Tuesday, June 29, 2010

အကြွင်း

လက်ယပ်ခေါ်နေတဲ့ အိပ်မက်လေးကိုတည်
ဘဝနဲ့ ရင်းပြီး စားကြည့်လိုက်တာ
ရလဒ်က သုညနဲ့ 
အမာရွတ်တွေ ကြွင်းခဲ့တယ်။
ကောင်းကင်ကို

Wednesday, June 23, 2010

ငါမဟုတ်ဘူး

လူတယောက်
၂၄နာရီ စက်ဝိုင်းကို ပတ်ပြီး
တာစထွက်ခဲ့တဲ့ နေရာဆီကို ပြေးနေတယ်။
ပြေးနေတာကလည်းငါ။
ရပ်နေတာကလည်းငါ။

ဓားတလက်
သွေးရင်းတန်းလန်းနဲ့ သံချေးတက်နေတယ်။
သွေးနေတဲ့ သူကလည်းငါ။
ဓားကလည်းငါ။
သံချေးကလည်းငါ။

ပါးကွက်သားတယောက်
ပစ္စုပ္ပန်တံခါးကို လာခေါက်နေတယ်။
ပါးကွက်သားကလည်း ငါ။
အပြစ်သားကလည်း ငါ။

ကဗျာတပုဒ်
စိတ်အိုက်အိုက်နဲ့ ခေါင်းကုတ်နေတယ်။
စပ်တဲ့သူကလည်းငါ။
ဖတ်တဲ့သူကလည်းငါ။
နားမလည်တဲ့သူကလည်းငါ။

မှန်တချပ်
ငါ့ရှေ့တည့်တည့်မှာ လာရပ်နေတယ်
မှန်ထဲက မျက်နှာ
အဲဒါ ငါမဟုတ်ဘူး။
ကောင်းကင်ကို

Friday, June 18, 2010

ကဗျာရွတ်သံ

ဗွီအိုအေမှာ ပြီးခဲ့တဲ့နှစ်က ဆရာမ ဒေါ်မေငြိမ်း စီစဉ် တင်ဆက်ထားတဲ့ ဒေါ်စုရဲ့ ကဗျာပါ။ ဒေါ်စုရဲ့ ကဗျာနောက်မှာ ဗွီအိုအေက ကိုသားညွန့်ဦး ရွတ်ဆိုပေးထားတဲ့ ကျနော့်ရဲ့ ကဗျာလည်း ပါပါတယ်။

Get this widget | Track details | eSnips Social DNA

Friday, June 11, 2010

ပွင့်ဖတ်ဝတ်ဆင်ထားတဲ့ကျောက်

လူအုပ်ကြားထဲမှာမှ
အထီးကျန်မှု အနံ့က ရတာ။
ငါကိုယ်တိုင် နားမထောင်ချင်တဲ့ စကားတွေ
ရွှန်းရွှန်းဝေအောင် ပြောနေရတယ်။

ငါ့ကို ငါမဆန်ဖို့
ငါ့ကိုယ်ငါ ဆန်တက်
မျက်နှာဖုံး တခု တပ်လိုက်မှ
အားလုံးမှတ်မိသွားကြတယ်။
ကောင်းကင်ကို

Monday, June 7, 2010

"မိုမို"ရေ..."ဟူး"

(၁)
တခါတခါ
လူ့ဘဝက
‘ငါး’ဘဝထက် ဆိုးတယ်
မျှားထားတဲ့ အစာမှန်း သိသိကြီးနဲ့
အလုအယက် ဟပ်နေရတယ်။

(၂)
တခါတခါ
လူ့ဘဝက
ဆင်လိမ္မာ ဘဝထက် ဆိုးတယ်။
မလိုအပ်ပဲ အခေါ်ခံရလည်း လိုအပ်လာရင်
‘ဘုရား’ထူးရသေးတယ်။

ကိုယ့်အကြောင်း အမှတ်တံဆိပ်ကို
လောက က ခတ်နှိပ် ပေးလိမ့်မတဲ့။
ဒီလိုနဲ့လူတွေဟာ
လက်ခံမှု၊ လက်မခံမှုတွေ အလိုကျ
မျက်လုံးဖွင့်ချိန်ကနေ ပိတ်ချိန်အထိ
ဆင်လိမ္မာလို ကပြနေရတာပဲ။

(၃)
သြော်..
ကိုယ်မြင်နေကျ သတ္တဝါတွေလည်း မဖြစ်ချင်
လူ့ဘဝကိုလည်း အားမရနဲ့…
လူတွေဟာ
ကောင်းကင်ဘုံနဲ့ နတ်ပြည်တွေကို စိတ်တိုင်းကျ ဖန်ဆင်း
ဟော…ကြည့်လိုက်!
အာကာသ အမှောင်ဟာ
ရွှေရောင် တဝင်းဝင်းနဲ့။
ကောင်းကင်ကို

Tuesday, June 1, 2010

D..မို..က..ရေ..C

(၁)
တောင်းယူလို့လည်းမရ
တိုက်ယူလို့လည်းမရ
ကျင့်ယူမှ ရမယ့်အရာ။

ဒါပေမယ့် အဲဒီ့ ကျင့်ခြင်းမှာ
တောင်းတာရော
တိုက်တာရော
ကျင့်တာပါ ပါမယ်။

(၂)
သူ့နောက် သူလိုက်ရင်း
အရှိန်သတ်မရတတ်တဲ့ ဇာတ်ကောင်မှာ
သူ့ကိုယ်သူ သတ်သေတတ်တဲ့ သဘာဝလည်းရှိတယ်။

(၃)
ရေစီးကမ်းပြို စေတနာနဲ့
ပန်းမကြိုက်သူတွေရဲ့ခြံထဲမှာ
နှင်းဆီတွေ အတင်းသွားစိုက်ဖူးတယ်၊
ရိုက်လွှတ်မခံရတာ ကံကောင်း။

(၄)
ဂရိရာဇဝင်ကို ပြန်ကြည့်လိုက်တော့
မဲပုံးထဲက လျှံထွက်လာတဲ့ အမည်းတစက်
ဆိုကရေးတီး လက်ထဲက အဆိပ်ခွက်ပေါ့။

(၅)
ချီတက်ကြပါစို့
လက်ပါတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒ ကနေ
သက်ညှာတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒဆီသို့။
ကောင်းကင်ကို