Saturday, May 25, 2024

တရားမျှတခြင်းနဲ့ ပတ်သတ်လို့

 လောကကြီးမှာ တရားမျှတမှု တကယ်ရှိလားဆိုရင် လောကကြီးကို မပြောပါနဲ့။ ကိုယ့်ဘဝတခုစာတောင် တရားမျှတမှုက မရှိပါဘူး။ တကိုယ်စာဆန်တဲ့ မတရားမှုလေးတွေဆိုရင် ကူပြောပေးမယ့်သူတွေလည်း ရှိမှာမဟုတ်ပါဘူး။ အရေအတွက်က တစ်ယောက်တည်း ဖြစ်နေတာကိုး။ တစ်ယောက်စာအတွက် တရားမျှတမှုက လောကကြီးအဖို့တော့ ဘာမှအရေးမကြီးသလိုပဲ။ ကိန်းဂဏန်းတခုသက်သက်ပဲ ဖြစ်နေမှာပေါ့။
လူတစုအတွက် မတရားမှုဖြစ်လာပြီဆိုရင်တော့ လောကကြီးက နည်းနည်းဂရုစိုက်လာပြီ။ ပြန်ထိန်းညှိဖို့ ကြိုးစားလာတာတွေ ပေါ်လာပြီပေါ့။ ဒါတောင်မှ အရေအတွက်နည်းနေရင်၊ soft power ရော hard power ပါ ချို့တဲ့သူတွေဆိုရင် လောကကြီးက ဂရုမစိုက်ပါဘူး။ ကမ္ဘာနဲ့ယှဉ်ရင် မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်ကိုကြည့်။ အရေအတွက်နဲ့ ပါဝါ မရှိတော့ ဘယ်သူမှ သိပ်ဂရုမစိုက်။ မြန်မာနဲ့ ယှဉ်ရင် ရိုဟင်ဂျာတွေကိုကြည့် (ဒါတောင်မှ ရိုဟင်ဂျာတွေကို အခြေအနေအရဖြစ်စေ၊ တချို့ကတော့ နိုင်ငံရေး ဝင်ကစားချင်လို့ ဖြစ်စေ၊ တကယ်ပဲ စာနာလို့ဖြစ်စေ၊ အနုနည်းနဲ့ ကယ်ပေးဖို့ အသံထွက်ပေးဖို့ ကမ္ဘာကြီးက ကြိုးစားပေးကြသေးတယ်။ အဲဒိနေရာမှာ လူသိန်းဂဏန်းမဟုတ်ဘဲ လူရာဂဏန်း ထောင်ဂဏန်းပဲ ဖြစ်ကြည့်ပါလား။ လောကကြီးက သိပ်ဂရုစိုက်မှာမဟုတ်ဘူး။)
တရားမျှတမှုဆိုတာ လူတွေသတ်မှတ်ထားတဲ့ အရာ။ လူလုပ်တရား။ လူလုပ်စံနှုန်း။ သဘာဝမှာ အဲဒါမရှိဘူး။ ဒါပေမယ့် လူဆိုတာကလည်း သဘာဝထဲမှာ ပါနေတော့ သဘာဝ တခုလို့လည်း ပြောလို့တော့ရချင်ရမယ်။ လူ့လောကတည်မြဲရေးအတွက် evolution ဖြစ်လာတဲ့ အရာမို့ တရားမျှတမှုဆိုတာဟာ သဘာဝတရားနဲ့ မလွတ်ဘူးလို့လည်း ပြောချင်ပြောလို့ရပါတယ်။ ထားတော့။ စကားလုံးတွေကို ကစားချင်တာမဟုတ်ဘူး။ Definition ပေါ် မူတည်လိမ့်မယ်။ ဒါနေမယ့် ဒီပို့စ်မှာတော့ လူလုပ်တရားအဖြစ် ယူဆထားလိုက်မယ်။
တချို့တွေဟာ မတရားမှုတွေကို အနစ်နာခံတိုက်ဖျက်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် တကယ့်တကယ်တမ်းမှာ လူတွေဟာ လောကကြီးအတွက် တိုက်ယူပေးဖို့ မပြောနဲ့၊ ကိုယ့်တစ်ကိုယ်စာအတွက်တောင် မတိုက်ယူနိုင်ကြပါဘူး။
ဥပမာ ကျနော့်အပေါ် လူတယောက်က အနိုင်ကျင့်နေမယ်။ အဲဒီလူဟာ မအလလို ကမ္ဘာသိလူဆိုးတွေဖြစ်နေရင်တော့ လူတွေက မတရားမှန်း တန်းသိတယ်။ ဒါပေမယ့် အဲဒီလူဟာ ကိုယ်နဲ့လူတချို့အပေါ်ပဲ ကွက်ပြီးဆိုတာ ဆိုပါစို့။ ပြီးတော့ သူဟာ လူသိများသူဖြစ်မယ်၊ ဒါမှမဟုတ် နာမည်ကောင်းရထားသူဖြစ်မယ်၊ လူကောင်းလို့ လူတွေထင်နေကြသူဖြစ်မယ်ဆိုရင် ....အဲဒီလိုလူတွေရဲ့ ကိုယ့်အပေါ် မတရားမှုကို ဘယ်သူမှ သိကြမှာမဟုတ်။ သိအောင် ပြောပြလည်း ယုံကြမှာမဟုတ်။ ကိုယ့်ကိုတောင် ဆိုးတယ် သို့မဟုတ် လူကောင်းတယောက်ကို နာမည်ဖျက်တယ်လို့ထင်သွားကြဦးမယ်။ ကိုယ့်မှာ ပါဝါမရှိဘူးဆိုရင် ဒီတော့ စိတ်အပင်ပန်းမခံချင်ရင် ကိုယ့်တကိုယ်စာ မတရားမှုကိုတောင် တိုက်ယူလို့မရဘဲ ကျော်သွားလိုက်ကြရတော့တယ်။
ဒါဆိုရင် မတရားမှုတွေကို တိုက်ခြင်း၊ မတရားမှုတွေကို ဖော်ထုတ်ခြင်း၊ မတရားမှုတွေအကြောင်း ရေးသားခြင်းက လူလုပ်အမှန်တရားမို့ မရှိထိုက်တော့ဘူးလား။
အဲလိုလည်း မဟုတ်။ အပေါ်မှာ ပြောခဲ့သလိုပဲ သက်ရှိတွေ တည်မြဲရေးအတွက် emergence ဖြစ်လာတဲ့ အရာတခု။ တရားတာတွေ၊ မတရားတာတွေကို လူတွေက သတ်မှတ်လို့သာ ရှိနေတာဆိုပေမယ့် အဲဒါတွေ လုံးလုံး မရှိလို့၊ မသတ်မှတ်လို့၊ အဲဒါတွေအတွက် ကြိုးပမ်းသူ လုံးလုံးမရှိလို့ကတော့ လူ့လောကကြီး ဒီလိုဖြစ်မနေပါဘူး။ လူသားတွေမျိုးတုံးတာ ကြာလောက်ပြီ။ (လောကကြီးက လူသားတွေ မျိုးတုံးခြင်း မျိုးမတုံးခြင်းကိုလည်း ဦးစားပေးအရာတခု အဖြစ် ဂရုစိုက်နေလိမ့်မယ်လို့တော့ မထင်ပါဘူး) ဒါပေမယ့် လူ့လောက တည်မြဲရေးအတွက်ဆိုရင်တော့ ....
လူလုပ်ထားတဲ့ အမှန်တရားတွေ ဆိုပေမယ့် အပြည့်အဝမရှိရင်တောင် အဲဒါအတွက် ကြိုးပမ်းနေသူတွေ၊ ရေးသားနေသူတွေ နည်းနည်းဖြစ်ဖြစ် လိုအပ်တယ်။ အဲဒီ စံနှုန်းတွေကို လုပ်ယူထားတာဆိုပေမယ့် အဲဒါတွေ အပြည့်အဝ မရတောင် စံနှုန်းကို ဦးတည်ကြိုးစားမှုတွေက လိုအပ်တယ်။
အဲလိုမှ လုံးလုံးမရှိရင်တော့၊ တစိတ်တပိုင်းမရှိရင်တောင် လူသားတွေဟာ မျိုးမတုံးခင်မှာလည်း အထိတ်တလန့်နဲ့ပဲ ဆင်းရဲဒုက္ခနဲ့ နေကြရလိမ့်မယ်။ ခုလည်း ဆင်းရဲဒုက္ခတွေ ရှိတယ်ဆိုပေမယ့် လူလုပ်တရားတွေ လုံးလုံးမရှိရင် ခုထက်ပို ဒုက္ခရောက်၊ ခုထက်ပိုနာကျင်ကြလိမ့်မယ်။ ဒုက္ခရောက်ရမှု ပမာဏသာ မက ဒုက္ခရောက်ရသူ အရေအတွက်လည်း အများကြီး ပိုလာလိမ့်မယ်။ ကံဆိုးသူတွေအဖို့ကတော့ ခုလို လူလုပ်တရားတွေ ရှိနေပါလျက်နဲ့တောင် အဆုံးစွန် ဒုက္ခ‌တေွေ၊ မတရားမှုကို ခံစားကြရမှာပဲ။ တရားမှုတွေ၊ မတရားမှုတွေဟာ လောကကြီးမှာ ကွက်ကြားမိုး ရွာနေတယ်။ ဒါ့အပြင် လူတယောက်ချင်းစီမှာလည်း အများနဲ့ မသက်ဆိုင်တဲ့ တကိုယ်စာ မတရားခံရမှုလေးတွေ ရှိလိမ့်မယ်။
အဲလိုတွေ ရှိနေပေမယ့် လူလုပ်တရားတွေဟာ လုံးဝ မလိုအပ်တဲ့တရားတွေ၊ အကြောင်းရင်း မရှိဘဲ အလှပြသက်သက် ပေါ်ပေါက်လာတဲ့ တရားတွေတော့ မဟုတ်။ အဲဒီလူလုပ်တရားတွေဟာ လူကြိုက်များတဲ့နေရာမှာ များပေမယ့် လူကြိုက်နည်းတဲ့အခါတွေမှာတော့ အသုံးမဝင်တဲ့ အလှပြသက်သက်လိုတွေ ဖြစ်လာရော။ ဒါပေမယ့် intelligence ကြောင့် ပေါ်ပေါက်လာတဲ့အရာတွေပါ။ တရားသေ ဆုပ်ကိုင်ထားလို့ မရပေမယ့် အကုန်လုံးကို တရားသေ ငြင်းပယ်လို့လည်း မရပါဘူး။ တခါတလေကျလည်း တရားမျှတခြင်းဟာ ဗန်းပြခံရပြီး အလွဲသုံးစားလုပ်ခံရတာတွေရှိမယ်။ Moral high ground ယူဖို့သက်သက်လည်း တချို့တွေက သုံးချင်သုံးမယ်။
လူလုပ်တရားတွေ လိုအပ်လား မလိုအပ်ဘူးလားဆိုတာကတော့ လူ့လောက အနေနဲ့ ကြည့်ရင်တော့ လိုပါတယ်။ လိုလို့ ပေါ်ပေါက်လာတဲ့အရာတွေပါ။ လူတယောက်ချင်း အနေနဲ့ ကြည့်ရင်တော့ အခြေအနေ၊ အချိန်အခါ၊ ခံစားချက်၊ ရှုထောင့်တွေပေါ် မူတည်ပြီး လိုမလိုကတော့ ပြောင်းလဲသွားမှာပါ။
(ကောင်းကင်ကို)

No comments: