Friday, May 10, 2013

ကွင်းပြင်ပ လက်ခုပ်သံ



၁၉၅၈ အလွန် မန်ယူ
၁၉၉၃ အလွန် မိုနီကာဆဲလက်စ်

မြူးနစ်မြို့က လေယာဉ်တစီးနဲ့
ဟမ်းဘတ်မြို့က ဓါးတလက်ဟာ
ဖီးနစ်ငှက်တွေ တကယ် ရှိကြောင်း
သက်သေပြဖူးတယ်။

ကောင်းကင်ကို (၉ မေ ၂၀၁၃)

Friday, April 26, 2013

လူနည်းစု



မီးများမီးနိုင် ရေများရေနိုင် လောကမှာ
အိမ်တွေ ပြာကျသွားတာ တွေ့လည်း
မနောမြေ ငိုခဲ့ရတာ တွေ့လည်း
လူနည်းစု ပဲ ဖြစ်ချင်တယ်။

တချို့တော့
minority ဆိုပေမဲ့
ဒုက္ခသည်စခန်းတွေမှာ
သူတို့တွေ
သောင်းနဲ့ချီလို့။ သိန်းနဲ့ချီလို့။

ကျနော်ဖြစ်ချင်တဲ့ minority ကမှ တကယ့် အစစ်။

ပွဲတွေမှာ လှူမယ်
အမြဲနေရာ ယူမယ်။
ပြီးရင်
ဥပဒေဆိုတဲ့ ခေါင်းတုံးပေါ်မှာ
ကျနော်ထိပ်ကွက်မယ်။

ကောင်းကင်ကို (၂၆.၄.၂၀၁၃)

Wednesday, April 17, 2013

ကျနော့် ဖီးကြမ်းလေးကို ကျောပွတ်သိပ်ချိန်

နွမ်းနယ်နေတဲ့ နာရီစင်က
ဒုတိယမ္ပိ သက်ပြင်း ဆယ်ချက် ချလိုက်ပြီ။

ကျနော်ကတော့
နွမ်းနယ်နေတဲ့ ချစ်သူကို
ကျောသားရင်သား မခွဲခြားဘဲ ချစ်တတ်ကြောင်း
ပြတော့မယ်။

ချစ်သူရေ...
အမောများပြေကာပျက်ရေးအတွက်
ကျောသားနေရာထက်မှာ ရေးတဲ့
သဘောထားကြေညာချက်လေးမှာ

မနက်ဖန်အတွက် အားဆေးလည်း ပါတယ်
အိပ်မက်ဆိုးတွေ တားဆေးလည်း ပါတယ်။
အိပ်ပျော်စေမယ့် ဂီတလည်းပါတယ်။
အရှုပ်အရှင်းကင်းတဲ့ သီလလည်းပါတယ်။

ကျနော်လေ...
ဒဿဂီရီလို မျက်နှာမများချင်ပေမဲ့
ဟိန္ဒူနတ်ဘုရားလို လက်ဆယ်ဘက် ရှိချင်တယ်။
ကောင်းကင်ကို

Sunday, March 17, 2013

အချိန်

နာစရီဟာ
၂၀၁၁ထဲ အထိ
အမြောက်တပ်သားတွေ အတွက် သူရဲကောင်းပဲ။

လူတယောက်ရဲ့
ဘုန်းတော်ဘွဲ့ရေးချင်ရင်
သူသေသည်အထိ စောင့်ပါ။

ကောင်းကင်ကို (၁၇.၃.၂၀၁၃)

Saturday, March 2, 2013

Suicide



ဘာသာရေးက လက်ကောက်ဝတ်ဆိုရင်
ဘုန်းကြီးတချို့က ဘလိတ်ဓါး။

စစ်တုရင် ခုံပေါ်ကလိုပဲ ကန့်လန့်ဖြတ်ကြီး သွားကြတယ်။

ကောင်းကင်ကို (March 02, 2013)

ပုံကို http://commons.wikimedia.org/wiki/File:Chess_piece_-_White_bishop.JPG ကနေ ယူထားတာပါ။

Friday, March 1, 2013

ညီဖြစ်ရတဲ့ ဒုက္ခ

ခေတ်မောင်းဂျာနယ် အတွဲ (၂) အမှတ် (၂) ထဲက ပါ။ ဂျာနယ် တစောင်လုံးကို http://www.calameo.com/books/001387678057eb3c3665f မှာ download လုပ်နိုင်ပါတယ်။

ညီဖြစ်ရတဲ့ ဒုက္ခ


ညီရင်းအစ်ကိုလို
သဘောထားပါတယ် ဆိုတဲ့စကားကြားတိုင်း
ကျမ်းစာထဲက
Cain နဲ့ Abel ညီအစ်ကို ကိုပဲ သွားမြင်တယ်။

ကောင်းကင်ကို

ပုံကို http://www3.uwic.ac.uk/english/secretariat/eandd/pages/home.aspx?Text=Large.css?novariation=true ကနေ ယူထားပါတယ်။

Thursday, February 28, 2013

၉၉၈၇၆၆


ကလေးတွေရဲ့ စိတ်နှလုံးတွေ
ရွှေရောင်တောက်ရေး
မြေတောင်မြှောက်ပေးဖို့
သူတို့ဆီ အပ်ကြတယ်။

ကြောက်/မိုက် တတ်သွားပေမဲ့
မဖွံ့ဖြိုးပြန်…
ခွံ့အထိုးခံလေး
အညွန့်ချိုးခံ လိုက်ရတယ်။

ကောင်းကင်ကို

Tuesday, February 12, 2013

သက်သတ်လွတ်

ကိုယ်တိုင်ကျတော့ သူများသတ်ပြီးသား အသားကိုစားပြီး … "သားသတ်သမားတွေ၊ တံငါတွေ၊ မွေးမြူရေးသမားတွေ"ဟာ အကုသိုလ်ကောင်တွေ ဆိုတဲ့ ပုံစံမျိုး တချို့ လုပ်တတ်ကြပါတယ်။ အဲဒီ့လို အလုပ်တွေကို သမ္မာအာဇီဝ မဖြစ်ဘူးလို့ သတ်မှတ်တတ်ကြတယ်။

ကိုယ်ကျတော့ သူတို့သတ်ထားတဲ့ အသားစားမယ်၊ အကုသိုလ်ကိုတော့ သတ်တဲ့သူ ယူလိမ့်မယ် ဆိုတဲ့ စိတ်မျိုးက တကိုယ်ကောင်းဆန်လွန်းတဲ့ စိတ်မျိုးလို့ ထင်တယ်။ အဲဒီ့လိုလူ တချို့က ပြောကြပြန်တယ်။ အသားဖြစ်ဖြစ် အသီးအရွက်ဖြစ်ဖြစ် အစားအစာကို တပ်မက်စိတ် မပါဘဲ စားရင် ပြီးရောတဲ့။ အကုသိုလ် မဖြစ်ဘူးတဲ့။ အဲဒါဆိုလည်း ဆီတွေဘာတွေ၊ တခြားအရသာတွေ ထည့်မနေဘဲ၊ ဟင်းတွေကို အရသာ အမျိုးမျိုးချက်မနေဘဲ ရေလုံပြုတ် စားကြရောပေါ့။ အချိန်ကုန်တောင် သက်သာဦးမယ်လေ။ ကျနော့်အမြင်တော့ သဘာဝကြီးကတောင် သစ်သီးဝလံလို စားစရာတွေမှာ အရသာ မျိုးစုံ ပေးထားတာပဲ။ ဒီတော့ အစားအစာကို တပ်မက်ခြင်းတွေ၊ အရသာခံခြင်းတွေဟာ အန္တရာယ်ရှိလောက်တဲ့ အဆင့်အထိ တပ်မက်တာမျိုး မဟုတ်ရင် အပြစ်ကင်းတဲ့ ခံစားမှုမျိုး၊ သဘာဝကျတဲ့ စည်းစိမ်မျိုးလို့ပဲ ကျနော်တော့ ခံယူတယ်။

တိရိစ္ဆာန် တွေကို စားဖို့ သတ်တာကိုကျတော့ အပြစ်ပြော၊ ကိုယ်တိုင်ကျတော့လည်း သက်သတ်လွတ် မစားသူ တယောက်ကို “အဲဒါက ရှေ့နောက်မညီဘူး၊ မင်း…သတ္တဝါတွေကို သနားရင် အသား မစားဘဲ နေပေါ့။ ဒါဆို သတ္တဝါတွေ အရေအတွက် နည်းနည်းပဲဖြစ်ဖြစ် အသက်ချမ်းသာရာ ရတာပေါ့” လို့ သွားပြောလိုက်ရင် သူတို့ ပြန်ပြောလေ့ ရှိတာက “ငါတယောက်တည်း အသား မစားဘဲ နေလည်း တကမ္ဘာလုံးက အသားစားနေမှာပဲ။ ဒီတော့ သားသတ်သမားတွေလည်း ရှိနေမှာပဲ။ ငါတယောက်တည်း သက်သက်လွတ် စားရုံနဲ့တော့ မထူးဘူး” လို့ ပြန်ပြောတတ်ကြတယ်။ ဒါဆိုရင် ပြန်မေးချင်တာက စိတ်ပိုင်းဆိုင်ရာ ခံယူချက်တို့၊ သီလတို့ ဆိုတာဟာ တကမ္ဘာလုံး လုပ်ခြင်း မလုပ်ခြင်းနဲ့ ဆိုင်လို့လား။ ဥပမာ…တတိုင်းပြည်လုံး ပြည်သူပိုင် ပစ္စည်တွေ ခိုးနေကြရင် ငါမခိုးလည်း တိုင်းပြည်အတွက် ဘာမှ ထူးမှာမဟုတ်ဘူး ဆိုပြီး လိုက်ခိုးတော့မှာလား? တကမ္ဘာလုံး ခိုးရင် လိုက်ခိုးတော့မှာလား? Moral legitimacy ဆိုတာ သူများလုပ်ခြင်း မလုပ်ခြင်း၊ တကမ္ဘာလုံး လုပ်ခြင်း မလုပ်ခြင်းနဲ့ မဆိုင်ဘူး။ ကိန်းဂဏန်း အရေအတွက်နဲ့ မဆိုင်ဘူးလေ။

ဒါပေမဲ့ သက်သတ်လွတ် သမားက သားငါးသတ်ဖြတ်သူကို ဝေဖန်တာမျိုးဆိုရင်တော့ သဘာဝ ကျပါတယ်။ အဲဒီ့လို သက်သတ်လွတ်သမားတွေကိုလည်း အပေါ်မှာပြောခဲ့တဲ့ ရှေ့နောက်မညီသူတွေက ဒေဝဒတ် ဝါဒီတွေဆိုပြီး မညှာမတာ သမုတ်ကြပြန်တယ်။

ဖေ့စ်ဘွတ်ခ် တည်ထောင်တဲ့ မာ့ခ်ဇူကာဘတ် ကတော့ ပြောင်းပြန်။ တတ်နိုင်သမျှ သက်သက်လွတ် စားဖြစ်အောင် ကြိုးစားတဲ့ အနေနဲ့ ကိုင်တိုင်ကိုယ်ကျ သတ်ထားတဲ့ အသားကိုမှ စားသတဲ့။ သူ့ ဒဿနကတော့ ဒီလို။ လူတွေဟာ အသားကိုတော့ စားကြပေမဲ့ ကိုယ်တိုင် သတ်ခဲ့ကြရတာ မဟုတ်တော့ အဲဒီ့ အသားစားတဲ့ အချိန်မှာ သတ္တဝါတကောင် သေရရှာပြီ ဆိုတဲ့အတွေးကို၊ သနားစရာမြင်ကွင်းတွေကို လျစ်လျူရှုလိုက်ဖို့၊ မေ့ပစ်လိုက်ဖို့ လွယ်တယ်တဲ့။ အဲလို အလွယ်တကူ မေ့ပစ်၊ လျစ်လျူရှုပစ်လိုက်တာဟာ တာဝန်မဲ့တာလို့ မာ့ခ်ဇူကာဘတ်က ယူဆသတဲ့။ ဒါကြောင့် ကိုယ်တိုင်သတ်တဲ့ အသားကိုပဲ စားတော့တယ်တဲ့။ ဟုတ်ပါတယ်။ ကိုယ်တိုင် မြင်နေရရင် တိရစ္ဆာန်ကြီးကြီး တကောင်လောက်ကိုတောင် သွေးထွက်သံယို မသတ်ချင်ပေမဲ့၊ အနိဌာရုံ မြင်ကွင်းတွေကို မမြင်ရဘူးဆိုရင် လူတသောင်းလောက်ကို သေစေမယ့် အမိန့်မျိုး ချလိုက်ရရင်တောင် အိပ်ရေးမပျက်ကြဘူး မဟုတ်လား။

သတ္တဝါတွေကို စားဖို့ သတ်ခြင်းကို သက်သတ်လွတ် စားသူတွေက ဝေဖန် ထောက်ပြလာရင်တော့ သူ့ဟာနဲ့သူ ရှေ့နောက်ညီတာမျို့ လက်ခံပါတယ်။ ဒါတောင်မှ ကိုယ်တိုင်တစုံတခု လိုချင်လို့၊ ကုသိုလ်လိုချင်လို့၊ ဒါမှမဟုတ် အကုသိုလ်ဖြစ်မှာကို ကြောက်လို့ သက်သတ်လွတ်စား တာမျိုးထက် သတ္တဝါတွေကို သနားတဲ့စိတ်သက်သက်နဲ့ သက်သတ်လွတ်စားတာမျိုးကိုပဲ ပိုလေးစားပါတယ်။ သက်သတ်လွတ် စားခြင်းဟာ ဘာသာရေးကြောင့် မဟုတ်ဘဲ “လူတွေဟာ အသိဥာဏ် အကြီးဆုံးဖြစ်လို့ ကိုယ့်လောက် အသိဥာဏ်မရှိတဲ့ သတ္တဝါတွေကို ညှာသင့်တယ်” ဆိုတဲ့ အတွေးမျိုးနဲ့ ဆိုရင်ပေါ့။
ကောင်းကင်ကို

Sunday, February 3, 2013

မမ ယကမ


ခိုင်မြဲလှပါတယ်လည်း ဆိုသေး။

မဂ္ဂဇင်း တအုပ်
Rapသီချင်း တပုဒ် လောက်နဲ့
ယိုင်လဲရပါမယ်လည်း ဆိုသေး။
ကောင်းကင်ကို

Friday, February 1, 2013

သည်းမခံခြင်းသည်လည်း ကောင်းမှုကုသိုလ်

ခေတ်မောင်းဂျာနယ် အတွဲ (၂) အမှတ် (၁) ထဲမှာ ကျနော် ရေးခဲ့တဲ့ ဆောင်းပါးပါ။ ခေတ်မောင်း ဂျာနယ် တစောင်လုံးကို ဒီမှာ download လုပ်လို့ ရပါတယ်။

သည်းမခံခြင်းသည်လည်း ကောင်းမှုကုသိုလ် 

အယူအဆ ရေးရာတွေနဲ့ ပတ်သတ်ရင် သည်းခံခြင်းဟာ ကောင်းမှုကုသိုလ်လို့ လူတော်တော်များများ တွေးကြပါတယ်။ သူတို့က ပြောပါလိမ့်မယ်။ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေမှာ ကွဲပြားတဲ့ တန်ဖိုးထားမှုတွေ ရှိနေတဲ့ အကြောင်းတွေ၊ ဒါကြောင့်မို့ “ငါတို့ဟာမှ ငါတို့ဟာ၊ ငါတို့ဟာသာလျှင် အမှန်တရား” လို့ လှေနံဓါးထစ် မယူဆသင့်ကြောင်း ပြောကြပါလိမ့်မယ်။ ဒါကြောင့် “ကွဲပြားခြားနားမှုတွေကို သည်းခံကြ” ဆိုပြီး ပြောကြပါလိမ့်မယ်။ အဲဒီ့အယူအဆဟာလည်း အခြေအနေ တော်တော်များများအတွက် သင့်လျော်ပါတယ်။ အထူးသဖြင့် သူ့အကြိုက်၊ ကိုယ့်အကြိုက် အလျောက် တကိုယ်ရည် ရွေးချယ်ရမယ့် တချို့ ကိစ္စတွေမှာ မတူညီမှုတွေကို ယေဘုယျအားဖြင့် သည်းခံရမှာပါ။ ဒါပေမဲ့ အယူအဆ ကွဲပြားမှု မှန်သမျှကို အမြဲတမ်း အခါခပ်သိမ်း သည်းခံရမယ် ဆိုရင်တော့ မသင့်လျော်ပါ။ လူ့အဖွဲ့အစည်း ကောင်းကျိုးအတွက် အားလုံးလက်ခံသင့်တဲ့ စံနှုန်းတွေ၊ တရားတွေ ရှိနေလို့ပါပဲ။

ကိုယ့်ကိုယ်ကို ကျောင်းဆရာ တယောက် အဖြစ် စဉ်းစားကြည့်ရအောင်။ အစစ အရာရာ တထပ်တည်း တူနေတဲ့ အဖြေလွှာ နှစ်ခုကို မတူညီတဲ့ Grade တွေ ပေးမိတယ် ဆိုပါစို့။ ကျောင်းသားတွေ ကျေနပ်ကြမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ ချွတ်စွပ်တူနေတဲ့ အဖြေလွှာ နှစ်ခုမှာ တခုကို အမှတ်များများ ပေးလိုက်ပြီး နောက်တခုကို အမှတ် နည်းနည်းပဲ ပေးလို့ပါ။ တရားမျှတမှု မရှိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

အယူအဆရေးရာ မတူညီမှု မှန်သမျှတိုင်းကို အမြဲတမ်း သည်းခံမယ် ဆိုတဲ့ သူတွေဟာလည်း တကယ်တော့ ခုနက ပြောခဲ့တဲ့ ချွတ်စွပ်တူတဲ့ အဖြေလွှာ နှစ်ခုကို အမှတ်နှစ်မျိုးပေးတဲ့ ကျောင်းဆရာနဲ့ အတူတူပါပဲ။ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်လူ့အဖွဲ့အစည်းထဲက လူတွေရဲ့ ခပ်ညံ့ညံ့ အဖြေလွှာ [မကောင်းတဲ့ အယူအဆ တခုခု] ကိုတော့ “ရှုံး” (သို့မဟုတ်) “မှားယွင်း” လို့ သတ်မှတ်ထားချိန်မှာ တခြားလူ့အဖွဲ့အစည်းထဲက ပုံစံတူ ခပ်ညံ့ညံ့ အဖြေလွှာ [ပုံစံတူ မကောင်းတဲ့ အယူအဆ တခုခု] ကိုတော့ “အောင်” (သို့မဟုတ်) “မှန်ကန်” လို့ လိုက်လျောမှုနဲ့ သတ်မှတ်ပေးထားလို့ပါ။

ဥပမာ တခု ပေးချင်ပါတယ်။ အရှုံးပေးရင် နှလုံးအေးတယ် ဆိုတဲ့ စကားကို လက်ကိုင်ထားသူ တယောက် ရှိတယ် ဆိုပါစို့။ သူက သူ့ဘာသာသူတော့ အထိုက်အလျောက် အမြင်ကျယ်တယ်။ သူ့မှာ လူမျိုးရေး အမြင်ကျဉ်းမြောင်းမှု ဘာညာ မရှိဘူး ဆိုပါစို့။ သူကိုယ်တိုင်တော့ လူမျိုးရေး ခွဲခြားခြင်းဟာ “မှားတယ်” လို့ ယူဆတဲ့ အတွက် အဲလိုလုပ်ရပ်ကို ဘယ်တော့မှ မလုပ်ဘူး ဆိုပါစို့။ ဒါပေမဲ့ သူက အေးအေးဆေးဆေး သမား။ သူများကို ဆန့်ကျင်ပြောရမှာ အားနာတတ်တယ်၊ အမြဲတမ်း လိုက်လျော အလျှော့ပေးတတ်တယ်၊ လူတိုင်းနဲ့လည်း အဆင်ပြေချင်တဲ့သူ ဆိုပါစို့။ သူ့မိတ်ဆွေ တယောက်က သူ့ရဲ့ လူမှုကွန်ယက် Wall မှာ လူမျိုးရေး ခွဲခြားတာတွေ လာ share မယ်။ အဲဒီ့မိတ်ဆွေက ကိုယ့်ရှေ့မှာ တခြားလူမျိုးခြားတွေကို ခွဲခြား ဆက်ဆံတာ၊ နှိမ့်ချ ဆက်ဆံတာတွေ လုပ်လာတဲ့ အခါကိုယ်က လက်မခံကြောင်း မပြသဘဲ “သြော်…သူ့မှာလည်း သူ့အကြောင်းပြချက်နဲ့သူ အမျိုးသားရေး အမြင်တွေ၊ မျိုးချစ်စိတ်ဆိုတဲ့ အမြင်တွေ ရှိနေလို့ ဖြစ်မှာပါလေ၊ အဲလိုခွဲခြားခြင်းက သူ့အတွက်တော့ အမှန်တရား ဖြစ်နေလိမ့်မယ်။ သူလည်း သူ့လူမျိုးသူ ချစ်လွန်းအားကြီးလို့ ဖြစ်မှာပါလေ” လို့ တွေးပေးလိုက်တယ် ဆိုပါစို့။ ဒီလို တွေးပေးလိုက်ခြင်းဟာ ထပ်တူ အဖြေလွှာ ၂ ခုကို မတူတဲ့အမှတ် တွေ ပေးလိုက်တဲ့ ကျောင်းဆရာလို ဖြစ်သွားမှာပါ။ အဲလိုတွေးပေးသူဟာ၊ ဒီမကောင်းတဲ့ အပြုအမူ တခုတည်းကိုပဲ ကိုယ့်အတွက်တော့ “မှား” တယ်။ တခြားသူအတွက်တော့ “မှန်” တယ်လို့ အဲဒီ့ တခြားသူရဲ့ အစွဲအလမ်း ရှုထောင့်ကနေ သွားတွေးပေးပြီး အမှန်အဖြစ် သတ်မှတ် နားလည် ပေးလိုက်လို့ပါပဲ။

တချို့သူတွေ ပြောတတ်ကြတာ ရှိပါတယ်။ ဟစ်တလာက ဂျူးလူမျိုးတွေကို သန်းနဲ့ချီပြီး သတ်ခဲ့တာဟာ ကြားလူတယောက် အမြင်နဲ့ ကြည့်ရင် မှားပေမဲ့ သူ့လူမျိုးတွေ အသာစီးရဖို့အတွက် လူမျိုးခြားတွေကို သတ်တာမို့ သူတို့ ရှုထောင့်က ကြည့်ရင် မှန်တယ် လို့ တချို့က ဆိုတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ double standard ပါ။ စံနှုန်းနှစ်မျိုးကို ကျင့်သုံးနေခြင်းပါ။ တကယ်တော့ ဓမ္မဆိုတာ “ဘက်” တွေ၊ အခြေအနေတွေ ကို လိုက်ပြီး ပြောင်းလဲရိုး ထုံးစံမရှိပါ။

နောက်ထပ် ဥပမာ တခုပေးရရင် အမျိုးသမီးတွေရဲ့ ပညာသင်ကြားခွင့်တွေကို ပိတ်ပင်တားဆီးတာဟာ မှားယွင်းတယ်လို့ ခံယူသူတယောက်ဟာ ကိုယ်တိုင်လည်း အမျိုးသမီးတွေ တန်းတူ အခွင့်အရေး ရရှိရေးကို အားပေးရမှာ ဖြစ်သလို၊ တခြား အစဉ်အလာတွေ အောက်က လူတချို့က အမျိုးသမီးတွေရဲ့ ပညာသင်ကြားခွင့်ကို ပိတ်ပင်တားဆီးလာရင်လည်း ပြတ်ပြတ်သားသား ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ “သြော်…သူတို့ ယဉ်ကျေးမှုအရပဲလေ၊ သူတို့ ဘာသာရေးအရ ပဲလေ” ဆိုပြီး နားလည်ပေးဖို့ မသင့်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ စံနှုန်း ဆိုတာ ယဉ်ကျေးမှုတွေ၊ အစဉ်အလာတွေနဲ့ ဘာမှ မဆိုင်ပါဘူး။ မှားယွင်းမှုတွေကို သည်းမခံရဘူး ဆိုတာဟာ မတူတဲ့ အုပ်စုတွေကို တိုက်ခိုက်ရမယ်၊ ရန်ရှာရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ မှားယွင်းမှုတွေအပေါ်မှာ နှုတ်ဆိတ်မနေဘဲ တားသင့်တာတား၊ ဆွဲခေါ်သင့်တာတွေကို ဆွဲခေါ်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးလာတာကတော့ အမှားတွေကို တုံ့ပြန်ရာမှာ စေတနာ ပါမပါနဲ့ တုံ့ပြန်ပုံ တုံ့ပြန်နည်းပဲ ဖြစ်ပါတယ်။ မှန်စေချင်တဲ့ စေတနာနဲ့ တုံ့ပြန်တာနဲ့ ရန်ရှာလိုစိတ် သက်သက်နဲ့ တိုက်ခိုက်တာက အများကြီး ကွာပါတယ်။

ကျနော်တို့ဆီက နိုင်ငံသားတချို့မှာ မကြာမကြာ တွေ့ရတတ်တဲ့ အပြုအမူကို ကြည့်ရအောင်။ အသက် ၁၅ နှစ် အရွယ် ပါကစ္စတန် နိုင်ငံသူ မာလာလာ (Malala) ရဲ့ ကိစ္စနဲ့ ဥပမာ ပေးချင်ပါတယ်။ တာလီဘန်တွေက မိန်းကလေးတွေရဲ့ ပညာသင်ကြားခွင့် အပြင်းအထန် ဆန့်ကျင် တားမြစ်ပါတယ်။ မာလာလာ ကတော့ အဲလို အန္တရာယ်တွေ ကြားကနေ ကိုယ်တိုင်လည်း ပညာသင်ချင်သူ ဖြစ်သလို မိန်းကလေးတွေ လွတ်လွတ်လပ်လပ် ပညာသင်ကြားခွင့်ရအောင်လည်း သူ အသက် ၁၁ နှစ် အရွယ်ကတည်းက စပြီး စည်းရုံးလှုံ့ဆော်ခဲ့သူပါ။ အကြိမ်ကြိမ် ရန်ရှာခံနေရ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့ ကြားက မာလာလာဟာ မိန်းကလေးတွေ ပညာသင်ကြားခွင့် ရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေ အပြင်းအထန် ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ် အောက်တိုဘာမှာတော့ မာလာလာ စီးလာတဲ့ ကျောင်းကားကို တာလီဘန်တွေက တားဆီးပြီး မာလာလာကို ရွေးထုတ်ပြီးတော့ သေနတ်နဲ့ ပစ်တဲ့အတွက် မာလာလာဟာ ခေါင်း၊ လည်ပင်းနဲ့ ပုခုံးမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် မာလာလာဟာ သေမလို ဖြစ်ခဲ့ရ၊ မေ့မျောခဲ့ရပေမဲ့ ဆေးကုသမှုတွေ ခံယူပြီး ကျန်းမာရေး အခြေအနေ တိုးတက်လာခဲ့ပါတယ်။ အဲဒီ့လို ကိစ္စမျိုးကို ကျနော်တို့ နိုင်ငံသားတချို့ ဝေဖန်ရာမှာ တာလီဘန်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်တာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဝေဖန်သူတွေက စေတနာနဲ့ ဝေဖန်တာမျိုးထက် တာလီဘန်တွေက မွတ်စလင်၊ ဒါကြောင့် မွတ်စလင် မှန်သမျှ တယောက်မှ မကောင်းဘူး၊ အကုန်ဆိုးတယ် ဆိုတဲ့ ဝါးလုံးရှည်နဲ့ ရမ်းတဲ့သဘောမျိုး ဖြစ်နေတယ်။ တဘက်မှာ မာလာလာလည်း မွတ်စလင် ဆိုတာကို မမြင်ကြဘူး။ အဲလိုပဲ ဘာသာရေး အစွန်းရောက်တွေက မွတ်စလင် အမျိုးသမီး activists တွေကို နှိပ်ကွပ်တဲ့အခါမျိုးမှာဆိုရင်၊ တချို့ဝေဖန်သူတွေက…အာခံရဲတဲ့ အမျိုးသမီးတွေကို လေးစားတာမျိုး၊ နှိပ်ကွပ်ခံရသူတွေကို သနားတာမျိုးထက် မွတ်စလင်မှန်သမျှ တယောက်မှ မကောင်းဘူး ဆိုတဲ့ပုံစံမျိုး ပြောချင်စိတ်တွေပဲ ထက်သန်နေတာကို တချို့တွေ ဆီမှာ တွေ့ရပါတယ်။ တကယ်လို့ မာလာလာလို လူမျိုး မြန်မာပြည်မှာ ပေါ်လာရင်လည်း အဲလိုလူတွေက သနားကြမှာမဟုတ်ဘဲ ကုလားမ ဆိုတဲ့အမြင်နဲ့ ဆဲကြဦးမှာပါပဲ။ အယူအဆဆိုးတွေကို ဖြန့်ချီသူတွေ၊ အစွန်းရောက်တွေကိုပဲ ပစ်မှတ်ထားရမယ့် အစား အလယ်အလတ် သမားတွေ၊ ကောင်းတဲ့တော်တဲ့သူတွေ ကိုပါ ရန်ရှာနေကြပါတယ်။ တခါတခါ ဆိုးဝါးတဲ့ သတင်းတွေ တွေ့ရင် အလုအယက် share ကြတာမျိုး မြင်နေရတော့ ဒါမျိုးအဖြစ်တွေကို တကယ်မရှိစေချင်တာမှ ဟုတ်ရဲ့လားလို့တောင်မှ သံသယ ဖြစ်မိပါတယ်။ ဒီလိုအဖြစ်ဆိုးတွေ ရှိလေ သူတို့ကို အပုပ်ချလို့ ကောင်းလေ၊ မုန်းအောင်လုပ်လို့ ကောင်းလေလို့တွေးပြီး အဲလို အဖြစ်အပျက်တွေ များများရှိစေချင်တာလားလို့တောင် သံသယ ဖြစ်မိပါတယ်။

Social network တွေပေါ်မှာ အများဆုံးတွေ့ရတာတွေက အယူအဆမှားတွေကို ဝေဖန်တာမျိုးထက် hate speech မျိုးဖြစ်နေပါတယ်။ hate speech ဖြန့်ဝေသူ ကိုယ်တိုင်က မှားယွင်းနေတဲ့ အတွက် တခြားသူရဲ့ အမှားမျိုးကို ဝေဖန်ဆန့်ကျင်ရာမှာ ထိရောက်မှုလည်း မရှိနိုင်တော့ပါဘူး။ ရန်လိုမှုကို အခြေခံပြီး လုပ်နေတာမို့ ကောင်းကျိုးလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

မာလာလာဟာ တခြားသူတွေ (တာလီဘန်တွေ) ရဲ့ အယူအဆ မှားတွေကို သည်းခံမနေဘဲ၊ အန္တရာယ်တွေ ကြားထဲကနေ နည်းမှန်လမ်းမှန်နဲ့ တုံ့ပြန်ခဲ့သလိုမျိုးပဲ၊ ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာ စည်းကမ်းကို တန်ဖိုးထားသူ တယောက်ဟာ၊ တခြားတယောက် (ဒါမှမဟုတ်) တခြားအုပ်စုတခုရဲ့ မှားယွင်း ချွတ်ချော်မှု တခုခုကို တွေ့တဲ့အခါမှာ နှုတ်ဆိတ်မနေဘဲ ဝေဖန်ဖို့ တာဝန်ရှိပါတယ်။

ဒဿနိကဗေဒ ရှုထောင့်က ကြည့်ရင်တော့ မှန်ခြင်းမှားခြင်း ခွဲခြား သတ်မှတ်တဲ့ နေရာမှာ၊ ကောင်းမှု မကောင်းမှု သတ်မှတ်တဲ့နေရာမှာ၊ သည်းခံသင့်တဲ့ limit သတ်မှတ်တဲ့ နေရာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုန်စရာတွေ ရှိနေမှာ ဖြစ်ပေမဲ့ လူမှုလောကမှာတော့ အဲ့လောက်ထိ ကပ်ကပ်သတ်သတ် စဉ်းစားစရာ မလိုတာမို့ သိပ်မခက်ခဲပါဘူး။ အမှန်အမှား သတ်မှတ်ဖို့ ညှိနှိုင်းရာမှာ အစဉ်အလာ ဘာသာရေးတွေကို သုံးပြီး ညှိနှိုင်းသတ်မှတ်ဖို့ အဆင်မပြေ နိုင်ပေမဲ့ ဘုံဆန်တဲ့၊ ဘာသာလူမျိုး မရွေး သက်ဆိုင်တဲ့ လူသားကျင့်ဝတ်တွေ၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ကျင့်ဝတ်တွေ၊ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ချိန်ထိုးပြီး အတိုင်းအတာ တရပ်အထိ ဆုံးဖြတ်နိုင်မှာပါ။

အဲလို ဆုံးဖြတ်ပြီးပြီ ဆိုရင်၊ နောက်ဆုံးပိတ် လိုအပ်တာကတော့ မှားနေတာကို မှားနေတယ်လို့ မကြောက်စတမ်း၊ အားမနာ စတမ်း ပြောရဲတဲ့ သတ္တိပဲ ဖြစ်ပါတယ်။ လူဆိုးတွေ အစွန်းရောက်သူတွေက လက်ရဲဇက်ရဲ ရှိသလောက်၊ အမှန်အမှား ခွဲခြားတတ်ပြီး စိတ်ကောင်းရှိသူတွေက ကြောက်နေကြတဲ့ အတွက်၊ အားနာနေကြတဲ့ အတွက်၊ စိတ်ကုန်နေကြတဲ့ အတွက်၊ အမုန်းမခံနိုင်ကြတဲ့ အတွက်၊ လူမှုလောကကြီးထဲမှာ တဘက်စောင်းနင်းတွေ ဖြစ်နေတာမို့ ရဲဝံ့တဲ့ အသံတွေ လိုအပ်နေပါတယ်။ အမှားအယွင်းတွေ အဆိပ်အတောက်တွေကို ဖိနှိပ်မှုတွေကို သည်းမခံတဲ့ အသံတွေ လိုအပ်နေပါတယ်။ ဒါကြောင့်…သည်းမခံခြင်းသည်လည်း ကောင်းမှုကုသိုလ်။

ကောင်းကင်ကို Ref: (Andrew Pessin ၏ Intolerance is a Virtue ကို မှီငြမ်း ရေးဖွဲ့ပါသည်။)

Thursday, January 31, 2013

ပုံမပျက်သေးတဲ့ အစွယ်

ကြေးနီတောင်မှာတော့
သွေးအနီရောင်တွေ စွန်းခဲ့။

အခုလည်း
လိုင်ဇာမှာ
ကွိုင်ရှာ နေပြန်ပါပြီ။
(ကောင်းကင်ကို)

Tuesday, January 29, 2013

ပဋိပက္ခ (၂)


သင်ခန်းစာ တချို့ ပါတဲ့… 

နှစ်ပေါင်းထောင်ကျော်တွေက
ကောလဟလတွေ 

ပြောရ ကာရ နဲ့
မောကြ နာကြ။

ကောင်းကင်ကို

Wednesday, January 23, 2013

ဆိုင်နဲ့ ဘာသာရေး

ဒီနေ့ ဘုန်းကြီးတပါး လွတ်လပ်ရေးနေ့ကို ရည်ရွယ်တာ ဆိုပြီး ရေးတာလေး တခု ဖတ်လိုက်ရတယ်။ အဲဒါနဲ့ ပတ်သတ်ပြီး ပုဂ္ဂိုလ်ကို ဦးတည် မပြောဘဲ ကိုယ်ပြောချင်တဲ့ အကြောင်းကိုသာ ရေးမှာ မို့လို့ link မပေးတော့ဘူး။

သူရေးထားတာက “ဦးဇင်း အခုနေတဲ့ သီရိလင်္ကာနိုင်ငံ ဘုန်းတော်ကြီးများမှာလည်း ၀ံသာနုရက္ခိတစိတ်ဓာတ်ရှိကြတဲ့အတွက် မြို့ပေါ်တွင်လှည့်လည်ပြီး မိမိတို့ဗုဒ္ဓဘာသာဝင်များ ဘာသာခြားများဆိုင်ကနေ ဈေးမ၀ယ်ရန် တိုက်တွန်းနှိုးဆော်တာကို တွေ့ခဲ့ရပါတယ်။ အဲဒီတော့ လူအများပြောနေတဲ့ ဝံသာနုရက္ခိတစိတ်ဓာတ်ဆိုတာ ဘယ်လိုဟာကိုပြောတာလဲလို့ သေချာကျနစွာ မသိသေးသူများ ယခုလောက်ဆို သိမြင်လောက်ပြီ ထင်တာမို့ ဝံသာနုရက္ခိတစိတ်ဓာတ်ပိုင်များအတွက် လွတ်လပ်ရေးနေ့တွင် ဦးဇင်းတက်သိသလောက်လေးနဲ့ ဂုဏ်ပြုဆောင်းပါး ရေးပေးခြင်းကို ဒီမျှနဲ့ပဲ ရပ်နားလိုက်ပါပေတယ်။” တဲ့။ စာထဲမှာ ဘုရားမှာ ဝံသာနုရက္ခိတစိတ်ရှိတယ် ဆိုတာကိုရော၊ နောက်ပြီး မင်းကွန်း ဆရာတော်ကြီးကိုပါ ဆွဲထည့် ထားပါသေးတယ်။

ရုပ်ပိုင်းဆိုင်ရာအရ တိုင်းရင်းသားလူနည်းစုတွေ မြန်မာနိုင်ငံကနေ ခွဲထွက်မှာ ကြောက်တယ် ဆိုတဲ့သူတွေ များတယ်။ စိတ်ပိုင်းဆိုင်ရာ အရကျတော့ အဲလိုလူတွေကပဲ စိတ်ဝမ်းမကွဲကွဲအောင် လုပ်နေကြတာပါလား။ သူတို့နေတဲ့ နယ်မြေကိုတော့ ယူချင်တယ်၊ အဲ…လူတွေကိုကျတော့ ဘာသာတွေ ခြားနေတဲ့အတွက် ခွဲခြားဆက်ဆံမယ်ဆိုရင် ….နယ်မြေအရ အပိုင်းပိုင်း မကွဲပေမဲ့ စိတ်ဓါတ်အရတော့ နိုင်ငံဟာ သုံးခြမ်း၊ လေးခြမ်း မက ကွဲသွားမှာပဲ။ အဲလို ခွဲခြားရာကနေ ကြာလာတဲ့အခါ တခုခု အရေးကြုံတဲ့အခါ ဒီလို communities တွေက ပူးပေါင်းဆောင်ရွက်မှု မလုပ်ရုံမက အချင်းချင်း ကန့်လန့်ကန့်လန့်နဲ့ ကိစ္စတိုင်းမှာ လုပ်လာကြလိမ့်မယ်။ ထိပ်တိုက်တွေ့လာ ကြတော့မယ်။ နယ်မြေကွဲတာကမှ နိုင်ငံပြိုကွဲတာ မဟုတ်ပါ။ အချင်းချင်း ထိပ်တိုက်တွေ့နေတာ၊ ကန့်လန့်ကန့်လန့် လုပ်နေပြီး ပဋိပက္ခတွေ ဖြစ်နေတာ၊ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိတာတွေလည်း နိုင်ငံကွဲနေတဲ့ သဘောပဲ။ အဲလိုဆိုရင် ဘယ်လိုမှ ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါ။ တခြား ဘာသာဝင်တွေလည်း ထိုနည်းတူပဲ ခွဲခြားခွဲခြား မလုပ်သင့်ပါ။

နယ်မြေကွဲတာကမှ အေးအေးချမ်းချမ်း လမ်းခွဲသွားတာဆိုရင် သူတို့လည်း သူတို့နိုင်ငံမှာ အေးအေးဆေးဆေး၊ ကိုယ်လည်း ကိုယ့်နိုင်ငံမှာ အေးအေးဆေးဆေး နေလို့ရဦးမယ်။ နယ်မြေအရ ပြိုကွဲတာ မဟုတ်ဘဲ၊ စစ်တပ်ခြင်း တိုက်ရုံလောက်သာ မဟုတ်ဘဲ၊ လူနေမှု ဘဝထဲမှာပါ စိတ်ဝမ်းကွဲ၊ ထိပ်တိုက်တွေ့နေကြမယ် ဆိုရင်တော့ ဘယ်တော့မှ ငြိမ်းချမ်းတဲ့ နိုင်ငံ၊ လုံခြုံတဲ့ နိုင်ငံ ဖြစ်လာမှာ မဟုတ်ပါ။

ဗုဒ္ဓဘာသာမှာ ဘာသာရေးအရ ကြည့်ရင် ငါစွဲတောင် မထားရဘူးလို့ ဆိုတယ်။ ဘာသာစွဲ၊ လူမျိုးစွဲတွေ၊ အရေပြားအသားအရောင်တွေပေါ် မူတည်ပြီး ခွဲခြားဖို့ဆို ဝေးရောပေါ့။ ခက်တာက သာသနာစောင့်မယ် ဆိုသူ တချို့ကပဲ ကိုယ့်ဘာသာနဲ့ မဆီလျော်တဲ့၊ ပြဒါးတလမ်း သံတလမ်းဖြစ်တဲ့ အတွေးအခေါ်တွေ လျှောက်ရေးနေကြတာက ခက်တယ်။

ဟိုးတလောက ဖတ်ဖူးတဲ့ အထဲက အဆိုးဆုံး တခုကတော့ ကောသလမင်းရဲ့ အိပ်မက် ၁၆ ချက်ကို မြတ်စွာဘုရားက အဓိပ္ပါယ်ဖွင့်ပေးတယ် ဆိုတဲ့ဟာကို လိုရာဆွဲပြီး ဘာသာပြန်ကြတာပါပဲ။ (အပေါ်မှာ ပြောခဲ့တဲ့ ဘုန်းကြီး ရေးတာတော့ မဟုတ်ပါဘူး။ တခြားလူ တယောက်ရေးထားတာပါ။ ဒါပေမဲ့ အဲလို သဘောမျိုးနဲ့ အဓိပ္ပါယ်ဖွင့်ထားတာကတော့ လူတွေရော၊ ဘုန်းကြီးပါ အများကြီး တွေ့ဖူးတယ်။) ကျမ်းတွေ အရ ကြည့်မယ်ဆိုရင် မြတ်စွာဘုရားဆိုတာ အမျိုး၊ဇာတ် ခွဲခြားတာတွေကို တိုက်ဖျက်ခဲ့တဲ့ ဘုရားပါ။ ငါစွဲကအစ ဖျောက်ဖျက်နိုင်တဲ့ ဘုရားက အဲလိုဟာတွေကို တိုက်ဖျက်ခဲ့မယ် ဆိုတာကလည်း သဘာဝ ကျပါတယ်။ ဒါပေမဲ့ လူတယောက်က မြန်မာမ တချို့ အဖြူတွေ၊ ကပ္ပလီတွေနဲ့ ယူတဲ့ပုံကို (ခွင့်တောင်းခြင်း မရှိဘဲ) တင်ရင်းနဲ့ ကောသလမင်း အိပ်မက် ၁၆ ချက်ထဲက အတိုင်း ဖြစ်လာပြီ ဆိုပြီး…..[နောင်အခါ အမျိုးမြတ်သူတွေ ဆင်းရဲလိမ့်မယ်။ အသက်မွေးမြူ လွယ်ကူဖို့ အမျိုးယုတ်သူတွေနဲ့ လက်ထပ်ကြလိမ့်မယ် ]…. ဆိုတဲ့အတိုင်း ဖြစ်လာပြီ ဆိုပြီး ရေးကြတော့ ဘုရားကပဲ လူမျိုးရေးခွဲခြားတဲ့သူ လိုလို ဖြစ်ကုန်ရော။ ကိုယ့်ဘာသာကိုယ် ခွဲခြားချင်ရင်လည်း ဘုရားတော့ ဆွဲမထည့်နဲ့ကြပေါ့။

ဒီက တချို့လူတွေခွဲခြားပုံကလည်း African နွယ်ဝင်တောင်မှ အိုဗားမား ဆိုရင် တမျိုး၊ သာမန်လူ ဆိုရင် တမျိုး ထပ်ခွဲသေးတယ်။

ဘယ်ဘာသာမဆို ကိုယ်နဲ့မတူတဲ့ ဘာသာဝင်တွေ၊ ဘာသာမဲ့တွေကို ခွဲခြားခွဲခြား လုပ်ကြမယ် ဆိုရင်၊ ပိုဆိုးတာကတော့ အဲလို ခွဲခြားဖို့ စည်းရုံးကြမယ် ဆိုရင် ပြဿနာတွေက ဖြစ်နေမှာပါပဲ။ အစ္စလာမ် ဘာသာဝင် တချို့နဲ့ ပတ်သတ်ပြီး ပြောရရင်လည်း…..အစားအသောက်ကြောင့် ရှောင်တာကတော့ နားလည်ပါတယ်။ နေရာတကာမှာ ဘာသာတူသူ ဆိုင်ကပဲ ဝယ်မယ် ဆိုရင်တော့… နိုင်ငံသားအချင်းချင်း အဲလိုခွဲခြားတာတွေက လူ့အဖွဲ့အစည်းကိုရော အားလုံးကိုပါ ထိခိုက်စေနိုင်တယ် ဆိုတာကို သတိပြုဖို့ လိုပါတယ်။ (မတိုးတက်တဲ့ နိုင်ငံတွေ အားလုံး အယူသည်းလို့ လို့ မဆိုလိုပေမဲ့) အယူသည်းလွန်းကြတဲ့ နိုင်ငံတွေ ကမ္ဘာမှာ မတိုးတက်ဘူး ဆိုတာကလည်း လက်တွေ့ပဲလေ။

ဘာသာရေး အရတင် မဟုတ်ပါဘူး။ လူမျိုးရေး အရလည်း ခွဲခြားမှု မပြုသင့်ပါဘူး။ လက်ပန်းတောင်းမှာ တရုတ်နိုင်ငံက ကုမ္ပဏီက ဒီမှာလာပြီး အမြတ်ထုတ်ရုံနဲ့ ဒီက တရုတ်ဆိုင်တွေကို သပိတ်မှောက်ရမယ် ဆိုတာတွေကလည်း ...အဲဒီ့ ကုမ္ပဏီနဲ့ မြန်မာနိုင်ငံသား တရုတ်တွေ ဘယ်လိုမှ ဆက်စပ်နေတာ မဟုတ်လို့ ကောင်းတဲ့ တုံ့ပြန်မှု မဟုတ်ပါ။ နိုင်ငံသားအချင်းချင်း ခွဲခြားမှုပဲ ဖြစ်ပါတယ်။

လွတ်လပ်စွာ ပြောဆို စည်းရုံးခွင့် ရှိတယ် ဆိုပေမဲ့ လူမျိုးရေးအရ၊ ဘာသာရေးအရ ခွဲခြား ဆက်ဆံဖို့ စည်းရုံးတာမျိုးကတော့ တိုးတက်တဲ့ နိုင်ငံတွေမှာ ပြစ်မှု မြောက်ပါတယ်။

ကောင်းကင်ကို (4 January 2013)

Facebook မှာ တင်ခဲ့ပြီးသား Note ကို blog မှာ ပြန်တင်တာပါ။

Wednesday, January 16, 2013

စဉ်းစားဖို့ မလိုသော… ‘ဘက်’

“မင်း အဲဒီ့ဘက်ကလူပဲ ဖြစ်ရမယ်”

အဲဒီလို ပြောလိုက်တဲ့ စကားကိုယ်၌မှာ စွပ်စွဲသူဟာ မမျှတဘူးဆိုတာကို ပြနေတယ်။ အဲဒီ့လိုပြောခြင်းက “ငါတို့က ဒီဘက်က မို့လို့ ဒီစကားပြောတယ်။ မင်းတို့က ငါတို့နဲ့ ဆန့်ကျင်ဘက် စကားတွေပြောလာတော့ အဲဒီ့ဘက်က ပဲ ဖြစ်ရမယ်” ဆိုပြီး သူတို့တယူသန်တိုင်း သူများလည်း တယူသန်ရမယ်ဆိုတဲ့ အမြင်နဲ့ သူတို့စိတ်နဲ့ သူများကိုလိုက်နှိုင်းနေတာကို ဖော်ပြနေတယ်။ အဲလိုလူတွေဟာ... ဒီစကားပြောရင် ဒီဘက်က၊ ဟိုစကားပြောရင် ဟိုဘက်ကပဲ ဖြစ်ရမယ်လို့ အမြဲတမ်းကြီး တရားသေ စွဲထားပုံရတယ်။ အဲလို လူတွေဟာ များသောအားဖြင့်၊ တဘက်သား ပြောလာတဲ့ စကားမျှတမှု ရှိမရှိ ဆိုတာကို စဉ်းစားနိုင်စွမ်း မရှိသူတွေဖြစ်တယ်။ တခြားသူ ပြောတဲ့စကားရဲ့ အနှစ်သာရကို လျစ်လျူရှုကာ ဟိုဘက် ဒီဘက်ဆိုတဲ့ ဘက်တွေကို စစဉ်းစားပြီး အဲဒီ့လို အမြဲတမ်း (အထောက်အထား မရှိဘဲ) စွပ်စွဲလေ့ရှိသူဟာ သူကိုယ်တိုင်အတွက်တော့ “ငါဒီဘက်ကမို့လို့ ဒီစကားပြောရတယ်” ဆိုတဲ့သဘောကို ဝန်ခံလိုက်တာနဲ့ အတူတူပဲ။

မျှတမှုကို လျစ်လျူရှုပြီး အဲလို ဘက်ကိုစစဉ်းစားတဲ့သူ၊ ကိုယ့်ဘက်ကိုယ်ယက်တဲ့သူတွေ များတယ်ဆိုတာကလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ဘက်ကိုအခြေခံပြီး ပြောလာတဲ့ သူတယောက်၊ မမျှတဘဲ ကိုယ့်ဘက်ကိုယ်ယက်ပြီး ပြောလာတဲ့လူတယောက်ကို ကျနော်ရင်ဆိုင်ရရင် သူ တကယ် ဘက်လိုက်ပြီး ပြောတာ ဖြစ်နေဦးတော့။ မင်းဘယ်ဘက်က မို့လို့ ဒီလိုစကားမျိုးပြောတာလို့ (ကိုယ်လည်းမသိဘဲ) ရမ်းသမ်းစွပ်စွဲတာမျိုး လုပ်မှာ မဟုတ်ပါဘူး။ အဲဒီ့လူက သူနဲ့သက်ဆိုင်တဲ့ သူ့အုပ်စုဘက်မှာ ရပ်တည်ပြီး ပြောနေတယ် ဆိုရင်တောင် အဲလိုပြောလာတဲ့ စကား မျှတမှု ရှိမရှိကိုပဲ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဥပမာပေးရရင် မှန်ကန်မယ် ဆိုရင် မြန်မာတွေလည်း မြန်မာဘက်က၊ ကချင်ဆိုလည်း ကချင်ဘက်က၊ ကုလားဆိုလည်း ကုလားဘက်က၊ တရုတ်ဆိုလည်း တရုတ်ဘက်က၊ ဆရာဝန်ဆိုရင်လည်း ဆရာဝန်ဘက်က ၊ သတင်းထောက် ဆိုရင်လည်း သတင်းထောက် ဘက်က ရပ်တည်ခွင့် ရှိပါတယ်။ အင်္ဂလိပ်တွေ ဂျပန်တွေ မြန်မာနိုင်ငံကို မတရားလုပ်လာခဲ့စဉ်က နယ်ချဲ့ခဲ့စဉ်က မြန်မာတွေ မြန်မာဘက်က ရပ်တည်ခဲ့တာဟာ မှန်ကန်နေတာပဲ။ (မြန်မာမြန်မာချင်း ဝင်ရပ်လို့ မဟုတ်ပါ။ မှန်ကန်တဲ့ ဘက်က ရပ်တည်လို့ ဖြစ်ပါတယ်။ မြန်မာဖြစ်တဲ့အတွက် မြန်မာဘက်ကပဲ ရပ်ရမယ် ဆိုတာ မမျှတသလိုပဲ မြန်မာဖြစ်လို့ မြန်မာဘက်က မရပ်ရဘူး၊ရပ်ရင် ဘက်လိုက်တာ ဆိုတာလည်း မှားယွင်းပါတယ်။) ဆရာဝန်တယောက် ဆိုပါစို့။ တခြားဆရာဝန် တစု ပြဿနာ ဖြစ်နေတဲ့ အခါမှာ အဲဒီ့ဆရာဝန်တွေ မှန်နေရင် နစ်နာနေရင် အဲဒီ့ဆရာဝန်တွေဘက်က ဝင်ပြီး ရပ်တည်ပေးတာဟာ ဘက်လိုက်တာ မဟုတ်ပါ။ အဲလိုပဲ အဲဒီ့ဆရာဝန်တွေက လွန်နေတာ၊ ပြဿနာ ရှာတာဖြစ်နေရင် ဆရာဝန်ဖြစ်လျက်နဲ့ ဆရာဝန်တွေဘက်က ရပ်တည်မပေးဘဲ တခြားဘက်ကနေ ရပ်တည်ပေးရမှာပါ။ တကယ်တော့ ဘယ်သူဖြစ်လို့ ဘယ်စကားပြောတယ် ဆိုတာတွေ၊ “ဘက်” ဆိုတာတွေကို စစဉ်းစားကတည်းက လမ်းကြောင်းက လွဲနေပြီ။ ပြောတဲ့စကား မှန်မမှန် သင့်မသင့်ကို အာရုံမရှိတော့ပဲ ပုဂ္ဂိုလ်ရေးတွေ ဘယ်သူမို့လို့ ဘာပြောတယ် ဆိုတဲ့ အစွဲတွေ ပါနေပြီ။

တကယ်ဖြစ်ရမှာ ပြောတဲ့စကားမှန်မမှန် ယုတ္တိရှိမရှိ မျှတမှု ရှိမရှိကိုပဲ စဉ်းစားပြီး မမျှတရင် အကျိုးသင့်အကြောင်းသင့် ချေပရမှာ။
ကောင်းကင်ကို 
၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က Facebook မှာ ရေးခဲ့တဲ့ Note ကို blog မှာ ပြန်တင်တာပါ။  

Tuesday, January 8, 2013

(ကမ္ဘာပျက်မပျက်နှင့် ဘာသာရေး) (အလုံးစုံသိသော God နှင့် အရာရာစွမ်းဆောင်နိုင်ခြင်း တွဲပြီးရှိနိုင် မရှိနိုင်) (အလုံးစုံကြိုတင်သိသောဥာဏ်နှင့် free will တွဲပြီးရှိနိုင် မရှိနိုင်)

(ကြိုတင်သတိပေးလိုတာက ဒီပို့စ်မှာ ဘာသာရေးတွေရဲ့ ရှေ့နောက်ညီမှု မညီမှုကို ဆန်းစစ်တာတွေ ပါဝင်မှာဖြစ်တာကို သတိပေးလိုပါတယ်။)
(၁) တခြားနိုင်ငံတွေမှာတော့ အသေအချာမသိ။ ကျနော်တို့ နိုင်ငံမှာတော့ ကမ္ဘာပျက်မပျက်ကို NASA ရဲ့ webstie မျိုး သွားကြည့်ကြတာထက် ဘာသာရေးရှုထောင့်ကနေ ကြည့်ပြီး တွေးကြတာ များပါတယ်။ အဲဒီ့လိုတွေးတဲ့ နေရာမှာ တကယ်လည်း ကမ္ဘာက ပျက်စရာ မရှိသေးတာကြောင့် ဘာသာရေးရှုထောင့်ကနေ ထွက်လာတဲ့ result တွေကတော့ မှန်နေမှာပဲ။

(၂) ကွန်မန့်တခုကို ဖတ်ပြီး ပြုးမိတယ်။ စကားလုံးအတိအကျ မမှတ်မိပေမဲ့ ကမ္ဘာပျက်မပျက်ကို ဗုဒ္ဓက အသိဆုံးတဲ့။ ဗုဒ္ဓသာလျှင် ကမ္ဘာကြီးရဲ့ အစောဆုံး၊ အကုန်အသိဆုံး သိပ္ပံပညာရှင်ကြီးတဲ့။ NASA ဆိုတာက Junior လေးတဲ့။ (ဒီနေရာမှာ တခု စဉ်းစားမိတာက ဘာသာရေးတွေ အသီးသီးကသာ သိပ္ပံနည်းကျ ဘာသာရေး ဆိုပြီး ဘာလို့ သိပ္ပံကို အလေးထားပြီး ဂုဏ်ယူနေကြတာလဲ။ ဘာကြောင့် သိပ္ပံရဲ့ အသိအမှတ်ပြုမှု ထောက်ခံမှု ကို ဘာသာဝင်တွေက အရေးတကြီး လိုအပ်နေရတာလဲ။ သိပ္ပံကတော့ ရှင်းတယ်။ ဗုဒ္ဓနည်းကျ သိပ္ပံတို့၊ ခရစ်ယာန် နည်းကျသိပ္ပံတို့၊ အစ္စလာမ်နည်းကျ သိပ္ပံတို့ ဆိုတာတွေ မရှိဘူး။ ဘယ်ဘာသာရေးရဲ့ နာမည်ကိုမှ ယူသုံးနေဖို့ မလိုပါ) ပြီးတော့ ခုနက Comment ရှင် ဆက်ပြောထားတာက နောက်ဘုရားပွင့်ပြီးမှ ကမ္ဘာပျက်မယ် တဲ့။ အဲဒါနဲ့ ပတ်သတ်ပြီးတော့ ကျနော် ဝတ္ထုတပုဒ်ထဲမှာ ထည့်ရေးထားတာလေးကိုပဲ ပြန်ကော်ပီလုပ်ပြချင်ပါတယ်။ “ကမ္ဘာမပျက်ခင်မှာ ပွင့်မယ့် ဘုရားတွေ အကြောင်း ကျမ်းပြုသူတွေ ရေးတာကိုလည်း တွေးကြည့်တယ်။ ယာဉ်ရထားတွေက ဆင်မင်း ၇,၀၀၀၊ မြင်း ၁,၀၀၀ နဲ့ မောင်းနှင်မယ့် ရာထားယာဉ်တော် ခုနစ်ရာတဲ့။

ပဒေသရာဇ်ခေတ်ရဲ့ အကောင်းဆုံးယာဉ်တွေကို ကြည့်ပြီး ရေးလိုက်တာဖြစ်ရမယ်။ တကယ်ဆို ကမ္ဘာမပျက်ခင်မို့ ခေတ်မီယာဉ်တွေပဲ ဖြစ်သင့်တာပေါ့။ ကမ္ဘာမပျက်ခင်မှာကိုပဲ လူတွေက ဟိုးကျောက်ခေတ်ကနေ evolution နဲ့ ပြန်စရမယ်ဆိုရင်တော့လည်း မသိဘူးပေါ့”

အဲဒီ့လိုပဲ အုပ်ချုပ်မယ့် စနစ်ကလည်း ရှေးခေတ်က အမတ်တွေနဲ့ အုပ်ချုပ်မယ့် ပဒေသရာဇ်စနစ်၊ စကြဝတေးမင်း ဆိုတာကလည်း တကမ္ဘာလုံးကို ပိုင်ဆိုင်ဖို့ မဆိုထားနဲ့ အဲဒီ့ခေတ်က သူတို့သိသလောက် မဇ္ဈိမ ဒေသလေး၊ အိန္ဒိယ ကွက်ကွက်ကလေးကို ပြောတာမျိုးဖြစ်နေတယ်။” ဒီတော့ ယုတ္တိမရှိဘူးပဲ ဆိုရမှာပေါ့။ ဒီနေရာမှာ တချို့က စောဒက တက်နိုင်တယ်။ တခြားလူတွေ လျှောက်ရောထားတာတွေလည်း ပါတယ်လို့။ ဒါဆိုရင် ဒီပိဋကတ်တွေထဲက ဒီပုံပြင်တပုဒ်ထဲမှာပဲ ပါတာချင်း အတူတူ ကိုယ်နှစ်သက်တဲ့ ဘုရားပွင့်မယ် ဆိုတာကျတော့ ဘုရားဟောလို့ လက်ခံနိုင်ပြီး ခုနကလိုဟာတွေကျတော့ ရှေးကတခြားလူတွေ လျှောက်ထည့်ထားတာလို့ ဘယ်လိုအထောက်အထားနဲ့ ပြောနိုင်ရတာလဲ? တကယ်က အကုန်လုံး တခြားလူတွေ အဆက်ဆက် လျှောက်ရေးထားတာ ဖြစ်နိုင်သလို နှစ်ခုလုံး ဘုရားဟောခဲ့တာလည်း ဖြစ်နိုင်တာပဲ။ ဒီတော့ ကိုယ်လက်ခံချင်တဲ့ အပိုင်းမှ ဘုရားဟော ဆိုပြီးတော့ လက်ခံပြီးတော့ မလက်ခံချင်တဲ့ အပိုင်းမှ ဘုရားဟော မဟုတ်ဘူးလို့ (ဘာအထောက်အထားမှ မပါဘဲ) ပြောခြင်းကရော တရားနည်းလမ်းကျပါသလား?

ကိုသိန်းမြင့်ဝင်းဆိုတဲ့ မိတ်ဆွေတယောက် ရေးဖူးသလို…. လူ့သဘာဝအတိုင်း ကိုယ်လိုချင်တဲ့အချက်ကလေးကို ကြိုတင် ရွေး၊ မလိုချင်တဲ့ အပိုင်းကို ပယ်ပြီးတဲ့အခါမှ….ကိုယ်ရွေးထားတာနဲ့ ပယ်ထားတာကို အထောက်အကူပြုမယ့် ဆင်ခြေဆင်လက်တွေ လိုက်ရှာနေခြင်းနဲ့ အတူတူပါပဲ။

ဒီနေ့လိုခေတ်မှာ လူအများကြီး လက်ခံနိုင်မယ့် ဘုရားအသစ်တွေ၊ တမန်တော်အသစ်တွေ မပေါ်တော့တာကလည်း အကြောင်းရှိပါတယ်။ ဒီနေ့ခေတ်မှာက အရာရာကို ဆန်းစစ်မယ့် သူတွေရယ်၊ စမ်းသပ်စစ်ဆေးမယ့် မီဒီယာတွေရယ်ကြောင့် ဘယ်သူမဆို perfect မဖြစ်နိုင်ဘူးဆိုတာ ထင်းထင်းကြီး ပေါ်လာမှာ ဖြစ်တဲ့အတွက် အင်မတန် ဥာဏ်ပညာကြီးသူ ပေါ်လာရင်တောင် ဘုရားတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

ခုခေတ် သိပ္ပံပညာရှင်တွေ တွေ့ရှိသမျှက ဗုဒ္ဓဘာသာထဲမှာ ပါပြီးသားတွေချည်းပဲ။ သူတို့ကတောင် အကုန်မသိသေးဘူးလို့ ယုံကြည်သူများနဲ့ ပတ်သတ်ပြီးတော့ ပြောရရင် ကျော်စွာလင်း ပြောဖူးတာကို သတိရပါတယ်။ အဲလိုသာဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့ တက္ကသိုလ်ကြီးတွေ ပိတ်လိုက်ပြီးတော့ မြန်မာပြည်က ဘုန်းကြီးကျောင်းတွေမှာ စာလာသင်ကြရုံပဲတဲ့။

တကယ်တွေးကြည့်တော့လည်း ဟုတ်ပါတယ်။ ကိုယ့်ဘာသာရေးမို့ ကိုယ်ပိုတွေးမိတတ်တာတွေ ဖြစ်တတ်ပါတယ်။ တကယ်က ဗုဒ္စစာပေထဲမှာပါတဲ့ အနန္တ စကြဝဠာ ဆိုတာနဲ့ ဒီနေ့ခေတ် သိပ္ပံက စကြဝဠာ ဆိုတာက တူတာမဟုတ်ပါ။ စာပေထဲမှာ ပါတဲ့ အနန္တ စကြဝဠာ ဆိုတာက တကယ်တော့ မြင့်မိုရ်တောင်လို ဟာတွေကို အခြေခံထားတဲ့ စကြဝဠာပါ။ သိပ္ပံက infinite universe ဆိုတဲ့ အသုံးအနှုန်းကို မြန်မာလိုမှာ အဲဒီ့ အနန္တ စကြဝဠာ ဆိုတဲ့ အသုံးအနှုန်းနဲ့ စကားလုံး ဖလှယ်ပြီး သုံးလိုက်တော့ ကာလ ရွေ့လျားလာတဲ့အခါ ဗုဒ္ဓစာပေထဲမှာ ပါခဲ့တယ်လို့ တချို့ ဆွဲပြောကြ၊ တချို့က ထင်လာကြတာပါ။ သိပ္ပံက တွေ့ပြီးမှ ဖြစ်လာတဲ့ ဟာတွေပါ။

နဂိုတုန်းက လပေါ်လူမရောက်နိုင်လို့ အများစုက ထင်ခဲ့ကြတာ မဟုတ်လား။ ရှေးစာပေထဲမှာ အနန္တ စကြဝဠာ မပြောနဲ့ ၊ လကိုတောင် ကောင်းကောင်းရှင်းပြနိုင်တာမှ မဟုတ်တာ။ အဲလိုပဲ အဏုမြူ ဆိုတဲ့ စကားလုံးကို nucleus ဆိုတာ တွေ့လာပြီးမှ စကားလုံးဖလှယ်ကြ ဘာသာပြန်လိုက်ကြတော့ ကျမ်းစာထဲမှာ ပါဖူးသလိုလို ဖြစ်သွားတာပေါ့။ တကယ်က အသေးစိတ် ဘာမှ မပါတဲ့အတွက် တူတယ်လို့ ပြောစရာ လုံးဝ အကြောင်းမရှိပါ။

တကယ်တော့လည်း ဘာသာရေးဆိုတာ စိတ်ငြိမ်းချမ်းအောင် အထောက်အကူ ပြုတဲ့ အလုပ်ပါပဲ။ သိပ္ပံကို မသိခြင်းကလည်း ဘာသာရေးရဲ့ အပြစ် မဟုတ်ပါ။

(၃) အလုံးစုံ သိနိုင်တယ် ဆိုတာနဲ့ ပတ်သတ်ပြီး နောက် တဆင့် တက်စဉ်းစားကြည့်ရအောင်။ ဒီတခါ ထာဝရ ဘုရားသခင်ကို ယုံကြည်တဲ့ ဘာသာတွေကနေ စပြီး ပြောကြည့်ချင်ပါတယ်။ ထာဝရ ဘုရားသခင်က အရာရာကို စွမ်းတယ်၊ လုပ်ပေးနိုင်တယ် ဆိုပြီး God’s omnipotence လို့ ပြောကြလေ့ ရှိတယ်။ စဉ်းစားကြည့်ရအောင်။ သူက အရာရာကို ဇာတ်ကွက်ချပြီး ကြိုတင် ဖန်ဆင်းထားတယ် ဆိုတာ ဟုတ်နေတယ်ပဲ ဆိုပါစို့။ သူက အကွက်ချတဲ့သူဆိုတော့ ဘယ်သူဘာဖြစ်မယ်၊ ဘယ်သူဘယ်နေ့သေမယ် ဆိုတာ ကြိုသိနိုင်မယ် ဆိုပါတော့။ ကြိုအကွက်ချထားမှ ကြိုသိနိုင်မယ်လေ။ ဒါဆိုရင် God ဟာ သူသိထားတဲ့၊ သူပြဌာန်းထားတဲ့ ဘယ်သူဘာဖြစ် ဆိုတာကို ပြောင်းနိုင်ပါဦးတော့မလား? ဒါဆိုရင် God ဟာ ဘယ်သူဘယ်နေ့မှာ အမိန့်တော်ခံယူ၊ ဘယ်သူဘယ်နေ့မှာ သေ၊ ဘယ်သူဘယ်နေ့မှာ လက်ထပ် ဆိုတာကြီးကို ပြောင်းပေးဖို့ မဖြစ်နိုင်တော့ဘူး။ သူ့ကို ယုံကြည်လာပြီး ဆုတောင်းလာသူကို သူကိုယ်တိုင် ရေးခဲ့တဲ့ နဂိုဇာတ်လမ်းကနေ သွေဖည်ပြီး ပိုကောင်းအောင် လုပ်ပေးလို့ မရတော့ဘူး။ လုပ်ပေးလိုက်ရင် သူကြိုသိတယ်ဆိုတာက တလွဲကြီး ဖြစ်သွားပြီလေ။ သူကြိုသိသွားခြင်းက မမှန်တော့ဘူး။ ဒီတော့ God ဟာ အရာရာကို ကြိုသိနေတယ်ဆိုရင် အရာရာကို မစွမ်းတော့ပါဘူး။ ဒီလိုဆိုရင် God က အရာရာကိုစွမ်းတယ်လို့ ယူဆလိုက်ရင်ကော….ဒါဆိုရင် သူ့ကိုဆုတောင်းလာသူတွေရဲ့ ဆန္ဒကို ဖြည့်ပေးဖို့ အတွက် သူကြိုရေးခဲ့တဲ့ ဇာတ်လမ်းကို ပြောင်းပေးနိုင်စွမ်း ရှိရမှာ ဖြစ်တဲ့အတွက် God ဟာ အနာဂတ်ကို ကြိုသိနိုင်စွမ်း ရှိမှာ မဟုတ်ပါ။ ဒါဆိုရင် God မတတ်နိုင်တာ ရှိကိုရှိရမယ် ဆိုတာ သေချာနေပါပြီ။ ဒီတော့ All-knowing God နဲ့ အရာရာကို စွမ်းနိုင်ခြင်းဟာ တွဲပြီး မရှိနိုင်ပါ။ နှစ်ခုလုံးရှိနေတယ် ဆိုရင် ရှေ့နောက်မညီဘူးလို့ပဲ ပြောရမှာပါ။ (တကယ်ဆိုရင်တော့ logic အရ အဲဒီ့နှစ်မျိုးလုံး တွဲပြီး ရှိဖို့ မပြောနဲ့ တမျိုးမှ မရှိနိုင်ဘူးဆိုတာတောင် ထင်ရှားသွားပါပြီ။)

(၄) ဗုဒ္ဓဘာသာဘက်ကို လှည့်ပြီး စဉ်းစားကြည့်ရအောင်။ ဗုဒ္ဓက အကြောင်းကြောင့် အကျိုး ဖြစ်ရတယ် ၊ လုပ်မှ ရတယ် ဆိုတာကို အလေးပေးတယ်လို့ ကျမ်းတွေက ဆိုကြတယ်။ ဒါဆိုရင် အကြောင်းတရားကိုတောင် မလုပ်ရသေးခင်မှာ အကျိုးတရားကို ဟောတယ်ဆိုတာ သဘာဝ ကျရဲ့လား။ ကျနော့် တခြား ဝတ္ထုတိုထဲကပဲ ကောက်နုတ်ပြပါမယ်။ “ဗျာဒိတ်တွေကိုပဲကြည့်။ မီးနဲ့ ၇ ကြိမ်၊ ပြီးရင် ရေနဲ့ ၁ကြိမ် နောက်ပြီး ၆၄ ကြိမ် မြောက်ကျ လေနဲ့ ပျက်မယ် ဆိုတာတွေက အသေပြဌာန်းပြီးသား ဖော်မြူလာတွေလို ဖြစ်နေတယ်။ ကမ္ဘာကြီး ဘယ်နည်းနဲ့ ပျက်မယ် ဆိုတဲ့ ကိစ္စဟာ လူသားတွေ ဒါမှမဟုတ် သတ္တဝါတွေရဲ့ လုပ်ဆောင်မှုတွေ အပေါ် မူတည်မနေဘဲ (သို့မဟုတ်) လူသားတွေကိုယ်တိုင်ရဲက လက်ထဲမှာ ရှိမနေဘဲ သူဟောတဲ့အတိုင်းဘဲ ဖြစ်ရမယ် ဆိုတဲ့အတွက် ပုံသေဇာတ်ညွှန်း ရေးထားသလိုကြီး ဖြစ်နေတယ်” အခု အစိုးရရဲ့ လေသံကို မှီးပြီး ဟာသလုပ်ရမယ်ဆိုရင်တော့ နောက်ကွယ်က ကြိုးကိုင်သူ ရှိသလို ဖြစ်နေတယ်။ ဘုရားပွင့်မယ့် နာမည်တွေ၊ ဒေသတွေ ၊အပင်တွေက အစ အသေးစိတ် ကြိုတင် ဇာတ်ညွှန်းချထားသလိုကြီး ဖြစ်နေတယ်။ ဒီနေရာမှာ ပါရမီဖြည့်မှ ရတာလို့ စောဒက တက်လို့ ရပေမဲ့ ရှေးက ဘုရားတွေရဲ့ ဟောသမျှ ဗျာဒိတ်တွေသာ ရာနှုန်းပြည့် မှန်ကြေးဆိုရင်၊ ဘုရားတွေ ဟောထားတဲ့ ဗျာဒိတ်တော်တွေ “မှတပါး အခြားမရှိ” အဲဒီ့အတိုင်းပဲ ဖြစ်ရမယ်ဆိုရင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရှိတယ်ဆိုတာ ဘယ်ဟုတ်နိုင်တော့မလဲ။ အဟောခံရသူတွေရဲ့ စိတ်ထားတွေ ပြောင်းသွားပြီး လုပ်ဆောင်ချက်တွေ ပြောင်းသွားရင် အကျိုးဆက်တွေ ပြောင်းမသွားနိုင်ဘူးလား။ ပြောင်းသွားနိုင်တယ်ဆိုရင် ဘုရားတွေရဲ့ ဗျာဒိတ်တွေ လွဲပြီ။ ပြောင်းမသွားနိုင်ဘူး ဗျာဒိတ်တွေ အတိုင်း ဖြစ်ရမယ်ဆိုရင်လည်း လူတွေမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိတယ် (free will) ရှိတယ်ဆိုတာက လွဲပြီ။ ရာနှုန်းပြည့်ဟောသမျှက မှန်ရမယ် ဟောတဲ့အတိုင်းက လွဲလို့ တခြားဖြစ်နိုင်ချေ မရှိဘူးဆိုရင် လူတွေမှာ free will ရှိတယ်လို့ ဘယ်လိုလုပ် ခေါ်နိုင်တော့မှာလဲ။ လူတယောက်အတွက် ဒါမှမဟုတ် လူပေါင်းများစွာအတွက် ကိုယ်လုပ်တာတွေပေါ် မူတည်ပြီး ဖြစ်နိုင်ချေတွေ အများကြီး ပွင့်နေတယ်ဆိုရင်တော့ “ဗျာဒိတ်တွေ ဟောတဲ့အတိုင်း အကုန်လုံး မှန်ရမယ်” ဆိုတာက အဓိပ္ပါယ် မရှိတော့ပါ။ ဒီနေရာမှာ စာကျက်တဲ့ကျောင်းသား စာမေးပွဲအောင်မယ်လို့ ဟောတာမျိုး ဆိုရင်တော့ လက်ခံတယ်။ ဒါဆိုရင်လည်း စာမေးပွဲအောင်မယ် ဆိုတာကိုပဲ ဟောလို့ရမယ်။ အဲဒါမျိုးက တွက်ချက်တာ။ ကြိုသိလို့ ဟောခြင်းမဟုတ်။ ဒီတော့ ခန့်မှန်းတာဆိုတော့ လွဲတဲ့အခါလည်း ရှိကိုရှိရမယ်။ အဲ…စာကြိုးစားတဲ့ကျောင်းသားကို ဘယ်အပုဒ်တွေမှာ အမှတ်ဘယ်လောက်ရပြီး စုစုပေါင်း အမှတ်ဘယ်လောက်နဲ့ အောင်မယ်လို့ ဟောတာမျိုးကကျ အကုန်ကြိုသိသလို ဖြစ်သွားပြီ။ တွက်တာ မဟုတ်တော့ဘူး။ ဗျာဒိတ်တွေ အတိုင်းသာ အတိအကျဖြစ်ကြေးဆိုရင် hard determinism ဖြစ်သွားပြီ။ ပွင့်လာမယ့် ဘုရားတွေဆိုတာ မလွဲမသေ ပွင့်ရမှာမို့၊ ငရဲကျမယ့်သူဟာလည်း ကြိုဟောထားတဲ့အတိုင်းမလွဲမသွေ ကျကိုကျရမှာမို့ တကယ်လေးလေးနက်နက် စဉ်းစားကြည့်ရင် လူတွေ သတ္တဝါတွေ အားလုံးဟာ ကြိုတင်ရှိပြီးသား ဇာတ်ညွှန်းထဲက ဇာတ်ကောင်တွေ အဆင့်ကို လျှောကျသွားလိမ့်မယ်။ ဥပမာ ဒီလူဟာ တရားရကို ရရမယ် ဆိုပါစို့။ ဒါဆိုရင် တရားက ဗျာဒိတ်အတိုင်း (ဟောတဲ့အတိုင်း) ရကို ရရတော့မှာမို့ တရားကိုလည်း ကျင့်ကို ကျင့်ရတော့မယ်။ ဒီတော့ တရားကျင့်ခြင်းက free will နဲ့ ကျင့်တာမျိုး မဟုတ်တော့ဘဲ ရုပ်ရှင်ဇာတ်ညွန်း တခုမှာ ယုတ္တိရှိအောင် တရားရမယ့်ဇာတ်လိုက်အတွက် တရားကျင့်တဲ့ဇာတ်ဝင်ခန်း ထည့်ပေးတဲ့ အဆင့်မျိုးပဲ ရှိတော့မယ်။ ဘာလို့တုန်းဆိုတော့ အဲဒီ့အတိုင်းကြီး ဖြစ်ကို ဖြစ်ရတော့မယ်လို့ ဆိုထားတာကိုး။ ဒီတော့ free will နဲ့ အလုံးစုံကြိုသိခြင်းဟာ mutually exculsive ဖြစ်နေတဲ့ အတွက် တခုမှန်ရင် တခုမှားမှာပါ။ ဘယ်ဟာမှန်မယ် ဘယ်ဟာမှားမယ်လို့တော့ မပြောနိုင်ပါ။ ((

(၅) ကျနော် ဆိုလိုချင်တာက free will က မှန်ပြီး အလုံးစုံ ကြိုသိနိုင်ခြင်းက မှားတယ်လို့တော့ ဆိုလိုတာ မဟုတ်ပါ။ အဲဒီ့နှစ်ခု တွဲပြီး မရှိနိုင်တာ၊ တွဲပြီး ရှိနေတယ်ဆိုရင် ရှေ့နောက်မညီဘူး ဆိုတာကို ဆိုလိုတာပါ။ ဒီနေရာမှာ philosophy မှာ determinism ဆိုတဲ့ ဟာ ရှိပါတယ်။ အရာရာက ပြဌာန်းပြီးသားပေါ့။ အဲဒါကလည်း God ကို ထောက်ခံထားခြင်းတော့ မဟုတ်ပါဘူး။ Nature နဲ့ Nurture က အရာရာကို ပြဌာန်းထားတဲ့ သဘောမျိုးပါ။ အဲဒါကို ဆက်ရေးရရင် ရှည်မှာမို့လို့ မရေးတော့ပါဘူး။ တကယ်က ကျနော်ဒီထဲက စာသားများများကို http://kaungkinko.blogspot.com/2012/01/free-will-determinism-by.html မှာ ရေးပြီးသားပါ။ အကြောင်းတိုက်ဆိုင်လာလို့ နောက် version တမျိုးအဖြစ် ရေးကြည့်တာပါ။ (

(၆) ကျနော်ပြောချင်တာ တခုရှိပါသေးတယ်။ ဘာသာရေးဆိုတာ အာဏာရှင် စနစ်တခု မဟုတ်လို့ လွတ်လွတ်လပ်လပ် အကျိုးသင့် အကြောင်းသင့် ဝေဖန်ခွင့် ရှိသင့်ပါတယ်။ ဝေဖန်တာနဲ့ စော်ကားတာ မတူပါ။ ကျမ်းတွေ အလိုအရဆိုရင်တော့ ဗုဒ္ဓရှိစဉ်အခါကလည်း မေးခွန်းတွေ လွတ်လွတ်လပ်လပ်မေးခွင့် ရှိခဲ့ပါတယ်။ ပဒေသရာဇ် ဘုရင်တွေ အုပ်ချုပ်တဲ့ ခေတ်တွေမှာတောင် မယုံကြည်လို့ မေးခွန်းထုတ်တဲ့သူတွေ အများကြီးပါ။ တကယ်တော့ ဘာသာအားလုံး အကုန်ကောင်းတယ်၊ သူ့ဟာလည်းကောင်းတယ် ငါ့ဟာလည်း ကောင်းတယ်ဆိုပြီး သဘောထားခြင်းက ရေရှည်မတည်တံ့နိုင်တဲ့ ယာယီ ဟန်ဆောင် ငြိမ်းချမ်းရေးမျိုးပါ။ တကယ့်တကယ် ဘာသာနှစ်ခု ယှဉ်လာကြတဲ့အခါ၊ အကျိုးကျေးဇူး ယှဉ်လာကြတဲ့အခါ ဟန်ဆောင်တာတွေ ပျောက်ပြီး ငြိကုန်ကြတာ များပါတယ်။ ဘာသာရေးတွေ ကြားမှာဖြစ်ဖြစ်၊ ဘာသာဝင်တွေနဲ့ ဘာသာမဲ့တွေ ကြားမှာဖြစ်ဖြစ် တကယ်ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးမျိုးက ဟန်ဆောင်ပန်ဆောင်တွေ ပြောမနေဘဲ သူ့ဟာလည်း အားနည်းချက် အားသာချက်တွေရှိတယ်၊ ငါ့ဟာမှာလည်း အားနည်းချက် အားသာချက်တွေ ရှိတယ်ဆိုတဲ့ လက်တွေ့ကျတဲ့ အယူအဆမျိုးပါ။ ဒါမှ ကိုယ့်ဘာသာရဲ့ အားနည်းချက်တွေကို ပြောလာကြတဲ့အခါ ခံနိုင်ရည်ရှိပြီး သဘောထားကြီးလာကြမှာ ဖြစ်ပါတယ်။

by ကောင်းကင်ကို (Facebook မှာ Friday, December 21, 2012 က တင်ခဲ့တဲ့ Note ပါ။)

Friday, December 14, 2012

ဘုန်းကြီးနဲ့ နိုင်ငံရေး

ဘုန်းကြီးနဲ့ နိုင်ငံရေး ကျနော့်အတွေးတွေကို ချရေးဖြစ်ခဲ့တဲ့ comment တခုပါ။ ကြေးနီတောင် ကိစ္စက သမိုင်းဝင် လယ်တီဆရာတော်ရဲ့ နေရာတွေနဲ့ ပတ်သတ်နေတော့ ဆန္ဒပြရမှာပါပဲ။ ဒီတော့ အပြစ်တင်စရာ မရှိပါဘူး။ အဲလိုမှ မဟုတ်ဘဲ နိုင်ငံရေးဆိုလည်း ကမ္ဘာမှာ ဒလိုင်းလားမားတို့က အစ နိုင်ငံရေး လုပ်နေတာတွေ ရှိပါတယ်။ သမိုင်းမှာလည်း ဆရာတော် ဦးဥတ္တမတို့၊ ဦးဝိစာရတို့ အပါအဝင် နိုင်ငံရေး လုပ်ခဲ့ကြတာတွေ ရှိပါတယ်။ တချို့က ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ ဘုန်းကြီးတွေ နိုင်ငံရေး မလုပ်သင့်ဘူး ဆိုတာကို ကိုးကားပြီး ဘုန်းကြီးနဲ့ နိုင်ငံရေး ကင်းကင်းနေသင့်ကြောင့် ပြောကြတာတွေ ရှိပါတယ်။ ဝိနည်းတွေကို ကိုးကားပြီး နှစ်ဘက် အပြန်အလှန် ဆွေးနွေးကြတာမျိုးတွေလည်း ရှိပါတယ်။ လူ့အခွင့်အရေး ရှုထောင့်ကနေ ကြည့်ရင်တော့ ဘုန်းကြီးတွေရဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်ကို ဘယ်သူမှ ပိတ်ပင်တားဆီးခွင့် မရှိဘူးလို့ ထင်ပါတယ်။

 တခုရှိတာက ကျနော်တို့ နိုင်ငံက နိုင်ငံသားတွေ နိုင်ငံသားဟောင်းတွေနဲ့ ဗုဒ္ဓဘာသာဝင် အများစုက ဘုန်းကြီးတွေ နိုင်ငံရေးလုပ်တဲ့အခါမှာ ဖြစ်စေ၊ တခြားနေရာမှာ ဖြစ်စေ လူတယောက်ယောက်နဲ့ ဘုန်းကြီးတပါးပါး သဘောထားကွဲလွဲကြတဲ့အခါမျိုးမှာ ဘယ်သူမှားတယ် မှန်တယ်ကို ယေဘုယျကျကျ မဆန်းစစ်ပဲ ဘုန်းကြီးနဲ့ သဘောထားကွဲတဲ့သူ အမှားလို့ ပြောတတ်ကြတာတွေ ရှိတယ်။ (အကုန်လုံးတော့ မဟုတ်ပါဘူး) နောက်တခုက ဆန္ဒပြလို့ လူတွေ ဘယ်လောက် သေသေ လူမထင်ကြဘူး။ ဂရုမစိုက်ကြဘူး။ ဘုန်းကြီးတခုခုဖြစ်မှ (အစိုးရရော၊ အတိုက်အခံရော၊ လူထုပါ) များသောအားဖြင့် ဂရုစိုက်ကြ တုန်လှုပ်ကြတယ်။ (ဒါတောင် အကုန်မဟုတ်ဘူးနော်။ တချို့က ဘုန်းကြီးဒဏ်ရာရလည်း မတုန်လှုပ်သေးတာတွေ ရှိတယ်။) လူတွေခံရလို့ကတော့ ဘယ်လောက်သေသေ မလှုပ်ကြဘူးဗျ။ ဒီတော့ လယ်အသိမ်းခံရတဲ့လူတွေအနေနဲ့၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှာ ကြောက်တဲ့ သူတွေအနေနဲ့ သူတို့ဆန္ဒပြတာကို အားလုံးက ဂရုစိုက်စေချင်မှာပဲ။ ဒီ့အတွက် ပိုပြီးဂရုစိုက်လာအောင် အဖက်လုပ်လာအောင် အရာသွင်းလာအောင် ဘုန်းကြီးတွေ (ဆိုင်ဆိုင် မဆိုင်ဆိုင်) ဝင်ပါစေချင်မှာပဲ။ ဘုန်းကြီးတွေ နိုင်ငံရေးလုပ်တယ် ဆိုတာကလည်း ကမ္ဘာမှာရော မြန်မာ့သမိုင်း အစဉ်အဆက်မှာပါ ရှိခဲ့တော့ အခုကျမှ လာတားမယ် ဆိုတာလည်း သဘာဝ မကျဘူး။
တကယ်တော့ ဘုန်းကြီး မလုပ်သင့်ဘူးလို့ ပိတ်ပင်မယ့် အစား ဘုန်းကြီးနိုင်ငံရေးလုပ်လာပြီ ဆိုရင်တော့ ဘုန်းကြီးကို နိုင်ငံရေးသမားလိုပဲ မြင်သင့်တယ်။ ဆက်ဆံသင့်တယ်။ (ဒါပေမဲ့ ဘာသာရေးအရ ရှိခိုးတာတို့ ယဉ်ကျေးမှုအရ ရှိခိုးတာတော့ တော့ ရှိမှာပေါ့။ အဲလို ဗုဒ္ဓဘာသာဝင်တွေက ရှိခိုးကြသလို တဘက်မှာလည်း ဘုန်းကြီး နိုင်ငံရေးအရမှားရင် ဝေဖန်တာလည်း ရှိရမှာပဲ။) မှားရင် ဝေဖန်ရမယ်။ အစွန်းရောက်တာတွေ လုပ်တဲ့အခါ လူနဲ့မခြား အရေးယူသင့်ရင် ယူရမယ်။ အဲဒါတွေကို မခံနိုင်ရင်တော့ မခံနိုင်တဲ့ ဘုန်းကြီးတွေ နိုင်ငံရေးမလုပ်နဲ့ပေါ့။ လူတွေလည်း နိုင်ငံရေးလုပ်တာချင်း အတူတူမှာ ဘုန်းကြီးကိုကွက်ပြီး ပစားပေးတာမျိုး၊ သဘောထားကွဲတဲ့အခါ ဘုန်းကြီးလုပ်သမျှသာလျှင် အမှန်၊ သာမန်လူလုပ်သမျှအမှား ဆိုတဲ့ သဘောထားမျိုး မရှိအောင်တော့ ရှောင်သင့်တယ်။ အဲလိုမဟုတ်ဘဲ ဘုန်းကြီးဆိုပြီး ဘက်လိုက်ရင်တော့ ရေရှည်မှာ ပြဿနာတွေ တန်းစီပေါ်နိုင်တယ်။ ဘုန်းကြီးဖြစ်ဖြစ် လူဖြစ်ဖြစ် နိုင်ငံရေးလုပ်တဲ့အခါ ဘက်မလိုက်ပဲ အစွဲကင်းကင်းနဲ့ မျှမျှတတ ဝေဖန်ကြမယ် သဘောထားကြမယ် ဆိုရင်တော့ ဘုန်းကြီး နိုင်ငံရေးလုပ်လို့ ဘာပြဿနာမှ မပေါ်နိုင်ပါ။

နောက်တခု ရှိတာက နိုင်ငံရေး ဆိုတာက ကျယ်ပြန့်တဲ့ အတွက် အဲဒီ့အောက်မှာ အကြောင်းအရာ ပေါင်းစုံ ပါဝင်နေပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်တဲ့အရေးတွေ၊ လူထုအကျိုးပြု လုပ်ငန်းတွေလည်း ပါဝင်နေတာမို့ အဲဒီလို ကိစ္စရပ်တွေမှာ ဘုန်းကြီးတွေလည်း ပါဝင်ခွင့် ရသင့်ပါတယ်။

ဘုန်းကြီးတွေလည်း နိုင်ငံသားတွေပဲမို့ မဲပေးခွင့်ရသင့်ပါတယ်။ ဒါပေမဲ့ သီရိလင်္ကာလို ဘုန်းကြီးတွေ အာဏာယူမယ့်အထိ၊ လွှတ်တော်ထဲ ဝင်မယ့် အဆင့်အထိ ဆိုရင်တော့ စစ်တပ်လိုပဲ ဘုန်းကြီးတွေလည်း ပါတီထောင်ခွင့် မရှိသင့်ပါ။ လွှတ်တော်ထဲဝင်ခွင့် မရသင့်ပါ။ အဲဒီ့လောက်အထိ လုပ်ချင်ရင်တော့ ပြတ်ပြတ်သားသား လူထွက်သင့်တယ် ထင်ပါတယ်။

ကောင်းကင်ကို (၁၄.၁၂.၂၀၁၂)