Sunday, March 16, 2008

ငါဖန်ဆင်းမယ့် နိုင်ငံ

ငါဖန်ဆင်းမယ့် နိုင်ငံ ကို
ရင်ခွင်ပိုက် အုပ်ချုပ်မယ့်သူဟာ
လက်ဝဲသစ်နဲ့  လက်ယာသစ်တို့ ရဲ့ ရင်သွေးဖြစ်တယ်။
သူက အဖေတူတယ်။
လူမျိုးစွဲ ဘာသာစွဲမရှိပဲ ရင်သွေးတွေ ဘက်က ရပ်တည်ပေးတယ်။
ပုရွက်ဆိတ်တို့ ရဲ့ ဝါဒနဲ့  ငါတို့ ကို နိဗ္ဗာန်တစ်ခုတည်စေတယ်။
သူက အမေတူတယ်။
လှောင်အိမ်တံခါးကို ဆွဲဖွင့်
ကောင်းကင် အနှံ့ ပျံသန်းခွင့်ကို ပေးတယ်။

ငါ ဖန်ဆင်းမယ့်နိုင်ငံရဲ့ 
နိုင်ငံသူနိုင်ငံသားတွေဟာ
ချီကွေဗားရားနဲ့ ဒိုင်ယာနာတို့ ရဲ့ ရင်သွေးတွေ ဖြစ်တယ်။
ချီကွေဗားရားရဲ့  အဖြတ်ခံခဲ့ရတဲ့ လက်တစ်ဘက်က
ငါတို့ နဲ့ လက်ဆွဲ နှုတ်ဆက်တယ်။
ဒါကြောင့် ငါတို့ သွေးတွေဟာ
အနိုင်ကျင့်ခံရတိုင်း ချက်ခြင်းဆူပွက်တယ်။
ဒိုင်ယာနာရဲ အကြင်နာလက်တစ်ဘက်က
ငါတို့ နှလုံးသားကို နူးညံစေတယ်။
လေထဲက ဖယောင်းတိုင်လေးရဲ့ အကြင်နာမီးတောက်ကြောင့်
ငါတို့ နှလုံးသားဟာ နှင်းဆီရောင်နဲ့ လင်းတယ်။
အမှောင်ကမ္ဘာမှာ ကြိတ်ပြီးရွာနေရတဲ့ မျက်ရည်မိုးတွေကို တိတ်စေတယ်။

ငါချစ်တဲ့နိုင်ငံရဲ့  မြို့ လယ်ခေါင်မှာ
ရေပန်း တစ်ခုမရှိဘူး။
တောက်လောင်နေတဲ့ မီးပုံကြီးတစ်ခုပဲရှိတယ်။
အဲဒီ့ မီးပုံကြီးထဲက
ဓားကိုင်ထားတဲ့ နှင်းဆီတစ်ပွင့်ခုန်ထွက်
သူ့ နာမည်က ဂျုံးအော့ဖ်အတ်တဲ့။
၁၇ နှစ် အရွယ်လေးနဲ့  ကျူးကျော်သူတွေကို မောင်းထုတ်နိုင်ခဲ့တဲ့ ပြင်သစ်သူအပျိုစင်ပေါ့။
မလိုသူတွေက သူ့ ကို မတရား စွပ်စွဲ၊ အရှင်လတ်လတ်မီးပုံထဲထည့်ပစ်ခဲ့တာတောင်မှ
သူ့ ဝိညာဉ်က မသေခဲ့ဘူး။
အဲဒီ့ မီးပုံကြီးထဲကပဲ
သစ္စာတွေငုံထားတဲ့ ဖီးနစ်(စ်)ငှက်တစ်ကောင် ခုန်ထွက်ပြီးတေးဆို
သူ့ နာမည်က ဂျော်ဒါးနိုး ဘရူနိုတဲ့။
အမှောင်ခေတ်ကြီးထဲမှာမှ မှားပြီးလင်းခဲ့မိတဲ့ ကြယ်တစ်ပွင့်ပေါ့။
ကမ္ဘာက နေကို ပတ်နေတာလို့  ပြောခဲ့ရုံနဲ့ 
အရှင်လတ်လတ်မီးရှို့ အသတ်ခံခဲ့ရတဲ့ သူရဲကောင်း။
အမှောင် ကြီးစိုးလာတဲ့ အခါတိုင်း
သူတို့ နှစ်ယောက် ဝိညာဉ်တွေက
ဟိုးကောင်းကင်ဖျားဆီကိုပျံ
ကြယ်နှစ်စင်း သဏ္ဍန်နဲ့ 
ငါချစ်တဲ့ နိုင်ငံကို စောင့်ရှောက်တယ်။

ဟော…ဟိုမှာ
စပါတာကပ်
မြင်းပေါ်က ခုန်ဆင်း
ဖိနှိပ်သူတွေရဲ့ ရင်ဝကို ခပ်ပြင်းပြင်းထိုးဖို့ 
ငါတို့ ကို လှံတစ်စင်း အပ်နှင်းတယ်။
ဟော…ဟိုမှာ
ငထင်ငယ်
ရာဇဝင်ထဲက ခုန်ထွက်
ငါတို့ ကို ဓားတလက် လာဆက်တယ်။

ငါချစ်တဲ့ နိုင်ငံမှာ
လက်ညှိုးပေါင်း တစ်ထောင် ဖြတ်မယ့်သူတွေ မရှိဘူး။
ငှက်အမျိုးပေါင်း တစ်ထောင် သတ်မယ့်သူတွေ မရှိဘူး။
ငါချစ်တဲ့ ကမ္ဘာကြီး တည်ငြိမ်နေလိုက်ပုံက
ဈာန်ရထားတဲ့ ရသေ့တပါး
စင်္ကြဝဠာကြီးထဲမှာ နေကိုပတ်ပြီး
ဈာန်ကြွနေသလိုလို။

ငါချစ်တဲ့နိုင်ငံမှာ
ဆန့် ကျင်ဘက် ဝါဒီတို့ 
အချင်းချင်း စစ်မခင်းကြဘူး။
နေမင်းနဲ့ မိုးစက်ပွင့်တွေလို
ဆန့် ကျင်ဘက် တို့  ညီညွတ်စွာ ယှဉ်တွဲပြီး
လှပတဲ့ သက်တန် တစ်စင်းကို ဖန်ဆင်းတယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
လူသားဆိုတဲ့ ဘုံလူမျိုး တစ်မျိုးတည်းသာ သတ်မှတ်ထားတယ်။
အဲဒီ့လူမျိုးဖြစ်ဖို့ အသားအရောင် ကို မကြည့်ဘူး၊
နှလုံးသား အရောင်ကိုသာ ကြည့်တယ်။
လူတစ်ယောက်ရဲ့  ရုပ်တရားထက် နာမ်တရားကို ပိုပြီး အလေးထားတယ်။

ငါချစ်တဲ့ နိုင်ငံမှာ လူမျိုးတစုကို ကွက်ကွက်ကလေး ချစ်တဲ့စိတ်ထက် တိုင်းပြည်ချစ်စိတ်ကို ပိုပြီး တန်ဖိုးထားတယ်။
ငါရဲ့ နိုင်ငံမှာ သက်ရှိလူသားတွေ မပြောနဲ့ ။
သက်မဲ့မြစ် တွေကအစ တိုင်းပြည်ကို ချစ်ကြတယ်။
သွေးမနှောတဲ့ ဧရာဝတီက စပါး တွေ သီးပေးသလို
သွေးနှောတဲ့ သံလွင်ကလည်း
မမောမပန်း ဟိုးတောင်ပေါ်က ခုန်ဆင်း
သူ့ ရဲ့ ချစ်ခြင်းက ငါတို့ အတွက် အလင်းကို ဖြစ်စေတယ်။

ငါချစ်တဲ့ နိုင်ငံက လူတိုင်းရဲ့ ရင်ထဲမှာ
ပြည်ထောင်စုတစ်ခုစီ ရှိတယ်။
ရင်ထဲမှာ ပြည်ထောင်စုတစ်ခုစီရှိနေလို့ 
အပြင်မှာ ပြည်ထောင်စုတစ်ခုကို တည်ဖို့  မခက်ဘူး။

ငါချစ်တဲ့ ကမ္ဘာမှာ
ယဉ်ကျေးမှုတို့ ဝတ်မှုန်ကူးပြီး ပန်းပွင့်ရောင်စုံတို့ ဖူးတယ်။
ငါချစ်တဲ့ နိုင်ငံထဲမှာ တည်တဲ့
ရွှေတိဂုံနဲ ခါကာဘိုရာဇီကို
တစ်ကမ္ဘာလုံးက ယဉ်ကျေးမှုမြင့်မားသူတိုင်း ပိုင်ဆိုင်သလို
သူတို့ ဆီမှာ တည်တဲ့
အန်ကောဝပ်နဲ့  ပီဆာမျှော်စင်ကို လည်း
ငါတို့ အားလုံး ပိုင်ဆိုင်တယ်။
ယဉ်ကျေးမှုတို့ ရဲ့  နှလုံးသည်းပွတ် မှန်သမျှဟာ
နယ်နိမိတ်တွေကို ကျော်လွန်ဖြတ်သန်းပြီး
စကြာင်္ဝဠာ တစ်တိုက်လုံးအထိ မွှေးတယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
ဥယျာဉ်တစ်ခုရှိတယ်။
အဲဒီ့ ဥယျာဉ်ထဲက သစ်ပင်တွေမှာ
ဘာသာတရားတို့ ရဲ့ အဆီအနှစ်တွေက
သစ်သီးအဖြစ်သီးနေတယ်။
အဲဒီ့သစ်သီးတွေကို ကြိုက်သလောက်ဆွတ်ယူကြ။
အဲဒီ့ ဥယျာဉ်ရဲ့ သစ်သီးတိုင်းဟာ ချိုမြိန်ပြီးဆေးဘက်ဝင်တယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
ပင်လယ်တစ်ခုရှိတယ်။
နာမည် အမျိုးမျိုးနဲ့ စီးဆင်းလာတဲ့ ဘာသာတရားဆိုတဲ့မြစ်တွေဟာ
ကိုယ်ချင်းစာတရားဆိုတဲ့ ပင်လယ်မှာ ပေါင်းဆုံတယ်။
အဲဒီ့ ပင်လယ်ရဲ့ ရေစက်ရေပေါက်တိုင်းဟာ ချိုမြိန်ပြီး ဆေးဖက်ဝင်တယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
ဘုရားတွေ ပရိနိဗ္ဗာန် စံပေမယ့်
တရားတွေ ပရိနိဗ္ဗာန် မစံသေးဘူး။
လူတိုင်းရဲ့ ရင်ထဲမှာ
ဘုရားတစ်ဆူစီရှိနေတယ်။

ကောင်းကင်ကို

download this poem (pdf file)

မှတ်ချက်။ ။
ချီကွေဗားရားဟာ နိုင်ငံပေါင်းစုံကို လှည့်လည်ပြီး တော်လှန်ရေးလုပ်ခဲ့တဲ့ တော်လှန်ရေးသမား ဖြစ်ပါတယ်။ ဘိုလီးဗီးယားမှာ အဖမ်းခံရပြီး သေနတ်နဲ့ ပစ်သတ်ခြင်း ခံရပြီး လက်နှစ်ဖက်ကိုလည်း လက်မောင်းရင်းကနေ လွှနဲ့ တိုက်ပြီး အဖြတ်ခံခဲ့ရပါတယ်။

လေထဲက ဖယောင်းတိုင်ဆိုတာက ဒိုင်ယာနာကို ရည်ညွှန်းပါတယ်။ အယ်လ်တန်ဂျွန် ဒိုင်ယာနာ အတွက် ဆိုခဲ့တဲ့ သီချင်းပါ။

သွေးနှောတဲ့ သံလွင်ဆိုတာ သံလွင်မြစ်ဟာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံထဲမှာပါ ဖြတ်သန်းစီးဆင်းခြင်းကို တင်စားရည်ညွှန်းပါတယ်။

9 comments:

BLACK DREAM said...

တကယ်ကို ရဲရင့်တဲ့ ကဗျာတစ်ပုဒ်ပါပဲ အစ်ကို..။ လေးစားပါတယ်...။

Nyein Chan Aung said...

ကဗျာတစ်ပုဒ် ရင်ထဲအထိ ဖြတ်သန်းစီးဆင်း
အင်း ဒါ ချစ်ခြင်းနဲ့ ရေးဖွဲ့ထားတာပ။

Sandar said...

Veryyyy nice poem. I like it so much. Thanks for sharing.

Aung Tha Nge said...

ညီလေးနဲ့ အကိုနဲ့ ရင်ထဲက ဘုရားချင်း တူနေပြီထင်ပါ့။ ကဲ.... အဲဒီ ဘုရားကိုပဲ ၀ပ်တွားဦးခိုက် ပူဇော်ကြပါစို့ရဲ့။ - ချစ်ခြင်းများဖြင့် -

metta campaign said...

“ငါချစ်တဲ့နိုင်ငံမှာ
ဆန့် ကျင်ဘက် ဝါဒီတို့ 
အချင်းချင်း စစ်မခင်းကြဘူး။
နေမင်းနဲ့ မိုးစက်ပွင့်တွေလို
ဆန့် ကျင်ဘက် တို့  ညီညွတ်စွာ ယှဉ်တွဲပြီး
လှပတဲ့ သက်တန့် တစ်စင်းကို ဖန်ဆင်းတယ်။”

တကယ်ပါဗျာ…။

Saung Yune La (aka) Way said...

ကဗျာလေးကခံစားမှုတွေအများကြီးပေးစေတယ်ညီလေး
ရေ

တန်ခူး said...

ပြီးပြည့်စုံတဲ့ ငါချစ်တဲ့ ကမ္ဘာထဲက ငါချစ်တဲ့ နိုင်ငံမှာ ကဗျာမဆုံးခင် ခဏနေခွင့်ရလိုက်တဲ့အတွက် ကျေးဇူးပါကဗျာဆရာ။

မေပျို said...

ဒီလို နိုင်ငံလေး အပြင်မှာ တကယ်ရှိရင် ဘယ်လောက်များကောင်းလိုက်မလဲ ဆရာရေ။ ကဗျာလေးက အရမ်း အရမ်းကို ကောင်းပါတယ်။

လေးစားစွာဖြင့်
မေပျို

ဂျူနို said...

ဆန့် ကျင်ဘက်ဝါဒီတွေက အချင်းချင်း စစ်မခင်းပဲ
ဥယျာဉ်ကြီးထဲ အတူတူထိုင် လို့ ဘာသာစုံ အဆီအနှစ်သီးတွေစား ဆေးဖက်ဝင်တဲ့ ကိုယ်ချင်းစာပင်လယ်ရေသောက်။

ကောင်းကင်ကိုရေ ကဗျာက ခဏလေးဖတ်လိုက်ရတာ ဒါပေမဲ့ ဒီနေ့ အဖို့ တော့ လူဖြစ်ရတာ တန်သွားပြီ။
အလိုလိုနေရင်းပျော်သွားတယ်။