ကျွန်တော်ဟာ ဖိနှိပ်သူ
--------------------------
မတရားမှု တစ်ခုမှာ ကြားနေရင် ဖိနှိပ်သူ ဘက်က ရပ်တည်လိုက်တာနဲ့ အတူတူပဲလို့
ပြောတတ်ကြတယ်။ ဒက်စ်မွန်တူးတူးရဲ့ စကားကို ကိုးကားပြီး ပြောကြတာပါ။
တကယ်တော့ ကောင်းမွန်တဲ့ စကားပါ။ အဲဒီစကားရပ်ကြောင့် လူတွေကို
စေ့ဆော်သလိုဖြစ်ပြီး၊ မခံချင်စိတ်ကို ဆွပေးသလိုဖြစ်ပြီး မတရားမှုတွေလည်း
နည်းနည်းပါးပါး ပိုလျော့သွားနိုင်တယ်လေ။
ကျွန်တော်လည်း အဲဒီ
စကားရပ်ကို သိပ်ကြိုက်တာပေါ့။ နေရာတကာလည်း ဝင်ပါချင်ခဲ့ဖူးတယ်။ ဒါပေမဲ့
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်တော့ မတတ်သာဘူးလို့ယူဆပြီး ကြားနေခဲ့ရတဲ့
ကိစ္စတွေ ဟိုးအရင်တည်းက အများကြီး။ တစ်နည်းအားဖြင့်တော့ ကျွန်တော်ဟာ
ဖိနှိပ်သူ အကြိမ်ကြိမ် ဖြစ်ခဲ့တာပေါ့။
မိဘတွေက ကလေးကို မတရား
ရိုက်တာကို ဒီတိုင်းကြည့်နေခဲ့ရဖူးတယ်။ ဆရာမ က ကျောင်းသားတွေကို
မတရားနှိပ်စက်တာကို ဒီတိုင်းကြည့်နေခဲ့ရဖူးတယ်။ ဇနီးမယားက လင်ယောကျာ်းကို ၊
လင်ယောကျာ်းက ဇနီးမယားကို ကိုယ်ထိလက်ရောက် မတရား ဆော်ပလော်တီးတာကို
ဒီတိုင်း ကြည့်နေခဲ့ရဖူးတယ်။
သေသေချာချာ စဉ်းစားကြည့်ရင်
လူတွေဟာ... မြင့်မြတ်တယ်လို့ သတ်မှတ်ခံရတဲ့ လူတွေက အစ အများစုက
မတရားမှုတွေကို လက်ပိုက်ကြည့်နေကြသူတွေပါ။ တိရစ္ဆာန်တွေကို လူတွေ
စားဖို့အတွက် တစ်သက်လုံး အကျဉ်းချထား၊ ခိုင်းထားပြီး နောက်ဆုံးမှာ
သတ်စားကြတယ်။ အဲဒါကို တရားမျှတတယ်လို့ ဘယ်လိုသတ်မှတ်နိုင်မှာလဲ။
တရားမျှတမှု ဆိုတာဟာ လူတွေအတွက်ပဲ သီးသန့် လုပ်ထားတဲ့ အရာကြီးလား။ (ဒါလည်း
လူတိုင်းအပြည့်အဝ မခံစားရပါဘူး။) လူအချင်းချင်းအတွက်ပဲ သီးသန့်ဖယ်ထားတာကရော
တကယ် တရားမျှတမှုကို မြတ်နိုးလို့ ဟုတ်ပါ့မလား။ ဇာတ်တူသူ အချင်းချင်းမို့
(အချင်းချင်းချရင်း မျိုးမတုံးအောင်) သီးသန့်ဖယ်ထားတာများလား။
ဒက်စ်မွန်တူးတူးရဲ့ စကားအရ ဆိုရင်တော့ လူအများစုဟာ ဖိနှိပ်သူတွေ
ဖြစ်ကုန်ရော။
ကိုယ့်ကိုယ်ကိုယ် ညှာညှာတာတာနဲ့
ရမည်ရှာကြည့်တော့လည်း နေရာတကာ ဝင်ဖိုက်နေရင် လောကကြီးနဲ့ ဘယ်လိုမှ
အဆင်ပြေမှာ မဟုတ်ဘူး ဆိုတဲ့ ဆင်ခြေဆင်လက်လေး ကို ရလာတယ်။ ဥပမာ အလုပ်ရှင်က
သူ့ကလေးကို မတရားရိုက်နေတာကို ကိုယ်က ဝင်ပြောရင် ကိုယ်ပဲ
အလုပ်ပြုတ်သွားမှာပေါ့။ ဆရာမက ကိုယ့်သူငယ်ချင်းကို မတရား ရိုက်တာကို
ဝင်ပြောရင် ကိုယ်ပါ... အာစရိယ ဂိုဏ်းဝင် ဆရာကို စော်ကားသူလို့
ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ခြင်း ခံရနိုင်တယ်။ ကိုယ်က အားသာနေချိန်မှာ
ဝင်ပါပေးရတာ လွယ်ပေမဲ့ ကိုယ်က အားနည်းချိန်မှာ ဝင်ပါရင် မူလ
နှိပ်စက်ခံရသူကိုလည်း ထိထိရောက်ရောက် မကူညီနိုင်တဲ့အပြင် ကိုယ်လည်း
ဒုက္ခရောက်သွားနိုင်တယ် ဆိုတဲ့ အချက်က တစ်ဖြည်းဖြည်းနဲ့ ခေါင်းထဲ
စွဲလာပါလေရော။ အချိန်တိုင်းမှာ သတ္တိမှ အလုံအလောက် မရှိခဲ့တာ။
ဒီလိုနဲ့ လူတွေဟာ တစ်ခုခုကို ဝင်ပါတော့မယ် ဆိုရင် ကိုယ့်အင်အားနဲ့
ဖိနှိပ်သူရဲ့ အင်အားကို ချိန်ဆလာရတော့တယ်။ တချို့တွေကတော့ သတ္တိလည်း
သိပ်မရှိကြပေမဲ့ ဟန်ဆောင်ကောင်းကြတာပေါ့။ ကိုယ်လျစ်လျူရှုခဲ့တဲ့ ကိစ္စတွေ၊
မဆိုင်သလို နေခဲ့တဲ့ ကိစ္စတွေကို တတ်နိုင်သမျှ ဖော့တွေး၊ ဖုံးဖိပြီး
ကိုယ်ဝင်ပါတဲ့ ကိစ္စတွေကိုမှ ဇန်းတင်ကြတော့တာပေါ့။ ဟုတ်တယ်လေ။
ကိုယ့်ကိုယ်ကိုယ်မှ သူရဲကောင်းလို့ မထင်ရင် ဘယ်သူက လာထင်မှာလဲ။ လောကကြီးမှာ
ကိုယ့်ကိုယ်ကိုယ် လိမ်ရတာဟာ အကျိုးအရှိဆုံး ကိစ္စကြီး မဟုတ်လား။
ဒါပေမဲ့ လက်တွေ့မှာ အများစု သာမန်လူတွေဟာ အခြေအနေအရ... လုပ်နိုင်စွမ်း
သိပ်မရှိကြဘူးကိုး။ မတရားမှု တစ်ခုမှာ ဝင်ပါဖို့ ဆိုတာမှာ အင်အားကို
ချိန်ဆလာကြတော့တယ်။ လူတစ်ယောက်ချင်းကို အသာထားပါဦး။ ကမ္ဘာ့ အင်အားအကြီးဆုံး
နိုင်ငံကြီးတွေတောင် သူတို့ဝင်ပါမယ့် နိုင်ငံရဲ့ အင်အားကို တွက်ဆပြီးမှ
ဝင်ပါကြတော့တယ်။ တရုတ်နိုင်ငံတို့၊ မြောက်ကိုရီးယားတို့ရဲ့ မတရားမှု
တချို့မှာ ဘယ်နိုင်ငံကြီးတွေမှ ထိထိရောက်ရောက်ဝင်မပါကြဘူးလေ။
ဒီလိုနဲ့ “ကြားနေရင် ဖိနှိပ်သူ ဘက်က ရပ်တည်လိုက်တာနဲ့ အတူတူပဲ” ဆိုတဲ့
စကားဟာ ဝင်ပါဖို့ တွန့်ဆုတ်နေသူတွေအတွက်တော့ ရပ်တည်ချက် ဓားပြတိုက်ခံရသလို
စကားမျိုး ဖြစ်လာပါလေရော။
နောက်ဆုံးတော့... Milgram စမ်းသပ်ခန်းထဲမှာ ကျွန်တော်ဟာ ကျောင်းသားတွေကို ဗို့အား ၃၀၀ ကျော်နဲ့ shock တိုက်လို့။
ကောင်းကင်ကို (၁၅ သြဂုတ် ၂၀၁၅)
Saturday, August 15, 2015
Subscribe to:
Post Comments (Atom)
1 comment:
တစ်ကယ်ကောင်းတဲ့အတွေးလေးပါဘဲ။အလုပ်တွေများပြီးစာသိပ်မဖတ်ဖြစ်တဲ့အချိန်ဆရာ့ရဲ့ Post ကိုဖတ်ရတာရေငတ်တုန်းရေတွင်းထဲကြသလိုပါဘဲ။Thank you ပါ။
Post a Comment