Saturday, February 16, 2008
ရင်ထဲက အမေ
အမေဟာ…
ဝါးလုံးခေါင်းထက်တောင် ကျဉ်းတဲ့
စစ်ဖိနပ် အတွင်းမှာ
မရမက သာပေးရှာတဲ့ လမင်း။
အမေဟာ…
ဒဏ်ရာတွေကို ကြိုးအဖြစ်တပ်ပြီး
ကမ္ဘာတုန်အောင် မြည်တဲ့သီချင်း။
အမေနေပြခဲ့တဲ့ အတ္ထုပ္ပတ္တိနဲ့  သားတို့ သတ္တိတွေကို ဆူပွက်နေအောင် နှိုးထားတာ။
အမေပြောခဲ့တဲ့ စကားတွေနဲ့ သားတို့ သွေးတွေကို နီရဲနေအောင် ဆိုးထားတာ။
အမေ့ရင်ထဲက ကဗျာ တစ်ပုဒ်ဆွဲထုတ်
ဓားတစ်လက်လုပ်ပြီး
အဲဒီ့ မိစ္ဆာတောအုပ်ကို သားတို့ ခုတ်ကြမယ် အမေ။
သွေးဆာနေတဲ့ဘီလူးတွေက
စံမမီတဲ့ သူတို့ ဘဝလှေနံမှာ
အာဏာကို အောင်မြင်မှု အဖြစ် တရားသေ ဓားထစ်နေချိန်မှာ
အမေကတော့ ကရုဏာ နှလုံးသားနဲ့ 
ပြည်သူ့ ငိုသံကို နားစွင့်တယ်။
အမေဟာ တက္ကသိုလ်ရိပ်သာလမ်းထဲမှာ လှောင်ထားခံရတဲ့ ငှက်ကလေး တစ်ကောင်၊
ပျံခွင့်မရတဲ့ ငှက်အားလုံးတို့ ရဲ့ ခေါင်းဆောင်ပေါ့။
အမေက ပျံခွင့်မရပေမယ့် အမေ့နာမည်ကတော့ ဟိုး…ကောင်းကင်ဖျားမှာပျံနေတယ်။
အမေ့ နာမည်တစ်လုံးကို ပြည်သူတွေအတွက် အမေသုံးချင်နေမှာပဲနော်။
ပြည်သူ့ မေတ္တာတွေသာ ပန်းပွင့်လေးတွေဖြစ်မယ်ဆိုရင်
ပြည်သူတိုင်းက ပန်းပွင့်တစ်ပွင့်စီပေးလို့ 
အမေ့ ဘဝဥယျာဉ်မှာ ပန်းပွင့်လေးတွေနဲ့ ပြည့်နေလောက်ပြီ။
အဲဒီ့ ပန်းရနံ့ တွေပေါ့။
သူတို့ မလိုတမာစိတ်နဲ့ ဘယ်လိုဖုံးဖုံး
ကမ္ဘာတစ်ခုလုံး မွှေးနေတာ။
မိစ္ဆာတွေကတော့
သေနတ်ကို မလွှတ်တမ်းကိုင်ပြီး
မီးလောင်နေတဲ့ ကုလားထိုင်တွေပေါ် အတင်းတက်ထိုင်နေကြတယ် အမေ။
အဲဒီ့ မိစ္ဆာတွေပေါ့၊
သူရဲဘော ကြောင်လိုက်ကြတာ။
အမေ့ကို ရင်မဆိုင်ရဲလို့ ၊
အမေ့ကို မယှဉ်ပြိုင်ရဲလို့ 
အမေ့ကိုသီးခြား ခွဲထုတ်
အမေ့စာမျက်နှာတွေကို သမိုင်းထဲက အတင်းဆွဲစုတ်လည်း
အမေ့ ပုံရိပ်တွေက သားတို့ အသည်းထဲမှာ
စုတ်နဲ့ ထိုးထားသလို စွဲပြီးသား။
ဘယ်သူတွေ ဘယ်လို ပြောပါစေ
အမေဟာ အမေဖြစ်နေသေးသရွေ့ 
သားတို့ ချစ်နေမယ်။
ရင်ထဲမှာ အမေ အမြဲရှိနေမယ်။
ခုချိန်မှာတော့ အမေဟာ ….
ကျဆုံးခဲ့တဲ့ ရင်သွေးတွေအတွက်
အမေ့အိမ်လေးထဲမှာ တိတ်တိတ်ကလေး ငိုနေမလား။
ဒါမှမဟုတ် ဒုက္ခပင်လယ်ဝေနေတဲ့ ရင်သွေးတွေအတွက်
ဆုတောင်းမေတ္တာတေးသီချင်းတွေကို တိတ်တိတ်ကလေးဆိုနေမလား။
အမေ့ရဲ့  အကြင်နာလက်နဲ့ 
သားတို့ နေတဲ့ ပုခက်လေးကို
ညင်သာစွာ လွှဲပေးမယ့် နေ့ ရက်တွေကို မျှော်နေမယ်။
အမေဟာ ကျွန်တော်တို့ အားလုံးရဲ့ ကောင်းကင်
အမေ မိုးမယ့် နေ့ တွေဆီကို သားတို့ အားလုံး ရောက်ချင်လှပြီ။
အမေဟာ ကျွန်တော်တို့ အားလုံး ရဲ့ မိခင်
အမေပျိုးမယ့် ဥယျာဉ်ကို သားတို့ အားလုံး ကြည့်ချင်လှပြီ။
ကောင်းကင်ကို
(၁၅ ဖေဖော်ဝါရီ ၂၀၀၈)
Subscribe to:
Post Comments (Atom)
9 comments:
မိုက်တယ် အကိုရေ
စကားလုံးတွေနဲ့ လက်ရှိကို ထိအောင်ရေးနိုင်တယ်
နင့်ခနဲပဲ ခံစားသွားရတယ်
ဆရာရေ
အမေလွတ်လာမယ့် နေ့ရက်တွေကို စောင့်ကြိုနေပါတယ်။
ကဗျာလေးက အရမ်းကောင်းတာပဲဆရာ။
လေးစားစွာဖြင့်
မေပျို
ပြည်သူ့ မေတ္တာတွေသာ ပန်းပွင့်လေးတွေဖြစ်မယ်ဆိုရင်
ပြည်သူတိုင်းက ပန်းပွင့်တစ်ပွင့်စီပေးလို့ 
အမေ့ ဘဝဥယျာဉ်မှာ ပန်းပွင့်လေးတွေနဲ့ ပြည့်နေလောက်ပြီ။
အဲဒီ့ ပန်းရနံ့ တွေပေါ့။
သူတို့ မလိုတမာစိတ်နဲ့ ဘယ်လိုဖုံးဖုံး
ကမ္ဘာတစ်ခုလုံး မွှေးနေတာ။
ကဗျာလေးတွေကငြိတယ် ရင်ထဲ အမြဲ...
ကောင်းတယ်ညီလေးရေ..
အမေဟာ…
ဝါးလုံးခေါင်းထက်တောင် ကျဉ်းတဲ့
စစ်ဖိနပ် အတွင်းမှာ
မရမက သာပေးရှာတဲ့ လမင်း။
အမေဟာ…
ဒဏ်ရာတွေကို ကြိုးအဖြစ်တပ်ပြီး
ကမ္ဘာတုန်အောင် မြည်တဲ့သီချင်း။
အမေနေပြခဲ့တဲ့ အတ္ထုပ္ပတ္တိနဲ့  သားတို့ သတ္တိတွေကို ဆူပွက်နေအောင် နှိုးထားတာ။
အမေပြောခဲ့တဲ့ စကားတွေနဲ့ သားတို့ သွေးတွေကို နီရဲနေအောင် ဆိုးထားတာ။
အမေဟာ ကျွန်တော်တို့ အားလုံးရဲ့ ကောင်းကင်
အမေ မိုးမယ့် နေ့ တွေဆီကို သားတို့ အားလုံး ရောက်ချင်လှပြီ။
အမေဟာ ကျွန်တော်တို့ အားလုံး ရဲ့ မိခင်
အမေပျိုးမယ့် ဥယျာဉ်ကို သားတို့ အားလုံး ကြည့်ချင်လှပြီ။
ဖတ်ရင်းနဲ့မျက်ရည်ဝဲမိတယ်။ မျှော်လင့်ခြင်းတွေ .. ယုံကြည်ခြင်းတွေ.. ခိုင်မာနေတဲ့ တွဲလက်တွေ .. သွေးနဲ့ရင်းထားတဲ့ ကြိုးစားမှုတွေ .. ဘ၀များစွာရဲ့ ရင်ဖွင့်သံတွေ .. အားလုံးနောက်ကွယ်မှာ ဒီပျိုးဥယျာဉ်လေး ကျိန်းသေပေါက်ရှင်သန်ဖြစ်ထွန်းလာမှာပါနော် :)
ဒီကဗျာလေးလည်း ကောင်းတာပါပဲ။
ကျွန်တော် မပြောတော့ဘူး အကိုရာ... :)
တကယ်တော့တို့က ကဗျာဆရာနဲ့မောင်နှမတွေပဲ။
ကိုကောင်းကင်ရေ…မဖတ်ရသေးတဲ့ ကဗျာတွေအကုန် ဖတ်သွားပါတယ်။ ကဗျာတွေက တစ်ပုဒ်တစ်မျိုးစီ အားလုံးကောင်းလို့ ဘာပြောရမှန်းတောင် မသိလောက်အောင်ပါပဲ။ `ငါတို့ထဲက တချို့သို့´မှာ `ငါတို့ထဲက တချို့က ယုံကြည်ချက်တွေပန်ပြီး ယောနသံစင်ရော်လို ပျံနေချိန်မှာ … ငါတို့ထဲက တချို့က ကိုယ့်အနာဂတ်ကို ကိုယ်တိုင်သော့ခတ် သော့တံကို မိစ္ဆာတွေဆီအပ်လို့ ´ဆိုတဲ့ အပိုဒ်ကို အကြိုက်ဆုံးပဲ။ `မကျွတ်သေးတဲ့ တစ္ဆေ´ မှာ ကိုကောင်းကင်ရဲ့ အိမ်အလွမ်းတွေကို ရင်နင့်အောင်ပဲ ခံစားမိပါတယ်။ သူများတိုင်းပြည်မှာ အလုပ်သွားလုပ်ရတဲ့သူတွေရဲ့ ဘ၀ကိုလဲ ကိုယ်ချင်းစာမိပါတယ်။ `ရင်ထဲက အမေ´ကတော့ ပြောစရာကို မလိုတော့ပါဘူး။ သားသမီးတွေအားလုံးရဲ့ ရင်ထဲကစကားတွေကို ကိုယ်စားပြောပေးတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ။ လေးစားအားကျမိပါတယ် ကိုကောင်းကင်ရယ် … ။
Post a Comment