နောက်ဆုံးသစ်ရွက် ဆိုတာကတော့ အိုဟင်နရီ ရဲ့  ဝတ္ထုထဲက သစ်ရွက်လေးလို မျှော်လင့်ချက်တွေကို အသက်ဆက်ပေးတဲ့ သစ်ရွက်လေးကိုပြောပါ။ အဲဒီ့ ဝတ္ထုထဲမှာ အသက်၆၀ ကျော်နေပြီဖြစ်တဲ့ မအောင်မြင်တဲ့ ပန်းချီဆရာအဘိုးအိုတစ်ယောက် ရှိပါတယ်။ သူဟာ ဂန္ဓဝင်မြောက် master piece ပန်းချီကား တချပ် ဆွဲမယ်လို့ အမြဲ ကြွေးကျော်နေပြီးတော့ ဘယ်တော့မှ အဲဒီ့ပန်းချီကားကို စမဆွဲသေးတဲ့ ပန်းချီဆရာတစ်ယောက်ပါ။
သူ့ ရဲ့ အပေါ်ထပ်မှာတော့ ဆူးနဲ့  ဂျွန်ဆီ ဆိုတဲ့ ပန်းချီဆရာမနှစ်ယောက်နေကြပါတယ်။
တစ်နေ့ သူတို့ နေတဲ့ဒေသမှာ နမိုးနီးယားရောဂါဆိုးကြီး ကျရောက်လာပါတယ်။ ဂျွနှ်ဆီ တစ်ယောက် နမိုးနီးယား ဝေဒနာ ခံစားရပါတော့ တယ်။ ဂျွန်ဆီဟာ ကယောင်ကတမ်းနဲ့  စိတ္တဇ အတွေးဆန်းတွေ ဝင်လာပါတယ်။ သူဟာ ပြတင်းပေါက် ကနေ ကြည့်ပြီး “12, 11, 10” စသည်ဖြင့် သစ်ပင်တစ်ပင် (တိုက်ကပ်နွယ်ပင်) (ivy vine) ကနေ သစ်ရွက်တွေ ကြွေကျတာကိုရေနေခဲ့ ပါတယ်။ သူက အဲဒီ့ သစ်ရွက်တွေ ကုန်သွားရင် သူလည်းသေလိမ့်မယ်လို့ ယူဆပြီး ထူးထူးဆန်းဆန်းအတွေးတွေ ဝင်နေတာပါ။ သစ်ရွက်တွေကလည်း မိုးသည်းသည်း လေကြမ်းကြမ်း အောက်မှာ အလျင်အမြန်ကြွေကျနေပါတယ်။
သူ့ ရောဂါ ကလဲ တအားဆိုးနေပြီး သူ့ ကိုယ်သူ ဆက်လက်အသက်ရှင်နေလိမ့်မယ်လို့ မထင်တာဟာ တော်တော်ဆိုးပါတယ်။ ရောဂါဆိုးရတဲ့အထဲ ယုံကြည်စိတ် မရှိရင် ဆက်လက်အသက်ရှင်ဖို့ မလွယ်ကူပါဘူး။
ဆူးက ဂျွန်ဆီကို အဓိပ္ပါယ်မရှိတဲ့ အတွေးတွေကိုဖျောက်ဖို့ ပြောပေမယ့် ဂျွန်ဆီက မရပါဘူး။ ဒါနဲ့ ဆူးလည်း ဂျွန်ဆီကို ခဏဖြောင်းဖျပြီး၊ ခဏလောက် ပြတင်းပေါက်ပိတ်ပြီး အိပ်လိုက်ပါ၊ နောက်ပြီးရင် ပြန်ဖွင့်ပေးပါမယ်လို့ ကတိပေးပြီး ပြတင်းပေါက်ကိုခဏ ပိတ်လိုက်ပါတယ်။
အဲဒီ့ အကြောင်းကို ဆူးက ပန်းချီဆရာ အဘိုးအို ကိုလည်းပြောပြလိုက်ပါတယ်။
ပြတင်းပေါက်ပြန်ဖွင့်တဲ့အချိန်မှာ သစ်ရွက်တရွက်က ကျန်နေပါသေးတယ်။ ဂျွန်ဆီက စိတ်မရှည်တော့ပါဘူး။ သူစောင့်ရတာမောပြီတဲ့။ သူက စိတ်လျှော့ချင်နေပြီ။ အဲဒီ့ သစ်ရွက်ကိုကြွေစေချင်နေပြီ။ ဆူးလည်း ဂျွန်ဆီကို ဖျောင်းဖြပြီး အိပ်ဖို့ ပြောရတာပေါ့။
အိပ်ရာနိုးလို့ ကြည်တော့လည်း အဲဒီ့သစ်ရွက်က မကြွေသေးဘူး။ အဲဒါနဲ့ ဂျွန်ဆီလည်းသူ့ ကိုယ်သူ မိုက်မဲတယ်လို့ ထင်မြင်လာပြီး အစားအသောက်ကောင်းကောင်းပြန်စားကာ အသက်ရှင်ဖို့ မျှော်လင့်လာပါတယ်။ သူက သစ်ရွက်နဲ့ သူ့ ကိုယ်သူ ဆက်စပ်တွေးပြီး စိတ္တဇဖြစ်နေတာကိုး။ သစ်ရွက်မကြွေတော့ စိတ်အားတက်လာပြီး သူ့ ကိုယ်သူ ပြန်ဂရုစိုက်လာပါတယ်။ ဒီလို နဲ့ သူပြန်နေကောင်းလာပါတယ်။
တကယ်က ပြတင်းပေါက်ပိတ်ထားတဲ့ အချိန်မှာ နောက်ဆုံးသစ်ရွက်ကလည်း ကြွေကျ သွားပါတယ်။ ပန်းချီ ဆရာ အဘိုးအိုက မိုးထဲလေထဲမှာ နွယ်ပင် ကပ်ပေါက်နေတဲ့ နံရံမှာ အဲဒီ့သစ်ရွက်ပုံကို ဆွဲခဲ့တာပါ။ သူကိုယ်တိုင်ကတော့ အဲဒီ့ မိုးထဲလေထဲမှာ သစ်ရွက်ပုံ ဆွဲရာကနေ အအေးမိပြီး နမိုးနီးယားနဲ့ ဆုံးသွားပါတယ်။
အဲဒီ့ သစ်ရွက်ဟာ သူ ကြွေးကျော်နေတဲ့  သူ့ ရဲ့  master piece ပဲပေါ့။
ဂျွန်ဆီရဲ့ မျှော်လင့်ချက်အတွက် နောက်ဆုံးသစ်ရွက်ကို အသက်နဲ့ လဲပြီး ဆွဲခဲ့တာ။

No comments:
Post a Comment