Tuesday, October 27, 2009

အရသာမဲ့သော နေ့ စွဲများ

ရင်ဘတ်ထဲက တိတ်တိတ်အော်လို့ 
ညက အိပ်လို့ မပျော်ဘူး။

နိုးလာတော့လည်း
ပျောက်ဆုံးနေဆဲ…သတိ
စိတ်နဲ့ ကိုယ်ကို ကပ်ဖို့ မရှိဘူး။

လျှောက်ချင်နေတဲ့ခြေထောက်တွေ ရှိနေတာတောင်
လျှောက်ရမယ့် လမ်းတွေကို မတွေ့ တော့ဘူး။

မြောက်ချင်နေတဲ့ လက်တွေ ရှိနေတာတောင်
အသိအမှတ်ပြု အနိုင်ယူမယ့်သူ မရှိပြန်ဘူး။

အားပေးစကားတွေကလည်း
အားပေးစကားတွေပီပီ
လက်တွေ့ မကျကြတော့
ငါ့အတွက် ကောက်ရိုးတစ ဖြစ်မလာခဲ့ဘူး။

နှစ်သိမ့်စကားတွေဆိုတာ
ငါ့ကမ္ဘာ တကယ်ပျက်သွားကြောင်း
သက်သေထွက်ဆိုချက်တွေပဲ ဖြစ်တယ်။

လေလွင့်နေတဲ့ စိတ်ကိုကပ်ဖို့ 
အာရုံတခုခုကို လိုက်ရှာနေရတာလည်း
ကန္တာရထဲမှာ ရေရှာနေရသလိုပဲ
နှစ်ကြိမ် နှစ်ခါ မောတယ်။

ငါဟာ
လှုပ်ရှားနေတဲ့ သချိ င်္ုင်ကြီးထဲမှာ
အရှင်လတ်လတ် မြှုပ်ထားခံရသူတယောက်
ဘဝကို တာဝန်ကြီးတခုလို့ အဓိပ္ပါယ်ကောက်ရင်း
ငါ့စိတ်တွေ ပင်ပင်ပန်းပန်း အလုပ်ဆင်းနေရတယ်။

သြော်…
ဘဝဆိုတဲ့ ကစားကွင်းထဲမှာ
ဒဏ်ရာရကစားသမားတယောက်…
ပွဲသိမ်းဝစီမှုတ်သံကို စောင့်ရင်းက
ဖွဖွလေး ထိခိုက်မိရုံနဲ့ တောင်
စိတ်ဓာတ်တွေ နာကျင်နေတော့တယ်။
ကောင်းကင်ကို

Tuesday, October 20, 2009

ခက်တယ်

ခက်တယ်။
ဓာတ်ငွေ့ သိုက်တွေကို စကားလုံးအရ ပိုင်ဆိုင်ပြီးမှ
ဖယောင်းတိုင်ကို ချွေတာထွန်းနေရတာ ခက်တယ်။

ခက်တယ်။
မပြည့်သေးပဲ လျှံသွားရတဲ့
လူသား သယံဇာတတွေ
ဘယ်သူမှ ပြန်မလာကြစေဖို့ 
တံခါးပိတ်ထားတာကလည်း ခက်တယ်။

ခက်တယ်။
မသုံးရသေးတဲ့ ပိုက်ဆံတွေ
ငွေဖောင်းပွမှုရဲ့ အကျိုးဒဏ်နဲ့ 
အလိုအလျောက်အခိုးခံနေရတာကလည်း ခက်တယ်။

ခက်တယ်။
ငရုတ်သီးထုပ်လို့ ကောင်းတဲ့
သတင်းစာစက္ကူဟောင်းတွေပေါ်က
လက်သုံးစံပြ ဆောင်ပုဒ်တွေ
တကယ်အသုံးမခံရလို့ ချောင်ကုပ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
နွားခြေရာခွက် တထွာကို
ကြွားနေတာရှက်စရာမှန်း မသိကြတာကလည်း ခက်တယ်။

ခက်တယ်။
အလုပ်မဖြစ် မှန်းသိပါလျက်နဲ့ 
အစဉ်အလာတွေကိုထိန်း
ပညာတွေကို သိမ်းသိမ်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
ပေါက်နေတဲ့ ခွက်တွေကို
ကြောက်နေတဲ့ လက်တွေနဲ့ 
လက်ဆင့်ကမ်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
မြန်နှုန်းမြင့်ခေတ်ကြီးထဲမှာ ပြိုင်ပုံပြောင်း
အားလုံး မိုင်ကုန်မောင်းနေကြချိန်မှာ
တို့ ဆီက နိုင်ငံ့သားကောင်းတွေ
အချင်းချင်း ကျားချောင်းသလိုချောင်း
နှေးအောင်လုပ်ပြီး တောင်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
သီးသန့် နေလေ့ရှိတဲ့ ထင်းချောင်းတွေ
တခါတခါ စုစည်းမိကြရင်တောင်
အချိုးမခံရဖို့ အုပ်စုဖွဲ့နေကြတာထက်
ပုဆိုးလှန်ပြဖို့ အုပ်စုဖွဲ့နေကြတာက
ပိုများနေတော့လည်း ခက်တယ်။

ခက်တယ်။
စေတနာ လက်တဆစ်နဲ့ 
ကြေငြာချက်အသစ်တွေ
နေရာအတွက်ဖြစ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
အဝေးကနေ လှမ်းထိုးနှက်နေကြပေမယ့်
ပုံစံခွက်ကြီးတွေနဲ့ 
ပုန်ကန်လက်သီးတွေပဲ ဖြစ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
အသံတူ အကြံကွဲ တလမ်းထဲမှာ
ထစ်ခနဲဆို နှစ်ခြမ်းကွဲ
အချင်းချင်း အရမ်းဆဲနေကြတာကလည်း ခက်တယ်။

ခက်တယ်။
ဘယ်သူတွေ ဘယ်လိုစိတ်မှန်းနဲ့ 
လေကိုဖမ်းပြီး ဒန်းဆင်ဆင်
ရှေ့ ကတောင်ဟာ ဧ၀ရက်မှန်းနဲ့ 
ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်း
သိနေတာကလည်း ခက်တယ်။
ကောင်းကင်ကို

Friday, October 16, 2009

ငရဲ

မျက်လုံးကိုစုံမှိတ်
အလုပ်မပေးနိုင်တဲ့နေရာကို အတင်းဖိတ်နေကြတဲ့သူတွေ၊
လူသားအရင်းအမြစ်တွေရှားသွားလို့ 
သက်မဲ့အရင်းအမြစ်တွေနဲ့ ကြံဖန်ဂုဏ်ယူနေကြတဲ့သူတွေ၊
တံလျှပ်ကို ရေအမှတ်နဲ့ ကျေနပ်နေကြတဲ့သူတွေ၊
ကျပ်တီးမြေမှာမှ ရွှေအရှာကောင်းသူတွေ က အစ…

မီးလောင်ပြင်မှာစွန့် စား၊ မီးသတ်ဖို့ ကြိုးစားနေကြသူတွေ၊
အမှောင်ထဲမှာနေလို့  ဆီမီးတွေ ဝေနေကြသူတွေ အဆုံး…
ဘယ်သူတွေ ငါ့ကို ဘယ်လိုပဲ ပညတ်ပညတ်…

မပြင်ဆင်ပဲနဲ့ ကြိုးဝိုင်းထဲ ဝင်လာခဲ့ရသူတွေ၊
မြှားမပါပဲနဲ့  စစ်ထွက်လာခဲ့ရသူတွေ၊
ကံကို မယုံရဲပေမယ့် ဆူးပုံနင်းနေရတဲ့သူတွေ၊
ကမ္ဘာရွာထဲ ပြောင်းနေဖို့ အရေး
ထောင်ဖောက်ပြေးသလို စွန့် စားနေကြရသူတွေ၊
မွန်းကြပ်သေဆုံးသွားခဲ့ရတဲ့ ကားစီးဒုက္ခသည်တွေ၊
လှေစီး ဒုက္ခသည်တွေ၊ ငွေစီးဒုက္ခသည်တွေ၊
ဒုက္ခကိုကြောက်လို့ ဒုက္ခသည်ယောင် ဆောင်နေကြသူတွေ၊
အနည်ကျခွင့်ရသွားတဲ့ ဒုက္ခသည်တယောက်ကို
ပေါက်ထားတဲ့ ထီလက်မှတ်တစောင်လို သဘောထားနေကြသူတွေ၊
လက်ထပ်ခြင်းကို ဖောင်တခုလို အသုံးချ လှောင်အိမ်ထဲက ထွက်နေကြရသူတွေ၊
ကျောင်းဆရာ ယူနီဖောင်းကို ချွတ်ပြီး ပန်းရန်ဝတ်စုံကို ဝတ်ဖို့ လာနေကြရသူတွေ
အဲလို ထွက်ပြေးလာရသူတွေ ရှိနေမှတော့

ငါ့ကို ဘယ်သူတွေ ဘယ်လိုပဲ ပညတ်ပညတ်
ချစ်တဝက် မုန်းတဝက် အရပ်ကို
ငရဲလို့ ပဲ နာမည် တပ်လိုက်တယ်။
ကောင်းကင်ကို

Tuesday, October 13, 2009

စာပို့ ခိုသို့ 

သုညတွေ တစ်တွေနဲ့ 
သိမ်းထားတဲ့သီချင်းတပုဒ်
ချစ်သူ့ ရင်ကို ကိုင်လှုပ်ဖို့ ပေါ့။

ဒီဘက်မှာလည်း စိတ်စောနေတဲ့ ဒီဂျေတယောက်
အီလက်ထရောနစ် ဘောက်ချာကို စောင့်နေတယ်။
ဟိုဘက်မှာလည်း စိတ်မရှည်တော့တဲ့ပန်း
သူ့ စိတ်မနောပါးစပ်နဲ့  ကြမ်းနေမယ်။

ပုဂံနက် ဆိုတဲ့ စာပို့ ခိုရေ
ငါတို့ ကို သနားပါဦး
သီးသန့် ကမ္ဘာသားကို လာချစ်မိရှာသူတယောက်
သူ့ စိုသောနှလုံးသားများ မခြောက်သေးခင်။
ကောင်းကင်ကို

Sunday, October 11, 2009

အမေ့ရင်ခွင်ရဲ့ အဝေးမှာ(ရေး …သံစဉ်ဖြိုး)

တက်လိုက်ကျလိုက်စိတ်ဓာတ်တစ်ချို့ရယ်..
လွမ်းဖျားလွမ်းနာလို့နာမည်တပ်လို့ရတဲ့ခဏခဏနေမကောင်းဖြစ်တာတွေရယ်..

ဘာကြောင့်လည်းလို့မေးခဲ့ရင်တောင်အဖြေမရှိတဲ့
တစ်ချို့ညတွေမှာကျတတ်တဲ့မျက်ရည်တွေရယ် ..

တစ်ခုမကလိုချင်လို့ တစ်ခုခုပေးတော့မလိုလို ဂရုစိုက်မှုတွေရယ် ..

အမြဲတမ်းအဖော်ပြုပေးနေတတ်တဲ့
ခပ်ရင့်ရင့် သန်းခေါင်ကျော်ညတွေရယ် ..

အဲဒါတွေအားလုံးက သမီးဘေးနားမှာ သိုက်သိုက်ဝန်းဝန်း လေးနဲ့ဆိုတော့
အမေ့ရင်ခွင်ကို သမီး မတမ်းတပါဘူး
အဲလိုမျိုးလေးမေ့ချင်ဟန်ဆောင်ထားတာပေါ့ ..

၂၂ နှစ်အမေ့သမီးကို
၃၂ နှစ်လောက်ရှိတဲ့ ရင့်ကျက်မှုမျိုးတွေ လာတောင်းကြတိုင်း
အမေပြောလေ့ရှိတဲ့ ငါ့သမီးကအမေ့မျက်စိထဲမှာ အမြဲကလေးပဲဆိုတဲ့ စကားကိုတော့
တကယ်သတိရတယ် အမေရယ်..

Globalization ဆိုပေမယ့်
သမီးဝမ်းနည်းတိုင်း အမေ့ရင်ခွင်ကိုပြေးလာလို့မရမှတော့
အဲဒီ Globalization ကလည်းအသုံးမ၀င်ပါဘူးအမေရာ..

ဒီလိုနဲ့ အမေ့ရင်ခွင်ရဲ့ အဝေးကသမီး
ကြမ်းလိုက် လွမ်းလိုက် လမ်းခရီးမှာ
တစ်ခုခုဆို အမေ့အသံကိုပဲ ပြန်ကြားယောင်ပြီး
စိတ်ဓာတ်ကို အရောင်ပြန်တင်နေရတယ် အမေရယ်။
(သံစဉ်ဖြိုး)

Tuesday, October 6, 2009

အရွေ့ 

ဘာသာတရားတွေဟာ
နားခိုသူတွေကို အရိပ်ပေးနိုင်ဖို့ 
အမှန်တရားဆိုတဲ့ နေမင်းကို
ခေါင်းပေါ်တည့်တည့်ကနေ
ခပ်လှမ်းလှမ်းကို ရွှေ့ ထားလိုက်ကြတယ်။
ကောင်းကင်ကို

Monday, October 5, 2009

ဘာကောင်တွေလဲ

ခရမ်း၊မဲ၊ပြာ၊စိမ်း၊ဝါ၊မော်၊နီ
အရောင်မျိုးစုံပါတာ အဖြူတဲ့၊
.................................
အကောင်မျိုးစုံပါတာ... လူ ။

ကောင်းကင်ကို