Friday, April 26, 2013

လူနည်းစု



မီးများမီးနိုင် ရေများရေနိုင် လောကမှာ
အိမ်တွေ ပြာကျသွားတာ တွေ့လည်း
မနောမြေ ငိုခဲ့ရတာ တွေ့လည်း
လူနည်းစု ပဲ ဖြစ်ချင်တယ်။

တချို့တော့
minority ဆိုပေမဲ့
ဒုက္ခသည်စခန်းတွေမှာ
သူတို့တွေ
သောင်းနဲ့ချီလို့။ သိန်းနဲ့ချီလို့။

ကျနော်ဖြစ်ချင်တဲ့ minority ကမှ တကယ့် အစစ်။

ပွဲတွေမှာ လှူမယ်
အမြဲနေရာ ယူမယ်။
ပြီးရင်
ဥပဒေဆိုတဲ့ ခေါင်းတုံးပေါ်မှာ
ကျနော်ထိပ်ကွက်မယ်။

ကောင်းကင်ကို (၂၆.၄.၂၀၁၃)

Wednesday, April 17, 2013

ကျနော့် ဖီးကြမ်းလေးကို ကျောပွတ်သိပ်ချိန်

နွမ်းနယ်နေတဲ့ နာရီစင်က
ဒုတိယမ္ပိ သက်ပြင်း ဆယ်ချက် ချလိုက်ပြီ။

ကျနော်ကတော့
နွမ်းနယ်နေတဲ့ ချစ်သူကို
ကျောသားရင်သား မခွဲခြားဘဲ ချစ်တတ်ကြောင်း
ပြတော့မယ်။

ချစ်သူရေ...
အမောများပြေကာပျက်ရေးအတွက်
ကျောသားနေရာထက်မှာ ရေးတဲ့
သဘောထားကြေညာချက်လေးမှာ

မနက်ဖန်အတွက် အားဆေးလည်း ပါတယ်
အိပ်မက်ဆိုးတွေ တားဆေးလည်း ပါတယ်။
အိပ်ပျော်စေမယ့် ဂီတလည်းပါတယ်။
အရှုပ်အရှင်းကင်းတဲ့ သီလလည်းပါတယ်။

ကျနော်လေ...
ဒဿဂီရီလို မျက်နှာမများချင်ပေမဲ့
ဟိန္ဒူနတ်ဘုရားလို လက်ဆယ်ဘက် ရှိချင်တယ်။
ကောင်းကင်ကို