Thursday, July 7, 2011

ဘာသာမဲ့ ကဗျာဆရာရဲ့ နိဗ္ဗာန် (by မင်းတစေ)

" ကြင်နာသူရေ မေမပါရင် နိဗ္ဗာန်တောင်
ကိုယ်လေတစ်ကိုယ်ရည် မရောက်ချင်ပါ"
ဂျောက်......................................။

ချစ်သူက စိတ်ရှုပ်သွားသလိုနဲ့
သီချင်းကို လှမ်းပိတ်လိုက်ပြီး
နားမလည်မှု မျက်ဝန်းအစုံကို
သူ့ဘက်လှမ်းဝင့်လိုက်တယ်။

တင်းတင်းစေ့ထားတဲ့ သူမရဲ့ နှုတ်ခမ်းတွေ
ပြေလျော့သွားတာနဲ့ တပြိုင်နက်
ဆွဲလဲသံချိုမြမြတွေ သူ့နားတွေက တဆင့်
သူ့နှလုံးသားထဲကို ထိုးဖောက်ဝင်ရောက်လာတယ်
"နိဗ္ဗာန်ဆိုတာဘာလည်း ကိုကို"တဲ့။

အော်......................ဒါလား
နားထောင်စေ..ကောင်မလေးရေ
သူတို့တွေပြောကြတာတော့
နိဗ္ဗာန်ဆိုတာ ချစ်ခြင်းနဲ့ လွမ်းခြင်းတို့ ကင်းလွတ်ရာ
ငြိမ်းချမ်းတဲ့ နယ်မြေတစ်ခု...တဲ့။

ဟုတ်လား.......................
ဒါဆိုပျင်းစရာကြီးပေါ့နော်။

အသေအချာပေါ့..ချစ်သူ
အချစ်နဲ့ အလွမ်းကို Scan မဖတ်နိုင်သေးသရွေ့တော့
ဘယ်လောက်ပဲ ငြိမ်းချမ်းနေပါစေ
ရင်ခုန်သံအသေတွေ တစ်ခုပေါ်တစ်ခုဆင့်နေတဲ့
ခြောက်ခြောက်ခြားခြား ငြိမ်းချမ်းမှုမျိုးပဲ ဖြစ်နေတော့မှာပေါ့။

အဲဒီ့ ခြောက်ခြားတဲ့ ငြိမ်းချမ်းမှုတွေအောက်
နှလုံးသားတွေ ဘယ်လောက်များ
အလုပ်လက်မဲ့ ဖြစ်နေကြမလဲ မသိဘူးနော်။

ပြောသာပြောရတယ် ...ချစ်သူ
တကယ်က အဲဒီ့နေရာ တကယ်ရှိမရှိကိုတော့
ဘုရားသခင်ကိုယ်တိုင်တောင် သက်သေမပြနိုင်တော့
ယုံရခက် မယုံရခက်ပေါ့ကွယ်။

ဟင်....ဒါဆို နိဗ္ဗာန်ဆိုတာ တကယ်မရှိဘူးပေါ့။

အဲလိုလည်းဟုတ်ဘူး..ကောင်မလေးရ
ဆက်နားထောင်........................

တကယ်က နိဗ္ဗာန်ဆိုတာ .............
ကာလနဲ့ဒေသမွတ်သိတ်မှုတွေကနေ
ထာဝရကင်းလွတ်နေတဲ့
အချိန်နဲ့နေရာမရွေး ဖြစ်ပေါ်နေနိုင်တဲ့
ငြိမ်းချမ်းတဲ့ ခံစားချက်တစ်မျိုးပါပဲ။

မင်းရင်ထဲမှာ ဖြစ်တည်နိုင်သလို
ကိုယ့်ရင်ထဲမှာလည်းဖြစ်တည်နိုင်တယ်။

ဘာလို့ အဲလိုပြောနိုင်တာလည်း..ဟုတ်လား?
ကိုယ့်ရင်ထဲမှာ အေးမြတဲ့ခံစားမှုတွေနဲ့
ထာဝရပြီးပြည့်စုံတဲ့ နူးညံ့တဲ့နိဗ္ဗာန်ငယ်တစ်ခု
သန္ဓေတည် ရောက်ရှိနေခဲ့ပြီး ဖြစ်နေလို့ပေါ့။

အဲဒီနိဗ္ဗာန်က အခြားတော့မဟုတ်ပါဘူး
အချစ်နဲ့ အလွမ်းဆိုတဲ့
(၁၂)ရာသီပန်းပင်တွေကို
ကိုယ့်နှလုံးသားရပ်ဝန်းမှာ
အချိန်မှန်မှန်ဖူးပွင့်ပေးနေခဲ့တဲ့
မင်းကလေး ကိုယ်တိုင်ပါပဲ။

သိပ်အံ့သြသွားသလား...ချစ်သူ

ပန်းကလေးတွေက မင်းကိုနမ်းဆွတ်ဖို့
ကိုယ့်နိဗ္ဗာန်တံခါးဝတွေမှာ
ခြေဖျားတွေကို အစီအရီထောက်လို့။

မိုးကောင်းကင်က မင်းအပြုံးတွေကို ကမ္မ၀ါဖတ်ဖို့
ကိုယ့်နိဗ္ဗာန်တံတိုင်းတွေပေါ်မှာ
သူ့ခန္ဓာကို ကွေးညွတ်လို့။

ပင်လယ်က မင်းမျက်ရည်ကို သဲ့ယူဖို့
ကိုယ့်နိဗ္ဗာန် မြစ်လက်တက်တွေကိုတောင်
တစ်စက်မကျန်အောင် ဖျာလိုသိမ်းခေါက်လို့။

မယုံမရှိနဲ့ချစ်သူ.............
ဖုန်းဆိုးတောလို ကြမ်းတမ်းတဲ့
ကိုယ့်ရင်ဘတ်အဖြုံးတစ်ခုပေါ်တောင်
သိပ်လှတဲ့ ပန်းတွေ ပွင့်ပြနိုင်ခဲ့တဲ့
မင်းကလေးက နိဗ္ဗာန်မဟုတ်ရင်
ဘယ်အရာက နိဗ္ဗာန်ဖြစ်နိုင်ဦးမှာလဲ။

ကဲသိပြီလား.................
မင်းသိပ်သိချင်နေတဲ့ နိဗ္ဗာန်ဆိုတာ
ကိုယ့်ရင်ခုန်သံတွေ တရံမလပ်နှိုးဆွပေးနေတဲ့
မင်းကလေးကိုယ်တိုင်ဆိုတာကို။

(မှတ်ချက်။အမြင်ကတ်ခြင်းဖြင့် ပြီး၏)
မင်းတစေ
blog ဆက်မရေးတော့တဲ့ မင်းတစေရဲ့ ကဗျာဟောင်း တပုဒ်ပါ။

4 comments:

ချစ်ခြင်းအလင်္ကာ said...

ဂလိုလား...အမြင်ကတ်သွားတယ်၏..
း)
အားပေးသွားပါတယ်..
ခင်မင်လျှက်
ချစ်ခြင်းအလကာင်္

Moe Kaung Kin said...

good...

Moe Kaung Kin said...

good..

Republic said...

လာဖတ်သွားပါတယ် ။ မင်းတစေ နဲ့ တွေ့ဖြစ်ရင် သတိတရှိကြောင်း ပြောလိုက်ပါဦး။