Friday, December 14, 2012

ဘုန်းကြီးနဲ့ နိုင်ငံရေး

ဘုန်းကြီးနဲ့ နိုင်ငံရေး ကျနော့်အတွေးတွေကို ချရေးဖြစ်ခဲ့တဲ့ comment တခုပါ။ ကြေးနီတောင် ကိစ္စက သမိုင်းဝင် လယ်တီဆရာတော်ရဲ့ နေရာတွေနဲ့ ပတ်သတ်နေတော့ ဆန္ဒပြရမှာပါပဲ။ ဒီတော့ အပြစ်တင်စရာ မရှိပါဘူး။ အဲလိုမှ မဟုတ်ဘဲ နိုင်ငံရေးဆိုလည်း ကမ္ဘာမှာ ဒလိုင်းလားမားတို့က အစ နိုင်ငံရေး လုပ်နေတာတွေ ရှိပါတယ်။ သမိုင်းမှာလည်း ဆရာတော် ဦးဥတ္တမတို့၊ ဦးဝိစာရတို့ အပါအဝင် နိုင်ငံရေး လုပ်ခဲ့ကြတာတွေ ရှိပါတယ်။ တချို့က ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ ဘုန်းကြီးတွေ နိုင်ငံရေး မလုပ်သင့်ဘူး ဆိုတာကို ကိုးကားပြီး ဘုန်းကြီးနဲ့ နိုင်ငံရေး ကင်းကင်းနေသင့်ကြောင့် ပြောကြတာတွေ ရှိပါတယ်။ ဝိနည်းတွေကို ကိုးကားပြီး နှစ်ဘက် အပြန်အလှန် ဆွေးနွေးကြတာမျိုးတွေလည်း ရှိပါတယ်။ လူ့အခွင့်အရေး ရှုထောင့်ကနေ ကြည့်ရင်တော့ ဘုန်းကြီးတွေရဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်ကို ဘယ်သူမှ ပိတ်ပင်တားဆီးခွင့် မရှိဘူးလို့ ထင်ပါတယ်။

 တခုရှိတာက ကျနော်တို့ နိုင်ငံက နိုင်ငံသားတွေ နိုင်ငံသားဟောင်းတွေနဲ့ ဗုဒ္ဓဘာသာဝင် အများစုက ဘုန်းကြီးတွေ နိုင်ငံရေးလုပ်တဲ့အခါမှာ ဖြစ်စေ၊ တခြားနေရာမှာ ဖြစ်စေ လူတယောက်ယောက်နဲ့ ဘုန်းကြီးတပါးပါး သဘောထားကွဲလွဲကြတဲ့အခါမျိုးမှာ ဘယ်သူမှားတယ် မှန်တယ်ကို ယေဘုယျကျကျ မဆန်းစစ်ပဲ ဘုန်းကြီးနဲ့ သဘောထားကွဲတဲ့သူ အမှားလို့ ပြောတတ်ကြတာတွေ ရှိတယ်။ (အကုန်လုံးတော့ မဟုတ်ပါဘူး) နောက်တခုက ဆန္ဒပြလို့ လူတွေ ဘယ်လောက် သေသေ လူမထင်ကြဘူး။ ဂရုမစိုက်ကြဘူး။ ဘုန်းကြီးတခုခုဖြစ်မှ (အစိုးရရော၊ အတိုက်အခံရော၊ လူထုပါ) များသောအားဖြင့် ဂရုစိုက်ကြ တုန်လှုပ်ကြတယ်။ (ဒါတောင် အကုန်မဟုတ်ဘူးနော်။ တချို့က ဘုန်းကြီးဒဏ်ရာရလည်း မတုန်လှုပ်သေးတာတွေ ရှိတယ်။) လူတွေခံရလို့ကတော့ ဘယ်လောက်သေသေ မလှုပ်ကြဘူးဗျ။ ဒီတော့ လယ်အသိမ်းခံရတဲ့လူတွေအနေနဲ့၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှာ ကြောက်တဲ့ သူတွေအနေနဲ့ သူတို့ဆန္ဒပြတာကို အားလုံးက ဂရုစိုက်စေချင်မှာပဲ။ ဒီ့အတွက် ပိုပြီးဂရုစိုက်လာအောင် အဖက်လုပ်လာအောင် အရာသွင်းလာအောင် ဘုန်းကြီးတွေ (ဆိုင်ဆိုင် မဆိုင်ဆိုင်) ဝင်ပါစေချင်မှာပဲ။ ဘုန်းကြီးတွေ နိုင်ငံရေးလုပ်တယ် ဆိုတာကလည်း ကမ္ဘာမှာရော မြန်မာ့သမိုင်း အစဉ်အဆက်မှာပါ ရှိခဲ့တော့ အခုကျမှ လာတားမယ် ဆိုတာလည်း သဘာဝ မကျဘူး။
တကယ်တော့ ဘုန်းကြီး မလုပ်သင့်ဘူးလို့ ပိတ်ပင်မယ့် အစား ဘုန်းကြီးနိုင်ငံရေးလုပ်လာပြီ ဆိုရင်တော့ ဘုန်းကြီးကို နိုင်ငံရေးသမားလိုပဲ မြင်သင့်တယ်။ ဆက်ဆံသင့်တယ်။ (ဒါပေမဲ့ ဘာသာရေးအရ ရှိခိုးတာတို့ ယဉ်ကျေးမှုအရ ရှိခိုးတာတော့ တော့ ရှိမှာပေါ့။ အဲလို ဗုဒ္ဓဘာသာဝင်တွေက ရှိခိုးကြသလို တဘက်မှာလည်း ဘုန်းကြီး နိုင်ငံရေးအရမှားရင် ဝေဖန်တာလည်း ရှိရမှာပဲ။) မှားရင် ဝေဖန်ရမယ်။ အစွန်းရောက်တာတွေ လုပ်တဲ့အခါ လူနဲ့မခြား အရေးယူသင့်ရင် ယူရမယ်။ အဲဒါတွေကို မခံနိုင်ရင်တော့ မခံနိုင်တဲ့ ဘုန်းကြီးတွေ နိုင်ငံရေးမလုပ်နဲ့ပေါ့။ လူတွေလည်း နိုင်ငံရေးလုပ်တာချင်း အတူတူမှာ ဘုန်းကြီးကိုကွက်ပြီး ပစားပေးတာမျိုး၊ သဘောထားကွဲတဲ့အခါ ဘုန်းကြီးလုပ်သမျှသာလျှင် အမှန်၊ သာမန်လူလုပ်သမျှအမှား ဆိုတဲ့ သဘောထားမျိုး မရှိအောင်တော့ ရှောင်သင့်တယ်။ အဲလိုမဟုတ်ဘဲ ဘုန်းကြီးဆိုပြီး ဘက်လိုက်ရင်တော့ ရေရှည်မှာ ပြဿနာတွေ တန်းစီပေါ်နိုင်တယ်။ ဘုန်းကြီးဖြစ်ဖြစ် လူဖြစ်ဖြစ် နိုင်ငံရေးလုပ်တဲ့အခါ ဘက်မလိုက်ပဲ အစွဲကင်းကင်းနဲ့ မျှမျှတတ ဝေဖန်ကြမယ် သဘောထားကြမယ် ဆိုရင်တော့ ဘုန်းကြီး နိုင်ငံရေးလုပ်လို့ ဘာပြဿနာမှ မပေါ်နိုင်ပါ။

နောက်တခု ရှိတာက နိုင်ငံရေး ဆိုတာက ကျယ်ပြန့်တဲ့ အတွက် အဲဒီ့အောက်မှာ အကြောင်းအရာ ပေါင်းစုံ ပါဝင်နေပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်တဲ့အရေးတွေ၊ လူထုအကျိုးပြု လုပ်ငန်းတွေလည်း ပါဝင်နေတာမို့ အဲဒီလို ကိစ္စရပ်တွေမှာ ဘုန်းကြီးတွေလည်း ပါဝင်ခွင့် ရသင့်ပါတယ်။

ဘုန်းကြီးတွေလည်း နိုင်ငံသားတွေပဲမို့ မဲပေးခွင့်ရသင့်ပါတယ်။ ဒါပေမဲ့ သီရိလင်္ကာလို ဘုန်းကြီးတွေ အာဏာယူမယ့်အထိ၊ လွှတ်တော်ထဲ ဝင်မယ့် အဆင့်အထိ ဆိုရင်တော့ စစ်တပ်လိုပဲ ဘုန်းကြီးတွေလည်း ပါတီထောင်ခွင့် မရှိသင့်ပါ။ လွှတ်တော်ထဲဝင်ခွင့် မရသင့်ပါ။ အဲဒီ့လောက်အထိ လုပ်ချင်ရင်တော့ ပြတ်ပြတ်သားသား လူထွက်သင့်တယ် ထင်ပါတယ်။

ကောင်းကင်ကို (၁၄.၁၂.၂၀၁၂)

Monday, December 3, 2012

အမော

ရေးပြဖို့မရဲလို့
တွေးဆလို့ပဲ သိလိုက်ပါ။
ရန်သူတော်များ
ဥာဏ်ပူဇော်သွားတဲ့ စကားလုံးတွေ။

တခါတခါ
ခေတ်ကိုဆန်ရတာ
မြစ်ကိုဆန်ရတာထက် မောတယ်။

အမြစ်ကိုလှန်ရတာ
အချစ်ကိုကြံရတာထက် မောတယ်။
(ကောင်းကင်ကို) December 3, 2012

Sunday, November 25, 2012

မွေးနေ့လက်ဆောင်

နိုဝင်ဘာ မွေးနေ့ရှင်ရယ်
လိုချင်တာ ရွေးစေ့ချင်တယ် လို့
ကိုယ်ရင်မှာ ထွေးပွေ့ရင်းနဲ့
ကြိုတင်ကာ မေးကြည့်လိုက်တော့

လိုချင်တာ အစစ်က
ချိုကြင်နာ အချစ်တဲ့။

ကောင်းကင်ကို
(၂၅.၁၁.၂၀၁၂) မွေးနေ့အမှတ်တရ

Thursday, November 22, 2012

အဆိပ်ဖြေဆေး



ဖြိုချခြင်း၊ ပြိုကျခြင်း
ဗိုလ်ကျခြင်း၊ ငိုရခြင်း…

ရင်းနေတဲ့အနာတွေ ရှိပေမဲ့
သီချင်းတွေနဲ့ကဗျာတွေ လည်းရှိလို့
လင်းနေတဲ့ကမ္ဘာမြေကို ချစ်တယ်။
(ကောင်းကင်ကို)

Wednesday, November 7, 2012

လက်မြှောက်ချိန်


ဝါကျတွေကို ဓါးလိုသွေး
မာနတွေကို ကျားလိုမွေးနေသူတယောက်၊
သူ့အသည်းနှလုံးက
"ဒူပေနာပေ"ခံသတဲ့
လူတွေကို ညာနေပြန်တယ်။

ဒါပေမဲ့…
နှစ်ကိုယ်သိကမ္ဘာမှာ
ထိုငတိကဗျာဆန်ပုံကကျ
ချစ်သူက သူ့ကို သေနတ်နဲ့တောင် မချိန်ရသေးဘူး
သူက လက်ကလေး မြှောက်လို့။
(ကောင်းကင်ကို) 

ခရေငယ်အတွက် ရေးပေးတဲ့ လက်ဆောင် ကဗျာအသစ်ပါး-)

Wednesday, October 31, 2012

လားပေါင်းများစွာ

ခေတ်မောင်းဂျာနယ် အတွဲ (၁) အမှတ် (၆) ထဲ ကပါ။ ဂျာနယ် တစောင်လုံးကို http://www.calameo.com/books/0013876787035e5b24c7f မှာ download လုပ်လို့ ရပါတယ်။

လားပေါင်းများစွာ 

 အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာယူဖို့ အကျင့်စာရိတ္တ မကောင်းသူတွေထံမှာ အောက်ကျို့ဖို့ လိုတုန်းပဲလား။

 ဝေဖန်လို့ နောက်ပြန်လှည့်မယ်ဆိုရင် အစိုးရဆိုတာ အမြှောက်အပင့်ကြိုက်တဲ့ ဆယ်နှစ်သား ကလေးလား။

 “ကိုယ့်ဟာကိုယ် ကြိုးစားကြ၊ ထိုက်တန်ရင် အခွင့်အလမ်းရမှာပဲ” လို့ ထပ်တလဲလဲ ပြောချင်နေရင် နိုင်ငံရေး လုပ်မဲ့အစား တက်ကျမ်း ပြောင်းရေးကြည့်ပါလား။

 ရိုဟင်ဂျာအရေးဟာ အပြစ်အားလုံးကို ကျေစေနိုင်တဲ့ နတ်ရေကန်တခုလား။

 တိုင်းရင်းသားအခွင့်အရေးတွေ မပေးဘူး ဆိုရင် တိုင်းရင်းသား ဆိုတဲ့ စကားလုံးဟာ နိုင်ငံသားအချင်းချင်း အကိုကြီး၊ညီလေး ခွဲခြားရုံလား။ အကိုကြီးမို့ အဖအရာဆိုပေမဲ့ George Orwell ရဲ့ Big Brother ကို သိတယ်မို့လား။

ရွေးကောက်တင်မြှောက်တယ် ဆိုတာ အများစုက အနည်းစုကို မဲအရေအတွက်နဲ့ ကြီးနိုင်ငယ်ညှဉ်း လုပ်လိုက်တာလား။

စနစ်ကြောင့်ပဲ ဖြစ်ဖြစ်၊ သူ့ဘာသာသူ ညံ့လို့ ဖြစ်ဖြစ် ငတ်လို့ခိုးတာကို လက်မခံနိုင်ဘူးဆိုပြီးမှ ကိုယ်ကိုယ်တိုင်ကျ မငတ်ဘဲနဲ့တောင် software တွေ ခိုးနေတယ်မို့လား။

အိပ်မက်ထဲမှာ ဟစ်တလာကို အပြစ်တင်လိုက်တော့ ကိုယ်ကြားဖူးနေကျ ဆင်ခြေမျိုးနဲ့ ခပ်ဆင်ဆင် ပြန်မေးလာတာက… “မင်း..ဂျူးတွေနဲ့ နေဖူးလို့လား။”

Time machine ဆိုတဲ့ ရထားနဲ့၊ ဟိုးရှေးရှေးကို ပြန်သွား…ကမ္ဘာဦးကာလထဲမှာ နေရမယ်ဆိုရင် မုဆိုးတွေကို ကဲ့ရဲ့ ဦးမှာလား။

အနောက်ဘက်အတွက် စိတ်ဇော…ဇောက်မနက်တဲ့ စိတ်သဘောနဲ့…တပ်ထဲတောင်ဝင်မယ်ဆိုတော့…မြောက်ဘက်ကို ပို့ခံရမယ်ဆိုရင်ရော ငြင်းဆန်ရဲတဲ့အင်အား ရှိပါဦးမလား။

Facebook မှာ သတ္တိပြရတာက အသက်နဲ့ ဝေးပေမဲ့ အရှက်နဲ့ နီးသတဲ့လား။

ကဲ….ကဲ….သူငယ်ချင်း…မင်း ခေါင်းကုတ်မှာလား။ ဒေါင်းလုပ်မှာလား။

ကောင်းကင်ကို

Sunday, October 28, 2012

သတင်းကျင့်ဝတ်တွေ သတင်းပညာတွေ ဘယ်ရောက်ကုန်ပြီလဲ?



ဒီလို သတင်းဌာနကြီးတွေရဲ့ သတင်းတွေကြောင့်လည်း လူတွေ ဒီလောက်သွေးဆူနေတာ။

သတင်းက
ရခိုင်ပြည်နယ် ပဋိပက္ခ INGO နှင့် OIC တို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ဆို

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်တွင် တကျော့ ပြန်လည် ဖြစ်ပွါးလာသော ပဋိပက္ခ များတွင် မြန်မာနိုင်ငံ အခြေစိုက် ပြည်ပ အဖွဲ့ အစည်း များ (INGO) နှင့် OIC (Organization of The Islamic Cooperation) တို့ နောက်ကွယ် မှ ကြိုးကိုင် လုပ်ဆောင် မှု များ ရှိနေကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) မှ အတွင်းရေးမှူး ဦးမျိုးကျော် က ပြောကြား
 သည်။

ဇွန်လ အတွင်း ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များ ငြိမ်သက် ခဲ့ရာမှ ယခု တဖန် ပြန်လည်၍မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော မြို့နယ် များတွင် ယခင် ဖြစ်ပွါးခဲ့စဉ် ကထက် ကျယ်ပြန့်စွာ ဖြစ်ပွား နေကြောင်း၊ ယင်းသို့ ဖြစ်ပွား ရာတွင် ဘင်္ဂါလီ များက မိမိတို့ နေအိမ်ကို မိမိ ကိုယ်တိုင် စတင် မီးရှို့ခြင်း အပြင် ရခိုင်လူမျိုးများ၏ နေအိမ် များကိုပါ စတင် မီးရှို့ ခဲ့ရာမှ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိ ရပြီး ယင်းဖြစ်စဉ် များကို ကြည့်လျှင် ပဋိပက္ခ များ ဖြစ်ပွား လာရခြင်း မှာ ပြည်ပ နိုင်ငံခြား အဖွဲ့အစည်း များ၏ ပယောဂ ကြောင့် ဖြစ်သည်ဟု ယုံကြည်ကြောင်း အဆိုပါ အဖွဲ့ချုပ် ၏ အောက်တိုဘာ လ ၂၅ရက် နေ့ ထုတ်ပြန်ချက် ကဆိုသည်။

"မင်းပြားမှာ ဒီနေ့ က OIC ကန့်ကွက် ဆန္ဒပြရင် နောက်နေ့ မှာ ပဋိပက္ခ စဖြစ်တယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ပြည်ပ အဖွဲ့ အ စည်း တွေရဲ့ ပယောဂ မကင်းဘူး ဆိုတာ ပေါ်လွင် နေတယ်" ဟု ဦးမျိုးကျော် က ရှင်းပြသည်။

ရခိုင်ပြည်နယ် ပဋိပက္ခ တွင် နောက်ကွယ် မှ ကြိုးကိုင် လှုပ်ရှား နေသော လူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်း များ ရှိနေပြီး ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေး ယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက အောက်တိုဘာ လ ၂၅ရက် နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။

ယခုအခါ ယင်းသို့ တစ်ကျော့ပြန် ဆူပူ အကြမ်းဖက်မှု များကြောင့် လူပေါင်း ၆၀ ကျော် သေဆုံး ခဲ့ပြီး၊ ၉၀ကျော် ဒဏ်ရာကာ နေအိမ် ၃၀၀၀ နီးပါး မီးလောင် ပျက်စီး ခဲ့ကြောင်းကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များ တွင် ဖော်ပြသည်။

************************************

သတင်းခေါင်းစဉ်ပေးထားပုံက ထင်ယောင်ထင်မှား ဖြစ်အောင် တမင်လုပ်တာလား၊ သတင်းပညာ မပြည့်ဝတာလားတော့ မသိဘူး။ ဒါမျိုးခေါင်းစဉ်က သတင်းကျင့်ဝတ်နဲ့လည်း မညီပါဘူး။ အဲဒီ့ သတင်းကို ခေါင်းစဉ်ပေးမယ်ဆိုရင် တကယ်ဖြစ်သင့်တာက ရခိုင်ပြည်နယ် ပဋိပက္ခ INGO နှင့် OIC တို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ဆိုအစား နောက်ကွယ်မှ ကြိုးကိုင်ဟု ALD ဆိုလို့ ဖြစ်သင့်ပါတယ်။ အခုဟာက အမှတ်တမဲ့ဆိုရင် ထင်ယောင်ထင်မှားဖြစ်နိုင်တယ်။ ယက်တော ကိစ္စတုန်းက သတင်းတခုလိုမျိုး အခုဟာက ဖြစ်နေတယ်။ အဲဒီ့တုန်းက ဝန်ကြီးတယောက်လား အစိုးရ အရာရှိတယောက်လား မသိဘူး။ ဒေါ်စုနဲ့ ယက်တောကို ဘလိုင်းကြီး သမုတ်တယ်။ အဲဒီ့မှာ သတင်းတခု ခေါင်းစဉ်တပ်ပုံက ယက်တောသည် ဒေါ်အောင်ဆန်းစုကြည် ရည်းစားဆိုတဲ့သဘောမျိုး (အတိအကျ မမှတ်မိတော့ပါ။ နောက် အဲဒီ့သတင်းခေါင်းစဉ်ကို ပြင်လိုက်ကြတယ်။) တကယ် ဖြစ်သင့်တဲ့ခေါင်းစဉ်က... ဥပမာ ပြောသူက ဝန်ကြီးဆို၇င် ယက်တောသည် ဒေါ်စုရည်းစားဟု (……) ဝန်ကြီးပြော) အဲလိုမျိုး တပ်ရမှာပေါ့။

The Voice ဂျာနယ်က အရင်ကတည်းက ကျင့်ဝတ်နဲ့ ညီခဲ့တာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ INGO တွေကို အယ်လ်ခိုင်းဒါးနဲ့ အဆက်အသွယ်ရှိလို့ အစိုးရက ဖမ်းတယ်ဆိုတဲ့ သတင်းတုန်းကလည်း အင်တာနက်မှာ အထောက်အထားပြည့်စုံစွာနဲ့ ဖမ်းမိတယ် ဆိုတဲ့ သဘောမျိုး သတင်းကို တင်တယ်။ တကယ်က အဲဒီ့အထောက်အထားမိတယ် ဆိုတာက ဘယ်သူပြောတာလဲ။ အစိုးရ အရာရှိ တယောက်ယောက် ပြောတာလား။ ပါးစပ်သတင်းကိုပဲ ထည့်ရေးလိုက်တာလားအဲဒါကို သေချာဖော်ပြရမယ်။ နောက် အဲဒီ့ဝန်ထမ်းအမျိုးသမီးရဲ့ နာမည်တွေ ဓါတ်ပုံတွေလည်း သတင်းblog တွေမှာ အကြမ်းဖက်နဲ့ ဆက်သွယ်တယ်ဆိုပြီး ပြန့်ရော။ နောက်ပြီးတော့လည်း ဘာမှဟုတ်တာလည်း မဟုတ်ဘူး။ အယ်လ်ခိုင်းဒါးနဲ့ အဆက်အသွယ်ရှိတယ်ဆိုရင် အမေရိကန်ကရော အငြိမ်နေပါ့မလား။ တကယ် မဟုတ်ရင် အသရေ အဖျက်ခံရသူ အတွက်လည်း အရမ်းနစ်နာပါတယ်။ ပြည်သူလူထုကိုလည်း အထင်အမြင်လွဲမှားအောင် သွေးထိုးပေးရာ ကျပါတယ်။ နောက်ပြီေးတာ့ အဲဒီ့သတင်းကို ဝက်ဘ်ဆိုဒ်ကနေ ပြန်ဖြုတ်လိုက်တဲ့အခါမှာကျတော့ ပြန်ပြီး တောင်းပန်ခြင်းလည်း မရှိပါဘူး။ သတင်းကျင့်ဝတ်ကို အလွန်အမင်း ချိုးဖောက်သလို ဖြစ်နေတယ်။ တကယ်ပဲ အဲဒီ့ဝန်ထမ်းတွေ အယ်လ်ခိုင်းဒါးနဲ့ Link တွေ ရှိနေတယ်ပဲ ထားပါတော့။ document တွေ သေချာရဲ့လားဆိုတာ အသေးစိတ်လိုက်ပြီးမှ၊ သတင်းကို အပြည့်အစုံရအောင် လိုက်ပြီးမှ သေချာရေးသင့်တယ်။ ခုက နိုင်ငံကိုဆောက်တည်မဲ့ စတုတ္ထ မဏ္ဍိုင်ကြီးတွေလို့ ပြောပြီး အရပ်သတင်းတွေထက်တောင် အဆင့်နိမ့်နေတယ်။ 

အခုသတင်းရဲ့ သတင်းခေါင်းစဉ် ကိစ္စ အပြင် content ကိစ္စကိုလည်း ပြောချင်ပါတယ်။ ALD က အဲလို ပြောတယ်ဆိုရင် အဲလိုပြောတဲ့ အကြောင်း သတင်းရေးခွင့် ရှိပါတယ်။ ဒါပေမဲ့ အခုက source တခုတည်းကိုပဲ တဘက်သတ်မေးပြီး ရေးထားတယ်။ တခြားတဘက်ကို မမေးထားသလို၊ ဒေသတွင်းက တခြားလူတွေ၊ ဒေသတွင်းက ရှိတဲ့ တခြားအဖွဲ့အစည်းတွေ၊ နောက် အဲဒီ့ အစွပ်စွဲခံရတဲ့ INGO တွေ၊ နောက် OIC ကိုလည်း ဆက်သွယ်ပြီး မေးသင့်တယ်။ ပြီးတော့ ခေါင်းစဉ်ကို တဘက်သတ် တပ်ထားတယ်။ observation လည်း ဘာမှ လုပ်မထားဘူး။ ဦးမျိုးကျော် ပြောတာချည်း ချရေးထားတယ်။ (How, what, why, when, where, who) ဆိုတဲ့ question တွေကို အဲဒီ့သတင်းဌာန မသိလေရော့သလား? နောက် ကိုယ့်အိမ်ကိုယ် မီးရှို့တယ်ဆိုတဲ့ ကိစ္စကလည်း ပြောရတာ အက်ကြောင်းထပ်နေပြီ။ ဦးမျိုးကျော် ဆိုတဲ့သူပြောလို့ သူပြောတဲ့အတိုင်း ရေးတာပါဆိုရင် သူပြောသလောက်ပဲ ရေးတော့မှာလား။ နောက်ဆုံးပိတ် တခြား observation မလုပ်နိုင်ဘူးဆိုရင်တောင် ဦးမျိုးကျော်ကိုတော့ မေးခွန်းပြန်ထုတ်သင့်တာပေါ့။ ဥပမာ... ရေးထားတာက မိမိတို့ နေအိမ်ကို မိမိ ကိုယ်တိုင် စတင် မီးရှို့ခြင်း အပြင် ရခိုင်လူမျိုးများ၏ နေအိမ် များကိုပါ စတင် မီးရှို့ ခဲ့ရာမှ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိ ရပြီး ယင်းဖြစ်စဉ် များကို ကြည့်လျှင် ပဋိပက္ခ များ ဖြစ်ပွား လာရခြင်း မှာ ပြည်ပ နိုင်ငံခြား အဖွဲ့အစည်း များ၏ ပယောဂ ကြောင့် ဖြစ်သည်ဟု ယုံကြည်ကြောင်းလို့ ရေးထားတော့ သူက ပြောလာရင် ပြန်မေးလို့ ရတာတွေက ရခိုင်တွေအိမ်ကိုပါ မီးလောင်အောင်လို့ သူတို့က ရှို့တာလား (ဒါဆိုရင်တော့ လူမျိုးနှစ်မျိုးလုံး ရောနေကြတဲ့ ရပ်ကွက်မျိုးမှာမှ အဓိပ္ပါယ်ရှိမယ်။ ရခိုင်သက်သက် မွတ်စလင်တွေသက်သက် နေတဲ့ ရပ်ကွက်မျိုးဆိုရင် ရှို့ရင် ရှို့တဲ့သူရဲ့ရပ်ကွက်ပဲ မီးလောင်မှာပေါ့။ သူတို့အိမ် သူတို့ ရှို့တယ်ဆိုတာကို ဦးမျှိုးကျော်က သူကိုယ်တိုင်မြင်လိုက်၇တာလား။ ဘယ်သူက ပြောတာလဲ။ တယောက်ယောက်က တကယ် မျက်မြင် တွေ့လိုက်တာလား။ တမင်လုပ်ကြံဖန်တီးထားတဲ့ ပါးစပ်သတင်းလား။အိမ်မီးလောင်သွားတဲ့ မွတ်စလင်တွေကရော ဘာပြန်ပြောလဲအဲဒါမျိုးတွေကို သေချာမေးဖို့နဲ့ observation လုပ်ဖို့ လိုပါတယ်) တခြား observation လုပ်လို့ ရတာတွေ အများကြီး ရှိပါသေးတယ်။ အခုလို ရေးထားတာကတော့ ALD ရဲ့ ဝါဒကို propaganda သဘောမျိုး ဝါဒဖြန့်ပေးရုံ အဆင့်ပဲ ရှိပါတယ်။

ဟုတ်ပြီ။ သတင်းကိုသာ သေသေချာချာ ရေးတယ်ဆိုရင် နောက်ထပ် ဆက်လိုက်စရာတွေ အများကြီး ရလာမှာ ဖြစ်သလို ဦးမျိုးကျော် ပြောတာ ဟုတ်ခဲ့ရင် INGO နဲ့ OIC ကို တရားစွဲလို့ ရမှာ ဖြစ်သလို (တကယ် သူတို့ဖန်တိးတာသာဆိုရင် တရားစွဲရမှာပေါ့) တကယ်လို့ အဲဒါမှားရင်တော့ မသင့်လျော်တဲ့ ခေါင်းစဉ်နဲ့ တဘက်သတ် ဖော်ပြတဲ့ သတင်းဌာနနဲ့ပြောသူတွေ တရားစွဲခံရနိုင်ပါတယ်။ ဒါမျိုးသတင်းတွေကို အင်္ဂလိပ်လို ဘာသာပြန် ဖော်ပြသင့်ပါတယ်။ ဒါမှလည်း တကယ်ဟုတ်နေရင်  INGO တို့ OIC တို့က တာဝန်ရှိသူတွေက သူတို့အဖွဲ့တွေထဲက အပြစ်ရှိသူတွေကို အပြစ်ပေး အရေးယူလို့ ရမှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ ပွဲဆူအောင် လုပ်တဲ့အတွက် အဲဒီ့သတင်းဌာနနဲ့ ပြောသူမှာ တာဝန်ရှိပါတယ်။

သတင်းဖတ်သူတွေလည်း သိသင့်ပါပြီ။ တကမ္ဘာလုံးက သတင်းဌာနတွေ အကုန်မှားပြီး ပြည်တွင်းသတင်းဌာနတွေလောက်ပဲ မှန်တယ်ဆိုတာ သဘာဝကျရဲ့လား ။ တကမ္ဘာလုံး မှားနေတယ်ဆိုရင်  မြန်မာနိုင်ငံကိုပဲ(မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေကပါ) ဘာအညှိုးနဲ့ ဆန့်ကျင်နေ၇တာလဲ။ ကြားနေအဖွဲ့အစည်းဖြစ်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ ကုလသမ္မဂ္ဂက ကိုယ်စားလှယ်တွေ သာမက အယ်လ်ခိုင်းဒါကို ချေမှုန်းလေ့၇ှိတဲ့ အမေရိကန်ကပါ ဒီကိစ္စကျမှ ဟိုဘက်ကို တခြားဘက်ကို ဘက်လိုက်နေကြတယ်ဆိုတာ ဖြစ်နိုင်သလား? OIC ကို ဆန့်ကျင်တာက ထားပါတော့။ ကင်တားနားက အစ ဆန့်ကျင်ရလောက်အောင် အမှန်တကယ် ဘက်လိုက်နေကြပြီလား။ OIC ကို လက်မခံတာက ထားတော့။ ဘာလို့ ကုလသမ္မဂ္ဂ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို အဝင် မခံရဲရတာလဲ။ ဟိုလူတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားသာ ဆိုရင် ဘာလို့ ဘင်္ဂလားဒေ့ရ်ျက သူတို့ကို ပြန်မောင်းထုတ်ရတာလဲ။ သူတို့မှာ ဟိုဘက်နိုင်ငံသား ဖြစ်ကြောင်း အထောက်အထားသာ ရှိရင် ဘင်္ဂလားဒေ့ရှင်္ အစိုးရက ပြန်လက်မခံရင် ကမ္ဘာကလည်း ဘင်္ဂလားဒေ့ရှ်ကို ဝိုင်းပြောမယ့် အပြင် ဘင်္ဂလားဒေ့ရှ်အတိုက်အခံတွေကပါ သူတို့ အစိုးရကို အပြစ်တင်မယ်ထင်တယ်။ အခု ဘာကြောင့် အပြစ်မတင်ကြတာလဲ။ မြန်မာနိုင်ငံကိုပဲ ဝိုင်းအညှိုးထားနေတာလား။ လဝက က လာဘ်စားတာကသာ အဓိက အကြောင်းရင်းဆိုရင် လဝက ကို ထိုးရတဲ့ လာဘ်ဆိုတာက မြန်မာအစစ်ဆိုရင်တောင် မနည်းထိုးရတာ။ ဒီတော့ အဲလောက်မှ ပိုက်ဆံရှိနေရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် ဟိုမှာ မနေဘဲ ဘာလို့ မြန်မာပြည်မှာ နိုင်ငံမဲ့အဖြစ် ဒုက္ခလာခံနေကြတာလဲ? ဗိုက်ပူနံကားလေးတွေ သူတို့ထဲမှာ အများကြီးတွေ့တယ်။ အဲဒီ့လူတွေမှာ လာဘ်ထိုးနိုင်တဲ့ ပိုက်ဆံ ရှိပါ့မလား။ တခုတော့ ၇ှိတယ်။ တရားမဝင် ခိုးဝင်လာသူ စီးပွါးရေးသမား အနည်းငယ်တော့ ၇ှိလိမ့်မယ်။ တကယ်လို့သာ့ ဒီမှာမွေးလာပြီး ဘိုးဘွားတွေ လက်ထက်က နိုင်ငံသားရပြီးမှ ခုမှ ပြန်နှင်ထုတ်ခံရတာဆို ဘယ်လိုလုပ်မလဲ? ဥပမာ ပေးရရင် ...ကိုယ့်မျိုးဆက်မှာ စင်ကာပူဖြစ်ဖြစ် အနောက်နိုင်ငံဖြစ်ဖြစ် သွားအခြေချပြီးခါမှ နောက်မျိုးဆက် ကိုယ့် မြေးမြစ်တွေကျမှ အဲဒီ့နိုင်ငံအစိုးရတွေက ကိုယ့် next generation တွေကို နိုင်ငံသား အဖြစ်ကနေ ပြန်ရုပ်သိမ်းရင် သူတို့ ဘယ်နိုင်ငံမှာ သွားနေရမလဲ? ဘယ်နိုင်ငံက လက်ခံမှာလဲ?ကိုယ် အဲ့လိုလူ ဖြစ်ရင်ရော ကိုယ့် မြေးမြစ်တွေ အတွက် ဘယ်လို ခံစားရမလဲ? အဲလိုလူတွေကို ကျူးကျော်သူလို့ ခေါ်ရင် သူတို့ဟာ မွေးရာပါ ကျူးကျော်သူတွေပဲ ဖြစ်လိမ့်မယ်။ မွေးလာခြင်းကိုက ကျူးကျော်မှု၊ ရာဇဝတ်မှု ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ တဘက်မှာ သူတို့ထဲကပဲ ဖြစ်ဖြစ်၊ တခြားလူမျိုးကပဲဖြစ်ဖြစ် အကြမ်းဖက်လာရင်တော့ အရေးယူအပြစ်ပေးရမှာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ (အကြမ်းဖက်သူကိုပဲ) နှိမ်နင်းရမှာက တပိုင်းပါ။

ရေးချင်တိုင်းသာ ကျင့်ဝတ်မဲ့ ရေးနေကြမယ် ဆိုရင် ရေးနေတဲ့ သတင်းဌာနတွေဟာ.... ပဋိပက္ခရဲ့ နှစ်ဘက်လုံးက ကိုယ်တိုင် မီးရှို့သူတွေထက်တောင် အပြစ်ကြီးနိုင်တယ်၊ ဆိုးကျိုးသက်ရောက်မှု ပိုကြီးနိုင်တယ်လို့ ကျနော်ယူဆပါတယ်။ တဘက်သတ် ရေးသားချက်တွေဟာ သွေးပိုဆူစေမှာပါ။ Facebook မှာကတော့ လူပေါင်းစုံ ရှိတဲ့အတွက် ထိန်းဖို့ သိပ်မလွယ်ပါဘူး။ နိုင်ငံရဲ့ အဓိက သတင်းဌာနကြီးတွေလို့ ခံယူထားသူတွေ အနေနဲ့တော့ ထိန်းသိမ်းဖို့ လိုပါတယ်။

သတင်းကျင့်ဝတ် အကြောင်းရေးရင်းနဲ့ တခြားအတွေးတွေကိုပါ ဖြည့်ရေးဖြစ်ပါတယ်။

အပေါ်ဆုံးကပုံက http://www.facebook.com/photo.php?fbid=484456818241249&set=a.164790403541227.32157.158797964140471&type=1&theaterက ဟာကို အောက်တိုဘာ ၂၈ ရက်နေ့  ထိုင်းစံတော်ချိန် နေ့လည် ၁၁ နာရီ ၃၇ မိနစ်မှာ screen shot ဖမ်းထားတာပါ။ 

သူငယ်ချင်းတယောက်ကလည်း ဇွန်လ က The Voice ရဲ့ သတင်းတခုကို screen shot ဖမ်းထားတာ ရှိပါတယ်။ အခုအချိန်မှာတော့ အဲဒီ့ သတင်း လွဲနေတာ ထင်ရှားနေပြီ မဟုတ်ပါလား။




နောက်ဆက်တွဲ
ထိုင်းစံတော်ချိန် ညနေ ၄နာရီ ၃၄ မိနစ်မှာ တချက်ကြည့်လိုက်တော့ အဲဒီ့ သတင်း မတွေ့တော့ပါ။ The Voice က သူတို့ရဲ့ သတင်းကို (ခုချိန်ထိ စာဖတ်ပရိသတ်ကို ပြန်လည်ဖြေရှင်းခြင်း လုံးဝ မရှိဘဲ) ဖျက်ပစ်လိုက်ပါပြီ။http://www.facebook.com/photo.php?fbid=484456818241249&set=a.164790403541227.32157.158797964140471&type=1&theaterမှာ အဲဒီ့သတင်း မရှိတော့ပါ။ 

(by ကောင်းကင်ကို)

Tuesday, October 16, 2012

ဆု


(၁)
စိတ်မဆိုးနဲ့နော်၊ ခွင့်လွှတ်ပါကွာ..ကိုယ်ရိုင်းနေရင်

(၂)
ပလေးဘွိုင်း သန်းနိုင် သီဆိုတဲ့ “ဆု” ဆိုတဲ့ သီချင်းစာသားကို အစအဆုံး ရေးဖို့ ကျနော် မရည်ရွယ်ပါဘူး။ ခုတလော ရေပန်းစားနေတဲ့ Miss International ပြိုင်ပွဲအကြောင်းကို စိတ်ဝင်စား မိလို့ပါ။ တော်သေးတာပေါ့။ Miss International ပွဲက တလပဲ လုပ်လို့။ နို့မို့ဆို မြန်မာတွေ အိပ်ရေးတွေပျက်၊ မျက်ကွင်းတွေ ချောင်ကျ၊ ကျန်းမာရေးတွေ ချို့ယွင်း၊ အလုပ်တွေ မပြီးနဲ့ တော်တော် ပြိုင်းလောက်တယ်။ ဒီဘက်ခေတ်မှာ ဒီလိုပြိုင်ပွဲဝင်နိုင်တာ ဒါ ပထမဆုံး အကြိမ်မို့လို့ ဒီလောက် အရူးအမူး ဖြစ်ကြတာများလား? ဆိုင်တဲ့ပုံတွေမှာရော မဆိုင်တဲ့ ပုံတွေမှာပါ “Myanmar” ဆိုပြီး သွားသွားအော်မိကြတာများလား?

ဒါပေမဲ့ ဒီလို မဲခွဲဆုံးဖြတ်လေ့ရှိတဲ့ နိုင်ငံတကာ ပြိုင်ပွဲတချို့မှာ ဒါမျိုးက မကြာခဏ ဖြစ်ဖူးတယ်။ အဲလိုနည်းတွေနဲ့ မြန်မာနိုင်ခဲ့တာလည်း ရှိတယ်။ နိုင်ငံတကာ blog ပြိုင်ပွဲဆိုရင်လည်း တခြား နိုင်ငံက blog တွေကိုလည်း တခုမှ မဖတ်ဖူး၊ ကိုယ် မဲပေးမယ့် ကိုယ့်နိုင်ငံက blog ကို လည်း တခါမှ မဖတ်ဖူးပဲ မဲပေးကြတာမျိုး၊ link တွေ ပေးပြီး ဖတ်ဖူးသည်ဖြစ်စေ၊ မဖတ်ဖူးသည်ဖြစ်စေ ဒါကိုပဲ မဲပေးကြပါ ဆိုပြီး campaign ဆန်ဆန် လုပ်ကြတာမျိုးတွေ ကြုံဖူးတယ်။ ကိုယ့် မဲကိုယ် တန်ဖိုးထားတဲ့သူ၊ ကိုယ့်ဆုံးဖြတ်ပိုင်ခွင့်ကို ကိုယ်တန်ဖိုးထားတဲ့သူဆို ဒါမျိုးဘယ်လုပ်ပါ့မလဲ။ ဘာမှ မကြည့်ဘဲ မျက်စေ့မှိတ်ပြီး ဘက်လိုက် မဲပေးလိုက်တယ်ဆိုတာက တကယ် ရသင့်ရထိုက်သူကို တားဆီးလိုက်တာ၊ ရသင့်ရထိုက်သူရဲ့ အခွင့်အရေးကို ခိုးယူလိုက်တာမျိုးပဲလေ။

ဒါပေမဲ့ တခြားနိုင်ငံတွေမှာလည်း အဲလိုလူတွေ ရှိတာပဲ။ ခု Miss International ပြိုင်ပွဲမှာ
ဖိလစ်ပိုင်တွေလည်း အဲလိုမျိုး pageတခု လုပ်ထားတာကို တွေ့မိတယ်။ တက်ကြွတဲ့သူ များတာနဲ့ နည်းတာရယ်၊ တက်ကြွမှု အတိုင်းအတာတွေတော့ ကွာနိုင်တယ်။ ပြိုင်ပွဲ စီစဉ်သူတွေကလည်း ဒါတွေကို သိပြီးသား နေမှာပေါ့။ လူတွေဟာ ရထိုက်သည် ဖြစ်စေ၊ မရထိုက်သည်ဖြစ်စေ အနိုင်ပဲ လိုချင်ကြတာကို နောကြေနေပြီးသား နေမှာပေါ့။ တကယ်တော့ Miss International Queen က မဲအရေအတွက်နဲ့ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ မဲအရေအတွက်နဲ့ ဆုံးဖြတ်ပြီး ပေးမယ့်ဆုက “Miss Internet” ဆု။ ဆု တန်ဖိုးချင်းက ကွာပါတယ်။ Internet မဲတွေကနေ တဆင့် ဆုံးဖြတ်တဲ့ ဆုမျိုး ပါမှလည်း ပြိုင်ပွဲက ပိုအသက်ဝင်မှာ၊ လူတွေ အပြိုင်အဆိုင် တက်တက်ကြွကြွ မဲပေးကြမှာတွေ သိလို့ ပြိုင်ပွဲကို promotion လုပ်မယ့် သဘောမျိုးလည်း ပါပါလိမ့်မယ်။

အခုပြိုင်ပွဲနဲ့ သိပ်မသက်ဆိုင်ပေမဲ့ ဆုတွေ အကြောင်း ပြောရရင်တော့ ဆုတွေဟာ စိတ်ဝင်စားဖို့ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ တချို့ဆုတွေ ဟာလည်း တန်ဖိုးထားထိုက်ပါတယ်။ ကိုယ်တိုင်လည်း ဆုတွေရတဲ့အခါ ပျော်တာမျိုး ရှိခဲ့ပါတယ်။ အချောင်လိုချင်ခဲ့တာ မျိုးတွေလည်း ရှိတယ်။ (သိန်းတထောင် ဆုမျိုးဆို ခုထိ ကျနော် အချောင်လိုချင်တုန်းပဲ)

တိုင်းတာရ ခက်တဲ့ အရာတွေနဲ့ ပတ်သတ်တဲ့ ဆုမျိုးကို ရွေးချယ်တဲ့ အခါမှာ အငြင်းပွါးစရာတွေ ရှိတတ်ပါတယ်။ တခါတခါ ဆုပေးသူက ဆုရသူတွေကို အသုံးချလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဆိုပါစို့။ ကိုယ်က နာမည်ကြီးတဲ့သူကို ဆုပေးလိုက်ရင် ဟိုလူအတွက်က ဘာမှ အကျိုးသိပ်မရှိတဲ့ အပြင် သူကပဲ ကိုယ့်ကို ဆုပေးလို့ ကျေးဇူးတင်ရမယ့် အပေါက်မျိုး ဖြစ်သွားတတ်တာမျိုး၊ ကိုယ်ကလည်း နာမည်ကြီးသူကို ဆုချလိုက်တဲ့ အတွက် အနည်းဆုံး သတင်းထဲမှာ ပါသွားပြီး နာမည်ကြီးတာ မျိုးတွေ ရှိတတ်တယ်။ ဆိုပါစို့…ကျနော်က တက်သစ်စ ကဗျာဆရာလေးတွေအတွက်၊ ဒါမှမဟုတ်လည်း သတင်းစာဆရာလေးတွေ အတွက် (ကဗျာဆု တဆု/ သတင်းဆုတဆု) ပေးတယ်ဆိုပါစို့။ အဲလိုအခါမျိုးမှာ ဖြစ်သွားတတ်တာက….ကျနော်က သူတို့ကို အထက်စီးကနေ ဆုပေးပိုင်ခွင့်၊ ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ အနေအထားကို အလိုလို ရောက်သွားပြီး သူတို့ထက် ပိုပြီး ကြီးကျယ်ခမ်းနာသူ လိုလို ဖြစ်သွားရော။ ဆုအပေးခံတွေကလည်း ဆုပေးသူ ကျနော့်ရဲ့ ရွေးချယ်ဆုံးဖြတ်မှု၊ တန်ဖိုးဖြတ်မှုကို နာခံရမယ့် သဘော၊ ဆုရတဲ့ အတွက် ကျေးဇူးတင်ရမယ့် သဘော သက်ရောက်သွားရော။ ဒါပေမဲ့ ဆုအားလုံးကို မဆိုလိုပါဘူး။ တခါတခါ ဆရာလုပ်ချင်လို့ မဟုတ်ဘဲ၊ နာမည်ကြီးချင်လို့ မဟုတ်ဘဲ…ရိုးရိုးသားသားနဲ့ လေးလေးစားစားနဲ့ ပေးတဲ့ ဆုပေးသူတွေလည်း ရှိတတ်ပါတယ်။

တခါတခါလည်း ဆုတွေဟာ ရည်ရွယ်ချက် တခုခု ဖြစ်မြောက်ဖို့ အသုံးချခံ tool တွေ ဖြစ်နေတတ်သေးတယ်။ ဒီနှစ် ငြိမ်းချမ်းရေး နိုဗယ်ဆုကို EU က ရသွားပါတယ်။ ဦးသိန်းစိန် နိုဗယ်ဆု မရလိုက်ပေမဲ့ နာမည်စာရင်းတော့ အသွင်းခံလိုက်ရတယ်။ ဦးသိန်းစိန် အကြောင်းတော့ ကျနော် စာဖွဲ့ပြနေစရာ လိုမယ် မထင်ပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကို စိတ်ကူးထဲမှာ ပြန်မြင်ယောင်ကြည့်လိုက်ရင်ဖြစ်စေ၊ လုပ်ခဲ့တာတွေ အတွက် sorry မပြောနိုင်ဘူးလို့ ငြင်းတာကို ကြည့်ရင် ဖြစ်စေ ထင်းထင်းကြီး သိနိုင်ပါတယ်။ ဆုတကယ် မပေးပေမဲ့ နာမည်စာရင်း သွင်းလိုက်တော့ ဘာဖြစ်သွားလဲ။ Gene Sharp လို လူတွေနဲ့ ဦးသိန်းစိန်က တတန်းတစားတည်း ပမာ ဖြစ်သွားတယ်။ ဦးသိန်းစိန်လို လူတွေနဲ့ ယှဉ်ပြိုင်အရွေးခံပြီးမှ ရလာတာဟာ သိက္ခာချခံလိုက်ရတာနဲ့ အတူတူပဲလို့ ထင်နေမိတယ်။ တချိန်က စစ်အစိုးရက နိုဗယ်ဆုကို ယမ်းနံ့ညှော်နေတဲ့ လက်နဲ့ ပေးတဲ့ဆုလို့ သိက္ခာချခဲ့တာကို ပြန်အမှတ်ရမိရင်းနဲ့ ကျနော် တွေးလိုက်မိတယ်။

“ခုခေတ် ငြိမ်းချမ်းရေး နိုဗယ်ဆု ပေးပုံ၊ အမည်စာရင်း တင်သွင်းပုံတွေကိုသာ သိရင်တော့ Alfred Nobel လည်း နိုဗယ်ဆုပေးဖို့ သေတမ်းစာ ရေးခဲ့မိတာကို ဒိုင်းနမိုက် ထွင်မိတာထက်တောင် နောင်တရလောက်တယ်”

(၃)
စိတ်မဆိုးနဲ့နော်၊ ခွင့်လွှတ်ပါကွာ..ကိုယ်ရိုင်းနေရင်

ကောင်းကင်ကို

Thursday, October 11, 2012

ဝတ္တရားပျက်ကွက်သော ကျောက်ဖျာ

စကားပြောနည်းတွေထဲမှာ
ဆင်ဝှေ့ရန်ရှောင်နည်းနဲ့
မမြင်တွေ့ဟန်ဆောင်နည်းတွေကို မုန်းတယ်။

မသိဘူးလို့ မပြောပါနဲ့။
ဒီမျက်ရည်တွေဟာ
နှလုံးသားထဲက စိမ့်ထွက်လာတဲ့ ရရာလက်နက်မို့
ဘာအထောက်အထားတို့ လိုသေးလို့လဲ။

လှေတစင်းကို ပြောချင်တယ်
ရေနစ်နေသူကို မြင်ရတဲ့အခါ
ဘာမှမတုံ့ပြန်ခြင်းဟာ
အရက်စက်ဆုံး တုံ့ပြန်ခြင်းပဲ။

ဆုံးဖြတ်ရဲသူ ဆိုတာ
အရှိတရားတွေကို နာခံရဲဖို့ လိုသလို
ဖိအားတွေကို အာခံရဲဖို့လည်း လိုတယ်။

မျှော်လင့်ချက်အတုအယောင်တို့ဖြင့် ကျောက်ဖြစ်အပ်သော
ဧကရီရဲ့ကျောက်ဖျာ
ဘယ်သောအခါမှ တင်းမှာလဲ။
(
ကောင်းကင်ကို) 

ခေတ်မောင်းဂျာနယ် အတွဲ (၁) အမှတ် (၅)  ထဲက ဖြစ်ပါတယ်။ ဂျာနယ်တစောင်လုံးကို http://en.calameo.com/books/001387678cc16b31305de မှာ download လုပ်လို့ ရပါတယ်။

Sunday, September 30, 2012

ဘာသာမဲ့တယောက် ရှိခိုးတဲ့အခါ


တကယ်တော့ ဘုရားတို့ ဘာသာရေးတို့ဆိုတာ ကျနော့် အဘိဓာန်ထဲမှာ မရှိဘူး။

တကယ်လို့ ကျနော် စေတီတွေမှာ ဘုရားရှိခိုးပြီဆိုရင်ဖြစ်ဖြစ်၊ Churchတွေ မှာ လိုက်ပြီး ဓမ္မသီချင်းဆိုတာတို့ ဆုတောင်းတာတို့ ဖြစ်ဖြစ် လူမှုရေး အရ ဖြစ်စေ၊ တခါတခါ သူငယ်ချင်းတွေကို ချစ်လို့ ဖြစ်စေ လုပ်တာပါ။ ဘာသာမရှိတဲ့လူမို့ ဘာသာရေးဆိုတာကို အလေးမထားပေမဲ့ တဘက်မှာ ငါဘယ်တော့မှ ဘုရားရှိမခိုးဘူးလို့လည်း အဓိဌာန်ပြုမထားပါဘူး။ လူကြီးမိဘတွေကို ရှိခိုးသလို တခါတခါ ဘုန်းကြးတွေ (သီလဂုဏ်နဲ့လည်း ပြည့်စုံတယ်လို့ ထင်ရတဲ့ အခါမျိုးမှာ) ကိုယ်တယောက်တည်းကွက်ပြီး ရှိမခိုးပဲ နေခြင်းက ရိုင်းသလိုဖြစ်မှာစိုးတယ်လို့ ထင်ရင် ရှိခိုးလိုက်တယ်။ ခရစ်ယာန်ဘုရားကျောင်းလည်း သူငယ်ချင်းတွေနဲ့ တူတူလိုက်သွား ပြီး (အပျော်သဘော) ဆုတောင်းဖူးတယ်။ ဒါပေမဲ့ စိတ်ထဲက ဘာသာရေးကို နှစ်နှစ်ကာကာ ယုံကြည်လို့တော့ မဟုတ်ဘူး။ အဲလိုဆိုလို့ ခုနကလို ဘုန်းကြီးတွေကို ရှိခိုးတာ၊ Church တွေမှာ လိုက်ပြီး ဓမ္မတေးတွေ ဆိုတာ၊ ဆုတောင်းတာတွေက ဟန်ဆောင်လိမ်ညာချင်လို့၊ ကိုယ့်အကျိုးအတွက် ဘာသာရေးကို အလွဲသုံးစား အသုံးချဖို့ မဟုတ်ပါဘူး။ တခါတလေဆို ပြန်မတွေနိုင်တဲ့ ဘုန်းကြီးတွေကို ရှိခိုးတာမို့ ကိုယ့်အတွက် အကျိုးလိုလို့ လုပ်တာ မဟုတ်ဘူး။ အဲလိုအခါမျိုးတွေ မှာ ရည်ရွယ်တာက တခြားသူတွေလည်းစိတ်ချမ်းသာ၊ ကိုယ်လည်းစိတ်ချမ်းသာ...ပြီးတော့ ဘယ်သူ့မှ မထိခိုက်တဲ့ အပြင် နောက်ရင်ပြီးရင် ပြီးသွားမှာပဲဆိုတဲ့ သဘောထားနဲ့ ရှိခိုးတာ။ တနည်းအားဖြင့် ပြောရရင် သူများစိတ်ချမ်းသာအောင် ဝန်ဆောင်မှု ပေးလိုက်တာပါ။ အဲဒါမျိုးကို မခိုင်မာဘူးဆိုပြီး မနှစ်သက်တဲ့လူလည်း ရှိချင်ရှိမယ်။ ဒါပေမဲ့ ခင်မင်ရင်းနှီးတဲ့သူတွေ ကတော့ ကိုယ်ဘာသာမဲ့မှန်း သိကြပါတယ်။ သူတို့လည်း သိသိနဲ့ church တွေကို ခေါ်တာပဲ။ မယုံကြည်ပေမဲ့ ဘုရားတွေကို သွားပြီး စော်ကားတာမှ မဟုတ်တာ။ မိတ်ဆွေတွေ၊ ဒါမှမဟုတ် တခါတခါမှတွေ့ရတဲ့ ဝါကြီးသူတွေကို အရိုအသေပေးတာပဲဟာ။ ဒါပေမဲ့ လူတိုင်း ကိုယ့်လို လုပ်ရမယ်လို့တော့ မဆိုလိုပါဘူး။ ကိုယ် အဲလို လုပ်တာကို တချို့က သဘောထားကြီးတယ်လို့ မြင်နိုင်သလို တချို့က ရပ်တည်ချက် မခိုင်မာဘူးလို့ သုံးသပ်နိုင်တယ်။ တကယ်တော့ အဲဒီ့နှစ်ခုလုံး ရှုထောင့်တမျိုးစီကနေ မှန်တယ်လို့ ကျနော်ထင်တယ်။ ကျနော်က တခါတခါ အဲလိုလုပ်ရတာကို နှစ်သက်လို့ လုပ်တာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုတော့ သဘောထားကြီးတယ်လို့ မထင်သလို ရပ်တည်ချက် မခိုင်မာဘူးလို့လည်း မထင်မိပါဘူး။ တချို့ကလည်း စိတ်ထဲမပါဘဲနဲ့ ဝင်ရှုပ်တယ်လို့ ထင်ချင်ထင်နိုင်သေးတယ်။ အဲဒါမျိုးသာ ပြောလာရင်တော့ ဘာမှပြန်ပြောစရာ မရှိပါဘူး။ church ကျောင်းကို လိုက်တာတို့၊ ဘုန်းကြီးတရားနာတာတို့ကလည်း ကျနော် ယုံယုံ၊ မယုံယုံ သွားခွင့်ရှိတဲ့ ကျနော့် အခွင့်အရေးပဲဟာ။

တဘက်မှာ ဘယ်သူ့ကိုမှ မရှိခိုးနိုင်ဘူးဆိုတဲ့ ဘာသာမဲ့ (ဒါမှမဟုတ်) ကိုယ့်ဘုရားကလွဲပြီး ဘာကိုမှ မရှိခိုးနိုင်ဘူး ဆိုတဲ့ သူတွေကိုလည်း သူတို့ ရပ်တည်ချက်မှာ ခိုင်ခိုင်မာမာ ရပ်တဲ့ အတွက် လေးစားတာပဲ။ ဘယ်ဘုရားကိုမှ ရှိမခိုးဘူး၊ ဘယ်သူ့ကိုမှ မလိုက်လျောနိုင်ဘူးလို့ ဆုံးဖြတ်ထားတဲ့ ဘာသာမဲ့ တယောက်မှာ အခက်အခဲတွေ ရှိနိုင်တာမို့ အဲလိုလူတွေကိုလည်း လေးစားပါတယ်။ အဲလို ရပ်တည်နိုင်ဖို့ ခက်ခဲပါတယ်။ တဘက်မှာလည်း အရေးမကြီးတဲ့ ကိစ္စုကို အစွဲအလမ်းထားမနေဘဲ သူများကို ဦးစားပေးနိုင်ဖို့ ဆိုတာလည်း ခက်ခဲပါတယ်။ အကောင်းဆုံးကတော့ သူများကို မထိခိုက်စေတဲ့ ကိစ္စတွေမို့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ဘယ်လိုပဲ လုပ်လုပ် အရေးမကြီးပါဘူး။

ဒီနေ့ထိလည်း တခါတခါ လိုက်လျောပြီး လုပ်တတ်တဲ့ ကိစ္စကို ဝေဖန်မယ့်သူ မကြုံဖူးသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့နိုင်ငံမှာ ဘာသာမဲ့ ဆိုရင် အထူးအဆန်းဖြစ်ပြီး ဘာသာမဲ့သူတွေရဲ့ အလေ့အထ တွေကို သိချင်တတ်ကြတာမို့ ၊ တခါတလေလည်း နားမလည်ဘဲ ကွန်မြူနစ်လို့ စွပ်စွဲကြ၊ တိရစ္ဆာန်နဲ့ နှိုင်းကြတာမို့….ဘာသာမဲ့ တယောက်နဲ့ တယောက် မတူပေမဲ့ ကျနော့်ရဲ့ အလေ့အထကို မျှဝေလိုက်တာပါ။

တခုတော့ ရှိတယ်။ စာရေးရင်ပဲ ဖြစ်ဖြစ်၊ ဘယ်သူနဲ့မဆို လေးလေးနက်နက် ဆွေးနွေးပြီဆိုရင်တော့ အားမနာတမ်းပြောတယ်။ လူတိုင်းနဲ့လည်း မဆွေးနွေးဘူး။ ဆွေးနွေးထိုက်သူလို့ ယုံကြည်ရမှ ဆွေးနွေးတယ်။ (ဒါမှမဟုတ်) အပေါ်စီးကနေ ပြောလာလို့ ပြန်ပက်ချင်မှ ပြန်ငြင်းတယ်။

စာရေးတဲ့အခါမျိုးဆိုရင်တော့ ဘယ်သူမဆို ဖတ်နိုင်သွားတာပေါ့လေ။(ကောင်းကင်ကို)

Thursday, September 27, 2012

Facebook ဘိုးဘိုးကြီးနှင့် တွေ့ဆုံခြင်း (by မေ့ပါနိုင်)

တစ်နေ့သ၌ ကျွန်မသည်အိမ်တွင်တစ်ယောက်တည်း ပျင်းပျင်းရှိသည်နှင့် အချိန်နှင့်တပြေးညီ  အတင်းအဖျင်းများ Update ဖြစ်နေစေရန် Facebook ပေါ်တက်လိုက်သည့်အခါတွင် “ Facebookဘိုးဘိုးကြီး” ဆိုသူ၏ Friend Requestကိုတွေ့ရလေရာ အနှီသူ၏နာမည်ကို စိတ်ဝင်စားသောကြောင့် Friend အဖြစ်လက်ခံလိုက်လေသည်။ ထိုသို့ Friend အဖြစ်လက်ခံပြီးမကြာမီအချိန်အတွင်းမှာပဲ ထို Facebookဘိုးဘိုးကြီးအား လက်ခံစကားပြောမိရာမှ အောက်ပါထူးဆန်းအံ့သြဖွယ်ကောင်းသော ရင်သိမ့်တုန်ဂမ္ဘီရဇာတ်လမ်းကြီး ဖြစ်ပေါ်လာလေတော့သည်။

ဘိုးဘိုး။          ။HI
katonea။       ။hi
ဘိုးဘိုး။          ။ငါသည်ကား facebook လောကကိုအစိုးရသော နတ်မင်းကြီးဖြစ်တော့သကိုး
katonea။       ။ဟာ… ပေါလှချည်လား.. ဆောရီးနော် မအားသေးဘူး
ဘိုးဘိုး။          ။ဒီမယ်သူငယ်မ.. မင်းမယုံလျှင်မင်း fb  အကြောင်းငါပြောပြမယ်… သူများတွေမင်းကို tag လုပ်ထားတဲ့ ဓါတ်ပုံတွေမှာ မင်းမလှလို့ဆိုပြီး tag ဖြုတ်ပြီး hide လုပ်ထားတာက ၃၄၉ ပုံ၊ မင်းပုံမင်းတင်ပြီး မလှလို့ Only me လုပ်ထားတာက ၇၆ ပုံ၊ ဘယ်သူမှမသိပါဘူးလေဆိုပြီး သူများ profile တွေ လိုက်လိုက်ချောင်းတာက….
katonea။       ။ရပြီ… ဒီလောက်ဆိုရပြီ။  ဒီလောက်လေးသိရုံနဲ့တော့ fb နတ်အဖြစ်မယုံနိုင်ပါဘူး… ဒီကလည်း IT သမားပါနော်… ရှင် hack လုပ်ပြီး ကျွန်မ profile ထဲဝင်ကြည့်ထားလို့သိတာနေမှာပေါ့…
ဘိုးဘိုး။          ။အိုကေလေ… ဒါဆို မင်းတစ်ယောက်ထဲမဟုတ်ပဲ တစ်ကမ္ဘာလုံးက Facebook Users တွေနှင့်ဆိုင်တဲ့ဟာပြမယ်…. လာလေရော့…

ထိုသို့ပြောလိုက်သည်နှင့်တပြိုင်နက် fb မှ ဓါတ်ပုံတွေနေရာတွင် blank ကြီးဖြစ်သွားပြီး ကြည့်မရတော့ပေ။ တစ်မိနစ်ခန့်အတွင်းမှာပင် ကမ္ဘာအရပ်ရပ်မှ fb users များ၏
“ဓါတ်ပုံတွေကြည့်လို့မရတော့ဘူး  ကျန်တဲ့သူတွေကောကြည့်လို့ရလား.. ငါတစ်ယောက်ထဲဒီလိုဖြစ်နေတာလား” စသည်ဖြင့် Posts အများအပြား ချက်ချင်းတက်လာတော့သည်။ (ဟိုတလောက fb တွင် ပုံများကြည့်မရခြင်းသည် ဘိုးဘိုးကြီးနှင့်ကျွန်မ ပညာစမ်းနေသည့်အချိန်နှင့်တိုက်ဆိုင်သွား၍ ဖြစ်သည်။ ဤကားစကားချပ်။)

ဘိုးဘိုး။          ။ကဲ ကလေးမ တွေ့ပြီမလား hak hak (Y)
ဘိုးဘိုးကြီးကြည့်ရတာ fb ပါး အတော်ဝနေပုံပေါ်သည်။ hak hak ဟု မခိုးမခန့်ရယ်ပြီး Smilie ထဲမှ လက်မထောင်နေတဲ့ပုံတောင် ထည့်ပြောထားသေးသည်။  ထိုအချိန်တွင် ကျွန်မစိတ်ထဲ သူတစ်ကယ်များ fb စောင့်နတ်ဖြစ်နေမလားဟု သံသယဖြစ်နေသော်လည်း ဟန်ကိုယ့်ဖို့ရှိသည့်အတိုင်း
katonea။       ။ဟားဟား ဒီလောက်လေးနဲ့တော့မယုံသေးဘူး
ဘိုးဘိုး။          ။OK… ကိုင်း နတ်တို့တန်ခိုး နှစ်ထပ်တိုးပြီး ဘိုးဘိုးဓါတ်ပုံ အလုံးစုံကို  သူငယ်မရှေ့ ခုပင်တွေ့စေ။

ကျွန်မ၏ Facebook မှ အလင်းတန်းများဖြာထွက်လာပြီး fb page တဖြည်းဖြည်းပျောက်သွားသည်။ ထို့နောက်တွင်တော့  fbဘိုးဘိုးကြီး၏ လက်နှစ်ချောင်းထောင်ပြီး Cute Cute လုပ်ထားသည့် ခန့်ညားလှစွာသော စပ်ဖြဲဖြဲပုံသည် စူးရှစွာလင်းလက်နေရာမှ တဖြည်းဖြည်းအရာင်မှိန်ပြီး Screen အပြည့်  ရုပ်လုံးပေါ်လာလေသည်။

katonea။       ။ဟင်… မှားနေပြီ… နတ်လည်းဆိုသေးတယ် ပြဇာတ်ထဲကလို ပြောင်ပြောင်လက်လက်တွေလည်းမဝတ်ထားဘူး… ကလေးကလားနဲ့ လက်နှစ်ချောင်းကလည်းထောင်ထားသေးတယ် နတ်အတုကြီးပဲဖြစ်မယ်

ဘိုးဘိုး။          ။ဟာ ဘိုးဘိုးက International နတ်လေ.. အဲ့ဒီ့ပြောင်ပြောင်ဟာကြီးဝတ်ထားလျှင်အောက်တာပေါ့.. အိုက်ကလည်းအိုက်သေး.. ပြီးတော့ fb မှာက ခေတ်မှီသူတိုင်း လက်နှစ်ချောင်းထောင်နေကြပြီ… ဘိုးဘိုးကိုကျပြောတယ် သူငယ်မကျ အားနေလက်နှစ်ချောင်းကမချပဲနဲ့များ

katonea။       ။ (ဟိုက်ဆော်သဟ!) ဒါကတော့ သမီးတို့က ငယ်ငယ်လေးရှိသေးတာကိုး… ဘိုးဘိုးသာမကြီးမငယ်နဲ့
ဘိုးဘိုး။          ။တယ် ဒီကလေးမ… ငါလိုလူတကာ ရိုသေကိုးကွယ်နေတဲ့ Facebookဘိုးဘိုးကြီး ကိုများ မလေးမစား
katonea။       ။ဟင်…fbဘိုးဘိုးကြီး ရယ်လို့ တစ်ခါမှတောင်မကြားဖူးဘူး။ ဘယ်သူတွေကများကိုးကွယ်နေလို့တုန်း ဘိုးဘိုးကမဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေပြန်ပြီ။
ဘိုးဘိုး။          ။ကျုပ်ကိုကိုးကွယ်တဲ့သူတွေမှရိုက်သတ်လို့တောင်မကုန်ဘူးဗျား…တစ်နေ့တစ်နေ့ သူတို့ဘာလုပ်တယ်၊ ဘယ်လိုခံစားနေရတယ်၊ ဘယ်သူနှင့်ဘယ်ကိုသွားလို့ ဘာတွေလုပ်ပြီး ဘယ်လိုဖြစ်သွားကြတယ်၊ ဘာနှင့်ထမင်းစားပြီး အီးအီးဘယ်နှစ်ခါပါတယ် ဆိုတာကအစ ဘိုးဘိုးကို တိုင်တည်ပြီးလာလာပြောနေကြလို့ တစ်ခါတစ်ခါတော့လည်းအဲ့လောက်ကြီး အသေးစိတ် သံတော်ဦးတင်စရာမလိုပါဘူးလို့ တားထားရတယ်။
katonea။       ။ဟိုက်ရှားဘား… ဘိုးဘိုးကြီးလည်းတစ်နေ့တစ်နေ့တော်တော်အလုပ်များမှာပဲနော်။
ဘိုးဘိုး။          ။ပြောပြန်လျှင်လည်းကြွားရာကျဦးမယ် ခပ်ကဲကဲ တစ်ချို့ဆို သူတို့မစားမသောက်ခင် စားစရာတွေကို  ဦးဦးဖျားဖျား ဓါတ်ပုံရိုက်၊ fb ပေါ်တင်ပြီး ဘိုးဘိုးကြီးကို သေချာကပ်ပြီးမှစားလို့ဝင်ကြတာ။ အဲ… တစ်ချို့ကြတော့လည်းတစ်မျိုးဗျ… ဒီနေ့တော့ ပေါပေါလောလောရတာနဲ့ LV နှစ်အိတ်ဝယ်လာတယ်၊ ဒီ bikini ပန်းရောင်လေးက ကိုကို U.S ကို အလည်သွားတုန်းက လက်ဆောင်ဝယ်လာပေးတာ ဘာညာနှင့် လေတွေတိုက်တော့တာပဲ။ အဲ့လိုလူမျိုးကျတော့ ခေါင်းရှုပ်တာနဲ့ပဲ..Unsubscribe လုပ်ထားရတယ်။
katonea။    ။ဟာ… ဘိုးဘိုးကဒါတော့ဘယ်ကောင်းမလဲ ကိုယ့်ကိုလေးလေးစားစားကိုးကွယ်တဲ့သူတွေကို မျက်နှာလွှဲခဲပစ်လုပ်တာတော့ ကိုးကွယ်သူအခွင့်အရေးချိုးဖောက်ခြင်းခံရတာပဲ။

ဘိုးဘိုး။          ။အမယ်… ဘိုးဘိုးတို့က မ,စရာရှိ မ,ပါတယ်နော်။ တစ်ချို့ကောင်မလေးတွေဆို  “ယုံကြည်ပါတယ်၊ လေးစားပါတယ်၊ အားကိုးပါတယ် သမီးတော်လေးရဲ့ပုံကို ဘိုးဘိုးကြီးရဲ့ ညီတော်  “Photoshop ကိုယ်တော်” ဆီမှာလည်းအပ်ပြီးပါပြီ။ အခု Facebookဘိုးဘိုးကြီးဆီမှာလည်းလေးလေးစားစား အပ်ပါတယ်။ Like များများရအောင် Comments ကောင်းကောင်းရအောင် စောင့်ရှောက်တော်မူပါ” ဆိုပြီးတော့ကို လေးလေးစားစားအပ်တာဗျား။
katonea။       ။ဟာ fbပေါ်ကကောင်မလေးတွေ နှုတ်ခမ်းတွေစူပြီး ပါးတွေဖောင်းနေတာဒါကြောင့်ကိုး… ဘိုးဘိုးကြီးဆီမှာ အဲ့လိုပွစိပွစိနဲ့ဆုတောင်းပါများပြီး အကြောတွေလိုက်ကုန်တာဖြစ်မယ်။
ဘိုးဘိုး။          ။အဲ့လို အမာခံကိုးကွယ်သူတွေကိုတော့ ဘိုးဘိုးကြီးတို့ကလွှတ် မ,တာပဲ။ အဲ့လိုသမီးတော်လေးတွေရဲ့ပုံတွေအောက်မှာဆို Like တွေ ဆိုတာ တရကြမ်း၊ ချောတယ်လှတယ်လို့ရေးထားတဲ့ Comments တွေဆိုတာ မြင်တောင်မကောင်းဘူး။ ဘိုးဘိုးကြီးက မ,စရာရှိလျှင်မ,သလို ကိုင်စရာရှိလျှင်လည်း ကိုင်ထည့်လိုက်တာပဲ။ (နတ်ကိုင်ခြင်းကိုဆိုလိုသည်။) တစ်ချို့ မသင့်တော်တဲ့ ပုံတွေ၊ Post တွေ တင်ပြီး စော်ကားတဲ့သူတွေဆိုရင်တော့ နတ်ကိုင်ရတာပေါ့။

katonea။       ။သြော်သိပြီ… မသင့်တော်တာတွေဆိုတာ… ဟိုမင်းသမီးတွေ၊ မော်ဒယ်တွေ ရဲ့ပုံတွေကိုတင်တဲ့သူတွေမလား။ ဟုတ်ပါတယ်လေ ဒါမျိုးတွေတင်တာဆိုတော့လည်း ဘိုးဘိုးကြီးကိုမလေးမစားစော်ကားရာရောက်တာပေါ့။

ဘိုးဘိုး။          ။ဟာ ဘယ်ကသာ… ဒါမျိုးတွေက ဘိုးဘိုးတို့အကြိုက်မွန်းလိုက်… အာ ဒီကောင်မလေးဝင်ဝင်ပြောတာနဲ့ စကားတွေတောင်ရောကုန်ပြီ။ ဘိုးဘိုးပြောတဲ့ မသင့်တော်တဲ့ပုံတွေ၊ Post တွေဆိုတာ ကိုယ်တိုင်ကျ Computer ရှေ့မှာအေးအေးလေးထိုင်ပြီး သူများတွေဒုက္ခရောက်အောင်၊ ပဋ္ဋိပက္ခတွေဖြစ်အောင် မမှန်သတင်းတွေဖြန့်ပြီးသွေးထိုးပေးနေတဲ့ လူတွေကိုပြောတာကွ။
katonea။       ။သြော်.. ဂလိုကိုး… အဲ့ဒီ့လူတွေကိုကျတော့ ဘိုးဘိုးကဘယ်လိုအပြစ်ပေးလဲ ဘိုးဘိုးတို့ နတ် Language နှင့်ပြောရလျှင် ဘယ်လိုကိုင်လဲပေါ့နော်
ဘိုးဘိုး။          ။အမှန်တော့ကိုင်စရာတောင်မလိုပါဘူး… သူတို့အချင်းချင်းရန်တွေဖြစ်.. ဆဲကြဆိုကြ ဒေါသတွေထွက်ကြနှင့် အိမ်သာတက်ဖို့တောင်.. ငါအိမ်သာတက်နေတုန်းဝင်ဆဲသွားရင် ပြန်ဆဲဖို့နောက်ကျသွားမယ်ဆိုပြီး စားကောင်းခြင်းမစားရ၊ အိပ်ကောင်းခြင်းမအိပ်ရပဲ အဆဲသံသရာထဲမှာ အကျဉ်းကျနေကြတာ။

( by မေ့ပါနိုင်)

Tuesday, September 18, 2012

လူထု

လူထုဆိုတာဟာ ဘာသာရေးမှိုင်း လူမျိုးရေးမှိုင်းတွေ အတိုက်ခံရပြီး ကမ္ဘာသူကမ္ဘာသားအချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြချိန်မှာ အရမ်းရုပ်ဆိုးပေမဲ့ ....လူထုဟာ အလုပ်သမားထု ဖြစ်သွားချိန်၊ လယ်သမားထု ဖြစ်သွားချိန်မှာ အရမ်းလှတယ်။
(စိတ်ထဲပေါ်လာတာလေး ကောက်ရေးလိုက်တာပါ။)

Sunday, September 16, 2012

စက်တင်ဘာ


ငါသာ တန်ခိုးရှင်ဖြစ်ရင်
(သေနတ်သံတွေ မပါစေရပဲ)
စက်တင်ဘာကို ပြန်အသက်သွင်း
ငြိမ်းချမ်းရေးတစင်း ဖန်ဆင်းမယ်။

အဲဒီ့လမင်းဟာ
ကမ္ဘာကြီးရဲ့ ကရုဏာကန်းတဲ့ ဒေသတွေမှာ
ခရီးလှည့်ပြီး သာရမယ်။
(ကောင်းကင်ကို)

ဟိုးအရင်တုန်းက ရေးခဲ့တဲ့ "ကြယ်တွေလွှတ်မယ့် သက်တန့်ရောင်စဉ်" ဆိုတဲ့ ကဗျာရှည်ထဲက ပြန်ထုတ်ထားတာပါ။ တပုဒ်လုံးကိုတော့ ကျနော်သိပ်မကြိုက်တော့လို့ပါ။

Friday, September 7, 2012

သံယောဇဉ်

သံယောဇဉ်ဆိုတာ
မွေးရင်းရလာတဲ့အနာ
တွေးရင်းလှလာတဲ့ကဗျာပဲ။
(ကောင်းကင်ကို)

Monday, September 3, 2012

 ပထမ အပိုဒ်ကတော့ ကျော်သူပြောတာ ဟုတ်ပါပြီ။ ဒုတိယအပိုဒ်၊ တတိယ အပိုဒ်နဲ့ စတုတ္ထ အပိုဒ်က ကျော်သူပြောတာလား၊ ပြည်တွင်း NGO ဝန်ထမ်းပြောတာလား? ရေးထားတာက မရှင်းဘူး ဖြစ်နေတယ်။  

((ရခိုင်ဒုက္ခသည်များကို အားပေး နှစ်သိမ့်မှု လိုဟု ဦးကျော်သူပြော))

ရခိုင် အိမ်မှာ လာပြီးတည်းတယ်......ရခိုင်အိမ်ကိုလည်း အပိုင်စီးချင်တယ်။

ကျွန်တော့်အနေနဲ့ လုံးဝလက်မခံပါဘူး။ လူဆိုတာ လူကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာရတယ်ဟု ဦကျော်သူ မှတ်ချက်ပြောကြား

သည်။

ရခိုင်ပြည်မှာ တဖက်နိုင်ငံကနေ တရားမဝင်လာရောက် ခိုးဝင်လာကြတဲ့ ဘင်္ဂလီတွေက အိမ်ရှင် ၇ခိုင် အိမ်တွေကို မီးရှို့ ရုံ နှင့် မကျေနပ်သေးဘဲ မိမိတို့နေအိမ်တွေကိုပါ မီး ရှို့ ထွက်ပြေးကြတယ်။

နိုင်ငံတကာ က ဒုက္ခသည် အဖြစ်မြင်အောင် လှည့်ကွက်ဆင်တယ်။ လူသားချင်းစာနာမှုအကူအညီတွေကို မျှော်ကိုးကာ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့အစည်း၊ ယူအန် နှင့် မးဆလင် နိုင်ငံများက ပိုပြီးကောင်းမွန်သော အကူအညီတွေကို ရမယ်ဆိုပြီးတော့ ရခိုင်အိမ်သာမက မိမိအိမ်တွေကို မီးရှို့မှုတွေ လုပ်နေကြတာ။

ဒါအရမ်းဆိုးဝါးတဲ့ လုပ်ရပ်ပဲဖြစ်တယ်။ ဘင်္ဂလီမူဆလင်တွေ စိတ်ဓာတ် အောက်တန်းကျတာကို ဖော်ပြလိုက်တာပဲ။ သနားစရာ ဟန်ဆောင်ပြီး ကမ္ဘာမှာ နေစရာ မရှိ နေရာပျောက် နေတဲ့ ဒုက္ခသည်အဖြစ် ကမ္ဘာကို လိမ်ညာတယ်။ ရိုဟင်ဂျာ ဆိုပြီး အည်တပ်ကာ မြန်မာ တိုင်းရင်းသား ဆိုပြီး လိမ်ညာတယ်။ အရမ်းစက်ဆုပ် ရွံရှာဖွယ် အလိမ်အညာထုပ်တွေ နှင့် သနားစရာ ဗန်းပြကာ အကြမ်းဖက် မှုတွေကို ဆက်တိုက်ခံနေရတဲ့ ၇ခိုင်ပြည်သူတွေ ဘက်ကနေ ကိုယ်ချင်းစာ နားလည်ပေးရမယ်။ ရခိုင်ပြည်ကို ခေတ်အဆက်ဆက် လူမျိုးခြား၊ ဘာသာခြား ဝါးမျိုခြင်းမခံရအောင် ရခိုင်ပြည်သူတွေ စောင့်ထိန်းကာကွယ် ခဲ့သော်လည်း ခေတ်အဆက်ဆက် အာဏာရှင် အစိုးရက ရခိုင်ပြည်သူတွေကို လျှစ်လျူ ရူကာ အမျိုးသားကို မတွက် ဘဲ ငွေမျက်နှာ တခုတည်းကြည့်ကာ ၇ခိုင်ပြည်တွင်းသို့ ဘင်္ဂလီ မူဆလင်တွေ တရားမဝင် အမြောက်အမြင်းဝင်လာခဲ့ကြတယ်။ ရခိုင်တွေ မနာရင် ဘယ်သူတွေနာမှာလဲ။ ၇ခိုင်မြေ မှာ ရခိုင်လူမျိုးတွေ ဘာသာခြား ၊ လူမျိုးခြား ကျူးကျော် ရန်စမှုတွေကို ၇ခိုင်တွေ ဘယ်လို သည်းခံနိုင်မှာလဲ။

ဘင်္ဂလီမူဆလင်တွေ လုပ်ရပ်ဟာ အမျိုးဘာသာ၊ သာသနာကို စောင့်ထန်းကာကွယ်ကြတဲ့ ရခိုင်ပြည်သူ နှင့် လက်ရှိအစိုးရကို ပါ ကမ္ဘာက အထင်အမြင်တွေ သေးအောင် အကွက်ကျကျ စီမံ တိုက်ခိုက် အကြမ်းဖက်မှု လုပ်ရပ်တွေ လို့သုံးသပ်မိတယ်။ ဒါကို ကျွန်တော့်အနေဖြင့် လုံး၀ လက်သင့်ခံ ခွင့်လွတ်ပေးလို့မရဘူး။ အစိုးရအဖြေင့် တရား ဥပဒေအရ မိမိ ပြည်သူ ရခိုင် လူမျိုးတွေကို ကာကွယ်ပေးြီး တရားမဝင် ခိုးဝင်လာပြီး အကြမ်းဖက်နေတဲ့ ဘင်္ဂလီတွေကို တရားဥပဒေအရ စုံစမ်းစစ်ဆေးပြီး ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်ဟု ပြည်တွင်း NGO တဦးမှ မှတ်ချက်ပေးသည်။

ဦးကျော်သူနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သြဂုတ် ၂၄ရက်တွင်သွားရောက်ခဲ့ပြီး စစ်တွေ၊ မောင်တော နှင့် ဘူးသီးတောင် ရှိ ဒုက္ခသည် စခန်းများကို ဆန်အိတ်များ၊ အဝတ်အထည်များ လှူဒါန်ခဲ့ကြောင်း စစ်တွေ နာရေး ကူညီမှု အသင်းမှ သိရှိရသည်။

Facebook က ဟာကို blog မှာ back date နဲ့ ပြန်တင်တာပါ။ 


Friday, August 31, 2012

တရက်ပြက္ခဒိန်



 
ပုံကို http://www.coated.com/wp-content/uploads/2009/01/one-a-day-napkins-calendar-2.jpg ကနေ ယူထားတာပါ။

တရက်ပြက္ခဒိန်
အပြန်အလှန် လေးစားမှုက
တုတ်တုတ်မျှ မလှုပ်တော့ဘူးဆိုရင်
တနိုင်ငံလုံး မီးကွင်းဂမုန်းတွေ စိုက်ဖို့ပဲ ကျန်တော့တယ်။

ဘယ်လိုစမ်းစမ်းဆိုတဲ့ တရား
ဟောကြားသူနာမည် မပါတဲ့အခါ
ဓမ္မကထိက တချို့တောင် လက်မခံခဲ့။

ခေတ်မီနိုင်ငံဖြစ်ရေးဆိုတဲ့ အိပ်မက်နဲ့
ခါးထောက်နေတဲ့ ပုံသဏ္ဍန်ထဲမှာ
learn လုပ်စရာတွေထက်
unlearn လုပ်စရာတွေ ပိုများတယ်။

၃၆၅ ရွက်နဲ့
တရက်ပြက္ခဒိန်လိုပေါ့
နေ့စွဲဟောင်းတွေကို မေ့ဖို့မလိုပေမဲ့
စာမျက်နှာသစ်ဖွင့်လှစ်ဖို့
စာမျက်နှာဟောင်းတွေကို ဆွဲဆုတ်ပစ်ရမယ်။
(ကောင်းကင်ကို)

Tuesday, August 28, 2012

ဆင့်ကဲဖြစ်စဉ်


ခေတ်မောင်းဂျာနယ်  အတွဲ (၁) အမှတ် (၄) ထဲမှာ ကျနော် ရေးခဲ့တဲ့ ကဗျာပါ။ ခေတ်မောင်း ဂျာနယ်တစောင်လုံးကို  ဒီမှာ download လုပ်လို့ ရပါတယ်။

ဆင့်ကဲဖြစ်စဉ်
အဟိံသ လက်နက်ပုန်း
ထုတ်သုံးခြင်းမဟုတ်ဘူးဆိုရင်
ဘယ်ဘက်ပါးရိုက်တိုင်း ညာဘက်ပါး ထိုးပေးခြင်းဟာ
ဆက်ကပ်ထဲက ခြင်္သေ့။

ရှစ်လေးလုံးပွဲအတွက်
၁၀ သိန်းပေးလာတဲ့ အလွဲမှာ
လူတချို့ လက်ခုပ်တီးတာက
ဓါတ်ပုံထဲမှာကျ လက်အုပ်ချီသလို ဖြစ်သွားတယ်။

ဒုက္ခသည်ရဲ့ နာမည်က
မြန်မာ့ ဒီမိုကရေစီပါ
မွေးတုန်းက ပါးစပ်ပါမလာရှာဘူး။

ဆင့်ကဲဖြစ်စဉ် တခုအကြောင်းပြောပြမယ်
သူတို့ လက်ခုပ်ထဲက ဖန်ကွဲစ
“တုံဏှိဘာဝေကန်”ထဲကျသွားပြီ။

သမ္မတကြီးကို တိုင်တည်လိုက်၊ ငယ်သားတွေကို တွယ်လိုက်နဲ့
မီဒီယာဆိုတဲ့ ဇာတ်ကောင်လား?
အရင်တုန်းကတော့ သူက တေမိမင်းသား
အခု အရမ်းစကားများတယ်။
(ကောင်းကင်ကို)

Thursday, August 16, 2012

အမျိုးသားဆိုတဲ့ စကားလုံး


ရှစ်တန်းတုန်းက ဒုတိယ ကမ္ဘာစစ် ဖြစ်ရခြင်း အကြောင်းရင်း လေးခုကို ကြက်တူရွေးလို အလွတ်ကျက်ရတော့ အဲဒီ့အကြောင်းအရင်းလေးခုကို မမေ့အောင် “ကိုမျိုးမဟာလက်နက်” ဆိုပြီး ဆရာက အလွယ်မှတ်ခိုင်းတယ်။ ကို…ဆိုတာက ကိုလိုနီ နယ်မြေများ အပြိုင်အဆိုင် ရှာဖွေခြင်း၊ မျိုး…ဆိုတာက အမျိုးသားရေး စိတ်ဓါတ်များ ပြင်းထန်လာခြင်း၊ မဟာ…ဆိုတာက မဟာမိတ်စစ်အုပ်စုများ အပြိုင်အဆိုင် ဖွဲ့စည်းခြင်း၊ လက်နက်…ဆိုတာက စစ်လက်နက်များ အပြိုင်အဆိုင်တပ်ဆင်ခြင်း

          အဲဒီ့မှာ မြန်မာနိုင်ငံက လူတွေ သတိပြုသင့်တာက ဒုတိယ အချက်ဖြစ်တဲ့  အမျိုးသားရေး စိတ်ဓါတ်များ ပြင်းထန်လာခြင်း ဆိုတဲ့ အချက်ပဲ။ ဒုတိယ ကမ္ဘာစစ်ကြောင့် လူတွေ သန်းနဲ့ချီပြီး သေဆုံးရ၊ ဒုက္ခရောက်ရတဲ့ အတွက် ကမ္ဘာစစ်ဆိုတာ ဒီနေ့ တွေ့နေရတဲ့ သာမန်အကြမ်းဖက်မှု တခုထက်ကို အများကြီး ပြင်းထန်ပြီး အများကြီး အန္တရာယ်ကြီးပါတယ်။ အစိုးရတွေက ဦးဆောင်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ အပါအဝင် အကြမ်းဖက်မှုတွေကလည်း အမျိုးသားရေး အစွန်းရောက်မှုကို အခြေခံနေတတ်ပါတယ်။

ဒီတော့ အမျိုးသားရေး ဆိုတဲ့စကားလုံးပါတိုင်း အကောင်းမှတ်မနေပါနဲ့။ နာဇီဝါဒကို မျက်နှာဖုံးစွပ်ထားတာမျိုးလည်း ဖြစ်တတ်တယ်။ ခုကတော့ အမျိုးသားဆိုတဲ့ စကားလုံးကို နေရာတကာ သုံးစွဲပြီး ကိုယ့်လုပ်ရပ်တွေကို အကာအကွယ်လုပ်ကြ နေရာတကာမှာ အကောင်းထင်နေကြတယ်။ အမျိုးသားရေး၊ အမျိုးသားအကျိုးစီးပွါး၊ အမျိုးသား နိုင်ငံရေး စသည်ဖြင့် လိုအပ်တာထက် ပိုပြီး နေရာတကာ ထပ်တလဲလဲ သုံးစွဲလာကြတယ်။ “အမျိုးသား နိုင်ငံရေး” ဆိုတဲ့ စကားလုံးကို တဖွဖွ သုံးလာကြပြီး ကမ္ဘာပေါ်က ပါတီနိုင်ငံရေး လုပ်နေသူ မှန်သမျှပဲ လူယုတ်မာ လိုလို အမျိုးသား နိုင်ငံရေး ဆိုတာကြီးကသာ တခုနည်းသော ကောင်းမွန်တဲ့ နိုင်ငံရေး လိုလို ပြောလာကြ ထင်လာကြတာကလည်း ရှိသေးတယ်။ တကယ်က အမျိုးသားရေးကို တရားလွန် ဇောင်းပေးလွန်းတဲ့ နိုင်ငံရေး ဆိုတာ ဖက်ဆစ်နိုင်ငံရေးပါ။

မြန်မာနိုင်ငံမှာတော့ “အမျိုးသား” ဆိုတဲ့ စကားလုံး ဘယ်လောက် အထိတောင် ဖောင်းပွနေသလဲ ဆိုရင် ပါတီနာမည်တွေကို ကြည့်လိုက်။ အမျိုးသား မပါတဲ့ နာမည်က ခပ်ရှားရှား။ အမယ်...အမျိုးသားနဲ့ ဒီမိုကရေစီကိုတောင် တွဲလိုက်ကြသေးတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကနေ ခွဲထွက်ကြတော့ ခွဲထွက်တဲ့ ပါတီရဲ့ နာမည်က အမျိုးသားဒီမိုကရေစီအင်အားစု တဲ့။ ဟော..အဲဒီ့က တခါ ထပ်ခွဲထွက်ပြန်တော့ အမျိုးသား ဒီမိုကရေစီ ပါတီသစ်တဲ့။ ဖန်တရာတေနေတဲ့ အသုံးအနှုန်းတွေ၊ ဆင်တူယိုးမှား လုပ်ပြီး ပုံမှားရိုက်လိုစိတ်တွေကနေ မလွတ်မြောက်ကြသေးဘူး။ လူကြိုက်များမယ့် နာမည်ကို အလွယ်တကူ ယူသုံးလိုက်ကြတယ်။ နေရာတကာ အမျိုးသား ဆိုတဲ့ စကားလုံးကို တဖွဖွ သုံးလာကြတော့ တကယ်သုံးသင့်တဲ့ အခါမျိုးမှာတောင် တန်ဖိုးမရှိတော့ဘူး။

ဒါပေမဲ့ အဲဒီ့ပါတီတွေ အများစုရဲ့ နာမည်တွေနဲ့ သူတို့ ကျင့်သုံးတဲ့ ဝါဒကတော့ များသောအားဖြင့် ကိုက်ပါတယ်။ ပါတီနာမည်တွေမှာ “အမျိုးသား” ဆိုတာ ပါသလို ကျင့်သုံးကြတာကလည်း (များသောအားဖြင့်) ကျဉ်းမြောင်းတဲ့ အမျိုးသားရေး ဆန်နေကြလို့ပါပဲ။

ကဲ…ရေးရင်းနဲ့ အပေါ့သွားချင်လာပြီ။ “အမျိုးသားအိမ်သာ” ကို သွားလိုက်ဦးမယ် :D

ပုံ/ ခရေငယ်ရဲ့ အမျိုးသား

(ကောင်းကင်ကို)

Saturday, August 11, 2012

စစ်ရာဇဝတ်ကောင် ဖွင့်ချတဲ့ ဥာဏ်နီဥာဏ်နက်


Goering: ပင်ကိုသဘာဝအားဖြင့် သာမန်လူတွေဟာ စစ်ကို အလိုမရှိကြပါဘူး။ ရုရှားက လူတွေပဲ ဖြစ်ဖြစ်၊ အင်္ဂလန်၊ အမေရိက၊ ဂျာမနီကလူတွေပဲ ဖြစ်ဖြစ် [ပင်ကိုအားဖြင့် စစ်ကို အလိုမရှိကြပါဘူး။] ဒါကို လူတိုင်း နားလည်ပြီးသားပါ။ တကယ်တမ်းမှာ စစ်ကို အလိုရှိကြသူတွေဟာ နိုင်ငံတွေရဲ့ မူဝါဒတွေကို ချမှတ်ပြဌာန်းကြတဲ့ ခေါင်းဆောင်တွေပဲ ဖြစ်ပြီးတော့...လူတွေကို [စစ်တိုက်ချင်လာအောင်] ဆွဲဆောင်စည်းရုံးဖို့ ကိစ္စဟာ…ဒီမိုကရေစီ နိုင်ငံမှာပဲ ဖြစ်ဖြစ်၊ ဖက်ဆစ် အာဏာရှင် နိုင်ငံမှာပဲ ဖြစ်ဖြစ်၊ ပါလီမန် စနစ်ကျင့်သုံးတဲ့ နိုင်ငံမှာပဲ ဖြစ်ဖြစ်၊ ကွန်မြူနစ် အာဏာရှင် နိုင်ငံမှာပဲ ဖြစ်ဖြစ် ရိုးရှင်းလွယ်ကူလှတဲ့ ကိစ္စတခုပဲ ဖြစ်ပါတယ်။

Gilbert: မတူတာ တခုတော့ ရှိပါတယ်။ ဒီမိုကရေစီ စနစ်မှာ ပြည်သူတွေဟာ သူတို့ ရွေးကောက် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကနေ တဆင့် ပါဝင် ပြောဆိုဆုံးဖြတ်ခွင့် ရှိပြီးတော့ အမေရိကန် ပြည်ထောင်စုမှာ ဆိုရင်လည်း ကွန်ဂရက်လွှတ်တော်ကပဲ စစ်ကြေငြာခွင့် ရှိတာပါ။

Georing: အိုး!…အဲဒါက ကောင်းပါတယ်။ ဒါပေမဲ့ ပြောဆိုခွင့် ရှိရှိ မရှိရှိ… ခေါင်းဆောင်းတွေ အလိုရှိတဲ့နောက်ကို သာမန်ပြည်သူတွေ လိုက်လာအောင် အမြဲတမ်း အလွယ်တကူ လုပ်နိုင်ပါတယ်။ လုပ်ရမှာတွေကတော့ သူတို့ကို “အတိုက်ခိုက် ခံနေရတယ်” ပြောပြလိုက်ပြီး စစ်ဆန့်ကျင်ရေးသမားတွေကိုတော့ မျိုးချစ်စိတ် ကင်းမဲ့သူတွေအဖြစ် ပြင်းပြင်းထန်ထန် စွပ်စွဲလိုက်ပါ။ တိုင်းပြည်ဟာ အန္တရာယ်တွေကြားမှာ အကာအကွယ်မဲ့နေကြောင်း ပြောလိုက်ပါ။ အဲဒီ့နည်းဟာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် (တူညီစွာ) အလုပ်ဖြစ်ပါတယ်။
http://en.wikiquote.org/wiki/Hermann_G%C3%B6ring
(ဘာသာပြန်သူ...ကောင်းကင်ကို) 

Goering: Naturally, the common people don't want war; neither in Russia nor in England nor in America, nor for that matter in Germany. That is understood. But, after all, it is the leaders of the country who determine the policy and it is always a simple matter to drag the people along, whether it is a democracy or a fascist dictatorship or a Parliament or a Communist dictatorship.

Gilbert: There is one difference. In a democracy, the people have some say in the matter through their elected representatives, and in the United States only Congress can declare wars.

Goering: Oh, that is all well and good, but, voice or no voice, the people can always be brought to the bidding of the leaders. That is easy. All you have to do is tell them they are being attacked and denounce the pacifists for lack of patriotism and exposing the country to danger. It works the same way in any country.