Saturday, March 1, 2008

မချောသောလင်္ကာ(သရော်စာ) (ရေး- နာရယန်း) (ဘာသာပြန်- မန်းတင်)

“အမှန်တရားဟာ နေနဲ့ တူတယ်၊ သူ့ ကိုစေ့စေ့ကြည့်ရင် မျက်တောင်ရင်လဲ ခတ်သွားရမယ်၊ ဒါမှ မဟုတ် မူးဝေရင်လည်း သွားနိုင်တယ်။ ”

ကျောင်းဆရာ ဆက္ခာသည် ထိုသို့ တွေးမိလေသည်။

နေဝင်မှ မိုးချုပ်သည်အထိ လူအများသည် တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံနေကြရာတွင် အဆင်ပြေမှုကို ရှေ့ ရှူကာ မုသားမပါ လင်္ကာမချောဟူသော ဆိုရိုးအတိုင်း အမှန်တရားကို မုသာဝါဒဖြင့် ဖုံးကွယ်ဖျက်ဆီးလျက် ရှိကြသည်ဟု ယူဆမိသည်။ ယနေ့ ကိုမူ သူသည် ထူးခြားသော နေ့ တစ်နေ့  အဖြစ် သတ်မှတ်ထားလိုက်သည်။
“ဘာပဲဖြစ်နေနေ တစ်နှစ်မယ် အနည်းဆုံးတစ်ရက်လောက်တော့ မှန်တာကိုသာ ပြောဆိုသင့်တယ်၊ ပြောဆိုရမယ်၊ ဒီလိုမှ မဟုတ်ရင် တစ်သက်လုံး လိမ်ညာနေတဲ့ ဘဝဟာ ဘာမှ အဓိပ္ပါယ် မရှိတော့ဘူး” ဟု ဆုံးဖြတ်ချက် ချမိလေသည်။ ဘာဖြစ်နေနေ တစ်နေ့ လုံး မုသားစကားကို မသုံး၊ အမှန်ကိုသာ ပြောဆိုရမည်ဆိုပါက ပြဿနာအမျိုးမျိုးနှင့် ရင်ဆိုင်ရမည်ကို မျှော်လင့်ထားပါသည်။ သူထိုသို့ အဓိဌာန်ဖြင့် ကျင့်ကြံရမည်ကိုလည်း မည်သူ့ မျှ ဖွင့်ဟကာ မပြောချေ။ မိမိဘာသာ လျှို့ ဝှက်ဆုံးဖြတ်ချက်ချထားခြင်းဖြစ်ပါသည်။ သူနှင့် လူ့ လောကကြီးတို့ တိတ်တဆိတ် သဘောတူညီချက် ချမှတ်ထားခြင်းဖြစ်သည်။

သူ၏ ဇနီးက သူ့ ကို နံနက်စာတည်ခင်းသော အချိန်တွင် သူ့ အဓိဌာန်ကို တည်မြဲအောင် စောင့်စည်းရမည့် အရေးနှင့် ပတ်သတ်၍ ပထမဆုံး အစမ်းသပ်ခံကာ ရင်ဆိုင်ရလေသည်။ သူသည် ဇနီးသည် အစွမ်းကုန် ချက်ပြုတ် ကြော်လှော်ထားသော စားသောက်ဖွယ်များကို ရုတ်တရက် မနှိုက်သေးပဲ ဆုတ်ဆိုင်းဆိုင်း လုပ်နေလေသည်။

“ဘာဖြစ်လို့ လဲ၊ မကြိုက်လို့ လား” ဟု ဇနီးက မေးလေသည်။
ယခင်ကဆိုလျှင် မနှစ်သက်သည့် တိုင်အောင် ဇနီးသည် စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်သောကြောင့် “မဟုတ်ပါဘူး၊ ရင်ပြည့်နေလို့ ပါ” ဟုပြောမည်ဖြစ်သည်။ ယနေ့ အဖို့ မှာမူ အမှန်ကိုသာ ပြောမည်ဟု အဓိဌာန် ထားသည့်အတိုင်း “မကောင်းဘူး၊ ဒီဟင်းတွေကို မျိုလို့ ရမှာ မဟုတ်ဘူး” ဟု ပြောလိုက်လေသည်။ ထိုစကားကြောင့် သူ့ ဇနီးမျက်နှာပျက်သွားသည်ကို သတိပြုမိသော်လည်း “မတတ်နိုင်ဘူး၊ အမှန်တရားဆိုတာ နေလိုပဲ” ဟုမိမိဘာသာ စိတ်ထဲတွင် တွေးလိုက်လေသည်။

သူ၏ အဓိဌာန်နှင့် ပတ်သတ်၍ နောက်တစ်ကြိမ် အစမ်းသပ်ခံရသည်မှာ ကျောင်းဆရာများ စုဝေးရာ အခန်းတွင် ဖြစ်သည်။ သူ၏ လုပ်ဖော်ကိုင်ဘက် ကျောင်းဆရာတစ်ဦးသည် သူ့ အနီးသို့ လာ၍ သူတို့ နှင့် သိကျွမ်းသူတစ်ဦး အနိစ္စရောက်သည့် အကြောင်းကို ပြောဆိုပြီး “သနားစရာ မကောင်းဘူးလား” ဟုမေးလိုက်သည်။

“မသနား ပါဘူးဗျာ” ဟု ဆက္ခာက ပြန်ဖြေလေသည်။
“သူဟာ လူကောင်းတစ်ယောက်ပါဗျာ၊ သနားစရာပါ၊ ပြီးတော့” ဟုစပြန်ရာက ဆက္ခာက စကားမဆုံးမီ ခပ်တိုတိုပင် ဖြတ်၍ ပြောလိုက်သည်။
“ဘယ်ကလူကောင်းရမှာလဲ၊ ကျုပ်ကတော့ ဒီလူဟာ သဘောထားသေးနုပ်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ လူညာတစ်ယောက်လို့ ပဲ သိတယ်”
ထိုစကားကြားရသောအခါ သူ့ မိတ်ဆွေ ကျောင်းဆရာသည် မျက်နှာပျက်ကာ လှည့်ထွက်သွားလေသည်။

ညနေပိုင်း နောက်ဆုံးအချိန်တွင် ဆက္ခာသည် တတိယတန်းတွင် ပထဝီသင်ခန်းစာများကို သင်ကြားလျက်ရှိစဉ် ကျောင်းအုပ်ဆရာကြီးထံမှ စာတိုလေးတစ်ခုကို ရရှိလေသည်။
“အိမ် မပြန်မီ ကျေးဇူးပြု၍ ကျွန်ုပ်ကို လာတွေ့ စေလိုပါသည်”
ဆက္ခာသည် စာကိုဖတ်ရင်း “ဒါတော့ ဟိုစာမေးပွဲ အဖြေလွှာ ကိစ္စပဲ ဖြစ်မှာပဲ” ဟုအောက်မေ့မိလေသည်။ ကျောင်းသားငယ်များ ရေးချင်သလို ရေး၍ ဖြေချင်သလို ဖြေထားကြသော အဖြေလွှာတစ်ရာ ဖြစ်သည်။ သူသည် ထိုအလုပ်ကို စိတ်မပါလှသဖြင့် စစ်ဆေးခြင်းမပြုပဲ ချောင်ထိုးထားခဲ့သည်မှာ ရက်ပေါင်း အတော်ကြာနေလေပြီ။ အဖြေလွှာများကို စစ်ဆေးရန် စဉ်းစားမိတိုင်း သူ့ ခေါင်းပေါ်တွင် ဓားတန်းလန်းကြီး ဆွဲထားသလို ကြောက်သလိုလို ရွံ့ သလိုလို ဖြစ်နေခဲ့သည်။

ကျောင်းဆင်းခေါင်းလောင်း ထိုးပေပြီ။ ကျောင်းသားများသည် အခန်းတွင်းမှ ခပ်သုတ်သုတ်ထွက်သွားကြလေသည်။

ဆက္ခာသည် ဆရာကြီးအခန်းရှိရာသို့  လျှောက်လာခဲ့သည်။ အခန်း အပြင်ဘက်တွင် ခေတ္တရပ်လျက် သူ၏ အင်္ကျီ ကြယ်သီးများကို တပ်လိုက်သည်။ ဆရာကြီးသည် ဆရာများအား အင်္ကျီကြယ်သီးများကို တပ်၍ သေသေသပ်သပ်ဝတ်ရန် ကျောင်းဆရာများအား အစဉ်သဖြင့် ပြောဆို ညွှန်ပြတတ်သည်။

သူသည် ယဉ်ကျေးသိမ်မွေ့ သော အပြုံးကိုဆောင်၍ အခန်းတွင်းသို့  ဝင်သွားကာ ဆရာကြီးကို နှုတ်ဆက်လိုက်သည်။ ဆရာကြီးသည် သူ့ ကိုမော့ကြည့်ပြီး ဖော်ရွေသော အမူအရာဖြင့် “ဆရာ၊ ဒီနေ့ ညနေအားသလား” ဟုမေးလိုက်လေသည်။
“အိမ်က ကလေးတွေနဲ့ အပြင်ထွက်ဖို့ တော့ ပြောထားတယ်”
“နောက်နေ့ မှ သွားပါလေ၊ ဒီနေ့  အိမ်လိုက်ခဲ့စမ်းပါဦး”
“အို ဟုတ်..ဟုတ်ကဲံ ဆရာကြီး၊ လိုက်ခဲ့ပါ့မယ်” ဟု ခေါင်းတငြိမ့်ငြိမ့် နှင့်ဖြေပြီးနောက် မဝံ့မရဲနှင့် “ဘာများ ကိစ္စထူး ရှိလို့ လဲ ဆရာကြီး” ဟု မေးလိုက်လေသည်။
“အင်း၊ ဆရာက ဂီတနဲ့ ပတ်သတ်ပြီး ကျုပ်အကြောင်းကိုမသိသေးပဲကိုး” ဟု ဆရာကြီးက ပြုံးရွှင်စွာ ပြောလေသည်။
“ဟုတ်ကဲ့ ဘယ်လိုလဲ ဆရာကြီး”
“ကျုပ် အဆိုအတီးကို တိတ်တိတ်ကလေးသင်ပြီး လေ့ကျင့်နေတယ်၊ ဒီနေ့ ညနေတော့ ဆရာ့ကို နားထောင်ကြည့်စေချင်လို့ ပဲ၊ တယောထိုးမယ့်သူနဲ့  တီးမယ့်မှုတ်မယ့်သူတွေကိုလည်း ခေါ်ထားတယ်၊ အသိုင်းအဝိုင်းနဲ့ ကျကျနန ဆိုကြ တီးကြမှာကတော့ ဒါဟာ ပထမ အကြိမ်ပဲ၊ အဲဒီတော့ ဆရာ နားထောင်ပြီး ဆရာ့သဘောထားကို ပြောစေချင်ပါတယ်၊ နားထောင်လိုက်ရင် ဆရာသဘောကျ သွားမှာပါ”

တေးဂီတနှင့် ပတ်သတ်၍ ဆက္ခာ၏ ကျွမ်းကျင်မှုကို လူအများသိရှိကြပါသည်။ မြို့ ထဲတွင် သူသည် တေးဂီတ ဝါသနာရှင်များ၏ ရိုသေလေးစားခြင်းကို ခံရသော တေးဂီတ ဝေဖန်ရေးသမား တစ်ဦး ဖြစ်သည်။ သို့ သော်လည်း သူ၏ တေးဂီတ ဝါသနာထုံမှုများသည် ယနေ့  သူချမှတ်ထားသော အဓိဌာန်နှင့် ပတ်သတ်၍ အစမ်းသပ်ခံရမည့် အခြေအနေသို့ ရောက်လိမ့်မည်ဟု မျှော်လင့် မထားချေ။

“ဆရာ အံ့သြနေတယ် ထင်တယ်၊ ဟုတ်လား” ဟု ဆရာကြီးက မေးလိုက်ပြီးနောက် ဆက်လက်၍ “ကျုပ်ဟာ ငွေကုန်ကြေးကျ အတော်များပြီး လူသိမခံပဲ ကြိတ် ကြိုးစားနေတာ တော်တော်ကြာပြီ” ဟုပြောလေသည်။

သူတို့ နှစ်ဦးသည် ဆရာကြီးအိမ်သို့ လျှောက်လာခဲ့ကြသည်။
“ဘုရားသခင်ဟာ ကျုပ်ကို သားသမီးရတနာများရအောင် မစောင်မခဲ့ဘူး၊ ဒါပေမယ့် တေးဂီတ ပညာကလေး တတ်မြောက်အောင်တော့ စောင်မကောင်းပါရဲ့ ” ဟု ဆရာကြီးက လမ်းလျှောက်ရင်း သနားစဖွယ် ပြောကြားလေသည်။
သူသည်တစ်လမ်းလုံးပင်တေးဂီတအကြောင်း များကိုသာ ပြောဆို လာလေသည်။ တစ်နေ့ တွင် ပျင်းပျင်းရှိသည်နှင့် တေးတစ်ပုဒ်ကို စမ်းသပ် သီဆိုမိပုံ၊ ထိုအခါမှ စ၍ တေးဂီတကို ဖြစ်ဖြစ်မြောက်မြောက် စနစ်တကျ သင်ကြားလိုစိတ် ပြင်းပြလာပုံကို၊ စတင် သင်ကြားရာတွင် ဆရာက သူသီဆိုသည်ကို နားထောင်ရင်း ရယ်ပုံ၊ ထို့ နောက် စနစ်တကျ သင်ကြားလျှင် အောင်မြင်နိုင်ကြောင်း ပြောဆိုသဖြင့် မျှော်လင့်ချက် ထားခဲ့ပုံ၊ သူ့ ဘဝတွင် စိတ်မချမ်းသာစရာများနှင့် တွေ့ ကြုံရလျှင် တေးဂီတဖြင့် ဖြေဖျောက်မည်ဟု မျှော်မှန်းထားပုံ စသည်တို့ ကို စိတ်ဝင်စားဖွယ် ပြောပြလေသည်။

အိမ်သို့ ရောက်သောအခါ ဆရာကြီးသည် ဆက္ခာအပေါ်တွင် အထူးပင် စေတနာ ပိုလျက်ရှိလေသည်။ သူ့ အားကော်ဇောပေါ်တွင် ထိုင်စေ၍ ရှေ့ တွင် ရသာမျိုးစုံ စားဖွယ်သောက်ဖွယ် များကို ချထားပြီးလျှင် သူ၏ သားမက်တစ်ဦးကဲ့သို့  စားပါသောက်ပါဟု ရွှန်းရွှန်းဝေအောင် ဧည့်ခံလေသည်။

“ကဲ ကိုယ်လွတ်စိတ်လွတ် နားထောင်နော်ဆရာ၊ ဟိုမစစ်ရသေးတဲ့ စာမေးပွဲ အဖြေလွှာတွေ အကြောင်းကိုလည်း ဘာမှ စဉ်းစားမနေနဲ့ ” ဟုပင် ပြောလိုက်ပြီး ဆက်လက်၍ ဆရာ့ကို တစ်ပတ် အချိန်ပေးပါ့မယ်” ဟု ရယ်မောကာ ပြောဆိုလိုက်လေသည်။
“၁၀ ရက်ပေးပါ ဆရာကြီး” ဟုဆက္ခာက တောင်းပန်လိုက်သည်။
“ကောင်းပါပြီဆရာ၊ ပေးပါတယ်”ဟု ဆရာကြီးက ပြုံးရွှင်ရက်ရော စွာခွင့်ပြုလိုက်လေသည်။ သူသည် တစ်နေ့ လျှင် အဖြေလွှာ ၁၀ခုကို အေးအေးဆေးဆေး စစ်ဆေးသွားပါက ၁၀ ရက်ဆိုလျှင် အားလုံးပြီးစီးသွားပြီ ဖြစ်သည်။
ဆရာကြီးသည် အမွှေးတိုင်များကို ထွန်းညှိုပြီး “တေးဂီတ နဲ့ လိုက်လျောမယ့် ပတ်ဝန်းကျင် အခြေအနေ ကလေးကို ဖန်တီးပေးလိုက်တာပါ” ဟုရှင်းပြလေသည်။
တယောဆရာနှင့်တကွ တီးမှုတ်မည့် သူများသည် ကော်ဇောပေါ် တွင်ထိုင်၍ အချိန်အခါကို စောင့်လျက် ရှိကြသည်။ ဆရာကြီးသည် သူတို့ အလယ်တွင် ဝင်ထိုင်ကာ အာခေါင်ကို ရှင်းလင်းလျက် အသံစမ်းသည့် သဘောဖြင့် ခြေဆင်းကို သီဆို၍ ရပ်လိုက်ပြီး “ဘယ့်နှယ်လဲ၊ ကောင်းရဲ့ လား”ဟု မေးလိုက်သည်။ ဆက္ခာသည် ဆရာကြီး၏ အမေးကို မကြားဟန်ဆောင်နေလိုက်သည်။ ဆရာကြီးသည် ဆက်လက်၍ နာမည်ကျော် တေးဂီတ ဆရာကြီး “သာရက ရာဇာ” ရေးစပ်သော သီချင်းကြီး တစ်ပိုဒ်ကို သီဆိုလေတော့သည်။ ထိုသီချင်းဆုံးလျှင် နောက်ထပ် သီချင်းနှစ်ပိုဒ် ဆက်၍ စိတ်ပါလက်ပါ သီဆိုလေသည်။

“အင်း သူ့ အသံက ဖားတစ်ဒါဇင်လောက် ဝိုင်းအော်နေတာနဲ့ တူတယ်၊ ဟော ကျွဲအော်သံလို အော်နေပြန်ပြီ၊ ဒီတစ်ခါတော့ လေတိုက်တဲ့အခါ ပြတင်းပေါက်က တရုတ်ကတ်တွေ မြည်သလို မြည်နေတယ်”
ဆက္ခာသည် ဆရာကြီး၏ သီချင်းသံကို နားထောင်ရင်း စိတ်ထဲတွင် မှတ်ချက်ချကာ ဝေဖန်လျက် ရှိသည်။ အမွှေးတိုင်များသည် လောင်ကျွမ်း၍ တိုကုန်ပါပြီ။ နှစ်နာရီခန့်  ရှုပ်ထွေးဆူညံစွာ ထွက်ပေါ်အော်မြည်နေသော အသံမျိုးစုံတို့ ကြောင့် ဆက္ခာ၏ ဦးခေါင်းတွင်းမှ ဦးနှောက် တစ်ခုလုံးသည် သွက်သွက်ခါလျက် ရှိလေသည်။ သူသည် မူးနောက်နောက်ပင် ဖြစ်လာလေသည်။ ဆရာကြီးသည်လည်း အားရပါးရ သီဆိုရသဖြင့် အသံပင် ပြာနေလေပြီ။ သီချင်းတစ်ပိုဒ် ဆုံးသွားသောအခါ ခေတ္တမျှရပ်၍ “နောက်တစ်ပိုဒ် ဆက်ဆိုရဦးမလား” ဟုမေးလိုက်လေသည်။ “တော်ပါပြီ ဆရာကြီးရယ်၊ ဒါလောက်ဆိုတော်ပါပြီ” ဟု ဆက္ခာက လျင်မြန်စွာပြောလိုက်ရာ ဆရာကြီးသည် အံ့အားသင့်သွားလေသည်။
သူ၏ မျက်နှာတစ်ခုလုံးသည် ချွေးသီးချွေးပေါက်များဖြင့် ဖုံးလွှမ်းနေလေသည်။ ဆက္ခာသည်သူ့ ဆရာကြီးအား အထူးပင် ကရုဏာ သက်မိသော်လည်း မည်သို့ မျှ မတတ်နိုင်ချေ။ သူ့ အဓိဌာန်ကြောင့် မည်သို့ မျှလည်း နှစ်သိမ့်နိုင်မည် မဟုတ်ချေ။ တရားခံ တစ်ဦးအား စီရင်ချက် ချမှတ်နေသော တရားသူကြီးပင်လျှင် ဆက္ခာကဲ့သို့  စိတ်ဝေဒနာ ခံစားရမည် မဟုတ်ပေ။ ဆရာကြီး ကတော်သည် ဆက္ခာ၏ ဝေဖန်မှုကို သိလိုဇောဖြင့် မီးဖိုဘက်မှ တစေ့တစောင်း ကြည့်ရှုနေလေသည်။ တီးကြမှုတ်ကြ သူများသည် ဝန်ထုပ်ဝန်ပိုးကြီး ဦးခေါင်းမှ ကျသွားသကဲ့သို့  သူတို့ ၏ တူရိယာများကို ဘေးတွင်ချထားလိုက်ကြသည်။
“ကဲ၊ ဆရာ့ သဘောထားကို သိပါရစေ” ဟုဆရာကြီးက မျက်မှန်ကို ချွတ်၍ နဖူးမှ ချွေးများကို သုတ်ရင်း မေးလိုက်လေသည်။
“နက်ဖန်ခါမှ ပြောပါရစေ ဆရာကြီး” ဟု ဆက္ခာက အမှတ်မဲ့ ဟန်နှင့် ပြန်ပြောလိုက်သည်။
“မဖြစ်ပါဘူး၊ ချက်ခြင်းပြောစမ်းပါ၊ ဆရာ့ ရဲ့  ပွင့်လင်းတဲ့ သဘောထားကို သိချင်ပါတယ်၊ ကျုပ်ဆိုတာ နားထောင်ကောင်းတယ် မဟုတ်လား”
“မကောင်းဘူး ဆရာကြီး” ဟု ခက္ခာက ပြန်ဖြေလိုက်သည်။
“အိုး ဒီလိုဆိုရင် ဂီတ သင်ခန်းစာကို ကျုပ် ဆက်သင်ရဦးမလား၊ တိုးတက်မှု အခြေအနေ ဘယ်လိုရှိမယ် ထင်သလဲ”
“ဆက်သင်ဖို့ မကောင်းတော့ပါဘူး ဆရာကြီး” ဟု ဆက္ခာသည် တုန်ယင်သော အသံဖြင့် ပြောလိုက်လေသည်။ သည့်ထက် နားဝင်ပီယံ ဖြစ်အောင် မပြောနိုင်တော့သည့် အတွက် စိတ်မကောင်း ဖြစ်ရသည်။ အမှန်တရားဆိုသည်မှာ ဖွင့်ဟ ပြောဆိုနိုင်ရေးအတွက် စိတ်ဓာတ်ကြံ့ခိုင်ဖို့  လိုသလို လက်ခံကြားနာရသူများအဖို့  လည်း သတ္တိအထူးရှိရန် လိုအပ်ပါသည်။
ဆက္ခာသည် အိမ်သို့ ပြန်ခဲ့ရာ တစ်လမ်းလုံး စိတ်မကောင်း ဖြစ်လာလေသည်။ သည့်နောက်ပိုင်းတွင် သူနှင့် ဆရာကြီး၏ ဆက်ဆံရေးသည် ပြေပြေပြစ်ပြစ် ရှိတော့မည် မဟုတ်သည်ကိုလည်း စဉ်းစားမိသည်။
သူ့ အလုပ်အတွက် နှစ်ဆ တိုးရရှိရေး၊ အမြဲတမ်းခန့် ထားရေး စသည့် အရေးကိစ္စများသည် ဆရာကြီး၏ နှစ်သိမ့်ကျေနပ်မှု ပေါ်တွင် တည်လျက်ရှိသည်။ သူသည် ထိုအကြောင်းအရာများကို စဉ်းစားရင်း စိတ်မချမ်းမသာ ဖြစ်နေလေသည်။ “ဟာရီဆန္ဒြာ”
အမည်ရှိ ဘုရင် တစ်ပါးသည် မည်သို့ ပင် ဖြစ်စေ၊ မုသာဝါဒကို ရှောင်ကြဉ်လျက် အမှန်တရားကိုသာ ပြောဆိုခဲ့သဖြင့် ထီးနန်းစည်းစိမ်နှင့်တကွ ဇနီးသားသမီးများကိုပါ စွန့် လွှတ်ခဲ့ရသည် မဟုတ်ပါလော။

အိမ်သို့ ရောက်သောအခါ သူ့ ဇနီးသည် သုန်မှုန်သော မျက်နှာထားနှင့် ညနေစာကို တည်ခင်းလေသည်။ အိမ်ရှင်မသည် နံနက်က သူပြောခဲ့သည့် စကားကြောင့် စိတ်ဆိုးမပြေသေးသည်ကို သတိပြုမိသည်။
“ဒီနေ့ အဖို့ တော့ ငါ့ အတွက် ရန်သူ နှစ်ယောက်ပေါ်နေပြီ၊ ဒီအတိုင်းသာ ဆက်ပြီး ကျင့်သွားမယ်ဆိုရင် ငါ့မှာ မိတ်ဆွေ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး” ဟုတွေးတောမိလေသည်။
နောက်တစ်နေ့ တွင် ဆရာကြီးက သူ့ အား လာရောက်တွေ့ ဆုံရန် အခေါ်လွှတ်လိုက်လေသည်။ သူသည် စိတ်တထင့်ထင့်နှင့်ပင် သွားရောက်တွေ့ ဆုံရသည်။
“ဆရာ မနေ့ က ပေးခဲ့တဲ့ အကြံဥာဏ်ဟာ ကျုပ်အတွက် သိပ် အကျိုးရှိတာပဲ။ ကျုပ်ကို ဂီတလာသင်ပေးတဲ့ ဆရာကို လဲ ပေးစရာရှိတာတွေ အပြတ်ရှင်းပေးလိုက်ပြီ၊ ဒီတေးဂီတနဲ့ ပတ်သတ်လို့  ကျုပ်ကို ဘယ်သူမှ အမှန်အတိုင်း မပြောခဲ့ကြဘူး။ ဒီအသက်အရွယ်ကျမှ သီချင်းဆိုနေလို့ လဲ မကောင်းတော့ပါဘူးလေ” ဟုပြောပြီးမှ ဆက်လက်၍ “ဒါနဲ့  နေပါဦး၊ ဟိုစာမေးပွဲ အဖြေလွှာ ကိစ္စတွေရော” ဟု ဆရာကြီးက မေးလိုက်လေသည်။
“အဲဒီ့ အဖြေလွှာတွေ စစ်ဆေးဖို့  ဆရာကြီးက ကျွန်တော့်ကို ၁၀ ရက် အချိန်ပေးထားတယ်” ဟု ဆက္ခာက တည်ကြည်စွာ ပြန်ပြောလေသည်။
“အို၊ ကျုပ် စဉ်းစားပြီးပါပြီ၊ အဲဒီ့ အဖြေလွှာတွေကို နက်ဖန် ဆက်ဆက်ရမှ ဖြစ်မယ်” ဟု ဆရာကြီးက ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။
သူသည် အဖြေလွှာ တစ်ရာကို တစ်နေ့ တည်းနှင့် အပြီး စစ်ဆေး ရမည်ဖြစ်သည်။ သည်လိုဆိုလျှင် တစ်ညလုံးထိုင်၍ လုပ်မှ ပြီးနိုင်မည်ကို စဉ်းစားတွက်ချက်မိလေသည်။
“နှစ်ရက်လောက်တော့ အချိန်ပေးပါ ဆရာကြီး” ဟု အသနားခံလိုက်မိသည်။
“မဖြစ်ပါဘူး၊ နက်ဖန်ခါ မနက်ရမှ ဖြစ်မယ်၊ ပြီးတော့ သတိထားဖို့ က အဖြေလွှာတစ်ခုစီကို စေ့စေ့ စပ်စပ် စစ်ဆေးဖို့ ပဲ”
“ကောင်းပါပြီ ဆရာကြီး”
ညလုံးပေါက် ထိုင်၍ အဖြေလွှာပေါင်း တစ်ရာကို စစ်ဆေးရမည့် စည်းစိမ်သည် အမှန်တရားကို ပြောဆိုခဲ့သဖြင့် ခံစားရမည့် ရလဒ်ပေတကား ဟု ဆက္ခာသည် တွေးတောနေလေသည်။

မန်းတင်ဘာသာပြန်သည်။
(မူရင်းရေးသားသူ- နာရယန်း)

6 comments:

Pinkgold said...

ဒါလေးကို ဖတ်ရတာ ထက်ရဲ့ အမ တစ်ယောက် ပြောတာကို သတိရမိတယ် အကိုရေ

မှန်ကို ခဲနဲ့ပေါက်ရင် မှန်စ တွေက နင့်ကို လာပြန်စင်မှာပေါ့ တဲ့

နေရာတကာ မှန်လွန်းတော့လည်း မကောင်းဘူးပေါ့နော်

ChIr0N said...

အစ်ကိုရေ ဒီပို့စ်လေး ကောင်းပါတယ်။ ကျွန်တော်ဆိုရင်ရော ဆရာကြီးကို အဲလိုမျိုး ပြောမိမလားဆိုပြီး စဉ်းစားနေမိတယ်။

Anonymous said...

ဆရာရေ
လာဖတ်သွားတယ်နော်။ ပို့စ်လေးက ကောင်းတယ်။ အရာရာတိုင်းက မှန်တိုင်းလည်း မကောင်းဘူးနော်။

လေးစားစွာဖြင့်
မေပျို

Saung Yune La (aka) Way said...

သိပ်ကောင်းတဲ့ပို့စ်ပါ..ဒီအထဲကကျောင်းဆရာမျိုးသာအကိုတစ်ရက်လောက်
ကျင့်လိုက်ရရင်နောက်တစ်ရက်နေထွက်တာကိုမြင်ရဖို့
သိပ်လွယ်မှာမဟုတ်ဘူး..ဟဲဟဲ

တန်ခူး said...

ဖတ်ခဲ့ဘူးတဲ့ဝတ္ထုတိုလေးတပုဒ်ကို သွားသတိရမိတယ်။ လိမ်ပြော၊ မပြောစမ်းတဲ့ ကိရိယာလေးနဲ့ ကိုယ့်ချစ်သူကို စမ်းသတ်တာ နောက်ဆုံး ပြောသမျှစကားကို စက်ကလိမ်ကြောင်း အချက်ပြနေလို့ စက်ကလေးကို ရေထဲလွှင့်ပစ်လိုက်တယ်။ မုသားကချိုပေမယ့် အမှန်တရားက ခါးသက်တာကို။ တကယ်ဆို ကျောင်းဆရာက နာရီပိုင်းကစပြီး ဖြေးဖြေးချင်း အဓိဌာန်သင့်တာ။

မိုးယံ said...

ဒါတွေဟာ လူသားကမ္ဘာမှာပဲ ရှိမယ်ထင်တယ်။