Showing posts with label Facebook status. Show all posts
Showing posts with label Facebook status. Show all posts

Friday, December 11, 2015

Gender Discrimination နဲ့ ပတ်သတ်လို့

ကမ္ဘာပေါ်မှာ (ယေဘုယျအားဖြင့်) အမျိုးသမီးတွေ တန်းတူ အခွင့်အရေး မရသေးဘူး။ ယေဘုယျအားဖြင့် တစ်ဆင့်နှိမ်ခံနေရတယ် ဆိုတာက အရှိတရား။ အဲဒီအတွက် တိုက်ပွဲဝင်ကြတာ၊ အဲဒါ ပပျောက်ရေး အတွက် “နည်းလမ်းမှန်မှန်” နဲ့ ကြိုးစားကြတာကို အပြည့်အဝ ထောက်ခံပါတယ်။ ဒါပေမဲ့ အမျိုးသမီးဝါဒီ အမည်ခံထားသူတွေရဲ့ အပြောတွေ၊ လုပ်ရပ်တွေနဲ့ ပတ်သတ်လာရင်တော့ ထောက်ခံတဲ့ အပိုင်းရော၊ မထောက်ခံတဲ့ အပိုင်းပါ ရှိတယ်။

ကျွန်တော် အဓိက ပြောချင်တဲ့ အချက်တွေက

(၁)
 ယောကျာ်းတွေ အကုန်လုံးကို သိမ်းကြုံး မကောင်းပြောတာ။ ဥပမာ “ယောကျာ်းများက ဖောက်ပြားတတ်တယ်” ဆိုတာမျိုး။ တကယ်ကတော့ ယောကျာ်းထဲမှာရော၊ မိန်းမထဲမှာပါ ဖောက်ပြားတဲ့သူတွေ ရှိမယ်။ ထားပါတော့ ယောကျာ်းတွေက ဖောက်ပြားတဲ့ ရာခိုင်နှုန်းပိုများတယ်ပဲ ထားပါဦး။ ရာခိုင်နှုန်း တကယ်များနေတယ် ဆိုရင်တောင်.... ရာခိုင်နှုန်းများတိုင်း အကုန်သိမ်းကြုံးပြောခြင်းဟာ ခွဲခြားဆက်ဆံမှုတွေ ဖြစ်လာစေတဲ့ အဓိက တရားခံပဲ။ ဥပမာ... ထိပ်တန်း သိပ္ပံပညာရှင် ရာခိုင်နှုန်းမှာ ယောကျာ်းများတာ၊ ထိပ်တန်း အတွေးအခေါ်ပညာရှင်တွေမှာ ယောကျာ်းများတာကို ကြည့်ပြီး မိန်းမတွေဟာ ယောကျာ်းတွေထက် ညံ့တယ်လို့ ကောက်ချက် မချသင့်သလိုပေါ့။

လိင်ခွဲခြား ဆက်ဆံခြင်း၊ racist ဖြစ်ခြင်း.... အဲဒါတွေမှာ ရာခိုင်နှုန်းလို pattern တွေကိုကြည့်ပြီး stereotype သဘောထားတွေ ပေါ်လာကြတာ။ လူတစ်ယောက်ကို လူလို့ပဲ မြင်နိုင်အောင် ကြိုးစားသင့်တယ်။

လူတစ်ယောက်က ဖောက်ပြန်နေတာလို့ မမြင်ဘဲ၊ လူတစ်ယောက်က အတင်းပြောနေတာလို့ မမြင်ဘဲ .... ယောကျာ်းတွေ ဖောက်ပြန်နေတာ၊ မိန်းမတွေ အတင်းပြောနေတာလို့ မြင်ပြီဆိုရင် ခင်ဗျားကိုယ်တိုင်က စပြီး ခွဲခြား ဆက်ဆံတဲ့သူ ဖြစ်သွားပြီ။

 (၂)

တချို့ ကိစ္စတွေမှာ reality ကို မျက်ကွယ်ပြုပြီး အတင်းလုပ်ချင်ကြတာ။

ဥပမာ... အကုန်လုံး အတင်းကြီး လိုက်ညှိကြေးဆိုရင် ဘောလုံးအသင်း တစ်သင်းမှာ ကျား/မ ဆိုတာတွေကို ဖျောက်ပြီး ... လူ ၁၁ ယောက်ရှိရင် ပြီးရော... ကျားဖြစ်ဖြစ် မဖြစ်ဖြစ် တန်းတူ ကန်ကြပါစေ... ဆို အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါမှမဟုတ် ကျား/မ အသင်းမခွဲဘဲ တစ်သင်းမှာ မ ခြောက်ယောက်၊ ကျားငါးယောက် ရှိရမယ်ဆိုပြီး ဇွတ်အတင်း balance လုပ်နေရင်လည်း ကောင်းမှာ မဟုတ်ဘူး။ တကယ်လုပ်သင့်တာက အမျိုးသမီး အသင်းတွေကိုလည်း လူတွေက တန်းတူ တန်ဖိုးထား အားပေးလာအောင်၊ အမျိုးသမီးအသင်းက အမျိုးသမီးကစားသမားတွေ... အမျိုးသားတွေနည်းတူ တန်းတူလစာမျိုး ရလာအောင် ကြိုးစားရမှာ (ဒါက ဥပမာ ပေးရုံ သက်သက်ပါ။ ဘောလုံးကိစ္စမှာ အဲလို အတင်းကြီး လိုက်ညှိနေတဲ့သူလည်း မရှိပါဘူး)

တချို့မိန်းမတွေဟာ ယောကျာ်းတွေထက် ရုပ်ပိုင်းဆိုင်ရာမှာ သန်စွမ်းပြီး ယောကျာ်းတစ်ယောက်ကို အလဲထိုးပစ်နိုင်တာမျိုးတွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ရုပ်ပိုင်းဆိုင်ရာအရ တချို့နေရာတွေမှာ ကွာခြားမှု ရှိတယ်ဆိုတဲ့ အရှိတရားကိုတော့ လက်ခံရမှာပေါ့။ မတူဘဲ ကွဲနေတာကို နေရာတကာ အကုန်တူတယ် ဆိုပြီး သွားလုပ်လို့ မရဘူး။

 တကယ်လုပ်သင့်တာက ... မိန်းမတွေက... ယောကျာ်းတွေထက် ပိုစွမ်းတဲ့ နေရာတွေလည်း အများကြီး။ အဲဒီ ကဏ္ဍမျိုးတွေကို၊ အဲဒီအပိုင်းမျိုးတွေကိုလည်း တခြား ကျားတွေကြီးစိုးနေတဲ့ ကဏ္ဍတွေ နည်းတူ တန်ဖိုးထားရေး ကြိုးစားသင့်တယ်လို့ ထင်တယ်။

 (၃)

 အခွင့်အရေး နဲ့ အတူ တာဝန်ယူမှုပါ ကပ်ပါလာမှာ။ သဘာဝအရ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းတဲ့ ကဏ္ဍတွေမှာ အမျိုးသမီးတွေကို ဦးစားပေးတာ၊ lady first လုပ်တာကို လက်ခံပေမဲ့ .... နေရာတကာမှာ အသာစီးလိုချင်ရင်ကျ အားနည်းကြောင်း ထောက်ခံသလို ဖြစ်သွားမှာ။

 ဥပမာ... ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း အသက်ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးတစ်ယောက် ဘတ်စ်ကားပေါ်မှာ နေရာမရဘဲ ရပ်ပြီး စီးနေရတယ် ဆိုပါစို့။ တကယ်ဆိုရင် ကျားတွေဟာ အဲဒီ အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ အရ မစော်ကားဖို့ဘဲ လိုတယ်။ နေရာထပြီး ဖယ်ပေးစရာ မလိုဘူး။ နို့မို့ဆိုရင် အမျိုးသမီးတွေဟာ အားနည်သူ အသွင် ဆောင်သွားမယ်။ (ဒါပေမဲ့ လက်တွေ့မှာတော့ လိင်ပိုင်းဆိုင်ရာ အသားယူချင်တဲ့ ကျားတွေ ရှိတော့ နေရာ ဖယ်ပေးလိုက်ပါ ။ အဲဒါက အမျိုးသမီးတွေ အားနည်းလို့ မဟုတ်ဘူး။ မကောင်းတဲ့ကောင်တွေ ရှိနေလို့ အခြေအနေအရ ကူညီလိုက်တဲ့ သဘော)

ပြီးတော့ ... လူတွေကို အေတီအမ်စက်လို သဘောမထားပါနဲ့။ အချောင်လိုချင်စိတ်မျိုး မထားပါနဲ့။ gold digger မလုပ်ပါနဲ့။ အဲ... အဲလိုလုပ်တဲ့သူတွေကတော့ ရှိမှာပဲ။ အဲလိုလုပ်နေရင်လည်း ကျားတွေက လုပ်နေတယ်၊ မ တွေက လုပ်နေတယ်လို့ တရားသေ သဘောမထားပါနဲ့။

(၄) ဘယ်ကိစ္စမဆို ကိုယ်သေချာမသိသေးဘူးဆိုရင်.....တစ်ခုခုဖြစ်တိုင်း “မ” တွေပဲ အမြဲမှန်တယ်၊ ကျား တွေပဲ အမြဲမှန်တယ် ဆိုတဲ့ ကောက်ချက် မဆွဲပါနဲ့။ အခွင့်ကြုံတုန်း မတူတဲ့ လိင်ကို ဆော်လိုက်မယ် ဆိုတဲ့ စိတ်မျိုး မထားပါနဲ့။

 (၅)
အမျိုးသမီးဝါဒီ ဖြစ်တိုင်း ယဉ်လပ်ကို ထောက်ခံစရာ မလိုဘူး။ နိုင်ငံရေးမှာ .... ကိုယ်က အမျိုးသမီးဝါဒီ တစ်ယောက်ဖြစ်ရုံနဲ့ အမျိုးသမီးခေါင်းဆောင် တစ်ယောက်ကို ထောက်ခံစရာ မလိုဘူး။ ဒီလိုပဲ အမျိုးသမီးဖြစ်ရုံနဲ့ မစွမ်းဆောင်နိုင်လောက်ဘူး ဆိုပြီး မနှိမ်သင့်ဘူး။ စွမ်းဆောင်ပြသွားတဲ့ သူတွေ အများကြီး။

(၆)
ဘယ် ယောကျာ်းတစ်ယောက်မှ ယောကျာ်းတိုင်းကို ကိုယ်စားမပြုသလို ဘယ်မိန်းမ တစ်ယောက်မှလည်း မိန်းမတိုင်းကို ကိုယ်စားမပြုဘူး။
 ကောင်းကင်ကို (၁၁ ဒီဇင်ဘာ - ၂၀၁၅)
 Facebook မှာ အရင်တင်ခဲ့တဲ့ ပို့စ်ပါ။

Tuesday, November 3, 2015

မှော်ရုံတော နဲ့ ခြူးပိုက်ဆံ

၁၉၉၈ လောက်တုန်းက မှော်ရုံတောမှာ မောလှပြီကို အရင်ဖတ်ဖြစ်ပြီး၊ နောက်ခြောက်လလောက်နေတော့ လစန္ဒာနဲ့ ခြူးပိုက်ဆံကို ဖတ်ဖြစ်တယ်။ မှော်ရုံတော ကို အရင်ဖတ်ထားတာ ဆိုတော့ ခြူးပိုက်ဆံကို ဖတ်ပြီး တမျိုးကြီး ဖြစ်သွားတယ်။ မှော်ရုံတော ထဲမှာက ဂေါ်ဂင်က စိတ်ကူးယဉ်သူရဲကောင်း ဆန်ဆန် ဖြစ်နေပြီး၊ ခြူးပိုက်ဆံထဲမှာကျ (ဂေါ်ဂင်ကို မှီးပြီး ပုံဖော်ထားတဲ့) စထရစ်ကလန် က ရက်စက်တဲ့သူလို ဖြစ်နေတာကိုး။ အဲဒီတုန်းက မှော်ရုံတောကိုပဲ ပိုကြိုက်တယ်။ ခြူးပိုက်ဆံ ကို သိပ်သဘောမကျဘူး။

ဒါပေမဲ့ အခုပြန်တွေးကြည့်တော့ မှော်ရုံတော က ဒရမာတွေများ စာရေးဆရာ ဖန်တီးယူတာတွေများပြီး စိတ်ကူးယဉ်ဆန်သလို၊ အစစ်နဲ့ ပိုဝေးသလို ခံစားရတယ်။ (ဝတ္ထုပေမဲ့) ခြူးပိုက်ဆံက သဘာဝ ပိုကျသလို ခံစားရတယ်။

ဘာသာပြန်တွေပဲ ဖတ်ဖူးတာပါ။

Thursday, October 22, 2015

အရက်သမားများ ဂုဏ်တက်ခြင်း

()
ဘာသာရေး ဆိုတာ အရက်သမား၊ ဆေးသမား တစ်ယောက်ကိုတောင် ဂုဏ်တက်သွားစေနိုင်တယ်။

()
ဘယ်လို ဂုဏ်တက်စေနိုင်သလဲ?
ဘာသာရေး အစွန်းရောက်ပြီး ဘာသာရေးနာမည်နဲ့ ဗုံးခွဲနေကြ၊ လူသတ်နေကြတော့.... 

အရက်သမား တစ်ယောက်ကို တွေ့တဲ့အခါ 

... ဒီကောင်ကတော့ အရက်လည်း သောက်တယ်ကွ။ ဆေးခြောက်လည်း ရှူတယ်။ ဒါဆို ဒီကောင် ဘာသာရေး အယူမသည်းတဲ့ကောင်ပဲ။ ငါတို့ ကြောက်စရာ မလိုတော့ဘူး” ဆိုပြီးတော့။

()
ဟုတ်တော့လည်း ဟုတ်တယ်။ နေရာတကာ ဘုရားအကြောင်း ပြောတတ်တဲ့သူတွေ တွေ့ရင် ခင်ဗျားလည်း ဘုရားသာ တနေပေတော့။ အဆင်မပြေဖို့၊ ဒုက္ခရောက်ဖို့က ၅၀ ရာခိုင်နှုန်းကျော် ရှိတယ်။

(၄)
ခေတ်သစ်အမြင်မှာ၊ လူသားဝါဒီတွေရဲ့ အမြင်မှာ အရက် အလွန်အကျွံ စွဲနေတဲ့လူကမှ တင့်တယ်ဦးမယ်။ ဘာသာရေး အလွန်အကျွံစွဲလမ်းနေတဲ့လူက အမြင်မတင့်တော့ဘူး။

ဘာသာရေး အလွန်အကျွံ စွဲလမ်းမှုဆိုတာ ရှက်တတ်မယ်ဆိုရင် တကယ်ကို ရှက်စရာ။

ကောင်းကင်ကို (အောက်တိုဘာ ၂၂) 

Wednesday, October 21, 2015

ပြောင်းလဲချိန်တန်ပြီ

မြန်မာနိုင်ငံကို လက်တွေ့ ပြောင်းလဲပေးနိုင်မှာ တစ်ဖွဲ့ပဲ ရှိတယ်။ ၂၀၁၃ တုန်းက မိတ္ထီလာမှာ ရွက်ဟောင်းကြွေပြီး ရွက်သစ်ဝေမှုတွေ ဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့ကြတဲ့ အဖွဲ့ပေါ့။


သူတို့ကြောင့် အဆောက်အဦး အဟောင်းတွေ နေရာမှာ အဆောက်အဦးသစ်တွေ ပေါ်လာတယ်။ အမယ်... သူတို့ကြောင့် နိုင်ငံခြားက အလှူငွေတွေတောင် မြန်မာနိုင်ငံထဲ ဝင်လာလိုက်သေးတယ်။ လူတွေလည်း ကောင်းကင်ဘုံတို့ ၊ နတ်ပြည်တို့ကို မြန်မြန်ရောက်ရော။

ကဲ... ရွာစားရေ... မြန်မာပြည် ပြောင်းလဲဖို့၊ ကမ္ဘာမကျေအကြောင်း သီချင်းနဲ့ ပို့။


Thursday, October 15, 2015

ရွှေဝါရောင်ဆီကနေ ထွက်လာတဲ့ အတွေး

ရွှေဝါရောင်တုန်းက ခေါင်းဆောင် ဘုန်းကြီးအများစု၊ နောက်လိုက် ဘုန်းကြီး အများစု၊ ပါဝင်ကြတဲ့ လူတွေ အများစုကို ချီးကျူးချင်ပါတယ်။ တကယ် သတ္တိရှိကြ၊ အနစ်နာခံခဲ့ကြ ပါတယ်။ စစ်အာဏာရှင်ကို လူမျိုး၊ဘာသာပေါင်းစုံ အတူတူ လက်တွဲ တော်လှန်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒါက တစ်ပိုင်းပါ။ ဘာသာရေး ခေါင်းဆောင်တွေ နိုင်ငံရေးမှာ အင်အားစုကြီး တစ်ခု အဖြစ် ပါလာတာကို သဘောမကျတော့ဘူး။ ရေရှည်မှာ ကောင်းကျိုးထက် ဆိုးကျိုးပဲ ပိုများလိမ့်မယ်လို့ ထင်တယ်။

သာမန် ဘုန်းကြီး တစ်ပါးချင်း NLD ကို ကြိုက်တာ၊ ကြံ့ဖွံ့ကို ကြိုက်တာမျိုး၊ ဘယ်ပါတီကို ထောက်ခံတယ် ဆိုတာမျိုးကတော့ အပြစ်ပြောစရာ မရှိပါ။ ဝိနည်းတွေ ဘာတွေ အသာထား။ ဒီနိုင်ငံမှာ နေနေတဲ့ အတွက် ဘယ်ပါတီကို ကြိုက်တယ်၊ ဘယ်ပါတီကို မကြိုက်ဘူး ဆိုတဲ့ ခံစားချက်မျိုးကတော့ လူတွေမှာရော၊ ဘုန်းကြီးတွေမှာပါ ရှိမှာပါ။ သာမန်ဘုန်းကြီးတစ်ပါးက သာမန်သဘောမျိုး ပါတီတစ်ခုခုကို ထောက်ခံတာ၊ မိတ်ဆွေတွေကို “x ပါတီကို မဲပေးကြ၊ y ပါတီကို မဲပေးကြ” ဆိုပြီး မဲဆွယ်တာမျိုးကိုတော့ ဆန့်ကျင်စရာ မရှိပါဘူး။ ခံစားချက်ဆိုတာက ဘယ်သူမှ မကင်းနိုင်ဘူးလေ။

ဒါပေမဲ့ နိုင်ငံရေးမှာ အင်အားစုကြီးတစ်ခုလို၊ ဦးဝီရသူတို့လို ဝင်ပါတာမျိုးကိုတော့ ကျွန်တော် တစ်ယောက်တည်း အမြင်အရ သဘောမကျတော့ဘူး။ ဒီမိုကရေစီအရေး ဘက်က ဝင်ပါတယ်ဆိုရင်တောင် သဘောမကျတော့ဘူး။

အပေါ်မှာ ကျွန်တော် ပြောခဲ့တာ ရှိတယ်နော်။ “မန်ဘုန်းကြီးတစ်ပါးက သာမန်သဘောမျိုး ပါတီတစ်ခုခုကို ထောက်ခံတာ၊ မိတ်ဆွေတွေကို “x ပါတီကို မဲပေးကြ၊ y ပါတီကို မဲပေးကြ” ဆိုပြီး မဲဆွယ်တာမျိုးကိုတော့ ဆန့်ကျင်စရာ မရှိပါဘူး” လို့။ ဒါပေမဲ့ နာမည်ကြီးတဲ့ အရှိန်အဝါကြီးတဲ့ ဆရာတော်တွေ ဆိုရင်တော့ အဲဒီလိုမျိုးတောင် မပြောသင့်ဘူး။ နာမည်ကြီးသူမို့ နိုင်ငံရေး အင်အားစုတစ်ခုလို သက်ရောက်လာမှာမို့ ပိုပြီး စောင့်ထိန်းသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် secular အနေအထားကို ပျက်ယွင်းစေနိုင်မယ်လို့ ထင်လို့ပါ။ အင်အားစုကြီး တစ်ခုဖြစ်လာပြီဆိုရင်... ဝေဖန်ဖို့ဆိုတာက သင်္ကန်းကြီးခံနေမယ်၊ ဒါမှမဟုတ် ဘာသာရေးခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကြီး ခံနေမယ်။ သာမန်လူတွေနဲ့ ဝိတ်မမျှတော့ဘူး။ ဘာသာရေး ဂိုဏ်းကွဲမှုတွေ၊ ဘာသာရေး ဘက်လိုက်မှုတွေလည်း ဖြစ်လာမယ်။

ဒီလိုပဲ ... ဗုဒ္ဓဘာသာမှ မဟုတ်ပါဘူး။ ဘယ်ဘာသာက ဘာသာရေး ခေါင်းဆောင်ဖြစ်ဖြစ် နိုင်ငံရေးမှာ အင်အားစုကြီးတစ်ခုလို ဝင်မပါတာ ကောင်းတယ်။ ထဲထဲဝင်ဝင် ဝင်မပါတာ ကောင်းတယ်။ တကယ်လို့ ထဲထဲဝင်ဝင် ဝင်ပါချင်ရင်လည်း ရပါတယ်။ ဘာသာရေးခေါင်းဆောင် အဖြစ်ကို စွန့်လွှတ်ပြီးမှ ဝင်ပါလိုက်ပါ။

စစ်အာဏာရှင်တွေကို အရမ်း မုန်းတီးပေမဲ့ ဘာသာရေး အာဏာရှင်တွေကို ကျွန်တော် ပိုမုန်းပါတယ်။ အီဂျစ်မှာ မူစလင်ဘရားသားဟု(ဒ်) သမ္မတ မော်စီကို ဖြုတ်ချပြီး စစ်အာဏာရှင်တွေ အာဏာရလာခဲ့တဲ့ ကိစ္စမှာ စစ်အာဏာရှင်တွေကို ကျွန်တော် လုံးဝ မကြိုက်ပါဘူး။ ဒါပေမဲ့ နိုင်ငံရေးမှာ ဘာသာရေး အလွန်အကျူး စွက်ဖက်လာခဲ့တဲ့
မူစလင်ဘရားသားဟု(ဒ်) ကို ပိုပြီး မကြိုက်ပါဘူး။ စစ်အာဏာရှင်တွေကို မုန်းတာထက်ကို ဘာသာရေး အာဏာရှင်တွေကို မုန်းတာက ပိုပါတယ်။ အာဏာရှင်အများစုကတော့ (စစ်+ဘာသာရေး) အာဏာရှင်တွေ ဖြစ်နေတတ်ပါတယ်။ မြန်မာက အာဏာရှင်တွေကလည်း အဲလို အာဏာရှင်မျိုးပါ။

ကောင်းကင်ကို (၁၅၊ အောက်တိုဘာ ၂၀၁၅)

Wednesday, October 14, 2015

ဖဲဝိုင်း

မူပြတော့လည်း တန်ဖိုးပိုတက်သွားတာပေါ့။ ကျန်တာတွေ ခဏမေ့သွားကြပြီး.... ဟင်ခနဲ၊ ဟာခနဲ ဖြစ်ပြီး .... "မလုပ်ပါနဲ့ကွာ၊ တို့ မစောင့်နိုင်တော့ဘူး" ဆိုတဲ့ အသံတွေ ထွက်လာတော့တာပေါ့။ ဖဲတောင် မကစားရသေးခင် ညစ်တာတွေများနေတာ လူတွေသိကုန်တော့ တန်ဖိုးမဲ့သလို ဖြစ်နေပြီလေ။ ဒီတော့ ကစားပွဲကို တန်ဖိုးမြှင့်ပေးဖို့၊ ပရိုမိုးရှင်း လုပ်ပေးဖို့ လိုလာတာပေါ့။ ဒါကြောင့် တန်ဖိုးလုပ်တဲ့အနေနဲ့ မူပြလိုက်ရတာ နေမှာ။

တကယ်ကတော့ ကိုယ်တိုင် ကုလားဖန်ထိုး၊ ကိုယ်တိုင် ဖဲချို:ထားသူတွေက... ကစားဖို့ စိတ်အားအထက်သန်ဆုံး သူတွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ (ဒါပေမဲ့ ဒီလောက်ညစ်ထားတဲ့ ကြားက စိုးရိမ်စိတ် လွန်ကဲပြီး သူတို့ ကြောက်နေတာလည်း ဖြစ်နိုင်ပါတယ်)

ကုလားဖန်ထိုးသူတွေက... တချို့အိမ်တွေ ရေကြီး၊ မြေပြိုနေလို့ ဖဲဝိုင်းကို လာနိုင်မှာ မဟုတ်ဘူးဆိုပြီး စာနာသလိုလို၊ ဘာလိုလိုနဲ့ ကစားပွဲ ရွှေ့ချင်သယောင်ယောင် အမှတ် ဝင်ယူလိုက်ကြချင်သေးတယ်။ မရွှေ့ချင်တဲ့သူတွေကပဲ စာနာစိတ် မရှိသယောင်ယောင် ဘာယောင်ယောင်ပေါ့။ ပိုင် သကွာ။

(၁၄ အောက်တိုဘာ၊ ၂၀၁၅)

Thursday, August 27, 2015

ဘုရား ဖြစ်နိုင် မဖြစ်နိုင်

အမျိုးသမီးတွေ ဘုရားဖြစ်နိုင် မဖြစ်နိုင်ကို တချို့ ဆွေးနွေးကြတယ်။ တချို့ကလည်း အမျိုးသမီးတွေ ဘုရားဖြစ်ခွင့် မရှိဘူးဆိုပြီး မကျေမနပ် ညဉ်းညူကြတယ်။ တကယ်တော့ အခုလို ခေတ်မှာ အမျိုးသမီးတွေရော၊ အမျိုးသားတွေရော ဘယ်သူမှ (ဘာသာကြီးတွေက) ဘုရားမျိုး၊ တမန်တော်မျိုး မဖြစ်နိုင်တော့ဘူး။ အလွန်ဆုံးဖြစ်ရင် နတ်လို ဟာတွေလောက်ပဲ ဖြစ်မယ်။ ဒါမှမဟုတ် အိုရှိုးလောက်၊ Sai Baba လောက်၊ ဒလိုင်းလားမားလောက်တော့ ဖြစ်နိုင်တယ်။

ဘုရားတွေ၊ တမန်တော်တွေဟာ ရှေးတုန်းက ပေါ်ခဲ့လို့သာ သိပ်အစစ်ဆေး မခံခဲ့ရတာ။ ဒီခေတ်မှာသာ ပေါ်လာပြီဆိုရင် အများစုက... "ဟုတ်မှဟုတ်ရဲ့လား၊ ညာနေတာလား၊ စိတ္တဇဖြစ်နေတာလား" စတဲ့ သံသယတွေနဲ့ စစ်ဆေးကြလိမ့်မယ်။ တချို့ကပဲ သူတို့ကို ဘုရားအဖြစ် လက်ခံကြလိမ့်မယ်။ ဒီတော့ အခုလက်ရှိ ဘာသာကြီးတွေကလို အများစုလက်ခံတဲ့ ဘုရားတွေ၊ တမန်တော်တွေ ပေါ်လာဖို့ဆိုတာ ပဒေသရာဇ်ခေတ်ကို ပြန်ရောက်သွားမှပဲ ဖြစ်နိုင်မယ်ထင်တယ်။

ခုခေတ်လူတွေဟာ.... "ရှေးခေတ်တုန်းက တန်ခိုးရှင်တွေ၊ ဘုရားတွေ... မိုးပေါ်ပျံနိုင်ခဲ့တာတွေ ရှိခဲ့နိုင်တယ်၊ လူနဲ့ တိရစ္ဆာန်စကားပြောခဲ့တာတွေ ရှိခဲ့နိုင်တယ်" ဆိုပြီး ဆက်ယုံနေကြသေးပေမဲ့ အခုခေတ်လူတစ်ယောက်ယောက်က သူ မိုးပေါ်ပျံနိုင်တယ်လို့ လာပြောရင်တော့ အများစုက ယုံကြမှာ မဟုတ်တော့ဘူး။ လိမ်နေတာလို့ ပြောကြလိမ့်မယ်။ အရူးလို့ ပြောကြလိမ့်မယ်။

အစဉ်အဆက်လက်ခံလာမှုကြောင့်သာ ရှေးကအဖြစ်တွေကို ဆက်ယုံနေကြတာ။ ဒီတော့ အခုခေတ်မှာ ဘုရားတွေ၊ တမန်တော်တွေ ပေါ်ဖို့ဆိုတာ မလွယ်တော့ဘူးပေါ့။

အမျိုးသမီးတွေ ဘုရားဖြစ်ဖို့၊ တမန်တော်ဖြစ်ဖို့ ဆိုတာတွေနဲ့ ပတ်သတ်ပြီး ပြောရရင် ... ဘုရားဖြစ်ဖို့ဆိုတာက လက်ခံမယ့်သူတွေ အုံလိုက်ကျင်းလိုက် လိုတယ်လေ။ လူအများစုက ဘုရားဆိုတာ အမျိုးသားပဲဖြစ်ရမယ်၊ တမန်တော်ဆိုတာ အမျိုးသားပဲ ဖြစ်ရမယ်လို့ လက်ခံထားတဲ့နောက်မှတော့ အမျိုးသမီးတွေဟာ ဘုရားတွေ တမန်တော်တွေ မဖြစ်တော့ဘူးပေါ့။ ဒါတောင် Goddess တွေ ရှိနေပါတယ်။ ရှိခဲ့ပါတယ်။

အမျိုးသမီးတွေ ဘုရားမဖြစ်ရတော့လည်း ဘာအရေးလဲ။ အမျိုးသမီး အိုင်စတိုင်းတို့၊ အမျိုးသမီး စတီဖင်ဟောကင်းတို့ ဖြစ်အောင်လုပ်ပေါ့။ မဒမ်ကျူရီလို ဖြစ်အောင်လုပ်ခွင့်တော့ ရှိတယ်လေ။ (တိုးတက်တဲ့ နိုင်ငံတွေမှာပေါ့။ မတိုးတက်တဲ့ နိုင်ငံတွေမှာတော့ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော အဲလောက်ဖြစ်ထွန်းဖို့ ခက်တယ်။)

ဘာသာမဲ့ပြီးမှ... အမျိုးသမီးဘုရား မျှော်တာမျိုး... တခါတလေ တွေ့ရတာလည်း ပြုံးချင်စရာတော့ ကောင်းတယ်။ (အမျိုးသမီးအခွင့်အရေးကို ထောက်ပြချင်ကြတာ နေမှာပါ)

ယုံကြည်ချက်ကို အခြေခံကြတဲ့ ဘာသာရေးပါဆိုမှ... လူတွေကတော့ သူတို့ကိုးကွယ်မယ့် ဘုရားတွေ တမန်တွေဟာ အမျိုးသားပဲ ဖြစ်ရမယ်တို့၊ ဘာအမျိုးအနွယ်ပဲ ဖြစ်ရမယ်တို့ ဆိုပြီး သူတို့ဟာသူတို့ သတ်မှတ်ကြမှာပဲလေ။ သူတို့က အဲလိုဖြစ်သင့်တယ်လို့ ယူဆပြီး ကိုးကွယ်ကြတာကိုး။ ကိုယ်က အတင်း သွားပြင်လို့မှ မရတာ။

တကယ်အရေးကြီးတာက ဘုရားဖြစ်ခွင့် မဖြစ်ခွင့်ထက် လွတ်လွတ်လပ်လပ် ပညာသင်ခွင့်တွေ၊ တန်းတူအခွင့်အရေးတွေ ရဖို့ပဲ အရေးကြီးပါတယ်။

ကောင်းကင်ကို (၂၇ သြဂုတ်၊ ၂၀၁၅)

Saturday, August 15, 2015

ကျွန်တော်ဟာ ဖိနှိပ်သူ

ကျွန်တော်ဟာ ဖိနှိပ်သူ
--------------------------
မတရားမှု တစ်ခုမှာ ကြားနေရင် ဖိနှိပ်သူ ဘက်က ရပ်တည်လိုက်တာနဲ့ အတူတူပဲလို့ ပြောတတ်ကြတယ်။ ဒက်စ်မွန်တူးတူးရဲ့ စကားကို ကိုးကားပြီး ပြောကြတာပါ။ တကယ်တော့ ကောင်းမွန်တဲ့ စကားပါ။ အဲဒီစကားရပ်ကြောင့် လူတွေကို စေ့ဆော်သလိုဖြစ်ပြီး၊ မခံချင်စိတ်ကို ဆွပေးသလိုဖြစ်ပြီး မတရားမှုတွေလည်း နည်းနည်းပါးပါး ပိုလျော့သွားနိုင်တယ်လေ။

ကျွန်တော်လည်း အဲဒီ စကားရပ်ကို သိပ်ကြိုက်တာပေါ့။ နေရာတကာလည်း ဝင်ပါချင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်တော့ မတတ်သာဘူးလို့ယူဆပြီး ကြားနေခဲ့ရတဲ့ ကိစ္စတွေ ဟိုးအရင်တည်းက အများကြီး။ တစ်နည်းအားဖြင့်တော့ ကျွန်တော်ဟာ ဖိနှိပ်သူ အကြိမ်ကြိမ် ဖြစ်ခဲ့တာပေါ့။

မိဘတွေက ကလေးကို မတရား ရိုက်တာကို ဒီတိုင်းကြည့်နေခဲ့ရဖူးတယ်။ ဆရာမ က ကျောင်းသားတွေကို မတရားနှိပ်စက်တာကို ဒီတိုင်းကြည့်နေခဲ့ရဖူးတယ်။ ဇနီးမယားက လင်ယောကျာ်းကို ၊ လင်ယောကျာ်းက ဇနီးမယားကို ကိုယ်ထိလက်ရောက် မတရား ဆော်ပလော်တီးတာကို ဒီတိုင်း ကြည့်နေခဲ့ရဖူးတယ်။

သေသေချာချာ စဉ်းစားကြည့်ရင် လူတွေဟာ... မြင့်မြတ်တယ်လို့ သတ်မှတ်ခံရတဲ့ လူတွေက အစ အများစုက မတရားမှုတွေကို လက်ပိုက်ကြည့်နေကြသူတွေပါ။ တိရစ္ဆာန်တွေကို လူတွေ စားဖို့အတွက် တစ်သက်လုံး အကျဉ်းချထား၊ ခိုင်းထားပြီး နောက်ဆုံးမှာ သတ်စားကြတယ်။ အဲဒါကို တရားမျှတတယ်လို့ ဘယ်လိုသတ်မှတ်နိုင်မှာလဲ။

တရားမျှတမှု ဆိုတာဟာ လူတွေအတွက်ပဲ သီးသန့် လုပ်ထားတဲ့ အရာကြီးလား။ (ဒါလည်း လူတိုင်းအပြည့်အဝ မခံစားရပါဘူး။) လူအချင်းချင်းအတွက်ပဲ သီးသန့်ဖယ်ထားတာကရော တကယ် တရားမျှတမှုကို မြတ်နိုးလို့ ဟုတ်ပါ့မလား။ ဇာတ်တူသူ အချင်းချင်းမို့ (အချင်းချင်းချရင်း မျိုးမတုံးအောင်) သီးသန့်ဖယ်ထားတာများလား။ ဒက်စ်မွန်တူးတူးရဲ့ စကားအရ ဆိုရင်တော့ လူအများစုဟာ ဖိနှိပ်သူတွေ ဖြစ်ကုန်ရော။

ကိုယ့်ကိုယ်ကိုယ် ညှာညှာတာတာနဲ့ ရမည်ရှာကြည့်တော့လည်း နေရာတကာ ဝင်ဖိုက်နေရင် လောကကြီးနဲ့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး ဆိုတဲ့ ဆင်ခြေဆင်လက်လေး ကို ရလာတယ်။ ဥပမာ အလုပ်ရှင်က သူ့ကလေးကို မတရားရိုက်နေတာကို ကိုယ်က ဝင်ပြောရင် ကိုယ်ပဲ အလုပ်ပြုတ်သွားမှာပေါ့။ ဆရာမက ကိုယ့်သူငယ်ချင်းကို မတရား ရိုက်တာကို ဝင်ပြောရင် ကိုယ်ပါ... အာစရိယ ဂိုဏ်းဝင် ဆရာကို စော်ကားသူလို့ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ခြင်း ခံရနိုင်တယ်။ ကိုယ်က အားသာနေချိန်မှာ ဝင်ပါပေးရတာ လွယ်ပေမဲ့ ကိုယ်က အားနည်းချိန်မှာ ဝင်ပါရင် မူလ နှိပ်စက်ခံရသူကိုလည်း ထိထိရောက်ရောက် မကူညီနိုင်တဲ့အပြင် ကိုယ်လည်း ဒုက္ခရောက်သွားနိုင်တယ် ဆိုတဲ့ အချက်က တစ်ဖြည်းဖြည်းနဲ့ ခေါင်းထဲ စွဲလာပါလေရော။ အချိန်တိုင်းမှာ သတ္တိမှ အလုံအလောက် မရှိခဲ့တာ။

ဒီလိုနဲ့ လူတွေဟာ တစ်ခုခုကို ဝင်ပါတော့မယ် ဆိုရင် ကိုယ့်အင်အားနဲ့ ဖိနှိပ်သူရဲ့ အင်အားကို ချိန်ဆလာရတော့တယ်။ တချို့တွေကတော့ သတ္တိလည်း သိပ်မရှိကြပေမဲ့ ဟန်ဆောင်ကောင်းကြတာပေါ့။ ကိုယ်လျစ်လျူရှုခဲ့တဲ့ ကိစ္စတွေ၊ မဆိုင်သလို နေခဲ့တဲ့ ကိစ္စတွေကို တတ်နိုင်သမျှ ဖော့တွေး၊ ဖုံးဖိပြီး ကိုယ်ဝင်ပါတဲ့ ကိစ္စတွေကိုမှ ဇန်းတင်ကြတော့တာပေါ့။ ဟုတ်တယ်လေ။ ကိုယ့်ကိုယ်ကိုယ်မှ သူရဲကောင်းလို့ မထင်ရင် ဘယ်သူက လာထင်မှာလဲ။ လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ် လိမ်ရတာဟာ အကျိုးအရှိဆုံး ကိစ္စကြီး မဟုတ်လား။

ဒါပေမဲ့ လက်တွေ့မှာ အများစု သာမန်လူတွေဟာ အခြေအနေအရ... လုပ်နိုင်စွမ်း သိပ်မရှိကြဘူးကိုး။ မတရားမှု တစ်ခုမှာ ဝင်ပါဖို့ ဆိုတာမှာ အင်အားကို ချိန်ဆလာကြတော့တယ်။ လူတစ်ယောက်ချင်းကို အသာထားပါဦး။ ကမ္ဘာ့ အင်အားအကြီးဆုံး နိုင်ငံကြီးတွေတောင် သူတို့ဝင်ပါမယ့် နိုင်ငံရဲ့ အင်အားကို တွက်ဆပြီးမှ ဝင်ပါကြတော့တယ်။ တရုတ်နိုင်ငံတို့၊ မြောက်ကိုရီးယားတို့ရဲ့ မတရားမှု တချို့မှာ ဘယ်နိုင်ငံကြီးတွေမှ ထိထိရောက်ရောက်ဝင်မပါကြဘူးလေ။

ဒီလိုနဲ့ “ကြားနေရင် ဖိနှိပ်သူ ဘက်က ရပ်တည်လိုက်တာနဲ့ အတူတူပဲ” ဆိုတဲ့ စကားဟာ ဝင်ပါဖို့ တွန့်ဆုတ်နေသူတွေအတွက်တော့ ရပ်တည်ချက် ဓားပြတိုက်ခံရသလို စကားမျိုး ဖြစ်လာပါလေရော။
နောက်ဆုံးတော့... Milgram စမ်းသပ်ခန်းထဲမှာ ကျွန်တော်ဟာ ကျောင်းသားတွေကို ဗို့အား ၃၀၀ ကျော်နဲ့ shock တိုက်လို့။

ကောင်းကင်ကို (၁၅ သြဂုတ် ၂၀၁၅)

Friday, May 22, 2015

Determinism နှင့် ပတ်သတ်၍

နိဒါန်း
-------
အပိုင်း (၁) က… အတွေးအခေါ်ကောင်းတဲ့ ဘုန်းဘုန်းတစ်ပါးကို ကျွန်တော် ဆွေးနွေးထားတာပါ။

တချို့လူတွေကို အာပေါက်မတတ် ရှင်းပြရင်တောင် ပြောချင်တဲ့သဘောကို နားမလည်ဘဲ လျှောက်ပြီး ပြန်ပြောကြတဲ့ အချိန်မှာ… ဘုန်းဘုန်းနဲ့ ဆွေးနွေးရင် စကားအများကြီး ပြောစရာ မလိုဘူး။ အသေးစိတ်ပြောစရာ မလိုဘူး။ တန်းသဘောပေါက်တယ်။ သူ ပြန်ဆွေးနွေးတာလည်း ရှိတယ်။
ဒါကြောင့် တချို့လူတွေက ဘုန်းကြီးတွေ ဘာသာရေးကလွဲလို့ ဘာမှ မသိဘူးလို့ အကုန်သိမ်းကြုံးပြောရင် ကျွန်တော် မကြိုက်တာ။ တကယ်က ထက်သန်သူဆိုရင် သူတို့မှာ လေ့လာချိန်တွေ ပိုရ၊ တွေးချိန်တွေ ပိုရလို့ ပိုသိပါတယ်။ အများစုကတော့ လူဖြစ်ဖြစ် ဘုန်းကြီးဖြစ်ဖြစ် တွေးဖို့ အခြေအနေ သိပ်မပေးကြတော့ မတွေးကြ၊ မသိကြဘူး။

တချို့လူတွေကို ကိုယ်က စိတ်ရှည်ရှည် ထပ်တလဲလဲ ရှင်းပြပေမဲ့ ဘယ်လိုမှ နားမလည်ကြဘူးဆိုတာမှာ... ကိုယ်က ရှင်းပြတာ ညံ့တာလည်း ပါမယ်။ သူတို့တွေ ကိုယ်တိုင်ကိုယ်က ပေကပ်ပြီး တွေးရိုးတွေးစဉ်အတိုင်း တွေးနေကြတာလည်း ပါတယ်။
တချို့လူတွေဆို ကိုယ့်ကိုယ်ကို "အတွေးသမား...သူများနဲ့ မတူဘူး" လို့လည်း လျှောက်ပြောသေးတယ် … တစ်ခုခု နက်နဲသယောင်ရှိတာကို ရှင်းပြပြီဆိုရင်... သူတို့က အရေးမပါတာတွေ.... ပြောပြီးသားဟာတွေကို အတင်း လာလာငြင်းနေတော့ အကြောင်းအရာတွေ ထပ်ကုန်ရော။ ဘာသာရေး အကြောင်းပါ နွယ်လာရင် ပိုဆိုးသေးတယ်။ ဘယ်လိုမှ ဘာသာရေးကိုခွာပြီး မတွေးကြတော့ဘူး။ တစ်ခါတစ်ခါ... ကိုယ်ပြောတာတွေကို သူတို့ တစ်မျိုး သဘောပေါက်သွားကြမှန်း ကိုယ်က သိနေပြီ။ သူတို့က မသိသေးဘူး။ အွန်လိုင်းမှာ ဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် Determinism နဲ့ Free Will အကြောင်း ပြောတိုင်း အဲလိုဖြစ်တတ်တယ်။

ဘုန်းဘုန်းကတော့ ခြွင်းချက်။ သုံးလေးကြောင်းလောက်နဲ့တင် ကျွန်တော် ဘာပြောချင်မှန်း တန်းသိတယ်။ အပိုင်း(၁) မှာ နည်းနည်း ရှည်သွားတာက ဖတ်သူမရွေး ပိုနားလည်လာအောင် နည်းနည်း ထပ်ဖြည့်ထားလိုက်လို့ ရှည်နေတာပါ။
တကယ်က ကျွန်တော် ရေးတာတွေက အနက်ကြီးးလည်း မဟုတ်ပါဘူး။ လူတွေကိုက တွေးရမှာ ပျင်းကြတာ။

အပိုင်း (၁)
------------
ဘုန်းဘုန်းက မေးလာတာက Determinism ဟာ chaos သီအိုရီ နဲ့ ဝိရောဓိ ဖြစ်မနေဘူးလား။ random သဘောနဲ့ ဝိရောဓိ ဖြစ်မနေဘူးလားလို့ မေးထားတာပါ။

ကျွန်တော်ပြောထားတာတွေက...
တစ်ခါတစ်ခါ ပြဌာန်းခံရတယ် ဆိုပေမဲ့ တရားသေ ပုံသေကားချပ်ကြီးတော့ မဟုတ်ဘူး။ random ဖြစ်ချင်ရာဖြစ်တယ်ဆိုတဲ့ သဘောမျိုးနဲ့လည်း လုံးဝ ကင်းနေတာ မဟုတ်ပါဘူး။
ဥပမာ….software အံစာတုံး တစ်ခုမှာ ဖြစ်နိုင်ခြေ ခြောက်ခု ရှိတယ် ဆိုပါစို့။ အဲဒီ အံစာတုံးဟာ ဂဏန်းတစ်ခုခုကို တခုခုကို ဗဟိုပြုပြီးတော့ လွှဲမယ် ဆိုပါစို့။ အံစာတုန်းက ခြောက်ခုပဲရှိမှာကတော့ ပုံသေပဲ။ ဒါပေမဲ့ တစ်ကနေ ခြောက်၊ ဒါမှမဟုတ် ၂ ကနေ ၇…. ဒါမှမဟုတ် ၃ ကနေ ၈ အဲလို ကွာသွားမယ်။ software အံစာတုံးနော်။

အဲဒါကို
ဘောလုံးပွဲနဲ့ ဥပမာပေးမယ်ဆိုရင် ရီးယဲမက်ဒရစ် နဲ့ သူနဲ့ ကွာတဲ့ ဆန်ဒါးလန်းဆိုပါစို့။ ရီးယဲလ်ရဲ့ အရည်အချင်းက ၄ ကို ဗဟို ပြုပြီး လွှဲနေမယ်။ ဆန်ဒါးလန်းက ၁ ကိုဗဟိုပြုပြီး လွှဲနေမယ်။ ဗဟိုမှတ်ကနေ အတိုးအလျော့ သုံးခုစီ ရှိသွားနိုင်တယ် ဆိုပါစို့။ +၃ ဒါမှမဟုတ် -၃ (အနုတ် ၃ ပေါ့) အဲဒါဆိုရင် ရီးယဲလ်က ၄ကို ဗဟိုပြုထားတာဆိုတော့ ၇ ဂိုးကနေ ၁ ဂိုးအထိ သွင်းနိုင်မယ်ဆိုပါစို့။ ဆန်းဒါးလန်ကတော့ ၁ကို ဗဟိုပြုထားတာ ဆိုတော့ (အနုတ်ကိုတော့ ဒီနေရာမှာ ထားလိုက်တော့) အမြင့်ဆုံး ၄ ဂိုးသွင်းနိုင်မှာပေါ့။ များသောအားဖြင့်တော့ ရီးယဲလ်ကပဲ နိုင်လိမ့်မယ်။

ပြဌာန်းပြီးသားလိုကိုး။ ဒါပေမဲ့ ရီးယဲလ်က ၄ အနုတ် ၃ ဖြစ်ပြီး (ရီးယဲလ် ကံအဆိုးဆုံးနေ့ဖြစ်ပြီး လွှဲလိုက်တဲ့ လှိုင်းရဲ့ အနိမ့်ဆုံးကို ရောက်သွားချိန်) ၁ဂိုးပဲ ရတဲ့ အချိန်မှာ ဆန်းဒါးလန်းက ကံဇာတာ တက်ပြီး +၃ လွှဲတဲ့ ရက် ဖြစ်နေရင် ဆန်ဒါလန်းက ၄ ဂိုးရသွားမယ်။ ရီးယဲလ် ရှုံးသွားမယ်။ အဲဒီသဘောမျိုးလည်း ရှိတယ်။ စာတအားလေ့လာထားတဲ့လူဟာ စာမေးပွဲမှာ ကံတအားဆိုးပြီး (သူ့ကံကြမ္မာက ဟိုးအောက်ဆုံးအထိ လွှဲလိုက်လို့) ၄၁ မှတ်ပဲ ရတဲ့အချိန်မှာ ကံစွတ်ပြီး ၄၂ မှတ် ရတဲ့အခါ ဖြစ်ချင်ဖြစ်နေမယ်။ ဆိုလိုတာက စာလေ့လာခြင်း မလေ့လာခြင်းတွေက ပြဌာန်းထားတယ် ဆိုပေမဲ့ random သဘောမျိုးကလည်း ရှိနေပြီး ကမောက်ကမတွေ ဖြစ်ချင်ဖြစ်နေမှာပါ။ (မှတ်ချက်။ ။ အဲဒီ random သဘောဆိုတာကလည်း nature နဲ့ nurture ရဲ့ အပြဌာန်းခံ ရလဒ် ဖြစ်နိုင်တယ်)

ဂိမ်းတွေကို ကွန်ပျူတာနဲ့ ကစားကြည့်။ တစ်ခေါက်နဲ့ တစ်ခေါက် တူမှာ မဟုတ်ဘူး။ အသေ ပရိုဂရမ်ရေးထားပေမယ့် အဆင့်မြင့်မြင့် ရေးထားတော့ (အဆင့်မြင့်မြင့် ပရိုဂရမ်က ပြဌာန်းထားတော့) တစ်ခါနဲ့ တစ်ခါ မတူဘူး။ လူတွေဆို ဖြစ်စဉ်တွေ ပိုကွဲတော့မှာပေါ့။

ဂိမ်းတွေမှာလို ဇာတ်လမ်းကျောရိုးလောက်ပြီး တူပြီး အသေးစိတ်ဇာတ်ကွက်တွေ ကွာသွားမှာပဲ။
ဒီကမ္ဘာကြီးသာ အစကနေ ပြန်ဖြစ်မယ်ဆိုရင်လည်း သတ္တဝါတွေက အတ္တစိတ်တွေနဲ့ ရှင်သန်အောင် ရုန်းကန် အနိုင်လုကြ ပြိုင်ဆိုင်ကြမယ် ဆိုတဲ့ ဇာတ်လမ်းကျောရိုးတော့ တူပြီးတော့၊ အသေးစိတ်ဇာတ်ကွက်တွေ (ဥပမာ ရှိလာမယ့် သတ္တဝါ အမျိုးအစားက အစ) အခုနဲ့ အများကြီးကွဲသွားမယ်လို့ ထင်တယ်။

အတ္တစိတ်တွေနဲ့ ရှင်သန်ရေး ကြိုးပမ်းရမယ် ဆိုတဲ့ ပြဌာန်းချက်က အတူတူဖြစ်ပေမဲ့ တကယ်ဖြစ်မယ့်ဟာတွေကျတော့ ဘယ်လောက်ပဲ ပြဌာန်းပြဌာန်း အများကြီး ကွာသွားမယ်။

အပိုင်း (၂)
-------------
အပိုင်း (၂) ကတော့ အရင်ကတည်းက ကျွန်တော် တွေးလေ့ ရေးလေ့ ရှိတာတွေကို အခု ပြန်တွေးပြီး အသစ်ရေးထားတာပါ။

တကယ်တော့ determinism ဆိုတာ တန်ခိုးရှင်ကြီးက ပြဌာန်းနေတယ်ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။ nature နဲ့ nurture က ပြဌာန်းနေတယ်လို့ ပြောတာ၊ သဘာဝ နိယာမဆိုတာ အဲဒီ့ nature နဲ့ nurture ကို ပြောတာပါ။

လူတွေက တစ်ခုခုဆို လေးလေးနက်နက် မတွေးကြဘူး။ ဒီလူ ဒီဟာကို လက်ခံမထားရင် ဟိုဟာကို လက်ခံတာပဲ ဖြစ်ရမယ်လို့ တရားသေ တွေးတတ်ကြတယ်။

determinism နဲ့ ပတ်သတ်ပြီး ပြောလိုက်မယ်ဆိုရင်…. လူတွေက သေချာ မတွေးတော့ဘဲ determinism ဆိုတာ ဘုရားသခင်ကို လက်ခံတဲ့ဟာလို့ ခပ်တိမ်တိမ် လျှောက်ပြောတတ်ကြတယ်။ တကယ်တော့ ကျမ်းထဲက ဘုရားတွေကို တရားသေ လက်ခံတဲ့ ဝါဒ မဟုတ်ဘူး။ သူ့ကို မကိုးကွယ်ရင် ငြိုငြင်တဲ့ ဘုရားတွေ၊ သူ့ဘာသာဝင်တွေကိုပဲ မျက်နှာသာပေးမယ်ဆိုတဲ့ ဘုရားတွေကို မျက်စေ့မှိတ် ယုံနေတာမျိုး မဟုတ်ဘူး။ ဒဿန ပညာရှင်တွေက အဲလောက်ထိ မတိမ်ပါဘူး။

တကယ်တော့ လောကနိယာမရဲ့ ပြဌာန်းမှုကို ခံထားရတယ်၊ free will မရှိဘူးဆိုတာမျိုး ပြောတာပါ။ determinism ရဲ့ သဘောကို ရှင်းပြလိုက်ရင်လည်း မြန်မာမှာ ခက်ခက်ခဲခဲ ရှင်းပြရင်တောင် နားမလည်ကြတဲ့သူ များတယ်။ တကယ်တော့ ဒဿန နယ်ပယ်မှာ free will ရှိမရှိ က အခုအချိန်အထိ အဖြေမပေါ်သေးဘဲ ဆွေးနွေးနေကြရတဲ့ အရာပါ။ လွယ်လွယ်လေး၊ ရမ်းပြောလိုက်လို့ ရတဲ့ဟာမျိုး မဟုတ်ပါဘူးး။

တိမ်လွန်းတဲ့ တချို့အယူအဆတွေကို ဘေးဖယ်ကြည့်မယ်ဆိုရင်…determinism ဆိုတာ ကမ္ဘာကြီးပေါ်မှာ အမြင့်ကနေ အရာဝတ္ထု တစ်ခုခု ပစ်ချလိုက်ရင် (ကမ္ဘာ့ဆွဲအားကြောင့်ပဲ ဆိုကြပါစို့) ကမ္ဘာမျက်နှာပြင်ပေါ်ကို ကျလာမယ် ဆိုတဲ့ သဘောတရားမျိုးကို အားလုံး လိုက်နာရတယ် ဆိုတဲ့သဘော။ အဲလိုပဲ လူတစ်ယောက်ဟာ သူ့ gene ရဲ့ အကန့်အသတ်၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု၊ သမိုင်းရဲ့ ပြဌာန်းထားမှု၊ နိုင်ငံရေးတွေ အခြေအနေတွေရဲ့ ပြဌာန်းထားမှု အဲဒါတွေရဲ့ ပြဌာန်းမှုတွေကို ခံရပြီး ဘောင်တစ်ခု အတွင်းမှာပဲ ဖြစ်နိုင်မယ်။ ဘောင်ကို ကျော်လို့ မရဘူးဆိုတဲ့ သဘောပါ။ ဘုရားသခင် ဖန်ဆင်းသမျှအတိုင်း လိုက်ဖြစ်တယ် ဆိုတဲ့ တိမ်လွန်းတဲ့ အယူအဆမျိုး မဟုတ်ပါဘူး။ Nature နဲ့ nurture ရဲ့ ပြဌာန်းမှုကို ခံရတယ် ဆိုတဲ့သဘောပါ။

Soft determinism ဆိုရင် ဒီတစ်ခုက လွဲပြီး ကျန်တာတွေ မဖြစ်နိုင်ဘူးဆိုတဲ့ တရားသေဆန်ဆန်မျိုး မဟုတ်ပါဘူး။ ဥပမာ ပေးရရင် ရုပ်ရှင် ဇာတ်ညွှန်းလို ဟာမျိုး မဟုတ်ပါဘူး။ ဂိမ်းလို ဟာမျိုးပါ။ ဥပမာ ပေးကြည့်မယ်။ အံစာတုံးကို လှိမ့်လိုက်မယ် ဆိုပါစို့။ တကယ်က ကျချင်တဲ့ ဂဏန်း ကျမယ် ဆိုပေမဲ့ determinism ဘောင်အတွင်းမှာလည်း ဝင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ၁ ကနေ ၆ အတွင်းကနေ မလွတ်နိုင်လို့ပါ။ တစ်ပြိုင်တည်းမှာပဲ random ဆိုတဲ့ ဘောင်ထဲမှာလည်း ဝင်နေပြန်ရော။ ၁ ကနေ ၆ အတွင်း ခြောက်ခုထဲကတော့ ကျချင်ရာ ကျမှာကိုး။ အဲဒီသဘောမျိုးပါ။

တစ်ဆင့်တက်ပြီး ဂိမ်းနဲ့ ဥပမာ ပေးမယ်။ ဂိမ်းဆိုတာ ပရိုဂရမ် အသေရေးပြီး သတ်မှတ်ပြဌာန်းပြီးသားပါ။ ဒါပေမဲ့ random နံပါတ်တွေ ကျပန်းထုတ်ပြီး … ဖြစ်နိုင်ခြေတွေ အများကြီး ရှိနေတယ်။ ရုပ်ရှင်ဇာတ်လမ်းလို အသေမဟုတ်ဘူး။ ဒါကြောင့် ကွန်ပျူတာ နဲ့ ခင်ဗျားနဲ့ ဂိမ်းကစားတယ် ဆိုပါစို့။ အကြိမ်တစ်ရာ ကစားလည်း တစ်ကြိမ်နဲ့ တစ်ကြိမ် ထပ်တူကျချင်မှ ကျမယ်။ ဒီလိုဆိုတော့ အဲဒီဂိမ်းဟာ ပြဌန်းခံ မဟုတ်ဘူး။ လွတ်လပ်မှု ရှိတယ်လို့ ထင်ရလိမ့်မယ်။ ဒါပေမဲ့ တကယ်က အဲဒီဂိမ်းကို ဖြစ်နိုင်ခြေတွေ အများကြီးအတွက် ပရိုဂရမ်ဆွဲပြီး သတ်မှတ်ပြဌာန်းထားပြီးသား။ ရုပ်ရှင်ဇာတ်လမ်းလို တရားသေ မဟုတ်တာဘဲ ရှိမယ်။
ဥပမာ …. ဘောလုံးကန်တဲ့ ဂိမ်းဆိုပါတော့။ ကစားသမားတစ်ယောက် ဘောလုံး ရတဲ့ အနေအထားမှာ ပရိုဂရမ် စိတ်ကူးယဉ် ရေးကြည့်မယ်။ ပရိုဂရမ်ထဲမှာ ၁ ကနေ ၇ အထိ random နံပါတ် ထုတ်လိုက်မယ်ဗျာ။

 (ဥပမာနော်)။ ၁ ကျရင် လိမ်ခေါက်လှည့်ထွက်။ ၂ ဂဏန်းကျမယ်ဆိုရင် ဘောလုံးက တစ်ဘက်အသင်းလူဆီ မှားပေး၊ ၃ ဂဏန်းကျမယ်ဆိုရင် တစ်ဘက်အသင်းက ဖျက်တာ ခံရ။ ၄ ဆိုရင် နောက်ပြန်ကစ် ကလေးနဲ့ ကိုယ့်လူဆီကိုယ်ပေး။ ၅ကျရင် အဝေးကြီးကို ကန်တင်။ ၆ ကျရင် ရှေ့ကို (နီးနီးလေးကိုပေး) ၇ ကျရင် အဝေးကနေ ဂိုးထဲကို ကန်သွင်း ဆိုပါစို့။ ပရိုဂရမ်နဲ့ ပြဌာန်းထားပြီးသားဆိုပေမဲ့ ဂိမ်းကြီးတစ်ခုလုံးဆိုရင် ဖြစ်နိုင်ခြေက ၇ ခုတည်း မကတော့ဘူး။ သိန်းနဲ့ သန်းနဲ့ ချီသွားတော့မှာ။ ဒီတော့ ဘယ်တော့ ကစားကစား ထပ်တူဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီ ဂိမ်းဟာ လုံးဝလွတ်လပ်ပြီး ဖြစ်ချင်ရာ ဖြစ်နေတာလား ဆိုတော့ မဟုတ်ဘူး။ ဂိမ်းပရိုဂရမ်ရဲ့ နိယာမတွေကို အတိအကျလိုက်နာပြီး ဖြစ်နေတာ။

တစ်ဆင့်တက်ပြီး လက်တွေ့လောကက အဖြစ်တစ်ခုကို ယူသုံးပြီး determinism အကြောင်း (ဥပမာနဲ့ စိတ်ကူးယဉ် ပြောကြည့်ပါမယ်)။ ဥပမာ ဆိုတော့ ရှင်းရလွယ်အောင် တအားရှုပ်မယ့် အပိုင်းကိုတော့ ချန်ထားခဲ့မယ်နော်။

ထင်လင်းဦး အဖမ်းခံရတဲ့ ကိစ္စဆိုပါစို့။ ထင်လင်းဦးကို သူ့ ဗီဇ (ဗီဇလို့ပဲ အလွယ်သုံးလိုက်ပါရစေ။) ဗီဇကလည်း ပြဌာန်းမယ်။ လူ့ဗီဇ ဆိုတာက နက်နဲ ရှုပ်ထွေးပါတယ်။
ပြီးတော့ ထင်လင်းဦး ဆီမှာ ထင်ရာကို ထုတ်ပြောတဲ့ သဘောမျိုးလည်း ရှိလိမ့်မယ်။ တစ်ခါတစ်ခါ အမြင်မတော်တာကို မပြောပဲ မျိုသိပ်ထားတဲ့ သဘောမျိုးလည်း ရှိလိမ့်မယ်။ မဟုတ်တာကို မဟုတ်မှန်းသိအောင် သူ့ဗီဇနဲ့ သူ့ပတ်ဝန်းကျင်က သူ့ကို ပုံသွင်းထားပြီးသား အခြေအနေ ဆိုပါစို့။ သူဟောပြောမယ့် အချိန်မှာ… သူ့မှာ ထင်ရာထုတ်ပြောမယ့် သဘော (နံပါတ်တစ် ပဲထားလိုက်ပါ)၊ ဒါမှမဟုတ် မျိုသိပ်ထားမယ့် သဘော (နံပါတ်နှစ် ဆိုပါစို့)] သူ ဟောပြောခါနီး အချိန်မှာ သူ့ဦးနှောက်ထဲမှာ အံစာခေါက်လိုက်တဲ့ သဘောမျိုး ဆိုပါစို့။ အံစာခေါက်တာမှ နံပါတ် ၁(ထုတ်ပြောချင်တဲ့စိတ်) မဲပေါက် ပါလေရော။ (မှတ်ချက်။ ဒါက အလွယ်ပြောတာနော်။ တကယ်က သူ့ဆုံးဖြတ်ချက်အပေါ် သက်ရောက်မယ့် အခြား ပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေ အများကြီး ရှိဦးမှာ။ အဲလို ရှိတယ်ဆိုပေမဲ့ ထင်လင်းဦးဟာ အမြဲတမ်းတော့ ထုတ်ပြောဖို့ချည်း ဆုံးဖြတ်ဖြစ်မှာ မဟုတ်ဘူး။ ထုတ်မပြောတဲ့ အချိန်တွေလည်း ရှိလိမ့်မယ်။ အဲဒီ တဒင်္ဂမှာ သူ့ဦးနှောက်လှိုင်းတွေရဲ့ random အံစာခေါက်သလို သဘောမျိုး အဆုံးအဖြတ်လည်း ပါတယ်ပဲ ထားလိုက်ပါ) နံပါတ် ၁ မဲပေါက်ပါလေရော။ ဒီတော့ ပြောပစ် ဝေဖန်ပစ်လိုက်ရော။

အဲဒီအချိန်မှာ ပတ်ဝန်းကျင် အနေအထားမှာက အဲလိုပြောတာကို မကြိုက်တဲ့ အင်အားစု ကြီးက အားကောင်းနေရော။ နိုင်ငံရေး အခြေအနေတွေကလည်း အဲဒီ အင်အားစုကြီးကို မျက်နှာသာ ပေးနေတယ်။ ဒီတော့ ထောင်ထဲဝင်ရရောပေါ့။ အဲဒီဖြစ်စဉ်မှာ nature နဲ့ nurture ရဲ့ ပြဌာန်းမှုကို ခံရတာကို ဗီဇနဲ့ ပတ်ဝန်းကျင်ရဲ့ ပြဌာန်းမှု ခံရတာကို မြင်အောင် အသေးစိတ် စိတ်ကူး ကြည့်ကြည့်ပါ။ ဗီဇဆိုတာမှာ ထင်လင်းဦးရဲ့ ဗီဇတင် မကဘူး။ မဘသက သူတွေရဲ့ ဗီဇ၊ မဘသကို အားပေးသူတွေရဲ့ ဗီဇ။ ကမ္ဘာ့အကြမ်းဖက်မှုတွေက လူတွေအပေါ် မဘသတွေအပေါ် သက်ရောက်လာတဲ့ အခြေအနေတွေ။ အဲဒါတွေပေါ် အခြေခံပြီး ဖြစ်လာတဲ့ ပတ်ဝန်းကျင်တွေပါမယ်။ soft determinism ဆိုတာ အဲလို nature နဲ့ nurture ရဲ့ ပြဌာန်းမှုကို ခံနေရတယ်လို့ ပြောတာပါ။ ဒါပေမဲ့ အဖြစ်အပျက်တွေက ဒါပဲ ဖြစ်ရမယ်လို့ ကျိန်းသေကြီး ကြိုရှိနေတာတော့ မဟုတ်ဘး။ ဖြစ်နိုင်ခြေတွေ အများကြီး ရှိနေတာ ။အဲဒီမှာမှ တစ်ဒင်္ဂလေးအတွင်းမှာ ဖြစ်သွားတဲ့ random သဘောမျိုးလည်း ပါဦးမယ်။

soft determinism ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကူးပြရရင်
Soft Determinism is the theory that human behaviour and actions are wholly determined by causal events, but human free will does exist when defined as the capacity to act according to one's nature (which is shaped by external factors such as heredity, society and upbringing)

ကောင်းကင်ကို (မေ ၁၇ - ၂၀၁၅)
Facebook မှာ အရင်တင်ခဲ့တဲ့ ပို့စ်ပါ။

Friday, February 20, 2015

လေလေးချွန်နေရုံပဲ


PK ဇာတ်ကားထဲမှာ ဇာတ်လိုက်ရဲ့ ပါးကို လူတွေဝိုင်းရိုက်မယ်၊ ဝိုင်းထိုးမယ်လုပ်တော့ သူက သူ့ပါးမှာ ဘုရားပုံတွေ ကပ်လိုက်တယ်။ ရိုက်မယ့်လူတွေ မရိုက်ရဲတော့ဘူးလေ။

ကျွန်တော်လည်း မြန်မာပြည်ပြန်ရင် အရင်ဆုံး Facebook profile ပုံအဖြစ် ဘုရားပုံရယ်၊ ဗိုလ်ချုပ်အောင်ဆန်းပုံရယ် တစ်လှည့်စီပြောင်းမယ်။ ပြီးရင် ဆိုင်ဖွင့်ရင် ၉၆၉ တံဆိပ်ထားမယ်။ အရိုးစည်းထိုးမယ့် သီချင်းတွေ မကြာမကြာ ဖွင့်မယ်။ တစ်ဘက်မှာ သီတဂူ ဆရာတော်ပုံ၊ ဒေါ်စုပုံ နဲ့ ဗိုလ်ချုပ်ပုံတွေကိုလည်း အကြီးကြီးကပ်ထားမယ်။

ဒါဆိုရင် ၉၆၉ တံဆိပ်ကပ်ထားပေမဲ့ ဒေါ်စုပုံကြီးလည်း ရှိနေမှာဆိုတော့ NLD ဘက်တော်သားတွေလည်း... သူတို့ထဲက တချို့က ဒေါ်စုပုံကြီးမြင်နေရင်... ဒေါ်စုအရိပ်ခိုနေတဲ့သူဆိုရင် ဘယ်သူဘာလုပ်လုပ် သိပ်မပြောရဲတာဆိုတော့ အေးဆေးပဲ။ ကျွန်တော် လေလေးချွန်နေရုံပဲ။

အဲဒီလိုပဲ ဒေါ်စုပုံကြီး ပြထားပေမဲ့... ဒေါ်စုကို မကြည်တဲ့ မဘသကလည်း ကိုယ့်ဆိုင်မှာ ၉၆၉ တံဆိပ်ကြီးပါ ရှိနေတော့ ကိုယ့်ကိုပြောတော့မှာ မဟုတ်ဘူး။ ကျွန်တော် လေလေးချွန်နေရုံပဲပေါ့။

လောကကြီးမှာ အပြိန်းဆိုတာက အများစုလေ။ ဒီတော့ အများစုဖြစ်တဲ့ အပြိန်းတွေကိုလည်း ၉၆၉ တန်ခိုးနဲ့ ဆွဲဆောင်နိုင်ဦးမှာဆိုတော့ စီးပွါးဖြောင့်ပြီး ကျွန်တော့်ဆိုင်လေး ကြာကြာပိုမြဲဖို့များတယ်။ အခု ရေးရင်းနဲ့တောင်တကယ် အကောင်အထည်ဖော်ချင်လာပြီ။ :D

ဘာသာပေါင်းစုံက လူတွေ အပြစ်မတင်အောင်လည်း ဘာသာပေါင်းစုံက အမှတ်အသားတွေကို ကိုယ့်ဆိုင်မှာ မသိမသာလေး ထားပေးထားမယ်။ ဘာသာပေါင်းစုံကို လေးစားသားပဲ။ မမြင်ကြဘူးလားဆိုတဲ့ အထာနဲ့ပေါ့။ အဲလိုလုပ်ထားရင် Interfaith သမားတွေကလည်း ကိုယ့်ကို ကြိတ်လေးစားလာနိုင်သေးတယ်။

သွားရင်လာရင်း လိုရင် သုံးရအောင် ပိုက်ဆံအိတ်ထဲမှာ ဘုရားတွေရဲ့ပုံ၊ ဘာသာရေးအမျိုးမျိုးနဲ့ဆိုင်တဲ့ပုံတွေကို နေရာခွဲပြီး ဆောင်ထားမယ်။ လိုအပ်ရင် ပိုက်ဆံအိတ် နှစ်အိတ်သုံးအိတ် သုံးပြီး အဲဒါတွေထဲမှာ ခွဲထည့်ထားရမယ်။ ပြီးတော့ ဂါထာတွေ၊ ဘုရားစာတွေကို အလွတ်ကျက်ထားမယ်။ ဂါထာတွေ၊ ဘုရားစာတွေရဲ့ အစွမ်းကို ယုံလို့တော့ မဟုတ်ဘူး။ ကိုယ့်ရုပ်က ဟိုလိုလို ဒီလိုလို ဆိုတော့ လိုအပ်ရင် ထုတ်ရွတ်ပြဖို့။ မတော်တဆ ခရီးဝေး သွားရင်လာရင်း ဘတ်စ်ကားပေါ်က ဆွဲချပြီး အသတ်မခံရအောင်၊ အဓိကရုဏ်းတွေ ကြုံရင် ဟိုဘက်က လူမိုက်အုပ်စုဆို ဟိုဘက်က ဘုရားစာ ရွတ်ပြလိုက်၊ ဒီဘက်က လူမိုက်အုပ်စုဆို ဒီဘက်က ဘုရားစာ ရွတ်ပြလိုက် လုပ်လို့ရအောင်ပေါ့။ ဒါဆို ဘုရားစာတွေရဲ့ အစွမ်းနဲ့ အသက်အန္တရာယ်ကလည်း လက်တွေ့ လွတ်မြောက်မယ်လေ။ ဘုရားစာရွတ်လိုက်လို့ အသက်ဘေးက လွတ်သွားသူ တစ်ဦးဆိုပြီး ခပ်တည်တည်နဲ့ (လိမ်စရာတောင် မလိုတော့ဘဲ) စာအုပ်ရေးပြီး လုပ်စားလို့တောင် ရဦးမယ်။ :D

ပြီးတော့ တခါတခါ ကိုယ်ပြောချင်တာတွေ ထိရောက်အောင် ကိုးကားဖို့နဲ့ ဘာသာရေးနဲ့ ကိုင်ပေါက်ပြီး စကားအရာမှာ အနိုင်ကျင့်ဖို့၊ ဘာသာပေါင်းစုံက ဘုရားစာတွေ ဘာသာရေး ပုံပြင်တွေကို အလွတ်ကျက်ပြီး ကိုးကားရမယ်။ ဘာသာရေးသာဟလိုက်။ တော်ရုံလူ ပြန်မလှန်ရဲတော့ဘူး။

အဲဒီလောက်ဆိုရင် မြန်မာပြည်မှာ တော်တော်လုံခြုံသွားပြီ ထင်ပါရဲ့နော်။ :D

တစ်ခုရှိတာက... ဒါဆိုရင် အသိဥာဏ် ရှိတဲ့လူတွေက "ဟာ...ဒီကောင် ဘာခံယူချက်မှ မရှိဘူး"...ဘာညာ ဆိုပြီးတော့ အပြစ်တင်မှာပေါ့။ အဲဒီလူတွေကို တော့ လျစ်လျူ ရှုထားလိုက်မယ်။ သေချာလေ့လာကြည့်လိုက်လေ။ အဲဒီလို တွေးတတ်ပြီး အပြစ်တင်မယ့်လူတွေက လတ်တလောကာလ မြန်မာနိုင်ငံ မှာ လူနည်းစု။ :P

တကယ့်လက်တွေ့မှာလည်း ကျွန်တော် ရေးသလိုဆန်ဆန်မျိုးလုပ်ပြီး လေလေးချွန်နေနိုင်တဲ့ အဖွဲ့ ရှိပါတယ်။ အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်က ဘယ်သူဖြစ်မလည်း စဉ်းစားကြည့်လေ။ "စာဖတ်သူကြီး" တို့ အဖွဲ့ဆိုပြီး လူတွေက နာမည်ပေးထားကြတယ် :D

ကောင်းကင်ကို (ဖေဖော်ဝါရီ ၂၀) 

Facebook မှာ အရင်တင်ပြီးမှ blog မှာ ပြန်တင်တာပါ။

Saturday, February 7, 2015

အာဏာရှင်တွေကိုပဲ ကြည့်ကြည့်၊ ဒီမိုတွေကိုပဲ ကြည့်ကြည့်

ဟိုဘက်အုပ်စု (အာဏာရှင်တွေ) ကိုပဲ ကြည့်ကြည့် ဒီဘက်အုပ်စု (ဒီမိုဆိုသူတွေ) ကိုပဲ ကြည့်ကြည့် သူတို့ဆီမှာ တွေ့ရခဲတာက လူသားအချင်းချင်း စာနာစိတ်ပဲ။ လူသားချင်း စာနာစိတ်ဆိုလို့ ဘုရားလောင်းတွေ နီးပါး စာနာစိတ်ရှိခိုင်းတာ မဟုတ်ပါဘူ။ သာမန် နည်းနည်းပါးပါးလေးလောက်တောင် မရှိကြတာကို ပြောတာပါ။ အထူးသဖြင့် နိုင်ငံရေးတက်ကြွသယောင်ယောင်သူတွေမှာ မရှိကြတော့ ပိုပြီး ပြောစရာ ဖြစ်ရတယ်။

အခု White Card ကိစ္စနဲ့ ဥပမာပေးရမယ်ဆိုရင်....တစ်ဘက်က ကိုယ်ကျိုးစီးပွါးအတွက် လုပ်လေ့လုပ်ထ သိပ်မရှိတာကို လုပ်တယ်။ (White Card သမားတွေကို လူထုဆန္ဒခံယူပွဲအတွက် မဲပေးခွင့်ပေးလိုက်တာကိုပြောတာ) တကယ်လုပ်သင့်တာ ကိုကျတော့ မလုပ်ဘူး။ (တကယ်လုပ်သင့်တာဆိုတာက လူတွေ ဘယ်နိုင်ငံမှာ မွေးတာလည်း သေချာစစ်။ နိုင်ငံတကာစံနှုန်းနဲ့ စစ်ပြီး နိုင်ငံသားပေးသင့်တဲ့လူ (ဥပမာ…ဒီမှာ ဘိုးစဉ်ဘောင်ဆက်နေလာကြတဲ့သူ) ဆို နိုင်ငံသားပေးလိုက်။ အဲလိုမဟုတ်တဲ့သူ ဆိုရင် ဒုက္ခသည်အဖြစ် ထားလိုက်။ ဒုက္ခသည်ဆိုရင်တောင် မုန်းတီးနေဖို့မလို၊ သွေးထိုးနေဖို့မလို။ သူတို့အပေါ်လည်း စာနာရမယ်။ သွေးထိုးနေတာက နိုင်ငံအတွက် အန္တရာယ်ရှိတယ်။

အဲဒီလိုလုပ်သင့်တဲ့ဟာတွေကျတော့ မလုပ်။ အဓိပ္ပါယ်မရှိတာကို လာလုပ်တယ်။ သူတို့ မဲရရုံခဏ လူသား အုပ်စုတစ်စုကို အသုံးချတယ်။ ပြီးရင်တော့ ဆက်ပြီးနှိပ်ကွပ်နေမှာပါ။

တစ်ဘက်မှာ...ဒီမိုလို့ အများက သတ်မှတ်ကြတဲ့ အုပ်စုကိုကြည့်.... (အားလုံးကိုတော့ မဆိုလိုဘူးနော်) NLD ကို မွတ်ဒေါင်း ဘာညာပြောရင်တော့ တအားနာတယ်။ တကယ်က (တချို့က) တစ်ဘက်အုပ်စုကို စာနာလို့ ၊ အမြင်ကျယ်လို့ မဟုတ်။ NLD ကို ထိလို့နာကြတာ။ (ရှင်းရှင်းပြောရရင် NLD ကို ကိုယ်မနှစ်သက်တဲ့၊ ကြိတ်မုန်းနေတဲ့ အုပ်စု (ကုလား)နဲ့ တွဲပေးလို့ ၊ NLD ကို ကိုယ်အထင်အမြင်သေးတဲ့ အုပ်စု (ကုလား)နဲ့ တွဲပေးလို့ နာကြတာ။ ကြံ့ဖွံ့ကလူတွေလို လူမျိုးရေးဘာသာရေးခွဲတဲ့ စကားမျိုး NLD ထဲက နည်းနည်း အစွန်းရောက်တဲ့တစ်ယောက်က ပြောလာပြီဆိုရင်တော့ လက်ခုပ်တီးကြလိမ့်မယ်။

ကုလားတွေ လွှတ်တော်ထဲ ရောက်နေပြီဆိုပြီး အဲဒီ ဒီမိုဆိုသူတွေပဲ ပြောကြတယ်။ တကယ်က အဲဒီ့ အမတ် သုံးယောက် ဘာလူမျိုး ဘာဘာသာ ဖြစ်တယ်ဆိုတာ ထည့်ပြောနေဖို့မလိုပါဘူး။ တကယ် ဝေဖန်သင့်တာက သူတို့ဟာ မြန်မာနိုင်ငံကို နှိပ်စက်နေတဲ့ အာဏာရှင် ပါတီဖြစ်တဲ့ ကြံ့ဖွံ့ရဲ့ ပါတီဝင်တွေ ဖြစ်နေတာရယ်၊ သူတို့ရဲ့ လုပ်ရပ်တွေရယ်ကိုပဲ ကြည့်ပြီး ဝေဖန်ရမှာ မဟုတ်ဘူးလား။ အခုတော့ လွှတ်တော်ထဲမှာပါတဲ့လူတွေကို ဘာသာရေးအပေါ် မူတည်ပြီး လျှောက်ပြောနေကြတယ်။ အဲဒီ့လူတွေက လွှတ်တော်ထဲမှာ ဘာသာရေးကိစ္စတွေ ပြောလာလို့၊ ဘာသာရေးအစွန်းရောက်ကိစ္စတွေ လုပ်လာရင်တော့ တမျိုးပေါ့လေ။ အဲဒီလိုဆိုရင်တော့ ပြောကြပေါ့။

အခုကျတော့ ဒီမိုလို့ အများက ယူဆကြတဲ့သူတွေထဲက တော်တော်များများကလည်း…..လူနည်းစုဆိုရင် တစ်ဘက်သတ် နှိပ်ကွပ်ထားချင်တဲ့ စိတ်ရှိတာ သိသာနေတယ်။ နေရာတို့ ထွက်ပေါက်တို့ဆိုတာကို လုံးဝ မပေးချင်ဘူး။ (အခု လွှတ်တော်ကြီး အသုံးမကျတာ၊ ဘာမှ အသုံးမဝင်တာကို ခဏထားလိုက်မယ်) လွှတ်တော်ဆိုတာ နိုင်ငံရဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း အနုနည်းနဲ့ ဖြေရှင်းဖို့ ထားထားတာ မဟုတ်လား။ လွှတ်တော်လိုနေရာမှာ လူနည်းစုတွေရဲ့ ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းခွင့်မပေးဘူးဆိုရင်၊ လူနည်းစုတွေရဲ့ ကိုယ်စားလှယ်တွေ တစ်ယောက်မှ မရှိစေချင်ဘူးဆိုရင်၊ သူတို့ရဲ့ အသံတွေ ခံစားချက်တွေကို အနုနည်းနဲ့ ပြောပြဖို့အတွက် ဘယ်သူ့ကိုမှ ခွင့်မပြုဘူးဆိုရင်၊ အကြမ်းဖက်မယ့်သူတွေ ခေါင်းထောင်လာတာပဲ ရှိမှာပေါ့။ တခြားနည်းလမ်းတွေကို လုံးဝပိတ်ထားတာကိုး။ ချောင်ပိတ်ရိုက်နေတာကိုး။

မြန်မာမှာ ခက်နေတာက ကိုယ့်အုပ်စုကိုယ်အတွက်ပဲကြည့်။ ကျန်တဲ့ အုပ်စုကို ရန်လိုနေတာပဲ။ အစွန်းရောက်တွေကလည်း ပေါတယ်။ မလေးရှားမှာ မြန်မာတွေ အသတ်ခံရတာကို ဝမ်းသာပြီး အားပေးအားမြှောက်လုပ်ချင်တဲ့ မူစလင်တွေ ရှိတယ်။ မူစလင် တစ်ယောက်က ကိုရန်ကျမ်းကို ဘာသာပြန်တာကို တခြားလူတွေက အယူအဆ မတူလို့ သဘောမကျလို့ ဆိုပြီး အဲဒီသူကို သတ်ပစ်ချင်တယ်ဆိုတဲ့သူတွေ၊ အဲဒီကျမ်းတွေကို မီးရှို့ပစ်ချင်တယ်ဆိုတဲ့သူတွေ ရှိတယ်ဆိုတာလည်း တလောက ဖတ်လိုက်ရတယ်။ ခဲနဲ့ပေါက်သတ်တဲ့ လုပ်ရပ်မျိုးကို ထောက်ခံတဲ့လူတွေတောင် ရှိသေး။ ဗုဒ္ဓဘာသာဝင်တွေဆိုရင်လည်း မူစလင်နိုင်ငံတွေမှာ ငလျင်လှုပ်တာ ကိုဝမ်းသာကြရတာနဲ့။ တောင်ကုတ်မှာ မူစလင်တွေ ဘတ်စ်ကားပေါ်ကနေ ဆွဲချပြီး အသတ်ခံရတုန်းက ထောက်ခံခဲ့တဲ့ ပညာတတ် ဗုဒ္ဓဘာသာဝင်ဆိုသူတွေ အများကြီး (အဲလိုထောက်ခံတဲ့အထဲမှာ စင်ကာပူမှာ ကျောင်းတက်နေတဲ့သူတွေ ပညာတတ်လူငယ်လို့ ပြောရမယ့် သူတွေတောင် ပါလိုက်သေး။ စစ်အုပ်စု အနွယ်တွေလည်း မဟုတ်ဘူး။ သာမန်လူတွေပါ။)

တစ်ဘက်မှာ အဲလိုသတ်တာဖြတ်တာ တွေကိုကျ တစ်ချို့က သဘောမတူပေမဲ့ (ဘယ်သဘော တူမလဲ။ လစ်ဘရယ်လို့လည်း နာမည်ခံချင်ကြသေးသကိုး) အဲဒီလို သတ်တာဖြတ်တာတွေရဲ့ အခြေခံအယူအဆ တွေကိုကျ သဘောတူနေတဲ့သူတွေလည်း အများကြီး။ ဥပမာ နိုင်ငံသားချင်းအတူတူဟာကို အိမ်ရှင်၊ဧည့်သည် တို့ အစ်ကိုကြီး၊ ညီလေးတို့ ထပ်ခွဲချင်နေကြတာတွေ...တစ်စုကို ဒုတိယတန်းစား နိုင်ငံသား သဘောထားချင်တာမျိုး၊ တခြားတိုင်းရင်းသားတွေကို မြန်မာရဲ့ အစောင့်ရှောက်ခံလို့ သဘောထားပြီး မြန်မာက စောင့်ရှောက်ပေးမှ ရမယ်ဆိုပြီး အကိုကြီးနေရာ ယူထားတာမျိုးပေါ့)

အဲလိုလူတွေ များနေတော့ ရွေးကောက်ပွဲမှာ ဘယ်သူပဲနိုင်နိုင်၊ အခြေခံဥပဒေ ကိစ္စ ဘယ်လိုပဲဖြစ်ဖြစ်…. ဒီပုံနဲ့ကတော့…မီးခိုးတွေ ဝေနေမှာပဲ မြင်ယောင်တယ်။

ကောင်းကင်ကို (ဖေဖော်ဝါရီ ၇ရက်နေ့) ၂၀၁၅

Sunday, August 24, 2014

Fans တွေရဲ့ အချစ်ခံရတာကလည်း ကျိန်စာတစ်မျိုး

Fans တွေရဲ့ (မျက်ကန်းချစ်နဲ့) အချစ်ခံရတာကလည်း ကျိန်စာတစ်မျိုး.........

မန်ယူရဲ့ သဲသဲလှုပ် ပရိသတ်တွေ (မန်ယူကို စွဲစွဲလမ်းလမ်းကြိုက်တာကနည်းနည်း...တခြားအသင်းတွေကို ချိုးနှိမ်ချင်တာက များများ ပရိသတ်တွေ)ကြောင့် မန်ယူကိုပါ မုန်းတဲ့သူတွေ ရှိလာတယ်။ ကျွန်တော်တောင် ပါလိုက်သေး ။ မဖြစ်သင့်ပေမဲ့ အဲလိုဖြစ်လာတယ်။ ဟိုလိုလင်းတတွေက ဂျိုကြွကြတာကိုး။
ဒေါ်စုရဲ့ သဲသဲလှုပ် ပရိသတ်တွေ (ဒေါ်စုကို နတ်ရုပ်လို လုပ်ပစ်လိုက်တာမျိုးတို့၊ မေမေဆိုပြီး အမြဲတမ်းတနေပြီးတော့ တခြားသူက အကျိုးသင့်အကြောင်းသင့် တစ်ခုလောက် ဝေဖန်သလို ပြောမိရုံနဲ့ ပြောမိတဲ့သူကို ရိုင်းရိုင်းစိုင်းစိုင်းဆဲမယ်၊ ဝိုင်းပြီး ဆွမ်းကြီးလောင်း တံဆိပ်ကပ်မယ် ဆိုတာမျိုးတွေ) ကြောင့် တချို့ ဒေါ်စုကိုပါ မျက်မုန်းကျိုးလာတယ်။
ထူးအိမ်သင်ရဲ့ သဲသဲလှုပ် ပရိသတ်တွေ (တချို့က သူ့ကို အရူးအမူးစွဲလမ်းတာက နည်းနည်း၊ တခြားအဆိုတော်တွေကို မျက်မုန်းကျိုးတာက များများ) ကြောင့် တချို့ မပြည့်ဝတဲ့သူတွေက ထူးအိမ်သင်ကို ပြန်ပုတ်ခတ်တာမျိုးတွေ ဖြစ်လာတယ်။ screenshot တွေ တွေ့ကြမှာပါ။

***

ထူးအိမ်သင် ကိစ္စကို ဆက်ရေးရရင်တော့

(၁) အဆိုတော်တချို့တွေ မမီကြမှာကို အစကတည်းက တော်တ်ာများများက ကြိုတွေးမိတယ်။ သီချင်းတွေ ဆိုပြီးတဲ့အခါ ဝေဖန်ကြတာကိုလည်း လက်ခံပါတယ်။ ဒါပေမဲ့ ပွဲမလုပ်ရသေးခင်ကတည်းက …..( ဝေဖန်သူအများစုက) လွဲချော်နေတာကိုတော့ အချက်နဲ့ ပြောပြချင်တယ်။

(၂) လုပ်စားတယ်လို့ ပြောကြတဲ့ကိစ္စ။ အများစုက (အစက) မြင့်မိုးအောင်တို့ ရွှေဂျော်ဂျော်တို့ကို လုပ်စားတယ်လို့ ပြောကြတာ။ ပိုက်ဆံက သူတို့ ယူမှာ မဟုတ်ဘူးဆိုတာ အစကတည်းက ရှင်းနေတယ်။ ပြီးတော့ ပွဲလုပ်လို့ နာမည်ရစရာလည်း ရှိမလာဘူး။ အစီအစဉ်ညံ့လို့ အဆဲခံရချင် ခံရဖို့ပဲ ရှိတယ်။ ပြီးတော့ မိသားစု သဘောမတူဘဲနဲ့ ဘယ်လိုပွဲမျိုးကို ဘောင်ကျော်ပြီး လုပ်ခွင့်ရမှာလဲ။ အစကတည်းက စဉ်းစားတတ်ဖို့ကောင်းတဲ့ အချက်ပါ။ ထူးအိမ်သင်သီချင်းတွေက မြင့်မိုးအောင်နဲ့ ရွှေဂျော်ဂျော် နှစ်ယောက်တည်း ရေးတာမှ မဟုတ်တာ။ သူတို့မှာချည်း မူပိုင်ခွင့် ရှိမနေဘဲ ဘယ်လိုလုပ် လုပ်စားလို့ ရမှာလဲ? တွေးကြည့်ရင် အရှင်းကြီးဟာကို။

(၃) တချို့က မိသားစုက လုပ်စားတယ်လို့ ပြောကြပြန်ရော။ အဲဒါကတော့ တော်တော်ရက်စက်တဲ့သူတွေ၊ ကိုယ်ချင်းစာစိတ် နည်းတဲ့သူတွေပဲ။ သူ့အဖေကို သူတို့ထက် ဘယ်သူက ပိုချစ်မှာလဲ။ သူ့အဖေအနုပညာကို တချို့ပရိသတ် ပိုချစ်ကောင်း ပိုချစ်မယ်။ အဲဒါနဲ့ ကိုင်ပေါက်လို့တော့ ရတယ်။ ဒါပေမဲ့ ကိုငှက်ပွဲလုပ်တာကို သဘောတူတဲ့ သူတွေထဲမှာ ကိုငှက်ရဲ့ ပရိသတ်တွေလည်း ကျွန်တော့် သူငယ်ချင်းတွေထဲမှာ ရှိတယ်။ ဒီအဆိုတော်တွေဆိုရင် ကိုငှက်ကို မမီနိုင်မှန်း သိပေမဲ့ ကိုငှက်သီချင်းတွေအပေါ် သဘောထား ကျဉ်းမြောင်းမနေဘူး။ ကျန်တဲ့အဆိုတော်တွေကို အသားလွတ် အမြင်ကတ်မနေဘူး။ ဒီတော့ ခင်ဗျားတို့ချည်းပဲ ကိုငှက်ပရိသတ် ဆိုပြီး မောင်ပိုင်စီးတာမျိုးတော့ မလုပ်သင့်ဘူးပေါ့။ နားမထောင်ချင်ရင် ရှင်းနေတာပဲ မကြည့်နဲ့ပေါ့။ ပြီးတော့ ပွဲရဲ့အကျိုးအမြတ် ၂၅ ရာခိုင်နှုန်းက ပရဟိတအတွက်နော်။

(၄) တချို့က ဝင်ဆိုမယ့် အဆိုတော်တွေ လုပ်စားတယ်လို့ ပြောကြတယ်။ အဲဒါလည်း လွဲနေတယ်။ အဆိုတော်တချို့ အနုပညာကို တန်ဖိုးမထားတာ၊ ဖြစ်ကတတ်ဆန်း လုပ်သွားတာ မှန်ပေမဲ့ “လုပ်စားတယ်” လို့တော့ ပြောလို့ မရဘူး။ ပိုက်ဆံကို သူတို့ ရမှာလည်း မဟုတ်။ နာမည်လည်း ပိုကြီးလာမှာမဟုတ်။ အဆဲတောင်ခံရဦးမယ်ဆိုတာ သူတို့ကိုယ်တိုင် ကြိုသိနေတယ် (ကြိုသိမှာပေါ့။ တချို့က ဘယ်လိုဆိုဆို ကိုငှက်ကို မမီနိုင်မှန်း သူတို့ကိုယ်တိုင် ကြိုသိနေမှာကိုး)။ တချို့ဆို အဆဲမခံချင်လို့ နုတ်ထွက်သွားတယ်။ ဒီတော့ သူတို့ကို “လုပ်စားတယ်” လို့ စွပ်စွဲတာက လွဲနေပါတယ်။ သူတို့ထဲကတချို့ ညံ့တယ် ဆိုတာကိုတော့ လက်ခံလို့ရတယ်။

(၅) မိကွန်ထော ဆိုတာနဲ့ ပတ်သတ်ပြီး တချို့ fans တွေ က၊ သူက ပရော်ဖက်ရှင်နယ်မှ မဟုတ်တာ။ (သီချင်းပျက်သလိုဖြစ်ပေမဲ့) ခွင့်လွှတ်တယ်ဆိုတာမျိုးကို သဘောတူပါတယ်။ အဖေအတွက် အမှတ်တရ ဆိုတာပဲ။ ကောင်းချင်မှ ကောင်းမှာပေါ့။ ဒါပေမဲ့ အဲဒီထဲက တချို့သူတွေပဲ ပွဲလုပ်တာကိုကျ လုပ်စားတယ်ဆိုပြီး ပြောနေတယ်။ ပွဲကလည်း မိကွန်ထောတို့ မိသားစု လုပ်ခိုင်းလို့ လုပ်ရတာပဲလေ။ ဒီတော့ သူကိုယ်တိုင် ဆိုတာ သီချင်းပျက်သွားသလို ဖြစ်လို့ ခွင့်လွှတ်မယ်ဆိုရင် …..ပွဲလုပ်တာကိုလည်း ခွင့်မလွှတ်နိုင်စရာ ဘာအကြောင်းရှိသေးလို့လဲ။ သူကိုယ်တိုင် ဆိုတာရော၊ ကိုငှက်ညီ ဆိုတာရော၊ တခြားအဆိုတော်တွေ ဆိုတာရောက သူတို့မိသားစုဆန္ဒအရ လုပ်တာပဲလေ။ မိကွန်ထော ဆိုလို့ သီချင်းလေးတမျိုးဖြစ်သွားတာကျ အပြစ်မမြင်ပေမဲ့၊ မိကွန်ထောတို့ ပွဲလုပ်တာကျ အပြစ်မြင်နေပြန်ရော။ အဲဒီလူတွေဟာ ရှေ့နောက်မညီဘူး ဖြစ်နေတယ်။ မိကွန်ထောအပေါ်မှာ အဖေ့အရှိန်နဲ့ သံယောဇဉ် ရှိလို့ မပြောကြဘူးဆိုတာမျိုး ရေးကြတယ်။ တကယ်သံယောဇဉ်ရှိရင် ပွဲလုပ်တာကိုလည်း ရုပ်ပျက်ဆင်းပျက် မတိုက်ခိုက်သင့်ဘူးလေ။

(၆) မူရင်းကို ပြန်ဆိုတဲ့ နောက်တော့ ပကတိအတိုင်းတော့ ရှိမနေနိုင်တော့ဘူး။ တစ်ခုခုကတော့ ပဲ့ပါသွားမှာပဲ။ ကိုငှက်ကိုယ်တိုင် ပြန်ဆိုခဲ့တဲ့ သီချင်းတွေလည်း ရှိတာပဲ။ အသံနဲ့ ဆိုပုံကြောင့် မဟုတ်ပေမဲ့ စာသားကြောင့် ပျက်သွားတာတွေလည်းရှိတယ်။ ဘွန်ဂျိုဗီသီချင်းတွေ ကီးချင်းမတူလို့ မူရင်းကို မမီသလို ဖြစ်တာမျိုးတွေလည်း ရှိတာပဲ။ (ကိုငှက်ကတော့ သီိချင်းတိုင်းကို လေးလေးစားစား အဆင့်မြင့်မြင့် ဆိုရှာပါတယ်) ဥပမာ ပေးရရင် ဒါမျိုးသီချင်း။ မိဘမေတ္တာကို မျက်ရည်ကျလောက်အောင် ဖွဲ့ထားတာ။ http://www.youtube.com/watch?v=qX9YX3XZ8S0&index=5&list=PLgi2Nf-t3v6dsIdfj8vz0sG6dEPnBm13l မြန်မာမှာက အဲဒီသီချင်းက (သီချင်းများနဲ့လူ) အဲဒီသီချင်းက ထူးအိမ်သင် အရင်ဆိုခဲ့ဖူးသူလည်း ရှိတယ်။ အဲလို စာသားကြောင့် ပျက်သွားတာမျိုးတွေ ရှိတာပဲ။ Bow Down, Minister ဆို ဟိန္ဒူဘာသာရေးသီချင်း။ မူရင်းကို နားစွဲခဲ့တဲ့သူတွေသာ သိရင် ဘယ်လိုပြောမလဲ။ ဘာပဲဖြစ်ဖြစ် သဘောထားကြီးတဲ့သူတွေဆိုရင်တော့ သူ့သီချင်းကို ကြိုက်လွန်းလို့ ကော်ပီလုပ်တာဖြစ်တဲ့အတွက်၊ အခြေအနေအရသာ စာသားပြောင်းလိုက်တာ ဖြစ်တဲ့အတွက် (ခွင့်မတောင်းပဲ ဆိုတာတောင်) ဝမ်းသာမှာပါ။ ကိုယ့်အနုပညာကို ကြိုက်လို့ လိုက်တုတာ (ငွေရေးကြေးရေးတွေ မပါဘူးဆိုရင်၊ credit လည်းပေးတယ်ဆိုရင်) ဝမ်းမသာဘဲ ရှိမလား။ ဝမ်းသာခွင့်လွှတ်မှာပါ။ Michale Learns လာတုန်းက သူ့ဟာကို ကော်ပီလုပ်ခဲ့တဲ့သူတွေနဲ့ တူတူဆိုသွားသေးတာ မဟုတ်လား။ အခု လူတွေကျမှ ဘာလို့ ဒီလောက် သဘောထား သေးသိမ်နေရလဲမသိ။ (လူတိုင်းကို ပြောတာတော့ မဟုတ်ဘူး။ ကိုယ်မကြိုက်တဲ့သူဆို လုံးဝ ဆိုခွင့်မပေးနဲ့ ပုံစံမျိုး ပြောတဲ့သူတွေကို ပြောတာ)။

(၇) တချို့ဝေဖန်တာတွေကတော့ အသံမတူလို့တဲ့။ တူအောင်ဆိုခိုင်းသင့်တယ်တဲ့။ အဆိုတော်တွေကို အသံတုဝိဇ္ဇာ ကြယ်တစ်လုံးများ ထင်နေကြလားမသိ။ ဒါမှမဟုတ် စီဒီဖွင့်ပြီး ဆိုချင်ယောင် ဆောင်ခိုင်းရမှာလား။ ဒါမှမဟုတ် ကိုငှက်အမှတ်တရပွဲမှာ ကိုငှက်သီချင်းမဆိုကြပဲ ကိုယ့်သီချင်းကိုယ် ဆိုကြ ဆိုပြီး လုပ်ကြမှာလား။ အဲဒါဆို ဘယ်လိုလုပ် အမှတ်ရစရာ ကောင်းမလဲ။
အခုလိုပွဲလုပ်လိုက်တော့မှ သျှီလိုဆိုတာကောင်းရင်လည်း ကိုငှက်ကို သတိရစရာဖြစ်၊ တခြားညံ့တဲ့ အဆိုတော်တစ်ယောက် ဆိုလိုက်တော့လည်း ကိုငှက်ကို ပိုပြီး တမ်းတစရာတောင် ဖြစ်သွားသေးတယ်။ ဒီလိုပွဲမလုပ်ခင်တုန်းက ရှစ်နှစ်ပြည့်တို့၊ ကိုးနှစ်ပြည့်တို့မှာ သတိရတဲ့သူ ဘယ်နှစ်ယောက် ပါလို့လဲ။ (အဲဒါကိုလည်း အပြစ်မပြောပါဘူး။ သီချင်းနားထောင်ချင်တဲ့အချိန်နဲ့ သူ့အကြောင်း တစ်ခုခုတိုက်ဆိုင်တဲ့အချိန်ပဲ သတိရမှာပေါ့)။ အခုပွဲလုပ်လိုက်တော့ရော သတိရစရာတွေ ဖြစ်မလာဘူးလား။

(၈) အနုပညာရှင်ရဲ့ အနုပညာ ပစ္စည်းကို ပရိသတ်ကပဲ ပိုင်တယ်။ မိသားစုက မပိုင်ဘူးဆိုတဲ့ ဆင်ခြေနဲ့ မိသားစုကို ကန့်ကွက်တာလည်း တော်တော် မတရားတာပဲ။ အဲဒီအခွင့်အရေးကို ကန့်သတ်ချင်ရင် တခြားတစ်ခုခုနဲ့ ပြန်လုပ်ပေးဖို့ ပြန်ကြည့်ပေးဖို့တော့ လိုမှာပေါ့။ ထူးအိမ်သင် fans တွေစုပြီး ငွေကြေးကောက်ခံပြီး လှူတာမျိုး (ခုချိန်ထိ) ဘယ်သူက လုပ်သေးလို့လဲ။ ဒါမှမဟုတ် တခြားသူ မဆိုစေချင်ရင် မူပိုင်ခွင့်ကို ထူးအိမ်သင် fans တွေ စုပြီး အပြတ်ဝယ်လိုက်တာမျိုး လုပ်မှ မိသားစုအပေါ် တရားမျှတရာ ကျမှာပေါ့။ ဒါမှမဟုတ်လည်း တခြားတစ်ခုခုလုပ်ပေးသင့်တာပေါ့။

(၉) ကျွန်တော်ကတော့ ထူးအိမ်သင် မိသားစုဟာ…. တခြား ကွယ်လွန်သွားခဲ့တဲ့ အဆိုတော်တွေရဲ့ မိသားစုတွေနဲ့ မတူပဲ……..သမီးလေး အရွယ်ရောက်လာတဲ့အထိစောင့်ပြီးမှ အမှတ်တရလေးဖြစ်အောင်၊ အဖေရဲ့ သီချင်းကို ပရိသတ်တွေ အများကြီးရှေ့မှာ ဆိုခွင့်ရအောင် ဒီလိုပွဲကို နှစ်တွေအများကြီးစောင့်ပြီးမှ လုပ်တာကို ချီးကျူးချင်နေတယ်။ ငွေအတွက် သက်သက် ဆိုတာထက် ပိုတယ်။ လှတယ်လို့လည်းမြင်တယ်။ ဒီလိုပွဲက ကောင်းခြင်းမကောင်းခြင်းထက် (မကောင်းတာတွေကိုလည်း ဝေဖန်ခွင့်ရှိပါတယ်) အမှတ်တရ လုပ်တာမို့ “လုပ်စားတယ်” ဆိုတာမျိုး မစွပ်စွဲသင့်ပါဘူး။ အမှတ်တရ ပွဲမဟုတ်ဘဲ သာမန်ခွေမျိုးမှာ ထူးအိမ်သင်သီချင်းကို ဝယ်ဆိုတာမျိုး ဆိုရင်သာ လုပ်စားတယ်လို့ ပြောလို့ရဦးမယ်။

(၁၀) အဆိုတော်တွေ ညံ့တာ၊ ပွဲအစီအစဉ် ညံ့တယ်လို့ စာဖတ်သူက ယူဆမယ်ဆိုရင် ညံ့ကြောင်းဝေဖန်တာတွေကိုတော့ သဘောတူပါတယ်။ ဝေဖန်ခွင့်ကို လေးစားပါတယ်။ ဒါပေမဲ့ ပွဲမလုပ်ရဘူး၊ ခွေမထုတ်ရဘူး ဆိုတာတွေကတော့ ထမင်းရှင်ဆိုတဲ့ စကားလုံးနဲ့ အနုပညာရှင်ရဲ့ မိသားစုကို အနိုင်ကျင့်တာနဲ့ အတူတူပါပဲ။ တကယ်တော့ ပရိသတ်တို့ ထမင်းရှင်တို့ဆိုပြီး ထူးအိမ်သင်ကို ခင်ဗျားတို့ချည်း မောင်ပိုင်စီးရအောင်ကလည်း tape ခေတ်ကနေ စီဒီခေတ်အထိ ထူးအိမ်သင်ခွေတွေ ဝယ်ခဲ့တဲ့ အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီတော့ ထူးအိမ်သင်ပရိသတ်ထဲမှာ မိသားစု အစီအစဉ်ကို ဆန့်ကျင်မယ့်သူတွေချည်းပဲ လို့ တရားသေမတွက်ပါနဲ့။ ကိုငှက်ကို မောင်ပိုင်မစီးချင်ပါနဲ့။ မိသားစု စိတ်ကျေနပ်မယ်ဆိုရင် ကြိုက်တာလုပ်ပါစေဆိုတဲ့ သူတွေလည်း ရှိပါသေးတယ်။ ကိုငှက်အခွေတွေကို မီးရှို့ပစ်တာမျိုးမှ မဟုတ်တာ။ ဘယ်သူတွေပဲ ဆိုဆို ကိုငှက်သီချင်းတွေတန်ဖိုးက သူ့စာသားတွေ၊ သူ့အသံတွေပေါ်မှာ ဖြစ်တည်နေတဲ့ ဟာမျိုး။ ကိုငှက်သီချင်းတွေက မှတ်ကျောက်အတင်ခံပြီး ပိုတောက်ပြောင်လာသလို ဖြစ်ဦးမယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။

Saturday, April 5, 2014

ဒီလောက်လေးတွေ



လူမျိုးရေး၊ဘာသာရေး အဓိကရုဏ်းတွေ ခဏခဏ ဖြစ်နေတာကို ကျွန်တော်တော့ မအံ့သြတော့ဘူး။ ဒီလို အစိုးရ၊ ဒီလိုလွှတ်တော်၊ ဒီလိုနိုင်ငံရေးသမားတွေ လက်ထဲမှာ “ဒီလောက်လေးတွေပဲ” ဖြစ်နေတာကိုသာ အံ့သြနေတာ။ လူတွေ ထိခိုက်သေကြေနေရတဲ့၊ စိတ်ညစ်နေရတဲ့ ကိစ္စတွေကို “ဒီလောက်လေးတွေပဲ” လို့ သုံးရတာတော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒီလိုအခင်းအကျင်းအောက်မှာ ဒီထက်ပိုကြီးတဲ့၊ ဒီထက် အသေအပျောက်ပိုများမယ့် ဟာမျိုးတွေ ခဏခဏ ဖြစ်မယ်လို့ ကျွန်တော်က ထင်ထားလို့ “ဒီလောက်လေးတွေပဲ” လို့ သုံးလိုက်တာ။

လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေနဲ့ ပတ်သတ်ပြီး ပြောရရင်၊ အစိုးရက လွှတ်ပေးထားတာတွေ၊ နောက်ကွယ်က မြှောက်ပေးသလိုလုပ်တာတွေနဲ့ တချို့လူတွေရဲ့ စိတ်ထဲမှာ ကိန်းအောင်နေတဲ့ အမုန်းတွေကိုသာ မြင်မယ်ဆိုရင်၊ “ဒီလောက်လေးတွေပဲ” ဖြစ်တာကမှ အံ့သြဖို့ ကောင်းတာ။ 

ဒါပေမဲ့၊ တချို့လူတွေရဲ့ စိတ်ထဲမှာ အမုန်းတရားတွေ ဘယ်လောက်ပဲ ရှိနေရှိနေ၊ အစိုးရက ဖိဖိစီးစီး အရေးယူပြီး၊ ထိထိရောက်ရောက် ပညာပေးမယ်ဆိုရင် ဒီလိုတွေ ဘယ်ဖြစ်မှာလဲ။ ဖြစ်တယ်ဆိုရင်တောင် တစ်ခါတလေပဲ ဖြစ်မှာပေါ့။ ဒါမျိုးတွေ မလုပ်ကောင်းတဲ့အကြောင်းကို အစိုးရ၊ မီဒီယာတွေ နဲ့ သြဇာညောင်းတဲ့ နိုင်ငံရေးသမားတွေက ဝိုင်းပြီး ပညာပေးမယ်၊ ဝေဖန်ရှုတ်ချသင့်တာကို ဝေဖန်ရှုတ်ချမယ်ဆိုရင် ဒါမျိုးတွေ ဘယ်ဖြစ်မလဲ။ 

ဥပမာ... ဦးဝီရသူဆိုရင် တရားဓမ္မနဲ့ မဆီလျော်တာတွေ မကြာခဏ ပြောနေပေမဲ့ မြန်မာမီဒီယာအများစုမှာဆိုရင် (အများအားဖြင့်) သူ ဘာသာပေါင်းစုံငြိမ်းချမ်းရေး လုပ်နေတာတွေလောက်ပဲ ပါတတ်တယ်။ သူ ပေါက်တတ်ကရ လျှောက်ဟောပြောထားတာတွေကိုကျ ဗွီဒီယိုသက်သေ အထောက်အထားတွေ ရှိပါလျက်နဲ့ မြန်မာမီဒီယာတွေ၊ နိုင်ငံရေးသမားတွေက သူ့ကို အချက်အလက်နဲ့ ဝေဖန်တာမျိုးကကျ ရှားတယ်။ (ရှိတော့ရှိပေမဲ့ ရှားတယ်) တချို့မီဒီယာတွေ၊ နိုင်ငံရေးသမားတွေဆို ဦးဝီရသူကိုအကာအကွယ်တောင် ပေးလိုက်သေးတယ်။ ဒါက ဦးဝီရသူနဲ့ပဲ ဥပမာပေးတာပါ။ နိုင်ငံရေးသမားတွေ၊ မီဒီယာတွေ နဲ့ လွှတ်တော်က မထိရဲတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေ အများကြီးပါပဲ။ တကယ်က ကောင်းကျိုးဖြစ်ဖြစ် ဆိုးကျိုးဖြစ်ဖြစ် အများကြီး သက်ရောက်စေနိုင်တဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို မီဒီယာတွေနဲ့၊ လူထုကလေးစားတဲ့ ပုဂ္ဂိုလ်တွေက ပြတ်ပြတ်သားသား ဝေဖန်ထောက်ပြသင့်တာပေါ့။

သာမန်မထင်မရှားသူတွေက ဝေဖန်တာမျိုးတွေတော့ ရှိပါတယ်။ အဲဒါတွေကကျ ထင်သလောက် မထိရောက်ဘူးလေ။ တစ်ခါတလေဆို သာမန်လူတစ်ယောက်က ဝေဖန်လိုက်မှ ဒေါသဖြစ်နေတဲ့သူတွေကို ပိုဆွပေးသလို ဖြစ်သွားပြီး ဆန့်ကျင်ဘက်ရလဒ်တွေ ထွက်ကုန်ရော။ ဒါပေမဲ့ အစိုးရကဖြစ်စေ၊ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေ၊ အနုပညာရှင်တွေကဖြစ်စေ ဝေဖန်ထောက်ပြကြတာမျိုးဆိုရင်တော့ ထိရောက်သင့်သလောက် ထိရောက်မှာပါ။ ဒါပေမဲ့ အဲလိုဝေဖန်ထောက်ပြမှုမျိုးက ရှားနေတယ်။ သတ္တိဆိုတာကလည်း ထူးဆန်းတယ်လေ။ တခါတလေကျ ထောင်ထဲဝင်ရမှာ မကြောက်ပေမဲ့ လူမုန်းခံရမှာကို ကြောက်ချင်ကြောက်ပြန်ရော။ ထားပါတော့။

ဒါမျိုးတွေ ခဏခဏ ဖြစ်နေရခြင်းမှာ၊ အဓိက အပြစ်တင်ရမှာက ဒေါသထွက်နေတဲ့ လူအုပ်ကြီး မဟုတ်ဘူး။ လူတွေကို အပြစ်သွားတင်နေလည်း အပိုပဲ။ ဘာမှထူးလာမှာမှ မဟုတ်တာ။ အပြစ်ပေးမခံရဘူးဆိုရင်၊ ဆွပေးမယ့်သူတွေရှိနေမယ်ဆိုရင်၊ အဲလိုသောင်းကျန်းရတာ ဝေဖန်မခံရဘဲ မျိုးချစ်စိတ်ရှိသူတွေအဖြစ် လက်ခုပ်ဝိုင်းတီးမယ့်သူတွေ များနေမယ်ဆိုရင် ဒါမျိုးတွေက ဘယ်နိုင်ငံမှာမဆိုဖြစ်မှာပဲ။

ဒါတွေက ဘာသာရေးကိုချစ်တာနဲ့လည်း မဆိုင်ဘူး။ ကိုယ့်ဘာသာရေးကိုယ် တကယ်ချစ်တဲ့သူတွေဆို၊ ဘာသာတူသူတွေထဲမှာ အဲလိုလူဆိုးတွေရှိလို့ စိတ်ပျက်နေကြရတာ။ အဲဒါကို မဆီမဆိုင် ဘာသာရေးတွေကို အပြစ်သွားတင်နေကြတဲ့သူတွေ၊ သိမ်းကျုံးပြီးဆဲနေတဲ့သူတွေလည်း လွဲနေတယ်။ ပိုဆိုးရုံပဲ ရှိတော့မပေါ့။ ကိုယ်လွတ်တိုင်း လျှောက်ပြီး မရမ်းသင့်ဘူးလေ။ ပြီးတော့၊ ကိုယ့်အုပ်စုကို အဲဒီလိုမျိုး သိမ်းကျုံးပြီး ပြောရင်ရော ကြိုက်ကြလို့လား။

ဒီိလိုပြဿနာတွေမှာ အဓိက အကျဆုံးကတော့ အစိုးရပါပဲ။ တစ်ခုခုဖြစ်တိုင်း အစိုးရကိုချည်း အပြစ်တင်နေတယ်လို့ ထင်ကောင်းထင်မယ်။ ‘ဘာဖြစ်ဖြစ် အစိုးရကိုချည်း အပြစ်တင်ကြတဲ့ အဖြစ်’ ကို ဟာသလုပ်ရေးထားတာလည်း ဖတ်ဖူးတယ်။ ဒါပေမဲ့ အဲဒီလို ဟာသမလုပ်ခင် ကိုယ့်အစိုးရက ဘယ်လောက်တာဝန်ကျေသလဲ ဆိုတာကို တစ်ချက်လောက်တော့ ကြည့်ဦးမှပေါ့။ ကိုယ့်အိမ်အဖျက်ဆီးမခံရသရွေ့၊ ကိုယ့်လယ်မြေတွေအသိမ်းမခံရသရွေ့၊ အစိုးရကို အကာအကွယ်ပေးတဲ့ ပေါ့ပြက်ပြက်ဟာသမျိုးလုပ်ဖို့၊ ဝေဖန်မှုကို သရော်တဲ့ ဟာသမျိုး လုပ်ဖို့က လွယ်ပါတယ်။

အစိုးရက လွှတ်ပေးထားတာတွေ ရှိနေသရွေ့၊ လူမျိုးရေးဘာသာရေးကို အသုံးချပြီး မဲဆွယ်ချင်နေသရွေ့၊ လွှတ်တော်က တကယ် အလုပ်မလုပ်သရွေ့၊ မသိချင်ယောင်ဆောင်နေသရွေ့၊ တကယ့်အနာကို မကုသရွေ့၊ အပေါ်ယံ ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲတွေမှာ၊ လက်ရှိအချိန်အထိ ဦးဆောင်သွေးထိုးနေတဲ့သူတွေကို (အကြောင်းအမျိုးမျိုးကြောင့်) နေရာပေးနေသရွေ့ ၊ အတိုက်အခံတွေက (အကြောင်းအမျိုးမျိုးကြောင့်) ဒီလိုကိစ္စကိုဘေးချိတ်ထားသရွေ့၊ ဆွပေးတုန်းက ဆွပေးပြီး တစ်ခုခုဖြစ်မှ ငြိမ်းချမ်းရေးသမားယောင်ယောင် ဆောင်ချင်တဲ့ နာမည်ကျော်စာရေးသူတွေရှိနေသရွေ့ ဒါမျိုးတွေက ဖြစ်နေဦးမှာပဲ။

ဘုရားဘုရား!... မနေနိုင်တဲ့သူတွေအဖို့ကတော့ စောင့်ကြည့်ပြီး ရင်မောရုံပေါ့လေ။

ကောင်းကင်ကို (ဧပြီ ၅၊ ၂၀၁၄)