Saturday, December 27, 2008

ပိုးဖလံ

နှုတ်ဆက်ကြဖို့ အချိန်တန်
နောက်ဆုံးတစ်ခွက်ချလို့ အိမ်အပြန်မှာ
ငါလည်းပဲ
အချစ်ဆိုတဲ့ ကြိမ်ဒဏ်နဲ့ 
နှစ်လို ဇိမ်ခံချင်မိတယ်။

ကောင်းကင်ကို

Thursday, December 18, 2008

အမေ့ အသံ

အမေတစ်ယောက်တည်း ဟိုတွေးဒီတွေးနဲ့ 
စိတ်ထဲမှာ မီးမွှေး
မစီတတ်တဲ့ စကားလုံးတွေကို အပူပြင်းပြင်းပေးပြီး
သားအတွက် ကျိုချက်သန့် စင်ခဲ့ပေမယ့်
အအေးခံချိန်မရလိုက်တဲ့ အမေ့ရဲ့  အသံတွေ
နားထဲကို အတင်းလောင်းထည့် ခံခဲ့ရစဉ်က
ရင်ထဲကို အဝင်မခံ
နားဝမှာတင် မိုက်မိုက်မဲမဲ ထိုးအန်ပစ်ခဲ့ပေမယ့်...
အခုအချိန်မှာတော့
နှလုံးအိမ်ထဲမှာ ပေါင်းခံ
ဒေါသယောင်ဆောင်ထားတဲ့ အမေ့ရဲ့  စောင်းသံကို
ကိုယ့်ကိုယ်ကို သွားတိုက်ဆေးဗူးလိုညှစ်၊ အပ်နှစ်စင်း ထိသလိုဖြစ်မှ ရတတ်တဲ့ ချီးကျူးသံတွေ
တစ်ချက်တည်းနဲ့ ကျင်းဝင်သွားတဲ့အခါမျိုးမှ ရတတ်တဲ့ လက်ခုပ်သံတွေနဲ့ 
ဘာမဆို အလိုက်ပေးပြီး
ပြန်လဲချင်မိတယ် အမေ။

ကောင်းကင်ကို

Thursday, December 11, 2008

မြင်ကွင်း

နှစ်ပေါင်း နှစ်ဆယ်
ပျံသန်းချိန် နာရီပေါင်း တစ်သိန်း ခုနစ်သောင်းကျော်နဲ့ 
အရှိုက်မှာ ထိုးချက်တွေ ဝခဲ့တာတောင်
သုညတွေကို ပွေ့ ပိုက် ကျေနပ်ခဲ့ကြတယ်။
အဝေးကြည့် မှန်ပြောင်းကြီး တစ်လက်နဲ့ 
ဆွေးရိ အသံဟောင်းကြီးပဲ ထွက်နေကြသူ တချို့ဟာ။

သွေးတွေ တစ်ကွက်ပြီး တစ်ကွက်ပေ
ပွန်းတွေ တစ်ကောင်ပြီး တစ်ကောင်သေ
ပိုးစုန်းကြူးတွေ တစ်စင်းပြီး တစ်စင်းကြွေ
အိမ်ကြီးထဲက စိမ့်ထွက်လာတဲ့ သွေးတွေနဲ့ 
မဲပြာပုဆိုး ပန်းချီကားတွေကိုပဲ
ငါတို့ ဆွဲခဲ့ကြတယ်။

လူပီသတာ ပဲလား။
သိစိတ်နဲ့ မသိစိတ် တွဲလျှောက်ခွင့် မရှိတဲ့ လမ်းပေါ်မှာ
ကိုယ့်အတ္တနဲ့ ကိုယ့်ကျောက်ဆောင် ကိုယ်ပြန်တိုက်စားရင်း
ပွန်းပဲ့လာလိုက်တာ
မနေ့ ကလူနဲ့ 
ဒီနေ့ လူတောင်မှ ညီမျှခြင်း ချလို့ မရ။
အတိတ်က ရင်ခုန်သံနဲ
အခု ရင်တုန်သံဟာ
မိုင်ပေါင်းများစွာ ကွာတယ်။

ကိုယ့်အုပ်မှာ ကိုယ်ဘုရင်လုပ်ဖို့ 
လက်တွဲ တွေကို ဖြုတ်ကြ။
မင်းသားရုပ်ကို လေသွင်းဖို့ 
နှုတ်ခမ်းပဲ့ခြင်း မှုတ်ကြ။

မြေပုံ အတုကိုင်ထားသူတွေနဲ့ 
မြေပုံ မရှိနိုင်သူတွေရဲ့တိုက်ပွဲမှာ
ရန်သူဟာ
ဥပဒေအပြင်က လက်သီးတွေနဲ့ တစ်ချက်ပြီး တစ်ချက်ထိုး
နေ့ စွဲနီနီတွေသာ တစ်ရက်ပြီး တစ်ရက် တိုးတိုးလာတယ်။
ဒီလိုနဲ့ ပဲ
အတိတ်က အမာရွတ် တွေနဲ့ 
ကိုယ့်မခံချင်စိတ်ကို အစာသွပ်နေရ။

တစ်ယောက်ကောင်းဖို့ အရေး
တစ်ယောက်ပျက်ပေးရတတ်သတဲ့။
ပိုက်လုံးသုံးပြီး အလုခံလိုက်ရတဲ့ ပဘာဝတီ လောင်းလျာနဲ့ 
ဘန်ကောက်မြို့ ကြီး မီးတွေလင်းထိန်နေလိုက်တာ။
ခြံထဲက ထွက်သမျှ အငွေ့ တွေဟာ
အဝါချစ်သူတို့ရဲ့ညမှာ
ရွှေရောင်ပန်းတွေလို ပွင့်လို့ ။
ဒီလိုပါပဲ
အိမ်ထဲက သွေးတွေနဲ့ လည်း
အပြင်က ကျောက်ခဲတွေ
ပတ္တမြားယောင်ဆောင်ပြီး နီနေလိုက်ကြတာ
အိမ်ထဲက လျှံထွက်လာတဲ့ မျက်ရည်မြစ်မှာ
အနီရောင်ဟန်ဆောင်ခြုံထားသူတချို့ ရွက်တွေလွှင့်လို့ ။

အသက်သုံးဆယ်ကျော်မှ
ဇောင်းထဲက ထွက်ခွင့်ရတဲ့ မြင်းလို
မျက်လုံးတွေကို ကမြင်း ကြည့်လိုက်တယ်။
အတွင်းအပြင် ပုံရိပ်တွေထဲမှာ
ပဒိုင်းသီး ကြိုက်နေတဲ့ ဘုရင်တွေ
လူရိုက်စားတဲ့ ဖားတွေ
နွားခြေရာခွက်ထဲမှာ ကိုယ့်ကိုယ်ကို ထည့်ပိတ်ထားတဲ့သူတွေ
ကောင်းကင်လိုမိုးထားတဲ့ ဗလာလက်ဝါးတွေနဲ့ လောင်းရိပ်မိနေတဲ့ ပင်ပျိုတွေ
အနုလုံ ပဋိလုံ ကြည့်ခွင့်မရတဲ့ ရှုခင်းတွေ နဲ့ 
ဝေဖန်ရေးစက္ခုကင်မရာနဲ့ဓာတ်ပုံရိုက်ပြခွင့်မရှိတဲ့ နေရာတွေ။

နောက်ဆုံးမြင်လိုက်ရတာကတော့
ဘရိတ်ပေါက်နေတဲ့ ခေတ်ပေါ်ကို တက်ထိုင်ရင်း
ရိုလာကိုစတာ စီးသလို စတိုင်မျိုးနဲ့ 
မျက်လုံး စုံမှိတ်ထားတဲ့သူတွေ။

ကောင်းကင်ကို

Tuesday, December 2, 2008

အခမဲ့ (ဆို...နွဲ့ ယဉ်ဝင်း)

နွဲ့ ယဉ်ဝင်း သီဆိုထားတဲ့ မိဘမေတ္တာ သီချင်းလေး တစ်ပုဒ်ပါ။ ဒီအကြောင်းကို chicken soup တစ်ပုဒ် ထဲမှာလည်း ဖတ်ဖူးပါတယ်။

lyrics
တစ်ညနေ ကျွန်မ မီးဖိုချောင်ထဲမှာ တစ်ယောက်တည်း ညနေစာ ချက်နေတုန်း အချိန်မှာ ကျွန်မသမီးငယ်လေးက ဝင်လာပြီး စာရွက်ကလေး တစ်ရွက်ကို လှမ်းပေးလိုက်ပါတယ်။ ပေနေတဲ့ ကျွန်မ လက်များကို သုတ်ပြီး ဖတ်ကြည့်လိုက်တဲ့ အခါမှာ ဘယ်လိုရေးထားသလဲဆိုတော့…

အမှိုက်ပုံးသွန်ခ…ပြားငါးဆယ်
အဖေ့ကို နင်းပေးခ…ပြားငါးဆယ်
မီးသွေးသွားဝယ်ခိုင်းတာက…နှစ်ဆယ့်ငါးပြား
မေမေ ဈေးသွားနေတုန်း ညီမလေးကို ထိန်းခ…ခုနစ်ဆယ့်ငါးပြား
ဧည့်ခန်းကို ဖုန်သုတ်ခ…နှစ်ဆယ့်ငါးပြား
အတန်းထဲမှာ ပထမရတာ…ငါးကျပ်
နောက်ပြီး တစ်ပတ်လုံး လိမ္မာတဲ့ အတွက်…နှစ်ကျပ်ခွဲ
အားလုံးပေါင်း…ကိုးကျပ်နဲ့ ခုနစ်ဆယ့်ငါးပြား

သြော်..မျှော်လင့်ကြီးစွာနဲ့ ရပ်စောင့်နေတဲ့ သမီးငယ်ကို မြင်တော့ အတွေးပေါင်း တစ်သောင်း ခေါင်းထဲကို ဝင်လာပါတယ်။ ပြီးတော့ ခဲတံကို ကောက်ယူပြီး စာရွက်ကို တစ်ဖက်လှန်ပြီး ဒီလို ပြန်ရေးလိုက်ပါတယ်။

မေမေ့ ဝမ်းထဲ၌ ကိုးလလွယ်…သမီးလေးကို မွေးဖွားခဲ့တယ်…အခမဲ့
နေထိုင်မကောင်းလို့ ဆေးကုရတာ၊ ညညထ ပြုစုတာ…အခမဲ့
နှာရည်ရွှဲ အညစ်အကြေးတွေ မေမေကိုယ်တိုင် သန့်ရှင်းပေးခဲ့တာ... အခမဲ့
နာက်ပြီး အသည်းနှလုံးထဲက သမီးလေးအတွက် အချစ်စစ်က..အို..အခမဲ့

ကျွန်မစာကိုလည်း ဖတ်ပြီးရော သူ့ မျက်လုံးအစုံမှာ မျက်ရည်များပြည့်လာပြီး ကျွန်မကို မော်ကြည့်ကာ ပြောတာကတော့ “မေမေ…မေမေ့ကို သိပ်ချစ်တာပဲ”
နောက်ပြီး ခဲတံကို ယူကာ လက်ရေးကြီးကြီးနဲ့ ရေးလိုက်တာကတော့ “စာရင်းရှင်းပြီး” တဲ့။

Get this widget | Track details | eSnips Social DNA

download လုပ်ဖို့ http://www.esnips.com/doc/23c1a633-0cf8-4069-b91e-04f20b98476b/Track07---A-Kha-Mae

Tuesday, November 25, 2008

စာအုပ်တစ်ချို့ ထဲက သမိုင်း

ဥခွံအရောင်ကိုလိုက်ပြီး ဗားရှင်းအများဆုံးသော ပညာ။
မျက်လုံးတစ်ဘက်တည်း ရှိသူတွေဖတ်ဖို့ 
လက်တစ်ဘက်တည်း ရှိသူတွေ ရေးခဲ့တဲ့စာ။

မိတ်ကပ်လွန်ဝါကျတွေ ဖောင်းပွနေလို့
သရုပ်မမှန်တော့တဲ့ အမြှုပ်တစ်ကန်။
တံခါး အလုံပိတ်ထားတဲ့ စာအုပ်ထဲက
အသက်ရှူကြပ်နေကြသော စကားလုံးများ။

ရုပ်ဖျက်ထားတဲ့ အတိတ်နဲ့ အဝေးမှုန်တတ်တဲ့ လူ့ စိတ်ကြားက
ဘာလင်တံတိုင်း။
နောက်လာနောက်သားတွေ အတွက် စိုက်ခဲ့ကြတဲ့ အဆိပ်ပင်။
အမှန်တရားယောင်ဆောင်ထားတဲ့ အမှန်တရားတစ်မျိုး။

အမျိုးသားရေးယောင်လည်း ဆောင်တတ်သေးတဲ့ အမုန်းကမ်ပိန်း။
လူကိုလူလို့ မမြင်စေနိုင်တော့သော စိတ်ကြွဆေး။
စကားလုံးသင်္ချိုင်းထဲက ဘိန်းခင်းတစ်ခင်း။

တစ်ချို့ ရပ်ဝန်းတွေမှာတော့...
ပြဌာန်းစာအုပ်ဆိုတဲ့ အဆိပ်ရွက်တွေနဲ့ 
ကလေးတွေကို နှိပ်စက်နေတဲ့ ငရဲ။
သွေးအိုင်တွေကို ဆေးပစ်ဖို့အတွက်
စကားလုံးကြီးကြီးတွေ စွတ်ထားတဲ့ အဝတ်တစ်စ။
လူသတ်သမားတွေ လက်ဗွေရာဖျက်ဖို့ သုံးနေကြတဲ့ ကောက်ရိုးတစ်မျှင်။
(သို့ မဟုတ်)
စာအုပ်တစ်ချို့ ထဲက သမိုင်း။

ကောင်းကင်ကို

Monday, November 17, 2008

ခရီးသည်

ကိုးတန်း တုန်းက(၁၉၉၄ ခုနှစ်တုန်းက) ကျွန်တော် ရေးခဲ့တဲ့ ကဗျာပါ။ ဆယ်တန်းမှာ သူငယ်ချင်းတွေ စုပြီး ကဗျာစာအုပ်လုပ်တော့ ဆွေမိုးယံ ဆိုတဲ့ ကလောင်နာမည်နဲ့  ကဗျာစာအုပ်မှာ သုံးခဲ့ပါတယ်။

ခရီးသည်
ရှေ့ဆက်ဖို့ သိပ်ခက်လို့ 
စိတ်မပျက်နဲ့ ခရီးသည်။

ကူညီသူတွေ လွှဲဖယ်လို့ 
ဇွဲမပြယ်နဲ့ ခရီးသည်။
အသည်းမငယ်နဲ့ ခရီးသည်။

အဆက်မပြတ် အကဲစမ်း လာထိုး
မင်းရဲ့ခွဲတမ်း ကြမ္မာဆိုးကို...
ခါးတယ်လို့ ဆိုမနေပဲ
အားငယ်လို့ ငိုမနေပဲ
ရှားဖယ်ဖို့ အိုကေပဲလို့ 
ထားစို့ စိတ်ထဲ။

ကောင်းကင်ကို

Thursday, November 6, 2008

ကမ္ဘာ

မဟာ ကပ်ပါးကောင်တွေရဲ့တန်ခိုးနဲ့ 
အရုပ်ဆိုးနေတဲ့ ကမ္ဘာ။

နည်းပညာ စီးကရက်လိပ်တွေကို
စည်းမဲ့ ကမ်းမဲ့ မသောက်ပါနဲ့ ကမ္ဘာ။
အိုဇုန်းလွှာ မှာ
ဇကာပေါက် အနာတွေ ဖြစ်လိမ့်မယ်။

သစ်ပင်တွေပြုန်း
တောတွေ တောင်တွေ ခေါင်းတုံးတုံးကြတဲ့ ဖြစ်စဉ်မှာ
လူ့ မလိုင်တွေ အချီချီခိုး
အဆီတွေတိုးခဲ့တာ ပိုများသလား။
ရေနည်းငါးတွေရဲ့ ထမင်းအဖြစ်
သစ်ပင်တွေ ထင်းဖြစ်သွားတာ ပိုများသလား။

လူတွေရဲ့စိတ်ထဲမှာလည်း
တောင်ခေါင်းတုံးတွေနဲ့ ထပ်တူပါပဲ။
၅၂၈ တွေ တွေသုဉ်းပြီး
သုညတွေ ပြုံးနေကြတယ်။

တစ်ချိန်တုန်းက...လူက သားရဲတွေကို ကြောက်ခဲ့ရတဲ့ခေတ်
အခု...လူက လူကို ပြန်ကြောက်နေရတဲ့ ခေတ်။

ငှက်တွေ နေရာသစ်ပြောင်းတဲ့ အခါ
တောင်ပံတစ်စုံသာလိုပေမယ့်
လူတွေ နေရာသစ်ပြောင်းတဲ့ အခါမှာတော့
ငွေစကြေးစတွေနဲ့  စာရွက်စာတမ်းတွေ လိုတယ်။
တစ်ခါတစ်ခါဆို
ထုပ်ဆီးတိုးတမ်းကစားရသလိုပဲ။
လိုက်ဖမ်းမယ့် ရဲတွေလည်း ရှိတယ်။
ထမင်းရည်ပူ လောင်စေမယ့်
နယ်နိမိတ် မျဉ်းကြောင်းတွေလည်း ရှိတယ်။
တစ်ခါတစ်ခါ
အတားအဆီးတွေကို ကျော်ဖြတ်
ဒီဘက်ကမ်းကို ကပ်နိုင်ခဲ့သူတစ်ချို့ တောင်မှ
အောင်ထူပြီလို့ မအော်နိုင်ခဲ့။

ကွဲပြားမှုတွေကို ရွေပေါ်ထိုး
ရောင်စုံ ရင်ဘတ်တွေကို မေတ္တာနတ်ဆေးဆိုးဖို့ 
ပွင့်လာခဲ့တဲ့ ဘာသာတရားတွေတောင်
လူတွေရဲ့ လက်ချက်နဲ့ 
တံတိုင်းအသစ်တစ်ခုပဲ ထပ်ဖြစ်သွားခဲ့။

အဲဒီ့ ဘာသာတရားတွေဟာ
အဖိုးတန်ကျောက်မျက်တွေကို
အိတ်ပုံစံအမျိုးမျိုးနဲ့ ထုပ်ပိုး
လူတွေရဲ့ ဝိညာဉ်ကို လှုပ်နှိုးဖို့ ကြိုးစားခဲ့လည်း
လူတွေရဲ့ မျက်လုံးက ကျောက်မျက်ရတနာတွေကို မမြင်၊
အပေါ်ယံက အိတ်တွေ တံဆိပ်တွေကိုသာ မြင်ခဲ့။
ဒီလိုနဲ့ 
အိတ်တွေအတွက် လူတွေ ရန်ဖြစ်ခဲ့ကြ။

ဘာပဲဖြစ်ဖြစ်...
ကမ္ဘာပေါ်မှာ ပဉ္စလက်တွေ ပွင့်ခဲ့တယ်။
မဖြစ်နိုင်ဘူး ထင်တာတွေ ဖြစ်ခဲ့တယ်။
အနာဂတ်ရဲ့ ဖြစ်လာမယ့် စာရင်းအတွက်
တင်သွင်းခွင့်သာ ရှိမယ်ဆိုရင်
လူတွေ အသက်ထောင်ချီရှည်ဖို့ လည်း မတင်သွင်းချင်ဘူး။
မားစ်ဂြိုလ်ပေါ်ကို ပြောင်းရွှေ့ အခြေချနိုင်ဖို့ လည်း မတင်သွင်းချင်ဘူး။
တစ်စုနဲ့ တစ်စု အနိုင်ယူလိုစိတ်ပျောက်
ယူတိုးပီးယား ငှက်ကလေး အတောင်ပေါက်ဖို့ ကိုပဲ တင်သွင်းချင်တယ်။

ဖြိုချလိုက်ကြ
တစ်ယောက်နဲ့ တစ်ယောက်ကြားက
မလိုအပ်တဲ့ စိတ်ကူးနံရံတွေကို။
ဖယ်ရှားလိုက်ကြ
ငါတို့ ဦးနှောက်ထဲအထိ ဘိန်းလာစိုက်ချင်နေတဲ့ အစွန်းသမား တွေကို။

တကယ်တော့ ကမ္ဘာဆိုတာ
စင်္ကြာဝဠာ ကြီးထဲက ရင့်မှည့်နေတဲ့ အနာ။
ဒဏ်ရာတွေကို ဆေးထည့်တဲ့နေရာမှာ
ငါနဲ့ ငါကို ခွာထားနိုင်ဖို့ လိုတယ်။

ကိုယ်ကျိုးသချာင်္ကိုတွက်
ပင်လယ်ကြီးထဲကို ရေတစ်ခွက် လောင်းလိုက်တာဟာ
တကယ်တမ်းကျတော့ အလေအလွင့်။

ကလေးငယ်တွေရဲ့  ဦးခေါင်းနဲ့ ရင်ဘတ်တွေ ကို ရွှေချပါ။

ကိုယ့်ကိုယ်ကို သားကောင်နေရာမှာ ထားပြီး သတင်းတွေဖတ်ပါ။
အလင်းရောင်ကို ကြိုဆို
မျက်နှာပေါ်က တံခါးနှစ်ချပ်ကို ဖွင့်ပြီး ငိုပါ။
အယ်လ်ဘတ်ရွှိုက်ဇာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ဟာ
အာဖရိကတိုက်အတွက် အနှစ်ငါးဆယ်ကျော်စာ ဆေးတစ်ထုပ် ဖြစ်ခဲ့တယ်။

လူ့ ပယောဂနဲ့ ဖျားနာ
ကမ္ဘာဆိုတဲ့ ကျားနာကို
ကယ်တင်ကုသဖို့ အတွက်
အတ္တနဲ့ ပရကို လက်ထပ်ထိမ်းမြားပေးဖို့ လိုတယ်။

ပြီးတော့
မလိုအပ်ပဲ ထမ်းပိုးထားတဲ့
စိတ်ထဲက အထုပ်အပိုးတွေကို ချ
လွတ်လပ်တဲ့ မျက်လုံးအသစ်တစ်စုံရတဲ့အခါ
ကမ္ဘာကို ကြည့်လိုက်ပါ။

ကမ္ဘာဟာ
စနစ်တကျ ဆုတ်ဖြဲထားတဲ့ ခေတ်ပေါ် ဂျင်းဘောင်းဘီ တစ်ထည်လိုပဲ
ခံစားတတ်ရင် လှတယ်။

ကောင်းကင်ကို

Tuesday, October 28, 2008

အငိုဒုက္ခ တိုင်းပြည်

လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။

တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။

ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။

သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား။
လူတွေလည်း..တွေးလာကြတယ်..တစ်ရွာပြောင်းရင်..ကောင်းမလား။
ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။
ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။

သူငယ်ချင်းတစ်ချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစ်စပဲ။
ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ ကာရန်တူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိ ခက်နေရသလဲ။
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။

ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ ဖားလိုက်။
သူငယ်ချင်းတို့ ......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့ ...ထားလိုက်။

အသိဥာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။

သူငယ်ချင်း...
မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။
ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။
ကပ်တစ်ခုစိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။

တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။

ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။

ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။

ကောင်းကင်ကို

Wednesday, October 22, 2008

အရက်တွေသောက်ပြီး
အရှက်တွေ ပျောက်ခဲ့တဲ့ည။

မီးမမှန်လို့ အကျည်းတန်နေတဲ့ည။
feel မမှန်လို့ အထီးကျန် နေတဲ့ည။

သာသာလေး လာထိရုံနဲ့ လဲခဲ့ရတဲ့ည။
မကြာမကြာလေး လာမိရုံနဲ့ စွဲခဲ့ရတဲ့ည။

အတု အစစ် တွေကို ခွဲခြားခဲ့တဲ့ည။
မူုးယစ်ဝေကာ လဲသွားခဲ့တဲ့ည။

လောကဓံကို အသပြာလေးနည်းနည်းနဲ ခံဆော့ခဲ့တဲ့ည။
ကိုယ့်ကိုယ်ကို ယမကာလေးနည်းနည်းနဲ့ ပြန်ချော့ခဲ့တဲ့ည။

အတိတ်ရက်တွေကို ခဏပြန်ခံစားဖို့ 
စိတ်ငှက်တွေ ထပျံသွားခဲ့တဲ့ည။

လှံသွားထက်ထက်တွေ ရင်မှာစူးတဲ့ည။
ခံစားချက်တွေ ဝင်ကာရူးခဲ့တဲ့ည။

ဘဝအနာတွေ သက်သာဖို့ 
အရသာတွေ ထွက်ရှာခဲ့တဲ့ည။
အလှကဗျာတစ်ပုဒ်နဲ့ မှောက်မှား၊
ဘဝတဏှာတစ်လုတ် ဖောက်စားခဲ့တဲ့ည။

ခေတ်ရဲ့ မွန်းကျပ်မှုတွေကို ဖောက်ခွဲ
အနှစ်မဲ့ လွတ်လပ်မှုတွေနဲ့ ပေါက်ကွဲခဲ့တဲ့ည။

သိုးမည်းတစ်ကောင် အရောင်ပြောင်းဖို့ အမေငေါက်တဲ့ည
မိုးကြိုးပစ်သလို အသံကြီးနဲ့ တစ္ဆေခြောက်တဲ့ည။

ကောင်းကင်ကို

Wednesday, October 15, 2008

အချစ်ဆိုတာ

အစ်မ တန်ခူး Tag လုပ်ထားတာကို ကဗျာလေးအဖြစ်နဲ့ ရေးလိုက်ပါတယ်။

အချစ်ဆိုတာ

အချစ်ဆိုတာ တစ်လုံးတည်းနဲ့ ရသစုံနေတဲ့ သစ်သီး
အချစ်ဆိုတာ နှလုံးသားကို ထထခုန်စေတဲ့ ပစ္စည်း။

အချစ်ဆိုတာ လစ်ပိုတွေ အပြည့်ဖြည့်ထားတဲ့ အဏ္ဏဝါ
ချစ်သူ့စကားနဲ့ ဒုက္ခတွေကို ပစ်ပေါက်လိုက်မယ် အဖန်တရာ။

အချစ်ဆိုတာ လူပျင်းတွေကိုတောင် တင်းပေးနိုင်တဲ့ သံပတ်
အချစ်ဆိုတာ အထီးကျန်နေသူတွေရဲ့ နောက်ဆုံးခံတပ်။

အချစ်ဆိုတာ မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းနဲ့  ပျံသန်းနေတဲ့ လေတံခွန်
အချစ်ဆိုတာ ကဗျာမျိုးစေ့တွေ စီးဆင်းလာတဲ့ ရေတံခွန်။

အချစ်ဆိုတာ ရေယောင်ဆောင်ပြီး ကြည်လင်နေတဲ့ ဂျင်အရက်
လူတွေကို ယစ်မူးစေနိုင်ခဲ့တယ် အစဉ်အဆက်။

အချစ်ဆိုတာ နှုတ်ခမ်းလေးထဲက ခုန်ပေါက်ထွက်လာတဲ့ သကာ
အချစ်ဆိုတာ ထမင်းပြီးရင် အရေးအကြီးဆုံးသော အစာ။

အချစ်ဆိုတာ လျှာဖျားစက်ရုံတော်က ထုတ်လုပ်လိုက်တဲ့ သကြားချိုချို ဖြစ်ပါသလား။
အချစ်ဆိုတာ ပါးစပ်ဖျားပေါ်မှာတင် တစ်သွားတဲ့ မေတ္တာတရား။

အချစ်ဆိုတာ မပျောက်ချင်လို့  တမင်တကာ မွေးထားလိုက်တဲ့ အနာ
အချစ်ဆိုတာ အချိန်တွေပေးပြီး ကျင်ယူထားရတဲ့ ရတနာ။

အချစ်ဆိုတာ အရေးတကြီး အဟောခံခဲ့ရတဲ့ တရား
အချစ်ဆိုတာ လူသားတွေရဲ့ အနူးညံ့ဆုံးသော အမှား။

အချစ်ဆိုတာ အရာရာကို တော်လှန်ရဲတဲ့ သူပုန်
တစ်ချို့ ကျတော့လည်း မိဘစကားဆိုတဲ့ ပုဝါဟောင်းကြီးတွေကို ခြုံလို့ ။

အချစ်ဆိုတာ တစ်ချို့ မိန်းမသားတွေ အတွက်တော့ ထမင်းတစ်လုတ်
တစ်ခါတစ်ခါ သူတို့ ကို ခေါင်းခေါက်ရွေးနိုင်မယ့် ဒေါ်လာတစ်ဆုပ်။

အချစ်ဆိုတာ ကောင်မလေးတွေ အရမ်းကျွမ်းတဲ့ ဂဏန်းသချာင်္
ပုရိသတွေကို ချိန်တွယ်ပစ်မယ့် အံ့မခန်းပညာ။

အချစ်ဆိုတာ အရည်မမီလို့ အပယ် ခံလိုက်ရတဲ့ ဆန်ကွဲ
အချစ်ဆိုတာ ဖန်ထည်ထက်တောင် ကွဲအက်လွယ်တဲ့ အသည်း။

အချစ်ဆိုတာ ကြိတ်ပြီးတဲ့ အခါ အချိုကုန်သွားတတ်တဲ့ ကြံဖတ်
ဘာပဲဖြစ်ဖြစ် သံယောဇဉ်နဲ့ မြတ်နိုးတတ်ဖို့ တော့ လိုတယ်။

အချစ်ဆိုတာ ကမ္ဘာကိုမောင်းနှင်ထားတဲ့ လောင်စာ
အချစ်ဆိုတာ ငါတို့ ကို အကျဉ်းချထားတဲ့ ထောင်ပါ။

အချစ်ဆိုတာ ကျွံမိရင် ကြိုက်ကြိုက် မကြိုက်ကြိုက် နေရတော့မယ့် စခန်း
အချစ်ဆိုတာ ဂငယ်ကွေ့  ပြန်ကွေ့ ဖို့ ခက်ခဲတဲ့ လမ်း။

အချစ်ဆိုတာ ဘယ်တော့မှ မတိတ်မယ့်မိုး
ချောချော လှလှလေးတွေကို မြင်ရင် အသည်းနှလုံးဆိုတာ နိုးတတ်တယ်။

အချစ်ဆိုတာ နှစ်ယောက်တည်းနဲ့ စပြီးပျိုးခဲ့တဲ့ ဥယျာဉ်
သံယောဇဉ် နွယ်ပင် လေးတွေကို စုချင်တယ်။

အချစ်ဆိုတာ လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ အမိုး
အချစ်ဆိုတာ လူအလစ်ကို စောင့်နေရတဲ့ သူခိုး။

အချစ်ဆိုတာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ မှန်းဆရ ခက်တဲ့ မိုးတိမ်
အချစ်အကြောင်းကို ဖွဲ့ လိုက်တိုင်း ကိုယ့်လက်ကိုယ် စိုးရိမ်တယ်။

ကောင်းကင်ကို

Friday, October 10, 2008

ကလေး

အနှစ် နှစ်ဆယ်လုံးလုံး
ကိုယ်ဝန်ဆောင်ပြီး မွေးခဲ့တာတောင်
ထွက်မလာသေးတဲ့ ကလေး။

အင်္ဂုလိမာလ သုတ်မပြောနဲ့ ၊
ရွှေဝါရောင်လင်းနေတဲ့ ရင်ဘတ်တွေနဲ့ 
မေတ္တာသုတ် အထပ်ထပ်ရွတ်ခဲ့တာတောင်
ထွက်မလာသေးတဲ့ ကလေး။

နောင်နှစ်ပေါင်းများစွာကို လောင်းကြေးထပ်
ဒိုင်ယာလော့ခ် ဆိုတဲ့ ညှပ်နဲ့ 
ဆွဲထုတ်ပြီးတော့ မွေးရမလား။
လက်ရုံးတွေကို ဓားလိုသွေး
ခွဲစိတ်ပြီးတော့ မွေးရမလား။

အဖြစ်က
ဇက်သေနေတဲ့ စတီယာရင် တစ်ချောင်းနဲ့
ယာဉ်သုံးစီးကို တစ်ပြိုင်တည်း မောင်းနေရသလိုမျိုး။
ကလေး ထွက်လာဖို့ လည်းလိုတယ်။
မွေးမွေးချင်း သေမသွားဖို့ လည်း လိုတယ်။
မိခင်ရဲ့ အသက် မဆုံးရှုံးဖို့ လည်းလိုတယ်။

နတ်ကြီးတဲ့ ဝိညာဉ်နှစ်ခုမို့
ဘုရားသခင်က အတင်းလာလုနေတာလား။
အသက် နှစ်ချောင်းက ငါတို့ ရဲ့  လက်ထဲမှာ တည်းတည်းကလေး။

မိခင်ရဲ့  ငိုကြွေးသံကလဲ အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။
ကလေးရဲ့ ငိုကြွေးသံကလဲ အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။

ကလေးရဲ့ ဖခင်လည်း
တမလွန်ကနေ ပူပန်နေတော့မယ်။
ဘောလုံးပွဲကြည့် ပရိသတ်တွေလို
အနှစ် နှစ်ဆယ်လုံးလုံး အားပေးခဲ့ကြတဲ့ သူတွေလည်း
အသံတွေ ဝင်ပြီး မောကုန်ကြပြီ။

ဘာပဲဖြစ်ဖြစ်၊
ဒီကလေးဟာ
ကောင်းကင်ဖျားမှာ တည်းတည်းလေး သီးနေတဲ့ ပတ္တမြားတစ်ပွင့်ကို
ချူပေးနိုင်မယ့် တံချူလေး၊
ငါတို့ ရှင်အောင် မွေးနိုင်ရင်
လာဘ်လာဘ တွေကို ယူဆောင်လာမယ့် ကလေးမို့
အိမ်သားအားလုံးကတော့
ရင်တထိတ်ထိတ်နဲ့ 
အံကိုကြိတ်ပြီး မျှော်နေကြတယ်။

အံကိုကြိတ်ပြီး မျှော်နေကြတယ်။

ကောင်းကင်ကို

Saturday, October 4, 2008

ပထမဆုံး

အစ်ကို ကိုအောင်သာငယ် နဲ့  ညီမ ပင့်ဂိုး တို့ က ဘဝရဲ့ ပထမဆုံးတွေကို ရေးဖို့ Tag ထားလို့  ကျွန်တော် စဉ်းစားလို့  ရသလောက် ထဲက တစ်ချို့ ကို ရေးလိုက်ပါတယ်။

လူ့ လောက ကို ရောက်လာတဲ့ နှစ်..........၁၉၇၇ ခုနှစ်
နေ့ ရက်က.......ဒီအတိုင်း တန်းရေးလိုက်ရင် ပျင်းစရာကြီး။ ပဟေဠိ ဝှက်မယ်ဗျာ။ အခုတလော နာမည် ပျက်ပျက်နေတဲ့ အဖွဲ့  အစည်းကြီးတစ်ခု တရားဝင် ပေါ်ပေါက်လာတဲ့ နေ့။ အဖြေကို ကွန်မန့်  မှာ ရေးထားလိုက်မယ်ဗျာ။

ပထမဆုံး ဖြေခဲ့တဲ့ စာမေးပွဲ.....သူငယ်တန်း မတက်ရသေးခင် လေးနှစ်သားလောက်ကတည်းက စာမေးပွဲဖြေဖူးသွားပြီ။
အဲဒီ့တုန်းက အစ်မက တစ်တန်း။ တစ်ခါ တစ်လေ အမ ကျောင်းသွားရင် ကျွန်တော် လိုက်သွားတယ်။ တစ်ရက် သူတို့ နှုတ်ဖြေ စာမေးပွဲဖြေရတယ်။ သူများတွေ ဖြေတာတွေ့  တော့ ကျွန်တော်လည်း ဖြေချင်တာပေါ့။ ကျွန်တော်စိတ် ကျေနပ်အောင်လို့ ဆရာမက နှုတ်ဖြေ စာမေးပွဲ စစ်ပေးတယ်။ ပတ်ဝန်းကျင်က ခြေလေးချောင်း သတ္တဝါတွေကို ပြောပြရတယ်။ ဆယ်မျိုးလား၊ ဆယ့်ငါးမျိုးလားမသိဘူး။ နောက်ဆုံး တစ်ကောင် အလိုမှာ ကျွန်တော် စဉ်းစားလို့ မရတော့ဘူး။ အဲဒါနဲ့ လူလို့ ဖြေခဲ့တယ်တဲ့။ အမေက ပြန်ပြောပြတာ။ ကျွန်တော်လည်း မှတ်မိသလိုလို ရှိတယ်။

ပထမဆုံး နားထောင်ခဲ့ရတဲ့ ပုံပြင်...... ကျွန်တော် ငယ်ငယ်တုန်းက ငြိမ်စေချင်ရင် အမေက ပေါက်ပေါက်ရှာရှာ ပုံပြင်တွေ လျှောက်ပြောတယ်တဲ့။ တစ်ခါ တစ်ခါ ဘာပြောလေ့ ရှိသလဲဆိုတော့ သားဖြစ်တဲ့မုန်လာဥကို ဝယ်သွားလို့  အမေ မုန်လာဥက “လာဥရေ၊ လာဥရဲ့ ...” ဆိုပြီးတော့ ငိုတဲ့ အကြောင်း။ အဲဒါပြောလိုက်ရင် ကျွန်တော်က မျက်ရည်လေး ဝိုင်းပြီး ငြိမ်သွားရောတဲ့။ တစ်ခါ တစ်ခါ လည်း “ကျီးကန်းကလေး...အား..အား၊ ဘယ်ရပ် ဘယ်ရွာက၊ လေတွေတိုက်လို့ မိုးတွေရွာ၊ ဘယ်မှာ နေရရှာ၊ နေစရာ ရှားလို့ လား၊ ကျီးလေး...တအားအား။” ဆိုတဲ့ ကဗျာလေး ဆိုပြရင် ကျွန်တော်က မျက်ရည်ဝဲတတ်တယ်တဲ့။

ပထမဆုံး ထုတ်ခဲ့တဲ့ သတင်းစာ....အဖေက သူ ငယ်ငယ်တုန်းက သူနဲ့ သူ့ ညီ အိမ်တွင်း သတင်းစာထုတ်ခဲ့တဲ့ အကြောင်းပြောပြတယ်။ ၈၈ အရေးအခင်းဖြစ်တော့ ကျွန်တော်လည်း အားကျမခံ အိမ်တွင်း သတင်းစာ ရေးတော့တာပေါ့။ နာမည်က “ကမ္ဘာ့အလင်း”။ အဲဒီ့တုန်းက ကျွန်တော့်အသက်က ဆယ့်တစ်နှစ် ပြည့်ခါနီး။
ကျွန်တော့် သတင်းစာမှာ သတင်းရယ်၊ ကာတွန်းရယ်၊ ဆောင်းပါးရယ် ရေးတယ်။ သတင်းကတော့ လူကြီးတွေ ပြောတဲ့ ကောလာဟာလတွေ၊ ဂျာနယ်ထဲမှာ ပါတဲ့ တစ်ချို့  ဟာတွေ ပေါင်းပြီး လျှောက်ရေးတာ။ သတင်းတွေကော၊ ဆောင်းပါးတွေကော ဘယ်ကောင်းလိမ့်မတုန်း။ ကလေးအတွေး၊ ကလေး အရေးတွေပေါ့။
အဲဒီ့တုန်းက ရန်ကုန်မှာ။ မြို့ ထဲကို အဖေတို့ အမေတို့ နဲ့ ဆန္ဒပြပွဲတွေ သွားကြည့်တဲ့ အခါ ဘယ်နေရာမှာ လူအင်အား ဘယ်လောက် ဆန္ဒပြတယ် ဆိုတာ မှတ်ထားတယ်။ မှတ်ထားတာ တွေကို အိမ်ကျရင် ပြန်ရေးတယ်။ ချက်ခြင်း မရေးဖြစ်သေးရင်လည်း gist ထုတ်ထားပြီး နောက်မှ ရေးတယ်။ အဲဒီ့တုန်းက gist သဘောမျိုးလေးတော့ ထုတ်တတ်နေပြီ။
ကာတွန်းကလည်း ပုံ ကောင်းကောင်း မဆွဲတတ်ပါဘူး။ လူရုပ်တွေက ဖြစ်သလိုပဲ။ ကာတွန်းတစ်ချို့ တော့ အခုထိ မှတ်မိသေးတယ်။
ကာတွန်း တစ်ခုမှာ... “ဖောင်း” ဆိုပြီး ပေါက်ကွဲသံကြားရတာကို မိန်းမကြီး တစ်ယောက်က အလန့်တကြားနဲ့ “သြော၊ ကားဘီးပေါက်တာပဲ။ ငါက သေနတ်သံ မှတ်လို့  လန့်  သွားတာ” လို့ ပြောလိုက်တဲ့ကာတွန်း။
နောက်ကာတွန်းတစ်ခုက.... ရုပ်ရှင်ရုံမှာ ရုပ်ရှင်မပြခင် “အဆိပ်ပင် ရေမလောင်းသင့်” လို့  စာတမ်းထိုးကြေငြာတယ်။ အဲဒါကို လူတစ်ယောက်က “လူတွေ စားမယ့် ထမင်းထုတ်တွေထဲကို အဆိပ်ခတ်ဖို့ အဆိပ်ပင်တွေကို ရေလိုက်လောင်းဦးမှပဲ” လို့ တွေးပြီး အဆိပ်ပင်တွေကို ရေလိုက်လောင်းနေတဲ့ ကာတွန်း။ အဲဒီ့တုန်းက ဆန္ဒပြတဲ့ လူတွေစားတဲ့ ထမင်းထုပ်တွေ၊ ကြက်ဥတွေ၊ ဟင်းသီးဟင်းရွက်တွေထဲမှာ အဆိပ်တွေ လိုက်ခတ်တယ်လို့  သတင်းတွေ ထွက်ခဲ့တာကိုး။ (ရုပ်ရှင်ရုံမှာ ရေထားတဲ့ အဆိပ်ပင်ရေမလောင်းသင့် ဆိုတာကတော့ တကယ်တော့ မှောင်ခိုအားပေးမလုပ်ဖို့ ရည်ရွယ်ပြီး ရေးထားတာပါ။)
အဲဒီ့ စာရွက်လေးတွေ အခု မရှိတော့ဘူးဗျာ။ အရေးအခင်း ပြီးတော့ အိမ်တွေကို လိုက်ရှာတယ် ဆိုတဲ့ သတင်းတွေထွက်တော့ အမေက အဲဒီ့တုန်းက ထွက်တဲ့ ဂျာနယ်တွေကော ကျွန်တော် လျှောက်ရေးခဲ့တဲ့ ဟာတွေကိုကော ခေါင်းအုန်း ထဲမှာ ထည့်ချုပ်ပစ်လိုက်တယ်။ နောက်ပိုင်း ခေါင်းအုန်းကို ပြန်ဖြည်တဲ့ အခါ ကျတော့ တစ်ချို့  စာရွက်တွေလည်း ပျက်စီးကုန်ပြီ။ ဆွေးကုန်ပြီ။ အမေက အကုန်လုံး မီးထဲထည့်ပစ်လိုက်တယ်ဗျာ။

ပထမဆုံးအကြိမ် အစာငတ်ခံ ဆန္ဒပြခဲ့တဲ့နေ့ 
၈၈တုန်းက ကျွန်တော်က ငါးတန်း။ အထက (၅) တာမွေ၊ ယောကျာ်းလေးကျောင်းက။ တာမွေက မြို့ နယ် ကောင်စီရုံးရှေ့ (အခုတော့ မဝတ ရုံးနဲ့ မြို့နယ် စည်ပင်ရုံးဖြစ်သွားပြီ ထင်တယ်။) မှာ အစာငတ်ခံ ဆန္ဒပြပွဲတွေလုပ်တယ်။ စက်တင်ဘာ ၁၇ ရက်နေ့ က ကျွန်တော်တို့ ကျောင်းအလှည့်။ စက်တင်ဘာ ၁၇ နေ့ လည် ကနေ စက်တင်ဘာ ၁၈ နေ့  လည် အထိ ၂၄ နာရီတိတိ အစာအငတ်ခံ ဆန္ဒပြပွဲ။ ကျွန်တော်က သွားချင်လို့ အိမ်ကို ပူဆာတယ်။ (အဲဒီ့တုန်းက ကျွန်တော်က ကလေးပဲ ရှိသေးတယ်။ နိုင်ငံရေးကိုလည်း ဘာမှ သိသေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူများတွေကို ကြည့်ပြီး ကျွန်တော်လည်း ပါဝင် ချင်တာပေါ့ဗျာ။) အိမ်က ခွင့်မပြုဘူး။ အဲဒါနဲ့ ကျွန်တော်ငိုလိုက်တော့ နောက်ဆုံး ခွင့်ပြုလိုက်တယ်။ မသွားခင်မှာ အားဆေးတစ်လုံးလည်း ထိုးပေးလိုက်တယ်။ကျွန်တော်တို့  ကောင်စီရုံးရှေ့ မှာ အစာငတ်ခံဆန္ဒပြကြတယ်။
ကြွေးကျော်သံတွေ၊ ခွပ်ဒေါင်း သီချင်းတွေကို ဆိုကြတယ်။ သံပုရာရည်တို့ ဖျော်ရည်တို့  တိုက်တယ်။ ကလေးတွေပေမယ့် ဘာမှ မစားပဲ နေနိုင်ကြတယ်။ ကျွန်တော်တို့  အစာငတ်ခံ ဆန္ဒပြနေတာကို လူတွေအများကြီး လာကြည့်ကြတယ်။ အမေတို့ တွေ၊ အိမ်နီးနားချင်းတွေ လာကြည့်တဲ့ အခါမှာဆို ကျွန်တော်က မမြင်ချင်ယောင် ဆောင်နေတယ်။ ဂရုစိုက်တာတို့  ပိုတာတို့ကို ကျွန်တော်မှ မကြိုက်တာ။(အဲဒီ့တုန်းက မကြိုက်တာ။ အခုတော့ ကြိုက်တယ်။ :P)။
လမ်းလျှောက် ဆန္ဒပြကြတဲ့ အဖွဲ့ တွေလည်း ကျွန်တော်တို့ ဆီကို သဝဏ်လွှာတွေ လာဖတ်ကြတယ်။ အလေးလည်း လာပြုကြတယ်ထင်တယ်။ ကျွန်တော်တို့ ဆီကို ဦးနု လာပြီး မိန့်  ခွန်းပြောတယ်။ ဦးနုရဲ့ လုံခြုံရေးအတွက် ဆရာမ တွေက ဦးနုကို ဝိုင်းရံထားကြတယ်။ ဦးနု ပြောသွားတဲ့ မိန့်  ခွန်းထဲမှာ ဦးနေဝင်းလက်ထက်က သိမ်းထားတဲ့ ပိုက်ဆံတွေကို ဒေါ်လာနဲ့  ပြန်လဲ ပေးမယ်ဆိုတာပဲ မှတ်မိတယ်။ ကျွန်တော်တို့ ကျောင်းက ဆရာမတွေ သိပ်ကြိုက်သွားတဲ့ အချက်ပေါ့။ ကျွန်တော့်အမေနဲ့ ခင်တဲ့ ဆရာမ တစ်ချို့ ဆို အဲဒီ့တုန်းက ဦးနုကို ဒေါ်စုထက် တောင်ပိုကြိုက်သွားကြတယ်။
ရုပ်ရှင် သရုပ်ဆောင် အေးအေးသင်းလည်းလာတယ်။ “တစ်လိမ် နှစ်လိမ် ဗွေလိမ်ရှုပ်တယ်၊ လူညာကြီးပေါ့ကွယ်” သီချင်းကို ဆိုပြတာ မှတ်မိတယ်။ နောက် “သူခိုးကြီးနေဝင်း” ဆိုပြီး လိုက်ဆိုဖို့ တိုင်ပေးတာကို မှတ်မိတယ်။ ဘာလို့ မှတ်မိတုန်းဆိုတော့ အဲဒီ့ အချိန်မှာ ကျွန်တော်က ဖိနပ် အထားမှားပြီး ပျောက်နေတယ်လေ။ ဖိနပ်ပျောက်နေတဲ့ အချိန်မှာ သူခိုးကြီးလို့ လိုက်ဆိုရတာ အရသာ ရှိတယ်။ နောက် ဟာသ သရုပ်ဆောင် မ(ဒေါ်)သန်းရွှေရဲ့ သမီး ဟောပြောတာကိုမှတ်မိတယ်။ သူက ကဗျာတစ်ပုဒ် ရွတ်ပြတယ်။ “ကျွေးတဲ့လက်ကို သူကိုက်၊ ခွေးထက်မိုက်ပါတယ် အဖေ” ဆိုတဲ့ စာသားကို ကျွန်တော် မှတ်မိနေတယ်။ အေးအေးသင်းတို့ လာတာက စက်တင်ဘာ ၁၇ ညနေပိုင်းမှာပါ။ ဦးနုလာတာကတော့ စက်တင်ဘာ ၁၈ နံနက်ပိုင်း။ ဒေါ်စုလည်း လာမယ်လို့ ပြောပေမယ့် မလာဖြစ်ခဲ့ပါဘူး။ စက်တင်ဘာ ၁၈ မွန်းလွဲပိုင်းမှ တခြားကျောင်း အလှည့်မှာ လာပါတယ်။

စက်တင်ဘာ ၁၇ ညနေဘက်မှာ လူတွေ ဓားတွေ လှံတွေနဲ့ အောင်ပွဲခံပြီး ပြန်လာတာကိုတွေ့ရပါတယ်။ အဲဒီ့တုန်းကတော့ ဘာမှန်းမသိခဲ့ပါဘူး။ ကုန်သွယ်ရေး ရုံးမှာ စစ်သားတစ်ယောက်က စပစ်ခတ်လို့ လူထုကြီးက ကုန်သွယ်ရေး ဝန်ကြီးရုံးကို ဝိုင်းပိတ်ဆို့တဲ့ ဖြစ်ရပ်ပါ။ နောက်ဆုံးပိတ်တော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပဲ ပြီးသွားတယ်လို့ နောက်ပိုင်းမှာ သိရပါတယ်။
ဒါပေမယ့် အခြေအနေက စိတ်မချရတဲ့ အခြေအနေမို့ လား။ ညအမှောင်ကို အကာအကွယ်ယူပြီး ကျွန်တော်တို့ ကို အန္တရာယ် လာပေးနိုင်တယ်လေ။ ညဆိုတော့ လာကြည့်မယ့်သူတွေလည်း မရှိတော့ဘူး။ ဒါနဲ့ ကျွန်တော်တို့ ကို ညသန်းခေါင်လောက်မှာ အနီးအနားက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဝှက်ထားလိုက်ပါတယ်။ ဘယ်ကျောင်းမှန်းတော့ မမှတ်မိတော့ဘူး။ အဲဒီ့ အချိန်မှာ(ညဘက်မှာ) အဖေတို့ ကလည်း သတင်းတွေ မျိုးစုံ ကြားပြီးတော့ စိတ်ပူနေပြီ။ အဲဒါနဲ့ အဖေက ရပ်ကွက်ထဲက လူတွေကို စုပြီး ဓားတွေ ကိုယ်စီနဲ့ ကျွန်တော်တို့ နေရာ (ကောင်စီရုံး) ကို လာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုမတွေ့ တော့ ဘူး။ (ခုချိန် ပြန်တွေးမိတဲ့ အခါ အဲဒီ့ အချိန်တုန်းက လူတွေရဲ့ စည်းလုံးမှုနဲ့  သတ္တိကို အံ့သြမိပါတယ်။ သွေးပူနေတဲ့ အချိန်ဆိုရင် လူတွေမှာ အကြောက်တရား လျော့သွားတတ်တယ် လို့ လည်း ကျွန်တော်ထင်တယ်။)
နောက်နေ့ အစာငတ်ခံတာ ၂၄ နာရီပြည့်တော့ ကျောင်းမှာ ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို ဆန်ပြုတ်ကျွေးတယ်။ ထမင်း ချက်ခြင်းစားလို့ မရဘူးလေ။ အစာအိမ်က လက်ခံနိုင်မှာ မဟုတ်ဘူး။ နောက် တစ်ကျောင်း အလှည့်မှာ ဒေါ်စု လာတယ်။ ညကျတော့ အာဏာသိမ်းတော့တာပဲ။ အဲဒီ့အာဏာသိမ်းတဲ့ညမှာ ကျွန်တော်ပင်ပန်းပြီး အစောကြီး အိပ်ပျော်သွားတယ်။ လမ်းထဲမှာ တစ်ယောက်က စစ်အာဏာရှင် အလိုမရှိဆိုတဲ့ ကြွေးကြော်သံတွေကို တိုင်ပေးပြီး ကျန်တဲ့ သူတွေက လိုက်ဆိုကြတာကို ကျွန်တော်မသိလိုက်ဘူး။ အိပ်မက်ကမ္ဘာထဲ ရောက်နေပြီ...
ပထမဆုံး အကြိမ်ဆိုပေမယ့် ခုထိ အဲဒီ့ တစ်ကြိမ်ပဲ အစာအငတ်ခံ ဆန္ဒပြဖူးသေးပါတယ်။

တက္ကသိုလ် ကျောင်းသား ဘဝမှာ ပထမဆုံးအကြိမ် ဆန္ဒပြခဲ့တဲ့နေ့ 
အစာအငတ်ခံ ဆန္ဒပြတာကို ဖယ်လိုက်ရင် ဘဝမှာ ပထမဆုံး အကြိမ်ဆန္ဒပြဖူးတာက ၁၉၉၆ ဒီဇင်ဘာ နှစ်ရက်နေ့ ။ ဝိုင်အိုင်တီထဲမှာ။ ကျောင်းထဲမှာ တင်ပဲ။ ဆန္ဒပြ ကျောင်းသားတွေ အပြင်ထွက်ကြတော့ ကျွန်တော်က သူငယ်ချင်း တစ်ယောက်နဲ့ ကန်တင်း ရောက်နေလို့  မလိုက်ဖြစ်ဘူး။ နောက် ဒုတိယ အကြိမ်က ဒီဇင်ဘာ ခြောက်ရက်နေ့ ညနေ။ အပြင်ထွက် ဆန္ဒပြကြတော့ ကျွန်တော်လိုက် ဖြစ်တယ်။ လုံထိန်းတွေနဲ့ ရင်ဆိုင်ရတယ်။ လုံထိန်းတွေက ကျွန်တော်တို့ ကျောင်းသားထက်တောင် အင်အားများသေးတယ်။ တုတ်တွေ၊ ဒိုင်းတွေနဲ့ ။ ရှေ့  မှာ ပိတ်ရပ်ထားကြတယ်။ အဲဒီ့ အချိန်မှာ ကျွန်တော့် စိတ်ထဲမှာ ပထမဆုံး ဖြစ်လာတဲ့ ခံစားချက်ကတော့ ကြောက်စိတ်ပဲဗျ။ တကယ်တမ်းပြောရရင် ကျွန်တော် ထွက်ပြေးချင်ခဲ့တယ်။
ဒါပေမယ့် ဘယ်သူမှ ထွက်မပြေးခဲ့ကြပါဘူး။ ကျောင်းသားအကုန်လုံး သတ္တိရှိကြတယ်။ စည်းကမ်း လည်းရှိကြတယ်။ အပြင်လူလည်း ဝင်လို့ မရအောင်၊ ရုတ်ရုတ်သဲသဲလည်း မဖြစ်အောင် လက်ချင်းချိတ်ပြီးတော့လား၊ ပလတ်စတစ်ကြိုးနဲ့ လားမသိဘူး ကျောင်းသားတွေကို ကာရံလိုက်တယ်။ စိတ်လှုပ်ရှားလို့  အုတ်ခဲကျိုးပြေးကိုင်ပြီး ထုမယ်လုပ်တဲ့ ကျောင်းသားတစ်ယောက် ကိုလည်း ဝိုင်းတားကြသေးတယ်။ တကယ်ကလည်း အုတ်ခဲနဲ့  ထုလို့ ရလောက်တဲ့ အကွာအဝေးမဟုတ်သေးပါဘူး။ နောက်ဆုံးတော့ ကျွန်တော်တို့  ကျောင်းသားတွေ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲ လှည်းတန်းမှာ သွားစုဖို့ ဆုံးဖြတ်လိုက်ကြပြီးတော့ ပြန်ဆုတ်ခဲ့ကြတယ်။

ပထမဆုံး ဝယ်ဖြစ်ခဲ့တဲ့ သီချင်းခွေ.... နာရီပေါ်က မျက်ရည်စက်များ(ထူးအိမ်သင်)။ အဲဒီ့ တုန်းက အိမ်မှာ ကက်ဆက်လည်း ကောင်းကောင်းမရှိသေးဘူး။ ခွေတစ်ခွေ စဖွင့်ခါစဆို မော်တာက လေးတယ်။ အဖေ ဝယ်ထားတဲ့ မေဆွိ သီချင်းခွေ ဖွင့်လိုက်ရင် ဖွင့်ဖွင့်ချင်းမှာ ယောကျာ်းသံကြီးထွက်တယ်။ မော်တာက ဖွင့်ခါစဆို လည်တာနှေးတယ်။ တဖြည်းဖြည်း အရှိန်ရလာမှ ပုံမှန်ဖြစ်သွားတာ။
အဲဒီ့ ထူးအိမ်သင် ခွေကိုလည်း တေးသံသွင်းဆိုင်က မဝယ်နိုင်ဘူး။ မုန့် ဖိုးနဲ့ ဝယ်ဖို့ မလောက်ဘူး။ ခွေတွေ ပုံပြီး ဈေးချိုချို နဲ့ ရောင်းတဲ့ ဆိုင်က ဝယ်ထားတာ။

ပထမဆုံး သောက်ဖြစ်ခဲ့တဲ့ အရက်.... ဘီယာကိုပါ အရက်စာရင်းထဲသွင်းရင်တော့ မြန်မာ စည် ဘီယာ။
( ဘီယာက အရက်မဟုတ်ဘူးဆိုရင်တော့ Rum။ ဘာ Rum မှန်းတော့ မမှတ်မိဘူး။)

မှတ်မိတဲ့ အထဲက ပထမဆုံး တစ်ချို့ ကို ရေးလိုက်ပါတယ်။

Sunday, September 28, 2008

သမုဒ္ဒရာ အောက်မှာ

စစ်ဖိနပ်ရာတွေ ဗရပွနဲ့ 
ကြေမွနေတဲ့ ဥယျာဉ်ကို
ပြန်ပြုပြင်ဖို့ သုံးနည်းရှိသတဲ့။

တစ်ချို့ တွေက...
မိစ္ဆာကောင်းကင် ဆီက သနားကရုဏာကို
ခေါင်းလျှိုး မျှော်လင့်ကြတယ်။
တစ်ချို့တွေက...
အနောက်အရပ်ဆီက အင်အားကြီးနတ်တွေကို
မချင့်မရဲ မျှော်ကိုးကြတယ်။
တစ်ချို့ တွေက...
ကိုယ့်အားကိုယ်ကိုး
ကိုယ့်စိတ်ဓာတ် ကိုယ်ပြန်လေထိုးပြီး
ဆက်လက်ချီတက် ချင်ကြတယ်။

ဒါပေမယ့်...

သေနတ်ကိုပဲ အချိန်ပြည့် မောင်းတင်
နှစ် လေးဆယ်ကျော် မှောင်နေခဲ့တဲ့ ကောင်းကင် ဆီက
ဘာများမျှော်လင့်လို့ ရဦးမှာလဲ။

အစွယ်ကျိုးနေတဲ့ တစ္ဆေ
အဆိပ်မရှိတဲ့ မြွေကို
ဘယ်သူ တပည့်မွေးဦးမှာလဲ။
နဂိုက လှပါလျက်နဲ့ 
အနာတွေ အပြည့်နဲ့ ရုပ်ဆိုး
အရိုးချည်း ကျန်ခဲ့မယ့် တစ်ခုလပ်မ ကို
ဘယ်သူ ကယ်တင် ချင် ဦးမှာလဲ။

ဟေ့...ဒီမှာ...
တစ်နည်းပဲ ကျန်တော့တယ်။
ငါတို့ အားလုံး
အိပ်မက်တွေကို ဓားလိုသွေးပြီး
စိတ်ဓာတ်တွေကို ကျားလိုမွေးထားရမယ်။
ကိုယ့် အသံ ကိုယ်မြှင့်ပြီး ကိုယ့်အလံ ကိုယ်လွှင့်ရမယ်။

သွေးကြောထဲ လှိုင်းဂယက်ထ
စိတ်ဓာတ်တွေ တက်ကြွနေတုန်း
တိုင်ကပ်နာရီက ခုနစ်ချက်ထိုး
အလည်လွန်နေတဲ့ ငါ့ စိတ်ကို လာနှိုးတယ်။
မိုးခါးရေတစ်ခွက် အရှာထွက်ဖို့ အချိန်ရောက်ပြီတဲ့။

အုတ်မြစ် မချရလိုက်သေးခင် အချိန်မှာပဲ
လေထဲက အိမ်လေး ပြိုပျက်
လက်တွေ့ ဘဝရဲ့ အကြမ်းဖက်မှု အောက်မှာ
ငါးမိနစ်သား စိတ်ကူးမီးတောက် ကလေး
မရှုမလှအသက်ထွက်သွားခဲ့တယ်။

ဒီလိုနဲ့ 
ဆပ်ပြာ ပူဖောင်းလေးပေါက်...
သြော်...
ဝမ်းတထွာဆိုတဲ့ သမုဒ္ဒရာ အောက်မှာ
ငါတို့ နိုင်ငံ ပျောက်ခဲ့ပြီပဲ။

ကောင်းကင်ကို

Saturday, September 27, 2008

ကြယ်တွေလွှတ်မယ့် သက်တန့် ရောင်စဉ်

ငါသာ တန်ခိုးရှင်ဖြစ်ရင်... သေနတ်သံတွေ မပါရစေပဲ...စက်တင်ဘာကို ပြန်အသက်သွင်းပြီး ငြိမ်းချမ်းရေးတစ်စင်း ဖန်ဆင်းမယ်။အဲဒီ့လမင်းဟာ...ကမ္ဘာကြီးရဲ့ အမှောက်မိုက်ဆုံး နေရာတွေမှာ ခရီးလှည့်ပြီး သာရမယ်။

ကယ်တွေလွှတ်မယ့် သက်တန့် ရောင်စဉ်

အာဏာရှင်တွေပျိုးလိုက်တဲ့ ဒဏ်ရာတစ်ခင်းမှာ
ကြယ်တွေဟာ ရုန်းရင်းကန်ရင်း ပွင့်တယ်။

သိပ်မှောင်ရင် ကြယ်တွေပေါ်လာစမြဲတဲ့။
ငါတို့ ဒေသမှာ
ကြယ်တွေ မကြာမကြာ ထွန်းကားတယ်။
ကြယ်တွေ မကြာမကြာ ကြွေကျတယ်။
ကြယ်တွေ လက်ဆင့်ကမ်းပြီး ပွင့်ကြတယ်။

အဲဒီ့ ကြယ်တွေပဲပေါ့။
စက်တင်ဘာဆိုတဲ့ စာမျက်နှာထက်မှာ
သွေးစက်လက်နဲ့  ကဗျာဖွဲ့ လိုက်တာ
ကမ္ဘာစောင့်နတ်တွေတောင် ကြက်သီးထတယ်။

အဲဒီ့ ကြယ်တွေပဲပေါ့။
အိုဟင်နရီရဲ့ နောက်ဆုံးသစ်ရွက်ကို
အသက်နဲ့ လဲပြီး ဆွဲခဲ့တာ။

ကြယ်တွေရဲ့ ကရုဏာမျက်ရည်ဟာ
မေတ္တာသုတ်အဖြစ်
လေထုထဲမှာ လှည့်ပတ်စီးဆင်းပြီး
ကမ္ဘာ့ပြည်သူတွေရဲ့ နှလုံးသားနံရံတွေကို
သိမ်သိမ်မွေ့ မွေ့  ပဲ့တင်ရိုက်ခတ်တယ်။

ရွှေဝါရောင် လင်းနေတဲ့
ကြယ်တွေကြောင့်
ငါတို့ သမိုင်းက
တခြမ်းလှခဲ့တယ်။

ငါသာ တန်ခိုးရှင်ဖြစ်ရင်
သေနတ်သံတွေ မပါစေရပဲ
စက်တင်ဘာကို ပြန်အသက်သွင်းပြီး
ငြိမ်းချမ်းရေးတစ်စင်း ဖန်ဆင်းမယ်။
အဲဒီ့လမင်းဟာ
ကမ္ဘာကြီးရဲ့ အမှောက်မိုက်ဆုံးနေရာတွေမှာ
ခရီးလှည့်ပြီး သာရမယ်။

မဟတ္တမဂန္ဒီရေ
သင်ဖောက်ခဲ့တဲ့လမ်းမှာ
မိုင်အဝေးဆုံး လျှောက်ခဲ့သူတွေဟာ
ငါတို့ ပဲ ဖြစ်တယ်။
ဆိုကရေးတီး သောက်ခဲ့တဲ့ အဆိပ်ခွက်ထက်
ပိုပြီးပြင်းတဲ့ အဆိပ်ခွက်တွေကိုသောက်ခဲ့သူတွေဟာလည်း
ငါတို့ ပါပဲ။

မီးပုံထဲကို ခုန်ဆင်းပြီး
ခဏခဏ ပြန်ရှင်သန်ထတာဟာ
ဒဏ္ဍာရီထဲက ဖီးနစ်(စ်)ငှက်တွေမဟုတ်ဘူး။
တိုက်ပွဲမှာ ကမယ့် ခွပ်ဒေါင်းငှက်တွေဖြစ်တယ်။

လျှပ်စီးအလက်
ခေတ်အပျက်မှာ
စစ်ဖိနပ်တွေက
မတန်မရာ ထီးရဲ့ နေရာယူပြီး
ရက်စက်မှုတွေနဲ့ တိုင်းပြည်ကိုမိုးတော့
ပန်းတွေအားလုံး လောင်းရိပ်မိတယ်။
လောင်းရိပ်မိတဲ့ပန်းတွေပီပီ
ငါတို့ ပျက်စီးနေပေမယ့်
ငါတို့ ရဲ့ စိတ်အတွင်းထဲ တိမ်မြုပ်နေတဲ့ ကျောက်ရိုင်းတွေဟာ
ပျက်စီးနေတဲ့ အပိုင်းတွေထက် ပိုပြီးကြီးပါတယ်။
ငါတို့ မှာ မသွေးရသေးတဲ့ ပတ္တမြားတွေ ရှိပါတယ်။

ငါတို့ ဟာ ဆင်းရဲဒုက္ခတွေကို ခံနိုင်ရည်ရှိတယ်။
ငါတို့ မှာ ၂၄ နာရီလုံးလုံး လက်ပစ်ကူးနိုင်တဲ့ ရုန်းကန်အားတွေရှိတယ်။
အဲဒီ့ ခံနိုင်ရည်၊ရုန်းကန်အား တွေကို နေရာတကျသုံးကြ။
ငါတို့ ရဲ့  ခံနိုင်ရည်တွေဟာ စစ်ဖိနပ်အောက်မှာ ကြိတ်မှိတ်ခံဖို့ မဟုတ်ဘူး။
ငါတို့ ရဲ့  ရုန်းကန်အားတွေဟာ ခိုင်းအစားခံဖို့ မဟုတ်ဘူး။

ကြယ်တွေ လောကငရဲမှာ ညှိုးညှိုးငယ်ငယ်နဲ့ ဇာတ်သိမ်းနေရတယ်။
ကြယ်တွေ မိစ္ဆာခေါင်မိုးအောက်မှာ အသာခေါင်းလျှိုးနေရတယ်။
ကြယ်တွေ ရေခြားမြေခြားမှာ
စိတ်မပါ လက်မပါ ၊ နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့ 
မသက်မသာ လင်းနေရတယ်။

ပန်းတွေပွင့်ခွင့်ရတဲ့ခေတ်ကို ဖန်တီးကြ။
ကြယ်တွေလင်းခွင့်ရတဲ့ခေတ်ကို ဖန်တီးကြ။
မိသားစုတွေ ဆုံစည်းခွင့်ရတဲ့ခေတ်ကို ဖန်တီးကြ။

ညီအစ်ကိုတို့ ၊
ကြယ်တွေရဲ့  တောက်ပအားကို ငါတော့ယုံတယ်။
ကြယ်တွေ လွတ်လွတ်လပ်လပ်လင်းခွင့်ရတဲ့ တစ်နေ့ မှာ
ကြယ်တွေလွှတ်မယ့် သက်တန့် ရောင်စဉ်ဟာ
ဒေသတွင်းကကောင်းကင်မှာ အလင်းဆုံးဖြစ်လိမ့်မယ်။

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအတွက် ရေးခဲ့တဲ့ ကဗျာကို ပြန်တင်လိုက်ပါတယ်

Saturday, September 20, 2008

သရုပ်မှန်

အဖြစ်က
ခြေထောက်ဒဏ်ရာ ရထားတဲ့ လူတစ်ယောက်
ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရ သလိုမျိုး...
သတိဆိုတာ ပိုတယ်မရှိဘူး
ဟန်ချက်ညီအောင် ထိန်းနိုင်မှ။

ပွဲသိမ်းလက်သီးတွေ
ခေါင်းပေါ်ဝဲနေတဲ့ ဒီတိုက်ပွဲမှာ
မျက်တောင်ခတ်လိုက်တာက အစ စွန့်စားခန်းတစ်ခု
အသက်ရှူတာကအစ သတိထားဖို့ လိုတယ်။

ရန်သူရဲ့ ခြေလှမ်း
သူထုတ်သုံးမယ့် လက်နက်ပုန်း
အခြေအနေ၊ အချိန်အခါ
ချိန်ခွင်လျှာရဲ့ အလားအလာနဲ့ 
နောက်ဆုံး...
ဘုရားသခင်ရဲ့ အလိုတော်က အစ
အားလုံးကို ကြိုသိနေရမယ်။

ထိုးကျွေးတိုင်းလည်း မစားမိစေနဲ့ 
မျက်ရည်လည်ပြတိုင်းလည်း မသနားမိစေနဲ့ 
သတိထား!

သူသေကိုယ်သေ တိုက်ပွဲ မှာ
ကရုဏာတရားနဲ့ မိုက်မဲ မနေနဲ့ 
ခံစားချင်တဲ့ရင်ဘတ်ကို ရိုက်ခွဲ ထားနိုင်မှ...

သတ်ကွင်းကြိုးဝိုင်းထဲ မဝင်ခင်
ကိုယ်ချင်းစာတရားကို သွားမနာ မိစေနဲ့ ။
အဲဒါ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းတစ်မျိုးပဲ။
လက်တွေကို ဂိမ်းနှိပ်သလို ပေါ့ပါးနေပါစေ။

အလွယ်တကူ အရှုံးမပေးနဲ့ ၊
မနိုင်မချင်းလည်း နှလုံးမအေးနဲ့ ။
အခုအချိန်မှာ သွေးတစ်စက် မထွက်ချင်လို့
လျှော့ပေးလိုက်ရတဲ့ အရာတွေ
နောင်တစ်ချိန် တရားဝင်ဖြစ်သွားတဲ့အခါ
ပြန်ရဖို့ ဆိုရင်
သွေးပင်လယ်တစ်ခု ဖွဲ့ ပြီး တိုက်ယူ နေရလိမ့်မယ်။

ထန်းလျက်ခဲ တစ်ခဲနဲ့ တော့
အနာဂတ်ကို မလဲလိုက်ပါနဲ့ ။
အရှုံးနဲ့အသားကျ နေတဲ့ စရိုက်တွေကို ပြင်ရမယ်။

မတတ်သာလို့ လက်အုပ်ချီနေရရင်တောင်
ချီထားတဲ့ လက်အုပ်ထဲမှာ
ဓားမြှောင်တစ်လက်ကို ဝှက်ထားပါ။

ဟော..ဟော..ဟိုမှာ
ရန်သူတစ်ချက်မှားပြီ
အခွင့်အရေးရတုန်း ပြတ်သားပစ်လိုက်။

ကိုယ့်ဘက်ကတော့ သွားမမှားမိစေနဲ့ ။
လှေမှောက်သွားတာနဲ့ 
ဟိုး..ရေအောက်နားမှာ
အစိမ်းလိုက် စားမယ့် သတ္တဝါတွေ ရှိနေတယ်။

မြန်မြန်နဲ့ မှန်မှန်လျှောက်၊
ခလုတ်တိုက်ပြီးတော့လည်း မလဲမိစေနဲ့ဦး။
လိပ်ပြာနုတ်ပြီး နေရာချင်း လဲမယ့် သရဲသဘက်တွေ
သွားရည် တမြားမြားနဲ့ စောင့်နေကြတယ်။

နှစ်ဦးနှစ်ဘက် အထိမနာချင်ရင်တော့
လက်လွန်ခြေလွန် မဖြစ်သေးခင်မှာ
အစွယ်လေးကို မြင်အောင်ပြထား။
ရန်ပွဲကို တားဆီးဖို့ 
နဂါးမှန်းသိအောင် အမောက်ထောင်ထား။

ဒါဝင်ညွှန်းတဲ့ကမ္ဘာမှာ ရှင်သန် ကျန်ရစ်ဖို့ ဆိုရင်
ကိုယ့်အတ္တကို ကိုယ် ပြင်းပြင်းထန်ထန်ချစ်နေဖို့ လိုတယ်။

ပဋိပက္ခ တွေထဲက
စိမ့်ကျလာတဲ့ သွေးတွေကို
ကွမ်းလိုငုံထားတဲ့ ဟောဒီ့ကမ္ဘာကြီးထဲမှာ
ငြိမ်းချမ်းရေး လိုချင်တဲ့သူတိုင်း
အပြင်းထန်ဆုံး လက်နက်တွေ တပ်ဆင်ထားဖို့ လိုတယ်။

ကောင်းကင်ကို

Friday, September 19, 2008

ဘောလုံးသမား သူငယ်ချင်းများ (ရေး - မင်းကိုနိုင်)

ပိုးကုန် အချိန်ကုန်
စောင်းတီးသင်ဖို့ အခွင့်မကြုံသမျှ
ငါတို့လက်တွေ
မိုးစက်တွေကို ဆုပ်ကိုင်
ကျောင်းခေါင်းလောင်းကို လှုပ်ယမ်းစေနိုင်ခဲ့။

ဂိုးအသွင်းမခံရဖို့ 
အနိုင်ဂိုးဖိသွင်းဖို့ 
ဘောလုံးကွင်းမရှိသေးတော့
အတူ အပြေးပဲ ကျင့်ခဲ့ကြပေါ့။

လေသွင်း လေထုတ်
အလုပ်နှစ်ခုပညာ
ပယောဂ မပါပဲ တတ်ခါစ...

တစ်ယောက်ဒဏ်ရာတစ်ယောက် လျှာနဲ့ ယက်ပေးကြ
တစ်ယောက်ကွေးရင် တစ်ယောက် ထုရိုက်ဖြောင့်ပေးကြ
တကယ်ပါ ဒါတွေဟာ
ငါတို့ လျော်နိုင်လို့ အထိုးခံဝံ့တဲ့ လောင်းကြေးတွေပါ။
“တစ်သက် ထာဝရ သတိရနေမယ်”

အဲဒါတွေက
ငါတို့ လုသောက်နေကြ အုန်းမှုတ်ခွက်ကို
“ရွှေခွက်” လို့ လာရေးတဲ့ အက္ခရာတွေပါ။

တွေ့ ဆုံခွဲခွာ
မျက်နှာနှစ်ဘက်ပါတဲ့ အသပြာ တစ်ချပ်
ကိုယ်ကြိုက်ရာ ဝယ်စားတတ်ပြီးတဲ့အခါ
ချိုချဉ်ဖန်ခါး အသားတစ်ဆုပ် အရွက်တစ်ရာ
စားမြုံ့ ပြန်မယ်လုပ်ခါမှ
မှန်ထဲမှာ
ငါ့ကိုယ်နဲ့ ဘယ်သူ့ မျက်နှာလဲ...
အလီတွေရွတ် ချွတ်ကြည့်လည်းမရ
ဂါထာတွေရွတ် ချွတ်ကြည့်လည်းမရ
ဘယ်သူ့ ပယောဂ လည်းဟေ့...
မဟုတ်ဘူး
ငါတို့ အတတ်ကြူး စွပ်ခဲ့ကြတာ။

ချွတ်မရတော့တဲ့ မျက်နှာဖုံးတွေအောက်
တစ်ယောက်မျက်နှာ တစ်ယောက်မမြင်

ခုတော့
တစ်ယောက်ဂိုးပေါက်ပဲ တစ်ယောက်မြင်
ရွှေဂိုးတွေ တစ်ဒိုင်းဒိုင်း ကန်သွင်းချင်နေကြတယ်။

မင်းကိုနိုင်

Thursday, September 11, 2008

ဖောက်ထွင်းမျက်မှန်

လောကကြီးမှာ အမြင်ကြည်လင် နေဖို့ တော့ လိုတယ်ဗျ။ ဝါးတားတား အမြင်နဲ့  ဆုံးဖြတ်ချက် ချလိုက်မိရင် အခန့်  မသင့်တဲ့အခါ အဆဲခံရတတ်တယ် ဆိုတာ ကိုယ်တွေ့ ...
**************
အဝေးမှုန်တဲ့ သူတွေတော့ သိလိမ့်မယ်။ အဝေးမှုန်ခါစ မျက်မှန် မလုပ်ရသေးခင်မှာ ရှေ့  မျက်နှာချင်းဆိုင်က လူတစ်ယောက် လမ်းလျှောက်လာရင် လုံးဝ မမြင်ရတာလည်း မဟုတ်ဘူး။ ယောကျာ်း၊ မိန်းမလည်း ခွဲလို့  ရတယ်။ ဒါပေမယ့် အနားမရောက်မချင်း ဘယ်သူမှန်းတော့ မကွဲဘူး။ တစ်ခါ တစ်ခါ တစ်ဘက်လူက ကိုယ့်ကို ပြုံးပြတာကို သူအနားရောက်လာပြီး အပြုံးကိုဘရိတ်အုပ် လိုက်တဲ့ အခါ ကျမှ ရိပ်မိတော့ လူမှုရေး ပျက်ကွက်တာပေါ့။ အထင်လွဲခံရတာပေါ့။ တစ်ခါတော့...
“ဟေ့ကောင်” “ဖြောင်း...ဖြောင်း...ဖြောင်း”
ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက် လက်ခုပ်တီးပြီး လှမ်းခေါ်နေတယ်။
တော်သေးတယ်။ ဒီကောင်က အဝေးကြီးကတည်းက လက်ခုပ်တီးပြီး လှမ်းခေါ်လို့ ။ ကျွန်တော် ရပ်စောင့်နေလိုက်တယ်။
အနားလည်းရောက်လာရော.....
“ငါ ခါးပိုက်အနှိုက်ခံလိုက်ရလို့ ကွာ။ အဲဒါ ပြန်ဖို့ ဘတ်စ်ကားခ မရှိတော့လို့ ။ အဲဒါ မင်းမှာ တစ်ရာလောက်ရှိလား။”
ဟာ...ကျွန်တော့် သူငယ်ချင်း မဟုတ်ဘူးဗျ။ အနားရောက်မှ ရုပ်ကို သေချာမြင်ရပြီး သူငယ်ချင်း မဟုတ်မှန်း သိတယ်။ ဒါမျိုးတွေ ပြောပြီး ပိုက်ဆံ ညာတောင်း နေကြတာ ခဏခဏ ကြုံဖူးတယ်။ ပေးလိုက်လို့  မဖြစ်ဘူး။
“ကျွန်တော့်မှာလည်း မပိုဘူးဗျ။ တစ်ခြား တစ်ယောက်ယောက် ဆီက တောင်းကြည့် ပါလား။”
“--- --- --- သား”
ဟာ...အဆဲခံလိုက်ရပြီ။

လောကကြီးမှာ အမြင်ကြည်လင်နေဖို့ တော့ လိုတယ်ဗျ။ဝါးတားတား အမြင်နဲ့  ဆုံးဖြတ်ချက် ချလိုက်မိရင် အခန့်  မသင့်တဲ့ အခါ အဆဲ ခံရတတ်တယ် ဆိုတာ ကိုယ်တွေ့ ...
**************
ဒီလိုနဲ့ ပါဝါ မျက်မှန် တစ်လက် လုပ်လိုက်တယ်။ မျက်မှန်ရရခြင်းမှာပဲ ထူးထူးခြားခြား တန်ခိုးသတ္တိတွေ ရှိနေတာကို သိလိုက်ရတယ်။ ကျွန်တော် ရလိုက်တဲ့ မျက်မှန်က ဖောက်ထွင်း မျက်မှန်။ ကျွန်တော်တို့ သူငယ်ချင်း တစ်စု ပြောပြောပြီး သွားရည်ကျ နေတဲ့ ဖောက်ထွင်း မျက်မှန် မျိုးတော့ မဟုတ်ဘူး။ အဖြစ်အပျက် မှန် နဲ့ လူ့ စိတ် အတွင်းပိုင်းကို ဖောက်ထွင်းပြီး မြင်နိုင်တဲ့မျက်မှန်။ မမြင်နိုင်တဲ့ နောက်ကွယ်က ပုံရိပ်တွေ၊ အတွင်းစိတ်တွေကို မြင်စေနိုင်တဲ့ အစွမ်းသတ္တိတွေရှိနေတယ်။ တစ်ခါတစ်ခါလည်း အသံတွေကို အာရုံထဲမှာ ကြားလာစေတယ်။

မြင်ကွင်းကြည်မကြည် စမ်းသပ် ကြည့်ဖို့ အတွက် မျက်မှန်တပ်လိုက်ပြီး တီဗွီခလုတ်ကို ဖွင့်လိုက်တယ်။ ပြပါပြီ အစွမ်းသတ္တိ ။ တီဗွီမှာ ပြည်သူ့ သဘောထားလာနေတယ်။ “နိုင်ငံတော် တိုးတက်ရေးကို နှောင့်ယှက် ဖျက်ဆီးသူများအား ဆန့် ကျင်ကြ” တဲ့။ မျက်မှန်က မိုက်တယ်ဗျာ။ နှောင့်ယှက် ဖျက်ဆီးသူတွေဆိုတဲ့ နေရာမှာ သူတို့  တဖွဖွ ပြောပြော နေတဲ့ သူတွေရဲ့  မျက်နှာကို မြင်ရမယ့် အစား ဗိုလ်ချုပ်ကြီးတွေရဲ့ မျက်နှာကြီးတွေကိုပဲ တန်းစီပြီး မြင်လာတယ်။ ကျက်သရေ မရှိတာ နဲ့ ကျွန်တော်လည်း တီဗွီကနေ မျက်နှာကို ခဏ ခွာလိုက်ပြီး မျက်မှန် အသစ် ကလေးနဲ့ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်နေမိတယ်။ ခဏနေတော့....
သတင်းလာနေတယ်။ “အမျိုးသား ညီလာခံကြီး ယခုကဲ့သို့ ချောမွေ့ စွာ အောင်မြင် ပြီးစီးနိုင်ရေးအတွက် ကိုယ်စားလှယ်တော်ကြီးများသည် မိမိတို့၏ စီးပွါးရေး၊ လူမှုရေးများကို စွန့် လွှတ် အနစ်နာခံကာ အားထုတ်ကြိုးပမ်းမှုတို့ ကြောင့်ပင်ဖြစ်ပါကြောင်း” တဲ့။ မျက်မှန်ထဲမှာတော့ ကိုယ်စားလှယ်ကြီးတွေ စီးပွါးရေးအရ စွန့် လွှတ် အနစ်နာခံတဲ့ အနေနဲ့  ကေတီဗွီမှာ ပန်းကုံးစွပ်နေကြတာကို မြင်နေရတယ်။ လူမှုရေးအရ အနစ်နာခံတဲ့ အနေနဲ့  ကောင်မလေးတွေနဲ့  ကဲနေ ကြတာကို မြင်နေရတယ်။ မျက်မှန်လေးက မဆိုးဘူး။ ဒါပေမယ့် သူတို့ လိမ်နေတာတွေ သိရုံ လောက် သက်သက်ပဲ ဆိုရင်တော့ ကျွန်တော် ဒီမျက်မှန် တပ်နေဖို့ တောင်မလိုပါဘူး။ ပတ်ဝန်းကျင်ကို တစ်ချက်လောက် ငဲ့ကြည့်ရုံနဲ့  သိနိုင်တာပဲ။ ဒါပေမယ့် ဒါတွေကို မြင်ဖို့  တစ်ချို့ လူတွေ အတွက်တော့ ဒီမျက်မှန် လိုကောင်း လိုလိမ့်မယ်။ ဂမ်ဘာရီလာတုန်းကသာ ဒီမျက်မှန်ကို လက်ဆောင်ပေးလိုက်ရရင် ကောင်းမှာပဲ လို့ တွေးပြီး တော့တောင် ပြုံးမိသေး....

ဒီလို တန်ခိုးရှိတဲ့ မျက်မှန်လေး ရတာ ဝမ်းသာတယ်ဗျာ။ ရှေ့ လျှောက် ကျွန်တော့်ကို ဘယ်သူကမှ လိမ်ညာလို့ ၊ဟန်ဆောင်လို့ မရနိုင် တော့ဘူး။
**************
ဒီနေ့ ကျော်ကျော့်မွေးနေ့ ။ ဒီကောင့်ကို လဘ္ဘက်ရည်တိုက်ခိုင်းပြီး ညှဉ်းဆဲရမယ်။ ကျွန်တော် ကျော်ကျော့် ဆီကို ဖုန်းခေါ်လိုက်တယ်။
“ကျော်ကျော် ရှိလား အန်တီ”
“မရှိဘူး သားရဲ့ ။ ဒီနေ့ သူ့ မွေးနေ့ လေ။ ကိုထွန်းတို့ နဲ့ ရွှေတိဂုံ ဘုရားကို သွားမယ်လို့  ပြောတယ်။”
သူ့ အမေစကားတောင် မဆုံးသေးဘူး။ မျက်မှန်ထဲမှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော် ရယ်မိတော့ မလို့ ၊ မနည်း ဘရိတ်အုပ်ထားလိုက်ရတယ်။ ဒီကောင်ကြီး အရက်ဆိုင်မှာ မှန်နေပြီ။ မူးပြီးတော့ အသည်းကွဲခဲ့တာတွေ ပြန်ဖော်ပြီး ငိုနေပြီ။
“အဲဒီနေ့  က သူတို့  လမ်းထဲ အမှတ်တမဲ့ ဖြတ်သွားပြီးမှကွာ၊ မတော်တဆ ပြန်တွေ့ မှာ ကြောက်ပြီး အသားတွေတောင် တဆတ်ဆတ် တုန်တယ်။ မျက်နှာချင်းဆိုင်သာ ပြန်တွေ့ ရင် ငါဘယ်လို မှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
“အဓိကတရားခံ က မန်းနီးကွ။ တောက်...ဒီလောက် အသိတရား ရှိတဲ့သူကို ပစ်ထားတဲ့ ဘုရားသခင်တွေ၊ လောကပါလ နတ်တွေကိုလည်း မုန်းတယ်။”
သူ့ အမေကတော့ သူ့ သား ဘုရားသွားနေတယ် ထင်လို့ ။ သူကတော့...သူ့ သာသာသူ အသုံးမကျလို့  အသည်းကွဲတဲ့ဟာကို မူးမူးနဲ့ အရက်ဆိုင်ထဲမှာ...ဘုရားတွေ၊ နတ်တွေကို မဆီမဆိုင် စော်ကားနေပြီ။
**************
အဲဒီနေ့ က လဘ္ဘက်ရည်ဆိုင်မှာ လူတော်တော် စုံတယ်။ ထိုင်နေကျ သူငယ်ချင်းတွေကော၊ နည်းနည်း စိမ်းတဲ့သူတွေကော။ အဲဒီ့ထဲမှာ ကိုယ့်ကိုယ်ကို အသားလွတ်ကြီး အထင်ကြီးနေတဲ့ ခပ်ကြွကြွ တစ်ကောင်လည်း ပါတယ်။ ကျွန်တော်တို့က သူ့ ကို ကွယ်ရာမှာ ဘဲမန်း လို့  ခေါ်ကြတယ်။ ဘဲမန်း ဆိုတာ အိုဟင်နရီရဲ့  “နောက်ဆုံးသစ်ရွက်” ဝတ္ထုထဲက ဇာတ်ကောင်။ အကောင်းဆုံးMaster peice ပန်းချီကား တစ်ကား ဆွဲမယ်လို့  ပြောပြော ပြီးတော့ အဘိုးကြီးဖြစ်သည်အထိ ဘာမှ ဟုတ်တိပတ်တိ မဆွဲခဲ့တဲ့ ပန်းချီဆရာ။ ဒီကောင်လည်း သူ့ ကိုယ်သူ သန်းခြောက်ဆယ်အတွက်၊ ပြည်သူတွေအတွက် လို့  ပြောပြောနေပြီးတော့ ဘာမှလည်း မလုပ်ပဲ လေနဲ့ ပဲ ကြွားနေတဲ့ကောင်။ ကျွန်တော့် အစ်မကတော့ ဘဲမန်းကို ပြောင်းပြန်လှန်ပြီး ဘန်းမဲ လို့  ကွယ်ရာမှာ ခေါ်တယ်။ မျက်နှာပြဲပြဲနဲ့  အသားကလည်း မည်းတယ်လေ။
ကျွန်တော်တို့ ထိုင်နေတဲ့ နားကို ညစ်ညစ်ပတ်ပတ်နဲ့ ကလေးတစ်ယောက် ပိုက်ဆံတောင်းဖို့  ရောက်လာတယ်။ ကျွန်တော်တို့ ကို အတင်းထိုင်ရှိခိုးပြီး ပိုက်ဆံတောင်းတယ်။ ကျွန်တော်တို့  ထဲက တစ်ယောက်က ငါးဆယ်တန် တစ်ရွက် ထုတ်ပေးလိုက်တယ်။ဘဲမန်းကတော့ အကြွေရှာနေသလိုလိုနဲ့ အိတ်ကပ်ထဲကိုတော့ စမ်းရှာပါတယ်။ မတွေ့ ဘူးထင်တယ်။ မပေးလိုက်ဘူး။ အဲဒီ့ကလေးလည်း ပြန်သွားရော...
ဘဲမန်းက စိတ်မကောင်းလို့ မျိုမကျတော့ဘူး ဆိုပြီး ပလာတာကိုတောင် ဆက်မစားတော့ဘူး။ ကြည့်လိုက်တော့ သူ့ပလာတာက နည်းနည်းလေးပဲ ကျန်တော့တာ။ သူလုပ်တာနဲ့  ကျန်တဲ့သူတွေလည်း စားလက်စ မုန့်တွေကို ဆက်စားဖို့ ခက်သွားတယ်။ ဆက်စားရင် ကိုယ်ကပဲ ကရုဏာတရား ခေါင်းပါးသလိုလို ဖြစ်ဦးမှာ။
ပြီးတော့ သူကပြောတယ်။ “ရင်ထဲမှာ ကျင်ခနဲ ဖြစ်သွားတယ်ကွာ။ အဲလို ကလေးတွေ၊ ပင်ပင်ပန်းပန်းနဲ့ လုပ်ကိုင် စားသောက်နေရတဲ့သူတွေကို မြင်တိုင်း စိတ်ထဲမှာ မကောင်းဘူး။” သူ့ စကားလည်း ဆုံးရော ကျွန်တော့်မျက်မှန်က အစွမ်းပြတော့တာပဲ။ မြင်ကွင်းထဲမှာ ဆိုက်ကားသမားတစ်ယောက်ကို ဘဲမန်းက မဟားဒယားဈေးဆစ်ပြီး ငြင်းခုန်နေတာကို တွေ့  လိုက်ရတယ်။ သူ့ စကားလုံးတွေက ရင့်ရင့်သီးသီး။
**************
ကျွန်တော်က လူတစ်မျိုးဗျ။ ကျွန်တော့်ဆီက ပိုက်ဆံချေးပြီး ပြန်မပေးလည်း စိတ်မဆိုးဘူး။ တော်ရုံတန်ရုံ တင်စီးတဲ့ သူကိုဆိုလည်း သည်းညဉ်းခံတယ်။ ကျွန်တော့် အပေါ် စကားမှားလည်း ကိစ္စမရှိဘူး။ နားလည်ပေးတယ်။ ဒါပေမယ့် ကျွန်တော့်မာနကို ထိပါးလာရင်တော့ အရမ်း ထိလွယ်ရှလွယ်တယ်။ အထူးသဖြင့် ကျွန်တော့်ကို ညံ့တယ်လို့  ပြောရင် လုံးဝမခံနိုင်ဘူး။ ဒေါသ အရမ်းထွက်တတ်တယ်။
တစ်ရက်မြို့ ထဲမှာ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ တယ်။ ဒီကောင်က ကျောင်းတုန်းက ကျောင်းစာကို ဂရုစိုက်တယ်။ Grade ကောင်းဖို့  အလေးအနက် ထားတဲ့ကောင်။ နည်းနည်းလည်း ဘဝင်မြင့်ချင်တယ်။ ကျွန်တော်ကတော့ လေးလလုံးလုံး အတန်းမတက်ပဲ စာမေးပွဲဖြေခါနီးမှ ကျောင်းကိုလာပြီး ဖြေတဲ့ကောင်။ (ကျွန်တော်တို့ တုန်းက လေးလတစ်တန်း။) ကျူတိုရီယယ်တွေလည်း မဖြေဘူး။ ကျွန်တော်တို့ တက္ကသိုလ်တက်ရတဲ့ အချိန်မှာ ပညာရေး စနစ်က တော်တော် ဆိုးနေပြီ။ ဆပ်ပလီ တွေ အရမ်း ခေတ်စားလာပြီ။ ဆပ်ပလီ မှာ အရင် (ကိုယ် မအောင်ခဲ့တဲ့) မေးခွန်းပဲ ပြန်မေးလေ့ရှိတယ်။ အဲလက်စ်ရဲ့  “ဒီ မေးခွန်းလေး ထပ်ဖြေလိုက်ပေါ့” ဆိုတဲ့ သီချင်းဆိုရင် ကျွန်တော်တို့ ကြားမှာ တော်တော်လေး ခေတ်စားခဲ့တာပေါ့၊ ဇော်ဝင်းထွဋ်ရဲ့  “မှန်တယ် ထင်တာတွေ၊ ဒီအချိန်မှာ အကုန်မှားတော့” ဆိုတဲ့ သီချင်းလည်း ခေတ်စားတာပဲ။ ကျွန်တော်က စာမေးပွဲ နီးမှ လာတဲ့ကောင် ဆိုတော့ စီနီယာ အစ်ကို တစ်ယောက်က နည်းလမ်းကောင်းပေးတယ်။ စာမေးပွဲက နီးနေပြီ။ ဘာသာစုံ မကြည့်နဲ့ တော့တဲ့။ အခုသုံးသာသာပဲကြည့် ။ ဆပ်ပလီ ရောက်မှ ကျန်တဲ့လေးဘာသာကိုကြည့်တဲ့။ ကျွန်တော် က တစ်ပတ်အလိုမှ လာပြီး စာမေးပွဲ ဖြေတဲ့ကောင်ဆိုတော့ ဆပ်ပလီ မထိပဲ နေမလား။ ထိတာပေါ့။ တစ်ချို့ ကောင်တွေဆို ကျွန်တော့်ထက်တောင် ပေသေးတယ်။ စာမေးပွဲဖြေမယ့် ရက်မှာ မအားလို့  ဆိုပြီး လာမဖြေဘူး။ ဆပ်ပလီရောက်မှပဲ လာဖြေတယ်။ နောက်နှစ်တွေတော့ အဲလိုလုပ်လို့  မရတော့ဘူး။ နည်းနည်းကြပ်သွားတယ်။
ကျွန်တော်နဲ့ သူ လဘ္ဘက်ရည်ဆိုင်မှာ ထိုင်ပြီး ပျက်စီးနေတဲ့ ပညာရေး စနစ်အကြောင်းတော်တော်ပြောဖြစ်တယ်။ ကျွန်တော်က အခုခေတ်ကလေး တွေဆိုရင် ပိုဆိုးတဲ့ အကြောင်း ပြောလိုက်တယ်။ အဲဒီ့အချိန်မှာ ကျွန်တော်က ဆယ်တန်းဂိုက် လုပ်နေတာလေ။ ကျွန်တော့်ကိုယ်တွေ့ တွေကို စိတ်ပျက်ပျက်နဲ့ ပြောပြမိတယ်။ နှစ်ပိုင်းတစ်ပိုင်းနဲ့ နှစ်ပိုင်းတစ်ပိုင်းပေါင်းတာ တစ်မရပဲ လေးပိုင်းတစ်ပိုင်းရအောင် ပေါင်းတဲ့ ဆယ်တန်းကျောင်းသား တစ်ယောက် အကြောင်း။ ဘယ်လိုလုပ် ဆယ်တန်း အထိ ရောက်လာလဲ မသိဘူး။ ညံ့ရတဲ့ အထဲ ပျင်းကလည်း ပျင်းသေးတယ်။ စာသင်တဲ့ အချိန်က လွဲပြီး ကျန်တဲ့ အချိန် စာမလုပ်ဘူး။ သူ့ ကို စာစသင်ရတဲ့ အချိန်ကလည်း စာမေးပွဲက အရမ်းနီးနေပြီ။ နှစ်လပဲ လိုတော့တယ်။ ဒါနဲ့  ကျွန်တော်လည်း သူ့ အမေကို သူ့ သားရဲ့  အခြေအနေမှန်ကို ပြောပြလိုက်တယ်။ ဒီအချိုးအတိုင်း ဆက်ပြီး ပျင်းနေရင်တော့ စာမေးပွဲ အောင်မှာ မဟုတ်ဘူးလို့ ။ ဒီအခြေအနေနဲ့ စာမေးပွဲ အောင်ချင်ရင် တစ်နေ့ ကို ခြောက်နာရီလောက်တော့ စာလုပ်ဖို့ လိုတယ်လို့ ။ နောက်နေ့ ကျတော့ သူ့ အမေက ကျွန်တော့်ကို ပြောတယ်။ သူ့ သားစာမေးပွဲ မဖြေတော့ဘူးတဲ့။ အလုပ်ပဲ လုပ်တော့မယ်လို့  ပြောတယ်။ အဲဒါတွေ ကျွန်တော့် သူငယ်ချင်းကို ပြန်ပြောပြလိုက်တယ်။
အဲဒီ့ အချိန်မှာဗျာ... သူ့ စိတ်ထဲမှာ ပြောလိုက်တဲ့ စကားကို ဖောက်ထွင်းမျက်မှန်ရဲ့ လက်ချက်နဲ့ ကျွန်တော် ကြားလိုက်ရတယ်။
“ချာတိတ်ကလည်း မင်းကို အားကျလို့  နေမှာပေါ့။ ဆပ်ပလီရောက်မှ ဖြေမလို နေမှာပေါ့” တဲ့။ ကျွန်တော် ဒေါသအရမ်းထွက်သွားတယ်ဗျာ။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ပေမယ့် မျက်နှာက သိသိသာသာ နီရဲသွားတယ်။ ရှူးရှူးရှားရှားလည်း ဖြစ်သွားတယ်။ သူငယ်ချင်းကတော့ ရုတ်တရက်ဘာဖြစ်သွားတာပါလိမ့်လို တွေးမိမှာပဲ။ ကျွန်တော်လည်း သူ့ ကို အေးတိအေးစက် နှုတ်ဆက်ပြီး ရုတ်တရက် ထပြန်လာခဲ့တယ်။
**************
ညနေ လေးနာရီရောက်တိုင်း ကျွန်တော့်ရင်ထဲမှာ ပန်းတွေ ပွင့်တယ်။ အဲဒီ့ လဘ္ဘက်ရည် ဆိုင်လေးက ကျွန်တော့်ဘဝ ကန္တာရထဲမှာတော့ အိုအေစစ်ကလေး။ ကျွန်တော် ဆိုင်ထဲကိုဝင်ဝင်ချင်းမှာပဲ မြတ်နိုးရတဲ့ အရိပ်ကလေးကိုတွေ့ တယ်။ ဆိုင်ရဲ့ ကောင်တာ ရှေ့ မှာ ပွင့်နေတဲ့ သက်ရှိ ပန်းပွင့်လေး။ နေ့ စဉ် ကျွန်တော့်ရဲ့  အချိန်တစ်နာရီကို ခိုးယူနိုင်တဲ့သူကလေးပေါ့။ တစ်နာရီသာ ဆိုတယ်၊ ကျွန်တော့်အတွက်တော့ တစ်စက္ကန့် ၊ နှစ်စက္ကန့်...။ အိုင်စတိုင်းရဲ့ Relativity Theory ကို နားလည်ဖို့ ကျွန်တော့်အတွက်တော့ အလင်းအလျင်လောက်မြန်တဲ့ ယာဉ်ကို စီးနေဖို့ မလိုဘူး။ လေးနာရီထိုးတိုင်း ဒီဆိုင်လေးကို လာထိုင်လိုက်ရုံနဲ့ ဖြစ်တယ်။ သူလေးက အချိန်တွေကို ဆွဲ ချုံ့ ပစ်နိုင်စွမ်းရှိတဲ့ မှော်ဆရာမလေး။ သူ့ကြောင့် ကျွန်တော့်မှာ တစ်နေ့  ကို နှစ်ဆယ့်သုံးနာရီပဲ ရှိတော့တယ်။

သူလေးက ဆိုင်ရှင်ရဲ့ တူမလေးလို့ သိရတယ်။

အစကတော့ ကျွန်တော်တို့ ခုလို အချိန် အတိအကျ နဲ့  အသည်းချင်း မချိတ်မိသေးဘူး။ ဒါပေမယ့် ညနေဘက် ကျွန်တော် ဒီဆိုင်ကို လာရင် သူ့ကို တွေ့ ရ တာများတယ်။ ဒီလိုနဲ့  ညနေ လေးနာရီထိုးတိုင်း သူနဲ့ ချိန်းထားသလို ဖြစ်အောင်ကြိုးစားကြည့်ဖို့  ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ နေ့ တိုင်းပဲ ဆိုင်ကို လေးနာရီ အရောက်သွားပြီး ဆိုင်ထဲဝင်ဝင်ချင်းမှာ သူ သတိထား မိလောက်အောင် နာရီ ကို ကျွန်တော် ခဏ ခဏ ကြည့်တယ်။ ဒီအချိန် ဆိုရင် နေ့ တိုင်းလာမယ် ဆိုတဲ့ နိမိတ်ပုံပေါ့။ ရက်များများ မလုပ်လိုက်ရပါဘူး။ ငယ်ရွယ်သူတို့ ရဲ့  နှလုံးသားတွေဆိုတာ ခက်ခက်ခဲခဲ ကြိုးညှိုနေဖို့ မလိုဘူးလေ။ ရင်ခုန်သံတုန်နှုန်းတွေက အချစ်ဆိုတဲ့ key မှာ ခြွင်းချက်မရှိ ညီပြီးသား။ ခုဆိုရင် အချစ်ရဲ့ တန်ခိုးနဲ့ ညနေလေးနာရီထိုးတိုင်း ကျွန်တော့်အာရုံထဲမှာ သူက လွဲလို့ ကမ္ဘာကြီးတစ်ခုလုံးပျောက်နေကြ။ ရှုပ်ထွေးလှတဲ့ လောကကြီးကို ညနေလေးနာရီရောက်တိုင်း ကျွန်တော် ချောင်ထိုးပစ်လိုက်တယ်။
ခုဆိုရင် ညနေ လေးနာရီဟာ ကျွန်တော်တို့  နှစ်ယောက်တည်း နားလည်နိုင်တဲ့ နှစ်ဦးသုံး ဘာသာစကားဖြစ်သွားပြီ။ လူတိုင်းလူတိုင်းမှာသာ ကျွန်တော့် လိုမျိုး လေးနာရီဘာသာစကားတွေ၊ လေးနာရီမျှော်လင့်ချက်တွေရှိနေမယ်ဆိုရင် ကမ္ဘာကြီး အခုထက် ပိုပြီးငြိမ်းချမ်းလာလိမ့်မယ်လို့တောင်မှ ကျွန်တော် စိတ်ကူးယဉ်မိသေးတယ်။

ဒီဆိုင်လေးကို ကျွန်တော် ညနေ လေးနာရီထိုးတိုင်းလာတယ်။ သူကလည်း အဲဒီ့ အချိန်ဆို တခြားကောင်မလေးကို ဖယ်ခိုင်းပြီး သူကိုယ်တိုင် ကောင်တာမှာ ထိုင်တယ်။ ကျွန်တော် ဆိုင်မှာ တစ်နာရီတိတိ ထိုင်ပြီး ငါးနာရီထိုးရင် ပြန်တယ်။ ကျွန်တော့်မှာ ထူးထူးဆန်းဆန်း အကျင့်တစ်ခုလည်း ရလာသေးတယ်။ ကျွန်တော်ပိုက်ဆံကို ဘယ်တော့မှ ကွက်တိမပေးဘူး။ သူပြန်အမ်းအောင်လို့ အမြဲတမ်း တမင်တကာ ပိုယူလာတယ်။ သူပြန်အမ်းတဲ့ ပိုက်ဆံတွေကို လည်း မသုံးဘူး။ အမှတ်တရ ဖြစ်အောင် သက်သက်စုထားတယ်။ ခုဆို အဲဒီ့ သူပြန်အမ်းတဲ့ ငွေလေးတွေတောင် တစ်ထောင့်ငါးရာ ပြည့်တော့မယ်။ ငွေရှင်းတဲ့ အခါတိုင်း မှာလည်း သူနဲ့  ကျွန်တော် အပြန်အလှန်ပြုံးပြဖြစ်တယ်။ အပြုံးချင်း ဖလှယ်ကြ တိုင်းမှာလည်း ကျွန်တော့်ရင်ထဲမှာ ရေခဲမြစ်တစ်ခုက အမြဲ ဖြတ်စီးနေကျ။ သူနဲ့ ကျွန်တော် စကားတော့ တစ်ခါမှ မပြောဖြစ်ဘူး။ ထူးအိမ်သင်ရဲ့ သီချင်းထဲကလိုပေါ့။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ စကားလုံးတွေ မလိုတော့ဘူး။

တစ်နာရီ အချိန်လေး အတွင်းမှာတော့ ကျွန်တော်တို့  နှစ်ယောက် မျက်လုံးချင်း စီးချင်းထိုးကြတယ်။ အကြည့်တွေ လိုက်တမ်းပြေးတမ်း ကစားကြတယ်။ စိတ်ကူးချင်းထပ်ပြီး အချစ် ဆိုတဲ့ မီးတောက်ရဖို့  ခတ်ခဲ့ကြတယ်။ ဘဝအမော တွေနဲ့ ပူလောင်လာတဲ့ အခါတိုင်းမှာလည်း ကျွန်တော့် အာရုံတွေကို သူ့မျက်နှာနတ်ရေကန်လေးမှာ တစ်နာရီ လုံးလုံး ပြေးကပ်ပစ်လိုက်တယ်။

သူ့ မှာ ကျွန်တော် ချစ်တဲ့ အကျင့်လေး တစ်ခုလည်း ရှိသေးတယ်။ ကောင်တာမှာ ထိုင်ရင်းနဲ့  ခိုးခိုးပြီး မှန်ထုတ်အလှပြင်တာ။အဲဒီ့ အကျင့်လေးကို ကျွန်တော်ကြိုက်တယ်။ ကလက်တယ်၊ ပဲများတယ်လို့  မမြင်ဘူး။ ကိုယ့်ကိုယ်ကို အလှဆင်လိုက်တာဟာ လောကကြီးရဲ့  အစိတ်အပိုင်းသေသေးလေး တစ်ခုကို အလှဆင်လိုက်တာပဲ။ အဲဒါဟာ လောကကို လေးစားတာ၊ ကိုယ့်ရဲ့ မျက်နှာအလှအပနဲ့ ပတ်ဝန်းကျင်က လူတွေကို ပေးဆပ်ဖို့ကြိုးစားတာလို့ မြင်တယ်။ လူတိုင်းသာ ကျွန်တော့်ကောင်မလေးလို မှန်တစ်ခု ဘီးတစ်ချောင်းတည်းနဲ့  ရောင့်ရဲကျေနပ်နိုင်ရင် လောကကြီး သိပ်လှနေမှာပဲလို့ ကျွန်တော် စိတ်ကူးယဉ်လိုက်မိသေးတယ်။

တစ်နေ့  တော့ ကျွန်တော့်ကောင်မလေး မှန်နဲ့ ဘီးလေး ထုတ်ပြီး ခေါင်းဖြီးလိုက်တယ်ဗျာ။ သောက်တလွဲ မျက်မှန်ကတော့ လုပ်ပြီဗျာ။ ကျွန်တော့်မျက်မှန်ထဲမှာ...ကောင်မလေး ပေါင်ခြံမှာ ညှင်းတွေပေါက်လို့  ဆေးလူးနေတာ မြင်လိုက်ရတယ်ဗျာ။ ညှင်းတွေမှ နည်းနည်းနောနော မဟုတ်ဘူး။ အကွက်လိုက် အကွက်လိုက်။ ခုနက ကျွန်တော့် စိတ်ကူးနဲ့  ပျော်နေတာလေးတွေ ရုတ်တရက်ပျောက်သွားတယ်။ ကျွန်တော့် စိတ်ထဲမှာ သူ့ ကို အပေါ်ယံလောက်ပဲ အလေးထားတဲ့သူလို့ မြင်သွားတယ်ဗျာ။ ကျွန်တော်ကလည်း လူတစ်မျိုးဗျ။ ဇီဇာကြောင်တယ်။ စိတ်မြန်တယ်။ အပြောင်းအလဲမြန်တယ်။ စိတ်ထဲမပါရင် ဘာမှ ဟန်ဆောင်မနေဘူး။ ကျွန်တော် ငါးနာရီထိုးတဲ့ အထိတောင် မစောင့်တော့ဘူး။ ရုတ်တရက် ကောင်တာကို ငွေရှင်းဖို့ ထသွားလိုက်တယ်။ ကောင်မလေးကတော့ ရုတ်တရက် အံ့သြ သွားတာပေါ့။ ငါးနာရီ မထိုးသေးဘူးလေ။ ကျွန်တော် ပိုက်ဆံကိုလည်း ကွက်တိပဲ ပေးလိုက်တယ်။ သူပြန်အမ်းတာ မလိုချင်လို့ ။ ကောင်မလေးက ကျွန်တော့်ကို ပြုံးပြတယ်။ ကျွန်တော်က မပြုံးချင်ပြုံးချင်နဲ့  ဝတ်ကျေတန်းကျေပဲ ပြန်ပြုံးပြလိုက်တော့ ကောင်မလေး ခမျာ မျက်နှာပျက်သွားရှာတယ်။

ကျွန်တော် ဆိုင်ထဲကနေ စိတ်ပျက်လက်ပျက်နဲ့ ထွက်လာခဲ့တယ်။ ဖောက်ထွင်း မျက်မှန်ကြောင့် ကျွန်တော့် အိုအေစစ် ကလေးပျောက်သွားပြီ။ အသည်းနှလုံး တစ်ခြမ်းပဲ့သွားပြီ။ ဟိုတစ်နေ့ ကလည်း ဒီမျက်မှန်ကြောင့်ပဲ သူငယ်ချင်း တစ်ယောက်နဲ့  အခင်အမင်ပျက်ခဲ့ပြီးပြီ။ တကယ်တော့ ဒါတွေဟာ သူတို့ အပြစ်မဟုတ်ပါဘူး။ မမြင်အပ်တဲ့ အမှန်တရားတွေကို သွားမြင်မိတဲ့ ကျွန်တော့်အပြစ်။

ရိုးသားမှုဟာ အကောင်းဆုံး ပေါ်လစီတဲ့။ လူတွေဟာ ရာနှုန်းပြည့် ရိုးသားမှုကို တကယ်ကော ကြိုက်ကြ လို့ လား။ အမှန်တရားကိုကော အပြည့် အဝ လက်ခံ ကြလို့လား။ ကိုယ့်ရောဂါတွေကို ဖယ်ရှားပေးမယ့် ဆေးကိုတောင် ဒီအတိုင်းဆေးသက်သက် မသောက်ကြပဲ သကြားအုပ်ပြီး လျှာကို လိမ်ကြသေးတာ။
ကျွန်တော့် ရင်ထဲမှာ မေးခွန်းတွေ တက်လာတယ်။ ဟန်ဆောင်ကောင်းတဲ့ သူတွေကို ရိုးသားမှု မရှိတဲ့ သူတွေဆိုပြီး သတ်မှတ်ရမှာလား။ ဒါမှ မဟုတ် ပတ်ဝန်းကျင်ကို လေးစားအားနာ လို့ ဟန်ဆောင်တာ ဆိုပြီး လက်ခံရမှာလား။ စိတ်ရိုင်းအတိုင်း ကိုယ့်ကို အနေကြပ်စေလောက်အောင် ရိုးဖြောင့်သူနဲ့  ဟန်ဆောင်ကောင်းသူ ဘယ်သူ့ ကို ပိုလက်ခံသင့်သလဲ။ ကျွန်တော်တော့ လူအများစု နည်းတူ ကိုယ့်စိတ်ကိုယ်သက်သာစေမယ့် ဟန်ဆောင်ကောင်းသူကိုပဲ အလွယ်တကူ လက်ခံလိုက်တယ်။ မမြင်ရတဲ့ ဒုက္ခထက် မြင်ရတဲ့ ဒုက္ခက ပိုပြီးကြီးတာ သိသွားပြီလေ။ အဲဒီ့နေ့ က စပြီး အမှန်တရားတွေကို ဖောက်ထွင်းမြင်နိုင်တဲ့ မျက်မှန်ကို ကျွန်တော်မတပ်တော့ဘူး။

ကောင်းကင်ကို

Sunday, August 31, 2008

အရှုံးခြင်းထဲက အမုန်းစာရင်း တစ်ရွက်

တစ်ပွင့်၊ နှစ်ပွင့်၊ သုံးပွင့်…
ခပ်ရင့်ရင့် ပွင့်နေကြတဲ့
အစိမ်းသရဲည ရဲ့  ပုခုံးထက်က
အပြုံးမပျက်တဲ့ ကြယ်တွေကို မုန်းတယ်။

တစ်စီး နှစ်စီး သုံးစီး…
တဝီးဝီးနဲ့ စားပိုးနင့်လို့ ညဉ်းနေကြတဲ့ ယာဉ်တွေ
ငရဲဘုံတွေ အမြဲငုံနေ ကျ ယာဉ်တွေပေါ်
ငါတွယ်ကပ်ခွင့် မရတဲ့အခါမှာ
များပြားလှတဲ့ ဘဝတူတွေကို မုန်းတယ်။

အဖြူ…အနီ၊ အနက်
ဥာဏ်ဖြူ…ဥာဏ်နီ ဥာဏ်နက်
အနီနဲ့ အနက်လောက် အသုံးချလို့ မရတဲ့
အဖြူရောင်ကို မုန်းတယ်။

တစ်ပွဲ၊ နှစ်ပွဲ၊ သုံးပွဲ…
အဲဒါ...ငါတို့ ရဲ့ ရှုံးပွဲတွေပေါ့။
ငရဲအိုင်ထဲက ငါတို့ကို
လုံးဝလှည့်မကြည့်ခဲ့တဲ့
အုန်းလွဲနေတဲ့ နတ်တွေကိုလည်း မုန်းတယ်။

တစ်တွဲ၊နှစ်တွဲ၊ သုံးတွဲ…
လှောင်အိမ်ထဲက ငါတို့ အတွက် မစို့ မပို့ အမဲ
ကြားထဲက ဖြတ်ဆွဲသူ မှန်သမျှကို မုန်းတယ်။

တစ်ခွက်၊နှစ်ခွက်၊သုံးခွက်..
ဟင်းလျာခွက်တို့ ရဲ့ အလယ်မှာ
အမြီးရော ခေါင်းပါ မကျက်သေးတဲ့ ဟင်းလျာတစ်ခွက်…
အစိမ်းလိုက် စားနေကြတဲ့ ပါးစပ်တွေကို မုန်းတယ်။

တစ်စင်း၊နှစ်စင်း၊သုံးစင်း…
အသက်ပေါင်းများစွာရင်းပြီးမှ ရခဲ့တဲ့ မြားတွေပေါ့။
အဲဒီ့မြားတွေကိုဖြုန်းပြီး ကိုယ့်ဝမ်းစာလောက် ပစ်နေကြတဲ့ လက်တွေကိုလည်း မုန်းတယ်။

တစ်စက်၊နှစ်စက်၊သုံးစက်
ငါ့အပေါ် ပိကျလာတဲ့ ဆယ်စုနှစ် သုံးစက်မှာ
ဘာမှ မလုပ်နိုင်ခဲ့တဲ့ ငါ့ရဲ့  အရှုံးလက် တွေကိုလည်း မုန်းတယ်။

စိတ်သာရှင်စော ဘုရားဟောတဲ့
တစ်စင်း၊ နှစ်စင်း၊ သုံးစင်း…နဲ့ 
ဓားအစင်း သန်းပေါင်းများစွာရှိလည်း
စိတ်ဆိုတဲ့ ဓားကြီးတွေကို ကိုင်ပြီး
ခုတ်လို့ မရနိုင်တဲ့ အဖြစ်ကိုလည်း မုန်းတယ်။

ကောင်းကင်ကို

Friday, August 22, 2008

မွေးရပ်မြေရဲ့ အကြောင်း

ကမ္ဘာအနှံ့ က “ရွှေ”…တံဆိပ် လော်စပီကာ တွေ
ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့
ကျွန်တော့်ရဲ့  မွေးရပ်မြေ အကြောင်း နဲ့ 
ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ ။

ဆရာဝန်တွေက ဆေးရောင်း
အင်ဂျင်နီယာတွေက ဈေးရောင်း
တော်သူတွေအကုန် ဘေးဂျောင်း
လူငယ်တွေ အကုန် အတွေးစောင်း
ခွင်ရှာနိုင်မှ သူဌေးလောင်း ဖြစ်နိုင်မယ်။

အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။

ညာဥ့်ငှက်မလေး တစ်ယောက်က ဖောက်သည်မျှော်
မိန်းမတန်ဖိုးကို ရောင်းဖို့ စောင့်နေမယ်နော် တဲ့။

ဈေးသည်မလေးတစ်ယောက်က ဝယ်သူမျှော်
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်
ခေတ်ကြီးကိုက လည်သူဆော်

ရှေ့ နောက် မစဉ်းစားမိခဲ့တဲ့ မောင်နှံ
ရှိသမျှ ပစ္စည်းလေးတွေကို ပေါင်နှံ
မွေးလာမယ့် ကလေးကတော့ အချောင်ခံ။

ဂျာနယ်တွေက အတင်းအဖျင်း ရောင်းစား
လူပွဲစားတွေက အချင်းချင်း ရောင်းစား
လူတစ်ချို့ က လမ်းမတွေပေါ်မှာ တောင်းစား
ကလေးငယ် တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
ပါရာဒို တစ်စီးက ဗွက်တွေ စင်အောင် မောင်းသွား

ငါတို့ ငိုသံတွေကို
အိမ်နီးချင်း နိုင်ငံတစ်ချို့ က မကြားချင်ယောင်ဆောင်နေကြတယ်။
ဖျာခင်းချင်သူ တစ်ချို့ ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။

မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့ ၊
ဦးတည်ချက် ဆယ့်နှစ်ရပ်နဲ့  လူ့ ပြည်ကိုဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံး ကြီးကြီးတွေက ကော်ပီ သံစဉ်ပါ။
တစ်ပြည်လုံးလည်း နားညဉ်းနေပြီ… အော်ဂလီ ဆန်ချင်စရာ။

ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့ 
ငါ့ ခြေထောက် တွေကတောင် ငါ့ကို ပြောတယ်။
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်။
အရှုံးပေး လက်မြှောက်ပြီး ထောက်ခံတယ်။
ဒီလိုနဲ့ ...
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ အိပ်မက်တွေလည်း ခေါက်ရိုးကြေ။
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့ သက်တမ်း တစ်ဝက်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း မြည်လာပြီ။
ကျန်တဲ့သက်တမ်း တစ်ဝက်ကို ဆက်လျှောက်လှမ်းဖို့ တောင် အီလာပြီ။

“ဆန်တစ်ပြည်ကို ၁၅၀၀ တောင်” အဲဒါ အဘွားညဉ်းတဲ့ အသံ။
“မြန်မာပြည်ဟာ ဘယ်သူမှ မနေချင်ကြတော့တဲ့ အရပ် ဖြစ်သွားပြီ” အဲဒါ ခါးသီးတဲ့ အမှန်။

ဒီကြားထဲ…
နာဂစ်က တစ်ချက်မွှေ့ 
ဧရာဝတီက လူတွေခမျာ အသက်စေ့
တစ်ချို့ လူတွေကလည်း အကွက်ရွှေ့ 
အစိုးရ ကုလားထိုင်ကတော့ တစ်ချက်မရွေ့ 
မြန်မာပြည်ကြီးကတော့ ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။

အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။
ကောင်းကင်ကို

Thursday, August 14, 2008

ဘုရားသခင်.blogspot.com

ဘုရားသခင်.blogspot.com

ဗုဒ္ဓ၏ တရားတော်များအား ဌာပနာထားသော ရင်ဘတ်တို့  ကျည်အဖောက်ခံလိုက်ရသော နယ်မြေ …
မေတ္တာ သုတ်များ ရွတ်ဆိုခြင်းသည် တကယ့် မကောင်းဆိုးဝါး များနှင့် တွေ့ ပါက အစွမ်းမထက်တော့ကြောင်း သက်သေပြခဲ့သော နယ်မြေ…
ပရဟိတ လုပ်ငန်းအချို့ ၊ ဘာသာရေးလုပ်ငန်းအချို့  မြေအောက် လုပ်ငန်း သဖွယ် ဖြစ်နေရသော နယ်မြေ…
သောက်စရာ မိုးခါးရေများပင် မလောက်မင ဖြစ်လာရသော နယ်မြေ…
နိုင်ငံတကာမှ ကျောင်းသားများ Laptop ကိုယ်စီဖြင့် အလုပ်ရှုပ် နေချိန်တွင် ဤဒေသမှ ကျောင်းသားများ ဖတ်စာအုပ်တစ်အုပ် ရရန်အတွက် မဲနှိုက်နေရသော နယ်မြေ…
သချာင်္သင်ခွင့်မရခဲ့သော ကလေးငယ်တို့ လ္ဘက်ရည်ဆိုင်တွင် ဂဏန်းတွက်နေရသော နယ်မြေ…
အရာရာ အားလုံးတို့ ဆိတ်သုဉ်း၍…ဘုရားသခင်တောင်မှ ဝင်ခွင့် မရခဲ့သော နယ်မြေ…
**********
လူတွေ သိန်းနဲ့ ချီပြီး သေကုန်ကြပြီ။ အစုလိုက်အပြုံလိုက် ငတ်ကုန်ကြပြီ။ ဒါ ဘုရားသခင် အလိုတော်တဲ့လား။ ဘိန်းစိုက်သူတွေ၊ ဒုစရိုက်သမားတွေ ကျတော့ ကြီးပွါး ချမ်းသာတယ်။ စပါးစိုက်သူတွေကို ကျတော့ မုန်တိုင်းလွှတ်ပြီး သတ်ပစ်လိုက်တယ်။ ဒါ ကိုယ်စိုက်ပျိုးလိုက်တဲ့ အတိုင်း ရိတ်သိမ်း ရတာလား။ အိုင်းစတိုင်းရေ….ခင်ဗျားတော့ မှားသွားပြီ။ ဘုရားသခင်တော့ မြန်မာပြည်ကိုလာပြီး ကြွေအံ ကစားနေပြီ။ တွေးရင်းတွေးရင်းနဲ့ ဘဝင်မကျ ဖြစ်လာတယ်။ ဘုရားသခင်ကို မေးကြည့်ချင်စိတ်တွေ ပေါ်လာတယ်။
**********
အခုခေတ်မှာ ဘုရားသခင်က အစ blog ရှိတယ်။ www.phayarthakhin.blogspot.com လို့ ကျွန်တော် ရိုက်လိုက်တယ်။ Access denied တဲ့။ သြော…ငါအင်တာနက် သုံးနေတာ ဘုရားသခင်ကိုတောင် ဘန်း(ban) ထားတဲ့ နယ်မြေမှာပါလား။ ဒါနဲ့ ဘုရားသခင်ဆီကို နောက်ဖေးပေါက်ကနေ ဝင်ဖို့ ဆုံးဖြတ် လိုက်ရတယ်။ http://kproxy.com ဒါလည်း Access denied။ http://vtunnel.com ... Access denied ပဲ။ နောက်ဖေးပေါက်တွေကော ဘေးပေါက်တွေကော ရှိသမျှ အပေါက်တွေ အားလုံးကို တစ်ခုမကျန် ပိတ်ထားလိုက်ကြပြီ။ ငါတို့ အားလုံး အပြင်လောကမှာ ကော၊ Virtual World မှာပါ ထွက်ပေါက်လုံးဝ မရှိအောင် ချောင်အပိတ် ခံလိုက်ရပြီ။
**********
ဒါပေမယ့် ကျွန်တော် အင်တာနက် သုံးနေတာ freedom ရှိတဲ့ နယ်မြေမှာ။ freedom ဆိုတာ ဆိုဒ်တွေ အကုန်လုံးကို ကျော်ပြီး ဝင်လို့ ရတဲ့ ဆော့ဖ်ဝဲ။ ကျွန်တော်အင်တာနက်သုံးနေတဲ့ ဆိုက်ဘာ ကဖေးမှာ အဲဒီ့ ဆော့ဖ်ဝဲ ကို တင်ထားတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း freedom software ကနေတစ်ဆင့် ဘုရားသခင်ရဲ့ blog ထဲကို ဝင်ကြည့်လိုက်တယ်။ ဘုရားသခင်က သူ့  Profile မှာ “ကျွန်ုပ်သည် ဘုရားသခင် တစ်ပါးတည်း ကိုသာ ကိုယ်စားပြုသည်မဟုတ်။ ကမ္ဘာပေါ်တွင် ရှိသမျှသော ဘုရားများအားလုံး၊ ဘာသာတရားများအားလုံးကို ကိုယ်စားပြု၏” တဲ့။ ကျွန်တော်လည်း ဘုရားသခင် ရဲ့  blog ကို နည်းနည်း လျှောက်လေ့လာကြည့်လိုက်တယ်။ ကိုယ်စိုက်ပျိုးလိုက်တဲ့ အတိုင်း ရိတ်သိမ်းရမယ့် အကြောင်းတွေ၊ ကံကံ ရဲ့ အကျိုးတွေ၊ ပညာရဲ့  အစွမ်းတွေ… အဲဒါတွေကို ပုံတို ပတ်စတွေ သုံးပြီး ပုံစံ အမျိုးမျိုးနဲ့ ရေးထားတာ တွေ့ရတယ်။
ကျွန်တော် ဘုရားသခင်ကို ဝေဖန်ချင်လို့ cbox လိုက်ရှာတယ်။ မရှိတော့ဘူး။ ကွန်မန့် လည်း ပေးလို့ မရတော့ဘူး။ သြော်..ကိုယ့်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာရင် ဘုရားသခင်က အစ မခံနိုင်တော့ပါလား။ ဒီမိုကရေစီ မရှိတော့ ပါလား။ ကွန်မန့်  လည်းပေးလို့ မရ၊ cbox လဲ ပိတ်ထားတာနဲ့ ကျွန်တော်လည်း အကြံအိုက်သွားတယ်။ ဒါပေမယ့် blog တစ်နေရာမှာ ဘုရားသခင်ရဲ့  email address ကို သွားတွေ့ တယ်။ phayarthakhin@gmail.com တဲ့။ ဒါနဲ့ ကျွန်တော်လည်း ဘုရားသခင်ကို ကျွန်တော့် Gtalk မှာ add လိုက်တယ်။
**********
ဘုရားသခင် cbox ဖြုတ်ထားတာ၊ ကွန်မန့် ပိတ်ထားတာတွေကို အကြောင်းပြုပြီး ဘုရားသခင်ကို ဒီမိုကရေစီ မရှိဘူးလို့ ကျွန်တော် စွပ်စွဲလိုက်တယ်။ ဘုရားသခင်က ဘာမှ ပြန်မပြောဘူး။ ဒါပေမယ့် ခဏနေတော့ ဘုရားသခင်ရဲ့  Custom Message ပြောင်းသွားတယ်။ “ပွဲတစ်ပွဲကို မကြိုက်ရင် ထပြန်သွားခွင့် ရှိတယ်။ မကြိုက်တဲ့ အကြောင်းကိုလည်း ဝေဖန်ခွင့်ရှိတယ်။ ဒါပေမယ့် ခဲနဲ့ပေါက်ခွင့်တော့ မရှိဘူး။”
**********
ကျွန်တော် ဘုရားသခင်ကို မေးခွန်း တစ်ခု မေးလိုက်တယ်။ ကျွန်တော်တို့  ခုထိ ဘာလို့  မလွတ်မြောက်နိုင် သေးတာလဲလို့ ။ ဘုရားသခင်က ပြန်ဖြေတယ်။
ခေါင်မိုးကို မပြင်နိုင် သေးသရွေ့ တော့ မိုးက ယိုနေဦးမှာပဲ။ သာမန်မဟုတ်တဲ့ နွံထဲကနေ လွတ်မြောက်ဖို့  သာမန်မဟုတ်တဲ့ အားထုတ်မှုတွေ လိုတယ်ကွ။
**********
သာမန် မဟုတ်တဲ့ အားထုတ်မှုတွေလိုတယ်တဲ့။ ဟုတ်တယ်ဗျာ။ ကွမ်တမ် leap နဲ့ ထခုန်ရမယ့် အချိန်။ ဆွဲအားတွေက လွတ်မြောက်နိုင်မယ့် အရှိန်မျိုးနဲ့ ကောင်းကင် ကို ရုတ်တရက် ပျံတက်ရမယ့် အချိန်။ ဒါပေမယ့် မဆီမဆိုင်ဗျာ။ ကျွန်တော့်စိတ်ထဲမှာ ဘာတွေ မြင်ယောင်လာသလဲ ဆိုတော့ ပရောဂျက် နိုင်ငံရေးသမားတွေ၊ နေရာရဖို့ ပဲအဓိကထားနေကြတဲ့ ကိုယ့်ကိုယ်ကို မျိုးချစ်ပုဂ္ဂိုလ်ဆိုပြီး ကြေငြာနေကြတဲ့သူတွေ၊ လူနာကို အချိန်ဆွဲပြီးကုနေတဲ့ ဆရာဝန်တွေ၊ ပိုက်ဆံပေးမှ မီးသတ်ပေးတဲ့ မီးသတ်သမားတွေ၊ နှစ်လုံးထီ ဒိုင်ကိုင် နေတဲ့ ရဲတွေ၊ အလုပ်မလုပ်လေလေ လုပ်ငန်းကြန့်ကြာလေလေ ဝင်ငွေဖြောင့်လေလေ ဖြစ်နေတဲ့ ရုံးဝန်ထမ်းတွေ၊ ကျောင်းသားတွေ ဆန္ဒပြလို့  ကျောင်းတွေ ပိတ်ရတာပါဆိုပြီး မကျေမချမ်းဖြစ်နေတဲ့ သူငယ်ချင်း တစ်ချို့ တွေ၊ အကြံအဖန် ဓာတ်ပုံ တွေလုပ်ပြီး Refugee Camp ထဲ သွားဖို့ ကြိုးစားနေကြ သူတွေ အဲလိုလူတွေကိုပဲ အလုံးအရင်းနဲ့ မြင်ယောင်လာတယ်။ မီးလာတုန်း ရေလုတင်ရင်း ရန်ဖြစ်နေကြတဲ့ အသံတွေ၊ ညညဆိုရင် နောက်ဖေးလမ်းကြားမှာ အမှိုက်ထုပ်တွေ တဘုတ်ဘုတ်နဲ့ ပစ်ချသံတွေကို ပြန်ပြီးကြားယောင်လာတယ်။
**********
ဘုရားသခင်က ဆက်ပြောတယ်။ ခုဆိုရင် ကျောင်းတွေဟာ ပညာသင်ပေးတဲ့ နေရာ မဟုတ်တော့ဘူး။ မှားမှား မှန်မှန် ပြန်မပြောရဲ အောင်၊ အချောင်လိုက်တတ်အောင၊် ခိုးတတ်အောင်၊ဖားတတ်အောင် လေ့ကျင့်ပေးတဲ့ နေရာတွေ ဖြစ်လာပြီ။
ပြောပြောဆိုဆိုနဲ့ ဘုရားသခင်က သူ့  Custom Message ကိုပြောင်းလိုက်ပြန်တယ်။ "တိုင်းပြည်ရဲ့  အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာ ရှိတယ်တဲ့။ လူငယ်တွေရဲ့  လက်ထဲမှာတော့ ဘောလုံးဂျာနယ်တွေ၊ အပေါစား မဂ္ဂဇင်းတွေနဲ့ ခပ်ချောင်ချောင်ရခဲ့တဲ့ ဘွဲ့ လက်မှတ် တစ်ခုစီပဲရှိတယ်။"
**********
ဒါပေမယ့် ကျွန်တော် တစ်ခု သွားသတိရတယ်။ ဘယ်လောက်ပဲ ဖိနှိပ်ဖိနှိပ် ကျွန်တော်တို့ ဆီမှာ သာမန်မဟုတ်တဲ့ ပေးဆပ်သူတွေ ရှိတယ်။ အသက်အသေခံရဲ သူတွေ၊ ဘဝကို ထောင်ထဲမှာ စတေးပစ်ဝံ့သူတွေ ရှိတယ်။ အဲဒီ့လူတွေ ဘဝပျက်သွားတာ ကျတော့ ကော ဘာဖြစ်လို့ လဲ။ ကိုယ်စိုက်ပျိုးလိုက်တဲ့ အတိုင်း ရိတ်သိမ်းလိုက်ရတာလား ဆိုပြီး ဘုရားသခင်ကို မေးလိုက်တယ်။ ဘုရားသခင်က ပြန်ဖြေတယ်။ “အခုခေတ်က ဆွမ်းဆန်စိမ်းတွေ ကြားထဲမှာ ကြက်ချေးရောတဲ့ခေတ်မဟုတ်တော့ဘူး။ ကြက်ချေးတွေကြားထဲမှာ ဆွမ်းဆန်စိမ်းတွေရောပြီး နစ်နာရတဲ့ခေတ်။ နာမည် ပျက်ရတဲ့ခေတ်။ ကိုယ့်ရပ်ကွက်မှာ မီးလောင်ရင် ကိုယ့်အိမ်လည်း မီးထဲပါနိုင်တာပဲ။ လူအားလုံးရဲ့  ပျမ်းမျှ အရည်အချင်းနဲ့  တန်သလောက်ပဲ ရမှာပဲ။”

တန်သလောက်ပဲ ရမှာပဲ ဆိုတဲ့ စကားကြောင့် ကျွန်တော် တော်တော်လေး အစာမကြေ ဖြစ်သွားတယ်။ ဘုရားသခင်ကတော့ ဆက်ပြောနေတယ်။ မြန်မာနိုင်ငံက ဘာနဲ့ တူနေသလဲဆိုတော့ တစ်အိမ်လုံး အလုပ်မလုပ်ပဲ ဘိုးဘွား အမွေတွေကို ထိုင်စားနေတဲ့ မိသားစု နဲ့  တူနေတယ်။ သစ်တောတွေလည်း ပြောင်ပြီ။ သယံဇာတ တွေလည်း တဖြည်းဖြည်းနဲ့ ကုန်တော့မယ်။ အဆိုးဆုံးကတော့ စိတ်ဓာတ်တွေ ပျက်စီးကုန်တာပဲကွ။

ဘိုးဘွားအမွေတွေကို ထိုင်စားနေတယ်တဲ့။ ကျွန်တော်တို့ ဘာမှ မစားလိုက်ရပါဘူးဗျာ။ ထမင်းပွဲ ပြင်ပေးပြီး အဝေးကနေ ငေးနေရတဲ့ ဘဝပါ။ ဆီဦးထောပတ် စားနေကြတဲ့ ပါးစပ်တွေအတွက် တစ်ပြည်လုံးပေးဆပ်နေကြရတဲ့ အဖြစ်ပါ။
********
ဘုရားသခင်က ဆက်ပြီး ပြောပြန်တယ်။ ဒီလို အခြေအနေ ဖြစ်အောင် ဇွတ်အတင်း လုပ်နေကြတာက လူတစ်စုတည်းပါကွာ။ လူတွေသာ ညီညွတ်ရင် ဒီလောက် ကြောက်ဖို့လိုမယ် မထင်ဘူး။ ကျွန်တော် ဘာမှ ပြန်ပြော မနေတော့ဘူး။ ကျွန်တော့်ရဲ့  Custom Message ကိုပဲ ပြောင်းလိုက်တယ်။ “လူအုပ်တစ်အုပ်ထဲကို သေနတ်နဲ့  ပစ်ထည့်လိုက်တဲ့အခါ ဘယ်သူက လောဂျစ်တွေ စဉ်းစား နေနိုင်မှာလဲ။ ကိုယ့်ကို လည်း သေနတ်မှန် နိုင်တဲ့ဆိုတဲ့ အတွေးနဲ့  ရုန်းရင်းဆန်ခတ် ပြေးကြတော့မှာပေါ့။
ဘုရားသခင်က ပြန်ပြောတယ်။ “အင်း၊ အဲဒါတော့ ဟုတ်ပါတယ်။ ဒါပေမယ့်ကွာ ကိုယ့်ကိုယ်ကို သားကောင်လို့ သဘောထားနေသရွေ့ မုဆိုးတွေကတော့ ပစ်မှာပဲ။ ကြောက်လို့ ပြေးနေသေး သရွေ့  ဒုက္ခပေးဖို့ လိုက်မှာပဲ။ ပြန်ပြီး ရင်ဆိုင်ဖို့ပဲ ရှိတယ်။ ပြောင်းလဲလာမှာ မဟုတ်တဲ့သူတွေကို စကားထဲ ထည့်ပြောနေလို့လည်း အပိုပဲ။ သူတို့ကို ပြောင်းလဲဖို့ အလားအလာနည်းတဲ့ ကိန်းသေတွေလို့ ပဲ မှတ်လိုက်။ လိုချင်တဲ့ အဖြေထွက်ဖို့ ကိုယ့်ဘက်ကိုယ်ကို ပြောင်းလဲဖို့ ပဲရှိတယ်။
သူတို့ ကို ခေတ်အဆက်ဆက် ဒုက္ခပေးနေဦးမယ့် နာဂစ်တစ်မျိုးလို့ပဲ သဘောထားလိုက်။ နှစ်ခြင်းခံကြတယ် ဆိုတဲ့ နိမိတ်ပုံဟာ ဒီသဘောမျိုးပဲ။ အဖြေဆိုတဲ့ ဘုရားသခင်ကို မမြင်မချင်း၊ စိတ်မျက်လုံးတွေကို မဖွင့်မချင်း အဲဒီ့နာဂစ်က ငါတို့ ကို ရေနှစ်နေ ဦးမှာ။
ကျွန်တော် Cherie Carter-Scott ရဲ့  စကားကို သွားသတိရမိတယ်။ “သင်ခန်းစာ တစ်ခုကို မကျေညက် မချင်း အဲဒီ့ သင်ခန်းစာကိုပဲ ပုံစံအမျိုးမျိုးနဲ့ ထပ်ပြီးကြုံတွေ့  ရလိမ့်မယ်”
ကျွန်တော် တွေးနေတုန်းမှာပဲ ဘုရားသခင်က သူ့ Custom Message ကိုပြောင်းလိုက်ပြန်တယ်။ “လုံလောက်တဲ့ အမြင့်တစ်နေရာကို ရောက်ရင် တိမ်တိုက်တွေ မရှိနိုင်တော့ဘူး။ သင်တို့ရဲ့  ဘဝမှာ တိမ်တိုက်တွေ ရှိနေသေးတယ်ဆိုရင် သင်တို့ရဲ့  စိတ်ဝိညာဉ်ဟာ အနိမ့်ပိုင်းမှာပဲ ရှိနေသေးလို့ ဆိုတာကို သဘောပေါက်လိုက်ပါ။ (Mark Fisher)”
**********
ဘုရားသခင်က ဆက်ပြောပြန်တယ်။
ခေါင်းဆောင်ကောင်း မရှိလို့ ၊ နောက်က လူတွေက ပါမလာကြလို့  ဆိုပြီး အပြန်အလှန် အပြစ်မြင် နေကြတာလည်း မှားတယ်။
တကယ်က ခေါင်းဆောင်တွေက လည်း ငါတို့ ခေါင်းဆောင်မှု လိုသေးလို့  လူတွေ ပါမလာတာလို့  ခံယူထားရမှာ။ လူတွေကလည်း ခေါင်းဆောင်တွေ လျှောက်တဲ့ နောက်ကို ငါတို့ မလိုက်နိုင်ကြသေးလို့ မအောင်မြင်ရတာလို့  ခံယူကြရမှာ။ ဘုရားသခင်က သူ့ Custom Message ကို ပြောင်းလိုက်ပြန်တယ်။ “လူတွေအားလုံးရဲ့ လက်ညှိုးတွေ ကိုယ့်ကိုယ်ကို ပြန်ထိုးကြတဲ့ တနေ့ မှာ ကျိန်စာသင့်နေရတဲ့ ဘဝကနေ လွတ်လိမ့်မယ်”။ ကျွန်တော့် လက်ညှိုးတွေ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မထိုးနိုင်အောင်လို့ ကွန်ပျူတာ ကီးဘုတ်ပေါ်က စာလုံးတွေကိုပဲ အတင်းဖိရိုက်နေလိုက်ရတယ်။
**********
လူတိုင်းက ကြီးနိုင်ငယ်ညှဉ်း စနစ်ကြီးထဲမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်နေကြတယ်။ ဆရာမ တစ်ယောက်က ကျောင်းသားတစ်ယောက်ကို အာဏာပြလိုက်တာဟာ စစ်အစိုးရကို ထောက်ခံမဲတစ်မဲ ပေးလိုက်တာပဲ။ ဆရာတစ်ယောက် အနေနဲ့  ဆရာလုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ပေးခဲ့တဲ့ ထောက်ခံမဲတွေ ဘယ်လောက်တောင် များနေပြီလဲ။ ကိုယ့်ခွင်ထဲ ဝင်လာတဲ့ သူတစ်ယောက်ကို မညှာမတာ တွယ်လိုက်တာဟာလည်း အစိုးရကို ထောက်ခံမဲ ပေးလိုက်တာပါပဲ။
**********
တစ်ချို့ ကလည်း အနုနည်းဖြစ်တဲ့ အာဏာဖီဆန်ရေး လမ်းစဉ်ဟာ အလုပ်မဖြစ်တော့ဘူးလို့ ပြောနေကြတယ်။ ။ ဒါပေမယ့် လူတွေအားလုံး တကယ်ကော ညီညီညွတ်ညွတ်နဲ့ အာဏာဖီဆန် ပြီးကြပြီလား။ သပိတ်မှောက်ပြီးကြပြီလား။ ရုပ်သေးရုပ်တွေလို ကြိုးဆွဲရာ ကနေကြတာပဲမို့လား။ အဲဒါတွေကို မြင်ဖို့ လိုတယ်။ ဘယ်ဟာကို လုပ်လုပ် ပီပီပြင်ပြင် လုပ်ဖို့လိုတယ်။။ လက်နက်ကိုင်တော်လှန်ရေး လုပ်တာလည်း ပီပီပြင်ပြင် စနစ်တကျ လုပ်ရင် ကောင်းတာပဲ။ အနည်းဆုံးတော့ တိုင်းပြည်ကို တကယ်ချစ်တဲ့ လူငယ်တွေ စစ်ပညာ ကိုနားလည်သွားတာပေါ့။ ဘုရားသခင်က ဘာကိုပဲ ပြောပြော ပညာရှုထောင့်ကနေပြီး ပြောနေတော့တာပဲ။
**********

ဘုရား သခင်ရဲ့ စကားတွေကို အနှစ်ချုပ်လိုက်ရင် ကျွန်တော်တို့ ကိုယ်တိုင် က ပျက်စီးနေလို့ ဒီလို ဒုက္ခတွေ တွေ့ နေရတာပါဆိုတဲ့ သဘောသက်ရောက်တယ်။ ပညာဗဟုသုတ ခေါင်းပါးလို့ ၊ စိတ်ပိုင်းဆိုင်ရာ အားနည်းလို့ တန်ရာတန်ရာ ပဲ ရနေတာ ဆိုတဲ့ concept ။
ဒါပေမယ့် ကျွန်တော် သတင်း တစ်ခုကို သွား သတိရမိတယ်။ ကာလီဖိုးနီးယားမှာ ဘာသာရေး အစွန်းရောက် ဂိုဏ်းတဂိုဏ်းကလူ သုံးဆယ့်ကိုးယောက် ဂြိုလ်တွေ နက္ခတ်တွေကို ကြည့်ပြီး အထက်က ဘုရားရဲ့ အမိန့် အရဆိုပြီး အစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ သတင်း။ သူတို့ ကော အသိပညာ ခေါင်းပါးတာပဲ မဟုတ်လား။ သူတို့ နိုင်ငံတွေကျတော့…....

သူတို့ ဆီမှာ အဲဒီ့လို အတွေးအခေါ် အားနည်းတဲ့ လူတွေ က လူနည်းစုမို့ လို့ ပဲ အခြေအနေတွေ ကောင်းနေတာလား။ ဘာပဲ ဖြစ်ဖြစ် လူတွေရဲ့ စိတ်ဓာတ်နဲ့ အသိဥာဏ်က ပိုက်ဆံပေးမှ မီးသတ်ပေးမယ် ဆိုတဲ့ အဆင့် အထိတော့ နိမ့်ကျ လိမ့်မယ်မထင်ဘူး။
ဒါမှမဟုတ် စနစ်ကြောင့်လို့ပဲ ပြောရမလား။ လူတွေ ပညာမရှိပေမယ့် သူတို့ စနစ်ကြီးက ပညာရှိနေတာလား။ ပညာရှိတဲ့လူတွေက ချမှတ်ထားတဲ့ စနစ်မို့ လို့ ပဲလား။
ကျွန်တော် ထင်တယ်။ လူတိုင်းမှာတော့ လူ့သဘာဝ အရ အလွယ်လိုက်ချင်တဲ့ စိတ်ရှိမှာပဲ။ ဥပမာ…သူတို့ ဆီကလူတွေလည်း အစကတော့ လမ်းပေါ် အမှိုက်ချချင်တဲ့စိတ် ရှိမှာပဲ။ ဒါပေမယ့် စနစ်က သူတို့ ကို ချုပ်ထားတယ်။ ကြာလာတော့ အမှိုက်ကို စနစ်တကျ ပစ်တာကိုက အလေ့အကျင့် တစ်ခု ဖြစ်လာတယ်။ သူတို့ရဲ့  ဘာသာရေး ဖြစ်လာတယ်။ စည်းမဲ့ ကမ်းမဲ့ အမှိုက်ပစ်တာဟာ မကောင်းမှု တစ်ခု လို့  သူတို့စိတ်ထဲမှာ စွဲသွားလိမ့်မယ်။ အဲဒီ့အစွဲမျိုးရင်ထဲ ရောက်သွားတဲ့ အချိန်ကျတော့ စနစ်နဲ့ ထိန်းစရာ မလိုတော့ဘူး။

ဒါပေမယ့် စနစ်ဆိုတာက သက်မဲ့။ လူတွေက သက်ရှိ။ အဲဒီ့ သက်မဲ့ စနစ်ကြီးကို အပြစ်တင်တင်နေတာ ဟာ အဖြေမဟုတ်ဘူး။ အဲဒါကြီးကို တိုက်ဖျက်ဖို့ သက်ရှိလူတွေက ရုန်းကန်ဖို့ လိုတယ်။ အသိတရား ရှိဖို့ လိုတယ်။

အဲဒီ့မှာတင် မေးခွန်းတစ်ခုက ကျွန်တော့် ရင်ထဲကနေ ပျို့ တက်လာတယ်။ လူတွေ လက်ရှိအခြေအနေကနေ ရုန်းထွက်ဖို့ ပညာဗဟုသုတ မြင့်မားဖို့ လိုတယ်။ ဒါပေမယ့် အစိုးရက ပညာရေးကို နှိပ်ကွပ်ထားတယ်။ ပညာရေးနဲ့ ပတ်သတ်ပြီး လုပ်နေတဲ့ သူတွေကိုလည်း အနှောင့်အယှက် အမျိုးမျိုးပေးနေတယ်။
အဲဒီ့တော့ ပညာဗဟုသုတ နိမ့်လို့ ညံ့တဲ့ အစိုးရ နဲ့ စနစ်ကိုရ၊ ညံ့တဲ့ စနစ်ကိုရလို့  ပညာဗဟုသုတနိမ့် ဒီလိုနဲ့ပဲ သံသရာလည်ရ တော့မှာလား။ ဆိုးသထက် ဆိုးသွားတော့မှာလား။ ပျို့ တက်လာတဲ့ မေးခွန်းကို ကျွန်တော် အန်ထုတ်လိုက်တယ်။

ဘုရားသခင်က ဘာမှ ပြန်မဖြေဘူး။ သူ့ Custom Message များပြောင်းသွားသေးသလားလို့ ကျွန်တော်ကြည့်လိုက်တယ်။ ဘာ Message မှ ရေးမထားတော့ဘူး။

ခဏနေမှ ဘုရားသခင်က ပြောတယ်။ “အဲဒါက ဒီလိုရှိတယ်ကွ”

ဆိုက်ဘာကဖေး တစ်ခန်းလုံး မှောင်မဲသွားတယ်။ မီးပျက်သွားပြီ။

ကောင်းကင်ကို

Wednesday, August 6, 2008

ချောင်းဟန့် သံ (ဂျိုဇော်)

ပတ်ဝန်းကျင်အတွက်လည်း အနှောင့်အယှက်ဖြစ်၊ ကိုယ့်အတွက်လည်း အန္တရာယ်ဖြစ်စေတဲ့ အကျင့်ကြီးကို ကိုယ့်ဟာကိုယ် ကြိုးစားဖျောက်ဖျက်ပစ်ရမယ်။
သို.သော် ကြိုးစား ဖျောက်ဖျက် မရခင် ကျွန်တော့်အကျင့်ကြီးနဲ. မလုံမလဲ လောကကြီး ဘယ်လောက်ထိ ပြဿနာတက်ကြဦးမည်လဲ မသိ။
အခုကို လည်ချောင်းထဲက ယားနေပါသည်။

****************
လည်ချောင်းတစ်လျှောက် ကင်းခြေများတစ်ကောင် တက်လာသလိုမျိုး ရွစိ ရွစိ၊ ယားကျိ ယားကျိနှင့် အခံရခက်လှသည်။ တံတွေးတွေ ဂလု ဂလုနှင့် မျိုချနေရသော်လည်း ဝေဒနာသည် သက်သာမသွား။ ပျောက်မသွား။ တစ်ကိုယ်တည်း ကြားလောက်ရုံ တအင်းအင်းနှင့် ခံတွင်းရှင်းကြည့်တာလည်း မရ။ အားရပါးရ ချောင်းဟန့်လိုက်ရလျှင် လည်ချောင်းထဲ ယားယံ၊ ကပ်ငြိ၊ ပိတ်ဆို.နေတာတွေ ချက်ချင်း အနေချောင်သွားမည်ကို သိသော်လည်း လွတ်လွတ်လပ်လပ် မဟန်.နိုင်သေး။ ပတ်ဝန်းကျင်ကို ကြည့်ရသေးသည်။ အခြေအနေကောင်းပြီ ထင်မှ အားရပါးရ ချောင်းဟန်.ချလိုက်သည်။
` အဟမ်း…..အဟမ်း….အဟမ်း….´
သည်ဝေဒနာ သည်အကျင့်ကြီး ဘယအချိန်က ကျွန်တော့်ခန္ဓာကိုယ်ထဲ ခိုဝင်ပုန်းအောင်းနေခဲ့သည် မသိ။ ယခုအချိန်မှာတော့ ကျွန်တော့်မှာ အနုကြမ်းစီး ခံရသလိုမျိုး ခံစားနေရပါပြီ။
ဝေဒနာသည် ဗြုန်းဒိုင်းကြီး ကောက်ကာငင်ကာ ရောက်လာသည်တော့ မဟုတ်ပါ။ ပထမ လည်ချောင်းကလေး ယားတယ်ဆိုရုံ၊ အာခြောက်တယ် ဆိုရုံမျှလောက်ပင်။ တံတွေးမျိုချလိုက်လျှင် ဝေဒနာပျောက်ကင်းသွား၏။ ရေ သို.မဟုတ် ရေနွေးတစ်ခုခု မျိုချလိုက်လျှင်လည်း ပျောက်၏။ တစ်နေ. ဘယ်နှစ်ခါဖြစ်လို. တံတွေးဘယ်နှစ်ခါ မျိုရတယ် ဆိုတာကိုတော့ မမှတ်မိတော့ပါ။ ခန္ဓာကိုယ်၏ ဝေဒနာနှင့် တုံ.ပြန်မှုသည် အသိစိတ်မဲ့စွာ လွတ်လွတ်လပ်လပ် ဖြစ်ပွားနေခဲ့သည်ဟု ဆိုရပါမည်။
ထိုသို. ထိန်းချုပ်မှုမဲ့ လွတ်လပ် အပြုအမူတစ်ခုသည် စွဲမြဲသော အကျင့် တစ်ခုဆီသို. ဦးတည်နေမှန်း အစက ကျွန်တော်မသိခဲ့။ သိမိ၊ သတိထားမိသည့် အချိန်မှာတော့ နောက်ကျသွားခဲ့ပြီ။
နောက်ပိုင်း လည်ချောင်းယားယံလာသောအခါ၊ တစ်ဆို.ဆို. ဖြစ်လာသောအခါ တံတွေးမျိုချရုံ၊ ရေသောက်ရုံနှင့် မသက်သာတော့။ အာရုံ မပြေတော့။ တစ်ကိုယ်တည်း ကြားလောက်ရုံ ခံတွင်းရှင်းလိုက်ရမှ။ ချောင်းဟန်.သံမျိုး ပြုလိုက်ရမှ သက်သာရာ ရတော့၏။ အာရုံပြေတော့၏။ သည်အခြေအနေအထိလည်း ကျွန်တော့်အတွက် ပြဿနာ မရှိသေးပါ။ အလုပ်လုပ်ရင်း၊ စကားပြောရင်း သွားလာရင်း ခန္ဓာကိုယ်က သူ.ဟာသူ ဖြေရှင်းနေခြင်း ဖြစ်၏။ တစ်ခါတစ်ရံ ကျွန်တော်ပင် မသိလိုက်။ သတိ မထားမိလိုက်။ (အကျင့်ဖြစ်နေပြီဟုတော့ ဆိုနိုင်ပါသည်။)
တဖြည်းဖြည်းနှင့် ချောင်းဟန်.သံက ဒီဂရီ တိုးလာ၏။ တစ်ကိုယ်ကြားမှ နှစ်ကိုယ်ကြားသံလောက် ဖြစ်လာ၏။ နှစ်ကိုယ်ကြားသံလောက် ချောင်းဟန်.မှ သက်သာရာ ရ၏။ သို.သော် ပြဿနာ မဟုတ်သေး။ ချောင်းဆိုးတာလည်း မဟုတ်။ သလိပ်ဟန်.တာလည်းမဟုတ်၊ နှုတ်ခမ်းစိ၊ ပါးစပ်ပိတ်လျက် အသံထွက်ရုံကလေး ချောင်းဟန်.တာဆိုတော့ ပတ်ဝန်းကျင်အတွက်လည်း အနှောင့်အယှက် မဖြစ်ပါ။ သိပင် မသိကြပါ။
သို.သော် ချောင်းဟန်.သံကတော့ ကျွန်တော့် သတိကွယ်ရာမှာ တစ်စတစ်စ အတင့်ရဲ ကျယ်လောင်လာတော့၏။ နှုတ်ခမ်းစိ၊ ပါးစပ်ပိတ် “အဟွန်း” မှ နှုတ်ခမ်းဖွင့်၊ ပါးစပ်က “အဟမ်း” အထိ ဖြစ်လာ၏။ မသိမသာမှ သိသိသာသာ ဖြစ်လာ၏။ ပထမဆုံး သိသိသာသာဖြစ်သည့်နေ.ကို ကျွန်တော် ကောင်းကောင်းကြီးမှတ်မိနေပါသည်။
ထိုနေ့က ကျွန်တော်တို. ရုံးမှာ (ကျွန်တော်သည် စာရေးကြီးအဆင့်ရှိ ရုံးဝန်ထမ်းတစ်ဦးဖြစ်ပါ၏။) ဦီးစီးမှူး
အပြောင်းအလဲ မိတ်ဆက်ပွဲ လုပ်ပါသည်။ ပြောင်းသွားသော ဦးစီးမှူးမမနေရာတွင် အစားဝင်လာသော ဦးစီးမှူးဆရာက နှုတ်ခွန်းဆက် မိန့်ခွန်းခြွေပါသည်။ နောက်တန်းတစ်နေရာမှာ ထိုင်ရင်း ကျွန်တော်က ဝေဒနာကို အားရပါးရ ပါးစပ်ဟ ဖြေရှင်းနေဆဲ။
“ ဟိုနောက်က တဟမ်းဟမ်းနဲ. ချောင်းဆိုးနေဆဲ ပုဂ္ဂိုလ် ဘာပြောချင်လို.လဲ။ ထပါ။ ပြောပါ။”
ဟု ကျွန်တော့်ကို လက်ညှိုးထိုးပြီး ခပ်ဆတ်ဆတ် ပြောလေသည်။
ကျွန်တော်လည်း ထိတ်ထိတ်ပျာပျာ မတ်တတ်ရပ်ပြီး…
“ ဘာမှ ပြောစရာမရှိပါဘူး ဆရာ။ ချောင်းဟန်.တာက အကျင့်ပါနေလို.ပါ” ဟု ဖြေလိုက်ရာ ၀ါးခနဲ ပွဲကျသွားပါသည်။
“ရှင် တော်တော်နောက်တဲ့လူ” ၊ “ ခင်ဗျား တော်တော် နောက်တယ်ဗျာ ” ဟု အစည်းအဝေး ပြီးတော့ ကျွန်တော့်ကို ၀ိုင်းပြောကြပါသည်။ ဦးစီးမှူးကိုယ်တိုင်က “ ဒီရုံးမှာ ဒီလူက လူပြက်လား” ဟု မေးသည်ဟု ကြားရပါသည်။
ထိုနေ.သည် ကျွန်တော့်ခန္ဓာကိုယ်ထဲ ခိုးဝင်နေသော အကျင့်ဆိုးကြီး လူပုံအလယ်မှာ လက်ပူးလက်ကြပ်မိသော နေ.ပင်ဖြစ်ပါ၏။ ပတ်ဝန်းကျင်တွင် အနှောင့်အယှက် ပေးလာပြီဖြစ်သော အကျင့်ကြီးကို ကျွန်တော် ကြိုးစားနှိပ်ကွပ်ပါသည်။ ခက်တာက ဖိလေ ကြွလေ၊ နှိပ်ကွပ်လေ ရုန်းထလေ ဆိုသလို သတိထားနေကာမှ လည်ပင်းက ပိုယားသည်။ ပိုပြီး ချောင်းဟန့်ချင်သည်။ တစ်ယောက်တည်း နေချိန်မှာ ပြဿနာမရှိ။ လူတောထဲမှာ ဆိုလျှင် ရုပ်ပျက်ဆင်းပျက် နိုင်လှသည်။ လက်ကိုင်ပုဝါနှင့် ဇွတ်ဖိပြီး တခွီးခွီးဖြစ်နေတာတို.၊ အိမ်သာထဲ အမြန်ပြေးဝင်ရတာတို.၊ လူရှင်းတဲ့နေရာ ခပ်သွက်သွက်သွားပြီး ချောင်းဟန်.ပစ်ရတာမျိုးတွေ ဖြစ်လာသည်။
ပြဿနာဖြစ်ချင်တော့၊ တစ်နေ့…..
လက်နှိပ်စက်စာရေးမလေး ဦးစီးမှူးအခန်းထဲ အ၀င်၊ အခန်းဘေးမှာက စာရေးတွေ၊ စားပွဲတွေ ကိုယ်စီနှင့်။ ကိုယ့်အကြောင်း ကိုယ်သိနေသော ကျွန်တော်က ကောင်မလေး အခန်းထဲ ရှိနေချိန် ချောင်းမဟန်.မိအောင် ကြိုတင်ပြီး ချောင်းဟန်.ထားသည်။ ကောင်မလေးက မျက်စောင်းထိုး၏။ ကျန်တဲ့စာရေးတွေက ပြုံးစိ ပြုံးစိ။ ကိုယ့်ဝေဒနာနှင့် ကိုယ်မို. ကျွန်တော်ကတော့ ဂရုမစိုက်နိုင်အား။ အလုပ်တွေ ဖိလုပ်ရင်း နောက်ထပ် လည်ပင်းမယားခင် ကောင်မလေး ပြန်ထွက်ပါစေဟု ဆုတောင်းနေရသည်။ သို.သော် ဆုတောင်းကား မပြည့်။ အခန်းထဲမှာ ဦးစီးမှူးနှင့် ကောင်မလေးကလည်း စကားမပြတ်သေး။ လည်ချောင်းထဲက ကင်းခြေများတစ်ကောင် တက်လာသလို ရွစိ ရွစိနှင့် မခံနိုင်အောင် ယားလာတော့၏။ တံတွေးမျိုချလည်းမရ။ တိုးတိုးလေး ခံတွင်းရှင်းတာလည်း မရ။ စားပွဲပေါ်က ရေ မော့သောက်တာလည်း မရ။ အာရုံစိုက်လေ ပိုယားလေ၊ ထိန်းထားလေ ပိုပြီး ချောင်းဟန်.ချင်လာလေ။ ထိန်းမရတော့။ ကျွန်တော် နေရာက ထသွားမှ ဖြစ်တော့မည်။ စားပွဲက အထမှာပဲ အဟမ်း ဟူသော ချောင်းဟန်.သံကြီးသည် မိုးခြိမ်းသလို ကျွန်တော့်ပါးစပ်က ထွက်သွားတော့၏။
မရှေးမနှောင်းပင် ဦးစီးမှူး၏ ဆင်နားရွက်တံခါး ၀ုန်းခနဲ ပွင့်လာကာ-
“ ခင်ဗျား ဘာသဘောလဲ။ ဒါ ရုံးဗျ။ တာဝန်ချိန်ဗျ။ လူကြီးလူကောင်းတွေ အလုပ်လုပ်နေကြတာ။ ကလေကချေ ဆန်ဆန် အပြောင်အပြက်တွေ မလုပ်ပါနဲ.”
ဦးစီးမှူးသည် အလွန်ပင် ဒေါသထွက်နေပုံ ရ၏။ မျက်နှာကြီးနီမြန်းပြီး တစ်ကိုယ်လုံး ဆတ်ဆတ် ဆတ်ဆတ် တုန်နေသည်။ ကျွန်တော့မှာလည်း နေရာက ထပြီးသားမို. ကုန်းကုန်းကွကွကြီး ဖြစ်နေသည်။ ကြောက်တာရော အားနာတာပါ ပေါင်းပြီး ဘာက စပြောရမှန်းမသိ။
“ မ…. မဟုတ်ပါဘူး ဆရာ။ အ…. အကျင့်ပါနေလို.ပါ။ ခုကို အပြင်ထွက်…..”
“ တော်ဗျာ၊ ခင်ဗျား နှစ်ခါရှိပြီ၊ သုံးခါအထိတော့ သည်းမခံနိုင်ဘူး”
ဦးစီးမှူးသည် သူ.ဒေါသ သူပြန်ထိန်းသွား၏။ သူ ဆွဲထိုးလည်း ကျွန်တော် ခံရုံပင်။ သူ ကြမ်းကြမ်းတမ်းတမ်း ပြောလည်း ခံရုံပင်။ သို.သော် သူ.ဒေါသ သူ ချွန်းအုပ်နိုင်သွား၏။ ကျွန်တော်ကသာ…..။
ထိုနေ.က အဖြစအပျက်တွေမှာ ဘယ်သူမှ ကျွန်တော့်ဘက်က မရှိ။ ကျွန်တော့်ကို နားမလည်ကြ။ ခင်မင်ရင်းနှီးသူတွေက ဗြောင်ပင် ဝေဖန် ရှုတ်ချ၏။ မရင်းတရင်း မိတ်ဆွေတွေ ခပ်တန်းတန်း ဖြစ်ကုန်သည်။ သူစိမ်းတွေကတော့ တမင်ပင် ဝေးဝေးက ရှောင်ကြတော့၏။
သည်လို အလုပ်ခွင်မှာ နာနာကျင်ကျင် ဖြစ်ခဲ့ရသဖြင့် ဝေဒနာကြီးကို ထိန်းထားနိုင်ပြီလား မမေးနှင့်၊ ပိုလို.သာ ဆိုးလာချေသေး၏။ သတိထားလေ ဆွပေးသလို ဖြစ်လေ။ ထိန်းချူပ်ထားလေ ပေါက်ကွဲချင်လေ။ ကျွန်တော် အတတ်နိုင်ဆုံးတော့ သတိနှင့် နေပါသည်။ ကျွန်တော့်ဝေဒနာက ပြင်းပြင်းထန်ထန် နှိပ်ကွပ်ထားလို. မရ။ တစ်ချက် တစ်ချက် ပေါက်ကွဲခွင့် ပေးထားလျှင် အခါကျဲ နေတတ်ပါသည်။ စိတ်ပိုင်းအရကော ရုပ်ပိုင်းအရပါ နေသာ ထိုင်သာ ရှိပါသည်။ ထိုကြောင့် တစ်ယောက်တည်း ရှိနေချိန်မှာ သို.မဟုတ် ချောင်းဟန်.သံအတွက် ပြဿနာ မတက်လောက်သည့် ပတ်ဝန်းကျင်မှာ ကျွန်တော် အားရပါးရ ချောင်းဟန်.နေရပါသည်။
ဒါတောင် ကားမှတ်တိုင်မှာ ချောင်းဟန်.မိ၍ ရည်စားစုံတွဲတွေက မျက်စောင်းထိုးတာ၊ စတိုးဆိုင်ကြီးတွေမှာ ချောင်းဟန်.မိ၍ အရောင်းစာရေးမတွေက ဘုတောလွှတ်တာ၊ အန္တရာယ်မရှိလောက်ဘူးထင်ပြီး ချောင်းဟန်.မိရာက သူ.ဟာသူ
မလုံမလဲ ကိစ္စ တစ်ခုခု ရှိနေသောသူများ၏ ရန်သတ္တရုပြုတာကို ခံနေရပါသည်။
အဆိုးဆုံးကတော့ ကျွန်တော် အိမ်ငှားနေသော အိမ်ရှင် အန်တီကြီးနှင့် ပြဿနာ တက်ရခြင်းဖြစ်၏။ အန်တီကြီးက သားနှစ်ယောက်အမေ မုဆိုးမ ဖြစ်၏။ သားအကြီးက ကျွန်တော်ထက် နည်းနည်းလောက်ပဲ ငယ်မည်။ သားတွေ အိမ်ထောင်ကျကုန်တော့ သားအကြီးက မွေးသည့် မြေးကလေး တစ်ယောက်နှင့် နေသည်။ အိမ်တစ်ခြမ်းကို ကျွန်တော့်အား ငှားသည်။
ကျွန်တော် သူတို. မိသားစု အားလုံးနှင့် ဆက်ဆံရေး အဆင်ပြေပါသည်။ အိမ်မှာ ဘယ်လောက်ပဲ ချောင်းဟန်. ချောင်းဟန်. ပြဿနာ မတက်ခဲ့ပါ။ အဲသည်နေ.ကလည်း ရုံးသွားခါနီးမို. အန္တရာယ် ကြိုတင် ဖြေရှင်းထားသည့်အနေနှင့် အားရပါးရ ချောင်းဟန်.နေမိခြင်း ဖြစ်ပါသည်။ အန်တီကြီး ခြေသံပြင်းပြင်း နင်းလာသည်အထိ ကျွန်တော် သဘောမပေါက်သေး။ ချောင်းဟန်.ကောင်းတုန်း။
“ ဘာသဘောလဲကွယ့်၊ မင်းဟာက လွန်လွန်းလာပြီ”
“ခင်ဗျာ၊ ကျွန်တော် ဘာလုပ်မိလို.လဲ အန်တီ”
“ဒီမယ် အဲဒါ ငါ့မောင် သုံးဝမ်းကွဲ တော်တယ်။ ခမျာ ရိုးရိုးသားသား ၀င်ထွက်နေတာ။ မင်းက လှောင်သလို ပြောင်သလို တဟမ်းဟမ်းနဲ.၊ တစ်ရက်မဟုတ် နှစ်ရက်မဟုတ်၊ မလာရဲတော့ဘူးတဲ့ ၊ ပြန်သွားပြီ။ ဒါ မင်း တရားခံပဲ”
“ဟာ အန်တီ ကျွန်တော် ဒါတွေ လုံးဝ မသိရိုး အမှန်ပါ။ ဒီလူ.ကိုလည်း မသိပါဘူး။ သိဦးတော့ ကျွန်တော်နဲ.မှ မဆိုင်တာ။ ခုဟာက အကျင့်ပါ”
“အို တော်ပြီ တော်ပြီ။ ဒီလို ရိုင်းပျတဲ့ လူမျိုး ငါ့အိမ်မှာ ဆက်မထားနိုင်ဘူး။ မင်း အိမ်ရှာပါ။ လကုန်ရင် ပြောင်းတော့၊ ဒါပဲ”
အန်တီကြီး ဘာကြောင့် သည်လောက် ဒေါသထွက်သွားသလဲ။ ချောင်းဟန်.သံက အိမ်မှ နှင်ချလောက်သည်အထိ အနှောင့်အယှက်ဖြစ်သွားသလား။ သူ မကြိုက်မှန်း သိရင် ဘယ် ခုလို အားရပါးရ ချောင်းဟန်.ပါ့မလဲ။ ခုတော့ ဘာမှ ရေရေရာရာ မသိရခင်မှာပင် ကျွန်တော် အိမ်ပေါ်မှ ဆင်းခဲ့ရပါသည်။
“ဖြစ်ကြောင်းရယ် ကုန်စင် ရာဇ၀င်ကတော့ အဲဒါပါပဲ ဆရာ။ ကျွန်တော် ရိုးရိုး ဆရာဝန်နဲ.လည်း ပြပြီးပြီ။ လည်ချောင်းအထူးကုနဲ.လည်း ပြပြီးပြီ။ ဓာတ်မှန်ရိုက်၊ သလိပ်စစ်၊ လည်ချောင်းကို မှန်ပြောင်းနဲ.ကြည့်၊ ဘာရောဂါမှ မရှိဘူးတဲ့။ နောက်ဆုံး ဆရာ့ဆီ လမ်းညွှန်လိုက်လို. ရောက်လာတာပါပဲ”
စိတ်ရောဂါအထူးကုဆရာဝန်ကြီးသည် ကျွန်တော် ပြောသမျှကို စိတ်ရှည် လက်ရှည် နားထောင်၏။ ခေါင်းတဆတ်ဆတ် ညိတ်နေမိ၏။
“အေးဗျာ၊ ခင်ဗျားဟာက စိတ်ရောဂါ အဆင့်ထိ မရောက်သေးပါဘူး။ အကျင့်ပါနေတာပဲ။ အကျင့်ဆိုတာ မွေးရာပါ မဟုတ်ဘူးလေ။ ကိုယ့်ဟာကိုယ် လက်ခံထားမိတဲ့ အမူ အကျင့်တစ်ခု ကို ကိုယ့်ဟာကိုယ်ပဲ စွန်.ပစ်ရမှာ။ ကိုယ့်ကိုယ်ကို ကုရမှာ၊ ဘယ်သူမှ ၀င်ကုပေးလို. မရဘူး။ အဲဒီတော့….”
“ဒီအကျင့်ဟာ ပတ်ဝန်းကျင်အတွက် မကောင်းဘူး။ ငါ့အတွက်လည်း မကောင်းဘူးလို. ဒီလို ကိုယ့်စိတ်ကိုယ် ပြဋ္ဌာန်းပါ။ ပြဋ္ဌာန်းပြီးရင် ဒီအကျင့်ကြီးကို မပျောက် ပျောက်အောင် ဖျောက်မယ်၊ အများနည်းတူ နေမယ်လို. ဆုံးဖြတ်ချက်ချ၊ သန္နိဋ္ဌာန်ချပါ။ အဲဒီလို စိတ်ကို ပြဋ္ဌာန်း ဆုံးဖြတ်လိုက်ရင် ခင်ဗျားရဲ.
အကျင့်ကြီး ပျောက်သွားပါလိမ့်မယ်။ ကျွန်တော် အကြံပေးသလို စမ်းကြည့်ပါ။ ဟုတ်လား”
ကျွန်တော် ဆရာဝန်ကြီး ရုံးခန်းက ထွက်လာတော့ ခြေလှမ်းတွေ သွက်နေပါသည်။ ခေါင်းထဲမှာလည်း ပေါ့ပါးကြည်လင်နေသည်။ ဆရာဝန်ကြီးပြောတာ သဘာဝကျပါ၏။ ပတ်ဝန်းကျင်အတွက်လည်း အနှောင့်အယှက်ဖြစ်၊ ကိုယ့်အတွက်လည်း အန္တရာယ်ဖြစ်စေတဲ့ အကျင့်ကြီးကို ကိုယ့်ဟာကိုယ် ကြိုးစားဖျောက်ဖျက်ပစ်ရမယ်။
သို.သော် ကြိုးစား ဖျောက်ဖျက် မရခင် ကျွန်တော့်အကျင့်ကြီးနဲ. မလုံမလဲ လောကကြီး ဘယ်လောက်ထိ ပြဿနာတက်ကြဦးမည်လဲ မသိ။
အခုကို လည်ချောင်းထဲက ယားနေပါသည်။

ဂျိုဇော်

Sunday, August 3, 2008

မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့

နိုင်ငံရေးဟာ gunများကြားထဲ ပျံသန်း နေရတဲ့ငှက်
နိုင်ငံရေးဟာ စမ်းတဝါးဝါးနဲ့ အသံစမ်း နေရတဲ့လက်

နိုင်ငံရေးဟာ သံဃာကိုတောင် သတ်ရဲတဲ့ သေနတ်
နိုင်ငံရေးဟာ ပင်လယ်လို ဖြဲထားတဲ့ ပါးစပ်

နိုင်ငံရေးဟာ ကမ္ဘာအနှံ့ က အာခံကြမယ့် သိမ်းငှက်တစ်ထောင်
နိုင်ငံရေးဟာ အမေရိကန်ကို သွားဖို့ လက်မှတ်တစ်စောင်

နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် သွေးထဲက မီးထတောက်မယ့် သူပုန်
နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် အကျင့်မပျောက်တဲ့ ခွေးမြီးကောက်

နိုင်ငံရေးဟာ ခွပ်ဒေါင်းတွေ လက်ထဲက ဝရဇိန်လက်နက်
နိုင်ငံရေးဟာ မျောက်တွေ လက်ထဲက အုန်းသီးတစ်လုံး

နိုင်ငံရေးဟာ သွေးနဲ့ ရေးခဲ့တဲ့ သြဂုတ်၊စက်တင်ဘာ သမိုင်း
နိုင်ငံရေးဟာ ရေပေါ်မှာရေးလိုက်တဲ့ ကြေငြာချက် တစ်စောင်

နိုင်ငံရေးဟာ အရေပြားပေါ်မှာ ကြက်သီးတွေ စီးဆင်းသွားစေတဲ့ ဟစ်ဟော့ သီချင်းတစ်ပုဒ်
နိုင်ငံရေးဟာ ဘလော့တွေထဲမှာ အညောင်းမိနေတဲ့ ကော်ပီ သတင်းတစ်ပုဒ်

နိုင်ငံရေးဟာ ကလေးတစ်ယောက်ရဲ့ ဗိုက်ထဲက တဂွီဂွီထွက်လာတဲ့ တကယ့်အမှန်
နိုင်ငံရေးဟာ မီဒီယာပေါ်မှာ ဆရာသမား တစ်ယောက် ဇွတ်အတင်းလုပ်ပြီး ပြောလိုက်တဲ့ အသံ

နိုင်ငံရေးဟာ ပါးစပ်ပိတ်နေရတဲ့ လူထု
နိုင်ငံရေးဟာ ကြေးမုံ စက္ကူစုတ်ထဲက အက္ခရာအစု

နိုင်ငံရေးဟာ အာဟာရ ပြတ်နေတဲ့ ဆင်ဖြူတော်
နိုင်ငံရေးဟာ ဒေါ်လာငတ် နေတဲ့ ကြောင်သူတော်

နိုင်ငံရေးဟာ ထောင်ထဲမှာ လူမသိသူမသိ သေသွားရှာတဲ့ အညတရ ကျောင်းသားတစ်ယောက်
နိုင်ငံရေးဟာ ကိုယ့်ဘာသာကိုယ် သတ်မှတ်လိုက်တဲ့ အဝေးက အာဇာနည် တစ်ယောက်

နိုင်ငံရေးဟာ မိစ္ဆာတို့ရဲ့  လူသတ်ကွင်း တစ်ကွင်း
နိုင်ငံရေးဟာ အီလစ်တို့ရဲ့  ကစားကွင်း တစ်ကွင်း

နိုင်ငံရေးဟာ ဘတ်စ်ကားကြပ်ကြပ်ပေါ်မှာ တိုးဝှေ့ နေရတဲ့ နံနက်
နိုင်ငံရေးဟာ ကြယ်တွေဘယ်လောက်ထွက်ထွက် လင်းမလာသေးတဲ့ည

နိုင်ငံရေးဟာ လမ်းမတွေ ပေါ်မှာ ခြေဗလာနဲ့ လျှောက်ခဲ့ကြတဲ့ ခြေထောက်
နိုင်ငံရေးဟာ ဖိနပ်နဲ့ မတော်လို့ အဖြတ်ခံလိုက်ရတဲ့ ဖနောင့်

နိုင်ငံရေးဟာ ငါတို့မွေးထားရမယ့် တစ္ဆေတစ်ကောင်
နိုင်ငံရေးဟာ ပုပ်ပွနေတဲ့ အသေတစ်ကောင်

တစ်ခါတစ်ခါမှာ နိုင်ငံရေးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားတစ်ခွန်း
နိုင်ငံရေးဆိုတာ အင်မတန် မွန်မြတ်သန့်စင်ပြီး၊
သူတော်ကောင်းတွေမှသာ လုပ်နိုင်တဲ့ အလုပ်
တစ်ခါတစ်ခါမှာ နိုင်ငံရေးဟာ ဒေါက်တာသန်းထွန်းရဲ့ စကားတစ်ခွန်း
ငါ့ လက်ဝဲက လူကိုလည်း စေ့စေ့စပ်စပ်ကြည့်တယ်၊
ငါ့လက်ယာက လူကိုလည်း ဒီလိုပဲ အားမနာတမ်း ကြည့်တယ်၊
စေတနာ အချောင်းလည်းမမြင်ဘူး၊
အပြားလည်းမမြင်ဘူး

နိုင်ငံရေးဟာ ဘဝပေါင်းများစွာ ထည့်လှောင်ထားတဲ့ စစ်ဖိနပ်တစ်ရံ
နိုင်ငံရေးဟာ ဆူးလေဘုရားနားက ပစ်ခတ်သံ

နိုင်ငံရေးဟာ အချစ်ကဗျာ တစ်ပုဒ်နဲ့  ကိုစောဝေ ပစ်လိုက်တဲ့ မိုးကြိုး
နိုင်ငံရေးဟာ အကျဉ်းထောင်ထဲ လွတ်ကျသွားတဲ့ မြို့ တော်

နိုင်ငံရေးဟာ စက်တင်ဘာ မိနစ်မှာ တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးတစ်လုံး

နိုင်ငံရေးဟာ အတ္တလက်အိတ်တွေ စွပ်ပြီး ထိုးနေကြတဲ့ ခပ်ပျော့ပျော့ လက်သီး

နိုင်ငံရေးဟာ “လက်နက်”နဲ့ “ဓားပြတိုက်ခွင့်” လဲလှယ်ထားတဲ့ ငြိမ်းချမ်းရေး

နိုင်ငံရေးဟာ ယားနာတွေကို ဖုံးဖို့ ထဘီရှည်ရှည် ဝတ်ပြီး က္ကုနြေ္ဒရှင်ယောင် ဆောင်ထားတဲ့ အပျိုမ
နိုင်ငံရေးဟာ မိတ်ကပ်တွေဖို့ ထားတဲ့ တောတွင်း ဥပဒေသ

နိုင်ငံရေးဟာ ညစ်ပေတဲ့ လက်တွေနဲ့ အိုးမည်း အသုတ်ခံလိုက်ရတဲ့ မျက်နှာ
နိုင်ငံရေးဟာ တလွဲဘာသာအပြန်ခံလိုက်ရတဲ့ ကဗျာတစ်ပုဒ်

နိုင်ငံရေးဟာ တစ်တောလုံး စိမ်းစိုဖို့ ကိုယ်စီ ဝေဆာပေးရမယ့် သစ်ပင်
နိုင်ငံရေးမှာ ကြွက်ခုတ်ဖို့ က အဓိက

နိုင်ငံရေးဟာ ငါတို့ မဖြေကြပဲ ချန်ထားခဲ့တဲ့ ပုစ္ဆာ
နိုင်ငံရေးဟာ ပေါက်ကွဲ စေချင်ဇောနဲ့  ငါတို့ အားလုံးမျှော်နေရတဲ့ ကတ္တီပါ ဗုံးတစ်လုံး။

ကောင်းကင်ကို

အစိမ်းရောင်နဲ့ ရေးထားတာက ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားနဲ့ ဆရာကြီးဒေါက်တာ သန်းထွန်း ရေးခဲ့တဲ့ စာပါ။
ဆရာကြီးဒေါက်တာ သန်းထွန်းပြောခဲ့တဲ့ စကားက နိုင်ငံရေးသမားတွေကို ပြောခဲ့တာတော့ မဟုတ်ပါဘူး။ သူ့ လုပ်ဖော်ကိုင်ဘက် ဆရာတွေကို ပြောခဲ့တာပါ။

Saturday, August 2, 2008

အချစ်ကဗျာ စုစည်းမှု

အချစ်ကဗျာလေးတွေကို သီးသန့် စုစည်းပြီး pdf Ebook လုပ်လိုက်ပါတယ်။ to download (click here)

အဲဒီ့အထဲက ကဗျာနှစ်ပုဒ်ကိုလည်း ပြန်တင်လိုက်ပါတယ်။

ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ

မပွင့်တပွင့် နှုတ်ခမ်းလေးက
မောင်လို့ တစ်ခွန်း ခေါ်လိုက်တိုင်း မှာ
သံယောဇဉ် ဝက်အူက
ရင်ကို တစ်ရစ်တင်းတယ်။

ချစ်သူ့ နှုတ်ခမ်းဖျားမှာ
မုန်တိုင်းတစ်ခု ဖွဖွကလေး တိုက်ရင်တောင်
ငါကနှလုံးသားတစ်ခုလုံး ဒေါင်ချာစိုင်းတဲ့ကောင်ပါ။

ပတ္တမြားသွေးနဲ့ 
ချစ်စရာနှုတ်ခမ်းလေးမှာ
စကားလုံးလေးတွေက တတွတ်တွတ်နဲ့ ပွင့်တယ်။
မာယာ သကြားတွေ ထည့်မထားတဲ့
စကားလုံး ရိုးရိုးလေးတွေက
ဘာကြောင့် ဒီလောက်ချိုနေရတာလဲ။
အဲဒီ့ စကားလုံးလေးတွေကိုပေါ့
ငါဝိုင်အရက် ချက်ပြီး တညလုံးမူးခဲ့တာ။

မျက်လုံးခြင်း ဆုံလိုက်တဲ့ အခိုက်အတန့် မှာ
အကြင်နာမြစ်တစ်စင်းက ငါ့သွေးကြောထဲကို ဖြတ်စီး
ခဏလေး လက်သွားတဲ့ လျှပ်စီးရောင်အောက်မှာ
အသည်း သဏ္ဍန်တိမ်စိုင်လေးတစ်ခုကို
ဝိုးတဝါးနဲ့ တွေလိုက်ရတယ်။
ဒါ ချစ်ခြင်းရဲ့ နိမိတ်လား။

လမင်းရဲ့ ဆွဲငင်အားနဲ့ 
သံယောဇဉ် ဒီရေတွေတရိပ်ရိပ်တိုး
နှလုံးသား ဆည် ကျိုးတဲ့နေ့ ကပေါ့။

ဟန်တစ်ခွဲသားနဲ့ အဖြူရောင် တံတိုင်းကြီးလည်း
တိုးတိုးလာတဲ့ ချစ်ခြင်း တွေကို ထမ်းပိုးရင်းက
မနိုင်မနင်းနဲ့  သူ့ အလိုလို ပြိုကျ၊
ချစ်စကားတွေ ငါ့နှုတ်ခမ်းက အလုအယက် ခုန်ထွက်လာတုန်းကပေါ့။
စကားလုံးတွေ တစ်လုံးနဲ့ တစ်လုံး ခလုတ်တိုက်မိပြီး
ငါ့စကားတွေက ထစ်သွားလိုက်တာ။

နှစ်ယောက်စလုံးရဲ့ ရင်ခုန်သံတွေက
တိတ်ဆိတ်မှုကိုဖြို
ချစ်သူ့ မျက်နှာမှာ
ရှက်သွေးတွေစိုသွားတဲ့ခဏပေါ့။
ငါလမင်းနီနီကို ပထမဆုံးအကြိမ် မြင်လိုက်ရတယ်။

ကျေးဇူးပြုပြီး တိတ်ပေးကြပါ
ဝင်သက်ထွက်သက်တို့ ၊
ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ
နှင်းဆီ တစ်ပွင့်စီ အိပ်နေလို့ ။

ကောင်းကင်ကို

**************

အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်

ခြောက်ကပ်ပြီး ပတ်ကြားအက်နေတဲ့
ငါ့နှလုံးသာ ဥယျာဉ်ထဲမှာ
ကန္တာရတို့ အဆုပ်လိုက် ပွင့်နေတယ်။

ညပေါင်း တစ်သောင်းကျော်စောင့်တာတောင်
ငါမျှော်နေတဲ့ လမင်းက
အခုထိ မသာသေးဘူး။

ငါဟာ
အချစ်ရဲ့ ပွင့်ချပ်တွေကို
ငါ့ဘဝလှေငယ်မှာ ရွက်တပ်ဖို
မဝံ့မရဲ
စောင့်နေတဲ့ သူပါ။

ခြေလှမ်းတလှမ်းလှမ်းလိုက်တိုင်း
အထီးကျန်မှုတွေက
ငါ့နောက်က တကောက်ကောက် လိုက်လာတယ်။

ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာမြေပြင်ရှိသေးတယ်၊
ဝေဒနာနဲ့ နှစ်ရက်တွေမှာငါ
ငိုစရာရင်ခွင် မရှိဘူး။

ကံကြမ္မာက အတင်းပစ်ချလိုက်တဲ့တိုက်ပွဲမှာ
လောကဓံရဲ့  လက်သီးချက်တွေနဲ့ 
ဘဝက ခဏခဏ ကွဲတယ်။
ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့သွေးတွေကို
အကြင်နာလက်တွေနဲ့ 
ဘယ်သူလာ ဆေးထည့်ပေးပါ့မလဲ။

သြာ်...
ငါ့ပါးနှစ်ဘက်ကမ်းခြေမှာ

အားတက်စေမဲ့ အနမ်းလှေဟာ
ဘယ်အချိန်လာရောက် ဆိုက်ကပ်လေမလဲ။

ကောင်းကင်ကို