Saturday, September 20, 2008

သရုပ်မှန်

အဖြစ်က
ခြေထောက်ဒဏ်ရာ ရထားတဲ့ လူတစ်ယောက်
ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရ သလိုမျိုး...
သတိဆိုတာ ပိုတယ်မရှိဘူး
ဟန်ချက်ညီအောင် ထိန်းနိုင်မှ။

ပွဲသိမ်းလက်သီးတွေ
ခေါင်းပေါ်ဝဲနေတဲ့ ဒီတိုက်ပွဲမှာ
မျက်တောင်ခတ်လိုက်တာက အစ စွန့်စားခန်းတစ်ခု
အသက်ရှူတာကအစ သတိထားဖို့ လိုတယ်။

ရန်သူရဲ့ ခြေလှမ်း
သူထုတ်သုံးမယ့် လက်နက်ပုန်း
အခြေအနေ၊ အချိန်အခါ
ချိန်ခွင်လျှာရဲ့ အလားအလာနဲ့ 
နောက်ဆုံး...
ဘုရားသခင်ရဲ့ အလိုတော်က အစ
အားလုံးကို ကြိုသိနေရမယ်။

ထိုးကျွေးတိုင်းလည်း မစားမိစေနဲ့ 
မျက်ရည်လည်ပြတိုင်းလည်း မသနားမိစေနဲ့ 
သတိထား!

သူသေကိုယ်သေ တိုက်ပွဲ မှာ
ကရုဏာတရားနဲ့ မိုက်မဲ မနေနဲ့ 
ခံစားချင်တဲ့ရင်ဘတ်ကို ရိုက်ခွဲ ထားနိုင်မှ...

သတ်ကွင်းကြိုးဝိုင်းထဲ မဝင်ခင်
ကိုယ်ချင်းစာတရားကို သွားမနာ မိစေနဲ့ ။
အဲဒါ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းတစ်မျိုးပဲ။
လက်တွေကို ဂိမ်းနှိပ်သလို ပေါ့ပါးနေပါစေ။

အလွယ်တကူ အရှုံးမပေးနဲ့ ၊
မနိုင်မချင်းလည်း နှလုံးမအေးနဲ့ ။
အခုအချိန်မှာ သွေးတစ်စက် မထွက်ချင်လို့
လျှော့ပေးလိုက်ရတဲ့ အရာတွေ
နောင်တစ်ချိန် တရားဝင်ဖြစ်သွားတဲ့အခါ
ပြန်ရဖို့ ဆိုရင်
သွေးပင်လယ်တစ်ခု ဖွဲ့ ပြီး တိုက်ယူ နေရလိမ့်မယ်။

ထန်းလျက်ခဲ တစ်ခဲနဲ့ တော့
အနာဂတ်ကို မလဲလိုက်ပါနဲ့ ။
အရှုံးနဲ့အသားကျ နေတဲ့ စရိုက်တွေကို ပြင်ရမယ်။

မတတ်သာလို့ လက်အုပ်ချီနေရရင်တောင်
ချီထားတဲ့ လက်အုပ်ထဲမှာ
ဓားမြှောင်တစ်လက်ကို ဝှက်ထားပါ။

ဟော..ဟော..ဟိုမှာ
ရန်သူတစ်ချက်မှားပြီ
အခွင့်အရေးရတုန်း ပြတ်သားပစ်လိုက်။

ကိုယ့်ဘက်ကတော့ သွားမမှားမိစေနဲ့ ။
လှေမှောက်သွားတာနဲ့ 
ဟိုး..ရေအောက်နားမှာ
အစိမ်းလိုက် စားမယ့် သတ္တဝါတွေ ရှိနေတယ်။

မြန်မြန်နဲ့ မှန်မှန်လျှောက်၊
ခလုတ်တိုက်ပြီးတော့လည်း မလဲမိစေနဲ့ဦး။
လိပ်ပြာနုတ်ပြီး နေရာချင်း လဲမယ့် သရဲသဘက်တွေ
သွားရည် တမြားမြားနဲ့ စောင့်နေကြတယ်။

နှစ်ဦးနှစ်ဘက် အထိမနာချင်ရင်တော့
လက်လွန်ခြေလွန် မဖြစ်သေးခင်မှာ
အစွယ်လေးကို မြင်အောင်ပြထား။
ရန်ပွဲကို တားဆီးဖို့ 
နဂါးမှန်းသိအောင် အမောက်ထောင်ထား။

ဒါဝင်ညွှန်းတဲ့ကမ္ဘာမှာ ရှင်သန် ကျန်ရစ်ဖို့ ဆိုရင်
ကိုယ့်အတ္တကို ကိုယ် ပြင်းပြင်းထန်ထန်ချစ်နေဖို့ လိုတယ်။

ပဋိပက္ခ တွေထဲက
စိမ့်ကျလာတဲ့ သွေးတွေကို
ကွမ်းလိုငုံထားတဲ့ ဟောဒီ့ကမ္ဘာကြီးထဲမှာ
ငြိမ်းချမ်းရေး လိုချင်တဲ့သူတိုင်း
အပြင်းထန်ဆုံး လက်နက်တွေ တပ်ဆင်ထားဖို့ လိုတယ်။

ကောင်းကင်ကို

11 comments:

အောင်သာငယ် said...

ပြင်းထန်နေပါလား ကိုယ့်ညီ

ညိမ်းညို said...

အကို ကဗျာလာဖတ်သွားပါတယ်။
အရမ်းပြင်းထန်နေလို့ အရှိန်နဲ့ပြန်ကန်ထွက်သွားပီ :)
အစစအဆင်ပြေပါစေခင်ဗျာ

Saung Yune La (aka) Way said...

ကြိုက်တယ်ညီလေးရေ..ဒီလိုကဗျာမျိုးတွေများများရေး
ပေးနိုင်ပါစေ

mayookhin said...

ကောင်းကင်ကို
ရေးလိုက်တဲ့ကဗျာတိုင်းဟာ
ရင်ထဲကိုထိထိရောက်ရောက်
အာရုံမှာပုံမဖော်ပဲမြင်နိုင်တယ်.
ကဗျာကောင်းတွေအရမ်းရေးနိင်တဲ့
မောင်လေးရေ..အမကတော့ဘလော့ဂါတွေထဲ
မှာကောင်းကင်ကိုပီးရင်ညိမ်းညို
တင့်ထူးရွှေနဲ့ဖြိုးငယ်..ရန်အောင်
ကဗျာတွေကိုအကြိုက်ဆုံးပဲ
အမြဲအားပေးနေပါတယ်..
ကဗျာကောင်းတွေအမြဲရေးနိုင်ပါစေလို့
မျှော်လင့်ပါတယ်...

အားလုံးအဆင်ပြေပြီး..လိုတရပါစေ..ရှင်

BLACK DREAM said...

ကဗျာက ရေရေလည်လည်ထိတယ် အစ်ကိုရာ။ ငြိမ်းချမ်းရေးကို လိုချင်ရင် စစ်ကိုပြင်ဆင်ထားပါတဲ့ :)

မိုးသား said...

ကိုယ့်ဘက်ကတော့ သွားမမှားမိစေနဲ့ ။
လှေမှောက်သွားတာနဲ့ 
ဟိုး..ရေအောက်နားမှာ
အစိမ်းလိုက် စားမယ့် သတ္တဝါတွေ ရှိနေတယ်။

အရမ်းပြင်းထန်လွန်းတယ်
မှောင်သွားသလိုပဲ စိတ်ထဲမှာ
ကိုကောင်းရေ သိပ်ကြိုက်တယ်ဗျာ..

Nyein Chan Aung said...

ကဗျာလာဖတ်တယ်ညီရေ..။ အဆင်ပြေပါစေ။

တန်ခူး said...

အသက်ရှုဖို့ တောင် မေ့သွားတယ်…

ကိုရင်နော်ခင်လေးငယ် said...

“မတတ်သာလို့ လက်အုပ်ချီနေရရင်တောင်
ချီထားတဲ့ လက်အုပ်ထဲမှာ
ဓားမြှောင်တစ်လက်ကို ဝှက်ထားပါ။”

ကဗျာလေးက ကောင်းလွန်လွန်းပါတယ် အစ်ကိုရေ..

ခင်မင်တဲ့..

လားရှိုးသူ said...

နှလုံးသားကိုထိသွားစေတယ်၊ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတော်ကြီးထူထောင်နိုင်ဖို့ ကြိုးစားနေသူအားလုံး ခွန်အားရ၊ နှလုံးသွင်းရမဲ့ ကဗျာလေးဘဲ၊ အမြဲ ခွန်အားပေး၊ နိုးဆော်နိုင်ပါစေ။

LIN LET KYAL SIN said...

ခံစားချက်တွေ ပြင်းထန်နေပါလား အကိုရေ ။ ဒီကဗျာက ရင်ဘတ်ကို တိုက်ရိုက်တည့်တည့် ထိသွားတယ်။ ခံစားမှုအနုပညာများ ဆက်လက်ဖော်ကျူးနိုင်ပါစေ :)