Thursday, November 6, 2008

ကမ္ဘာ

မဟာ ကပ်ပါးကောင်တွေရဲ့တန်ခိုးနဲ့ 
အရုပ်ဆိုးနေတဲ့ ကမ္ဘာ။

နည်းပညာ စီးကရက်လိပ်တွေကို
စည်းမဲ့ ကမ်းမဲ့ မသောက်ပါနဲ့ ကမ္ဘာ။
အိုဇုန်းလွှာ မှာ
ဇကာပေါက် အနာတွေ ဖြစ်လိမ့်မယ်။

သစ်ပင်တွေပြုန်း
တောတွေ တောင်တွေ ခေါင်းတုံးတုံးကြတဲ့ ဖြစ်စဉ်မှာ
လူ့ မလိုင်တွေ အချီချီခိုး
အဆီတွေတိုးခဲ့တာ ပိုများသလား။
ရေနည်းငါးတွေရဲ့ ထမင်းအဖြစ်
သစ်ပင်တွေ ထင်းဖြစ်သွားတာ ပိုများသလား။

လူတွေရဲ့စိတ်ထဲမှာလည်း
တောင်ခေါင်းတုံးတွေနဲ့ ထပ်တူပါပဲ။
၅၂၈ တွေ တွေသုဉ်းပြီး
သုညတွေ ပြုံးနေကြတယ်။

တစ်ချိန်တုန်းက...လူက သားရဲတွေကို ကြောက်ခဲ့ရတဲ့ခေတ်
အခု...လူက လူကို ပြန်ကြောက်နေရတဲ့ ခေတ်။

ငှက်တွေ နေရာသစ်ပြောင်းတဲ့ အခါ
တောင်ပံတစ်စုံသာလိုပေမယ့်
လူတွေ နေရာသစ်ပြောင်းတဲ့ အခါမှာတော့
ငွေစကြေးစတွေနဲ့  စာရွက်စာတမ်းတွေ လိုတယ်။
တစ်ခါတစ်ခါဆို
ထုပ်ဆီးတိုးတမ်းကစားရသလိုပဲ။
လိုက်ဖမ်းမယ့် ရဲတွေလည်း ရှိတယ်။
ထမင်းရည်ပူ လောင်စေမယ့်
နယ်နိမိတ် မျဉ်းကြောင်းတွေလည်း ရှိတယ်။
တစ်ခါတစ်ခါ
အတားအဆီးတွေကို ကျော်ဖြတ်
ဒီဘက်ကမ်းကို ကပ်နိုင်ခဲ့သူတစ်ချို့ တောင်မှ
အောင်ထူပြီလို့ မအော်နိုင်ခဲ့။

ကွဲပြားမှုတွေကို ရွေပေါ်ထိုး
ရောင်စုံ ရင်ဘတ်တွေကို မေတ္တာနတ်ဆေးဆိုးဖို့ 
ပွင့်လာခဲ့တဲ့ ဘာသာတရားတွေတောင်
လူတွေရဲ့ လက်ချက်နဲ့ 
တံတိုင်းအသစ်တစ်ခုပဲ ထပ်ဖြစ်သွားခဲ့။

အဲဒီ့ ဘာသာတရားတွေဟာ
အဖိုးတန်ကျောက်မျက်တွေကို
အိတ်ပုံစံအမျိုးမျိုးနဲ့ ထုပ်ပိုး
လူတွေရဲ့ ဝိညာဉ်ကို လှုပ်နှိုးဖို့ ကြိုးစားခဲ့လည်း
လူတွေရဲ့ မျက်လုံးက ကျောက်မျက်ရတနာတွေကို မမြင်၊
အပေါ်ယံက အိတ်တွေ တံဆိပ်တွေကိုသာ မြင်ခဲ့။
ဒီလိုနဲ့ 
အိတ်တွေအတွက် လူတွေ ရန်ဖြစ်ခဲ့ကြ။

ဘာပဲဖြစ်ဖြစ်...
ကမ္ဘာပေါ်မှာ ပဉ္စလက်တွေ ပွင့်ခဲ့တယ်။
မဖြစ်နိုင်ဘူး ထင်တာတွေ ဖြစ်ခဲ့တယ်။
အနာဂတ်ရဲ့ ဖြစ်လာမယ့် စာရင်းအတွက်
တင်သွင်းခွင့်သာ ရှိမယ်ဆိုရင်
လူတွေ အသက်ထောင်ချီရှည်ဖို့ လည်း မတင်သွင်းချင်ဘူး။
မားစ်ဂြိုလ်ပေါ်ကို ပြောင်းရွှေ့ အခြေချနိုင်ဖို့ လည်း မတင်သွင်းချင်ဘူး။
တစ်စုနဲ့ တစ်စု အနိုင်ယူလိုစိတ်ပျောက်
ယူတိုးပီးယား ငှက်ကလေး အတောင်ပေါက်ဖို့ ကိုပဲ တင်သွင်းချင်တယ်။

ဖြိုချလိုက်ကြ
တစ်ယောက်နဲ့ တစ်ယောက်ကြားက
မလိုအပ်တဲ့ စိတ်ကူးနံရံတွေကို။
ဖယ်ရှားလိုက်ကြ
ငါတို့ ဦးနှောက်ထဲအထိ ဘိန်းလာစိုက်ချင်နေတဲ့ အစွန်းသမား တွေကို။

တကယ်တော့ ကမ္ဘာဆိုတာ
စင်္ကြာဝဠာ ကြီးထဲက ရင့်မှည့်နေတဲ့ အနာ။
ဒဏ်ရာတွေကို ဆေးထည့်တဲ့နေရာမှာ
ငါနဲ့ ငါကို ခွာထားနိုင်ဖို့ လိုတယ်။

ကိုယ်ကျိုးသချာင်္ကိုတွက်
ပင်လယ်ကြီးထဲကို ရေတစ်ခွက် လောင်းလိုက်တာဟာ
တကယ်တမ်းကျတော့ အလေအလွင့်။

ကလေးငယ်တွေရဲ့  ဦးခေါင်းနဲ့ ရင်ဘတ်တွေ ကို ရွှေချပါ။

ကိုယ့်ကိုယ်ကို သားကောင်နေရာမှာ ထားပြီး သတင်းတွေဖတ်ပါ။
အလင်းရောင်ကို ကြိုဆို
မျက်နှာပေါ်က တံခါးနှစ်ချပ်ကို ဖွင့်ပြီး ငိုပါ။
အယ်လ်ဘတ်ရွှိုက်ဇာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ဟာ
အာဖရိကတိုက်အတွက် အနှစ်ငါးဆယ်ကျော်စာ ဆေးတစ်ထုပ် ဖြစ်ခဲ့တယ်။

လူ့ ပယောဂနဲ့ ဖျားနာ
ကမ္ဘာဆိုတဲ့ ကျားနာကို
ကယ်တင်ကုသဖို့ အတွက်
အတ္တနဲ့ ပရကို လက်ထပ်ထိမ်းမြားပေးဖို့ လိုတယ်။

ပြီးတော့
မလိုအပ်ပဲ ထမ်းပိုးထားတဲ့
စိတ်ထဲက အထုပ်အပိုးတွေကို ချ
လွတ်လပ်တဲ့ မျက်လုံးအသစ်တစ်စုံရတဲ့အခါ
ကမ္ဘာကို ကြည့်လိုက်ပါ။

ကမ္ဘာဟာ
စနစ်တကျ ဆုတ်ဖြဲထားတဲ့ ခေတ်ပေါ် ဂျင်းဘောင်းဘီ တစ်ထည်လိုပဲ
ခံစားတတ်ရင် လှတယ်။

ကောင်းကင်ကို

29 comments:

ဆောင်းယွန်းလ said...

လူ့ ပယောဂနဲ့ ဖျားနာ
ကမ္ဘာဆိုတဲ့ ကျားနာကို
ကယ်တင်ကုသဖို့ အတွက်
အတ္တနဲ့ ပရကို လက်ထပ်ထိမ်းမြားပေးဖို့ လိုတယ်။

ပြီးတော့
မလိုအပ်ပဲ ထမ်းပိုးထားတဲ့
စိတ်ထဲက အထုပ်အပိုးတွေကို ချ
လွတ်လပ်တဲ့ မျက်လုံးအသစ်တစ်စုံရတဲ့အခါ
ကမ္ဘာကို ကြည့်လိုက်ပါ။

ကမ္ဘာဟာ
စနစ်တကျ ဆုတ်ဖြဲထားတဲ့ ခေတ်ပေါ် ဂျင်းဘောင်းဘီ တစ်ထည်လိုပဲ
ခံစားတတ်ရင် လှတယ်။
ကြည့်တတ်ရင်လှတဲ့ကမ္ဘာကြီးကိုကြည့်တတ်အောင်ကြိုးစားနေပါတယ်ညီလေးရေ...ကဗျာလေးကလှတယ်..ကြိုက်တယ်ညီလေးရေ...အမြဲအားပေးနေပါတယ်

tututha said...

ကောင်းကင်ကိုရေ
တိုက်ဆိုင်တာက ခုတလောမှာ ကမ္ဘာကြီးအနာဖြစ်နေတဲ့ကိစ္စပဲ စိတ်ထဲ ရောက်ရောက်နေတယ်။ ကဗျာလေးအတွက် ကျေးဇူးပါပဲ။ ကျမကတော့ ကဗျာ မရေးတတ်ဘူး။ ဒါပေမယ့် ခံစားတတ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ အများကြီးရေးခဲ့ဖူးတယ် (ကမောက်ကမတွေ ဆက်ရင် အဲ့အကြောင်းလေးတွ ရေးဦးမှာပါ) သိပ်သိလို့တော့မဟုတ်ဘူးနော်။ ကမ္ဘာမြေကြီးကို ချစ်လို့ပါ။ ကောင်းကင်ကိုပြောသလို စနစ်တကျစုတ်ဖြဲထားတဲ့ ဂျင်းဘောင်းဘီလို ကမ္ဘာကြီးပေါ့။
ပျော်ရွှင်ပါစေ

Shweaung said...

ကိုကောင်းကင်ရေ..
ကဗျာလေးလှကလိုက်တာဗျာ....
ခံစားဖတ်ရှုသွားတယ်..
ဒီတိုင်းလေးပဲခံစားသွားတယ်.........

အိုင်လွယ်ပန် said...

ကမ္ဘာကြီးကို
ခောတ်ပေါ်ဂျင်းဘောင်းဘီတစ်ထည်လိုကြည့်
တတ်ဖို့အစ်ကိုပြောသလိုကျွန်တော်တို့မျက်လုံးတွေမှာ
လွတ်လပ်မှုတွေ
လိုတယ်အစ်ကို.....
ကဗျာလေးကောင်းတယ်ဗျာ.......

Anonymous said...

ကိုယ်ကျိုးသချာင်္ကိုတွက်
ပင်လယ်ကြီးထဲကို ရေတစ်ခွက် လောင်းလိုက်တာဟာ
တကယ်တမ်းကျတော့ အလေအလွင့်။

ကလေးငယ်တွေရဲ့  ဦးခေါင်းနဲ့ ရင်ဘတ်တွေ ကို ရွှေချပါ။......

VERY GOOD..........

mgngal said...

ဖတ်ခဲ့သမျှ ကဗျာတွေထဲမှာ ဒီကဗျာကို အကြိုက်ဆုံးပဲ
ကိုကောင်းရေ။ အပိုဒ်တိုင်းမှာ အဓိပ္ပါယ်တွေ ပြည့်ဝနေတယ်
ဖတ်ရတာ အရသာရှိတယ်ဗျာ ။ ကျေးဇူးပါ ကဗျာကောင်း တစ်ပုဒ်အတွက် ။ :)

ဂျူနို said...

ဖြိုချလိုက်ကြ
တစ်ယောက်နဲ့ တစ်ယောက်ကြားက
မလိုအပ်တဲ့ စိတ်ကူးနံရံတွေကို။
ဖယ်ရှားလိုက်ကြ
ငါတို့ ဦးနှောက်ထဲအထိ ဘိန်းလာစိုက်ချင်နေတဲ့ အစွန်းသမား တွေကို။

ဟုတ်ကဲ့ ဖြိုချင်တယ်။
ကူညီပါအုန်း

မိုးသား said...

ကိုယ့်ကိုယ်ကို သားကောင်နေရာမှာ ထားပြီး သတင်းတွေဖတ်ပါ။
အလင်းရောင်ကို ကြိုဆို
မျက်နှာပေါ်က တံခါးနှစ်ချပ်ကို ဖွင့်ပြီး ငိုပါ။
...ကျွန်တော်အကြိုက်ဆုံးအပိုဒ်လေးပါ..
ကိုကောင်းရေ..ကျွန်တော်တို့ကို ကဗျာရေးချင်စိတ်ပျောက်သွားအောင်လုပ်နေတာလားဗျာ
အစ်ကို့ကဗျာတွေ တက်လာတိုင်း..ကိုယ့်ကိုယ်ကို ကဗျာရေးဖို့ သိမ်ငယ်သွားပြန်ရော..
အစ်ကိုရေ..မြန်မြန်ရေးပါဆိုတာထက်...
အရမ်းကြိး မကြာပါနဲ့လို့ပဲ ပြောချင်တယ်
အစ်ကို့ ကဗျာတွေကို စောင့်ရတာ..လည်ပင်းရှည်တယ်နော်

ညိမ်းညို said...

အကိုရေ ဒီကဗျာကိုအကြိုက်ဆုံးပဲဗျို့
တအားကောင်းတယ်ဗျာ
ညီတို့ နောက်ကဗျာတွေ ရေးဖို့တောင် လက်တွန့်ပီ
ကောင်းတယ်ဗျာ စာပိုဒ်ထုတ်ပြရင်လဲ တပုဒ်လုံးပဲ ပြန်ကူးပြရတောပမယ်ထင်ပါရဲ့
ပျော်ရွှင်ပါစေခင်ဗျာ

Republic said...

ကောင်းကင်ကြီးရေ တော်တော်များများ အော်ထားတာပဲ ၊၊ မွန်းကျပ်နေတယ် ထင်ပါ့ဗျာ ၊၊ နှစ်ခြိုက်ပါတယ် ၊၊

ခင်မင်အားပေးလျက်ပါ

မသက်ဇင် said...

အနာဂတ်ရဲ့ ဖြစ်လာမယ့် စာရင်းအတွက်
တင်သွင်းခွင့်သာ ရှိမယ်ဆိုရင်
လူတွေ အသက်ထောင်ချီရှည်ဖို့ လည်း မတင်သွင်းချင်ဘူး။
မားစ်ဂြိုလ်ပေါ်ကို ပြောင်းရွှေ့ အခြေချနိုင်ဖို့ လည်း မတင်သွင်းချင်ဘူး။
တစ်စုနဲ့ တစ်စု အနိုင်ယူလိုစိတ်ပျောက်
ယူတိုးပီးယား ငှက်ကလေး အတောင်ပေါက်ဖို့ ကိုပဲ တင်သွင်းချင်တယ်။
"ကမ္ဘာ"
ကဗျာကို ထပ်ခါထပ်ခါ ဖတ်တယ်--
ဖတ်ရင်း ရင်ထဲအထိစွဲတယ်---
အတွေးကောင်းပြီး--စကားလုံးတွေကျစ်တယ်--
ကဗျာဖွဲ့စည်းမှုသေသပ်တယ်--
တပိုဒ်လုံးကောင်းတာပါပဲ--
အပေါ်ပိုဒ်လေးကတော့ ဆန္ဒကို
ထုတ်ဖေါ်ရာမှာ နူးညံ့တဲ့ နှလုံးသားကို
ကဗျာစာသားထဲမှာ ပေါ်လွင်စေတယ်--
တကယ့်ကဗျာကောင်းပါပဲ--

နန်းညီ said...

ကွဲပြားမှုတွေကို ရွေပေါ်ထိုး
ရောင်စုံ ရင်ဘတ်တွေကို မေတ္တာနတ်ဆေးဆိုးဖို့ 
ပွင့်လာခဲ့တဲ့ ဘာသာတရားတွေတောင်
လူတွေရဲ့ လက်ချက်နဲ့ 
တံတိုင်းအသစ်တစ်ခုပဲ ထပ်ဖြစ်သွားခဲ့။

BLACK DREAM said...

ပိုးစိုးပက်စက်ကောင်းတယ် အစ်ကိုရာ...။ ဘယ်လိုများတွေးပြီး ဘယ်လိုများရေးလိုက်ပါ လိမ့်...။ ချီးကျူး ဂုဏ်ပြုဖို့ စကားလုံးတောင် ရှာမရအောင်ပါပဲ....။ လက်လန်တယ်!

ကိုရင်နော်ခင်လေးငယ် said...

ကိုကောင်းကင်ရေ..
ကောင်းလွန်လွန်းလို့ ဘာပြောရမှန်းကို မသိတော့ဘူး..
ဖတ်ရတာ အဟာရအပြည့်၊ အရသာ ထူးကဲတဲ့ စားပွဲကြီးကို စားလိုက်ရသလိုပါ..
ကိုကောင်းကင်ရဲ့ ကဗျာတွေကို
“ကောင်းကင်ကို ကဗျာပေါင်းချုပ်” စာအုပ်လေးအဖြစ် သိမ်းထားချင်လိုက်တာ.. :)

ခင်မင်လေးစားခြင်းများစွာနဲ့

ကိုရင်၊ ခင်လေး၊ ကလေးလေး

အိမ်မက်ရှင် said...

သိပ်ကြိုက်ပြီး နှစ်သက်သဘောကျသွားမိတယ် ကိုကောင်းကင်ကိုခင်ဗျား။ ဆိုလိုရင်း အဓိပ္ပါယ်၊ တင်စားချက်တွေနဲ့ ဥပမာတွေနဲ့ အဖွဲ့အနွဲ့တွေကို အတုယူလေးစားသွားပါတယ်ခင်ဗျာ။

ခင်မင်လေးစားစွာဖြင့်

pandora said...

ကမ္ဘာဟာ
စနစ်တကျ ဆုတ်ဖြဲထားတဲ့ ခေတ်ပေါ် ဂျင်းဘောင်းဘီ တစ်ထည်လိုပဲ
ခံစားတတ်ရင် လှတယ်။..


ဒီအတွေးလေး လှတယ်။ ဒါပေမယ့် ရင်နာနာနဲ့လှရမယ့်အလှပဲလား။

နှင်းပွင့်ဖြူလေး said...

ကောင်းလိုက်တဲ့ ကဗျာစာသားတွေ......
ကမ္ဘာဟာ စနစ်တကျ ဆုတ်ဖြဲထားခဲ့ ခေတ်ပေါ် ဂျင်းဘောင်းဘီ တစ်ထည်လိုပါပဲ။
အံဝင်ချွင်က နဲ့ နည်းနည်းပွမှ ကောင်းမယ်။
ကျပ်ရင်တော့ ကောင်းလောက်ဘူး
း)

HAPPYCLOUD said...

ကိုကောင်းရေ... ကဗျာတစ်ပုဒ်ဖတ်ပြီးတိုင်း... မောပြီး... မျောလွင့်သွားတယ်ဗျာ... ကိုကောင်းရဲပေါက်ကွဲမှုတိုင်းဟာ... ဂီတသံစဉ်တွေလို အနိမ့်အမြင့်နဲ့ စီးမျောနေတယ်လို့ခံစားမိပါရဲ့ဗျာ..(ဖိုးမောင်)

Anonymous said...

သစ်ပင်တွေပြုန်း
တောတွေ တောင်တွေ ခေါင်းတုံးတုံးကြတဲ့ ဖြစ်စဉ်မှာ
လူ့ မလိုင်တွေ အချီချီခိုး
အဆီတွေတိုးခဲ့တာ ပိုများသလား။
ရေနည်းငါးတွေရဲ့ ထမင်းအဖြစ်
သစ်ပင်တွေ ထင်းဖြစ်သွားတာ ပိုများသလား။

ကဗျာ ကြိုက်တယ် ညီ..

ငြိမ်းချမ်းအောင်

တန်ခူး said...

ငါနဲ့ ငါကို ခွာရတာက အခက်ဆုံးပေမယ့်
ငါနဲ့ ငါကွာမှ အတ္တတွေကွာ ကမ္ဘာကြီးအနာကျက်မှာ အမှန်ပဲနော်…
ကဗျာတပုဒ်ဖတ်တိုင်း ဟိုးရင်ထဲကို ထိုးဖောက်သွားအောင် ခံစားနိုင်စွမ်းတဲ့ စကားလုံးတွေ ကာရံတွေရဲ့ အင်အားကို အမြဲအံ့မခန်းဖြစ်မိပါတယ်…

thorn musem said...

ကိုကောင်းကင်ကို...
ကောင်းတယ်ဆိုတဲ့ စကားနဲ့ တောင် ပြောရတာ မလုံလောက်ပါဘူးဗျာ...
လေးလေးနက်နက်နဲ့ ကို ကောင်းလွန်းတာပါ...
လေးစားချီးကျူးပါတယ်ဗျာ...။
ကျနော်ဒီလိုမျိုး မရေးနိုင်ဘူး...။
ရေးလဲ မမှီဘူးဗျ...။

thorn musem said...

ကိုကောင်းကင်ကို...
ကောင်းတယ်ဆိုတဲ့ စကားနဲ့ တောင် ပြောရတာ မလုံလောက်ပါဘူးဗျာ...
လေးလေးနက်နက်နဲ့ ကို ကောင်းလွန်းတာပါ...
လေးစားချီးကျူးပါတယ်ဗျာ...။
ကျနော်ဒီလိုမျိုး မရေးနိုင်ဘူး...။
ရေးလဲ မမှီဘူးဗျ...။

Ye Yint Thet Zwe said...

ညီလေးကောင်းကင်ရေ

ကောင်းလွန်းတယ်ကွာ။

peter kyaw said...

ကိုယ်.ညီရေ...

လောလောဆယ်လူကိုခွေးကိုက်တဲ.သတင်းတွေ
ကြောင်.စိတ်ထဲမလန်းဘူးဖြစ်နေတယ်။
ရင်နာတယ်ကွာ။

su wai said...

မလိုအပ်ပဲ ထမ်းပိုးထားတဲ့
စိတ်ထဲက အထုပ်အပိုးတွေကို ချ
လွတ်လပ်တဲ့ မျက်လုံးအသစ်တစ်စုံရတဲ့အခါ
ကမ္ဘာကို ကြည့်လိုက်တော့……………….

ကမ္ဘာကြီးဟာ အနာတွေ မကင်းသေးပါလား အကိုရေ

ကဗျာလေး ကောင်းတယ်လို့တော့ မပြောတော့ပါဘူး... ပြောစရာမှ မလိုတော့တာနော် :D

maw said...

တိုက်ပွဲဝင်ကဗျာဆရာ
ယက်တူရှင်ကို
ကောင်းကင်ကိုကို

momoko said...

အရမ်းအရမ်း ကောင်း...
Very Very Good....

kiki said...

ကိုကောင်းကင် ရဲ့ 
လွန်ခဲ့တဲ့ ၃ နှစ် အချိန်က ကဗျာကောင်းလေးကို ခုမှ လာဖတ်မိတယ်..ဒါပေမဲ့ အကြောင်းအရာ တွေ က လတ်ဆပ် နေ တုံး ပါ ပဲလား....
ထိချက်မိမိ ကဗျာ ကောင်း ဆို တော့ အချိန်တွေ ကြာ ပေမဲ့ မဟောင်းသွားတတ်ပါဘူး နော်..

ခင်မင်စွာ
ကိကိ ..

kiki said...
This comment has been removed by the author.