Thursday, March 27, 2008

သင်္ကြန်မတိုင်ခင် ကျတဲ့မျက်ရည်

နှစ်အသစ်မှာ
ခေတ်အသစ်ကိုစဖို့ 
သင်္ကြန်တေးတွေက
အသံပေးနေကြတယ်။

နှစ်သစ်ဆိုတာ
ဒုက္ခဟောင်း ဝတ်ရုံကို
တစ်ခါပြန်ခြုံထားဦးမယ့် သက္ကရာဇ်အသစ်တစ်ခုလား။
စောင့်ရှောက်သူမဲ့တဲ့ ဥယျာဉ်ထဲမှာတော့
မျှော်လင့်ချက် သစ်ပင်တွေက
အရိုးအပြိုင်းပြိုင်းနဲ့ တစ်တောလုံး ခြောက်လို့ ။

သင်္ကြန်မိုးရွာရုံနဲ့  တစ်နိုင်ငံလုံးသစ်သွားနိုင်သလား။
သင်္ကြန်ရေစိုရုံနဲ့ စိတ်သစ်လူသစ်တွေ ဖြစ်လာနိုင်မလား။
ငါ့အတွက်ကတော့ သင်္ကြန်တစ်ခါကျတိုင်း
အသက်တစ်နှစ်ရှုံးတယ်။
တစ်နှစ်ပြီးတစ်နှစ်ရွှေ့ ရင်း
ကြံဖန်မေ့ဖျောက်ထားရတဲ့ ဘဝအိပ်မက်တွေကလည်း
ငါ့ကို ခဏခဏ တစ္ဆေလာခြောက်
အနာဂတ်ကိုတွေးတိုင်း ငါဟာကြောက်ကြောက်လာတယ်။

ရောက်လာတော့မယ့် နှစ်သစ်ထဲမှာလည်း
ရေကြည်ရာ မြက်နုရာကို ငါသွား နိုင်ပါ့မလား။
ဘာပဲဖြစ်ဖြစ်၊
ဒေသသစ်မှာ ရေကြည်ကြည် ရေနောက်နောက်
မိုးခါးရေကိုတောင် အလကားသောက်လို့ မရတဲ့ ဒီရပ်ဝန်းကတော့
ငါ ရွှေ့ ပြောင်း ချင်တယ်။

လှောင်အိမ်တံခါးကို ငွေနဲ့ ဆွဲဖွင့်
ထွက်ခွာသွားနှင့်ကြတဲ့ သူငယ်ချင်းတချို့ ကတော့
ကိုယ့်ရေကိုယ့်မြေဟာ နေလို့ အကောင်းဆုံးပဲတဲ့။
လွမ်းသလိုလို၊ နှစ်သိမ့်သလိုလိုနဲ့ 
အထက်စီးက ပြောကြတယ်။
ဘာပဲဖြစ်ဖြစ်သူငယ်ချင်းတို့ ၊
စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ ငါတို့ ဘဝထက်
ကိုယ်သွားတိုင်း စိတ်မပါနိုင်တဲ့ မင်းတို့ ဘဝက
အများကြီးသာပါတယ်။

ကိုယ့်ဘဝကိုယ် ပြန်သုံးသပ်ကြည့်တော့လည်း
ဘဝတစ်ခုလုံးက
ဒုက္ခ ပုံစံခွက်ထဲမှာ မသေမသပ်နဲ့ ခေါက်ရိုးကျိုးလို့ ။
နံနက်လင်းတာနဲ့ 
ဆုတောင်းအဟောင်းတွေကို ဘုရားနားပူလောက်အောင်ခြွေ
ပြီးတော့ လမ်းအသစ်ဆိုရင်လုံးဝမလျှောက်တတ်တော့တဲ့ ခြေထောက်အဟောင်းတစ်စုံနဲ့ 
အညစ်အကြေးတွေကို သောက်ထားလို့ အကျည်းတန်အသည်းခြောက်နေတဲ့ လမ်းသွယ်တွေကိုဖြတ်
အလုပ်သွားဖို့  ဘတ်စ်ကားမှတ်တိုင်ဆီကို ထွက်ခဲ့တယ်။
စပါယ်ယာရဲ့ အသံဟောင်းကို နားထောင်ရင်း
လူနံ့ မွှန်နေတဲ့ ဘတ်စ်ကားပေါ် အတိုးမှာ
လူ့ တန်ဖိုးက ထိုးကျ
ဟိုး….သုညအထိ။
အဲဒီ့ သုညတစ်လုံးပေါ့
အလုပ်ကနေ
နွမ်းလျနေတဲ့စိတ်၊ သေနေတဲ့မျက်လုံးတွေနဲ့ အိမ်ကိုပြန်
ရေကို ခြွေခြွေတာတာချိုး
ခြွေခြွေတာတာစားသောက်ပြီး
နားအဟောင်းတွေက တောင်းဆိုလို့ 
ပြည်ပ ရေဒီယိုအသံလွှင့်ဌာန တစ်ခုကိုဖွင့်ပြီးနားထောင်လိုက်တယ်။
သြော်…သတင်းတွေကလည်း အသစ်ပေမယ့် အဟောင်း
တစ်နေ့ နဲ့ တစ်နေ့ date သာပြောင်းသွားတယ်
ငါတို့ ထပ်တလဲလဲ ခံစားနေရတဲ့ ဆင်တူရိုးမှား ဆင်းရဲဒုက္ခ အဟောင်းတွေ….
ဒီလိုနဲ့ …
မဖြစ်စလောက် တက်ကြွမှုလေးပါပျောက်
ငါ့ အတွေးတွေကလည်း ဟိုရောက် ဒီရောက်နဲ့ ။

အို…ဘာပဲဖြစ်ဖြစ်
မကြာခင်မှာ ရောက်လာတော့မယ့် စာမေးပွဲအတွက်
စိတ်ညစ်စရာတွေကို အားတင်းဖြေဖျောက်
ကဗျာမဆန်တဲ့ ဖယောင်းတိုင် အလင်းရောင်အောက်မှာ
ကွန်ပျူတာ ပရိုဂရမ်းမင်း စာအုပ်တစ်အုပ်ကို အားတင်းဖတ်နေတဲ့သူကတော့
သုညမျိုးဆက်သစ် ငါပဲပေါ့။
သြော် …ခြင်တွေခြင်တွေ
ဒင်းတို့ က ကိုက်နိုင်ပေမယ့်
ငါက မရိုက်နိုင်တော့ဘူး
အိပ်လိုက်တာပဲ ကောင်းပါတယ်။
ဒီလိုနဲ့ အိပ်ရာဝင်ရင်း နာရီကိုနှိုးစက်ပေး
သန်းခေါင်ကျော်အချိန်မှာ ရေထတင်ရေးအတွက်။

အဲဒါဟာ ထူးခြားမှု မရှိတဲ့
ငါ့ဘဝ ပုံသေတစ်နေ့ တာတွေပေါ့။
စနေ၊ တနင်္ဂနွေ ညတွေ ဆိုရင်တော့
ငါ့ရဲ့ မျှော်လင့်ချက်တွေကို
ရွန်နီရဲ့ ခြေထောက်ထဲထည့်
ရော်နယ်ဒို ရဲ့ ခြေထောက်ထဲထည့်နဲ့ ...
ရွန်နီရေ…..မင်းဟာငါ့ရဲ့ မျှော်လင့်ချက်ပဲဖြစ်တယ်။

သြော်…ဘဝ၊ဘဝ
ဝမ်းတစ်ထွာ ဝရုံလေးတောင်မှ
တစ်နေကုန်ပြေးလွှားနေရပါလား။
လူ့ ဘဝရဲ့ အခြေခံအကျဆုံးဖြစ်တဲ့
စားဝတ်နေရေးဆိုတဲ့
တိမ်တိမ်လေးနဲ့ နက်တဲ့ မြစ်ကျဉ်းထဲမှာ
မရှူမလှရေတိမ်နစ်နေရတော့လည်း
ကြွေးဟောင်းဆပ်နိုင်ဖို့ ဆိုတာလည်း ဝေးလှ
တစ်ခါ တစ်ခါ အမေ့အကြောင်းတွေးရင် မျက်ရည်ကျတယ်။
ချစ်သူနဲ့ နှလုံးသားချင်း ဝတ်မှုန်ကူး
သံယောဇဉ်ကမ္ဘာလေးတစ်ခု တည်ဖို့ အရေးဆိုရင်တော့
ပိုပြီးတော့တောင် ဝေးလှသေးတယ်။

တောက်! ဘယ်ဘဝက ဝဋ်ကြွေးတွေလဲ။
ခေတ်၊ အစာအိမ်နဲ့  ဆန္ဒတို့ ရဲ့ သုံးပွင့်ဆိုင်စစ်ပွဲထဲမှာ
ငါတော့
လှံသွားထက်ထက်တွေ ရင်မှာ စူးနေပြီ။
ခံစား ချက်တွေ ဝင်ကာ ရူးနေပြီ။

သြော်….ဒါဟာ လူလတ်တန်းစား ဘဝတဲ့လား။
သုညမှာ အလတ်စားတွေ အကြီးစားတွေ ရှိသေးသလား။
သုညဟာ ကြီးကြီး ငယ်ငယ်၊ ပိန်ပိန်ဖောင်းဖောင်း သုညက သုညပါပဲ။
သုညက ကျောသားရင်သား မခွဲခြားပဲ
ဆင်းရဲခြင်းဒုက္ခကို ပေးတယ်။

မြူတွေဆိုင်းသလို မှုန်ဝါးနေတဲ့ အနာဂတ်ရေ...
ငါ..လျှော့လျှော့ပေါ့ပေါ့နဲ့ အရိုးရှင်းဆုံးမက်ထားခဲ့တဲ့
ရွက်ကြမ်းရေကျို အိပ်မက်လေးတွေဆီကို ရောက်ဖို့ အရေးတောင်
ဘယ်လို လမ်းက လျှောက်ရမှာလဲ။
အဖြေမမြင်လောက်အောင် သိပ်ခက်တယ်။
သေချင်လောက်အောင် စိတ်ပျက်တယ်။

လေထဲမှာ တိုက်အိမ်ဆောက်လိုက်
ရေထဲမှာ အရုပ်ရေးလိုက်နဲ့ 
ငါ့ ဘဝက ဒီအတိုင်းကြွေလွင့် ရတော့မှာလား။
ရင်ထဲမှာ အကျဉ်းကျနေတဲ့ အသံတွေကို ဥပေက္ခာပြုပြီး
ငါတစ်သက်လုံး ဟန်ဆောင်နေလိုက် ရတော့မှာလား။
ငါ့ရင်ထဲက ဟိုရောက် ဒီရောက် အတွေးတွေကို
ဒီတစ်ည လောက်ဖျောက်ချင်တယ်။
စည်တစ်ဂျား လောက် သောက်ချင်တယ်။

သြော်…
နှစ်အသစ်မှာ
ခေတ်အသစ်ကိုစဖို့ 
သင်္ကြန်တေးတွေကတော့
အသံပေးနေကြပြီ။

ကောင်းကင်ကို

15 comments:

ဆောင်းယွန်းလ said...

ခံစားချက်တွေပြည့်လျှံမွန်းကျပ်နေသလိုဘဲ...ကဗျာလေး
အရမ်းကောင်းတယ်.....
စည်တစ်ဂျားရရင်လည်းခေါ်လိုက်ဦး...နောက်တာ...

Emily said...

အကိုရေ တော်တော် ကောင်းတယ်ဗျာ။ ကဗျာက ဖတ်ရတာ ပြီးသွားတဲ့အချိန်ကတော့ တမျိုးကြီး ဖြစ်သွားတယ်ဗျ။ မောသွားသလိုပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အကို့ ကဗျာတွေကတော့ လတ်ဆတ်ချိုမြိန်ဆဲပါပဲ။

metta campaign said...

“နှစ်သစ်ဆိုတာ
ဒုက္ခဟောင်း ဝတ်ရုံကို
တစ်ခါပြန်ခြုံထားဦးမယ့်
သက္ကရာဇ်အသစ်တစ်ခုလား။”

…ဒုက္ခဟောင်းနဲ့ နှစ်သစ်….

ကိုပေါ said...

ညည်းချင်း ရေးဖွဲ့တဲ့နေရာမှာ ဦးကြင်ဥက ဘဘ ဘဘ ခေါ်လောက်သည်။

“ငါ့စိတ်ထဲက ဟိုရောက်ဒီရောက်အတွေးတွေကို
ဒီတညလောက် ဖျောက်ချင်တယ်။
စည်တဂျားလောက် သောက်ချင်တယ်” ဆိုပါလား။

ကြိုက်သွားပြီ ကဗျာနော့သမို့
မိုက်မှားသည် လာမချော့ကြပါနဲ့
(တို့လဲ) တိုက်ဂါးဘီယာ သွားမော့တော့မယ်။

Unknown said...

ထုံးစံအတိုင်း စကားလုံးတွေပြောင်မြောက်ပြီး ရည်ရွယ်ချက်တွေ ထိရောက်တုန်းပါလား အစ်ကိုရေ...။ နှစ်သစ်ကို ယုံကြည်ချက်အသစ်၊ မျှော်လင့်ချက်အသစ်၊ အိပ်မက်အသစ်တွေနဲ့ ကြိုဆိုကြရအောင်လား :)

မေပျို said...

ဆရာရေ..
ကဗျာလေး လာဖတ်သွားတယ်။ ကဗျာလည်း ဆုံးရော ရင်ထဲမှာ မောသွားတာပဲနော်။ စည်တစ်ဂျားတောင်ဆိုတော့ မများဘူးလား ဆရာရေ။ တစ်ခွက်၊ နှစ်ခွက်ဆို တော်ရောပေါ့။ :P

လေးစားစွာဖြင့်
မေပျို

su wai said...

ကဗျာဖတ်ပြီး ဘာပြောရမှန်းတောင် မသိတော့ဘူး အကိုရယ်...သေချာတာတော့ မြန်မာနှစ်ပဲကူးကူး၊ အင်္ဂလိပ်နှစ်ပဲကူးကူး စိတ်ထဲက ဒဏ်ရာဟောင်းတွေက သေရာပါနေဦးမှာပါပဲ။ ခေတ်အသစ်ကို စနိုင်တဲ့တစ်နေ့မှာတော့ ဒီခံစားချက်တွေ လျော့ပါးသွားနိုင်ကောင်းပါရဲ့နော်...ခုတော့ ခေတ်ဟောင်း၊ စနစ်ဟောင်းတွေထဲမှာ နှစ်သစ်ဆိုတာလဲ .............။

မြန်မာပြည်ကိုလွမ်းတယ် said...

တကယ့်နှစ်သစ်နဲ.တကယ့်ခေတ်သစ်ကို
ရောက်မဲ့ရက်ကိုမျှော်နေမိတယ်အကိုရေ..

မင်းကျန်စစ်။ said...

အကိုရဲ့ ဒေါသတွေ မာန်မာနတွေကို ကဗျာလေးမှာ အပြင်သရုပ်ပေါ်အောင် ခံစားပီး ရေးထားတာကို သိသာစေတယ်ဗျာ။ အရမ်း လန်းတဲ့ကဗျာလေးပဲ။ တချို့အချက်တွေကို တော်တော်သဘောကျတယ်။ ဘာတဲ့... date သာ ပြောင်းတဲ့ ဘာဆိုလား အဟားဟား။
ထပ်တရီ လေးစားပါတယ် :)

Winkabar said...

ကဗျာက တကယ်ကောင်းတာပဲ။ လူတိုင်း လူတိုင်းရဲ့ ရင်ထဲမှာရှိနေတဲ့ အကြောင်းတွေ ခံစားချက်တွေကို အစ်ကိုက ကဗျာတစ်ပုဒ်တည်းနဲ့ပုံဖော်လိုက်သလိုပဲ။ အရမ်းကိုထိတာပဲ။

တန်ခူး said...

မျက်ရည်တွေ ဖလားထဲထည့် ပက်ကြမယ့် သင်္ကြန်။

Anonymous said...

အကို ကောင်းကင်ကို !
မိုးခါးရေတောင် အလကားသောက်လို့ မရဘူးတဲ့လားဗျာ ...ခံစားချက် အပြည့်ပါတဲ့ ကဗျာလေးပါ အကယ် ကိုကောင်းတယ်ဗျ အဆင်ပြေပါစေ...:)

MELODYMAUNG said...

ကဗျာမဆန်တဲ့ ဖယောင်းတိုင် အလင်းရောင်အောက်မှာ
ကွန်ပျူတာ ပရိုဂရမ်းမင်း စာအုပ်တစ်အုပ်ကို အားတင်းဖတ်နေတဲ့သူဟာ
သုညမျိုးဆက်သစ် ငါပဲပေါ့တဲ့
ဘာစာအုပ်လဲ နာ့ကိုလဲ ရှဲပါဦးအေ

ဗွမ်း..ဘုန်းး..ဗွမ်း
သင်္ကြန်မတိုင်ခင် ကျတဲ့မျက်ရည်တွေ နာ့သင်္ကြန်ရေနဲ့ ရောပြီး ပျော်ရွှင်ပါစေလေ

အကြိုရေပက်သွားတယ် ပြန်မပက်ရ သင်္ကြန်မကျသေး ငရဲကြီးတတ်တယ် :P

ကဗျာလေးကောင်းတယ်ဗျ အပေါ်မှာ စတာတွေ စိတ်မဆိုးနဲ့

Anonymous said...

Wonderful job :D i see this's not ur masterpiece, ur impressive and attractive poems will come out. To me, i feel myself as if i lost all everything i have, i don't know why. Then, BKK weather is too hot and i get bore staying here.
Anyway, i do proud of wonderful job which is praised by readers. Keep it up :)

Tin said...

ကောင်းလွန်းတဲ့ ကိုကောင်း,
မပြောင်းလဲချင်း သည် ပြောင်းလဲချင်း ဆို တဲ့ နိယာမ တရား ဟာ
ကျနော်တို့ အား လုံး အတွက် ပြောနေသလိုဘဲ........
နှစ် လ ရာသီ အလီ လီ
ဘယ်လို ပင် ပြောင်း ခဲ့ ပြောင်း ခဲ့
်တို့  တွေ အား လုံး အသက်တွေကြီး ခဲ့ ပေမဲ့
မပြောင်းလဲ တဲ့ နု ပျို လှ ပ
အမြဲ ကြုံ တွေ့ ရ
ဒို့ ဒုက္ဒ က... လွတ် ရာ နတ္ထိ
ဆေး မရှိ။