Saturday, January 19, 2008

ဲကြယ်တွေလွှတ်မယ့် သက်တန့် ရောင်စဉ်


အာဏာရှင်
တွေပျိုးလိုက်တဲ့ ‘အနာ’တစ်ခင်းမှာ
ကြယ်တွေဟာ ရုန်းရင်းကန်ရင်း ပွင့်တယ်။

သိပ်မှောင်ရင် ကြယ်တွေပေါ်လာစမြဲတဲ့။
ငါတို့ ဒေသမှာ
ကြယ်တွေ မကြာမကြာ ထွန်းကားတယ်။
ကြယ်တွေ မကြာမကြာ ကြွေကျတယ်။
ကြယ်တွေ လက်ဆင့်ကမ်းပြီး ပွင့်ကြတယ်။

အဲဒီ့ ကြယ်တွေပဲပေါ့။
စက်တင်ဘာဆိုတဲ့ စာမျက်နှာထက်မှာ
သွေးစက်လက်နဲ့  ကဗျာဖွဲ့ လိုက်တာ
ကမ္ဘာစောင့်နတ်တွေတောင် ကြက်သီးထတယ်။

အဲဒီ့ ကြယ်တွေပဲပေါ့။
အိုဟင်နရီရဲ့ နောက်ဆုံးသစ်ရွက်ကို
အသက်နဲ့ လဲပြီး ဆွဲခဲ့တာ။

ကြယ်တွေရဲ့ ကရုဏာမျက်ရည်ဟာ
မေတ္တာသုတ်အဖြစ်
လေထုထဲမှာ လှည့်ပတ်စီးဆင်းပြီး
ကမ္ဘာ့ပြည်သူတွေရဲ့ နှလုံးသားနံရံတွေကို
သိမ်သိမ်မွေ့ မွေ့  ပဲ့တင်ရိုက်ခတ်တယ်။

ကြယ်တွေကြောင့် ငါတို့ သမိုင်းက
တခြမ်းလှတယ်။
ငါသာ တန်ခိုးရှင်ဖြစ်ရင်
သေနတ်သံတွေ မပါစေရပဲ
စက်တင်ဘာဝိညာဉ်ကို ပြန်လည်အသက်သွင်းပြီး
ငြိမ်းချမ်းရေး ‘လ’တစ်စင်း ဖန်ဆင်းမယ်။
အဲဒီ့လမင်းဟာ
ကမ္ဘာကြီးရဲ့ အမှောက်မိုက်ဆုံးနေရာတွေမှာ
ခရီးလှည့်ပြီး သာရမယ်။

မဟတ္တမဂန္ဒီရေ…
သင်ဖောက်ခဲ့တဲ့လမ်းမှာ
မိုင်အဝေးဆုံး လျှောက်ခဲ့သူတွေဟာ
ငါတို့ ပဲ ဖြစ်တယ်။
ဆိုကရေးတီး သောက်ခဲ့တဲ့ အဆိပ်ခွက်ထက်
ပိုပြီးပြင်းတဲ့ အဆိပ်ခွက်တွေကိုသောက်ခဲ့သူတွေဟာလည်း
ငါတို့ ပါပဲ။

မီးပုံထဲကို ခုန်ဆင်းပြီး
ခဏခဏ ပြန်ရှင်သန်ထတာဟာ
ဒဏ္ဍာရီထဲက ဖီးနစ်(စ်)ငှက်တွေမဟုတ်ဘူး။
တိုက်ပွဲမှာ ကမယ့် ခွပ်ဒေါင်းငှက်တွေဖြစ်တယ်။

လျှပ်စီးအလက်
ခေတ်အပျက်မှာ
စစ်ဖိနပ်တွေက
မတန်မရာ ထီးရဲ့ နေရာယူပြီး
ရက်စက်မှုတွေနဲ့ တိုင်းပြည်ကိုမိုးတော့
ပန်းတွေအားလုံး လောင်းရိပ်မိတယ်။
လောင်းရိပ်မိတဲ့ပန်းတွေပီပီ
ငါတို့ ပျက်စီးနေပေမယ့်
ငါတို့ ရဲ့ စိတ်အတွင်းထဲ တိမ်မြုပ်နေတဲ့ ကျောက်ရိုင်းတွေဟာ
ပျက်စီးနေတဲ့ အပိုင်းတွေထက် ပိုပြီးကြီးပါတယ်။
ငါတို့ မှာ မသွေးရသေးတဲ့ ပတ္တမြားတွေ ရှိပါတယ်။

ငါတို့ ဟာ ဆင်းရဲဒုက္ခတွေကို ခံနိုင်ရည်ရှိတယ်။
ငါတို့ မှာ ၂၄ နာရီလုံးလုံး လက်ပစ်ကူးနိုင်တဲ့ ရုန်းကန်အားတွေရှိတယ်။
အဲဒီ့ ခံနိုင်ရည်၊ရုန်းကန်အား တွေကို
တိုက်ပွဲမှာ နေရာတကျသုံးကြ။
ငါတို့ ရဲ့  ခံနိုင်ရည်တွေဟာ စစ်ဖိနပ်အောက်မှာ ကြိတ်မှိတ်ခံဖို့ မဟုတ်ဘူး။
ငါတို့ ရဲ့  ရုန်းကန်အားတွေဟာ ခိုင်းအစားခံဖို့ မဟုတ်ဘူး။

ကြယ်တွေ လောကငရဲမှာ ညှိုးညှိုးငယ်ငယ်နဲ့ ဇာတ်သိမ်းနေရတယ်။
ကြယ်တွေ မိစ္ဆာခေါင်မိုးအောက်မှာ အသာခေါင်းလျှိုးနေရတယ်။
ကြယ်တွေ ရေခြားမြေခြားမှာ
စိတ်မပါ လက်မပါ ၊ နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့ 
မသက်မသာ လင်းနေရတယ်။

ပန်းတွေပွင့်ခွင့်ရတဲ့ခေတ်ကို ဖန်တီးကြ။
ကြယ်တွေလင်းခွင့်ရတဲ့ခေတ်ကို ဖန်တီးကြ။
မိသားစုတွေ ဆုံစည်းခွင့်ရတဲ့ခေတ်ကို ဖန်တီးကြ။

ညီအစ်ကိုတို့ ၊
ကြယ်တွေရဲ့  တောက်ပအားကို ငါတော့ယုံတယ်။
ကြယ်တွေ လွတ်လွတ်လပ်လပ်လင်းခွင့်ရတဲ့ တစ်နေ့ မှာ
ကြယ်တွေလွှတ်မယ့် သက်တန့် ရောင်စဉ်ဟာ
ဒေသတွင်းကကောင်းကင်မှာ အလင်းဆုံးဖြစ်လိမ့်မယ်။

ကောင်းကင်ကို

12 comments:

Eduking said...

ကိုကောင်းကင်ရဲ့ ကဗျာတိုင်းလိုလိုကို ကြိုက်တယ်ဗျာ..
ကျွန်တော် အမြဲအားပေးနေမယ်..

လေပြင်းတွေလာမခြွေခင်အထိ
ကျွန်တော်လည်း ကဗျာတွေရေးနေအုံးမယ်ခင်မျ...

ညီအကိုများ said...

very nice poem...bro

ko nay(YNP)

Saung Yune La (aka) Way said...

ကြယ်တွေပြိုင်တူလင်းမဲ့ည ကြယ်တွေစုံမယ့်ညကို တို့တတွေဖန်တီးကြရမယ်.ညီလေးရေ
ကဗျာလေးကိုအပြည့်အဝခံစားသွားပါတယ်
အမြဲအားပေးလျက်ပါ.ညီလေးရေ

Nyein Chan Aung said...

အဲဒီ့ ကြယ်တွေပဲပေါ့။
အိုဟင်နရီရဲ့ နောက်ဆုံးသစ်ရွက်ကို
အသက်နဲ့ လဲပြီး ဆွဲခဲ့တာ။

ကဗျာအရမ်းကောင်းတယ် ကောင်းကင်ရေ..။ နေရာဒေသအသီးသီးရောက်ရှိ ကွဲပြားနေတဲ့ ခွပ်ဒေါင်းတွေကို တပ်လှန့်လိုက်တဲ့ နောက်ထပ် ကဗျာတစ်ပုဒ်ပဲပေါ့..။

angwei said...

ကြယ်တွေ..ကြယ်တွေထဲမှာ မှ...
ပုခုံးပေါ်က ကြယ်ဆိုရင် အမုန်း ဆုံးပဲ..ဗျို့..။
ကဗျာ က...မိုက်တယ်ဗျာ

မေပျို said...

ဆရာရေ..
သဲမရှိတဲ့ ခဏမှာ ရေးထားတာတွေက အများကြီးပါလား။ ဒီကဗျာလေးလည်း ကောင်းတယ်နော်။ သဲတော့ ပုဂံမှာ ဘာကဗျာမှ မရေးခဲ့ဘူး။ ဟီးဟီး

လေးစားစွာဖြင့်
မေပျို

Pinkgold said...

အဲဒီ့ ကြယ်တွေပဲပေါ့။
စက်တင်ဘာဆိုတဲ့ စာမျက်နှာထက်မှာ
သွေးစက်လက်နဲ့  ကဗျာဖွဲ့ လိုက်တာ
ကမ္ဘာစောင့်နတ်တွေတောင် ကြက်သီးထတယ်။

အကိုရေ.. အပေါ်က စာပိုဒ်လေး ဖတ်ရတာ စက်တင်ဘာရဲ့ ရွှေဝါရောင် တော်လှန်ရေးကို မျက်စိထဲ ပြန်မြင်လာမိတယ်.. သေနပ်သံတွေ ပြန်ကြားယောင်တယ်.. သွေးတွေကို ပြန်သတိရတယ်.. ပြည်သူတွေရဲ့ ဟစ်အော်သံတွေနဲ့ စစ်သားတွေရဲ့ နံပါတ်တုတ်တွေ

အားလုံးဟာ မေ့လို့မရလောက်အောင် အာရုံမှာ ထင်ဟပ်နေတယ် အကိုရေ
မိုက်တယ်.. ကဗျာလေးက

ရန်ကင်း said...

ကြယ်တွေပြိုင်တူလင်းလာကျမယ့်နေ့ ကိုကြိုဆိုနေတယ်ဗျာ။

su wai said...

ကိုကောင်းကင်…ကဗျာတွေက အပုဒ်တိုင်း ကောင်းနေတယ်နော်…။ ကိုကောင်းကင်ရဲ့ ကဗျာတွေထဲမှာ နာကျည်းမှုတွေ၊ ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေကို မြင်တွေ့ခံစားမိပါတယ်…။ ဒေသတွင်းကောင်းကင်မှာ ငြိမ်းချမ်းရေးလမင်းကြီးသာပြီး လွတ်လပ်စွာ လင်းလက်နေတဲ့ ကြယ်တွေလွှတ်မယ့် သက်တန့်ရောင်စဉ်ကို တစ်နေ့တော့ တွေ့မြင်နိုင်မှာပါနော်…။ ( The Last Leaf ကိုတော့ ကိုးတန်း English Textbook မှာ သင်ဖူးပါတယ်။ ခုလို ဘာသာပြန်ပေးထားတော့ ပြောင်မြောက်တဲ့ အနုပညာလက်ရာတစ်ခုဟာ လူ့အသက်တစ်ချောင်းကိုတောင် ကယ်တင်နိုင်တယ်ဆိုတာ ပိုမြင်သာသွားပါတယ်။ Master Piece သစ်ရွက်တစ်ရွက်ကို အသက်နဲ့လဲပြီး ဆွဲမယ့်ကြယ်တွေဆိုတာလဲ ပိုသဘောပေါက်သွားပါတယ်။ )

ဒဲ့ဒိုးပြောတတ်သူ said...

ကျနော်ကတော့--ကဗျဖတ်နေမယ့်အချန်တွေကို--အကုန်ခ့မယ့်အစားဒုန်ဒိုင်းဂွမ်းဆိုပီးဆော်ပစ်လိုက်ချင်ပီဗျ--နောက်ကျနေပြီလေ

မျော်လင့်ချက်ကြီးကြီး said...

လက်တွေ့တွေနည်းနေသေးတယ်---မလုံလောက်သေးဘူးလို့ထင်ပါတယ်--ပန်းတိုင်ရောက်ဖို့စောင့်၇တာကြာနေပီမို့ပါ

poemphobia said...

ကျနော့လို-စောင့်မျှော်နေတဲ့သူတွေဒုနဲ့ဒေးပေါ့