Thursday, February 28, 2008

ရောင်စုံအရုပ်လေးများ (ရာဘင်ဒြာနတ်တဂိုး)


ကလေးရယ်…
မင်းဆော့ဖို့  ရောင်စုံအရုပ်လေးတွေကို ငါ ယူလာပေးတဲ့အခါ
တိမ်တွေ ရေတွေဟာ ဘာကြောင့်ရောင်စုံ ဖြစ်နေရတယ်
ပန်းတွေဟာ ဘာကြောင့် ရောင်စုံ ပွင့်နေရတယ်..ဆိုတာကို
ငါနားလည်လာခဲ့ရတယ်။
မင်းဆော့ဖို့ ရောင်စုံအရုပ်လေးတွေကို ငါ ယူလာပေးတဲ့အခါမှာပေါ့။

ကလေးရယ်…
မင်းကဖို့ သီချင်းလေးတွေကို ငါဆိုပေးတဲ့အခါ
သစ်ရွက်လေးတွေမှာ ဘာကြောင့် ဂီတတွေ ရှိနေရတယ်
လှိုင်းတွေဟာ သူတို့ ရဲ့  တေးသံချို တွေကို ခံစားနားဆင်နေတဲ့ ကမ်းစပ်မြေပြင်ရဲ့ ရင်ခွင်ဆီ ဘာကြောင့်
ပို့ လွှတ်ပေးနေရတယ်ဆိုတာကို
ငါနားလည်လာခဲ့ရတယ်။
မင်းကဖို့ သီချင်းလေးတွေကို ငါဆိုပေးတဲ့အခါမှာပေါ့။

ကလေးရယ်…
မင်းရဲ့ လောဘတကြီးလိုချင်နေတဲ့ လက်လေးတွေထဲကို ငါက မုန့် ချိုချိုလေးတွေ ထည့်ပေးလိုက်တဲ့အခါ
ခွက်ကလေးတွေလို ပွင့်နေတဲ့ ပန်းပွင့်လေးတွေထဲမှာ ပျားရည်လိုချိုတဲ့ဝတ်ရည်တွေ ဘာကြောင့် ရှိနေရတယ်
သစ်သီးလေးတွေထဲမှာ အချိုရည်တွေကို ဘာကြောင့် တိတ်တိတ်ကလေး ဖြည့်ထားပေးရတယ်ဆိုတာကို
ငါနားလည်လာခဲ့ရတယ်။
မင်းရဲ့ လောဘတကြီးလိုချင်နေတဲ့ လက်လေးတွေထဲကို ငါက မုန့် ချိုချိုလေးတွေ ထည့်ပေးလိုက်တဲ့အခါ မှာပေါ့။

ကလေးရယ်…
မင်းရဲ့ မျက်နှာမှာ အပြုံးလေးတစ်ခုပွင့်လာဖို့  မင်းရဲ့  မျက်နှာလေးကို ငါက နမ်းလိုက်တဲ့အခါ
နံနက်ခင်း အလင်းရောင်ခြည်နုနုမှာ ဟိုး…မိုးကောင်းကင်ဆီက ပျော်ရွှင်စရာတွေ ဘာကြောင့် စီးဆင်းလာတယ်
နွေဦးလေပြေလေးက ပျော်ရွှင်ကြည်နူးစရာတွေကို ငါ့ကိုယ်ခန္ဓာဆီ ဘာကြောင့်ယူဆောင်ပေးခဲ့သလဲဆိုတာတွေကို
ငါနားလည်လာခဲ့ရတယ်။
မင်းရဲ့ မျက်နှာမှာ အပြုံးလေးတစ်ခုပွင့်လာဖို မင်းရဲ့  မျက်နှာလေးကို ငါက နမ်းလိုက်တဲ့အခါမှာပေါ့။ ။

ရာဘင်ဒြာနတ်တဂိုး

တဂိုး၏ colored toys ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

Saturday, February 23, 2008

God ခဏဖြစ်သွားခိုက်(သရော်စာ)


Customer is God တဲ့။ အခု ကျွန်တော် မြန်မာပြည်ရဲ့ Cyber Cafe တစ်ခုထဲမှာ အင်တာနက် သုံးနေတယ်။Google က အလကား ပေးထားတဲ့ service တစ်ခုကို သုံးနေတယ်။ ဒါဆို အခု ကျွန်တော် Cyber Café လေးရဲ့ GodGoogle ရဲ့ God အံမယ်God မှ နှစ်ထပ်ကွမ်း God တောင် ဖြစ်လို့ပါလား။ တယ်ဟုတ်တဲ့ ငါပါလား။

အခု ဟောဒီ့ God လက်ဆယ်ချောင်းနဲ့ အံသြဖွယ်ရာ ပဉ္စလက် ကို ဖန်တီးနေတယ်။ စင်ကာပူက သူငယ်ချင်း တွေကို မြန်မာပြည်ထဲကနေ Gtalk ကနေ လှမ်း စကားပြောနေတယ်။ email တွေလှမ်းပို့နေတယ်။Google က အလကားပေးထားတဲ့ အတောင်ပံနဲ့ ကမ္ဘာတစ်ပတ်ပျံနေတယ်။ slow motion နဲ့ ပျံနေတယ်။ (မြန်မာပြည်မှာ အင်တာနက်သုံးရတာသိပ်နှေးတာကိုး။) ဘာပဲဖြစ်ဖြစ်လေ၊ God ကျေနပ်ပါတယ်။

ကမ္ဘာပြားပြီဆိုတာ တကယ် မှန်တာပဲ။ ဒီ အင်တာနက်ခေတ်ကြီးထဲမှာ ဘယ် မှာနေနေ အခွင့်အရေးက အတူတူပဲ။ တစ်ယောက် နဲ့တစ်ယောက် ဆက်သွယ်ဖို့ လွယ်လွယ်လေး ဆိုတာကို ကိုယ်တွေ့ကြုံလို့ ယုံသွားပြီ။ အရာရာကို ဖန်တီးနိုင်တယ်ဆိုတဲ့ ကျေနပ်မှု အရသာကို ပျော်ပျော်ကြီးခံစားနေရပြီ။ ဒီလိုနဲ့ ပျော်ပျော်ကြီး ကမ္ဘာတစ်ပတ်ပတ်နေတုန်းမှာပဲမီးက ရုတ်တရက်ပျက်သွားတယ်။ UPS ကမနိုင်ဘူးဗျာ။ ကွန်ပျူတာပိတ်သွားတော့တာပေါ့။ မီးကလဲ၊ ပျက်မှာဖြင့် ပြတ်ပြတ်သားသားပျက်ရောပေါ့။ ခုတော့မဟုတ်ဘူး။ God ဆိုင်ထဲက မထွက်ခင် မှာပဲ မီးကပြန်လာတယ်။ ဒါနဲ့ ပဲ God ကွန်ပျူတာ ပြန်ဖွင့်ပြီးGod ရဲ account ထဲပြန်ဝင်ရောဆိုပါတော့။ ခုနစ်မိနစ်လောက်ကြာတယ်။ ဒီလိုနဲ့  Gtalk ပြန်တက်ရုံပဲ ရှိသေးတယ်။ သောက်မီး ကထပ်ပျက်ပြန်ရော။ တောက်…EPC ကလူတွေကလဲ ဆော့စရာတော်တော်ရှားတယ်ထင်တယ်။ ဒီလောက်တောင်ဆော့ချင်နေလဲ…တောက်... ပြောလိုက်ရရင်မကောင်းဘူး။ UPS ကမနိုင်တော့ Computer က ထပ်ပိတ်သွားတော့တာပေါ့။ God တော်တော် စိတ်တိုသွားတယ်။ ကျေနပ်တဲ့ အရသာတွေ ဘယ်ပျောက်သွားမှန်း မသိဘူး။ စိတ်တိုတိုနဲ့ပဲ ကွန်ပျူတာဆီကနေ ခွာလိုက်တယ်။ ကမ္ဘာကလဲ နာရီဝက်လောက်ပဲ ပြားနိုင်တော့ တယ်။စင်္ကာပူကကောင်တွေ၊ မင်းတို့ဘာသာ မင်းတို့ ဆက်ပြားကြတော့၊ ငါကတော့ ပြန် လုံးပြီ လို့ စိတ်ထဲကနေ ပြောလိုက်တယ်။ ပိုက်ဆံရှင်းတော့ ဆိုင်က အဲဒီလို ဖြစ်တာ သိသိကြီးနဲ့ နာရီဝက်စာ အပြည့် ယူတယ်။Google ကို ပိုက်ဆံမပေးခဲ့ရတဲ့God ခုတော့ ဘာမှသိပ်မလုပ်လိုက်ရပဲ Cyber Cafe ကို နာရီဝက်စာ အင်တာနက်သုံးခ အောင့်သက် သက်နဲ့ ပေးလိုက်ရပြီ။God တော်တော်စိတ် တိုသွားပြီးတော့ နောက်ဒီဆိုင်ကို ဘယ်တော့မှ မလာဖို့ ချက်ခြင်းဆုံးဖြတ်လိုက်တယ်။

Cyber Café ကနေစိတ်တိုတိုနဲ့ ထွက်လာပြီးတော့ God စာအုပ်ဆိုင်တဆိုင် ကိုဝင်လိုက်တယ်။ God က English သိပ်မကောင်းဘူး။ Vocabulary သိပ်မကြွယ်ဘူးဗျာ။ God “မသိမဖြစ်ဝေါဟာရများ” ဆိုတဲ့စာအုပ်တအုပ်တွေ့ တယ်။ အသုံးများတဲ့ English စကားလုံးတွေစုပေးထားတာလို့ God ထင်တယ်။ God လည်းစိတ်ဝင်စားသွားပြီးတော့ ပထမဆုံး စာမျက်နှာကို လှန်ကြည့်လိုက်တာပေါ့။ တွေ့ ပါပြီဗျာ။ မသိမဖြစ်စကားလုံးတွေ။ “တို့ တာဝန် အရေးသုံးပါး”တဲ့။ “ပြည်သူ့ သဘောထားတဲ့”။ တော်ပြီ၊တော်ပြီ၊ဒီစကားလုံးတွေကတော့ ကြားရတာများလွန်းလို့ လူမပြောနဲ့ ၊အိမ်ကရွှေဝါတောင်အလွတ်ရနေပြီ။ God ဘာစာအုပ်မှ မဝယ်ပဲ စာအုပ်ဆိုင်ထဲကနေ ချာကနဲလှည့်ထွက်ခဲ့တယ်။ God ကို စိတ်တိုရန်ကောလို့ အပြစ်မတင်နဲ့ ။ God က Cyber Café ကထွက်လာကတည်းက ကျွဲမြီးတိုလာတာ။ စာအုပ်တိုင်းမှာ အဲဒါတွေမထည့်မနေရဆိုတာတွေ ဘာတွေ တွေးမနေနိုင်တော့ဘူး။

ဒီလိုနဲ့ စိတ်တိုတိုနဲ့ စာအုပ်ဆိုင် ထဲကနေ ထွက်လာပြီးတော့ လ္ဘက်ရည်ဆိုင် တစ်ဆိုင်ထဲကို ၀င်ထိုင်လိုက်တယ်။ God ကိုတော်တော်ဂရုစိုက်ကြတာပဲ။ ဘယ်သူက မှ ဘာမှ လာမမေးကြဘူး။ Godကို အရှင်လတ်လတ်ကြီး မြင်နေတာတောင် ဒင်းတို့ က အဖက်မလုပ်ကြဘူး။ စားပွဲထိုးတစ်ယောက်ကို တော် တော် ခေါ်ယူတယ်။God လည်း ကွေကာ ပလိန်းတစ်ခွက် မှာလိုက်တယ်။ စားပွဲထိုးလာချ တော့ ကော်ဖီမစ်(စ်)ပလိန်း။ ဒါနဲ့ ပြန်လဲခိုင်း လိုက်ရတယ်။ ပြန်လဲပြီးတော့လည်း ဖျော်စရာ ရေနွေးခွက်က ပါမလာပြန်ဘူး။ God က လည်း God ဆိုပေမယ့် တကယ့် God အစစ် မဟုတ်တော့ ရေနွေးမပါဘဲနဲ့ ကွေကာအထုပ် ချည်းပဲသက်သက် ဖျော်သောက်နိုင်တဲ့ နည်းစနစ် ကို မဖန်တီးနိုင်ဘူး။ ဒါနဲ့ ရေနွေးမှာရင်း ခံတွင်းချဉ်လာတာနဲ့ ငါးသုံးလုံး စီးကရက်တစ်ပွဲ ပါ မှာလိုက်တယ်။ လာချတော့ လန်ဒန်။ အလိုက်တသိနဲ့ မီးခြစ်လည်း ယူမလာပြန်ဘူး။ စားပွဲထိုးတွေက အလုပ်ကို တော်တော်စိတ်ဝင်စားတာပဲ။ ဒါနဲ့  God သူတို့ ကို လခ ဘယ်လောက်ရလဲစပ်စုကြည့် တော့ ၆၀၀၀ တဲ့။ တစ်လကို ၅ ဒေါ်လာ ကြီးများတောင်မှ။ တော်တော်အလုပ်ကြိုးစားချင်စရာကောင်းတဲ့ လခပဲ။ ဆိုင်ရှင်ကလည်း management ညံ့လိုက်တာ။ God တွေကို ဂရုမစိုက်ဘူး။God တွေကလည်း God တွေပဲ။ တစ်ခါတလေ တချို့ God တွေက လ္ဘက်ရည်တစ်ခွက်ပဲမှာပြီးတနေကုန်ထိုင် လေ ကန်ချင် လေကန်ကြတာ။God ရဲ့သူငယ်ချင်း တချို့  God တွေဆို လ္ဘက်ရည်လေးတစ်ခွက် ကိုယ်စီမှာပြီး ကမ္ဘာကြီးကို ဟိုလိုဖန်တီးပစ်မယ်၊ ဒီလိုဖန်တီးပစ်မယ် ဆိုတဲ့စကားတွေကို အာပေါင် အာရင်းသန်သန်နဲ့ ဝေဖန်လေကန်နေလိုက်ကြတာ တစ်ခါတလေ ၃ နာရီ၊ ၄ နာရီ လောက်ကြာ တယ်။ ဒါပေမယ့် သူတို့ကို ၀န်ဆောင်မှု ကောင်းကောင်းမပေးရင် မကြည်ဘူး။ ရေနွေးအိုး အသစ်လဲမပေးရင် မကြိုက်ဘူး။ အားလုံးချုပ်ပြီး တွေးကြည့်လိုက်တော့ လ္ဘက်ရည်ဆိုင်ဆိုတာ မလှမပနဲ့ ညီနေတဲ့ သုံးနားညီတြိဂံတစ်ခုပဲ။ ဘယ် အနားက စပြင်သင့်သလဲတော့ မသိ ဘူး။ ဟိုတွေး၊ ဒီတွေး လျှောက်တွေးရင်း စိတ်ညစ်လာာနဲ့ God လည်း ပိုက်ဆံ မြန်မြန်ရှင်း၊ ပါးစပ်ကို တစ်ရှူးနီနီကြီးနဲ့သုပ်ပြီး လ္ဘက်ရည်ဆိုင်က မြန်မြန်ထလာခဲ့တယ်။ အိမ် ပြန်ဖို့ ဘတ်(စ်)ကား ဂိတ်ကို သွားရတာပေါ့။

ဒီလိုနဲ့ ဘတ်(စ်)ကားလဲ လာ ရော၊ God တွေ အများကြီး ကားပေါ်တိုးကြိတ် တက်ရတယ်။ လူစပါယ်ယာက God တွေကို ကားအတွင်းထဲ အတင်းတိုးခိုင်းနေတယ်။ ဆဲဆို နေတယ်။ God တွေက လူစပါယ်ယာကို ပြန် ကြောက်နေရတယ်။ တချို့  God တွေလည်း ကိုယ့်ဒေါသကိုယ် မထိန်းနိုင်ပဲ လူစပါယ်ယာ တွေနဲ့ ဖက်ပြိုင်ပြီး ရန်ဖြစ်နေကြတယ်။God တွေခမျာ ဆင်းရင်လည်း God နဲ့တူအောင် မဆင်းရဘူး။ တစ်ခါတလေ လူစပါယ်ယာက တွန်းချတာခံရတယ်။ God ရဲ့အမေဆို တစ်ခါ သူခြေထောက်နာနေတုန်း လူစပါယ်ယာက တွန်း ချတာခံရလို့ နောက်ဘယ်တော့မှ ဘတ်(စ်)ကား မစီးတော့ဘူး။ ဒီတော့ အိမ်ကနေခွာလို့ မရ တော့ဘူးပေါ့။ ကိုယ်ပိုင်ကားမှ မရှိတာ။God အမေ God မကြီး ခြေထောက်ကျိုးသလို ဖြစ်သွားတာပေါ့။

ဒီလိုနဲ့  God လည်း အိမ်ပြန်ရောက် လာရောဆိုပါတော့။ စိတ်မောတာနဲ့ ရေသန့် တစ်ခွက်သောက်လိုက်တယ်။ ရေသန့်လို့သာ ပြောရတယ်။ တကယ်သန့်၊ မသန့်တော့ မသိ ဘူး။ ရေသန့်တွန်းလှည်းနဲ့ လာပို့တဲ့သူတွေက uniform လည်းဝတ်မထားဘူး။ နောက်ပြီး ရေသန့်ဗူး တံဆိပ်က တစ်ခါကို တစ်မျိုး။ ဗူးပေါ်က တံဆိပ်နဲ့ ပလတ်စတစ်ပတ်ပေါ်က တံဆိပ်ကလည်း တူချင်မှ တူတာ။ တစ်ခါတလေဆို ရေသန့်ဗူး တွေက မြင်မကောင်းလောက်အောင်ကို မည်း သည်းညစ်ပတ်နေသေးတယ်။ မတတ်နိုင်ဘူး။ ရေကျက်အေး ကျိုသောက်ဖို့ကလည်း မီးမှမလာပဲ သန့်သန့်၊ မသန့်သန့် ဒါပဲ သောက်ရမှာပဲ။ ညစ်ပတ်တာကို ကိုယ့်မျက်စေ့နဲ့ တပ်အပ်မမြင်ရရင်ပြီးတာပဲ။ ရောဂါပိုးတွေကို အကောင်လိုက် ရေထဲမှာ မမြင်ရရင် ပြီးတာပဲ။

ဒီလိုနဲ့ ညရောက်လာတော့ တစ်နေကုန် မောသမျှကို ဖြေဖျောက်ဖို့ သူငယ်ချင်းတစ်ယောက် ကိုခေါ်ပြီး စားသောက်ဆိုင်တစ်ဆိုင်ထဲကို ရောက် လာတယ်။ အဲဒီမှာလည်း စားပွဲထိုးတွေနဲ့ သိပ်အဆင်မပြေပါဘူးဗျာ။ စိတ်ညစ်တယ်ဗျာ။ တစ်နေကုန် God သာ ဖြစ်နေရတယ်။God ဖြစ်ခြင်းရဲ့ အရသာစစ်စစ်ကို ခုထိ မခာံးရ သေးဘူး။ ခုချိန်ထိ ကိုယ့်ကို လေးလေးစားစား ဆက်ဆံပြီး ရောင်းမယ့်သူ၊ ၀န်ဆောင်မှုပေးမယ့်သူတွေ မတွေ့ သေးဘူး။

ဒါပေမယ့် နောက်ဆုံးတော့ အဲဒီအခိုက် အတန့်ကို ရောက်လာတယ်။God တကယ် ဖြစ်မယ့် အခိုက်အတန့်ကို ရောက်လာတယ်။ ကောင်မလေး ချောချောလေးတွေများ ရေမွှေးတွေ၊ ခေါင်းလိမ်းဆီတွေ၊ စီးကရက်တွေကို marketing များ လာလုပ်ဦးမလားလို့ မျှော်နေတုန်းမှာပေါ့။ စာလေးခွေ ရောင်းတဲ့ အဘွားကြီးတစ်ယောက် ရောက်လာတယ်။ အားပေးကြပါ၊ သားတို့ရယ်၊ ရှိခိုးဆိုရင် ရှိခိုးပါ့မယ်” တဲ့။ ကြည့်စမ်း။ လူတွေအဲဒီလောက်တောင်ဆင်းရဲ ကြပ်တည်းလာပြီလား။ စာလေးခွေလေး ၁၀၀ ဖိုးရောင်းရဖို့ အရေး ကိုယ့်ကို ရှိခိုးပြီး ရောင်းမယ့်သူ ပေါ်လာပြီ။ကျွန်တော် God တကယ်ဖြစ်ပြီ။

ဒါပေမယ့် ကျွန်တော် မပျော်နိုင်ဘူးဗျာ။God ဖြစ်ခြင်းရဲ့ အရသာကို မခံစားရရင်လည်း နေပါစေတော့။ အဲဒီလို God မျိုးတော့ မဖြစ် ချင်ပါဘူးဗျာ။

ကောင်းကင်ကို

(၂၀၀၆ ခုနှစ် ဒီဇင်ဘာ က ရန်ကုန်တွင်ရေးခဲ့ပါသည်။)

post အဟောင်းလေးပဲ ပြန်တင်လိုက်ပါတယ်။
to download click here

Friday, February 22, 2008

ဘယ်သူမှ ဂိုးအောင်မသွင်းနိုင်ဘူး (သရော်စာ) (ရေး ဂျက်ကွမ်းခြံကုန်း)

(တစ်)

ယခုနှစ်သည်ကား ကောင်းသောနှစ်ဖြစ်၏။ တစ်နည်းအားဖြင့်မူ စိတ်လှုပ်ရှားဖွယ်ရာ နှစ်ကာလလည်းဖြစ်၏။ အမျိုးကောင်းသားတို့ အိတ်ထဲမှ စည်းစိမ်ဥစ္စာ အသပြာငွေကြေးတို့  အနုတ်အသိမ်း အပေးအယူ အကြွေးထူထပ်ရာ သမယလည်းဖြစ်၏။ အကြောင်းမူ ၂၀၀၆ ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲ ကြီးကို ဂျာမနီနိုင်ငံတွင် ဝှဲချီးကျင်းပ ခြေစွမ်းပြဘိကြရာ နှစ်ကာလ ဖြစ်သောကြောင့်ပင် ဖြစ်ဘိပါချေသည်တကား တမုံ့ သတည်း။

(နှစ်)

လူမှုဗေဒဆိုင်ရာ သိပ္ပံပညာရှင်တို့ က ဘောလုံးပွဲဆိုသည်မှာ သွေးမထွက်သော စစ်ပွဲများဟူ၍ တင်စားမြွက်ဆိုခဲ့ကြချေရာ အကြင်အနှီစကားကို ကျွန်ုပ် ဂျက်ကွမ်းခြံကုန်း ကြိုက်၏။ လူမျိးအလိုက် နိုင်ငံအလိုက် မိမိတိုင်းပြည်၏ အကောင်းဆုံး အညွန့် ဆုံး လူသယံဇာတများကို တူးဖော်ရွေးထုတ်ကာ ကမ္ဘာ့ရှေ့ မှောက်၌ ချပြလိုက်ခြင်းပင်ဖြစ်၏။ မိမိတို့ ၏ ဉာဏခွန်အား၊ ကာယခွန်အား ဘယ့်ကလောက်ရှိထားသည်ကို ရှူစားတော်မူကြပါခင်ဗျ ဟူလို။

(သုံး)

ဘောလုံးပွဲ တစ်ပွဲသည် အနုပညာတစ်ရပ်ဖြစ်၏။ ရှေ့ ဘာဖြစ်မလဲ ရှေ့ ဘာဖြစ်မလဲနှင့် တထိတ်ထိတ်ကြည့်နေရသည်မှာ အားပြိုင်မှု(conflict) အကောင်းဆုံးဖြစ်သဖြင့် ဝတ္ထုတိုကောင်းတစ်ပုဒ်နှင့် အလားသဏ္ဍန်တူ၏။
ဘောလုံးပွဲတစ်ပွဲသည် ရူပဗေဒသင်ခန်းစာတစ်ရပ်လည်း ဖြစ်၏။ အရှိန်တို့ အဟုန်တို့  အားတို့ မျှခြေတို့ အင်နားရှားတို့ ပေါင်းစုပါဝင်၏။
ဘောလုံးပွဲတစ်ပွဲသည် သချာင်္ပုစ္စာတစ်ပုဒ်လည်း ဖြစ်၏။ ထောင့်ကျဉ်း ထောင့်ကျယ် မျဉ်းတို မျဉ်းရှည် မျဉ်းဖြောင့် မျဉ်းကွေး ပေးယူလှုပ်ရှား ကစားနေကြခြင်းပင်ဖြစ်ဘိတုံချေ၏။
အနို့ အပြင် ဘောလုံးပွဲတစ်ပွဲဟူသည်ကား ဆိုက်ကော်လော်ဂျီ ခေါ် စိတ္တဗေဒလေ့ကျင့်ခန်းများလည်းဖြစ်၏။ တစ်ဘက်လူ တစ်ဘက်အသင်း၏ စိတ်ကိုအကဲခတ်ကာ မိမိတို့ က ထိုးဖောက်မွှေနှောက် ဆော့ကစားရခြင်းဖြစ်ချေတုံ၏။

သို့ ဖြစ်ချေရာ အကြောင်းကြောင်းသော အကြောင်းကြောင်းများကို ပေါင်းစပ်ဖွဲ့ စည်းထားသည့် မဟာအနုပညာတော်ဝင် အားကစားဖြစ်ချေသဖြင့် လူတိုင်းကြိုက်ဘောလုံးဖြစ်နေရသည်မှာ ဘဇာမှ မဆန်းကြယ်လှပါချေတည့်။

(လေး)
ဘောလုံးအကြောင်း စဉ်းစားသော် ကျွန်ုပ်၏ဆရာ နန္ဒသိန်းဇံကို သတိရမိ၏။ ဆရာ နန္ဒသိန်းဇံကား ဘောလုံးပွဲကို ခံတွင်းတွေ့ ဟန်မတူ။ လုံးစေ့ပတ်စေ့ မဟုတ်သော်လည်း ဆရာ့စကား အချို့ ကို ကျွန်ုပ် သတိရမိ၏။
“ဘောလုံးကစားနေတာကို ကိုယ်လေ့လာနေတာကြာပြီ။ အနှစ်ချုပ်ကတော့ ဂိုးပေါက်ထဲကို ဝင်အောင်သွင်းနိုင်ဖို့ လိုက်လုနေကြတာပါပဲဗျာ” ဟူသတည်း။
ဟုတ်မဟုတ်ကိုကား အောင်ကျော်ဦး ခေါ် ကြွက်နီခေါ် သိမ်းတင်သား ခေါ် နှုတ်ခမ်းမွှေး ခေါ် စုတ်ဖတ်ဖတ်နှင့် လူအား မေးရပါအံ့။


(ငါး)
ဘောလုံးအကြောင်း စဉ်းစားသည်တွင် ကဗျာဆရာ အောင်ဝေးသည်လည်း အောက်မေ့ဖွယ်ကောင်းသူပင်။ အကြင်ကဗျာဆရာကား ဘောလုံးပွဲအကြောင်း စလိုက်သည်နှင့်….
“ပုသိမ် တက္ကသိုလ်မှာ တုန်းက ကိုယ်က မြန်မာစာအသင်း selection (လက်ရွေးစင်) လေကွာ” ဟူသတည်း။
အနို့ နှင့် ကာလအတန်ကြာလေသော် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ။ အထက်ပါစကားကို ပြောဆိုသည့်အခိုက် ကျွန်ုပ်က မေးမိချေ၏။
“အနို့  ပုသိမ်တက္ကသိုလ် မြန်မာစာဘာသာမှ ယောက်ျားလေး ဘယ်လောက်ရှိချေသတုန်းဗျာ”
ကဗျာဆရာ အောင်ဝေးကား ခေတ္တတော့ တွေသွားပါချေ၏။ ပြီးမှ….
“ဆယ့်လေးငါးယောက်တော့ ရှိမှာပေါ့ဗျာ” ဟူသတည်း။
ခက်ခဲနက်နဲစွာဖြင့် အကျပ်အတည်းကြားမှ selection ဖြစ်လာရရှာသူ မောင်အောင်ဝေးကလေးပင်တကား တမုံ့ သတည်း။

(ခြောက်)

၂၀၀၆ ဂျာမနီ ကမ္ဘာ့ဖလား အကြောင်း စကားစရာက တို့ အစ်ကိုကြီး ချစ်ဦးညိုအကြောင်းကိုလည်း သွားသတိရမိပြန်၏။ သူကဟောပြောပွဲတိုင်းတွင် ဘောလုံးပွဲတစ်ခု အကြောင်း မကြာမကြာ ပြောတတ်သူဖြစ်၏။
မျက်စေ့ ကန်းနေသူတို့ ဘောလုံးအသင်းနှင့် ရူးသွပ်နေသူတို့ ဘောလုံးအသင်း ကစားကြသည် ဆို၏။ မျက်စေ့ ကန်းနေသူတို့  ဘောလုံးကန်နိုင်ကြစေရန် ဘောလုံးတွင် ခြူကလေးဆွဲပေးထား၏။ အသင်းသားအချင်းချင်း သိနိုင်စေရန် မျက်စေ့ ကန်းနေသူ ကစားသမားများ၏ ခြေထောက်များတွင်လည်း ခြူကလေးများ ဆွဲပေးထားသည်ဆို၏။ အနို့ အပြင် ဂိုးပေါက်များတွင်လည်း ခြူဆွဲကာ အသံပေးထားသည်ဆို၏။ အနို့ ဖြင့်ကန်ကြရာ နောက်ဆုံးတွင် မျက်စေ့ကန်းနေသူတို့ အသင်းက ၁၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားသော ပုံပြင်ဖြစ်ပါ၏။ ထို ၁၁ ဂိုးမှာ မျက်စေ့ကန်းနေသူတို့ က သွင်းသော ဂိုးမဟုတ်တုံပဲ ရူးနေသူတို့ က မိမိတို့ ဂိုးကို မိမိတို့ (ဂိုးသမားအပါအဝင်) တစ်ယောက်တစ်ကိုးစီ (တာဝန်သိသိ) ပြန်သွင်း ခဲ့ကြ ခြင်းကြောင့် မျက်စေ့ ကန်းနေသူတို့ က နိုင်သွားခြင်း ဖြစ်ကြောင်းလည်း ထိုအနှီ အစ်ကိုကြီး ချစ်ဦးညိုက ရှင်းပြခဲ့သေးပါ၏။ အသိတရားကန်းခြင်းသည် မျက်စေ့ကန်းခြင်းထက်ဆိုးကြောင်း ဥပဒေထုတ်ကာ ဆုံးမတော်လည်း မူပါသေး၏။ သာဓု သာဓု သာဓု။
အနှီပုံပြင်ကို မမ စမ်းစမ်းနွဲ့ (သာယာဝတီ) ထံမှ ရသည်ဆို၏။ မမ စမ်းစမ်းနွဲ့ ကလည်း လူထုဦးလှထံမှရသည်ဟု ဆိုပြန်၏။ လူထုဦးလှ အဘယ်ကရသည်ကိုမူ မေးရန်ခက်ပေစွ။

(ခုနစ်)
ဘောလုံးနှင့် ပတ်သတ်သည့် ဟာသတစ်ပုဒ်ကို ဆရာဖေလင်းသစ်၏ ဟောဒီလောကီထဲတွင်လည်း ဖတ်လိုက်ဖူး၏။ အနှီဟာသကိုပင် ကိုဆွေမင်း(ဓနုဖြူ)က သူ၏တွတ်ပီထဲတွင် ထည့်သုံးထားပြန်ပါ၏။
ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအပြီး ဆုချီးမြှင့် အခမ်းအနားတွင် ဘောလုံးအကြောင်းဘာမှမသိသူ သူကြီးက အမေးအမြန်း အစုံအစမ်း လုံးဝ မရှိပဲ အပိတ်မိန့် ခွန်း နိဂုံးချုပ်စကား တက်ပြော၏။ ခက်ခဲပင်ပန်းစွာ လုယက်ကစားသွားကြသည့် အားကစားသမားများကို လွန်မင်းစွာ အားနာမိဟန်ဖြင့်….
“သည်နှစ် ရပ်ရွာရဲ့  ဘဏ္ဍာရေးအခြေအနေအရ ဘောလုံး တစ်လံးတည်း ချပေးထားရတာကို အလွန်အားနာပါတယ်။ ဘောလုံးဈေးကလည်းကြီးတယ် မဟုတ်လား။ အနို့ သော် ရှေ့ နှစ်များမှာ လူစေ့တက်စေ့ အားရပါးရ စိတ်ကြိုက်ကစားနိုင်ဖို့  တစ်ယောက်နဲ့ တစ်ယောက် လုယက်မနေကြရဖို့ အတွက် ၂၂ လုံးချထားမပေးနိုင်လင့်စေကာမူ လေးငါးဆယ်လုံး ချထားပေးဖို့  ကတိပြုရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား” ဟူလို။

(ရှစ်)
အနို့ ကလို ဘောလုံးလောက သြချဖွယ်ရာ ထွေလီကာလီများထဲတွင် ကျွန်ုပ်ဆရာကြီးဂျက်၏ အသည်းကိုခိုက်သွားစေသော ဖြစ်ရပ်မှန်ဇာတ်တစ်ပုဒ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ ဘက်မှ ကြားခဲ့ရပြန်ချေ၏။ အလယ်တန်းကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဟူချေသတည်း။ ဆယ်ကျော်သက် ကလေးတွေ ပေပေါ့။
အသို့ နှင့် ဘောလုံးပွဲကြီး ဝှဲချီးကျင်းပခဲ့ကြရာ နောက်ဆုံးဗိုလ်လုပွဲသို့  နှစ်သင်းတက်ကာလာသည် ဆို၏။ ထိုနေ့ က ဗိုလ်လုပွဲဆိုသော်လည်း မိုးကသည်းထန် မြစ်ချောင်းတွေက ပြည့်လျှံ ဖြစ်နေရာ ပရိသတ်မှာ အနည်းငယ်မျှသာ ရှိသည်ဟုလည်း ဆိုပါ၏။ သို့ သော် ပြိုင်ဘက်အသင်းတစ်သင်းမှ သင်းတို့ ၏ ရွာမှနေ၍ ချောင်းများမြောင်းများကို ကျော်ဖြတ်ပြီး ဘောလုံးကွင်းသို့ လာရမည်ဖြစ်ရာ မိုးထန် ချောင်းလျှံကြောင့် ပသို့ မှ မလာရောက်နိုင်ခဲ့ပဲ ရှိပါ၏။ အနှီတွင် ဘောလုံးပွဲတို့ ၏ ထုံးစံ မလာသူကို အရှုံးပေးရန်ဖြစ်ပါ၏။ သို့ သော်…..
ဘောလုံးပွဲနာယက ကျောင်းအုပ်ဆရာမကြီးအပါအဝင် ပြိုင်ပွဲကျင်းပရေး အဖွဲ့ က မည်သို့ မျှ ဘောလုံးကို မကစားပဲ လာသောအသင်းကို အနိုင်ပေးရသည်မှာ ခြောက်ခြောက်သွေ့ သွေ့  နိုင်လှကြောင်း၊ ထို့ ကြောင့် လာသောအသင်းတစ်သင်းတည်း ပွဲကို အဖြစ် ကစားစေလိုကြောင်း၊ ၅မိနစ် ကစားပြီးနောက် လူတစ်ယောက်မှ မရှိသည့် တစ်ဖက်အသင်း၏ ဂိုးထဲသို့  ၁ဂိုး ကန်သွင်စေလို ကြောင်း၊ အကယ်၍ မသွင်းနိုင်ခဲ့သော် အရှုံးပေးမည် ဖြစ်ကြောင်း သဘောတူမျှကြကာ ကွင်းလယ်တွင်ဘောလုံးကိုချ တွီကနဲ မှုတ်ပြီးသည့် သကာလ စတင်ကစားကြပါချေ၏။ သို့ သော် ထိုအသင်း ရှုံးပါသည်။ ၅ မိနစ်စွန်းသည် အထိ သတ်မှတ်သော ၁ဂိုးကို မသွင်းနိုင်ကြရှာ။ အကြောင်းမှာကား သူသွင်းမည် ငါသွင်းမည်နှင့် တစ်ယောက်ဘောလုံးကို တစ်ယောက် လိုက်လုနေကြရင်း မည်သူမှ မသွင်းလိုက်နိုင်ပဲ အရှုံးတွေ့ သွားခဲ့ရသည် ဆိုပါ၏။ ထိုအံ့သြဖွယ် ဖြစ်ရပ်မှန် ဘောလုံးပွဲမှာ ကျွန်ုပ် ဂျက်ကွမ်းခြံကုန်း၏ အသည်းကို အခိုက်ဆုံးဖြစ်ပါ၏။

ဂျက်ကွမ်းခြံကုန်း

Thursday, February 21, 2008

ဒုက္ခိတ

ဗီယက်နမ် စစ်ပွဲက အပြန် …..
စစ်သားလေး တစ်ယောက်ဟာ သူနေတဲ့ မြို့ ကို မပြန်ခင်မှာ ဆန်ဖရန်စစ္စကို ကနေ သူ့ မိဘတွေဆီကို ဖုန်းဆက်ပါတယ်။

“ဟယ်လို၊ မာမီ၊ သားပါ။ မာမီနေကောင်းရဲ့ လား။ ဒယ်ဒီရော”
        “သား…သားလေး…မေမေတို့သားလေးဆီကဖုန်း မျှော်နေတာ ။ ဒယ်ဒီလည်းရှိတယ်။ သားလေးနေကောင်းရဲ့ လား”
“ဟုတ်ကဲ့၊ကောင်းပါတယ် မာမီ၊ သားအခုအိမ်ပြန်လာတော့မလို့ ၊အဲဒါသူငယ်ချင်းတစ်ယောက်ကို အိမ်ခေါ် လာချင် လို့ ။ရလား။”
        “အင်း၊ ခေါ်ခဲ့လေ သားလေးရဲ့ ။ မာမီတို့ လည်းတွေ့ ရတာပေါ့”
ကောင်လေးက ဆက်ပြောတယ်။ “ ဒါပေမယ့် သားသူငယ်ချင်းက မိုင်းနင်းမိပြီးတော့ ခြေထောက် တစ်ဘက် နဲ့ လက်တစ်ဘက် ဖြတ်လိုက်ရတယ်။ သူ့ မှာ တခြားလည်း သွားစရာ နေရာလည်းမရှိဘူး။ အဲဒါသားသူ့ ကို သားတို့ နဲ့ တူတူနေဖို့ ခေါ် ထားချင်တယ်။ရလား မာမီ”
        “သြော်၊ စိတ်မကောင်းစရာပါလား။သနားပါတယ်။မေမေတို့ လည်း သူ့ အတွက်နေစရာ ကူရှာ ပေးကြ မယ်လေ”
“မဟုတ်ဘူးမေမေ။ သားကသူ့ ကိုသားတို့ နဲ့ တူတူနေဖို့ အိမ်မှာအမြဲတမ်းခေါ်ထားချင်တာ၊သူကသားရဲ့ အချစ်ဆုံးသူငယ်ချင်း မာမီရဲ့ ။”
        “သြော်…သားလေးကလဲကွာ။အဲလိုတော့ဘယ်ဖြစ်ပါ့မတုန်း။ဒုက္ခိတတစ်ယောက်ကို ပြုစုစောင့်ရှောက်နေရရင်မေမေတို့ အတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေမှာပေါ့။ အဲဒီ့ သူငယ်ချင်းကို မေ့လိုက်ပြီး သားတစ်ယောက်တည်း ပြန်လာစမ်းပါသားရယ်။ ဒုက္ခမရှာချင်စမ်းပါနဲ့ ။သူ လည်းတနည်းနည်းနဲ့ အဆင်ပြေသွားမှာပါ”

သူ့ သူငယ်ချင်းကို အရမ်းချစ်ပုံရတဲ့ ကောင်လေးဟာ ချက်ခြင်းဖုန်းချသွားပါတယ်။

အဲဒီ့နေ့ ကစပြီးကောင်လေးရဲ့ မိ ဘတွေဟာ ကောင်လေးဆီက၃ရက်လောက်ဘာသတင်းမှမရတော့ပါဘူး။ ၃ရက်မြောက်နေ့ မှာ တော့…..

၃ရက်မြောက်တဲ့ နေမှာတော့ ဆန်ဖရန်စစ္စကို ရဲစခန်းကနေ ဖုန်းလာပါတယ်။ သူတို့ သား သေသွားပြီတဲ့။ အဆောက်အဦး တစ်ခုပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတာတဲ့။

ကြေကွဲသောက ရောက်နေတဲ့ မိဘနှစ်ပါးလည်း ဆန်ဖရန်စစ္စကို ကိုလိုက်သွားရတာပေါ့။ သူတို့ သားလေးရ့ဲ့ အလောင်းကို မြင်လိုက်ရတဲ့ အခါမှာတော့ သူတို့ နှစ်ယောက် အရမ်းတုန်လှုပ်ပြီး ကြေကွဲသွားပါတယ်။ နောင်တ အကြီးအကျယ်ရသွားပါတယ်။

သူတို့ သားရဲ့ အလောင်းမှာ လက်တစ်ဘက်နဲ့ ခြေတစ်ဘက်ပဲရှိတယ်လေ။

ကောင်းကင်ကို
Look in Your heart (Anonymous) ကို ဘာသာပြန်ထားပါသည်။

Tuesday, February 19, 2008

ကဗျာရွတ်သံ

VOA အနုပညာ မိုးကောင်ကင် အစီအစဉ်မှာ ထုတ်လွှင့်ခဲ့တဲ့ “ကျွန်”ဆိုတဲ့ ကဗျာလေးပါ။ ကိုကျော်အောင်လွင်က ရွတ်ဆိုပေးထားပါတယ်။

Get this widget | Track details | eSnips Social DNA

ဒီကဗျာရွတ်သံကို download လုပ်ဖို့  click here

The Irreplaceable Hero

Sunday, February 17, 2008

မကျွတ်သေးတဲ့ တစ္ဆေ

လျှပ်စစ်မီးတွေကို ပိတ်
မျက်လုံးတွေကို အတင်း မှိတ်လိုက်တဲ့ အခါတိုင်း
အိမ်လွမ်းစိတ်ဆိုတဲ့ တစ္ဆေတစ်ကောင်ဟာ
ရင်မှာအမြဲ လာခြောက်တယ်။

ပြတင်း တစ်ပေါက်မှ မရှိလို့ 
မွန်းကြပ်ပြီး အိမ်ထဲက အတင်း ရုန်းထွက်ခဲ့ရပေမယ့်
ငါ့စိတ် ငါ့ဝိညာဉ်ကတော့
အတွင်းလှိုက် ပျက်စီးနေတဲ့
အဲဒီ့ အိမ်ပျက်ကြီးထဲမှာပဲ
တဝဲဝဲ တလည်လည်နဲ့ လိပ်ပြာလွှင့်နေတယ်။
သြော်…ငါဟာ မကျွတ်သေးတဲ့ တစ္ဆေ တစ်ကောင်ပါလား။

ငါတို့ အိမ်ကို မီးရှို့ နေတာ ဘယ်သူတွေလဲ။
အိမ်မှာ အမေ နေမှ ကောင်းရဲ့ လား။
စီးပွါးရေးတွေကော ပြေလည်ကြပါရဲ့ လား။
ငါတို့ အိမ်ကို ဘယ်သူတွေက ဘယ်သူတွေကို ရောင်းစားနေသလဲ။
ဒါတွေဟာ... မီးလောင်နေတဲ့ အိမ်ပျက်ကြီးကို
စိတ်မသက်မသာ အဝေးကနေ ငေးကြည့်နေရတဲ့
တစ္ဆေတစ်ကောင်ရဲ့ အတွေးများပေါ့။

အိမ်ကို လောင်နေတဲ့ မီးတွေဟာ
မိုင်ပေါင်းများစွာကို ဖြတ်
ကမ္ဘာကို တစ်ပတ်ပတ်ပြီး
ဒီအထိတောင် လာဟပ်နေပါလား။

မျက်နှာစိမ်းတွေကြားမှာ
နေနေရတဲ့ရပ်ဝန်းမှာလည်း
ငါ့ကို မိုးထားတဲ့ကောင်းကင်က
အသက်ရှူရ ကြပ်လောက်အောင်ကို နိမ့်တယ်။

ငါဟာ ဒီမြို့ ထဲမှာ နေပေမယ့်
ငါဟာ ဒီမြို့ ထဲကို ဝင်ခွင့်မရသေးဘူး။
ဘာသာစကားအတားအဆီးတွေ
ငွေကြေးအတားအဆီးတွေနဲ့ 
လူမျိုးရေးခွဲခြားမှုတွေကြားမှာ
ကြွပ်ဆတ်ဆတ်နဲ့ ငါ့ရဲ့ စိတ်ဟာ
ခုထိ ဒီမြို့ ထဲမှာ အနည် မကျသေးဘူး။

သူတို့ ဘာသာ စကားမတတ်လို့ 
အင်္ဂလိပ်လို ပြောလိုက်တဲ့အခါ
ကြည့်လိုက်တဲ့ တစ်ချို့ မျက်လုံးတွေထဲမှာ
ဖော်ရွေလေးစားမှု တွေ မပါဘူး။
ငါ့မျက်လုံးတွေက ပြာ မနေလို့ လား။
ငါ့ အသားတွေက ဖြူမနေလို့ လား။
ကြည့်လိုက်တဲ့ မျက်လုံးတွေက
အေးစက်စက်နဲ့  စိမ်းတယ်။

သြော်…
ဒီမြို့ ပေါ်ကို ရွာချပေးနေတဲ့ မိုးရေစက်တွေကတောင် ငါ့ကိုစိမ်းတယ်။
ငါ့ အပူကို ငြိမ်းမပေးဘူး။

အဲဒီ့ အပူကို ငြိမ်းဖို့ 
အေးစက်နေတဲ့ ရေကို ကြိတ်မှိတ်သောက်လိုက်တော့လည်း
ပါးစပ် ထဲမှာ ခါးသက်သက်နဲ့ 
သောက်လိုက်ရတဲ့ ရေက အစ စိမ်းတယ်။

တစ်ခါ တစ်ခါ ပေါ့ ၊
အသိအမှတ်မပြုချင်တဲ့ မျက်လုံးတွေ
မာနကို ဖြတ်ရိုက်လိုက်တဲ့ စကားလုံးတွေ
အချဉ်ဖမ်းခါနီး ပြုံးလိုက်တဲ့ အပြုံးတွေနဲ့ 
ဘဝတူတွေအချင်းချင်း မနာလို ရန်ရှာမှုတွေ ကို ကြုံတွေ့ ရတဲ့အခါ
ငါ့ ခံစားချက်တွေ သိပ်သည်းလာလွန်းလို့ လား၊
ရုတ်တရက် ကိုယ်ယောင်ဖျောက်ပြီး
အမေ့ဆီ ပျံသွားချင်လိုက်တာ။

ငှက်ကလေးတွေ ဆီက အတောင်ပံငှား
စိတ်ကူးလေးနဲ့ အမေ့ဆီ ပျံသွားတာတောင်မှ
စိတ်ဖြောင့် လက်ဖြောင့် မပျံသန်းနိုင်ဘူး။
အိမ်နားတစ်ဝိုက်မှာက
ငှက်သတ်မုဆိုးတွေ ကျက်စားတယ်။
ပြီးတော့ အစာ ရေစာ ကလည်း ရှားတယ်။

ငါတို့ ဟာ တိုင်းပြည်မီးလောင်လို့ 
ထွက်ပြေးလာတဲ့ မီးဘေးဒုက္ခသည်တွေပါ။
မီးအပူဒဏ်ကို ကြောက်လို့ ထွက်ပြေးခါမှ
ကံဆိုးသူတွေ သွားရာနောက်ကို
ဒုက္ခမီးတောက်တွေက တကောက်ကောက်နဲ့ လိုက်တယ်။

သြော်... ပညာရဲရင့် ပွဲလယ်တင့်လို့ ဆိုကြပေမယ့်
ဘယ်ပွဲဖြစ်ဖြစ် မျက်နှာကတော့ တန်းတူ မပွင့်ပါဘူး။
မာယာတွေနဲ့  ကစားကြတဲ့
လူညွန့် ခူး ဈေးကွက်ထဲမှာ
အသက်ကလေးမှန်မှန်ရှူနိုင်ဖို့ အရေး
ကိုယ့်ကိုယ်ကို အပြိုင်အဆိုင်ဈေးချကြရင်းက
ငါတို့ တန်ဖိုးက
အင်္ကျီဟောင်း တစ်ထည်လို ကျကျလာတယ်။

အမေ့အိမ်ရဲ့ အဝေးမှာ
မာနတွေကို တစစီဖြုတ်
အသည်းနှလုံးကို ခဏထုတ်ပြီး
လူသားစက်ရုပ် လုပ်နေရတာ
ပင်ပန်းလိုက်တာ။
တော်ရာမှာ မနေချင်တော့ဘူး။
ရင်ဘတ် တစ်ခြမ်း ကျန်ရစ်ခဲ့တဲ့
ပျော်ရာမှာပဲ နေချင်တယ်။
အမေ ပြင်ပေးတဲ့
ပဲပြူတ်ဆီဆမ်း ထမင်းကြမ်းနဲ့ 
ငါ့ နံနက်ခင်းတွေကို
အသက်ဝင်အောင် နှိုးချင်တယ်။

သြော်…
ငါ့မသိစိတ်မှာ ဆန္ဒမီးတွေသင့်နေလို့ လား။
အိမ်ကို လွမ်းတဲ့ ဥပါဒါန်နဲ့ 
မနေ့ ညက အိပ်မက်မက်တယ်။
အိပ်မက်ထဲမှာတော့………………………..
…………………………………………………
…………………………………………………

ကောင်းကင်ကို

Saturday, February 16, 2008

ရင်ထဲက အမေ



အမေဟာ…
ဝါးလုံးခေါင်းထက်တောင် ကျဉ်းတဲ့
စစ်ဖိနပ် အတွင်းမှာ
မရမက သာပေးရှာတဲ့ လမင်း။

အမေဟာ…
ဒဏ်ရာတွေကို ကြိုးအဖြစ်တပ်ပြီး
ကမ္ဘာတုန်အောင် မြည်တဲ့သီချင်း။

အမေနေပြခဲ့တဲ့ အတ္ထုပ္ပတ္တိနဲ့  သားတို့ သတ္တိတွေကို ဆူပွက်နေအောင် နှိုးထားတာ။
အမေပြောခဲ့တဲ့ စကားတွေနဲ့ သားတို့ သွေးတွေကို နီရဲနေအောင် ဆိုးထားတာ။

အမေ့ရင်ထဲက ကဗျာ တစ်ပုဒ်ဆွဲထုတ်
ဓားတစ်လက်လုပ်ပြီး
အဲဒီ့ မိစ္ဆာတောအုပ်ကို သားတို့ ခုတ်ကြမယ် အမေ။

သွေးဆာနေတဲ့ဘီလူးတွေက
စံမမီတဲ့ သူတို့ ဘဝလှေနံမှာ
အာဏာကို အောင်မြင်မှု အဖြစ် တရားသေ ဓားထစ်နေချိန်မှာ
အမေကတော့ ကရုဏာ နှလုံးသားနဲ့ 
ပြည်သူ့ ငိုသံကို နားစွင့်တယ်။

အမေဟာ တက္ကသိုလ်ရိပ်သာလမ်းထဲမှာ လှောင်ထားခံရတဲ့ ငှက်ကလေး တစ်ကောင်၊
ပျံခွင့်မရတဲ့ ငှက်အားလုံးတို့ ရဲ့ ခေါင်းဆောင်ပေါ့။
အမေက ပျံခွင့်မရပေမယ့် အမေ့နာမည်ကတော့ ဟိုး…ကောင်းကင်ဖျားမှာပျံနေတယ်။
အမေ့ နာမည်တစ်လုံးကို ပြည်သူတွေအတွက် အမေသုံးချင်နေမှာပဲနော်။

ပြည်သူ့ မေတ္တာတွေသာ ပန်းပွင့်လေးတွေဖြစ်မယ်ဆိုရင်
ပြည်သူတိုင်းက ပန်းပွင့်တစ်ပွင့်စီပေးလို့ 
အမေ့ ဘဝဥယျာဉ်မှာ ပန်းပွင့်လေးတွေနဲ့ ပြည့်နေလောက်ပြီ။
အဲဒီ့ ပန်းရနံ့ တွေပေါ့။
သူတို့ မလိုတမာစိတ်နဲ့ ဘယ်လိုဖုံးဖုံး
ကမ္ဘာတစ်ခုလုံး မွှေးနေတာ။

မိစ္ဆာတွေကတော့
သေနတ်ကို မလွှတ်တမ်းကိုင်ပြီး
မီးလောင်နေတဲ့ ကုလားထိုင်တွေပေါ် အတင်းတက်ထိုင်နေကြတယ် အမေ။
အဲဒီ့ မိစ္ဆာတွေပေါ့၊
သူရဲဘော ကြောင်လိုက်ကြတာ။
အမေ့ကို ရင်မဆိုင်ရဲလို့ ၊
အမေ့ကို မယှဉ်ပြိုင်ရဲလို့ 
အမေ့ကိုသီးခြား ခွဲထုတ်
အမေ့စာမျက်နှာတွေကို သမိုင်းထဲက အတင်းဆွဲစုတ်လည်း
အမေ့ ပုံရိပ်တွေက သားတို့ အသည်းထဲမှာ
စုတ်နဲ့ ထိုးထားသလို စွဲပြီးသား။

ဘယ်သူတွေ ဘယ်လို ပြောပါစေ
အမေဟာ အမေဖြစ်နေသေးသရွေ့ 
သားတို့ ချစ်နေမယ်။
ရင်ထဲမှာ အမေ အမြဲရှိနေမယ်။

ခုချိန်မှာတော့ အမေဟာ ….
ကျဆုံးခဲ့တဲ့ ရင်သွေးတွေအတွက်
အမေ့အိမ်လေးထဲမှာ တိတ်တိတ်ကလေး ငိုနေမလား။
ဒါမှမဟုတ် ဒုက္ခပင်လယ်ဝေနေတဲ့ ရင်သွေးတွေအတွက်
ဆုတောင်းမေတ္တာတေးသီချင်းတွေကို တိတ်တိတ်ကလေးဆိုနေမလား။

အမေ့ရဲ့  အကြင်နာလက်နဲ့ 
သားတို့ နေတဲ့ ပုခက်လေးကို
ညင်သာစွာ လွှဲပေးမယ့် နေ့ ရက်တွေကို မျှော်နေမယ်။

အမေဟာ ကျွန်တော်တို့ အားလုံးရဲ့ ကောင်းကင်
အမေ မိုးမယ့် နေ့ တွေဆီကို သားတို့ အားလုံး ရောက်ချင်လှပြီ။
အမေဟာ ကျွန်တော်တို့ အားလုံး ရဲ့ မိခင်
အမေပျိုးမယ့် ဥယျာဉ်ကို သားတို့ အားလုံး ကြည့်ချင်လှပြီ။

ကောင်းကင်ကို
(၁၅ ဖေဖော်ဝါရီ ၂၀၀၈)

Friday, February 8, 2008

ငါတို့ ထဲကတချို့ သို့ 

ကဗျာ အဟောင်းလေးကိုပဲ date ပြောင်းပြီး ပြန်တင်လိုက်ပါတယ်။

ငါတို့ ထဲကတချို့ သို့ 

ခွင့်ပြုကြ သူငယ်ချင်းတို့ 
အမှန်တရားကို ဆိုတဲ့ငှက်ဟာ
ငါ့နှုတ်ဖျားမှာ ခဏလာနားလို့ ။

ခွင့်ပြုကြသူငယ်ချင်းတို့ 
ရင်ထဲက အသံဟာ
ငါ့ကဗျာကို အခုလာငှားလို့ ။

ငါတို့ ဟာ ငါတို့ အားလုံးရဲ့  ပျမ်းမျှကိုယ်တိုင်းနဲ့  တော်တဲ့ အင်္ကျီကို
့ဝတ်ဆင်နေရခြင်းသာဖြစ်တယ်။

ငါတို့ ထဲက တချို့ က
ကိုယ့်အတောင်ပံကိုယ်ဖြတ် ခွပ်ဒေါင်းအလံကိုယက်နေချိန်မှာ
ငါတို့ ထဲက တချို့ က ပက်ကြားအက်နေတဲ့ ပါးစပ်တွေနဲ့ 
မိုးခါးရေကိုမက်နေကြလို့ ။

ပဒေသရာဇ်ဆန်တဲ့ညတွေထဲ
ငါတို့ ထဲကတချို့ က ကိုယ့်ကိုယ်ကို မီးမြှိုက်တောက်ပ ပေးနေချိန်မှာ
ငါတို့ ထဲက တချို့ က အဆိပ်ရေတွေနဲ ငြိမ်းခဲ့ကြလို့ ။

ဒဏ္ဍာရီတွေထဲကအတိုင်း
သွေးဆာနေတဲ့ ဘီလူးရိုင်းတွေ
ဓာတ်ပုံ တွေကိုင်ပြီး တမြို့ လုံးဝင်မွှေချိန်မှာ
ငါတို့ ထဲကတချို့ က ခောတ်ပျက်တာကို ခောတ်ပျက်တယ်လို့ ရှုနေကြလို့ ။

ငါတို့ ထဲက တချို့ က
ယုံကြည်ချက်တွေပန်ပြီး ယောနသံစင်ရော်လို ပျံနေချိန်မှာ
ငါတို့ ထဲက တချို့ က
ကိုယ့် အနာဂတ်ကိုကိုယ်တိုင်သော့ ခတ်
သော့တံကို မိစ္ဆာတွေဆီ အပ်လို့ ။

ရန်သူက ငါတို့ ကိုတည့်တည့်ပစ်နေချိန်မှာ
ငါတို့ ထဲကတချို့ က
ညီအစ်ကို အချင်းချင်း
နှုတ်ခမ်းကျဉ်းကျဉ်းတွေနဲ့ 
အပေါစားတံဆိပ်တွေကပ်
ဒေါသအဆိပ်တွေ ခတ်နေကြလို့ ။

ငါတို့ ထဲက တချို့ က
မိဘ စကားမလွန်ဆန်ရက်ရင် ဘုရားတောင်မှ မပွင့်နိုင်ဘူးဆိုတဲ့ အတွေးနဲ့ 
တော်လှန်ခြင်းအကျင့်ကို အဆုံးစွန်ထိ ကျင့်ကြတယ်။
ငါတို့ ထဲက တချို့ က
မိစ္ဆာတွေစကားလွန်ဆန်ခဲ့ရင် ကိုယ့်အတ္တကမ္ဘာပျက်လိမ့်မယ်ဆိုတဲ့အတွေးနဲ့ 
နာခံခြင်းအကျင့်ကို အဆုံးစွန်ထိကျင့်ကြတယ်။

အာဇာနည်တွေရဲ့ အပြင်းစားရင်ခုန်သံတွေဟာ သေနတ်သံတွေထက်ဆူညံခဲ့ပါတယ်။
ဒါပေမယ့် ငါတို့ ထဲကတချို့ က လက်ခုပ်ကိုတောင် ကျယ်ကျယ်မတီးရဲကြဘူး။

ငါတို့ ထဲက တချို့ ကြောင့် ငါတို့ အင်္ကျီတွေသေးနေရတယ်။
ကန့် လန့်  ကန့် လန့် လုပ်လာရင်တော့
ငါတို့ ထဲက တချို့ ကို
ငါတို့ ထဲက ထုတ်ရမယ်။

ငါတို့ ရင်ထဲက သံပုံးတီးသလိုမြည်လာတဲ့ ကြွေးကြော်သံတွေနဲ့ 
မကောင်းဆိုးဝါးတွေကို နှင်ထုတ်ကြ။
ခွပ်ဒေါင်းတွေရဲ့ အတောင်ပံဟာ
စည်းမဲ့ကမ်းမဲ့သေနတ်ကိုင်သူတွေကိုခွပ်ဖို့ ဖြစ်တယ်။
(၂၀၀၇ နိုဝင်ဘာ)


ကောင်းကင်ကို

Thursday, February 7, 2008

ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ

မပွင့်တပွင့် နှုတ်ခမ်းလေးက
မောင်လို့ တစ်ခွန်း ခေါ်လိုက်တိုင်း မှာ
သံယောဇဉ် ဝက်အူက
ရင်ကို တစ်ရစ်တင်းတယ်။

ချစ်သူ့ နှုတ်ခမ်းဖျားမှာ
မုန်တိုင်းတစ်ခု ဖွဖွကလေး တိုက်ရင်တောင်
ငါက…နှလုံးသားတစ်ခုလုံး ဒေါင်ချာစိုင်းတဲ့ကောင်ပါ။

ပတ္တမြားသွေးနဲ့ 
ချစ်စရာနှုတ်ခမ်းလေးမှာ
စကားလုံးလေးတွေက တတွတ်တွတ်နဲ့ ပွင့်တယ်။
မာယာ သကြားတွေ ထည့်မထားတဲ့
စကားလုံး ရိုးရိုးလေးတွေက
ဘာကြောင့် ဒီလောက်ချိုနေရတာလဲ။
အဲဒီ့ စကားလုံးလေးတွေကိုပေါ့
ငါ…ဝိုင်အရက် ချက်ပြီး တညလုံးမူးခဲ့တာ။

မျက်လုံးခြင်း ဆုံလိုက်တဲ့ အခိုက်အတန့် မှာ
အကြင်နာမြစ်တစ်စင်းက ငါ့သွေးကြောထဲကို ဖြတ်စီး
ခဏလေး လက်သွားတဲ့ လျှပ်စီးရောင်အောက်မှာ
အသည်း သဏ္ဍန်တိမ်စိုင်လေးတစ်ခုကို
ဝိုးတဝါးနဲ့ တွေလိုက်ရတယ်။
ဒါ ချစ်ခြင်းရဲ့ နိမိတ်လား။

လမင်းရဲ့ ဆွဲငင်အားနဲ့ 
သံယောဇဉ် ဒီရေတွေတရိပ်ရိပ်တိုး
နှလုံးသား ဆည် ကျိုးတဲ့နေ့ ကပေါ့။

ဟန်တစ်ခွဲသားနဲ့ အဖြူရောင် တံတိုင်းကြီးလည်း
တိုးတိုးလာတဲ့ ချစ်ခြင်း တွေကို ထမ်းပိုးရင်းက
မနိုင်မနင်းနဲ့  သူ့ အလိုလို ပြိုကျ၊
ချစ်စကားတွေ ငါ့နှုတ်ခမ်းက အလုအယက် ခုန်ထွက်လာတုန်းကပေါ့။
စကားလုံးတွေ တစ်လုံးနဲ့ တစ်လုံး ခလုတ်တိုက်မိပြီး
ငါ့စကားတွေက ထစ်သွားလိုက်တာ။

နှစ်ယောက်စလုံးရဲ့ ရင်ခုန်သံတွေက
တိတ်ဆိတ်မှုကိုဖြို
ချစ်သူ့ မျက်နှာမှာ
ရှက်သွေးတွေစိုသွားတဲ့ခဏပေါ့။
ငါ…လမင်းနီနီကို ပထမဆုံးအကြိမ် မြင်လိုက်ရတယ်။

ကျေးဇူးပြုပြီး တိတ်ပေးကြပါ
ဝင်သက်ထွက်သက်တို့ ၊
ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ
နှင်းဆီ တစ်ပွင့်စီ အိပ်နေလို့ ။

ကောင်းကင်ကို

ဆရာ အော်ပီကျယ်ရဲ့  Cartoon

ပုံများကို ခပ်ကြီးကြီးမြင်ရရန် အတွက် ပုံကို click လုပ်ပါ။








ကြေကွဲစရာ စာမျက်နှာများ

အခြွေခံရတဲ့ ပန်း
အနမ်း မခံရတဲ့ ရင်သွေး
မေတ္တာပို့ သခွင့် မရတဲ့ ရဟန်း
သားပျောက်တဲ့ မိခင်
ငိုခွင့် မရှိတဲ့မျက်နှာများ
ဒါဟာ ငါတို့ အတွက် ဘာမှမဆန်းတော့တဲ့
ကြေကွဲ စရာ စာမျက်နှာများပေါ့။

လေးဆယ့်ခြောက်နှစ်တိတိ
မိုးမလင်းတဲ့ ရပ်ဝန်းတစ်ခုမှာ
အန္တရာယ် အနံ့ ကလည်း
နေရာတိုင်းမှာ ရတယ်။

ကြည့်ရတာ ဖြူနေပေမယ့်
မင်းမျက်ဝန်းတွေကတော့ နီနေသလိုပဲ ကံ့ကော်။
ရင်သွေးတွေ ပျောက်လို့ ငိုထားခဲ့တာလား။
မင်းတွေ့ ခဲ့ရတဲ့ ကြေကွဲစရာ ပုံပြင်တွေကို
ငါတို့ ကိုလည်း ပြောပြပါဦး။
ငါတို့ အတူငိုကြရအောင်။

အနော်ရထာဟာ
သူ့ ထီးနန်းပျောက်မှာကြောက်လို့ 
ကိုယ်ဝန်ဆောင်မိခင်တွေကိုတောင် လိုက်သတ်ခဲ့သတဲ့။
အဲဒီ့ ဒဏ္ဍာရီစကားတွေကို ငါမယုံခဲ့ပေမယ့်
ခေတ်သစ်ဘီလူးတွေကတော့
အဲဒီ့အတိုင်း ရက်စက်နေလိုက်ကြတာ။
တောက်!!!…
မိစ္ဆာတစ်ပိုင်း လူတစ်ပိုင်းတွေ။

သူငယ်ချင်းတို့ …
မျိုချလိုက်ကြဦး… စကားလုံးတွေကို
ငိုချလိုက်ကြဦး… အချိန်မဟုတ်ပဲ ရွာနေတဲ့ မိုးနဲ့ အပြိုင်
ခံစားလိုက်ကြဦး… ပျောက်နေသောသူတွေအတွက်
ကျင်းပလိုက်ကြဦး… ကြယ်ပွင့်တွေရဲ့ ဈာပနကို… တိတ်တိတ်ကလေး
စောင့်စားလိုက်ကြဦး… ခြင်းထဲကကြက်ကလေးတွေလို… ကိုယ့်အလှည့်မရောက်မချင်း။

ငါတို့ အဖြစ်က ဆိုးလိုက်တာ။
လူ့ ပြည်မှာ နေပြီးတော့ လူဖြစ်ခွင့်ကိုမရကြတဲ့ ဘဝ
ငိုတာတောင်မှ အသံကျယ်ကျယ်မထွက်ပဲ ငိုရတယ်။
ပူဆွေးတာ တောင်မှ ဘယ်ဆီကိုမှန်းပြီး ပူဆွေးရမှန်း မသိဘူး။
သက်တော်စောင့်ဆိုသူတွေ လက်ချက်နဲ့ အသက်တွေထွက် နေရတဲ့ဘဝပါ။
ကိုယ့်ကိုယ်ကို ပြည်စောင့်နတ် ဆိုသူတွေက ပြည်သူတွေကိုသတ်တယ်။

သူငယ်ချင်းတို့ …
ငါတို့ နေနေရတဲ့ နေရာဟာ စစ်တလင်း တစ်ခုဖြစ်တယ်။
သတိနဲ့ ယှဉ်ပြီး ခုခံစစ်ကို ပြင်ကြ။

မိစ္ဆာတွေ လူဖြစ်ပြီး လူ့ ပြည်မှာ ကြီးစိုးနေတဲ့ခေတ်မှာ
ငါတော့…ငရဲပြည် မှာသာ ဆင်းနေလိုက်ချင်တယ်။

ကောင်းကင်ကို

Wednesday, February 6, 2008

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း"မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး
ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး
စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Friday, February 1, 2008

ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်

သုည တစ်လုံးဟာ
ေ့ ရှဆုံးမှာ မနေသင့် ဘူး။

မင်းတို့ နေရာပျောက်မှာကြောက်တာနဲ့ 
ခန်းမတစ်ခုလုံး ဖျောက်ထားရသလား။

မိုးကြိုး လျှပ်စီးရယ်…
မင်း… ငါတို့ ကို ပစ်ခတ်ပြာချလည်း
မင်းလည်း ခဏပဲ လင်းမှာပါ။
လမင်းတော့ ဖြစ်လာမှာ မဟုတ်ဘူး။

သူငယ်ချင်းတို့ ရေ…
မိုးတိတ်မှ အပြင်ထွက်မယ်ဆိုတဲ့  စိတ်ဓာတ်တွေနဲ့ တော့ 
ဘယ်ကိုမှ ရောက်မှာ မဟုတ်ဘူး။

ယုံကြည်ချက်တွေကိုထမ်းပြီး
ကမ္ဘာသစ်ဆီသွားမယ်. လမ်းဟာ
ကြမ်းတော့ ကြမ်းလိမ့် မယ်။

ေ့ ရှမှာလည်း
တစ္ဆေတစ်ကောင်
သေနတ်ကိုင်ပြီး စောင့် နေတယ်။

တစ္ဆေမကြောက်သင့် တဲ့ အချိန်မှာတော့ 
ငါတို့ မျက်လုံးတွေကို ကန်းသင့် ရင် ကန်းထားရလိမ့် မယ်။

ပြီးတော့ 
တောက်ပနေတဲ့ မျက်လုံးအသစ်တွေနဲ့ 
အိမ်မက်တွေကိုပဲ တည့် တည့် ကြည့် ပြီး
ရဲရဲဝ့ံဝံ့လျှောက်ရအောင်။

မီးပျက်နေတဲ့ ညတွေမို့ 
ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်။

ကောင်းကင်ကို

blog လုပ်ခါစက တင်ခဲ့ဖူးတဲ့ ကဗျာဟောင်းလေးကိုပဲ ပြန်တင်လိုက်ပါတယ်။