Sunday, November 6, 2011

တဟီတီ သွားရအောင် (ဒဂုန်တာရာ)

သရက်ပွင့်တို့
နီကြင့်ဝါ၀ါ၊ ကြွေရင့်ဖွာကြ
လွင့်ကာရှပ်ရှပ်၊ ရေကမ်းစပ်သို့
ပြေးကပ်တော့မည်၊ ပင်လယ်ဆီသို့
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။

အို... ဘယ်ကြည့်ကြည့်
ဝင်းမှည့်ငိုက်ယွန်း၊ နေရောင်ထွန်း၍
ရွက်ပွန်းထိယှက်၊ သရက်ရွက်တို့
ပြိုးပြက်နီနီ၊ ဂိုဂင်နီနှင့်
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။

အဲသည့်ကျွန်းမှာ
မိန့်ခွန်းမြွက်ကြား၊ တရားဟောသံ
နိုင်ငံရေးလည်း မရှိဘူးကွယ့်။

လူ့ဘ၀၏
အပေါ်ယံလွှာ၊ ၀ဲကာကြည်နူး
လုပ်ဇာတ်မြူး၏၊ စိတ်ကူးဝတ္ထု
အတုရုပ်ရှင်လည်း မရှိဘူး။

အဘွားလုပ်သူ
ငြူစူစောင်းမြောင်း၊ ကြိမ်းမောင်းမာန်မဲ
ဆဲရေးသံများ၊ မကြားရဘူး
သိုက်မြုံဦးမှ၊ ကျူးရင့်ဆိုဟန်
ငှက်သံကိုသာ ကြားရမယ်။

ရေညှိအောက်မှ
မြွေဟောက်ဝါကြား၊ တို့ ကစားပြီး
စွန့်စားခန်းလည်း တွေ့နိုင်သေး။

ရှန်ပိန်အရက်
မချက်လိုဘူး၊ အုန်းရည်ကိုသောက်
တမော့လောက်နှင့်၊ မူးနောက်ဝေပြီး
သဲငွေသောင်မှာ အိပ်နိုင်သေး။

ဆာရင်လည်းလေ
တွဲလွဲငုံ့ဆိုင်၊ ငှက်ပျောခိုင်မှ
ခူးကိုင်ဆွက်ကာ၊ အခွံနွှာပြီး
ဗီတာမင်များ၊ ဓာတ်အားကြွယ်လှ
ပလုပ်ပလောင်း စားနိုင်သေး။

ဘာလိုသေးလဲ
အေးအေးမေ့ပျောက်၊ သစ်ပင်အောက်မှ
နှစ်ယောက်တည်းပဲ၊ လက်တွဲချင်တွဲ
မေလည်းသီချင်း၊ လွတ်လပ်ခြင်းနဲ့
ရှိုက်မျှဉ်းတေးကို၊ အော်ဆိုချင်ဆို
ပျက်ပြိုအက်ကွဲကြောင်သွားပါစေ။

ဘာလိုသေးလဲ
ငြိမ့်အေးတိတ်ဆိတ်၊ သစ်ပင်ရိပ်မှာ
မမှိတ်ရေးရေး၊ မျက်လုံးမှေး၍
တွေးတောကြံဖန်၊ ကာရန်ကိုရှာ
ကဗျာစပ်ကာ ရူးနိုင်သေး။

ဘယ့်နှယ်လဲမေ
လူထဲသူထဲ၊ ဟန်ဆောင်ဝဲမှ
တိုးရှဲဝေးရာ၊ ထိုကျွန်းသာသို့
ဘယ်ခါလိုက်မလဲ ပြောစမ်းပါ။
ဒဂုန်တာရာ

3 comments:

Anonymous said...

ကို ကို ကျွန်း မှာ နေတုံးေ၇း စပ်ထား တာ ဖြစ်မယ်ထင်ပ

ဒုတိယလူ said...

အားပေး မှက်ရှု သွားပါတယ်
အကိုရေ.. .
(ဒုတိယ) ..

july said...

မဟုတ်ဖူး ...
ကျွန်းကလေးမှာ နှစ်ယောက်ထဲကို အားကျလို့ ဖြစ်မယ် ..