Thursday, September 19, 2019

သင်္ချာမရှိရင် + ပညာသမားတွေရဲ့ သဘောထား

 (မှတ်ချက်။ ။လင်းသိုက်ညွန့်ကို ချေပတာတော့ မဟုတ်။ သင်္ချာကိစ္စမှာ သူ့ပြောဆိုချက်က ချေပလောက်ရအောင်တောင် ဘောင်မဝင်ပါဘူး။ ဒါပေမဲ့ အရင်ကတည်းက ရေးဖို့စိတ်ကူးထားတဲ့ အကြောင်းအရာကို ပိုထင်ရှားစေမယ့် အခြေအနေဖြစ်လာနိုင်လို့ ရေးဖြစ်အောင် ရေးလိုက်တာပါ။)


သင်္ချာသာမရှိရင် သိပ္ပံဟာ ဘာဖြစ်သွားမလဲ။ trial and error နည်းနဲ့ပဲ ကြိုးပမ်းရတော့မယ်။ trial and error ဆိုတာက ဒီလို။ ဘလိုင်းကြီးနီးပါး ကြိုးစားကြည့်လိုက်၊ လိုချင်တဲ့ အဖြေ ရမရကြည့်။ မရသေးရင် နောက်တစ်ခါ ထပ်ကြိုးစားကြည့်။ မရမချင်း အကြိမ်ကြိမ်ကြိုးစားလိုက်၊ ပြန်လုပ်လိုက် လုပ်နေရတာ။ Tiral and error နည်းကို အသုံးမဝင်ဘူးလို့ ပြောချင်တာတော့ လုံးဝလုံးဝ မဟုတ်ဘူးနော်။ ကျန်တဲ့နည်းတွေနဲ့ အဆင်မပြေတဲ့ အခြေအနေမှာ အသုံးဝင်ပါတယ်။ ဒါပေမဲ့ “အဲဒါတစ်ခုတည်းနဲ့သာဆိုရင်” သိပ္ပံဟာ တအားနှေးကွေးသွားမယ်။

ဥပမာ မော်တော်ယာဉ်တွေ၊ လေယာဉ်တွေ၊ ဒုံးပျံတွေကိုသာ သင်္ချာမပါဘဲ trial and error နည်းနဲ့သာ အကြိမ်ကြိမ်စမ်းသပ်ရမယ်၊ လွှတ်တင်ရမယ်ဆိုရင် လူ့အသက်တွေတောင် အကြိမ်ကြိမ်စတေးရတော့မယ်။ (တကယ်ကတော့ သင်္ချာတွေ သီအိုရီတွေ လုံးဝ မပါဘဲလည်း အဲဒီ စက်ကိရိယာတွေ၊ နည်းပညာတွေ အဆင့်ဆင့် ဖြစ်ကို ဖြစ်လာနိုင်စရာမရှိ။)

Pythagoras သီအိုရမ်က အသေးအမွှားကိစ္စရပ်လေတွေက အစ (အသေးအမွှားလို့ ပြောလိုက်ရပေမဲ့ တကယ်ကတော့ အသေးအမွှားမဟုတ်။ သင်္ချာတွေထွင်ခဲ့လို့ လွယ်သွားလို့သာ အသေးအမွှားတွေ ဖြစ်ကုန်တာ)။ အသေးအမွှား ကိစ္စလေးတွေက အစ Relativity သီအိုရီအထိ Pythagoras သီအိုရမ်က အသုံးဝင်ပါတယ်။

နောက်တစ်ခု ဆိုးဝါးတာက ပညာရဲ့ သဘောကို နားမလည်ကြတာ။ ပညာရေးနဲ့ဆိုင်တဲ့ တက္ကသိုလ်မှာ၊ အထူးသဖြင့် နည်းပညာ တက္ကသိုလ်မှာ အပေါင်း၊အနုတ်၊ အမြောက်၊အစား လောက်ပဲ အသုံးဝင်တာလို့ သွားပြောတော့ ရုပ်ပျက်တာပေါ့။

တကယ်ကတော့ သင်္ချာဟာ နယ်ပယ်စုံမှာ အရေးပါမှှု ပိုများလာပါတယ်။ သင်္ချာမပါဘူးလို့ လူတွေ ယူဆကြတဲ့ ဇီဝဗေလို နယ်ပယ်မှာတောင် Mathematical Biology လို ပညာရပ်တွေ ပိုဖွံ့ဖြိုးလာပါပြီ။ သင်္ချာကို စသုံးတာက ၁၂ ရာစုလောက်ကတည်းက ဆိုပေမဲ့ အခုနောက်ပိုင်းမှာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာတာပါ။

တစ်ခုရှိပါတယ်။ လက်တွေ့ဘဝမှာ အဆင့်မြင့် သင်္ချာကို လူတိုင်းက သုံးတတ်စရာ မလိုတဲ့ အခြေအနေမျိုးတော့ ရှိနေတာပေါ့။ ဒါဟာ သင်္ချာက အသုံးမဝင်ခြင်းကြောင့် မဟုတ်ဘဲ နောက်ကွယ်မှာ လူနည်းစု ပညာရှင်တွေက သင်္ချာကိုသုံးပြီး အစစအရာရာ လွယ်အောင် ဖန်တီးပေးထားကြလို့ပါ။ ဘယ်ဟာမှ သင်္ချာနဲ့ မလွတ်ပါဘူး။ သင်္ချာတို့၊ ပညာရပ်တို့ကို လက်တွေ့ဘဝမှာ သုံးစရာ မလိုတော့ဘူးဆိုပြီး ပညာဆိုတာကို အားမပေးရင်တော့ အဲလိုအစစ ဖန်တီးပေးမယ့် လူနည်းစု ပညာရှင်တွေလည်း ပေါ်ထွက်လာတော့မှာ မဟုတ်ဘူး။ လက်တွေ့လောကမှာလည်း အဲလိုတော့ ဖြစ်နေတယ်။ ဥပမာ သင်္ချာညံ့တာကို သင်္ချာမရတာကို တကူးတက ဂုဏ်ယူတာတွေ တွေ့ဖူးတယ်။ သင်္ချာညံ့ခြင်းသည်ပင် တခြားဘက်မှာ တော်သလို ပါ အဓိပ္ပါယ် ကောက်လိုက်ကြတာမျိုး တွေ့ဖူးတယ်။

သင်္ချာဟာ ကမ္ဘာသုံး ဘာသာစကား။ ဒီထက်ပိုပြီး ပြောရရင် စကြာဝဠာသုံး ဘာသာစကားလို့တောင် ပြောလို့ရတယ်။ ဂြိုဟ်သားဆိုတာသာရှိရင် သူတို့သင်္ချာနဲ့ ဒီကမ္ဘာရဲ့ သင်္ချာ သင်္ကေတတွေ၊ အခြေစနစ်တွေ ကွဲကောင်းကွဲနိုင်ပေမဲ့ သဘောတရားကတော့ အတူတူပဲ ဖြစ်နေမှာလို့ ဆိုကြတယ်။ ဒီတော့ အသိပညာတိုးတက်ရေးမှာ ဘာသာစကား (language) တွေ နည်းတူ သင်္ချာကလည်း အရေးပါပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ လူတော်တော်များများရဲ့ လျစ်လျူရှှုခြင်းကို ခံထားရတယ်။

ပညာရပ် စာတမ်းတွေ၊ အထူးသဖြင့် အဆင့်မြင့် သင်္ချာတွေပါ ပါလာတဲ့ စာတမ်းတွေဆိုတာက ကမ္ဘာပေါ်မှာ လူဖတ်တာ အနည်းဆုံး စာတွေပါ။ လူတွေ အပြစ်လည်း မဟုတ်။ ပညာရှင် အချင်းချင်းတောင် လိုင်းမတူရင်၊ သေချာလေ့လာထားသူ မဟုတ်ရင် ဖတ်ဖို့လည်း အဆင်မပြေကြဘူးကိုး။ ဘယ်သူမှ သိပ်မဖတ်တာတွေ၊ ဘယ်သူမှ ဂုဏ်သိပ်မပြုတာတွေ လုပ်ဖို့ ငွေအားဖြင့်လည်း ကုန်ကျသလို၊ တခြားလူမှှုရေး၊ စီးပွားရေးတွေကိုပါ လက်လွှတ်ပြီး နှစ်ပေါင်းများစွာ အားထုတ်ရတဲ့ ရလဒ်ကို မတန်ဘူးလို့ လူအများစုကတော့ ယူဆကြမှာပါ။ နောက်ပြီး အဲလိုအရာတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေက (တခြားဟာတွေနဲ့ နှှိုင်းယှဉ်ရင် နည်းတယ်။ အခုနောက်ပိုင်းမှာတော့ ပြန်များလာပြီထင်တယ်။ ဘာပဲပြောပြော တိုက်ရိုက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေလောက်တော့ အလုပ်မပေါဘူးပေါ့။ Physics နဲ့ PhD ရပြီး call center မှာ လုပ်ရင်း စိတ်ဓာတ်ကျပြီး suicide လုပ်သွားသူ တစ်ယောက်အကြောင်း ဖတ်ဖူးတယ်။ လန်ဒန်မှာ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ပညာရှင်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းက ပိုနည်းပြီပေါ့။

နောက်ပြီးတော့ ဒီသုံးမျိုးကို ကွဲပြားနေဖို့ လိုအပ်ပါတယ်။ (၁) စီးပွားရေးလုပ်ငန်းရှင်တွေ CEO တွေပါ။...ဇူကာဘတ်တို့ လိုပါ။ ဘီလျံနာ သူဌေးတွေပေါ့။ (၂) တီထွင်သူတွေပါ။ လုပ်ငန်းရှင်မဟုတ်ဘဲ တီထွင်သူ သက်သက်ဆိုရင် ဘီလျံနာ သူဌေးတွေလိုတော့ မချမ်းသာ ကြပါဘူး။ ငွေအတွက်မဟုတ်ဘဲ ဝါသနာကို အရင်းခံ လုပ်ကြသူတွေလည်းများမယ်။ ဒါပေမဲ့ သူတို့ဟာ ဘာပဲပြောပြော သူတို့ရဲ့ တီထွင်မှှုကို မှတ်ပုံတင်လို့  မူပိုင်ခွင့်ယူလို့ ရသေးတယ်။ (၃) အီကွေးရှင်းတွေ တွေ့ရှိသူတွေ၊ သီအိုရီတွေ တွေ့ရှိသူတွေကတော့ သူတို့ရဲ့ အီကွေးရှင်းတွေ၊ သီအိုရီတွေကို မှတ်ပုံတင်လို့ မရပါ။ Law of nature ကို သင်္ချာအီကွေးရှင်းကို မူပိုင်ခွင့်ယူလို့ မရပါ။ ဘယ်သူတွေ့ရှိတာဆိုပြီး နာမည်ခံလို့တော့ ရပေမဲ့ ငွေရေးကြေးရေး မူပိုင်ခွင့် ယူလို့ မရပါ။ နာမည်ကျန်ခဲ့တယ်ဆိုတာမှာလည်း တချို့ ပညာရှင်တွေကလွဲလို့ အများစုကိုက ရုပ်ရှင်မင်းသားတွေ လောက်တောင် လူသိကြတာ၊ ကျော်ကြားကြတာ မဟုတ်ပါ။ ကုလသမဂ္ဂတို့၊ အမေရိကန် အစိုးရတို့ကို ဒေါ်လာ သန်း တစ်ထောင်လောက်နဲ့ ရောင်းစားမယ်ဆိုတာမျိုးကတော့ ဟာသပါ။

ငွေကြေးမရပေမဲ့လည်း ဝမ်းမနည်းကြပါဘူး။ ပိုက်သာဂိုးရပ်စ်က အိုလံပစ်ပွဲနဲ့ တင်စားဖူးတယ်လို့ ဆိုတယ်။ တချို့တွေက အိုလံပစ်ပွဲတော်မှာ ရောင်းဝယ်ဖောက်ကားကြဖို့ လာကြတာ။ တချို့ကကျ ယှဉ်ပြိုင် အနိုင်လုဖို့ လာကြတာ။ သူတို့က ငွေကြေး သို့မဟုတ် ဂုဏ်သိက္ခာအတွက် လာကြတာပေါ့။ ဒါပေမဲ့ နောက်တစ်မျိုး ရှိသေးတယ်။ ငွေကြေးတွေ ယှဉ်ပြိုင်မှှုတွေ မပါဘဲ သဘောသဘာဝကို လေ့လာမယ့် ပွဲကြည့်ပရိသတ် သက်သက်တွေ။ Spectator တွေပေါ့။ ပညာချစ်မြတ်နိုးသူတွေဟာ အဲဒီလို နောက်ဆုံးအမျိုးအစား ဖြစ်သင့်တယ်လို့ သူကဆိုတယ်။ (မှတ်ချက်။ အဲလိုချည်း ရာနှှုန်းပြည့် ဖြစ်နေမှာတော့ မဟုတ်။ ပညာမာန တို့ အားထုတ်မှှုကို အသိအမှတ်ပြု ခံလိုစိတ်တို့တော့ ရှိကြမှာပဲ။ ဒါပေမဲ့ အဲဒီလို စိတ်တွေမကင်းကြပေမဲ့ အဲဒီဆန္ဒတွေထက် ပညာကိုတော့ ပိုပြီး ရှေ့တန်းတင်ကြတာမျိုးပေါ့။)

ပရိသတ်ဆိုတာတောင်မှ ဇိမ်ခံမယ့် ပွဲကြည့်ပရိသတ်မျိုးကို ဆိုလိုတာ မဟုတ်ဘူးနော်။ သဘာဝတရားကို ချစ်မြတ်နိုးတဲ့ လေ့လာသူ သက်သက်တွေပေါ့။ ဖြည့်ပြောရရင်တော့ ပညာရပ် သို့မဟုတ် လေ့လာမှှု၊ ဖန်တီးမှှု တစ်ခုခုကို ဈာန်ဝင်စားရုံ သက်သက် လုပ်နေတာမျိုး။ (နှှိုှု်င်းရသဘောအရဆိုရင်) အကျိုးစီးပွားမျှော်မှန်းမှှု မပါတာ/နည်းတာ မျိုးပေါ့။ သင်္ချာမှာ ဈာန်ဝင်စားတာလည်း ဖြစ်နိုင်တယ်။ ရူပဗေဒလည်း ဖြစ်နိုင်တယ်။ ဂီတလည်း ဖြစ်နိုင်တယ်။ တျခား အနုပညာလည်း ဖြစ်နိုင်တယ်။

အဲ… သင်္ချာနဲ့ ပတ်သတ်ပြီး တစ်ခုခုကို မျှော်ကိုးပြီး လုပ်တာဆိုရင်တော့ ယူကလစ်ရဲ့ စကားလို့ ဆိုကြတာကိုပဲ ပြန်ပြောရမယ်။ Geometry ကို လေ့လာတာ ဘာအကျိုးအမြတ်ရနိုင်မလဲ ဆိုတဲ့သဘောမျိုး တစ်ယောက်က သူ့ကို မေးလာတာ။ သူပြန်ဖြေတာက “လေ့လာမှှုကနေ ဒီကောင် အကျိုးအမြတ် လိုချင်နေတယ်။ သူ့ကို ပိုက်ဆံတစ်ပြား ပေးလိုက်စမ်းပါ” ဆိုတဲ့ သဘောမျိုး။

ဒီတော့ နောက်တခါ ပညာရေးကို တက်ကျမ်းလို သဘောမျိုး မဆီမဆိုင် ပြောလာရင် စင်ပေါ်တက်ပြီး အကြွေစေ့တွေ အမ်းလိုက်ကြရင် ကောင်းမလား။

ကောင်းကင်ကို 

Facebook က ပို့စ်ကို အဲဒီမှာ ရေးခဲ့တဲ့ ရက်အတိုင်း backdate နဲ့  ပြန်တင်တာပါ။