Saturday, September 27, 2008

ကြယ်တွေလွှတ်မယ့် သက်တန့် ရောင်စဉ်

ငါသာ တန်ခိုးရှင်ဖြစ်ရင်... သေနတ်သံတွေ မပါရစေပဲ...စက်တင်ဘာကို ပြန်အသက်သွင်းပြီး ငြိမ်းချမ်းရေးတစ်စင်း ဖန်ဆင်းမယ်။အဲဒီ့လမင်းဟာ...ကမ္ဘာကြီးရဲ့ အမှောက်မိုက်ဆုံး နေရာတွေမှာ ခရီးလှည့်ပြီး သာရမယ်။

ကယ်တွေလွှတ်မယ့် သက်တန့် ရောင်စဉ်

အာဏာရှင်တွေပျိုးလိုက်တဲ့ ဒဏ်ရာတစ်ခင်းမှာ
ကြယ်တွေဟာ ရုန်းရင်းကန်ရင်း ပွင့်တယ်။

သိပ်မှောင်ရင် ကြယ်တွေပေါ်လာစမြဲတဲ့။
ငါတို့ ဒေသမှာ
ကြယ်တွေ မကြာမကြာ ထွန်းကားတယ်။
ကြယ်တွေ မကြာမကြာ ကြွေကျတယ်။
ကြယ်တွေ လက်ဆင့်ကမ်းပြီး ပွင့်ကြတယ်။

အဲဒီ့ ကြယ်တွေပဲပေါ့။
စက်တင်ဘာဆိုတဲ့ စာမျက်နှာထက်မှာ
သွေးစက်လက်နဲ့  ကဗျာဖွဲ့ လိုက်တာ
ကမ္ဘာစောင့်နတ်တွေတောင် ကြက်သီးထတယ်။

အဲဒီ့ ကြယ်တွေပဲပေါ့။
အိုဟင်နရီရဲ့ နောက်ဆုံးသစ်ရွက်ကို
အသက်နဲ့ လဲပြီး ဆွဲခဲ့တာ။

ကြယ်တွေရဲ့ ကရုဏာမျက်ရည်ဟာ
မေတ္တာသုတ်အဖြစ်
လေထုထဲမှာ လှည့်ပတ်စီးဆင်းပြီး
ကမ္ဘာ့ပြည်သူတွေရဲ့ နှလုံးသားနံရံတွေကို
သိမ်သိမ်မွေ့ မွေ့  ပဲ့တင်ရိုက်ခတ်တယ်။

ရွှေဝါရောင် လင်းနေတဲ့
ကြယ်တွေကြောင့်
ငါတို့ သမိုင်းက
တခြမ်းလှခဲ့တယ်။

ငါသာ တန်ခိုးရှင်ဖြစ်ရင်
သေနတ်သံတွေ မပါစေရပဲ
စက်တင်ဘာကို ပြန်အသက်သွင်းပြီး
ငြိမ်းချမ်းရေးတစ်စင်း ဖန်ဆင်းမယ်။
အဲဒီ့လမင်းဟာ
ကမ္ဘာကြီးရဲ့ အမှောက်မိုက်ဆုံးနေရာတွေမှာ
ခရီးလှည့်ပြီး သာရမယ်။

မဟတ္တမဂန္ဒီရေ
သင်ဖောက်ခဲ့တဲ့လမ်းမှာ
မိုင်အဝေးဆုံး လျှောက်ခဲ့သူတွေဟာ
ငါတို့ ပဲ ဖြစ်တယ်။
ဆိုကရေးတီး သောက်ခဲ့တဲ့ အဆိပ်ခွက်ထက်
ပိုပြီးပြင်းတဲ့ အဆိပ်ခွက်တွေကိုသောက်ခဲ့သူတွေဟာလည်း
ငါတို့ ပါပဲ။

မီးပုံထဲကို ခုန်ဆင်းပြီး
ခဏခဏ ပြန်ရှင်သန်ထတာဟာ
ဒဏ္ဍာရီထဲက ဖီးနစ်(စ်)ငှက်တွေမဟုတ်ဘူး။
တိုက်ပွဲမှာ ကမယ့် ခွပ်ဒေါင်းငှက်တွေဖြစ်တယ်။

လျှပ်စီးအလက်
ခေတ်အပျက်မှာ
စစ်ဖိနပ်တွေက
မတန်မရာ ထီးရဲ့ နေရာယူပြီး
ရက်စက်မှုတွေနဲ့ တိုင်းပြည်ကိုမိုးတော့
ပန်းတွေအားလုံး လောင်းရိပ်မိတယ်။
လောင်းရိပ်မိတဲ့ပန်းတွေပီပီ
ငါတို့ ပျက်စီးနေပေမယ့်
ငါတို့ ရဲ့ စိတ်အတွင်းထဲ တိမ်မြုပ်နေတဲ့ ကျောက်ရိုင်းတွေဟာ
ပျက်စီးနေတဲ့ အပိုင်းတွေထက် ပိုပြီးကြီးပါတယ်။
ငါတို့ မှာ မသွေးရသေးတဲ့ ပတ္တမြားတွေ ရှိပါတယ်။

ငါတို့ ဟာ ဆင်းရဲဒုက္ခတွေကို ခံနိုင်ရည်ရှိတယ်။
ငါတို့ မှာ ၂၄ နာရီလုံးလုံး လက်ပစ်ကူးနိုင်တဲ့ ရုန်းကန်အားတွေရှိတယ်။
အဲဒီ့ ခံနိုင်ရည်၊ရုန်းကန်အား တွေကို နေရာတကျသုံးကြ။
ငါတို့ ရဲ့  ခံနိုင်ရည်တွေဟာ စစ်ဖိနပ်အောက်မှာ ကြိတ်မှိတ်ခံဖို့ မဟုတ်ဘူး။
ငါတို့ ရဲ့  ရုန်းကန်အားတွေဟာ ခိုင်းအစားခံဖို့ မဟုတ်ဘူး။

ကြယ်တွေ လောကငရဲမှာ ညှိုးညှိုးငယ်ငယ်နဲ့ ဇာတ်သိမ်းနေရတယ်။
ကြယ်တွေ မိစ္ဆာခေါင်မိုးအောက်မှာ အသာခေါင်းလျှိုးနေရတယ်။
ကြယ်တွေ ရေခြားမြေခြားမှာ
စိတ်မပါ လက်မပါ ၊ နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့ 
မသက်မသာ လင်းနေရတယ်။

ပန်းတွေပွင့်ခွင့်ရတဲ့ခေတ်ကို ဖန်တီးကြ။
ကြယ်တွေလင်းခွင့်ရတဲ့ခေတ်ကို ဖန်တီးကြ။
မိသားစုတွေ ဆုံစည်းခွင့်ရတဲ့ခေတ်ကို ဖန်တီးကြ။

ညီအစ်ကိုတို့ ၊
ကြယ်တွေရဲ့  တောက်ပအားကို ငါတော့ယုံတယ်။
ကြယ်တွေ လွတ်လွတ်လပ်လပ်လင်းခွင့်ရတဲ့ တစ်နေ့ မှာ
ကြယ်တွေလွှတ်မယ့် သက်တန့် ရောင်စဉ်ဟာ
ဒေသတွင်းကကောင်းကင်မှာ အလင်းဆုံးဖြစ်လိမ့်မယ်။

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအတွက် ရေးခဲ့တဲ့ ကဗျာကို ပြန်တင်လိုက်ပါတယ်

3 comments:

Saung Yune La (aka) Way said...

ညီလေးရဲ့ကဗျာအဟောင်းကိုစိတ်အသစ်နဲ့ပြန်လာဖတ်သွားပါတယ်....

pandora said...

တနှစ်ပြည့်ကဗျာကို ပြန်လာဖတ်တယ်။ ကြယ်တွေက ကောင်းကင်မှာ အမြဲရှိနေပါတယ်။ ဒါပေမယ့်.(ကောင်းကင်ကို ရေးခဲ့ဖူးသလို) ကြယ်တွေ ပြိုင်တူလင်းဖို့လိုတယ်. မဟုတ်လား။

ဂျူနို said...

ကောင်းကင်ကိုရေ
ကြယ်တွေဟာ တကယ်တော့နေမင်းထက်တောင်ကြီးတတ်ကြပါတယ်။
ဝေးလွန်းလို့ သာသူ့ ကိုကျမတို့ သေးသေးထင်နေတာမဟုတ်လား။
ကြယ်တွေရဲ့ အလင်းကဝေးလည်းတောက်ပနေတာဘဲ။
တနေ့ မှာ ကြယ်တွေစုံလို့ လှပရမှာပါ။
ချမ်းမြေ့ပါစေ