Friday, February 14, 2025

အရှိတရား နဲ့ အကျိုးဆက်

 အရှိတရားတွေက ခါးသီးတယ်။ ရက်စက်တယ်။ ဥပမာ လူအပါအဝင် သတ္တဝါတွေဟာ နေရောင်ခြည်ကနေ တိုက်ရိုက်စွမ်းအင်မရဘဲ တခြားသက်ရှိကို စားရတယ်။ ဒါမှ အသက်ရှင်တာ။ 

ကျန်တာတွေ ဘေးဖယ်ပြီး လူသားအချင်းချင်းကို ကြည့်ရင်လည်း အကန့်အသတ် ရှိတဲ့ resource ကို အကန့်အသတ်မဲ့လောဘ နဲ့ လူသားတွေက ဝိုင်းလုနေကြရတာ။ အပေါ်ယံမှာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ သဘောတရားပေါင်းစုံတွေနဲ့ ဖုံးအုပ်ထားပေမယ့် အဲလိုဖြစ်နေတယ်။

တကယ့် လူသားထု တော်လှန်ရေးဆိုတာက survival ကို ကျော်လွန်တာမျိုး ဖြစ်ရမှာ။ သဘာဝကို ကျော်လွန်တာမျိုးပေါ့။ ဥပမာ ပညာရေးဆိုလည်း survival တခုတည်းအတွက် အဓိက ဦးမတည်တာမျိုးပေါ့။ တခြားအရာတွေလည်း အဲလိုပဲ။ survival ကိုပဲ ဦးစားပေးရတာကတော့ လူသားတွေရယ်လို့ ဖြစ်မလာသေးခင်၊ လူသားတွေရဲ့ ancestor လို သက်ရှိဘဝတွေ ကတည်းက ရှိနေတာ။ သတ္တဝါတိုင်းဟာလည်း survival အတွက်ပဲ ရုန်းကန်နေကြရတယ်။ လူသားရယ်လို့ဖြစ်လာ၊ ယဉ်ကျေးမှုတွေ မြင့်လာတယ်လို့ အပေါ်ယံသဘော‌ ပြောင်းလဲလာပေမယ့်လည်း ... တဦးချင်း တယောက်ချင်းမှာတော့ survival ကို တော်လှန်နိုင်တဲ့ အခိုက်အတန့်တွေ ရှိပေမယ့်..... လူသားထုကြီး အနေနဲ့ အပေါ်ယံပဲ ပြောင်းလဲနိုင်သေးတယ်။ Survival ကို တော်လှန်ခြင်းကရော သဘာဝကို ဆန့်ကျင်ပြီး ၊ အဓိပ္ပါယ်ရော ရှိပါ့မလား မသိပေမယ့် .... လှတော့ လှပတယ်။ ဒါပေမယ့် လူသားတွေလည်း မလုပ်နိုင်ကြဘူး။ 

လက်တွေ့မှာတော့ လူသားအုပ်စုဝင် ဖြစ်ရခြင်းမှာ .....အုပ်စုတွေဟာ resource တွေကို ဝီုင်းလုနေရခြင်းဟာ လူသားတွေရဲ့ မွေးရာပါ အကုသိုလ်လို ဖြစ်နေတယ်။ အဲဒါက အရှိတရားပေါ့။ အဲဒီမှာ မီဒီယာ အကြောင်း ဆက်စပ် စဉ်းစားမိတာ။ မီဒီယာတွေဟာ အရှိတရားကို တင်ပြရတာ။ အဲဒီအခါမှာ မမှန်ကန်တဲ့ မမျှတတဲ့ မီဒီယာတွေကို ဖယ်ထားလိုက်ဦး။ မျှတတဲ့ မီဒီယာတွေတောင် အရှိတရားကို တင်ပြရတာ။ အဲဒီမှာ အရှိတရားက ခါးသီးရက်စက်တယ်။ အဲဒီ ခါးသီးရက်စက်မှုကို ဖတ်ရသူတွေမှာ စိတ်အချဉ်ပေါက်တာတို့၊ လောကကြီးကို နာကြည်းမုန်းတီး သွားတာတို့ ဖြစ်ဖို့ ပိုများလာတယ်။ သတင်းတွေ ဖတ်လိုက်ရင် နာကြည်းစရာတွေဖြစ်လာတာ။ သတင်းတွေအောက်က ကွန်မန့်တွေ ဖတ်လိုက်ရင်တော့ ပိုဆိုးပေါ့။ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ကိစ္စ ကွက်ကွက်လေးကို ပြောတာမဟုတ်။ လူမျိုး၊ဘာသာ၊ နိုင်ငံ၊ အုပ်စု ကွဲပြားမှု ခွဲခြားမှုတွေနဲ့ ပြည့်နေတဲ့ သတင်းတွေအောက်မှာ သတင်းတွေ မှန်နေရင်တောင်..... အရှိတရားက ခါးသီးတော့ အုပ်စုကွဲသွားပြီး ရန်လိုမုန်းတီးမှုတွေ ရေးကြတာပဲတွေ့ရတာ များတာကိုး။

Sunday, February 9, 2025

Free Will, Determinism, Domain, Range, ကံကြမ္မာရဲ့ ကန့်သတ်ချက် နဲ့ မြန်မာနိုင်ငံ၊ Determinism မှန်ရင် အပြစ်ပေးခြင်း ရှိသင့် မရှိသင့်?

 Free Will, Determinism, Domain, Range, ကံကြမ္မာရဲ့ ကန့်သတ်ချက် နဲ့ မြန်မာနိုင်ငံ၊ Determinism မှန်ရင် အပြစ်ပေးခြင်း ရှိသင့် မရှိသင့်? 

Philosophy မှာ determinism နဲ့ free will ဆိုပြီးတော့ အယူအဆ နှစ်မျိုးရှိတယ်။ သိပ္ပံမှာလည်း အဲဒါကို စဉ်းစားကြတယ်။ ဒါပေမယ့် ကျွန်တော် လတ်တလော စဉ်းစားမိတဲ့ “ကိုယ်ပိုင်” ကောက်ချက်အရတော့ determinism နဲ့ probabilistic ဂိုဏ်းနှစ်မျိုးလို့ပဲ သုံးချင်တယ်။ ပြီးမှ free will ဆိုတာကိုရော၊ ကိုယ်ပိုင် ဆိုတဲ့ အသုံးအနှုန်းကိုရော ဆက်ရှင်းကြည့်မယ်။ အရင်ကလည်းကျွန်တော် အဲဒီအကြောင်းတွေ အများကြီး ရေးဖူးပြီးသားမို့ ၊ အခြေခံ ပြန်ရှင်းပြတဲ့ အပိုင်းနဲ့ အရင်က မရေးဖူးတဲ့ အပိုင်းကိုပဲ ရေးကြည့်မယ်။ message တခု theme တခုကို ဦးတည်ရေးတာထက် အရင်က တွေးမိတဲ့ အတွေးတွေနဲ့ ခုပေါ်လာတဲ့ ဥပမာတွေကို ချရေးထားတာမို့ ခေါင်းစဉ်ကိုလည်း ခုလို ပေးထားတာ။ Formal ဖြစ်ဖို့ ၊ message တခုခု ပေးဖို့ ထက် အထိုက်အလျောက် အတွေးထောင့်စုံပြီး၊ ဆက်တွေးစရာ ပေးနိုင်ဖို့ ဦးတည်ရေးတာပါ။ ဘယ်ဟာမှန်တယ်ဆိုပြီး လျှောက်ပြောဖို့ထက် ဆက်တွေးစရာပေးဖို့ ရေးတာပါ။ 

Determinism အကြောင်းပြောရင် သင်္ချာပညာရှင်လည်းဖြစ်၊ သိပ္ပံပညာရှင်လည်းဖြစ်၊ ဒဿနသမားလည်းဖြစ်တဲ့ Laplace ရဲ့ အယူအဆကိုလည်း ထည့်ပြောချင်တယ်။ သူ့ အယူအဆရဲ့ အကြမ်းသဘောက လက်ရှိ စကြာဝဠာကြီးရဲ့ အချက်အလက် အသေးစိတ်ကို သိရင် အနာဂတ်မှာ ဘာဖြစ်လာမလဲ ဆိုတာကို ကြိုတွက်လို့ ရနိုင်တယ်၊ အတိတ်ကိုလည်း ပြန်တွက်လို့ ရနိုင်တယ်ဆိုတဲ့ အယူအဆပေါ့။ 

Determinism သမားတွေဟာ လူတွေရဲ့ လုပ်ဆောင်ချက်တွေဟာ သူတို့ရဲ့ ဗီဇ၊ ပတ်ဝန်းကျင်နဲ့ အတွေ့အကြုံတွေကြောင့် ဖြစ်ပေါ်လာတာလို့ ယူဆကြပါတယ်။ Determinism ဖီလော်ဆော်ဖာ တွေရဲ့ အယူအဆအရ ဆိုရင် လူတွေရဲ့ လုပ်ဆောင်ချက်တွေ၊ ဆုံးဖြတ်ချက်တွေ၊ အတွေးတွေမှာ လွတ်လပ်တဲ့ ဆုံးဖြတ်ချက်ဆိုတာ မရှိဘူး။ အကြောင်း ကြောင့် အကျိုးဖြစ်လာတာလို့ ဆိုကြတယ်။ တနည်းအားဖြင့် ဗီဇ၊ ပတ်ဝန်းကျင် နဲ့ အတွေ့အကြုံကနေ ဖြစ်လာတယ်လို့ ဆိုကြတယ်။ ကျွန်တော်ကတော့ အဲ့ထဲမှာ သမိုင်းကိုပါ ထပ်ဖြည့်ချင်တယ်။

ဥပမာ ကျနော် ဒီစာကို ရေးဖြစ်တဲ့ အကြောင်းရင်းတွေကို determinism အရ စဉ်းစားကြည့်ရအောင်။ ဗီဇ (ဒီလို အတွေးအခေါ် ကိစ္စရပ်တွေကို စဉ်းစားချင်တဲ့ ဗီဇ၊ အဲဒါတွေကို စဉ်းစားနိုင်စွမ်းရှိတဲ့ ဦးနှောက်အခြေအနေ စသည်ဖြင့် အများကြီ ရှိရမယ်) ပတ်ဝန်းကျင် ( စဉ်းစားမိတာတွေကို ရေးချနိုင်မယ့် ပလက်ဖောင်း (Facebook လိုမျိုး)၊ ပတ်ဝန်းကျင် (ဖတ်မယ့် community) စသည်ဖြင့် မဆုံးနိုင်အောင် ရှိမယ်)၊  အတွေ့အကြုံ (ကျနော်ဖတ်ခဲ့ဘူးတဲ့ ဖီလော်ဆော်ဖီ စာအုပ်တွေ၊ သိပ္ပံစာအုပ်တွေ၊ ပို့စ်တွေပါမယ်၊ အသိ တခုခု သို့မဟုတ် အတွေးတခုခုကို မျှဝေတာက ကောင်းတယ်ဆိုတဲ့ ခံစားချက်ဖြစ်လာစေမယ့် အတိတ်အက အတွေ့အကြုံတွေ စသည်ဖြင့် infinity ရှိမယ်၊ အတိတ်က စာအုပ်တွေ ပို့စ်တွေ မရှိခဲ့တောင် အတွေ့အကြုံနဲ့ ဗီဇပေါင်းပြီး ကျွန်တော်ဟာ အဲဒီ ပြဿနာကို စတွေးမိသူတောင် ဖြစ်ချင် ဖြစ်နိုင်သေးတယ်၊ တကယ်လည်း အဲဒီ free will တို့ determinism တို့ term တွေ မသိခင်ကတည်းက ကိုယ့်ဘာသာ ဒီပြဿနာကို တွေးဖူးတယ်။ ဒါပေမယ့် “ကိုယ့်ဘာသာ” တို့၊ “ကိုယ်ပိုင်” တို့ ဆိုတာ တကယ်ဟုတ်မဟုတ် နောက်မှ ဆက်ရှင်းမယ်။ သမိုင်းကြောင်း (ဒီပို့စ်ကို ရေးဖြစ်ဖို့ ကျနော် လူဖြစ်လာဖို့ လိုတယ်။ ကျွန်တော်လူဖြစ်လာဖို့ မိဘနှစ်ဉီးလိုတယ်။ သူတို့နှစ်ယောက် ချစ်ကျွမ်းဝင်စေမယ့် အဖြစ်အပျက်တွေလိုတယ်။ သူတို့နှစ်ယောက် ဖြစ်လာဖို့ အဘိုးအဘွားတွေလိုပြီး သူတို့ချင်း ချစ်ကျွမ်းဝင်ဖို့ လိုတယ်။ ပြီးတော့ ဒီလိုစာရေးလို့ရအောင် ဘာသာစကားကို အဆင့်ဆင့် develop လုပ်လာလို့သာ ရေးလို့ရတာ၊ ပြီးတော့ ဒီစာကိုရေးဖြစ်ဖို့ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ concept လိုတယ်)၊ ကျွန်တော် ice cream ဝယ်စားလိုက်တယ်ဆိုပါစို့။ အဘိုးအဘွားတွေ ချစ်ကျွမ်းဝင်တဲ့ ကိစ္စရော၊ ကျွန်တော့်မှာ ဝယ်စားနိုင်ဖို့ ပိုက်ဆံရှိမယ့် အခြေအနေရော၊ ဒီအချိန်ဒီနေရာကွက်တိမှာ ဝယ်စားချင်စိတ်ရော လက်တွေ့ ဝယ်စားလို့ရအောင်ပါ ဖြစ်နေမယ့် အခြေအနေတွေ လိုတယ်။ ဥပမာ ညသန်းခေါင်ကျော် ဖြစ်မနေရဘူး၊ ကျနော်က အချိုရှောင်ရမယ့် ကျန်းမာရေး အခြေအနေ နဲ့ ရှောင်စရာမလိုပါဘူးဆိုတဲ့ စိတ်ဆုံးဖြတ်ချက် ရှိမနေသူ ဖြစ်ရမယ်။ သမိုင်းကြောင်းမှာ ice cream ဆိုတာ ပေါ်လာပြီးသားလည်း ဖြစ်ရမယ်။

အရာရာဟာ determinism ဆိုရင် ကျွန်တော်တို့ဟာ အကောင်းကိုရော အဆိုးကိုရော ခရက်ဒစ် မယူသင့်ဘူးဆိုတဲ့ အယူအဆကို determinism ဂိုဏ်းကသူ အားလုံးနီးပါးက (ဒါမှမဟုတ် အများစုက) ပြောကြတယ်။ အကြောင်းကြောင့် အကျိုး ဖြစ်လာတဲ့ ကိစ္စမှာ ဘယ်သူမှ ခရက်ဒစ် ဝင်ယူစရာ မလိုဘူးလို့ သူတို့က ခံယူကြတယ်။ အပြစ်ပေးတာတွေလည်း မရှိသင့်ဘူးလို့ သူတို့က ခံယူကြတယ်။ အဲဒီ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ အယူအဆဟာ၊ ဖြစ်လာသမျှ အကျိုးဆက်တိုင်း ၁၀၀ ရာခိုင်နှုန်းဟာ အကြောင်းရင်းကြောင့် ဖြစ်လာရတာဆိုရင် ဥပမာ ဟစ်တလာ ဖြစ်လာရခြင်းမှာလည်း ဗီဇ၊ ပတ်ဝန်းကျင် နဲ့ အတွေ့အကြုံတွေက တွန်းပို့လို့ ဖြစ်လာရတာကိုး။ ဒီတော့ Determinism သမားတွေဟာ (အကုန်လုံးတော့ ဟုတ်ချင်မှ ဟုတ်မယ်) အပြစ်ပေးခြင်းတို့ ထောင်ချခြင်းတို့ကို ဆန့်ကျင်ကြတယ်။ အကြောင်းတရားကို မ blame ဘဲ ပုဂ္ဂိုလ်တွေကို blame ကြတာကို ဆန့်ကျင်ကြတာလည်းရှိတယ်။ အကောင်းဘက်ဆိုလည်း ခရက်ဒစ်ယူတာကို မဖြစ်သင့်ဘူးလို့ ခံယူကြတယ်။ 

ကျွန်တော့် အယူအဆရ ဆိုရင်တော့ ကိစ္စမှန်သမျှ determinism အတိုင်း ရာနှုန်းပြည့် ဖြစ်နေမယ်ဆိုရင်တောင် blame သင့်တာတွေလည်း blame ချင် blame မှာပဲ။ သူ့ဘာသာသူ အကြောင်းကြောင့် အကျိုးဖြစ်လာတာပဲ ဖြစ်ဖြစ်…. အဲလိုဆိုရင်လည်း ထောင်ချတာတို့၊ အပြစ်ပေးတာတို့၊ ဝေဖန်တာတို့၊ အပြစ်တင်တာတို့ကလည်း အကြောင်းကြောင့် အကျိုး ဖြစ်လာတာပဲလေ။ အဲလို အမှားကျူးလွန်သူတွေရဲ့ အမှားလုပ်ခြင်းဟာ အကြောင်းကြောင့် အကျိုးဖြစ်လာတာ ဆိုရင်လည်း…. အခြားတဘက်မှာ အဲလို အမှားကျူးလွန်သူတွေကို 

အပြစ်ပေးခြင်းတွေ၊ ဝေဖန်ခြင်းတွေ ဖြစ်လာတာကလည်း အကြောင်းကြောင့် အကျိုးဖြစ်လာတဲ့ သဘောဖြစ်ပြီး၊ အပြစ်ပေးခြင်းတွေ၊ ဝေဖန်ခြင်းတွေ၊ ပြုပြင်ခြင်းတွေ၊ တော်လှန်ခြင်းတွေကို free will နဲ့ ငါလုပ်မယ်တို့ မလုပ်ဘူးတို့ဆိုတာတွေနဲ့ ထိန်းချုပ်လို့ ရတာမှ မဟုတ်တာ။ ဒီတော့ determinism ကြောင့် ….လူတွေကို အပြစ်မပေးထိုက်ဘူးဆိုတဲ့ အယူအဆကို ပြောသူတွေက determinism ကို တခြမ်းပဲ လက်ခံရာ ရောက်တယ်။ ဒါပေမယ့် determinism ဝါဒအရဆိုရင်တော့ အဲဒီလို တခြမ်းပဲ သူတို့ လက်ခံခြင်းသည်ပင် အကြောင်းကြောင့် အကျိုးဖြစ်လာခြင်း ဖြစ်တယ်။ သူတို့အပြစ်တော့ မဟုတ်ဘူးပေါ့။ determinism ကို လုံးဝ လက်မခံသူရော၊ သူတို့လို တခြမ်းပဲ လက်ခံသူရော၊ determinism ကို အပြည့်အဝ လက်ခံသူရောဟာ အကြောင်းကြောင့် အကျိုးဖြစ်လာတာပဲ။ အဲလိုဆိုရင် ခရက်ဒစ်ကတော့ အကြောင်းတရားကိုပဲ ပေးရမှာပေါ့။ 

Determinism သဘောအကြောင်းနဲ့ ပတ်သတ်ပြီး သီချင်းတပုဒ်ကိုတော့ သတိရမိသေးတယ်။ Que Sera Sera, Whatever will be will be ဆိုတဲ့ သီချင်းပေါ့။ ဖြစ်လာရမယ့်ဟာ မှန်သမျှ ဖြစ်လာလိမ့်မယ် ဆိုတဲသဘောကို ရေးထားတာ။

ဒီနေရာမှာ ပုံသေ hard determinism ဟာ အပြည့်အဝ မှန်နိုင်သလားဆိုတော့ မှန်မယ်တော့ မထင်ပါဘူး။ probability ဆိုတဲ့ concept ရှိလာတယ်။ အထူးသဖြင့် ကွမ်တမ်သီအိုရီ ပေါ်လာတယ်။ လက်ရှိ ပညာရှင်တွေ ခေတ်အဆက်ဆက် ဖော်ထုတ်သိရှိလာတဲ့ အရာကို ကျွန်တော်ကိုယ်တိုင် deeply မလေ့လာရသေး၊ deeply မသိသေးသလို ကမ္ဘာ့ထိပ်တန်း ပညာရှင်တွေကိုယ်တိုင် ဘာကြောင့် အဲဒီလို ဖြစ်နေရလဲဆိုတာတွေကို ခုထိ မသိသေးပါဘူး။ မသိသေးပေမယ့် ပြောလို့ရတာကတော့ Laplace ပြောခဲ့သလို အတိအကျကြီး တွက်ချက်လို့ မရတဲ့သဘော ဖြစ်လာတယ်။ 

ဒီနေရာမှာ ကျွန်တော် တခုစဉ်းစားမိတာက probability ဖြစ်တိုင်းလည်း ဖြစ်ချင်တာတွေ အကန့်အသတ်မဲ့ ဖြစ်တာမျိုးတော့ မဟုတ်ဘူး။ domain နဲ့ range က ကန့်သတ်ထားတယ်။ ဥပမာ 1 ကနေ 6 အထိ အံစာတုံးလှိမ့်ပြီး 7 ကျချင်လို့တော့ မရဘူးပေါ့။ Probability ပါပေမယ့် 6 အထိပဲ limited လုပ်ထားတယ်။ အဲဒီ range ဆိုတာကိုကျော်ပြီး ကိုယ်ဖြစ်ချင်တိုင်း free will ဆိုတာ ကြီးနဲ့ 7 လုပ်ချင်တယ်ဆိုပြီး လုပ်လို့မရဘူး။ ဒါပေမယ့် domain တွေ range တွေနဲ့ limited လုပ်ခံရခြင်းဟာ determined လုပ်ခံရခြင်းတော့ မဟုတ်ဘူး။ 1 ကနေ 6 ကတော့ ဖြစ်ချင်တာ ဖြစ်မှာ။

ဒီနေရာမှာ probability သဘောက complexity ကို ပိုလာစေတယ်လို့ ကျွန်တော် ကောက်ချက်ချမိတယ်။ ကိုယ့်ဘာသာ စဉ်းစားပြီး ဥပမာ ပေးရရင် ရုပ်ရှင် နဲ့ ဗွီဒီယိုဂိမ်းနဲ့ ဥပမာ ပေးချင်တယ်။ ရုပ်ရှင်က လုံးဝ determinism ထဲမှာ အကျုံးဝင်တယ်။ ဘယ်အချိန် ပြည်ကြည့်ကြည့် ဒီဟာက ဒီဟာပဲ ပုံသေ။ ရုပ်ရှင်ဇာတ်လမ်းက random ဖြစ်မနေဘူး။ ( ဒါတောင် ရုပ်ရှင်ကြည့်သူရဲ့ ခံစားစိတ်ကတော့ ပထမ တခေါက်ကြည့်တာနဲ့ နောက်တခေါ် ကြည့်တာ မတူနိုင်။ ကြည့်နေချိန်ရဲ့ probability သဘောရော၊ ကြားထဲမှာ ဖြစ်ပျက်သွားတဲ့ ပတ်ဝန်းကျင်၊ အတွေ့အကြုံတွေကြောင့် ခံစားစိတ် ပြောင်းသွားတာလဲ ပါနိုင်တယ်။ ) ဗွီဒီယိုဂိမ်းကျတော့ တခေါက်ကစားတာ နဲ့ တခေါက်ကစားတာ ထပ်တူ လုံးဝ မကျနိုင်ဘူး။ video game မှာ တကယ့် random မဟုတ်တောင် အနည်းဆုံး pseudo random သဘော ပါနေတယ်။ ထားပါတော့။ အဲဒီ pseudo random ကိုပါ ထည့်ပြောရရင် မူလ ပြောလိုတဲ့သဘော ချော်သွားမှာမို့ random လို့ပဲ သုံးရအောင်ပါ။ သူက random ဖြစ်နေပေမယ့် (random အစစ် ဖြစ်နေတောင်) domain နဲ့ range က ကန့်သတ်ထားတော့ free will ကြီး ရှိနေတောင် ဖြစ်ချင်တိုင်း ဖြစ်လို့ မရပါဘူး။ ဥပမာ ဗွီဒီယိုဂိမ်းတခု အတွင်းမှာ ဖြစ်ချင်တိုင်း ဖြစ်လို့ ရတယ်ဆိုပေမယ့် (တကယ်ကတော့ Pseudo random နော်) … ဖြစ်ချင်တိုင်း ဖြစ်ခွင့်ဟာ တကယ့် random အစစ်ဆိုတောင် domain နဲ့ range ကတော့ ကန့်သတ်ထားတယ်။ ဂိမ်းထဲမပါတဲ့ဟာတွေ ဖြစ်ချင်ရင် domain ကို ထပ်ချဲ့မှ ရမယ်။ random အစစ်ဆိုရင်တောင အကန့်အသတ်ကတော့ ရှိတဲ့သဘော။

သဘောပြောရရင်တော့ ကြိုးစားတိုင်း အဓိဌာန်ခိုင်မာတိုင်း မဖြစ်ဘူးပေါ့။ 

မြန်မာနိုင်ငံနဲ့ ဥပမာတခုပေးကြည့်မယ်။ simplify လုပ်ထားတဲ့ ဥပမာမို့ ၁၀၀ ရာခိုင်နှုန်းမှန်မှာ မဟုတ်ဘူးနော်။ ဥပမာအရ လွယ်အောင်သာ။ မြန်မာနိုင်ငံက မွေးလာတဲ့ ကလေးတယောက်ဟာ ဗီဇ ဘယ်လိုတော်တော် မြန်မာနိုင်ငံမှာမို့ genius တယောက်လို ထင်ရှားမလာနိုင်ဘူး။ ဘာလို့တုန်းဆိုတော့ domain ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ရေခံ မြေခံကြောင့်။ ဒါပေမယ့် domain ကို တနည်းနည်းနဲ့ ချဲ့ပြီး သို့မဟုတ် chance တခုကြောင့် ကံကောင်းပြီး အဲဒီကလေး ငယ်စဉ်ကတည်းကနေ ရေခံမြေခံကောင်းတဲ့ နိုင်ငံရောက်သွားပြီ ဆိုပါစို့။ ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ခေတ်ကောင်းကို ရောက်သွားပြီဆိုပါစို့။ အဲဒီအခါမှာ domain က ပြောင်းသွားပြီနော်။ မူလက domain မဟုတ်တဲ့ result တွေ (နိုင်ငံခြား ရောက်သွားခြင်း သို့မဟုတ် မြန်မာနိုင်ငံ ခေတ်ကောင်းလာခြင်းတွေ ကိုယ်တိုင်က result အစား …. Domain ထဲ ရောက်သွားတာ။ ပစ္စုပ္ပန်အကျိုးတရားက (အနာဂတ်အတွက်)  အကြောင်းတရားထဲကို ပြောင်းသွားတဲ့သဘော။ domain ဖြစ်သွားတဲ့သဘော) ဒီတော့ အဖြစ်အပျက်တွေ အကြောင်းပြောရတာက အရမ်း လက်ပေါက်ကပ်ပါတယ်။ ဘာလို့တုန်းဆိုတော့ အတိတ်က range ထဲ ပါခဲ့တဲ့ကောင်တွေဟာ ပစ္စုပ္ပန်မှာ result တခုဖြစ်၊ အနာဂတ်ကာလအတွက်တော့ domain သို့မဟုတ် အကြောင်းတရား ဖြစ်သွားလို့ပါ) ခုနက မြန်မာနိုင်ငံမှာ မွေးတဲ့ကလေးအကြောင်း ဆက်ဥပမာ ပေးရရင် ရေခံမြေခံ မကောင်းလို့ သို့မဟုတ် domain မကောင်းလို့ ဘာမှ ဖြစ်မလာနိုင်ပေမယ့် random chance ကြောင့်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဟိုးအရင်က အကြောင်းတရား ကြောင့်ပဲ ဖြစ်ဖြစ်…. အဲ့ကလေး နိုင်ငံခြား ရောက်သွားရင် range က ပိုကောင်းသွားပြန်ပြီး genius ဖြစ်လာနိုင်ရော။ ဒါက ခေတ်ကောင်းမှ မဟုတ်။ ခေတ်ပျက်လို့ ဒုက္ခသည် ဖြစ်ပြီး ကလေးဘဝမှာတင် ဖွံ့ဖြိုးပြီး နိုင်ငံရောက်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။ အဲလို ရောက်သွားခြင်းမှာ အကြောင်းကြောင့် အကျိုး ဖြစ်တာက ၁၀၀ ရာခိုင်နှုန်းလား၊ probability သဘောပါလား ဆိုတာကတော့ ပညာရှင်တွေတောင် ယတိပြတ် အဖြေမပေးနိုင်သေးပေမယ့် probability သဘော ပါဖို့က ပိုများတယ်လို့ပဲ ထင်တယ်။ 

အဲဒီ လောကကြီးရဲ့ ကျွန်တော်တို့ ထိတွေ့နေရတဲ့ reality ကြီးရဲ့ probability ကရော pseudo random လား genuine random လားတော့ မသိ။ Quantum ပေါ်လာတာတောင် interpretation အမျိုးမျိုးရှိတာကိုး။ Many-Worlds Interpretation ဆို determinism ကို ဆက်ထိန်းထားတာကိုး။

ဒါပေမယ့် ကျွန်တော့်အမြင်မှာတော့ determinism နဲ့ pseudo random သာ မက တကယ့် random အစစ်ကလည်း free will မလိုဘဲ ဖြစ်လို့ရတယ်။ free will ဆိုတာကကျ သက်ရှိရဲ့ အတ္တကို ပြောနေသလိုပဲ (ဒါက စကားလုံးတွေအပေါ် အဓိပ္ပါယ်ဖွင့်ဆိုမှုနဲ့လည်း ဆိုင်မယ်။ free will ဆိုတာကို genuine random ဖြစ်ခြင်းနဲ့ ချိတ်ထားရင်တော့ အဲ့နှစ်ခုက တူနေမှာပေါ့။ ကျွန်တော့် definition ကတော့ probabilistic ဖြစ်ခြင်းကို free will နဲ့ တူတယ်လို့ ယူဆ မထားဘူး) ဘာကြောင့်လည်းဆိုတော့ determinism ဆိုတာကိုရော probability ဆိုတာ တကယ်ရှိလည်း probability ကို ကျွန်တော် ထိန်းချုပ်လို့မှ မရတာ။ ဒီတော့ probabilistic ဖြစ်ခြင်းဟာလည်း free will မဟုတ်ပြန်ဘူး။ ထိန်းချုပ်လို့ မရလို့။ 

ပြီးတော့ ကျွန်တော့်အယူအဆအရ will ဆိုတာက သက်ရှိတွေရဲ့ အတ္တနဲ့ပဲ ဆိုင်တယ်။ ကျွန်တော့် definition အရ ဆိုရင်တော့ အနတ္တဟာ determinism နဲ့ရော့ randomness နဲ့ရော ကိုက်ပါတယ်။ တွဲ တည်ရှိလို့ ရတယ်။ ဒါကလည်း အနတ္တဝါဒကသာ အမှန်ဆိုပြီး promotion လုပ်လိုခြင်း မဟုတ်ပါဘူး။ ဘယ်ဟာ မှန်မမှန် ကျွန်တော်မသိဘူး။ တခုရှိတာက အနတ္တနဲ့…. ဖြစ်ချင်ရာ အလိုရှိသလို ရုတ်ခြည်း ဖြစ်နိုင်တဲ့ စိတ် free will တော့ တွဲရှိလို့ မရဘူး။ သဘာဝသိပ်မကျဘူး။

နောက်တခုက လောကကြီးဟာ တချို့အပိုင်းတွေမှာ determinism ဖြစ်ပြီး တချို့အပိုင်းတွေမှာ random ဖြစ်နေတာရော မဖြစ်နိုင်ဘူးလားပေါ့။ အဲဒီ ဒဿနကလည်း ပညာရှင်တွေအကြားမှာ ရှိပြီးသားလို့ ထင်ပါတယ်။ သေချာသာ မဖတ်ဖူးတာ။ ဒဿနမှာ အဲဒါကို Compatibilism လို့ ခေါ်မယ်ထင်တယ်။ ကျွန်တော့် အမြင်အရဆို ဗွီဒီယိုဂိမ်းနဲ့ ဆင်တူမယ်ထင်တယ်။ 

Probability distribution တွေပါတဲ့ probabilistic function နဲ့ တူမလားမသိ။ ဥပမာ domain က စာလေ့လာချိန် ဖြစ်ပြီး၊ range က ကျောင်းသားတွေ ရလာမယ့် grade တွေဆိုပါတော့။ နာရီအများဆုံးသူက grade အကောင်းဆုံး ဖြစ်မယ်ဆိုတာမျိုး ရာနှုန်းပြည့် ဘိုင်သေ သဘော မရှိတော့ဘူး။ လေ့လာချိန်များရင် grade ကောင်းဖို့များတယ်ဆိုတဲ့ probability distribution မျိုးပဲ ပါလာမယ်။ ဒါပေမယ့် အသေကြီး ပြဌာန်းထားတာ မဟုတ်သလို၊ ရလာမယ့် grade တွေ စာလေ့လာချိန် ပြဌာန်းမှုနဲ့ လုံးဝ ကင်းလွတ်နေတာမျိုး မဟုတ်ဘူးပေါ့။ လောကကြီးက အဲလို ဖြစ်ဖို့များမလားမသိ။ 

ဒါပေမယ့် determinism ပဲ ဖြစ်နေပါစေဦးတော့၊ ဟစ်တလာကို တော်လှန်တာမျိုး၊ မင်းအောင်လှိုင်လို လူကို တော်လှန်တာမျိုးကျ ဖြစ်သင့်တဲ့ အရာပါ။ ဆိုးဝါးတဲ့ လုပ်ရပ်တွေနဲ့ ပတ်သတ်ပြီး လူပုဂ္ဂိုလ်တွေ အပေါ် ပုံမချဘဲ အကြောင်းကြောင့် အကျိုးဖြစ်တယ်၊ အကြောင်းတရားတွေက မင်းအောင်လှိုင် ဖြစ်လာအောင် တွန်းပို့ကြတယ်ဆိုရင်လည်း….. ရာဇဝတ်ကောင်တွေနဲ့ ရာဇဝတ်မှုတွေဟာ  အကြောင်းတရားကြောင့် အကျိုးဖြစ်လာတယ်ဆိုတဲ့ determinism က ရာနှုန်းပြည့် မှန်တယ်ပဲ ထားပါဦး (မမှန်ဖို့များ)၊ အဲဒါတွေကိုပဲ အကြောင်းအကျိုး သံသရာထဲ ဆွဲထည့်ပြီး … သူ့ကို ပုန်ကန်တာကျမှ၊ ရာဇဝတ်ကောင်တွေကို အရေးယူတာကျမှ အကြောင်းအကျိုးသံသရာထဲက ဆွဲထုတ်ပြီး အဲလိုတွေ မလုပ်သင့်ဘူးဆိုတာတော့ မဟုတ်သေးဘူး။ ဒါတောင် အဲလိုတွေ မဟုတ်သင့်ဘူးဆိုတဲ့လူရဲ့ အတွေးကလည်း အကြောင်းကြောင့် အကျိုးဖြစ်လာပြီး အဲလိုပြောတဲ့ကိစ္စ emerge ဖြစ်လာတာလို့တော့ သူ့ကို နားလည်ပေးလို့တော့ ရတာပေါ့။

ကျွန်တော် ဒီပို့စ်ကို ရေးလိုက်တာတွေ၊ ဒီပို့စ်ထဲက အတွေးတွေဟာ အကြောင်းကြောင့် အကျိုးဖြစ်လာတာက ရာနှုန်းပြည့်လား၊ ဒါမှမဟုတ် probabilistic သဘောပါလား။ အဲဒီနှစ်ခုထဲက နှစ်မျိုးလုံးက ကျွန်တော့်ကြောင့် ဖြစ်လာတာ မဟုတ်တော့ ကျွန်တော့် ကိုယ်ပိုင် မဟုတ်ဘူးလို့ ပြောလို့ရတယ်။ ကိုယ်ပိုင် မဟုတ်ဘူးလို့ ပြောခြင်းကလည်း deterministic ကြောင့်ဖြစ်စေ၊ probabilistic အရ ဖြစ်စေ၊ အဲ့နှစ်ခုပေါင်းကြောင့် ဖြစ်စေ emerge ဖြစ်လာတဲ့ အရာတခု ဆိုပေမယ့်၊ ကိုယ်ကိုယ်တိုင် စဉ်းစားတွေးခေါ်ပြီးရေးတဲ့ ပို့စ်ကို ကိုယ့်ဘာသာခရက်ဒစ် ယူခြင်းကလည်း deterministic ကြောင့်ဖြစ်စေ၊ probabilistic အရ ဖြစ်စေ၊ အဲ့နှစ်ခုပေါင်းကြောင့် emerge ဖြစ်လာတဲ့ အရာတခုပဲလေ။

(ကောင်းကင်ကို) 

Sunday, December 1, 2024

ပညာ

 ပညာ နဲ့ ပတ်သတ်ပြီးတော့ အကြော်သည် အမျိုးသမီးကို ပြန်ချေပကြတာမှာလဲ...... ငွေတို့၊ ဝင်ငွေကောင်းတဲ့ အလုပ်တို့နဲ့ ပြန်ချေပကြတာတွေတော်တော်များများကလည်း ..... အဲဒီ အကြော်သည်ရဲ့ အတွေးအမြင်နဲ့ တကယ်တော့ အတူတူပဲ။ ပညာနဲ့ ငွေပိုရှာလို့ ရကြတာတို့၊ အင်ဂျင်နီယာ တယောက်က အချိန်မရွေး အကြော်ရောင်းလို့ ရပြီး၊ အကြော်သည်က အချိန်မရွေး အင်ဂျင်နီယာ ထလုပ်လို့ မရဘူးဆိုတာတွေ။ 

ပညာကို ငွေ သို့မဟုတ် အလုပ်အကိုင်နဲ့ပဲ ဆက်စပ်လိုက်ကြတာ။ ဒီခေတ်ကမ္ဘာကြီးကိုက အဲလိုဖြစ်နေတာ။ ပညာရှာတာဟာ အလုပ်အကိုင်ရဖို့ ခွေးသွားစိပ်လေးရဲ့ အဓိပ္ပါယ်အဖြစ် ပညာရဲ့ သဘောသဘာဝက သေးသိမ်သွားတာ။

ကျနော် ခဏခဏ ဥပမာ ပေးဖူးတဲ့ ပိုက်သားဂိုးရပ်စ်တို့ အဓိပ္ပါယ်ဖွင့်ဆိုမှုအရဆိုရင်တော့ ..... သူက ပညာရှာခြင်းကို အိုလံပစ်ပွဲနဲ့ နှိုင်းပြီး ဥပမာ ပေးတယ်။ အိုလံပစ်ပွဲကို လာသူ သုံးမျိုးသုံးစားရှိတယ်တဲ့။ ပထမ တမျိုးက အိုလံပစ်ပွဲမှာ ဈေးလာရောင်းတဲ့သူတွေ။ ငွေရှာဖို့ ရည်ရွယ်ချက်နဲ့ (အလုပ်အကိုင်ရဖို့ ရည်ရွယ်ချက်နဲ့ပေါ့)။ နောက်တမျိုးကကျ လာပြိုင်သူတွေ။ အဲဒါကျ နာမည်အတွက်၊ ဂုဏ်သိက္ခာအတွက်ပေါ့။ ပိုက်သာဂိုးရပ်စ်က အဲဒီနှစ်မျိုးက သဘောမကျဘူး။ နောက်ဆုံး အမျိုးအစားကတော့ အိုလံပစ်ပွဲမှာ လေ့လာဖို့သက်သက်။ (အဲဒါက ..... လောကဓမ္မ သို့မဟုတ် တန်ဖိုးရှိတဲ့အရာတွေကို လေ့လာရုံသက်သက်။ လောက သို့မဟုတ် တခုခုကို လေ့လာဖို့ပါ။ အတွေးအခေါ် ဖြစ်ရင်ဖြစ်မယ်၊ သင်္ချာဖြစ်ရင်ဖြစ်မယ်၊ ဂီတဖြစ်ရင် ဖြစ်မယ်၊ natural philosophy (သိပ္ပံ) ဖြစ်ရင်ဖြစ်မယ်) ဒါပေမယ့် ငွေရဖို့နဲ့ နာမည်အတွက် မဖြစ်ရဘူး။ အလုပ်အတွက် မဖြစ်ရဘူးပေါ့။ ယူကလစ်ကလည်း ..... Geometry သင်ရင် ဘာရမှာလဲ မေးတဲ့ချာတိတ်ကို 3 pence ပေးလိုက်စမ်းလို့ အရွဲ့တိုက်ပြီး ပြောဖူးတယ်။ 

ငယ်ငယ်က ကရာတေးသင်တန်းမှာ ကရာတေးဆရာဆီကို သင်တန်းပြီးရင် ဘာရမှာလဲဆိုတဲ့ သင်တန်းသားကို ဆရာက ကြိတ်ပြီး ပြုံးဖူးတယ်။ ဝါသနာအရ သူ သင်ပေးနေတာ။ ဘာမှလုပ်စားလို့ မရဘူးလေ။ 

လင်းသိုက်ညွန့်ဆိုလည်း ဒါကြောင့် အပေါင်းအနုတ်အမြောက်အစား တတ်ရင် ရပြီလို့ ပြောတာ။ အလုပ်အကိုင်နဲ့ ငွေအတွက်ပဲ ဆိုရင်တော့ သူပြောတာ မမှားဘူးပေါ့။ 

ဒီတော့ ပြန်ချုပ်ရရင် မြန်မာမှာတင်မက ကမ္ဘာမှာပါ ပညာကို အလုပ်တို့ ဝင်ငွေတို့နဲ့ပဲ အများစုက ဆက်စပ်လိုက်တာ။ အဲဒါကို အပြစ်ပြောချင်တာလည်းမဟုတ်။ ကမ္ဘာကြီးကိုက ခေတ်ကြီးကိုက အဲလိုဖြစ်နေတာကိုး။ အကြော်သည်ကိုလည်း အပြစ်ပြောစရာမရှိသလို အကြော်သည်ကို ပြန်ချေပတဲ့နေရာမှာ ဝင်ငွေတွေ၊ အလုပ်တွေနဲ့ ပြန်ချေပသူတွေကိုလည်း အပြစ်မပြောချင်ပါဘူး။ အဲဒီ စနစ်ကြီး အဲဒီ ကမ္ဘာ့ပညာရေးကြီးကို မကြိုက်တာပဲ ရှိတယ်။ မြန်မာနိုင်ငံကတော့ ပိုဆိုးတာပေါ့။

ရှင်သန်ရပ်တည်ဖို့က တအားကို ခက်ခဲလာတယ်။ ဒီတော့ ပညာဆိုပြီးရှာတဲ့နေရာမှာ ငွေ သို့မဟုတ် အလုပ်ကို ဦးစားပေးလာရတာ မဆန်းဘူး။ ဘဝ လိုအပ်ချက်ပဲ။ ပညာကို ချစ်မြတ်နိုးမှုနဲ့ သင်ယူတာမျိုး မဟုတ်တော့ဘူး။ survival အတွက်ရုန်းကန်ဖို့ tool တခုလို ဖြစ်လာတယ်။ 

ကိုယ်ကိုယ်ုတိင်လည်း အဲဒါကို မကျော်နိုင်ဘူး။ ကျော်ရင် ငတ်တာကိုး။ ဒါပေမယ့် ကိုယ်ကတော့ ပညာဆိုတာ ဘယ်လိုဖြစ်သင့်တယ်၊ ပညာသည် ပညာအတွက်ဆိုတာမျိုး ဖြစ်စေချင်တယ်။ ပညာဟာ ငွေတို့၊ အလုပ်တို့၊ လက်တွေ့အသုံးချနိုင်မှု တခုခုတို့နဲ့ မဆက်စပ်ပဲကို intrinsic value တခုခု ရှိပြီးသာလို့ မြင်တယ်။ သင်္ချာဖြစ်ဖြစ်၊ ဂီတဖြစ်ဖြစ်၊ philosophy ဖြစ်ဖြစ်၊ ချက်ပြုတ်တဲ့ ပညာရပ်ဖြစ်ဖြစ် (အဲဒါက အသုံးချလို့လည်း ရတယ်ဆိုပေမယ့်) အသုံးမချဘဲနဲ့ကို တန်ဖိုးတရပ် ရှိပြီးသားလို့ကို မြင်တယ်။ 

ဒါပေမယ့် ရပ်တည်ရေးအတွက်၊ အလုပ်အကိုင်အတွက် တအားရုန်းကန်နေကြရတော့ လူတွေဟာ အလုပ်အတွက် မလိုအပ်ရင် ပညာကို အချိန်ပေးပြီး မလေ့လာဖြစ်ကြတော့ဘူး။ အဲဒါက အများစုအတွက် အရှိတရားပဲ။ အဲဒါကို လွန်ဆန်ရင် ငတ်ကြရတာများတယ်။ အထူးသဖြင့် မြန်မာပြည်မှာပေါ့။ ဒီတော့ ကိုယ်ကိုယ်တိုင်လည်း မလွန်ဆန်နိုင်ဘူး။

ဒီတော့ ငွေနဲ့ပဲ ဆက်စပ်စဉ်းစားတဲ့ အကြော်သည် ကိုလည်း အပြစ်မတင်ချင်သလို၊ ငွေနဲ့ပဲ အလုပ်နဲ့ပဲ ဆက်စပ် ချေပသူတွေကိုလည်း အပြစ်မတင်ချင်ဘူး။ ကိုယ်တိုင်ကိုယ်က အဲ့စနစ်ကြီးထဲမှာ မျောနေတာမို့။ ဒါပေမယ့် ကိုယ်ကတော့ ရုန်းသာမထွက်နိုင်ပေမယ့်၊ မျောနေပေမယ့် ပိုက်သာဂိုးရပ်စ်ရဲ့ ပညာအပေါ် အမြင်ကို သဘောကျသူ၊ အဲဒီအမြင်ရဲ့ အနှစ်သာရကို သိသူဆိုတော့ ဒီတိုင်း သာမန်မျှောလိုက်သူတွေနဲ့ စာရင် စိတ်ဆင်းရဲရတယ်။ ပိုက်သာဂိုးရပ်စ်တို့အတိုင်း လိုက်မလုပ်နိုင်လို့။ လိုက်လုပ်ဖို့ အချိန်မရလို့ပေါ့။ အငတ်ခံရဲတဲ့ သတ္တိမရှိသေးလို့ပေါ့။ (ဒါတောင် ကိုယ်ဝါသနာပါတာတွေထဲက တချို့ကို နည်းနည်းဖြစ်ဖြစ် လုပ်နိုင်လိုက်သေးပါတယ်။ ခက်တာက ဝါသနာပါတဲ့ လိုင်းတွေများနေလို့)

မောင်သစ်ဆင်းရဲ့ ကျိန်စာဆိုတဲ့ ဝတ္တုတိုကိုတောင် သတိရမိတယ်။ အဖေက ဆရာဝန် ဆိုပေမယ့် ငွေရမယ့် အလုပ်မလုပ်။ သုတေသနပဲ လုပ်တာ။ အဲ့ကျ မွဲတာပေါ့။ အဲဒီမှာ တရက် သူ့သားက ကဗျာရေးတော့ သူ့အဖေက သူ့သားကို အဲဒီထဲ နစ်မွမ်းမသွားစေချင်ဘူး။ အဲဒီမှာ သူ့သားနဲ့ အပြန်အလှန် စကားများကြတော့ သားဖြစ်သူက အဖေ သူတို့လို ငယ်ခဲ့ဖူးလားတဲ့။ သဘောကတော့ သူတို့လို ကျန်တာဘေးချိတ်ပြီး passion နောက်ပဲ ပြင်းပြင်းပြပြ လိုက်ဖူးလား ဆိုတဲ့သဘောပေါ့။ အဲဒီမှာ အဖေဖြစ်သူက ဝုန်းခနဲထပြီး ငယ်ဖူးတယ်ကွဆိုပြီး နံရံမှာ ဂုဏ်ပြုလွှာကို မှန်ဘောင်သွင်းထားတဲ့ ဟာကို လက်သီးနဲ့ ထိုးခွဲလိုက်ရော။ သွေးထွက်သံယိုတွေဖြစ်သွားတာပေါ့။ ပြီးတော့ ပြန်ပြောလိုက်တဲ့ စကားက "“ဒါပါပဲ- သား၊ တကယ်တမ်း အဆုံးရှုံး အစွန့်လွှတ် မခံနိုင်ဘဲနဲ့ ဘာကိုမှ မစွန့်စား ပါလေနဲ့” တဲ့။ 

ကောင်းကင်ကို

Sunday, August 11, 2024

မငြိမ်းချမ်းတဲ့ ကမ္ဘာ

 ဟိုတရက်က ရန်ကုန်က လူတယောက်က မန္တလေးသားတွေ ရန်ကုန်ကို စစ်ရှောင်ရင် .... ဘယ်လို တောမကျနဲ့ ဆိုတဲ့ ပုံစံမျိုးနဲ့ သရော်သွားတယ်။ စစ်ရှောင်ရတဲ့ ဒုက္ခဟာ သေပြီး ဝဋ်ကျွတ်သွားသူတွေထက်တောင် ဆိုးရွားနိုင်တဲ့ ဒုက္ခမို့ အဲဒီလို ရေးသူဟာ မလုပ်သင့်တာကို လုပ်တာပဲ။ လူတွေက သူ့ကို ဝေဖန်ကြတာ၊ အောက်တန်းကျတယ်လို့ စွပ်စွဲကြတာတွေက မှန်တယ်။ 

ဒါပေမယ့် အဲဒါတွေထက် ဆိုးရွားသူတွေလည်း ရှိတယ်။ ဟိုလူကမှ သရော်တာနော်။ အတည်ပေါက်ကြီး ဆိုးရွားသူတွေက ဒီမိုကရေစီလိုလားပါတယ်၊ တရားမျှတမှု လိုလားပါတယ်ဆိုတဲ့ အုပ်စုထဲမှာတင် အများကြီး။ ကမ္ဘာ့လူသား အများစုက ကိုယ့်အုပ်စုထိမှ ကွက်နာကြတာပါ။ တချို့ အစ္စလာမ်အဖွဲ့တွေ ကိုယ့်အုပ်စု ထိမှ နာကြ၊ အရေးလုပ်ကြတယ်။ အမေရိကန်ဆိုရင်လည်း သူများနိုင်ငံသားတွေ ဘယ်လောက်သေသေ သူတို့နိုင်ငံသား တယောက်ကို သွားမထိရင် ရပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံရော ဘာထူးလို့လဲ။ ကိုယ့်မထိခင်ကတော့ တနိုင်ငံလုံး စစ်သွေးကြွကြတယ်။ ကချင်မှာ စစ်ဖြစ်တုန်းက (စစ်တပ်ဘက်က မဟုတ်တဲ့ အုပ်စုထဲမှာတောင်) အကုန်ဗုံးကြဲဖို့ ပြောတဲ့သူ တချို့ရှီတယ်။ ရိုဟင်ဂျာတွေ အသတ်ခံရတုန်းကျ နှုတ်ဆိတ်ရုံ၊ ကြားနေရုံလောက်မဟုတ်။ သတ်ခံရသူတွေကိုပါ မုန်းတီး၊ ဆဲဆို၊ ထပ်ပြီး သေစေချင်ကြတာ။ ကာတွန်းဆရာတွေ၊ ကဗျာဆရာတွေ၊ စာရေးဆရာတွေက အစ ခေါင်းဆောင်ဆိုသူတွေ အဆုံးပေါ့ .ရခိုင်မှာ စစ်ဖြစ်တော့လည်း ရခိုင်တွေကို မစာနာပဲ ဆဲကြသူတွေ ရှိတာပဲ။ ဒါပေမယ့်နေရာတကာ ဗမာကချည်း လိုက်ဆဲတာတော့ မဟုတ်။ ရခိုင်တွေ ဆိုရင်ကော အများစုက ရိုဟင်ဂျာကို စာနာကြလို့လား။ victim blaming ထက် ပြင်းထန်တဲ့ဟာမျိုးတွေ ပြောကြတာပဲ။ မုန်းတီးကြတာပဲ။ ဗမာတွေ ထက်တောင် ဆိုးသေးတယ်။ ဗမာတွေကိုလည်း မုန်းတာပဲ။ အဲလိုပြောလို့ မွတ်စလင်တွေကရော တခြားသူတွေကို လူထင်ကြလားဆိုတော့ အများစုက တခြားအုပ်စုဝင်တွေရဲ့ အခွင့်အရေးကို မလေးစားတတ်သူတွေ များတယ်။ သူတို့တွေအားလုံးဟာ အတည်ပေါက်မို့ နှစ်နှစ်ကာကာ ခွဲခြားနေကြတာ၊ မုန်းတီးနေကြတာမို့ ရန်ကုန်နဲ့ မန္တလေး အပျော်အပြက်ခွဲခြားနေတာထက် ပိုဆိုးတယ်နော်။ 

ဒါပေမယ့် မြန်မာတနိုင်ငံတည်း ဖြစ်နေတာတော့ မဟုတ်ဘူး။ မြန်မာနိုင်ငံက နိုင်ငံလူဦးရေနဲ့ယှဉ်ရင် အစွန်းရောက်သူ ပိုများတာ၊ ပညာတတ်ဆိုသူတွေ၊ activist ဆိုသူတွေ ထဲမှာကို အမြင်ကျယ်သူ ပိုရှားတာတော့ ရှိတာပေါ့။ နိုင်ငံအစိုးရတွေ၊ တချို့အဖွဲ့အစည်းတွေကတော့ တူတူပဲ။ 

ခုတလော ကမ္ဘာကြီးမှာ အမြင်ကျဉ်းမြောင်းမှုတွေ၊ မစာနာမှုတွေ၊ သွေးဆာမှုတွေ အရမ်းဖြစ်နေတယ်။ ထိုင်းမှာ .... ပါတီတခု ပိတ်ပင်ခံရတယ်။ UK မှာ မဘသတွေဟာ သတင်းမှားကို အခြေပြုပြီး UK မဘသတွေရဲ့ anti-immigrant ဆန္ဒပြပွဲတွေ ပေါ်လာတယ်။ မြန်မာက ဦးဝီရသူနဲ့တောင် ခပ်ဆင်ဆင်။ ဆော်ဒီအာရေးဘီးယားဟာ ယီမင်မှာ စစ်ဝင်ဆင်နွဲပြီး ပြည်တွင်းစစ်ဖြစ်အောင် လုပ်တယ်။ အမေရိကန်ဟာ ဆော်ဒီက သူ့မဟာမိတ်ဖြစ်တဲ့အတွက် ဘာမှမပြောဘူး။ သူကိုယ်တိုင်လည်း အစ္စရေးရဲ့ လက်လွန်ခြေလွန် ဗုံးကြဲမှုကို မပြောတဲ့ အပြင် အားပေးတယ်။ ဒီနေ့ဆို စာသင်ကျောင်းတကျောင်းကို ဗုံးကြဲလိုက်တယ်။ အဲဒီအောက်မှာ ဗမာပြည်က လူတွေရဲ့ ဗမာစာနဲ့ မန့်ထားတဲ့ ကောင်းတယ်တို့၊ အဲလိုလုပ်ပေးမှ ဆိုတဲ့ မန့်တွေ တွေ့ရတယ်။ တကယ်က နေတန်ယာဟုက မင်းအောင်လှိုင်ထက်ဆိုးတယ်။ ဆေးရုံတွေ၊ ဒုက္ခသည်စခန်းတွေ၊ ကျောင်းတွေကိုက အစ ဗုံးကြဲတာ။ Facebook မှာ ကုလသမဂ္ဂက အလှူခံတဲ့ ကြော်ငြာတချို့တက်လာတယ်။ ဆေးရုံတွေကို ဗုံးကြဲခြင်းဟာ ဗုံးအကြဲခံရလို့ သေသွားသူချည်း မဟုတ်ဘူး။ အလှူခံထားတဲ့ ကြော်ငြာမှာဆိုရင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက မီးမဖွားနိုင်လို့၊ ဆေးကုသမှု မရလို့ သွယ်ဝိုက်သေဆုံးသူတွေပါ အများကြီးပဲ။ အဲဒါကို ကိုယ့်ဆီက လူတွေက ကိုယ်တိုင်တောင် မအလပေးတဲ့ အဖြစ်ဆိုးမျိုး ခံစားနေရပေမယ့် ..... ဝင်ပြီး ဝမ်းသာကြသေးတာ။ (ဝင်ဝမ်းသာသူတွေက မအလ ဘက်တော်သားတွေချည်း မဟုတ်ဘူး) ဆိုတာ အကြိမ်ကြိမ် လေ့လာပြီးပြီ။ 

ဒါပေမယ့် တခြားနိုင်ငံတွေမှာလည်း အတူတူပဲ။ တခြားနိုင်ငံအစိုး၇တွေမှာလည်း အတူတူပဲ။ ကွာတာ တခုက ကိုယ်တို့ရပ်ဝန်းမှာကျ ကိုယ့်လူမျိုး၊ ကိုယ့်အုပ်စု၊ ကိုယ့်နိုင်ငံ ဆိုတာကို ကျော်ကြည့်နိုင်သူဟာ ပညာတတ်ဆိုသူတွေ၊ activist ဆိုသူတွေထဲမှာပါ ရှားတာ။

ကမ္ဘာမှာကကျ ပါလက်စတိုင်းကို ထောက်ခံတဲ့ ဂျူးတွေ (သာမန် ဂျူးတွေထဲမှာပါ အများကြီးပဲ။) ပညာရှင်ဆိုလည်း ဥပမာ Noam Chomsky ဆို ဂျူးအနွယ်ဝင်ပဲ။ ဒါပေမယ့် ပါလက်စတိုင်းတွေကို ထောက်ခံတယ်။ စာအုပ်တွေတောင် ရေးသေးတယ်။ Julian Assange ဆိုလည်း .... ဒီက activist တွေနဲ့ ယှဉ်ကြည့်တောင် ဒီကလူတွေဟာ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ အနောက်နိုင်ငံကို ရွှေ့ကြရတာ။ သူကျ ဟိုအနောက်နိုင်ငံတွေမှာ နိုင်ငံသားဖြစ်ပြီးသား၊ အလိုက်သင့်လေး နေသွားရင်တောင် သူ့အရည်အချင်းနဲ့ အခွင့်ထူးခံနိုင်ငံသား ဖြစ်နိုင်ပါလျက်နဲ့ သူ နေစရာ ဘုံပျောက်တဲ့အထိ စတေး၊ ဒုက္ခရောက်တဲ့အထိ စတေးပြီး နိုင်ငံကြီးတွေရဲ့ အစိုးရတွေ မတရားလုပ်တာကို ဖွင့်ချတာ။ ဒါပေမယ့် ဒီမိုကရေစီ လေးစားပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေက သူတို့လည်း ထိရော Assange ကို လည်း မညှာဘူး။ ကိုယ်တွေ၊ ကိုယ်တွေဆီက ခေါင်းဆောင်တွေ အနောက်နိုင်ငံသွားဖို့ ကြိုးစားနေရချိန်မှာ (သွားတာကို အပြစ်တင်တာ မဟုတ်ဘူး) Assange ရဲ့ ဂုဏ် ပေါ်လွင်အောင် ယှဉ်ပြတာ။ သူက ဟိုမှာနေခွင့်ရပါလျက် ဒုက္ခခံပြီး ချတာ။ သူ့အဖေဆိုလည်း ပါလက်စတိုင်းကို ထောက်ခံတယ်။ နေတန်ယာဟု အစိုးရက မင်းအောင်လှိုင်ထက် ဆိုးတယ်ဆိုလို့ Hamas ကို ထောက်ခံခိုင်းတာတော့ မဟုတ်ဘူး။ အစ္စရေးအစိုးရကို ဝေဖန်ခြင်းက Hamas ကို ထောက်ခံခြင်းနဲ့ ဘာမှမဆိုင်။ အပြစ်မဲ့သူတွေကို တိုက်ခိုက်တဲ့၊ အီရန်လို အာဏာရှင်တွေရဲ့ ဩဇာကိုနာခံတဲ့ Hamas ကိုလည်း ထောက်ခံစရာအကြောင်းမရှိပါဘူး။

နိုင်ငံရေးအတွေးအခေါ်၊ ကမ္ဘာ့ငြိမ်းချမ်းရေး အတွေးအခေါ် တကယ်မြင့်လာပြီဆိုရင် မြင့်လာသူတွေဟာ ကိုယ့်အုပ်စု၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်နိုင်ငံကို ကျော်လွန်ပြီး အမြင်ကျယ်ကြတာပဲ။ အိုင်းစတိုင်းလဲ အဲလိုပဲ။ Barnie Sanders တို့၊ Noam Chomsky တို့ စတီဖင်ဟောကင်းတို့လဲ အဲလိုပဲ။ (သူတို့ဆီမှာလည်း ပညာတတ်ထဲမှာ တရားမျှတမှုဘက်က မရပ်သူတွေလည်း အများကြီးတော့ ရှိပါတယ်။) မြန်မာမှာက အရင်ကဆိုရင်တော့ ပညာတတ်ထဲမှာတောင် တရားမျှတမှုဘက်က ရပ်သူ တော်တော်ရှားတယ်။ အခုတော့ တရားမျှတမှုကို မြတ်နိုးတဲ့ လူငယ်တွေ တော်တော်များလာပါတယ်။ ဒါပေမယ့် လူအများစုကတော့ မြန်မာမှာလည်း လိုတမျိုး မလိုတမျိုးပါ။ ကိုယ်ခံရတဲ့အခါမျိုးမှ အဓမ္မထင်ကြတာ။ ဥပမာ ၂၀၁၇ တုန်းက ကမ္ဘာက ဝင်စွက်မလိုလိုတုန်းက ကိုယ့်ပြည်တွင်းရေး ဝင်မစွက်နဲ့တဲ့။ ကာတွန်းဆရာတွေက အစ UN ကို မုတ်ဆိတ်မွှေးတွေ တပ်ပေးတဲ့ ကာတွန်းတွေ ဆွဲလိုဆွဲ။ အခုကျလည်း UN က ဝင်မပါလို့တဲ့။ မတရးတာကို ကမ္ဘာကြီးက ရပ်ကြည့်နေသယောင်သာ ကြီးကြီးကျယ်ကျယ် ပြောကြတာ။ ကိုယ်တွေတုန်းက ရပ်ကြည့်ယုံတောင် မဟုတ်။ မတရားတဲ့ဘက်ကိုတောင် အားပေးခဲ့ကြသေးတာ။ 

ရေရှည်မှာက ကမ္ဘာကြီးမှာ သတ်ရဲသေရဲ သူတွေထက် Noam Chomsky တို့လို၊ Julian Assange တို့လို လူတွေပဲ ပိုလိုအပ်လာမှာပါ။  

လက်ရှိကမ္ဘာမှာက ကြပ်တည်းလာခြင်းတွေနဲ့ အတူတူ မဘသတွေ တကြော့ပြန် အားကောင်းလာတယ်။ ကမ္ဘာကြီးဟာ အပေါ်ယံ ယဉ်ကျေးသယောင်၇ှိပေမယ့် တောတွင်းဥပဒေသ အတိုင်း သွားနေတုန်းပါ။ အထူးသဖြင့် အာဏာပါဝါကို ဆုပ်ကိုင်ထားတဲ့ အစိုးရတွေ၊ စစ်တပ်တွေ၊ အဖွဲ့အစည်းတွေဟာ တောတွင်းဥပဒေသကို ဆုပ်ကိုင်ထားတုန်းပါ။ 

အဲဒါကို လူတယောက်တည်းနဲ့ ကယ်တင်နိုင်မှာ မဟုတ်။ ဝန်နဲ့အား မျှတမှာလည်း မဟုတ်။ တချို့ကိစ္စတွေမှာဆို ဒီလိုပဲ ရပ်ကြည့်နေလိုက်ရတာပဲ။ ကိုယ့်စိတ်ငြိမ်းချမ်းရေးကိုတောင် မနည်းကြိုးစားနေရတာလေ။ ကိုယ့်စိတ်မှ ငြိမ်းချမ်းအောင် မလုပ်နိုင်ရင်လည်း ပြင်ပလောကကြီး ငြိမ်းချမ်းအောင် စေတနာရှိလာဖို့တောင် ဝေလာဝေး။ ဒီတော့ ကိုယ့်စိတ်ငြိမ်းချမ်းအောင် သူများကို မထိခိုက်စေဘဲ နည်းမှန်လမ်းမှန် ကြိုးစားခြင်းက အပြစ်မဟုတ်ဘူး။ ဒါပေမယ့် .... အကျိုးရလဒ် ချက်ခြင်းထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ၊ လူတိုင်း လုပ်နိုင်တာကတော့ ..... အုပ်စုတွေ identity တွေကို ကျော်လွန်ဖို့၊ တအားရက်စက်တဲ့ဘက်မှာ မပါမိစေဖို့နဲ့ အားမပေးမိစေဖို့၊ ကျန်တာတွေကိုတော့ ကိုယ်နိုင်သလောက်ကူညီ၊ ကိုယ်ကူဖို့ မတတ်နိုင်တာတွေကိုတော့ လွှတ်ချထားလိုက်ရမှာပဲလေ။ 

အမုန်းသံသရာကြီးထဲ၊ လောကကိုဖျက်ဆီးနေတဲ့အထဲ ကိုယ်ကိုယ်တိုင် မပါရင်ကို ဟုတ်နေပြီ။ အသိပညာရောမြင့်တဲ့အပြင် ခံနိုင်ရည်ရော စွန့်လွှတ်နိုင်စွမ်းရှိသူတွေကတော့ ဘဝအပျက်ခံပြီး သူများကို ကူကြတာတွေတော့ ရှိတာပေါ့။ 

ဒါပေမယ့် ဘယ်သူတွေ ဘယ်လိုကူကူ ကမ္ဘာကြီးမှာ ပြီးတော့ မြန်မာမှာ တောတွင်းဥပဒေသကတော့ အားကောင်းနေဦးမှာပဲ။ လူအားလုံးနီးပါး ငြိမ်းချမ်းရေး လိုလားလာကြမယ့် ခေတ်အထိပေါ့။

Sunday, July 7, 2024

Self Connection (အပိုင်း ၅) - ဗုဒ္ဓဘာသာနဲ့ ဆူဖီထဲက အကောင်းမြင်ဝါဒ

 ၂၀၁၈ ခုနှစ်တုန်းက ရေးပြီး မတင်ခဲ့ဖြစ်တာကို ခုလို ဆိုးဝါးလှတဲ့ ရက်စက်လှတဲ့၊ ကိုယ်စိုက်ပျိုးသလို မရိတ်သိမ်းရတဲ့ ခေတ်ကြီးမှာ၊ မရေရာမှုတွေ များလှတဲ့ ခေတ်ကြီးမှာ ဒီနေ့ညနေ ကိုယ့်ဘာသာပြန်ဖတ်ဖြစ်တယ်။ အဆိုးမြင်အတွေးပဲ ကဲလေ့ရှိတဲ့ ကိုယ့်ကိုယ့်ကိုလည်း သတိပေးရင်းပေါ့။

*****

အကောင်းမြင်ဝါဒမှာလည်း အဆင့်အမျိုးမျိုး ရှိတယ်လို့ထင်တယ်။ ပေါ်လီယာနာရဲ့ အကောင်းမြင်ဝါဒကတော့ နည်းနည်း ပေါ့ရွှတ်ရွှတ်နိုင်နေမလား။

(( ကျွန်တော်ကြိုက်တဲ့ အကောင်းမြင်ဝါဒ - အရှင်ပုဏ္ဏ ))

ကျမ်းတွေအရဆို …. ဆိုးသွမ်းရက်စက်သူတွေ အရမ်းပေါတဲ့ ဒေသတစ်ခုကို အရှင်ပုဏ္ဏဆိုတဲ့ ရဟန်းတစ်ပါးက သာသနာပြု သွားမယ်ဆိုတော့၊ သူ့မှာ လုံလောက်တဲ့ စိတ်နှလုံး အရည်အသွေးရှိမရှိ ဗုဒ္ဓက ဆန်းစစ်ချင်လို့ သူ့ကို မေးခွန်းတွေ မေးတယ်။ အဲဒီလူဆိုးတွေက အရမ်းဆိုးတဲ့လူတွေ၊ ချစ်သားကို ဆဲရင် ဘယ်လိုလုပ်မလဲဆိုတော့… ဆဲတယ်ဆိုတာ လူကိုနာကျင်အောင်လုပ်တာမှ မဟုတ်တာ၊ ခဲတွေနဲ့ ပေါက်၊ တုတ်တွေနဲ့ရိုက်တာမျိုး ဆိုရင်သာ နာကျင်မှာလို့ ပြန်ဖြေတယ်။ စကားလုံးတွေလောက်တော့ သည်းခံမယ်ဆိုတဲ့သဘောပေါ့။

ဒီလိုဆို ခဲတွေနဲ့ ပေါက်လာရင်ရော ဆိုတော့၊ ခဲတွေနဲ့ သာမန် ပေါက်တာက လူကိုသေစေတာမှ မဟုတ်တာ၊ သည်းခံပြီး သာသနာပြုမယ် ဆိုပြီး ပြန်ဖြေတယ်။

ဒါဆို သေစေတဲ့အထိ နှိပ်စက်ရင်ရောလို့ မေးတော့ … တချို့သူတွေဆို အသက်သေဖို့အရေး ကိုယ့်ဟာကိုယ်တောင် အားထုတ်ရသေးတာ၊ ကိုယ့်ကိုယ်ကိုယ်တောင် သတ်သေရသေးတာ၊ ဒီတော့ လူတိုင်းဟာ သေမှာပဲမို့ အဲဒါကြောင့်လည်း တွန့်သွားပြီး သာသနာမပြုဝံ့စရာ မရှိလို့ ပြန်ဖြေတယ်။ ဒီနေရာမှာ အရှင်ပုဏ္ဏဟာ အကောင်းတွေချည်းပဲ ဖြစ်လာမယ်ဆိုတဲ့ အလွန်အကျွံ အကောင်းမြင်ဝါဒီ၊ အပေါစား အကောင်းမြင်ဝါဒီ မဟုတ်။ အကောင်းရော၊ အဆိုးရော ဖြစ်နိုင်တယ် ဆိုတာကိုပါ တွက်ထားတယ်။ အဆိုးဖြစ်လာခဲ့ရင် ဘယ်လို ရင်ဆိုင်မလဲ၊ ဘယ်လို အသင့်အတင့် နှလုံးသွင်းမလဲ ဆိုတာကိုပဲ ကြိုတင်ပြင်ဆင်ထားတာ။

ပြီးတော့ ဖြစ်သမျှအကြောင်း အကောင်းချည်း ဆိုပြီး ကြိုးစားအားထုတ်မှု ကင်းမဲ့တဲ့ အပေါစား အကောင်းမြင်ဝါဒီမျိုးလည်း မဟုတ်။ လုပ်စရာ ရှိတာ၊ သူလုပ်သင့်တာကို အရင်လုပ်ပြီးမှ ဖြစ်လာမယ့် အကျိုးဆက်ကို အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ နောက်တွန့်မသွားအောင်၊ စိတ်တည်ငြိမ်မှု မပျက်ပြားအောင် အသင့်အတင့် နှလုံးသွင်းမယ့် အကောင်းမြင်ဝါဒီမျိုးလို့ ပြောလို့ရတယ်။

ပြီးတော့ တခုခုကို မလုပ်ရဲလို့ မလုပ်ခင်ကတည်းက မလုပ်လိုက်တာ ကောင်းတယ်ဆိုပြီး ကြံဖန်စိတ်ဖြေတဲ့ အကောင်းမြင်ဝါဒမျိုးလည်း မဟုတ်။ လုပ်စရာရှိတာ လုပ်သင့်တာကို မဆုတ်မနစ်တဲ့ဇွဲနဲ့လုပ်ပြီး ဖြစ်လာသမျှ result အပေါ် …. ကိုယ်စိုက်တဲ့အတိုင်း မရိတ်သိမ်းရလည်း အကောင်းမြင်တဲ့ဝါဒပေါ့။

အကောင်းမြင်ဝါဒီဆိုတိုင်း မျှောလိုက်သူလို့ အပေါ်ယံအတွေးလေးနဲ့ ထင်ကြတဲ့သူတွေဟာ ဒီပုံပြင်ကို သတိပြုသင့်ပါတယ်။ အကောင်းမြင်ဝါဒီထဲမှာ အလွယ်တကူ မျှောလိုက်တဲ့သူတွေလည်း ရှိမယ်။ အရှင်ပုဏ္ဏကို အကောင်းမြင်ဝါဒသမားလို့ ပြောလို့ ရပေမဲ့ သူဟာ မျှောလိုက်သူမဟုတ်။

သူ သာသနာပြုတဲ့အခါမှာ အယူမှား (လို့ သူထင်တာတွေကို) ချေဖျက်ရမယ်။ လူတွေရဲ့ နှလုံးသားမှာ တရားဓမ္မထွန်းကားလာအောင် ခက်ခက်ခဲခဲ စည်းရုံးရမယ်။ ရေသာခို မျှောလိုက်ခြင်း မဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပြီးမှ ဖြစ်လာမယ့် အကျိုးဆက် ဆိုးနေခဲ့ရင်လည်း မတုန်လှုပ်အောင် နှလုံးသွင်းခြင်းပါ။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပြီး ဖြစ်လာမယ့်အကျှိုးဆက်ကို ကိုယ်က ရင်ဆိုင်နိုင်တယ်လို့ ယုံကြည်မှုရှိတဲ့ အဆင့်မြင့် အကောင်းမြင်ဝါဒမျိုးပါ။

အရှင်ပုဏဟာ သူနောက်မတွန့်သွားဖို့အရေး ကြံဖန်ပြီး ဆွဲတွေးတယ်၊ ပိုဆိုးမယ့် အဖြစ်အပျက်တွေနဲ့ အတင်းဆွဲတွေးတယ်လို့ စွပ်စွဲချင်သူတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ အတွေးဆိုတာက tool တစ်ခုမို့ ကြိုက်သလို တွေးလို့ ရပါတယ်။ အရှင်ပုဏ္ဏဟာ ပိုဆိုးတဲ့ နှိုင်းရအတွေးနဲ့နှိုင်းပြီး ဒီလောက်မဆိုးသေးပါဘူးလို့ တွေးတာဟာ အတွေးကို tool တစ်ခုလို လှလှပပ အသုံးချသွားတာလို့ပဲ ပြောချင်တယ်။ အရှင် ပုဏ္ဏဟာ စိတ်ဆင်းရဲမယ့် အတွေးကို မတွေးဘဲ၊ အတွေးတွေကို သူလိုသလို filter လုပ်တယ်လို့ စွပ်စွဲလာမယ်ဆိုရင်လည်း တကယ်က လူတိုင်းဟာ အတွေးကို filter လုပ်ကြတာချည်းပါပဲ။ အဆိုးပဲတွေးသူကလည်း အတွေးကို filter လုပ်ကြတာချည်းပဲ။

အဆိုးတွေးမှ အရှိတရားလို့ ထင်နေတာကလည်း မှားပါတယ်။ အဆိုးတွေးသူဟာလည်း filter လုပ်ပြီးတွေးကြတာပါပဲ။ လူဟာ တစ်ချိန်မှာ အာရုံတစ်မျိုးပဲ စိုက်နိုင်တော့ အတွေးတစ်ခုထဲကို ယူပြီး ကျန်တာတွေကို filter လုပ်လိုက်ရတာ မဟုတ်လား။ အဲကွန်းအခန်းထဲမှာ ဇိမ်လေးနဲ့ ထိုင်ပြီး၊ အရသာရှိတဲ့ နေ့လည်စာကို စားနေရပေမဲ့ လွန်ခဲ့တဲ့လက ကားအရောင်းအဝယ်မှာ ဆယ်သိန်းရှုံးတာကို တွေးပြီး စိတ်ပျက်ချင် ပျက်နေမယ်။ တခြားတစ်ယောက်ကတော့ အဲဒိအခြေအနေမှာ အစားအသောက်လေး ကောင်းလိုက်တာလို့ တွေးချင်တွေးနေမယ်။ ဒါပေမဲ့ လူတွေဟာ ဒုတိယ တစ်ယောက်ကို အပေါစားအကောင်းမြင်သမားတို့ (ဒါမှမဟုတ်) အရှိတရားနဲ့ ဝေးနေသူလို့ ပြောတတ်ပေမဲ့၊ ပထမတစ်ယောက် အဆိုးမြင်သမားကိုတော့ အရှိတရားကို သိသူလို့ မြင်တတ်ကြတယ်။ တကယ်ကတော့ အတွေးကို filter လုပ်ကြရတာချင်း အတူတူပဲ။ ကားပြန်ရောင်းတာ ရှုံးတဲ့အကြောင်းတွေးနေသူဟာ အစားအသောက်ကောင်းကြောင်း တွေးဖို့ အပါအဝင် တစ်လောကလုံးကို လျစ်လျူူရှုပြီးအတိတ်က အဆိုးကို ပြန်တွေးနေတယ်။ ပစ္စုပ္ပန်မှာ သက်သောင့်သက်သာ ဖြစ်နေတဲ့ အရှိတရားနဲ့တောင် ကင်းကွာနေသေးတယ်။ အဆိုးမြင်သမားက တစ်လောကလုံးကို လျစ်လျူရှှုပြီး သူ့ကားအရောင်းအဝယ်ကြောင်း တွေးနေသလို၊ အကောင်းမြင် သမားကတော့ တစ်လောကလုံးကို လျစ်လျူရှှုပြီး သူ့အစားအသောက်ကောင်းကြောင်း ပစ္စုပ္ပန်ကို အာရုံစိုက်နေတယ်ဆိုတာမှာ ဘယ်သူက အရှိတရားနဲ့ ပိုနီးသလဲ။ ဘယ်သူက လိမ္မာရာကျသလဲ။ filter လုပ်ရတာချင်း အတူတူဆိုရင်တောင် ဘယ်သူက ပိုအမြော်အမြင်ရှိသလဲ။

ဒီတော့ စိတ်ချမ်းသာဖို့ဆိုရင် စိတ်ဆင်းရဲမှ ဉာဏ်ရင်မြင့်တယ်တို့၊ စိတ်ဓာတ်ကျနေမှ ဉာဏ်ရင်မြင့်တယ်ဆိုတဲ့ အယူအဆတွေကိုလည်း ဖျောက်ဖို့လိုပါတယ်။ နို့မို့ဆိုရင် ကိုယ့်စိတ်က ဉာဏ်ရင်မြင့်မှှုကို စွဲလမ်းနေတာေြှကာင့် (ဒါမှမဟုတ်) တခြားလူတွေက ကိုယ် ဉာဏ်ရည်မြင့်တယ်လို့ ထင်လာစေဖို့အတွက် အမြဲ စိတ်ဓာတ်ကျနေရာ၊ စိတ်ဓာတ်ကျပြနေရတော့မှာပါ။ ဘယ်တော့မှ လွတ်မှာမဟုတ်။ ဗုဒ္ဓတို့၊ အိုင်းစတိုင်းတို့၊ စတီဖင်ဟောကင်းတို့ဟာလည်း အမြဲ စိတ်ဓာတ်ကျနေကြတဲ့သူတွေ မဟုတ်ပါဘူူး။ လောကကြီးကို နေရာတကာ အဆိုးလိုက်မြင်သူတွေ မဟုတ်ကြပါဘူး။ အဆိုးမြင်သင့်တာကိုမြင်ပြီး အဲဒီအဆိုးတွေကိုလည်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်အောင် နှလုံးသွင်းကြသူတွေပဲဖြစ်တယ်။

ရူမီရဲ့ အကောင်းမြင်ဝါဒ

ရူမီရဲ့ ဧည့်ဂေဟာ ကဗျာကလည်း အဲဒီလိုမျိုး အကောင်းမြင်ဝါဒပဲ။ ရူမီရဲ့ ကဗျာထဲက သဘောတရားကို အကောင်းမြင်ဝါဒလို့ နာမည်တပ်မယ်ဆိုရင် အဲဒါဟာ အရာရာကို လက်ခံရင်ဆိုင်ရဲတဲ့အကောင်းမြင်ဝါဒမျိုးပါ။

The Guest House


This being human is a guest house.

Every morning a new arrival.


A joy, a depression, a meanness,

some momentary awareness comes

as an unexpected visitor.

Welcome and entertain them all!


Even if they are a crowd of sorrows,

who violently sweep your house

empty of its furniture,

still, treat each guest honorably.

He may be clearing you out

for some new delight.


The dark thought, the shame, the malice.

meet them at the door laughing and invite them in.


Be grateful for whatever comes.

because each has been sent

as a guide from beyond.

— Jellaludin Rumi


ရူမီရဲ့ ကဗျာကို ကြည့်လိုက်ရင် အရာရာဟာ အကောင်းတွေပဲ ဖြစ်လာလိမ့်မယ်လို့ ရေးမထားဘူး။ Depression တို့ sorrow တို့ ကြုံရမယ်။ “Even if they are a crowd of sorrows, who violently sweep your house” အဲဒီစာသားတွေကို ကြည့်ခြင်းအားဖြင့် သူ့အမြင်ဟာ အလွန်အကျွံ အကောင်းမြင်ဝါဒ မဟုတ်မှန်း သိသာတယ်။ အဆင့်နိမ့်တဲ့ အကောင်းမြင်ဝါဒဆိုရင်တော့ လောကမှာ အမြဲ ကောင်းတာတွေပဲ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ချက်အမှားမျိုး ထားကောင်းထားမယ်။ အရှိတရားနဲ့ ကင်းလွတ်နေမယ်။ ရူမီရဲ့ အကောင်းမြင်ဝါဒမျိုးက အဲလိုမဟုတ်ဘူး။ ပျော်စရာတွေရော၊ ကိုယ့်ဘဝ ကို ဗြောင်းဆန်သွားစေမယ့် အရာတွေလည်း ကြုံရမယ်။ ဘယ်ဟာကြုံကြုံ မတုန်လှှုပ်ဘူး၊ မတုန်လှှုပ်အောင် ကြိုးစားပါ ဆိုတဲ့ အကောင်းမြင်ဝါဒမျိုး။ အကောင်းတွေချည်းပဲ ဖြစ်လာမှာလို့ စွတ်ယုံကြည်ခိုင်းတာမျိုး မဟုတ်ဘဲ အကောင်းတွေလာလာ အဆိုးတွေလာလာ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ှဆိုင်နိုင်မယ့် စိတ်နှလုံး မွေးခိုင်းတာမျိုး။ အကောင်းတွေရော၊ အဆိုးတွေရော ဖြစ်လာနိုင်တယ်လို့ ရေးထားတာမို့ အရှိတရားနဲ့ လွတ်နေတဲ့ အကောင်းမြင်ဝါဒမျှိုး မဟုတ်ဘူးရယ်။ ပြီးတော့ အဲဒါတွေဟာ အမြဲဖြစ်မနေဘူး။ တလှည့်စီ လာမယ်ဆိုတဲ့သဘောလေး။ ရူမီကတော့ အစ္စလာမ်ဘက်က စိတ်အတွင်းပိုင်းကို အဓိက ထားတဲ့ ဆူဖီပေါ့။ ဆူဖီဟာ အစ္စာလမ်ဆိုပေမယ့် mainstream အစ္စလာမ်နဲ့ သိပ်မတူဘဲ ဇင်ဗုဒ္ဓဘာသာတို့၊ တာအိုတို့နဲ့ ပိုဆင်တယ်။

ရူမီရဲ့ အကောင်းမြင်ဝါဒကို ဗုဒ္ဓဘာသာစကားအရ ဆိုရင်တော့ အသင့်အတင့် နှလုံးသွင်းခြင်းလို့ ပြောရမယ်။

guest house လို့ သုံးနှုင်းထားခြင်းအားဖြင့် မျိုးစုံလာမယ်ဆိုတဲ့သဘော။ ပြီးတော့ ခဏပဲ ဆိုတဲ့သဘော။ အပျော်မှာလည်း အရမ်းမတွယ်ငြိ၊ depression မှာလည်း အရမ်းမတွယ်ငြိပဲ …. ကြုံတုန်းကြုံခိုက်မှာ ဧည့်သည်လို့ပဲ အသင့်အတင့် နှလုံးသွင်းခိုင်းတဲ့သဘော။

ကောင်းကင်ကို (၂၀၁၈ ခုနှစ်တွင် ရေးခဲ့သည်။ တကယ်တော့ မက်ဆင်ဂျာမှာ မိတ်ဆွေတယောက်ကို အဲဒီတုန်းက လက်တန်း စာရိုက်ပြောပြဖူးတဲ့ဟာကို ပို့စ်အဖြစ် ပြန်ပြောင်းထားခဲ့တာ

Saturday, May 25, 2024

တရားမျှတခြင်းနဲ့ ပတ်သတ်လို့

 လောကကြီးမှာ တရားမျှတမှု တကယ်ရှိလားဆိုရင် လောကကြီးကို မပြောပါနဲ့။ ကိုယ့်ဘဝတခုစာတောင် တရားမျှတမှုက မရှိပါဘူး။ တကိုယ်စာဆန်တဲ့ မတရားမှုလေးတွေဆိုရင် ကူပြောပေးမယ့်သူတွေလည်း ရှိမှာမဟုတ်ပါဘူး။ အရေအတွက်က တစ်ယောက်တည်း ဖြစ်နေတာကိုး။ တစ်ယောက်စာအတွက် တရားမျှတမှုက လောကကြီးအဖို့တော့ ဘာမှအရေးမကြီးသလိုပဲ။ ကိန်းဂဏန်းတခုသက်သက်ပဲ ဖြစ်နေမှာပေါ့။
လူတစုအတွက် မတရားမှုဖြစ်လာပြီဆိုရင်တော့ လောကကြီးက နည်းနည်းဂရုစိုက်လာပြီ။ ပြန်ထိန်းညှိဖို့ ကြိုးစားလာတာတွေ ပေါ်လာပြီပေါ့။ ဒါတောင်မှ အရေအတွက်နည်းနေရင်၊ soft power ရော hard power ပါ ချို့တဲ့သူတွေဆိုရင် လောကကြီးက ဂရုမစိုက်ပါဘူး။ ကမ္ဘာနဲ့ယှဉ်ရင် မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်ကိုကြည့်။ အရေအတွက်နဲ့ ပါဝါ မရှိတော့ ဘယ်သူမှ သိပ်ဂရုမစိုက်။ မြန်မာနဲ့ ယှဉ်ရင် ရိုဟင်ဂျာတွေကိုကြည့် (ဒါတောင်မှ ရိုဟင်ဂျာတွေကို အခြေအနေအရဖြစ်စေ၊ တချို့ကတော့ နိုင်ငံရေး ဝင်ကစားချင်လို့ ဖြစ်စေ၊ တကယ်ပဲ စာနာလို့ဖြစ်စေ၊ အနုနည်းနဲ့ ကယ်ပေးဖို့ အသံထွက်ပေးဖို့ ကမ္ဘာကြီးက ကြိုးစားပေးကြသေးတယ်။ အဲဒိနေရာမှာ လူသိန်းဂဏန်းမဟုတ်ဘဲ လူရာဂဏန်း ထောင်ဂဏန်းပဲ ဖြစ်ကြည့်ပါလား။ လောကကြီးက သိပ်ဂရုစိုက်မှာမဟုတ်ဘူး။)
တရားမျှတမှုဆိုတာ လူတွေသတ်မှတ်ထားတဲ့ အရာ။ လူလုပ်တရား။ လူလုပ်စံနှုန်း။ သဘာဝမှာ အဲဒါမရှိဘူး။ ဒါပေမယ့် လူဆိုတာကလည်း သဘာဝထဲမှာ ပါနေတော့ သဘာဝ တခုလို့လည်း ပြောလို့တော့ရချင်ရမယ်။ လူ့လောကတည်မြဲရေးအတွက် evolution ဖြစ်လာတဲ့ အရာမို့ တရားမျှတမှုဆိုတာဟာ သဘာဝတရားနဲ့ မလွတ်ဘူးလို့လည်း ပြောချင်ပြောလို့ရပါတယ်။ ထားတော့။ စကားလုံးတွေကို ကစားချင်တာမဟုတ်ဘူး။ Definition ပေါ် မူတည်လိမ့်မယ်။ ဒါနေမယ့် ဒီပို့စ်မှာတော့ လူလုပ်တရားအဖြစ် ယူဆထားလိုက်မယ်။
တချို့တွေဟာ မတရားမှုတွေကို အနစ်နာခံတိုက်ဖျက်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် တကယ့်တကယ်တမ်းမှာ လူတွေဟာ လောကကြီးအတွက် တိုက်ယူပေးဖို့ မပြောနဲ့၊ ကိုယ့်တစ်ကိုယ်စာအတွက်တောင် မတိုက်ယူနိုင်ကြပါဘူး။
ဥပမာ ကျနော့်အပေါ် လူတယောက်က အနိုင်ကျင့်နေမယ်။ အဲဒီလူဟာ မအလလို ကမ္ဘာသိလူဆိုးတွေဖြစ်နေရင်တော့ လူတွေက မတရားမှန်း တန်းသိတယ်။ ဒါပေမယ့် အဲဒီလူဟာ ကိုယ်နဲ့လူတချို့အပေါ်ပဲ ကွက်ပြီးဆိုတာ ဆိုပါစို့။ ပြီးတော့ သူဟာ လူသိများသူဖြစ်မယ်၊ ဒါမှမဟုတ် နာမည်ကောင်းရထားသူဖြစ်မယ်၊ လူကောင်းလို့ လူတွေထင်နေကြသူဖြစ်မယ်ဆိုရင် ....အဲဒီလိုလူတွေရဲ့ ကိုယ့်အပေါ် မတရားမှုကို ဘယ်သူမှ သိကြမှာမဟုတ်။ သိအောင် ပြောပြလည်း ယုံကြမှာမဟုတ်။ ကိုယ့်ကိုတောင် ဆိုးတယ် သို့မဟုတ် လူကောင်းတယောက်ကို နာမည်ဖျက်တယ်လို့ထင်သွားကြဦးမယ်။ ကိုယ့်မှာ ပါဝါမရှိဘူးဆိုရင် ဒီတော့ စိတ်အပင်ပန်းမခံချင်ရင် ကိုယ့်တကိုယ်စာ မတရားမှုကိုတောင် တိုက်ယူလို့မရဘဲ ကျော်သွားလိုက်ကြရတော့တယ်။
ဒါဆိုရင် မတရားမှုတွေကို တိုက်ခြင်း၊ မတရားမှုတွေကို ဖော်ထုတ်ခြင်း၊ မတရားမှုတွေအကြောင်း ရေးသားခြင်းက လူလုပ်အမှန်တရားမို့ မရှိထိုက်တော့ဘူးလား။
အဲလိုလည်း မဟုတ်။ အပေါ်မှာ ပြောခဲ့သလိုပဲ သက်ရှိတွေ တည်မြဲရေးအတွက် emergence ဖြစ်လာတဲ့ အရာတခု။ တရားတာတွေ၊ မတရားတာတွေကို လူတွေက သတ်မှတ်လို့သာ ရှိနေတာဆိုပေမယ့် အဲဒါတွေ လုံးလုံး မရှိလို့၊ မသတ်မှတ်လို့၊ အဲဒါတွေအတွက် ကြိုးပမ်းသူ လုံးလုံးမရှိလို့ကတော့ လူ့လောကကြီး ဒီလိုဖြစ်မနေပါဘူး။ လူသားတွေမျိုးတုံးတာ ကြာလောက်ပြီ။ (လောကကြီးက လူသားတွေ မျိုးတုံးခြင်း မျိုးမတုံးခြင်းကိုလည်း ဦးစားပေးအရာတခု အဖြစ် ဂရုစိုက်နေလိမ့်မယ်လို့တော့ မထင်ပါဘူး) ဒါပေမယ့် လူ့လောက တည်မြဲရေးအတွက်ဆိုရင်တော့ ....
လူလုပ်ထားတဲ့ အမှန်တရားတွေ ဆိုပေမယ့် အပြည့်အဝမရှိရင်တောင် အဲဒါအတွက် ကြိုးပမ်းနေသူတွေ၊ ရေးသားနေသူတွေ နည်းနည်းဖြစ်ဖြစ် လိုအပ်တယ်။ အဲဒီ စံနှုန်းတွေကို လုပ်ယူထားတာဆိုပေမယ့် အဲဒါတွေ အပြည့်အဝ မရတောင် စံနှုန်းကို ဦးတည်ကြိုးစားမှုတွေက လိုအပ်တယ်။
အဲလိုမှ လုံးလုံးမရှိရင်တော့၊ တစိတ်တပိုင်းမရှိရင်တောင် လူသားတွေဟာ မျိုးမတုံးခင်မှာလည်း အထိတ်တလန့်နဲ့ပဲ ဆင်းရဲဒုက္ခနဲ့ နေကြရလိမ့်မယ်။ ခုလည်း ဆင်းရဲဒုက္ခတွေ ရှိတယ်ဆိုပေမယ့် လူလုပ်တရားတွေ လုံးလုံးမရှိရင် ခုထက်ပို ဒုက္ခရောက်၊ ခုထက်ပိုနာကျင်ကြလိမ့်မယ်။ ဒုက္ခရောက်ရမှု ပမာဏသာ မက ဒုက္ခရောက်ရသူ အရေအတွက်လည်း အများကြီး ပိုလာလိမ့်မယ်။ ကံဆိုးသူတွေအဖို့ကတော့ ခုလို လူလုပ်တရားတွေ ရှိနေပါလျက်နဲ့တောင် အဆုံးစွန် ဒုက္ခ‌တေွေ၊ မတရားမှုကို ခံစားကြရမှာပဲ။ တရားမှုတွေ၊ မတရားမှုတွေဟာ လောကကြီးမှာ ကွက်ကြားမိုး ရွာနေတယ်။ ဒါ့အပြင် လူတယောက်ချင်းစီမှာလည်း အများနဲ့ မသက်ဆိုင်တဲ့ တကိုယ်စာ မတရားခံရမှုလေးတွေ ရှိလိမ့်မယ်။
အဲလိုတွေ ရှိနေပေမယ့် လူလုပ်တရားတွေဟာ လုံးဝ မလိုအပ်တဲ့တရားတွေ၊ အကြောင်းရင်း မရှိဘဲ အလှပြသက်သက် ပေါ်ပေါက်လာတဲ့ တရားတွေတော့ မဟုတ်။ အဲဒီလူလုပ်တရားတွေဟာ လူကြိုက်များတဲ့နေရာမှာ များပေမယ့် လူကြိုက်နည်းတဲ့အခါတွေမှာတော့ အသုံးမဝင်တဲ့ အလှပြသက်သက်လိုတွေ ဖြစ်လာရော။ ဒါပေမယ့် intelligence ကြောင့် ပေါ်ပေါက်လာတဲ့အရာတွေပါ။ တရားသေ ဆုပ်ကိုင်ထားလို့ မရပေမယ့် အကုန်လုံးကို တရားသေ ငြင်းပယ်လို့လည်း မရပါဘူး။ တခါတလေကျလည်း တရားမျှတခြင်းဟာ ဗန်းပြခံရပြီး အလွဲသုံးစားလုပ်ခံရတာတွေရှိမယ်။ Moral high ground ယူဖို့သက်သက်လည်း တချို့တွေက သုံးချင်သုံးမယ်။
လူလုပ်တရားတွေ လိုအပ်လား မလိုအပ်ဘူးလားဆိုတာကတော့ လူ့လောက အနေနဲ့ ကြည့်ရင်တော့ လိုပါတယ်။ လိုလို့ ပေါ်ပေါက်လာတဲ့အရာတွေပါ။ လူတယောက်ချင်း အနေနဲ့ ကြည့်ရင်တော့ အခြေအနေ၊ အချိန်အခါ၊ ခံစားချက်၊ ရှုထောင့်တွေပေါ် မူတည်ပြီး လိုမလိုကတော့ ပြောင်းလဲသွားမှာပါ။
(ကောင်းကင်ကို)

Friday, May 17, 2024

AI ကြောင့် ပျောက်ကောင်းပျောက်သွားနိုင်တဲ့ အလှအပ

 AI တွေ ဖြည်းဖြည်းချင်း အစွမ်းထက်လာတာကို ကြည့်ပြီး တချို့အရာတွေကို မစိုးရိမ်ပေမယ့် တချို့အရာတွေကိုတော့ စိတ်ပျက်မိတယ်။

(၁) တချို့တွေ စိုးရိမ်နေသလို AI တွေက လူသားတွေထက် အစစအရာရာ သာလွန်ပြီး လူသားတွေ မျိုးတုံးသွားမှာမျိုးကိုတော့ လုံးဝ မစိုးရိမ်ဘူး။ အဲလို မစိုးရိမ်ရခြင်းကလည်း အဲလိုတွေ ဖြစ်လာနိုင်ခြင်း၊ မဖြစ်လာနိုင်ခြင်းနဲ့ မပတ်သတ်ဘဲ လူသားတွေ အကုန် တယောက်မကျန် မျိုးတုံးသွားလေး ကောင်းလေပဲ။ သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးနေတာလည်း လူတွေချည်းပဲ။ ပြီးတော့ ဘဝဆိုတာကို ဒုက္ခလို့ မြင်ကြတယ်မဟုတ်လား။ အဲဒီတော့ လူတွေအကုန်မျိုးတုံးရင် ဒုက္ခဆိုတာလည်း မရှိတော့ဘူး။ ပုံစံတမျိုးနဲ့ အကုန် နိဗ္ဗာန်ရောက်သွားခြင်းပဲ။ လူသားတွေ မျိုးတုံးသွားတာကို ထိုင်ဝမ်းနည်းမယ့် လူဆိုတာလည်း တယောက်မှ မရှိလို့ သဘာဝတရားကြီးက ပုံမှန်အတိုင်းပဲ ဆက်လိမ့်နေမှာ။ ဖြစ်နိုင်ရင် ကမ္ဘာကြီးကို ဥက္ကာပျံ အကြီးကြီး တလုံးလုံးနဲ့ ဝင်တိုက်စေချင်တာ။ ကမ္ဘာပျက်သွားတဲ့အခါမှာ နောဧ လှေကြီးနဲ့လည်း လာမကယ်ပါနဲ့။ မိုက်မဲတဲ့ လူသတ္တဝါတွေ တယောက်မှ မကျန်လေ ကောင်းလေပဲလေ။ လူတွေပဲ မျိုးတုန်းပြီး သတ္တဝါတွေ ကျန်နေရင် ဒုက္ခဆိုတာ ရှိနေမှာပဲလို့တော့ မပြောနဲ့။  ကျန်တဲ့သတ္တဝါတွေက ပစ္စုပ္ပန်မှာပဲ နေကြတာများတယ်။ လူလောက် မခံစားတတ်၊ မနာကျင်တတ်ဘူး။ 

(၂) AI က အလုပ်အကိုင်တွေ အစားထိုးမှာလည်း သိပ်မကြောက်တော့ဘူး။ အရွှန်းဖောက် ပြောရရင် AI က အစားထိုးသွားတော့ အလုပ်တွေ သိပ်လုပ်စရာမလိုတော့ဘူးပေါ့။ အဲ့အတွက် ငွေကြေး distribution စနစ်ကိုတော့ ပြန်ပြင်ကြရလိမ့်မယ်။ အလုပ်နဲ့ ဝင်ငွေ တိုက်ရိုက်ကြီး ဆက်စပ်နေဖို့ မသင့်တော့ ချမ်းသာတဲ့ နိုင်ငံတွေ ဆိုရင်တော့ အလိုလို လစာပေးမယ့် universal income ဆိုတာမျိုးကို အကောင်အထည် ဖော်ကြလိမ့်မယ်။ 

(၃)ဝမ်းနည်းစရာတခုက လူတွေရဲ့ လူတန်းစားတွေ ကွာဟလာမယ်။ အဆင့်မြင့် အေအိုင်ကို ပိုက်ဆံပေး သုံးနိုင်သူတွေက အစွမ်းတွေ အရမ်းထက်။ မသုံးနိုင်သူတွေက ပြတ်ကျန်ခဲ့တာပေါ့။ ဒါကတော့ ဇီဝဗေဒ အင်ဂျင်နီယာ ပညာရပ်နဲ့ ဦးနှောက်တွေကို ပြုပြင်upade လုပ်နိုင်တဲ့ ခေတ်မျိုးဆိုလည်း ကြုံရမှာပဲ။ ငွေမတတ်နိုင်တဲ့သူက နေရစ်ခဲ့ပေါ့လေ။ ခုခေတ်မှာတောင် အလှအပ နဲ့ ပတ်သတ်ရင် အဲလိုဖြစ်နေတာဘဲ မဟုတ်လား။ ပိုက်ဆံတတ်နိုင်တဲ့ နိုင်ငံက အမျိုးသမီးတွေဆို ပြင်ဆင်ပြီး လှပကြတာလေ။ ဦးနှောက်ကိုသာ ပိုက်ဆံပေးပြင်လို့ရတဲ့ခေတ် ရောက်ရင် မွေးရာပါ ဉာဏ်ဘယ်လောက်ကောင်းကောင်း ပိုက်ဆံ မတတ်နိုင်သူတွေ ပြတ်ကျန်ခဲ့မှာပေါ့။ ခုခေတ်မှာလည်း ဉာဏ်ကိုတော့ ပြင်လို့ မရသေးပေမယ့် ငွေမရှိလို့ ပညာမသင်နိုင်သူတွေ ပြတ်ကျန်ခဲ့ရသလိုပေါ့။ နည်းပညာကြောင့် တချို့နေရာတွေမှာ တပြေးညီ ဖြစ်လာပေမယ့် တချို့နေရာတွေမှာကျ ကွာဟမှုတွေ ပိုကြီးလာနိုင်တယ်။ နံပါတ် (၂) နဲ့ ဆက်စပ်ပြောရရင် ချမ်းသာတဲ့ နိုင်ငံတွေမှာ universal income တို့၊ social welfare တို့ကြောင့် အလုပ်တွေကို AI နဲ့ အစားထိုးခံရလည်း လုပ်ရသက်သာပြီး အားလပ်ချိန်ပိုထွက်လာတာက လွဲရင် ငတ်သေမှာ မဟုတ်။ ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ အဲလိုဖြစ်လာမှာ မဟုတ်ဘူး။ အဲ့ကျတော့လည်း ငတ်သေတော့လည်း မြန်မြန်ဝဋ်ကျွတ်တာပေါ့ဟ လို့ တွေးရတာပေါ့နော။ 

(၄) ကျွန်တော့် တကိုယ်စာ ခံစားချက်အရဆိုရင် ဝမ်းအနည်းဆုံးက အပေါ်က အချက်တွေ မဟုတ်ဘူး။ ဝမ်းအနည်းဆုံးက လူ့အသိဉာဏ်တို့ ၊ ပညာကို မြတ်နိုးမှုတို့က တန်ဖိုးကျသွားမှာပါ။ ပညာမြတ်နိုးသူတွေရဲ့ လူ့ဖြစ်တည်မှု၊ ဘဝ အဓိပ္ပါယ်ဆိုတာတွေကိုပါ ထိခိုက်လာတော့မှာ။ ရှေးတုန်းက ပိုက်သာဂိုးရပ်(စ်) ဂိုဏ်းဟာ သူတို့ရဲ့ ပညာတွေကို အပြင်လူတွေကို မမျှဝေဘူး။ ပညာကို တွန့်တိုတယ်လို့ ရုတ်တရက် ထင်စရာရှိပေမယ့် သူတို့ရဲ့ တခြားခံယူချက်တွေနဲ့ ယှဉ်တွေးကြည့်ရင် တွန့်တိုတာမဟုတ်။ ပညာကို မမြတ်နိုးဘဲ တလွဲအသုံးချ၊ လုပ်စားသူတွေလက်ထဲ အရောက်မခံနိုင်လို့ ပိုက်သာဂိုးရပ်(စ်)တို့က မမျှတာ။ အဲဒါက သူတို့ရဲ့ အိုလံပစ် ဥပမာ မှာ ပေါ်လွင်နေတယ်။ အဲဒီ analogy က ဘာပြောသလဲဆိုတော့ အိုလံပစ်ပွဲကို လာကြသူ သုံးမျိုးသုံးစားရှိတယ်တဲ့. ပထမ တခုက ဈေးသည်တွေ။ သူတို့က ပွဲမှာ ဈေးလာရောင်းတာ၊ စီးပွားရှာဖို့သက်သက်လာတာ။ နောက်တမျိုးကကျ ဝင်ပြိုင်သူတွေ။ ကျော်ကြားမှုအတွက် ဝင်ပြိုင်ကြတာ။ သူတို့ ကြိုက်နှစ်သက်တဲ့ အမျိုးအစားကတော့ စီးပွားရှာဖို့လည်းမဟုတ်၊ ကျော်ကြားဖို့အတွက်လည်းမဟုတ်ဘဲ ပွဲကို လာရောက်လေ့လာသူတွေ။ အဲဒီအတိုင်းပဲ ပညာရှာတယ်ဆိုတာ စီးပွားရေးလုပ်ဖို့မဟုတ်။ ခုခေတ်ကမ္ဘာမှာတော့ ကျောင်းတက်တယ်ဆိုတာက အစ အလုပ်ရဖို့၊ survival အတွက် သက်သက်ဖြစ်နေတာ များတယ်။ ပညာရေးဆိုတာ အလုပ်သမားတွေ မွေးထုတ်ဖို့ အသုံးချခံ ဖြစ်သွားတယ်။ ဒီတော့ AI နဲ့ ပတ်သတ်ပြီး ပြောချင်တာကို ပြန်ကောက်ရရင် အစတုန်းက စက်တွေ၊ AI တွေဆိုတာ ပညာသား သိပ်မပါတဲ့ ကာယအလုပ်တွေကိုပဲ အစားထိုးမယ်လို့ ယူဆခဲ့တာ။ တကယ့်တကယ်ကျ ကြမ်းတမ်းတဲ့ အလုပ်တွေကို အကောင်အထည်ဖော်ဖို့ကမှ Hardware ဆိုတဲ့ ရုပ်ဝတ္ထုလိုသေးတယ်။ ဉာဏ်ပညာကို အစားထိုးဖို့က hardware မလိုဘူး။ တရွေ့ရွေ့နဲ့လည်း အစားထိုးမယ့်ကိန်းတွေ ရှိလာတယ်။ အလုပ်တွေကို အစားထိုးတာကတော့ မထူးပါဘူး။ ထိုးပါစေတော့ပေါ့။ ဒါပေမယ့် ပညာကို ချစ်မြတ်နိုးမှုနဲ့ လုပ်လာသူတွေရဲ့ တန်ဖိုးကိုပါ တရွေ့ရွေ့နဲ့ အစားထိုးခံရတော့မယ်။ မျောက်တွေလက်ထဲ အုန်းသီးထည့်ပေးတာထက် ပိုဆိုးမယ်။ တခုခုဆို အေအိုင်ကို မေးလိုက်ပြီး ပညာမြတ်နိုးမှုနဲ့ လုပ်လာသူကို အဲဒီ အုန်းသီးရသွားတဲ့ မျောက်တွေက ပညာမြတ်နိုးသူကို ခြေရာလာတိုင်းတော့မယ်။ ခြေရာလာတိုင်းတာက ကိစ္စမရှိပေမယ့် အရာရာစွန့်ပြီး ပညာကိုရွေးချယ်သူကပဲ သောက်ပေါလိုလို ဖြစ်တော့မှာ။ ရွှေတွေ စိန်တွေဆိုတာ ရှားပါးလို့သာ တန်ဖိုးရှိနေတာ မဟုတ်လား။ အသိဉာဏ်ဆိုတဲ့အရာကလည်း စက်ကြောင့် ဖောင်းပွလာရင် ဘုန်းဘောလအောလို တချို့က ထင်ကြဦးမယ်။ ဒါပေမယ့် စိန်တွေရွှေတွေနဲ့ မတူတာက စိန်တွေရွှေတွေက သတ်မှတ်မှုအရသာ တန်ဖိုးရှိနေတာ။ အသိဉာဏ်မှာက သူ့ဟာသူ ပကတိတန်ဖိုး ရှိနေပြီးသား။ အဲဒါတွေကိုပါ အုန်းသီးရသွားတဲ့ မျောက်တွေက ပြက်ရယ်ပြုလာကြလိမ့်မယ်။ သူတို့ကို ဂရုမစိုက်ဘူးဆိုရင်တောင် နာကျင်စရာတော့ ကောင်းမှာပေါ့ဗျာ။ ခပ်မိုက်မိုက် ပညာရပ် သီအိုရီတွေကို ဥပမာ ထားပါတော့ TOE ကို အေအိုင်ကသာ တွေ့သွားတယ်ဆိုပါစို့။ လူသားတွေရဲ့ တန်ဖိုး ကျလာမယ်။ ပညာရှင်တွေ ပညာမြတ်နိုးသူတွေရဲ့ ဘဝအဓိပ္ပါယ်တွေ ပျောက်သွားနိုင်တယ်။ 

ဒါပေမယ့် အုန်းသီးရသွားတဲ့ မျောက်တွေက လာစော်ကားမှာမျိုးထက် သို့မဟုတ် တန်ဖိုးကျလာတယ်ဆိုတာထက် ပိုဝမ်းနည်းစရာ ကောင်းတာက ပညာမြတ်နိုးမှုက သိပ်အရေးမပါသလို ဖြစ်မှာကိုပါ။ ဒါကို conservative ဖြစ်တာလို့ ပြောလို့တော့ ရတယ်။ အဲဒါဆိုလည်း မငြင်းပါဘူး။ ပညာမြတ်နိုးမှုဆိုတာ မရှိတော့ရော လောကကြီးက ဘာဖြစ်သွားမှာမို့လဲ။ ဘာမှတော့ မဖြစ်သွားပါဘူး။ ကိုယ်တွေ အလှအပ လို့ ထင်တဲ့အရာတခု၊ ကောင်းမြတ်သော စွဲလမ်းခြင်းလို့ ကိုယ်ထင်တဲ့အရာတခု လူတွေကြားမှာ တဖြည်းဖြည်း ပျောက်ဆုံးသွားတာကလွဲလို့ လောကကြီးကတော့ တနည်းနည်းနဲ့ လည်ပတ်နေဦးမှာပဲလေ။

Thursday, April 25, 2024

ဂျင်းတစ်ခုကို ဖော်ထုတ်ကြည့်ခြင်း

 ဂျင်းတစ်ခုကို ဖော်ထုတ်ကြည့်ခြင်း

(နေဝင်း အာဏာမသိမ်းခင်က မြန်မာနိုင်ငံဟာ အချမ်းသာဆုံး ဖြစ်ခဲ့သလား?)

စင်ကာပူက အရင်က တံငါရွာ ဆိုတာ ဂျင်းဖြစ်ကြောင်း တချို့တွေ ထောက်ပြတာကို တလောက တွေ့လိုက်ရတယ်။

ဒီနေ့လည်း ဆရာဦးကိုနီရဲ့ စကားတခွန်း တွေ့လိုက်တယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းလိုက်တဲ့အတွက် အချမ်းသာဆုံး နိုင်ငံကနေ အဆင်းရဲဆုံး နိုင်ငံ ဖြစ်သွားတာ ဆိုတဲ့ စကား။ အဲဒီစကား တွေ့တွေ့ချင်း “အချမ်းသာဆုံး” ဆိုတာနဲ့ ပတ်သတ်ပြီး တွေးမိတယ်။ ကမ္ဘာမှာ အချမ်းသာဆုံးလို့ ပြောတာတော့ မဖြစ်နိုင်ဘူးလို့။ အဲဒါကတော့ အသိသာကြီးကိုး။ ဒါဆို အရှေ့တောင်အာရှမှာ ပြောတာဖြစ်မှာပေါ့လို့။ အဲဒီမှာ အဲဒါရော ဦးကိုနီပါ မသိလိုက်တဲ့ ဂျင်းများဖြစ်မလားလို့ စိတ်ထဲမှာ အတွေးဝင်လာရော။

မြန်မာနိုင်ငံမှာ အာဏာသိမ်းလိုက်လို့ အစစ အရာရာ အရင်ထက် အများကြီး နိမ့်ကျသွားတယ်ဆိုတာ မှန်ပါတယ်။ ဦးနေဝင်း အာဏာသိမ်းမှုဟာ ဒီနေ့ ဖြစ်နေတဲ့ ကြမ္မာဆိုးတွေရဲ့ လက်သည်လို့တောင် ပြောလို့ရနိုင်ပါတယ်။ အဲဒီထက် စောပြီး လွတ်လပ်ရေးရကတည်းက လို့ ပြောလို့လည်း ရနိုင်တယ်။ ထားပါတော့။ ဦးနုခေတ်အထိ ခြေရာမခံဘူး ဆိုရင်တော့ နေဝင်း အာဏာသိမ်းလိုက်တာဟာ ဒီနိုင်ငံကို အဆိုးကျော့သံသရာထဲမှာ စပြီး လည်စေတာပဲ။ နေဝင်း အာဏာသိမ်းခွင့်သာသွားတာဟာ ဦးနုခေတ်ကြောင့်က ဆိုရင်တော့ တရားခံက အဲဒီခေတ်က လူတွေပေါ့။ ထားပါတော့…. ဂျင်းအကြောင်း ဆက်ပြောရအောင်။ 

အာဏာမသိမ်းခင်က မြန်မာဟာ အချမ်းသာဆုံးတဲ့။ ဦးကိုနီ က ဘယ်မှာလဲလို့ ထည့်ပြောမသွားပေမယ့် ကမ္ဘာနဲ့ အာရှမှာ မဟုတ်နိုင်မှန်းတော့ ချက်ခြင်းတန်းသိတယ်။ (အဲဒီစကား ဦးကိုနီ ပြောမပြောတော့ ကျွန်တော် စစ်မထားဘူး) ဒါပေမယ့် အဲဒီစကားမျိုး ခဏခဏ ကြားဖူးတယ်။ အာဏာမသိမ်းခင်က ရန်ကုန်တက္ကသိုလ်က အာရှ/အရှေ့တောင်အာရှမှာပဲ အကောင်းဆုံးလိုလို။ မြန်မာနိုင်ငံဟာ ၁၉၇၀ လောက်ထိတောင် အရှေ့တောင်အာရှမှာ တခြားနိုင်ငံတွေထက် အစစ အရာရာ အပြတ်အသတ် သာခဲ့သလိုလို။ ဒီတော့ အချမ်းသာဆုံးဆိုတာ ကမ္ဘာနဲ့ အာရှမှာ မဟုတ်ရင် အရှေ့တောင်အာရှကို ဆိုလိုကြတာလားပေါ့။ 

နေဝင်း အာဏာသိမ်းတာက ၁၉၆၂ ခုနှစ်။ ဒီတော့ နေဝင်း အာဏာမသိမ်းခင် ၁၉၆၁ မှာ ထိုင်းနဲ့ မြန်မာရဲ့ GDP နဲ့ Per Capita ကို ရိုက်ရှာလိုက်တယ်။ နှစ်နိုင်ငံလုံးရဲ့ Data တွေကတော့ ၁၉၆၀ ကနေ စပြီးတော့ ရတာပါ။ Data ကို သေချာအောင် စစ်ကြည့်ပါသေးတယ်။ World Bank ရဲ့ Data တွေရော၊ Macrotrends ဆိုတဲ့ Website ကနေရော။ တူမှာပေါ့။ Microtrends က World Bank ကနေ ယူထားတာကိုး။ 

၁၉၆၁ မှာ ထိုင်းဟာ မြန်မာထက် GDP မှာ ၅ဆ နီးပါး သာပါတယ်။ (၄ဒသမ၉ ဆပါ)။ ၃.၀၃ ဘီလီယံနဲ့ ၀.၆၁ ဘီလီယံပါ။ GDP တစ်ခုတည်း နှိုင်းယှဉ်ရင် population size ကြောင့် ပြည့်စုံတဲ့ နှိုင်းယှဉ်မှု မရနိုင်လို့ Per Capita ကိုလည်း ယှဉ်ကြည့်ပါတယ်။ လူဦးရေနဲ့ ပြန်စားထားတာပါ။ ထိုင်းက ၁၁၁ ဒေါ်လာဖြစ်ပြီး မြန်မာက ၂၇ ဒေါ်လာပဲ ရှိပါတယ်။ ထိုင်းက မြန်မာထက် ၄ဒသမ၁ ဆကျော် သာပါတယ်. ဒီတော့ World Bank စာရင်းအရ ထိုင်းက GDP နဲ့ Per Capita မှာ ၅ဆ နဲ့ ၄ဆ နီးပါး သာနေတာမို့ World Bank ဒေတာတွေက နည်းနည်းပါးပါး ချွတ်ချော်မှု ရှိမယ်ဆိုရင်တောင် reality မှာ မြန်မာက ထိုင်းထက် အများကြီးသာနေတာမျိုးအထိ ပြောင်းပြန်ဖြစ်ဖို့တော့ မရှိပါဘူး။ တခြား socio-economic indicator တွေကို ယှဉ်မကြည့်ပေမယ့် အဲဒီနှစ်ခုနဲ့တင် မြန်မာမှာ အာဏာမသိမ်းခင်မှာ အရှေ့တောင်အာရှမှာလည်း အချမ်းသာဆုံး မဟုတ်ခဲ့ပါဘူး။ မြန်မာက အချမ်းသာဆုံး ဖြစ်ခဲ့တယ်ဆိုတာ ဂျင်းလို့ပဲ ယူဆပါတယ်။ 

ခုလိုရေးတာ ဘယ်သူ့ကိုမှ တိုက်ခိုက်ချင်လို့ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်းပဲ ဒီညမှာ ရှာမကြည့်ခင်အထိ ၁၉၆၂ မရောက်ခင်အထိ အရှေ့တောင်အာရှမှာ မြန်မာက ထိုင်းတို့ ဘာတို့ထက် နှာတဖျားမက သာခဲ့တယ်လို့ ထင်နေခဲ့တာပါ။ ဒီည ဦးကိုနီပို့စ်တစ်ခုအတွေ့မှာတော့ ဦးကိုနီပြောသလို ဟုတ်ပါ့မလားလို့ သံသယဝင်လာပြီး မြန်မာက အချမ်းသာဆုံးဖြစ်ခဲ့တယ်ဆိုတာ ဂျင်းဖြစ်နိုင်တယ်လို့ ချက်ခြင်း သံသယ ဝင်လာပြီး ရှာကြည့်ပြီး အရှိတရားကို ရေးတာမို့ ဘယ်သူ့ကိုမှ တိုက်ခိုက်လိုတာ မဟုတ်ပါဘူး။ ဦးကိုနီကို တိုက်ခိုက်တာလည်း မဟုတ်ဘူး။ 

နောက်တချက်က နေဝင်းကို ဖာထေးပေးချင်တာလည်း မဟုတ်ပါဘူး။ ဒီတော့ ၁၉၆၀ မတိုင်ခင် Data တွေ မရခဲ့ပေမယ့် …. GDP Growth ကိုလည်း ကြည့်ကြည့်ပါတယ်။ အာဏာသိမ်းတဲ့ နှစ်မှာတော့ မြန်မာရဲ့ GDP Growth က ၄ဒသမ၀၉ ရာခိုင်နှုန်းရှိပေမယ့် အာဏာသိမ်းပြီး နောက်တစ်နှစ် ၁၉၆၃ မှာတော့ ၁၃.၃၅ ရာခိုင်နှုန်းထိ တက်လာလိုက်သေးတယ်။ ဒါပေမယ့် နောက်တစ်နှစ်မှာ အနုတ်လက္ခဏာ ပြသွားပြီးတော့ -၅.၈၉ ရာခိုင်နှုန်းပါ။ နေဝင်းလက်ထက်မှာ GDP Growth က အနုတ်တွေ ခဏခဏ ပြပါတယ်။ ဒီတော့ နေဝင်းခေတ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး စုတ်ပြတ်သတ်သွားတယ်ဆိုတာကလည်း ဒေတာအရလည်း မှန်ပါတယ်။ 

ထိုင်းကို ကြည့်တဲ့အခါ ၁၉၆၀ ကနေ စပြီး တောက်လျှောက်အပေါင်းပဲ ပြပါတယ်။ အာရှစီးပွားရေးကပ်ဆိုက်တဲ့ ၁၉၉၇ နဲ့ ၉၈ မှာပဲ အနုတ်လက္ခဏာကြီးကြီး ပြတာပါ။ ၂၀၀၉ ခုနှစ်မှာ အနုတ်လက္ခဏာ နည်းနည်းလေးပြပြီး ကိုဗစ်ကာလ ၂၀၂၀ မှာ အနုတ်လက္ခဏာ ကြီးကြီး ထပ်ပြပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ …. 

(၁) အာဏာမသိမ်းခင်က မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာတောင် အချမ်းသာဆုံး မဟုတ်ခဲ့ပါ။

(၂) နေဝင်းလက်ထက်မှာ မြန်မာ့စီးပွားရေး ထိခိုက်သွားတယ်ဆိုတာကတော့ မှန်ပါတယ်။ 

သေချာတဲ့ အချက်တခုကတော့ ကျွန်တော်တို့ဆီက လူတွေဟာ အခြောက်တိုက် ဘဝင်မြင့်တာတို့၊ သူများကို (အထူးသဖြင့်) အိမ်နီးချင်းနိုင်ငံတွေကို နေရာတကာ အထင်သေးခဲ့တဲ့ မကောင်းတဲ့ စိတ်တွေတော့ ရှိခဲ့တယ်။ အမှန်ကို မသုံးသပ်ဘဲ ခေတ်အဆက်ဆက် ဂျင်းတွေလည်း ကျွေးခဲ့ကြတယ်။ 

ကောင်းကင်ကို (ဧပြီ ၂၅- ၂၀၂၄ )

Saturday, January 27, 2024

စာအုပ်ထဲက နိင်ငံရေး သီအိုရီတွေနဲ့ လက်တွေ့နိုင်ငံရေး

 စာအုပ်တွေထဲက နိုင်ငံရေး သီအိုရီတွေက ..... အကြွင်းမဲ့မမှန်တောင် ယေဘုယျအားဖြင့်ဆိုရင် ..... လွတ်မြောက်မှု၊ တန်းတူညီမျှရေး၊ ပညာထွန်းကားရေး၊ အတွေးအခေါ် ထွန်းကားရေး၊ လူ့အခွင့်အရေးထွန်းကားရေး စသည်ဖြင့် ရည်ရွယ်ကြတာကိုး။

လက်တွေ့လောကမှာကျ (တကမ္ဘာလုံးမှာ) ...... ကိုယ်ကျိုးစီးပွား၊ အုပ်စုငယ်လေးတွေ အကျိုးစီးပွား၊ အာဏာ၊ ငွေ ၊ တခြားသူတွေအပေါ် ထိန်းချုပ်လွှမ်းမိုးနိုင်မှု၊ နောက်ဆုံး ဒီမိုကရေစီလို စနစ်မှာတောင် မှန်မှန်မှားမှား လူကြိုက်များအောင် တနည်းအားဖြင့် လူပြိန်းကြိုက်အောင် လုပ်ရမှု တွေနဲ့ပဲ ပြည့်နှက်နေရော။ 

ဘာသာရေးကို တလွဲ အသုံးချပြီး တချို့ ဘာသာရေးခေါင်းဆောင်တွေဟာ သူတို့ကိုယ်သူတို့ ဘယ်ဘာသာက ခေါင်းဆောင်အဖြစ် ကျေကျေနပ်နပ် တံဆိပ်ကပ်ခံယူပြီး သူတို့အကျိုးစီးပွားရှာကြ၊ လူတွေကို လွှမ်းမိုးချုပ်ကိုင်ကြသလို...... လက်တွေ့ နိုင်ငံရေးလောကမှာလည်း ကမ္ဘာ့နိုင်ငံရေးသမား အများစုကြီးကလည်း ကိုယ့်ကိုယ်ကိုယ် ဘယ်ဝါဒီအဖြစ်၊တံဆိပ်ကပ်ပြီး အကျိုးစီးပွားရှာတာနဲ့ လူတွေကို လွှမ်းမိုးချုပ်ကိုင်တာကပဲ ပိုများမယ်ထင်တယ်။ 

အမေရိကန်လို နိုင်င့တွေမှာတောင် မွဲသူတွေ သမ္မတ မဖြစ်နိုင်။ (အမေရိကန်က အကောင်းဆုံးမို့ ဥပမာပေးတာမဟုတ်။ ယေဘုယျအားဖြင့် လူတွေ အကြိုက်ဆုံးမို့ ဥပမာ ထည့်ပေးတာ) ပိုက်ဆံမရှိရင် ကမ်ပိန်းလည်း လုပ်လို့မရဘူးလေ။ အလွန်အကျွံအရင်းရှင်ဆန်တဲ့ ကမ္ဘာမှာက တော်လှန်ရေးတောင် ငွေနဲ့လုပ်နေရပြီး ငွေရှိမှ လူရာဝင်သလို ဖြစ်နေတာကိုး။ 

ပညာကို အားပြုသူတွေနဲ့ ကျင့်ဝတ်ကို အားပြုချင်သူတွေဟာလည်း အားကောင်းလှတဲ့ ရေစီးကြောင်းကြီးအောက်မှာ ရှင်သန်ဖို့အတွက် လိုက်မျောရတော့တာပါပဲ။ ကိုယ့်ခံယူအချက်အတိုင်း လုပ်နိုင်တာရှိရင်တောင် ဒီကမ္ဘာ့စနစ်ကြီးအောက်မှာ လိုက်မျောရင်းနဲ့ တတ်နိုင်သမျှလေး ပညာသမားဆန်ဆန်၊ ကျင့်ဝတ်သမားဆန်ဆန် တနိုင်တပိုင်လေးပဲ လုပ်လို့ရတော့တာ။

Friday, January 26, 2024

Polymaths

 Polyglot တွေကို သဘောကျတယ်တယ်။ ဒါပေမယ့် polymaths တွေကို ပိုသဘောကျတယ်။ 

AI ခေတ်မှာတော့ ဘယ်လိုဖြစ်မလဲမသိ။ AI က တချို့ဟာတွေကို perfect ဖြစ်အောင် မလုပ်နိုင်ဘဲ လူက ကြည့်ပေးဖို့လိုလို့ တခုခုကို specialization လုပ်ထားတဲ့သူတွေပဲ ပိုပြီးအလုပ်ဖြစ်မလား။ ဒါမှမဟုတ် AI software တွေဆိုတာ  လိုင်းတခုကိုပဲ specialize လုပ်ထားတာမို့ အဲဒါတွေကြား ပေါင်းကူးပေးနိုင်မယ့်  interdisciplinarity သမားတွေပဲ ပိုအလုပ်ဖြစ်မလား။ အဲဒါတော့ မသိ။

Renaissance ခေတ်မှာတော့ အထင်ရှားဆုံး polymath က လီယိုနာဒိုဒါဗင်ချီ ပေါ့။ Breakthrough ဖြစ်မယ့်အရာတွေ မလုပ်နိုင်ခဲ့ပေမယ့် နယ်ပယ်များများမှာ သူကထိပ်တန်း။ မကြားသေးခင်ခေတ်မှာတော့ John von Neumann က polyglot လည်း ဖြစ်သလို polymath တယောက်လို့လည်း ပြောလို့ရလောက်တယ်။ သူက breakthrough ပါ ဖြစ်တယ်။  

ဒါပေမယ့် Polymath လို့ သုံးဖို့က နေရာတိုင်းမှာ ထိပ်တန်းတို့ breakthrough တို့ ဖြစ်ဖို့တော့ မလိုပါဘူး။ နယ်ပယ်တော်တော်များများအပေါ် passion ပြင်းပြပြီး အဲဒီထဲက နယ်ပယ် သုံးလေးခုလောက်ကို အတန်အသင့် နားလည်ရင် polymath လို့ ခေါ်ချင်ခေါ်လို့ ရတာပဲ။  လူသိများစရာလည်း မလိုဘူး။ အဲလိုအဓိပ္ပါယ်ဖွင့်ရင်တော့ Polymath က ကျွန်တော့်မိတ်ဆွေထဲမှာလည်းရှိတယ်။ Definition ဖွင့်တဲ့အပေါ်တော့ မူတည်မှာပေါ့။ ပညတ်တွေအကြောင်း ပြောတာဆိုတော့လည်း အယူအဆတော့ ကွဲမှာပေါ့။ 

YouTube မှာဆိုရင်တော့ Professor Dave ကို သဘောကျတယ်။ ပရော်ဖက်ဆာဆိုတဲ့ နာမည်ကတော့ သူ့ဘာသာသူ ပေးထားတာပါ။ သူက ထိပ်တန်းပညာရှင် မဟုတ်ပေမယ့် ဘာသာရပ်တော်တော်များများကို သူကိုယ်တိုင် ဗွီဒီယီုတွေ ဖန်တီးပြီး နက်နက်နဲနဲ သင်ပေးနိုင်တယ်။ ပြီးတော့ musician လည်းဟုတ်တယ်။

Thursday, January 25, 2024

Self-connection (4)

“စိတ်ကို ထိထိရောက်ရောက် manage လုပ်နိုင်ရင် time management လုပ်ဖို့ သိပ်လိုမှာ မဟုတ်တော့ဘူးလို့” မနက်က အင်္ဂလိပ်လို ရေးလိုက်တာက တကယ်တော့ မှန်ပါတယ်။ serious မဖြစ်အောင်သာ ကိုယ်ပိုင်ဒိုင်ကြောင်လို့ ကိုယ့်ဘာသာကိုယ် တမင်ထည့်လိုက်တာ။ တကယ်တော့ ဒါက အထူးအဆန်းလည်း မဟုတ်။ လူတိုင်း သိနိုင်တဲ့ သဘောတရားပါ။ 

“You don't need to manage your time if you can effectively manage your mind” လို့ ကိုယ့်ဘာသာ ရေးလိုက်တာ။ 

စိတ်ကို manage လုပ်တယ်ဆိုတာက စိတ်ကို အတင်းကြီး control လုပ်ခိုင်းတာ မဟုတ်ဘူး။ လုပ်လို့လည်း မရဘူး။ စိတ်နောက် မလိုက်တာ၊ ပေါ်လာတဲ့ အတွေးမှန်သမျှနောက် မလိုက်တာ၊ ဗျာမများတာ၊ အာရုံမများတာ၊ အာရုံငါးပါးနောက် မလိုက်တာ၊ အတွေးထဲမှာ resistance တွေ မများတာတွေကို ဆိုလိုတာပါ။

စိတ်ကို ကောင်းကောင်း manage မလုပ်နိုင်လို့ လောဘနောက် လိုက်မယ်ဆိုပါတော့။ အလုပ်တွေ သိမ်းကြုံးလုပ်ရတာမျိုးရှိမယ်။ အချိန်ရှားသွားမယ်။ ဒေါသနောက် လိုက်မယ်ဆိုပါတော့။ မလိုအပ်တဲ့ ငြင်းခုန်မှုတွေ၊ ရန်ပွဲတွေ ဖြစ်ခဲ့တယ်။ အချိန်တွေ အများကြီး ကုန်သွားတဲ့အပြင် energy ပါ ကုန်တယ်။ အာရုံငါးပါးနောက်လိုက်မယ် ဆိုပါစို့။ ဘောလုံးပွဲဆိုလည်း ကြည့်ချင်မယ်၊ ရုပ်ရှင်ဆိုလည်း ကြည့်ချင်မယ်၊ ကိုရီးယားငါးဆိုလည်း ကြည့်ချင်မယ်၊ အွန်လိုင်းက ပွဲသမျှ ကိစ္စမှန်သမျှလည်း ဝင်ပါမယ်ဆိုပါစို့။ အချိန်ရှားသွားမယ်။ အသည်းကွဲတဲ့ ခံစားမှုနောက် လိုက်မယ်ဆိုပါစို့။ အတွေးလွန်ပြီး အလုပ်တွေ၊ လေ့လာမှုတွေ ပျက်မယ်။ အသည်းကွဲရင်းနဲ့ အချိန်တွေ အလကားကုန်သွားမယ်။ ပိုဆိုပြီး အရက်တွေဘာတွေ သောက်ရင် အချိန်ထပ်ကုန်ဦးမယ်။ နောက်ရက် အရက်နာကျရင် အချိန် ထပ်ထပ်ပြီး ပိုကုန်မယ်။ ကျွန်တော်ဆို အဲလိုမျိုးတွေနဲ့ အချိန်တွေ တအားဖြုန်းခဲ့တာ။ 

အတိတ်ကို တွေးပြီး စိတ်မချမ်းမသာဖြစ်ရင် အချိန်တွေကုန်မယ်။ အနာဂတ်အတွက် ကြောင့်ကျနေရင် လုပ်ချင်တာကို  မလုပ်ရဲတော့ပဲ အချိန်ကုန်မယ်။ ဒါကြောင့် ဗုဒ္ဓဘာသာက စိတ်ကို ပစ္စုပ္ပန်မှာပဲ ထားခိုင်းတာ။ အတိတ်ကို သင်ခန်းစာ ဖျတ်ခနဲယူရုံ၊ အနာဂတ်အတွက် အချိန်နည်းနည်းလေး ယူပြီး ပလန်ချတာမျိုးတော့ ရှိမှာပေါ့။ 

စိတ်နောက်၊ အတွေးနောက်ပဲ လိုက်နေရင် အချိန်အပြင် energy လည်း ကုန်တာပဲ။ ဒီတော့ mind တခုကို management ကောင်းကောင်းလုပ်နိုင်ရုံနဲ့ time management နဲ့ ပိုကောင်းလာမယ့်အပြင်….. လူ့ energy ကိုပါ အကျိုးရှိရှိ အသုံးချရာ ရောက်နိုင်တယ်။ 

mind ကို ကောင်းကောင်း manageလုပ်နိုင်ကောင်း လုပ်နိုင်မယ့် နည်းလမ်းတစ်ခုကတော့ အတွေးတွေရပ်ဖို့ပဲ။ ဒါပေမယ့် အတွေးတွေ ရပ်ဖို့က မလွယ်ဘူး။ ဒီတော့ လုပ်နိုင်တာက ပေါ်လာတဲ့ အတွေးတွေကို သူ့သဘောသူဆောင်ပြီး ခဏပေါ်လာတဲ့ တိမ်တွေလို၊ လမ်းမှာဖြတ်သွားတဲ့ ကားတွေလို သဘောထားပြီး၊ (လမ်းမှာဖြတ်သွားတဲ့ ကားတစ်စီးချင်းရဲ့ နောက်ကို မလိုက်သလို) အတွေးတွေနောက်ကိုလည်း မလိုက်ဖို့။ အခြားတစ်ဘက်မှာ လမ်းပေါ်သွားနေတဲ့ ကားတစ်စီးချင်ကို မလာနဲ့လို့ လိုက်တားနေရင် အချိန်နဲ့ energy ကို ဖြုန်းရာရောက်မှာဖြစ်သလို) အတွေးတွေကိုလည်း မလာနဲ့ဆိုပြီး အတင်းမောင်းထုတ်နေရင် အင်အားတွေ အချိန်တွေ ဖြုန်းရာကျမှာပဲ။ 

အလယ်အလတ်လမ်းလို့ ခေါ်ရမလား၊။ အတွေးတွေနောက်လည်း မလိုက်၊ အတွေးတွေကိုလည်း ဇွတ်အတင်းမောင်းမထုတ်ဘဲ observer လို စောင့်ကြည့်တာဟာ meditation တမျိုးပါပဲ။ 

ဒီနေရာမှာ ပြောချင်တာ တခုက ဘာသာရေးတွေမှာ ပုံပြင်တွေနဲ့ ခြောက်လိုက် မြှောက်လိုက်လုပ်ထားတဲ့ အရာတွေ နဲ့ လိမ်ညာထားတဲ့ အရာတွေ ရှိသလို၊ အသုံးဝင်ပြီး တန်ဖိုးရှိမယ့် စိတ်ငြိမ်းချမ်းတည်ငြိမ်ရေး နည်းလမ်းတွေ၊ စိတ်ထားကောင်းရေး လမ်းစဉ်တွေနဲ့ အမှန်တရားကို ရှာဖွေမှုတွေလည်း ရှိပါတယ်။ 

ဘာသာတူသူတွေ ဂိုဏ်းဖွဲ့ပြီး ဘာသာမတူသူတွေအပေါ် လူမိုက်ဆန်စေအောင် တွန်းပို့တဲ့ အရာတွေလည်း ရှိနိုင်သလို၊ တခြား တဘက်မှာလည်း ယူတတ်ရင် အဲလို ခွဲခြားမှုတွေကို ပြိုကျစေမယ့် လမ်းညွှန်မှုတွေလည်း ရှိပါတယ်။ (ဒါပေမယ့် အဲလိုကောင်းတဲ့အရာတွေဟာ ဘာသာရေးမှာပဲ ရှိတာလို့တော့ မဆိုလို။ ဘာသာရေး မပါဘဲလည်း ဘာသာမဲ့နေလည်း အဲလိုသဘောတရားတွေကို တွေးခေါ်ကျင့်ကြံလို့ ရပါတယ်)

ပြီးတော့ အင်္ဂလိပ်လို self-help လို့ ခေါ်တဲ့အရာမှာ နှစ်မျိုးရှိတယ်။ တစ်မျိုးက လူ့လောဘကို ဆွပေးတဲ့တက်ကျမ်းတွေ။ ကြိုးစားရင် ဘာမဆိုဖြစ်မယ်တို့၊ တနေ့ လေးနာရီပဲ အိပ်ပြီး ဘယ်သူက ဘယ်လိုကြိုးစားလို့ အောင်မြင်သွားတယ်ဆိုတဲ့ အရာတွေ။ ချမ်းသာဖို့ ဆိုတဲ့အရာတွေ။ အဲဒါတွေဟာ false hope ပေးပြီး လောဘကို ဆွပေးတာပါ။ 

နောက်တမျိုးကတော့ spirituality နဲ့ ပတ်သတ်တာပါ။ အဲဒါကကျ စိတ်ကို ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုစေပြီး၊ လောဘဒေါသ matrix ကြီးထဲကနေ လွတ်မြောက်ရေးကို ဦးတည်တာပါ။ အဲဒီမှာလည်း တကယ်မရှိတဲ့အရာကို false hope တွေ ပေးတာတွေလည်း ရှိနိုင်တယ်။ အဲလို ထောင်ချောက်တွေကိုပါ ရှောင်နိုင်မယ်ဆိုရင်တော့ ကိုယ့်အတွင်းစိတ်အသံကို တိတ်တိတ်လေး ကိုယ်နားထောင်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် တွေ့ရှိစေဖို့ အထောက်အကူပြုမယ့် tool တွေပါ။ အဲဒါတွေလုပ်လို့ နိဗ္ဗှာန်ရမရတော့ အာမ မခံနိုင်ဘူး။ နိဗ္ဗာန်ဆိုတာ ရှိမရှိလည်း အာမ မခံနိုင်ပါဘူး။ ချမ်းသာမယ်လို့လည်း အာမ မခံနိုင်ဘူး။ အောင်မြင်မယ်လို့လည်း အာမ မခံနိုင်ဘူး။ အာမခံနိုင်တဲ့ တခုတည်းသော အရာက နှစ်အကန့်အသတ်နဲ့ နေရမယ့် လူ့လောကမှာ စိတ်ငြိမ်းငြိမ်းချမ်းချမ်း နေရလိမ့်မယ်လို့တော့ အာမခံလို့ရတယ်။ 

အဲဒါကို တက်ကျမ်းတွေနဲ့ ရောမှာစိုးလို့ self-help လို့လည်း မခေါ်ချင်ဘူး။ ကိုယ့်ဘာသာကိုယ်တော့ self-connection လို့ပဲ ဟိုးတလောက နာမည်ပေးထားလိုက်တယ်။ တခုတော့ ရှိတယ်။ ကိုယ့်ဘာသာကိုယ် စိတ်ငြိမ်းချမ်းရေး အတွက် meditation လုပ်တာပဲဖြစ်ဖြစ်၊ နောက်ဆုံး ဘာသာရေးပဲ လုပ်လုပ်…. အဲဒါကြီးကို universal အမှန်တရားကြီး အဖြစ် လူတိုင်းကို အတင်းလက်ခံခိုင်းတာမျိုး မလုပ်ဖို့လိုတယ်။ spiritual လုပ်သူဖြစ်ဖြစ် မလုပ်သူဖြစ်ဖြစ် အတူတူချင်းကို…. ငါတော့ မြင့်မြတ်ပါတယ်ဆိုပြီး တမူးပိုမရှူမိဘဲ ဒါတွေကို subjective truth ဒါမှမဟုတ် ကိုယ့်ရဲ့ တကိုယ်စာ preference လေးအဖြစ် လက်ခံထားဖို့ပါ။ 

ဒါမျိုးတွေ ရေးတယ်ဆိုတာကလည်း ဒါကို ပကတိအမှန်တရားအဖြစ် လူတိုင်းကို နားချဖို့ မဟုတ်ဘဲ ကိုယ့်တကိုယ်စာအကြိုက် စိတ်ငြိမ်းချမ်းရေး နဲ့ သူ့တကိုယ်စာအကြိုက် စိတ်ငြိမ်းချမ်းရေးမှာ သင်္ချာလို set သဘောနဲ့ ပြောရင် intersection လေးတွေရှိနိုင်လို့ အဲဒါလေးတွေ ပိုရှင်သန်လာအောင် သတိပြု ပျိုးထောင်နိုင်ရုံလေးသက်သက်။ 

(ကောင်းကင်ကို)

Wednesday, January 10, 2024

Self-connection (3) - တရားထိုင်တဲ့ လူတစ်ယောက်ဟာ စက်ရုပ်ဖြစ်သွားနိုင်လား။

 (၂၀၂၀ ဒီဇင်ဘာတုန်းက ကျွန်တော်ရေးဖူးတယ်။ "စက်ရုပ်က လူတွေကို လုံးဝ လွှမ်းမိုးဖို့ ဆိုတာကတော့ သူတို့ကို survival instinct တွေ၊ ego တွေပါ ထည့်ပေးမှ ရမယ်ထင်တယ်။ အတ္တလုံးဝ မရှိရင်၊ ရှင်သန်ကျန်ရစ်လိုစိတ် မရှီရင် တည်တံ့ဖို့၊ လူတွေကို လွှမ်းနိုင်ဖို့ မဖြစ်နိုင်ဘူး။ " - ၂၀၂၀ ဒီဇင်ဘာ

တနည်းအားဖြင့်တော့ အေအိုင်ကို လူနဲ့တူအောင်လုပ်ချင်ရင် survival instinct တွေ၊ ego တွေ၊ အစွဲအလမ်းတွေ ထည့်ပေးရမယ်ပေါ့။ အဲဒါနဲ့ ပြောင်းပြန်ဆိုရင်ရော။ လူဟာ အတ္တနဲ့ အစွဲအလမ်းမရှိရင် စက်ရုပ်လို၊ အေအိုင်လို ဖြစ်သွားမှာလား။
ပြောချင်တာက ဒီမှာ။ ကျွန်တော်က ဖရီးသင့်ကာ နဲ့ agnostic ဆိုပေမယ့် ဘာသာရေး ဒဿနထဲမှာ ကိုယ့်ကို အများဆုံးလွှမ်းမိုးတာက ဗုဒ္ဓဘာသာ၊ တာအို နဲ့ ဆူဖီပေါ့။ အမှန်တရား အရှိတရားမဟုတ်ဘဲ တစ်ကိုယ်ရည် အကြိုက်အရ ပြောရရင် တာအိုပြီးရင် ဗုဒ္ဓဘာသာ အတွေးအခေါ်ကို အနှစ်သက် အမြတ်နိုးဆုံးပေါ့။ (ကျန်တာတွေကို နှိမ်ချလိုရင်း မရှိဘူးနော်။ ပြီးတော့ ဘယ်ဘာသာကိုမှ အကြွင်းမဲ့ ယုံကြည်လက်ခံ ကြိုက်နှစ်သက်ခြင်းလည်း မရှိဘူး)
ဗုဒ္ဓဘာသာရဲ့ mediation ကို၊ Hindu ဂုရုတွေနဲ့ spiritual ဂုရုတွေပြောတဲ့ တချို့ meditation တွေကိုလည်း ကြိုက်တယ်ပေါ့။ ကျွန်တော်က အတွေးများတဲ့သူဆိုတော့ အရာရာကိုတွေးပြီး စိတ်ပင်ပန်းတတ်သူကိုး။ အတွေးတွေ ပယ်ရတာ (တကယ်တော့ ပယ်လို့မရဘဲ ထိန်းချုပ်လို့မရဘဲ စောင့်ကြည့်ရတာ) ကို ကြိုက်တယ်။ အတွေးတွေ နည်းသွားမယ်။ အတွေးတွေ ရှိနေလည်း အဲဒီအတွေးတွေနောက်ကို မလိုက်သလို အတွေးတွေ မလိုချင်ဘူးလို့လည်း မဆန့်ကျင်ဘူးပေါ့။ အတွေးတွေ အပေါ် အစွဲကျွတ်သွားမယ်။ သောကတွေနည်းသွားမယ်။ အစွဲတွေလည်း နည်းသွားမယ်ပေါ့။
အေအိုင်ပေါ်လာတဲ့အခါမှာပြဿနာတခု ဝင်လာတယ်။ mediation ကို ကြိုက်ပေမယ့် သံသယ တခု ဝင်လာတယ်။ ငါတို့ လူအဖြစ် ဖြစ်တည်နေတာ၊ လူပီသနေတာက အတ္တတွေ အစွဲအလမ်းတွေ ရှိနေလို့လို့။ အေအိုင်မှာ အဲဒါတွေ မရှိနိုင်တော့ အေအိုင်ဟာ လူလို ဖြစ်မလာတော့ဘူး။ စက်နဲ့တီးတဲ့ ဂီတသံက လူကိုယ်တိုင်တီးတာထက် ပိုမြန်ပိုကောင်းလည်း ခုတီးပြနေတာက လူဆိုတဲ့ အစွဲနဲ့ ကျွန်တော်တို့ ပိုမြတ်နိုးကြမှာ မဟုတ်လား။ ပန်းချီကို စိတ်ကူးမကွန့်မြူးဘဲ ပုံတူဆွဲထားတာဆိုရင်တောင် အဲဒီပန်းချီကို ဓာတ်ပုံထက် ပိုနှစ်သက်ကြမှာပဲ။ လူက ဆွဲထားလို့။ လူသားချင်းဆိုတဲ့ အစွဲနဲ့ လူလူချင်း ပိုအားပေးကြတာလည်း ပါမယ်။ စက်လို လွယ်လွယ်လေးနဲ့ လုပ်နိုင်တာမျိုးမဟုတ်ဘဲ ကြိုးစားအားထုတ်ပြီးမှ အနှစ်နှစ်အလလပါရမီဖြည့်ဆည်းပြီးမှ ရလာတဲ့အရာတွေဆိုတာကို သိတဲ့အသိနဲ့ အစွဲနဲ့ ပိုပြီးတန်ဖိုးထားကြမယ်။ အစွဲဖြုတ်ကြည့်လိုက်ရင်တော့ (ရလဒ် ကိုပဲကြည့်မယ်ဆိုရင်တော့) အတူတူ ဖြစ်နေမှာ။ mediation လုပ်တယ်ဆိုတာက အစွဲဖြုတ်ဖို့လေ။ ခန္ဓာကိုယ်ကိုတောင် ငါအဖြစ် မစွဲရတော့၊ ကိုယ့်အတွေးတွေကို အရှိတရားအဖြစ် မစွဲရတော့ဘူးဆိုတော့ အနုပညာတွေ၊ ဒါက handmade တို့ homemade တို့ လူက တီးခတ်ထားတာတို့ဆိုတဲ့ အစွဲတွေပါ အရေးပါတော့မှာ မဟုတ်ဘူးပေါ့။ ဒါဆိုရင် တရားထိုင်လိုက်ရင် စက်ရုပ်ဆန်သွားမလား၊ စက်ရုပ်ဖြစ်သွားမလား လို့ သံသယ ဝင်မိတယ်။ ပူပင်သောကတွေ လျော့ချင်တယ်ဆိုပေမယ့် ပူပင်သောက လုံးဝ မရှိတော့ရင်၊ အတွေးတွေ လုံးဝမရှိတော့ရင်၊ အတ္တမရှိတော့ရင် စက်ရုပ်ဖြစ်သွားမှာလား။
ဟိုတလောက ကိုပိုင်သွန်ဲ့ဆွေးနွေးတော့ သူကတော့ အတွေးတွေ မရှိတော့၇◌င်တောင် affection ဆိုတာ ကျန်ခဲ့မယ်တဲ့။ ဒါပေမယ့် အဲဒီကျန်ခဲ့မယ့် affection ဆိုတာကို ကျွန်တော် နားမလည်ဘူး။ spiritual စာအုပ်တွေထဲမှာပြောတဲ့ အတ္တဆိုတာ ပျောက်သွားရင် ချစ်ခြင်းမေတ္တာ love ဆိုတဲ့အရာ (loving kindness) ဆိုတဲ့ အရာကတော့ ကျန်နေဦးမှာလား။ အဲလိုဆိုရင်တော့ လူဟာ တရားထိုင်တာ ရာနှုန်းပြည့်အောင်မြင်သွားရင်လည်း စက်ရုပ်ဖြစ်စရာ အကြောင်းမရှိဘူး။ စက်ရုပ်ကလည်း အဲဒီ affection မရမချင်း လူဖြစ်မလာနိုင်ဘူး။ (အဲဒီ affection ဆိုတာကို physical fundamental အဆင့်ထိ ခွဲခြမ်းစိတ်ဖြာကြည့်ရင်တော့လည်း အဲဒါသည်ပင် ဘာမှမဟုတ်တဲ့ အရာဖြစ်သွားနိုင်တယ်။ ဒါကိုတော့ ပြောလိုရင်း မဟုတ်တော့ ထားပါတော့။) အဲဒီ affection ဆိုတာက တခြား သတ္တဝါတချို့မှာရော ရှိနိုင်မလား။
ပြီးတော့ ညီငယ် လပြည့်နဲ့လည်း ဟိုနေ့ညက ဆွေးနွေးသေးတယ်။ လပြည့်ကို ကျွန်တော်က အဲဒီ အစွဲအကုန်ပယ်လိုက်ရင် လူက စက်ရုပ်ဖြစ်သွားမလားဆိုတဲ့ သံသယကို ပြောတော့ သူက ပြန်ပြောတာက….ကျွန်တော်ကိုယ်တိုင် သူ့ကို ပြောဖူးတာတခုရှိတယ်တဲ့။ “ဗုဒ္ဓက ခံစားမှု (အတ္တ)တိုင်းကို မပယ်ဘူးလို့ အကိုလည်း ပြောခဲ့ပါတယ်တဲ့။ ကျွန်တော်ပြောတာကို ကျွန်တော်မမှတ်မိဘူး။ လပြည့်က ဆက်ပြောတယ်။ “ကျွန်တော်အတ္တ အကုန်ပယ်ဖူးတယ်။ လိုချင်စိတ်အကုန်လျှော့မိတဲ့အခိုက်မှာ ကျွန်တော်တုန်တက်လာတယ်။ ကျွန်တော် ဒီလောကမှာ နေစရာမရှိတော့ဘူးလို့ ခံစားလိုက်ရဘူးတယ်။ ဗုဒ္ဓက မဇ္ဈိမပါ။ အလယ်အလတ်ပါ။ လူဖြစ်တည်စေမယ့် သမားရိုးကျ ခံစားမှုတွေကို သူလက်ခံမယ်။ ပိုတာကိုသာ သူဖြတ်ခိုင်းမှာ”
ဒါတွေကိုက မင်းတို့က… လက်တွေ့လုပ်မကြည့်ဘဲ…လျှောက်တွေးနေတာ၊ လျှောက်စဉ်းစားနေတာလို့ ပြောလို့ရပေမယ့် အဲဒါမျိုးကလည်း ပညာကို ပိတ်ပင်ခြင်းပါပဲ။ ဒါက ပရမ်းပတာ ပူလောင်တဲ့ အတွေးတော့ မဟုတ်ဘဲ functional thinking ပါ။ အမှန်တရားတို့ အရှိတရားတို့ absolute truth တို့ မဟုတ်ပေမယ့် တခုခုမလုပ်ခင် functional thinking ကတော့ လိုတော့လိုတယ်။ နို့မို့ ကျွန်တော် တရားတအားပေါက်ပြီး စက်ရုပ်ဖြစ်သွားခဲ့ရင် ဘယ်သူတာဝန်ယူမှာလဲ။ ကဲ။
Functional thinking သဘောဟာလည်း အေအိုင်က လိုက်တုလို့ရမယ်ဆိုရင်တောင် လောလောဆယ်တော့ လူ့ဖြစ်တည်မှုထဲက တစ်ခုပါပဲ။
အတွေးတွေဟာ အရှိတရားမဟုတ်ကြောင်း၊ အမှန်တရားစစ်စစ်မဟုတ်ကြောင်းကတော့ ကိုပိုင်သွန်က bayesian brain ဆိုပြီး ခဏခဏ ပြောတယ်။ အပြည့်အစုံတော့ ကျွန်တော် အသေးစိတ် သဘောမပေါက်ပေမယ့် အဲဒီ concept ကို ဖမ်းမိပါတယ်။ နောက် ကျွန်တော်လည်းဖတ်ဖူးပြီး ကိုယ်ပိုင်သွန်လည်း ခဏခဏပြောတဲ့ တရုတ် တာအိုဝါဒ မာစတာ တယောက်ရဲ့ စကားပေါ့။ သူ့အသံထွက်တော့ ကျွန်တော်မသိ။ ကိုပိုင်သွန်ကတော့ ကျွမ်းဇီ လို့ အသံထွက်တယ်။ အင်တာနက်မှာ ရှာကြည့်တော့လည်း ကျွမ်းဇီလိုလို ကျွမ်းဇာလိုလိုပဲ။ ထားပါတော့။ တနေ့ သူက အိပ်မက်မက်တယ်။ အိပ်မက်ထဲက သူက လိပ်ပြာဖြစ်နေတာ။ သူနိုးလာတော့ သူက ဒီလိုတွေးတယ်။ တကယ့်အဖြစ်က လူက လိပ်ပြာဖြစ်ကြောင်း အိပ်မက်မက်တာလား။ နိုးလာချိန်ဟာ တကယ်တော့ လိပ်ပြာက လူဖြစ်ကြောင်း အိပ်မက်မက်နေတာလားပေါ့။ အိပ်မက်ဟုတ်မဟုတ် သိရအောင် ဆွဲဆိတ်ကြည့်ရလို့ နာတယ်ဆိုရင်လည်း အဲဒါက အိပ်မက်ထဲမှာ ဆွဲဆိတ်ကြည့်ပြီး အိပ်မက်ထဲမှာ နာတာ ဖြစ်ချင်ဖြစ်မှာလေ။ science နယ်ပယ်ထဲတော့ အကျုံးမဝင်တဲ့ ဒဿနပေါ့။ Falsification လုပ်လို့မရလို့။ လုပ်လို့ရတယ်ဆိုတောင် အိပ်မက်ထဲမှာ ဆွဲဆိတ်ကြည့်သလိုမျိုး အိပ်မက်ထဲက falsification လို့ ပြောလို့ ရနေတာပဲ။
ထားပါတော့။ အိပ်ပျော်ခြင်းနဲ့ တရားထိုင်ခြင်း မတူပေမယ့် တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူးက အတွေးတွေ ပယ်သတ်ဖို့ဆိုရင် အိပ်ပျော်ခြင်းလောက် အတွေးတွေကို ပယ်သတ်နိုင်တာ ရှိဦးမလား။ ဒါကြောင့် ဒလိုင်းလားမားက ပြောတာဖြစ်မယ်။ Sleep Is the Best Meditation။ ဒါပေမယ့် တဘက်မှာက အိပ်နေတဲ့အချိန်ဆိုတာ (အနားယူတာ၊ မှတ်ဉာဏ် ပြန်တည်ဆောက်တာ ဘာညာတွေ မရှိမဖြစ်ဆိုပေမယ့်) တကယ်ဆို လူ့ဘဝ တန်ဖိုးတွေကို သူက တည်ဆောက်တာမဟုတ်ဘူး။ တနည်းအားဖြင့် ပြောရရင် ရှင်သန်ခြင်းဆိုတာကို အိပ်နေချိန်တွေက တည်ဆောက်တာ မဟုတ်ဘဲ နိုးနေချိန်တွေက တည်ဆောက်တာ။ ဒါဆို တရားထိုင်တာကရော အဲလို အားတွေပြန်ဖြည့်ပေးရုံ ဘဝအမောပြေစေရုံ သက်သက်ပဲလား။ ၂၄နာရီ တရားထိုင်နေမယ်ဆိုရင် ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ် ကျန်နေနိုင်သေးသလား။ အတ္တတွေ အစွဲတွေ ရာနှုန်းပြည့် မရှိတော့ဘူးဆိုရင် လူတစ်ယောက်ဟာ စက်ရုပ်ဖြစ်သွားနိုင်လား။ ဖြစ်ဖြစ် မဖြစ်ဖြစ် စိတ်ပူလောင်တာတွေ လျော့ဖို့ တရားကတော့ ထိုင်ရဦးမှာပဲ။ ပြီးတော့ သီအိုရီအရသာ စဉ်းစားတာ။ ကိုယ်က အချိန်ပြည့် တရားထိုင်နိုင်မယ့်သူလည်း မဟုတ်ဘူး။
ဒါက အများလက်ခံထားတဲ့ စာအုပ်တွေအတိုင်း လိုက်ရေးတာ မဟုတ်ပါဘူး။ ဒီတော့ ကြိုက်သလို မန့်လို့ရတယ်။ ဒါပေမယ့် ဘာသာရေးစာအုပ်တွေထဲက ဟာတွေနဲ့ မတူဘူးလို့တော့ မပြောပါနဲ့။ အဲဒါတွေအတိုင်း လက်ခံယုံကြည်နေတာ မဟုတ်လို့၊ အဲဒီက ချပေးတဲ့အတိုင်း လိုက်တွေးးထားတာ မဟုတ်လို့။
ဒီလိုအကြောင်းအရာတွေ လျှောက်ရေးနေတာအတွက် ခေါင်းစဉ်ကိုတော့ တသမတ်တည်းဖြစ်အောင် Self-connection 1,2,3 လို့ ပေးထားပါတယ်။ လျှောက်ရေးတယ်ဆိုတာလည်း တကယ် လျှောက်ရေးလို့ သုံးတာပါ။ ဒါပေမယ့် ဒီနေရာက "လျှောက်" ဆိုတဲ့စကားလုံးက အများသတ်မှတ်ထားတဲ့ဘောင်တွေကို ဂရုမစိုက်တဲ့ သဘောကို ပြောတာ။ အများသတ်မှတ်တဲ့ ဘောင်မုတ်ဘဲ ကိုယ့်ဘာသာကိုယ် ပိတ်မိနေတဲ့ ဘောင်ထဲတော့ ရောက်ချင်ရောက်နေမှာပေါ့လေ။

Wednesday, January 3, 2024

ကျင့်ဝတ် နဲ့ လက်တွေ့နိုင်ငံရေး အမြင်

 NUG က One China principle ကို ထောက်ခံကြောင်း ကြေငြာချက်ထွက်လာတယ်။ တရုတ်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရော စောင့်ရှောက်မယ်ပေါ့။ 

အရင် ခေတ်အဆက်ဆက်ကရော၊ NLD အစိုးရ လက်ထက်တုန်းကလည်း ထိုင်ဝမ်လို့တောင်မှ မသုံးတာ။ တရုတ်လို့ ရေးပြီး ကွင်းစကွင်းပိတ်ထဲကနေ ထိုင်ပေ လို့ သုံးတာ။ တရုတ်(ထိုင်ပေ) ပေါ့။ NLD အစိုးရ လက်ထက်မှာလည်း ဒလိုင်းလားမားတို့ တိဘက်အရေး၊ ဟောင်ကောင်အရေးတို့ကို လျစ်လျူရှုခဲ့တဲ့အပြင် အဲဒီကိစ္စတွေမှာ တရုတ်ဘက်ကိုပါ ပိုယိမ်းခဲ့တာပါပဲ။ 

တရုတ်ရဲ့ လွှမ်းမိုးမှုကို အတိုင်းအတာ တစ်ရပ်အထိ ခံရတာက စစ်ကောင်စီတင်မဟုတ်။ NLD တို့ NUG တို့တင် မဟုတ်။ EAO တချို့လည်း ခံရတာပဲ။ EAO တွေနဲ့ အခု NUG လုပ်တာ ဘာကွာလဲဆိုတော့ တချို့ EAO တွေ တရုတ်ဘက် ယိမ်းတယ်ဆိုရင်တော်င ဘယ် EAO ကမှတော့ One China principle ဘာညာပြောတာ မကြားဖူးဘူး။ ဒါကလည်း အစိုးရအဖြစ် မခံယူထားလို့ ဖြစ်နိုင်တယ်။ NUG ကတော့ ကြားနေ အနေအထားတောင် မဟုတ်တော့ဘဲ ပေါ်တင်ကြီး တရုတ်ဘက် ယိမ်းလိုက်တဲ့၊ အရပ်စကားနဲ့ ပြောရရင်တော့ တရုတ်အစိုးရကို ပေါ်တင်ကြီး “မ” လိုက်တာပေါ့။

Henry Kissinger ပြောတဲ့ Realpolitik ဒါမှမဟုတ် "practical politics” အရ၊ လက်တွေ့နိုင်ငံရေးအရဆို ရင်တော့ မမှားဘူးလို့ ပြောချင်ပြောလို့ရတာပေါ့။ ဒါပေမယ့် morally အရ၊ နိုင်ငံရေးကျင့်ဝတ်ပိုင်းအရ ကြည့်ရင်တော့ မှားတာပေါ့။ 

ထပ်ပြောရရင် Realpolitik အရ မမှားဘူးဆိုပါတော့။ ဒါဆိုရင်ရော ဘာတွေက မှားသွားသလဲ။ လက်တွေ့ အနိုင်ရဖို့ပဲ ဦးတည်နေကြရာမှာ ဓမ္မ - အဓမ္မ ဆိုပြီး ပုံသေ သတ်မှတ်တာ (ဒီနေရာမှာ မင်းအောင်လှိုင်တို့လို စစ်ခေါင်းဆောင်တွေကတော့ အဓမ္မမှန်း လုံးဝ ပြတ်ပြတ်သားသား ထင်ရှားတယ်နော်။ သူတို့လို ဖက်ဆစ်တွေကို ကာကွယ်ပေးချင်တာမဟုတ်)။ ဒါပေမယ့် ကိုယ်တွေဘက်မှာ (ဒီကိစ္စမှာဆို NUG ဘက်မှာ) ဓမ္မဆိုတာလို ဖြူစင်မနေဘူး။ အဲဒီမှာ ဘာတွေမှားသလဲဆိုတော့ ဖြူစင်မနေဘဲ၊ အနိုင်ရရေးကို ဦးတည်နေရဲ့သားနဲ့ ဓမ္မဆိုပြီး ဇွတ်လုပ်ကြတာ။ တကယ်က nationalism ပါပဲ။ မဘသတွေလောက်အထိ ကျဉ်းမြောင်းတဲ့ nationalism မဟုတ်ပေမယ့် nationalism ပါပဲ။ ပြီးရင် အဖွဲ့အစည်း အကျိုးစီးပွားအတွက်ရော၊ တစ်ကိုယ်ရည် အကျိုးစီးပွါးအတွက် လုပ်ရတဲ့ အဓမ္မတချို့တလေလည်း ရှိမှာပဲ။ အဲဒါကို ဓမ္မလို့ ဇွတ်လုပ်ကြတာပါ။ 

နောက်တခုက realpolitik လုပ်နေသူတွေကို humanist တွေက ကျင့်ဝတ်ပိုင်းအရ သို့မဟုတ် အိုင်ဒီယော်လော်ဂျီပိုင်းအရ ဝေဖန်ရင် ….. အထိမခံတော့ဘဲ ဓမ္မလို့ ဇွတ်ပြောကြတာ၊ ဝေဖန်သူတွေကိုပါ အဓမ္မအဖြစ်၊ သို့မဟုတ် realpolitik ကို ဉာဏ်မမီသူတွေအဖြစ် တိုက်ခိုက်ကြတာ၊ သို့မဟုတ် ကိုယ်ကျိုးစီးပွားရှာသူ သို့မဟုတ် သစ္စာဖောက်လောက်ကောင်တွေအဖြစ် ရန်ရှာကြတာ။ အဲဒါတွေက မှားတာ။ တကယ်ကတော့ ကိုယ့်ဘက်အသာစီးရရေးအတွက် ထိုင်ဝမ်လို လူ့အစုအဖွဲ့တစ်ခုရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ချနင်းလိုက်တာက ဓမ္မတော့ ဖြစ်မနေဘူး။ လူတွေသတ်မှတ်ထားတဲ့ ဓမ္မဆိုတဲ့ သဘောတရား (လူလုပ်ဓမ္မကို) လက်ခံရင်ပေါ့လေ။ အဲဒါကို လူလုပ်ဓမ္မမို့ လက်မခံဘူးဆိုရင်ကျလည်း ဒီလိုပို့စ်တွေကို လာငြင်းစရာကိုမလို၊ political science တွေပါ ပြောစရာကိုမလို၊ မင်းအောင်လှိုင်သည်ကိုပင်လျှင် မတရားဘူးလို့ ပြောဖို့မလိုတော့။ ဘာတုန်းဆိုတော့ အဲဒါဆို moral nihilism ဖြစ်သွားပြီ။ တရားတယ်၊ မတရားဘူးဆိုတာ မရှိတော့ဘူး။ ဒီနိုင်ငံကလူတွေ ဖတ်ဖူးကြတဲ့ စိတ္တရလေခါ ဝတ္ထုထဲကလိုပဲ။ 

ထားပါတော့။ ကျင့်ဝတ်ဆိုတာကို လက်ခံပြီဆိုပါတော့။ ဒါဆို မင်းအောင်လှိုင်နဲ့ NUG အတူတူပဲလားဆိုတာတော့ မဟုတ်ဘူး။ ကိုပိုင်သွန် ပြောဖူးသလို စကားနဲ ပြောရရင် demarcation line ဆိုတာရှိတယ်။ နယ်နိမိတ်မျဉ်းပေါ့ဗျာ။ မင်းအောင်လှိုင်ကတော့ အရာအများစုမှာ အဓမ္မဆိုတဲ့ဘက်ကို ဟိုးဘက်အစွန်းဆုံး ဒီဂရီအမြင့်ဆုံးဘက်ကို ပြတ်ပြတ်သားသား သိသိသာသာ ရောက်နေတာ။ အဓမ္မမှန်းသိသာတယ်။ NUG လိုမျိုးကျတော့ တချို့ကိစ္စတွေမှာ အဖြူအမည်းမသည်းကွဲတဲ့ ဓမ္မမှန်း အဓမ္မမှန်း ပြတ်ပြတ်သားသား ပြောရခက်တဲ့ မျဉ်းမျိုးပေါ်မှာ ရောက်နေမယ်။ တချို့ကိစ္စရပ်တွေမှာတော့ မတရားတဲ့ဘက်ကို ရောက်နေမယ်။ တချို့ကိစ္စတွေမှာတော့ ဓမ္မဘက်မှာ သိသိသာသာ ရောက်နေမယ်။ ပုံသေပြောရတော့ခက်ပါတယ်။ 

အဲဒီတော့ တချို့ကိစ္စတွေကို realpolitik ဆိုတဲ့ စကားလုံး သုံးပြီး ကာပေးချင် ကာပေးလို့ရတယ်။ ကာပေးခွင့်လည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီ realpolitik သုံးပြီးတော့က ဖက်ဆစ်တွေ၊ ဂျီနိုဆိုက်လို ကိစ္စတွေအထိ ကာပေးလို့ ရတာကိုတော့ သတိပြုစေချင်တယ်။ realpolitik ဟာ ကျင့်ဝတ်နဲ့ မတူဘဲ ဘောင်ကျယ်ပြီး တအားညစ်ပတ်ခွင့်ရှိတာမို့ ဖက်ဆစ်လုပ်ရပ်တွေကိုတောင် ကာပေးလို့ရနိုင်တယ်။ အုပ်စုအကျိုးစီးပွား သို့မဟုတ် အမျိုးသားရေးအတွက် လူတွေအစုလိုက် သတ်ရတာပါဆိုတဲ့အထိတောင် ကြံဖန် ကာပေးလို့ရနိုင်တယ်။ ပိုးဟပ်တွေလို အနှောင့်အယှက်ပေးမယ့် ပိုးမွှားတွေမို့ သတ်ရတာပါဆိုတဲ့အထိတောင် လက်တွေ့အဆင်ပြေရေးဆိုတဲ့ ဆင်ခြေနဲ့လည်း ကာပေးခဲ့ကြပါတယ်။ ပြီးတော့ တချို့ကိစ္စတွေဆို realpolitik ဆိုတဲ့ စကားလုံးကိုသာ ယူသုံးတာ။ တကယ့်လက်တွေ့လည်း အဆင်ပြေလာတာ မဟုတ်ပါဘူး။ 

ဒါပေမယ့် Moral ပိုင်းဆိုတာမှာတော့ သိပ္ပံလို အားလုံးတပြေးညီ လက်ခံထားတဲ့ Theory of Everything လို အရာမျိုး မရှိပေမယ့် အကန့်အသတ်တွေ၊ လိုက်နာရမယ့် အချက်တွေ ရှိသလို၊ အားလုံး ယေဘုယျ အကြမ်းဖျင်း သဘောတူထားတဲ့ အရာတွေလည်း ရှိတော့ အကန့်အသတ်ရှိပြီး လိုက်နာကျင့်သုံးဖို့ လည်းခက်တယ်။ အယူအဆတွေကို လိုသလိုဆွဲသုံးပြီး စိတ်ကြိုက် ကာပေးလို့ မရနိုင်ဘူး။ 

တဘက်မှာ diversity ကိုလက်ခံတယ်ဆိုပါတော့။ လက်မခံလည်း လက်တွေ့မှာ လုပ်ငန်းခွင်လို နေရာမျိုးမှာသာ diversity က ရှိချင်မှ ရှိမယ်။ အတွေးအမြင်၊ ခံယူချက် ကွဲပြားမှုတွေကတော့ ရှိနေမှာပါပဲ။ ဒီတော့ realpolitik ကို ဝေဖန်တဲ့သူတွေလည်း ရှိနေမှာပါ။ တချို့ကကျ အလုပ်အကိုင်ကိုက လူ့အခွင့်အရေးနဲ့ ပတ်သတ်တဲ့လုပ်ငန်းဖြစ်မယ်။ အဲ့လူတွေကိုလည်း ငွေကြောင့် လုပ်တာဆိုပြီး အပြစ်မတင်သင့်ဘူး။ လူတိုင်းဟာ ထိုက်တန်တဲ့ လုပ်အားခ ရခွင်ံ့ရှိတယ်။ ပြောတဲ့အချက်  မှန်မမှန် ကိုပဲ စဉ်းစားရမယ်။ တချို့ကကျလည်း အဖွဲ့အစည်းတခုကို မုန်းလွန်းလို့ တမင်ဝေဖန်တာလည်း ရှိတယ်။ အဲဒါလည်း ဝေဖန်တဲ့အချက် မှန်မမှန် ကိုပဲ စဉ်းစားရမှာပါ။ တချို့ကလည်း လောလောဆယ်ကျွန်တော်တို့လို လူအမုန်းခံပြီး ကြီးတော်နွားကျောင်းနေကြတာမျိုးပေါ့။ တခါတခါ လူမုန်းများပြီး မိတ်ပျက်တဲ့အတွက် ကိုယ့်အလုပ်နဲ့ ကိုယ့်ဝင်ငွေကိုတောင် ထိခိုက်စေနိုင်ပါသေးတယ်။ ဒါပေမယ့် ကိုယ့်ဝါသနာမို့ ကိုယ့်ခံယူချက်မို့ ပြောကြသူတွေက ပြောကြပါတယ်။

ကမ္ဘာကြီးမှာ realpolitik သမားတွေချည်းဆိုလည်း ဟစ်တလာထက်ဆိုးတဲ့ လုပ်ရပ်တွေ ပွထနေပြီး ခုဆို လူသားတွေ မျိုးတုံးနေလောက်ပြီ။ ဒီတော့ လက်တွေ့ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ၊ အမေရိကန်လို ကမ္ဘာ့ပါဝါနိုင်ငံကြီးက အစ အဲဒီ ကျင့်ဝတ်တွေကို ရာနှုန်းပြည့် မလိုက်နာကြဘူးဆိုပေမဲ့၊ ဟန်ချက်ညီအောင် ပြန်ထိန်းဖို့ အဲဒါတွေကို ထောက်ပြသူတွေ၊ အဖွဲ့အစည်းတွေကတော့ လိုအပ်နေမှာပဲ။ တဘက်ကလည်း realpolitik သမားတွေက ရန်ပြန်လုပ်ကြမှာပါပဲ။ အဲလိုပြောလာရင် diversity က ကောင်းကြောင်း၊ ဟန်ချက် ထိန်းညှိမှုရှိတာက ကောင်းကြောင်းနဲ့ စံနှုန်းတွေဟာ ရာနှုန်းပြည့်မလိုက်နာနိုင်ကြတောင် ရှိသင့်ကြောင်း ကိုယ်တွေကလည်း ပြန်ပြောရမှာပါပဲ။  

ဒီတော့ humanist တွေ က ဝေဖန်နေခြင်းဟာ …. လောကကြီးမှာ အားလုံး တယောက်မကျန် လက်ခံကြရမယ့် ပုံသေ absolute truth တို့၊ အားလုံးအတွက်မှန်မယ့် ဓမ္မတို့ဆိုတာ ရှိနေလို့လည်း မဟုတ်ဘူး။ ခုရေးနေတဲ့ ပို့စ်သည်ပင်လျှင် absolute truth မဟုတ်ဘူး။ လူတိုင်းလက်ခံရမယ့် moral principle မျိုး မဟုတ်ဘူး။ ဝေဖန်ရခြင်းတွေကလည်း ငါတို့ကမှ အမှန်ဆိုပြီး moral high ground ယူဖို့တို့၊ ကြွားဝါဖို့တို့လည်း မဟုတ်ဘူး။ လောကကြီးကို ဟန်ချက်ထိန်းညှိဖို့၊ နောက်တခုက လူတွေလုပ်ယူထားတဲ့ ဓမ္မနဲ့ အဓမ္မပဲဆိုပါစေ…. အဲဒီ ဓမ္မ အဓမ္မရဲ့ နယ်နိမိတ်မျဉ်းကို တအားကျော်ပြီး အဓမ္မဘက် တအားမရောက်ရအောင် ထိန်းပေးနိုင်ရေးအတွက်ပဲ ဖြစ်ပါတယ်။ ဒီတော့ စံနှုန်းတွေနဲ့ ဝေဖန်သူတွေလည်း ရှိနေမယ်။

**********

ဒီတော့ ဒါမျိုးတွေ ရေးရခြင်းနဲ့ ပတ်သတ်ပြီး ခုလက်ရှိ နှစ်သစ်မှာ စဉ်းစားထားတဲ့ ကိုယ်ရေးကိုယ်တာ ခံယူချက်လေးကိုလည်း ထည့်ရေးလိုက်ပါမယ်။ 

အဲဒီတော့ ကိုယ့်ကို ကြိတ်မုန်း ကြိတ်အမြင်ကတ်သူတွေ ရှိခဲ့/ရှိနေမှာ ဖြစ်သလို၊ ပေါ်တင်မုန်းသူ အမြင်ကတ်သူတွေလည်း ရှိမှာပဲ။ အမြင်မကတ်ဘဲ အယူအဆ မတူကြောင်း ရိုးရိုးသားသား ဖွင့်ဟ လာရေးသူတွေလည်း ရှိမှာပဲ။ အဲဒီမှာ ကိုယ့်အတွက် နှစ်သစ်ခံယူချက်လို့ပဲဆိုဆို ခံယူချက်တစ်ခုကတော့ …. (၁) ရေးချင်တာကိုလည်း လူမုန်းမှာစိုးပြီး မရေးဘဲနေတာမျိုး အမြဲမလုပ်ဖို့ (တခါတခါ မုန်းချင်မုန်းပါစေ ရေးရမယ်) - (၂) မအလတို့လို သိသိသာသာ ပြတ်ပြတ်သားသား ဖက်ဆစ်ဆန်နေကြသူတွေ ဟုတ်မနေရင်၊ ပြီးတော့ ကိုယ်နဲ့အမြင်မတူသူဟာ ကိုယ့်ကို နစ််နာအောင် တိုက်ခိုက်တာမျိုးမဟုတ်ဘဲ သာမန်ကိုယ့်ကိုမုန်းတာ၊ ဒါမှမဟုတ် အမြင်မတူရုံ သက်သက်ဆိုရင် အမုန်းနဲ့ မတုံ့ပြန်ပဲ…. မေတ္တာသို့မဟုတ် ဥပေက္ခာနဲ့ပဲ တုံ့ပြန်ဖို့။ (၃) ဖက်ဆစ်ဆန်တဲ့ ကိစ္စတွေကလွဲရင် ကိစ္စအများစုမှာ လူအချင်းချင်း ချစ်ခင်ရေး (သို့မဟုတ် အနည်းဆုံး တယောက်နဲ့ တယောက် မမုန်းဘဲ ဥပေက္ခာထားရေးကို) … အယူအဆ ငြင်းခုန်ပြီး မုန်းတီးမှုတွေထက် ပိုတန်ဖိုးထားဖို့ပါပဲ။  အဲဒီလိုပြောတဲ့အတွက် အယူအတွေ အမြင်တွေ ရှုထောင့်တွေကို မရေးဘူးလို့ မဆိုလိုပဲ ….. ရေးမယ်၊ မတူတာတွေကို ဖော်ပြမယ်၊ ဒါပေမယ့် တတ်နိုင်သမျှ အမုန်းမပွားတော့ဘူး ဆိုတာပါ။ ဒါပေမယ့် ကိုယ့်ကို တကူးတက နစ်နာအောင် ရည်ရွယ်ချက်ရှိရှိ လိုက်တိုက်ခိုက်တာမျိုးဆိုရင်တော့လည်း တခါတလေမှာ ထိပ်တိုက် ပြန်တိုက်ခိုက်ရမှာပေါ့လေ။ ဒီတော့ ပုံမှန်ဆို သဘောမတူတာတွေရှိရင်လည်း ကိုယ့်ကို တိုက်ခိုက်မှု မပါဘဲ လာရေးကြပါ။ ကိုယ့်ကို တိုက်ခိုက်မှုမပါရင် မေတ္တာပျက်မှာ မဟုတ်။ ကိုယ်လည်း ပြန်ရေးမယ်။ ဒါပေမယ့် ပြန်မုန်းမှာ မဟုတ်။

Wednesday, December 27, 2023

Self-connection-2 (ဥပေက္ခာ)

ကိုယ်က ဘဝတလျှောက်လုံး ဘာသာမဲ့ဆန်ခဲ့တယ်။ ခုထိလည်း ဘာသာမဲ့လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာ ဘာသာရေးတော့မဟုတ်ဘဲ ဘုာသာရေး မပါတဲ့ spirituality ဘက်ကို ယိမ်းခဲ့တယ်။ လက်တွေ့တော့ အသုံးချဖြစ်တာ နည်းခဲ့ပါတယ်။ စကားလုံးအရ "spirituality" လို့ သုံးလိုက်ရပေမယ့် အဲဒီမှာ မျက်စိမှိတ်ယုံကြည်မှု မပါဘူး။ ယုံကြည်မှုထက် တချို့သဘောတရားတွေကို မှန်မှန်/မမှန်မှန် tool အဖြစ် သုံးမယ်ဆိုတဲ့ ခံယူမှုပဲ ပါတယ်။ စိတ်ကို အဲဒီပုံစံအတိုင်း လိုက်တည်ဆောက်ဖို့ ခက်တော့ tool အဖြစ်ခံယူထားပေမယ့် ခုထိ တကယ် လက်တွေ့ သိပ်အသုံးမချဖြစ်သေးတာကတော့ တပိုင်းပေါ့။ 

ထပ်ပြောရရင် ..... စကားလုံးအရ "spirituality" လို့ သုံးလိုက်ရပေမယ့် အဲဒီမှာ မျက်စိမှိတ်ယုံကြည်မှု မပါဘူး။ ဒါပေမယ့် လူ့လောကမှာ ဒီတိုင်း ယုံကြည်လက်ခံထားရတာတွေက အများကြီး။ မိတ်ဆွေတွေကို ယုံကြည်မှုထားရတယ်။ ဆွေမျိုးသားချင်းတွေကို အတိုင်းအတာတစ်ရပ်အထိ ယုံကြည်မှုထားရတယ်။ စီးပွားရေးတွေမှာလည်း အတိုင်းအတာတစ်ရပ်အထိ ယုံကြည်မှုထားရတယ်။ သံသယနဲ့ဆို ဘာအလုပ်မှ လုပ်လို့ရတော့မှာ မဟုတ်ဘူး။ ဘယ်သူနဲ့မှလည်း ဆက်ဆံရေးတွေ တည်ဆောက်လို့ ရတော့မှာ မဟုတ်ဘူးကိုး။ ဒီတော့ နာမ်ပိုင်းဆိုင်ရာ အတွေးအမြင် နဲ့ ခံယူမှုတွေမှာ ဘာသာရေးလို မျက်စိမှိတ်ယုံကြည်ချက် မပါဘူးဆိုရင်တောင် သိမ်မွေ့တဲ့ ယုံကြည်မှုတွေ ပါကောင်းပါနေမယ်။ ဒါပေမယ့် ကွာခြားတာ တစ်ခုက အဲဒါတွေကို absolute truth အဖြစ် သူများကို လိုက်ရောင်းမှာ အတင်းလက်ခံခိုင်းမှာ မဟုတ်ဘူး။ ကိုယ့်တစ်ယောက်စာ အသုံးဝင်တဲ့ အတွေးအမြင်တွေ၊ စည်းမျဉ်းတွေ၊ သဘောတရားတွေအဖြစ်ပဲ ဆင်ခြင်ဖို့၊ ကျင့်သုံးနိုင်အောင် ကြိုးစားဖို့ပါ။ New Year's Resolution တွေလုပ်လေ့မရှိပေမယ့် ဒီနှစ်တော့ ကြိုးစားကြည့်ဦးမယ်ပေါ့။

ဟိုနေ့က ကိုပိုင်သွန်နဲ့ ဆွေးနွေးတော့  "spirituality" ဆိုတဲ့ စကားလုံးကတောင် ဘာသာရေးဆန်နေတယ်။ ဘယ်လို စကားလုံး သုံးရင် ကောင်းမလဲ။ အဲဒီနေ့ကတော့ စကားလုံး စဉ်းစားလို့ မရဘူး။ ဒီနေ့တော့ ကိုယ့်ဘာသာ စကားလုံး တစ်ခု စဉ်းစားလို့ရတယ်။ စိတ်တိုင်းတော့ သိပ်မကျပေမယ့်။ "Self-connection" ဆိုပြီး ကိုယ့်ဘာသာ သုံးလိုက်မယ်။ ကိုယ့်ဘာသာတွေးမိတာပါ။ ရှာကြည့်တော့ အသုံးများပြီးသား စကားလုံးဖြစ်နေတယ်။

ဘာသာရေးမပါတဲ့ stoicism မှာ သဘောတရား တခုရှိတယ်။ ကိုယ် control လုပ်လို့မရတဲ့ အရာတွေကို လွှတ်ချပြီး ကိုယ် control လုပ်လို့ရတဲ့ အရာတွေကိုပဲ ဂရုစိုက်တာမျိုး။ (ဒါပေမယ့် ဗုဒ္ဓဘာသာအရဆို ဘာကိုမှ control လုပ်လို့မရဘူး၊ ကိုယ့် thought ကိုတောင် တကယ်တော့ လူတွေက control လုပ်လို့ မရပါဘူး။ Philosophy စကားနဲ့ ပြောရရင်တော့ အရာရာက determinism ဆန်ပါတယ်) အဲဒီနှစ်ခုကို ရောလိုက်မယ်ိဆိုရင်တော့ (၁) Stoicism က ကိုယ် control လုပ်လို့မရမယ့် အရာတွေကို လွှတ်ချဖို့ ပြောတယ် (၂) Buddhism နဲ့ တချို့ philosophy တွေအရ control လုပ်လို့ ရတဲ့အရာဆိုတာ မရှိ (ရသလို ထင်ယောင်မှားမှုပဲ ရှိတာ) ဆိုတော့ ..... အဲဒီနှစ်ချက်ပေါင်းလိုက်ရင် အကုန်လုံးကို လွှတ်ချရမယ်ဆိုတဲ့ သဘောပဲ။ အဆုံးစွန်ပြောရရင် ကိုယ့်အတွေးကိုက အစ ယုံကြည်စရာမလို။ အတွေးအများစုက မိုးရွာသလိုပဲ သူ့ဘာသာသူ သူ့သဘောသူဆောင်လာတာ။ ကိုယ် ထိန်းချုပ်လို့ မရဘူး။ အဲလိုပဲ မလိုချင်ဘူးလို့လည်း အတင်းလုပ်ယူလို့မရဘူး။ YouTube က ဟာတစ်ခုကို ဆင့်ပွားပြီး ကျွန်တော် ရေးဖူးသလိုပေါ့။ အတွေးတွေဟာ လမ်းပေါ်မှာ သွားနေတဲ့ ကားတွေလိုပဲ။ အတွေးနောက်ကို ပြေးလိုက်ခြင်းက အဲဒီကားတစ်စီးချင်း နောက်ကို ပြေးလိုက်ခြင်းနဲ့ တူတယ်။ မောမှာပေါ့။ အကျိုးလည်း မရှိဘူး။ အဲလိုပဲ..... အတွေးတွေကို မလိုချင်ဘူးလို့ ဇွတ်ငြင်းရင်ကျ လမ်းပေါ်မှာ လာနေတဲ့ ကားတွေကို မလာနဲ့ဆိုပြီး တစ်စီးချင်းကို လိုက်တားနေတာနဲ့ တူတယ်။ အဲဒါလည်း ပင်ပန်းပြီး အကျိုးမရှိဘူး။ အတွေးတွေဟာ သူ့သဘောသူဆောင်နေတာဆိုပြီး သိလိုက်ရင် ရပြီ။ အဲဒါဟာ (ကျွန်တော့်အတွက်တော့) ဝိပဿနာပါပဲ။ ဒါပေမယ့် တချို့ functional thought တွေကို တော့ အတွေးနောက် လိုက်ရတာတွေ ရှိမှာပေါ့နော်။ အတွေးနောက် လုံးဝ မလိုက်ရဘူးလို့ မဆိုလို။

အတွေးကို ရပ်ဖို့ဆိုတာနဲ့တော့ မတူဘူး။ အဲဒါက ကားတစ်စီးချင်းကို မလာနဲ့ဆိုပြီး အတင်းတားတာနဲ့ တူလို့ ပိုပင်ပန်းမယ်။ effortless မဖြစ်ဘူး။ အတွေးကို ရပ်ဖို့လည်း မလွယ်ဘူး။ မလိုချင်လေ အဲလိုအတွေးတွေ ပိုလာလေပဲ။ သူ့သဘောသူဆောင်နေတာလို့ တွေးလိုက်ရင်တော့ အဲဒီအတွေးတွေ ရပ်သွားပြီး နောက် အတွေးသစ်တခု ရောက်လာကောင်း ရောက်လာမယ်။ ဒါမှမဟုတ် အတွေးတွေ ခေတ္တကင်းသွားတဲ့ အနေအထားလေး တစ်ရပ် ရောက်လာကောင်း ရောက်လာမယ်။ အိပ်သလိုမျိုးနဲ့ ဆင်တူတဲ့ အနေအထားကို မအိပ်ဘဲ ရောက်တဲ့ သဘောပေါ့။ 

ဥပေက္ခာကို ပါရမီတရပ်လို့ (တစ်ကိုယ်စာ) ခံယူမယ်ဆိုရင် ..... ကိုယ့်အတွေးဆိုးတွေကို ဥပေက္ခာပြုနိုင်ခြင်းက အမြင့်ဆုံး ပါရမီပဲ။ (အတွေးကောင်းတွေကိုပါ ဥပေက္ခာပြုလို့ ရပါတယ်) 

Functional thought တွေတော့ ရှိမှာပေါ့။ အဲလို thought မျိုးနောက်တော့ လိုက်ကောင်းလိုက်ရမှာပေါ့။ အဲဒါတွေကတော့ အခုစာရေးနေရင်း ပေါ်လာတဲ့ စကားလုံးတွေ၊ သီအိုရီတွေကို စဉ်းစားတာ၊ အလုပ်နဲ့ ပတ်သတ်တဲ့ အတွေးတွေ စသည်ဖြင့်ပေါ့။ 

ဘယ်အတွေးတွေနောက် လိုက်သင့်ပြီး ဘယ်ဟာတွေကို ဥပေက္ခာပြုရမလဲဆိုတာက အဲလိုမျိုး ယေဘုယျဆန်ဆန်ပဲ ပြောလို့ရမယ်။ နည်းနည်းတော့ ဝေဝါးပါတယ်။ ယတိပြတ်ကြီး ပြောလို့မရဘူး။ ဝေဝေဝါးဝါးနဲ့မို့ ရွေးချယ်မှုက အနုပညာ ဆန်ပါလိမ့်မယ်။ အမှန်-အမှားလည်း ယတိပြတ်ကွဲကွဲပြားပြား ရှိမှာတော့ မဟုတ်ပါဘူး။

ဗြဟ္မစိုရ်တရား လေးပါးဆိုတာထဲမှာ ဥပေက္ခာက စိတ်ကို relax အဖြစ်စေဆုံးပါပဲ။ ဗုဒ္ဓ (သူ တကယ်ရှိခဲ့ မရှိခဲ့မသိ) --- ဗုဒ္ဓဟောခဲ့တယ်ဆိုတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတွေကတော့ ဟောသူပဲ သိပါလိမ့်မယ်။ အဲဒီတော့ မေတ္တာမှာဆို တခါတလေ စေတနာက ဝေဒနာဖြစ်သွားတာ၊ တဘက်က သူ့ရပိုင်ခွင့်လို ထင်သွားပြီး ကိုယ့်အတွက် ဝန်ထုပ်ဖြစ်လာတာတွေ ရှိနိုင်တယ် (ဗုဒ္ဓအလိုကျ မေတ္တာမဟုတ်လို့ အဲလိုဖြစ်တာလို့တော့ ပြောလို့ရနိုင်တာပေါ့)၊ ကရုဏာမှာဆိုလည်း (ဗုဒ္ဓအလိုကျ ကရုဏာမဟုတ်ရင်) ပင်ပန်းမှုတွေ ပါတယ်။ ကိုယ်မေတ္တာထားသူ၊ ကရုဏာထားသူတွေ ကံဆိုးမိုးမှောင်ကျရင် ကိုယ်ပါ ပင်ပန်းတယ်။ စိတ်မှာလည်း အီနားရှားရှိတယ်။ ဗုဒ္ဓပြောသလို ပင်ပန်းမှုမပါတဲ့ တွယ်ကပ်မှု လုံးဝကင်းတဲ့ မေတ္တာတို့ ကရုဏာတို့က လက်တွေ့မှာတော့ မလွယ်ဘူး။ ကိုယ် မေတ္တာထားသူ၊ ကရုဏာ ထားသူတွေ ဒုက္ခရောက်ရင် ကိုယ့်ကိုပါ အပူလာဟပ်တာပဲ။ ပြီးတော့.... မေတ္တာမစစ်ဘူးပဲပြောပြော.... မေတ္တာတွေ စော်ကားခံရရင်၊ ကရုဏာတွေ စော်ကားခံရရင် ဒေါသက ကပ်ပါလာတယ်။ တစ်ဘက်စွန်းကနေ တစ်ဘက်စွန်းကို ကူးဖို့က လွယ်တယ်။

အဲဒီမှာ Tao ဝါဒ အရဆိုရင်တော့ ..... မေတ္တာရှိရင် သူနဲ့ဆန့်ကျင်ဘက် ဒေါသဆိုတာလည်း ရှိနေလိမ့်မယ်။ အဲဒီနှစ်ခုဟာ ဒင်္ဂါးတစ်ခုရဲ့ မျက်နှာစာ နှစ်ဘက်ပဲ။ တခုကျရာကနေ နောက်တစ်ခုကျဖို့ အရမ်းလွယ်တယ်။ အချစ်ကြီးလို့ အမျက်ကြီးတယ်ဆိုတဲ့ သဘောပေါ့။ 

ဥပေက္ခာတရားကတော့ လုပ်စရာရှိတာကို ဉာဏ်နဲ့ဆင်ခြင်လုပ်၊ ပြီးရင် အကောင်းမြင်ခြင်းရော၊ အဆိုးမြင်ချင်းရော မထား၊ ချစ်ခြင်းရော မုန်းခြင်းရော၊ ကြိုက်ခြင်းရော မကြိုက်ခြင်းရော မထားဘဲ သူ့သဘောသူဆောင်နေတယ်လို့ သဘောထားတာမျိုး၊ လုပ်သင့်လို့ လုပ်တာလို့ သဘောထားလိုက်တာမျိုး၊ လုပ်စရာရှိတာ လုပ်ပြီး ရလဒ်ကို အစွဲနဲ့ ပြင်းထန်တဲ့မျှော်လင့်ချက် မထားတာမျိုးပေါ့။ 

ဒီနေရာမှာ thought တွေ feeling တွေကို ထိန်းချုပ်လို့ မရဘူးလို့ ကျွန်တော် အပေါ်မှာ ရေးခဲ့ပါတယ်။ ချစ်ခြင်းတွေ မုန်းခြင်းတွေ၊ ကြိုက်ခြင်း မကြိုက်ခြြင်းတွေ၊ အကောင်းမြင်ခြင်း အဆိုးမြင်ခြင်းတွေကိုက တမင် လုပ်ယူလို့ မရပါဘူး။ တမင် မလိုချင်ဘူးလို့လည်း ငြင်းလို့ မရပါဘူး။ ဒါကြောင့် သူ့သဘောသူဆောင်တယ်လို့ မှတ်ယူခြင်း (တနည်းအားဖြင့်) ဝိပဿနာက ခက်တာပါ။ လက်တွေ့မှာက  စိတ်ကိုက ထိန်းချုပ်လို့မှ မရတာကို။ determinism တကယ်ဆန်ပါတယ်။ လုပ်လို့ရတာက သတိကပ်ပြီး အဲဒီ ပေါ်လာတဲ့ အကောင်းမြင်ခြင်း အဆိုးမြင်ခြင်းတွေ၊ ချစ်ခြင်းမုန်းခြင်းတွေကို သူ့သဘောသူဆောင်နေတာလို့၊ မိုးရွာသလို အတွေးတွေ သူ့ဘာသာသူ ရွာနေတာလို့၊ ကားတွေလမ်းပေါ်မှာ သွားသလို အတွေးတွေ လမ်းသလားနေတာ၊ ကိုယ့်ဦးနှောက်ဆိုတဲ့အရာက သူ့ law တွေအတိုင်း သူ့ဘာသာသူ အတွေးတွေ ပေါ်လာတာလို့ မှတ်ယူလိုက်ရင်ကျ အဲဒါတွေအပေါ် serious ဖြစ်မှုနဲ့ ခံစားချက် နည်းသွားပြီး စိတ်က သက်သောင့်သက်သာ ဖြစ်မှာပါ။ Relax တကယ်ဖြစ်မှာပါ။ အတွေးတွေကို မလိုချင်ဘူးလို့ အတင်းငြင်းဆန်တာမျိုးထက်၊ အတွေးတွေကို မဟန့်တားခြင်းနဲ့ အတွေးနောက် မလိုက်ခြင်းကပဲ ပို effortless ဖြစ်ပြီး ရလဒ်လည်း ပိုထွက်မယ်ထင်ပါတယ်။

ဥပေက္ခာပါရမီဆိုတဲ့ နေရာမှာ လူတွေနဲ့ အဖြစ်အပျက်တွေကို ဥပေက္ခာပြုခြင်းဆိုတာက ကြားမှာ တဆင့်ခံနေပါတယ်။ အဖြစ်အပျက်တွေဟာ အတွေးထဲကို ဖြတ်သန်းပြီးမှ အဲဒါတွေအပေါ် လိုက်ခံစားပြီး stress တွေ ပိလာတာပါ။ ဒီတော့ တကယ် ဥပေက္ခာလုပ်မယ်ဆိုရင် ..... ကိုယ့်အတွေးတွေကိုသာ ဥပေက္ခာပြုလိုက်ပါ။ အဲဒီ ကျွန်တော်ပြောတဲ့ ဥပေက္ခာဟာ ..... self-connection ရဲ့ အစိတ်အပိုင်းလေး တစ်ခုပေါ့။ 

ခုက ကိုယ်ကျင့်သုံးနေတယ်လို့ ရေးတာမဟုတ်ဘူးနော်။ တချို့အရာတွေကို absolute truth အဖြစ်မဟုတ်ဘဲ၊ ယုံကြည်ချက်အဖြစ်လည်း မဟုတ်ဘဲ..... တစ်ကိုယ်စာ ခံယူချက်အဖြစ်၊ ဆုံးဖြတ်ချက်အဖြစ် tool အဖြစ် စပြီး အသုံးချဖြစ်မလားးလို့..... စပြီး အသုံးချဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးလိုက်တဲ့ အနေနဲ့ ရေးတာပါ။ 

ဘာသာရေးတွေကို ထည့်ပြောပေမယ့်လည်း ကျွန်တော်က ဘာသာရေးသမား မဟုတ်လို့.... ဘာသာရေးက ဖွင့်ဆိုချက်နဲ့ ထပ်တူလည်း ကျနေမှာ မဟုတ်ပါဘူး။ ကိုယ့်တစ်ကိုယ်စာ ကိုယ့် tool အဖြစ် အသုံးချချင်တာမို့ ထပ်တူကျဖို့လည်း ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဘာသာရေးထဲက ဖွင့်ဆိုမှုတွေကရော။ ကျွန်တော့် ဆုံးဖြတ်ချက်အရ ပေါ်လာတဲ့ tool တွေကရော absolute truth မဟုတပါဘူး။ subjective ဖြစ်မှာပါ။ ဒီတော့ ကျွန်တော် ဝေမျှတာထဲကလည်း ဖတ်သူအတွက် အသုံးချလို့ ရတာဆို ယူချင်ယူလိုက်ပြီး မရတာဆို ပယ်လိုက်ရုံပေါ့။ 

တကယ်တမ်းကတော့ ဘာမှမဟုတ်ဘူး။ ဘဝခရီးသွားဖော်ခြင်း သူ့ tool ကိုယ့် tool လေးတွေ ဖလှယ်ပြီး ဘဝနေရခိုက်မှာ သက်သာမှုနဲ့ ငြိမ်းချမ်းမှုရလိုရငြား ဝေမျှတဲ့သဘော။ ကျွန်တော်တို့တွေ ဘဝတွေက ခါးသီးပြီး အရမ်းပင်ပန်းစရာ ဖြစ်နေပြီကိုး။ 

(ကောင်းကင်ကို) 

Wednesday, December 6, 2023

ပါးပြင်ပေါ်မှာ အပြုံးတွေ ကနေမယ့်ခေတ်



ဆရာဝန်တွေက
လူတစ်ယောက်ချင်းရဲ့ အနိစ္စတွေနဲ့
နပန်းလုံးရတယ်။
ဂျာနယ်လစ်တွေကတော့
လူအစုလိုက်အပြုံလိုက် အနိစ္စတွေနဲ့
နပန်းလုံးရတယ်။ 

ဆရာဝန်တွေက
ဆေးကုခန်း ကျဉ်းကျဉ်းလေးထဲမှာ
ရောဂါပုံပြင်တွေကို နားထောင်ရတယ်။
ငါတို့ကတော့
ကမ္ဘာခန်းဆောင် အကျယ်ကြီးထဲမှာ
ဒုက္ခပုံပြင်တွေကို ပြောပြရတယ်။

ရောဂါတွေ ဖော်ထုတ်ရတာချင်း အတူတူ
ဆရာဝန်တွေက ဇီဝရောဂါ အများစုကို
ကုပေးနိုင်တယ်။
ငါတို့ကတော့ လူလုပ်ရောဂါ အများစုကို
ကုပေးခွင့်တောင်  မရဘူး။

အရှိတရားတွေကို တင်ပြတဲ့အခါ
ဖတ်ရှုသူများရင် အောင်မြင်တာပေါ့တဲ့။
နာဂစ်ဖြစ်တဲ့အခါ ဖတ်ရှုသူများတယ်။
ဆူနာမီဖြစ်တဲ့အခါ ဖတ်ရှုသူများတယ်။
တိုင်းပြည်စပျက်တဲ့အခါ ဖတ်ရှုသူများတယ်။

ငါတို့ရဲ့
ခရီးအောင်မြင်ခြင်းတွေ ကို
မီးလောင်ပြင်ကွင်းတွေနဲ့ပဲ တိုင်းတာရတော့မလိုလို။ 
ခေတ်အနာဂတ် အတွက်
စစ်ကြမ္မာကပ် ကို
မဖြစ်သာ ဖြတ်နေရတယ်ဆိုပေမယ့်
သန်းနဲ့ချီတဲ့ ငိုသံတွေတောင်
ရိုးအီထုံကျင်
ဪ….အမျိုးအမည် စုံလင်လွန်းတဲ့ ပုံပြင်တွေ။

ကီဗင်ကာတာရေ
ဒီရင်မှာဟာနေ ပေါ့။
ငတ်သေတော့မယ့် ကလေးနဲ့
စားဖို့ စောင့်နေတဲ့ လဒ (လင်းတ)
ခင်ဗျား ပူလစ်ဇာဆု ရသွားရော။

ဒါပေမယ့်
အောင်မြင်ခြင်းတွေမှာ ခင်ဗျား နေသားမကျ
နောင်ကြဉ်ရင်း သေရွာမှာ ခင်ဗျား ကြွေသွားရတယ်နော်။
ခင်ဗျားရဲ့အသက်ကို ခင်ဗျားပဲခြွေလိုက်တာ။ 
သုံးဆယ့်သုံးတဲ့
ပြုံးသထက်ပြုံး မော်ကြွားရမယ့် အရွယ်မှာဗျာ။

ခင်ဗျားကို ပြောရဦးမယ်
ခင်ဗျားကသာ
ဓာတ်ပုံတစ်ပုံကိုသုံး
အသံတိတ်နည်းနဲ့ မိုးခြုန်းသွားတာ။
ယီမင်မှာလည်း ငတ်ပြတ်နေတုန်းပဲ။
ဂါဇာမှာလည်း သတ်ဖြတ်နေတုန်းပဲ။
မြန်မာမှာလည်း ရက်စက်နေတုန်းပဲ။ 

ဒီလိုဆိုတော့လည်း
ခင်ဗျားလုပ်ခဲ့တာက
ကင်မရာနဲ့၊ ရေပေါ်မှာ အရုပ်ရေးခဲ့ရ သလိုပါပဲလား။

ရေဆေးပန်းချီကို စက္ကူပေါ်မှာ ဆွဲကြသလို
ဆီဆေးပန်းချီကို ကင်းဗတ်ပေါ်မှာ ဆွဲကြသတဲ့။
မျက်ရည်ဆေး ပန်းချီကိုတော့ ခေါင်းဆောင်တွေရဲ့ နှလုံးသားပေါ် သွားမဆွဲနဲ့။
တာရှည်ခံမှာ မဟုတ်ဘူး။

သဘာဝ ပြဌာန်းမှုကြီးကိုက
အပင်တွေလို
နေရောင်ခြည်ဆင်းအလာ
ဖိုတိုဆန်းသဇစ် မှော်ပညာနဲ့၊
တိုက်ရိုက် အစာချက်လို့က မရ
အဲဒီအတွက် လူ့လောကမှာ

အရင်းအမြစ်တွေလုကြ
အခင်းစစ်တွေပြုကြ
ငါတို့ကတော့… သတင်းသစ်တွေစုရ။

တယ်လီဗစ်ရှင်းမှာ
ဆယ်လီအတင်းအဖျင်းတွေကြည့်ရင်း
အတွေးတခု ဝင်လာတယ် 

တန်းတူညီမျှ
ဉာဏ်နဲ့ စိတ် လှပမယ့် ကမ္ဘာမှာသာဆိုရင်
အယူတိုင်းက ပန်းလိုကြည်မြ သင်းနေလို့
လူတိုင်းက တန်းတူညီမျှ လင်းနေလို့
ဆယ်လီဆိုတာလည်း မရှိ။

အတင်းချစရာလည်း မလိုတော့။
အလင်းပြစရာလည်း မလိုတော့။

လူလုပ်ဒုက္ခတွေ အကုန်ဆိတ်သုဉ်း
ငြိမ်းချမ်းခြင်းအစစ်နဲ့ တစ်သားတည်းဖြစ်
ပါးပြင်ပေါ်မှာ အပြုံးတွေ ကနေမယ့်ခေတ်။ 

By ကောင်းကင်ကို 
(ရေးချိန် - ဒီဇင်ဘာ ၅- မနေ့က ရေးထားတာ)
Photo: Kevin Carter ရဲ့  ပူလစ်ဇာဆုရ ဓာတ်ပုံ

Tuesday, December 5, 2023

ဘောလုံးပွဲ

ဘောလုံးပွဲနဲ့ပတ်သတ်ရင် စတာ နောက်တာတောင် ဝင်မပြောတာ နှစ်ပတ်သုံးပတ်ရှိပြီ။ အတည်ရေးတာကို ပြန်ပြောတာတွေက ထားပါတော့။ စရင် နောက်ရင် တောင် အတည်တွေ ခံစားကြ၊ အန်ဖရန့်လုပ်သွားကြတာ သုံးလေးယောက်ရှိပြီ။ မန်ယူဖန်တွေ။ ထားပါတော့။ ဘောလုံးပွဲလို entertainment ကိစ္စနဲ့ အန်ဖရန့်လုပ်တာ ဘာမှမဖြစ်ပေမယ့် ဘောလုံးပွဲနဲ့ ပတ်သတ်ပြီး စတာနောက်တာက တကယ်ဆို ဘာမှအရေးပါတဲ့ ကိစ္စမဟုတ်။

ဘောလုံးပွဲတွေမှာလည်း ရသတွေ၊ အနုပညာမြောက်မှုတွေက ရှိပါတယ်။ ရော်နယ်ဒင်ဟို၊ ဒိုကြီး၊ မက်ဆီ စသည်ဖြင့်ပေါ့။ ဒါပေမယ့် အဓိကကတော့ business နဲ့ entertainment ပါ။

Entertainment ချင်း အတူတူ တချို့Man တွေက woman တွေ နဲ့ တချို man တွေ ကေပေါ့ကြိုက်ရင်သာ နှိမ်တာ။ (ကျွန်တော် တခါကလည်း ရေးဖူးပါတယ်။ အဲလိုကြေးဆိုလည်း ဘောလုံးပွဲဖန်တွေကိုပါ နှိမ်သင့်တာပေါ့။ နှိမ်ရမယ်လို့ မဆိုလို။ နှိုင်းယှဉ်ပြတာ။) ဒါပေမယ့် လူမျိုးရေးခွဲခြားမှုတွေ၊ လူတစ်ယောက်ကို အုပ်စုလိုက် စိတ်ပိုင်းဆိုင်ရာ ဝိုင်းအနိုင်ကျင့်မှုတွေ၊ ဖန်အချင်းချင်း ဒဏ်ရာရသည်အထိ သေသည်အထိ ရိုက်နှက်မှုတွေက ကေပေါ့မှာတောင် မရှိ၊ ဘောလုံးပွဲမှာပဲ ရှိတာ။ 

ပြီးရင် အပေါ်ယံသမိုင်းဆိုတဲ့ အရာတွေနဲ့ ဖန်အချင်းချင်း နှိမ်ကြတာ။ တကယ်တော့ ရောမအင်ပါယာရဲ့ အဆက်အနွယ် (ဒီနေ့ခေတ် အီတလီ) နိုင်ငံက နိုင်ငံသားပဲဖြစ်ဖြစ်၊ ၁၉၆၅ ခုနှစ်မှ စထောင်တဲ့ စင်ကာပူနိုင်ငံသားပဲဖြစ်ဖြစ် လူသားဖြစ်တည်မှု အကုန်လုံး တန်ဖိုးရှိတာပါပဲ။ သမိုင်းဆိုတာက အသိပညာအဖြစ် မှတ်ယူရတာပါ။ ရွှေထီးဆောင်းခဲ့တယ်ဆိုပြီး အပေါ်ယံ သာယာနေတာတွေက လူ့သဘာဝ ပီသတယ်ဆိုပေမယ့် အပေါ်ယံအရာတွေပါ။

ပြီးတော့ သမိုင်းဆိုတာကို ဘာမှမဆိုင်တဲ့ အောင်မြင်မှု နဲ့ ညီမျှခြင်း ချကြတယ်။ သမိုင်းမရှိတဲ့အသင်းလို့ တချို့အသင်းတွေကို ပြောကြရင် တကယ်က အဲလိုပြောသူ မမွေးခင် နှစ်တစ်ရာကျော်ကတည်းက ထောင်ခဲ့တဲ့ အသင်းတွေ။ အောင်မြင်မှုတွေလည်း အတန်အသင့်ရှိကြပါတယ်။ အောင်မြင်မှုမရှိခဲ့တဲ့ အသင်းပဲထားဦး၊ သူမမွေးခင် နှစ်တစ်ရာကျော်က တည်ထောင်ခဲ့တဲ့အသင်းကို သမိုင်းမရှိဘူးပြောတာမျိုးကျ irony မဖြစ်ဘူးလား။

ခုခေတ် ထိပ်သီးဘောလုံးကလပ်ကြီးတွေရဲ့ ပိုင်ရှင်တွေ အားလုံးကလည်း အနည်းနဲ့အများ သွေးစုပ်ပြီး ချမ်းသာလာတဲ့ အရင်းရှင်ကြီးတွေပါပဲ။ အဲဒါ ရုရှားတွေ၊ အာရပ်တွေကိုမှ ရွေးပြောတာကလည်း အဓိပ္ပါယ်တော့ သိပ်မရှိ။ ရေနံကို လက်ဝါးကြီးအုပ် သွေးစုပ်တာနဲ့ တခြားအရာတွေကို အကြောင်းပြု အလုပ်သမားတွေ ဝန်ထမ်းတွေကို ခေါင်းပုံဖြတ် သွေးစုပ်တာပဲ ကွာမယ်လေ။ အရင်းရှင်စနစ်ကို globalization အဆင့်ထိ ကျင့်သုံး၊ လူကုန်ကူးတာမျိုး မဟုတ်ပေမယ့် အဲလိုဆန်ဆန် လူအရောင်းအဝယ်ပါ လုပ်နေတဲ့ စနစ်ကြီး ဟိုး ကတည်းက ရှိနေခဲ့တာ။ အလုပ်သမားဖြစ်တဲ့ ဘောလုံးသမား တစ်ယောက်ဟာ အရောင်းအဝယ်ဈေးမတည့်ရင် သူမကစားချင်တော့တဲ့အသင်းမှာ ကြိတ်မှိတ်ကစားရတော့တာလေ။

ဖာဂူဆန်တို့ ခေတ်လည်း မလွတ်ပါဘူး။ ကျွန်တော့်တို့ ကလေးဘဝ ယူရို၉၆ မှာ ပိုဘော့စကီးက ပေါ်တူဂီကို ဘောလုံးကို မပြီးသွင်းလိုက်တော့ ပိုဘော့စကီးကို တန်းဝယ်လိုက်တာ ဘယ်အသင်းလို့ထင်လဲ။ ကန်တိုနာ ခြေစွမ်းအပြဆုံး အချိန်တွေမှာ ပြိုင်ဘက်အသင်းဆီက ဝယ်လိုက်တာ ဘယ်အသင်းလဲ။

Globalization ခေတ်မှာတော့ ပိုဆိုးတာပေါ့နော်။ ငွေ amount ပိုများလာတာပေါ့။ ငွေကြေးကလည်း ဖောင်းပွသလို ပရိသတ်ဆိုတာကလည်း တစ်ကမ္ဘာလုံးမှာ ရှိလာတော့ စီးပွားပိုဖြစ်လာတာကိုး။ ဒါပေမယ့် အဲဒါက ဟိုးတုန်းက ဖြူစင်သန့်ရှင်းနေလို့ မဟုတ်ဘူး။ globalization ခေတ် မရောက်သေးတော့ ကမ္ဘာတဝှမ်းက ပရိသတ် နည်းသေးလို့က တပိုင်း၊ ခုလောက် စီးပွားမဖြစ်သေးတော့ ခုလောက် ရင်းနှီးမြှုပ်နှံမှု မလုပ်ကြသေး၊ လုပ်လို့မရသေးတာရယ်၊ ငွေကြေးတန်ဖိုးက ခုထက်အများကြီး တန်ဖိုးရှိတော့ အဲဒီခေတ် သုံးတဲ့ ငွေပမာဏနဲ့ ခုခေတ်သုံးတဲ့ ငွေပမာဏကို နှိုင်းလို့ မရနိုင်ပါ။

ရှေးခေတ်က လူတွေက အဓိက အားဖြင့် အုပ်စုလိုက် ဂုဏ်ဆာပြီဆိုရင် စစ်ပွဲတွေနဲ့ ဂုဏ်ဆာကြတယ်။ အားကစား နဲ့ ဂုဏ်ဆာကြတာ အိုလံပစ်ဘာညာမှာလည်း ရှိတော့ ရှိခဲ့မှာပါ။ ဒါပေမယ့် အဓိက အားဖြင့်တော့ စစ်ပွဲအောင်နိုင်မှုတွေနဲ့ အုပ်စုလိုက် ဂုဏ်ဆာကြတယ်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေနဲ့လည်း ဆက်စပ်နေတယ်လေ။ အဲဒီကနေ ခေတ်က အပေါ်ယံအားဖြင့် နည်းနည်းယဉ်ကျေးသယောင်ဖြစ်လာပြီး စစ်တွေ ပေါ်တင်တိုက်လို့ မရကြတော့၊ အုပ်စုလိုက် ဂုဏ်ဆာမှုမှာ အားကစားနဲ့ ဂုဏ်ဆာမှုက ပိုပြီးထင်ရှားလာတယ်။ အစကတော့ အသင်းလိုက်အားကစားမှာ နိုင်ငံအသင်းတွေဖြစ်မယ်။ နောက်တော့ ကလပ်အသင်းတွေ ဖြစ်လာတာပေါ့။ အဲဒီကနေ စစ်ပွဲဆန်ဆန် အပြန်အလှန် ရှုတ်ချမှုတွေ၊ ဖန်အချင်းချင်း ရိုက်နှက်မှုတွေအထိ ဖြစ်တာပေါ့။

တကယ်တော့ အလွန်အကျွံ ဂုဏ်ဆာမှုတွေကို ကြည့်ရင် ဘာနဲ့ဆင်သလဲဆိုတော့ ..... ကိုယ်က ဘာမှအရည်အချင်းမရှိဘဲ ငါ့အဖေက ဘာကောင် ညာကောင်ဆိုပြီး အသားလွတ် ဝံ့ကြွားတာမျိုးနဲ့ အတူတူပဲလေ။ ကိုယ်က ကြားထဲက ဝံ့ကြွားရုံကလွဲရင် သူတို့အောင်မြင်မှုအတွက် ဘာမှ အားစိုက်ထုတ်ရတာမှ မဟုတ်တာ။ ကိုယ်အားပေးတဲ့အသင်းတွေနဲ့ ကိုယ်နဲ့ကြားမှာ တကယ့်တကယ် ဆက်စပ်မှုက ဘာမှမရှိဘူး။ ကိုယ်က ချစ်လို့ တမင်ဆက်စပ်ယူထားတဲ့ ဆက်စပ်မှုပဲ ရှိတာ။ တကယ်တွေးကြည့်ရ်င သူတို့အောင်မြင်ချိန် မှာ လိုက်ဝမ်းသာတာက အဓိပ္ပါယ် ရှိသေးပေမယ့် အားပေးတဲ့အသင်း ရှုံးလို့ ထမင်းစားမရတာ၊ အလုပ်လုပ် မရတာကတော့ ဥပါဒါန်ကြောင့် ဥပါဒ်ဖြစ်ခြင်းပဲ။ ဘာမှ မဆက်စပ်ဘဲ ကိုယ့်ဒုက္ခကိုယ်ရှာတာလေ။ အဲလိုပြောလို့ သစ္စာမရှိဘူးတွေ ဘာတွေတော့ မပြောကြနဲ့။ ဘာမှမဆိုင်ဘူး။ အသင်းရှုံးလို့ လိုက်ဝမ်းမနည်းခြင်းက ဘယ်သူ့ကိုမှ ထိခိုက်စေတာလည်း မဟုတ်ဘူး။ ဘာကျင့်ဝတ်မှ ဖောက်ဖျက်ခြင်းလည်း မဟုတ်ဘူး။ မီလျံနာ ပိုင်ရှင်တွေနဲ့ မီလျံနာ ကစားသမားတွေကိုလည်း ထိခိုက်သွားစေတာမဟုတ်ဘူးလေ။ ဒါဆို အောင်မြင်မှုနောက် လိုက်အားပေးကြတာလားလို့ မေးရင်လည်း .... အဲဒီဒေသက သူတွေပဲ ဒေသစွဲ နဲ့ အားပေးကြတာက လွဲရင် အများစုက အတိုင်းအတာတရပ်အထိ အောင်မြင်မှုကြောင့် အားပေးကြတာချင်း အတူတူပဲ။ တမူးပိုရှူစရာမလို။ ဘရာဇီးက ကလပ်သေးသေးလေး မပြောနဲ့၊ ဘရာဇီးက ကလပ်ကြီးတွေကိုတောင် မြန်မာက ဘယ်သူတွေ အားပေးကြလို့လဲ။ အာဖရိကက ကလပ်လေးတွေကို ဘယ်သူတွေ အားပေးကြလို့လဲ။ အားပေးတဲ့အသင်း ရလာကြတာက အောင်မြင်မှု၊ အဲဒီကမှ တဆင့် မီဒီယာနဲ့ဆိုင်တယ်။ ပြီးတော့ဗျာ အသင်းရှုံးလို့ မစားနိုင် မသောက်နိုင်အထိ ဖြစ်တယ်ဆိုတာက သူ့အစွဲနဲ့သူ သူ့ဒုက္ခသူရှာတာ၊ ပြင်ပအရာတစ်ခုရဲ့ ရလဒ်က ကိုယ့်စိတ်တည်ငြိမ်မှုကို အလွှမ်းမိုးခံလိုက်တာပဲလေ။ သစ္စာရှိလှချည်ရဲ့ဆိုပြီး ဂုဏ်ဆာစရာ ဘာမှ မရှိသလို၊ ဘာမှ ချီးကျူးစရာ မရှိသလို၊ သူ့အကြောင်းနဲ့သူမို့ ကန့်ကွက်စရာလည်း မရှိဘူး။

ဘောလုံးပွဲတခုအတွင်းက ဒိုင်တွေဆုံးဖြတ်ချက်ကြောင့် မတရားမှုတွေဆိုရင်လည်း နည်းပြတွေက အစ၊ ဖန်တွေအဆုံး ကိုယ့်အသင်းခံရမှ အသံထွက်ကြတာ။ ထားတော့။ ဒါက ဘယ်သူ့မှ တအားနစ်နာနိုင်စရာမရှိတဲ့ လူ့သဘာဝလေးပဲ။ အပြင်မှာဆို အသက်တွေသေ၊ ထောင်တွေကျတဲ့ မတရားမှုတွေ အများကြီးပဲ မဟုတ်လား။ ဒါပေမယ့် လူ့သဘာဝအရ ကိုယ့်အသင်းခံရမှ ပြောတာလောက်က လက်ခံလို့ရတယ္။ ဒါပေမယ့် အဲဒါတွေက အမှန်တရားကြီးတော့ မဟုတ်ဘူလေ။ ခံစားချက်နဲ့ လျှောက်ပြောကြတာမျိုးပဲ။

ဒီတော့ အားမပေးရဘူးလားတို့၊ ဘောလုံးပွဲအကြောင်း မရေးရဘူးလားတို့၊ ဖန်မလုပ်ရတော့ဘူးလားတို့ မေးရင် အဲလိုမဆိုလိုဘူး။ အားကစားပွဲတွေ အကုန်လုံးက စကားနိုင်လုတာတွေနဲ့ ပြည့်နှက်နေတာပါ။ ဒါပေမယ့် အဲဒါက entertainment ပါ။ ဒီဘက်ခေတ်မှ ဘယ် entertainment မှတော့ အရင်းရှင် အကြီးစားကြီးတွေရဲ့ လက်ဝါးကြီး အုပ်မှုနဲ့ မကင်းဘူး။ ဒီတော့ အားပေးတာ အားပေးပေါ့။ နက်နက်နဲနဲလည်း အားပေးလို့ရတယ်။ အသင်းစွဲလည်း ရှိလို့ရတယ်။ နောက်ဆုံး ကိုယ်အားပေးတဲ့အသင်းကြောင့် လူပီပီ မစားနိုင်၊ မသောက်နိုင် ဖြစ်လို့လည်းရတယ်။ ဒါပေမယ့် လူနှစ်ယောက် မိတ်ဆွေဖြစ်ခြင်းကျ အဲဒါတွေထက် ပိုလေးနက်တယ်။ ဘောလုံးပွဲကြောင့် မိတ်ပျက်သွားတာကျ နဂိုကတည်းက အနည်းဆုံး တဘက်ဘက်က မနက်နဲတဲ့ ဆက်ဆံရေး ရှိလို့ဖြစ်မယ်။ ရိုက်နှက်တာတွေ၊ လူမျိုးရေး ဝိုင်းခွဲကြတာတွေကျတော့ ပိုဆိုးတာပေါ့။ လူအုပ်စုလိုက် စိတ်ကြွမှုတွေပေါ့။ ပြီးတော့ ဘောလုံးပွဲဖန်ဖြစ်ဖို့ အတွေးအခေါ်ကြီးတွေ၊ ဘဝအမြင်ကြီးတွေ လိုနေတာမှ မဟုတ်တာ။ လူတိုင်းကြိုက်သလို ကြိုက်တဲ့အသင်းကို အားပေးလို့ရတယ်။ မိန်းကလေးတစ်ယောက်က သူ့ဘာသာသူ CR7ကို ကြိုက်လို့ မန်ယူကို ထအားပေးခြင်းက အမျိုးသားတစ်ယောက် မန်ယူတစ်သင်းလုံးကိုသိပြီး အားပေးနေခြင်းနဲ့ ဉာဏ်ရည်ချင်း နှိုင်းယှဉ်မယ်ဆိုရင် အတူတူပါပဲ။ ဘယ်ဟာကမှ အသိဉာဏ်ပိုလိုအပ်တဲ့ အရာမဟုတ်ပါဘူး။ ကိုယ်စိတ်ဝင်စားသူကိုပဲ သိတယ်ဆိုတဲ့ ဗဟုသုတ သဘောပါဘဲ။ wisdom တွေ ပါနေတာမှမဟုတ်တော့ အဆင့်ခွဲစရာလည်း မလိုဘူး။ ရိုနယ်ဒိုတစ်ယောက်တည်းကို သိရုံနဲ့ သုံးသပ်မှုတွေ ထလုပ်တာမျိုးနဲ့.... ဥပမာ ဘောလုံးကို စိတ်နှစ်ပြီး Football @ Life page လိုမျိုး သုံးသပ်မှုတွေ အဆင့် ကွာတာမျိုး တပိုင်းပေါ့။ ကျွန်တော်က အားပေးမှုချင်းအတူတူ တမူးပိုရှုတာတွေကိုပဲ ဆိုလိုတာပါ။

ဒီတော့ ကိုယ့်အစွဲနဲ့ကိုယ် ကိုယ်ကြိုက်တဲ့အသင်းကို တိတ်တိတ်လေး အားပေး။ စလို့နောက်လို့ရတဲ့သူ အချင်းချင်းကျ ကိုယ့်အသင်း သူ့အသင်း တမင်နာအောင် အပျော်စမယ်။ pubic မှာတော့ အာရုံနောက်လို့ ကိုယ်အားပေးတဲ့အသင်းရဲ့ group တွေ မှာ အသင်းစွဲနဲ့ ရေးတာကလွဲရင် ဘာမှမလုပ်တော့ဘူးလေ။

မှတ်ချက်။ ။ ခက်တာက တခါတလေ ကာရံနဘေလေးနဲ့ မန်ယူကို စလို့ရမယ့် အရာတွေ၊ မန်ယူဖန် တစ်ယောက်နှစ်ယောက်က မုန်းသွားတာကလွဲရင်....ဖတ်တဲ့သူတွေ အကုန် အနည်းဆုံး အပျင်းပြေ ပြုံးရမယ့် အိုင်ဒီယာလေးတွေ ပေါ်ပေါ်လာတယ်။ ဒါပေမယ့် နေပါစေတော့လေ 😃

ဘောလုံးပွဲနေရာမှာ "နိုင်ငံ" "လူမျိုး" "ဘာသာ" အားပေးမှုတွေကို အစားထိုးကြည့်ပြီး ဖတ်လို့လည်း ရတယ်။

Saturday, December 2, 2023

သဘောကျရတဲ့ activist (Jullian Assange)

 Activist တွေမှာ သဘောအကျဆုံးတွေထဲက တစ်ယောက်ကတော့ Julian Assange ပဲ။
ဖွံ့ဖြိုးဆဲနိုင်ငံက activist တွေ အနောက်နိုင်ငံတွေကို ပြေးကြတယ်။ (ပြေးတာကို အပြစ်ရှိတယ်လို့ ဆိုလိုခြင်းမဟုတ်။ Julian Assange နဲ့ နှိုင်းယှဉ်ချင်လို့ ပြောတာ။ ကိုယ်လည်း ထိုင်းကို ပြေးလာတာပဲလေ) Julian Assange ကျတော့ အနောက်နိုင်ငံမှာ ရောက်နေပြီးသားသူက နိုင်ငံကို စွန့်ခွာတာ။ ခိုလှုံခွင့်ရတဲ့နေရာမှာလည်း သိုးလေးတကောင်လို ခေါင်းငုံ့မခံဘူး။ Assange ကတော့ Australia
နိုင်ငံသားပါ။


လန်ဒန်က အီကွေဒေါ သံရုံးမှာ ခိုလှုံခွင့်ရပေမယ့် အီကွေဒေါ အာဏာပိုင်တွေကို မနာခံတော့..... ဟိုက ရဲတွေကို ဖိတ်ပြီး ဖမ်းခိုင်းလိုက်ရော။ အီကွေဒေါက ပေးတဲ့ အကြောင်းပြချက်တွေကတော့.... အီကွေဒေါရဲ့ လုံခြုံရေးဖိုင်တွဲတွေကို ချိုးဖောက်ဝင်ရောက်တာ၊ ဂီတကို အကျယ်ကြီးဖွင့်တာနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိလို့တဲ့။ 


အများစုက တခြားနိုင်ငံတွေကို အာခံရဲကြပေမယ့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို သူတို့နိုင်ငံထဲက ထိထိရောက်ရောက် အာခံနိုင်သူ၊ တုန်လှုပ်သွားအောင် အမှန်တရားကို ဖော်ထုတ်နိုင်သူ ရှားတယ်။
လွတ်လပ်မှုကို အားပေးပါတယ်ဆိုတဲ့ အမေရိကန်ရဲ့ သဘောထားကလည်း မြန်မာမှာ ကိုဝလုံး နဲ့ ကိုကျော်စိုးဦးကို ထောင်ချခဲ့တဲ့ မြန်မာအစိုးရရဲ့ သဘောထားနဲ့ အတူတူပဲ။ နိုင်ငံတော်လျှို့ဝှက်ချက်ကို ဖော်ထုတ်လို့ ပြစ်ဒဏ်ခတ်တာ။ နိုင်ငံတော် လျှို့ဝှက်ချက်ကလည်း ဘာကြီးများလဲဆိုတော့ ခိုးကြောင်ခိုးဝှက် လူသတ်တာ။ အမေရိကန်ကလည်း သူများနိုင်ငံကိုသာ လိုက်အပြစ်တင်တာ (အပြစ်မဲ့ အရပ်သားတွေကို သတ်တာကို အပြစ်တင်ခြင်းက မမှားပါဘူး။ ဒါပေမယ့် သူ့နိုင်ငံကလည်း အလားတူ လုပ်ခြင်းကလည်း မှားတာ။ သူတို့တောင် မတရားသတ်သေးတာပဲ၊ ငါတို့နိုင်ငံက သတ်တာ ဘာဖြစ်လဲ ဆိုသူတွေကိုလည်း ကျွန်တော်က အရင်ကတည်းက ဆန့်ကျင်ပါတယ်)၊ ပြောလိုရင်းကို ပြန်ကောက်ရရင် အမေရိကန်က သူများနိုင်ငံကိုသာ လိုက်အပြစ်တင်တာ။ Julian Assange တို့ ဖော်ခဲ့တဲ့ အမေရိကန်ရဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ထဲမှာလည်း အမေရိကန် စစ်သားတွေက  အီရတ် အရပ်သား ၁၈ ယောက်ကို ဟယ်လီကော်ပတာပေါ်ကနေ ပစ်ခတ်တာလည်းပါတယ်။ 


အဲလိုပဲ နိုင်ငံတော် လျှီု့ဖော်ကောင်လုပ်ခဲ့တဲ့ Snowden ကိုဆိုလည်း အမေရိကန်က အကြီးအကျယ် မဲတာပဲ။
အမှန်ကို ဖွင့်ချနိုင်သူချင်းအတူတူ Snowden နဲ့ မတူတာက Snowden က ရုရှားမှာ Asylum ခံပြီး ပူတင်က Snowden ကို ရုရှားနိုင်ငံသားပါ ပေးလိုက်တာ။ ဒီတော့ Snowden က ဟိုဘက်က ပြေးပြီး တခြားတဘက်ကို ပြေးကပ်တာမို့ သိပ်မထူးဘူး။ Snowden ကတော့ ခိုလှုံခွင့်ရခဲ့တဲ့ အီကွေဒေါသံရုံးအထိပါ မဟုတ်မခံ။
သူက ငယ်ငယ်ကတည်းက ဇနဲ့ပါ။ ငယ်ငယ်ကတည်းက ဟက်ကာ။ သူက သင်္ချာရယ်၊ Physics ရယ်၊ ကွန်ပျူတာ ပရိုဂရမ်းမင်းရယ်ကို (၁၉၉၄) မှာ ကွင်းစလန်း တက္ကသိုလ် (၂၀၀၃ ကနေ ၂၀၀၆) မှာ မဲလ်ဘုန်း တက္ကသိုလ်တွေမှာ သင်ယူခဲ့ပေမယ့် ကျောင်းတောင် ပြီးအောင် မတက်ခဲ့ပါဘူး။ ငယ်ငယ်တုန်းကတည်းက ဟက်ကာ လုပ်ခဲ့တယ်ဆိုပေမယ့် သူက သူချမှတ်ထားတဲ့ ethics တွေနဲ့အညီ၊ ကျင့်ဝတ်တွေနဲ့ အညီ ဟက်ကာလုပ်တာ။ သူဟာ system တွေကို ပျက်စီးအောင် မလုပ်ဘဲ information တွေကိုပဲ ပြန်ရှယ်တာ။ ဖော်ထုတ်တာ။ ၁၉၉၁ မှာ သူ့ကို အအောင်မြင်ဆုံး ဟက်ကာ ဖြစ်ကောင်းဖြစ်မယ် လို့ The Guardian က ရေးသားခဲ့တယ်။ ၁၉၉၆ ဒီဇင်ဘာမှာဆိုရင် သူဟာ သီအိုရီအရဆိုရင် ထောင် နှစ်ပေါင်း ၂၉၀ အထိ ကျနိုင်တဲ့ ဟက်ကာ အမှုတွေကို ရင်ဆိုင်ခဲ့ရတာပါ။ 


၂၀၁၉ ဧပြီလက စပြီး သူက လန်ဒန် Belmarsh ထောင်ထဲမှာပါ။ ၂၀၂၂ မတ်လကတော့ သူ့ရဲ့ ပါတနာ Stella Moris နဲ့ ထောင်ထဲမှာပဲ လက်ထပ်လိုက်တယ်။ သူတို့က ကလေးနှစ်ယောက်တော့ ရပြီးသားပါ။
၂၀၂၁ ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခံရတယ်။ ဆုတော့ မရနိုင်မှန်း သိကြပါတယ်။ ဒါပေမယ့် ဆုတွေ အများကြီး ရခဲ့ပါတယ်။ John Lenon ရဲ့ ဇနီး Yoko Ono Lenon ပေးတဲ့ Courage Award for the Arts ဆု အပါအဝင်ပေါ့။ နောက်ဆုံးရထားတဲ့ ဆုကတော့ ဂျာမနီနိုင်ငံ  Academy of Arts, Berlin က ပေးတဲ့ Konrad Wolf Prize ပါ။ 


Caption: Julian Assange during a press conference attended by international media (Photo: David G. Silvers, Cancillería del Ecuador)