Friday, October 10, 2008

ကလေး

အနှစ် နှစ်ဆယ်လုံးလုံး
ကိုယ်ဝန်ဆောင်ပြီး မွေးခဲ့တာတောင်
ထွက်မလာသေးတဲ့ ကလေး။

အင်္ဂုလိမာလ သုတ်မပြောနဲ့ ၊
ရွှေဝါရောင်လင်းနေတဲ့ ရင်ဘတ်တွေနဲ့ 
မေတ္တာသုတ် အထပ်ထပ်ရွတ်ခဲ့တာတောင်
ထွက်မလာသေးတဲ့ ကလေး။

နောင်နှစ်ပေါင်းများစွာကို လောင်းကြေးထပ်
ဒိုင်ယာလော့ခ် ဆိုတဲ့ ညှပ်နဲ့ 
ဆွဲထုတ်ပြီးတော့ မွေးရမလား။
လက်ရုံးတွေကို ဓားလိုသွေး
ခွဲစိတ်ပြီးတော့ မွေးရမလား။

အဖြစ်က
ဇက်သေနေတဲ့ စတီယာရင် တစ်ချောင်းနဲ့
ယာဉ်သုံးစီးကို တစ်ပြိုင်တည်း မောင်းနေရသလိုမျိုး။
ကလေး ထွက်လာဖို့ လည်းလိုတယ်။
မွေးမွေးချင်း သေမသွားဖို့ လည်း လိုတယ်။
မိခင်ရဲ့ အသက် မဆုံးရှုံးဖို့ လည်းလိုတယ်။

နတ်ကြီးတဲ့ ဝိညာဉ်နှစ်ခုမို့
ဘုရားသခင်က အတင်းလာလုနေတာလား။
အသက် နှစ်ချောင်းက ငါတို့ ရဲ့  လက်ထဲမှာ တည်းတည်းကလေး။

မိခင်ရဲ့  ငိုကြွေးသံကလဲ အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။
ကလေးရဲ့ ငိုကြွေးသံကလဲ အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။

ကလေးရဲ့ ဖခင်လည်း
တမလွန်ကနေ ပူပန်နေတော့မယ်။
ဘောလုံးပွဲကြည့် ပရိသတ်တွေလို
အနှစ် နှစ်ဆယ်လုံးလုံး အားပေးခဲ့ကြတဲ့ သူတွေလည်း
အသံတွေ ဝင်ပြီး မောကုန်ကြပြီ။

ဘာပဲဖြစ်ဖြစ်၊
ဒီကလေးဟာ
ကောင်းကင်ဖျားမှာ တည်းတည်းလေး သီးနေတဲ့ ပတ္တမြားတစ်ပွင့်ကို
ချူပေးနိုင်မယ့် တံချူလေး၊
ငါတို့ ရှင်အောင် မွေးနိုင်ရင်
လာဘ်လာဘ တွေကို ယူဆောင်လာမယ့် ကလေးမို့
အိမ်သားအားလုံးကတော့
ရင်တထိတ်ထိတ်နဲ့ 
အံကိုကြိတ်ပြီး မျှော်နေကြတယ်။

အံကိုကြိတ်ပြီး မျှော်နေကြတယ်။

ကောင်းကင်ကို

20 comments:

Mhu Darye said...

ဖတ်တဲ့ မျက်စိနောက်က ဦးနှောက်ထဲမှာ အထင်းသား တစ်ခုခုကို မြင်သွားတာတော့ သေချာတယ်။ လာဖတ်ဖြစ် ပါတယ်.........။

စိုင်းလောဝ်ပိန်း said...

ကဗျာ နမိတ်ပုံက အရမ်းထိတယ်ဗျာ

မောင်မျိုး said...

ခိုင်းနှိုင်းထားတဲ့ စကားလုံးတွေ ထိတယ် အစ်ကိုရေ့ ဟုတ်ပါ့ အသံတွေတောင်ဝင်ချင်နေပြီး လည်ပင်းကလည်း ရှည်လိုက်တာ သစ်ကုလာအုပ်က အဘခေါ်၇မယ့်အဖြစ်...။

ဖုန်း မြင်. said...

ရင်တထိတ်ထိတ်နဲ့ အံကြိတ်ပြီးမျှော်နေရတာ
မေးရိုးတွေတောင် ခိုင်နေပြီဗျာ...
အားမရတော့ဘူး

Republic said...

အနှစ်သာရ ရှိလှတယ်ဗျာ ၊၊ အားရတယ် ကောင်းကင်ကြီးရေ ၊၊

MyowinZaw said...

ညစ်အားပြင်းပြင်း နဲ့လာဖတ်သွားတယ်

ကိုရင်နော်ခင်လေးငယ် said...

ကလေးလေး.. ကျန်းကျန်းမာမာနဲ့ အမြန်ဆုံး မွေးဖွားလာပါစေလို့ အံကြိတ်ရင်းဆုတောင်းသွားပါတယ်..

tututha said...

ကောင်းလိုက်တဲ့ ကဗျာ။ တည်းတည်းလေးပဲ တကယ်လိုတာလား ...

အောင်သာငယ် said...

excellent! excellent! excellent!

Shweaung said...

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ
အရမ်းအားကျပါတယ်
နမိတ်ပုံရွေးပုံကို အရမ်းသဘောကျတယ်

ဆောင်းယွန်းလ said...

နောင်နှစ်ပေါင်းများစွာကို လောင်းကြေးထပ်
ဒိုင်ယာလော့ခ် ဆိုတဲ့ ညှပ်နဲ့ 
ဆွဲထုတ်ပြီးတော့ မွေးရမလား။
လက်ရုံးတွေကို ဓားလိုသွေး
ခွဲစိတ်ပြီးတော့ မွေးရမလား။

အဖြစ်က
ဇက်သေနေတဲ့ စတီယာရင် တစ်ချောင်းနဲ့
ယာဉ်သုံးစီးကို တစ်ပြိုင်တည်း မောင်းနေရသလိုမျိုး။
ကလေး ထွက်လာဖို့ လည်းလိုတယ်။
မွေးမွေးချင်း သေမသွားဖို့ လည်း လိုတယ်။
မိခင်ရဲ့ အသက် မဆုံးရှုံးဖို့ လည်းလိုတယ်။
Very good poem bro. I really like it....

peter kyaw said...

ကိုယ်.ညီရေ...
ကိုယ်.ဆီလာရောက်ဖတ်ရှုပြီး ကွန်မန်.လာပေးတဲ.အတွက်ကျေးဇူးပါပဲ။အပြင်းစားနမိတ်ပုံ
တွေနဲ.ထိမိအောင်ရေးတတ်တဲ.ကိုယ်.ညီရဲ.လက်ကိုတော.
ရွှေချထားဖို.တောင်ကောင်းနေပါပြီ။
ကိုယ်.ညီရဲ.ကြိုးစားအားထုတ်မှုတွေကိုတော.
လေးစားတယ်လို.ပြောရုံနဲ.တင်မလုံလောက်ဘူးလို.ထင်ပါတယ်။

မြန်မာကဗျာ said...

ကဗျာကထိမိပြီး တင်ပြပုံက စိတ်ကူးကောင်းတယ်

masumon said...

ကောင်းလှချည်လား ဒေါင်းမြကြည်ရဲ့ ..

High Lander said...

အံကြိတ်ထားဆဲဗျာ။......

atlinn said...

ကောင်းတယ်ဗျာ။ ကဗျာလေးက။ စောင့်စားရတဲ့အချိန်တွေ ကြာလာတော့ ကျိတ်ထားမိတဲ့ နှုတ်ခမ်းတွေလည်း ပြတ်ထွက်လုပါပြီ

မောင်မိုးသား said...

ကိုကောင်းရေ...
တစ်ခွန်းဆိုတစ်ခွန်း..ရင်ဘတ်ထဲကို တိုက်ရိုက်ရောက်ပါတယ်..
ကလေးလေး မွေးလာဖို့လိုတယ်..
ပြန်သေမသွားဖို့လိုတယ်..
မိခင်ကျေန်းမာဖို့လည်း လိုပါတယ်လေ...
ကျွန်တော်တို့ကတော့ ဘောလုံးပွဲ ပရိသတ်တွေလို ...
တစ်ခါတစ်လေ ကွင်းထဲထိ ဆင်းပြီးအော်ချင်နေမိတယ်ဗျာ...

နတ်တေလေ said...

အော်ချင်တော့ ဘူးဗျာ။ မောလှပြီ။ ကိုယ့်ရဲ့ တကယ့် စွမ်းရည်တွေကိုပါ ထိခိုက်ကုန်ပြီ။ အမှန်ဆို လူဆိုတာ တကြိမ်မှာ အလုပ်တခုကိုသာ အာရုံ စိုက်သင့်တယ် မဟုတ်လား။ တခုထဲ လုပ်နေပြီး အာရုံမစိုက်တဲ့ ဆရာဝန်တွေနဲ့ nurse တွေကို တင်းလာပြီ။ ဒီလောက် အော်ဟစ်စောင့်လာရတာတောင် တခုမှ ရှင်အောင် မလုပ်နိုင်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ nurse တွေကို chain saw နဲ့ ဆွဲတော့မယ်။ ( ဖြစ်ချင်တာ ပြောပါတယ်။ ) :(

Nyein Chan Aung said...

အလုပ်မလားလို့ အလည်မရောက်ဖြစ်ဖူး.. ကဗျာလာဖတ်သွားတယ်ကောင်းကင်ရေ.. အစစအရာရာ အဆင်ပြေပါစေ..

တန်ခူး said...

အတွေးကို အံ့သြတယ်…
အရေးကို လက်ဖျားခါတယ်…
စေတနာကို လေးစားတယ်…
(စကားမစပ်… တက်ဂ်ထားတာလေး ရေးပေးဦးလေ…)