Tuesday, September 28, 2010

သိုးဖြူထဲက သိုးဖြူ

ငယ်ငယ်လေးကတည်းက
ကိုယ့်ခေါင်းကိုယ်ဖြတ်
လှောင်အိမ်ထဲမှာ ကိုယ်တိုင်သော့ခတ်ခဲ့သူ။

ငယ်ငယ်လေးကတည်းက
ကိုယ့်နှလုံးသား ကိုယ်ထုတ်
ကကြီးခကွေးစည်းချက်တွေအတိုင်း ခုတ်ဖို့။

ငါလား?
ကိုယ့်ကိုယ်ကို ရင်ခွင်မှာပိုက်ရင်း ပျောက်ဆုံး
မျက်နှာပေါ်မှာတော့ အသိုင်းအဝိုင်းကြိုက် မျက်နှာဖုံးနဲ့။

ငါလား?
ကိုယ့်ကိုယ်ကို မျက်ခြည်ပြတ်
ငါနဲ့ အဝေးဆုံးမှာ ရပ်နေတဲ့သူ။

ဒီလိုနဲ့
ငါ့ကို ငါက ပြောတယ်။
ဟေ့ကောင်
မင်းကိုယ်မင်း မှန်ထဲမှာပြန်ကြည့်
လူ့သမိုင်းတခုလုံး ပိနေတယ်။
ကောင်းကင်ကို

Thursday, September 23, 2010

ဧည့်သည် (၂)

‘ဆုံစည်းမှု’ ပန်းခင်းတိုင်းရဲ့အောက်မှာ
‘ကွဲကွာမှု’ ချောက်တခု ရှိမှန်းသိလျက်နဲ့
ငါ့ခြေဦးတွေကို အဲဒီ့ဆီ တည့်တည့်
ပြတ်ပြတ်သားသား ဆွဲလှည့်ခဲ့ဖူးတယ်။

Romantic သံပတ် တင်းအားနဲ့
ဟိုး သက်တန့်နားထိ ရောက်အောင်ပျံခဲ့တယ်။
မြင့်လေလေ အကျနာလေလေမှန်း သိလျက်နဲ့။

ခုတော့ ငါ့မျက်နှာဟာ
အချိန်ခန့်မှန်းလို့ ရနိုင်တဲ့နာရီတလုံးပေါ့
တဖြည်းဖြည်းချင်းညှိုး
သြော်…ခွဲခွာခြင်းနာရီ ထိုးတော့မယ်။

ငါ့ဘဝ အခန်းဆက်ဇာတ်လမ်းတွဲမှာ
အပိုင်းတိုင်းဟာ happy ending နဲ့ လွဲခဲ့
ဇာတ်လမ်းအလယ်မှာတင် အကြိမ်ကြိမ်ဇာတ်သိမ်း
“Goal” ဆိုတဲ့ အသံဟာ ငါနဲ့တော်တော်စိမ်းတယ်။

အလွမ်းနှစ်ပေါင်းများစွာ ကွာဝေး
အချိန်ဇယားနဲ့ ငေးရတဲ့ လမင်းလေးပါလား။
အိပ်မက်တွေ တဘဝစာချုံ့ထည့်ထားတဲ့ ရက်စွဲ
ပြက္ခဒိန်ပေါ်က ကျကွဲသွားပြီ။

လျှပ်နှစ်စင်း အငြိ
အပ်နှစ်စင်းလည်း အထိမှာ
ဒုလ္လဘလေးတခုကို တဲတဲလေး ဖမ်းမိခဲ့လည်း…

ခဏဆုံဆည်းခွင့်ဆိုတာ
နေသားကျပြီးထုံနေတဲ့ အထီးကျန်ခြင်းအနာပေါ်ကို
တုတ်လေးတချောင်း ပြုတ်ကျလာခြင်းပါပဲ။

မှောင်မည်းအေးစက်နေတဲ့ မုတ်သုံမှာ
လူတယောက် သူ့စိတ်နဲ့သူ မီးလှုံနေတုန်း
ကောင်းကင်တခွင်မှာ
ညကိုမှောင်နေမှန်း သိသာစေရုံသက်သက်
လျှပ်စီးလေးတချက် မစို့မပို့ လက်လိုက်တော့…
ညဟာ နဂိုကထက်တောင် ပိုမှောင်သွားသလိုလို….

သြော်..
ငါ့ဝိညာဉ်တခြမ်းကို
လေယာဉ်ပျံတစင်းက ပြန်ပေးဆွဲသွားပြီ။
ကောင်းကင်ကို

ဧည့်သည် (၁) ကတော့ ဒီမှာ ပါ။

Saturday, September 18, 2010

မျက်လုံးများဖြင့် နားထောင်ခြင်း

‘ကြွားလုံး’ကို ဝိုင်းဖွဲ့ခတ်နေကြတဲ့ လျှာတွေကြားမှာမှ
လူ့ယဉ်ကျေးမှုက ငါ့ကိုပစ်ချသွားတယ်။

လက်ထဲက ပုလင်းကိုပဲ
လည်ပင်းညှစ်လိုက်ပါတယ်။

ငါ
နားတွေမှိတ် မျက်လုံးတွေစွင့်
လူတွေကြားထဲ အိပ်တတ်ဖို့ကျင့်ရဦးမယ်။
ကောင်းကင်ကို

Wednesday, September 15, 2010

ဆု

နောက်ကိုပြန်ပေးမှပဲ
ကိုယ့်ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲ
လွဲနေကျခြေထောက်က တည့်တော့တယ်။

နောက်ကိုပြန်ပြေးမှပဲ
ကိုယ့်အရှိန်နဲ့ ကိုယ်လဲ...
နဖူးကလည်းကွဲသေးတယ်။
သူရဲကောင်းဖြစ်ခွင့်လည်း လွဲသေးတယ်။
ကောင်းကင်ကို

Friday, September 10, 2010

ထွက်ပေါက် + ယုံချင်စရာကြီး


ထွက်ပေါက်
ကိုယ့်ကိုယ်ကို လက်ခုပ်တီးလိုက်ပါတယ်။
တချက်အထိုးနှက် ခံရလိုက်တိုင်း
ငါ့အော်သံတွေ ပဲ့တင်အက်ကွဲ
ပြောစမ်း…ငါ့လောက်သဘာဝကျတာ ဘယ်သူရှိသေးလဲ။
ကောင်းကင်ကို

ယုံချင်စရာကြီး
Alcohol အရည်တွေ ထည့်ထားတဲ့ ပုလင်း
တခုတည်းသော ငါအကြွင်းမဲ့ယုံစရာ သတင်းပေါ့။
ရီဝေစေလိမ့်မယ်ဆိုတဲ့ information ဟာ
ရာနှုန်းပြည့်သေချာတယ်။
ကောင်းကင်ကို

Sunday, September 5, 2010

ီDo or Commit? နှင့် အခြားကဗျာများ


Do or Commit?

ကိုယ့်ကိုယ်ကိုလှူရင်တော့
လှူခြင်း အထမမြောက်ဘူးတဲ့။
အပယ်ခံသားတယောက်
ကိုယ့်နားထင်ပေါ်ကိုယ် သေနတ်မောင်းအဖြုတ်
အဲဒီ့မှာ ဇာတ်လမ်းရှုပ်တော့တာပဲ။
ကောင်းကင်ကို

တဘက်သတ်ဆိုရင်
အတွေးတွေကို တောင်ပံလိုဖြန့်
၂၂၀၀ ခုနှစ်ဆီ ခရီးဆန့်လိုက်တယ်။
သက္ကရာဇ် အဝင်ဝမှာ
ကျနော်အဖမ်းခံလိုက်ရပါတယ်။
စိတ်ကြွဆေးလက်ဝယ်တွေ့ရှိမှုတဲ့
၂၀ ရာစု သမိုင်းစာအုပ်လေးတအုပ် သယ်သွားမိရုံနဲ့။
ကောင်းကင်ကို

သိမှုတို့ရဲ့ သဘော
ကောင်မလေးတယောက်ပေါ့
သူများ ပါးစပ်တွေကို
မျက်မှန်လိုတပ်ပြီး ငါ့ကိုအကြည့်
လူဆိုးတယောက်အဖြစ် သိသွားတယ်။
ကောင်းကင်ကို

Wednesday, September 1, 2010

ကဗျာတိုလေးများ

အရူး
မရူးတော့ဘူး
အားလုံးရူးနေမှတော့
သြော်…မထူးတော့ဘူး။
ကောင်းကင်ကို

ဘာသာရေးတို့ စေတနာ
နေလုံးကြီးနဲ့တူတဲ့ အမှန်တရား
ငါ့ခေါင်းပေါ်တည့်တည့်ရွက်ထားလို့ဖြစ်ပါ့မလား
ငါ့အရိပ်တွေ
သိပ်တိုနေလိမ့်မယ်။
ကောင်းကင်ကို

အငြင်းပွါးစရာကြီး
ဒီကိစ္စမှာ
မင်းဦးနှောက်ကိုလည်း စာအုပ်တအုပ်က အုပ်ချုပ်တယ်။
ငါ့ဦးနှောက်ကိုလည်း စာအုပ်တအုပ်က အုပ်ချုပ်တယ်။
သုံးဒေါ်လာကျော်တန်ခြင်းအတူတူ
ဘာလို့တမူးပိုရှူမလဲ။
ကောင်းကင်ကို

ယဇ်
သတ္တဝါတွေကို သတ်ပြီးပူဇော်ရတဲ့ယဇ်
လူအချင်းချင်းသတ်ပြီး ပူဇော်နေကြတဲ့ယဇ်
အဲဒါတွေထဲမှာ
အားလုံးရဲ့အမြစ်
ဦးနှောက်ကို ပူဇော်လိုက်ရတဲ့အဖြစ်က အဆိုးဆုံးပဲ။
ကောင်းကင်ကို

ပဋိပက္ခ
ကိုးကွယ်စရာတွေ ဆိုတာ
မျက်လုံးမှိတ်လိုက်မှသာ မြင်ရတာ။

ဒီလိုနဲ့ 
တယောက်အမှောင်ကို တယောက်က
မီးထိုးလိုက်တဲ့အခါ…..
ကောင်းကင်ကို

လောက အပြင်ဘက်က ကောင်းကင် အရောင်းဆိုင်
ဆိုင်ရိပ်ခိုလာသူ မှန်သမျှ
အမောပြေ စိတ်တိုင်းကျ သောက်ဖို့ 
ရေကြည်အေးတို့ တည်ခင်းထားပါတယ်။

Menu ကို ဖတ်ကြည့်လိုက်တော့…

“အနာဂတ်တွင်
သင်ယုံကြည်ရာ မှာယူ သုံးဆောင်နိုင်ပါလိမ့်မည်။
ယနေ့ ဘာမျှ မရပါ။”
ကောင်းကင်ကို

ခေတ်ပြောင်းလဲတပ်ဆင်မှု အနုပညာ
သားသမီးပေးလိုက်တယ်ဆိုတဲ့ အလှူကို
အခုခေတ်ထဲမှာ ထည့်ခလောက်ကြည့်တယ်။
ခေတ်ကြီးကိုက child rights တွေ ဘာ rights တွေနဲ့
အနှိုင်းမဲ့ပါရမီများ
သူ့ခေတ်သူသာ ဝတ်ပါစေ။
ကောင်းကင်ကို

ငါးမရတဲ့အတူတူ
ရေစက်လေး တစက်ကလည်း
ပင်လယ်ထက် ကျယ်ချင်ကျယ်မယ်။
ဖြစ်စေချင်တဲ့ ဆန္ဒတွေကို
ရသတွေနဲ့ ထုပ်ပိုးထားတယ်။
ကဲ..တရားမရလည်း
အနုပညာချိုးပြီးပြန်မယ်။
ကောင်းကင်ကို

ခုရက်ပိုင်း ရေးဖြစ်တဲ့ ကဗျာတိုလေးတွေကို ကဗျာဟောင်းတချို့နဲ့ ရောပြီး အတူတူ ပြန်တင်လိုက်တာပါ။