Thursday, February 7, 2008

ကြေကွဲစရာ စာမျက်နှာများ

အခြွေခံရတဲ့ ပန်း
အနမ်း မခံရတဲ့ ရင်သွေး
မေတ္တာပို့ သခွင့် မရတဲ့ ရဟန်း
သားပျောက်တဲ့ မိခင်
ငိုခွင့် မရှိတဲ့မျက်နှာများ
ဒါဟာ ငါတို့ အတွက် ဘာမှမဆန်းတော့တဲ့
ကြေကွဲ စရာ စာမျက်နှာများပေါ့။

လေးဆယ့်ခြောက်နှစ်တိတိ
မိုးမလင်းတဲ့ ရပ်ဝန်းတစ်ခုမှာ
အန္တရာယ် အနံ့ ကလည်း
နေရာတိုင်းမှာ ရတယ်။

ကြည့်ရတာ ဖြူနေပေမယ့်
မင်းမျက်ဝန်းတွေကတော့ နီနေသလိုပဲ ကံ့ကော်။
ရင်သွေးတွေ ပျောက်လို့ ငိုထားခဲ့တာလား။
မင်းတွေ့ ခဲ့ရတဲ့ ကြေကွဲစရာ ပုံပြင်တွေကို
ငါတို့ ကိုလည်း ပြောပြပါဦး။
ငါတို့ အတူငိုကြရအောင်။

အနော်ရထာဟာ
သူ့ ထီးနန်းပျောက်မှာကြောက်လို့ 
ကိုယ်ဝန်ဆောင်မိခင်တွေကိုတောင် လိုက်သတ်ခဲ့သတဲ့။
အဲဒီ့ ဒဏ္ဍာရီစကားတွေကို ငါမယုံခဲ့ပေမယ့်
ခေတ်သစ်ဘီလူးတွေကတော့
အဲဒီ့အတိုင်း ရက်စက်နေလိုက်ကြတာ။
တောက်!!!…
မိစ္ဆာတစ်ပိုင်း လူတစ်ပိုင်းတွေ။

သူငယ်ချင်းတို့ …
မျိုချလိုက်ကြဦး… စကားလုံးတွေကို
ငိုချလိုက်ကြဦး… အချိန်မဟုတ်ပဲ ရွာနေတဲ့ မိုးနဲ့ အပြိုင်
ခံစားလိုက်ကြဦး… ပျောက်နေသောသူတွေအတွက်
ကျင်းပလိုက်ကြဦး… ကြယ်ပွင့်တွေရဲ့ ဈာပနကို… တိတ်တိတ်ကလေး
စောင့်စားလိုက်ကြဦး… ခြင်းထဲကကြက်ကလေးတွေလို… ကိုယ့်အလှည့်မရောက်မချင်း။

ငါတို့ အဖြစ်က ဆိုးလိုက်တာ။
လူ့ ပြည်မှာ နေပြီးတော့ လူဖြစ်ခွင့်ကိုမရကြတဲ့ ဘဝ
ငိုတာတောင်မှ အသံကျယ်ကျယ်မထွက်ပဲ ငိုရတယ်။
ပူဆွေးတာ တောင်မှ ဘယ်ဆီကိုမှန်းပြီး ပူဆွေးရမှန်း မသိဘူး။
သက်တော်စောင့်ဆိုသူတွေ လက်ချက်နဲ့ အသက်တွေထွက် နေရတဲ့ဘဝပါ။
ကိုယ့်ကိုယ်ကို ပြည်စောင့်နတ် ဆိုသူတွေက ပြည်သူတွေကိုသတ်တယ်။

သူငယ်ချင်းတို့ …
ငါတို့ နေနေရတဲ့ နေရာဟာ စစ်တလင်း တစ်ခုဖြစ်တယ်။
သတိနဲ့ ယှဉ်ပြီး ခုခံစစ်ကို ပြင်ကြ။

မိစ္ဆာတွေ လူဖြစ်ပြီး လူ့ ပြည်မှာ ကြီးစိုးနေတဲ့ခေတ်မှာ
ငါတော့…ငရဲပြည် မှာသာ ဆင်းနေလိုက်ချင်တယ်။

ကောင်းကင်ကို

11 comments:

မေပျို said...

ဆရာရေ
ကဗျာလေးက ခံစားချက်နဲ့ ကွက်တိ ဖြစ်နေသလိုပဲ။ အရမ်းကိုကောင်းပါတယ်။ ဒီအပိုဒ်ကိုတော့ အကြိုက်ဆုံးပဲ ။


မိစ္ဆာတွေ လူဖြစ်ပြီး လူ့ ပြည်မှာ ကြီးစိုးနေတဲ့ခေတ်မှာ
ငါတော့…ငရဲပြည် မှာသာ ဆင်းနေလိုက်ချင်တယ်။

လေးစားစွာဖြင့်
မေပျို

Saung Yune La (aka) Way said...

အခြွေခံရတဲ့ ပန်း
အနမ်း မခံရတဲ့ ရင်သွေး
မေတ္တာပို့ သခွင့် မရတဲ့ ရဟန်း
သားပျောက်တဲ့ မိခင်
ငိုခွင့် မရှိတဲ့မျက်နှာများ
ဒါဟာ ငါတို့ အတွက် ဘာမှမဆန်းတော့တဲ့
ကြေကွဲ စရာ စာမျက်နှာများပေါ့။
ဒီထိပ်ဆုံးအပိုဒ်လေးကိုအကြိုက်ဆုံးဘဲ..ခံစား၇တာတွေ
ကတော့ရင်နဲ့မဆန့်အောင်ပါဘဲညီလေးရေ

Yan said...

ရင်ထဲက ထွက်ကျလာတဲ့ စကားလုံးတွေမို့ ရင်ဘတ်နဲ့ပဲ ခံစားသွားပြီး ရင်ဘတ်ထဲမှာပဲ သိမ်းသွားတယ် ကိုကောင်းကင်ကိုရေ..

ရန်အောင်

su wai said...

ကြေကွဲစရာ စာမျက်နှာတွေကို ရင်နာနာနဲ့ ဖတ်နေရတဲ့အဖြစ်ကနေ ကင်းလွတ်ချင်ပါပြီ အကိုရေ…။

Nyein Chan Aung said...

သူငယ်ချင်းတို့ …
မျိုချလိုက်ကြဦး… စကားလုံးတွေကို
ငိုချလိုက်ကြဦး… အချိန်မဟုတ်ပဲ ရွာနေတဲ့ မိုးနဲ့ အပြိုင်
ခံစားလိုက်ကြဦး… ပျောက်နေသောသူတွေအတွက်
ကျင်းပလိုက်ကြဦး… ကြယ်ပွင့်တွေရဲ့ ဈာပနကို… တိတ်တိတ်ကလေး
စောင့်စားလိုက်ကြဦး… ခြင်းထဲကကြက်ကလေးတွေလို… ကိုယ့်အလှည့်မရောက်မချင်း။

ကောင်းလိုက်တဲ့ ကဗျာ ကောင်းကင်ရေ။ ကဗျာတစ်ပုဒ်လုံး ကြိုက်တယ်။

Pinkgold said...

စာသားတွေကို ပြင်းပြင်းထန်ထန် ခံစားသွားတယ် အကို

နှင်းခါးမိုး said...

ခင်ဗျားကတော့ ဗမာပြည်ရဲ့ ဗားတော့ဗရက်ပဲ။ ကျနော်တို့ ရေးစရာ စကားလုံးတောင် မကျန်တော့ဘူး။ နံရံကို ရင်ဘတ်ကြီးနဲ့ ရိုက်နေသလား အောက်မေ့ရတယ်။ ကျနော့် ဥခွံလေးတောင် ကွဲကွဲသွားတယ်။

တန်ခူး said...

ကဗျာဆရာရဲ့soulက စကားလုံးတိုင်းမှာ။

BLACK DREAM said...

ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး..အရင်လူတွေ ပြောသွားတာကုန်နေပြီ...လေးစားပါတယ်... အတူတူကြိုးစားကျတာပေါ့..တစ်နေ့အောင်မြင်ရမှာပါ.. :)

Anonymous said...

လူမျိုးဂုဏ်ကျက်သရေတုန်းလို့ 

ညှိုးနွှမ်းနေပြီ


သာသနာရောင် ပျောက်ကွယ်လို့ မှိုင်းညှို့ လာပြီ

စာနာမှုတွေနားမလည်

တကိုယ်ကောင်းစိတ်တွေ

ကဲနေကြသည်

ရန်လိုမုန်းထား

မှန်တာကို မကြား

လူတွေကိုဖိနှိပ်ထား

လက်အောက်ကိုညာဝါး

အထက်ကိုဖါး

မိသားစုအံတိုအောင်စား

ငရဲပြည်ကစောင့်နေသည်

စိန်တွေဒေါ်လာတွေ

မီးသွေးခဲ လုပ်လို့ 

ဒင်းတို့ ကို ဒယ်အိုးမှာ မွှေဘို့ 

ပူလှချည်ရဲ့ မအော်နဲ့ 

ကြောက်လှချည်ရဲ့ မအော်နဲ့ 

ဒူဘိုင်းကိုလည်းပြေးလို့ မရ

လမ်ဘာဂူနီလည်း စီးမရ

စိန်တွေလည်း ၀တ်မရ

နန်းတော်ကြီးထဲလည်း

စကိတ်မစီးရ

မြေတူးတဲ့ ဆည်မြောင်းဖေါက်တဲ့

မင်းကြီးပုံလည်းသတင်းစာထဲမထဲ့ရ

အောင်သောင်းပေးတဲ့ ငွေထုပ်လည်း

ပြာတွေဖြစ်လို့ ပူလာရဲ့ 

ရွှေမန်း တို့ လည်းဒယ်အိုးထဲမှာအတူတူ

နင်တို့ သားတွေမြေးတွေကို

နင်တို့ ပေးတဲ့ အမွေ

ပြည်သူတွေရဲ့ နာကျည်းမုန်းတည်းမှုတွေ

လူထုရဲ့ နာကျင်မှုတွေ

နင်တို့ လူစုယူ

တိုင်းပြည်ရဲ့ ကျဆုံးမှု

နင်တို့ ခေါင်းပေါ်ပိ

နောက်ဆုံးပိတ်အကြီးဆုံးငရဲ

ဒီနေ့ ဘဲခံစားစေ

နောင်ဘ၀မရောက်

နောင်မှမရှိ

ယခုယနေ့ ပင်တွေ့ 

ဒယ်အိုးပူထဲမွေ့ 

ရန်ကင်း said...

အင်း.........ဆြာကောင်းကဗျာတွေကဖတ်လိုက်တိုင်း
ဟတ်ထိရတယ်။
လေးစားပါတယ်ဗျာ။
ကိုတေ