Showing posts with label အခ်စ္ကဗ်ာ. Show all posts
Showing posts with label အခ်စ္ကဗ်ာ. Show all posts

Thursday, October 1, 2020

နှုတ်ခမ်းနု သက်တံ့ကွေးသို့

(နှုတ်ခမ်းနု သက်တံ့ကွေးသို့)

အနမ်းနုလက်ကျန်မွှေး

လွမ်းသူ့ ဓာတ်ခံလေးနဲ့

Young Mood FM တေးကို နားဆင်ရင်း 


တမ်းသူ့ မနက်ဖန်လေး ငိုနေပြီ

ပန်း အခုလက်ခံပေးပါ။

ကောင်းကင်ကို (၁ - အောက်တိုဘာ၊ ၂၀၂၀)

Young Mood FM ပေ့ချ်က သီချင်းလေးတွေကို ကြိုက်လို့ လက်တန်း ရေးထားတာပါ။

Facebook မှာ ရေးခဲ့တဲ့ ပို့စ်တွေ စာတွေကို မူရင်းရေးခဲ့တဲ့ တင်ခဲ့တဲ့ ရက်အတိုင်း blog မှာ back date နဲ့ ပြန်တင်တာပါ။ 


Friday, September 1, 2017

နင်မလုပ်ခဲ့တာတွေ

မှတ်မိသေးလား?
နင်အမြတ်တနိုးထားတဲ့ကား၊ ငါ မရမကငှားခဲ့တဲ့ရက်က
ငါ့လက်ချက်နဲ့ နင့်ကားလေး ပိန်ချိုင့်ရုပ်ပျက်
နင် ငါ့ကိုသတ်ချင်စိတ်ပေါက် ဒေါသထွက်လိမ့်မယ်လို့ ငါထင်ခဲ့ပေမဲ့
နင်ဟာ ဒေါသမထွက်ခဲ့။

မှတ်မိသေးလား?
ကပွဲကို အဝတ်အစားသတ်သတ်မှတ်မှတ်နဲ့ လာရမယ့်အကြောင်း
နင့်ကိုမှာဖို့အရေး ခေါင်းထဲမေ့ပျောက်
နင် ကို့ရိုးကားရား ဂျင်းဘောင်းဘီနဲ့ ရောက်ချလာခဲ့
နင် ငါ့ကို နာကျင်စိတ်ကွက်သွားလိမ့်မယ်လို့ ငါထင်ခဲ့ပေမဲ့
နင်ဟာ စိတ်မကွက်ခဲ့။

မှတ်မိသေးလား?
တခြားကောင်လေးတွေကို ငါညုတုတုပြုစား
နင်သဝန်တိုအောင် မျက်နှာများပြတုန်းက
နင်ငါ့ကို ထားသွားတော့မယ်လို့ ငါထင်ခဲ့ပေမဲ့
နင်ဟာ ထားမသွားခဲ့။

နင်ဟာငါ့ကို သည်းခံမြတ်နိုး၊ ငါ့ပျော်ရွှင်မှုတွေကို အုပ်မိုးစောင့်ရှောက်၊ နင်ဖြည့်ဆည်းပေးခဲ့တာတွေ မရေနိုင်လောက်အောင် အများကြီးပဲနော်။
နင် ဗီယက်နမ်က ပြန်လာရင် စီကာပတ်ကုံးပြောပြဖို့
စကားလုံးလေးတွေပြင်ဆင် ငါအများကြီးစိတ်ကူးယဉ်ခဲ့ပေမဲ့
နင်ဟာ ပြန်မလာနိုင်ခဲ့။

By မဲရီးလ်ဂလပ်စ် (Merrill Glass)
ဘာသာပြန်သူ - ကောင်းကင်ကို

ကဗျာ စပြီး တင်တဲ့ရက် (၂၀၁၇ စက်တင်ဘာ ၁)၊ ဘာသာပြန်ခဲ့တဲ့အချိန် (၂၀၁၇ ဇန်နဝါရီ)
ဒန်နိစကော့ထ်ရဲ့ “Discovering Poetry” စာအုပ်ထဲမှာ မဲရီးလ်ဂလပ်စ် ကလောင်နာမည်နဲ့ ဖော်ပြထားတဲ့ “But You Didn’t” ဆိုတဲ့ ကဗျာလေးပါ။ “Basic Skills in NEAB GCSE English” စာအုပ်မှာလည်း မဲရီးလ်ဂလပ်စ် ကလောင်အမည်နဲ့ ဒီကဗျာလေး ပါခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲကနေ ပြန်ရောက်မလာတော့တဲ့ ချစ်သူအကြောင်းကို ရေးဖွဲ့ထားတဲ့ ကဗျာပါ။ အွန်လိုင်းမှာ လူကြိုက်များတဲ့ ကဗျာလေးတစ်ပုဒ်လည်း ဖြစ်ပါတယ်။ တရုတ်ဘာသာပြန်ထားတာကိုလည်း တွေ့ရပါတယ်။ အွန်လိုင်းမှာတော့ လေးပိုဒ်ပါတဲ့ ဗားရှင်းနဲ့ ခြောက်ပိုဒ်ပါတဲ့ ဗားရှင်း နှစ်မျိုးကွဲနေပါတယ်။ အဲဒီဗားရှင်းနှစ်မျိုးဟာ နောက်ဆုံးအပိုဒ်မှာလည်း နည်းနည်း ကွဲပြားနေပါတယ်။ မဲရီးလ်ဂလပ်စ်ဟာ သြစတြေးလျနိုင်ငံ ကွင်းစလန်းဇာတိ ကဗျာဆရာမ တစ်ယောက်လို့ တချို့က ဆိုကြပါတယ်။ တချို့ကလည်း “But You Didn’t” ကဗျာကို အမေရိကန် စစ်သားတစ်ယောက်ရဲ့ ဇနီးသည်က ရေးဖွဲ့ခဲ့တာလို့ ဆိုပါတယ်။ တချို့ကလည်း အမည်မသိကျောင်းသူတစ်ဦးက ရေးဖွဲ့ခဲ့တာလို့ ဆိုကြပြန်ပါတယ်။ ကဗျာရှင်နဲ့ပတ်သတ်ပြီး ပဟေဠိဖြစ်နေတာကလည်း အတွေးပွားစေပါတယ်။ ဒါပေမဲ့ မဲရီးလ်ဂလပ်စ် လို့ပဲ သုံးလိုက်ပါတယ်။ ကျွန်တော် ဘာသာပြန်ထားတာကတော့ “Discovering Poetry” စာအုပ်ထဲက လေးပိုဒ်ဗားရှင်းကို ဘာသာပြန်ထားတာပါ။ အင်္ဂလိပ်လိုမှာ အိုကေနေပေမဲ့ ဗမာလို တိုက်ရိုက်ဘာသာပြန်လိုက်ရင် ကဗျာပုံစံရသ လျောသွားတယ်ထင်လို့ နည်းနည်းလေး ကွန့်ညွန့်ထားပါတယ်။

Wednesday, April 17, 2013

ကျနော့် ဖီးကြမ်းလေးကို ကျောပွတ်သိပ်ချိန်

နွမ်းနယ်နေတဲ့ နာရီစင်က
ဒုတိယမ္ပိ သက်ပြင်း ဆယ်ချက် ချလိုက်ပြီ။

ကျနော်ကတော့
နွမ်းနယ်နေတဲ့ ချစ်သူကို
ကျောသားရင်သား မခွဲခြားဘဲ ချစ်တတ်ကြောင်း
ပြတော့မယ်။

ချစ်သူရေ...
အမောများပြေကာပျက်ရေးအတွက်
ကျောသားနေရာထက်မှာ ရေးတဲ့
သဘောထားကြေညာချက်လေးမှာ

မနက်ဖန်အတွက် အားဆေးလည်း ပါတယ်
အိပ်မက်ဆိုးတွေ တားဆေးလည်း ပါတယ်။
အိပ်ပျော်စေမယ့် ဂီတလည်းပါတယ်။
အရှုပ်အရှင်းကင်းတဲ့ သီလလည်းပါတယ်။

ကျနော်လေ...
ဒဿဂီရီလို မျက်နှာမများချင်ပေမဲ့
ဟိန္ဒူနတ်ဘုရားလို လက်ဆယ်ဘက် ရှိချင်တယ်။
ကောင်းကင်ကို

Sunday, November 25, 2012

မွေးနေ့လက်ဆောင်

နိုဝင်ဘာ မွေးနေ့ရှင်ရယ်
လိုချင်တာ ရွေးစေ့ချင်တယ် လို့
ကိုယ်ရင်မှာ ထွေးပွေ့ရင်းနဲ့
ကြိုတင်ကာ မေးကြည့်လိုက်တော့

လိုချင်တာ အစစ်က
ချိုကြင်နာ အချစ်တဲ့။

ကောင်းကင်ကို
(၂၅.၁၁.၂၀၁၂) မွေးနေ့အမှတ်တရ

Wednesday, November 7, 2012

လက်မြှောက်ချိန်


ဝါကျတွေကို ဓါးလိုသွေး
မာနတွေကို ကျားလိုမွေးနေသူတယောက်၊
သူ့အသည်းနှလုံးက
"ဒူပေနာပေ"ခံသတဲ့
လူတွေကို ညာနေပြန်တယ်။

ဒါပေမဲ့…
နှစ်ကိုယ်သိကမ္ဘာမှာ
ထိုငတိကဗျာဆန်ပုံကကျ
ချစ်သူက သူ့ကို သေနတ်နဲ့တောင် မချိန်ရသေးဘူး
သူက လက်ကလေး မြှောက်လို့။
(ကောင်းကင်ကို) 

ခရေငယ်အတွက် ရေးပေးတဲ့ လက်ဆောင် ကဗျာအသစ်ပါး-)

Friday, September 7, 2012

သံယောဇဉ်

သံယောဇဉ်ဆိုတာ
မွေးရင်းရလာတဲ့အနာ
တွေးရင်းလှလာတဲ့ကဗျာပဲ။
(ကောင်းကင်ကို)

Thursday, April 26, 2012

ပုစ္ဆာလိုလို

(၁)

သူက လက်တွေ့ မဆန်တာလား
ကျနော်က လက်တွေ့ မဆန်တာလား
ပုစ္ဆာလေး တပုဒ်ရှိဖူးတယ်။

(၂)
ညနေခင်းထဲသတ္တိလေး ပေါင်းတော့
ရင်ခုန်စရာအခွင့်အရေး တခုရတယ်။

လူနဲ့သမင် စကားပြောတတ်တာကျ သူယုံတယ်။
ကျနော့်နှလုံးသားလေး စကားပြောတတ်တာကျ သူမယုံဘူး။
(by ကောင်းကင်ကို)

Friday, March 2, 2012

ဆိုးဆေးတွေတော့ မသုံးကြေး

ဆံပင်တွေ မည်းတုန်းတော့
အမြင်တွေ ကွဲဦးပေါ့လေ။

ဆံပင်တွေ ဖြူလာမှ
အမြင်တွေ တူလာမလား ကြည့်မယ်
ဆိုးဆေးတွေတော့ မသုံးကြေး။
(ကောင်းကင်ကို)

Saturday, February 25, 2012

ရင့်ရော်ရာ

တကယ်ကို ကြမ်းဖို့
အစွယ်ကို စမ်းမှ
အရွယ်အိုမှန်း သိရတယ်။
(ကောင်းကင်ကို)

Wednesday, February 22, 2012

သူရဲကောင်း

(i)
၁…၂…၃…၎
သွေးကြောင်သူတွေ ထွက်ပြေးပလေ့စေ။

(ii)
သူက
နားရွက်မှန်သမျှ
မီးရှို့ပြာချတတ်တဲ့
ဘီလူးမင်းသမီးလို့
အထူးသတင်းကြီးနေရင်တောင်

ငါက
အဲဒီ့မင်းသမီးနဲ့
တဂူတည်းအောင်းရဲတဲ့
သူရဲကောင်း။
(ကောင်းကင်ကို)

Sunday, December 11, 2011

တွဲဖက်သရုပ်ဆောင်

စွက်စွက်ဖက်ဖက် ပါးစပ်ဖျားတွေ ဆိုတာ
ရက်ရက်စက်စက် သေနတ်၊ဓါး တွေ လိုပဲ။
ဒါပေမဲ့ … အသက်ကို ရန်ရှာမယ့်အစား
အရှက်ကို ရန်ရှာလိမ့်မယ်။

တခါတခါ
ဝေဖန် ပါးစပ်မျိုးဆိုတာ
စေတန် နတ်ဆိုးလိုပဲ။
ကောင်းခန်းဆို
သောင်းကျန်းတတ်တယ်။

အသစ်အဆန်းစကား ထိုးကွက်တွေနဲ့လည်း
အချစ်လမ်းတံတား ကျိုးပျက်သွားအောင် ဖျက်ဆီးတတ်တယ်။

သူတို့က မြွေဖမ်းသမားတွေကွယ့်
ကလေး… ခြေလှမ်းမမှားစေနဲ့။

ကလေးရေ…
လူမှု စက်ဝိုင်းဇုန်ကြီး တခုလုံး
ဝဲဂယက် အရှုပ်တထောင်နဲ့
ကွဲအက်ပုပ်ရောင် နေတာကို မြင်ရဲ့လား။

ဒါပေမဲ့လည်း ဖြတ်သန်းရမှာမို့
တွဲဖက်သရုပ်ဆောင်လေးရေ
တွဲလက်မပြုတ်အောင် ကိုင်ထား။
(ကောင်းကင်ကို)

Friday, November 25, 2011

လက်နက်မဲ့ စစ်ဆင်ရေး

လိမ်နေတာ မဟုတ်ရပါဘူး။
နင်စိတ်ချမ်းသာအောင် မေတ္တာနဲ့ ဝန်ဆောင်မှုပေးလိုက်တာပါ။

နင့်အလိုဆန္ဒတွေ ရှေ့နောက် မညီသရွေ့
ငါ့ကတိတွေလည်း ရှေ့နောက် ညီမှာ မဟုတ်ဘူး။
နင် စံပယ်လိုရင် စံပယ်၊ နင် နှင်းဆီလိုရင် နှင်းဆီ
ငါ့နှုတ်ခမ်းတွေက ချက်ချင်းပွင့်ပေးမှာ။

ငါ့ရဲ့မိရိုးဖလာ စကား...
သကြားအုပ်ထားတာ ဆိုပေမဲ့
ချစ်ခြင်းမေတ္တာမှာ
အနှစ်ရော အကာပါ ပါတယ်။

အထီးကျန်သီချင်းကို ဆိုနေကျ
ခေါက်ရိုးကျိုးနေတဲ့ နှုတ်ခမ်းတွေတောင်
ကြည့်စမ်း…
အတွေ့အကြုံ အသစ်အဆန်းနဲ့ လန်းလို့။

တကယ်တော့ ဒါက
မတရား တံဆိပ်ကပ်ခံနေရတဲ့ သဘာဝ၊
ပြီးတော့ ဒုက္ခတောထဲက အာဟာရပေါ့။

အဲဒီ့နေ့က
ချစ်သောမျက်လုံးတွေနဲ့
တယောက် အတွင်းသားကို တယောက် ကြည့်ခဲ့ကြတယ်။

အဲဒီ့နေ့က
မေတ္တာလက်နက်နဲ့
တယောက်ခါးကို တယောက် လက်ထိပ်ခတ်ခဲ့တယ်။
(ကောင်းကင်ကို)

Thursday, October 27, 2011

ထွက်ခွာ နံနက်ခင်း (by ခရေငယ်)














မင်းသားက မင်းသမီးနဖူးကိုအနမ်းမှာ
ဇာတ်ပေါင်းခန်းနဲ့ ဆုံးလိုက်ချင်ပေမဲ့ . .

အခုတော့ . .
ဗလာဖြစ်လုရင်ထဲက စကားလုံးအပိုင်းတွေ
အလွမ်းရောင် ပိတ်ကားပေါ်မှာ
တစစီ ဆက်နေခွင့်သာရှိတယ် . . ။

အိမ်နားက ပိတောက်ပင်လည်း နဂိုထက် အရွက်ပိုကြွေ
ပြတင်းတံခါးနား လာနေကျငှက်တွေလည်း စကားနည်း
မှန်ထဲက အရိပ်မှာလည်း တက်ကြွခြင်း“ ကွယ်” လို့ . . ။

“ ငိုထားသလား” အမေးတွေကို
မကြားယောင်ဆောင် . .
အနွေးဓါတ်မပြယ်သေးတဲ့ လက်တဘက်ကို
ယောင်နနအကြည့်နဲ့ ငေး . . ။

လွမ်းဖို့ကလွဲလို့ ဘာမှမသိဘဲ
ရင်ထဲ ၀ုန်းဒိုင်းကြဲရွတ်နေမိတာက
တစ်ကြောင်းတည်း . .

“ ဘယ်တော့ ထပ်လာကြိုရဦးမှာလဲ ”

ခရေငယ်

Monday, October 17, 2011

အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်

ခြောက်ကပ်ပြီး ပတ်ကြားအက်နေတဲ့
ငါ့နှလုံးသား ဥယျာဉ်မှာ
ကန္တာရတို့ အဆုပ်လိုက် ပွင့်နေတယ်။

ညပေါင်း တသောင်းကျော်စောင့်တာတောင်
ငါမျှော်နေတဲ့ လမင်းက
အခုထိ မသာဘူး။

ငါဟာ
အချစ်ရဲ့ ပွင့်ချပ်တွေကို
ငါ့ဘဝလှေငယ်မှာ ရွက်တပ်ဖို့ 
မဝံ့မရဲ စောင့်နေရတဲ့ သူပါ။

ခြေလှမ်းတလှမ်းလှမ်းလိုက်တိုင်း
အထီးကျန်မှုတွေက
ငါ့နောက်က တကောက်ကောက် လိုက်တယ်။

ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာမြေပြင်ရှိသေးတယ်၊
ဝေဒနာနဲ့ နှစ်ရက်တွေမှာငါ
ငိုစရာရင်ခွင် မရှိဘူး။

ကံကြမ္မာက အတင်းပစ်ချလိုက်တဲ့တိုက်ပွဲမှာ
လောကဓံရဲ့  လက်သီးချက်တွေနဲ့ 
ဘဝက ခဏခဏ ကွဲတယ်။
ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့သွေးတွေကို
အကြင်နာလက်တွေနဲ့ 
ဘယ်သူလာ ဆေးထည့်ပေးပါ့မလဲ။

သြော်...
ငါ့ပါးနှစ်ဘက်ကမ်းခြေမှာ
အားတက်စေမဲ့ “အနမ်းလှေ” ဟာ
ဘယ်အချိန်လာရောက် ဆိုက်ကပ်လေမလဲ။
ကောင်းကင်ကို
လွန်ခဲ့တဲ့ လေးနှစ်လောက်က ရေးခဲ့တဲ့ ကဗျာဟောင်းပါ။ blog တွေ ပြန်ပွင့်လာပြီမို့ အသစ်မရေးဖြစ်တဲ့ အချိန်မှာ အဟောင်းကို ပြန်တင်လိုက်တာပါ။

Saturday, September 24, 2011

အမြိုက်

လောက နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့
ဓမ္မရေစီးကြောင်းထဲက
ဘဝနေနည်းကောင်းတွေတောင် မလိုတော့ဘူး။

ချစ်သူ့မျက်နှာ ချောကဗျာအလှက
ကျနော့်အတွက် အိုအေစစ် ကောဌာသပေါ့
သူ့သဏ္ဍန်ကို အထပ်ထပ်ရှု
အေးမြတဲ့ မီးတောက်လေးကိုပဲ အဖော်ပြုမယ်။
(ကောင်းကင်ကို)

Thursday, September 22, 2011

လျှာနဲ့သွားရဲ့ ကကြိုး (by ကောင်းကင်ကို + ခရေငယ်)


နံနက်တိုင်း ကျနော် ဖတ်ချင်တဲ့ သတင်းက

အကြင်နာတွေ ထည့်ဖျော်ထားတဲ့ ကော်ဖီတခွက်
အရန်သင့် ဖြစ်နေတဲ့ အကြောင်း။

နေ့လယ်တိုင်း ကျမ ဖန်တီးချင်တဲ့ လက်ရာက
ချစ်မေတ္တာအပူပေးလို့ အမြဲနွေးမယ့်
ယုယမှုနိုင်းချင်းနဲ့ မိသားစု ထမင်းဝိုင်းလေး။

ညနေတိုင်း ကျနော် နားထောင်ချင်တဲ့ သီချင်းက
စကားတွေစွတ် ဇွတ်တရွတ် ပြောနေတဲ့
ကရားရေလွှတ် တတွတ်တွတ် လေး။

ညတိုင်း ကျမ မက်ချင်တဲ့ အိပ်မက်က
ကလေးဆန် နွဲ့ဆိုးကို ချစ်ခြင်းနဲ့ထွေးဖက်မယ့်
အားကိုးယုံကြည်ရတဲ့ သူ့လက်တွေ . . . ။
(By ကောင်းကင်ကို + ခရေငယ်)

Tuesday, August 16, 2011

မျက်ရည်များနဲ့ ဖိုထိုးခြင်း

မနက်တုန်းကတော့
ငါ့ဦးနှောက်ရဲ့ညာတောင်ပံက
စကားလုံးတွေကို ကုလားဖန်ထိုး
မျက်ရည်နဲ့ ဖိုထိုးကြည့်သေးတယ်။

ကြာပွတ်တချောင်းရဲ့ အနမ်းရယ်၊
ဆုံးရှုံးသွားတဲ့ ဝဋ်တခုရယ်ကို
လွမ်းတယ်။

ခုတော့ ငါဟာ
သောကနတ်ဘုရားနဲ့ ဖန်ခွက်ချင်းတိုက်
brand မရွေးတော့တဲ့ လူမိုက်ပါကွယ်။

တနေ့ တနေ့
မချစ်ပဲ ယူနေရတဲ့ ကတော်
စားဝတ်နေရေးဆိုတဲ့ လက်တွဲဖော် အတွက်
အာရုံတွေကို ဇွတ်အတင်း ဖမ်းချုပ်
လူသားစက်ရုပ် လုပ်အပြီးမှာတော့

နေ့တနေ့ရဲ့ နောက်ဆုံးစာတမ်းထိုးအဖြစ်
နည်းနည်းကျန်သေးတဲ့ ဖန်ခွက်တလုံးရယ်
အိပ်ပျော်နေတဲ့ လူတယောက်ရယ်ကို တွေ့လိမ့်မယ်။
ကောင်းကင်ကို (June 2011)

Saturday, July 23, 2011

ခရေ

(၁)
အခုဆို
ငါ့စိတ်ရွက်ပြတ်တောမှာ
အတွေးလေးတွေ ကဗျာဈာန်သင့်
ခရေအဖြစ် ပွင့်တယ်။

(၂)
သူက
သာမန်မိန်းကလေး တယောက်
ဒါပေမယ့် တန်ခိုးရှင်
သောက အကြိုအကြားထဲက ငါ့ကို
ဆွဲထုတ်ကယ်တင်ခဲ့တယ်။

(၃)
အတိတ်မှာတော့ ငါက
နေဝင်နေထွက်တိုင်း
ကိုယ့်ပျော့ကွက်နဲ့ကိုယ် ထိုင်းမှိုင်းခဲ့တဲ့သူ။

(၄)
ဒီလိုနဲ့ အမှတ်မထင်
သက်တန့်မီးရောင်ရှေ့ ခြေလှမ်းအကွေ့
နိမိတ်ဆန်းတခု တွေ့လိုက်တယ်။
လူ့ဘဝကို သုညလို့ အပုပ်ချခဲ့သူတယောက်
‘ခရေ’ရိပ်ရဲ့အောက်မှာ
ဘဝအဓိပ္ပါယ်များစွာ ကောက်လို့။

လောကဓံပီး သွားတဲ့ ငါ့ခြေရင်းမှာလည်း
ဒုက္ခ ‘ပါးပြင်း’တွေ ခယဝပ်ဆင်းလို့။

(၅)
ဒီလိုနဲ့
ရှုပ်ရှုပ်ထွေးထွေး အရာ… ‘ကံ’ဆိုတာရဲ့
မျက်နှာသာပေး ကစားကွက်မှာ
အားတက်သွားပြီး ငါကြွေးကြော်မိတယ်။
“ငါ့ဘဝက ဘယ်တော့မှ မရှုံးဘူး။
သူ့ သံယောဇဉ်နေဝန်း၊
အနောက်ဘက်ဆီ မယွန်းသရွေ့။”

(၆)
လက်ရှိအခြေအနေလား?
မနက်စောစောစီးစီး
နှလုံးသားက အချက်ပေးတယ်
သွားတက်လေးနဲ့
တသက်မဝေးချင်ဘူးတဲ့။

လက်ရှိအခြေအနေလား?
ကဗျာရေးနေရင်းနဲ့
မျက်လုံးများက သူ့ပုံရိပ်ဆီ ထွက်ပြေးတယ်
ဦးနှောက် အမိန့်ပေးမှုစနစ်ကို
တစုံတယောက်က အနုနည်းနဲ့ ထိန်းချုပ်ပစ်သတဲ့။

(၇)
ကျောင်းနေတုန်းက
အရေးပါတဲ့ စာတွေဘေးမှာ
ခရေပွင့် ပြခဲ့ကြတယ်။
အခု ငါ့အဖြစ်က
ကျော်လွှားခံနေရတဲ့ ဖတ်စာ
ခရေပွင့်လေးရေ
ငါ့ဘဝ ထဲကိုခုန်ချ
ငါအရေးပါကြောင်း ပြလှည့်ပါ။
ကောင်းကင်ကို

Tuesday, July 19, 2011

ရိုမီယို ဂျူးလိယက်တို့ လားရာဘုံ

ရင်ဘတ်မှာလည်း မြှားတစင်း
နံကြားမှာလည်း မြှားတစင်း
နောက်ကျောမှာလည်းမြှားတစင်း
ဒါပေမယ့် ငါက အသက်ပြင်းတယ်။

နောက်ဆုံးအသက်ကို အပြတ်ရှင်းမယ့်မြှား
ငါမြင်နိုင်စွမ်းတောင် ရှိပါဦးမလား။

ငါရှင်လျက်နဲ့ သေတော့မယ်
ဘယ်လိုလူ့ငရဲမှာ ငါလားဦးမလဲ။

အက်ဆစ်ချိုတွေသောက်သုံး
ငါတလျှောက်လုံး ပူဇော်ခဲ့တာကတော့
ကိုးကွယ်သူုတွေကို ငရဲချတတ်တဲ့ ဘုရား။
ကောင်းကင်ကို

Monday, October 4, 2010

Autosuggestion

အချစ်ဆိုတာ
ကိုယ့်ဘာသာကိုယ်လွှင့်ပြီး
ကိုယ့်ဘာသာကိုယ် ယုံကြည်နေတဲ့
ကောလာဟလ။
ကောင်းကင်ကို