ယခုနှစ်သည်ကား ကောင်းသောနှစ်ဖြစ်၏။ တစ်နည်းအားဖြင့်မူ စိတ်လှုပ်ရှားဖွယ်ရာ နှစ်ကာလလည်းဖြစ်၏။ အမျိုးကောင်းသားတို့ အိတ်ထဲမှ စည်းစိမ်ဥစ္စာ အသပြာငွေကြေးတို့  အနုတ်အသိမ်း အပေးအယူ အကြွေးထူထပ်ရာ သမယလည်းဖြစ်၏။ အကြောင်းမူ ၂၀၀၆ ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲ ကြီးကို ဂျာမနီနိုင်ငံတွင် ဝှဲချီးကျင်းပ ခြေစွမ်းပြဘိကြရာ နှစ်ကာလ ဖြစ်သောကြောင့်ပင် ဖြစ်ဘိပါချေသည်တကား တမုံ့ သတည်း။
(နှစ်)
လူမှုဗေဒဆိုင်ရာ သိပ္ပံပညာရှင်တို့ က ဘောလုံးပွဲဆိုသည်မှာ သွေးမထွက်သော စစ်ပွဲများဟူ၍ တင်စားမြွက်ဆိုခဲ့ကြချေရာ အကြင်အနှီစကားကို ကျွန်ုပ် ဂျက်ကွမ်းခြံကုန်း ကြိုက်၏။ လူမျိးအလိုက် နိုင်ငံအလိုက် မိမိတိုင်းပြည်၏ အကောင်းဆုံး အညွန့် ဆုံး လူသယံဇာတများကို တူးဖော်ရွေးထုတ်ကာ ကမ္ဘာ့ရှေ့ မှောက်၌ ချပြလိုက်ခြင်းပင်ဖြစ်၏။ မိမိတို့ ၏ ဉာဏခွန်အား၊ ကာယခွန်အား ဘယ့်ကလောက်ရှိထားသည်ကို ရှူစားတော်မူကြပါခင်ဗျ ဟူလို။
(သုံး)
ဘောလုံးပွဲ တစ်ပွဲသည် အနုပညာတစ်ရပ်ဖြစ်၏။ ရှေ့ ဘာဖြစ်မလဲ ရှေ့ ဘာဖြစ်မလဲနှင့် တထိတ်ထိတ်ကြည့်နေရသည်မှာ အားပြိုင်မှု(conflict) အကောင်းဆုံးဖြစ်သဖြင့် ဝတ္ထုတိုကောင်းတစ်ပုဒ်နှင့် အလားသဏ္ဍန်တူ၏။
ဘောလုံးပွဲတစ်ပွဲသည် ရူပဗေဒသင်ခန်းစာတစ်ရပ်လည်း ဖြစ်၏။ အရှိန်တို့ အဟုန်တို့  အားတို့ မျှခြေတို့ အင်နားရှားတို့ ပေါင်းစုပါဝင်၏။
ဘောလုံးပွဲတစ်ပွဲသည် သချာင်္ပုစ္စာတစ်ပုဒ်လည်း ဖြစ်၏။ ထောင့်ကျဉ်း ထောင့်ကျယ် မျဉ်းတို မျဉ်းရှည် မျဉ်းဖြောင့် မျဉ်းကွေး ပေးယူလှုပ်ရှား ကစားနေကြခြင်းပင်ဖြစ်ဘိတုံချေ၏။
အနို့ အပြင် ဘောလုံးပွဲတစ်ပွဲဟူသည်ကား ဆိုက်ကော်လော်ဂျီ ခေါ် စိတ္တဗေဒလေ့ကျင့်ခန်းများလည်းဖြစ်၏။ တစ်ဘက်လူ တစ်ဘက်အသင်း၏ စိတ်ကိုအကဲခတ်ကာ မိမိတို့ က ထိုးဖောက်မွှေနှောက် ဆော့ကစားရခြင်းဖြစ်ချေတုံ၏။
သို့ ဖြစ်ချေရာ အကြောင်းကြောင်းသော အကြောင်းကြောင်းများကို ပေါင်းစပ်ဖွဲ့ စည်းထားသည့် မဟာအနုပညာတော်ဝင် အားကစားဖြစ်ချေသဖြင့် လူတိုင်းကြိုက်ဘောလုံးဖြစ်နေရသည်မှာ ဘဇာမှ မဆန်းကြယ်လှပါချေတည့်။
(လေး)
ဘောလုံးအကြောင်း စဉ်းစားသော် ကျွန်ုပ်၏ဆရာ နန္ဒသိန်းဇံကို သတိရမိ၏။ ဆရာ နန္ဒသိန်းဇံကား ဘောလုံးပွဲကို ခံတွင်းတွေ့ ဟန်မတူ။ လုံးစေ့ပတ်စေ့ မဟုတ်သော်လည်း ဆရာ့စကား အချို့ ကို ကျွန်ုပ် သတိရမိ၏။
“ဘောလုံးကစားနေတာကို ကိုယ်လေ့လာနေတာကြာပြီ။ အနှစ်ချုပ်ကတော့ ဂိုးပေါက်ထဲကို ဝင်အောင်သွင်းနိုင်ဖို့ လိုက်လုနေကြတာပါပဲဗျာ” ဟူသတည်း။
ဟုတ်မဟုတ်ကိုကား အောင်ကျော်ဦး ခေါ် ကြွက်နီခေါ် သိမ်းတင်သား ခေါ် နှုတ်ခမ်းမွှေး ခေါ် စုတ်ဖတ်ဖတ်နှင့် လူအား မေးရပါအံ့။
(ငါး)
ဘောလုံးအကြောင်း စဉ်းစားသည်တွင် ကဗျာဆရာ အောင်ဝေးသည်လည်း အောက်မေ့ဖွယ်ကောင်းသူပင်။ အကြင်ကဗျာဆရာကား ဘောလုံးပွဲအကြောင်း စလိုက်သည်နှင့်….
“ပုသိမ် တက္ကသိုလ်မှာ တုန်းက ကိုယ်က မြန်မာစာအသင်း selection (လက်ရွေးစင်) လေကွာ” ဟူသတည်း။
အနို့ နှင့် ကာလအတန်ကြာလေသော် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ။ အထက်ပါစကားကို ပြောဆိုသည့်အခိုက် ကျွန်ုပ်က မေးမိချေ၏။
“အနို့  ပုသိမ်တက္ကသိုလ် မြန်မာစာဘာသာမှ ယောက်ျားလေး ဘယ်လောက်ရှိချေသတုန်းဗျာ”
ကဗျာဆရာ အောင်ဝေးကား ခေတ္တတော့ တွေသွားပါချေ၏။ ပြီးမှ….
“ဆယ့်လေးငါးယောက်တော့ ရှိမှာပေါ့ဗျာ” ဟူသတည်း။
ခက်ခဲနက်နဲစွာဖြင့် အကျပ်အတည်းကြားမှ selection ဖြစ်လာရရှာသူ မောင်အောင်ဝေးကလေးပင်တကား တမုံ့ သတည်း။
(ခြောက်)
၂၀၀၆ ဂျာမနီ ကမ္ဘာ့ဖလား အကြောင်း စကားစရာက တို့ အစ်ကိုကြီး ချစ်ဦးညိုအကြောင်းကိုလည်း သွားသတိရမိပြန်၏။ သူကဟောပြောပွဲတိုင်းတွင် ဘောလုံးပွဲတစ်ခု အကြောင်း မကြာမကြာ ပြောတတ်သူဖြစ်၏။
မျက်စေ့ ကန်းနေသူတို့ ဘောလုံးအသင်းနှင့် ရူးသွပ်နေသူတို့ ဘောလုံးအသင်း ကစားကြသည် ဆို၏။ မျက်စေ့ ကန်းနေသူတို့  ဘောလုံးကန်နိုင်ကြစေရန် ဘောလုံးတွင် ခြူကလေးဆွဲပေးထား၏။ အသင်းသားအချင်းချင်း သိနိုင်စေရန် မျက်စေ့ ကန်းနေသူ ကစားသမားများ၏ ခြေထောက်များတွင်လည်း ခြူကလေးများ ဆွဲပေးထားသည်ဆို၏။ အနို့ အပြင် ဂိုးပေါက်များတွင်လည်း ခြူဆွဲကာ အသံပေးထားသည်ဆို၏။ အနို့ ဖြင့်ကန်ကြရာ နောက်ဆုံးတွင် မျက်စေ့ကန်းနေသူတို့ အသင်းက ၁၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားသော ပုံပြင်ဖြစ်ပါ၏။ ထို ၁၁ ဂိုးမှာ မျက်စေ့ကန်းနေသူတို့ က သွင်းသော ဂိုးမဟုတ်တုံပဲ ရူးနေသူတို့ က မိမိတို့ ဂိုးကို မိမိတို့ (ဂိုးသမားအပါအဝင်) တစ်ယောက်တစ်ကိုးစီ (တာဝန်သိသိ) ပြန်သွင်း ခဲ့ကြ ခြင်းကြောင့် မျက်စေ့ ကန်းနေသူတို့ က နိုင်သွားခြင်း ဖြစ်ကြောင်းလည်း ထိုအနှီ အစ်ကိုကြီး ချစ်ဦးညိုက ရှင်းပြခဲ့သေးပါ၏။ အသိတရားကန်းခြင်းသည် မျက်စေ့ကန်းခြင်းထက်ဆိုးကြောင်း ဥပဒေထုတ်ကာ ဆုံးမတော်လည်း မူပါသေး၏။ သာဓု သာဓု သာဓု။
အနှီပုံပြင်ကို မမ စမ်းစမ်းနွဲ့ (သာယာဝတီ) ထံမှ ရသည်ဆို၏။ မမ စမ်းစမ်းနွဲ့ ကလည်း လူထုဦးလှထံမှရသည်ဟု ဆိုပြန်၏။ လူထုဦးလှ အဘယ်ကရသည်ကိုမူ မေးရန်ခက်ပေစွ။
(ခုနစ်)
ဘောလုံးနှင့် ပတ်သတ်သည့် ဟာသတစ်ပုဒ်ကို ဆရာဖေလင်းသစ်၏ ဟောဒီလောကီထဲတွင်လည်း ဖတ်လိုက်ဖူး၏။ အနှီဟာသကိုပင် ကိုဆွေမင်း(ဓနုဖြူ)က သူ၏တွတ်ပီထဲတွင် ထည့်သုံးထားပြန်ပါ၏။
ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲအပြီး ဆုချီးမြှင့် အခမ်းအနားတွင် ဘောလုံးအကြောင်းဘာမှမသိသူ သူကြီးက အမေးအမြန်း အစုံအစမ်း လုံးဝ မရှိပဲ အပိတ်မိန့် ခွန်း နိဂုံးချုပ်စကား တက်ပြော၏။ ခက်ခဲပင်ပန်းစွာ လုယက်ကစားသွားကြသည့် အားကစားသမားများကို လွန်မင်းစွာ အားနာမိဟန်ဖြင့်….
“သည်နှစ် ရပ်ရွာရဲ့  ဘဏ္ဍာရေးအခြေအနေအရ ဘောလုံး တစ်လံးတည်း ချပေးထားရတာကို အလွန်အားနာပါတယ်။ ဘောလုံးဈေးကလည်းကြီးတယ် မဟုတ်လား။ အနို့ သော် ရှေ့ နှစ်များမှာ လူစေ့တက်စေ့ အားရပါးရ စိတ်ကြိုက်ကစားနိုင်ဖို့  တစ်ယောက်နဲ့ တစ်ယောက် လုယက်မနေကြရဖို့ အတွက် ၂၂ လုံးချထားမပေးနိုင်လင့်စေကာမူ လေးငါးဆယ်လုံး ချထားပေးဖို့  ကတိပြုရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား” ဟူလို။
(ရှစ်)
အနို့ ကလို ဘောလုံးလောက သြချဖွယ်ရာ ထွေလီကာလီများထဲတွင် ကျွန်ုပ်ဆရာကြီးဂျက်၏ အသည်းကိုခိုက်သွားစေသော ဖြစ်ရပ်မှန်ဇာတ်တစ်ပုဒ်ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ ဘက်မှ ကြားခဲ့ရပြန်ချေ၏။ အလယ်တန်းကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဟူချေသတည်း။ ဆယ်ကျော်သက် ကလေးတွေ ပေပေါ့။
အသို့ နှင့် ဘောလုံးပွဲကြီး ဝှဲချီးကျင်းပခဲ့ကြရာ နောက်ဆုံးဗိုလ်လုပွဲသို့  နှစ်သင်းတက်ကာလာသည် ဆို၏။ ထိုနေ့ က ဗိုလ်လုပွဲဆိုသော်လည်း မိုးကသည်းထန် မြစ်ချောင်းတွေက ပြည့်လျှံ ဖြစ်နေရာ ပရိသတ်မှာ အနည်းငယ်မျှသာ ရှိသည်ဟုလည်း ဆိုပါ၏။ သို့ သော် ပြိုင်ဘက်အသင်းတစ်သင်းမှ သင်းတို့ ၏ ရွာမှနေ၍ ချောင်းများမြောင်းများကို ကျော်ဖြတ်ပြီး ဘောလုံးကွင်းသို့ လာရမည်ဖြစ်ရာ မိုးထန် ချောင်းလျှံကြောင့် ပသို့ မှ မလာရောက်နိုင်ခဲ့ပဲ ရှိပါ၏။ အနှီတွင် ဘောလုံးပွဲတို့ ၏ ထုံးစံ မလာသူကို အရှုံးပေးရန်ဖြစ်ပါ၏။ သို့ သော်…..
ဘောလုံးပွဲနာယက ကျောင်းအုပ်ဆရာမကြီးအပါအဝင် ပြိုင်ပွဲကျင်းပရေး အဖွဲ့ က မည်သို့ မျှ ဘောလုံးကို မကစားပဲ လာသောအသင်းကို အနိုင်ပေးရသည်မှာ ခြောက်ခြောက်သွေ့ သွေ့  နိုင်လှကြောင်း၊ ထို့ ကြောင့် လာသောအသင်းတစ်သင်းတည်း ပွဲကို အဖြစ် ကစားစေလိုကြောင်း၊ ၅မိနစ် ကစားပြီးနောက် လူတစ်ယောက်မှ မရှိသည့် တစ်ဖက်အသင်း၏ ဂိုးထဲသို့  ၁ဂိုး ကန်သွင်စေလို ကြောင်း၊ အကယ်၍ မသွင်းနိုင်ခဲ့သော် အရှုံးပေးမည် ဖြစ်ကြောင်း သဘောတူမျှကြကာ ကွင်းလယ်တွင်ဘောလုံးကိုချ တွီကနဲ မှုတ်ပြီးသည့် သကာလ စတင်ကစားကြပါချေ၏။ သို့ သော် ထိုအသင်း ရှုံးပါသည်။ ၅ မိနစ်စွန်းသည် အထိ သတ်မှတ်သော ၁ဂိုးကို မသွင်းနိုင်ကြရှာ။ အကြောင်းမှာကား သူသွင်းမည် ငါသွင်းမည်နှင့် တစ်ယောက်ဘောလုံးကို တစ်ယောက် လိုက်လုနေကြရင်း မည်သူမှ မသွင်းလိုက်နိုင်ပဲ အရှုံးတွေ့ သွားခဲ့ရသည် ဆိုပါ၏။ ထိုအံ့သြဖွယ် ဖြစ်ရပ်မှန် ဘောလုံးပွဲမှာ ကျွန်ုပ် ဂျက်ကွမ်းခြံကုန်း၏ အသည်းကို အခိုက်ဆုံးဖြစ်ပါ၏။

ဂျက်ကွမ်းခြံကုန်း
4 comments:
ဂျက် (ကွမ်းခြံကုန်း) သရော်စာကတော့ ထိတယ်။ မျက်မမြင်တွေနဲ့ စိတ်ဝေဒနာသည်တွေ ဘောလုံးပွဲကလည်း အသိကိုပေးတယ်။ ကရင်ပြည်နယ်လိုင်းဘွဲ့မြို့ နယ်က ကလေးတွေရဲ့ ဘောလုံးပွဲကလည်း မှတ်သားစရာပဲ။
“ပုသိမ် တက္ကသိုလ်၊ မြန်မာစာအသင်း selection (လက်ရွေးစင်) ကိုအောင်ဝေးကို တွေ့ ရင်မေးကြည့်လိုက်အုံးမယ်။ သူ့ပုံစံကြည့်ရတာတော့ ဘော ဖက်မှာ ဖြစ်ဖြစ်မြောက်မြောက် ဟုတ်ပုံမရပါဘူး။
ဆရာရေ
ဂျက် (ကွမ်းခြံကုန်း) သရော်စာက မိုက်တယ်နော်။ အရမ်းကောင်းတာပဲ။
ထိမိပိုင်နိုင်တဲ့ ဒီpostအတွက် ဂျက်ကွမ်းခြံကုန်း နှင့် စာတင်ပေးသော ကောင်းကင်ကို တို့ကို ကျေးဇူးတင်ပါတယ်။ နောက်လဲ ခုလိုသရော်စာကောင်းကောင်းတွေ များများဖန်တီးနိုင်ပါစေ။ လေးစားလျှက်။
မိုက်တယ်ဟေ့..
အောင်ကျော်ဦး(ခ)ကြွက်နီကကိုငှက်ရဲ့ဘော်ဒါပုသိမ်ဒီဂရီကောလိပ်ကဒရမ်မာမဟုတ်လား.ကိုမြင့်မိုးအောင်နဲ့ဘော်ဒါတွေဘဲလေ..
သိချင်တာလေးတွေဝင်မေးသွားတာနော်..အကိုက၁၀တန်းအောင်ပြီးရန်ကုန်ကနေပုသိမ်ကိုပြောင်းသွားခဲ့လို့ပုသိမ်ကလူတွေတော်တော်များများကိုသိတယ်..
Post a Comment