လွှဲနေမယ်။ ဗဟိုမှတ်ကနေ အတိုးအလျော့ သုံးခုစီ ရှိသွားနိုင်တယ် ဆိုပါစို့။ +၃ ဒါမှမဟုတ် -၃ (အနုတ် ၃ ပေါ့) အဲဒါဆိုရင် ရီးယဲလ်က ၄ကို ဗဟိုပြုထားတာဆိုတော့ ၇ ဂိုးကနေ ၁ ဂိုးအထိ သွင်းနိုင်မယ်ဆိုပါစို့။ ဆန်းဒါးလန်ကတော့ ၁ကို ဗဟိုပြုထားတာ ဆိုတော့ (အနုတ်ကိုတော့ ဒီနေရာမှာ ထားလိုက်တော့) အမြင့်ဆုံး ၄ ဂိုးသွင်းနိုင်မှာပေါ့။ များသောအားဖြင့်တော့ ရီးယဲလ်ကပဲ နိုင်လိမ့်မယ်။

ပြဌာန်းပြီးသားလိုကိုး။ ဒါပေမဲ့ ရီးယဲလ်က ၄ အနုတ် ၃ ဖြစ်ပြီး (ရီးယဲလ် ကံအဆိုးဆုံးနေ့ဖြစ်ပြီး လွှဲလိုက်တဲ့ လှိုင်းရဲ့ အနိမ့်ဆုံးကို ရောက်သွားချိန်) ၁ဂိုးပဲ ရတဲ့ အချိန်မှာ ဆန်းဒါးလန်းက ကံဇာတာ တက်ပြီး +၃ လွှဲတဲ့ ရက် ဖြစ်နေရင် ဆန်ဒါလန်းက ၄ ဂိုးရသွားမယ်။ ရီးယဲလ် ရှုံးသွားမယ်။ အဲဒီသဘောမျိုးလည်း ရှိတယ်။ စာတအားလေ့လာထားတဲ့လူဟာ စာမေးပွဲမှာ ကံတအားဆိုးပြီး (သူ့ကံကြမ္မာက ဟိုးအောက်ဆုံးအထိ လွှဲလိုက်လို့) ၄၁ မှတ်ပဲ ရတဲ့အချိန်မှာ ကံစွတ်ပြီး ၄၂ မှတ် ရတဲ့အခါ ဖြစ်ချင်ဖြစ်နေမယ်။ ဆိုလိုတာက စာလေ့လာခြင်း မလေ့လာခြင်းတွေက ပြဌာန်းထားတယ် ဆိုပေမဲ့ random သဘောမျိုးကလည်း ရှိနေပြီး ကမောက်ကမတွေ ဖြစ်ချင်ဖြစ်နေမှာပါ။ (မှတ်ချက်။ ။ အဲဒီ random သဘောဆိုတာကလည်း nature နဲ့ nurture ရဲ့ အပြဌာန်းခံ ရလဒ် ဖြစ်နိုင်တယ်)

ဂိမ်းတွေကို ကွန်ပျူတာနဲ့ ကစားကြည့်။ တစ်ခေါက်နဲ့ တစ်ခေါက် တူမှာ မဟုတ်ဘူး။ အသေ ပရိုဂရမ်ရေးထားပေမယ့် အဆင့်မြင့်မြင့် ရေးထားတော့ (အဆင့်မြင့်မြင့် ပရိုဂရမ်က ပြဌာန်းထားတော့) တစ်ခါနဲ့ တစ်ခါ မတူဘူး။ လူတွေဆို ဖြစ်စဉ်တွေ ပိုကွဲတော့မှာပေါ့။

ဂိမ်းတွေမှာလို ဇာတ်လမ်းကျောရိုးလောက်ပြီး တူပြီး အသေးစိတ်ဇာတ်ကွက်တွေ ကွာသွားမှာပဲ။
ဒီကမ္ဘာကြီးသာ အစကနေ ပြန်ဖြစ်မယ်ဆိုရင်လည်း သတ္တဝါတွေက အတ္တစိတ်တွေနဲ့ ရှင်သန်အောင် ရုန်းကန် အနိုင်လုကြ ပြိုင်ဆိုင်ကြမယ် ဆိုတဲ့ ဇာတ်လမ်းကျောရိုးတော့ တူပြီးတော့၊ အသေးစိတ်ဇာတ်ကွက်တွေ (ဥပမာ ရှိလာမယ့် သတ္တဝါ အမျိုးအစားက အစ) အခုနဲ့ အများကြီးကွဲသွားမယ်လို့ ထင်တယ်။

အတ္တစိတ်တွေနဲ့ ရှင်သန်ရေး ကြိုးပမ်းရမယ် ဆိုတဲ့ ပြဌာန်းချက်က အတူတူဖြစ်ပေမဲ့ တကယ်ဖြစ်မယ့်ဟာတွေကျတော့ ဘယ်လောက်ပဲ ပြဌာန်းပြဌာန်း အများကြီး ကွာသွားမယ်။

အပိုင်း (၂)
-------------
အပိုင်း (၂) ကတော့ အရင်ကတည်းက ကျွန်တော် တွေးလေ့ ရေးလေ့ ရှိတာတွေကို အခု ပြန်တွေးပြီး အသစ်ရေးထားတာပါ။

တကယ်တော့ determinism ဆိုတာ တန်ခိုးရှင်ကြီးက ပြဌာန်းနေတယ်ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။ nature နဲ့ nurture က ပြဌာန်းနေတယ်လို့ ပြောတာ၊ သဘာဝ နိယာမဆိုတာ အဲဒီ့ nature နဲ့ nurture ကို ပြောတာပါ။

လူတွေက တစ်ခုခုဆို လေးလေးနက်နက် မတွေးကြဘူး။ ဒီလူ ဒီဟာကို လက်ခံမထားရင် ဟိုဟာကို လက်ခံတာပဲ ဖြစ်ရမယ်လို့ တရားသေ တွေးတတ်ကြတယ်။

determinism နဲ့ ပတ်သတ်ပြီး ပြောလိုက်မယ်ဆိုရင်…. လူတွေက သေချာ မတွေးတော့ဘဲ determinism ဆိုတာ ဘုရားသခင်ကို လက်ခံတဲ့ဟာလို့ ခပ်တိမ်တိမ် လျှောက်ပြောတတ်ကြတယ်။ တကယ်တော့ ကျမ်းထဲက ဘုရားတွေကို တရားသေ လက်ခံတဲ့ ဝါဒ မဟုတ်ဘူး။ သူ့ကို မကိုးကွယ်ရင် ငြိုငြင်တဲ့ ဘုရားတွေ၊ သူ့ဘာသာဝင်တွေကိုပဲ မျက်နှာသာပေးမယ်ဆိုတဲ့ ဘုရားတွေကို မျက်စေ့မှိတ် ယုံနေတာမျိုး မဟုတ်ဘူး။ ဒဿန ပညာရှင်တွေက အဲလောက်ထိ မတိမ်ပါဘူး။

တကယ်တော့ လောကနိယာမရဲ့ ပြဌာန်းမှုကို ခံထားရတယ်၊ free will မရှိဘူးဆိုတာမျိုး ပြောတာပါ။ determinism ရဲ့ သဘောကို ရှင်းပြလိုက်ရင်လည်း မြန်မာမှာ ခက်ခက်ခဲခဲ ရှင်းပြရင်တောင် နားမလည်ကြတဲ့သူ များတယ်။ တကယ်တော့ ဒဿန နယ်ပယ်မှာ free will ရှိမရှိ က အခုအချိန်အထိ အဖြေမပေါ်သေးဘဲ ဆွေးနွေးနေကြရတဲ့ အရာပါ။ လွယ်လွယ်လေး၊ ရမ်းပြောလိုက်လို့ ရတဲ့ဟာမျိုး မဟုတ်ပါဘူးး။

တိမ်လွန်းတဲ့ တချို့အယူအဆတွေကို ဘေးဖယ်ကြည့်မယ်ဆိုရင်…determinism ဆိုတာ ကမ္ဘာကြီးပေါ်မှာ အမြင့်ကနေ အရာဝတ္ထု တစ်ခုခု ပစ်ချလိုက်ရင် (ကမ္ဘာ့ဆွဲအားကြောင့်ပဲ ဆိုကြပါစို့) ကမ္ဘာမျက်နှာပြင်ပေါ်ကို ကျလာမယ် ဆိုတဲ့ သဘောတရားမျိုးကို အားလုံး လိုက်နာရတယ် ဆိုတဲ့သဘော။ အဲလိုပဲ လူတစ်ယောက်ဟာ သူ့ gene ရဲ့ အကန့်အသတ်၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု၊ သမိုင်းရဲ့ ပြဌာန်းထားမှု၊ နိုင်ငံရေးတွေ အခြေအနေတွေရဲ့ ပြဌာန်းထားမှု အဲဒါတွေရဲ့ ပြဌာန်းမှုတွေကို ခံရပြီး ဘောင်တစ်ခု အတွင်းမှာပဲ ဖြစ်နိုင်မယ်။ ဘောင်ကို ကျော်လို့ မရဘူးဆိုတဲ့ သဘောပါ။ ဘုရားသခင် ဖန်ဆင်းသမျှအတိုင်း လိုက်ဖြစ်တယ် ဆိုတဲ့ တိမ်လွန်းတဲ့ အယူအဆမျိုး မဟုတ်ပါဘူး။ Nature နဲ့ nurture ရဲ့ ပြဌာန်းမှုကို ခံရတယ် ဆိုတဲ့သဘောပါ။

Soft determinism ဆိုရင် ဒီတစ်ခုက လွဲပြီး ကျန်တာတွေ မဖြစ်နိုင်ဘူးဆိုတဲ့ တရားသေဆန်ဆန်မျိုး မဟုတ်ပါဘူး။ ဥပမာ ပေးရရင် ရုပ်ရှင် ဇာတ်ညွှန်းလို ဟာမျိုး မဟုတ်ပါဘူး။ ဂိမ်းလို ဟာမျိုးပါ။ ဥပမာ ပေးကြည့်မယ်။ အံစာတုံးကို လှိမ့်လိုက်မယ် ဆိုပါစို့။ တကယ်က ကျချင်တဲ့ ဂဏန်း ကျမယ် ဆိုပေမဲ့ determinism ဘောင်အတွင်းမှာလည်း ဝင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ၁ ကနေ ၆ အတွင်းကနေ မလွတ်နိုင်လို့ပါ။ တစ်ပြိုင်တည်းမှာပဲ random ဆိုတဲ့ ဘောင်ထဲမှာလည်း ဝင်နေပြန်ရော။ ၁ ကနေ ၆ အတွင်း ခြောက်ခုထဲကတော့ ကျချင်ရာ ကျမှာကိုး။ အဲဒီသဘောမျိုးပါ။

တစ်ဆင့်တက်ပြီး ဂိမ်းနဲ့ ဥပမာ ပေးမယ်။ ဂိမ်းဆိုတာ ပရိုဂရမ် အသေရေးပြီး သတ်မှတ်ပြဌာန်းပြီးသားပါ။ ဒါပေမဲ့ random နံပါတ်တွေ ကျပန်းထုတ်ပြီး … ဖြစ်နိုင်ခြေတွေ အများကြီး ရှိနေတယ်။ ရုပ်ရှင်ဇာတ်လမ်းလို အသေမဟုတ်ဘူး။ ဒါကြောင့် ကွန်ပျူတာ နဲ့ ခင်ဗျားနဲ့ ဂိမ်းကစားတယ် ဆိုပါစို့။ အကြိမ်တစ်ရာ ကစားလည်း တစ်ကြိမ်နဲ့ တစ်ကြိမ် ထပ်တူကျချင်မှ ကျမယ်။ ဒီလိုဆိုတော့ အဲဒီဂိမ်းဟာ ပြဌန်းခံ မဟုတ်ဘူး။ လွတ်လပ်မှု ရှိတယ်လို့ ထင်ရလိမ့်မယ်။ ဒါပေမဲ့ တကယ်က အဲဒီဂိမ်းကို ဖြစ်နိုင်ခြေတွေ အများကြီးအတွက် ပရိုဂရမ်ဆွဲပြီး သတ်မှတ်ပြဌာန်းထားပြီးသား။ ရုပ်ရှင်ဇာတ်လမ်းလို တရားသေ မဟုတ်တာဘဲ ရှိမယ်။
ဥပမာ …. ဘောလုံးကန်တဲ့ ဂိမ်းဆိုပါတော့။ ကစားသမားတစ်ယောက် ဘောလုံး ရတဲ့ အနေအထားမှာ ပရိုဂရမ် စိတ်ကူးယဉ် ရေးကြည့်မယ်။ ပရိုဂရမ်ထဲမှာ ၁ ကနေ ၇ အထိ random နံပါတ် ထုတ်လိုက်မယ်ဗျာ။

 (ဥပမာနော်)။ ၁ ကျရင် လိမ်ခေါက်လှည့်ထွက်။ ၂ ဂဏန်းကျမယ်ဆိုရင် ဘောလုံးက တစ်ဘက်အသင်းလူဆီ မှားပေး၊ ၃ ဂဏန်းကျမယ်ဆိုရင် တစ်ဘက်အသင်းက ဖျက်တာ ခံရ။ ၄ ဆိုရင် နောက်ပြန်ကစ် ကလေးနဲ့ ကိုယ့်လူဆီကိုယ်ပေး။ ၅ကျရင် အဝေးကြီးကို ကန်တင်။ ၆ ကျရင် ရှေ့ကို (နီးနီးလေးကိုပေး) ၇ ကျရင် အဝေးကနေ ဂိုးထဲကို ကန်သွင်း ဆိုပါစို့။ ပရိုဂရမ်နဲ့ ပြဌာန်းထားပြီးသားဆိုပေမဲ့ ဂိမ်းကြီးတစ်ခုလုံးဆိုရင် ဖြစ်နိုင်ခြေက ၇ ခုတည်း မကတော့ဘူး။ သိန်းနဲ့ သန်းနဲ့ ချီသွားတော့မှာ။ ဒီတော့ ဘယ်တော့ ကစားကစား ထပ်တူဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီ ဂိမ်းဟာ လုံးဝလွတ်လပ်ပြီး ဖြစ်ချင်ရာ ဖြစ်နေတာလား ဆိုတော့ မဟုတ်ဘူး။ ဂိမ်းပရိုဂရမ်ရဲ့ နိယာမတွေကို အတိအကျလိုက်နာပြီး ဖြစ်နေတာ။

တစ်ဆင့်တက်ပြီး လက်တွေ့လောကက အဖြစ်တစ်ခုကို ယူသုံးပြီး determinism အကြောင်း (ဥပမာနဲ့ စိတ်ကူးယဉ် ပြောကြည့်ပါမယ်)။ ဥပမာ ဆိုတော့ ရှင်းရလွယ်အောင် တအားရှုပ်မယ့် အပိုင်းကိုတော့ ချန်ထားခဲ့မယ်နော်။

ထင်လင်းဦး အဖမ်းခံရတဲ့ ကိစ္စဆိုပါစို့။ ထင်လင်းဦးကို သူ့ ဗီဇ (ဗီဇလို့ပဲ အလွယ်သုံးလိုက်ပါရစေ။) ဗီဇကလည်း ပြဌာန်းမယ်။ လူ့ဗီဇ ဆိုတာက နက်နဲ ရှုပ်ထွေးပါတယ်။
ပြီးတော့ ထင်လင်းဦး ဆီမှာ ထင်ရာကို ထုတ်ပြောတဲ့ သဘောမျိုးလည်း ရှိလိမ့်မယ်။ တစ်ခါတစ်ခါ အမြင်မတော်တာကို မပြောပဲ မျိုသိပ်ထားတဲ့ သဘောမျိုးလည်း ရှိလိမ့်မယ်။ မဟုတ်တာကို မဟုတ်မှန်းသိအောင် သူ့ဗီဇနဲ့ သူ့ပတ်ဝန်းကျင်က သူ့ကို ပုံသွင်းထားပြီးသား အခြေအနေ ဆိုပါစို့။ သူဟောပြောမယ့် အချိန်မှာ… သူ့မှာ ထင်ရာထုတ်ပြောမယ့် သဘော (နံပါတ်တစ် ပဲထားလိုက်ပါ)၊ ဒါမှမဟုတ် မျိုသိပ်ထားမယ့် သဘော (နံပါတ်နှစ် ဆိုပါစို့)] သူ ဟောပြောခါနီး အချိန်မှာ သူ့ဦးနှောက်ထဲမှာ အံစာခေါက်လိုက်တဲ့ သဘောမျိုး ဆိုပါစို့။ အံစာခေါက်တာမှ နံပါတ် ၁(ထုတ်ပြောချင်တဲ့စိတ်) မဲပေါက် ပါလေရော။ (မှတ်ချက်။ ဒါက အလွယ်ပြောတာနော်။ တကယ်က သူ့ဆုံးဖြတ်ချက်အပေါ် သက်ရောက်မယ့် အခြား ပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေ အများကြီး ရှိဦးမှာ။ အဲလို ရှိတယ်ဆိုပေမဲ့ ထင်လင်းဦးဟာ အမြဲတမ်းတော့ ထုတ်ပြောဖို့ချည်း ဆုံးဖြတ်ဖြစ်မှာ မဟုတ်ဘူး။ ထုတ်မပြောတဲ့ အချိန်တွေလည်း ရှိလိမ့်မယ်။ အဲဒီ တဒင်္ဂမှာ သူ့ဦးနှောက်လှိုင်းတွေရဲ့ random အံစာခေါက်သလို သဘောမျိုး အဆုံးအဖြတ်လည်း ပါတယ်ပဲ ထားလိုက်ပါ) နံပါတ် ၁ မဲပေါက်ပါလေရော။ ဒီတော့ ပြောပစ် ဝေဖန်ပစ်လိုက်ရော။

အဲဒီအချိန်မှာ ပတ်ဝန်းကျင် အနေအထားမှာက အဲလိုပြောတာကို မကြိုက်တဲ့ အင်အားစု ကြီးက အားကောင်းနေရော။ နိုင်ငံရေး အခြေအနေတွေကလည်း အဲဒီ အင်အားစုကြီးကို မျက်နှာသာ ပေးနေတယ်။ ဒီတော့ ထောင်ထဲဝင်ရရောပေါ့။ အဲဒီဖြစ်စဉ်မှာ nature နဲ့ nurture ရဲ့ ပြဌာန်းမှုကို ခံရတာကို ဗီဇနဲ့ ပတ်ဝန်းကျင်ရဲ့ ပြဌာန်းမှု ခံရတာကို မြင်အောင် အသေးစိတ် စိတ်ကူး ကြည့်ကြည့်ပါ။ ဗီဇဆိုတာမှာ ထင်လင်းဦးရဲ့ ဗီဇတင် မကဘူး။ မဘသက သူတွေရဲ့ ဗီဇ၊ မဘသကို အားပေးသူတွေရဲ့ ဗီဇ။ ကမ္ဘာ့အကြမ်းဖက်မှုတွေက လူတွေအပေါ် မဘသတွေအပေါ် သက်ရောက်လာတဲ့ အခြေအနေတွေ။ အဲဒါတွေပေါ် အခြေခံပြီး ဖြစ်လာတဲ့ ပတ်ဝန်းကျင်တွေပါမယ်။ soft determinism ဆိုတာ အဲလို nature နဲ့ nurture ရဲ့ ပြဌာန်းမှုကို ခံနေရတယ်လို့ ပြောတာပါ။ ဒါပေမဲ့ အဖြစ်အပျက်တွေက ဒါပဲ ဖြစ်ရမယ်လို့ ကျိန်းသေကြီး ကြိုရှိနေတာတော့ မဟုတ်ဘး။ ဖြစ်နိုင်ခြေတွေ အများကြီး ရှိနေတာ ။အဲဒီမှာမှ တစ်ဒင်္ဂလေးအတွင်းမှာ ဖြစ်သွားတဲ့ random သဘောမျိုးလည်း ပါဦးမယ်။

soft determinism ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကူးပြရရင်
Soft Determinism is the theory that human behaviour and actions are wholly determined by causal events, but human free will does exist when defined as the capacity to act according to one's nature (which is shaped by external factors such as heredity, society and upbringing)

ကောင်းကင်ကို (မေ ၁၇ - ၂၀၁၅)
Facebook မှာ အရင်တင်ခဲ့တဲ့ ပို့စ်ပါ။

Wednesday, May 13, 2015

ဓားသွေးကျောက်



အပ်ကြောင်းထပ်နေတဲ့ အမြင်တွေကို
မစင်တွေလို… လူတွေပါချ။

ရောဂါဟောင်းလောင်းနဲ့
တချို့ ပညာရှိခေါင်းတွေမှာ
ဘက်စုံသုံး ညီမျှခြင်း တစ်ကြောင်းရှိနေသလား
ဘယ်အချိန်ပဲကြည့်လိုက်ကြည့်လိုက်… ဒီအတွေးဘူတာပဲ ဆိုက်တယ်။

အရေးထဲ…
အလှူပွဲက သီချင်းက
အရံခုံပေါ်မှာတောင် ရှိမနေတဲ့ သူတွေကို
သွေးပူလေ့ကျင့်ခန်း ဆင်းခိုင်းပြန်တယ်။

ကမ္ဘာပေါ်က အကြမ်းဖက်မှုတိုင်း အတွက်
နတ်ဘုရားတွေကို အဆိပ်တစ်ခွက်စီ ကပ်ချင်တယ်။

အိပ်မက်ထဲမှာ
လူတွေရဲ့ လက်ချက်နဲ့
ဗုဒ္ဓနဲ့ မိုဟာမက် နှစ်ဦးစလုံး
ဓားသွေးကျောက်လို ပြုန်းလို့။  

ကောင်းကင်ကို (၁၃ မေ၊ ၂၀၁၅)

Friday, May 2, 2014

Hypocrite


ဘာသာမဲ့ဆိုပြီး ...

အမြင်ကတ်စရာ ထွေရာလေးပါးနဲ့
ချဉ်ဖတ်ဆရာ သေနာလေးတစ်ပါးရေ
ဘဝင်ဟပ်လာအောင် စေတနာလေးထားပြီး
ရင်ဘတ်တစ်ရာကို နေရာပေးမှ
မင်းလူယဉ်ကျေးဖြစ်မှာတဲ့။
ခုတော့
သိပ္ပံပညာနဲ့တိုင်းပြပုံက
ပိတ်ကန်ချင်စရာရိုင်းလှသတဲ့။
မိတ်ဆွေတစ်ယောက်က ဆုံးမတယ်။

ဒါပေမဲ့….နောက်တစ်ရက်ကျတော့
အဲဒီမိတ်ဆွေပဲ ပလိန်းဆဲတယ်
နတ်တွေကို “အစိမ်းသရဲ” တဲ့။

ကောင်းကင်ကို (မေ ၂၊ ၂၀၁၄)

Thursday, November 7, 2013

ခွ(ဂွ)ကျမှုကြီး

Free Will လား Determinism လား
အခန်းထဲမှာတင် စကြဝဠာ ပတ်တိုင်း 
ရုပ်ဝါဒကို လက်ခံမိချိန်မျိုးမှ
အနတ္တကို မြင်မိတယ်။ 
ဘယ်စာအုပ်မှ ကိုယ့်ကိုယ်ကို အစိုးမရဘူးလေ။
ကောင်းကင်ကို (နိုဝင်ဘာ ၇၊ ၂၀၁၃)

Friday, October 18, 2013

မဲ့

မရှိတဲ့အရာ
ရှိကြောင်းသိနေကြခြင်းက
လောကနေနည်းဖြစ်ကြောင်း
သိသွားတဲ့ တယောက်မှာ
လောကနေနည်း မရှိတော့ဘူး။

လှည့်စားနည်းကို မသိမှ
မျက်လှည့်ပွဲ ကြည့်ရတာ စိတ်လှုပ်ရှားမယ်။

အရွယ်ရောက်လာသူ တစ်ယောက်ဟာ
တူတူပုန်းတမ်း ကစားခွင့်ကို
ကလေးတွေကို ပျော်စေချင်မှ ပြန်ရသလို….
အလွယ်မလျှောက်နိုင်သူ တစ်ယောက်ဟာ
အိပ်မက် ယုံစတမ်း ကစားခွင့်ကို
မိတ်ဆွေတွေကို ပျော်စေချင်မှ ပြန်ရတယ်။

ကောင်းကင်ကို (အောက်တိုဘာ ၁၈၊ ၂၀၁၃)


Thursday, February 28, 2013

၉၉၈၇၆၆


ကလေးတွေရဲ့ စိတ်နှလုံးတွေ
ရွှေရောင်တောက်ရေး
မြေတောင်မြှောက်ပေးဖို့
သူတို့ဆီ အပ်ကြတယ်။

ကြောက်/မိုက် တတ်သွားပေမဲ့
မဖွံ့ဖြိုးပြန်…
ခွံ့အထိုးခံလေး
အညွန့်ချိုးခံ လိုက်ရတယ်။

ကောင်းကင်ကို

Tuesday, February 12, 2013

သက်သတ်လွတ်

ကိုယ်တိုင်ကျတော့ သူများသတ်ပြီးသား အသားကိုစားပြီး … "သားသတ်သမားတွေ၊ တံငါတွေ၊ မွေးမြူရေးသမားတွေ"ဟာ အကုသိုလ်ကောင်တွေ ဆိုတဲ့ ပုံစံမျိုး တချို့ လုပ်တတ်ကြပါတယ်။ အဲဒီ့လို အလုပ်တွေကို သမ္မာအာဇီဝ မဖြစ်ဘူးလို့ သတ်မှတ်တတ်ကြတယ်။

ကိုယ်ကျတော့ သူတို့သတ်ထားတဲ့ အသားစားမယ်၊ အကုသိုလ်ကိုတော့ သတ်တဲ့သူ ယူလိမ့်မယ် ဆိုတဲ့ စိတ်မျိုးက တကိုယ်ကောင်းဆန်လွန်းတဲ့ စိတ်မျိုးလို့ ထင်တယ်။ အဲဒီ့လိုလူ တချို့က ပြောကြပြန်တယ်။ အသားဖြစ်ဖြစ် အသီးအရွက်ဖြစ်ဖြစ် အစားအစာကို တပ်မက်စိတ် မပါဘဲ စားရင် ပြီးရောတဲ့။ အကုသိုလ် မဖြစ်ဘူးတဲ့။ အဲဒါဆိုလည်း ဆီတွေဘာတွေ၊ တခြားအရသာတွေ ထည့်မနေဘဲ၊ ဟင်းတွေကို အရသာ အမျိုးမျိုးချက်မနေဘဲ ရေလုံပြုတ် စားကြရောပေါ့။ အချိန်ကုန်တောင် သက်သာဦးမယ်လေ။ ကျနော့်အမြင်တော့ သဘာဝကြီးကတောင် သစ်သီးဝလံလို စားစရာတွေမှာ အရသာ မျိုးစုံ ပေးထားတာပဲ။ ဒီတော့ အစားအစာကို တပ်မက်ခြင်းတွေ၊ အရသာခံခြင်းတွေဟာ အန္တရာယ်ရှိလောက်တဲ့ အဆင့်အထိ တပ်မက်တာမျိုး မဟုတ်ရင် အပြစ်ကင်းတဲ့ ခံစားမှုမျိုး၊ သဘာဝကျတဲ့ စည်းစိမ်မျိုးလို့ပဲ ကျနော်တော့ ခံယူတယ်။

တိရိစ္ဆာန် တွေကို စားဖို့ သတ်တာကိုကျတော့ အပြစ်ပြော၊ ကိုယ်တိုင်ကျတော့လည်း သက်သတ်လွတ် မစားသူ တယောက်ကို “အဲဒါက ရှေ့နောက်မညီဘူး၊ မင်း…သတ္တဝါတွေကို သနားရင် အသား မစားဘဲ နေပေါ့။ ဒါဆို သတ္တဝါတွေ အရေအတွက် နည်းနည်းပဲဖြစ်ဖြစ် အသက်ချမ်းသာရာ ရတာပေါ့” လို့ သွားပြောလိုက်ရင် သူတို့ ပြန်ပြောလေ့ ရှိတာက “ငါတယောက်တည်း အသား မစားဘဲ နေလည်း တကမ္ဘာလုံးက အသားစားနေမှာပဲ။ ဒီတော့ သားသတ်သမားတွေလည်း ရှိနေမှာပဲ။ ငါတယောက်တည်း သက်သက်လွတ် စားရုံနဲ့တော့ မထူးဘူး” လို့ ပြန်ပြောတတ်ကြတယ်။ ဒါဆိုရင် ပြန်မေးချင်တာက စိတ်ပိုင်းဆိုင်ရာ ခံယူချက်တို့၊ သီလတို့ ဆိုတာဟာ တကမ္ဘာလုံး လုပ်ခြင်း မလုပ်ခြင်းနဲ့ ဆိုင်လို့လား။ ဥပမာ…တတိုင်းပြည်လုံး ပြည်သူပိုင် ပစ္စည်တွေ ခိုးနေကြရင် ငါမခိုးလည်း တိုင်းပြည်အတွက် ဘာမှ ထူးမှာမဟုတ်ဘူး ဆိုပြီး လိုက်ခိုးတော့မှာလား? တကမ္ဘာလုံး ခိုးရင် လိုက်ခိုးတော့မှာလား? Moral legitimacy ဆိုတာ သူများလုပ်ခြင်း မလုပ်ခြင်း၊ တကမ္ဘာလုံး လုပ်ခြင်း မလုပ်ခြင်းနဲ့ မဆိုင်ဘူး။ ကိန်းဂဏန်း အရေအတွက်နဲ့ မဆိုင်ဘူးလေ။

ဒါပေမဲ့ သက်သတ်လွတ် သမားက သားငါးသတ်ဖြတ်သူကို ဝေဖန်တာမျိုးဆိုရင်တော့ သဘာဝ ကျပါတယ်။ အဲဒီ့လို သက်သတ်လွတ်သမားတွေကိုလည်း အပေါ်မှာပြောခဲ့တဲ့ ရှေ့နောက်မညီသူတွေက ဒေဝဒတ် ဝါဒီတွေဆိုပြီး မညှာမတာ သမုတ်ကြပြန်တယ်။

ဖေ့စ်ဘွတ်ခ် တည်ထောင်တဲ့ မာ့ခ်ဇူကာဘတ် ကတော့ ပြောင်းပြန်။ တတ်နိုင်သမျှ သက်သက်လွတ် စားဖြစ်အောင် ကြိုးစားတဲ့ အနေနဲ့ ကိုင်တိုင်ကိုယ်ကျ သတ်ထားတဲ့ အသားကိုမှ စားသတဲ့။ သူ့ ဒဿနကတော့ ဒီလို။ လူတွေဟာ အသားကိုတော့ စားကြပေမဲ့ ကိုယ်တိုင် သတ်ခဲ့ကြရတာ မဟုတ်တော့ အဲဒီ့ အသားစားတဲ့ အချိန်မှာ သတ္တဝါတကောင် သေရရှာပြီ ဆိုတဲ့အတွေးကို၊ သနားစရာမြင်ကွင်းတွေကို လျစ်လျူရှုလိုက်ဖို့၊ မေ့ပစ်လိုက်ဖို့ လွယ်တယ်တဲ့။ အဲလို အလွယ်တကူ မေ့ပစ်၊ လျစ်လျူရှုပစ်လိုက်တာဟာ တာဝန်မဲ့တာလို့ မာ့ခ်ဇူကာဘတ်က ယူဆသတဲ့။ ဒါကြောင့် ကိုယ်တိုင်သတ်တဲ့ အသားကိုပဲ စားတော့တယ်တဲ့။ ဟုတ်ပါတယ်။ ကိုယ်တိုင် မြင်နေရရင် တိရစ္ဆာန်ကြီးကြီး တကောင်လောက်ကိုတောင် သွေးထွက်သံယို မသတ်ချင်ပေမဲ့၊ အနိဌာရုံ မြင်ကွင်းတွေကို မမြင်ရဘူးဆိုရင် လူတသောင်းလောက်ကို သေစေမယ့် အမိန့်မျိုး ချလိုက်ရရင်တောင် အိပ်ရေးမပျက်ကြဘူး မဟုတ်လား။

သတ္တဝါတွေကို စားဖို့ သတ်ခြင်းကို သက်သတ်လွတ် စားသူတွေက ဝေဖန် ထောက်ပြလာရင်တော့ သူ့ဟာနဲ့သူ ရှေ့နောက်ညီတာမျို့ လက်ခံပါတယ်။ ဒါတောင်မှ ကိုယ်တိုင်တစုံတခု လိုချင်လို့၊ ကုသိုလ်လိုချင်လို့၊ ဒါမှမဟုတ် အကုသိုလ်ဖြစ်မှာကို ကြောက်လို့ သက်သတ်လွတ်စား တာမျိုးထက် သတ္တဝါတွေကို သနားတဲ့စိတ်သက်သက်နဲ့ သက်သတ်လွတ်စားတာမျိုးကိုပဲ ပိုလေးစားပါတယ်။ သက်သတ်လွတ် စားခြင်းဟာ ဘာသာရေးကြောင့် မဟုတ်ဘဲ “လူတွေဟာ အသိဥာဏ် အကြီးဆုံးဖြစ်လို့ ကိုယ့်လောက် အသိဥာဏ်မရှိတဲ့ သတ္တဝါတွေကို ညှာသင့်တယ်” ဆိုတဲ့ အတွေးမျိုးနဲ့ ဆိုရင်ပေါ့။
ကောင်းကင်ကို

Tuesday, January 29, 2013

ပဋိပက္ခ (၂)


သင်ခန်းစာ တချို့ ပါတဲ့… 

နှစ်ပေါင်းထောင်ကျော်တွေက
ကောလဟလတွေ 

ပြောရ ကာရ နဲ့
မောကြ နာကြ။

ကောင်းကင်ကို

Tuesday, January 8, 2013

(ကမ္ဘာပျက်မပျက်နှင့် ဘာသာရေး) (အလုံးစုံသိသော God နှင့် အရာရာစွမ်းဆောင်နိုင်ခြင်း တွဲပြီးရှိနိုင် မရှိနိုင်) (အလုံးစုံကြိုတင်သိသောဥာဏ်နှင့် free will တွဲပြီးရှိနိုင် မရှိနိုင်)

(ကြိုတင်သတိပေးလိုတာက ဒီပို့စ်မှာ ဘာသာရေးတွေရဲ့ ရှေ့နောက်ညီမှု မညီမှုကို ဆန်းစစ်တာတွေ ပါဝင်မှာဖြစ်တာကို သတိပေးလိုပါတယ်။)
(၁) တခြားနိုင်ငံတွေမှာတော့ အသေအချာမသိ။ ကျနော်တို့ နိုင်ငံမှာတော့ ကမ္ဘာပျက်မပျက်ကို NASA ရဲ့ webstie မျိုး သွားကြည့်ကြတာထက် ဘာသာရေးရှုထောင့်ကနေ ကြည့်ပြီး တွေးကြတာ များပါတယ်။ အဲဒီ့လိုတွေးတဲ့ နေရာမှာ တကယ်လည်း ကမ္ဘာက ပျက်စရာ မရှိသေးတာကြောင့် ဘာသာရေးရှုထောင့်ကနေ ထွက်လာတဲ့ result တွေကတော့ မှန်နေမှာပဲ။

(၂) ကွန်မန့်တခုကို ဖတ်ပြီး ပြုးမိတယ်။ စကားလုံးအတိအကျ မမှတ်မိပေမဲ့ ကမ္ဘာပျက်မပျက်ကို ဗုဒ္ဓက အသိဆုံးတဲ့။ ဗုဒ္ဓသာလျှင် ကမ္ဘာကြီးရဲ့ အစောဆုံး၊ အကုန်အသိဆုံး သိပ္ပံပညာရှင်ကြီးတဲ့။ NASA ဆိုတာက Junior လေးတဲ့။ (ဒီနေရာမှာ တခု စဉ်းစားမိတာက ဘာသာရေးတွေ အသီးသီးကသာ သိပ္ပံနည်းကျ ဘာသာရေး ဆိုပြီး ဘာလို့ သိပ္ပံကို အလေးထားပြီး ဂုဏ်ယူနေကြတာလဲ။ ဘာကြောင့် သိပ္ပံရဲ့ အသိအမှတ်ပြုမှု ထောက်ခံမှု ကို ဘာသာဝင်တွေက အရေးတကြီး လိုအပ်နေရတာလဲ။ သိပ္ပံကတော့ ရှင်းတယ်။ ဗုဒ္ဓနည်းကျ သိပ္ပံတို့၊ ခရစ်ယာန် နည်းကျသိပ္ပံတို့၊ အစ္စလာမ်နည်းကျ သိပ္ပံတို့ ဆိုတာတွေ မရှိဘူး။ ဘယ်ဘာသာရေးရဲ့ နာမည်ကိုမှ ယူသုံးနေဖို့ မလိုပါ) ပြီးတော့ ခုနက Comment ရှင် ဆက်ပြောထားတာက နောက်ဘုရားပွင့်ပြီးမှ ကမ္ဘာပျက်မယ် တဲ့။ အဲဒါနဲ့ ပတ်သတ်ပြီးတော့ ကျနော် ဝတ္ထုတပုဒ်ထဲမှာ ထည့်ရေးထားတာလေးကိုပဲ ပြန်ကော်ပီလုပ်ပြချင်ပါတယ်။ “ကမ္ဘာမပျက်ခင်မှာ ပွင့်မယ့် ဘုရားတွေ အကြောင်း ကျမ်းပြုသူတွေ ရေးတာကိုလည်း တွေးကြည့်တယ်။ ယာဉ်ရထားတွေက ဆင်မင်း ၇,၀၀၀၊ မြင်း ၁,၀၀၀ နဲ့ မောင်းနှင်မယ့် ရာထားယာဉ်တော် ခုနစ်ရာတဲ့။

ပဒေသရာဇ်ခေတ်ရဲ့ အကောင်းဆုံးယာဉ်တွေကို ကြည့်ပြီး ရေးလိုက်တာဖြစ်ရမယ်။ တကယ်ဆို ကမ္ဘာမပျက်ခင်မို့ ခေတ်မီယာဉ်တွေပဲ ဖြစ်သင့်တာပေါ့။ ကမ္ဘာမပျက်ခင်မှာကိုပဲ လူတွေက ဟိုးကျောက်ခေတ်ကနေ evolution နဲ့ ပြန်စရမယ်ဆိုရင်တော့လည်း မသိဘူးပေါ့”

အဲဒီ့လိုပဲ အုပ်ချုပ်မယ့် စနစ်ကလည်း ရှေးခေတ်က အမတ်တွေနဲ့ အုပ်ချုပ်မယ့် ပဒေသရာဇ်စနစ်၊ စကြဝတေးမင်း ဆိုတာကလည်း တကမ္ဘာလုံးကို ပိုင်ဆိုင်ဖို့ မဆိုထားနဲ့ အဲဒီ့ခေတ်က သူတို့သိသလောက် မဇ္ဈိမ ဒေသလေး၊ အိန္ဒိယ ကွက်ကွက်ကလေးကို ပြောတာမျိုးဖြစ်နေတယ်။” ဒီတော့ ယုတ္တိမရှိဘူးပဲ ဆိုရမှာပေါ့။ ဒီနေရာမှာ တချို့က စောဒက တက်နိုင်တယ်။ တခြားလူတွေ လျှောက်ရောထားတာတွေလည်း ပါတယ်လို့။ ဒါဆိုရင် ဒီပိဋကတ်တွေထဲက ဒီပုံပြင်တပုဒ်ထဲမှာပဲ ပါတာချင်း အတူတူ ကိုယ်နှစ်သက်တဲ့ ဘုရားပွင့်မယ် ဆိုတာကျတော့ ဘုရားဟောလို့ လက်ခံနိုင်ပြီး ခုနကလိုဟာတွေကျတော့ ရှေးကတခြားလူတွေ လျှောက်ထည့်ထားတာလို့ ဘယ်လိုအထောက်အထားနဲ့ ပြောနိုင်ရတာလဲ? တကယ်က အကုန်လုံး တခြားလူတွေ အဆက်ဆက် လျှောက်ရေးထားတာ ဖြစ်နိုင်သလို နှစ်ခုလုံး ဘုရားဟောခဲ့တာလည်း ဖြစ်နိုင်တာပဲ။ ဒီတော့ ကိုယ်လက်ခံချင်တဲ့ အပိုင်းမှ ဘုရားဟော ဆိုပြီးတော့ လက်ခံပြီးတော့ မလက်ခံချင်တဲ့ အပိုင်းမှ ဘုရားဟော မဟုတ်ဘူးလို့ (ဘာအထောက်အထားမှ မပါဘဲ) ပြောခြင်းကရော တရားနည်းလမ်းကျပါသလား?

ကိုသိန်းမြင့်ဝင်းဆိုတဲ့ မိတ်ဆွေတယောက် ရေးဖူးသလို…. လူ့သဘာဝအတိုင်း ကိုယ်လိုချင်တဲ့အချက်ကလေးကို ကြိုတင် ရွေး၊ မလိုချင်တဲ့ အပိုင်းကို ပယ်ပြီးတဲ့အခါမှ….ကိုယ်ရွေးထားတာနဲ့ ပယ်ထားတာကို အထောက်အကူပြုမယ့် ဆင်ခြေဆင်လက်တွေ လိုက်ရှာနေခြင်းနဲ့ အတူတူပါပဲ။

ဒီနေ့လိုခေတ်မှာ လူအများကြီး လက်ခံနိုင်မယ့် ဘုရားအသစ်တွေ၊ တမန်တော်အသစ်တွေ မပေါ်တော့တာကလည်း အကြောင်းရှိပါတယ်။ ဒီနေ့ခေတ်မှာက အရာရာကို ဆန်းစစ်မယ့် သူတွေရယ်၊ စမ်းသပ်စစ်ဆေးမယ့် မီဒီယာတွေရယ်ကြောင့် ဘယ်သူမဆို perfect မဖြစ်နိုင်ဘူးဆိုတာ ထင်းထင်းကြီး ပေါ်လာမှာ ဖြစ်တဲ့အတွက် အင်မတန် ဥာဏ်ပညာကြီးသူ ပေါ်လာရင်တောင် ဘုရားတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

ခုခေတ် သိပ္ပံပညာရှင်တွေ တွေ့ရှိသမျှက ဗုဒ္ဓဘာသာထဲမှာ ပါပြီးသားတွေချည်းပဲ။ သူတို့ကတောင် အကုန်မသိသေးဘူးလို့ ယုံကြည်သူများနဲ့ ပတ်သတ်ပြီးတော့ ပြောရရင် ကျော်စွာလင်း ပြောဖူးတာကို သတိရပါတယ်။ အဲလိုသာဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့ တက္ကသိုလ်ကြီးတွေ ပိတ်လိုက်ပြီးတော့ မြန်မာပြည်က ဘုန်းကြီးကျောင်းတွေမှာ စာလာသင်ကြရုံပဲတဲ့။

တကယ်တွေးကြည့်တော့လည်း ဟုတ်ပါတယ်။ ကိုယ့်ဘာသာရေးမို့ ကိုယ်ပိုတွေးမိတတ်တာတွေ ဖြစ်တတ်ပါတယ်။ တကယ်က ဗုဒ္စစာပေထဲမှာပါတဲ့ အနန္တ စကြဝဠာ ဆိုတာနဲ့ ဒီနေ့ခေတ် သိပ္ပံက စကြဝဠာ ဆိုတာက တူတာမဟုတ်ပါ။ စာပေထဲမှာ ပါတဲ့ အနန္တ စကြဝဠာ ဆိုတာက တကယ်တော့ မြင့်မိုရ်တောင်လို ဟာတွေကို အခြေခံထားတဲ့ စကြဝဠာပါ။ သိပ္ပံက infinite universe ဆိုတဲ့ အသုံးအနှုန်းကို မြန်မာလိုမှာ အဲဒီ့ အနန္တ စကြဝဠာ ဆိုတဲ့ အသုံးအနှုန်းနဲ့ စကားလုံး ဖလှယ်ပြီး သုံးလိုက်တော့ ကာလ ရွေ့လျားလာတဲ့အခါ ဗုဒ္ဓစာပေထဲမှာ ပါခဲ့တယ်လို့ တချို့ ဆွဲပြောကြ၊ တချို့က ထင်လာကြတာပါ။ သိပ္ပံက တွေ့ပြီးမှ ဖြစ်လာတဲ့ ဟာတွေပါ။

နဂိုတုန်းက လပေါ်လူမရောက်နိုင်လို့ အများစုက ထင်ခဲ့ကြတာ မဟုတ်လား။ ရှေးစာပေထဲမှာ အနန္တ စကြဝဠာ မပြောနဲ့ ၊ လကိုတောင် ကောင်းကောင်းရှင်းပြနိုင်တာမှ မဟုတ်တာ။ အဲလိုပဲ အဏုမြူ ဆိုတဲ့ စကားလုံးကို nucleus ဆိုတာ တွေ့လာပြီးမှ စကားလုံးဖလှယ်ကြ ဘာသာပြန်လိုက်ကြတော့ ကျမ်းစာထဲမှာ ပါဖူးသလိုလို ဖြစ်သွားတာပေါ့။ တကယ်က အသေးစိတ် ဘာမှ မပါတဲ့အတွက် တူတယ်လို့ ပြောစရာ လုံးဝ အကြောင်းမရှိပါ။

တကယ်တော့လည်း ဘာသာရေးဆိုတာ စိတ်ငြိမ်းချမ်းအောင် အထောက်အကူ ပြုတဲ့ အလုပ်ပါပဲ။ သိပ္ပံကို မသိခြင်းကလည်း ဘာသာရေးရဲ့ အပြစ် မဟုတ်ပါ။

(၃) အလုံးစုံ သိနိုင်တယ် ဆိုတာနဲ့ ပတ်သတ်ပြီး နောက် တဆင့် တက်စဉ်းစားကြည့်ရအောင်။ ဒီတခါ ထာဝရ ဘုရားသခင်ကို ယုံကြည်တဲ့ ဘာသာတွေကနေ စပြီး ပြောကြည့်ချင်ပါတယ်။ ထာဝရ ဘုရားသခင်က အရာရာကို စွမ်းတယ်၊ လုပ်ပေးနိုင်တယ် ဆိုပြီး God’s omnipotence လို့ ပြောကြလေ့ ရှိတယ်။ စဉ်းစားကြည့်ရအောင်။ သူက အရာရာကို ဇာတ်ကွက်ချပြီး ကြိုတင် ဖန်ဆင်းထားတယ် ဆိုတာ ဟုတ်နေတယ်ပဲ ဆိုပါစို့။ သူက အကွက်ချတဲ့သူဆိုတော့ ဘယ်သူဘာဖြစ်မယ်၊ ဘယ်သူဘယ်နေ့သေမယ် ဆိုတာ ကြိုသိနိုင်မယ် ဆိုပါတော့။ ကြိုအကွက်ချထားမှ ကြိုသိနိုင်မယ်လေ။ ဒါဆိုရင် God ဟာ သူသိထားတဲ့၊ သူပြဌာန်းထားတဲ့ ဘယ်သူဘာဖြစ် ဆိုတာကို ပြောင်းနိုင်ပါဦးတော့မလား? ဒါဆိုရင် God ဟာ ဘယ်သူဘယ်နေ့မှာ အမိန့်တော်ခံယူ၊ ဘယ်သူဘယ်နေ့မှာ သေ၊ ဘယ်သူဘယ်နေ့မှာ လက်ထပ် ဆိုတာကြီးကို ပြောင်းပေးဖို့ မဖြစ်နိုင်တော့ဘူး။ သူ့ကို ယုံကြည်လာပြီး ဆုတောင်းလာသူကို သူကိုယ်တိုင် ရေးခဲ့တဲ့ နဂိုဇာတ်လမ်းကနေ သွေဖည်ပြီး ပိုကောင်းအောင် လုပ်ပေးလို့ မရတော့ဘူး။ လုပ်ပေးလိုက်ရင် သူကြိုသိတယ်ဆိုတာက တလွဲကြီး ဖြစ်သွားပြီလေ။ သူကြိုသိသွားခြင်းက မမှန်တော့ဘူး။ ဒီတော့ God ဟာ အရာရာကို ကြိုသိနေတယ်ဆိုရင် အရာရာကို မစွမ်းတော့ပါဘူး။ ဒီလိုဆိုရင် God က အရာရာကိုစွမ်းတယ်လို့ ယူဆလိုက်ရင်ကော….ဒါဆိုရင် သူ့ကိုဆုတောင်းလာသူတွေရဲ့ ဆန္ဒကို ဖြည့်ပေးဖို့ အတွက် သူကြိုရေးခဲ့တဲ့ ဇာတ်လမ်းကို ပြောင်းပေးနိုင်စွမ်း ရှိရမှာ ဖြစ်တဲ့အတွက် God ဟာ အနာဂတ်ကို ကြိုသိနိုင်စွမ်း ရှိမှာ မဟုတ်ပါ။ ဒါဆိုရင် God မတတ်နိုင်တာ ရှိကိုရှိရမယ် ဆိုတာ သေချာနေပါပြီ။ ဒီတော့ All-knowing God နဲ့ အရာရာကို စွမ်းနိုင်ခြင်းဟာ တွဲပြီး မရှိနိုင်ပါ။ နှစ်ခုလုံးရှိနေတယ် ဆိုရင် ရှေ့နောက်မညီဘူးလို့ပဲ ပြောရမှာပါ။ (တကယ်ဆိုရင်တော့ logic အရ အဲဒီ့နှစ်မျိုးလုံး တွဲပြီး ရှိဖို့ မပြောနဲ့ တမျိုးမှ မရှိနိုင်ဘူးဆိုတာတောင် ထင်ရှားသွားပါပြီ။)

(၄) ဗုဒ္ဓဘာသာဘက်ကို လှည့်ပြီး စဉ်းစားကြည့်ရအောင်။ ဗုဒ္ဓက အကြောင်းကြောင့် အကျိုး ဖြစ်ရတယ် ၊ လုပ်မှ ရတယ် ဆိုတာကို အလေးပေးတယ်လို့ ကျမ်းတွေက ဆိုကြတယ်။ ဒါဆိုရင် အကြောင်းတရားကိုတောင် မလုပ်ရသေးခင်မှာ အကျိုးတရားကို ဟောတယ်ဆိုတာ သဘာဝ ကျရဲ့လား။ ကျနော့် တခြား ဝတ္ထုတိုထဲကပဲ ကောက်နုတ်ပြပါမယ်။ “ဗျာဒိတ်တွေကိုပဲကြည့်။ မီးနဲ့ ၇ ကြိမ်၊ ပြီးရင် ရေနဲ့ ၁ကြိမ် နောက်ပြီး ၆၄ ကြိမ် မြောက်ကျ လေနဲ့ ပျက်မယ် ဆိုတာတွေက အသေပြဌာန်းပြီးသား ဖော်မြူလာတွေလို ဖြစ်နေတယ်။ ကမ္ဘာကြီး ဘယ်နည်းနဲ့ ပျက်မယ် ဆိုတဲ့ ကိစ္စဟာ လူသားတွေ ဒါမှမဟုတ် သတ္တဝါတွေရဲ့ လုပ်ဆောင်မှုတွေ အပေါ် မူတည်မနေဘဲ (သို့မဟုတ်) လူသားတွေကိုယ်တိုင်ရဲက လက်ထဲမှာ ရှိမနေဘဲ သူဟောတဲ့အတိုင်းဘဲ ဖြစ်ရမယ် ဆိုတဲ့အတွက် ပုံသေဇာတ်ညွှန်း ရေးထားသလိုကြီး ဖြစ်နေတယ်” အခု အစိုးရရဲ့ လေသံကို မှီးပြီး ဟာသလုပ်ရမယ်ဆိုရင်တော့ နောက်ကွယ်က ကြိုးကိုင်သူ ရှိသလို ဖြစ်နေတယ်။ ဘုရားပွင့်မယ့် နာမည်တွေ၊ ဒေသတွေ ၊အပင်တွေက အစ အသေးစိတ် ကြိုတင် ဇာတ်ညွှန်းချထားသလိုကြီး ဖြစ်နေတယ်။ ဒီနေရာမှာ ပါရမီဖြည့်မှ ရတာလို့ စောဒက တက်လို့ ရပေမဲ့ ရှေးက ဘုရားတွေရဲ့ ဟောသမျှ ဗျာဒိတ်တွေသာ ရာနှုန်းပြည့် မှန်ကြေးဆိုရင်၊ ဘုရားတွေ ဟောထားတဲ့ ဗျာဒိတ်တော်တွေ “မှတပါး အခြားမရှိ” အဲဒီ့အတိုင်းပဲ ဖြစ်ရမယ်ဆိုရင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရှိတယ်ဆိုတာ ဘယ်ဟုတ်နိုင်တော့မလဲ။ အဟောခံရသူတွေရဲ့ စိတ်ထားတွေ ပြောင်းသွားပြီး လုပ်ဆောင်ချက်တွေ ပြောင်းသွားရင် အကျိုးဆက်တွေ ပြောင်းမသွားနိုင်ဘူးလား။ ပြောင်းသွားနိုင်တယ်ဆိုရင် ဘုရားတွေရဲ့ ဗျာဒိတ်တွေ လွဲပြီ။ ပြောင်းမသွားနိုင်ဘူး ဗျာဒိတ်တွေ အတိုင်း ဖြစ်ရမယ်ဆိုရင်လည်း လူတွေမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိတယ် (free will) ရှိတယ်ဆိုတာက လွဲပြီ။ ရာနှုန်းပြည့်ဟောသမျှက မှန်ရမယ် ဟောတဲ့အတိုင်းက လွဲလို့ တခြားဖြစ်နိုင်ချေ မရှိဘူးဆိုရင် လူတွေမှာ free will ရှိတယ်လို့ ဘယ်လိုလုပ် ခေါ်နိုင်တော့မှာလဲ။ လူတယောက်အတွက် ဒါမှမဟုတ် လူပေါင်းများစွာအတွက် ကိုယ်လုပ်တာတွေပေါ် မူတည်ပြီး ဖြစ်နိုင်ချေတွေ အများကြီး ပွင့်နေတယ်ဆိုရင်တော့ “ဗျာဒိတ်တွေ ဟောတဲ့အတိုင်း အကုန်လုံး မှန်ရမယ်” ဆိုတာက အဓိပ္ပါယ် မရှိတော့ပါ။ ဒီနေရာမှာ စာကျက်တဲ့ကျောင်းသား စာမေးပွဲအောင်မယ်လို့ ဟောတာမျိုး ဆိုရင်တော့ လက်ခံတယ်။ ဒါဆိုရင်လည်း စာမေးပွဲအောင်မယ် ဆိုတာကိုပဲ ဟောလို့ရမယ်။ အဲဒါမျိုးက တွက်ချက်တာ။ ကြိုသိလို့ ဟောခြင်းမဟုတ်။ ဒီတော့ ခန့်မှန်းတာဆိုတော့ လွဲတဲ့အခါလည်း ရှိကိုရှိရမယ်။ အဲ…စာကြိုးစားတဲ့ကျောင်းသားကို ဘယ်အပုဒ်တွေမှာ အမှတ်ဘယ်လောက်ရပြီး စုစုပေါင်း အမှတ်ဘယ်လောက်နဲ့ အောင်မယ်လို့ ဟောတာမျိုးကကျ အကုန်ကြိုသိသလို ဖြစ်သွားပြီ။ တွက်တာ မဟုတ်တော့ဘူး။ ဗျာဒိတ်တွေ အတိုင်းသာ အတိအကျဖြစ်ကြေးဆိုရင် hard determinism ဖြစ်သွားပြီ။ ပွင့်လာမယ့် ဘုရားတွေဆိုတာ မလွဲမသေ ပွင့်ရမှာမို့၊ ငရဲကျမယ့်သူဟာလည်း ကြိုဟောထားတဲ့အတိုင်းမလွဲမသွေ ကျကိုကျရမှာမို့ တကယ်လေးလေးနက်နက် စဉ်းစားကြည့်ရင် လူတွေ သတ္တဝါတွေ အားလုံးဟာ ကြိုတင်ရှိပြီးသား ဇာတ်ညွှန်းထဲက ဇာတ်ကောင်တွေ အဆင့်ကို လျှောကျသွားလိမ့်မယ်။ ဥပမာ ဒီလူဟာ တရားရကို ရရမယ် ဆိုပါစို့။ ဒါဆိုရင် တရားက ဗျာဒိတ်အတိုင်း (ဟောတဲ့အတိုင်း) ရကို ရရတော့မှာမို့ တရားကိုလည်း ကျင့်ကို ကျင့်ရတော့မယ်။ ဒီတော့ တရားကျင့်ခြင်းက free will နဲ့ ကျင့်တာမျိုး မဟုတ်တော့ဘဲ ရုပ်ရှင်ဇာတ်ညွန်း တခုမှာ ယုတ္တိရှိအောင် တရားရမယ့်ဇာတ်လိုက်အတွက် တရားကျင့်တဲ့ဇာတ်ဝင်ခန်း ထည့်ပေးတဲ့ အဆင့်မျိုးပဲ ရှိတော့မယ်။ ဘာလို့တုန်းဆိုတော့ အဲဒီ့အတိုင်းကြီး ဖြစ်ကို ဖြစ်ရတော့မယ်လို့ ဆိုထားတာကိုး။ ဒီတော့ free will နဲ့ အလုံးစုံကြိုသိခြင်းဟာ mutually exculsive ဖြစ်နေတဲ့ အတွက် တခုမှန်ရင် တခုမှားမှာပါ။ ဘယ်ဟာမှန်မယ် ဘယ်ဟာမှားမယ်လို့တော့ မပြောနိုင်ပါ။ ((

(၅) ကျနော် ဆိုလိုချင်တာက free will က မှန်ပြီး အလုံးစုံ ကြိုသိနိုင်ခြင်းက မှားတယ်လို့တော့ ဆိုလိုတာ မဟုတ်ပါ။ အဲဒီ့နှစ်ခု တွဲပြီး မရှိနိုင်တာ၊ တွဲပြီး ရှိနေတယ်ဆိုရင် ရှေ့နောက်မညီဘူး ဆိုတာကို ဆိုလိုတာပါ။ ဒီနေရာမှာ philosophy မှာ determinism ဆိုတဲ့ ဟာ ရှိပါတယ်။ အရာရာက ပြဌာန်းပြီးသားပေါ့။ အဲဒါကလည်း God ကို ထောက်ခံထားခြင်းတော့ မဟုတ်ပါဘူး။ Nature နဲ့ Nurture က အရာရာကို ပြဌာန်းထားတဲ့ သဘောမျိုးပါ။ အဲဒါကို ဆက်ရေးရရင် ရှည်မှာမို့လို့ မရေးတော့ပါဘူး။ တကယ်က ကျနော်ဒီထဲက စာသားများများကို http://kaungkinko.blogspot.com/2012/01/free-will-determinism-by.html မှာ ရေးပြီးသားပါ။ အကြောင်းတိုက်ဆိုင်လာလို့ နောက် version တမျိုးအဖြစ် ရေးကြည့်တာပါ။ (

(၆) ကျနော်ပြောချင်တာ တခုရှိပါသေးတယ်။ ဘာသာရေးဆိုတာ အာဏာရှင် စနစ်တခု မဟုတ်လို့ လွတ်လွတ်လပ်လပ် အကျိုးသင့် အကြောင်းသင့် ဝေဖန်ခွင့် ရှိသင့်ပါတယ်။ ဝေဖန်တာနဲ့ စော်ကားတာ မတူပါ။ ကျမ်းတွေ အလိုအရဆိုရင်တော့ ဗုဒ္ဓရှိစဉ်အခါကလည်း မေးခွန်းတွေ လွတ်လွတ်လပ်လပ်မေးခွင့် ရှိခဲ့ပါတယ်။ ပဒေသရာဇ် ဘုရင်တွေ အုပ်ချုပ်တဲ့ ခေတ်တွေမှာတောင် မယုံကြည်လို့ မေးခွန်းထုတ်တဲ့သူတွေ အများကြီးပါ။ တကယ်တော့ ဘာသာအားလုံး အကုန်ကောင်းတယ်၊ သူ့ဟာလည်းကောင်းတယ် ငါ့ဟာလည်း ကောင်းတယ်ဆိုပြီး သဘောထားခြင်းက ရေရှည်မတည်တံ့နိုင်တဲ့ ယာယီ ဟန်ဆောင် ငြိမ်းချမ်းရေးမျိုးပါ။ တကယ့်တကယ် ဘာသာနှစ်ခု ယှဉ်လာကြတဲ့အခါ၊ အကျိုးကျေးဇူး ယှဉ်လာကြတဲ့အခါ ဟန်ဆောင်တာတွေ ပျောက်ပြီး ငြိကုန်ကြတာ များပါတယ်။ ဘာသာရေးတွေ ကြားမှာဖြစ်ဖြစ်၊ ဘာသာဝင်တွေနဲ့ ဘာသာမဲ့တွေ ကြားမှာဖြစ်ဖြစ် တကယ်ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးမျိုးက ဟန်ဆောင်ပန်ဆောင်တွေ ပြောမနေဘဲ သူ့ဟာလည်း အားနည်းချက် အားသာချက်တွေရှိတယ်၊ ငါ့ဟာမှာလည်း အားနည်းချက် အားသာချက်တွေ ရှိတယ်ဆိုတဲ့ လက်တွေ့ကျတဲ့ အယူအဆမျိုးပါ။ ဒါမှ ကိုယ့်ဘာသာရဲ့ အားနည်းချက်တွေကို ပြောလာကြတဲ့အခါ ခံနိုင်ရည်ရှိပြီး သဘောထားကြီးလာကြမှာ ဖြစ်ပါတယ်။

by ကောင်းကင်ကို (Facebook မှာ Friday, December 21, 2012 က တင်ခဲ့တဲ့ Note ပါ။)

Sunday, September 30, 2012

ဘာသာမဲ့တယောက် ရှိခိုးတဲ့အခါ


တကယ်တော့ ဘုရားတို့ ဘာသာရေးတို့ဆိုတာ ကျနော့် အဘိဓာန်ထဲမှာ မရှိဘူး။

တကယ်လို့ ကျနော် စေတီတွေမှာ ဘုရားရှိခိုးပြီဆိုရင်ဖြစ်ဖြစ်၊ Churchတွေ မှာ လိုက်ပြီး ဓမ္မသီချင်းဆိုတာတို့ ဆုတောင်းတာတို့ ဖြစ်ဖြစ် လူမှုရေး အရ ဖြစ်စေ၊ တခါတခါ သူငယ်ချင်းတွေကို ချစ်လို့ ဖြစ်စေ လုပ်တာပါ။ ဘာသာမရှိတဲ့လူမို့ ဘာသာရေးဆိုတာကို အလေးမထားပေမဲ့ တဘက်မှာ ငါဘယ်တော့မှ ဘုရားရှိမခိုးဘူးလို့လည်း အဓိဌာန်ပြုမထားပါဘူး။ လူကြီးမိဘတွေကို ရှိခိုးသလို တခါတခါ ဘုန်းကြးတွေ (သီလဂုဏ်နဲ့လည်း ပြည့်စုံတယ်လို့ ထင်ရတဲ့ အခါမျိုးမှာ) ကိုယ်တယောက်တည်းကွက်ပြီး ရှိမခိုးပဲ နေခြင်းက ရိုင်းသလိုဖြစ်မှာစိုးတယ်လို့ ထင်ရင် ရှိခိုးလိုက်တယ်။ ခရစ်ယာန်ဘုရားကျောင်းလည်း သူငယ်ချင်းတွေနဲ့ တူတူလိုက်သွား ပြီး (အပျော်သဘော) ဆုတောင်းဖူးတယ်။ ဒါပေမဲ့ စိတ်ထဲက ဘာသာရေးကို နှစ်နှစ်ကာကာ ယုံကြည်လို့တော့ မဟုတ်ဘူး။ အဲလိုဆိုလို့ ခုနကလို ဘုန်းကြီးတွေကို ရှိခိုးတာ၊ Church တွေမှာ လိုက်ပြီး ဓမ္မတေးတွေ ဆိုတာ၊ ဆုတောင်းတာတွေက ဟန်ဆောင်လိမ်ညာချင်လို့၊ ကိုယ့်အကျိုးအတွက် ဘာသာရေးကို အလွဲသုံးစား အသုံးချဖို့ မဟုတ်ပါဘူး။ တခါတလေဆို ပြန်မတွေနိုင်တဲ့ ဘုန်းကြီးတွေကို ရှိခိုးတာမို့ ကိုယ့်အတွက် အကျိုးလိုလို့ လုပ်တာ မဟုတ်ဘူး။ အဲလိုအခါမျိုးတွေ မှာ ရည်ရွယ်တာက တခြားသူတွေလည်းစိတ်ချမ်းသာ၊ ကိုယ်လည်းစိတ်ချမ်းသာ...ပြီးတော့ ဘယ်သူ့မှ မထိခိုက်တဲ့ အပြင် နောက်ရင်ပြီးရင် ပြီးသွားမှာပဲဆိုတဲ့ သဘောထားနဲ့ ရှိခိုးတာ။ တနည်းအားဖြင့် ပြောရရင် သူများစိတ်ချမ်းသာအောင် ဝန်ဆောင်မှု ပေးလိုက်တာပါ။ အဲဒါမျိုးကို မခိုင်မာဘူးဆိုပြီး မနှစ်သက်တဲ့လူလည်း ရှိချင်ရှိမယ်။ ဒါပေမဲ့ ခင်မင်ရင်းနှီးတဲ့သူတွေ ကတော့ ကိုယ်ဘာသာမဲ့မှန်း သိကြပါတယ်။ သူတို့လည်း သိသိနဲ့ church တွေကို ခေါ်တာပဲ။ မယုံကြည်ပေမဲ့ ဘုရားတွေကို သွားပြီး စော်ကားတာမှ မဟုတ်တာ။ မိတ်ဆွေတွေ၊ ဒါမှမဟုတ် တခါတခါမှတွေ့ရတဲ့ ဝါကြီးသူတွေကို အရိုအသေပေးတာပဲဟာ။ ဒါပေမဲ့ လူတိုင်း ကိုယ့်လို လုပ်ရမယ်လို့တော့ မဆိုလိုပါဘူး။ ကိုယ် အဲလို လုပ်တာကို တချို့က သဘောထားကြီးတယ်လို့ မြင်နိုင်သလို တချို့က ရပ်တည်ချက် မခိုင်မာဘူးလို့ သုံးသပ်နိုင်တယ်။ တကယ်တော့ အဲဒီ့နှစ်ခုလုံး ရှုထောင့်တမျိုးစီကနေ မှန်တယ်လို့ ကျနော်ထင်တယ်။ ကျနော်က တခါတခါ အဲလိုလုပ်ရတာကို နှစ်သက်လို့ လုပ်တာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုတော့ သဘောထားကြီးတယ်လို့ မထင်သလို ရပ်တည်ချက် မခိုင်မာဘူးလို့လည်း မထင်မိပါဘူး။ တချို့ကလည်း စိတ်ထဲမပါဘဲနဲ့ ဝင်ရှုပ်တယ်လို့ ထင်ချင်ထင်နိုင်သေးတယ်။ အဲဒါမျိုးသာ ပြောလာရင်တော့ ဘာမှပြန်ပြောစရာ မရှိပါဘူး။ church ကျောင်းကို လိုက်တာတို့၊ ဘုန်းကြီးတရားနာတာတို့ကလည်း ကျနော် ယုံယုံ၊ မယုံယုံ သွားခွင့်ရှိတဲ့ ကျနော့် အခွင့်အရေးပဲဟာ။

တဘက်မှာ ဘယ်သူ့ကိုမှ မရှိခိုးနိုင်ဘူးဆိုတဲ့ ဘာသာမဲ့ (ဒါမှမဟုတ်) ကိုယ့်ဘုရားကလွဲပြီး ဘာကိုမှ မရှိခိုးနိုင်ဘူး ဆိုတဲ့ သူတွေကိုလည်း သူတို့ ရပ်တည်ချက်မှာ ခိုင်ခိုင်မာမာ ရပ်တဲ့ အတွက် လေးစားတာပဲ။ ဘယ်ဘုရားကိုမှ ရှိမခိုးဘူး၊ ဘယ်သူ့ကိုမှ မလိုက်လျောနိုင်ဘူးလို့ ဆုံးဖြတ်ထားတဲ့ ဘာသာမဲ့ တယောက်မှာ အခက်အခဲတွေ ရှိနိုင်တာမို့ အဲလိုလူတွေကိုလည်း လေးစားပါတယ်။ အဲလို ရပ်တည်နိုင်ဖို့ ခက်ခဲပါတယ်။ တဘက်မှာလည်း အရေးမကြီးတဲ့ ကိစ္စုကို အစွဲအလမ်းထားမနေဘဲ သူများကို ဦးစားပေးနိုင်ဖို့ ဆိုတာလည်း ခက်ခဲပါတယ်။ အကောင်းဆုံးကတော့ သူများကို မထိခိုက်စေတဲ့ ကိစ္စတွေမို့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ဘယ်လိုပဲ လုပ်လုပ် အရေးမကြီးပါဘူး။

ဒီနေ့ထိလည်း တခါတခါ လိုက်လျောပြီး လုပ်တတ်တဲ့ ကိစ္စကို ဝေဖန်မယ့်သူ မကြုံဖူးသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့နိုင်ငံမှာ ဘာသာမဲ့ ဆိုရင် အထူးအဆန်းဖြစ်ပြီး ဘာသာမဲ့သူတွေရဲ့ အလေ့အထ တွေကို သိချင်တတ်ကြတာမို့ ၊ တခါတလေလည်း နားမလည်ဘဲ ကွန်မြူနစ်လို့ စွပ်စွဲကြ၊ တိရစ္ဆာန်နဲ့ နှိုင်းကြတာမို့….ဘာသာမဲ့ တယောက်နဲ့ တယောက် မတူပေမဲ့ ကျနော့်ရဲ့ အလေ့အထကို မျှဝေလိုက်တာပါ။

တခုတော့ ရှိတယ်။ စာရေးရင်ပဲ ဖြစ်ဖြစ်၊ ဘယ်သူနဲ့မဆို လေးလေးနက်နက် ဆွေးနွေးပြီဆိုရင်တော့ အားမနာတမ်းပြောတယ်။ လူတိုင်းနဲ့လည်း မဆွေးနွေးဘူး။ ဆွေးနွေးထိုက်သူလို့ ယုံကြည်ရမှ ဆွေးနွေးတယ်။ (ဒါမှမဟုတ်) အပေါ်စီးကနေ ပြောလာလို့ ပြန်ပက်ချင်မှ ပြန်ငြင်းတယ်။

စာရေးတဲ့အခါမျိုးဆိုရင်တော့ ဘယ်သူမဆို ဖတ်နိုင်သွားတာပေါ့လေ။(ကောင်းကင်ကို)

Sunday, May 13, 2012

ကွဲပြားသောတူညီမှု


ကွယ်လွန်သွားတဲ့ ဆရာတယောက်ရှိတယ်။
သူသင်ပေးတဲ့ပညာ ကျနော်လိုက်မမီပေမဲ့ အရမ်းကျေးဇူးကြီးတယ်။
တချို့တွေက ကိုယ်စိုက်လို့ ကိုယ်စားရတဲ့ ချိုမြိန်မှုအတွက်… အကောင်အထည်မဲ့ ဘုရားသခင်ကို ပူဇော်ကြတယ်။
ကျနော်လား?
ကွယ်လွန်သွားတဲ့ဆရာရဲ့ ဓာတ်ပုံလေးကို…နံနက်တိုင်းထမင်းကျွေးရုံလောက်ပဲ။
(ကောင်းကင်ကို)

Sunday, May 6, 2012

Free Thinker ကို ပုံဖော်ကြည့်ခြင်း

Free Thinker ဆိုတဲ့ အသုံးအနှုန်းကို ကျနော်တယောက်တည်းရဲ့ ရှုထောင့်ကနေ ပုံဖော်ကြည့်တာပါ။ 
ကျနော် Facebook groups တွေထဲမှာ ရေးပြီး တင်ခဲ့တဲ့ post ကို ထပ်ဖြည့်ပြီး ရေးထားတာပါ။


Free Thinker ဆိုတာက ဘာသာရေး အယူဝါဒ တခုခုနဲ့ အသေသက်ဆိုင်နေခြင်းမျိုး မဟုတ်တာ။ Free Thinker တယောက်ဟာ အယူဝါဒတွေထဲက အစိတ်အပိုင်း မှန်သမျှကို လက်မခံအားလုံးလိုက်ပယ်နေတာ မဟုတ်ပါ။ တန်ဖိုးရှိတယ်လို့ သိတဲ့ အပိုင်းကို လက်ခံပြီး တန်ဖိုးမရှိဘူးလို့ သိတဲ့ အပိုင်းကို ပစ်ပယ်တာပါ။ 

အသိပညာကို ချစ်မြတ်နိုးတဲ့သူဆိုရင် ဘာသာရေးတွေအပြင် ဘာသာရေး မဟုတ်တဲ့ အယူအဆတွေထဲကပါ သင့်တော်ရာကိုလက်ခံ၊ သင့်တော်ဘူးလို့ ထင်တာကို ပစ်ပယ်ပါလိမ့်မယ်။ Free thinker ဆိုတဲ့ စကားလုံးအတိုင်း သူ့ ရွေးချယ်မှုမရွေးချယ်မှု လက်ခံတဲ့အရာ၊ လက်မခံတဲ့ အရာတွေက အများနဲ့ မတူတောဲ့ သူက individualist တယောက် ဖြစ်နေလိမ့်မယ်။ အသိပညာမှန်သမျှကို ချစ်မြတ်နိုးပြီး အယူဝါဒတွေ အားလုံးကို tool တခုခု အဖြစ်ပဲ သဘောထားတဲ့သူတွေကို Free Thinker လို့ ဆိုချင်ပါတယ်။ ဘယ်အချိန်မှာ ဘယ် tool ကိုသုံးမယ်ဆိုတာကို မိမိဘာသာ ဆုံးဖြတ်ရတဲ့အတွက် ဘဝက စိတ်ဝင်စားစရာ ကောင်းလာမယ်။ အနုပညာ တရပ်လိုဖြစ်လာမယ်။ ဘာသာရေးတွေရဲ့ အယူအဆတွေဟာ ဘာသာရေး တခုထဲမှာတင် တခုနဲ့ တခု ချိတ်ဆက်ထားတာ မဟုတ်တဲ့အတွက် တပိုင်းကို လက်ခံတာနဲ့ ကျန်တဲ့အပိုင်းကို လက်ခံလိုက်စရာမလို သလို တပိုင်းကို ပယ်တာနဲ့ နောက်တပိုင်းကို လိုက်ပယ်စရာ မလိုပါဘူး။ အသုံးဝင်မယ့် အပိုင်းကို ရွေးချယ် အသုံးချယုံပါပဲ။

Free thinker ဟာ စဉ်းစားစရာတွေနဲ့ပဲ ပျော်မွေ့နေလိမ့်မယ်။ မေးခွန်းတွေကို သေသည်အထိ ဆက်တိုက် ထုတ်ရင်း တတ်နိုင်သမျှ အသိဥာဏ်ဘောင်ကို ချဲ့သွားလိမ့်မယ်။

Free thinker တယောက်မှာ တခုခုကို အသေတိုက်ခိုက်စရာ တခုခုကို အသေကာကွယ်ပေးစရာ မရှိတော့ပါဘူး အယူအဆ တခုခုမှာ သူမကြိုက်တာတွေ့ရင် rational arguments တွေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ချင် ဝေဖန်ပါလိမ့်မယ်။ ဒါပေမဲ့ Free thinker တယောက်ဟာ ဘယ်အယူအဆကိုမှ အသားလွတ် ပုတ်ခတ်မှာ မဟုတ်ပါ။ 

သူအသိပညာလို့ ထင်တဲ့အပိုင်းတွေကိုတော့ဘယ်ဘာသာ ဘယ်အယူအဆထဲမှာ ပါနေနေ မြတ်နိုးလိမ့်မယ်။ Free Thinker ဆိုတာ ဘယ်ဘာသာရေးနဲ့မှ ဆိုင်မနေနဲ့အတွက် ကိုယ့်ကဗျာကို ကိုယ်စပ်ရတဲ့သူ။ ကိုယ့်စာအုပ်ကို ကိုယ်ရေးနေတဲ့သူ။ ကိုယ့်ဘဝနေနည်းကို ဖြတ်ညှပ်ကပ်ပြီးတောတဖုံ၊ စဉ်းစားဆင်ခြင်ခြင်းအားဖြင့်ပါ တည်ဆောက်နေတဲ့သူ။

Free Thinker တယောက်ဟာ ဘာသာရေး ထဲက ပုံပြင်လိုလို ဟာတွေကိုတော့ တကယ့်အဖြစ်အပျက်လို့  ယုံနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီ့ ပုံပြင် ကိုတော့ အသုံးမကျတဲ့ဟာ အဖြစ် မမြင်ဘဲ တန်ဖိုးရှိတာ အဖြစ်မြင်မယ်။ Surrealism အနုပညာ တရပ်အဖြစ် မြင်ချင်လည်း မြင်မယ်။ ပြီးရင် အကောင်းဘက်ကရော အဆိုးဘက်ကရောသုံးသပ်မယ်။ 

ဥပမာ ဝေသန္တရာဇာတ်တော်ကို ဆိုရင် ပါရမီဖြည့်တဲ့နေရာမှာ အယုတ်အလတ်အမြတ် ရွေးမနေဲ လှူရမယ်။ ကိုယ့်ရဲ့ ဒါနပါရမီ (ဒါမှမဟုတ် တခြားပါရမီတွေ ဖြည့်မှုဟာ) တခြားပုဂ္ဂိုလ်တွေရဲ့ လုပ်ဆောင်ချက်ကို မူတည်မနေဘဲ (ဥပမာ...သူကောင်းမှ ကိုယ်ပြန်ကောင်းမှာမျိုး၊ သူတော်ကောင်းကိုမှ လှူမယ့်ဟာမျိုး မဟုတ်တော့ဘဲ) သူကောင်းကောင်း မကောင်းကောင်း ဘယ်သူ့ကိုမဆို ကိုယ်ကောင်းမယ် ဆိုတဲ့ စိတ်ဓာတ်မျိုးရအောင် လေ့ကျင့်ဖို့ သင်ခန်းစာ ပေးတာလို့ မြင်တယ်။ နောက်ပြီးတော့ ပါရမီဖြည့်သူဟာ ဘာကိုမှ တပ်မက်စွဲလမ်းမနေဖို့ လိုတယ်လို့ သင်ခန်းစာ ပေးချင်တာလို့ မြင်တယ်။ မဟာဇနက ဇာတ်ဆိုလည်း မဆိုင်တဲ့နတ်တွေဆီ ရှိခိုးမနေဘဲ လက်တွေ့ကျကျ လုပ်ရင် အောင်မြင်တယ်ဆိုတာရယ်၊ ဇွဲဆိုတာ အဆုံးစွန်ထိ အဲလိုရှိရတယ် ဆိုတာမျိုးရယ်ကို နိမိတ်ပုံနဲ့ သင်ခန်းစာပေးတယ်လိုမြင်တယ်။ တဘက်မှာလည်း အကောင်းချည်းတော့ မြင်မှာ မဟုတ်ပါဘူး။ ပုံပြင်တွေရဲ့ ပျော့ကွက်တွေကို လည်း စဉ်းစားမှာပဲ။ ဝေသန္တရာဇာတ်မှာဆိုရင် အရင်ခေတ်က လူတွေက သားသမီးကို ကိုယ်ပိုင်ပစ္စည်းအဖြစ် သဘောထားပြီး ရက်ရက်စက်စက် လှူလိုက်တယ်၊ ယဇ်ပူဇော်ပုံ ဆန်ဆန်လုပ်လိုက်တယ်လို့ မြင်မယ်။ အဲဒါကလည်း အဲဒီ့ခေတ်ရဲ့ စံနဲ့တော့ ရက်စက်မှု မမည်လောက်ဘူး။ ခုခေတ်စံနဲ့ ဆိုရင်တော့ Human trafficking တွေ child rights တွေနှဲ့ ငြိနေတယ်။ အဲဒီလို ပုံပြင်တွေကို လေ့လာခြင်းအားဖြင့် အဲဒီ့ခေတ်က စံနှုန်းတွေရယ်၊ စံနှုန်းတွေ evolution ဖြစ်လာပုံရယ်ကို မြင်လာလိမ့်မယ်။ ပုံပြင်တွေ ဖြစ်ပါစေ ဦးတော့ ဘယ်ဘက်က သုံးသပ်သုံးသပ် ကိုယ့်အတွက် စဉ်းစားတွေးခေါ်စရာ ရတာက အမြတ်မို့လား။  ဒါပေမဲ့ တဘက်မှာ ပုံပြင်တွေ၊ ပုံပြင်ထဲက ငရဲတွေကို တကယ့်အဖြစ်အပျက်တွေ သဖွယ် သူ့ကို တရားသေးကြီး ပြောလာရင်တော့ ပြုံးနေပါလိမ့်မယ်။
ပုံပြင်ကို တကယ်ထင်ပြီး လုံးဝ ဖောက်ထွက်မတွေးနိုင်အောင် မဝေဖန်ရလောက်အောင် ပိတ်မိနေယုံနေရင်လည်း Free Thinker မဟုတ်နိုင်သလို တဘက်မှာ မင်းတို့ ပုံပြင်ကြီးက ယုတ္တိမရှိဘူးဆိုတာနဲ့လောက်တင် ရပ်နေရင်လည်း Free Thinker ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီမှာ မဟုတ်ပါဘူး။

Free Thinker တယောက်ဟာ ဘာသာရေးတွေ၊ အယူအဆတွေ ဆီကနေ အသိပညာတွေရတဲ့အတွက် ဆရာဆိုတာတော့ ရှိယ်။ ဆရာတယောက်တော့ မကတဲ့ သဘောပေါ့။ ဒါပေမဲ့ ဆရာပြောသမျှ ခေါင်းငြိမ့်နေမှာ မဟုတ်ဘဲ ဆရာရဲ့ ဟာကွက်ကိုလည်း ရှာနေလိမ့်မယ်။

Free Thinker တယောက်အတွက် ဘယ်လိုစာမျိုးကမှ အဆိပ်မဟုတ်ဘူး။ စာတွေ အယူအဆတွေကို မစဉ်းစားဘဲနဲ့ အလွယ်တကူ လက်ခံလိုက်မှာ မဟုတ်တဲ့အတွက် ဘယ်စာကမှ သူ့ကို အဆိပ်မသင့်စေဘူး။

Free Thinker တယောက်ဟာ ဘာသာရေးတိုင်းကို အထိုက်အလျောက် လေးစားလိမ့်မယ်။ ဒါပေမဲ့ သူရဲ့လေးစားမှုဟာ ဘာသာရေးတွေကို ဝေဖန်ခြင်း၊ မဝေဖန်ခြင်းနဲ့တော့ သက်ဆိုင်မှာ မဟုတ်ဘူး။ ဘာသာရေး အယူအဆ တခုခုဟာ အမှန်တရား ရှာဖွေမှု လမ်းမမှာ လာပြီး ပိတ်ဆို့နေရင်၊ သိပ္ပံနယ်ပယ်ကို ကျူးကျော်လာရင် Free Thinker တယောက်ဟာ ဝေဖန်မှာပဲ ဖြစ်ပါတယ်။ ဝေဖန်ပေမဲ့ ဘာသာရေးတွေကို ဘယ်တော့မှ အသားလွတ် ပုတ်ခတ်ဆဲဆိုမှာ မဟုတ်ပါဘူး။

Free thinker တယောက်ဟာ ဘာသာရေးနဲ့ ပတ်သတ်ရင်သာ အတွေးအခေါ် လွတ်လပ်ပွင့်လင်းတာ မဟုတ်ပါဘူး။ နိုင်ငံရေး အတွေးအခေါ်တွေ၊ အနုပညာနဲ့ ပတ်သတ်တဲ့ အတွေးအခေါ်တွေ အပါအဝင် နေရာအားလုံးမှာ လွတ်လွတ်လပ်လပ် တွေးတောနိုင်သူ ဖြစ်ရမယ်လို့ မြင်ပါတယ်။ အနုပညာရပ်နဲ့ ဥပမာပေးရရင် အနုပညာနဲ့ ပတ်သတ်လာရင် အနုပညာဝါဒ အားလုံးကို အသုံးချစရာ tool တွေ အဖြစ်ပဲ မြင်ပါလိမ့်မယ်။ ဂန္ထဝင်ပုံစံမှ အနုပညာ ဆိုတာမျိုး၊ မော်ဒန်၊ ပို့စ်မော်ဒန် မှ အနုပညာဆိုတာမျိုး ဘောင်ခတ်နေမှာ မဟုတ်ပါ။ အနုပညာမြောက်ရေးအတွက် နည်းစနစ်အမျိုးမျိုး၊ tool အမျိုးမျိုးကို ဖန်တီးသူ ပိုင်နိုင်သလို အဆင်ပြေသလို အသုံးချဖို့ပဲ လိုအပ်တယ်လို့ မြင်ပါတယ်။ ဂန္ထဝင်နည်းစနစ်လည်း ဖြစ်ချင်ဖြစ်မယ်၊ surrealism ဖြစ်ချင်ဖြစ်မယ်။ tool တွေ အမျိုးမျိုးပေါင်းစပ်ပြီး ဖန်တီးထားတာလည်း ဖြစ်ချင်ဖြစ်မယ်။ အဓိကက ဖတ်ရှုသူ ခံစားသူရဲ့ စိတ်မှာ အနုပညာမြောက်သွားရင် အနုပညာလို့ သတ်မှတ်လိုက်တာပါပဲ။ 

တချို့တွေ ပြောသလို အနုပညာကိုမှ မခံစားတတ်ရင် လူမဟုတ်တော့ သလိုလို၊ အနုပညာ မခံစားတတ်တဲ့သူနဲ့ စကားမပြောချင်သလိုလိုတွေလည်း Free thinker တယောက်မှာ မရှိပါ။ အဲလို ရှုထောင့် တခုတည်းကိုကြည့်ပြီး လူတယောက်ကို တန်ဖိုးဖြတ်သူတွေဟာလည်း ဘာသာရေးအစွန်းသမားတွေနဲ့ အတူတူပါပဲ။ ငါတို့ ကိုးကွယ်တာ ငါတို့ မြတ်နိုးတာကို မင်းတို့ မကိုးကွယ် မင်းတို့ မမြတ်နိုးဘူးဆိုရင် မှားနေတယ်လို့ တဘက်သတ် စွပ်စွဲနေတာနဲ့ အတူတူပါပဲ။ Free thinker တယောက်ဟာ ကိုယ်ချစ်မြတ်နိုးတဲ့ အရာတွေကို သူများက ချစ်မြတ်နိုးခြင်း မရှိလည်း လက်ခံနိုင်ပါတယ်။ လူတယောက်ကို ဘာသာရေးတခုတည်း၊ အနုပညာ တခုတည်းကို ကြည့်ပြီး ဘယ်တော့မှ တန်ဖိုးဖြတ်မှာ မဟုတ်ပါ။ Free Thinker တယောက်မှာ လူမျိုးရေးအရခွဲခြားဆက်ဆံခြင်း၊ ဒေသစွဲအရ ခွဲခြားဆက်ဆံခြင်းတွေလည်း ရှိမှာ မဟုတ်ပါ။ Free thinker လူကိုလူအဖြစ်ပဲ မြင်ပါလိမ့်မယ်။ 

Free thinker ဆိုပေမဲ့ အနုအရင့် တယောက်နဲ့ တယောက် ကွဲနေပါလိမ့်မယ်။ အယူအဆ အသေးစိတ်တွေလည်း တယောက်နဲ့ တယောက် ကွဲနေပါလိမ့်မယ်။ တဘက်မှာ Free thinker ဆိုတာဟာ အတွေးအခေါ်တွေ relatively free ဖြစ်လို့သာ သုံးနှုန်းခြင်း ဖြစ်ပါတယ်။ လောကမှာ အဆုံးစွန်ထိ လွတ်လွတ်လပ်လပ် တွေးခေါ်ကျင့်သုံးခွင့်ကတော့ ဘယ်တော့မှ ရမှာမဟုတ်တာကို နားလည်ပါတယ်။ (ဥပမာ… society ရဲ့ လွှမ်းမိုးမှုကိုလည်း တချို့နေရာတွေမှာ ခံရမှာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာတော့ ရှေးရိုးစွဲ အတွေးအခေါ်တွေ၊ society မှာ အရိုးစွဲနေတဲ့ အယူအဆတွေထဲကနေ ဖောက်ထွက်ပါလိမ့်မယ်။) ပုံသေ မရှိနိုင်ပါ။ တယောက်နဲ့ တယောက်လည်း မတူနိုင်ပါ။ Free thinker ဆိုတာမှာ လွတ်လပ်စွာ တွေးခေါ်သူကိုပဲ ဆိုလိုတာပါ။ Free ဖြစ်ခြင်းနဲ့ မှန်ခြင်းမှားခြင်းကလည်း မသက်ဆိုင်ပါ။ လွတ်လွတ်လပ်လပ် ဆုံးဖြတ်တွေးခေါ်ရတဲ့အတွက် တချို့နေရာတွေမှာ free thinker က မှားသွားနိုင်ပြီး free thinker မဟုတ်သူက မှန်ချင်မှန်နေပါမယ်။ ဒါပေမဲ့ free thinker မဟုတ်သူရဲ့ အမှန်အမှားဟာ သိမြင်လို့ မှန်ခြင်းမှားခြင်းမျိုး မဟုတ်ဘဲ အယူဝါဒတွေကို အသေလိုက်နာရာက ဖြစ်လာတာမို့ ပညာမတိုးနိုင်ပါ။ Free thinker ကတော့ လွတ်လပ်စွာတွေးခေါ်နေသူ ဖြစ်တဲ့အတွက် ရှေ့ကို ခြေလှမ်းနေပါတယ်။

ဘာသာရေးတွေကို ယုံကြည်သူတွေ အပေါ်မှာ free thinker တယောက်အနေနဲ့ အမြင်က…သူတို့လည်း သူတို့အတွက် အကျိုးရှိမယ် ထင်တဲ့ tool ကို သုံးနေတယ်လို့ သဘောထားတဲ့အတွက် အပြစ်ပြောစရာ မရှိပါ။ ဘာသာရေးကြောင့် စိတ်ကောင်းမွေးနိုင်သူတွေကို တွေ့ရတဲ့အခါ ဝမ်းသာပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စည်းကိုကျော်လာပြီး တခြားလူကို သူတို့လက်ခံထားတဲ့ အယူအဆတွေနဲ့ လာတိုင်းရင်တော့ မကြိုက်ပါ။ ဘာသာရေးအတွက် ရန်ဖြစ်ကြတာ၊ ခွဲခြားဆက်ဆံတာ၊ မီးများမီးနိုင်…ရေများရေနိုင်ဝါဒနဲ့ အနိုင်ကျင့်ကြတာကိုလည်း မနှစ်မြို့ပါ။  

လွတ်လပ်စွာတွေးခေါ်မှုနဲ့ ပတ်သတ်ပြီး ကာလာမသုတ် ဟာ တော်တော်နာမည်ကြီးပါတယ်။ အကျဉ်းချုပ်ဖော်ပြရရင် “ပြောသံကြားရုံနဲ့ အတည်မယူနဲ့။ အစဉ်အဆက်စကားဖြစ်ရုံ၊ စာအုပ်ထဲမှာ ပါရုံ၊ ကြံဆတွေးတောလို့ရရုံ၊ ဆရာသမားစကားဖြစ်ရုံ တွေနဲ့ အတည်မယူနဲ့၊ မိမိကိုယ်တိုင် သိအောင်ကြိုးစား” ဆိုတဲ့ သဘောမျိုးနဲ့ အများက ပြောတတ်ကြပါတယ်။ ကျနော်စံထားချင်တဲ့ Free thinker ဆိုတာဟာ ကာလာမသုတ်ကိုတောင် ကာလာမသုတ်နဲ့ ပြန်သုံးသပ်မယ့်သူမျိုးပါ။ ဘယ်လောက်အတိုင်းအတာအထိ ကာလာမသုတ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ မှန်ကန်သလဲ၊ အဲဒါကို လက်ကိုင်ထားရင် ကောင်းကျိုးဆိုးကျိုးတွေ ဘယ်လိုရှိမလဲ ဆိုတာကအစ ပြန်သုံးသပ်မယ့် free thinker မျိုးပါ။ ကာလာမသုတ်ကို တချို့လူတွေ အဓိပ္ပါယ်ဖွင့်သလို “ကိုယ်တိုင်သိမှ သေချာယုံရမယ်” ဆိုတာကိုလည်း နေရာတကာမှာ လက်ကိုင်ထားဖို့ လိုမှာ မဟုတ်ပါ။ စကားကပ်ပြောသူတွေနဲ့ ကြုံရတတ်ပါတယ်။ လျှပ်စစ်ဓာတ်ကို လက်ခံခြင်းမျိုး၊ လပေါ်ကို လူရောက်တယ်ဆိုတာကို လက်ခံခြင်းမျိုး၊ သိပ္ပံစမ်းသပ်ချက်တွေကို လက်ခံကြောင်း ပြောရင် “မင်းကိုယ်တိုင် သိတာလား၊ မင်းကိုယ်တိုင် စမ်းသပ်တာလား” ဆိုပြီး ပြန်မေးတာ မျိုးနဲ့ ကြုံရတတ်ပါတယ်။ စာအုပ်တွေထဲက ဘာသာရေးတွေ၊ စာအုပ်တွေထဲက သမိုင်းတွေကို မျက်စေ့မှိတ် လက်ခံခြင်းမျိုးနဲ့၊ သိပ္ပံစမ်းသပ်ချက်တွေကို လက်ခံခြင်းမျိုးက မတူပါ။ သိပ္ပံစမ်းသပ်ချက်တွေဟာ တိကျတဲ့ စည်းမျဉ်းတွေနဲ့ အကြိမ်ကြိမ် အစမ်းသပ်ခံပြီးသားမို့၊ တိကျတဲ့ စနစ်တွေကို ဖြတ်သန်းလာပြီးသားမို့ အဲဒါတွေကို လက်ခံခြင်းနဲ့ ဘာသာရေးတွေ တချို့သမိုင်းတွေထဲက ဒဏ္ဍာရီတွေကို လက်ခံခြင်းမျိုးက လုံးဝမတူနိုင်ပါ။ 

Free thinker တယောက်ဟာ သိပ္ပံတွေ၊ logic တွေကို လက်ခံတယ်ဆိုပေမဲ့ သိပ္ပံတွေ၊ လောဂျစ်တွေရဲ့ ဘောင်ခတ်ထားခံရတဲ့ ရုပ်ဝါဒီ တယောက်တော့ မဟုတ်ပါ။ အနုပညာတွေကို ချစ်မြတ်နိုးသလို၊ လူသားတွေ ကောင်းကျိုး..ပိုကျယ်ပြန့်လာရင်တော့ လောကကောင်းကျိုးကို ဖြစ်ပေါ်စေမယ့် အရာမှန်သမျှကို တန်ဖိုးထားပါတယ်။ Free thinker တယောက်ဟာ ကိုယ်ချင်းစာတရား+သိပ္ပံ+လောဂျစ်+လူမှုရေးတွေကို လက်ကိုင်ထားပြီး ဟန်ချက်ညီညီ အသုံးချနိုင်ဖို့ လိုတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဘဝမှာ ပုံသေမဟုတ်တဲ့ လောကဓံတွေ၊ ပုံသေမဟုတ်တဲ့ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်တဲ့အတွက် ပုံသေနည်းတွေ၊ ပုံသေနီတိတွေတော့ အဆင်သင့် မရှိနိုင်ပါ။ စမ်းတဝါးဝါးနဲ့ပဲ တတ်နိုင်သမျှ ခရီးသွားရမှာ ဖြစ်ပါတယ်။ 

အပေါ်မှာ ကျနော်ရေးခဲ့တာတွေ အားလုံးကို ကျနော် အမြဲလက်ခံကျင့်သုံးနေနိုင်ပြီလို့ မဆိုလိုပါ။ ကျနော် ထားရှိတဲ့ စံတွေ ဖြစ်ပြီး အဲဒီ့အတိုင်း တတ်နိုင်သမျှ ကျင့်သုံးနေထိုင် ဖို့တော့ အမြဲ ကြိုးစားပါတယ်။ အမြဲလည်း ကြိုးစားနေမှလည်း ဖြစ်မယ့်အရာပါ။  (by ကောင်းကင်ကို)