Thursday, February 7, 2008

ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ

မပွင့်တပွင့် နှုတ်ခမ်းလေးက
မောင်လို့ တစ်ခွန်း ခေါ်လိုက်တိုင်း မှာ
သံယောဇဉ် ဝက်အူက
ရင်ကို တစ်ရစ်တင်းတယ်။

ချစ်သူ့ နှုတ်ခမ်းဖျားမှာ
မုန်တိုင်းတစ်ခု ဖွဖွကလေး တိုက်ရင်တောင်
ငါက…နှလုံးသားတစ်ခုလုံး ဒေါင်ချာစိုင်းတဲ့ကောင်ပါ။

ပတ္တမြားသွေးနဲ့ 
ချစ်စရာနှုတ်ခမ်းလေးမှာ
စကားလုံးလေးတွေက တတွတ်တွတ်နဲ့ ပွင့်တယ်။
မာယာ သကြားတွေ ထည့်မထားတဲ့
စကားလုံး ရိုးရိုးလေးတွေက
ဘာကြောင့် ဒီလောက်ချိုနေရတာလဲ။
အဲဒီ့ စကားလုံးလေးတွေကိုပေါ့
ငါ…ဝိုင်အရက် ချက်ပြီး တညလုံးမူးခဲ့တာ။

မျက်လုံးခြင်း ဆုံလိုက်တဲ့ အခိုက်အတန့် မှာ
အကြင်နာမြစ်တစ်စင်းက ငါ့သွေးကြောထဲကို ဖြတ်စီး
ခဏလေး လက်သွားတဲ့ လျှပ်စီးရောင်အောက်မှာ
အသည်း သဏ္ဍန်တိမ်စိုင်လေးတစ်ခုကို
ဝိုးတဝါးနဲ့ တွေလိုက်ရတယ်။
ဒါ ချစ်ခြင်းရဲ့ နိမိတ်လား။

လမင်းရဲ့ ဆွဲငင်အားနဲ့ 
သံယောဇဉ် ဒီရေတွေတရိပ်ရိပ်တိုး
နှလုံးသား ဆည် ကျိုးတဲ့နေ့ ကပေါ့။

ဟန်တစ်ခွဲသားနဲ့ အဖြူရောင် တံတိုင်းကြီးလည်း
တိုးတိုးလာတဲ့ ချစ်ခြင်း တွေကို ထမ်းပိုးရင်းက
မနိုင်မနင်းနဲ့  သူ့ အလိုလို ပြိုကျ၊
ချစ်စကားတွေ ငါ့နှုတ်ခမ်းက အလုအယက် ခုန်ထွက်လာတုန်းကပေါ့။
စကားလုံးတွေ တစ်လုံးနဲ့ တစ်လုံး ခလုတ်တိုက်မိပြီး
ငါ့စကားတွေက ထစ်သွားလိုက်တာ။

နှစ်ယောက်စလုံးရဲ့ ရင်ခုန်သံတွေက
တိတ်ဆိတ်မှုကိုဖြို
ချစ်သူ့ မျက်နှာမှာ
ရှက်သွေးတွေစိုသွားတဲ့ခဏပေါ့။
ငါ…လမင်းနီနီကို ပထမဆုံးအကြိမ် မြင်လိုက်ရတယ်။

ကျေးဇူးပြုပြီး တိတ်ပေးကြပါ
ဝင်သက်ထွက်သက်တို့ ၊
ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ
နှင်းဆီ တစ်ပွင့်စီ အိပ်နေလို့ ။

ကောင်းကင်ကို

15 comments:

Eduking said...

စကားလုံးတွေ သိပ်မိုက်တယ်ဗျာ..
ဘရားသားကတော့ ဘယ်အကြောင်းရေးရေး ကောင်းတာပဲ..
စကားလုံးတွေတစ်လုံးနဲ့ တစ်လုံး
ခလုတ်တိုက်တာလေးကို သိပ်ကြိုက်တယ်

ချစ်သူပါးပြင်နှစ်ဘက်မှာ
နှင်းဆီတွေများများ အိပ်စက်နိုင်ပါစေဗျာ..

Eduking

Unknown said...

ကဗျာတွေလတ်ဆတ်တယ်ဗျာ... ကျွန်တော်တော့် ဒီရက်ပိုင်းအတွင်း ရေးရတာ လက်မတွေ့ဘူးဗျာ.. ရေးတုန်းကတော့ကဗျာပဲ...ပြီးလဲသွားရော ကျိန်စာ ဖြစ်နေတယ်.. :(

ဆောင်းယွန်းလ said...

ဟန်တစ်ခွဲသားနဲ့ အဖြူရောင် တံတိုင်းကြီးလည်း
တိုးတိုးလာတဲ့ ချစ်ခြင်း တွေကို ထမ်းပိုးရင်းက
မနိုင်မနင်းနဲ့  သူ့ အလိုလို ပြိုကျ၊
ချစ်စကားတွေ ငါ့နှုတ်ခမ်းက အလုအယက် ခုန်ထွက်လာတုန်းကပေါ့။
စကားလုံးတွေ တစ်လုံးနဲ့ တစ်လုံး ခလုတ်တိုက်မိပြီး
ငါ့စကားတွေက ထစ်သွားလိုက်တာ။
ကဗျာတွေကတော့ကောင်းပြီးရင်းကောင်းဘဲညီလေးရေ

လင်းလက်ကြယ်စင် said...

စကားလုံးတွေကို ခိုက်တယ်အကိုရေ ။ လှလှပပ ညင်ညင်သာသာလေးနဲ့ ဆွဲဆောင်နိုင်တဲ့ ကဗျာတစ်ပုဒ်ပါပဲ :)

တန်ခူး said...

ချစ်သူ့ ပါးလေး နှစ်ဘက်
အိပ်စက်နေတဲ့နှင်းဆီ
ထာဝရလန်းဆန်း
အမြဲမနွမ်းပြီ။

Emily said...

အကိုရေ ဘယ်လိုချီးကျုးရမှန်းကို မသိပါဘူးဗျာ။ အရမ်းကောင်းတယ်။ ဒါတခွန်းပဲ ပြောတတ်တာမို့ ခွင့်လွှတ်ပါဗျာ။

Pinkgold said...

အကိုရေ
အချစ်ကဗျာရေးလဲ ရေးတတ်လိုက်တာနော်
အကို ကတော့ ဘာရေးရေး မိုက်နေတော့တာပဲ
အားကျတယ်

မေပျို said...

ဆရာရေ
ကဗျာလေး ဖတ်သွားတယ်။ ဒီလိုအနုအရွရေးလည်း ဆရာက ရတာပဲနော်။ မိုက်တယ်။ တော်တယ်

လေးစားစွာဖြင့်
မေပျို

Winkabar said...

ကဗျာအရမ်းမိုက်တယ် ကိုကောင်းကင်ကိုရေ။ တော်တော်လှတဲ့အဖွဲ့တွေပဲ။

Mintasay said...

ကောင်မလေးတော့မသိဘူး...ကျုပ်ကတော့ကြွေနေပြီ...စင်္ကာပူမြန်မြန်လာတော့ဗျာ..ဒါပဲ

မျှားပြာ said...

မပွင့်တပွင့် နှုတ်ခမ်းလေးက
မောင်လို့ တစ်ခွန်း ခေါ်လိုက်တိုင်း မှာ
သံယောဇဉ် ဝက်အူက
ရင်ကို တစ်ရစ်တင်းတယ်။
လမင်းလေး အတွက်လား အစ်ကိုကြီး

Anonymous said...

ချစ်သူ့ပါးလေး နှစ်ဘက်ပေါ်မှာတဲ့လားဗျ...
အကို ကောင်းကင် !
ဒီကဗျာလေးကြိုက်တယ်ဗျ...မိတယ်နော်...

Sophie said...

အစ်ကိုရေ.... သိပ်ကောင်းတာဘဲ။ ဖတ်ရတဲ့သူကို ညင်ညင်သာသာလေး ဆွဲခေါ်သွားတယ်။ သိပ်ကောင်းတယ် အစ်ကိုရယ်။

Anonymous said...

ကိုကောင်းကင်ရေ တကယ်ဂုဏ်ယူတယ်ဗျာ. ဒီလောက် ကွန်မင့်အများကြီးရတဲ့ကဗျာ ဒီတစ်ခါပဲတွေ့ဖူးတယ်
တကယ့် မာစတာပိစ် ပါပဲ..

phoe thu taw said...

အတုယူ ဖို့ကောင်းတဲ့ အရေးအသားနဲ့ အဖွဲ့အနွဲ့လေးတွေပါ။ အရမ်းကောင်းလွန်းပါတယ်..