Tuesday, May 19, 2026

ကံရာဇာငယ် ဆင်ဒရုမ်း

 ( ကံရာဇာငယ် ဆင်ဒရုမ်း )

တဘဝလုံးတလျှောက် ဒိတ်ထားတဲ့ အရာနဲ့
ညလုံးပေါက် အိပ်မထားတဲ့ ကဗျာ
နှလုံးသားချင်း ဆိုင်မိခိုက် ပေါ်လာတဲ့ အရာဟာ
ဒေသနာလား
ဝေဒနာလား။
AI ခေတ်ကြီးထဲက
ကမ္ဘာတလွှားမှာ
မည်ကာမတ္တ ဘုရားတွေ
မတည်ခင်ကတည်းက ပြိုနေကြတယ်။
အုတ်မြစ်မှာ လေခို နေပေမဲ့
ဆုတ်ခေတ်မှာ ရွှေလို တောက်ပ
မြွေလိုပေါက်ပြ ကြမယ့် ဘုရားတွေ။
ပညာရှာမှီးမှုကို
ပိုက်သာဂိုးရပ်စ်က အိုလံပစ်ပွဲတော်နဲ့ နှိုင်းဖူးတယ်။
တချို့က ပွဲတော်မှာ ရောင်းဝယ်ဖောက်ကားပြီး ငွေလာရှာတာ
တချို့က ပွဲတော်မှာ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ဂုဏ်လာရှာတာ။
မြတ်နိုးသူ တချို့ကသာ ပွဲတော်ကို လာလေ့လာကြတဲ့ observer
တကယ်တမ်းကျ
သဘာဝလောက အပေါ်
ပိုက်သာဂိုးရပ်စ်လည်း observer
ဗုဒ္ဓလည်း observer
လောက်ဇူးလည်း observer
ပိုက်သာဂိုးရပ်စ်ရေ
နှစ်ထောင်ချီကြာ ခေတ်ကမို့
ခေတ်မမီ ဂိုဏ်းဆိပ်သင့်တာတွေ ရှိပေမယ့်
တကယ်တမ်းကျ
အလုံးစုံမျှဝေတဲ့ ဘုံစနစ်ကို စခဲ့တာမှာ
ခင်ဗျားတို့က နှစ် ၂၀၀၀ ကျော်တောင် စောခဲ့တယ်။
ပစ္စည်းဥစ္စာတွေပဲ ဘုံထားခဲ့တာမဟုတ်။
ရှာဖွေတွေ့ရှိသူအမည်တွေကိုပါ ဘုံထားခဲ့တာမျိုး
သမိုင်းမှာ အရမ်း ရှားပါးခဲ့။
ဂြိုဟ်တွေကသာ နေကိုပတ်နေကြောင်း
ဟီလီယိုဆန်းထရစ် မော်ဒယ်ကို တင်ပြရုံနဲ့
အရှင်လတ်လတ် မီးရှို့သတ်ခံရတဲ့ သိုးမည်း
ဂျော်ဒါးနိုး ဘရူနိုဟာ
ကမ္ဘာ့ တော်လှန်ရေးဘုရားတဆူလိုပဲ။
ရာဇဝင်တခုထဲမှာ အာခီမီးဒီးစ်က ဆိုတယ်
လူကို သတ်ချင်သတ်
စက်ဝိုင်းတွေကို မနှောင့်ယှက်ပါနဲ့တဲ့။
တချို့ကျောင်းသားတွေက ပြောတယ်။
Pure maths သင်တာ ဘာအတွက်လဲတဲ့
အဲဒီမေးခွန်းကလည်း နှစ်ပေါင်း ၂၀၀၀ ကျော် နောက်ကျနေပါတယ်။
ခက်လွန်းတဲ့ ဂျီဩမေတြီ သင်ယူလို့ ဘာပြန်ရမှာလဲ ဆိုတဲ့ ရှေးခေတ် ကျောင်းသားအတွက်
"ဟေ့.... သင်္ချာသင်တာကနေ အကျိုးအမြတ် ပြန်ရဖို့
မျှော်နေတဲ့ကောင်ကို ဒင်္ဂါးလေးတပြား ပေးလိုက်ပါ" လို့
ယူကလစ်က ပြောခဲ့တယ်။
ရာဘာကို သန့်စင်ဖို့ကြိုးစားသလိုနဲ့
စိတ်ဝိညာဉ်ကို သန့်စင်ဖို့ ကြိုးစားသွားရှာတဲ့ ရူးရူးမူးမူးသမား
Charles Good Year
အကြိမ်ကြိမ် အကြွေးတင် အကျဉ်းကျခဲ့တာပေါ့။
မြန်မာပြည်က နွမ်းပါးတဲ့ သင်္ချာသမားရဲ့ အပြုံးနဲ့
မီးခံသေတ္တာတလုံး ဝယ်လိုက်သတဲ့
ရွှေတွေငွေတွေ ထည့်ဖို့မဟုတ်
သင်္ချာစာအုပ်တွေကို အမြတ်တနိုးသိမ်းဖို့။
ဟိန္ဒူဘုရား
ခရစ်ရှနားက ပြောတယ်။
အလုပ်တခုကို လုပ်တဲ့အခါ
ရလဒ်ကို မကြောင့်ကြဘဲ
ဘုရားကို ပူဇော်သလို မြတ်မြတ်နိုးနိုး လုပ်ပါတဲ့။
ဒီတော့...
ပညာကို ချစ်သူလို သဘောထားပါ
သင်္ချာကို ချစ်သူလို သဘောထားပါ
ချစ်သူလေးနဲ့ နေ့တိုင်းထိတွေ့လိုက်စမ်းပါ။
အချစ်သီချင်းတွေ နားထောင်တဲ့အခါ
ပညာကို... ချစ်သူလေးလို မြင်ယောင်လိုက်
ဒါမှမဟုတ် သင်္ချာကို ချစ်သူလေးလို မြင်ယောင်လိုက်ပေါ့
နားညဉ်းအောင် ဘာဒုက္ခမှလည်း မပေး
သံသယ မေးခွန်းတွေလည်း လာမေးမှာ မဟုတ်။
တခုတော့ ရှိတာပေါ့
သူ့အတွက် ရင်းလိုက်ရတဲ့ ဘဝမှာ
စီးပွားရေး သမားတွေလို ငွေလည်း ပြန်မရ
အဆိုတော်တွေလို လက်ခုပ်သံလည်း ပြန်မရ
လူသားချစ်သူ ဆီကလို အနမ်းတွေလည်း ပြန်မရ
သင်္ချာတွေထဲမှာ ကိန်းဝပ်နေတဲ့ ရှာရအခက်ဆုံး အလှအပကို
လောကရဲ့ ပျမ်းမျှလူသားတွေက
အနုပညာလို့တောင် မြင်ပေးကြမှာ မဟုတ်ဘူး။
စီးပွားရေးသမားတွေက
ဉာဏ်ရည်စစ် လုံးဝ သုံးစရာမလိုဘဲ
ဉာဏ်ရည်တု သုံးပြီး စီးပွားရှာနည်း သင်တန်းတွေ ဖွင့်နေချိန်
AI ပညာရှင်လိုလို ငွေတွေသဲ့ယူနေကြချိန်မှာ
ညီလေးရေ
AI ရဲ့ အခြေခံ အီကွေးရှင်း
y = mx + c ဆိုတာကနေ
ဉာဏ်ရည်တု ဖြစ်လာသည်အထိ
အလှအပတွေ၊ ဒဿနတွေကို လိုက်ခံစားနေတဲ့မင်းကို
ဈေးကွက်စီးပွားရေးစနစ်ကြီးက
AI သမားအဖြစ်တောင် အသိအမှတ်ပြုမှာ မဟုတ်ဘူး။
ပညာသမားဟာ စကားပြောဖော် ရှားပါးလာတယ်။
သူများနဲ့ စကားပြောဖို့ နေနေသာသာ
ကိုယ့်ဘဝကတောင် ကိုယ့်ကို နားမလည်ဘူး ဖြစ်လာမယ်။
ညီလေးရေ
နိချရဲ့ Übermensch ဓားကိုသွေး
Amor fati လို့ပဲ တွေးလိုက်ပါ။
စကားပြောဖော် မရှိတဲ့အခါ
ပိုက်သာဂိုးရပ်စ်လို ဂီတ နဲ့ စကားပြောပါ။
စိန့်ဖရန့်စစ်လို့ ပန်းပွင့်တွေနဲ့ စကားပြောပါ။
တက်စ်လာလို ခိုလေးတွေနဲ့ စကားပြောပါ
ကမ္ဘာကြီးတခုလုံး
ကံရာဇာငယ် ဆင်ဒရုမ်းနဲ့။
ကောင်းကင်ကို (May 19 )

No comments: