Wednesday, May 26, 2010

သစ်ရွက်တွေရဲ့ စကားဝိုင်း

(၁)
ရင်ဘတ်မှာ မြှားတန်းလန်းနဲ့ လူနာတွေ…
ဘယ်သူတွေလဲလို့ ကြည့်လိုက်တယ်
ကျနော်တို့ ကိုယ်တိုင် ဖြစ်နေတယ်။

(၂)
လူ့ ဘဝဆိုတာ
မွေးကတည်းက ခြွေအချခံလိုက်ရတဲ့
သစ်ရွက်တရွက်ပါပဲ။

ပျံတက်ခြင်းနဲ့ ကြွေကျ
သူ့ ဘဝခရီး ခဏမှာ
သစ်ရွက် တရွက်က ဆိုတယ်
လူသားရဲ့အစ…ဘုရားသခင်ရဲ့ ဖန်ဆင်းမှုကတဲ့။
နောက်တရွက်က ငြင်းတယ်။
လူသားရဲ့အစ…ဗြဟ္မာကြီးလေးပါးက။

ဒီလိုနဲ့ 
ယုံကြည်မှု ‘ချို’တွေ တထောင်ထောင်နဲ့
သစ်ရွက်နှစ်ကောင် ခတ်တဲ့ကြားမှာ
နားရွက်လေး တစုံ ကြားညပ်သွားတယ်။

ကျနော်
မြှားဒဏ်ရာကိုသာ အာရုံရောက်နေတဲ့ သစ်ရွက်နု
ကိုယ်တိုင်မသိတဲ့အရာအတွက် ရန်ဖြစ်ဖို့ ဝန်လေးလှတဲ့ အရိုးစု
စားပွဲကို လက်သီးနဲ့ ဝုန်းခနဲထု
အာရုံတွေကို ကျနော့်ဆီ လုလိုက်တယ်။

ပစ္စုပ္ပန်ကို တည့်တည့်ကြည့်
မြင်နိုင်သလောက်ပဲပြောကြည့်မယ်။
လူဟာ လူက ဆင်းသက်တယ်။
ကောင်းကင်ကို

Friday, May 21, 2010

“အလင်းဖြူ” တမ်းချင်း


ကလေးငယ်တွေရဲ့ မျက်နှာဟာ
သီလမကျိုးသေးတဲ့ သတင်းစာ
ကလေးငယ်တွေရဲ့ ငိုသံဟာ
ဘက်လိုက်မှုကင်းတဲ့ မီဒီယာပေါ့
မျက်လုံးတွေထဲက စီးကျလာတဲ့ ကျည်ဆံတွေ
နှလုံးသားတိုင်းကို မှန်ပါစေ။

လက်တဆုပ်စာရဲ့ အတ္တတွေကြောင့်
သန်းပေါင်းများစွာရဲ့ ဆုတောင်းဆန္ဒတွေ
‘ဥ’ဘဝ မှာတင် သေတယ်။

ဟိုဘက် အလံရိပ်ဆီကလည်း ဘုရားဆီမှာ ဆုတောင်း
ဒီဘက် အလံရိပ်ဆီကလည်း အဲဒီ့ဘုရားဆီမှာပဲ ဆုတောင်း
လောဘရှေ့ထားတဲ့ ပူဇော်မှုတွေနဲ့
ကိုယ့်ကိုယ်ကိုဖြေသိမ့်လှည့်စား နေကြပုံတွေက
ဘုရားတွေဟာ ကိုယ်ခွဲများစွာနဲ့
နှစ်ဘက်ချွန်တွေ ကျနေတာပဲ။

သြော်…
လူတွေ လူတွေ…
အမြင်အာရုံ တံခါးတွေစေ့
ဘုရားတွေရှေ့မှာ ဓားသွေးနေကြပါလား။

၂၁ရာစုဦး ကျမ်းသစ်ထဲမှာ
လောကစောင့်နတ်မင်းဟာ
လူသားတွေကို သည်းခံနိုင်မှု ကုန်ဆုံး
ကောင်းကင် ကို လက်သီးနဲ့ ဝုန်းခနဲ ထုလိုက်တယ်။

မိုးကြိုးမုန်တိုင်းတွေ…ငလျင်တွေ…မီးတောင်ပေါက်ကွဲမှုတွေနဲ့
စစ်ပွဲတွေ…အကြမ်းဖက်မှုတွေ…သဘာဝပတ်ဝန်းကျင်ဖောက်ပြန်မှုတွေ
ဘုရားက လူတွေကို ဒဏ်ခတ်နေတာ မဟုတ်
လူတွေက လူတွေကို ဒဏ်ခတ်နေတာ။

ဘာသာရေး၊ မျိုးချစ်စိတ်၊ နိုင်ငံတော်အေးချမ်းသာယာရေး
နာမည်လှလှလေးတွေတပ်
သူတို့ လူသတ်ခဲ့ကြတယ်။

ငြိမ်းချမ်းရေး၊ လူသားဝါဒ၊ လွတ်လပ်မှု
ဒါတွေကို အရေးတကြီး ဟစ်ကြွေးနေရခြင်းကိုက
ဒါတွေ ရှိမနေခြင်းရဲ့ သက်သေပဲ။

မမှတ်မိနိုင်တော့တဲ့ မျက်နှာနဲ့
ဒီနေ့ ဂြိုလ်ကမ္ဘာမှာ
ရှေ့ဆုံးကလူကလည်း သေနတ်နဲ့
အကျိုးစီးပွါးကို အဓိကထား
အသက်တွေနဲ့ ဆော့ကစားတယ်။
နောက်ကလူတွေကလည်း မီအောင် မနည်းလိုက်
သြော်
ကမ္ဘာ့နိုင်ငံရေးဆိုတာ
ပန်းပန်ထားတဲ့ လူမိုက်ပါပဲ။

ရွာကြီးကိုက ဒုစရိုက်မို့ 
အားလုံးက တုတ်ဆောင် ဓားဆောင်
ကြောက်စိတ်နဲ့ အမောက်ထောင်နေရတယ်။

ရာဇဝင် အခန်းခန်းကလည်း
ယဉ်ကျေးမှု ဖန်ဆင်းခဲ့သူ ကဝေတွေထက်
စစ်ဘုရင်တွေကို credit ပေး
သမိုင်းကို မြှောက်ထိုးပင့်ကော် ရေးခဲ့ကြတယ်။

ဇာတ်ခုံတခုပေါ်မှာတော့
ဖိနပ်အမျိုးမျိုး ပြောင်းစီးနေသူတသိုက်
အချင်းချင်း လက်ဝါးရိုက်
မြေစာပင်တွေကို မီးတိုက်ကြတော့မယ်။

ဒေါသတချောင်းချောင်းနဲ့ ကျည်ဆံတွေကို
ရင်ဘတ်ချည်းသက်သက်နဲ့ခုခံရင်း
အသံတွေ မြစ်ဖျားခံရာဆီ လှမ်းကြည့်လိုက်တယ်။
တကယ့်အရေးအကြောင်း ကျတော့
ကမ္ဘာစောင့်နတ်တွေဟာ ကြက်ပျောက် ငှက်ပျောက်
သူတို့ စုဆောင်းထားတဲ့ တန်ခိုးတွေ
ဘယ်ရောက်ကုန်ပြီလဲ။

ငရဲခုန်ဝင်လာတဲ့ ဖန်သားပြင်ကို
ဇွတ်အတင်း ရုန်းကန် စိုက်ကြည့်
တစုံတရာကို အထိတ်တလန့် သိလိုက်တယ်။
ကမ္ဘာဟာ ကမ္ဘာနဲ့ တိုက်မိပြီး ပျက်စီးနိုင်တယ်။

မျက်လုံးတွေကို အတင်းအကြပ်ပြန်မှိတ်
နှလုံးခုန်သံကို ပုတီးလုပ်ပြီး စိပ်လိုက်တယ်။
ငိုသံ မျှင်းမျှင်းလေးတခု
မိုးခြိမ်းသံလို ဆူညံမှုပါပဲ။

ဗုံးတွေ ပလူပျံနေတဲ့ ခေတ်ဘီလူးမှာ
ရန်သူ့ရင်သွေးကို နို့ တိုက်နေတဲ့မိခင်တဦးကို
ထူးထူးဆန်းဆန်း ဖူးချင်တယ်။

ခြောက်သွေ့ နွမ်းညို
မျက်ဝန်းဂူစိုစို တွေထဲမှာ
အလင်းဖြူလေးတွေ တွေ့ချင်တယ်။

ကလေးငယ်တွေရဲ့ မျက်နှာဟာ
သီလမကျိုးသေးတဲ့ သတင်းစာ
ကလေးငယ်တွေရဲ့ ငိုသံဟာ
ဘက်လိုက်မှုကင်းတဲ့ မီဒီယာပေါ့
မျက်လုံးတွေထဲက စီးကျလာတဲ့ ကျည်ဆံတွေ
နှလုံးသားတိုင်းကို မှန်ပါစေ။
ကောင်းကင်ကို

Sunday, May 16, 2010

ရန်ကုန်နွေ

မီးပျက်အမှောင်မှာ
ဇီးကွက်တကောင်...
သြော်... ဒါလာဘ်ကောင်တဲ့။

ကပ်ထားတဲ့စာရွက်ပေါ်ကလို
နေအထွက်မှာ ရွှေခွက်နဲ့ ...ငွေအပြည့်မခပ်နိုင်ရင်နေပါ
နွေရက်မှာ ရေခွက်နဲ့ ...ရေအပြည့်ခပ်နိုင်ရင်တော်ပြီ။
ကောင်းကင်ကို

ကဗျာအဟောင်းလေးကို ပြန်တင်လိုက်တာပါ။

Saturday, May 15, 2010

ကွက်လပ်

ချစ်သူရဲ့ပေါင်ပေါ်မှာ
ကိုယ်စီအိပ်ပျော်နေတုန်း၊
တစုံတယောက်ရဲ့
ရိုက်အချိုးခံထားရတဲ့ ခြေထောက်
ဂိုးနားဆီကို လိမ်ခေါက် ဆွဲပြေး
ဂိုးရှေ့တည့်တည့်ကို ထိုးကျွေးလိုက်တယ်။
ဂိုးသွင်းမယ့်သူ မရှိဘူး။
ကောင်းကင်ကို

Tuesday, May 11, 2010

ပဋိပက္ခ

ကိုးကွယ်စရာတွေ ဆိုတာ
မျက်လုံးမှိတ်လိုက်မှသာ မြင်ရတာ။

ဒီလိုနဲ့ 
တယောက်အမှောင်ကို တယောက်က
မီးထိုးလိုက်တဲ့အခါ…..
ကောင်းကင်ကို

Saturday, May 8, 2010

မိုးဦးလေပြည်

လင်းဦး(စိတ်ပညာ) ကျော်ညိုသွေးတို့ စီစဉ်တဲ့ မိုးဦးလေပြည် ကဗျာ ebook ထဲက "အစာမြင်တွေ့ လျက်နဲ့" ဆိုတဲ့ ကဗျာပါ။ လင်းဦး(စိတ်ပညာ)၊ညီဇံလှ၊ သူရဿဝါ၊ သားဖြိုး၊ ဇာတိ၊ ရင်နင့်သူ၊ လေပြေ၊ ကျော်ညိုသွေး၊prizewai နဲ့ ကျနော် ပါဝင်ရေးသားထားပါတယ်။ အဲဒီ့ ကဗျာစာအုပ်ကို ဒေါင်းလုဒ် လုပ်ချင်ရင် link

အစာမြင်တွေ့လျက်နဲ့

ဖော်မြူလာ စကားပဲ ဟစ်တဲ့
ပေါ်ပြူလာ စတားလည်း မဖြစ်ချင်ဘူး။

အဖျားရှူး အပြောများနဲ့ 
ဘုရားထူး စကောလားလည်း မဖြစ်ချင်ဘူး။

ဇာတ်တိုက်သလိုပဲ လှုပ်ရှား
ဇာတ်လိုက်လိုလည်း လုပ်မစားချင်ဘူး။

အစုတ်ကို အကောင်း
အနုတ်ကို အပေါင်း ပြောတဲ့သူလည်း မဖြစ်ချင်ဘူး။

အကဲဒမစ်ဆန်တဲ့ သေနတ်မျိုးဆိုလည်း…. မကိုင်ချင်ဘူး။
ခဲပစ်သန်တဲ့ ပါးစပ်မျိုးကိုလည်း…. မပိုင်ချင်ဘူး။

သြော်…
ကဗျာခြင်္သေ့
အစာမြင်တွေ့ လျက်နဲ့ ….
ကောင်းကင်ကို

Monday, May 3, 2010

ကိုယ့်ကိုယ်ကို ဆယ်ယူခြင်း

ထမင်းအိုးလေးကွဲ၊
ပြီးတော့ အသည်းပါ ဆက်ကွဲ
ငါ့လမ်းလေး ရုတ်တရက် မှောင်မဲသွားလိုက်တာ။

ကိုယ် ခေါင်းကိုက်နေတာကို
သူစိမ်းတယောက် ကွယ်လွန်တာထက်
ပိုစိတ်ဝင်စား တတ်တယ် ဆိုတဲ့
လူ့ သဘာဝ ကြောင့်လား
ပြောရမှာ ရှက်၊ကြောက်၊အားနာ ပါရဲ့။
ငါ့ အသည်းကွဲသံက
ဗုံးကွဲသံတွေထက်တောင် ပိုကျယ်နေတယ်။

ငိုသူကငို
သီချင်းဆိုသူက ဆိုနဲ့ 
ပြုံးတဝက် မဲ့တဝက် ကမ္ဘာကြီးထဲမှာ
ငါရောက်နေတာ မှောင်နေတဲ့အခြမ်း
ငါ့ကိုယ်ငါလည်း မနိုင်မနင်း ထမ်းလို့။

အကောင်းတွေကိုမှ ရွေးပြီးကန်းတဲ့ အာရုံတွေက
ပန်းတွေအနား ဖြတ်သွားရင် နှာခေါင်း ပိတ်ထားဖို့ နဲ့
အလကားရတဲ့ အကူအညီတွေဆိုတာ
ထိန်းသိမ်းစောင့်ရှောက်ခ ဈေးကြီးလှကြောင်း
ဦးနှောက်ဆီကို သတင်းပို့ တယ်။

ငါက ငါပီပီ
ဆုတောင်းခြင်းကို အယုံအကြည် မရှိဘူးဆိုတော့
အများနည်းတူ ပုံသွင်းမထားခဲ့တဲ့ စိတ်ကို
ဘယ်လို အားပေးရပါ့မလဲ။

ဒီလိုနဲ့
ဘာရယ်မဟုတ်
ဆောက်တည်ရာ မဲ့နေတဲ့
ဗျာများလွင့်မျော ငါ့မနောဟာ
စာအုပ်တအုပ်မှာ အမှုမဲ့ အမှတ်မဲ့ ပြေးကပ်မိတယ်။

၁၉လ သမီး အရွယ်နဲ့
မျက်မမြင်နားမကြားခဲ့ရပေမယ့်
ကမ္ဘာကျော်သွားခဲ့တဲ့ ဟယ်လင်ကဲလား….
တကိုယ်လုံးမှာ့ လက်ချောင်းလေးတွေပဲ ရွှေ့နိုင်ပေမယ့်
အိုင်းစတိုင်းလက်သစ် ဖြစ်လာခဲ့သူ စတီဖင်ဟောကင်း….
ဘီသိုဗင်…ဂျွန်နက်ရှ်…ဟိုး ဧဝရက်တောင်ထိပ်က မျက်မမြင်…
ကြယ်ပေါင်း များစွာ…များစွာ

ဒီညတော့
ကိုယ့်ကိုယ်ကို မျက်နှာချင်းဆိုင်
ဖုံတက်နေတဲ့ အိပ်မက်လေးကို ပြန်ကိုင်လိုက်မယ်။
ကောင်းကင်ကို

Friday, April 30, 2010

ခွင့်မပြု

စိတ်ကမှ မခိုင်
အရိပ်က အစ မနိုင်လို့ ပါ။
ငါ့ကောင်းကင် အတွင်းမှာ
"ညတချောင်းငင်" ခြင်း ခွင့်မပြု။
ကောင်းကင်ကို

Thursday, April 22, 2010

စိတ်ခွန်အားစောင့်သူ

အမေ့ရဲ့ စကားလေးတခွန်း
သားအတွက် အားဆေးတဇွန်းပေါ့
အခုအခါ ပြန်မရနိုင်တဲ့ ဆေး။

အမေ သေသွားတဲ့အခါ
အမေ့ရဲ့နောင်ဘဝက…သားတဲ့။
ဒဿနကြွယ်လွန်းတဲ့ စကားအဆန်း
သားလက်ခုပ်ထဲကပန်းလေးတွေ
နွမ်းမသွား စေရပါဘူး အမေ။

အမေရေ…
ကြယ်တွေဆီ သွားဖို့ လမ်းပန်းခက်ခဲ
လူ့ဘဝ ကြိုးဝိုင်းထဲမှာ
မလွှဲသာ မရှောင်သာ
အင်အားမမျှတဲ့ပွဲတွေလည်း ပါတယ်။
အဲဒီ့အခါတိုင်း
အမေ့ မျှော်လင့်ချက်တွေနဲ့ ခြေရာတိုင်း
သား..အားတက်ပြီး တဒိုင်းဒိုင်းနဲ့ အလဲထိုး အနိုင်ယူပစ်လိုက်တယ်အမေ။

တခါတခါ
ကျောက်ဆောင်မှန်း ကြိုမသိရတဲ့ အရာတွေကို
အားကုန် ထိုးလိုက်မိလို့ 
လက်သီးတွေနာ၊ ခွန်အားပြုန်းတီး
သား အရှုံးကြီး ရှုံးသွားရင်တော့
ခေါင်းအုံးကို အမေ့ရင်ခွင် အမှတ်နဲ့ 
မျက်နှာအပ်ပြီး ငိုလိုက်တယ်။
ကောင်းကင်ကို

Saturday, April 17, 2010

ဒုလ္လဘ

အဲဒီ့တုန်းက
အနှိုင်းမဲ့ ဂုဏ်အင်နဲ့ ဘုရားရှင်ရဲ့ တရားတော်တွေကို မြင်လို့လည်း မဟုတ်ခဲ့ဘူး
ကျေးဇူးတော် အနန္တနဲ့ ဖန်ဆင်းရှင်ရဲ့ နှုတ်ကပတ်တော်ကို မြင်လို့ လည်း မဟုတ်ခဲ့ဘူး
မျက်မှောက်ငရဲထဲက လူသားတွေကိုမြင်လို့ 
“သဘာဝသနားစိတ်” ပေါ်
ငါ့ကရုဏာတွေ ငါ့အိမ် တံစက်မြိတ်ကို ကျော်ခဲ့တယ်။

အဲဒီ့တုန်းက
နောင်သံသရာအတွက် ကုသိုလ်ထုပ် အကြောင်းလည်း မတွေးခဲ့ဘူး။
ကောင်းကင်ဘုံရဲ့ ကတိတွေအကြောင်းလည်း မတွေးခဲ့ဘူး။
လူအချင်းချင်း ကိုယ်ချင်းစာစိတ်ပေါ်
ကိုယ့်ဒါနစိတ်လေးကို အလိုအလျောက် လျှော်မိတယ်။

အဲဒီ့လိုမျိုး
ရှားရှားပါးပါး အဖြစ်နဲ့ 
ဘဝကို တိုက်ပြီး ပြန်စစ်ကြည့်တော့
ငါဟာ အတ္တလောင်မြိုက်
ပေးလိုက်တဲ့ လက်နဲ့ တောင် ရသမျှ ပြန်နှိုက်နေချင်သူပါလား။

သြော်
ကိုယ်တိုင်လုပ် ပုံစံခွက်ထဲက
အလေ့ကျလူသား
ကိုယ်ကောင်းကြောင်း ကိုယ့်လိပ်ပြာကို ကိုယ်ပြသဖို့ 
အတ္တကင်းကြောင်း အတ္တကို ပြသဖို့ 
ငါ့ဆီကနေငါလွတ်မြောက်သွားတဲ့ ကာလ
ခဏလောက်ပြန်ရချင်လိုက်တာ။
ကောင်းကင်ကို

Wednesday, April 14, 2010

လောက အပြင်ဘက်က ကောင်းကင် အရောင်းဆိုင်

ဆိုင်ရိပ်ခိုလာသူ မှန်သမျှ
အမောပြေ စိတ်တိုင်းကျ သောက်ဖို့ 
ရေကြည်အေးတို့ တည်ခင်းထားပါတယ်။

Menu ကို ဖတ်ကြည့်လိုက်တော့…

“အနာဂတ်တွင်
သင်ယုံကြည်ရာ မှာယူ သုံးဆောင်နိုင်ပါလိမ့်မည်။
ယနေ့ ဘာမျှ မရပါ။”
ကောင်းကင်ကို

Saturday, April 10, 2010

ခက်တယ်

ဘယ်သူတွေ ဘယ်လို စိတ်မှန်းနဲ့
လေကိုဖမ်းပြီး ဒန်းဆင်ဆင်
ရှေ့ကတောင်ဟာ ဧဝရက်မှန်းနဲ့
ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်း
သိနေတာကလည်း ခက်တယ်။
ကောင်းကင်ကို

ခက်တယ် ဆိုတဲ့ ကဗျာရှည်ထဲက နောက်ဆုံးအပိုဒ်လေးကို ပြန်တင်လိုက်တာပါ။

Monday, April 5, 2010

ပွင့်မလာခဲ့တဲ့ တံခါးတွေပေါ်က

အနာဂတ် မရှိတော့ဘူးလို့ ထင်နေလည်း
မွေးရာပါ ရှင်သန်လိုစိတ်နဲ့ ဆက်ပြီး အလျှောက်
ရှေ့ နားကိုနည်းနည်းလေး အရောက်မှာ
အနာဂတ်က သူ့ လက်သီးနဲ့ ထိုးနှက်ထုထောင်း
သူရှိနေကြောင်းကို ခပ်ကြမ်းကြမ်းသက်သေပြတယ်။

ဒီလိုနဲ့ ရှင်သန်နေချင်စိတ်ကို နေရာတကျ ပြန်ထား၊
ပြီးတော့…ယာဉ်ကြော ကျပ်ကျပ်ထဲက ကားတွေလို
ခြေထောက်တွေကို စလိုးမိုးရှင်းနဲ့ ရွေ့ လျား
တနေ့ တလံတော့ သွားပါတယ်။
ပုဂံရယ်… ငါမရောက်ခင် မပျောက်ပါနဲ့ ။

ချွေးနဲ့ ရင်းပြီး ရလာခဲ့တဲ့ box မှာ
အာမခံချက်လေး တွေ့ မလားလို့ ဖောက်ကြည့်တယ်။
ကျေးဇူးတင်ပါသည်ဆိုတဲ့ စာကြောင်းနဲ့ 
ကံကောင်းပါစေဆိုတဲ့ စာသား
ရပါများလွန်းတော့ ခါးတယ်။

သွားရင်းလာရင်းနဲ့ တွေ့ ပါလိမ့်မယ်။
ပွင့်မလာခဲ့တဲ့ တံခါးတွေပေါ်က “ကြက်ခြေခြစ်”
အဲဒါ ကျနော့် လက်ဗွေဖြစ်တယ်။
ကောင်းကင်ကို

Thursday, April 1, 2010

စိတ်ရဲ့ အီနားရှား

မှတ်ချက်။ ။ ဒီကဗျာမှာပါတဲ့ meditation ဆိုတာဟာ serious thought ကို ပြောတာပါ။

စိတ်ရဲ့ အီနားရှား
အပူဇော တမျိုးနဲ့ 
လူတောမတိုးတဲ့ ကောင်မလေးကို
တရားသဘော ဆန်ဆန်လေး
ဒီလို အားပေးမိတယ်။

“သူ့လိုမလှလို့ 
ညီမ စိတ်မပျက်ပါနဲ့။
တိုက်အမြင့်ကြီးပေါ်က ကြည့်ရင်
ညီမလည်း အစက်လေးတစက်
သူလည်း အစက်လေးတစက်
တကယ်တော့
ကမ္ဘာကြီးကိုက အစက်လေးတစက်ပါပဲ။”

သမ္မတတွေလည်း အစက်လေးတစက်
ပြည့်တန်ဆာတွေလည်း အစက်လေးတစက်
အရာရာကို အစက်တစက်နဲ့ ညီမျှခြင်း ချကြည့်မိပြန်တော့လည်း
မထူးဇာတ်ခင်းနေရတဲ့ လူတယောက်လို
ကြိုးစားလိုစိတ် မဲ့သွားပြန်တယ်။

သြော်
Meditation တွေမှာတောင်… side effect တွေ ရှိသေးသလား?
စိတ်တခုရဲ့ အီနားရှားကို …ဘာနဲ့ …ထိန်းမလဲ။
ကိုယ်ရောင့်ရဲနေတဲ့ …အရာကို …ကြိုးစားဖြစ်ဖို့ …အရမ်းခက်တယ်။
ကိုယ့်သစ်ပင်ပေါ်က… ကိုယ်ကျတဲ့အခါ …ဘဝဟာ …အနာဆုံးပဲ။

မဇ္ဈိမကို… အလယ်အလတ် လို့ ….စကားလုံးဖလှယ်ဖို့  …အရမ်းလွယ်တယ်။
ကိုယ့်မဇ္ဈိမက …ဘယ်လောက်ဆိုတာမှန်း…. အသေအချာကွက်တိ…သိဖို့ ခက်တယ်။
တန်ဆေး…လွန်ဘေး ဆိုပဲ။
ခေါင်းမာခြင်းလား ၊မဆုတ်မနစ်ဇွဲလားတော့ …ရလဒ်ပေါ်မူတည်ပြီး …သတ်မှတ်ကြလိမ့်မယ်။

အိပ်မက်မီးကို… ထွန်းညှိဖို့ ဆို…..အစွဲအလမ်းမရှိရင်…ဘယ်လောင်စာသုံးမလဲ။
အားနည်းချက်တွေကပဲ… အားသာချက်မို့ … ဘယ်လိုဖယ်ရှား… ဘယ်လိုသယ်သွားရမလဲ။

အကန့် အသတ်မရှိဘူးဆိုတဲ့ ကောင်းကင်မှာ
လနှစ်စင်း မသာနိုင်ပါလား။

သြော်…
မောဟမြူအမှား တစုနဲ့ 
လောဘလူသားတဦးအတွက်
စိတ်ငြိမ်းချမ်းခြင်းနဲ့ အောင်မြင်မှု
အမှတ်နှစ်ခုအကြား
အတိုဆုံးမျဉ်းနဲ လမ်းဖောက်ဖို့ 
ပုံသေနည်းတို့ သိရင်ပြောပါ။
ကောင်းကင်ကို

Monday, March 29, 2010

မကျွတ်သေးတဲ့ တစ္ဆေ (ebook) download

ပုံနှိပ်ထုတ်ဝေခဲ့တဲ့ မကျွတ်သေးတဲ့ တစ္ဆေ ကဗျာစာအုပ် ဖြစ်ပါတယ်။ ဒီကို click ပြီး download ရယူနိုင်ပါပြီ။

Wednesday, March 24, 2010

ကတ္တီပါ စွမ်းအင်

မင်းမရှိလို့ တော့ မဖြစ်ပါဘူးကွယ်။
လှော်တက်တွေ နွမ်းဖတ်ခွေဖျော့
ငါ့ကဗျာမှာ ပန်းဓာတ်တွေလျော့ ကုန်မယ်။

မင်း မျက်နှာရိပ်ကို အကြိမ်ကြိမ်ဖတ်
အညွှန်းမြေပုံလို့ သတ်မှတ်ထားပါတယ်။
မုန်တိုင်းငယ်လေးကို အကြောင်းပြ
မင်း…လေထီးခုန်ချသွားရင်
ငါဟာ မောင်းသူမဲ့ ယာဉ်ပျံရထား
ဘယ်ကို သွားရမှာလဲ။

ကိုယ့်ရင်ခုန်သံနဲ့ ကိုယ်ပြန်ကနေတဲ့ ဘဝ တပုဒ်ကို
ရက်စက်ခြင်းနဲ့ ကြိုးမတုပ်လိုက်ပါနဲ့ ။

ငါအားတိုင်း ဖွဲ့ ဆိုနေတဲ့
ဘဝအကြို Intro တေးနု
မူပိုင်ခွင့် နှစ်ခုနဲ့ 
အပြီးသတ်ခွင့်ပြုပါ။
ကောင်းကင်ကို

Sunday, March 21, 2010

ကဗျာ ယူနိုက်တက်

ကမ္ဘာကြီးရဲ့ တနေရာရာမှာ
ငြိမ်ငြိမ်ကုတ်ကုတ်နဲ့ 
စာလုံးတွေ စီပြီး ဟိုဖြုတ် ဒီဖြုတ်
ကဗျာရုပ်လေး လုပ်နေရတာ ဝါသနာပါတယ်။

အလုပ်လက်မဲ့ အက္ခရာတွေကို စည်းရုံး
စာသားသက်သက် တီးလုံးတွေနဲ့ 
စာမျက်နှာ ကွင်းအနှံ့ 
လကာင်္တွေကို တပ်ဖြန့် လိုက်ပြီ။

ရသဦးစားပေးလွန်းတဲ့
ကဗျာယူနိုက်တက် အသင်း
ရင်ဘတ်တွေထဲကို ဂိုးတွေတော့သွင်းနိုင်ပါတယ်။
ဒါပေမယ့် အမှတ်ပေးဇယားရဲ့ အောက်ခြေမှာ

တခါတခါ ထိုးနှက်မှုလွန်ကဲ
တချို့ရဲ့အကြိုက်နဲ့ လွဲရင်
Web 2.0 ကွင်းထဲမှာ
ချက်ခြင်း အဆဲခံရတတ်သေးတယ်။

ကိုယ်ကတော့
အသင်းရဲ့  လစာမဲ့နည်းပြ
အက္ခရာတွေ ကစားဖျော်ဖြေ နေသမျှ
ပီကေ အစား ပီတိကို ဝါးပြီး
ကြည့်နေရရင် ကျေနပ်တယ်။
ကောင်းကင်ကို

Friday, March 19, 2010

ရမှတ်

ကင်းထောက်တွေ မရှိလောက်ဘူးအထင်နဲ့ 
ကိုယ့်မျက်ဝန်း ပြတင်းပေါက်ကနေ
သောကတွေ တစက်ပြီး တစက် ဖောက်ချလိုက်တာ
ကိုယ့်စိတ်က မြင်သွားတယ်။

ပဒေသရာဇ်အမိန့် ဆန်တဲ့ သူ့ စီရင်ချက်တွေအောက်မှာ
မိဘမဲ့သွားတဲ့ အလိုဆန္ဒများ
မလာတော့မယ့် ရထားကို စောင့်နေကြဆဲ။

ညက မက်တဲ့ အိမ်မက်ဆိုးအကြောင်းလား?
အချစ်ဆိုတဲ့ စာမေးပွဲမှာ
တလုံးလေးမှားလိုက်တာနဲ့ 
သုညပဲ ရခဲ့တယ်။
ကောင်းကင်ကို

Saturday, March 13, 2010

မဖွဲ့ တတ်တဲ့ ကဗျာ

ရင်ခွင်အနှံ့ တိတ်တိတ်လေး တပ်ဖြန့်ပြီးခို
ခံစားချက်ချိုချိုတွေကို ကိုယ်စားပြုဖို့ 
ကဗျာ blog တွေကိုသွား
အက္ခရာတွေကို လိုက်ငှားကြည့်တော့လည်း
အားလုံးက ပေါ့နေ
စိတ်ကြိုက် တပိုဒ်တလေတောင် မတွေ့ ဘူး။
ငါပြောချင်နေတဲ့ စကားနဲ့ 
ကဗျာတွေပြောနိုင်တဲ့စကားက
ပန်းနဲ့ ကျောက်သားတွေလို ကွာနေတယ်။

ဒီလိုနဲ့ စိတ်ကိုပြောင်း
သီချင်းကောင်းလေးတွေရှိတတ်တဲ့ website ကို
နှလုံးသားဦး လှည့်လိုက်တယ်။
တကယ့် အရေးအကြောင်းကျတော့
အဲဒီ့သီချင်းတွေလည်း
ငါ့နက်နဲ တဲ့အချစ်ကို အသံလွှင့်ဖို့ 
ကြယ်တပွင့်အဆင့်တောင် မစွမ်းဆောင်နိုင်ဘူး။

ရုပ်ပုံတပုံမှာ
စကားလုံးပေါင်းများစွာပါသတဲ့။
အရောင်နဲ့ ရေးထားတဲ့ ကဗျာတွေဆီကိုသွားတယ်။
ဒါပေမယ့်….
အဲဒီ့ သက်တန့် ဆေးစက်တွေကလည်း
သူ့ ကို အရမ်းချစ်တဲ့ ငါ့သွေးစက်တွေအကြောင်း
ပေါ်လွင်အောင် စာလုံးမပေါင်းနိုင်ဘူး။

ခက်တယ်! ဘယ်လိုပြောပြ ရပါ့မလဲ။
ငါ့မျက်လုံးတွေက
ငါ့ဦးနှောက် ဘယ်၊ညာ နှစ်ခြမ်းလုံးကို
အဲဒီ့ သက်ရှိကဗျာလေး ဖတ်ပြလိုက်တိုင်း
ငါ့ရင်ခွင် ဘယ်ဘက်ခန်းထဲက
ပုံမှန် ခုန်နေကျ နာရီတလုံး
အမြန်နှုန်း အရမ်းမြင့်သွားတတ်တယ်ဆိုတာ။
ကောင်းကင်ကို

Wednesday, March 10, 2010

ကိုယ့်အဖြစ်

အချစ်ဆိုတာက
အသက်တိုလွန်းတဲ့ ဖယောင်းတိုင်။

အလွမ်းဆိုတာကတော့
စကားလုံးတွေရတဲ့ အရောင်းဆိုင်။
ကောင်းကင်ကို

Sunday, March 7, 2010

ရန်ကုန် နဲ့ ပတ်သတ်တဲ့ကဗျာလေးပုဒ်


ရန်ကုန်နဲ့ ပတ်သတ်တဲ့ ကဗျာဟောင်း လေးပုဒ်ကို ညီမ သံစဉ်ဖြိုး လုပ်ပေးတဲ့ ဒီဇိုင်းနဲ့ ပြန်တင်လိုက်ပါတယ်။

နန်းအချ ခံခဲ့ရတဲ့ မြို့ 

ကိုယ့်မြို့ ကိုယ် အိန်ဂျယ်လ်တပါးနဲ့ တင်စားမယ်ဆိုရင်တောင်
ရန်ကုန်ဟာ
လျှပ်စစ်မီးမရတဲ့ညနဲ့ 
နတ်ဖြစ်ပြီးမလှတဲ့ဘဝ။

ကိုယ့်အမေ ကိုယ့်ဆီလာတာတောင်မှ
ခွေးသားကြီးတွေနဲ့ မျက်နှာခြင်းဆိုင်
ပြေးလွှားပြီး ဧည့်စာရင်းတိုင်နေရတယ်။

အပြင်ပန်းတွေပြောပြီး လုပ်စားနေတဲ့မြို့ မှာ
သင်တန်းတွေပေါပြီး အလုပ်ရှားတယ်။

အရှေ့ တောင်အာရှရဲ့ မာနမင်းသားဟောင်းဟာ
နအဖ ဗိုလ်ချုပ်များရဲ့ လက်သီးပြင်းနဲ့ 
တစစ ပိုစုတ်သွားအောင် ဖျက်ဆီးခြင်း ခံနေရတယ်။

ရန်ကုန်မြို့ရဲ့ ရင်ဝမှာ နားကိုကပ်
ကြားတာကို ကြားသလိုမှတ်ကြည့်တော့
အလုပ်လက်မဲ့ ပွဲစားတွေရဲ့ လေရောင်းသံတွေ
မီးလာတုန်းမှာ အလုအယက် ရေမောင်းသံတွေ

ကုန်းအော်နေတဲ့ စပါယ်ယာတွေရဲ့ ရွှေစောင်းသံတွေ
ရုံးပေါ်က ကယ်ပါတွေရဲ့ ငွေတောင်းသံတွေနဲ့ 
ရန်ကုန်မှာ
အသံစုံနေတော့တယ်။
ကောင်းကင်ကို

***************

ညနဲ့ ဆေးခါးတစက်

ဒုက္ခ နက္ခတ်တွေ ချည်းထွန်းတဲ့
ရန်ကုန်မြို့ ရဲ့ ညခင်းမှာ
တခြမ်းပဲ့ လမင်းဟာ
တိမ်တွေကြားမှာ တိုးရင်းဝှေ့ ရင်းနဲ့ 
က္ကုနြေ္ဒ မရစွာ အိုးနင်းခွက်နင်းထွက်လာတယ်။

ဒဏ်ရာတွေကို စိတ်ထဲမှာ သီကြည့်ရင်းနဲ့ 
စားပွဲပေါ်ကိုကြည့်လိုက်တော့
ဖယောင်းတိုင်လေး …တွေနေတယ်။
ဘော(လ်)ပင်ကလေး….သေနေတယ်။
စိတ်ဓာတ်တွေက ညနဲ့ အပြိုင်မှောင်လို့ ၊
အိပ်မက်တွေက ဘဝမီးလျှံမှာ လောင်လို့ ။

ညမှာ
မျှော်လင့်ချက်လဝန်းလေး
ခပ်ရေးရေးရှိရင်ဖြေသာပါသေးတယ်။
ခုဟာက
မှောင်နေရတဲ့အထဲ
ဘာအလင်းရောင်မှ ပေးနိုင်စွမ်းမရှိတဲ့
ဒုက္ခနေဆယ်စင်းပဲ ခပ်ပြင်းပြင်းပူနေတဲ့အဖြစ်။

ဘဝဟာ
တော်စတွိုင်းပြောသလိုမျိုး
ဓားသွားထက်က ပျားရည်တစက်ဆိုရင် ဖြေသာပါသေးတယ်။
ခုပာာက
လှံစွပ်ဖျားက
ဘာ အာနိသင်မှမရှိတဲ့
ဆေးခါးတစက်ကိုခုံမင်နေရတဲ့ အဖြစ်။

ညရယ်။ မင်းနှစ်သက်တဲ့ အမှောင်ဝတ်စုံကိုချွတ်ပါတော့။
ဘဝရယ်။ နိုးလျက်နဲ့ မက်နေရတဲ့ အိပ်မက်ဆိုးတွေကနေ လွှတ်ပါတော့။
ကောင်းကင်ကို

****************

ရန်ကုန်နွေ

မီးပျက်အမှောင်မှာ
ဇီးကွက်တကောင်...
သြော်... ဒါလာဘ်ကောင်တဲ့။

ကပ်ထားတဲ့စာရွက်ပေါ်ကလို
နေအထွက်မှာ ရွှေခွက်နဲ့ ...ငွေအပြည့်မခပ်နိုင်ရင်နေပါ
နွေရက်မှာ ရေခွက်နဲ့ ...ရေအပြည့်ခပ်နိုင်ရင်တော်ပြီ။
ကောင်းကင်ကို

***************

ငါနေတဲ့နေရာ

ငါနေတာ လင်းတလှည့် မှိန်တလှည့် ကြယ်မြို. လေး တမြို့ မှာ
ငါနေတာ မီးလင်းနေရင် ဘယ်လိုမှမအိပ်တတ်တဲ့ ဇီဇာကြောင်တဲ့ မြို့ လေးမှာ
ငါနေတာ “ဧည့်သည်လာရင် မကြည်ဖြူတဲ့အိမ်ရှင်မ” နဲ့ တူတဲ့ မြို့ လေးမှာ
(ဧည့် စာရင်း တိုင်ရတယ်လေ)
ငါနေတာ တစ်နာရီလောက် ငရဲခံဖို့ အရေး ၁၀၀ ကျပ်ပေးရတဲ့ မြို့ လေးမှာ
ငါနေတာ သန့် ရှင်းစေချင်လို့ မိုးစက်တွေနဲ့ ရေချိုးပေးကာမှ တကိုယ်လုံးက အနာတွေစိုရွှဲပြီး ပိုညစ်ပတ်သွားတဲ့  မြို့ လေးမှာ
ငါနေတာ ပထွေးကမဆင်လို့  တနေ့ တခြား စုတ်ခြာလာတဲ့  “သူဆင်းရဲမ”မြို့ လေးမှာ
ငါနေတာ ပထွေးကိုရွံလို့ ပတ်ဝန်းကျင်က ဝိုင်းကြဉ်ထားတဲ့  “အထီးကျန်မ” မြို့ လေးမှာ
ငါနေတာ နာတာရှည်နိုင်ငံရေးဝေဒနာတနေ့ တခြား ဆိုးရွားလာတဲ “့လူမမာမ” မြို့ လေးမှာ။
ငါနေတာ မနှစ်ကမှ လင်ဆိုးကြီးနဲ့ ကွာရှင်းခွင့် ရလိုက်တဲ့  “တခုလပ်မ” မြို့ လေးမှာ (ပျဉ်းမနားပြောင်းသွားပြီလေ)
ငါနေတာ နေပူနေတာတောင် “ခမောက်”ဆောင်းကြည့် ခွင့် မရခဲ့တဲ့ မြို့ လေးမှာ
ကောင်းကင်ကို (ဒီကဗျာကိုတော့ ၂၀၀၆ ခုနှစ်တုန်းက ရေးဖွဲ့ ခဲ့တာပါ။)

Friday, March 5, 2010

သေနတ်

ငါဟာ..
အချိန်ပြည့် ကိုယ့်ကိုယ်ကို မောင်းတင်ထားတဲ့သေနတ်
ကျည်ပြတ်နေတာ တခုပဲ။
ကောင်းကင်ကို

Wednesday, March 3, 2010

အမှတ်မထင်

powerpoint နဲ့ လုပ်ထားတဲ့ဟာလေးကို powerpoint တင်တာ မရလို့  pdf ပြောင်းပြီး တင်လိုက်တာပါ။ pdf ပြောင်းတော့ စာတွေ နည်းနည်း ဝါးသွားတယ်။ ပုံတွေက google ကနေ ရှာထားတာပါ။ ကဗျာဟောင်းလေးကို လုပ်ထားတာပါ။
File1 Final)

Monday, March 1, 2010

Friday, February 26, 2010

စီ

အက္ခရာ ၂၆လုံးထဲက C ဆိုတဲ့တလုံး
အမုန်းနဲ့ ဖြုတ်ပစ်လိုက်ချင်တယ်။

C ကို cupid ဖြစ်မယ်ထင်ခဲ့တာ
C က curse တဲ့။

C…အိပ်မက်ဆိုးတွေ တန်းစီနေတယ်။
C…ဘယ်အချိန်မှန်းမသိ ထပေါက်ကွဲနိုင်တဲ့ ဗုံးတလုံး
C…စိတ်နဲ့ ကိုယ်နဲ့ ကြားမှာ ခပ်စိမ်းစိမ်းဖြစ်ရပြီတဲ့။
C…အပျော်မျက်နှာတွေကို ထိုးနှက်လိုက်တဲ့ လက်သီးတလုံး

ရောဂါကူးစက်မှုဟာ
ဖယောင်းတိုင်မီး ကူးသလိုမျိုးမဟုတ်ပဲ
လက်ဆင့်ကမ်း ရွှေ့ ပြောင်းယူလို့ ရကြေးဆိုရင်
ငါ့အသည်းက
ပိုးမွှားတွေကို မွေးမြူပေးဖို့ အသင့်။

ချစ်သူရေ
ဘာမှမကျိန်းသေတဲ့လောကကြီးထဲမှာ
မှန်းထားတဲ့အိပ်မက်ရက်တွေ မရောက်မီ
ငါကြွေပြီး မင်းနေကောင်းသွားခဲ့ရင်
သံယောဇဉ် တနွယ်ထပ်ပျိုး
ပိုလုံခြုံမယ့် ထီးကိုမိုးလိုက်ပါ။

မင်းကြွေသွားရင်တော့
ငါ့ကလောင်မှာ နှလုံးသွေးတွေဆိုး
မင်းရဲ့ အရိုးနဲ့ ငါလက်မှတ်ထိုးမယ်။
ကောင်းကင်ကို

Happy Birthday, my dear

Wednesday, February 24, 2010

ဧည့်သည်

ပျော်ရွှင်ကြည်နူးနေပြီဆို
အချိန်တွေက အပြေးသန်တယ်။

ဒီလိုနဲ့ 
ရွှေရောင်နေ့ရက်တို့  ခဏတာ နောက်
တစ္ဆေတကောင်ပြေးတက် တံခါးလာခေါက်တယ်။

နှစ်ထပ်မှာ arrivals
လေးထပ်မှာ depatures တဲ့။
ဒီလေဆိပ်မှာ
နတ်ပြည်နဲ့ ငရဲက
နှစ်ထပ်ပဲခြားတယ်။

ဝေးရတော့မယ်….
မှေးစက်ချင်တဲ့ ပုခုံးလေးတွေ၊
ဆေးဘက်ဝင်တဲ့ အပြုံးလေးတွေနဲ့ ဝေးရတော့မယ်။

ငါလွှတ်ပေးလိုက်ရမယ့် လက်ကလေးတွေထဲမှာ
ကမ္ဘာတခုလုံးပါသွားတော့မှာပါလား။

အချိုဆုံးကို စားပြီးစ အခါမှာ
အားလုံးဟာ ခါးသွားသတဲ့။

လွမ်းဆွတ်ခြင်းဓားစက် လက်ချက်နဲ့ 
ရုပ်နဲ့ နာမ် အိုးစားကွဲသွားရတဲ့အခါ....

စိတ်က သူနဲ့လိုက်သွားပြီး
ခန္ဓာကိုယ်က လေဆိပ်ကနေ ပြန်လာရတဲ့အခါ
နေသားကျခဲ့ဖူးတဲ့ ကန္တာရတခုဟာ
နဂိုထက်ပိုခြောက်ခန်းသွားတော့တယ်။
ကောင်းကင်ကို

Thursday, February 18, 2010

ဂျပန်နှင့် စင်ကာပူမှ ကဗျာစာအုပ်ကို အားပေးလိုသူများ

ဂျပန်နဲ့ စင်ကာပူမှာ ကျနော့် ကဗျာစာအုပ်တွေ ရောက်နေပါပြီ။ ဂျပန်မှ ကဗျာစာအုပ်ကို အားပေးလိုသူများ kantkawoo11@gmail.com သို့ ဆက်သွယ်ကာ မှာယူအားပေးနိုင်ပါသည်။ စင်ကာပူမှ စာအုပ်မှာယူလိုသူများကတော့ ကျနော့် အီးမေးလ် kaungkinko@gmail.com သို့ ဆက်သွယ်မှာယူနိုင်ပါသည်။ ထိုင်းနိုင်ငံမှ မှာယူလိုသူများလည်းကျနော့် အီးမေးလ်ကို ဆက်သွယ် မှာယူနိုင်ပါသည်။

အလဟဿ

အထူးဖြောင့်နေခဲ့တဲ့လမ်းမှာ
ကိုယ့် အခူးစောင့်နေခဲ့တဲ့ ပန်းကို
အိပ်မက်တခုပြီးမှ
တရေးနိုးအနမ်းနဲ့ 
သွေးတိုးအစမ်း….

ဝင်လာတဲ့အဖြစ်ဆန်းနဲ့ 
ရင်မှာမှည့်အချစ်ပန်းတို့ ကြုံခိုက်
ဝဲလာတဲ့ အခွင့်အလမ်းကို နှလုံးသားနဲ့ ခုန်အတိုက်မှာ
မြားနတ်မောင် ဒိုင်လူကြီးက
အပြစ်လွန်တဲ့သဘောနဲ့ 
အချစ်ကျွံဘောအဖြစ် သတ်မှတ်လိုက်တယ်။
ကောင်းကင်ကို

Wednesday, February 10, 2010

ကဗျာစာအုပ်ထွက်တော့မည်


ကျနော့်ရဲ့ ကဗျာစာအုပ် "မကျွတ်သေးတဲ့ တစ္ဆေ" ကို ဖေဖော်ဝါရီ ၁၃ရက်နေ့ မှာ (ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၅နှစ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ်) ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။ ကဗျာစုစုပေါင်း ၅၅ ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့ အခြေစိုက် အလင်းရောင်စာကြည့်တိုက် မှ ထုတ်ဝေပေးတာဖြစ်ပါတယ်။ ကဗျာစာအုပ်ကို အပိုင်းဆယ်ပိုင်း ခွဲထားပါတယ်။

အပိုင်းတစ်…အိပ်မက်ထဲက ခေါင်းဆောင် (ဗိုလ်ချုပ်အောင်ဆန်းအကြောင်း အမှတ်တရ ကဗျာပါ)
အပိုင်းနှစ်…နိုင်ငံရေးကဗျာစု
အပိုင်းသုံး…အမေ့အိမ်ကို လွမ်းဆွတ်မှု ကဗျာစု
အပိုင်းလေး…ရန်ကုန်
အပိုင်းငါး…ရင်ခုန်သံ ငါးဆယ့်လေး (ဒေါ်အောင်ဆန်းစုကြည်အကြောင်း ကဗျာ)
အပိုင်းခြောက်…ဖောက်ထွက်တွေးကြည့်မှု ကဗျာစု
အပိုင်းခုနစ်….ကျောင်းသားဘဝနဲ့ တက္ကသိုလ်
အပိုင်းရှစ်…ပုဂ္ဂလိက ပေါက်ကွဲမှု
အပိုင်းကိုး…အချစ်ကဗျာစု၊ ဘဝကဗျာစု
အပိုင်းတဆယ်…ကဗျာအမြည်း၊စာအမြည်း

မျက်နှာဖုံးဒီဇိုင်းကို ဘလော့ဂါ ကိုအောင်သာငယ်က မေတ္တာဖြင့် ရေးဆွဲပေးထားတာ ဖြစ်ပါတယ်။ ကျောဖုံးနဲ့ အတွင်း ပန်းချီသရုပ်ဖော်ကိုတော့ ကိုအောင်လတ်က ဆွဲပေးထားတာပါ။ စာအုပ်မှာ စာမျက်နှာ စုစုပေါင်း ၁၅၄ မျက်နှာ ပါဝင်ပါတယ်။ အောက်က PDF ဖိုင်ကတော့ အပိုင်းခွဲထားတဲ့ စာမျက်နှာတွေကို ရွေးချယ်ဖော်ပြထားတာ ဖြစ်ပါတယ်။

PageFrom_Final (Ma Kyut Thay Delt Ghost)

မျက်နှာဖုံးကတော့ ကာလာနဲ့ ဖြစ်ပြီး အတွင်းစာမျက်နှာတွေက အဖြူအမည်းနဲ့ ပါ။ စာအုပ်မှာချင်သူတွေ ဆက်သွယ်ရန် ဖုန်းနံပါတ်နဲ့ အီးမေးလ်ကတော့ ကောင်းကင်ကို (0890347167) kaungkinko@gmail.com နဲ့ ကိုစံဂျူး 0894917309 (zawaung24@gmail.com) သို့ ဆက်သွယ်နိုင်ပါတယ်။

Wednesday, February 3, 2010

ヒューマン イコール ヒューマン (လူညီမျှခြင်းလူ) ကျနော်မဖတ်တတ်တဲ့ ကျနော့်ရဲ့ ကဗျာ

ヒューマン イコール ヒューマン (Translated by Ko Nyi Min Htin and Ma Khin Lay Nge)

ビルマの経営者が

ビルマの少年労働者を怒鳴ってるとき

日本のじいちゃんがビルマの子供たちのために寄付を。。。


「顔の」区別が難しい人同士が

市内で内戦を広げてるとき

ドイツの医者がアフリカの患者たちに治療を。。。


本当は、

愛さえあれば

民族が違っても、人種が違っても

俺らは皆、家族。


ある親が我が子を置き去りにしたとき

アンジェリーナジョリが各国の子供を養子として引き取る

僧院が孤児の世話を。。。


本当は、

憐憫(れんびん)の情は魔法だ

親戚じゃなくても

俺らは皆、家族。


愛国者の仮面を被って、ナチスの演説をするな

異なる人種が作る映画は、恋愛が少なく

戦争が多いのはなぜ?


歴史から学んだ事って。。

宝よりゴミを選んで集める

ヒューマンに、片目だけある理由はなぜ?


集団互いが影響を与えようとすれば

地球に残るのは痛みだけ

お互い憎むと。。ハンムラビが世界の神々より

影響力を持つ。


人類は武力を備える事で、自らの勢力を弱めてる

戦争の始まりは誰かの憎しみが原因だ。


分割したい人たちのため血液型「民族」は一千以上、

輸血を必要としている患者のため血液型は四つだけ。

ほら、

母達を見てごらん

愛に目がある。

憎しみというのは

全盲で、苦しいし

霧に包まれてるような。。。

(Translated by Ko Nyi Min Htin and Ma Khin Lay Nge)
(Composed by Kaung Kin Ko)

လူညီမျှခြင်းလူ

မြန်မာအလုပ်ရှင်က
မြန်မာစားပွဲထိုးလေးတွေကို ဆူနေချိန်မှာ
ဂျပန် အဖိုးအိုက
မြန်မာ ကလေးငယ်တွေအတွက် လှူနေတယ်။

ခွဲခြားဖို့ ခက်သူ အချင်းချင်း
‘မြို့ တွင်းစစ်’ ခင်းနေချိန်မှာ
ဂျာမန် ဆရာဝန်က
အာဖရိကန် လူနာတွေကို ကူနေတယ်။

သြော်
မေတ္တာသာကူ
လူမျိုးတူဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။

မိဘတယောက်က ကိုယ့်ရင်သွေးအရင်းကို စွန့် ပစ်လိုက်ချိန်မှာ
ဂျိုလီက နိုင်ငံစုံက ကလေးငယ်တွေကိုမွေးစားတယ်။
ဒုက္ခရောက်နေတဲ့ ကလေးငယ်တယောက်ကို
ဘုန်းကြီးကျောင်း တကျောင်းက ကျွေးထားတယ်။

သြော်
ကရုဏာဆိုတာ…မှော်၊
အမျိုးတော်ဖို့ မလိုဘူး
ငါတို့ အားလုံး မိသားစုပဲ။

မျိုးချစ်စိတ် အရေခြုံပြီး နာဇီစကားတွေ လာမပြောနဲ့ ။
လူမျိုးကွဲတွေကြားမှာ ဘာကြောင့် အချစ်ကားတွေနည်းပြီး စစ်ကားတွေများနေရတာလဲ။
သမိုင်းသင်ခန်းစာ တချို့က ရတနာတွေထက် အမှိုက်တွေကို ရွေးပြီးစုတယ်။
လူတွေမှာ ဘာအကြောင်းကြောင့် မျက်လုံးတဘက်တည်း ရှိနေရတာလဲ။

တစုကို တစုက လွှမ်းမိုးချင်ရင် ကမ္ဘာမှာ အနာတွေချည်းပဲ ကျန်လိမ့်မယ်။
မုန်းတီးလာကြတဲ့အခါ ဟမ္မူရာဘီက ဘုရားတွေထက်တောင် ပိုသြဇာညောင်းမယ်။
လူသားထုကြီးဟာ လက်နက်တပ်ဆင်ခြင်းအားဖြင့် ကိုယ့်အင်အား ကိုယ်လျှော့နေကြတယ်။
စစ်ပွဲတွေဆိုတာ အမုန်းလက်နက်နဲ့ တယောက်ယောက်ရဲ့  စိတ်ထဲမှာပဲ စတင်တယ်။

ခွဲခြားချင်သူ လူတွေ အတွက်တော့ သွေးအမျိုးပေါင်း ထောင်ချီရှိမယ်။
သွေးလိုနေသူ လူနာအတွက်တော့ သွေးအမျိုးအစား လေးမျိုးတည်းရှိတယ်။
သြော်
မိခင်တွေကိုကြည့်
အချစ်မှာ မျက်စိရှိတယ်။
အမုန်းဆိုတာကတော့
ကြောင်တောင်ကန်းမျက်လုံး
ပူပေမယ့် မြူတွေဖုံးနေတယ်။
ကောင်းကင်ကို

ဘာသာပြန်ပေးတဲ့ ကိုညီမင်းထင်၊ မခင်လေးငယ်နဲ့ ဒီကဗျာကို ရေးဖြစ်အောင် တိုက်တွန်းအားပေးခဲ့တဲ့ အမည်မဖော်လိုသူ အမ တဦးအား ကျေးဇူးအရမ်းတင်မိပါတယ်။