Thursday, September 11, 2008

ဖောက်ထွင်းမျက်မှန်

လောကကြီးမှာ အမြင်ကြည်လင် နေဖို့ တော့ လိုတယ်ဗျ။ ဝါးတားတား အမြင်နဲ့  ဆုံးဖြတ်ချက် ချလိုက်မိရင် အခန့်  မသင့်တဲ့အခါ အဆဲခံရတတ်တယ် ဆိုတာ ကိုယ်တွေ့ ...
**************
အဝေးမှုန်တဲ့ သူတွေတော့ သိလိမ့်မယ်။ အဝေးမှုန်ခါစ မျက်မှန် မလုပ်ရသေးခင်မှာ ရှေ့  မျက်နှာချင်းဆိုင်က လူတစ်ယောက် လမ်းလျှောက်လာရင် လုံးဝ မမြင်ရတာလည်း မဟုတ်ဘူး။ ယောကျာ်း၊ မိန်းမလည်း ခွဲလို့  ရတယ်။ ဒါပေမယ့် အနားမရောက်မချင်း ဘယ်သူမှန်းတော့ မကွဲဘူး။ တစ်ခါ တစ်ခါ တစ်ဘက်လူက ကိုယ့်ကို ပြုံးပြတာကို သူအနားရောက်လာပြီး အပြုံးကိုဘရိတ်အုပ် လိုက်တဲ့ အခါ ကျမှ ရိပ်မိတော့ လူမှုရေး ပျက်ကွက်တာပေါ့။ အထင်လွဲခံရတာပေါ့။ တစ်ခါတော့...
“ဟေ့ကောင်” “ဖြောင်း...ဖြောင်း...ဖြောင်း”
ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက် လက်ခုပ်တီးပြီး လှမ်းခေါ်နေတယ်။
တော်သေးတယ်။ ဒီကောင်က အဝေးကြီးကတည်းက လက်ခုပ်တီးပြီး လှမ်းခေါ်လို့ ။ ကျွန်တော် ရပ်စောင့်နေလိုက်တယ်။
အနားလည်းရောက်လာရော.....
“ငါ ခါးပိုက်အနှိုက်ခံလိုက်ရလို့ ကွာ။ အဲဒါ ပြန်ဖို့ ဘတ်စ်ကားခ မရှိတော့လို့ ။ အဲဒါ မင်းမှာ တစ်ရာလောက်ရှိလား။”
ဟာ...ကျွန်တော့် သူငယ်ချင်း မဟုတ်ဘူးဗျ။ အနားရောက်မှ ရုပ်ကို သေချာမြင်ရပြီး သူငယ်ချင်း မဟုတ်မှန်း သိတယ်။ ဒါမျိုးတွေ ပြောပြီး ပိုက်ဆံ ညာတောင်း နေကြတာ ခဏခဏ ကြုံဖူးတယ်။ ပေးလိုက်လို့  မဖြစ်ဘူး။
“ကျွန်တော့်မှာလည်း မပိုဘူးဗျ။ တစ်ခြား တစ်ယောက်ယောက် ဆီက တောင်းကြည့် ပါလား။”
“--- --- --- သား”
ဟာ...အဆဲခံလိုက်ရပြီ။

လောကကြီးမှာ အမြင်ကြည်လင်နေဖို့ တော့ လိုတယ်ဗျ။ဝါးတားတား အမြင်နဲ့  ဆုံးဖြတ်ချက် ချလိုက်မိရင် အခန့်  မသင့်တဲ့ အခါ အဆဲ ခံရတတ်တယ် ဆိုတာ ကိုယ်တွေ့ ...
**************
ဒီလိုနဲ့ ပါဝါ မျက်မှန် တစ်လက် လုပ်လိုက်တယ်။ မျက်မှန်ရရခြင်းမှာပဲ ထူးထူးခြားခြား တန်ခိုးသတ္တိတွေ ရှိနေတာကို သိလိုက်ရတယ်။ ကျွန်တော် ရလိုက်တဲ့ မျက်မှန်က ဖောက်ထွင်း မျက်မှန်။ ကျွန်တော်တို့ သူငယ်ချင်း တစ်စု ပြောပြောပြီး သွားရည်ကျ နေတဲ့ ဖောက်ထွင်း မျက်မှန် မျိုးတော့ မဟုတ်ဘူး။ အဖြစ်အပျက် မှန် နဲ့ လူ့ စိတ် အတွင်းပိုင်းကို ဖောက်ထွင်းပြီး မြင်နိုင်တဲ့မျက်မှန်။ မမြင်နိုင်တဲ့ နောက်ကွယ်က ပုံရိပ်တွေ၊ အတွင်းစိတ်တွေကို မြင်စေနိုင်တဲ့ အစွမ်းသတ္တိတွေရှိနေတယ်။ တစ်ခါတစ်ခါလည်း အသံတွေကို အာရုံထဲမှာ ကြားလာစေတယ်။

မြင်ကွင်းကြည်မကြည် စမ်းသပ် ကြည့်ဖို့ အတွက် မျက်မှန်တပ်လိုက်ပြီး တီဗွီခလုတ်ကို ဖွင့်လိုက်တယ်။ ပြပါပြီ အစွမ်းသတ္တိ ။ တီဗွီမှာ ပြည်သူ့ သဘောထားလာနေတယ်။ “နိုင်ငံတော် တိုးတက်ရေးကို နှောင့်ယှက် ဖျက်ဆီးသူများအား ဆန့် ကျင်ကြ” တဲ့။ မျက်မှန်က မိုက်တယ်ဗျာ။ နှောင့်ယှက် ဖျက်ဆီးသူတွေဆိုတဲ့ နေရာမှာ သူတို့  တဖွဖွ ပြောပြော နေတဲ့ သူတွေရဲ့  မျက်နှာကို မြင်ရမယ့် အစား ဗိုလ်ချုပ်ကြီးတွေရဲ့ မျက်နှာကြီးတွေကိုပဲ တန်းစီပြီး မြင်လာတယ်။ ကျက်သရေ မရှိတာ နဲ့ ကျွန်တော်လည်း တီဗွီကနေ မျက်နှာကို ခဏ ခွာလိုက်ပြီး မျက်မှန် အသစ် ကလေးနဲ့ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်နေမိတယ်။ ခဏနေတော့....
သတင်းလာနေတယ်။ “အမျိုးသား ညီလာခံကြီး ယခုကဲ့သို့ ချောမွေ့ စွာ အောင်မြင် ပြီးစီးနိုင်ရေးအတွက် ကိုယ်စားလှယ်တော်ကြီးများသည် မိမိတို့၏ စီးပွါးရေး၊ လူမှုရေးများကို စွန့် လွှတ် အနစ်နာခံကာ အားထုတ်ကြိုးပမ်းမှုတို့ ကြောင့်ပင်ဖြစ်ပါကြောင်း” တဲ့။ မျက်မှန်ထဲမှာတော့ ကိုယ်စားလှယ်ကြီးတွေ စီးပွါးရေးအရ စွန့် လွှတ် အနစ်နာခံတဲ့ အနေနဲ့  ကေတီဗွီမှာ ပန်းကုံးစွပ်နေကြတာကို မြင်နေရတယ်။ လူမှုရေးအရ အနစ်နာခံတဲ့ အနေနဲ့  ကောင်မလေးတွေနဲ့  ကဲနေ ကြတာကို မြင်နေရတယ်။ မျက်မှန်လေးက မဆိုးဘူး။ ဒါပေမယ့် သူတို့ လိမ်နေတာတွေ သိရုံ လောက် သက်သက်ပဲ ဆိုရင်တော့ ကျွန်တော် ဒီမျက်မှန် တပ်နေဖို့ တောင်မလိုပါဘူး။ ပတ်ဝန်းကျင်ကို တစ်ချက်လောက် ငဲ့ကြည့်ရုံနဲ့  သိနိုင်တာပဲ။ ဒါပေမယ့် ဒါတွေကို မြင်ဖို့  တစ်ချို့ လူတွေ အတွက်တော့ ဒီမျက်မှန် လိုကောင်း လိုလိမ့်မယ်။ ဂမ်ဘာရီလာတုန်းကသာ ဒီမျက်မှန်ကို လက်ဆောင်ပေးလိုက်ရရင် ကောင်းမှာပဲ လို့ တွေးပြီး တော့တောင် ပြုံးမိသေး....

ဒီလို တန်ခိုးရှိတဲ့ မျက်မှန်လေး ရတာ ဝမ်းသာတယ်ဗျာ။ ရှေ့ လျှောက် ကျွန်တော့်ကို ဘယ်သူကမှ လိမ်ညာလို့ ၊ဟန်ဆောင်လို့ မရနိုင် တော့ဘူး။
**************
ဒီနေ့ ကျော်ကျော့်မွေးနေ့ ။ ဒီကောင့်ကို လဘ္ဘက်ရည်တိုက်ခိုင်းပြီး ညှဉ်းဆဲရမယ်။ ကျွန်တော် ကျော်ကျော့် ဆီကို ဖုန်းခေါ်လိုက်တယ်။
“ကျော်ကျော် ရှိလား အန်တီ”
“မရှိဘူး သားရဲ့ ။ ဒီနေ့ သူ့ မွေးနေ့ လေ။ ကိုထွန်းတို့ နဲ့ ရွှေတိဂုံ ဘုရားကို သွားမယ်လို့  ပြောတယ်။”
သူ့ အမေစကားတောင် မဆုံးသေးဘူး။ မျက်မှန်ထဲမှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော် ရယ်မိတော့ မလို့ ၊ မနည်း ဘရိတ်အုပ်ထားလိုက်ရတယ်။ ဒီကောင်ကြီး အရက်ဆိုင်မှာ မှန်နေပြီ။ မူးပြီးတော့ အသည်းကွဲခဲ့တာတွေ ပြန်ဖော်ပြီး ငိုနေပြီ။
“အဲဒီနေ့  က သူတို့  လမ်းထဲ အမှတ်တမဲ့ ဖြတ်သွားပြီးမှကွာ၊ မတော်တဆ ပြန်တွေ့ မှာ ကြောက်ပြီး အသားတွေတောင် တဆတ်ဆတ် တုန်တယ်။ မျက်နှာချင်းဆိုင်သာ ပြန်တွေ့ ရင် ငါဘယ်လို မှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
“အဓိကတရားခံ က မန်းနီးကွ။ တောက်...ဒီလောက် အသိတရား ရှိတဲ့သူကို ပစ်ထားတဲ့ ဘုရားသခင်တွေ၊ လောကပါလ နတ်တွေကိုလည်း မုန်းတယ်။”
သူ့ အမေကတော့ သူ့ သား ဘုရားသွားနေတယ် ထင်လို့ ။ သူကတော့...သူ့ သာသာသူ အသုံးမကျလို့  အသည်းကွဲတဲ့ဟာကို မူးမူးနဲ့ အရက်ဆိုင်ထဲမှာ...ဘုရားတွေ၊ နတ်တွေကို မဆီမဆိုင် စော်ကားနေပြီ။
**************
အဲဒီနေ့ က လဘ္ဘက်ရည်ဆိုင်မှာ လူတော်တော် စုံတယ်။ ထိုင်နေကျ သူငယ်ချင်းတွေကော၊ နည်းနည်း စိမ်းတဲ့သူတွေကော။ အဲဒီ့ထဲမှာ ကိုယ့်ကိုယ်ကို အသားလွတ်ကြီး အထင်ကြီးနေတဲ့ ခပ်ကြွကြွ တစ်ကောင်လည်း ပါတယ်။ ကျွန်တော်တို့က သူ့ ကို ကွယ်ရာမှာ ဘဲမန်း လို့  ခေါ်ကြတယ်။ ဘဲမန်း ဆိုတာ အိုဟင်နရီရဲ့  “နောက်ဆုံးသစ်ရွက်” ဝတ္ထုထဲက ဇာတ်ကောင်။ အကောင်းဆုံးMaster peice ပန်းချီကား တစ်ကား ဆွဲမယ်လို့  ပြောပြော ပြီးတော့ အဘိုးကြီးဖြစ်သည်အထိ ဘာမှ ဟုတ်တိပတ်တိ မဆွဲခဲ့တဲ့ ပန်းချီဆရာ။ ဒီကောင်လည်း သူ့ ကိုယ်သူ သန်းခြောက်ဆယ်အတွက်၊ ပြည်သူတွေအတွက် လို့  ပြောပြောနေပြီးတော့ ဘာမှလည်း မလုပ်ပဲ လေနဲ့ ပဲ ကြွားနေတဲ့ကောင်။ ကျွန်တော့် အစ်မကတော့ ဘဲမန်းကို ပြောင်းပြန်လှန်ပြီး ဘန်းမဲ လို့  ကွယ်ရာမှာ ခေါ်တယ်။ မျက်နှာပြဲပြဲနဲ့  အသားကလည်း မည်းတယ်လေ။
ကျွန်တော်တို့ ထိုင်နေတဲ့ နားကို ညစ်ညစ်ပတ်ပတ်နဲ့ ကလေးတစ်ယောက် ပိုက်ဆံတောင်းဖို့  ရောက်လာတယ်။ ကျွန်တော်တို့ ကို အတင်းထိုင်ရှိခိုးပြီး ပိုက်ဆံတောင်းတယ်။ ကျွန်တော်တို့  ထဲက တစ်ယောက်က ငါးဆယ်တန် တစ်ရွက် ထုတ်ပေးလိုက်တယ်။ဘဲမန်းကတော့ အကြွေရှာနေသလိုလိုနဲ့ အိတ်ကပ်ထဲကိုတော့ စမ်းရှာပါတယ်။ မတွေ့ ဘူးထင်တယ်။ မပေးလိုက်ဘူး။ အဲဒီ့ကလေးလည်း ပြန်သွားရော...
ဘဲမန်းက စိတ်မကောင်းလို့ မျိုမကျတော့ဘူး ဆိုပြီး ပလာတာကိုတောင် ဆက်မစားတော့ဘူး။ ကြည့်လိုက်တော့ သူ့ပလာတာက နည်းနည်းလေးပဲ ကျန်တော့တာ။ သူလုပ်တာနဲ့  ကျန်တဲ့သူတွေလည်း စားလက်စ မုန့်တွေကို ဆက်စားဖို့ ခက်သွားတယ်။ ဆက်စားရင် ကိုယ်ကပဲ ကရုဏာတရား ခေါင်းပါးသလိုလို ဖြစ်ဦးမှာ။
ပြီးတော့ သူကပြောတယ်။ “ရင်ထဲမှာ ကျင်ခနဲ ဖြစ်သွားတယ်ကွာ။ အဲလို ကလေးတွေ၊ ပင်ပင်ပန်းပန်းနဲ့ လုပ်ကိုင် စားသောက်နေရတဲ့သူတွေကို မြင်တိုင်း စိတ်ထဲမှာ မကောင်းဘူး။” သူ့ စကားလည်း ဆုံးရော ကျွန်တော့်မျက်မှန်က အစွမ်းပြတော့တာပဲ။ မြင်ကွင်းထဲမှာ ဆိုက်ကားသမားတစ်ယောက်ကို ဘဲမန်းက မဟားဒယားဈေးဆစ်ပြီး ငြင်းခုန်နေတာကို တွေ့  လိုက်ရတယ်။ သူ့ စကားလုံးတွေက ရင့်ရင့်သီးသီး။
**************
ကျွန်တော်က လူတစ်မျိုးဗျ။ ကျွန်တော့်ဆီက ပိုက်ဆံချေးပြီး ပြန်မပေးလည်း စိတ်မဆိုးဘူး။ တော်ရုံတန်ရုံ တင်စီးတဲ့ သူကိုဆိုလည်း သည်းညဉ်းခံတယ်။ ကျွန်တော့် အပေါ် စကားမှားလည်း ကိစ္စမရှိဘူး။ နားလည်ပေးတယ်။ ဒါပေမယ့် ကျွန်တော့်မာနကို ထိပါးလာရင်တော့ အရမ်း ထိလွယ်ရှလွယ်တယ်။ အထူးသဖြင့် ကျွန်တော့်ကို ညံ့တယ်လို့  ပြောရင် လုံးဝမခံနိုင်ဘူး။ ဒေါသ အရမ်းထွက်တတ်တယ်။
တစ်ရက်မြို့ ထဲမှာ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ တယ်။ ဒီကောင်က ကျောင်းတုန်းက ကျောင်းစာကို ဂရုစိုက်တယ်။ Grade ကောင်းဖို့  အလေးအနက် ထားတဲ့ကောင်။ နည်းနည်းလည်း ဘဝင်မြင့်ချင်တယ်။ ကျွန်တော်ကတော့ လေးလလုံးလုံး အတန်းမတက်ပဲ စာမေးပွဲဖြေခါနီးမှ ကျောင်းကိုလာပြီး ဖြေတဲ့ကောင်။ (ကျွန်တော်တို့ တုန်းက လေးလတစ်တန်း။) ကျူတိုရီယယ်တွေလည်း မဖြေဘူး။ ကျွန်တော်တို့ တက္ကသိုလ်တက်ရတဲ့ အချိန်မှာ ပညာရေး စနစ်က တော်တော် ဆိုးနေပြီ။ ဆပ်ပလီ တွေ အရမ်း ခေတ်စားလာပြီ။ ဆပ်ပလီ မှာ အရင် (ကိုယ် မအောင်ခဲ့တဲ့) မေးခွန်းပဲ ပြန်မေးလေ့ရှိတယ်။ အဲလက်စ်ရဲ့  “ဒီ မေးခွန်းလေး ထပ်ဖြေလိုက်ပေါ့” ဆိုတဲ့ သီချင်းဆိုရင် ကျွန်တော်တို့ ကြားမှာ တော်တော်လေး ခေတ်စားခဲ့တာပေါ့၊ ဇော်ဝင်းထွဋ်ရဲ့  “မှန်တယ် ထင်တာတွေ၊ ဒီအချိန်မှာ အကုန်မှားတော့” ဆိုတဲ့ သီချင်းလည်း ခေတ်စားတာပဲ။ ကျွန်တော်က စာမေးပွဲ နီးမှ လာတဲ့ကောင် ဆိုတော့ စီနီယာ အစ်ကို တစ်ယောက်က နည်းလမ်းကောင်းပေးတယ်။ စာမေးပွဲက နီးနေပြီ။ ဘာသာစုံ မကြည့်နဲ့ တော့တဲ့။ အခုသုံးသာသာပဲကြည့် ။ ဆပ်ပလီ ရောက်မှ ကျန်တဲ့လေးဘာသာကိုကြည့်တဲ့။ ကျွန်တော် က တစ်ပတ်အလိုမှ လာပြီး စာမေးပွဲ ဖြေတဲ့ကောင်ဆိုတော့ ဆပ်ပလီ မထိပဲ နေမလား။ ထိတာပေါ့။ တစ်ချို့ ကောင်တွေဆို ကျွန်တော့်ထက်တောင် ပေသေးတယ်။ စာမေးပွဲဖြေမယ့် ရက်မှာ မအားလို့  ဆိုပြီး လာမဖြေဘူး။ ဆပ်ပလီရောက်မှပဲ လာဖြေတယ်။ နောက်နှစ်တွေတော့ အဲလိုလုပ်လို့  မရတော့ဘူး။ နည်းနည်းကြပ်သွားတယ်။
ကျွန်တော်နဲ့ သူ လဘ္ဘက်ရည်ဆိုင်မှာ ထိုင်ပြီး ပျက်စီးနေတဲ့ ပညာရေး စနစ်အကြောင်းတော်တော်ပြောဖြစ်တယ်။ ကျွန်တော်က အခုခေတ်ကလေး တွေဆိုရင် ပိုဆိုးတဲ့ အကြောင်း ပြောလိုက်တယ်။ အဲဒီ့အချိန်မှာ ကျွန်တော်က ဆယ်တန်းဂိုက် လုပ်နေတာလေ။ ကျွန်တော့်ကိုယ်တွေ့ တွေကို စိတ်ပျက်ပျက်နဲ့ ပြောပြမိတယ်။ နှစ်ပိုင်းတစ်ပိုင်းနဲ့ နှစ်ပိုင်းတစ်ပိုင်းပေါင်းတာ တစ်မရပဲ လေးပိုင်းတစ်ပိုင်းရအောင် ပေါင်းတဲ့ ဆယ်တန်းကျောင်းသား တစ်ယောက် အကြောင်း။ ဘယ်လိုလုပ် ဆယ်တန်း အထိ ရောက်လာလဲ မသိဘူး။ ညံ့ရတဲ့ အထဲ ပျင်းကလည်း ပျင်းသေးတယ်။ စာသင်တဲ့ အချိန်က လွဲပြီး ကျန်တဲ့ အချိန် စာမလုပ်ဘူး။ သူ့ ကို စာစသင်ရတဲ့ အချိန်ကလည်း စာမေးပွဲက အရမ်းနီးနေပြီ။ နှစ်လပဲ လိုတော့တယ်။ ဒါနဲ့  ကျွန်တော်လည်း သူ့ အမေကို သူ့ သားရဲ့  အခြေအနေမှန်ကို ပြောပြလိုက်တယ်။ ဒီအချိုးအတိုင်း ဆက်ပြီး ပျင်းနေရင်တော့ စာမေးပွဲ အောင်မှာ မဟုတ်ဘူးလို့ ။ ဒီအခြေအနေနဲ့ စာမေးပွဲ အောင်ချင်ရင် တစ်နေ့ ကို ခြောက်နာရီလောက်တော့ စာလုပ်ဖို့ လိုတယ်လို့ ။ နောက်နေ့ ကျတော့ သူ့ အမေက ကျွန်တော့်ကို ပြောတယ်။ သူ့ သားစာမေးပွဲ မဖြေတော့ဘူးတဲ့။ အလုပ်ပဲ လုပ်တော့မယ်လို့  ပြောတယ်။ အဲဒါတွေ ကျွန်တော့် သူငယ်ချင်းကို ပြန်ပြောပြလိုက်တယ်။
အဲဒီ့ အချိန်မှာဗျာ... သူ့ စိတ်ထဲမှာ ပြောလိုက်တဲ့ စကားကို ဖောက်ထွင်းမျက်မှန်ရဲ့ လက်ချက်နဲ့ ကျွန်တော် ကြားလိုက်ရတယ်။
“ချာတိတ်ကလည်း မင်းကို အားကျလို့  နေမှာပေါ့။ ဆပ်ပလီရောက်မှ ဖြေမလို နေမှာပေါ့” တဲ့။ ကျွန်တော် ဒေါသအရမ်းထွက်သွားတယ်ဗျာ။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ပေမယ့် မျက်နှာက သိသိသာသာ နီရဲသွားတယ်။ ရှူးရှူးရှားရှားလည်း ဖြစ်သွားတယ်။ သူငယ်ချင်းကတော့ ရုတ်တရက်ဘာဖြစ်သွားတာပါလိမ့်လို တွေးမိမှာပဲ။ ကျွန်တော်လည်း သူ့ ကို အေးတိအေးစက် နှုတ်ဆက်ပြီး ရုတ်တရက် ထပြန်လာခဲ့တယ်။
**************
ညနေ လေးနာရီရောက်တိုင်း ကျွန်တော့်ရင်ထဲမှာ ပန်းတွေ ပွင့်တယ်။ အဲဒီ့ လဘ္ဘက်ရည် ဆိုင်လေးက ကျွန်တော့်ဘဝ ကန္တာရထဲမှာတော့ အိုအေစစ်ကလေး။ ကျွန်တော် ဆိုင်ထဲကိုဝင်ဝင်ချင်းမှာပဲ မြတ်နိုးရတဲ့ အရိပ်ကလေးကိုတွေ့ တယ်။ ဆိုင်ရဲ့ ကောင်တာ ရှေ့ မှာ ပွင့်နေတဲ့ သက်ရှိ ပန်းပွင့်လေး။ နေ့ စဉ် ကျွန်တော့်ရဲ့  အချိန်တစ်နာရီကို ခိုးယူနိုင်တဲ့သူကလေးပေါ့။ တစ်နာရီသာ ဆိုတယ်၊ ကျွန်တော့်အတွက်တော့ တစ်စက္ကန့် ၊ နှစ်စက္ကန့်...။ အိုင်စတိုင်းရဲ့ Relativity Theory ကို နားလည်ဖို့ ကျွန်တော့်အတွက်တော့ အလင်းအလျင်လောက်မြန်တဲ့ ယာဉ်ကို စီးနေဖို့ မလိုဘူး။ လေးနာရီထိုးတိုင်း ဒီဆိုင်လေးကို လာထိုင်လိုက်ရုံနဲ့ ဖြစ်တယ်။ သူလေးက အချိန်တွေကို ဆွဲ ချုံ့ ပစ်နိုင်စွမ်းရှိတဲ့ မှော်ဆရာမလေး။ သူ့ကြောင့် ကျွန်တော့်မှာ တစ်နေ့  ကို နှစ်ဆယ့်သုံးနာရီပဲ ရှိတော့တယ်။

သူလေးက ဆိုင်ရှင်ရဲ့ တူမလေးလို့ သိရတယ်။

အစကတော့ ကျွန်တော်တို့ ခုလို အချိန် အတိအကျ နဲ့  အသည်းချင်း မချိတ်မိသေးဘူး။ ဒါပေမယ့် ညနေဘက် ကျွန်တော် ဒီဆိုင်ကို လာရင် သူ့ကို တွေ့ ရ တာများတယ်။ ဒီလိုနဲ့  ညနေ လေးနာရီထိုးတိုင်း သူနဲ့ ချိန်းထားသလို ဖြစ်အောင်ကြိုးစားကြည့်ဖို့  ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ နေ့ တိုင်းပဲ ဆိုင်ကို လေးနာရီ အရောက်သွားပြီး ဆိုင်ထဲဝင်ဝင်ချင်းမှာ သူ သတိထား မိလောက်အောင် နာရီ ကို ကျွန်တော် ခဏ ခဏ ကြည့်တယ်။ ဒီအချိန် ဆိုရင် နေ့ တိုင်းလာမယ် ဆိုတဲ့ နိမိတ်ပုံပေါ့။ ရက်များများ မလုပ်လိုက်ရပါဘူး။ ငယ်ရွယ်သူတို့ ရဲ့  နှလုံးသားတွေဆိုတာ ခက်ခက်ခဲခဲ ကြိုးညှိုနေဖို့ မလိုဘူးလေ။ ရင်ခုန်သံတုန်နှုန်းတွေက အချစ်ဆိုတဲ့ key မှာ ခြွင်းချက်မရှိ ညီပြီးသား။ ခုဆိုရင် အချစ်ရဲ့ တန်ခိုးနဲ့ ညနေလေးနာရီထိုးတိုင်း ကျွန်တော့်အာရုံထဲမှာ သူက လွဲလို့ ကမ္ဘာကြီးတစ်ခုလုံးပျောက်နေကြ။ ရှုပ်ထွေးလှတဲ့ လောကကြီးကို ညနေလေးနာရီရောက်တိုင်း ကျွန်တော် ချောင်ထိုးပစ်လိုက်တယ်။
ခုဆိုရင် ညနေ လေးနာရီဟာ ကျွန်တော်တို့  နှစ်ယောက်တည်း နားလည်နိုင်တဲ့ နှစ်ဦးသုံး ဘာသာစကားဖြစ်သွားပြီ။ လူတိုင်းလူတိုင်းမှာသာ ကျွန်တော့် လိုမျိုး လေးနာရီဘာသာစကားတွေ၊ လေးနာရီမျှော်လင့်ချက်တွေရှိနေမယ်ဆိုရင် ကမ္ဘာကြီး အခုထက် ပိုပြီးငြိမ်းချမ်းလာလိမ့်မယ်လို့တောင်မှ ကျွန်တော် စိတ်ကူးယဉ်မိသေးတယ်။

ဒီဆိုင်လေးကို ကျွန်တော် ညနေ လေးနာရီထိုးတိုင်းလာတယ်။ သူကလည်း အဲဒီ့ အချိန်ဆို တခြားကောင်မလေးကို ဖယ်ခိုင်းပြီး သူကိုယ်တိုင် ကောင်တာမှာ ထိုင်တယ်။ ကျွန်တော် ဆိုင်မှာ တစ်နာရီတိတိ ထိုင်ပြီး ငါးနာရီထိုးရင် ပြန်တယ်။ ကျွန်တော့်မှာ ထူးထူးဆန်းဆန်း အကျင့်တစ်ခုလည်း ရလာသေးတယ်။ ကျွန်တော်ပိုက်ဆံကို ဘယ်တော့မှ ကွက်တိမပေးဘူး။ သူပြန်အမ်းအောင်လို့ အမြဲတမ်း တမင်တကာ ပိုယူလာတယ်။ သူပြန်အမ်းတဲ့ ပိုက်ဆံတွေကို လည်း မသုံးဘူး။ အမှတ်တရ ဖြစ်အောင် သက်သက်စုထားတယ်။ ခုဆို အဲဒီ့ သူပြန်အမ်းတဲ့ ငွေလေးတွေတောင် တစ်ထောင့်ငါးရာ ပြည့်တော့မယ်။ ငွေရှင်းတဲ့ အခါတိုင်း မှာလည်း သူနဲ့  ကျွန်တော် အပြန်အလှန်ပြုံးပြဖြစ်တယ်။ အပြုံးချင်း ဖလှယ်ကြ တိုင်းမှာလည်း ကျွန်တော့်ရင်ထဲမှာ ရေခဲမြစ်တစ်ခုက အမြဲ ဖြတ်စီးနေကျ။ သူနဲ့ ကျွန်တော် စကားတော့ တစ်ခါမှ မပြောဖြစ်ဘူး။ ထူးအိမ်သင်ရဲ့ သီချင်းထဲကလိုပေါ့။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ စကားလုံးတွေ မလိုတော့ဘူး။

တစ်နာရီ အချိန်လေး အတွင်းမှာတော့ ကျွန်တော်တို့  နှစ်ယောက် မျက်လုံးချင်း စီးချင်းထိုးကြတယ်။ အကြည့်တွေ လိုက်တမ်းပြေးတမ်း ကစားကြတယ်။ စိတ်ကူးချင်းထပ်ပြီး အချစ် ဆိုတဲ့ မီးတောက်ရဖို့  ခတ်ခဲ့ကြတယ်။ ဘဝအမော တွေနဲ့ ပူလောင်လာတဲ့ အခါတိုင်းမှာလည်း ကျွန်တော့် အာရုံတွေကို သူ့မျက်နှာနတ်ရေကန်လေးမှာ တစ်နာရီ လုံးလုံး ပြေးကပ်ပစ်လိုက်တယ်။

သူ့ မှာ ကျွန်တော် ချစ်တဲ့ အကျင့်လေး တစ်ခုလည်း ရှိသေးတယ်။ ကောင်တာမှာ ထိုင်ရင်းနဲ့  ခိုးခိုးပြီး မှန်ထုတ်အလှပြင်တာ။အဲဒီ့ အကျင့်လေးကို ကျွန်တော်ကြိုက်တယ်။ ကလက်တယ်၊ ပဲများတယ်လို့  မမြင်ဘူး။ ကိုယ့်ကိုယ်ကို အလှဆင်လိုက်တာဟာ လောကကြီးရဲ့  အစိတ်အပိုင်းသေသေးလေး တစ်ခုကို အလှဆင်လိုက်တာပဲ။ အဲဒါဟာ လောကကို လေးစားတာ၊ ကိုယ့်ရဲ့ မျက်နှာအလှအပနဲ့ ပတ်ဝန်းကျင်က လူတွေကို ပေးဆပ်ဖို့ကြိုးစားတာလို့ မြင်တယ်။ လူတိုင်းသာ ကျွန်တော့်ကောင်မလေးလို မှန်တစ်ခု ဘီးတစ်ချောင်းတည်းနဲ့  ရောင့်ရဲကျေနပ်နိုင်ရင် လောကကြီး သိပ်လှနေမှာပဲလို့ ကျွန်တော် စိတ်ကူးယဉ်လိုက်မိသေးတယ်။

တစ်နေ့  တော့ ကျွန်တော့်ကောင်မလေး မှန်နဲ့ ဘီးလေး ထုတ်ပြီး ခေါင်းဖြီးလိုက်တယ်ဗျာ။ သောက်တလွဲ မျက်မှန်ကတော့ လုပ်ပြီဗျာ။ ကျွန်တော့်မျက်မှန်ထဲမှာ...ကောင်မလေး ပေါင်ခြံမှာ ညှင်းတွေပေါက်လို့  ဆေးလူးနေတာ မြင်လိုက်ရတယ်ဗျာ။ ညှင်းတွေမှ နည်းနည်းနောနော မဟုတ်ဘူး။ အကွက်လိုက် အကွက်လိုက်။ ခုနက ကျွန်တော့် စိတ်ကူးနဲ့  ပျော်နေတာလေးတွေ ရုတ်တရက်ပျောက်သွားတယ်။ ကျွန်တော့် စိတ်ထဲမှာ သူ့ ကို အပေါ်ယံလောက်ပဲ အလေးထားတဲ့သူလို့ မြင်သွားတယ်ဗျာ။ ကျွန်တော်ကလည်း လူတစ်မျိုးဗျ။ ဇီဇာကြောင်တယ်။ စိတ်မြန်တယ်။ အပြောင်းအလဲမြန်တယ်။ စိတ်ထဲမပါရင် ဘာမှ ဟန်ဆောင်မနေဘူး။ ကျွန်တော် ငါးနာရီထိုးတဲ့ အထိတောင် မစောင့်တော့ဘူး။ ရုတ်တရက် ကောင်တာကို ငွေရှင်းဖို့ ထသွားလိုက်တယ်။ ကောင်မလေးကတော့ ရုတ်တရက် အံ့သြ သွားတာပေါ့။ ငါးနာရီ မထိုးသေးဘူးလေ။ ကျွန်တော် ပိုက်ဆံကိုလည်း ကွက်တိပဲ ပေးလိုက်တယ်။ သူပြန်အမ်းတာ မလိုချင်လို့ ။ ကောင်မလေးက ကျွန်တော့်ကို ပြုံးပြတယ်။ ကျွန်တော်က မပြုံးချင်ပြုံးချင်နဲ့  ဝတ်ကျေတန်းကျေပဲ ပြန်ပြုံးပြလိုက်တော့ ကောင်မလေး ခမျာ မျက်နှာပျက်သွားရှာတယ်။

ကျွန်တော် ဆိုင်ထဲကနေ စိတ်ပျက်လက်ပျက်နဲ့ ထွက်လာခဲ့တယ်။ ဖောက်ထွင်း မျက်မှန်ကြောင့် ကျွန်တော့် အိုအေစစ် ကလေးပျောက်သွားပြီ။ အသည်းနှလုံး တစ်ခြမ်းပဲ့သွားပြီ။ ဟိုတစ်နေ့ ကလည်း ဒီမျက်မှန်ကြောင့်ပဲ သူငယ်ချင်း တစ်ယောက်နဲ့  အခင်အမင်ပျက်ခဲ့ပြီးပြီ။ တကယ်တော့ ဒါတွေဟာ သူတို့ အပြစ်မဟုတ်ပါဘူး။ မမြင်အပ်တဲ့ အမှန်တရားတွေကို သွားမြင်မိတဲ့ ကျွန်တော့်အပြစ်။

ရိုးသားမှုဟာ အကောင်းဆုံး ပေါ်လစီတဲ့။ လူတွေဟာ ရာနှုန်းပြည့် ရိုးသားမှုကို တကယ်ကော ကြိုက်ကြ လို့ လား။ အမှန်တရားကိုကော အပြည့် အဝ လက်ခံ ကြလို့လား။ ကိုယ့်ရောဂါတွေကို ဖယ်ရှားပေးမယ့် ဆေးကိုတောင် ဒီအတိုင်းဆေးသက်သက် မသောက်ကြပဲ သကြားအုပ်ပြီး လျှာကို လိမ်ကြသေးတာ။
ကျွန်တော့် ရင်ထဲမှာ မေးခွန်းတွေ တက်လာတယ်။ ဟန်ဆောင်ကောင်းတဲ့ သူတွေကို ရိုးသားမှု မရှိတဲ့ သူတွေဆိုပြီး သတ်မှတ်ရမှာလား။ ဒါမှ မဟုတ် ပတ်ဝန်းကျင်ကို လေးစားအားနာ လို့ ဟန်ဆောင်တာ ဆိုပြီး လက်ခံရမှာလား။ စိတ်ရိုင်းအတိုင်း ကိုယ့်ကို အနေကြပ်စေလောက်အောင် ရိုးဖြောင့်သူနဲ့  ဟန်ဆောင်ကောင်းသူ ဘယ်သူ့ ကို ပိုလက်ခံသင့်သလဲ။ ကျွန်တော်တော့ လူအများစု နည်းတူ ကိုယ့်စိတ်ကိုယ်သက်သာစေမယ့် ဟန်ဆောင်ကောင်းသူကိုပဲ အလွယ်တကူ လက်ခံလိုက်တယ်။ မမြင်ရတဲ့ ဒုက္ခထက် မြင်ရတဲ့ ဒုက္ခက ပိုပြီးကြီးတာ သိသွားပြီလေ။ အဲဒီ့နေ့ က စပြီး အမှန်တရားတွေကို ဖောက်ထွင်းမြင်နိုင်တဲ့ မျက်မှန်ကို ကျွန်တော်မတပ်တော့ဘူး။

ကောင်းကင်ကို

11 comments:

Kay said...

ဖတ်လို့ကောင်းတယ်- ကောင်းကင်ကိုရေ-
ဟုတ်တယ်။ ဗုဒ္ဓရဲ့ အလယ် အလတ်ပေါ့။ အရာအားလုံးတော့..အကုန်ပွင့်လင်းလို့ဘယ်ရ ပါ့မလည်း။ Mel Gibson ရဲ့ what women want ဆိုတဲ့ ရုပ်ရှင်လေး ထဲ ကလိုပေါ့။
း) ခင်မင်လျက်-

အိုင်လွယ်ပန် said...

ကောင်းတယ်ဗျာ......
ဟန်ဆောင်မှုဆိုတဲ့စကားလုံးရဲ့တာက
အတော်သွားတာပဲနော်..........
ဖတ်ရကျိုးနပ်တယ်အစ်ကို....
ကောင်းသောနေ့ပါဗျာ.....

BLACK DREAM said...

၁။ The Last Leave ကိုအရမ်းကြိုက်တယ်။
၂။ ပြန်အမ်းတဲ့ငွေ ၁၅၀၀ ပြည့်ရင် Beer တိုက်ခိုင်းမယ် စဉ်းစားထားတာ..အခုတော့ :(။
၃။ အစ်ကို့မျက်မှန်က Emporio Armani လား၊ Mont Blanc လား? :P

ကောင်းတယ်အစ်ကိုရာ တင်ပြပုံ။ :)

Anonymous said...

It's great!

skyblue said...

မင်္ဂလာပါ ခင်ဗျာ။
ဖတ်လို့ကောင်းသလို ဗဟုတုသလည်းရပါရဲ့။
စဉ်းစား စရာတွေလည်းရပါရဲ့။

thorn musem said...

ကိုကောင်း...
နောက်ကြုံရင် မျက်မှန်လေး ခဏဌားပါဗျာ..
ကျနော်မျက်မှန်လာဌားချိန်မှာတော့ ..............
အဲဒီမျက်မှန်ကြီးတပ်ပြီး လူကိုစိုက်မကြည့်နဲ့ ဗျ
နေတတ်ဘူး။

LIN LET KYAL SIN said...

လေးနက်သော အတွေးစကားများကို ပုံဖော်ထားခြင်းပါပဲ။ ဘုရားပြောထားတဲ့အတိုင်း မှန်သောစကားကိုပြောဆိုခြင်းများနှင့် ပတ်သတ်၍ဆိုသော အချက်များအတိုင်း လိုက်နာကျင့်သုံးမှသာလျင် အဆင်ပြေမယ်လို့ ထင်မိပါတယ် :)

MyowinZaw said...

မျက်မှန်လာခိုးအုံးမယ်

တန်ခူး said...

ဘယ်လို ချီးကျူးစကားတောင် ဆိုရမလဲ မသိဘူး… ကောင်းလွန်းလို့  အဲဒီနဲ့ လိုက်ဖက်တဲ့ စကားလုံးရှာရတာ အတော်ခက်တယ်… မယုံရင် ဒီကော်မန့် ကို မျက်မှန်တတ်ပြီးကြည့်ကြည့်လိုက်… ဖတ်ခဲ့ဖူးတဲ့ မင်းလူ ၀တ္ထုလေးတပုဒ်သွားသတိရတယ်… လိမ်တာစမ်းတဲ့စက်ကလေးအကြောင်း… နောက်တော့ အဲဒီစက်ကလေးကို အဝေးလွှင့်ပစ်လိုက်တာပဲ… အင်း… ဘာပဲဖြစ်ဖြစ်လိုရင်သုံးလို့ ရအောင် အဲဒီမျက်မှန်တလက်တော့ လိုချင်သား… ဥပမာ… အင်တာဗျုးလိုနေရာမျိုးပေါ့… ကိုယ့်ကို ခန့် မခန့် တခါထဲ သိရော… အမြဲတော့ တတ်မထားသင့်ဘူးလေ… ဒါဆို လောကကြီးက ရင်ခုန်စရာကောင်းတော့မှာ မဟုတ်ဘူး…

Mhu Darye said...

ရင်ထဲမှာ စဉ်းစားစရာလေးတွေ ကျန်ရစ်ပြီဗျို့ ...။ thank you. ^_^

MyanmarBlogger said...

Good Good
I like it so much bro,