Tuesday, March 27, 2012

မယုံကြည်ချက်နဲ့ အသက်ရှင်ခြင်းက အကောင်းဆုံးလား?

မှတ်ချက်။ ။ဆရာတော် ဦးဇောတိကရဲ့ စာအုပ်ထဲက ကောက်နုတ်ချက်တွေပါ။ ခေါင်းစဉ်ကိုတော့ ထူးအိမ်သင်ရဲ့ သီချင်းစာသားနဲ့ ပြောင်းပြန်ပေးထားပါတယ်။ ခေါင်းစဉ်က ကျနော်ပေးထားတာပါ။

မယုံဘဲနေလို့ ရရင် မယုံဘဲနေချင်တယ်။ ဟုတ်မှန်းမသိ မဟုတ်မှန်းမသိပဲနဲ့ သိမ်းကြုံးပြီး ယုံနေရတာကို မလုပ်နိုင်ဘူး (ဆရာတော် ဦးဇောတိက)

မှန်ကန်တိကျတဲ့ အချက်အလက် အကြောင်းအကျိုး အထောက်အထားမရှိပဲ မှန်တယ်လို့ပြောတာကို ဘာကြောင့် လက်ခံရမှာလဲ။ လက်မခံနိုင်ပါဘူး။ အဲသလိုသာ လက်ခံနေရင် ကိုယ့်ခေါင်းဟာ အမှိုက်ပုံးလို ဖြစ်သွားမှာပေါ့။ (ဆရာတော် ဦးဇောတိက)

အကြောင်းအကျိုး ကိုက်အောင် စဉ်းစားနိုင်တဲ့ လူ့အရည်အချင်းကို ပိတ်ပင်တာ၊ ဖျက်ဆီးတာဟာ လူ့အရည်အချင်း အစစ်ကို ဖျက်ဆီးတာ။ ဒါဟာ အရက်စက်ဆုံး၊ အကြီးလေးဆုံး ပြစ်မှုပဲ။ (ဆရာတော် ဦးဇောတိက)

စဉ်းစားခွင့်မပေးတာ၊ သံသယဖြစ်ခွင့်မပေးတာ၊ ကြောက်အောင်လုပ်တာဟာ အသိဥာဏ်ကို သတ်လိုက်တာပဲ။ လူသားရဲ့ အကောင်းဆုံးအရည်အချင်းကို ဖျက်ဆီးလိုက်တာပဲ။ လူသားကို လူသားအဆင့်ကနေ ကျသွားအောင် လုပ်လိုက်တာပဲ။ (ဆရာတော် ဦးဇောတိက)

"အမှန်တရားကို ရှာတယ်ဆိုတာကိုက "ပြောသမျှ မယုံဘူး" လို့ ဆို၇ာရောက်တယ်။ အဲဒါကြောင့် တော်လှန်ရေးတမျိုး ဖြစ်နေပါတယ်" (ဆရာတော် ဦးဇောတိက)

"အမှန်တရားတွေ ဆိုပြီး ပြောနေကြတာ၊ လက်ခံနေကြတာတွေဟာ အစဉ်အလာတွေ ဖြစ်နေတာ များပါတယ်။ အစဉ်အလာကို ဥာဏ်နဲ့ ဆန်းစစ်မယ်၊ လက်တွေ့အထောက်အထားနဲ့ ဆန်းစစ်မယ်ဆိုရင် အစဉ်အလာ တော်တော်များများဟာ မှားနေတာ တွေ့ရမယ်။ ဆေးပညာမှာလည်း အစဉ်အလာ အယူအဆတွေ မှားနေတာ တွေ့ရမယ်။ စကြဝဠာနဲ့ ပတ်သတ်ပြီးတော့လည်း အစဉ်အလာ အယူအဆတွေ မှားနေတာ တွေ့ရမယ်။ ဘာသာရေးနဲ့ ပတ်သတ်ပြီးတော့လည်း ထို့အတူပဲ။" (ဆရာတော် ဦးဇောတိက)

"အယူအဆ တခုဟာ နှစ်ပေါင်းထောင်နဲ့ ချီပြီး ကြာလေ မှားတာတွေ ပါလာဖို့ များလေပဲ" (ဆရာတော် ဦးဇောတိက)

"အစဉ်အလာက အရေးမကြီးဘူး။ အမှန်တရားက အရေးကြီးတယ်။ အစဉ်အလာထက် အမှန်တရားကို တန်ဖိုးထားတယ်လို့ စိတ်ထားပြောင်းသွားတာနဲ့ အစဉ်အလာရဲ့ အနှောင်အဖွဲ့ကနေ လွတ်လာတော့တယ်" (ဆရာတော် ဦးဇောတိက)

"သံသယ ဖြစ်တတ်တဲ့ သူတွေကြောင့် လောကကြီး တိုးတက်လာတာ။ သို့မဟုတ်ရင် ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး။ တိုးတက်မှာ မဟုတ်ဘူး" (ဆရာတော် ဦးဇောတိက)

"ယုံလွယ်သူတွေကြောင့် တိုးတက်လာတာ မဟုတ်ဘူး" (ဆရာတော် ဦးဇောတိက)

"အမှန်တရားကို ထိုက်ထိုက်တန်တန် နေရာပေးချင်ပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ လက်မခံတာပါ။ လွယ်လွယ်နဲ့ လက်ခံရင် မလေးစားရာ ရောက်တယ်" (ဆရာတော် ဦးဇောတိက)

"အခုခေတ်မှာ ပြောတဲ့သူကလည်း ကိုယ်တိုင်သိလို့ ပြောတာမဟုတ်ဘူး။ ယုံတဲ့သူကလည်း ကိုယ်တိုင်သိလို့ ယုံတာမဟုတ်ဘူး" (ဆရာတော် ဦးဇောတိက)

Thursday, March 15, 2012

Humanism ဟာ ဘိန်းအစားထိုး သီးနှံ

ကောင်းကင်ပေါ်က ‘ဒဏ္ဍာရီလာ’ တွေရဲ့
ငါတို့ကို စောင့်ရှောက်ပေးနိုင်စွမ်းကတော့ သုည။
ဒါပေမဲ့..သူတို့ မကွယ်အောင် စောင့်ရှောက်ပေးဖို့ကျ
သွေးတွေလျှံသည်အထိ ဖြစ်တတ်တယ်။

စစ်တုရင် ကစားရသလိုပဲ
ဘာမှမလုပ်တဲ့ ဘုရင်ရုပ်ကို
အရိပ်တကြည့်ကြည့် လုပ်နေရတာကိုက
ငါတို့ရဲ့ ဝန်ထုပ်ဝန်ပိုး၊ ‘ဒဏ္ဍာရီလာ’ တွေရဲ့ တန်ဖိုး။

ဘုရင်ကျသွားရင် ရှုံးမှာပေါ့တဲ့။
ဘုရင်တွေ အားလုံးကျသွားတဲ့ အခါ
ပွန်းတွေအားလုံး နိုင်လိမ့်မယ်။

ကဲ..သူငယ်ချင်း
သေပြီးမှရမယ်ဆိုတဲ့ မြေကွက်
မင်းမက်ပြီး မကစားနဲ့
ဘိန်းခန်းထဲကထွက်။
(ကောင်းကင်ကို)

Wednesday, March 7, 2012

ဒန်းမောင်ရှင်လောက်ကိုတော့ ဘုရားမတင်ချင်ဘူး

(၁)

You Tube ကနေ Video တခု ကြည့်မိတယ်။ တရုတ်နိုင်ငံထဲက Dai (သို့မဟုတ်) Tai Lue (သို့မဟုတ်) Tai လူမျိုးတွေရဲ့ alphabet သီချင်းပါ။ မြန်မာ alphabet တွေနဲ့ တော်တော် တူတယ်ဗျာ။ Video ထဲမှာ စစချင်း ပါတဲ့ “ဘာသာ” ဆိုတဲ့ဟာရော (ဘာသာကို ဘာဆာလို့ သူတို့ အသံထွက်ထားတာ သတိထားမိတယ်။ language ကို ဆိုလိုတာလို့ ကျနော်တွေးလိုက်တယ်) အက္ခရာ ဆိုတဲ့ဟာရော (သူတို့ "အ" က မြန်မာ ဘကုန်းနဲ့တော့ ပိုတူတယ်) ၊ ကကြီးကနေ ညအထိ ကလည်း တော်တော်တူတယ်။ လာအိုတယောက်ကလည်း ကွန်မန့် ရေးထားသေးတယ်။ သူလည်း အဲဒီ့ စကားလုံးတွေကို အများကြီး နားလည်တယ်တဲ့။ ထိုင်းအသံထွက်တွေနဲ့လည်း တော်တော်ဆင်တယ်။

ဘာသာစကားတွေ၊ ဘာသာတရားတွေ၊ ယဉ်ကျေးမှုတွေဆိုတာ ရောယှက် ဆက်စပ် နေတာမို့ (အခုအချိန်မှာ ကိုယ့်ကိုယ်ပိုင်လို ဖြစ်နေတဲ့ ကိုယ့်ယဉ်ကျေးမှုတွေ၊ စာပေတွေကို တန်ဖိုးတာက တပိုင်း) တချိန်တည်းမှာ ကိုယ့်စာပေမှ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှုမှသာ အကောင်းဆုံး၊ ကိုယ့်လူမျိုးသာ အမြတ်ဆုံးဆိုတဲ့ တယူသန် စိတ်တွေ မရှိကြရင် တော်တော် ကောင်းမှာပဲ။

(၂)
မျိုးချစ်စိတ် ဆိုတာက တကယ်တော့ ကောင်းတဲ့ အရာပါ။ မိသားစုကို ချစ်တာနဲ့ ဆင်တူပါတယ်။ ကိုယ့်မိသားစု ကောင်းစားရေး အတွက် အလုပ်လုပ်မယ်၊ ကိုယ့်မိသားစု အခြေအနေ မြင့်မားအောင် ကြိုးစားမယ် တာဝန်သိတတ်တဲ့သူလို့ ပြောရမှာပါ။ အဲဒီ့လိုပဲ ကိုယ့်နိုင်ငံ ကောင်းစားရေးအတွက် အလုပ်လုပ်တဲ့သူ၊ နိုင်ငံ အခြေအနေ မြင့်မားအောင် ဆောင်ရွက်တဲ့သူဆိုရင် တာဝန်သိတတ်တဲ့သူ၊ လေးစားဖို့ ကောင်းတဲ့သူပေါ့။ နိုင်ငံသားတွေကမှ ဒီတာဝန်ကို မယူရင် ဘယ်သူတွေက လာပြီး လုပ်ပေးမှာ မို့လို့လဲ။ ဒီတော့ မိသားစုအရေး ဆိုတာ ရှိနေသလို နိုင်ငံအရေး ဆိုတာလည်း ရှိနေပါလိမ့်မယ်။

(၃)
ဆက်ပြီး စဉ်းစားကြည့်ရအောင်။ ကိုယ့်မိသားစုကို ချစ်တဲ့သူဟာ မိသားစုဝင်တွေကို ချစ်ရုံတင် မကတော့ဘဲ မိသားစုဝင် မဟုတ်တဲ့ သူတွေ၊ ပြိုင်ဘက်တွေကို အပြင်းအထန် အကြောင်းမဲ့ မုန်းတီးမယ်၊ မိသားစုကို ချစ်တာကို အကြောင်းပြပြီး မတရားမှုတွေလုပ်မယ် ဆိုရင်ရော…လူ့အသိုင်းအဝိုင်းက အဲဒီ့လူကို ဘယ်လိုပြောကြမလဲ။ အတ္တသမား၊ တကိုယ်ကောင်း သမားလို့ ပြောကြမှာပါ။ အဲဒီ့လိုပဲ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်ရုံတင် မဟုတ်တော့ဘဲ ကိုယ့်နိုင်ငံသားမဟုတ်တဲ့၊ ကိုယ့်လူမျိုးမဟုတ်တဲ့သူတွေကို မုန်းလို့ ဝါးလုံးရှည်နဲ့ သိမ်းကြုံးရမ်းတာ၊ မတရားမှုတွေ လုပ်တာကိုရော? အမြင်ကျဉ်းတဲ့သူတွေ၊ အတွေးတိမ်တဲ့ သူတွေကတော့ မျိုးချစ်စိတ် ခေါင်းစဉ်အောက်မှာပဲ ထည့်လိုက်ကြမှာပါပဲ။

(၄)
စာသားလေး တခုကို သဘောကျလို့ အဲဒီ့အတိုင်း (ဘာမှမပြင်ဘဲ) copy လုပ်ပြီး Facebook မှာ တင်ဖြစ်တယ်။

Dear Racist,

Your car is Japanese. Your beer is German. Your wine is Spanish. Your democracy is Greek. Your coffee is Colombian. Your tea is Chinese. Your watch is Swiss. Your fashion is French. Your shirt is Indian. Your shoes are Thai. Your radio is Korean. Your vodka is Russian.
Your car is Japanese. Your Vodka is Russian. Your pizza is Italian. Your kebabs are Turkish. Your democracy is Greek. Your coffee is Brazilian. . Your tea is Tamil. Your shirt is Indian. Your oil is Saudi Arabian. Your electronics are Chinese. Your numbers Arabic, your letters Latin. (Anonymous)

အဲဒီ့မှာ သူငယ်ချင်း တယောက် ပြန်ရေးလာတာကို (သူရေးထားတဲ့အတိုင်း ဘာမှမပြင်ဘဲ) copy လုပ်ပြရရင်

Dear Anti- racist,
My car is စက်မှုဇုန်.My beer is Myanmar. My wine is Pyin Oo Lwin. My democracy is လွှတ်တော်. My coffee is Super. My tea is Hi Tea. My watch is China. My fashion is ပုဆိုး. My shirt is အထည်ချုပ်.My shoes are Mandalay slipper. My radio is Mandalay FM. My vodka is BE.

ရယ်တော့ရယ်ရတယ်။ My watch is China က ဘယ်လိုလုပ် ကပ်ပြီး ပါလာတုန်း မသိဘူး။ နောက်ပြီး အဲဒီ့လူ မတွေးတတ်တာက ကားကို စက်မှုဇုန်က ထုတ်တယ်ဆိုရင်တောင် နည်းပညာတွေ စက်တွေက နိုင်ငံခြားကနေပဲ ရတာပါ။ ကားကို စတီထွင်ခဲ့တဲ့ သူတွေကလည်း နိုင်ငံခြားကပါ။ ဒီိမိုကရေစီဆိုတာကလည်း ဂရိကနေ လာတဲ့ ကိစ္စကို သူ့ဒီမိုကရေစီက မြန်မာပြည်က လွှတ်တော်ဆိုတော့ ဒီလူရဲ့ အတွေးကို ခန့်မှန်းကြည့်လို့ ရနိုင်ပါတယ်။ နိုင်ငံခြားမှာ လုပ်ထားတဲ့ ကွန်ပျူတာတွေ၊ software တွေ သုံးပြီး နိုင်ငံခြားသား Mark Zuckerberg ရဲ့ Facebook ကနေ နိုင်ငံခြားသား ဆန့်ကျင်ရေးကို ပြောနေတဲ့သူလေ။
တခုစဉ်းစား ကြည့်ရအောင်။ သူတို့ (နိုင်ငံခြားသားတွေ) ကွန်ပျူတာ သုံးသလို ကျနော်တို့ သုံးကြတယ်။ သူတို့ မိုဘိုင်းဖုန်း သုံးသလို ကျနော်တို့ သုံးကြတယ်။ သူတို့ ဂျက်ကီချမ်းကား ကြည့်သလို ကျနော်တို့ ကြည့်ကြတယ်။ သူတို့ ရေခဲမုန့် စားသလို ကျနော်တို့ စားကြတယ်။ သူတို့ ဝတ်သလို ကျနော်တို့ ဝတ်ကြတယ်။ တဘက်မှာ ရှေးတုန်းက ကျနော်တို့ ဘိုးဘေးဘီဘင်တွေနဲ့ ယှဉ်ကြည့်ပါ။ ရှေးတုန်းက ဘိုးဘေဘီဘင်တွေနဲ့ ကျနော်တို့နဲ့ တူနေတာတွေ၊ ပြောလို့ဆိုလို့ ရမယ့် အကြောင်းအရာတွေဟာ အရမ်းရှားသွားပါပြီ။ ဆိုလိုချင်တာက ရှေးခေတ်က မြန်မာတွေနဲ့ စာရင် အခုခေတ် ကမ္ဘာသူ ကမ္ဘာသားတွေက ကျနော်တို့နဲ့ အစစ အရာရာ ပိုပြီး နီးစပ်ပါတယ်။ အခုလက်ရှိ မြန်မာ့ယဉ်ကျေးမှုလို့ ပြောပြောနေတာတွေကလည်း ရှေးတုန်းက မြန်မာ့ယဉ်ကျေးမှု မဟုတ်ခဲ့ပါဘူး။

(၅)
ဘာသာတရားကိုပဲ စဉ်းစားကြည့်လိုက်။ ကိုယ့်လူမျိုးလောက်ပဲ ကိုးကွယ်ရမယ်ဆိုရင်၊ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုးဆိုရင် ပန်းပဲမောင်တင့်တယ် လောက်ပဲ ကိုးကွယ်နေရတော့မှာပေါ့။ ဒန်းမောင်ရှင် လောက်ကိုပဲ ဘုရားတင်နေရတော့မှာပေါ့။

(၆)
ဘယ်နိုင်ငံသားမဆို၊ ဘယ်လူမျိုးမဆို…လူကောင်းရော၊ လူဆိုးရော သူ့ခွဲတမ်းတွေနဲ့သူ ရှိနေတာမို့ လူဆိုးတွေကို အကြောင်းပြုပြီး ဝါးလုံးရှည်နဲ့ ရမ်းမယ်၊ သိမ်းကြုံးပြီး ရန်ရှာမယ် ဆိုရင်တော့… ရာဇဝတ်သား တစု ရှိနေလို့ တမြို့လုံးကို ဗုံးကြဲလိုက်တာနဲ့ သွားတူနေပါလိမ့်မယ်။ လူကောင်းတွေကိုပါ ရန်စသလို၊ အစွန်းရောက်အောင် ဇွတ်တွန်းပို့နေသလို ဖြစ်သွားပါလိမ့်မယ်။

(၇)
နိုင်ငံခြားသားတွေ နိုင်ငံခြားယဉ်ကျေးမှုတွေကို မုန်းတီးနေသူတွေ အတွက်ကတော့ ဝါးလုံးခေါင်းထဲမှာတော့ လသာလို့ ရချင် ရပါလိမ့်မယ်။ အတွေးတိမ်သူတွေ ကြားထဲမှာလည်း မျိုးချစ် ပုဂ္ဂိုလ်ကြီးအဖြစ် လက်မထောင်လို့ ရချင်ရလိမ့်မယ်။ ကမ္ဘာမှာ တကယ် အရေးပါတဲ့ ပုဂ္ဂိုလ်သာ ဖြစ်လာပြီ ဆိုရင်တော့ ကျဉ်းမြောင်းတဲ့အတွေးတွေဟာ လူရာမဝင်တာမို့ အဲလိုလူတွေဟာ ကမ္ဘာသိအောင် ထုတ်ပြောရဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲလိုလူတွေဟာ ဘယ်တော့မှလည်း ကမ္ဘာမှာ သိက္ခာရှိတဲ့သူ ဖြစ်လာမှာတော့ မဟုတ်ပါဘူး။

(၈)
နိဂုံးအနေနဲ့ Tai လူမျိုးတွေရဲ့ alphabet သီချင်း link လေး share လိုက်ပါတယ်။ နားဆင်ကြည့်ကြပါ ခင်ဗျာ။


(ကောင်းကင်ကို)

Sunday, March 4, 2012

ရုပ်ရှင်

တယောက်တည်းရဲ့ အစွမ်းနဲ့
ပုံပြင်ထဲကလိုမျိုး…
ခုနစ်ဆောင်တိုက်ခန်းတွင်း
မီးမထွန်းဘဲ လင်းတော့မလိုလို။

ကိုယ့် ဟဒယ နဲ့ ကိုယ်မို့
ညီမတို့ ကြည့်ချင်ကြည့်ပေါ့
အကိုတော့
အစကတည်းက ပရိသတ်ကို စော်ကားနေတဲ့ ဇာတ်ကား
မင်းသမီးစွဲ တခုတည်းနဲ့ အားပေးမယ့်အထဲမှာ
ကိုယ့်အတွေးနဲ့ကိုယ် မပါဘူး။

မျက်စိရှေ့က အသံတွေကို ပိတ်
တိတ်တိတ်လေးပဲ လိပ်ပြာအိပ်တော့မယ်
ကောင်းသောဇာတ်လမ်းတော့ ဖြစ်ပါစေ။
(ကောင်းကင်ကို)

Friday, March 2, 2012

ဆိုးဆေးတွေတော့ မသုံးကြေး

ဆံပင်တွေ မည်းတုန်းတော့
အမြင်တွေ ကွဲဦးပေါ့လေ။

ဆံပင်တွေ ဖြူလာမှ
အမြင်တွေ တူလာမလား ကြည့်မယ်
ဆိုးဆေးတွေတော့ မသုံးကြေး။
(ကောင်းကင်ကို)