AI တွေ ဖြည်းဖြည်းချင်း အစွမ်းထက်လာတာကို ကြည့်ပြီး တချို့အရာတွေကို မစိုးရိမ်ပေမယ့် တချို့အရာတွေကိုတော့ စိတ်ပျက်မိတယ်။
(၁) တချို့တွေ စိုးရိမ်နေသလို AI တွေက လူသားတွေထက် အစစအရာရာ သာလွန်ပြီး လူသားတွေ မျိုးတုံးသွားမှာမျိုးကိုတော့ လုံးဝ မစိုးရိမ်ဘူး။ အဲလို မစိုးရိမ်ရခြင်းကလည်း အဲလိုတွေ ဖြစ်လာနိုင်ခြင်း၊ မဖြစ်လာနိုင်ခြင်းနဲ့ မပတ်သတ်ဘဲ လူသားတွေ အကုန် တယောက်မကျန် မျိုးတုံးသွားလေး ကောင်းလေပဲ။ သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးနေတာလည်း လူတွေချည်းပဲ။ ပြီးတော့ ဘဝဆိုတာကို ဒုက္ခလို့ မြင်ကြတယ်မဟုတ်လား။ အဲဒီတော့ လူတွေအကုန်မျိုးတုံးရင် ဒုက္ခဆိုတာလည်း မရှိတော့ဘူး။ ပုံစံတမျိုးနဲ့ အကုန် နိဗ္ဗာန်ရောက်သွားခြင်းပဲ။ လူသားတွေ မျိုးတုံးသွားတာကို ထိုင်ဝမ်းနည်းမယ့် လူဆိုတာလည်း တယောက်မှ မရှိလို့ သဘာဝတရားကြီးက ပုံမှန်အတိုင်းပဲ ဆက်လိမ့်နေမှာ။ ဖြစ်နိုင်ရင် ကမ္ဘာကြီးကို ဥက္ကာပျံ အကြီးကြီး တလုံးလုံးနဲ့ ဝင်တိုက်စေချင်တာ။ ကမ္ဘာပျက်သွားတဲ့အခါမှာ နောဧ လှေကြီးနဲ့လည်း လာမကယ်ပါနဲ့။ မိုက်မဲတဲ့ လူသတ္တဝါတွေ တယောက်မှ မကျန်လေ ကောင်းလေပဲလေ။ လူတွေပဲ မျိုးတုန်းပြီး သတ္တဝါတွေ ကျန်နေရင် ဒုက္ခဆိုတာ ရှိနေမှာပဲလို့တော့ မပြောနဲ့။ ကျန်တဲ့သတ္တဝါတွေက ပစ္စုပ္ပန်မှာပဲ နေကြတာများတယ်။ လူလောက် မခံစားတတ်၊ မနာကျင်တတ်ဘူး။
(၂) AI က အလုပ်အကိုင်တွေ အစားထိုးမှာလည်း သိပ်မကြောက်တော့ဘူး။ အရွှန်းဖောက် ပြောရရင် AI က အစားထိုးသွားတော့ အလုပ်တွေ သိပ်လုပ်စရာမလိုတော့ဘူးပေါ့။ အဲ့အတွက် ငွေကြေး distribution စနစ်ကိုတော့ ပြန်ပြင်ကြရလိမ့်မယ်။ အလုပ်နဲ့ ဝင်ငွေ တိုက်ရိုက်ကြီး ဆက်စပ်နေဖို့ မသင့်တော့ ချမ်းသာတဲ့ နိုင်ငံတွေ ဆိုရင်တော့ အလိုလို လစာပေးမယ့် universal income ဆိုတာမျိုးကို အကောင်အထည် ဖော်ကြလိမ့်မယ်။
(၃)ဝမ်းနည်းစရာတခုက လူတွေရဲ့ လူတန်းစားတွေ ကွာဟလာမယ်။ အဆင့်မြင့် အေအိုင်ကို ပိုက်ဆံပေး သုံးနိုင်သူတွေက အစွမ်းတွေ အရမ်းထက်။ မသုံးနိုင်သူတွေက ပြတ်ကျန်ခဲ့တာပေါ့။ ဒါကတော့ ဇီဝဗေဒ အင်ဂျင်နီယာ ပညာရပ်နဲ့ ဦးနှောက်တွေကို ပြုပြင်upade လုပ်နိုင်တဲ့ ခေတ်မျိုးဆိုလည်း ကြုံရမှာပဲ။ ငွေမတတ်နိုင်တဲ့သူက နေရစ်ခဲ့ပေါ့လေ။ ခုခေတ်မှာတောင် အလှအပ နဲ့ ပတ်သတ်ရင် အဲလိုဖြစ်နေတာဘဲ မဟုတ်လား။ ပိုက်ဆံတတ်နိုင်တဲ့ နိုင်ငံက အမျိုးသမီးတွေဆို ပြင်ဆင်ပြီး လှပကြတာလေ။ ဦးနှောက်ကိုသာ ပိုက်ဆံပေးပြင်လို့ရတဲ့ခေတ် ရောက်ရင် မွေးရာပါ ဉာဏ်ဘယ်လောက်ကောင်းကောင်း ပိုက်ဆံ မတတ်နိုင်သူတွေ ပြတ်ကျန်ခဲ့မှာပေါ့။ ခုခေတ်မှာလည်း ဉာဏ်ကိုတော့ ပြင်လို့ မရသေးပေမယ့် ငွေမရှိလို့ ပညာမသင်နိုင်သူတွေ ပြတ်ကျန်ခဲ့ရသလိုပေါ့။ နည်းပညာကြောင့် တချို့နေရာတွေမှာ တပြေးညီ ဖြစ်လာပေမယ့် တချို့နေရာတွေမှာကျ ကွာဟမှုတွေ ပိုကြီးလာနိုင်တယ်။ နံပါတ် (၂) နဲ့ ဆက်စပ်ပြောရရင် ချမ်းသာတဲ့ နိုင်ငံတွေမှာ universal income တို့၊ social welfare တို့ကြောင့် အလုပ်တွေကို AI နဲ့ အစားထိုးခံရလည်း လုပ်ရသက်သာပြီး အားလပ်ချိန်ပိုထွက်လာတာက လွဲရင် ငတ်သေမှာ မဟုတ်။ ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ အဲလိုဖြစ်လာမှာ မဟုတ်ဘူး။ အဲ့ကျတော့လည်း ငတ်သေတော့လည်း မြန်မြန်ဝဋ်ကျွတ်တာပေါ့ဟ လို့ တွေးရတာပေါ့နော။
(၄) ကျွန်တော့် တကိုယ်စာ ခံစားချက်အရဆိုရင် ဝမ်းအနည်းဆုံးက အပေါ်က အချက်တွေ မဟုတ်ဘူး။ ဝမ်းအနည်းဆုံးက လူ့အသိဉာဏ်တို့ ၊ ပညာကို မြတ်နိုးမှုတို့က တန်ဖိုးကျသွားမှာပါ။ ပညာမြတ်နိုးသူတွေရဲ့ လူ့ဖြစ်တည်မှု၊ ဘဝ အဓိပ္ပါယ်ဆိုတာတွေကိုပါ ထိခိုက်လာတော့မှာ။ ရှေးတုန်းက ပိုက်သာဂိုးရပ်(စ်) ဂိုဏ်းဟာ သူတို့ရဲ့ ပညာတွေကို အပြင်လူတွေကို မမျှဝေဘူး။ ပညာကို တွန့်တိုတယ်လို့ ရုတ်တရက် ထင်စရာရှိပေမယ့် သူတို့ရဲ့ တခြားခံယူချက်တွေနဲ့ ယှဉ်တွေးကြည့်ရင် တွန့်တိုတာမဟုတ်။ ပညာကို မမြတ်နိုးဘဲ တလွဲအသုံးချ၊ လုပ်စားသူတွေလက်ထဲ အရောက်မခံနိုင်လို့ ပိုက်သာဂိုးရပ်(စ်)တို့က မမျှတာ။ အဲဒါက သူတို့ရဲ့ အိုလံပစ် ဥပမာ မှာ ပေါ်လွင်နေတယ်။ အဲဒီ analogy က ဘာပြောသလဲဆိုတော့ အိုလံပစ်ပွဲကို လာကြသူ သုံးမျိုးသုံးစားရှိတယ်တဲ့. ပထမ တခုက ဈေးသည်တွေ။ သူတို့က ပွဲမှာ ဈေးလာရောင်းတာ၊ စီးပွားရှာဖို့သက်သက်လာတာ။ နောက်တမျိုးကကျ ဝင်ပြိုင်သူတွေ။ ကျော်ကြားမှုအတွက် ဝင်ပြိုင်ကြတာ။ သူတို့ ကြိုက်နှစ်သက်တဲ့ အမျိုးအစားကတော့ စီးပွားရှာဖို့လည်းမဟုတ်၊ ကျော်ကြားဖို့အတွက်လည်းမဟုတ်ဘဲ ပွဲကို လာရောက်လေ့လာသူတွေ။ အဲဒီအတိုင်းပဲ ပညာရှာတယ်ဆိုတာ စီးပွားရေးလုပ်ဖို့မဟုတ်။ ခုခေတ်ကမ္ဘာမှာတော့ ကျောင်းတက်တယ်ဆိုတာက အစ အလုပ်ရဖို့၊ survival အတွက် သက်သက်ဖြစ်နေတာ များတယ်။ ပညာရေးဆိုတာ အလုပ်သမားတွေ မွေးထုတ်ဖို့ အသုံးချခံ ဖြစ်သွားတယ်။ ဒီတော့ AI နဲ့ ပတ်သတ်ပြီး ပြောချင်တာကို ပြန်ကောက်ရရင် အစတုန်းက စက်တွေ၊ AI တွေဆိုတာ ပညာသား သိပ်မပါတဲ့ ကာယအလုပ်တွေကိုပဲ အစားထိုးမယ်လို့ ယူဆခဲ့တာ။ တကယ့်တကယ်ကျ ကြမ်းတမ်းတဲ့ အလုပ်တွေကို အကောင်အထည်ဖော်ဖို့ကမှ Hardware ဆိုတဲ့ ရုပ်ဝတ္ထုလိုသေးတယ်။ ဉာဏ်ပညာကို အစားထိုးဖို့က hardware မလိုဘူး။ တရွေ့ရွေ့နဲ့လည်း အစားထိုးမယ့်ကိန်းတွေ ရှိလာတယ်။ အလုပ်တွေကို အစားထိုးတာကတော့ မထူးပါဘူး။ ထိုးပါစေတော့ပေါ့။ ဒါပေမယ့် ပညာကို ချစ်မြတ်နိုးမှုနဲ့ လုပ်လာသူတွေရဲ့ တန်ဖိုးကိုပါ တရွေ့ရွေ့နဲ့ အစားထိုးခံရတော့မယ်။ မျောက်တွေလက်ထဲ အုန်းသီးထည့်ပေးတာထက် ပိုဆိုးမယ်။ တခုခုဆို အေအိုင်ကို မေးလိုက်ပြီး ပညာမြတ်နိုးမှုနဲ့ လုပ်လာသူကို အဲဒီ အုန်းသီးရသွားတဲ့ မျောက်တွေက ပညာမြတ်နိုးသူကို ခြေရာလာတိုင်းတော့မယ်။ ခြေရာလာတိုင်းတာက ကိစ္စမရှိပေမယ့် အရာရာစွန့်ပြီး ပညာကိုရွေးချယ်သူကပဲ သောက်ပေါလိုလို ဖြစ်တော့မှာ။ ရွှေတွေ စိန်တွေဆိုတာ ရှားပါးလို့သာ တန်ဖိုးရှိနေတာ မဟုတ်လား။ အသိဉာဏ်ဆိုတဲ့အရာကလည်း စက်ကြောင့် ဖောင်းပွလာရင် ဘုန်းဘောလအောလို တချို့က ထင်ကြဦးမယ်။ ဒါပေမယ့် စိန်တွေရွှေတွေနဲ့ မတူတာက စိန်တွေရွှေတွေက သတ်မှတ်မှုအရသာ တန်ဖိုးရှိနေတာ။ အသိဉာဏ်မှာက သူ့ဟာသူ ပကတိတန်ဖိုး ရှိနေပြီးသား။ အဲဒါတွေကိုပါ အုန်းသီးရသွားတဲ့ မျောက်တွေက ပြက်ရယ်ပြုလာကြလိမ့်မယ်။ သူတို့ကို ဂရုမစိုက်ဘူးဆိုရင်တောင် နာကျင်စရာတော့ ကောင်းမှာပေါ့ဗျာ။ ခပ်မိုက်မိုက် ပညာရပ် သီအိုရီတွေကို ဥပမာ ထားပါတော့ TOE ကို အေအိုင်ကသာ တွေ့သွားတယ်ဆိုပါစို့။ လူသားတွေရဲ့ တန်ဖိုး ကျလာမယ်။ ပညာရှင်တွေ ပညာမြတ်နိုးသူတွေရဲ့ ဘဝအဓိပ္ပါယ်တွေ ပျောက်သွားနိုင်တယ်။
ဒါပေမယ့် အုန်းသီးရသွားတဲ့ မျောက်တွေက လာစော်ကားမှာမျိုးထက် သို့မဟုတ် တန်ဖိုးကျလာတယ်ဆိုတာထက် ပိုဝမ်းနည်းစရာ ကောင်းတာက ပညာမြတ်နိုးမှုက သိပ်အရေးမပါသလို ဖြစ်မှာကိုပါ။ ဒါကို conservative ဖြစ်တာလို့ ပြောလို့တော့ ရတယ်။ အဲဒါဆိုလည်း မငြင်းပါဘူး။ ပညာမြတ်နိုးမှုဆိုတာ မရှိတော့ရော လောကကြီးက ဘာဖြစ်သွားမှာမို့လဲ။ ဘာမှတော့ မဖြစ်သွားပါဘူး။ ကိုယ်တွေ အလှအပ လို့ ထင်တဲ့အရာတခု၊ ကောင်းမြတ်သော စွဲလမ်းခြင်းလို့ ကိုယ်ထင်တဲ့အရာတခု လူတွေကြားမှာ တဖြည်းဖြည်း ပျောက်ဆုံးသွားတာကလွဲလို့ လောကကြီးကတော့ တနည်းနည်းနဲ့ လည်ပတ်နေဦးမှာပဲလေ။
No comments:
Post a Comment