Saturday, July 23, 2011

ခရေ

(၁)
အခုဆို
ငါ့စိတ်ရွက်ပြတ်တောမှာ
အတွေးလေးတွေ ကဗျာဈာန်သင့်
ခရေအဖြစ် ပွင့်တယ်။

(၂)
သူက
သာမန်မိန်းကလေး တယောက်
ဒါပေမယ့် တန်ခိုးရှင်
သောက အကြိုအကြားထဲက ငါ့ကို
ဆွဲထုတ်ကယ်တင်ခဲ့တယ်။

(၃)
အတိတ်မှာတော့ ငါက
နေဝင်နေထွက်တိုင်း
ကိုယ့်ပျော့ကွက်နဲ့ကိုယ် ထိုင်းမှိုင်းခဲ့တဲ့သူ။

(၄)
ဒီလိုနဲ့ အမှတ်မထင်
သက်တန့်မီးရောင်ရှေ့ ခြေလှမ်းအကွေ့
နိမိတ်ဆန်းတခု တွေ့လိုက်တယ်။
လူ့ဘဝကို သုညလို့ အပုပ်ချခဲ့သူတယောက်
‘ခရေ’ရိပ်ရဲ့အောက်မှာ
ဘဝအဓိပ္ပါယ်များစွာ ကောက်လို့။

လောကဓံပီး သွားတဲ့ ငါ့ခြေရင်းမှာလည်း
ဒုက္ခ ‘ပါးပြင်း’တွေ ခယဝပ်ဆင်းလို့။

(၅)
ဒီလိုနဲ့
ရှုပ်ရှုပ်ထွေးထွေး အရာ… ‘ကံ’ဆိုတာရဲ့
မျက်နှာသာပေး ကစားကွက်မှာ
အားတက်သွားပြီး ငါကြွေးကြော်မိတယ်။
“ငါ့ဘဝက ဘယ်တော့မှ မရှုံးဘူး။
သူ့ သံယောဇဉ်နေဝန်း၊
အနောက်ဘက်ဆီ မယွန်းသရွေ့။”

(၆)
လက်ရှိအခြေအနေလား?
မနက်စောစောစီးစီး
နှလုံးသားက အချက်ပေးတယ်
သွားတက်လေးနဲ့
တသက်မဝေးချင်ဘူးတဲ့။

လက်ရှိအခြေအနေလား?
ကဗျာရေးနေရင်းနဲ့
မျက်လုံးများက သူ့ပုံရိပ်ဆီ ထွက်ပြေးတယ်
ဦးနှောက် အမိန့်ပေးမှုစနစ်ကို
တစုံတယောက်က အနုနည်းနဲ့ ထိန်းချုပ်ပစ်သတဲ့။

(၇)
ကျောင်းနေတုန်းက
အရေးပါတဲ့ စာတွေဘေးမှာ
ခရေပွင့် ပြခဲ့ကြတယ်။
အခု ငါ့အဖြစ်က
ကျော်လွှားခံနေရတဲ့ ဖတ်စာ
ခရေပွင့်လေးရေ
ငါ့ဘဝ ထဲကိုခုန်ချ
ငါအရေးပါကြောင်း ပြလှည့်ပါ။
ကောင်းကင်ကို

10 comments:

မော်ကွန်းသစ် said...

*မော်ကွန်းသစ်

တေဇာ (လရောင်လမ်း) said...

ခရေငါးပွင့်ပေးတယ် ဦးကို။း)

ကာရံတွေက နုဖတ်ပြီး
ခံစားချက်ချင်း ထပ်တူကျနေလို့။

ခရေပွင့်လေးရေ
ငါ့ဘဝ ထဲကိုခုန်ချ
ငါအရေးပါကြောင်း ပြလှည့်ပါ။

Anonymous said...

လတ်ဆတ်တဲ့ ခရေပန်းကို နံရှုံ့ သွားတယ်..

ကန

မဒမ်ကိုး said...

ခရေ...တဲ့လား
လာအားပေးသွားပါတယ်ရှင်

ပျော်ရွှင်ပါစေ...

မဒမ်ကိုး

Anonymous said...

Good

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
“ကောင်းကင်ကို” ကလည်း “ ခရေ ” ခံစားချက်တွေ
နဲ့ ပါလားဗျာ-ကဗျာကလေးကိုကြိုက်လို့  ----
သွားတက်ကလေးနဲ့ မဝေးပါစေနဲ့ ဗျာ-----

မိုးယံ said...

လက်ရှိ အခြေအနေကတော့ သွားတက်ကလေးက အနုနည်းနဲ့ ထိန်းချုပ်နေလို့..ငါ့ဘ၀ အရေးပါကြောင်း ခရေ က ခုန်ချသင့်ပါပြီ။

စာခြောက်ရုပ် said...

ခရေ... မလေး..

ma ma said...

လက်ရှိအခြေအနေလား?
ကဗျာရေးနေရင်းနဲ့
မျက်လုံးများက သူ့ပုံရိပ်ဆီ ထွက်ပြေးတယ်
ဦးနှောက် အမိန့်ပေးမှုစနစ်ကို
တစုံတယောက်က အနုနည်းနဲ့ ထိန်းချုပ်ပစ်သတဲ့။

yinminkhine said...

“ငါ့ဘဝက ဘယ်တော့မှ မရှုံးဘူး။
သူ့ သံယောဇဉ်နေဝန်း၊
အနောက်ဘက်ဆီ မယွန်းသရွေ့။”