သူငယ်ချင်းတွေနဲ့ ဆွေးနွေးတဲ့အခါ ခဏခဏ ကြုံရတဲ့ မေးခွန်းတခုရှိတယ်။ ဘာကြောင့် တယောက်က ချမ်းသာတဲ့ မိဘက မွေးလာပြီး တခြား တယောက်က ဆင်းရဲတဲ့ မိဘကနေ မွေးလာလဲတဲ့။ တယောက်က ဉာဏ်ကောင်းပြီး တယောက်က ဘာလို့ ဉာဏ်ထိုင်းရတာလဲတဲ့။ (အဲဒါကိုတော့ genetics နည်းပညာနဲ့လည်း ရှင်းပြလို့ ရမှာပါ)
ဘုရားသခင် (သို့မဟုတ်) အလ္လာကို ကို ယုံကြည်သူတွေကတော့ အရာရာကို ဘုရားသခင်ရဲ့ အလိုတော်လို့ ပြောကြမှာပါပဲ။ ဒါဆိုရင် ပြန်မေးစရာမေးခွန်းတွေ အများကြီး ရှိလိမ့်မယ်။ ဘုရားသခင်ဟာ မွေးရာပါ ဒုက္ခိတတွေကို လူ့ငရဲ ခံစားရရုံသက်သက် ဖန်ဆင်းထားတာလား?
လူတွေ တယောက်နဲ့ တယောက် မွေးကတည်းက ကွဲပြားနေမှုကို ဘာကြောင့်လဲ ဆိုပြီးတော့ မေးခွန်းမကြာခဏ ထုတ်လေ့ရှိသူတွေကတော့ အရှေ့တိုင်းဘာသာရေး တချို့ကို ယုံကြည်သူတွေ ပါပဲ။ ပြီးတော့ သူတို့မှာ အဖြေကလည်း အဆင်သင့် ရှိနေတတ်တယ်။ အတိတ်ဘဝ ကံကြောင့်တဲ့။ အဲဒါ တရားမျှတမှု ရှိတဲ့ စနစ်တရပ် ဖြစ်ပေမယ့် တကယ်ဟုတ်မဟုတ် မသိနိုင်တဲ့ အတွက် သိမှုပြင်ပက ကိစ္စလို့ပဲ ဒီနေရာမှာ ထားလိုက်ရအောင်ပါ။
တကယ်စဉ်းစားကြည့်ရင်တော့ “ဘာကြောင့် တယောက်က ချမ်းသာတဲ့ မိဘက မွေးလာပြီး တယောက်က ဆင်းရဲတဲ့ မိဘကနေ မွေးလာလဲ” ဆိုတဲ့ မေးခွန်းကိုက မလိုအပ်တဲ့ မေးခွန်းကြီးပါ။ တခါတလေကျ မေးသူဆီမှာ အဖြေကြိုရှိပြီးသား leading question ကြီး ဖြစ်နေတတ်ပါတယ်။
သဘာဝအရ အမျိုးသားနဲ့ အမျိုးသမီး မေထုန်မှုပြုရင် ကလေးမွေးလာတတ်တယ် မို့လား။ ဆင်းရဲတဲ့ မိဘက မွေးရင် ကလေးက မွေးမွေးချင်းမှာ ဆင်းရဲတဲ့သူလေး ဖြစ်မှာပေါ့။ ချမ်းသာတဲ့ မိဘက မွေးရင် ကလေးက မွေးမွေးချင်းမှာ ချမ်းသာတဲ့သူလေး ဖြစ်မှာပေါ့။ ဗီဇတွေကိုလည်း မိဘတွေဆီက အမွေရမှာပေါ့။
ကွဲပြားနေတယ် ဆိုတာက အတိတ်ဘဝကံဆိုတာ ကို လက်ခံမှ၊ သံသရာ ဆိုတာကို လက်ခံမှ မဟုတ်ပါဘူး။ အံစာတုံးတွေ အများကြီးကို လှိမ့်လိုက်ရင် အံစာတုံးတွေ အကုန်လုံး ၁ ကနေ ၆ အတွင်း ကျချင်ရာ ကျနေကြမှာပဲ။ တခုနဲ့ တခု တူမှာ မဟုတ်ပါဘူး။ အံစာတုံးမှာ အတိတ်ဘဝ မရှိခဲ့တာတော့ သေချာပါတယ်။
သစ်ပင်တွေကို ကြည့်လိုက်ပါ။ သစ်ပင်တွေ တပင်နဲ့ တပင် တူရဲ့လား။ သစ်ပင်တွေမှာ အတိတ်ဘဝကံ ဆိုတာ မရှိနိုင်ပေမဲ့ သဘာဝ အလျောက် တပင်နဲ့ တပင် မတူဘဲ ကွဲပြားနေကြပါတယ်။ သစ်ပင်တွေ သဘာဝ အလျောက် ကွဲပြားနေမှုကို ဘယ်သူမှ မေးခွန်းပုစ္ဆာ မလုပ်ကြပေမဲ့ လူတွေရဲ့ ကွဲပြားမှုကျမှ စဉ်းစားနေကြတာပါ။
သရက်စေ့ကနေ သရက်ပင် ဖြစ်လာတာနဲ့ တခြားမျိုးစေတွေကနေ တခြားအပင်တွေ ဖြစ်လာပြီး တပင်နဲ့တပင်ကွဲပြားနေတာကို ကို ရှင်းပြဖို့ သဘာဝ တရားပဲ လိုပါတယ်။ အဲလိုပဲ ချမ်းသာတဲ့ မိဘ နှစ်ပါးကနေ ချမ်းသာတဲ့ ကလေးလေး ဖြစ်လာတာ၊ ဆင်းရဲတဲ့ မိဘကနေ ဆင်းရဲတဲ့ ကလေးလေး ဖြစ်လာတာကို ရှင်းပြဖို့ သဘာဝတရားနဲ့တင် လုံလောက်နေပါပြီ။ အသစ်ဖြစ်လာတဲ့ နှင်းဆီပင်မှာ သဘာဝ အလျောက် နိုက်ထရိုဂျင်ဓာတ်တွေ ချို့တဲ့ နေနိုင်သလို အသစ်ဖြစ်လာတဲ့ လူသားလေးမှာလည်း သဘာဝ အလျောက် တခုခု ချို့တဲ့နေနိုင်ပါတယ်။
အတိတ်ဘဝကံကို ယုံကြည်သူ ဖြစ်စေ၊ ဘုရားသခင်ရဲ့ အလိုတော်ကို ယုံကြည်သူ ဖြစ်စေ ကိုယ့်စိတ်ထဲမှာ လွတ်လွတ်လပ်လပ် ယုံကြည်နိုင်ပါတယ်။ မယုံကြည်သူကလည်း လွတ်လွတ်လပ်လပ် မယုံကြည်ဘဲ နေနိုင်ပါတယ်။
ဒါပေမဲ့ … ယုံကြည်တာ မယုံကြည်တာက ပြဿနာ မရှိလှပေမဲ့ နှုတ်က ထုတ်ပြောလိုက်ရင် [တခြားနိုင်ငံတွေမှာ ဆိုရင်တော့] ပြဿနာ တက်တတ်ပါတယ်။ မွေးကတည်းက နိမ့်ပါးတဲ့သူကို၊ မွေးကတည်းက ကံမကောင်းတဲ့သူကို ဒီကောင် အရင်ဘဝက မကောင်းတာ လုပ်ခဲ့လို့ ဖြစ်တာ ဆိုတာက သူတို့ စံအရတော့ prejudice လုပ်ခြင်းပါ။ blaming the victim လို့လည်း သူတို့စံနဲ့ ပြောမှာပါပဲ။
ကိုယ်လက်အင်္ဂါ ချို့တဲ့သူတွေဟာ အရင်ဘဝက မကောင်းမှု လုပ်ခဲ့သူတွေလို့ ပြောခဲ့တဲ့ အတွက် ၁၉၉၉ ခုနှစ်လောက်တုန်းက အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်း နည်းပြ Glenn Hoddle ဟာ နည်းပြ ရာထူးကနေ အထုတ်ခံခဲ့ရဖူးတာက အထင်ရှားဆုံး သာဓက တခု ဖြစ်ပါတယ်။
(by ကောင်းကင်ကို)
ဓါတ်ပုံတချို့၏ နောင်အနှစ် (၂၀) | ပျူနိုင်ငံ
3 days ago
10 comments:
တစ်ခြားဘာသာတွေမှာ ဘယ်လိုရှိမယ် မသိပေမဲ့ ဗုဒ္ဓဘာသာ တစ်ယောက်အမြင်နဲ့ ပြောမယ်ဆိုရင်တော့ ကံက အခရာပါပဲ.. မြန်မာလို ပြန်မယ်ဆိုရင်တော့ အလုပ်လို့ ယေဘုံယျ ပြန်ပါတယ်.. လူတွေဟာ သစ်ပင်နဲ့ မတူတာက ကြိုးစားပိုင်ခွင့်.. ကိုယ့်အနေအထားကို ကိုယ်တိုင် ရွေးချယ် ဖန်တီးပြောင်းလဲနိုင်စွမ်း ရှိပါတယ်.. ဒါကြောင့်လဲ ဖြစ်တာနဲ့တင် ရပ်တည်မနေပဲ ခုဘ၀အနေအထား လှဖို့ ကြိုးစားသလို.. နောက်ဘ၀ အနေအထားလှဘို့လဲ ကြိုးစားနိုင်ပါတယ်.. တစ်ယောက်က ချမ်းသာတဲ့မိဘက မွေးတယ်.. တစ်ယောက်က ဆင်းရဲတဲ့ မိဘက မွေးတယ်.. တစ်ယောက်က ကိုယ်အင်္ဂါချို့တဲ့ပြီး မွေးတယ်.. တစ်ယောက်က ပြည့်စုံကောင်းမွန်ပြီး မွေးတယ်ဆိုရင် ဘာကြောင့် အဲဒီ ချမ်းသာတဲ့ မိဘက မွေးတဲ့လူဟာ.. ပြည့်စုံကောင်းမွန်လှပပြီး မွေးတဲ့လူဟာ ငါမဖြစ်ရမလဲဆိုတဲ့ ပြင်ဆင်ခွင့်.. ဖန်တီးခွင့်ဟာ လူမှာအပြည့်ရှိပါတယ်.. (ပမာတူအောင် ပြတာပါ.. ဗုဒ္ဓဘာသာရဲ့အနှစ်သာရကတော့ အဲဒါမဟုတ်ပါဘူး) ဒါကြောင့်လဲ ချမ်းသာမှု.. ဆင်းရဲမှုတို့ဟာ ရှေ့ဘ၀ နောက်ဘ၀တို့ရဲ့ အကျိုးဆက်ဖြစ်တယ်လို့ ဗုဒ္ဓဟောကြားချက်ကို ကျိုးကြောင်းမဲ့တယ်လို့ မမြင်ပါဘူး.. (တစ်ခုရှိတာက ရှေ့ဘ၀နောက်ဘ၀ကို ယုံကြည်ဖို့တော့ လိုတာပေါ့ဗျာ၊ မယုံဘူးဆိုရင်တော့ ဒီဆွေးနွေးချက်ကို မေ့ပစ်နိုင်တယ်.. ဒါမှမဟုတ် သြော် ဗုဒ္ဓဘာသာတွေ ဒီလိုမြင်ပါလားဆိုတဲ့ အသိတစ်ခုလောက်နဲ့ ထားထားနိုင်ပါတယ်..)
ဒီနေရာမှာ အထင်ရှားဆုံး သာဓကဆိုတာကိုလဲ မှတ်ကျောက်တိုက်ကြည့်ချင်ပါတယ်.. လူတစ်ယောက်ဟာ နောက်လူတစ်ယောက်ကို မြင်ရင်မြင်တဲ့အတိုင်း ချိုးနှိမ်ပြောရုံနဲ့ သူ့ professional မှာ အမှားအယွင်းမရှိပဲ အလုပ်က ထုတ်ပစ်တာ မှန်ကန်ပါသလား.. စဉ်းစားကြည့်တာပါ.. (ရှေးကပြောလဲမယုံနဲ့.. ဆရာပြောလဲမယုံနဲ့.. အစရှိသဖြင့် ပြောထားတဲ့ အချက်တွေထဲမှာ အနောက်ကလုပ်တိုင်းလဲ မယုံနဲ့ဆိုတဲ့ အချက်လေး ကိုယ့်ဘာသာ ထဲ့ထားမိလို့ပါ)
လူ့ယဉ်ကျေးမှုအရတော့ တော်တော်ဆိုးဝါးတဲ့ မှတ်ချက်ဆိုတာ မငြင်းသလို ရှုတ်လဲ ရှုတ်ချပါတယ်.. အဲလိုလူမျိုးကို မလေးစားပါဘူး.. ဒါပေမဲ့ မှားပါသလား.. တခါတလေမှာ အမှန်တရားဟာ ခါးပါတယ်..
ဒီလိုပြောလို့ ကျွန်တော်ဟာ ဗုဒ္ဓဘာသာမှာ ကျွမ်းကျင်သူပညာရှင် မဟုတ်ပါဘူး.. သာမာန် မိရိုးဖလာလို့တောင် ပြောလို့ရတဲ့ အနေအထားဖြစ်တာမို့ ခုပြောခဲ့တာတွေကလဲ ကျွန်တော်နားလည် ယုံကြည်သလို ပြောတာတွေပါပဲ.. ပြန်လှန်မေးခွန်းတွေ ရှိလာမယ်ဆိုရင် ဖြေရှင်းနိုင်မဲ့ ပညာလဲ ကျွန်တော့်မှာ ပြည့်ဝတယ်လို့ ကိုယ့်ဘာသာ မယုံကြည်ပါဘူးလေ။
သုတ
“ကိုယ်အင်္ဂါ မသန်စွမ်းသူတွေကို . . အရင်ဘ၀က မကောင်းတာလုပ်ခဲ့တဲ့သူတွေ” လို့ပြောတာက
မှားတယ် ။ ရှုံ့ချတယ်လို့ အပေါ်က ကောမန့်မှာ ပြောထားတာတွေ့ပါတယ်။ ဒါကြောင့် ဒီလူက
ကိုယ်ချင်းစာတရား ရှိတယ်လို့ အကြမ်းဖျင်းပြောလို့ရပေမယ့် . . တကယ့်သူ့စိတ်ရင်းကတော့
အဲလိုမဟုတ်ဘဲ . . အဲလိုပြောတာမှန်တယ်လို့ ထောက်ခံပါတယ်ဆိုတော့ . . ဘာသာရေးကလဲ
ဒီလိုနှိမ်ချတာမျိုးကို အားပေးသလိုဖြစ်နေဘူးလား။
အမှန်တရားဟာ နည်းနည်းခါးတယ်လို့ ပြောသွားတော့ . . တကယ်က အလုပ်ထုတ်ခံလိုက်ရတဲ့
အမှန်တရားကလဲ သူ့အတွက်နည်းနည်းခါးပါလိမ့်မယ်။ အဲဒါတင်မက . . ကိုယ်ချင်းစာတရား
ရှိသူတွေက ၀ိုင်းကြည့်ကြတဲ့ အထင်သေးကြည့်ကိုလဲ နည်းနည်းခါးခါးပဲ ခံစားရပါလိမ့်မယ်။
ဘာသာရေးမှာ ပြောထားတယ်ဆိုတိုင်း . . မှန်သလိုလိုအယူသီးပြီး အားနည်းသူတွေကို
နှိမ်ပြောနေရင်တော့ . . အဲဒီဘာသာရေးရဲ့ အဆင့်အတန်းကိုလဲ လျော့ကျစေမှာပါ။
ဒီနေရာမှာ အမည်မသိဟာ ကျွန်တော်ပြောချင်တဲ့ point ကို နားလည်မှု လွဲသွားတယ်လို့ မြင်ပါတယ်.. ကျွန်တော့်အရေးအသား အားနဲမှုကြောင့် ဖြစ်ပါလိမ့်မယ်.. ဘယ်ဘာသာရေးမှာမှ ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို နှိမ့်ချမတွေးပါဘူး.. နှိမ့်ချစကားလဲ မဆိုပါဘူး.. ဗုဒ္ဓဘာသာမှာ ဒီလူတွေဟာ ရှေးဘ၀ ၀တ်ကြွေး(စာလုံးပေါင်း မမှန်ပါ) ကြောင့် ဒီလိုဖြစ်တယ်လို့ တွေးပါတယ်.. ဒါဟာနှိမ့်ချတာ မဟုတ်ပဲ အကြောင်းကြောင့် အကျိုးကိုတွေးတာပါ.. ဥပမာ ဆေးပညာရှုထောင့်အရ ဒါတွေဒါတွေ အားနဲလို့ ဒီလိုဖြစ်ပါတယ်ဆိုတာဟာ နှိမ့်ချတာ မဟုတ်ပါဘူး.. ဒါပေမဲ့ ဘေးလူတစ်ယောက်က ဒီလိုဟိုမုန်းတွေအားနဲလို့ ဒီကောင်ဒီလိုဖြစ်တာပေါ့လို့ ပြောရင် ဒီလူဟာ နှိမ်ချတာဖြစ်သွားပါပြီ.. ဒါပေမဲ့ သူပြောတာ မမှားသလို ဆေးပညာက ဒီလိုအပြောတွေ အားပေးတယ်လို့ သတ်မှတ်မလား.. ဒါမှမဟုတ် ဆေးပညာကမှန်တယ်လို့ အယူသီးပြီး အားနဲသူတွေကို နှိမ်ပြောတာနဲ့ပဲ အဲဒီဆေးပညာ အဆင့်အတန်းဟာ လျောကျမှာလား.. ပြောတာဟာ ပြောတဲ့ လူရဲ့ အဆင့်အတန်းဖြစ်ပြီး အမှန်တရားဟာ အမှန်တရားပါပဲ..
ဒီနေရာမှာ ကျွန်တော့်ပြောချင်တာက ဒီလိုအလုပ်ထုတ်ပစ်တာဟာ မှန်ရဲ့လားဆိုတဲ့ အချက်ပါ။ ကျွန်တော်ဆိုရင်လဲ ထုတ်ပစ်မှာပါပဲ.. သူပြောတာမှားလို့ မဟုတ်ပဲ အဲဒီစိတ်နေစိတ်ထားကို မကြိုက်လို့ ထုတ်မှာပါ.. အမှန်တရားဟာ တခါတလေ ခါးပါတယ်လေ..
လာဆွေးနွေးပေးကြလို့ ကိုသုတဝင်းနဲ့ Anonymous ကျေးဇူးခင်ဗျ။
Facebook က Comments လေးတွေကို မလာတာပါ။
Way Khun Maung ဘာကြောင့် တယောက်က ချမ်းသာတဲ့ မိဘက မွေးလာပြီး တယောက်က ဆင်းရဲတဲ့ မိဘကနေ မွေးလာလဲ” ဆိုတဲ့ မေးခွန်းမျိုးကို ကျွန်တော်ကိုတိုင်မေး
ခဲ့ဖူးတာ ကိုကောင်းမှတ်မိချင်မှတ်မိပါလိမ့်မယ်.. အဲဒီတုန်းကလည်း ဒီပိုစ့်ထဲက
လိုပဲ အပင်တွေနဲ့ ကိုကောင်းပြန်ဖြေလိုက်တုန်းထဲက ခောင်းထဲမှာ စဉ်းစားစရာ
တွေအတော်လေးကိုဖြစ်သွားခဲ့တယ်။ အဲဒီအတွက်တော့ ကျေးဇူးတင်နေမိတာ
အမှန်ပါပဲ..မှန်ပာတယ် သက်ရှိဟာတကယ်တော့ သက်မဲ့တွေနဲ့အမျိုးတွေပာပဲ။ ဒာပေမယ့် ဒီမေးခွန်းမျိုးကို မလိုအပ်တဲ့မေးခွန်းလို့သမုဂ်တာကို
တော့နည်းနည်းအတွန့်တက်ချင်တယ်ဗျ။ အတ္တကိုလုံးလုံးဘေးဖယ်လို့မရသေး
နိုင်သေးတဲ့ လူတွေမှာ မေးမိကြမှာပါပဲ။ လူတွေမှာအဲဒီကွဲပြားခြားနားမှုကို မြင်
နိုင်ခံစားနိုင်တဲ့ ဦးနှောက်ကြီးနဲ့မွေးလာကြတာတဲ့ အပြင် အဲဒီလိုဘာလို့ခြားနား
နေရတာလဲလို့ အဖြေရှာတတ်တဲ့ စူးစမ်းတတ်တဲ့စွမ်းရည်လည်းပာလာတယ်
လေ။ အတ္တ၊ ငာ၊ သူတပား၊ ယောကျိား၊ မိန်းမ ကိုအရင်းအခြေခံစဉ်းစားခဲ့တဲ့ modelမှာသံသရာနဲ့ အတိတ်ကံဆိုတဲ့ဖြေရှင်းချက်တွေဟာ အထောက်အလျောက်တာ့ကြောင်းကျိုးဆီလျော်တယ်လို့ ထင်မိတာပဲ...အရင်တုန်းကလည်း ထင်ခဲ့မိတာပါပဲအဲလို။ 'ငါ'၊ free will' မရှိဘူလို့ မြင်လိုက်၊ သတ်မှတ်လိုက်တဲ့ model မှာဆိုရင်တော့ ဒီမေးခွန်းကြီး ပျောက်သွားပြီး randomness or chaos ဆိုတဲ့အဖြေထွက်တာ မဆန်းလှပာဘူး။ ဒီမေးခွန်းကို မမေးသင့်ဘူးလို့ဆိုတဲ့ အဆိုဟာ ဒုတိယမော်ဒယိကိုကိုင်စွဲပြီးပြောလိုက်ခြင်းလို့ ထင်မိပါတယ်။ တကယ်တကယ်မှာလည်း အမှန်တရားဟာ ဒုတိယမော်ဒယ်နဲ့ ပိုပီးနီးစပ်နေတယ်ဆိုတာကို သိပ္ပံကတနေ့တခြားသက်သေတွေပြနေပြန် တာငြင်းလို့မရပာဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပထမမော်ဒယ်နဲ့ပဲ အကျွမ်းတဝင်ရှိလွန်းလှပာတယ်။ အင်း..order ကိုလိုက်ရှာရင်းအဆုံးမှာ chaos ကြီးကိုမြင်နေရတယ်.. :)
ဒါက ကိုထွန်းကျော်လင်း Facebook မှာ ရေးတာပါ။...ဘာသာရေးအကြောင်းမပြောတာ ကြာပြီဖြစ်ပေမယ့် ဒီနေရာမှာ တစ်ခုတော့ဝင်ပြောလိုက်ပါဦးမယ်။ ပထမတစ်ခုက ဟော့ဒီစကြဝဠာထဲမှာဖြစ်ပေါ်ပြောင်းလဲနေတာတွေ အားလုံးဟာဘယ်အရာကမှ သူဘာသာသူမဖြစ်တာပါပဲ။ Universal Theory ဖြစ်ပါတယ်။ သက်ရှိသက်မဲ့တင်မကပါဘူး။ အားလုံးအကျုံးဝင်ပါတယ်။ ဒါဟာ ဗုဒ္ဓရဲ့စကားကိုသံယောင်လိုက်တာမဟုတ်ပါဘူး။
နောက်တစ်ခုက Chaos နဲ့ပတ်သက်ပါတယ်။ Chaos ဟာပရမ်းပဒါ စည်းချက်ညီမှု (သို့) စည်းကမ်းရှိမှုဖြစ်ပါတယ်။ သစ်ပင်တွေ သစ်တောတွေ တောင်တွေ မီးခိုးတွေ ရေတွေစကာတွေကို သင်္ချာနဲ့တွက်ဖို့စဉ်းစားတဲ့အခါမှာ ရူပဗေဒနည်းကျကျတွက်ချက်ပေးနိုင်တာက Chaos ပညာရပ်ပါ။ Chaos ထဲမှာပါတဲ့ fractal ကိန်းဆိုတာကျွန်တော်တို့အားလုံးကို လက်မြှောက်စေခဲ့တဲ့ လောကရဲ့ဆန်းကျယ်မှုပါ။ ရှင်းရှင်းပြောရရင်ခင်ဗျားအခုသုံးနေတဲ့ကွန်ပျူတာကို ကျွန်တော့်မှာ fractal ကိန်းတစ်ခုရှိရင်ဆွဲပြလို့ရတယ်။ အရင်တုန်းကယူဆခဲ့တဲ့ အငွေ့တွေအရည်တွေရဲ့ရွေ့လျားမှုတွေဟာ တွက်ချက်ရတာအရမ်းအဆင့်မြင့်တယ်ဆိုတာကို fractal မှာအဆုံးသတ်ပေးခဲ့တယ်။
ကျွန်တော်တို့အခုခေတ်ပေါ်ဂိမ်းတွေမှာ မီးခိုးတွေ ရေကန်တွေ မြစ်တွေကို သဘာဝအတိုင်း ဂိမ်းထဲမှာမြင်နေရပါပြီ။ ကျည်ဆန်တွေ ပေါက်ကွဲမှုတွေကိုလည်း Criyis လိုဂိမ်းလောက်မှာကတည်းကရနေပါပြီ။ နောက်ဆုံးအခုထွက်လာတဲ့ Angry Bird ဂိမ်းမှာ ရူပဗေဒဟာ သဘာဝကိုဘယ်အဆင့်အထိသိနေပြီလဲဆိုတာပြပါတယ်။ Farctal နဲ့ပတ်သက်ရင် Star war ရုပ်ရှင်ဟာ ကွန်ပြူတာနဲ့ဒီဇိုင်းလုပ်တာထက် farctal နဲ့တွက်ချက်ပြီး မြင်ကွင်းတွေ အဲဒီ့ရုပ်ရှင်ထဲက ယဉ်တွေကိုဆွဲထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်အခုအချိန်မှာ Star War ရုပ်ရှင်ထဲက ယဉ်တွေအပြင်မှာတကယ် တီထွင်လို့ရနေတာဖြစ်ပါတယ်။
ကောင်းပြီ။ဒါဆိုရင် သံသရာ၊ နောက်ဘဝနဲ့ ကံတရားဆိုတာ Circle တစ်ခုပါ။ သက်ရှိသက်မဲ့အားလုံး circle ထဲမှာဝင်ပါတယ်။ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းကိုပြောချင်တာမဟုတ်ဘူး။ ရေခဲဆိုတာ ရေရဲ့တစ်ခြား ဖြစ်စဉ်တစ်ခု ဆိုတာလူတိုင်းသိပါတယ်။ ဘာသာတရားဘက်ကဆွဲတွေးကြမယ်ဆိုရင် ရေနဲ့နောက်ဘဝတစ်ခုပေါ့။ ဒါပေမယ့်လုံလောက်တဲ့အကျိုးအကြောင်းမရှိဘဲ ရေခဲဟာ ရေဘယ်တော့မှ မဖြစ်ပါဘူး။ ဒါဟာလက်ခံချင်စရာကောင်းပါတယ်။ အပင်ဟာသက်မဲ့ သတ္တဝါဟာသက်ရှိလို့တော့ကျွန်တော်မခံယူပါဘူး။ အားလုံးဟာသိပ္ပံနည်းကျသက်ရှိပါတယ်။
about an hour ago · Unlike · 1
Tun Kyaw Lin ဒီနေ့ဘာသာရေးနဲ့ပတ်သက်ပြီးဝေဖန်သူအများစုဟာ သိပ္ပံအမြင် နောက်ဘဝ ငရဲ နတ်ပြည် နိဗ္ဗာန် သံသရာ ကံတရားဆိုတာတွေနဲ့ တိုင်ပတ်ပြီးဝေဖန်ရေးလုပ်ကြပါတယ်။ တစ်ချို့လည်းလမ်းလွဲကုန်ပါတယ်။ သတိပေးချင်တာက ကျွန်တော်တို့ဝင်ရောက်ကိုင်တွယ်လို့မရတဲ့ တစ်ချို့သဘာဝကျကျဖြစ်တည်ပြုပြင်ခံရမှု တစ်ချို့ကိုငြင်းဆန်ခြင်း မလုပ်မိဖို့ပါပဲ။ ဒါဟာဘုရားသခင်ကိုမယုံကြည်တာထက်ပိုပြီး အစွန်းရောက်နိုင်ခြေရှိပါတယ်။ စက်ဝိုင်းထဲမှာနေနေသမျှတော့ ခင်ဗျားဗဟိုနဲ့ကင်းလို့မရသေးဘူးဆိုတာပဲ။
တကယ်လို့အားလုံးဟာ လွတ်လပ်စွာတွေးခေါ်နေတာပါဆိုရင် ဘောင်ထဲမှာနေနေတဲ့အတွက် ခင်ဗျားဟာအကန့်အသတ်နဲ့ပဲတွေးခေါ်လို့ရမယ်ဆိုတာပါပဲ။ ဘာကိုမှမှီတည်းခြင်းမရှိပါဘဲနဲ့ ထာဝရမှန်ကန်ညီညွတ်မှု (သို့) သစ္စာတရား တစ်ချို့ဟာကျွန်တော်တို့အတွက်စိန်ခေါ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်..။ လူဟာတွေးခေါ်ချင်သလောက် တွေးခေါ်ကြည့်လို့ရတဲ့ဆိုတဲ့သူတွေကို ကျွန်တော်ဝေဖန်ချင်တာဖြစ်ပါတယ်။ Pink Ball ဂိမ်းကိုဆော့ဖူးမှာပါ။ အောက်ကိုကျလာတာနဲ့တုတ်နဲ့ရိုက်ပြီး ကစားကွင်းထဲကိုပြန်ထည့်ကျမှာ။ ဒါမှခင်ဗျားဟာ ဘောင်ထဲမှာအချိန်ကြာကြာနဲ့အမှတ်များများရမှာဖြစ်တယ်။
အောက်ကိုကျသွားရင်တော့ ခင်ဗျားလွတ်လပ်သွားပြီပေါ့။ ဝမ်းနည်းပါတယ်။ ခင်ဗျားဟာဘောင်ရဲ့အပြင်မှာအမှတ်မရပါဘူး။ လေးစားစွာဖြင့်.. (ထွန်းကျော်လင်း)
ဒါက ကိုကျော်မင်းသိန်းကို ကျနော်ပြန်ဖြေထားတာပါ။ (((Kyaw Min Thein….ဒါဆိုရင် ကိုကောင်းကင်ကိုက "ကံကောင်းတယ်၊ ကံဆိုးတယ်" ဆိုတဲ့ စကားတွေကို မလက်ခံဘူပေါ့။ အရည်အချင်းမရှိတဲ့လူတစ်ယောက် အောင်မြင်နေတဲ့အခါမှာ "ဒီလူကံကောင်းလို့ အောင်မြင်နေတာပါလို့" လူအချို့က ပြောလေ့ရှိကြတယ်။ အဲလိုပဲ အရည်အချင်း ရှိလျက်နဲ့ မအောင်မြင်ရင် ဒီလူကံဆိုလို့ ဆိုပြီးပြောလေ့ရှိကြတယ်။ ကိုကောင်းကင်ကို အနေနဲ့ အဲဒီစကားတွေကို ဘယ်လိုမြင်ပါသလဲ....)))
ကိုကျော်မင်းသိန်း မေးတာက နောက် ကျနော် အကျယ်ရေးဖို့ စိတ်ကူးထားတဲ့ ပို့စ်တခုပါ။ ဒီမှာတော့ အကျဉ်းအားဖြင့် ပြောလိုက်မယ်ခင်ဗျ။ လူတော်တော်များများက ကံကံရဲ့ အကျိုးလို့ ပြောကြပြီးတော့ သူတို့ပြောပုံနဲ့ ကျနော်လက်ခံထားပုံ လွဲနေတယ်။ အရာရာမှာ cause and effect ရှိပါတယ်။ ခုနက မွေးကတည်းက ကွဲတဲ့ ကိစ္စမှာ gene တို့ nature တို့ nurture တို့ က cause တွေပါ။ (ဒီနေရာမှာ ကျနော် အဲဒါကို သိမှုပြင်ပက ကိစ္စ ဖြစ်နိုင်ချေ ရာပေါင်းများစွာထဲက hypothesis လို့ သဘောထားထားတော့ ထည့်မတွက်ဘူး) evolution သီအိုရီအရ လူသားအဆင့်ကို မရောက်သေးခင်မှာ ဘယ်လိုမှ ဒီနေ့ခေတ်လို ဘယ်လိုပဲ အတိတ်ကံတွေကို လွှဲချလွှဲချ လူတယောက်ကို မွေးဖွားနိုင်မှာ မဟုတ်သလို မျိုးတုံးသွားတဲ့ သတ္တဝါတကောင်ကိုလည်း ဘယ်လိုမှ မွေးဖွားပေးနိုင်မှာ မဟုတ်ပါဘူး။
“"ကံကောင်းတယ်၊ ကံဆိုးတယ်" ဆိုတဲ့ စကားတွေကို မလက်ခံဘူပေါ့။” လို့ ကိုကျော်မင်းသိန်း မေးတဲ့ အခါမှာ ကျနော်က cause and effect ကိုပဲ လက်ခံပါတယ်။ အဲဒီ့ cause ဟာ အတိတ်ဘဝကံလို့ ထည့်သွင်းစဉ်းစားခြင်း မရှိတာပဲ ကွာပါတယ်။ လူတော်တော်များများက cause and effect ကို ပြောပြောနေပြီးတော့ ကိုယ်လုပ်မှ ကိုယ်ရတာ ဆိုပြီး ပြောကြလေ့ ရှိတယ်။ အဲဒါမှန်ပါတယ်။ ဒါပေမယ့် မပြည့်စုံသေးဘူး။့်သူများလုပ်တဲ့ အလုပ်တွေကလည်း လူတယောက်ဘဝကို အကြီးအကျယ် လာရောက် ရိုက်ခတ်နိုင်ပါတယ်။
((ကံ= ကိုယ်လုပ်ခဲ့တဲ့အလုပ်+ လူ့သမိုင်းနဲ့ ချီပြီး အခုအချိန်အထိ တခြားသူတွေ အကုန်လုံး လုပ်ခဲ့တဲံ အလုပ်+ သဘာဝ တရား)) လို့ ကျနော် မြင်ပါတယ်။ တကယ်လို့ အင်တာနက်ဆိုတာကို အဆင့်ဆင့် မတီထွင်ခဲ့ကြရင် ကျနော်တို့ တယောက်နဲ့ တယောက် သိလာမှာ မဟုတ်တဲ့ အပြင် ခုလို ဆွေးနွေးမှုလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ခုလို ဆွေးနွေးမှု ဖြစ်ရေး ကျနော်တို့ကြောင့် ဖြစ်လာပေမယ့် တခြားသော cause ဖြစ်တဲ့ အင်တာနက် ဆိုတာပေါ်ပေါက်လာပုံကိုလည်း မေ့ထားလို့ မရပါဘူး။ အွန်လိုင်းမှာ ဖူးစာဆုံကြတဲ့ သူတွေဆို အဲ့ဒီ့ သမိုင်းအဆက်ဆက်က လူတွေရဲ့ လုပ်ရပ်ဖြစ်တဲ့ အင်တာနက် ပေါ်ပေါက်လာမှုက သူတို့ဘဝကို ဘယ်လောက် အရှိန်အဟုန် ကြီးကြီးမားမားနဲ့ ရိုက်ခတ်နေလဲ ဆိုတာ သိမှာပါ။ (ကောင်းကင်ကို)
ကျနော် ဖြေထားတဲ့ ဟာရဲ့ အဆက်ပါ။ ဒီတော့ ကျနော်ပြောချင်တာက ကံကို cause and effect အဖြစ် လက်ခံတယ်ဆိုရင်တော့ တခြားသူတွေ လုပ်လိုက်တဲ့ အလုပ် (ဟိုး နှစ်ပေါင်း သုံးလေးရာက လူတွေ လုပ်တဲ့ အလုပ်လည်း ပါမယ်။ ခုခေတ် တခြားဒေသတွေက လူတွေလုပ်တဲ့ အလုပ်လည်းပါမယ်။ ဥပမာ စစ်ခေါင်းဆောင်တွေ နူကလီးယားစစ်ပွဲ ဆင်နွှဲဖို့ ဆုံးဖြတ်လိုက်ရင် ကိုယ်လုပ်တာ မဟုတ်ပေမယ့် ကိုယ့်ကိုပါ လာသက်ရောက်တယ် မို့လား။ နိုင်ငံခေါင်းဆောင်တယောက်ရဲ့ ဆုံးဖြတ်ချက်ကလည်း တိုင်းသူပြည်သားတွေရဲ့ ဘဝတွေ ကံကြမ္မာတွေကို သက်ရောက်တာ အထင်အရှားပါ။ အဲ့ဒီ့တော့ ကံဆိုတာ အလုပ်ပေမယ့် ကိုယ်တယောက်တည်း လုပ်တဲ့ အလုပ်တော့ မဟုတ်ပါဘူး။ အဲဒါကို Butterfly effect လို့ ခေါ်ပါတယ်။ (တကယ်လို့ ရေခဲမုန့်ထွင်ခဲ့တဲ့သူ မရှိရင် ဘယ်လောက် ဘုန်းကြီးကြီး ကံကောင်းကောင်း အရသာရှိတဲ့ အရာကို စားရမှာ မဟုတ်ဘူး။ ပြီးတော့ လူမဟုတ်တဲ့ သဘာဝ တရားတွေလည်း ပါတယ်) အဲဒီ့မှာ ကိုကျော်မင်းသိန်း မေးသလို တခါတခါ ကိုယ်ကောင်းတာ လုပ်ရဲ့သားနဲ့မကောင်းတာ ဖြစ်သွားတဲ့ အခါ ပြီးတော့ cause တွေက အများကြီးရှိလို့ ရှုပ်ထွေးတဲ့အခါမှာ cause ကို မရှာပဲ ကံမကောင်းဘူး ဆိုပြီး နာမည် တပ်လိုက်တာ ဖြစ်ပါတယ်။ cause and effect ကို ရှာရခက်လို့ ဒါမှမဟုတ် ရှာရမခက်လည်း အဲလို နာမည်တပ်နေကျ မို့လို့ ကံဆိုပြီး နာမည်တပ်လိုက်ခြင်း ဖြစ်ပါတယ်။
ရေခဲမုန့် ဖြစ်ပေါ်လာအောင် တဆင့်ပြီး တဆင့် တီထွင်ခဲ့တဲ့ လူတွေရဲ့ ကျေးဇူး (အတိတ်ကံ) + မိဘပေးတဲ့ ပိုက်ဆံနဲ့ ဝယ်စားမယ်ဆို (မိဘနှစ်ပါး အတိတ်က လုပ်ခဲ့တဲ့အလုပ် (ဝါ) မိဘနှစ်ပါးရဲ့ အတိတ်ကံ+ အဲဒီ့လူ ပိုက်ဆံနဲ့ ဝယ်စားတာဆိုရင် အဲဒီလူ ပိုက်ဆံရှိအောင် အားထုတ်ခဲ့တဲ့ အတိတ်ကံ)…
ကံ= ကိုယ်လုပ်ခဲ့တဲ့အလုပ်+ လူ့သမိုင်းနဲ့ ချီပြီး တခြားသူတွေ အကုန်လုံး လုပ်ခဲ့တဲံ အလုပ်+ သဘာဝ တရား (တကယ်လို့ ရေခဲမုန့်ထွင်ခဲ့တဲ့သူ မရှိရင် ဘယ်လောက် ဘုန်းကြီးကြီး ကံကောင်းကောင်း အရသာရှိတဲ့ အရာကို စားရမှာ မဟုတ်ဘူး။ အဲဒါကိုယ်လုပ်တာလား။ မဟုတ်ဘူး။ တခြားသူတွေ လုပ်တာ။ ကံဆိုတာ တခြားခေတ်အဆက်ဆက် လုပ်ခဲ့တဲ့သူတွေ လုပ်တာလည်း ပါတယ် လို့ ထင်တယ်။ ပြီးတော့ လူမဟုတ်တဲ့ သဘာဝ တရားတွေလည်း ပါတယ်) ကျနော့် အမြင်။ အဲလို စဉ်းစားလိုက်တော့ ဘယ်လိုဖြစ်လာနိုင်သလဲ။ ကိုယ်တခုခု လုပ်ခါနီးကျ ကိုယ့်အတ္တလောက်အတွက်တင် တွေးမှာ မဟုတ်တော့ဘူး။ ကိုယ့်ရဲ့ လုပ်ဆောင်မှုဟာ ငါတခုတည်းကို ဦးမတည်ပဲ သဘာဝ အပါအဝင် next generation တခုလုံးကို ဦးတည်နေတာ သိတော့ ပိုပြီး သတိထားပြီး ကောင်းအောင် လုပ်လာနိုင်စရာ ရှိပါတယ်။ ကိုယ်လက်ရှိ ရောက်နေတဲ့ အခြေအနေ အတွက်လည်း အားလုံးကို ကျေးဇူးတင်တတ် လာပါလိမ့်မယ်။ သူများကြောင့် ကိုယ်အဆိုးတွေ ခံရတာကိုတော့ စိတ်ထဲ သိပ်မထားပဲ ဘယ်လိုကောင်းအောင်လုပ်ရမလဲပဲ တွေးလိုက်ပေါ့း-)
ကျနော်ဖြေထားတဲ့ဟာပါ။ "သရက်ပင်စိုက်ရင် သရက်သီးပဲ စားရမယ် ဆိုတာနဲ့ ပတ်သတ်ပြီး ကျနော့်အမြင်က….
ကျနော်သရက်ပင်စိုက်လို့ ရာသီဥတု အခြေအနေ ကလည်းကောင်းမယ်၊ ပြီးတော့ မြေဆီ ဘာညာက လည်းကောင်းမယ်၊ အပင်ကိုဖျက်ဆီးမယ့်သူလည်း ပေါ်မလာဘူး။ ကျနော်ကလည်း သရက်သီး သီးတဲ့အထိ အသက်ရှည်မယ် နောက်ပြီး သီးလာတဲ့ အချိန်မှာ စားချင်စိတ်ရှီမယ် ဆိုရင် စားခွင့်ရမှာပဲ။ အဲဒီ့မှာကိုယ်လုပ်တဲ့ အလုပ်က သရက်ပင်စိုက်ခြင်း ဆိုတဲ့ အလုပ်တော့ ပါရမယ်။ ကိုယ်မထိန်းချုပ်နိုင်တဲ့ (radom လို့ အကြမ်းပြောလိုက်မယ်ဗျာ) အချက်ထဲမှာက သူများဖျက်ဆီးမှု မဖျက်ဆီးမှု အဲလိုဟာတွေပါမယ်။ (သူများရဲ့ အလုပ်ကလည်း သူများလုပ်သမျှကလည်း ကိုယ့်ကို လာရိုက်ခတ်တယ်ဆိုတာက လက်တွေ့မှာ ငြင်းလို့ မရပါဘူး)... ကိုယ်စိုက်တဲ့အသီးကို တခြားတယောက်က စားရတယ် ဆိုပါတော့ (အဲဒါလည်း အကျိုးအကြောင်းနဲ့ ရှင်းပြလို့ ရတာပဲ။ စိုက်ခဲ့တဲ့သူ ကျနော်ရှိတယ်။ သူကလည်း ဒီနေရာကို ရောက်လာတယ်။ အပင်က အသီးသီသွားအောင်လည်း အခြေအနေတွေက ပံ့ပိုးထားတယ်....အဲဒီ့လူလည်း ကိုယ်စိုက်ခဲ့တဲ့ အကျိုးကို (သူမစိုက်ပဲနဲ့) စားလိုက်ရတာလည်း ရှိတာပဲ။ ဒီတော့ အဲဒါကို မစိုက်ပဲ စားရတယ် ဆိုပြီး cause and effect က လွတ်တယ်လို့ တော့ ပြောလို့ မရဘူးနော်။ သူမစိုက်ပေမယ့် စိုက်ခဲ့တဲ့သူ ရှိနေတယ်။ ) သရက်သီး သူမစိုက်ပဲ စားရတာကို ကိုယ့်ယုံကြည်မှုနဲ့ကိုယ် အတိတ်ဘဝထိ ဆွဲတွေးရင်လည်း တွေးသူရဲ့ အခွင့်အရေးပါ။ ကျနော့် အတွက် cause and effect က ဒီဘဝမှာတင် လုံလောက်နေပြီမို့ ကျနော့်အတွက် ထည့်တွေးဖို့ မလိုအပ်တာကို ပြောတာပါ။" (ကောင်းကင်ကို)
Hi, everything does not happen to the according of God's will. Bad things aren't from the will of God.
Post a Comment