Saturday, October 4, 2008

ပထမဆုံး

အစ်ကို ကိုအောင်သာငယ် နဲ့  ညီမ ပင့်ဂိုး တို့ က ဘဝရဲ့ ပထမဆုံးတွေကို ရေးဖို့ Tag ထားလို့  ကျွန်တော် စဉ်းစားလို့  ရသလောက် ထဲက တစ်ချို့ ကို ရေးလိုက်ပါတယ်။

လူ့ လောက ကို ရောက်လာတဲ့ နှစ်..........၁၉၇၇ ခုနှစ်
နေ့ ရက်က.......ဒီအတိုင်း တန်းရေးလိုက်ရင် ပျင်းစရာကြီး။ ပဟေဠိ ဝှက်မယ်ဗျာ။ အခုတလော နာမည် ပျက်ပျက်နေတဲ့ အဖွဲ့  အစည်းကြီးတစ်ခု တရားဝင် ပေါ်ပေါက်လာတဲ့ နေ့။ အဖြေကို ကွန်မန့်  မှာ ရေးထားလိုက်မယ်ဗျာ။

ပထမဆုံး ဖြေခဲ့တဲ့ စာမေးပွဲ.....သူငယ်တန်း မတက်ရသေးခင် လေးနှစ်သားလောက်ကတည်းက စာမေးပွဲဖြေဖူးသွားပြီ။
အဲဒီ့တုန်းက အစ်မက တစ်တန်း။ တစ်ခါ တစ်လေ အမ ကျောင်းသွားရင် ကျွန်တော် လိုက်သွားတယ်။ တစ်ရက် သူတို့ နှုတ်ဖြေ စာမေးပွဲဖြေရတယ်။ သူများတွေ ဖြေတာတွေ့  တော့ ကျွန်တော်လည်း ဖြေချင်တာပေါ့။ ကျွန်တော်စိတ် ကျေနပ်အောင်လို့ ဆရာမက နှုတ်ဖြေ စာမေးပွဲ စစ်ပေးတယ်။ ပတ်ဝန်းကျင်က ခြေလေးချောင်း သတ္တဝါတွေကို ပြောပြရတယ်။ ဆယ်မျိုးလား၊ ဆယ့်ငါးမျိုးလားမသိဘူး။ နောက်ဆုံး တစ်ကောင် အလိုမှာ ကျွန်တော် စဉ်းစားလို့ မရတော့ဘူး။ အဲဒါနဲ့ လူလို့ ဖြေခဲ့တယ်တဲ့။ အမေက ပြန်ပြောပြတာ။ ကျွန်တော်လည်း မှတ်မိသလိုလို ရှိတယ်။

ပထမဆုံး နားထောင်ခဲ့ရတဲ့ ပုံပြင်...... ကျွန်တော် ငယ်ငယ်တုန်းက ငြိမ်စေချင်ရင် အမေက ပေါက်ပေါက်ရှာရှာ ပုံပြင်တွေ လျှောက်ပြောတယ်တဲ့။ တစ်ခါ တစ်ခါ ဘာပြောလေ့ ရှိသလဲဆိုတော့ သားဖြစ်တဲ့မုန်လာဥကို ဝယ်သွားလို့  အမေ မုန်လာဥက “လာဥရေ၊ လာဥရဲ့ ...” ဆိုပြီးတော့ ငိုတဲ့ အကြောင်း။ အဲဒါပြောလိုက်ရင် ကျွန်တော်က မျက်ရည်လေး ဝိုင်းပြီး ငြိမ်သွားရောတဲ့။ တစ်ခါ တစ်ခါ လည်း “ကျီးကန်းကလေး...အား..အား၊ ဘယ်ရပ် ဘယ်ရွာက၊ လေတွေတိုက်လို့ မိုးတွေရွာ၊ ဘယ်မှာ နေရရှာ၊ နေစရာ ရှားလို့ လား၊ ကျီးလေး...တအားအား။” ဆိုတဲ့ ကဗျာလေး ဆိုပြရင် ကျွန်တော်က မျက်ရည်ဝဲတတ်တယ်တဲ့။

ပထမဆုံး ထုတ်ခဲ့တဲ့ သတင်းစာ....အဖေက သူ ငယ်ငယ်တုန်းက သူနဲ့ သူ့ ညီ အိမ်တွင်း သတင်းစာထုတ်ခဲ့တဲ့ အကြောင်းပြောပြတယ်။ ၈၈ အရေးအခင်းဖြစ်တော့ ကျွန်တော်လည်း အားကျမခံ အိမ်တွင်း သတင်းစာ ရေးတော့တာပေါ့။ နာမည်က “ကမ္ဘာ့အလင်း”။ အဲဒီ့တုန်းက ကျွန်တော့်အသက်က ဆယ့်တစ်နှစ် ပြည့်ခါနီး။
ကျွန်တော့် သတင်းစာမှာ သတင်းရယ်၊ ကာတွန်းရယ်၊ ဆောင်းပါးရယ် ရေးတယ်။ သတင်းကတော့ လူကြီးတွေ ပြောတဲ့ ကောလာဟာလတွေ၊ ဂျာနယ်ထဲမှာ ပါတဲ့ တစ်ချို့  ဟာတွေ ပေါင်းပြီး လျှောက်ရေးတာ။ သတင်းတွေကော၊ ဆောင်းပါးတွေကော ဘယ်ကောင်းလိမ့်မတုန်း။ ကလေးအတွေး၊ ကလေး အရေးတွေပေါ့။
အဲဒီ့တုန်းက ရန်ကုန်မှာ။ မြို့ ထဲကို အဖေတို့ အမေတို့ နဲ့ ဆန္ဒပြပွဲတွေ သွားကြည့်တဲ့ အခါ ဘယ်နေရာမှာ လူအင်အား ဘယ်လောက် ဆန္ဒပြတယ် ဆိုတာ မှတ်ထားတယ်။ မှတ်ထားတာ တွေကို အိမ်ကျရင် ပြန်ရေးတယ်။ ချက်ခြင်း မရေးဖြစ်သေးရင်လည်း gist ထုတ်ထားပြီး နောက်မှ ရေးတယ်။ အဲဒီ့တုန်းက gist သဘောမျိုးလေးတော့ ထုတ်တတ်နေပြီ။
ကာတွန်းကလည်း ပုံ ကောင်းကောင်း မဆွဲတတ်ပါဘူး။ လူရုပ်တွေက ဖြစ်သလိုပဲ။ ကာတွန်းတစ်ချို့ တော့ အခုထိ မှတ်မိသေးတယ်။
ကာတွန်း တစ်ခုမှာ... “ဖောင်း” ဆိုပြီး ပေါက်ကွဲသံကြားရတာကို မိန်းမကြီး တစ်ယောက်က အလန့်တကြားနဲ့ “သြော၊ ကားဘီးပေါက်တာပဲ။ ငါက သေနတ်သံ မှတ်လို့  လန့်  သွားတာ” လို့ ပြောလိုက်တဲ့ကာတွန်း။
နောက်ကာတွန်းတစ်ခုက.... ရုပ်ရှင်ရုံမှာ ရုပ်ရှင်မပြခင် “အဆိပ်ပင် ရေမလောင်းသင့်” လို့  စာတမ်းထိုးကြေငြာတယ်။ အဲဒါကို လူတစ်ယောက်က “လူတွေ စားမယ့် ထမင်းထုတ်တွေထဲကို အဆိပ်ခတ်ဖို့ အဆိပ်ပင်တွေကို ရေလိုက်လောင်းဦးမှပဲ” လို့ တွေးပြီး အဆိပ်ပင်တွေကို ရေလိုက်လောင်းနေတဲ့ ကာတွန်း။ အဲဒီ့တုန်းက ဆန္ဒပြတဲ့ လူတွေစားတဲ့ ထမင်းထုပ်တွေ၊ ကြက်ဥတွေ၊ ဟင်းသီးဟင်းရွက်တွေထဲမှာ အဆိပ်တွေ လိုက်ခတ်တယ်လို့  သတင်းတွေ ထွက်ခဲ့တာကိုး။ (ရုပ်ရှင်ရုံမှာ ရေထားတဲ့ အဆိပ်ပင်ရေမလောင်းသင့် ဆိုတာကတော့ တကယ်တော့ မှောင်ခိုအားပေးမလုပ်ဖို့ ရည်ရွယ်ပြီး ရေးထားတာပါ။)
အဲဒီ့ စာရွက်လေးတွေ အခု မရှိတော့ဘူးဗျာ။ အရေးအခင်း ပြီးတော့ အိမ်တွေကို လိုက်ရှာတယ် ဆိုတဲ့ သတင်းတွေထွက်တော့ အမေက အဲဒီ့တုန်းက ထွက်တဲ့ ဂျာနယ်တွေကော ကျွန်တော် လျှောက်ရေးခဲ့တဲ့ ဟာတွေကိုကော ခေါင်းအုန်း ထဲမှာ ထည့်ချုပ်ပစ်လိုက်တယ်။ နောက်ပိုင်း ခေါင်းအုန်းကို ပြန်ဖြည်တဲ့ အခါ ကျတော့ တစ်ချို့  စာရွက်တွေလည်း ပျက်စီးကုန်ပြီ။ ဆွေးကုန်ပြီ။ အမေက အကုန်လုံး မီးထဲထည့်ပစ်လိုက်တယ်ဗျာ။

ပထမဆုံးအကြိမ် အစာငတ်ခံ ဆန္ဒပြခဲ့တဲ့နေ့ 
၈၈တုန်းက ကျွန်တော်က ငါးတန်း။ အထက (၅) တာမွေ၊ ယောကျာ်းလေးကျောင်းက။ တာမွေက မြို့ နယ် ကောင်စီရုံးရှေ့ (အခုတော့ မဝတ ရုံးနဲ့ မြို့နယ် စည်ပင်ရုံးဖြစ်သွားပြီ ထင်တယ်။) မှာ အစာငတ်ခံ ဆန္ဒပြပွဲတွေလုပ်တယ်။ စက်တင်ဘာ ၁၇ ရက်နေ့ က ကျွန်တော်တို့ ကျောင်းအလှည့်။ စက်တင်ဘာ ၁၇ နေ့ လည် ကနေ စက်တင်ဘာ ၁၈ နေ့  လည် အထိ ၂၄ နာရီတိတိ အစာအငတ်ခံ ဆန္ဒပြပွဲ။ ကျွန်တော်က သွားချင်လို့ အိမ်ကို ပူဆာတယ်။ (အဲဒီ့တုန်းက ကျွန်တော်က ကလေးပဲ ရှိသေးတယ်။ နိုင်ငံရေးကိုလည်း ဘာမှ သိသေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူများတွေကို ကြည့်ပြီး ကျွန်တော်လည်း ပါဝင် ချင်တာပေါ့ဗျာ။) အိမ်က ခွင့်မပြုဘူး။ အဲဒါနဲ့ ကျွန်တော်ငိုလိုက်တော့ နောက်ဆုံး ခွင့်ပြုလိုက်တယ်။ မသွားခင်မှာ အားဆေးတစ်လုံးလည်း ထိုးပေးလိုက်တယ်။ကျွန်တော်တို့  ကောင်စီရုံးရှေ့ မှာ အစာငတ်ခံဆန္ဒပြကြတယ်။
ကြွေးကျော်သံတွေ၊ ခွပ်ဒေါင်း သီချင်းတွေကို ဆိုကြတယ်။ သံပုရာရည်တို့ ဖျော်ရည်တို့  တိုက်တယ်။ ကလေးတွေပေမယ့် ဘာမှ မစားပဲ နေနိုင်ကြတယ်။ ကျွန်တော်တို့  အစာငတ်ခံ ဆန္ဒပြနေတာကို လူတွေအများကြီး လာကြည့်ကြတယ်။ အမေတို့ တွေ၊ အိမ်နီးနားချင်းတွေ လာကြည့်တဲ့ အခါမှာဆို ကျွန်တော်က မမြင်ချင်ယောင် ဆောင်နေတယ်။ ဂရုစိုက်တာတို့  ပိုတာတို့ကို ကျွန်တော်မှ မကြိုက်တာ။(အဲဒီ့တုန်းက မကြိုက်တာ။ အခုတော့ ကြိုက်တယ်။ :P)။
လမ်းလျှောက် ဆန္ဒပြကြတဲ့ အဖွဲ့ တွေလည်း ကျွန်တော်တို့ ဆီကို သဝဏ်လွှာတွေ လာဖတ်ကြတယ်။ အလေးလည်း လာပြုကြတယ်ထင်တယ်။ ကျွန်တော်တို့ ဆီကို ဦးနု လာပြီး မိန့်  ခွန်းပြောတယ်။ ဦးနုရဲ့ လုံခြုံရေးအတွက် ဆရာမ တွေက ဦးနုကို ဝိုင်းရံထားကြတယ်။ ဦးနု ပြောသွားတဲ့ မိန့်  ခွန်းထဲမှာ ဦးနေဝင်းလက်ထက်က သိမ်းထားတဲ့ ပိုက်ဆံတွေကို ဒေါ်လာနဲ့  ပြန်လဲ ပေးမယ်ဆိုတာပဲ မှတ်မိတယ်။ ကျွန်တော်တို့ ကျောင်းက ဆရာမတွေ သိပ်ကြိုက်သွားတဲ့ အချက်ပေါ့။ ကျွန်တော့်အမေနဲ့ ခင်တဲ့ ဆရာမ တစ်ချို့ ဆို အဲဒီ့တုန်းက ဦးနုကို ဒေါ်စုထက် တောင်ပိုကြိုက်သွားကြတယ်။
ရုပ်ရှင် သရုပ်ဆောင် အေးအေးသင်းလည်းလာတယ်။ “တစ်လိမ် နှစ်လိမ် ဗွေလိမ်ရှုပ်တယ်၊ လူညာကြီးပေါ့ကွယ်” သီချင်းကို ဆိုပြတာ မှတ်မိတယ်။ နောက် “သူခိုးကြီးနေဝင်း” ဆိုပြီး လိုက်ဆိုဖို့ တိုင်ပေးတာကို မှတ်မိတယ်။ ဘာလို့ မှတ်မိတုန်းဆိုတော့ အဲဒီ့ အချိန်မှာ ကျွန်တော်က ဖိနပ် အထားမှားပြီး ပျောက်နေတယ်လေ။ ဖိနပ်ပျောက်နေတဲ့ အချိန်မှာ သူခိုးကြီးလို့ လိုက်ဆိုရတာ အရသာ ရှိတယ်။ နောက် ဟာသ သရုပ်ဆောင် မ(ဒေါ်)သန်းရွှေရဲ့ သမီး ဟောပြောတာကိုမှတ်မိတယ်။ သူက ကဗျာတစ်ပုဒ် ရွတ်ပြတယ်။ “ကျွေးတဲ့လက်ကို သူကိုက်၊ ခွေးထက်မိုက်ပါတယ် အဖေ” ဆိုတဲ့ စာသားကို ကျွန်တော် မှတ်မိနေတယ်။ အေးအေးသင်းတို့ လာတာက စက်တင်ဘာ ၁၇ ညနေပိုင်းမှာပါ။ ဦးနုလာတာကတော့ စက်တင်ဘာ ၁၈ နံနက်ပိုင်း။ ဒေါ်စုလည်း လာမယ်လို့ ပြောပေမယ့် မလာဖြစ်ခဲ့ပါဘူး။ စက်တင်ဘာ ၁၈ မွန်းလွဲပိုင်းမှ တခြားကျောင်း အလှည့်မှာ လာပါတယ်။

စက်တင်ဘာ ၁၇ ညနေဘက်မှာ လူတွေ ဓားတွေ လှံတွေနဲ့ အောင်ပွဲခံပြီး ပြန်လာတာကိုတွေ့ရပါတယ်။ အဲဒီ့တုန်းကတော့ ဘာမှန်းမသိခဲ့ပါဘူး။ ကုန်သွယ်ရေး ရုံးမှာ စစ်သားတစ်ယောက်က စပစ်ခတ်လို့ လူထုကြီးက ကုန်သွယ်ရေး ဝန်ကြီးရုံးကို ဝိုင်းပိတ်ဆို့တဲ့ ဖြစ်ရပ်ပါ။ နောက်ဆုံးပိတ်တော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပဲ ပြီးသွားတယ်လို့ နောက်ပိုင်းမှာ သိရပါတယ်။
ဒါပေမယ့် အခြေအနေက စိတ်မချရတဲ့ အခြေအနေမို့ လား။ ညအမှောင်ကို အကာအကွယ်ယူပြီး ကျွန်တော်တို့ ကို အန္တရာယ် လာပေးနိုင်တယ်လေ။ ညဆိုတော့ လာကြည့်မယ့်သူတွေလည်း မရှိတော့ဘူး။ ဒါနဲ့ ကျွန်တော်တို့ ကို ညသန်းခေါင်လောက်မှာ အနီးအနားက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဝှက်ထားလိုက်ပါတယ်။ ဘယ်ကျောင်းမှန်းတော့ မမှတ်မိတော့ဘူး။ အဲဒီ့ အချိန်မှာ(ညဘက်မှာ) အဖေတို့ ကလည်း သတင်းတွေ မျိုးစုံ ကြားပြီးတော့ စိတ်ပူနေပြီ။ အဲဒါနဲ့ အဖေက ရပ်ကွက်ထဲက လူတွေကို စုပြီး ဓားတွေ ကိုယ်စီနဲ့ ကျွန်တော်တို့ နေရာ (ကောင်စီရုံး) ကို လာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုမတွေ့ တော့ ဘူး။ (ခုချိန် ပြန်တွေးမိတဲ့ အခါ အဲဒီ့ အချိန်တုန်းက လူတွေရဲ့ စည်းလုံးမှုနဲ့  သတ္တိကို အံ့သြမိပါတယ်။ သွေးပူနေတဲ့ အချိန်ဆိုရင် လူတွေမှာ အကြောက်တရား လျော့သွားတတ်တယ် လို့ လည်း ကျွန်တော်ထင်တယ်။)
နောက်နေ့ အစာငတ်ခံတာ ၂၄ နာရီပြည့်တော့ ကျောင်းမှာ ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို ဆန်ပြုတ်ကျွေးတယ်။ ထမင်း ချက်ခြင်းစားလို့ မရဘူးလေ။ အစာအိမ်က လက်ခံနိုင်မှာ မဟုတ်ဘူး။ နောက် တစ်ကျောင်း အလှည့်မှာ ဒေါ်စု လာတယ်။ ညကျတော့ အာဏာသိမ်းတော့တာပဲ။ အဲဒီ့အာဏာသိမ်းတဲ့ညမှာ ကျွန်တော်ပင်ပန်းပြီး အစောကြီး အိပ်ပျော်သွားတယ်။ လမ်းထဲမှာ တစ်ယောက်က စစ်အာဏာရှင် အလိုမရှိဆိုတဲ့ ကြွေးကြော်သံတွေကို တိုင်ပေးပြီး ကျန်တဲ့ သူတွေက လိုက်ဆိုကြတာကို ကျွန်တော်မသိလိုက်ဘူး။ အိပ်မက်ကမ္ဘာထဲ ရောက်နေပြီ...
ပထမဆုံး အကြိမ်ဆိုပေမယ့် ခုထိ အဲဒီ့ တစ်ကြိမ်ပဲ အစာအငတ်ခံ ဆန္ဒပြဖူးသေးပါတယ်။

တက္ကသိုလ် ကျောင်းသား ဘဝမှာ ပထမဆုံးအကြိမ် ဆန္ဒပြခဲ့တဲ့နေ့ 
အစာအငတ်ခံ ဆန္ဒပြတာကို ဖယ်လိုက်ရင် ဘဝမှာ ပထမဆုံး အကြိမ်ဆန္ဒပြဖူးတာက ၁၉၉၆ ဒီဇင်ဘာ နှစ်ရက်နေ့ ။ ဝိုင်အိုင်တီထဲမှာ။ ကျောင်းထဲမှာ တင်ပဲ။ ဆန္ဒပြ ကျောင်းသားတွေ အပြင်ထွက်ကြတော့ ကျွန်တော်က သူငယ်ချင်း တစ်ယောက်နဲ့ ကန်တင်း ရောက်နေလို့  မလိုက်ဖြစ်ဘူး။ နောက် ဒုတိယ အကြိမ်က ဒီဇင်ဘာ ခြောက်ရက်နေ့ ညနေ။ အပြင်ထွက် ဆန္ဒပြကြတော့ ကျွန်တော်လိုက် ဖြစ်တယ်။ လုံထိန်းတွေနဲ့ ရင်ဆိုင်ရတယ်။ လုံထိန်းတွေက ကျွန်တော်တို့ ကျောင်းသားထက်တောင် အင်အားများသေးတယ်။ တုတ်တွေ၊ ဒိုင်းတွေနဲ့ ။ ရှေ့  မှာ ပိတ်ရပ်ထားကြတယ်။ အဲဒီ့ အချိန်မှာ ကျွန်တော့် စိတ်ထဲမှာ ပထမဆုံး ဖြစ်လာတဲ့ ခံစားချက်ကတော့ ကြောက်စိတ်ပဲဗျ။ တကယ်တမ်းပြောရရင် ကျွန်တော် ထွက်ပြေးချင်ခဲ့တယ်။
ဒါပေမယ့် ဘယ်သူမှ ထွက်မပြေးခဲ့ကြပါဘူး။ ကျောင်းသားအကုန်လုံး သတ္တိရှိကြတယ်။ စည်းကမ်း လည်းရှိကြတယ်။ အပြင်လူလည်း ဝင်လို့ မရအောင်၊ ရုတ်ရုတ်သဲသဲလည်း မဖြစ်အောင် လက်ချင်းချိတ်ပြီးတော့လား၊ ပလတ်စတစ်ကြိုးနဲ့ လားမသိဘူး ကျောင်းသားတွေကို ကာရံလိုက်တယ်။ စိတ်လှုပ်ရှားလို့  အုတ်ခဲကျိုးပြေးကိုင်ပြီး ထုမယ်လုပ်တဲ့ ကျောင်းသားတစ်ယောက် ကိုလည်း ဝိုင်းတားကြသေးတယ်။ တကယ်ကလည်း အုတ်ခဲနဲ့  ထုလို့ ရလောက်တဲ့ အကွာအဝေးမဟုတ်သေးပါဘူး။ နောက်ဆုံးတော့ ကျွန်တော်တို့  ကျောင်းသားတွေ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲ လှည်းတန်းမှာ သွားစုဖို့ ဆုံးဖြတ်လိုက်ကြပြီးတော့ ပြန်ဆုတ်ခဲ့ကြတယ်။

ပထမဆုံး ဝယ်ဖြစ်ခဲ့တဲ့ သီချင်းခွေ.... နာရီပေါ်က မျက်ရည်စက်များ(ထူးအိမ်သင်)။ အဲဒီ့ တုန်းက အိမ်မှာ ကက်ဆက်လည်း ကောင်းကောင်းမရှိသေးဘူး။ ခွေတစ်ခွေ စဖွင့်ခါစဆို မော်တာက လေးတယ်။ အဖေ ဝယ်ထားတဲ့ မေဆွိ သီချင်းခွေ ဖွင့်လိုက်ရင် ဖွင့်ဖွင့်ချင်းမှာ ယောကျာ်းသံကြီးထွက်တယ်။ မော်တာက ဖွင့်ခါစဆို လည်တာနှေးတယ်။ တဖြည်းဖြည်း အရှိန်ရလာမှ ပုံမှန်ဖြစ်သွားတာ။
အဲဒီ့ ထူးအိမ်သင် ခွေကိုလည်း တေးသံသွင်းဆိုင်က မဝယ်နိုင်ဘူး။ မုန့် ဖိုးနဲ့ ဝယ်ဖို့ မလောက်ဘူး။ ခွေတွေ ပုံပြီး ဈေးချိုချို နဲ့ ရောင်းတဲ့ ဆိုင်က ဝယ်ထားတာ။

ပထမဆုံး သောက်ဖြစ်ခဲ့တဲ့ အရက်.... ဘီယာကိုပါ အရက်စာရင်းထဲသွင်းရင်တော့ မြန်မာ စည် ဘီယာ။
( ဘီယာက အရက်မဟုတ်ဘူးဆိုရင်တော့ Rum။ ဘာ Rum မှန်းတော့ မမှတ်မိဘူး။)

မှတ်မိတဲ့ အထဲက ပထမဆုံး တစ်ချို့ ကို ရေးလိုက်ပါတယ်။

14 comments:

Kaung Kin Ko said...

ကျွန်တော့်မွေးနေ့ က ကုလသမဂ္ဂနေ့ ဗျ။ အောက်တိုဘာ ၂၄။

Myo Win Zaw said...

အော် ကောင်းကင်ကိုရယ် အဖြေပေးမလို့ သူဖြေသွားတယ် ကျွန်တော်ဖြေလည်းမှားမှာပါ ဟဲဟဲ

pandora said...

၅ တန်းကတည်းက အစာငတ်ခံ ဆန္ဒပြတာ တဲ့
လေးစားပါတယ် ကောင်းကင်ကို

ဆောင်းယွန်းလ said...

ညီလေးရဲ့ပထမဆုံးတွေအားလုံးကစိတိဝင်စားစရာတွေ
ချည့်ပါဘဲ..ငယ်ငယ်ကတည်းကစစ်အာဏာရှင်ကိုတော်လှန်လာတဲ့
ညီလေးကိုလေးစားပါတယ်...

ATN said...

ခြေလေးချောင်းသတ္တ၀ါထဲမှာ လူကို ထည့်ခဲ့တာတော့ ကိုယ့်ညီ ပထမဆုံးပဲထင်တယ်း)

ပထမဆုံး အငယ်ဆုံး သတင်းစာ အယ်ဒီတာချုပ်က ကိုယ့်ညီကိုးး)

အငယ်ဆုံး အစာငတ်ခံ ဆန္ဒပြသမားကလည်း ကိုယ့်ညီပဲကိုးကွ။ ဂုဏ်ယူပါ၏း)

ဒါနဲ့ မှတ်မိသမျှထဲက တချို့ဆိုတော့ နောက်ဆက်တွဲ လာဦးမှာပေါ့။ ဟုတ်တယ် မလား။

Pinkgold said...

ငါ့အကိုရဲ့ မျိုးချစ်စိတ်ကိုတော့ လုံးဝ လေးစားသွားပြီ.. ရေးပေးတာ ကျေးဇူးပါ အကိုရေ

Nyein Chan Aung said...

ပထမဦးဆုံးတွေ လာဖတ်သွားပါတယ် ကောင်းကင်ရေ..။ ပျော်ရွှင်ပါစေ။

Anonymous said...

နောင်ကြီးရဲ့ ပထမဆုံးတွေက စိတ်ဝင်စားဖို့ ကောင်းတယ်... :)

Anonymous said...

ကိုကောင်းရေ... ကျနော့ကိုကျနော် ပြန်ကြည့်ပြီး ခြေလေးချောင်းများဖြစ်နေသလားလို့... ခြေနှစ်ချောင်းနဲ့ ရပ်နိုင်ဖို့ကြိုးစားနေတုန်းပဲဗျိုး... အိပ်လိုက်စားလိုက်မဟုတ်တရုတ်တွေ တွေးလိုက်နဲ့ အချိန်ကုန်တတ်လွန်းလို့ဗျို့....
ပိုစ့်လေးကိုဖတ်ရလို့လေးစာမိပါတယ်...

Eduking said...

အဲဒါပဲ.. ကျွန်တော်လည်း ပြောမလို့..
ဟက်ဟက်..း)

ကျွန်တော်ကတော့ ပိုစ့်ရဲ့ ခေါင်းစဉ်ကို "ကောင်းကင်ကြီးရဲ့ ပထမဆုံးများ" လို့ပေးမယ်.. :)

ဂျူနို said...

ဦးနုက တကယ်ပြောခဲ့တယ်ပေါ့။ ဦးနေ၀င်းသိမ်းခဲ့တဲ့ ပိုက်ဆံတော့နေပါစေတော့ ခုလက်ရှိသုံးနေတဲ့ပိုက်ဆံသာ ဒေါ်လာတွေဆိုရင် အီး အီးအီး မှားပါတယ် ကိုသောင်းရယ်

တန်ခူး said...

ဒီပထမဆုံးလေးက flavourတမျိုးပေါ့… ငယ်ငယ်ကတည်းက ပုံပြင်လေးတွေ နားထောင်ရင်း မျက်ရည်ဝဲအောင် ခံစားတတ်တဲ့ နှလုံးသားကပဲ ကဗျာတွေ မွေးဖွားဖို့  အစပြုခဲ့တာ ထင်ပါ့….

:P said...

နာက ၈ တန်းကျမှ.....

Htoo Myat said...

၁၀နှစ်သားကတည်းက သတင်းစာ အယ်ဒီတာ ဖြစ်ခဲ့တာကိုး... လေးစားတယ်ဗျာ...

ကဏ္ဍစုံလင်အောင် ထည့်နိုင်ခဲ့တယ် ဆိုကတည်းက နှယ်နှယ်ရရတော့ မဟုတ်ဘူးပဲ။