Friday, September 19, 2014
အရည်အချင်း
Tuesday, July 16, 2013
ဘာသာရေး အိပ်မက်ဆိုး
ဘာသာတိုင်းမှာ လူကောင်းတွေရော လူဆိုးတွေရော ရှိတာပေါ့။ ဥပမာ ပြရရင် Boko Haram ဆိုတဲ့ အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့ကို ကြားဖူးတယ်။ Boko Haram ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပါယ်ကိုက “အနောက်တိုင်းပညာရေးဟာ အကုသိုလ်” ဆိုတဲ့ အဓိပ္ပါယ်မျိုးတဲ့။ မူစလင်တွေထဲမှာ အဲလို အစွန်းရောက်သူတွေ ရှိသလို … တာလီဘန် အစွန်းရောက်တွေကို သတ္တိရှိရှိ ရင်ဆိုင်ခဲ့တဲ့ မာလာလာ လို မူစလင်တွေလည်း ရှိတာပဲ။
(၂)
မြန်မာနိုင်ငံမှာ မာလာလာ လို လူတွေပဲ ရှိပါစေ။ အစွန်းရောက် ဘာသာရေး သမားတွေ မရှိပါစေနဲ့။ ဘာသာတိုင်းမှာ လူကောင်းတွေရော၊ လူဆိုးတွေရော ရှိမှာမို့ မြန်မာမှာလည်း မွတ်စလင် အစွန်းရောက်တွေ၊ ဟိုမရောက် ဒီမရောက် နဲ့ အွန်လိုင်းမှာ မျက်နှာမဖော်ရဲဘဲ ဆဲနေတဲ့ မွတ်စလင် တချို့တွေ ရှိပေမဲ့၊ အဲလိုကောင်တွေက ဘာမှ ဟုတ်တိပတ်တိ ပြောပလောက်တဲ့ ကောင်တွေ မဟုတ်လို့ ၊ သြဇာညောင်းတဲ့ ဘာသာရေး ခေါင်းဆောင် သဘောမျိုး မဟုတ်လို့ တော်သေးတယ်။ အယာတိုလာ ခါမေနီတို့လို မွတ်စလင် ခေါင်းဆောင်တွေ မြန်မာမှာ မရှိလို့ တော်သေးတယ်။
အစ္စလာမ်ဘာသာ ဘုရားစာကို လိုသလို ဆွဲသုံးပြီး hate speech ဖြန့်မယ့် ဘာသာရေး ဝန်ထမ်း မြန်မာမှာ မရှိလို့ တော်သေးတယ်။
(၃)
အဲလိုလေး အကောင်းဘက်က ရှာကြံတွေးရင်း သက်ပြင်းလေးချပြီး နှပ်မလို့ ရှိသေး အသံနက်ကြီး တသံ ပေါ်လာတာ လန့်တောင် လန့်တယ်။
“ရှိတယ်။ အစ္စလာမ်ဘာသာ ဘုရားစာကို လိုသလို ဆွဲသုံးပြီး hate speech ဖြန့်မယ့် ဘာသာရေး ဝန်ထမ်း မြန်မာနိုင်ငံမှာလည်း ရှိတယ်”
အဲဒါနဲ့ ကျနော်လည်း တတ်သလောက် မှတ်သလောက် ပြေပြေလည်လည် ဖေးဖေးမမ ပြန်ပြောရတာပေါ့ဗျာ။ “မြန်မာပြည်က မွတ်စလင်တွေက မြန်မာ့ယဉ်ကျေးမှုနဲ့ အရမ်း နီးစပ်ပါတယ်။ hate speech ပြောဖို့ နေနေသာသာ ဦးဝီရသူကိုတောင် ကာကွယ်ပေးပြီး မိတ်ဆုံစားပွဲတွေ လုပ်နေတဲ့ မွတ်စလင် ခေါင်းဆောင်တွေတောင် ရှိသေးတာ။ ခင်ဗျားက...Facebook ထဲကနေ အာကျယ်နေတဲ့ ကောင်တွေကို တွေ့လာပြီထင်တယ်။ ဒီကောင်တွေက ခံရတာတွေ၊ အဆဲခံရတာတွေ များလွန်းတော့ စိတ်အချဉ်ပေါက်ပြီး ပုဆိုးခြုံထဲကနေ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် လုပ်နေတာပါ။ အများစုက identity အစစ်ကိုတောင် မဖော်ရဲကြဘူး မဟုတ်လား။ ကိုယ့်ရုပ်ကိုယ် ချပြရဲဖို့ကတော့ ဝေလာဝေး”
အသံနက်ကြီးက “မဟုတ်ဘူး။ ရုပ်ပုံကိုလည်း ဖော်ရဲတယ်”
“ရုပ်ကို ဖော်ဦးတော့ဗျာ။ အရူးတွေကတော့ ရှိမှာပဲ။ အဲလို ပြောတဲ့သူက ဘာသာရေး ဝန်ထမ်းတွေ မဟုတ် ပြီးတာပဲ”
အသံနက်ကြီးက ပြန်ပြောပြန်တယ်။ “အဲလိုပြောတဲ့သူက ဘာသာရေးဝန်ထမ်း။ အစ္စလာမ်ဘာသာ ဘုရားစာကို ဆွဲအသုံးချပြီး ပြောထားတာ”
ကျနော်က သေချာအောင် ထပ်မေးတယ်။ “ထောက်ခံတဲ့ သူတွေကော ရှိလို့လား”
“ရှိတယ်” အသံနက်ကြီးက ခပ်ပြတ်ပြတ် ပြန်ဖြေတယ်။ တောက်! ရုတ်တရက်မို့ ကျနော် သွေးဆူသွားတယ်။ ဟာ! ငါတို့ နိုင်ငံမှာလည်း အစွန်းရောက် ဘာသာရေး ဝန်ထမ်းတွေ ရှိနေပြီပဲ။ ငါတော့ လျှော့တွက်မိတာ မှားပြီ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ မျက်နှာလေးတွေ၊ ခရစ်ယာန်တွေရဲ့ မျက်နှာလေးတွေ၊ ဘာသာမဲ့ သူငယ်ချင်းတွေရဲ့ မျက်နှာလေးတွေ ကို မြင်ယောင်လာတယ်။ ငါတို့နိုင်ငံကို လာပြီးတော့ ဒါမျိုးလုပ်လို့ ဘယ်ရမလဲ။ မုတ်ဆိတ်မွေး တွေကို တပင်ချင်း ဆွဲနုတ်ပစ်လိုက်မယ်။
ဒေါသထွက်ထွက်နဲ့ အသံနက်ကြီးကို ကျနော် အော်ပြောပစ်လိုက်တယ်။ “ပေးစမ်းပါ။ ပေးစမ်းပါ။ အဲလို လုပ်တဲ့ အစွန်းရောက် ဘာသာရေး ဝန်ထမ်းရဲ့ link ကို ပေးစမ်းပါ။ အကုန်လုံးကို ဝါးလုံးရှည်နဲ့ မရမ်းလိုပေမဲ့ အဲလိုလုပ်လာတဲ့ တယောက်ကိုတော့ သွေးမနည်းကြောင်း ပြရမယ်”
အသံနက်ကြီးဆီက ဘာမှ မကြားရတော့ဘူး။ ဘယ်ကြားရမလဲ။ ကျနော်က ပုဂ္ဂိုလ် အကောင်အထည် မရှိတဲ့ အသံနက်ကြီး၊ အိပ်မက်ထဲက အသံနက်ကြီး ဆီက link သွားတောင်းနေတာကိုး။ ဒီတော့ ကိုယ့်ကို ဘယ်လိုလုပ် link လာပေးမှာလဲ။ ကျနော် Facebook သုံးရင်း အိပ်ပျော်သွားခဲ့တာပဲ။
တိုက်ဆိုင်တာများလား။ နိုးလာတော့ Facebook မှာ link တခု တွေ့လို့ သွားကြည့်လိုက်တယ်။ အဲဒီ့မှာ အသံနက်ကြီး ခုနက ပြောခဲ့တဲ့ ဘာသာရေး ဝန်ထမ်း ဆိုတာကို သွားတွေ့တော့တာပဲ။
အာရဗီစာတွေ ရွတ်ပြီးတော့ “အစ္စလာမ်ဘာသာဝင်မှအပ ကျန်ဘာသာဝင်များအား ချေမှုန်းတော်မူပါ” လို့ ဟောနေတဲ့ ဘာသာရေး ဝန်ထမ်းကို တွေ့ပါပြီ။ ‘နီညိုရောင် သင်္ကန်း’ ကြီးနဲ့။
သြော်… ဗုဒ္ဓဘာသာ တရားပွဲ တချို့မှာ… ပါဠိတွေ ရွတ်ပြီး တရားဟောရာကနေ အာရဗီစာတွေ ရွတ်ပြီး ဟောတဲ့ ဓလေ့ တခေတ်ဆန်းလာတော့မှာ ပါလား။ ခေတ်ပြိုင် တရားပွဲ ပုံစံတွေ လာပြီ။ သကောင့်သား တချို့ရဲ့ အခွက်တွေပေါ်မှာတော့ မျှော်လင့်ချက် ရောင်ခြည်တွေ သမ်းလို့။
ကောင်းကင်ကို (ဇူလိုင် ၁၆၊ ၂၀၁၃)
အဆက်အစပ် link (https://www.facebook.com/photo.php?v=1392555024297137)
Friday, July 12, 2013
သြော်...သင်္ကန်း သင်္ကန်း
သူငယ်ချင်း က ကျနော့်ကို ""
"ဟာ... လျှောက်ဝေဖန်နေတယ်။ မင်းတော့ ကံကြီးထိုက်တော့မှာပဲ။ ဘုရားရဲ့ သင်္ကန်းကိုတော့ အားနာပါဦး။ လူကို မလေးစား ပေမဲ့ သင်္ကန်းကိုတော့ ကန်တော့ရမယ်။ သင်္ကန်းခြုံထားရင် ကန်တော့ရမယ်။ ဆဒ္ဒန်ဆင်မင်းလို တိရစ္ဆာန်တောင် သင်္ကန်းခြုံလိုက်တဲ့ သားသတ်သမား မုဆိုးကို......"
"သူ့ဘာသာသူ အရက်ပဲသောက်သောက်၊ ဖာပဲချချ၊ လိမ်ပဲစားစား၊ လူသတ်ကြအောင်ပဲ သွေးထိုးသွေးထိုး၊ ငါတို့က လူကို ကန်တော့တာ မဟုတ်ဘူး။ သင်္ကန်းကို ကန်တော့တာ"
(၂)
လွန်ခဲ့တဲ့ ရက်အနည်းငယ်က သတင်းတပုဒ်။ ။
သင်္ကန်းဝတ်၍ သံဃာယောင် ဆောင်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ဦးကို ဖမ်းဆီးမိ
(၃)
သြော်...အဲဒီ့ သူငယ်ချင်းသာ ဒီသတင်းကို ဖတ်မိရင်
"ဟာ... လျှောက်ဖမ်းနေတယ်။ အာဏာပိုင်တွေ ကံကြီးထိုက်တော့မှာပဲ။ ဘုရားရဲ့ သင်္ကန်းကိုတောင် အားမနာကြဘူး။ လူကို မလေးစားပေမဲ့ သင်္ကန်းကိုတော့ ကန်တော့ရမယ်။ သင်္ကန်းခြုံထားရင် ကန်တော့ရမယ်။ ဆဒ္ဒန်ဆင်မင်းလို တိရစ္ဆာန်တောင် သင်္ကန်းခြုံလိုက်တဲ့ သားသတ်သမား မုဆိုးကို......" ဆိုပြီး ပြောနိုင်ဦးမလား တွေးမိ၍ ပြုံးမိပါသေးတော့သည်။
ကောင်းကင်ကို
(ဇူလိုင်လ ၁၂ ရက် မနက်ပိုင်းက Facebook မှာ အရင်တင်ခဲ့တဲ့ ပို့စ်ပါ)
Sunday, February 3, 2013
မမ ယကမ
Thursday, September 27, 2012
Facebook ဘိုးဘိုးကြီးနှင့် တွေ့ဆုံခြင်း (by မေ့ပါနိုင်)
Friday, April 27, 2012
ရွှေအိုင်ဒီယာများ
Saturday, January 21, 2012
ဘက်လိုက်ခြင်း
သူဆော်လို့ ကိုယ်ပြန်ဆော်ရင် မဟုတ်မခံတာ၊ ကိုယ်ဆော်လို့ သူပြန်ဆော်ရင် အာဃာတ ထားတာ…
သူများအယူအဆကို ကိုယ်က အဆိုးမြင်ရင်တောင် ဒါ ဝေဖန်ရေးလုပ်တာ၊ ကိုယ့်အယူအဆကို သူများက ဝေဖန်ရင်တော့ အဲဒါ အဆိုးမြင်တာ…
သူများနယ်ပယ်ကို ကိုယ့်ဘက်က ကျူးကျော်သိမ်းပိုက်တော့ နိုင်ငံတော်ကို တည်ထောင်သူ၊ ကိုယ့်နယ်ပယ်ကို သူများက ကျူးကျော်သိမ်းပိုက်တော့ နယ်ချဲ့…
ဘုရင်တွေ လူမျိုးခြားနဲ့ ယူရင် ချစ်ကြည်ရေး၊ သာမန်လူတွေ လူမျိုးခြားနဲ့ ယူရင် မျိုးဖျက်တဲ့သူ…
သူများ ဘာသာဝင်တွေ စည်းရုံးလာရင် သိမ်းသွင်း ဖြားယောင်းတာ၊ ကိုယ့်ဘာသာဝင်တွေက သွားစည်းရုံးရင် သာသနာပြုတာ…
ရဟန်းရုပ်တု နေရာရွေ့သွားတာကျ ဈာန်ကြွတာတဲ့။ လူ့ဓာတ်ပုံ နေရာရွေ့တာကျ သရဲခြောက်တာလို့ ပြောကြတယ်။
(ကောင်းကင်ကို)
Saturday, January 14, 2012
မရေးချင်သော အရေးအသား
“မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်” ဟု ဆိုခဲ့သူ ကုလသမ္မဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း New York မြို့တွင် ကွယ်လွန်
မြန်မာအမျိုးသားများက မြန်မာ အမျိုးသမီးများအား ရိုက်နှက်နေခြင်းအား ကြည့်၍ မြန်မာ ဆိုလျှင် ထိုကဲ့သို့ မလုပ်ကြောင်း မြန်မာတဦးက ပြောဆို
ဒီမိုကရေစီနှင့် လွတ်လပ်ခွင့် လိုလားသူ ဆိုသူ တဦးက လွတ်လွတ်လပ်လပ် ဝတ်ဆင်လာသူ မော်ဒယ်တဦးအား ဆဲဆို ရှုတ်ချ
မြန်မာ့ယဉ်ကျေးမှု အကြောင်းနှင့် ပတ်သတ်၍ မြန်မာအချို့ ဝိဝါဒ ကွဲပြားကြကာ ရုန့်ရင်း ကြမ်းတမ်းစွာ ဆဲဆို
မြန်မာ့ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်လိုသူ တဦးက မြန်မာ့ရိုးရာ နတ်ကိုးကွယ်မှုအား အပြင်းအထန် တိုက်ခိုက်
ကျွန်ပညာရေး စနစ် တက္ကသိုလ်မှ သခင်အောင်ဆန်း၊ သခင် သိန်းဖေ တို့အား မွေးထုတ်
မြန်မာနိုင်ငံလုံးဆိုင်ရာ ဘာဘာညာညာ အသင်း သမ္မဂ္ဂ အား ၃ ဦးသဘောတူ ဖွဲ့စည်း
မယ်တော်မာရီ အပျိုစင် ဘဝမှ နေ၍ ခရစ်တော်အား မွေးဖွားလာသည် ဆိုခြင်းကို အပြင်းအထန် တိုက်ခိုက်ခဲ့သူ တဦးက သုဝဏ္ဏသာမ ဇာတ်တော်တွင် ချက်တော်ကို လက်တော်နှင့် ရစ်ယုံနှင့် ကိုယ်ဝန်ရှိလာသည် ဆိုခြင်းကိုမူ ယုတ္တိနှင့် တိုင်း၍ မရစကောင်းသော Supernatural ကိစ္စရပ်များ ရှိနိုင်သည်ဟု အကြောင်းပြ
မလိမ်ညာရန် ဆုံးမသည့် စကားများတွင် မုသားများ ပါဝင်နေ
သတိ! ဘုရားသခင်မရှိကြောင်း ဘုရားသခင် ကိုယ်တိုင် ရုပ်ဖျက်ပြီး လာပြောခဲ့ရင်တောင်မှ ကိုးကွယ်လိုသူများက လက်ခံကြလိမ့်မည် မဟုတ်။
(ကောင်းကင်ကို)
Wednesday, January 11, 2012
ဒီစာမှာ ပေးချင်တဲ့ သင်ခန်းစာက
ဒီစာမှာ ပေးချင်တဲ့ သင်ခန်းစာက… ဂိုက်ပေးရဲ ဖို့နဲ့ မိုက်ကြေးခွဲ ဖို့ပဲ။
လူလိမ္မာဖြစ်ခဲ့တာကို နောင်တရနေတယ်။ ခုလိုမျိုးကျတော့…လူလိမ္မာဆိုတဲ့ နာမည်ကောင်းလေးက လွဲလို့ ဘာများ ကျေနပ်စရာ ကောင်းခဲ့လို့လဲ။ တခြားရနိုင်တဲ့ အခွင့်အရေးတွေ အားလုံးကို နာမည်ကောင်းလေးတလုံးနဲ့ လဲခဲ့လိုက်ရသလို ဖြစ်သွားတယ်။ ဒါကြောင့်လည်း မင်္ဂလာဦး ကာလတွေမှာ ကိုယ့်ဇနီးတွေ ကိုယ့်ခင်ပွန်း တွေကို ရင့်ပြဖို့ ဦးချိုးထားဖို့ အကြံပေးကြတာ ဖြစ်မယ်။
(၂)
ဒါနဲ့ စကားမစပ်…မြေကွက်တို့၊ စီးပွါးရေး လုပ်ကွက်တို့ လိုချင်ပါသလား။ မပူပါနဲ့။ အကျွန်ုပ် နည်းပေးအံ့။
ခင်ဗျား အရင်ဆုံး လုပ်ရမှာက မိုက်ပြလိုက်ဖို့ပဲ။ တောဖြစ်ဖြစ် ခိုလိုက်။ အမျိုးသား တန်းတူရေး အတွက်ပဲ ခိုခို၊ အမျိုးသမီး တန်းတူရေး အတွက်ပဲ ခိုခို… ပြန်ဝင်လာပြီ ဆိုတာနဲ့ ခင်ဗျား ‘ရ’ တော့မယ်။ ခင်ဗျား ကြီးကြီးကျယ်ကျယ် လျှောက်ပြီး ကြွေးကြော်ခဲ့တာတွေ ရတာမျိုးတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ခင်ဗျား ကြိတ်ပြီးလိုချင်နေတာလေးတွေ ရရင် မနိပ်ဘူးလား။
(၃)
ခင်ဗျားရဲ့ အပြစ်ကတော့ အရင်တုန်းက ကောင်းကောင်းနေခဲ့ ခြင်းပဲ။ ခင်ဗျားက ကောင်းပြီးသားဆိုတော့ ထပ်ကောင်းစရာ မရှိတော့ဘူးလေ။ တနည်းအားဖြင့် တိုးတက်မှုတွေ သိပ်မရှိနိုင်တော့ဘူး။ အရင်တုန်းက ဘက်စုံဆိုးခဲ့တဲ့သူဆိုရင်တော့ ကောင်းပြစရာ နေရာလွတ်တွေ အများကြီးပဲ။ များများဆိုးထားလေလေ လုပ်ပြစရာတွေ များများရှိလေပဲ။ ခြိုးခြိုးခြံခြံ နဲ့ လိုတဲ့အချိန်မှာ လိုသလို တခုချင်း စိမ်ပြေနပြေ တိုးတက် ပြလို့ ရတယ်။
(၄)
အရင်တုန်းက ငြိမ်ငြိမ်လေး နေခဲ့တဲ့ သူဆိုရင်တော့ ခုမှ အသံလေး နည်းနည်း ထွက်လာပြီး ကလန်ကဆန်လုပ်မိရင် နှစ်မြို့ကြမှာ မဟုတ်တော့ဘူး။ သူ့ဘာသာသူ အဆင်ပြေနေတာကို နှောင့်ယှက်တဲ့သူ ဖြစ်သွားလိမ့်မယ်။ တခြား တဘက်မှာတော့ ဆိုးခဲ့တဲ့သူက နည်းနည်းလောက် ပမာဏ လျှော့ပေးလိုက်ပြီး ဆက်ဆိုးနေဦးမယ် ဆိုရင်တောင် ပြုပြင်ပြောင်းလဲရေး သမားဆိုပြီး နာမည်ကောင်းရစရာ ရှိတယ်။ ကံကောင်းရင် ဆုတွေ ဘာတွေလည်း ရနိုင်တယ်။ Person of the Year တို့ ဘာတို့တောင် ဖြစ်နိုင်တယ်။
(၅)
‘လူလိမ္မာ သမာပတ်’ ဝင်စားနေရင်တော့ ဘာအခွင့်အရေးမှ ရမှာ မဟုတ်ဘူး။ ဆိုးပြနိုင်မှ အပေးအယူတွေ အခွင့်အရေးတွေနဲ့ ချော့ကြမှာမို့ သင်ခန်းစာ ယူသင့်တယ်။
(၆)
ဒီစာမှာ ယူရမယ့် သင်ခန်းစာက… ဂိုက်ပေးရဲ ဖို့နဲ့ မိုက်ကြေးခွဲ ဖို့ပဲ။
Thursday, December 22, 2011
ကော်ပီ + ကြော်ငြာ
“ကိုယ့်နှလုံးသားလေးလည်း ရင်ခုန်နှုန်း ထိန်းဖို့ခက်ပြီ… ငြိမ်အောင် တင်းထားလို့မရ၊ မယုံနိုင်ဘူး မင်းနဲ့တွေ့စဉ်…ဒါ အချစ်လို့ခေါ်မလား…ကိုယ်မသိလိုက်မီ…”
(၂)
ဒီ အမေရိကန် တော်တော် တုံးတာပဲ။ ကျနော် ကြိတ်တွေးရင်း စိတ်ထဲကနေ ရယ်လိုက်တယ်။ ဒီ အမေရိကန် တော်တော် တုံးတာပဲ။
(၃)
“မင်းတို့ မြန်မာတွေ melody တခုကိုတောင် ကိုယ့်ဘာသာကိုယ် မဖန်တီးချင်ဘဲ သူများတွေဆီက အလွယ်တကူ ခိုးချနေကြတယ်” ဆိုတဲ့ အဓိပ္ပါယ်တွေကို အဲဒီ့ အမေရိကန်ရဲ့ မျက်လုံးတွေမှာ ထင်ထင်ရှားရှားတွေ့လိုက်ရလို့ ကျနော် ရယ်ချင်သွားတယ်။ ဒီလူဟာ အစဉ်အလာ သမားပဲ။
(၄)
ကျနော်သာ အားမနာတတ်လို့ ကတော့ သူ့ကို တခွန်းတည်း ပြောလိုက်မယ်။ “Reinventing the wheel” ဆိုတာ မကြားဖူးဘူးလားလို့။ အချိန်ကုန်ခံပြီး ဘီးကို ဘာလို့ အစကနေ ပြန်တီထွင်နေမလဲ။
ထမင်းစားဖို့ စပါးကို ကိုယ်တိုင် စိုက်နေစရာ မလိုပါဘူး။ ဆန်ကောင်းကောင်း သန့်သန့်လေးတွေ ဝယ်ပြီး ချက်လိုက်ရင် နူးညံ့တဲ့ ထမင်းတပွဲတော့ ဖြစ်လာနိုင်တာပဲ။
ဆောရီးပါ မစ္စတာ အမေရိကန်။ ကျနော်တို့ ဘာမဟုတ်တဲ့ emotion လေးတွေ ကို ဖော်ကျူးဖို့ အချိန် အများကြီး မပေးနိုင်ဘူး။ ခင်ဗျားတို့ဆီက လူတွေ လုပ်ပြီးသား ဟာလေးတွေကို အသာလေး အညွန့် ခူးစားလိုက်ရုံပဲ။ မြန်မာဆိုပြီး အထင်သေးမယ်တော့ မကြံနဲ့။ မြန်မာတွေ ဘယ်တုန်းကမှ မညံ့ခဲ့ဘူး။ မြန်မာဆိုတာ ခင်ဗျားတို့ အဖြူတွေ၊ Black အမေရိကန်တွေ ရဲ့ ဦးနှောက်ကိုတင် မကဘူး၊ Chinese တွေ Indian တွေ၊ ကိုရီးယားတွေ၊ ထိုင်းတွေရဲ့ ဦးနှောက်ကိုပါ အလွယ်တကူ ဖောက်စားနေတာ။
အထောက်အထားနဲ့ ပြောတတ်တဲ့သူဆို မြန်မာတွေဆိုတာ ဦးနှောက်ဖောက်စားခြင်း အတတ်ကို မြဝတီမင်းကြီး ဦးစ လက်ထက်ကတည်းက တတ်မြောက်နေတဲ့ အကြောင်း ဂုဏ်ယူဝံ့ကြွားစွာတောင် ရှင်းပြလိမ့်ဦးမယ်။
(၅)
ရှိပြီးသား Melody တွေမှာ စာသားလေးတွေ ကောက်ထည့်လိုက်တော့ရော ဘာဖြစ်လဲ?
Efficient ဖြစ်တာပေါ့။ Productive ဖြစ်တာပေါ့။ အလဟဿ အချိန်တွေ မကုန်တော့ဘူးပေါ့။
စာသား၊ အဆို နဲ့ လိုက်ပြီးတီးခတ်ထားပုံကလွဲရင် နဲ့ အားလုံး ကောင်းဖို့ ရာနှုန်းပြည့် သေချာသွားတာပေါ့။
ဝမ်းနည်ပါတယ် မစ္စတာ အမေရိကန်။ ကျနော်တို့က ငအတွေ မဟုတ်ဘူး။ စေ့စပ်တယ်။ ရာနှုန်းပြည့် သေချာမယ့် အလုပ်မျိုးကိုပဲ စိတ်ဝင်စားပါတယ်။
(၆)
“ကမ္ဘာမကြေဘူး…ငါတို့ သွေးနဲ့ရေးခဲ့ရတဲ့ မော်ကွန်းတွေ….တော်လှန်ရေး….ဒီမိုကရေစီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော”
ဗဟုသုတ နည်းတဲ့ ထိုင်းတယောက်က လာမေးတော့ ခံစားချက်လေးတွေ ပျောက်သွားတယ်။ ထပြီးသား ကြက်သီးလေးတွေလည်း ပြန်ဝင်သွားတယ်။
သူမေးတာကိုလည်း ကြည့်ဦး။ “မမြဲခြင်း တရားကို ဖွဲ့ထားတဲ့ သီချင်းကို မင်းတို့က ဘာလို့ လက်သီး လက်မောင်းတွေ တန်းပြီး၊ အံတွေ ကြိတ်ပြီး ဆိုနေကြတာလဲ” တဲ့။ မူရင်း အင်္ဂလိပ် သီချင်းက အနိစ္စတရားကို ဖွဲ့ထားတာကိုး။
စိတ်လေတယ်။ စဉ်းစဉ်းစားစား မမေးဘူး။ အနိစ္စတရားကိုတော့ ဘယ်သူက သွားပြီး လက်သီးလက်မောင်း တန်းနေမှာလဲ။ ဒီသံစဉ်ကို ကော်ပီလုပ်ရင် ဒီအဓိပ္ပါယ်ပဲ ဖြစ်ရမယ်လို့ သူ့ဖြုတ်ဦးနှောက်လေးက တရားသေ တွေးထားလား မသိပါဘူး။
အနိစ္စ သီချင်းက ကမ္ဘာမကြေတဲ့ သီချင်း ဖြစ်သွားတော့ရော ဘာဖြစ်သေးလဲ။ လူတွေ တက်ကြွလာအောင် လှုံဆော်နိုင်ရင် ပြီးတာပဲ။
ကမ္ဘာ့ငြိမ်းချမ်းရေးသီချင်းက ဇီးထုပ်ကြော်ငြာ သီချင်း ဖြစ်သွားတော့ရော ဘာအရေးလဲ။ အဲဒါဟာ ကျနော်တို့ မြန်မာတွေ ကျင့်သုံးနေတဲ့ “Win-Win Strategy” ပဲ။ ကြည့်တဲ့သူတွေလည်းကြိုက်၊ ကြော်ငြာတဲ့သူလည်း စီးပွါးဖြစ်တယ်လေ။
အမယ်… ငြိမ်းချမ်းရေး သီချင်းကို ကြော်ငြာ သီချင်းလုပ်လိုက်လို့ တနပ်စားဥာဏ်လို့တော့ လာမပြောနဲ့။ Mr. Bean ဇာတ်ကား ကြည့်ရသလို ရယ်ပစ်လိုက်မယ်။
မသိရင် မှတ်ထား။ ကိုစန်းအောင် ဆိုတဲ့လူဆိုရင် ၁၉၉၄- ၉၅ ခုလောက်တုန်းက ကြော်ငြာသီချင်း အတိုလေးတွေကို စုပြီး သီချင်းခွေ အဖြစ် ထုတ်လိုက်တာ ရောင်းရသဗျာ။ အိမ်နားက သီချင်းခွေ အငှားဆိုင်မှာတောင် တင်လိုက်သေးတယ်။ ဘယ်လောက်ဟန်ကျလဲ။ ကြော်ငြာ ရိုက်တုန်းကလည်း ပိုက်ဆံရ၊ ခွေထုတ်တော့လည်း ကြော်ငြာရှင်တွေ ဆီက ပိုက်ဆံရ၊ ခွေရောင်းရတာကလည်း ပိုက်ဆံရသေးတယ်။ ဒီတော့ တနပ်စားဥာဏ်လို့ လာမပြောနဲ့။ အမြင်ကျယ်ကျယ် ထားစမ်းပါ။ မျက်တောင်မွှေး တထောက်စာလေးတင် ကြည့်ချင်တဲ့ အကျင့်ကို ဖျောက်ကြပါ။
(၇)
ကြော်ငြာအကြောင်းစဉ်းစားမိတော့ မြန်မာပြည်က တီဗွီ အစီအစဉ်မှာ ၁၉၈၈ နောက်ပိုင်းကမှ စပြီး ကြော်ငြာတွေ ထိုးခွင့်ရတာကို သတိရမိတယ်။ အဲဒီ့အချိန်ကျမှ တီဗွီကြော်ငြာတွေ စလုံးရေစ ခဲ့ရလို့ မြန်မာတွေ ကြော်ငြာရဲ့ အရေးပါပုံကို အသိနောက်ကျ လှချည်လားလို့တော့ အထင်မသေးလိုက်ပါနဲ့။ ငါတို့ မြန်မာတွေဟာ ဟိုးရှေးရှေးတုန်းကတည်းက ကြော်ငြာရဲ့ အရေးပါပုံကို သိပြီးသား ဖြစ်သလို ပြောင်ပြောင်မြောက်မြောက်လည်း ကြော်ငြာ တတ်ပြီးသား။
(၈)
ဖတ်ပြီး ပီတိတွေ ဖြစ်ပြီး မျက်ရည်တောင် ဝဲချင်သတဲ့။ စိတ်ဝင်စားသွားတယ်။
ဖတ်ကြည့်လိုက်တော့ “ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့။ ငါ၏ လက်ဝဲလက်ဖြင့် ဝတ်စားတန်ဆာ ကိုပေးအံ့။ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သိမ့်စေသကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်စေအံ့” တဲ့။ ကျန်စစ်သားမင်းကြီးရဲ့ ကြော်ငြာ။
အဲ့လို အလုံးမျိုးတွေ၊ အဲဒီ့ထက် ကောင်းတဲ့ အလုံးတွေ ကတော့ ခုခေတ် သတင်းစာတွေ မှာလည်း တွေ့နိုင်တာပဲ။ မျက်ရည်မဝဲခင်မှာ... ကျန်စစ်သားမင်းကြီးက သူပြောခဲ့တဲ့ အတိုင်း တကယ်ရော လုပ်ခဲ့လား ဆိုတာတော့ စဉ်းစားကြည့်မယ် မရှိဘူး။ အပြောကောင်းတိုင်း မျက်ရည်ဝဲနေရလို့ ရှားရှားပါးပါး မျက်ရည်တွေ ခန်းကုန်မှဖြင့် နှမြောစရာ။
မင်းတုန်းမင်းကြီးကလည်း သတင်းစာ လွတ်လပ်ခွင့် ပေးသလိုလိုနဲ့ သူ့ကိုယ်သူ အဝေဖန် ခံနိုင်ကြောင်း ဒီလို ကြော်ငြာဖူးတယ်။
“ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့ မိဖုရားမကောင်းလျှင် ငါ့မိဖုရားကိုရေး၊ မင်းတို့မှာအပြစ်မရှိစေရ” ကြည့်ရတာ “မင်း” တို့မှာ အပြစ်မရှိစေရ ဆိုတဲ့ စာကြောင်းထဲက “မင်း” ဆိုတာက ရှင်ဘုရင် ဆိုတဲ့ အဓိပ္ပါယ်ကို ဆိုလိုတာ ထင်ပါတယ်။
(၉)
အရွယ်အစားတောင် တတောင့်နဲ့ တတောင့် တူအောင် မလုပ်နိုင်သေးတဲ့ တိုင်းရင်းဆေးတွေမှာလည်း တန်ခိုးတော် အနန္တ…..ကြော်ငြာတွေအရ
အေအိုင်ဒီအက်စ် ပျောက်ကင်းနိုင်တဲ့ဆေးကို သုတေသနတောင် မလုပ်ပဲ လက်တန်းဖော်စပ် နိုင်တာ၊ အရင်ဆုံး ဖော်စပ်နိုင်တာ မြန်မာတွေ…..ကြော်ငြာတွေအရ
“သင်တန်းသားဦးရေ ကန့်သတ်ထားသည်။ လာအပ်သလောက်သာ လက်ခံမည်” ဒါကတော့ သင်တန်းကြော်ငြာမှာ ဆီလျော်အောင် ကိုယ့်ဘာသာကိုယ် ထပ်ဖြည့်လိုက်တာ။
ကြော်ငြာတွေက ညာကြတာများတော့ လူတွေက မကောင်းဘူးလို့ မြင်လာကြရော။ တကယ်က ကြော်ငြာဆိုတာ လိမ်ချင်သူနဲ့ အလိမ်ခံချင်သူကြားမှာ ပေါင်းကူးပေးတဲ့ အရာလည်း ဖြစ်နိုင်သလို ပေးချင်သူနဲ့ လိုအပ်သူကြားမှာ ပေါင်းကူးပေးတဲ့ အရာလည်း ဖြစ်နိုင်သေးတာပဲ။
တောက်တွေးမြောက်တွေး လုပ်နေတာကို အသံနေ အသံထား တခုက လှုပ်နှိုးလိုက်တယ်။
“စားကြည့်။ အရသာခံကြည့်။ မကြိုက်ရင် ပိုက်ဆံမပေးနဲ့” အဲဒါက ဈေးသည်တယောက်ရဲ့ ကြော်ငြာ။
“လာလော့၊ ရှုလော့။ လုပ်ကြည့်ပြီး ကြိုက်မှ လက်ခံ့” အဲဒါကိုတော့ ကြော်ငြာခံရသူကို အကျိုးရှိစေမယ့် ကြော်ငြာလို့ မိတ်ဆွေ တယောက်က သုံးသပ်ဖူးတယ်။
ကဲ…ရေးတာလည်း တော်တော် ရှည်သွားပြီ။ သူငယ်ချင်း ... စာဖတ်လိုက်ရလို့ မျက်လုံးတွေ ညောင်းသွားပြီလား။ ဒါဆိုရင် အပြင်ကို ထွက်လိုက်။ ပြီးတော့ မိုးပေါ်ကို မော့ကြည့်လိုက်စမ်း။ ကောင်းကင်ဘုံကို တွေ့ရဲ့လား? ဘုရားသခင်ရဲ့ ကြော်ငြာကို?
(ကောင်းကင်ကို)
Friday, June 20, 2008
သူငယ်ချင်းများသို့ 
့ဝိုင်အိုင်တီ၊ အမ်အိုင်တီ ကျောင်သားတွေ ကျောင်းပြီးတဲ့အခါ Grade ကောင်းတဲ့သူတွေက တော့ NUS တို့ ၊ NTU တို့ မှာ မာစတာ ဆက်တက်ကြပါတယ်။ စင်ကာပူအစိုးရက ချေးတဲ့ ငွေနဲ့ ဆိုတော့ လူလတ်တန်းစားတွေအတွက် အဆင်ပြေပါတယ်။ Grade မကောင်းတဲ့ သူတွေ၊ အဲလောက်မှ မတတ်နိုင်တဲ့ သူတွေ အတွက်က တော့ မျှော်လင့်ချက်မဲ့ ပြီပေါ့။
တံငါရွာဆိုတာကလည်း စင်ကာပူကိုဆိုလိုတာပါ။ တချိန်တုန်းက စင်ကာပူဟာ တံငါရွာလေး တစ်ရွာလေ။ ခုတော့ ကျွန်တော်တို့ ခမျာ ကိုယ့်နိုင်ငံမှာ အလုပ်မရှိတော့ ကျောင်းပြီးရင် စင်ကာပူကို Visit visa နဲ့ အလုပ်သွားရှာနေရတယ်။ ရရင်တော့ ကောင်းတာပေါ့။ မရရင်တော့ ၁၅ သိန်းလောက်… ပလုံ
တချို့ ကလည်း ကျောင်းပြီးမှ ကိုယ့်ဝါသနာကိုယ်သိတော့ ကိုယ်သင်ခဲ့တဲ့ပညာနဲ့ မဆိုင်တဲ့ အယ်ဒီတာလိုင်း၊ ရီပို့ တာလိုင်းကိုရောက်သွားတယ်။ ဒါတောင်မှ သူတို့ ကကြီးကြီး ကျယ်ကျယ် ကမ္ဘာကို ကိုင်လှုပ်မယ့် အပေါက်မျိုးပြောသေးတယ်။ ကျွန်တော့်လို ခန္တီပါရမီကောင်းတဲ့သူမို့ ပေါ့။ တစ်ခြားလူသာဆို ထရိုက်မှာ။
သဘောင်္သားတွေကလည်း ပိုက်ဆံတော့ ရပါရဲ့ ။ ရေထဲမှာ အကြာကြီး နေရတော့ သူတို့ ပြောတဲ့ စကားတွေက အရည်မရ အဖတ်မရ။ အဲ…မှားလို့ ။ အရည်တော့ရတယ်။ အရက်အလကား သောက်ရတယ်။ ဟီးဟီး။ သူငယ်ချင်းတစ်ယောက်ကတော့ သဘောင်္သားတွေရဲ့ မျက်လုံးတွေကို ဆားရည်စိမ် မျက်လုံးတွေတဲ့။ အီးအို လုပ်ဖူးခဲ့တဲ့ လူတစ်ယောက် ကတော့ သဘောင်္သားတွေ ဘဝက ရုပ်ရှင်ထဲက ပင်လယ်ဓားပြ တွေလိုပါပဲတဲ့။ တခြားနိုင်ငံမှာ ဆိုးတဲ့ပေတဲ့ကောင်တွေ လောက်ပဲ သဘောင်္လိုက်တာတဲ့။ တကယ်ဟုတ်မဟုတ်တော့ ကျွန်တော်လည်း မသိဘူး။
၉ တန်း ၁၀ တန်း ဂိုက်လုပ်တဲ့သူတွေ ကျတော့ကော။ ဆရာအလုပ်ဆိုပေမယ့် အဲဒီ့ကလေးတွေရဲ့ ဘဝကို သိပ်ပြီး တိုးတက်အောင်လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တော့ မမြင်မိဘူး။ ကျွန်တော်လည်း တစ်နှစ်လောက် လုပ်ဖူးပါတယ်။ မိဘတွေ ၊ကလေးတွေရဲ့ အဓိက ပစ်မှတ်က စာမေးပွဲအောင်ဖို့ ပါ။ ပညာရဖို့ မဟုတ်ပါဘူး။ ဘယ်မိဘမှ အဲဒီ့လောက်စိတ်မရှည်ကြဘူး။ အဲဒီ့တော့ တစ်ပွဲတိုးနည်းတွေ၊ အသေမှတ်နည်းတွေ၊ ကြက်ကန်းနည်းတွေ သင်ပေးရတော့တာပေါ့။
အစိုးရဝန်ထမ်းလုပ်နေရရှာတဲ့သူတွေရဲ့ ဘဝကျတော့ ........မပြောချင်တော့ပါဘူးဗျာ။
အဲဒါ ကျွန်တော်တို့ ရွေးချယ်စရာ မဟာလမ်းတွေပေါ့ဗျာ။
သူငယ်ချင်းများသို့
မာစတာ
အာပလာ
ငါမှ မရတာ။
တံငါရွာ
မဟန်ပါဗျာ
ပြန်လာရရင် မချောင်ပါ။
အယ်ဒီတာ
တကယ်ရယ်စရာ
သူတို့ ဥာဏ်တစ်ထွာလောက်နဲ့ 
ကမ္ဘာခြောက်ခြားအောင်လုပ်မတဲ့။
သင်္ဘောသား သူငယ်ချင်းရာ
မင်းပြောသမျှ တကယ်ပျင်းစရာ
အရက်ပုလင်း မျက်နှာ
သူငယ်ချင်းဆိုတဲ့မျက်နှာနဲ့ 
မင်းရဲ့ တရားကိုနာနေတာ။
ကျူရှင်ဆရာတွေလည်း
ပူပင်စရာပေပဲ။
ဆယ်တန်းကလေးတွေ ခေါင်းထဲကို
ကြက်ကန်း wayတွေ လောင်းပေး သတဲ့။
မဖြူတဖြူနှလုံးသားလေးတွေကို
အရောင်တွေဆိုး
အချောင်ဓလေ့ပျိုး ပေးသတဲ့။
အရာရှိဆိုတဲ့မာန်နဲ့ 
မာန်တက်မယ်တော့မကြံနဲ့ ။
သူတကာတွေ ရေကြည်ရာမြက်နုရာမှာ လွတ်လွတ်လပ်လပ် ပျံသန်းနေချိန်မှာ
မင်းတို့ က အတွေးအခေါ်ကို နောက်ပြန်ဆွဲ
သောက်ဥာဏ်နည်းတဲ့ အကောင်တွေ။
မစို့ မပို့ စက္ကူချပ်တွေကြားမှာ
အသက်ရှူကြပ်သေမယ့် ကောင်တွေ။
ကောင်းကင်ကို
ုအဟီး လွန်တာရှိ ဝန္ဒာမိပါ ဗျာ။ :D
Saturday, February 23, 2008
God ခဏဖြစ်သွားခိုက်(သရော်စာ)
Customer is God တဲ့။ အခု ကျွန်တော် မြန်မာပြည်ရဲ့ Cyber Cafe တစ်ခုထဲမှာ အင်တာနက် သုံးနေတယ်။Google က အလကား ပေးထားတဲ့ service တစ်ခုကို သုံးနေတယ်။ ဒါဆို အခု ကျွန်တော် Cyber Café လေးရဲ့ God။Google ရဲ့ God ။ အံမယ်God မှ နှစ်ထပ်ကွမ်း God တောင် ဖြစ်လို့ပါလား။ တယ်ဟုတ်တဲ့ ငါပါလား။
အခု ဟောဒီ့ God လက်ဆယ်ချောင်းနဲ့ အံသြဖွယ်ရာ ပဉ္စလက် ကို ဖန်တီးနေတယ်။ စင်ကာပူက သူငယ်ချင်း တွေကို မြန်မာပြည်ထဲကနေ Gtalk ကနေ လှမ်း စကားပြောနေတယ်။ email တွေလှမ်းပို့နေတယ်။Google က အလကားပေးထားတဲ့ အတောင်ပံနဲ့ ကမ္ဘာတစ်ပတ်ပျံနေတယ်။ slow motion နဲ့ ပျံနေတယ်။ (မြန်မာပြည်မှာ အင်တာနက်သုံးရတာသိပ်နှေးတာကိုး။) ဘာပဲဖြစ်ဖြစ်လေ၊ God ကျေနပ်ပါတယ်။
Cyber Café ကနေစိတ်တိုတိုနဲ့ ထွက်လာပြီးတော့ God စာအုပ်ဆိုင်တဆိုင် ကိုဝင်လိုက်တယ်။ God က English သိပ်မကောင်းဘူး။ Vocabulary သိပ်မကြွယ်ဘူးဗျာ။ God “မသိမဖြစ်ဝေါဟာရများ” ဆိုတဲ့စာအုပ်တအုပ်တွေ့ တယ်။ အသုံးများတဲ့ English စကားလုံးတွေစုပေးထားတာလို့ God ထင်တယ်။ God လည်းစိတ်ဝင်စားသွားပြီးတော့ ပထမဆုံး စာမျက်နှာကို လှန်ကြည့်လိုက်တာပေါ့။ တွေ့ ပါပြီဗျာ။ မသိမဖြစ်စကားလုံးတွေ။ “တို့ တာဝန် အရေးသုံးပါး”တဲ့။ “ပြည်သူ့ သဘောထားတဲ့”။ တော်ပြီ၊တော်ပြီ၊ဒီစကားလုံးတွေကတော့ ကြားရတာများလွန်းလို့ လူမပြောနဲ့ ၊အိမ်ကရွှေဝါတောင်အလွတ်ရနေပြီ။ God ဘာစာအုပ်မှ မဝယ်ပဲ စာအုပ်ဆိုင်ထဲကနေ ချာကနဲလှည့်ထွက်ခဲ့တယ်။ God ကို စိတ်တိုရန်ကောလို့ အပြစ်မတင်နဲ့ ။ God က Cyber Café ကထွက်လာကတည်းက ကျွဲမြီးတိုလာတာ။ စာအုပ်တိုင်းမှာ အဲဒါတွေမထည့်မနေရဆိုတာတွေ ဘာတွေ တွေးမနေနိုင်တော့ဘူး။
ဒီလိုနဲ့ စိတ်တိုတိုနဲ့ စာအုပ်ဆိုင် ထဲကနေ ထွက်လာပြီးတော့ လ္ဘက်ရည်ဆိုင် တစ်ဆိုင်ထဲကို ၀င်ထိုင်လိုက်တယ်။ God ကိုတော်တော်ဂရုစိုက်ကြတာပဲ။ ဘယ်သူက မှ ဘာမှ လာမမေးကြဘူး။ Godကို အရှင်လတ်လတ်ကြီး မြင်နေတာတောင် ဒင်းတို့ က အဖက်မလုပ်ကြဘူး။ စားပွဲထိုးတစ်ယောက်ကို တော် တော် ခေါ်ယူရတယ်။God လည်း ကွေကာ ပလိန်းတစ်ခွက် မှာလိုက်တယ်။ စားပွဲထိုးလာချ တော့ ကော်ဖီမစ်(စ်)ပလိန်း။ ဒါနဲ့ ပြန်လဲခိုင်း လိုက်ရတယ်။ ပြန်လဲပြီးတော့လည်း ဖျော်စရာ ရေနွေးခွက်က ပါမလာပြန်ဘူး။ God က လည်း God ဆိုပေမယ့် တကယ့် God အစစ် မဟုတ်တော့ ရေနွေးမပါဘဲနဲ့ ကွေကာအထုပ် ချည်းပဲသက်သက် ဖျော်သောက်နိုင်တဲ့ နည်းစနစ် ကို မဖန်တီးနိုင်ဘူး။ ဒါနဲ့ ရေနွေးမှာရင်း ခံတွင်းချဉ်လာတာနဲ့ ငါးသုံးလုံး စီးကရက်တစ်ပွဲ ပါ မှာလိုက်တယ်။ လာချတော့ လန်ဒန်။ အလိုက်တသိနဲ့ မီးခြစ်လည်း ယူမလာပြန်ဘူး။ စားပွဲထိုးတွေက အလုပ်ကို တော်တော်စိတ်ဝင်စားတာပဲ။ ဒါနဲ့  God သူတို့ ကို လခ ဘယ်လောက်ရလဲစပ်စုကြည့် တော့ ၆၀၀၀ တဲ့။ တစ်လကို ၅ ဒေါ်လာ ကြီးများတောင်မှ။ တော်တော်အလုပ်ကြိုးစားချင်စရာကောင်းတဲ့ လခပဲ။ ဆိုင်ရှင်ကလည်း management ညံ့လိုက်တာ။ God တွေကို ဂရုမစိုက်ဘူး။God တွေကလည်း God တွေပဲ။ တစ်ခါတလေ တချို့ God တွေက လ္ဘက်ရည်တစ်ခွက်ပဲမှာပြီးတနေကုန်ထိုင် လေ ကန်ချင် လေကန်ကြတာ။God ရဲ့သူငယ်ချင်း တချို့  God တွေဆို လ္ဘက်ရည်လေးတစ်ခွက် ကိုယ်စီမှာပြီး ကမ္ဘာကြီးကို ဟိုလိုဖန်တီးပစ်မယ်၊ ဒီလိုဖန်တီးပစ်မယ် ဆိုတဲ့စကားတွေကို အာပေါင် အာရင်းသန်သန်နဲ့ ဝေဖန်လေကန်နေလိုက်ကြတာ တစ်ခါတလေ ၃ နာရီ၊ ၄ နာရီ လောက်ကြာ တယ်။ ဒါပေမယ့် သူတို့ကို ၀န်ဆောင်မှု ကောင်းကောင်းမပေးရင် မကြည်ဘူး။ ရေနွေးအိုး အသစ်လဲမပေးရင် မကြိုက်ဘူး။ အားလုံးချုပ်ပြီး တွေးကြည့်လိုက်တော့ လ္ဘက်ရည်ဆိုင်ဆိုတာ မလှမပနဲ့ ညီနေတဲ့ သုံးနားညီတြိဂံတစ်ခုပဲ။ ဘယ် “အနား” က စပြင်သင့်သလဲတော့ မသိ ဘူး။ ဟိုတွေး၊ ဒီတွေး လျှောက်တွေးရင်း စိတ်ညစ်လာတာနဲ့ God လည်း ပိုက်ဆံ မြန်မြန်ရှင်း၊ ပါးစပ်ကို တစ်ရှူးနီနီကြီးနဲ့သုပ်ပြီး လ္ဘက်ရည်ဆိုင်က မြန်မြန်ထလာခဲ့တယ်။ အိမ် ပြန်ဖို့ ဘတ်(စ်)ကား ဂိတ်ကို သွားရတာပေါ့။
ဒီလိုနဲ့ ဘတ်(စ်)ကားလဲ လာ ရော၊ God တွေ အများကြီး ကားပေါ်တိုးကြိတ် တက်ရတယ်။ လူစပါယ်ယာက God တွေကို ကားအတွင်းထဲ အတင်းတိုးခိုင်းနေတယ်။ ဆဲဆို နေတယ်။ God တွေက လူစပါယ်ယာကို ပြန် ကြောက်နေရတယ်။ တချို့  God တွေလည်း ကိုယ့်ဒေါသကိုယ် မထိန်းနိုင်ပဲ လူစပါယ်ယာ တွေနဲ့ ဖက်ပြိုင်ပြီး ရန်ဖြစ်နေကြတယ်။God တွေခမျာ ဆင်းရင်လည်း God နဲ့တူအောင် မဆင်းရဘူး။ တစ်ခါတလေ လူစပါယ်ယာက တွန်းချတာခံရတယ်။ God ရဲ့အမေဆို တစ်ခါ သူခြေထောက်နာနေတုန်း လူစပါယ်ယာက တွန်း ချတာခံရလို့ နောက်ဘယ်တော့မှ ဘတ်(စ်)ကား မစီးတော့ဘူး။ ဒီတော့ အိမ်ကနေခွာလို့ မရ တော့ဘူးပေါ့။ ကိုယ်ပိုင်ကားမှ မရှိတာ။God အမေ God မကြီး ခြေထောက်ကျိုးသလို ဖြစ်သွားတာပေါ့။
ဒီလိုနဲ့  God လည်း အိမ်ပြန်ရောက် လာရောဆိုပါတော့။ စိတ်မောတာနဲ့ ရေသန့် တစ်ခွက်သောက်လိုက်တယ်။ ရေသန့်လို့သာ ပြောရတယ်။ တကယ်သန့်၊ မသန့်တော့ မသိ ဘူး။ ရေသန့်တွန်းလှည်းနဲ့ လာပို့တဲ့သူတွေက uniform လည်းဝတ်မထားဘူး။ နောက်ပြီး ရေသန့်ဗူး တံဆိပ်က တစ်ခါကို တစ်မျိုး။ ဗူးပေါ်က တံဆိပ်နဲ့ ပလတ်စတစ်ပတ်ပေါ်က တံဆိပ်ကလည်း တူချင်မှ တူတာ။ တစ်ခါတလေဆို ရေသန့်ဗူး တွေက မြင်မကောင်းလောက်အောင်ကို မည်း သည်းညစ်ပတ်နေသေးတယ်။ မတတ်နိုင်ဘူး။
ဒီလိုနဲ့ ညရောက်လာတော့ တစ်နေကုန် မောသမျှကို ဖြေဖျောက်ဖို့ သူငယ်ချင်းတစ်ယောက် ကိုခေါ်ပြီး စားသောက်ဆိုင်တစ်ဆိုင်ထဲကို ရောက် လာတယ်။ အဲဒီမှာလည်း စားပွဲထိုးတွေနဲ့ သိပ်အဆင်မပြေပါဘူးဗျာ။ စိတ်ညစ်တယ်ဗျာ။ တစ်နေကုန် God သာ ဖြစ်နေရတယ်။God ဖြစ်ခြင်းရဲ့ အရသာစစ်စစ်ကို ခုထိ မခံစားရ သေးဘူး။ ခုချိန်ထိ ကိုယ့်ကို လေးလေးစားစား ဆက်ဆံပြီး ရောင်းမယ့်သူ၊ ၀န်ဆောင်မှုပေးမယ့်သူတွေ မတွေ့ သေးဘူး။
ဒါပေမယ့် နောက်ဆုံးတော့ အဲဒီအခိုက် အတန့်ကို ရောက်လာတယ်။God တကယ် ဖြစ်မယ့် အခိုက်အတန့်ကို ရောက်လာတယ်။ ကောင်မလေး ချောချောလေးတွေများ ရေမွှေးတွေ၊ ခေါင်းလိမ်းဆီတွေ၊ စီးကရက်တွေကို marketing များ လာလုပ်ဦးမလားလို့ မျှော်နေတုန်းမှာပေါ့။ စာလေးခွေ ရောင်းတဲ့ အဘွားကြီးတစ်ယောက် ရောက်လာတယ်။ “အားပေးကြပါ၊ သားတို့ရယ်၊ ရှိခိုးဆိုရင် ရှိခိုးပါ့မယ်” တဲ့။ ကြည့်စမ်း။ လူတွေအဲဒီလောက်တောင်ဆင်းရဲ ကြပ်တည်းလာပြီလား။ စာလေးခွေလေး ၁၀၀ ဖိုးရောင်းရဖို့ အရေး ကိုယ့်ကို ရှိခိုးပြီး ရောင်းမယ့်သူ ပေါ်လာပြီ။ကျွန်တော် God တကယ်ဖြစ်ပြီ။
ကောင်းကင်ကို
(၂၀၀၆ ခုနှစ် ဒီဇင်ဘာ က ရန်ကုန်တွင်ရေးခဲ့ပါသည်။)
post အဟောင်းလေးပဲ ပြန်တင်လိုက်ပါတယ်။
to download click here
Tuesday, October 23, 2007
ဖြစ်ရပုံက(ဟာသအတိုအထွာ)
၁၉၉၈ ခုနှစ်တုန်းက ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကရာတေးသင်တန်းသွားအပ်တော့ ကရာတေးဆရာက မေးပါတယ်။
“မင်း ဘာလုပ်တုန်း။”
“ကျောင်းစောင့်”
ကရာတေးဆရာလည်း သိပ်လက်ကြောမတင်းပုံရတဲ့ ငနဲက ပေါက်ပေါက်ရှာရှာ ကျောင်းမှာ ညစောင့်လုပ်တယ်ဆိုတော့အံ့သြသွားတာပေါ့။
“ဘယ်ကျောင်းမှာလဲ။”
“မဟုတ်ဘူး။ ကျောင်းတွေ အကြာကြီးပိတ်ထားတာ ပြန်တက်ဖို့ စောင့်နေလို့ ကျောင်းစောင့်လို့ ပြောတာ။”
ကောင်းကင်ကို
Friday, October 12, 2007
သရော်စာ (စစ်သံဃာ့ တက္ကသိုလ်)
နေရာ။ ။ မြန်မာနိုင်ငံ
အချိန်ကာလ။ ။ ငြိမ်းချမ်းစွာ ဆန္ဒပြကြသောသံဃာတော်များကို စစ်အစိုးရမှ အကြမ်းဖက်ဖြိုခွဲပြီးသကာလ။
ဇာတ်ကောင်။ ။ ဂျိုကုပ်ကြီးများ (အဲ…နွားလောက မီဒီယာတွေမှာတော့ ဒင်း(ဗိုလ်ချုပ်ကြီးတွေ) တို့ ကို သူတို့ နဲ့ နှိုင်းရကောင်းလားဆိုပြီး နွားတွေကနာပြီးတော့ ကျွန်တော့် ကို စာလုံးအမည်းကြီးတွေနဲ့  အကြီးအကျယ် ရှုတ်ချနေမလားပဲ။) :-D
ဂျိုကုပ်ကြီးများ သူတို့ ကုလားထိုင်လှုပ်လာလို့  တကိုယ်လုံးက ရှိသမျှ အင်္ဂါတွေတုန်အောင်ကြောက်ပြီး တိုးတိုးတိတ်တိတ် အစည်းအဝေးလုပ်ကြပါတယ်။
ဂျိုကုပ်ရူး အဲလေ ဂျိုကုပ်မှုးကြီး။ ။ငါတို့ ရဲ့  မီဒီယာ ကို ပလီပလာ နဲ့ …အဲ… မီဒီိယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတဲ့ အစီအစဉ် မအောင်မြင်ပါလား။
ဂျိုကုပ်ကြီးတဦး။ ။ မပူပါနဲ့  ဂျိုကုပ်မှုးကြီးရဲ့ ၊ အဲဒီအစီအစဉ်မအောင်မြင်လို့  ပုဂံနတ် (bagannet) ကြီးကို အနားယူခိုင်းထားပါတယ်။ ခုဆို ပုဂံနတ် (bagannet) ကြီး နတ်ပြည်မှာ အေးအေးဆေးဆေးနှပ်နေရောပေါ့ ။ခုဆို လူတွေကြားထဲမှာ စကားပုံတခုခောတ်စားနေတယ်။ “internet ရတဲ့ ခဏဒုလ္လဘ၊ မီးလာတဲ့ ခဏဒုလ္လဘတဲ့”
ဂျိုကုပ်မှူးကြီး။ ။အေးဗျာ။ ဟိုရက်တွေကဆို ကျုပ်ဖြင့် ဆက်ဒမ်ဟူစိန်ကြီး လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ သေနေတဲ့ပုံကြီးပဲ မြင်ယောင်ပြီးအိပ်လို့ မပျော်ဘူး။ ပေါင်ချိန်ကြည့် လိုက်တာ ၀.၃၆၂၁ ပေါင်တိတိ လျော့သွားတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဦးမှ။တော်ကြာလူသတ်ဖို့ အမိန့် မပေးနိုင်ပဲ နေဦးမယ်။ ဒါနဲ့ နေပါဦး။ ဘုန်းကြီးကျောင်းတွေကို ဝင်စီးတဲ့ ကိစ္စကော ကျုပ်ခိုင်းတဲ့အတိုင်းလုပ်ကြရဲ့ လား။ ဘုန်းကြီးတွေက စွမ်းတယ်ဗျာ။ သတ္တိလဲ ရှိကြတယ်။ နောက်လဲ ပြည်သူတွေကို ကျုပ်တို့ ရက်ရက်စက်စက် လုပ်ရင် ဘုန်းကြီးတွေကငြိမ်ခံနေမှာ မဟုတ်ဘူး။ ဘယ်လို လုပ်ရမလဲ။ အကြံပေးကြစမ်းပါဦး။ ကျုပ်တို့ တော့ ကိုယ်ကျိုးနည်းပြီနဲ့  တူပါတယ်။
ဂျိုကုပ်ကြီးတတွေ ပြောရင်းဆိုရင်းနဲ့ ရုတ်တရက်ကြောက်ဒူးတုန်သွားပြီး အစည်းအဝေးအခန်းကြီးတခုလုံးတိတ်သွားတယ်။ အဲဒီ့ အချိန်မှာ ခပ်ဂေါက်ဂေါက် အကြံဥာဏ်တွေ အမြဲတမ်းပေးလေ့ရှိတဲ့  ဂျိုကုပ်ကြီးတယောက် က ထတဲ့ပြီး “လွယ်ပါတယ်၊ဂျိုကုပ်ကြီး ၊ ခုဆိုရင် ကျုပ်တို့ တွေ ဆရာဝန်တွေ၊အင်ဂျင်နီယာတွေ သပိတ်မှောက်မှာ မပူရတော့ဘူး။ ကျုပ်တို့ မှာ စစ်ဆေးတက္ကသိုလ်၊စစ်အင်ဂျင်နီယာတက္ကသိုလ်တွေရှိပြီလေ။ ခုလဲ ကျုပ်တို့  စစ်သံဃာ့တက္ကလိုလ်ဆို ပြီ်းဖွင့်လိုက်ကြတာပေါ့ ဂျိုကုပ်ကြီးရဲ့ ။ ဝင်ခွင့် အရည်အချင်းက တခြားဘာမှမလိုဘူး။ကျုပ်တို့ ဂျိုကုပ်မျိုးနွယ်ပဲ ဖြစ်ရမယ်။မကောင်းဘူးလား၊” လို့ ပြောလိုက်တယ်။ အဲဒီ့ မှာ ခပ်ဂေါက်ဂေါက် idea ကို ခပ်ဂေါက်ဂေါက် ဂျိုကုပ်ကြီးတွေရဲ့ ထောက်ခံသံတွေ၊ ငှက်ဆိုးထိုးသလို ရယ်သံကြီးတွေနဲ့  အစည်းဝေးအခန်းကြီးတခုလုံး ဆူညံသွားပါတော့တယ်။
Wednesday, October 10, 2007
သရော်စာ
အယ်ဒီတာပေါက်စတယောက်ငိုက်စိုက်ငိုက်စိုက်နဲ့  ဆရာကြီးအာလူးဆီကိုရောက်လာတယ်။(သတင်းစာထဲက ပေါက်ကရဆောင်းပါးတွေရေးတဲ့ ပေါက်စကိုပြောတာမဟုတ်ဘူးနော်၊ ဝါနုသေးတဲ့ အယ်ဒီတာမို့ လို့ အယ်ဒီတာပေါက်စလို့ ပြောတာ) :-D
ဆရာကြီးအာလူး။“ဟေ့လူ၊ခင်ဗျားကြည့်ရတာစိတ်မချမ်းသာလိုက်တာ၊တခုခုကိုစိုးရိမ် နေသလိုပဲ၊”
အယ်ဒီတာ။ ။ “အေးဗျာ၊ အယ်ဒီတာလုပ်ရတာလဲ မစားသာဘူး၊ ကိုယ်ဝါသနာ ပါတဲ့ အလုပ်ကို တနေ့ တခြားရွံရွံလာပြီ။ စိစစ်ရေးဝင်ရင်လဲ မိုက်မိုက်ရိုင်းရိုင်း အဆဲခံရသေးတယ်၊ဟိုဟာ မထည့် ရ၊ ဒီဟာမထည့် ရနဲ့ ။”
ဆရာကြီးအာလူး။ ။ “ဘာတွေများမထည့် ရလို့ လဲ၊ ပြောစမ်းပါဦး”
အယ်ဒီတာ။ ။ “ဥပမာဗျာ၊ ကုန်ဈေးနှုန်းကျရင်တော့ ထည့် လို့ ရတယ်။ တက်သွားရင်ထည့် လို့ မရဘူး။”
ဆရာကြီး။ ။ “သူတို့ ကမှန်သားပဲ။ ခင်ဗျားကိုကပိန်းတာ။ ဒီမယ်ကိုယ့် လူ၊ ထူးခြားမှုရှိမှ သတင်းလို့ ခေါ်တယ်။ လူတိုင်းသိပြီးသားကိစ္စက သတင်းမဟုတ်ဘူး။ ကုန်ဈေးနှုန်းတက်တာ က အမြဲတမ်းဖြစ်နေတာ။ သတင်းမဟုတ်ဘူး။ ကျတာက တခါတရံ မှဖြစ်လို့ သတင်း။ အဲ လိုပဲ၊ မီးပျက်တာလဲ လူတိုင်းသိပြီးသား။ အထူးအဆန်း ကိစ္စ မဟုတ်ဘူး။ မီးမှန်ရင်သာ သတင်း။ ခင်ဗျား ပိန်းလို့ အဆဲခံရတာ နည်းတောင်နည်းသေး။”
အယ်ဒီတာ။ ။ “ဒါဆိုရင် ဒင်းဒို့ တတွေ ဘုရားတွေကို နေ့ တိုင်း အယောင်ဆောင်သွားဖူးပြီး သူတော်ကောင်းယောင်ဆောင်နေတာကော။ အဲဒါက နေ့ တိုင်းလေ။ထူးခြားမှုမရှိပဲ ဘာလို့ TV သတင်းထဲမှာ ထည့် လဲ။”
ဆရာကြီး။ ။ “ဟ၊ထူးခြားတာပေါ့။ လူတွေဘုရားရှိခိုးရင်တော့ မဆန်းဘူး။ သတင်းမဟုတ်ဘူး။ ခွေးတွေဘုရားရှိခိုးတာ မြင်ဘူးလို့ လား။ အဲဒါသတင်းပေါ့ ။”
အယ်ဒီတာ။ ။ “မှားပါတယ်။ ဒါဆိုရင် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သံဃာတော်တွေ၊ကျောင်းသားပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းတာကော။ အဲဒါကျ ဘာလို့ မထည့် လဲ။”
ဆရာကြီး။ ။ “ခင်ဗျားကလဲ၊ ပိန်းပြန်ပြီ။ သတင်းလောကမှာ ဆိုရိုးရှိတယ်။ လူကခွေးကို ကိုက်မှသတင်း။ ခွေးကလူကို ကိုက်တာ သတင်းမဟုတ်ဘူး၊ သူ့ သဘာဝ။ ကိုက်မှာပဲ။မြဲမြဲမှတ်ထားကိုယ့် လူ။”
အယ်ဒီတာ။ ။ “မေးမိတာ မှားပါတယ်ဗျာ။”
ကောင်းကင်ကို