Sunday, March 7, 2010

ရန်ကုန် နဲ့ ပတ်သတ်တဲ့ကဗျာလေးပုဒ်


ရန်ကုန်နဲ့ ပတ်သတ်တဲ့ ကဗျာဟောင်း လေးပုဒ်ကို ညီမ သံစဉ်ဖြိုး လုပ်ပေးတဲ့ ဒီဇိုင်းနဲ့ ပြန်တင်လိုက်ပါတယ်။

နန်းအချ ခံခဲ့ရတဲ့ မြို့ 

ကိုယ့်မြို့ ကိုယ် အိန်ဂျယ်လ်တပါးနဲ့ တင်စားမယ်ဆိုရင်တောင်
ရန်ကုန်ဟာ
လျှပ်စစ်မီးမရတဲ့ညနဲ့ 
နတ်ဖြစ်ပြီးမလှတဲ့ဘဝ။

ကိုယ့်အမေ ကိုယ့်ဆီလာတာတောင်မှ
ခွေးသားကြီးတွေနဲ့ မျက်နှာခြင်းဆိုင်
ပြေးလွှားပြီး ဧည့်စာရင်းတိုင်နေရတယ်။

အပြင်ပန်းတွေပြောပြီး လုပ်စားနေတဲ့မြို့ မှာ
သင်တန်းတွေပေါပြီး အလုပ်ရှားတယ်။

အရှေ့ တောင်အာရှရဲ့ မာနမင်းသားဟောင်းဟာ
နအဖ ဗိုလ်ချုပ်များရဲ့ လက်သီးပြင်းနဲ့ 
တစစ ပိုစုတ်သွားအောင် ဖျက်ဆီးခြင်း ခံနေရတယ်။

ရန်ကုန်မြို့ရဲ့ ရင်ဝမှာ နားကိုကပ်
ကြားတာကို ကြားသလိုမှတ်ကြည့်တော့
အလုပ်လက်မဲ့ ပွဲစားတွေရဲ့ လေရောင်းသံတွေ
မီးလာတုန်းမှာ အလုအယက် ရေမောင်းသံတွေ

ကုန်းအော်နေတဲ့ စပါယ်ယာတွေရဲ့ ရွှေစောင်းသံတွေ
ရုံးပေါ်က ကယ်ပါတွေရဲ့ ငွေတောင်းသံတွေနဲ့ 
ရန်ကုန်မှာ
အသံစုံနေတော့တယ်။
ကောင်းကင်ကို

***************

ညနဲ့ ဆေးခါးတစက်

ဒုက္ခ နက္ခတ်တွေ ချည်းထွန်းတဲ့
ရန်ကုန်မြို့ ရဲ့ ညခင်းမှာ
တခြမ်းပဲ့ လမင်းဟာ
တိမ်တွေကြားမှာ တိုးရင်းဝှေ့ ရင်းနဲ့ 
က္ကုနြေ္ဒ မရစွာ အိုးနင်းခွက်နင်းထွက်လာတယ်။

ဒဏ်ရာတွေကို စိတ်ထဲမှာ သီကြည့်ရင်းနဲ့ 
စားပွဲပေါ်ကိုကြည့်လိုက်တော့
ဖယောင်းတိုင်လေး …တွေနေတယ်။
ဘော(လ်)ပင်ကလေး….သေနေတယ်။
စိတ်ဓာတ်တွေက ညနဲ့ အပြိုင်မှောင်လို့ ၊
အိပ်မက်တွေက ဘဝမီးလျှံမှာ လောင်လို့ ။

ညမှာ
မျှော်လင့်ချက်လဝန်းလေး
ခပ်ရေးရေးရှိရင်ဖြေသာပါသေးတယ်။
ခုဟာက
မှောင်နေရတဲ့အထဲ
ဘာအလင်းရောင်မှ ပေးနိုင်စွမ်းမရှိတဲ့
ဒုက္ခနေဆယ်စင်းပဲ ခပ်ပြင်းပြင်းပူနေတဲ့အဖြစ်။

ဘဝဟာ
တော်စတွိုင်းပြောသလိုမျိုး
ဓားသွားထက်က ပျားရည်တစက်ဆိုရင် ဖြေသာပါသေးတယ်။
ခုပာာက
လှံစွပ်ဖျားက
ဘာ အာနိသင်မှမရှိတဲ့
ဆေးခါးတစက်ကိုခုံမင်နေရတဲ့ အဖြစ်။

ညရယ်။ မင်းနှစ်သက်တဲ့ အမှောင်ဝတ်စုံကိုချွတ်ပါတော့။
ဘဝရယ်။ နိုးလျက်နဲ့ မက်နေရတဲ့ အိပ်မက်ဆိုးတွေကနေ လွှတ်ပါတော့။
ကောင်းကင်ကို

****************

ရန်ကုန်နွေ

မီးပျက်အမှောင်မှာ
ဇီးကွက်တကောင်...
သြော်... ဒါလာဘ်ကောင်တဲ့။

ကပ်ထားတဲ့စာရွက်ပေါ်ကလို
နေအထွက်မှာ ရွှေခွက်နဲ့ ...ငွေအပြည့်မခပ်နိုင်ရင်နေပါ
နွေရက်မှာ ရေခွက်နဲ့ ...ရေအပြည့်ခပ်နိုင်ရင်တော်ပြီ။
ကောင်းကင်ကို

***************

ငါနေတဲ့နေရာ

ငါနေတာ လင်းတလှည့် မှိန်တလှည့် ကြယ်မြို. လေး တမြို့ မှာ
ငါနေတာ မီးလင်းနေရင် ဘယ်လိုမှမအိပ်တတ်တဲ့ ဇီဇာကြောင်တဲ့ မြို့ လေးမှာ
ငါနေတာ “ဧည့်သည်လာရင် မကြည်ဖြူတဲ့အိမ်ရှင်မ” နဲ့ တူတဲ့ မြို့ လေးမှာ
(ဧည့် စာရင်း တိုင်ရတယ်လေ)
ငါနေတာ တစ်နာရီလောက် ငရဲခံဖို့ အရေး ၁၀၀ ကျပ်ပေးရတဲ့ မြို့ လေးမှာ
ငါနေတာ သန့် ရှင်းစေချင်လို့ မိုးစက်တွေနဲ့ ရေချိုးပေးကာမှ တကိုယ်လုံးက အနာတွေစိုရွှဲပြီး ပိုညစ်ပတ်သွားတဲ့  မြို့ လေးမှာ
ငါနေတာ ပထွေးကမဆင်လို့  တနေ့ တခြား စုတ်ခြာလာတဲ့  “သူဆင်းရဲမ”မြို့ လေးမှာ
ငါနေတာ ပထွေးကိုရွံလို့ ပတ်ဝန်းကျင်က ဝိုင်းကြဉ်ထားတဲ့  “အထီးကျန်မ” မြို့ လေးမှာ
ငါနေတာ နာတာရှည်နိုင်ငံရေးဝေဒနာတနေ့ တခြား ဆိုးရွားလာတဲ “့လူမမာမ” မြို့ လေးမှာ။
ငါနေတာ မနှစ်ကမှ လင်ဆိုးကြီးနဲ့ ကွာရှင်းခွင့် ရလိုက်တဲ့  “တခုလပ်မ” မြို့ လေးမှာ (ပျဉ်းမနားပြောင်းသွားပြီလေ)
ငါနေတာ နေပူနေတာတောင် “ခမောက်”ဆောင်းကြည့် ခွင့် မရခဲ့တဲ့ မြို့ လေးမှာ
ကောင်းကင်ကို (ဒီကဗျာကိုတော့ ၂၀၀၆ ခုနှစ်တုန်းက ရေးဖွဲ့ ခဲ့တာပါ။)

11 comments:

ဒဏ္ဍာရီ said...

အကို ကဗျာလေးကို ဖတ်ရင်းနဲ့ ရင်ထဲမှာ စိတ်မကောင်း ဖြစ်လာတယ်။ အဖြစ်မှန်တွေဖြစ်လို့ ဘယ်လို ပြောရမှန်းလည်း မသိတော့ဘူး။

ခင်မင်လေးစားလျှက်

ကိုနော said...

ကဗျာများကို မြတ်နိုးစွာစောင့်မျှော်ဖတ်ရှုနေပါတယ်။
`ညနဲ့ဆေးခါးတစ်စက်´အာဏိသင်/အာနိသင်ကိုသတိပြု
ကြည့်ပေးပါ။မျှော်နေဦးမည်။

ကိုနော said...

ကဗျာများကို မြတ်နိုးစွာစောင့်မျှော်ဖတ်ရှုနေပါတယ်။
`ညနဲ့ဆေးခါးတစ်စက်´မှာ အာဏိသင်/အာနိသင် ကိုသတိပြုကြည့်ပေးပါ။မျှော်နေဦးမည်။

ကိုနော said...

ကဗျာများကို မြတ်နိုးစွာ စောင့်မျှော်ဖတ်ရှုနေပါတယ်။
`ညနဲ့ဆေးခါးတစ်စက်´မှာ အာဏိသင်/အာနိသင်ကို
သတိပြုကြည့်ပေးပါ...။မျှော်နေပါသည်။

ကောင်းကင်ကို said...

သတ်ပုံကျမ်းထဲမှာ အဲဒီ့စာလုံးကို မတွေ့ ဘူးဗျ။ ဂူဂဲနဲ့ ရှာကြည့်တော့ အာနိသင်ကို ပိုအသုံးများတယ်ဗျ။

ကောင်းကင်ကို said...

အာနိသင်လို့ ပဲ ပြန်ပြင်ပေါင်းလိုက်တယ်ဗျ။ သတ်ပုံကျမ်းထဲမှာ ၇ှာမတွေ့ တဲ့ စာလုံးတွေ သုံးခုလောက် ရှိနေပြီ။

နေ့ သစ် said...

ရန်ကုန် ကဗျာ ပါ အစ်ကို ... ။
ကျွန်တော်တို့  အားလုံးရဲ့  ရင်ထဲက အမှန်တရားပါ ... ။
လေးစားအားပေးလျက်ပါ အစ်ကို ... ။
ချစ်ခြင်းအားဖြင့်-နေ့ သစ်

noblemoe said...

ရန်ကုန်ကဗျာလေး
ကောင်းမှကောင်း
သာယာချမ်းမြေ့ပါစေနော်
မိုး

Anonymous said...

Ko Koung Kin,

i felt truely sad upon reading ur poem in regard to Rangoon..
Since 1985, i had reached to Rangoon to attend RIT (now disappeared due to f*cking Junta). All old images of Rangoon are still remaining in the bottom of my heart so far although i left Rangoon since 1997.
Hope that begfore i pass away, i may have a chance to see pleasant Rangoon again.

Appreciate ur contribution to our motherland full with plights.

Cheers!!!!

ကောင်းမွန်ဝင်း said...

ရန်ကုန် ကဗျာတွေကိုဖတ်ရတာ ၀မ်းနည်းရတယ်။ လွမ်းရတယ်။
ဒီကဗျာအားလုံးဟာ တစ်နေ့ကျရင် ရန်ကုန်ရဲ့ သမိုင်းတွေဖြစ်လာာမှာပါ။
အခုလို ကျွန်မတို့ရဲ့ ရန်ကုန်ကို အင်အားကောင်းတဲ့ စကားလုံးတွေနဲ့ ကဗျာတွေဖွဲ့ပေးတာ သိပ်ကျေးဇူးတင်လေးစားတယ်။
နောက် ကျွန်မတို့ အားလုံးရဲ့ကိုယ်စား ကျွန်မတို့ ပြောချင်တာတွေကို ရေးဖွဲ့ပေးတာကိုလည်း သိပ်ကျေနပ်မိပါတယ်။

လင်းလက် said...

ကို ကောင်းကင်ကို

ကျွန်တော်သိပ်ကြိုက်တဲ့ နန်းအချခံရတဲ့ မြို့... ကို ပြန်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရန်ကုန်မှာမွေးပြီး ရန်ကုန်မှာပဲ ကြီးတဲ့ကောင် ဆိုတော့ ရန်ကုန်နဲ့ပတ်သတ်တာတွေက ရင်ထဲကို တိုက်ရိုက်ထိနေလို့ပါ။

အဆင်ပြေပါစေဗျာ။ သံသောင်ပြင်ပေါ်မှာ နာမည်အတိုကောက်လေးရေးပြီး လက်ခြင်းဆက်ထားတဲ့ ကောင်မလေးနဲ့ အမြန်ဆုံး ပေါင်းရပါစေ..။

ကိုလင်း