Thursday, February 21, 2008

ဒုက္ခိတ

ဗီယက်နမ် စစ်ပွဲက အပြန် …..
စစ်သားလေး တစ်ယောက်ဟာ သူနေတဲ့ မြို့ ကို မပြန်ခင်မှာ ဆန်ဖရန်စစ္စကို ကနေ သူ့ မိဘတွေဆီကို ဖုန်းဆက်ပါတယ်။

“ဟယ်လို၊ မာမီ၊ သားပါ။ မာမီနေကောင်းရဲ့ လား။ ဒယ်ဒီရော”
        “သား…သားလေး…မေမေတို့သားလေးဆီကဖုန်း မျှော်နေတာ ။ ဒယ်ဒီလည်းရှိတယ်။ သားလေးနေကောင်းရဲ့ လား”
“ဟုတ်ကဲ့၊ကောင်းပါတယ် မာမီ၊ သားအခုအိမ်ပြန်လာတော့မလို့ ၊အဲဒါသူငယ်ချင်းတစ်ယောက်ကို အိမ်ခေါ် လာချင် လို့ ။ရလား။”
        “အင်း၊ ခေါ်ခဲ့လေ သားလေးရဲ့ ။ မာမီတို့ လည်းတွေ့ ရတာပေါ့”
ကောင်လေးက ဆက်ပြောတယ်။ “ ဒါပေမယ့် သားသူငယ်ချင်းက မိုင်းနင်းမိပြီးတော့ ခြေထောက် တစ်ဘက် နဲ့ လက်တစ်ဘက် ဖြတ်လိုက်ရတယ်။ သူ့ မှာ တခြားလည်း သွားစရာ နေရာလည်းမရှိဘူး။ အဲဒါသားသူ့ ကို သားတို့ နဲ့ တူတူနေဖို့ ခေါ် ထားချင်တယ်။ရလား မာမီ”
        “သြော်၊ စိတ်မကောင်းစရာပါလား။သနားပါတယ်။မေမေတို့ လည်း သူ့ အတွက်နေစရာ ကူရှာ ပေးကြ မယ်လေ”
“မဟုတ်ဘူးမေမေ။ သားကသူ့ ကိုသားတို့ နဲ့ တူတူနေဖို့ အိမ်မှာအမြဲတမ်းခေါ်ထားချင်တာ၊သူကသားရဲ့ အချစ်ဆုံးသူငယ်ချင်း မာမီရဲ့ ။”
        “သြော်…သားလေးကလဲကွာ။အဲလိုတော့ဘယ်ဖြစ်ပါ့မတုန်း။ဒုက္ခိတတစ်ယောက်ကို ပြုစုစောင့်ရှောက်နေရရင်မေမေတို့ အတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေမှာပေါ့။ အဲဒီ့ သူငယ်ချင်းကို မေ့လိုက်ပြီး သားတစ်ယောက်တည်း ပြန်လာစမ်းပါသားရယ်။ ဒုက္ခမရှာချင်စမ်းပါနဲ့ ။သူ လည်းတနည်းနည်းနဲ့ အဆင်ပြေသွားမှာပါ”

သူ့ သူငယ်ချင်းကို အရမ်းချစ်ပုံရတဲ့ ကောင်လေးဟာ ချက်ခြင်းဖုန်းချသွားပါတယ်။

အဲဒီ့နေ့ ကစပြီးကောင်လေးရဲ့ မိ ဘတွေဟာ ကောင်လေးဆီက၃ရက်လောက်ဘာသတင်းမှမရတော့ပါဘူး။ ၃ရက်မြောက်နေ့ မှာ တော့…..

၃ရက်မြောက်တဲ့ နေမှာတော့ ဆန်ဖရန်စစ္စကို ရဲစခန်းကနေ ဖုန်းလာပါတယ်။ သူတို့ သား သေသွားပြီတဲ့။ အဆောက်အဦး တစ်ခုပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတာတဲ့။

ကြေကွဲသောက ရောက်နေတဲ့ မိဘနှစ်ပါးလည်း ဆန်ဖရန်စစ္စကို ကိုလိုက်သွားရတာပေါ့။ သူတို့ သားလေးရ့ဲ့ အလောင်းကို မြင်လိုက်ရတဲ့ အခါမှာတော့ သူတို့ နှစ်ယောက် အရမ်းတုန်လှုပ်ပြီး ကြေကွဲသွားပါတယ်။ နောင်တ အကြီးအကျယ်ရသွားပါတယ်။

သူတို့ သားရဲ့ အလောင်းမှာ လက်တစ်ဘက်နဲ့ ခြေတစ်ဘက်ပဲရှိတယ်လေ။

ကောင်းကင်ကို
Look in Your heart (Anonymous) ကို ဘာသာပြန်ထားပါသည်။

9 comments:

su wai said...

အကိုရေ…တိုက်ဆိုင်တယ်လို့ ပြောရမလားမသိ… ဒီစာလေးကို ဟိုတလောတုန်းလေးကပဲ ချင်းတွင်းမဂ္ဂဇင်းမှာလား၊ မိုးဂျာနယ်မှာလား မသိဘူး ဖတ်မိလိုက်သေးတယ်။ သူလဲ ဘာသာပြန်ထားတာပဲ။ ဖတ်ပြီးတော့လဲ ရင်ထဲမှာ မှတ်မှတ်ထင်ထင်ကို ဖြစ်သွားတာပဲ။ အခု အဲဒီစာလေးကို အကို့ဘလော့ဂ်မှာ ထပ်ဖတ်ရတယ်။ စာဖတ်သမားတွေက အကြိုက်ချင်း ခံစားချက်ချင်းတူတယ် ထင်တယ်နော်။

Yan said...

ရသမြောက်တယ်ဗျာ. တင်ပေးတာ ကျေးဇူး ကိုကောင်းကင်ကိုရေ. ဘယ်အရာမဆို စူးစမ်းဆင်ခြင်ပြီးမှ စကားတစ်ခွန်းကို ပြောထွက်သင့်ဖို့ သင်ခန်းစာရလိုက်တယ်.

ခင်မင်လေးစားလျက်

ရန်အောင်

Mr.Pooh @ မောင်ပွတ် said...

ဒီစာလေးကောင်းတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။

Pinkgold said...

အဲဒါလေး ဖတ်ဖူးတာ နည်းနည်းကြာပြီ.. ဘယ်မှာ ဖတ်တာလဲတော့ မေ့သွားပြီ.. ဒီနေရာမှာ ပြောချင်တာက မိဘတွေ မစူးစမ်းပဲ ပြောတာချည်းပဲ အပြစ် မဟုတ်ဘူး.. လျှာရှည်ပြီး အဖြစ်မှန်ကို ဖုန်းကွယ်တဲ့ သားရဲ့ အပြစ်လည်း အများကြီးပါတယ်.. ဟုတ်တယ်လေ သူစိမ်း ဒုက္ခိတနဲ့ ကိုယ့်ရင်သွေး ဒုက္ခိတ တူမှ မတူတာ.. ဖုန်းဆက်တဲ့ သား အမှန် မပြောတာကိုက ရှည်တာ

ChIr0N said...

အကိုရေ ကျွန်တော်လဲ ဒီစာကို ဖတ်ဖူးတယ်ဗျ။ ထားပါတော့ ပြောချင်တာက အဲဒါမဟုတ်ပါဘူး။ ကျွန်တော်သာ မိဘနေရာမှာဆိုရင်လဲ ဒီလိုပဲ ပြောမိမှာပဲလေ။ တကယ်ဆို သူ မိဘကို မညာသင့်ဘူး။ အမှန်အတိုင်းပြောရင် မိဘတွေက လာတောင် ပြေးခေါ်ဦးမယ်။ တခြား ဒုက္ခိတ တယောက်ကို တင်ကျွေးဖို့ဆိုတာ ကိုယ်တိုင်ကလဲ ပိုလျှံဦးမှကိုး။ ပြီးတော့ စစ်ကြီးဖြစ်နေတဲ့ ကာလဆိုတော့ ဘယ်သူကမှ ဒုက္ခ ခံချင်မှာ မဟုတ်ဘူးလေ။ ဘာလို့ သူ ညာပြောခဲ့တာလဲ။ မိဘက ကိုယ့်သားရင်းနဲ့ တခြားလူနဲ့တော့ ဘယ်တူပါ့မလဲဗျာ။ သူ့နေရာမှာ ကျွန်တော်ပဲ ထားပါတော့ အမှန်အတိုင်းပြောမယ်။ ညာတော့ မညာဘူး။ မိဘကို ဒုက္ခ မပေးချင်ရိုး မှန်ရင် တခြားသွားနေလိုက်မယ် သူငယ်ချင်းပါဆိုပြီးတော့ ညာပြောမိမှာ မဟုတ်ဘူး။ ဒါက ကျွန်တော့် အမြင်ကို ပြောပြတာပါ။ အကို့ကို ကန့်လန့်တိုက်တာ မဟုတ်ဘူးနော်။ ကျွန်တော်ဆိုရင်တော့ မညာဘူးဗျာ။ပြီးတော့ ကိုယ့်ကိုကိုယ် သတ်သေဖို့လဲ ဘယ်တော့မှ မစဉ်းစားဘူး။ အဖန်ငါးရာ ငါးကမ္ဘာလေနော့။ ကြောက်စရာကြီး။

Saung Yune La (aka) Way said...

တနေရာရာမှာတော့ဖတ်ဖူးခဲ့သလိုဘဲ...ကြေကွဲစရာဘဲညီလေးေ၇..ဒီပို့စ်လေးအတွက်ကျေးဇူး

တန်ခူး said...

ပွင့်လင်းမှူတွေက တချို့နေရာတွေမှာ အသက်လောက်အရေးကြီးတယ်။

Anonymous said...

ဆရာရေ..
ဒုက္ခိတတစ်ယောက်ရဲ့ဘ၀ကို နားလည်စေဖို့ ဘာသာပြန်ပေးထားတာလေး ကောင်းလိုက်တာ။ လူတစ်ယောက်က အကောင်းပကတိအချိန်မှာသာ စိတ်ဓါတ်ခိုင်မာရင် ခိုင်မာမယ်။ ကိုယ့်မှာ ချို့ယွင်းချက်တစ်ခု ရှိလာတာနဲ့အမျှ အားငယ်စိတ်ဆိုတာ အလိုလို ၀င်လာတာပဲလေ။ ဒီလိုအားငယ်စိတ်ဝင်နေတဲ့လူတွေကို မိဘဆွေမျိုးသားချင်းတွေက တတ်နိုင်သမျှ အားပေးရမှာပါ။ နောက်ပီး မိဘဖြစ်လာမှတော့ ကိုယ်မွေးထားတဲ့ သားသမီးရဲ့အသံကြားတာနဲ့ သူဘာဖြစ်နေသလဲဆိုတာ မသိနိုင်ဘူးလား။ အားငယ်စိတ်ဝင်နေတဲ့ လူတစ်ယောက်ရဲ့ အပြောအဆိုကအစ သိသာပါတယ်လေ။ နောက်တခုက ကိုယ့်သားသမီး မဟုတ်တာနဲ့ ပစ်စလတ်ခတ် လုပ်မယ်ဆိုတာတော့ မဟုတ်သေးဘူး ထင်ပါတယ်။ ဒုက္ခိတဖြစ်နေတဲ့ လူတစ်ယောက်နေရာမှာ ကိုယ့်ဆွေမျိုးသာဖြစ်ရင်..ဆိုတဲ့ အတွေးမျိုးတော့ သေချာပေါက်တွေးသင့်တယ်ထင်တာပဲ။ လူလူချင်းကိုယ်ချင်းစာတရားပေါ့။ ကိုယ့်ထိမှ နာမယ်ဆိုရင်တော့ ဒါက ကောင်းမွန်မြင့်မြတ်တဲ့ စိတ်ထားမဖြစ်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်မှာ ကိုယ်ချင်းစာတရားနဲ့ ကြင်နာသနားဖို့ကတော့ အလိုအပ်ဆုံးပဲ မဟုတ်လား။ သဲရေးတာလည်း အတော်ကို ရှည်သွားပီနော်။ ၀င်ပီးအကြံပေးတဲ့ သဘောပါ ဆရာရေ။ မှားသွားရင်လည်း ခွင့်လွှတ်နော်။

လေးစားစွာဖြင့်
မေပျို

ကောင်ဆိုးလေး said...

ကောင်းပါတယ် .ရသလေးပေးနိုင်တယ်
ဘာသာပြန်ထားတာ ကောင်းလိုက်တာဗျ