Wednesday, December 6, 2023

ပါးပြင်ပေါ်မှာ အပြုံးတွေ ကနေမယ့်ခေတ်



ဆရာဝန်တွေက
လူတစ်ယောက်ချင်းရဲ့ အနိစ္စတွေနဲ့
နပန်းလုံးရတယ်။
ဂျာနယ်လစ်တွေကတော့
လူအစုလိုက်အပြုံလိုက် အနိစ္စတွေနဲ့
နပန်းလုံးရတယ်။ 

ဆရာဝန်တွေက
ဆေးကုခန်း ကျဉ်းကျဉ်းလေးထဲမှာ
ရောဂါပုံပြင်တွေကို နားထောင်ရတယ်။
ငါတို့ကတော့
ကမ္ဘာခန်းဆောင် အကျယ်ကြီးထဲမှာ
ဒုက္ခပုံပြင်တွေကို ပြောပြရတယ်။

ရောဂါတွေ ဖော်ထုတ်ရတာချင်း အတူတူ
ဆရာဝန်တွေက ဇီဝရောဂါ အများစုကို
ကုပေးနိုင်တယ်။
ငါတို့ကတော့ လူလုပ်ရောဂါ အများစုကို
ကုပေးခွင့်တောင်  မရဘူး။

အရှိတရားတွေကို တင်ပြတဲ့အခါ
ဖတ်ရှုသူများရင် အောင်မြင်တာပေါ့တဲ့။
နာဂစ်ဖြစ်တဲ့အခါ ဖတ်ရှုသူများတယ်။
ဆူနာမီဖြစ်တဲ့အခါ ဖတ်ရှုသူများတယ်။
တိုင်းပြည်စပျက်တဲ့အခါ ဖတ်ရှုသူများတယ်။

ငါတို့ရဲ့
ခရီးအောင်မြင်ခြင်းတွေ ကို
မီးလောင်ပြင်ကွင်းတွေနဲ့ပဲ တိုင်းတာရတော့မလိုလို။ 
ခေတ်အနာဂတ် အတွက်
စစ်ကြမ္မာကပ် ကို
မဖြစ်သာ ဖြတ်နေရတယ်ဆိုပေမယ့်
သန်းနဲ့ချီတဲ့ ငိုသံတွေတောင်
ရိုးအီထုံကျင်
ဪ….အမျိုးအမည် စုံလင်လွန်းတဲ့ ပုံပြင်တွေ။

ကီဗင်ကာတာရေ
ဒီရင်မှာဟာနေ ပေါ့။
ငတ်သေတော့မယ့် ကလေးနဲ့
စားဖို့ စောင့်နေတဲ့ လဒ (လင်းတ)
ခင်ဗျား ပူလစ်ဇာဆု ရသွားရော။

ဒါပေမယ့်
အောင်မြင်ခြင်းတွေမှာ ခင်ဗျား နေသားမကျ
နောင်ကြဉ်ရင်း သေရွာမှာ ခင်ဗျား ကြွေသွားရတယ်နော်။
ခင်ဗျားရဲ့အသက်ကို ခင်ဗျားပဲခြွေလိုက်တာ။ 
သုံးဆယ့်သုံးတဲ့
ပြုံးသထက်ပြုံး မော်ကြွားရမယ့် အရွယ်မှာဗျာ။

ခင်ဗျားကို ပြောရဦးမယ်
ခင်ဗျားကသာ
ဓာတ်ပုံတစ်ပုံကိုသုံး
အသံတိတ်နည်းနဲ့ မိုးခြုန်းသွားတာ။
ယီမင်မှာလည်း ငတ်ပြတ်နေတုန်းပဲ။
ဂါဇာမှာလည်း သတ်ဖြတ်နေတုန်းပဲ။
မြန်မာမှာလည်း ရက်စက်နေတုန်းပဲ။ 

ဒီလိုဆိုတော့လည်း
ခင်ဗျားလုပ်ခဲ့တာက
ကင်မရာနဲ့၊ ရေပေါ်မှာ အရုပ်ရေးခဲ့ရ သလိုပါပဲလား။

ရေဆေးပန်းချီကို စက္ကူပေါ်မှာ ဆွဲကြသလို
ဆီဆေးပန်းချီကို ကင်းဗတ်ပေါ်မှာ ဆွဲကြသတဲ့။
မျက်ရည်ဆေး ပန်းချီကိုတော့ ခေါင်းဆောင်တွေရဲ့ နှလုံးသားပေါ် သွားမဆွဲနဲ့။
တာရှည်ခံမှာ မဟုတ်ဘူး။

သဘာဝ ပြဌာန်းမှုကြီးကိုက
အပင်တွေလို
နေရောင်ခြည်ဆင်းအလာ
ဖိုတိုဆန်းသဇစ် မှော်ပညာနဲ့၊
တိုက်ရိုက် အစာချက်လို့က မရ
အဲဒီအတွက် လူ့လောကမှာ

အရင်းအမြစ်တွေလုကြ
အခင်းစစ်တွေပြုကြ
ငါတို့ကတော့… သတင်းသစ်တွေစုရ။

တယ်လီဗစ်ရှင်းမှာ
ဆယ်လီအတင်းအဖျင်းတွေကြည့်ရင်း
အတွေးတခု ဝင်လာတယ် 

တန်းတူညီမျှ
ဉာဏ်နဲ့ စိတ် လှပမယ့် ကမ္ဘာမှာသာဆိုရင်
အယူတိုင်းက ပန်းလိုကြည်မြ သင်းနေလို့
လူတိုင်းက တန်းတူညီမျှ လင်းနေလို့
ဆယ်လီဆိုတာလည်း မရှိ။

အတင်းချစရာလည်း မလိုတော့။
အလင်းပြစရာလည်း မလိုတော့။

လူလုပ်ဒုက္ခတွေ အကုန်ဆိတ်သုဉ်း
ငြိမ်းချမ်းခြင်းအစစ်နဲ့ တစ်သားတည်းဖြစ်
ပါးပြင်ပေါ်မှာ အပြုံးတွေ ကနေမယ့်ခေတ်။ 

By ကောင်းကင်ကို 
(ရေးချိန် - ဒီဇင်ဘာ ၅- မနေ့က ရေးထားတာ)
Photo: Kevin Carter ရဲ့  ပူလစ်ဇာဆုရ ဓာတ်ပုံ

No comments: