Showing posts with label နိုင်ငံရေးကဗျာ. Show all posts
Showing posts with label နိုင်ငံရေးကဗျာ. Show all posts

Tuesday, March 21, 2017

ဘုရားခန်းထဲရောက်ရင်

မျက်စေ့ပြာနေတဲ့ခေတ်ဟာ
ရွှေဝါရောင်ဝင်းလဲ့နေတဲ့မြစ်ထဲ
အမှိုက်တချို့ ပစ်ခဲ့တယ်။

 မြန်မာနိုင်ငံမှာ
ဝက်သားစားခြင်းအတတ်ဟာ
ကိုယ်ခံပညာတစ်ရပ်လား။

လော်စပီကာထဲက ဘီလူးကြိုက် တေးသံဟာ
အာကြမ်းလျှာကြမ်းနဲ့
လူမိုက်ဂိုက်ဖမ်းလို့။

အမုန်းရောဂါသည်တွေနဲ့
မဖြစ်မနေ ဆက်ဆံနေရတဲ့အခါ
သည်းခံမှုကို စုရုံး
ကွန်ဒုံးလို ထုတ်သုံးနေရ။

ရှေးတုန်းကလို မဟုတ်တော့ဘူး။
ရတနာသေတ္တာရဲ့ အနက်အရှိုင်းကို
မြန်မာပြည်နဲ့ မတိုင်းမိစေနဲ့။
ငှက်မြတ်တွေနားတဲ့ ပရမတ်ကို
မြန်မာပြည်နဲ့ ဈေးမဖြတ်မိစေနဲ့။

အနိဌာရုံတွေ ခုန်ပေါက်ကစားနေကျ ချောက်ထဲမှာမှ
ဇာတိရလာမိတဲ့ ငရဲနိုင်ငံသားတွေ
မြင်မြင်သမျှအလင်းစ တစ်ပွင့်နှစ်ပွင့်ကို
မရမက လိုက်ကောက်နေရ။

စိတ်ဒဏ်ရာတစ်စုကို
ပွင့်ဖတ်နုတွေနဲ့ကပ်ဖို့
အမေ့အိမ်ကို အပြေးအလွှားလျှောက်
ဘုရားခန်းထဲရောက်ရင်
ဗုဒ္ဓရဲ့ ဖန်မီးအိမ်မျက်လုံးထဲမှာ
လူုတွေကို သရော်ဝေဖန်တဲ့ အပြုံးတွေ
ရှာကြည့်ပြီး စိတ်ဖြေရမယ်။

မျက်စေ့ပြာနေတဲ့ခေတ်ကတော့
 ရွှေဝါရောင်ဝင်းလဲ့နေတဲ့မြစ်ထဲ
အမှိုက်တချို့ ပစ်လို့။

ကောင်းကင်ကို (Jan 31 – 2017)
Facebook မှာ ဇန်နဝါရီ ၃၁ တုန်းက တင်ခဲ့တဲ့ ကဗျာပါ

Wednesday, March 8, 2017

ဗုံးကြဲလေယာဉ်

ပြည်သူ့အခွန်တွေ အဝစားထားတဲ့
သေမင်းတမန်ငှက်
လေညင်းခံထွက်တာ
ကျောင်းတကျောင်းပါသွားတယ်။
အိမ်ဆယ်အိမ် ပါသွားတယ်။
ကလေးတချို့ ပါသွားတယ်။

ဗုံးကြဲလေယာဉ်မှာ
ရေဒါပါလာပေမဲ့ နှလုံးသားပါမလာဘူး။
အမိန့်နာခံမယ့် နား ပါလာပေမဲ့
လူတွေငိုသံပြန်ကြားမယ့် နား ပါမလာဘူး။

ဗုံးကြဲလေယာဉ်ကို ပုတ်ပြတ်ငှား
ဆေးရုံတခုဆီသွားချင်တယ်။
ခြေထောက်ဆုံးရှုံးခဲ့သူတွေအတွက် ခြေထောက်တွေကြဲချ
လက်ဆုံးရှုံးခဲ့သူတွေအတွက် လက်တွေကြဲချ

ဗုံးကြဲလေယာဉ်ကို ပုတ်ပြတ်ငှား
ဒုက္ခသည်စခန်းတခုဆီသွားချင်တယ်။
အဖေအမေ ဆုံးရှုံးခဲ့သူတွေအတွက် အဖေအမေတွေ ကြဲချ
ကစားဖော်ဆုံးရှုံးခဲ့သူတွေအတွက် ကစားဖော်လေးတွေကြဲချ

နောက်ဆုံးအစီအစဉ်အရ
ဗုံးကြဲလေယာဉ်ကိုပုတ်ပြတ်ငှား
တရားလွန်စစ်စခန်းတွေဆီ သွားမယ်။
ပြီးရင် သူတို့ဆီမှာ မျိုးတုံးလောက်အောင် ရှားပါးနေဆဲ
နောင်တတရားတွေ ကြဲချလိုက်မယ်။

ကောင်းကင်ကို (January 25 - 2017)

သစ်ခက်သံလွင် ရသစာပေ စာမျက်နှာမှာ ဖော်ပြထားတဲ့ "ဗုံးကြဲလေယာဉ်" ကဗျာပါ။ ကျွန်တော့် blog မှာ အခုမှ ပြန်တင်ဖြစ်တာပါ။

Wednesday, November 11, 2015

အမှိုက်ထဲတွင် ရှာဖွေခြင်း

မေးခွန်းက ထူးဆန်းနေလည်း
ခက်မလိုလို နဲ့ လွယ်တယ်။

ကမ္ဘာကြီးစွန့်ပစ်ချင်တဲ့ အတွင်းပစ္စည်းတွေထဲမှာ
လူမသေဖူးတဲ့ အိမ်က မုန်ညင်းစေ့ထက် ရှားတာတွေ ဆွဲထုတ်ပြပါတဲ့။
ဒုက္ခတွေက လက်ပူးလက်ကြပ် ချရေးလိုက်တယ်။

(၁)
မျက်နှာပေါင်းတင်ထားတဲ့ ခြင်္သေ့ဝတ်ရုံအောက်က
တက်ကြွတဲ့ လူသားဝါဒီ

(၂)
လင်မယားကိစ္စ အနံ့လိုက်ခံနေတဲ့ အဖွဲ့ထဲက
အကျင့်သီလနဲ့ ပြည့်စုံတဲ့ သောနုတ္တရ

(၃)
ဘုရားသခင်ကို လည်ပြန်လှီးနေတဲ့ IS အဖွဲ့ထဲက
ဂုတ်ကျားလောက် ဦးနှောက်ရှိပြီး ဘေဘီလုံး လောက် နှလုံးသား ရှိတဲ့သူ။

ကောင်းကင်ကို









Friday, October 16, 2015

သက်ဆိုး

ကျွန်တော်တို့ဆီမှာ
ရေရှားပေမယ့်
တံလျှပ်တွေပေါတယ်။

အနာဂတ်မဲ့ ခံစားချက်တွေ ခဏပျောက်ဖို့
ပုလင်းတွေ တစ်လုံးပြီး တစ်လုံး ဖောက်ခဲ့ရပေါ့။
အခုပုလင်းရဲ့ expire date ကို စစ်ကြည့်လိုက်တော့
နိုဝင်ဘာ ၈ ရက်။

လူတိုင်းသေရမယ့် လောကမှာ
ကိုယ့်အတွင်းစိတ် ငရဲကမ္ဘာကို ရှောင်ဖို့
သိပြီးသား မဲပြာပုဆိုး ရုပ်ရှင်ကို
ခဏပြန်မေ့ထားပြီး
အတင်း ရင်ခုန်နေရတဲ့ အရသာမျိုး။

ဘာမှလုပ်လို့ မရတဲ့အတူတူ
ယူနီဖောင်းအသစ်နဲ့ ဘုရားသခင်တွေဆီက ဆုတောင်းကြရ။

တင်အေးရဲ့ ကျေးဇူးကြောင့်
ဘန်ကောက်ကလို
ကမ္ဘာကျော်တွေရဲ့
သရုပ်ပြသက်သက် တင်းနစ်ပွဲမျိုး မလိုတော့ဘူး။

တကယ်က
နာကျင်မှုဆိုတာ
သတိပြုတုံ့ပြန်မှုတွေရဲ့အစပါ။
ခုတော့ ထုံဆေးဆန်ဆန် ထွက်ပေါက်တွေအောက်မှာ
တုံ့ပြန်လိုခြင်းတွေ အသက်ပျောက်ခဲ့။

မြန်မာနိုင်ငံဆိုတာ
Coma ရနေတဲ့ လူနာ၊
စက်အကူအညီနဲ့ အသက်ဆက်နေရကြောင်း သိဖို့
ကိုယ့်ဘာသာကိုယ် မှန်ထ မကြည့်နိုင်ရှာဘူး။

တစ်တိတိနဲ့ ရေရှည် ပျက်စီးနေမယ့်အစား
ဝုန်းခနဲ ပြိုကျသွားမှ
နောင်တတွေက ပြန်တည်ဆောက်ကြမှာမို့
မြန်မာနိုင်ငံရေ...
မင်းကို အထိန်းရပ်ပြီး
အဆင်းကိုဘီးတပ်ချင်တယ်။

ကျွန်တော်ဟာ
နည်းပြ ပြုတ်စေချင်လို့
ကိုယ့်အသင်း ဂိုးပြတ် ရှုံးစေချင်သူတစ်ယောက်။
စစ်အာဏာရှင်တွေ ပြုတ်ဖို့
ပြဿနာမီးတောက်တွေ
မြန်မာနိုင်ငံကို ဂိုးပြတ်သွင်းပစေ။

ကောင်းကင်ကို (၁၆ အောက်တိုဘာ၊ ၂၀၁၅)
မှတ်ချက်။ ။ သွင်းပစေ = သွင်းပါစေ ကို အသံထွက်အတိုင်း ရေးထားတာပါ။

Friday, September 18, 2015

အာလာဒင်မီးခွက်

လင်ဇီးကိုသာ သောက်
ရောဂါမှန်သမျှ ပျောက်လိမ့်မယ်။

မျှော်လင့်ချက်မဲ့ ဝေဒနာရှင်တွေအတွက်
ဒါ...အစွမ်းထက် ဆေးတစ်ပါး
“နောက်ဆုံးရထား”လည်း ဖြစ်တယ်။

ဒီဆေးသောက်လိုက်ရင်
သက်ငယ်အလုပ်သမားလည်း မရှိနိုင်တော့ဘူး။ ( မဲဆွယ်ဓာတ်ပုံတွေအရ)
ပြည်တွင်းစစ်လည်း မရှိနိုင်တော့ဘူး။ (ပျားသကာစကားတွေအရ)

ကလေးစစ်သားလည်း မရှိနိုင်တော့ဘူး။
သူဌေးစစ်သားလည်း မရှိနိုင်တော့ဘူး။

ပြောရင်းပြောရင်းနဲ့
"အာဏာရှင်စည်းချက်"ကို
"အာလာဒင်မီးခွက်"လိုတောင် ထင်လာပြီ။

ကဲ...ပြောတာကမှ ခက်သေးတယ်
တော်ပြီ... အချိန်မဖြုန်းနဲ့။
မှော်ကြိမ်လုံးနဲ့ တို့တော့မယ်။

ကောင်းကင်ကို (စက်တင်ဘာ ၁၈ – ၂၀၁၅)

Thursday, September 17, 2015

ရွှေသမင်

အတုကိုချစ်နေရတဲ့
အခုလိုခေတ်ထဲမှာ
ငါလည်း သားကောင်မို့
မညှာဘဲ တအားမလှောင်ပါနဲ့။

မေတ္တာအလှကို ယုံတယ်ဆိုသူတွေ .... မယုံသလို ရန်ထောင်နေကြတဲ့ခေတ်မှာ
ခေတ်ကာလကို မယုံဘူးဆိုသူတွေ .... ယုံသလို ဟန်ဆောင်နေရပါတယ်။

ဒီလိုနဲ့
စောက်ချိုးမပြင်တဲ့ ပွဲကို
ကောက်ရိုးတစ်မျှင်လို နွှဲရဦးမယ်။

အခြေအနေတွေအရ
တွေဝေနေလို့ မရလို့
“စောက်သုံးတပြား”မှ မကျတဲ့ယာဉ်ကို
“နောက်ဆုံးရထား” ထင်မိ။

ကောင်းကင်ကို (စက်တင်ဘာ ၁၇ - ၂၀၁၅)

“စောက်သုံးတပြား”မှ မကျတဲ့ယာဉ် = ရွေးကောက်ပွဲ

Wednesday, April 8, 2015

ပိုနေမြဲ ကျားနေမြဲ



မျက်နှာသစ်လိုက်ပေမဲ့ ဒီလူတွေ … မြိုနေဆဲ ဝါးနေဆဲ။
ရှက်စရာစစ်အမှိုက်တွေနဲ့၊ ပြည်သူတွေ… ပိုနေမြဲ ကျားနေမြဲ။

မိဘပြည်သူတွေဆိုတဲ့အသံဟာ…ချိုနေလည်း ခါးနေဆဲ။
ပဋိပက္ခပြည်ပူတွေနဲ့ သဏ္ဍန်မှာ…မှိုတွေစွဲ ယားနေဆဲ။

မြန်မာ့နည်းမြန်မာ့ဟန် ဆိုတဲ့ ကျိန်စာဟာ … အပိုအညာတွေနဲ့ မျှားနေဆဲ။
ပျက်စီး၊အလှမကျန် အို၊ရွဲ့ အိမ်ရာဟာ … ပြိုမှာပေမဲ့ ကြွားနေဆဲ။

ကောင်းကင်ကို (မတ် ၂၅ - ၂၀၁၅)

Friday, March 6, 2015

ကိုင်း


အပြတ်အပေါင်းမှားလို့
ပါးစပ်အဟောင်းသား ဖြစ်သွားရတဲ့ စကားတစ်ခွန်း။

လက်ပတောင်းက ကပ်ပြောတယ်
လက်ပံတန်းက ထပ်ပြောတယ်။

အခုက…
နိုင်ငံတော်က “လုံထိန်း”
ခြင်္သေ့က “နံပါတ်တုတ်” ဆိုရင်
ကြယ်ကိုနမ်းနေတဲ့ဒေါင်းက “ဒိုင်း”တဲ့
ကိုင်း… မခက်ဘူးလား။

ကောင်းကင်ကို (မတ် ၆၊ ၂၀၁၅)
Facebook မှာ အရင်တင်ဖြစ်ခဲ့တဲ့ ကဗျာပါ။ https://www.facebook.com/kaungkinko/posts/10205005467709385?pnref=story

Saturday, February 14, 2015

လှိုင်း ၂၀၁၅

အနိုင်နဲ့ပိုင်းလိုက်လို့ လာပြောရအောင်
ဒါ…ကျောင်းသားလှိုင်း။
လောင်းကစားဝိုင်း မဟုတ်။

ပိုင်းသင့်တယ်ထင်တဲ့အချိန်ရောက်ပြီထင်မှ
ငါတို့ဆုံးဖြတ်ချက်နဲ့ ငါတို့ ပိုင်းမယ်
လာခိုင်းနေစရာမလိုဘူး။

စကတ်တိုတို ဝတ်တာကိုး
ရမ္မက်ကိုကိုတွေ မုဒိမ်းကျင့်မှာပေါ့ ဆိုတာမျိုးတော့ လာမပြောနဲ့။
မုဒိမ်းမှုမဖြစ်အောင် စိုးရိမ်သလိုလိုနဲ့
မုဒိမ်းကောင်ဘက်က တွေးပေးသလို ဖြစ်သွားလိမ့်မယ်။
ငါတို့ကတော့ ဒီ တိုက်ပွဲဝတ်စုံကို ဆက်ဝတ်ဦးမှာ
ဒါပေမဲ့ ဖက်ရှင်ထွင်နေတာလည်း မဟုတ်ဘူးနော်။

မြှောက်ပေးတိုင်း “က” တယ်ပြောရအောင်
ဘယ်သူ့မှာမှ အသက်တစ်ချောင်း အပိုပါမလာဘူး
လက်ခုပ်သံတွေကြောင့် ဒီပွဲရှိလာတာမဟုတ်
ဒီပွဲရှိနေလို့ လက်ခုပ်သံတွေ ရှိကြတာ။

ဘယ်လိုပဲဖြစ်ဖြစ်
ဒီ သားတရားစီရင်ခန်းမှာ
အကြိမ်ကြိမ်ကျွတ်ကျပြီးသား သူတို့မျက်နှာဖုံး
ထပ်ကျွတ်ကျသွားရင်သာ
ခေတ်သစ် မဟောသဓာ ဆိုသူတွေ မြင်ပါစေ။

အနိုင်နဲ့ပိုင်းလိုက်လို့ လာပြောရအောင်
ဒါ…ကျောင်းသားလှိုင်း။
လောင်းကစားဝိုင်းမဟုတ်။
ကောင်းကင်ကို (၁၄ ဖေဖော်ဝါရီ ၂၀၁၅)

Tuesday, February 3, 2015

အခွံ


REYNOLDS ဘောပင်မှာ
REY ရယ် O ရယ် S ရယ် ကို
ငါတို့ ဓားလေးတွေနဲ့ ခြစ်ထုတ်ခဲ့ဖူးတယ်။
အဲဒီတုန်းက…ဘာတွေ ကျန်ခဲ့သလဲ။

မိစ္ဆာယုတ်တွေကို အခုစစ်မှာဖဲ့နိုင်ဖို့သက်သက်
သိက္ခာပုဒ်တွေကို ဥပေက္ခာနဲ့ သူတို့ခြစ်ထုတ်နေကြပြီဆိုတော့
အခု…ဘာများကျန်ဦးမှာလဲ။

ကောင်းကင်ကို (၃၊ ဖေဖော်ဝါရီ၊ ၂၀၁၅)

Friday, December 26, 2014

အကယ်ဒမီရွေးပွဲ



အလွတ် သတင်းစုံထောက်ကို
ဇွတ်အတင်း..သူပုန်တစ်ယောက်လို
မျက်နှာပြောင်တိုက်ပြောတဲ့ စစ်တပ်ကိုပေးရမလား?

ခရစ္စမတ်ကို
ပစ်ခတ်ကြိုတဲ့
ရဲတပ်ဖွဲ့ကို ပေးရမလား?

စုံကော်၊စုံကော်နဲ့
ပုံဖော်ပြုံအော်နေကြတဲ့
ဝေဖန်အားမရှိ ချွတ်ချော်နေတဲ့
လှေနံဓါးထစ် လွှတ်တော် ကို ပေးရမလား?

ကောင်းကင်ကို (ဒီဇင်ဘာ ၂၆ ၊ ၂၀၁၄)