Sunday, January 29, 2012

နှင်းဆီခိုင် နဲ့ ကိုကို …. Free Will, Determinism နဲ့ အနာဂတ်ကို အလုံးစုံ ကြိုသိနိုင်တဲ့ဉာဏ် (by ကောင်းကင်ကို)

(၁)
လူတယောက် အင်္ကျီ ကျွတ်နဲ့ အိမ်ရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတယ်။

(၂)
လှေနံဓါးထစ် အဖြေတွေကို သဘောမကျလို့ ကိုယ့်ဘာသာ စဉ်းစားကြည့်တော့လည်း အဖြေမရဘဲ မေးခွန်းတွေချည်းပဲ တခုပြီး တခု ထွက်ထွက်လာတယ်။ ဒါကြောင့်မို့လည်း လူတချို့က တွေးခေါ်တယ်ဆိုတာ အချည်းနှီးတို့၊ အကျိုးမရှိဘူးတို့ ပြောကြတာ နေမယ်။ တကယ်တော့ အဲဒီ့ထွက်လာတဲ့ မေးခွန်းတွေကိုက အသီးအပွင့်တွေပါပဲ။ ဦးနှောက်ကို အဲဒါတွေနဲ့မှ အစာမကျွေးရရင် ဘာတွေနဲ့ ကျွေးရမှာလဲ။

ဖီလော်ဆော်ဖီ ပါမောက္ခ ဦးကို ရုတ်တရက် ခြံအပြင်ဘက်ကို တချက်လှမ်း ကြည့်လိုက်တော့ လမ်းသွားလမ်းလာတွေက သူ အင်္ကျီကျွတ်နဲ့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတာကို ဝိုင်းကြည့်နေကြပါလား။ တယောက်..နှစ်ယောက်…သုံးယောက်…လေးယောက်။ အရူးထင်လို့လား မသိဘူး။ မဖြစ်ဘူး..မဖြစ်ဘူး။ အိမ်ထဲမြန်မြန် ပြန်ဝင်မှ။ ဦးကို ရှက်ရှက်နဲ့ အိမ်ထဲ ပြန်ဝင်သွားတယ်။

(၃)

ဦးကို တယောက် ငြိမ်းချမ်းရေး မရသေးတဲ့ အဖြေမထွက်သေးတဲ့ စစ်ပွဲ တခုအကြောင်း တွေးနေတယ်။ ဒဿန နယ်ပယ်က စစ်ပွဲ။ Free Will (လူတွေဟာ ပြင်ပလွှမ်းမိုးမှု မပါဘဲ လွတ်လွတ်လပ်လပ် စိတ်ကြိုက် ဆုံးဖြတ်နိုင်ကြတယ် (သို့မဟုတ်) ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တယ် ဆိုတဲ့ ဝါဒ) နဲ့ Determinism (အပြဌာန်းခံဝါဒ) စစ်ပွဲ။ အခုထိတော့ သူကိုယ်တိုင်လည်း မပြတ်သားသေးဘူး။ အဲဒီ့အကြောင်း စဉ်းစားရင်းနဲ့ သူ့တပည့်တွေကို သိလာစေချင်တာ တခုတော့ ရှိနေတယ်။ အဲဒါကတော့ Free Will နဲ့ “အနာဂတ်ကို အကုန်ကြိုသိမြင်နိုင်တဲ့ ဉာဏ်” ဆိုတာ နှစ်ခုက အတူတူ မရှိနိုင်ဘူး၊ တခုနဲ့ တခု mutually exclusive ဖြစ်နေတယ် ဆိုတာပါပဲ။

အဲလိုသိလာစေဖို့ lecture လည်း မရိုက်ချင်ဘူး။ တပည့်ဆိုတာက lecture ရိုက်ရင် အများစုက စိတ်မဝင်စားကြတာ၊အာရုံမစိုက်ကြတာ များတယ်။ ကိုယ်တိုင်ပါဝင်ရတဲ့ အခါကျမှ ဦးနှောက်တွေ အလုပ်လုပ်ပြီး သူတို့ရဲ့ ကိုယ်ပိုင်အမြင်လေးတွေလည်း ထွက်လာကြလိမ့်မယ်။ ဒီတော့ ဘာလုပ်ပေးမလဲ။ ထုံးစံအတိုင်း စကားရည်လုပွဲပေါ့။

(၃)

တိုက်ပုံ မီးခိုးရောင်၊ ဘန်ကောက်လုံချည် အစိမ်းနဲ့ ခပ်ငယ်ငယ် ပါမောက္ခလေး ဦးကို ရဲ့ အသံက အခန်းထဲမှာ ကြည်လင်ပြတ်သားစွာ ပဲ့တင်ထပ်နေတယ်။ သူ့နှုတ်ဖျားက ထွက်လာတဲ့ စကားလုံးတွေကတော့ လွတ်လပ်ပွင့်လင်းတဲ့ စကားတွေပါပဲ။ သူက ပါမောက္ခဆိုပေမဲ့ သူ့ကိုယ့်သူ ကျနော်လို့ပဲ သုံးလေ့ရှိတယ်။

“………………….။ ကျနော်က အဲလို ကျနော့် ဆရာမကို ပြောလိုက်တော့ ဆရာမ မျက်နှာ နီရဲသွားတယ်။ နောက်မှ ဘာပြန်ပြောတယ် ထင်လဲ။ သားတို့က နိုင်ငံခြားက စာအုပ်တွေကို ဖတ်တာကိုးတဲ့။ ပြည်ပက ပျက်စီးနေတဲ့ အတွေးအခေါ်တွေ ဝင်ကုန်မှာပေါ့တဲ့”

အောက်က ပရိသတ်တွေ ဝါးခနဲ ပွဲကျသွားတယ်။

“အဲဒီ့တုန်းက ကျနော်က ၁၇ နှစ် လောက်။ ဆရာမက ၄၃နှစ်လောက် ရှိနေပြီ”

ဦးကို ရဲ့ အသံကို နားထောင်နေတဲ့ ကျောင်းသားကျောင်းသူ အုပ်စုတွေထဲမှာ ညိုချော ကောင်မလေး တယောက်လည်း ပါတယ်။ သူက ကိုယ်ခန္ဒာသေးငယ်ပေမဲ့ ကျောင်းမှာတော့ စတားတပွင့်ပါဘဲ။ ဒါပေမဲ့ သူ့မျက်နှာက အနည်းငယ် နွမ်းနေသယောင် ရှိတယ်။
“မိုး…နေမကောင်းဘူးလား” နှင်းဆီခိုင်က ညိုချောလေး မိုး ကို မေးလိုက်တယ်။ “အင်း…ခေါင်းနည်းနည်း မူးသလို ဖြစ်နေရုံလေးပါ။ အခု ကောင်းသွားပြီ”
မိုးကို မေးလိုက်တဲ့ နှင်းဆီခိုင် ဆိုတာ ကတော့ မိုးထက်တောင် တောက်ပတဲ့ ကြယ်အလှလေးပေါ့။

ဦးကိုကတော့ တော်ကီတွေ ခြွေလို့ ကောင်းတုန်း။ “လူဆိုတာ ငြင်းစရာ လူမရှိရင်တောင် ကိုယ့်ကိုယ်ကိုနဲ့ ကိုယ် ငြင်းခုန်နေရမယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ရှင်းမပြနိုင်တော့တဲ့ အထိ ကိုယ့်ကိုယ်ကိုနဲ့ ငြင်းခုန်ပစ်ရမယ်။ ဒါမှ ကိုယ့်ကိုယ်ကို ပြန် မငြင်းနိုင်တော့တဲ့ အထိ ရှင်းလင်းသွားလိမ့်မယ်”။ ဟ…ဘာတွေလဲ။

“တချို့ စကားရည်လုပွဲတွေမှာ ဘာသာရေးအကြောင်း၊ နိုင်ငံရေးအကြောင်း စကားရည် မလုရဘူး ဆိုပြီး ကန့်သတ်ထားလေ့ ရှိတယ်။ ကျနော်ကတော့ အဲလိုမျိုး မကန့်သတ်ချင်ဘူး။ ဘာသာရေး အကြောင်း စကားရည် မလုရအောင် ဘာသာရေးဆိုတာ အာဏာရှင် စနစ် တရပ်မှ မဟုတ်တာ။ ရှေးတုန်းက ပဒေသရာဇ် ဘုရင်တွေ လက်ထက်မှာတောင် လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရတဲ့ သာဓကတွေ ရှိခဲ့တယ်လို့ ဆိုကြတယ် မဟုတ်လား”

“တချို့က အတွေးတွေဟာ ဘယ်ကိုမှ မရောက်နိုင်ဘူး၊ အကျိုးမရှိဘူးလို့ ထင်ကြတယ်။ တကယ်တော့ ဘယ်ကိစ္စမဆို အတွေးကနေ စရတာပါပဲ။ ဘုရားဆိုရင်တောင်မှ ဘုရားဖြစ်အောင် ကျင့်ဖို့အတွက် တောထွက်ပြီး တရားကျင့်ရင် ကောင်းမယ်ဆိုတဲ့အတွေး၊ တကိုယ်ရည် ငြိမ်းချမ်းမှုကို ရယူချင်တဲ့ လူတယောက်ဆိုရင်တောင် တရားရှုမှတ်မှ ဖြစ်မယ်ဆိုတဲ့ အတွေးမျိုးနဲ့ စကြရတာပါပဲ မဟုတ်လား။ ရည်မှန်းချက် တခုကို သွားရာမှာ ဘယ်ဟာကို လုပ်သင့်တယ် ဘယ်ဟာကို မလုပ်သင့်ဘူးဆိုတာကို အတွေးနဲ့ပဲ အရင်ဆုံး တန်ဖိုးဖြတ် ရွေးချယ်ရလေ့ ရှိပါတယ်။ ဒါကြောင့်အတွေးဆိုတာကို ပစ်ပယ်လို့ မဖြစ်ပါဘူး။ မတွေးအပ်တဲ့ အတွေး ဆိုတာလည်း မရှိပါဘူး”
ဦးကို စကားတွေ ခြွေနေစဉ်မှာ ကိုကိုကတော့ စိတ်လှုပ်ရှားနေတဲ့ အတွက် ကြားတချက်၊ မကြားတချက်။ တကယ်ဆို သူ့အနေနဲ့ ဘာမှ စိတ်လှုပ်ရှားစရာ အကြောင်းကို မရှိဘူး။ အကုန်လုံးက ကိုယ်သိနေတဲ့ လူတွေချည်းပဲ။ ကိုယ့်အုပ်စုမှာတော့ ကိုယ်ခေါင်းဆောင်ပေါ့။ ဒါပေမဲ့ အုပ်စုသားတွေကလည်း ကိုယ့်သူငယ်ချင်းတွေချည်းပဲ။ တဘက်ယှဉ်ပြိုင်ရမယ့် အုပ်စုရဲ့ ခေါင်းဆောင်ကလည်း သူအသက်လောက် ချစ်ရတဲ့ သူ့ကိုလည်း ထပ်တူပြန်ချစ်တဲ့ နှင်းဆီခိုင်။ နှင်းဆီခိုင် ဆိုတာက သန့်စင်ကြည်လင် လှပလွန်းတဲ့ မျက်နှာလေးတခု ပိုင်ဆိုင်ထားတဲ့ ကောင်မလေး။ လှပတဲ့ မျက်နှာလေးနဲ့ လိုက်ဖက်တယ် ပြောရမလား၊ မလိုက်ဖက်ဘူး ပြောရမလား? သူ့မှာ အရမ်းထူးခြားတဲ့ အတွေးအခေါ်တွေ ရှိနေတယ်။ နှင်းဆီခိုင် ဆိုတဲ့ ကောင်မလေးမှာ ကိုးကွယ်တဲ့ ဘာသာတောင် မရှိဘူး။ ဒါပေမယ့် သူ့ကို ဘာသာမဲ့လို့ သွားခေါ်ရင်တော့ မကြိုက်ဘူး။ သူ့ကိုယ်သူတော့ Free Thinker လို့ သုံးလေ့ရှိတယ်။ သူက ဘာသာတရား အားလုံးကို ကိုးကွယ်စရာထက် အသုံးချစရာ Tool အဖြစ်ပဲ သဘောထားတဲ့သူ။ အသိပညာမှန်သမျှကို ချစ်မြတ်နိုးပြီး အယူဝါဒတွေ အားလုံးကို tool တခုခု အဖြစ်ပဲ သူက သဘောထားသတဲ့။
သူ့ဒိုင်ယာရီ ထဲမှာလည်း ဒီလိုတွေ ရေးထားတယ်။ “ပုံသေ မရှိဘဲ ဘယ်အချိန်မှာ ဘယ် tool ကိုသုံးမယ်ဆိုတာ ဆုံးဖြတ်ရတဲ့အတွက် ဘဝက စိတ်ဝင်စားစရာ ကောင်းလာတယ်။ အနုပညာ တရပ်လိုဖြစ်လာတယ်။ ဝါဒတွေနဲ့ ပတ်သတ်ရင် တပိုင်းကို လက်ခံတာနဲ့ ကျန်တဲ့အပိုင်းကို လက်ခံလိုက်စရာမလို သလို တပိုင်းကို ပယ်တာနဲ့ နောက်တပိုင်းကို လိုက်ပယ်စရာ မလိုပါဘူး။”
“Free thinker သာမှန်ရင် စဉ်းစားစရာတွေနဲ့ပဲ ပျော်မွေ့နေလိမ့်မယ်။ မေးခွန်းတွေကို သေသည်အထိ ဆက်တိုက် ထုတ်ရင်း တတ်နိုင်သမျှ အသိ့ဉာဏ်ဘောင်ကို ချဲ့သွားလိမ့်မယ်။ ဝါဒ တခုခုကို အသေတိုက်ခိုက်စရာ တခုခုကို အသေ လိုက်ပြီး ကာကွယ်ပေးစရာတွေ မရှိတော့ပါဘူး။ မကြိုက်တဲ့အယူအဆတွေ့ရင် ပြင်းပြင်းထန်ထန် ဝေဖန်ချင် ဝေဖန်မယ်။ ဒါပေမဲ့ အသိပညာလို့ ထင်တဲ့အပိုင်းတွေကိုတော့ ဘယ်ဝါဒထဲမှာ ပါနေနေ မြတ်နိုးလိမ့်မယ်။ Free Thinker ဆိုတာ ဘယ်ဝါဒနဲ့မှ အသေ ဆိုင်မနေနဲ့အတွက် ကိုယ့်ကဗျာကို ကိုယ်တိုင်စပ်ရတဲ့သူ။ ကိုယ့်စာအုပ်ကို ကိုယ်တိုင် ရေးနေတဲ့သူ။ ဖြတ်ညှပ်ကပ်ပြီးတော့တဖုံ၊ စဉ်းစားဆင်ခြင်ခြင်းအားဖြင့်တနည်း လူအုပ်ကြီးနဲ့ကွဲပြားတဲ့ ဘဝနေနည်းနဲ့ ဖြတ်သန်းနေတဲ့သူ။”
နှင်းဆီခိုင်ရဲ့ ဒိုင်ယာရီစာအုပ်ထဲမှာ အဲလို သူ့အတွေးလေးတွေ အများကြီးပဲ။ သူ့ဒိုင်ယာရီ တအုပ်လုံးမှာ အဲလိုအတွေးလေးတွေနဲ့ ပြည့်နေတယ်။

ကိုကိုနဲ့ နှင်းဆီခိုင် ကြားမှာ အယူအဆတွေ မတူပေမဲ့ ပြဿနာ မရှိဘူး။ ကိုကိုကလည်း နှင်းဆီခိုင် ရှိမှ။ နှင်းဆီခိုင် ကရော…နှင်းဆီခိုင်က အရာရာမှာ အစွဲအလမ်း အရမ်းနည်းတဲ့သူလို့ ပြောလို့ရတယ်။ ဒါပေမဲ့ အဲဒီ့ နည်းလွန်းတဲ့ အစွဲအလမ်းတွေ ဆီက ခွဲတမ်းတွေက ကိုကို့ ကို စွဲလမ်းမှုဆီမှာ သွားစုနေသလားပဲ ။ကိုကို မရှိရင် သူလုံးဝ နေလို့မရဘူး။ သူ့ကိုယ်သူ free thinker လို့ ဆိုပေမဲ့ ကိုကိုမရှိရင် မနေတတ်တော့ ကိုကိုက နှင်းဆီခိုင် ကို love-oriented free thinker လို့ ချစ်စနိုးနဲ့ ပြောလေ့ရှိတယ်။

စိတ်လှုပ်ရှားလွယ်သူ ကိုကိုက ဦးကိုရဲ့ စကားတွေကို မကြားပဲ သူ့လိပ်ပြာဟာ လေလွင့်နေပေမဲ့ နှင်းဆီခိုင် ကတော့ ပါမောက္ခရဲ့ စကားတွေကို အာရုံစိုက် နားထောင်နေတယ်။

“သူတို့ တင်ပြတဲ့ အထဲမှာ လက်ခံနိုင်တာတွေ ပါမယ်။ လက်မခံနိုင်တာတွေလည်းပါမယ်။ တကယ်က လက်ခံခြင်း၊ လက်မခံခြင်းက အရေးမကြီးပါဘူး။ စဉ်းစာ့းဉာဏ်ကို ဆွပေးနိုင်ခြင်း ရှိမရှိကပဲ အရေးကြီးပါတယ်။ လရောင်က ငြိမ်းချမ်းတာ လူတိုင်းသိတယ်။ ဘုရားရိပ် တရားရိပ်က အေးချမ်းတာ လူတိုင်း ရေးနေကြတယ်။ မိဘမေတ္တာ ကြီးမားတာ လူတိုင်းသိတယ်။ ဒါတွေကို ထပ်ခါတလဲလဲ ပြောနေ ရေးနေ လို့ ဘာစဉ်းစားစရာ အသစ်ရမှာလဲ။ မပြောရဘူးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါတွေချည်းပဲ၊ လူတိုင်းသိပြီးသား အရာတွေချည်း လိုအပ်တာထက် ပိုပြီး ထပ်ခါတလဲလဲ ပြောနေရင် ဦးနှောက်တွေဟာ ထိုင်းမှိုင်းသွားပါလိမ့်မယ်။ သိပြီးသားတွေကို လိုအပ်တာထက် ပိုပြီး ပြန်ကြားရ၊ ပြန်ဖတ်ရတာဟာ အချိန်ဖြုန်းနေသလိုပါပဲ။ ဒါကြောင့် လက်ခံတာ လက်မခံတာ အပထား၊ ကိုယ်ပိုင် အယူအဆတွေ၊ ထူးခြားဆန်းသစ်တဲ့ အတွေးအခေါ်တွေကိုလည်း တင်ဆက်နိုင်ဖို့လိုတယ်”

“ဖြစ်နေတာ တခုက… အတွေးအခေါ် တခု ဒါမှ မဟုတ် စာတပုဒ် ထူးခြားလာပြီ၊ အငြင်းပွါးစရာ ဖြစ်လာပြီဆိုရင် တချို့က အဆိပ်လို့ အလွယ်တကူ တံဆိပ်ကပ်ကြတယ်။ ဒါဟာ သူတို့ရဲ့ ဦးနှောက် အပျင်းထူမှုနဲ့ ကြက်တူရွေး ဓလေ့ကို ပြလိုက်တာပဲ။ စာတပုဒ်ရေးတဲ့ အခါ ဒါမှမဟုတ် အတွေးအခေါ်တခုကို တင်ပြတဲ့ အခါမှာ အဓိကက လက်ခံဖို့ မလက်ခံဖို့ထက် စဉ်းစားအောင်လို့ ပြောကြ ရေးကြတာပါ။ ဒါပေမဲ့ အလွယ်တကူ တံဆိပ် ကပ်တတ်တဲ့ သူတွေကတော့ လူတိုင်းမှာ စဉ်းစာ့းဉာဏ် ရှိတယ်ဆိုတဲ့ အချက်ကို မတွေးမိကြဘူး။ စာဖတ်သူတွေ အားလုံးကိုလည်း သူတို့ကိုယ်သူတို့နဲ့ နှိုင်းပြီး စဉ်းစာ့းဉာဏ်မရှိကြဘူးလို့ သိမ်းကြုံး အထင်သေးကြတော့တာပဲ။ သူတို့ ဉာဏ်မမီတဲ့ ကိစ္စဆိုလည်း ကြိုးစားပြီး စဉ်းစားမနေတော့ပဲ အဆိပ်ဆိုပြီး တံဆိပ်ကပ်လိုက်ကြတာပါပဲ”

ဦးကိုက တဘက်သတ် စကားကြောရှည်နေတာကို ခဏရပ်လိုက်ပြီး စကားရည်လုမယ့် သူ့တပည့်အုပ်စု နှစ်ခုကို တခုချင်း အဓိပ္ပါယ်ပါပါ ကြည့်လိုက်တယ်။ “ကျနော့် တပည့်တွေဟာလည်း လွတ်လပ်စွာ တွေးခေါ်ပြီး ကိုယ့်အတွေးအခေါ်ကို ရဲရဲဝံ့ဝံ့ တင်ပြရဲတဲ့သူတွေမို့ သူတို့အတွေးအခေါ်တွေထဲမှာ တချို့အတွေးအခေါ်တွေက အများအမြင်နဲ့ ဆန့်ကျင်နေတာတွေ ပါပါလိမ့်မယ်။ ဆန့်ကျင်နေလို့ သူတို့ပြောတာတွေကို လက်မခံချင်လည်း ရပါတယ်။ ဒါပေမဲ့ အဲဒါတွေကို မငြိုငြင်ပဲ စဉ်းစားစရာ ရှုထောင့်အသစ်တွေ ရစေတယ်လို့ သဘောထားပြီး လူငယ်ဆိုတဲ့ ကျောက်ရိုင်းလေးတွေကို အဖိုးတန် ကျောက်မျက်လေးတွေ ဖြစ်လာရေးအတွက် ကူညီကြပါလို့ ကျနော်ပြောကြားလိုပါတယ်”

ထုံးစံမဟုတ်တဲ့ စကားတွေ ပြောအပြီးမှာတော့ ထုံးစံအတိုင်း လက်ခုပ်သံတွေ ထွက်လာတယ်။

စကားရည်လုပွဲကတော့ Free Will နဲ့ Determinism ကို ဘာသာရေး ရှုထောင့်ကနေ ချဉ်းကပ်ရမှာပါ။ စကားရည်လုပွဲလို့သာ နာမည်တပ်ထားပေမဲ့ စနစ်ကြီးတွေနဲ့ အမှတ်ပေးမယ့် စကားရည်လုပွဲမျိုး၊ ဆုပေးမယ့် စကားရည်လုပွဲမျိုးတော့ မဟုတ်ပါဘူး။

ပါမောက္ခ ဦးကိုက Free Thinker လို့ ခံယူထားတဲ့ နှင်းဆီခိုင် ခေါင်းဆောင်တဲ့ အဖွဲ့ကို တမင် Determinism ဘက်မှာ နေခိုင်းလိုက်တယ်။ တခါတခါ တမင်တကာ ဘက်ပြောင်းပြီး စဉ်းစားကြည့်ရင် ဘယ်တုန်းကနဲ့မှ မတူတဲ့ အတွေ့အကြုံသစ်တွေ အတွေးအခေါ်သစ်တွေ ရလာတတ်တယ် မို့လား။ ဒါကြောင့် နှင်းဆီခိုင် တို့ကို ပြဌာန်းခံရမှု ဘက်မှာ အနေခိုင်းလိုက်တယ်။

ကိုကို တို့အုပ်စုမှာတော့ ကိုကိုနဲ့ မင်းမင်းကလွဲရင် ဒုံးဝေးတဲ့သူများတယ်။ မင်းမင်းကတော့ ကိုကို့ထက်တော်တယ်။ အတွေးအခေါ်က နှင်းဆီခိုင်လိုပဲ တော်တော်လေး ထက်မြက်တယ်။ ဒါပေမဲ့ သူ့ အားနည်းချက်က စကားကို လိမ့်ပတ်လည်အောင် မပြောတတ်တာပဲ။ ဘယ်ပြောတတ်ပါ့မလဲ။ သူ့မှာ ပြောချင်စိတ်၊ တဘက်သားကို ရှင်းပြချင်စိတ်မှ မရှိတာ။ မင်းမင်းက သူ့ဘာသာသူတွေးနေရတာကိုပဲ ကျေနပ်နေတဲ့သူ။

စကားရည်လုပွဲ စတော့ နှင်းဆီခိုင်ရဲ့ အပြစ်ကင်းစင်တဲ့ ကလေးဆန်ဆန် မျက်လုံးလေးက ပရိသတ်ကို တချက် ဝေ့ကြည့်လိုက်တယ်။ ပြီးတော့ ကိုကို့ ကို စူးစူးစိုက်စိုက်ကြည့်ရင်းဆိုတယ်။ မျက်လုံးလေးက ကလေးဆန်ပေမဲ့ သူ့နှုတ်ခမ်းလွှာက ထွက်လာတဲ့ စကားလုံးတွေကတော့ ကလေးမဆန်ဘူး။ သားသတ်သမား ဆန်နေတယ်။ သူ့ဟန်ပန်က ဟောလိဝုဒ် ဇာတ်ကားထဲက ပုဆိန်သွား လက်နက် ကိုင်ထားတဲ့ မင်းသမီးတလက်လိုပဲ။

“……………….။ ဘာသာရေးတွေရဲ့ တချို့အစိတ်အပိုင်းတွေဟာ ဆိုရင်လည်း Determinism ကို ထောက်ခံနေကြပါတယ်။ ဗုဒ္ဓဘာသာ ကိုပဲကြည့်ပါ။ တချို့အစိတ်အပိုင်းတွေဟာ Determinism ဆန်နေပါတယ်”

ဟင်! ဘယ်လိုပါလိမ့်။ အကုန်လုံး အံ့သြသွားကြတယ်။

“ဗျာဒိတ်တွေကို ပဲကြည့်။ မီးနဲ့ ၇ကြိမ် ပြီးရင် ရေနဲ့ ၁ကြိမ် နောက်ပြီး ၆၄ ကြိမ်မြောက်ကျ လေနဲ့ ပျက်မယ် ဆိုတာတွေဟာ အသေပြဌာန်းပြီးသား ဖော်မြူလာတွေလို ဖြစ်နေတယ်။ ကမ္ဘာကြီး ဘယ်နည်းနဲ့ ပျက်မယ် ဆိုတဲ့ ကိစ္စဟာ လူသားတွေ ဒါမှမဟုတ် ဘုံသားတွေရဲ့ လုပ်ဆောင်မှုတွေအပေါ် မူတည်မနေဘဲ လူသားတွေရဲ့ လက်ထဲမှာ ရှိမနေဘဲ ပုံသေဇာတ်ညွှန်း ရေးထားသလိုကြီးဖြစ်နေတယ်။ သဘာဝတရားကြီးကနေ (ဒါမှမဟုတ်) တစုံတရာကနေ ကြိုပြီး ဒီတိုင်းပဲဖြစ်ရမယ်ဆိုပြီး ဇာတ်ညွှန်းရေးထားသလို ဖြစ်နေတယ်”

ပရိသတ်ထဲကနေ အသံတွေ ထွက်လာတယ်။ ကိုကိုကတော့ စိတ်လှုပ်ရှားနေလို့ နှင်းဆီခိုင် ပြောနေတာကိုပဲ မနည်း အာရုံစိုက် နားထောင်နေရတယ်။

“ဘုရားရှင်တွေ ပွင့်မယ်လို့ ဟောတဲ့ ဗျာဒိတ်တွေကိုပဲကြည့်။ ဘယ်ကမ္ဘာ ဘယ်ဒေသက ဘယ်အချိန်မှာ ဘယ်နာမည်နဲ့ ဘယ်အပင်အောက်မှာ ပွင့်မယ် ဆိုတာက အစ ဇာတ်ညွှန်းရေးပြီးသား။ အကုန်လုံး ဇာတ်ကွက်ချပြီးသား။ ဒါတွေဟာ Determinism ကို ပြနေပါတယ်” နှင်းဆီခိုင်က ပရိသတ်ကို ဦးညွတ်ရင်း သူ့အဆိုကို အဆုံးသတ်လိုက်တယ်။

ကိုကို ရုတ်တရက် ဘာပြန်ပြောသင့်မှန်း စဉ်းစားလို့ မရဘူး။ မင်းမင်းကို ကြည့်လိုက်တော့ ခေါင်းတငြိမ့်ငြိမ့်နဲ့ တွေးနေပုံရတယ်။ ကျန်တဲ့ကောင်တွေကို ကြည့်လိုက်တော့လည်း တယောက်မှ ဟန်မယ့်ပုံ မပေါ်ဘူး။ နှင်းဆီခိုင် ပြောသွားတဲ့ အထဲမှာ မီးတွေ၊ ရေတွေ၊ လေတွေ နဲ့ ပတ်သတ်ပြီး အဲဒီ့ အစီအစဉ်အတိုင်းပဲ ကမ္ဘာပျက်ရမယ် ဆိုတဲ့ ကိစ္စကို ကိုကို ဘယ်လိုချေပလိုက်ရမှန်း မသိဘူး။ ဒါပေမဲ့ ကိုကို့ အတွက် ကံကောင်းသွားတာက နှင်းဆီခိုင်က ဘုရားပွင့်မယ်ဆိုတဲ့ ဗျာဒိတ် ကိစ္စကို အစထုတ်လိုက်ခြင်းပဲ။ ကိုကို့ ခေါင်းထဲမှာ အကြံတခု ရုတ်တရက် လင်းလက်သွားပြီးတော့ သူ့ကောင်တွေကို ပြောပြကြည့်တယ်။ မင်းမင်းကလွဲပြီး အကုန်လုံးက လက်မထောင် ကြ တယ်။ မင်းမင်းကတော့ ကိုကိုပြောတာကို မကြားသလိုလို ဂရုမစိုက်သလိုလို အမူအရာနဲ့… မထုံတက်တေး။

ကိုကိုက ပြန်ချေပလိုက်တယ်။ “ဘုရားဖြစ်မယ်ဆိုပြီး ဗျာဒိတ်ပေးတဲ့ ကိစ္စက အကြောင်းတရားကို ကြည့်ပြီး အကျိုးတရားကို ဟောတဲ့ ကိစ္စပါ။ မျိုးစေ့လေးကို ကြည့်ပြီး သစ်ပင်ဖြစ်မယ်လို့ ဟောတဲ့ ကိစ္စမျိုး၊ စာကြိုးစားတဲ့ ကျောင်းသား စာမေးပွဲ အောင်မယ်လို့ ဆရာက ပြောတဲ့ ကိစ္စမျိုးပါ။ ဒါကြောင့် အကြောင်းအကျိုးနဲ့ ကင်းလွတ်မနေပါဘူး။ ကြိုတင်ပြဌာန်းသတ်မှတ်ထာခြင်းမျိုးလည်း မဟုတ်ပါဘူး။ စာကြိုးစားနေလို့သာ စာမေးပွဲ အောင်မယ်လို့ ဟောလိုက်တာပါ။ လုပ်ယူမှ ရတာမျိုးပါ”

ကိုကို့ စကားသံဆုံးတော့ လက်ခုပ်သံတွေ ထွက်လာတယ်။ လက်ခုပ်သံတွေရဲ့ သက်တမ်းက တော်တော်ကြာတယ်။ ဒါပေမဲ့ ခဏလေး။

နှင်းဆီခိုင် ကတော့ လဲ့ရည်ဝင်းနဲ့ ကြိတ်ကြိတ် ကြိတ်ကြိတ် တိုင်ပင်နေတယ်။ ခဏနေတော့ နှင်းဆီ နှုတ်ခမ်းလေးက ဆိုပြန်တယ်။ “ဘုရားရှင်တွေရဲ့ စကား တွေက ရာနှုန်းပြည့်မှန်တယ်လို့ အဆိုရှိတယ် မဟုတ်လား” ပြောရင်းနဲ့ နှင်းဆီခိုင်က ကိုကို့ ကို တချက်ကြည့်လိုက်တယ်။ “ခုနက ပြောသလို စာကြိုးစားတာကို ကြည့်ပြီး စာမေးပွဲအောင်မယ်လို့ ဟောတာမျိုး ဆိုပါတော့။ တကယ်လို့ စာမေးပွဲနီးမှ နေမကောင်းဖြစ်ပြီး စာမေးပွဲ မဖြေနိုင်တော့ရင် စာမေးပွဲ ကျတော့မယ်လေ။ ဒီတော့ တွက်ပြီးမှ မှန်းဆ တာမျိုး၊ အကြောင်းတရားကို ကြည့်ပြီးမှ အကျိုးတရားကို ပြောတာမျိုးဟာ ခန့်မှန်းတာမျိုးဟာ တွက်ချက်တာမျိုးပါ။ အကြောင်းတရား တခုခု ချော်သွားတာနဲ့ အကျိုးတရားလည်း ပြောင်းသွားနိုင်ပါတယ်။ ဥပမာ…အဟောခံရသူတွေရဲ့ စိတ်ထားတွေ ပြောင်းပြီး လုပ်ဆောင်ချက်တွေပြောင်းသွားရင် အကျိုးဆက်တွေ ပြောင်းမသွားနိုင်ဘူးလား။ ဒါဆိုရင် ဘုရားရှင်တွေရဲ့ ဗျာဒိတ်ဟာ လွဲသွားသလို ဖြစ်သွားမှာပေါ့။ ဒါပေမဲ့ ဘုရားရှင်စကား မှန်ရင် လုံးဝ မလွဲဘူးလို့ ဆိုတယ် မဟုတ်လား။ …ဘဝပေါင်း သိန်းနဲ့ သန်းနဲ့ ချီပြီး မြောက်များစွာကို ကြိုဟောလို့ ရပြီး အဲဒါက ဒက်ထိမှန်ရမယ် ဆိုထားတော့ ဘုရားဟောတဲ့ ဗျာဒိတ်က မလွဲရဘူးလို့ ဆိုထားတော့ အဟောခံရတဲ့သူက… (ဘယ်လိုပဲဖြစ်ဖြစ် ဘုရား ဟောတိုင်းတဲ့အတိုင်းပဲ မလွဲမသေဖြစ်ရတော့မှာမို့) အဲဒီ့လူမှာ free will ဆိုတာ ရှိသေးရဲ့လား။ Determinism ပဲ မဟုတ်လား။ ဒီတော့ ကြိုဟောလို့ ရပြီး အဲဒီ့အတိုင်းပဲ ဖြစ်ရကြေးဆိုရင် free will ဆိုတာ မရှိပါဘူး”

ကိုကိုတို့ တအုပ်စုလုံး ရုတ်တရက် ဘယ်လို ပြန်ချေပရမှန်း မသိတော့ဘူး။ မင်းမင်းကိုတော့ အားကိုးလို့ ရမှာမဟုတ်ဘူး။ သူက တကိုယ်တော် ဝါဒီ။ သူပြောချင်စိတ် ပေါက်မှ သူ့ဘာသာ ထပြောလိမ့်မယ်။

တိုက်ပွဲအခြေအနေအရ ကိုကိုတို့ အုပ်စုရဲ့ အနေအထားက Free Will ရှိနေတယ်ဆိုတာကို ဆက်ပြီးဆုပ်ကိုင်ထားမယ် ဆိုရင် ဗျာဒိတ်တွေဟာ လွဲနိုင်ကြောင်း (ဒါမှမဟုတ်) ဗျာဒိတ်တွေဟာ ဘုရားဟော မဟုတ်တဲ့အကြောင်း ဝန်ခံဖို့ နည်းတွေပဲ ကျန်တော့တဲ့  အနေအထားလို ဖြစ်နေတယ်။ ကိုကို့လို မိရိုးဖလာ အယူအဆထဲက မလွတ်သေးတဲ့သူကျပြန်တော့လည်း အဲလိုလည်း မလုပ်ဝံ့ဘူးဖြစ်နေတယ်။

ကိုကို့ခမျာ ချေပစရာ အကွက်ကို ဖျစ်ညှစ် စဉ်းစားနေရရှာတယ်။ သူမက်မောစွာ နမ်းခဲ့ရဖူးတဲ့ နှင်းဆီ နှုတ်ခမ်းလေးရဲ့ တိုက်စစ်ကလည်း အရမ်းပြင်းနေတယ်။ သူအပါအဝင် သူ့ကောင်တွေရဲ့ အတွေးတွေကလည်း အရမ်းဖျင်းနေတယ်။

ခဏနေတော့ ကိုကိုပဲ ထပြောရတယ်။
“သည်းလေး…အဲ။ နှင်းဆီ” အရေးထဲမှာ ကိုကိုက အခေါ်အဝေါ် မှားသွားသေးတယ်။ “နှင်းဆီ အနေနဲ့ အလုံးစုံကို ကြိုတင်သိမြင်တဲ့ ဉာဏ်ကို လက်ခံတယ် မဟုတ်လား။ ဒါဆိုရင် ကြိုသိနိုင်တာက ဘာဆန်းလဲ။ အလုံးစုံကို သိနေတဲ့ အတွက် မှားစရာ အကြောင်းလည်း ဘာမှ မရှိတော့ဘူးလေ”

နှင်းဆီခိုင်က ပြုံးလိုက်တယ်။ တကယ်ဆို အဲဒီ့ စကားကို ပြောမှ ပြောလာပါ့မလားလို့တောင် သူ့မှာ စိုးရိမ်နေရသေးတယ်။ ပြိုင်ဘက်အုပ်စုဟာ သူတို့ အဓိက ဆုပ်ကိုင်ထားရမယ့် Free Will ဆိုတာကိုပဲ အကာအကွယ် ပေးရမယ့်အစား သူတို့ရဲ့ ကာကွယ်မှုက ဘုရားရဲ့ ဗျာဒိတ်တွေ မှန်ခြင်း မှားခြင်းဘက်ဆီကို ရွေ့သွားပြီ။ သားကောင်ဟာ ပစ်ကွင်းထဲကို ဝင်လာပြီ။ သူ့အနေနဲ့ ပစ်ချလိုက်ဖို့ပဲ ကျန်တော့တယ်။

“ကိုကိုက အလုံးစုံကို ကြိုသိနိုင်တယ်ဆိုတဲ့ ဉာဏ်ဟာ Free Will နဲ့ အတူတူ ယှဉ်တွဲပြီး နှစ်ခုလုံး အတူတူ ရှိနိုင်လိမ့်မယ်လို့ ထင်လို့လား။ အလုံးစုံကို ကြိုတင်သိနိုင်တဲ့ဉာဏ် ရှိတယ်ဆိုတာတော့ လက်ခံတယ် မဟုတ်လား”

“အင်း။ ဒါပေါ့။ အဲလို့ဉာဏ်ရှိရမယ်။ သဗ္ဗညုတ့ ဉာဏ်လို့ အများက ပြောကြတယ်မို့လား”

“တကယ်တော့ အလုံးစုံကို ကြိုတင်သိနိုင်တဲ့ ဉာဏ်ဟာ Determinism နဲ့ပဲ တွဲပြီး ရှိလို့ ရပါလိမ့်မယ်။ အနာဂတ်ကို ကြိုတင် ကျိန်းသေပေါက် သိနိုင်ဖို့ ဇာတ်လမ်းကြိုရှိနေမှပဲ အကုန်သိနိုင်ပါလိမ့်မယ်။ ကြိုတင်ဇာတ်လမ်းသာ မရှိဘူးဆိုပါတော့။ အကျိုးဆက်ကို ‘ဖြစ်လာစေမယ့် အကြောင်းရင်း’ တောင် မလုပ်ရသေးခင်မှာ ဘယ်လိုလုပ် ဟောကိန်းထုတ်လို့ ရမှာလဲ။ အပြန်အလှန်အားဖြင့် စဉ်းစားကြည့်ရင် …ရာနှုန်းပြည့် ကြိုတင် ဟောကိန်းထုတ်လို့ လည်းရတယ်…ဟောတဲ့ အတိုင်းပဲ ဖြစ်ကိုဖြစ်ရမယ်…တခြားဖြစ်နိုင်ခြေ လုံးဝမရှိဘူး ဆိုရင်တော့ အဲဒါကို မှ Determinism လို့ မခေါ်ရင် ဘာကိုသွားပြီး Determinism လို့ ခေါ်ရမလဲ”

ကိုကိုတို့ အုပ်စုဝင်တွေ ခေါင်းကုတ်နေတယ်။

နှင်းဆီခိုင်က ဆက်ပြောတယ်။ “ခေါင်းမကုတ်ပါနဲ့။ နှင်းဆီပြောတာ ရှုပ်သွားလား။ အခု ကိုကိုတို့ အုပ်စု ဖြစ်နေတာက… အရာရာကို ကြိုတင်သိနိုင်တဲ့ ဉာဏ်တော် ဆိုတာကို ရှိတယ်လို့ လက်ခံကြတယ်။ အဲဒီ့ ဉာဏ်တော်ဟာ လည်း လုံးဝ မမှားနိုင်တဲ့ အတွက် ဟောလိုက်ရင် ‘ဟောတဲ့အတိုင်းပဲ ဖြစ်ကိုဖြစ်ရတော့မယ်၊ မှတပါး အခြား ဖြစ်စရာမရှိ’ လို့ လက်ခံကြတယ်။..အဲ တဘက်မှာကျ free will လို့ ပြောပြီးတော့ ဖြစ်နိုင်ချေတွေ အများကြီး ပွင့်နေလိမ့်မယ်လို့လည်း ဆိုပြန်တယ်။ အဲဒီ့နှစ်ခုဟာ လုံးဝရှေ့နောက် မညီပါဘူး။ “ဟောတဲ့အတိုင်းပဲ ဖြစ်ကိုဖြစ်ရတော့မယ်၊ မှတပါး အခြားမရှိ” ဆိုရင်တော့ determinism ကို လက်ခံမှပဲ ရှေ့နောက်ညီပါလိမ့်မယ်။ Determinism တောင်မှ hard determinism ကို လက်ခံမှ ရှေ့နောက်ညီမှာပါ”

နှင်းဆီခိုင် ပြောချင်နေတာကို ကိုကို သဘောပေါက်သွားပြီ။ နှင်းဆီခိုင်ကတော့ ရှည်ရှည်ဝေးဝေးတွေ ဆက်ပြောနေတယ်။ ကိုကိုကတော့ တဘက်က ပြောချင်တာကို သဘောပေါက်သွားပြီလို့ ထင်လိုက်တာနဲ့ တပြိုင်တည်း ပြောနေတာတွေကို အာရုံစူးစိုက်မှု လျော့ကျသွားပြီး သူ့စိတ်ကို ခပ်ဝေးဝေးဆီကို ရွက်လွှင့်ပစ်လိုက်တယ်။ “သေနတ်ရဲ့ ခလုတ်ကို နှိပ်မှာသာ နှိပ်လိုက်စမ်းပါ ကောင်မလေးရယ်။ သေနတ်နဲ့ မပစ်ခင်မှာ ရုပ်ရှင်ထဲကလို စကားတွေ အရှည်ကြီး ပြောပြီး မနှိပ်စက်စမ်းပါနဲ့။ ဆိတ်ကွယ်ရာမှာ မက်မက်မောမော နမ်းခဲ့ရတဲ့ နှုတ်ခမ်းလေက ခုတော့ လူရှေ့သူရှေ့မှာ ငါ့ကို အရှက်ခွဲနေပြီ။ နေနှင့်ဦးပေါ့။ အဲဒီ့နှုတ်ခမ်းကို ညနေဘက်ကျမှ လက်စားချေပစ်ရမယ်။ အင်း လက်စားချေတယ်လို့သာ မဟာဖိုဝါဒီ အစွဲနဲ့ ပြောကြတာ။ တကယ်တော့ နှစ်ဦးသဘောတူ နမ်းတယ်ဆိုတာ win-win အခြေအနေ တရပ်ပဲ မဟုတ်လား”

ပါမောက္ခ ဦးကိုကတော့ နှင်းဆီခိုင်ရဲ့ စကားကို ဆက်တွေး နေမိတယ်။ “အဲလို ဗျာဒိတ်တွေ အတိုင်းသာ ရာနှုန်းပြည့် အတိအကျ ဖြစ်ကြေး၊ မှတပါး အခြားမဖြစ်ကြေး ဆိုရင်တော့ hard determinism ဖြစ်သွားပြီ။ ပွင့်လာမယ့် ဘုရားရှင်တွေ အပါအဝင် လူတွေ သတ္တဝါတွေ အကုန်လုံးဟာ ကြိုတင်ရှိပြီးသား ဇာတ်ညွှန်းထဲက ဇာတ်ကောင်တွေ အဆင့်ကို လျှောကျသွားလိမ့်မယ်။ ပါရမီဖြည့်ရတာတွေ၊ တရားကျင့်ရတာတွေ၊ လုပ်ယူရတာတွေကလည်း…. ဥပမာ..ရုပ်ရှင်ထဲမှာ စာမေးပွဲအောင်မယ့် ကျောင်းသားရဲ့ ဇာတ်လမ်းထဲမှာ ယုတ္တိရှိအောင် စာကြည့်တဲ့ ဇာတ်ဝင်ခန်းတွေ ကို ထည့်ပေးတာမျိုး၊ နောက်ဆုံးပိတ်မှာ တရားရမယ့် ဇာတ်လိုက်အတွက် ပိုယုတ္တိရှိအောင် ရှေ့ဇာတ်ဝင်ခန်းတွေမှာ တရားကျင့်တဲ့ ဇာတ်ဝင်ခန်းထည့်ပေးသလိုမျိုးလောက်ပဲ ဖြစ်သွားလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ ဘယ်ပုဂ္ဂိုလ်ဟာ တရားတွေကျင့်ပြီး ဘယ်ဒေသ ဘယ်အပင်အောက်မှာ ဘာအမည်နာမနဲ့ ဘုရားဖြစ်ကို ဖြစ်ရမယ်၊ မှတပါးအခြားမရှိလို့ ဗျာဒိတ်ပေးထားတယ် မဟုတ်လား။ လူတော်တော်များများကတော့ mutually exclusive ဖြစ်နေတဲ့ အရာတွေကိုလည်း တပြိုင်တည်း လက်ခံနေကြတော့ ဒါတွေကို ဘယ်စဉ်းစားမိပါ့မလဲ"

ကိုကိုတို့ အုပ်စုထဲက ကျော်စွာက တခု ထပြောပြန်တယ်။ “ထားပါတော့။ အဲလို အသေ ပြဌာန်းထားတယ်ပဲ ထားပါတော့။ ဒါဆို ပြဌာန်းသူက ဘယ်သူလဲ။ God တွေက ပြဌာန်းထားတာလို့ ဆိုလိုတာလား”

ခက်ပါ့။ စကားရည်လုပွဲ အသွင်ကနေ နှင်းဆီခိုင်က ကိုကိုတို့ အုပ်စုကို lecture ရိုက်နေရတဲ့ အသွင်ကို ပြောင်းသွားတယ်။ အလှဘုရင်မလေး ပိုပြီး မာန်တက်သွားတော့တာပေါ့။

“အဲလို Theological (ဘာသာရေးနဲ့ ဆိုင်တဲ့) determinism တော့ မဟုတ်ပါဘူး။ တကယ်တော့ Nature နဲ့ Nurture က ပြဌာန်းထားတာပါ။ မြန်မာလိုတော့ ဗီဇနဲ့ ပတ်ဝန်းကျင်လို့ ဘာသာပြန်ကြတာ များပါတယ်။ လူတယောက်ကို software + hardware အဖြစ် စဉ်းစားကြည့်လိုက်ပါ။ သူ့ကို အယူအဆ တခုခုကို နားချမယ် ဆိုပါစို့။ (hardware + software) က လက်ခံမှသာ ရတာပါ။ ဆိုပါစို့… အခု နှင်းဆီက ဘာသာရေးတွေကို မယုံကြည်ဘူး ဆိုပါစို့။ ခုချိန်မှာ ဘာသာမဲ့ရတာက စိတ်ပင်ပန်းလွန်းတယ်၊ အားကိုးရာ မဲ့လွန်းတယ်လို့ ခံစားမိပြီး ဘာသာတခုခုကို ကိုးကွယ်ချင်ရင်တောင် ဘာသာရှိသူ ဖြစ်လာချင်ရင်တောင် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘာလို့တုန်း ဆိုတော့ နှင်းဆီ မယုံနိုင်တဲ့ အကြောင်းအရာတွေကို ယုံချင်တယ်ဆိုပြီး အတင်းလုပ်ယူလို့မှ မရတာ။ နှင်းဆီ ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်၊ နှင်းဆီ ဖတ်ခဲ့တဲ့ စာအုပ်တွေ၊ ပေါင်းခဲ့တဲ့ အပေါင်းအသင်းတွေ ရယ် နှင်းဆီရဲ့ ဗီဇရယ် အဲဒါတွေ အားလုံးရဲ့ ရလဒ် (software + hardware ကြီးပေါ့) … အဲဒါတွေက ဘာသာရေးကို ဘာသာရေးဆိုတာကို ချက်ခြင်းကြီးတော့ ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ ဒီတော့ ခုလောလောဆယ်မှာ “ဘာသာရှိ ဖြစ်ချင်တဲ့ ဆန္ဒ” (Will) ရှိနေရင်တောင် အဲဒီ့ Will အတိုင်း မဖြစ်နိုင်တော့ဘူး။ ဥပမာ အတိတ်က နှင်းဆီဖတ်ခဲ့တဲ့စာတွေရယ်၊ နှင်းဆီရဲ့ တွေးခေါ်နိုင်တဲ့ဗီဇရယ်က ဘာသာရေးကို လက်မခံနဲ့လို့ ပြဌာန်းလိုက်သလို ဖြစ်သွားပြီ။ ခုချိန်မှာ ဘာသာရှိချင်တဲ့ ဆန္ဒ ဖြစ်နေလို့ မရတော့ဘူး။ အရိုးစွဲသွားပြီ။ အဲလိုပဲ ဘာသာရှိတဲ့ လူတယောက်ကိုလည်း ဘာသာမဲ့ဖို့ နှင်းဆီက ဘယ်လောက်ပဲ စည်းရုံးစည်းရုံး...ကိုယ်သွင်းပေးလိုက်မယ့် Inputတွေ (နားချမယ့် အယူအဆတွေ) နဲ့ နားအချခံရတဲ့သူ (hardware+ softwareကြီး) က အလုပ်မလုပ်တတ်ရင် သူကိုယ်တိုင်က ဘာသာမဲ့ ဖြစ်ချင်နေရင်တောင် ချက်ခြင်းကြီး ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဦးနှောက်တို့ အတွေးတို့ကို တဖြည်းဖြည်းချင်း ပြောင်းယူရင်တော့ ရနိုင်တာပေါ့။ ဒီနေရာမှာ “ပြောင်းယူလို့ ရနိုင်တယ်” ဆိုတာကို ပြပြီး လွတ်လပ်မှု ရှိသေးတယ် ကိုယ်ဖြစ်ချင်သလို ဖြစ်နိုင်သေးတယ်လို့ မြင်နိုင်ပါသေးတယ်။ ဒါပေမဲ့ အဲဒီ့ ပြောင်းလိုစိတ်လေး ဖြစ်လာတာကိုက Nature တွေ Nurture တွေ၊ အတိတ်က လုပ်ရပ်တွေနဲ့ မကင်းနိုင်ပါဘူး”


ကိုကိုတို့ အုပ်စုက ဇော်ဇော်က ဟောဟောဒိုင်းဒိုင်းနဲ့ ထပြောပြန်တယ် “ဟာဗျာ။ နှင်းဆီကလဲ။ ထားပါတော့။ ကျနော့် အားလပ်ရက် ကမ်းခြေကို သွားပြီးအပန်းဖြေဖို့ စဉ်းစားထားတာမှာ အခြေအနေတွေ အားလုံးက ချောင်းသာကို သွားဖို့ အခြေအနေ ပေးနေတယ်ဗျာ။ အဲဒီ့ အချိန်မှာ နှင်းဆီက လာပြောမယ်။ အခြေအနေတွေအရ ကျနော် ချောင်းသာကို သွားကို သွားရမယ်လို့။ ဘယ်ရမလဲ။ ကျနော့်မှာ Free Will ရှိတယ်။ Free Will ရှိကြောင်း ပြချင်တယ်။ ကျနော် ချောင်းသာကို မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်လို့လည်း ရတာပဲ။ ကဲ…ဘာပြောချင်သေးလဲ”

သက်ရှိနှင်းဆီလေး ခဏငြိမ်သွားတယ်။ ကိုကို့ ခေါင်းထဲမှာတော့ Determinism တွေ Free Will တွေ မရှိတော့ဘူး။ နှင်းဆီ ဆီကို စိတ်ပျံ့လွင့်နေတယ်။ သြော်..နှင်းဆီ။ နှင်းဆီရဲ့ သူများနဲ့ မတူတဲ့ အတွေးအခေါ်တွေကြောင့် တချို့ကလည်း နှင်းဆီကို အမြင်ကတ်ကြတယ်။ ဒါပေမဲ့ ဘယ်သူတွေ အမြင် ဘယ်လိုပဲ ကတ်ပါစေ၊ ကိုကိုကတော့ နှင်းဆီကို ချစ်သောမျက်စိနဲ့ပဲ ကြည့်လေ့ရှိတယ်။ အခုလည်း ဇော်ဇော်က ချောင်းသာကိစ္စကို မေးခွန်းထုတ်လိုက်ပြီ။ နှင်းဆီ ဘယ်လို ဖြေမလဲ? ခုလောလောဆယ်မှာ ပြိုင်ဘက် ဖြစ်နေပေမဲ့လည်း ကိုကိုကတော့ နှင်းဆီပြောမယ့်စကားကို ချစ်သော နှလုံးသားနဲ့ နားဆင်ဖို့ အသင့်။

နှင်းဆီကတော့ ဆက်ပြောနေတယ်။ “ဘာသာရေးတွေရဲ့ Determinism ကို ခဏဖယ်ထားရင် Determinism ဆိုပေမဲ့ နှင်းဆီတို့ဟာ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလို အသေတွေတော့ မဟုတ်ပါဘူး။ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေထက် ဂိမ်းထဲက ဇာတ်ကောင်တွေနဲ့ ပိုတူပါလိမ့်မယ်။ Nature နဲ့ Nurture က နှင်းဆီတို့ကို input တွေ ပေးပြီး ကစားနေပါလိမ့်မယ်။ ချောင်းသာကိစ္စကို ဟပ်မိအောင် နောက်တမျိုး ဘယ်လို ပြောရပါ့မလဲ။ ကွန်ပျူတာ ပရိုဂရမ်းမင်း ကို လေ့လာဖူးရင်တော့ If..Else statement တွေကို သိပါလိမ့်မယ်။ အင်း…အဲဒါက ချရေးပြမှ ရမှာဆိုတော့ ဘယ်လို ရှင်းပြရပါ့မလဲ” နှင်းဆီစကား ခဏရပ်သွားတယ်။

ဦးကိုက “ရော့၊ သမီး…marker” ဆိုပြီး ယူလာပေးတယ်။ နှင်းဆီက marker ကို ယူပေမဲ့ မရေးဘူး။ “နှင်းဆီ မရေးပြတော့ဘူး။ ရှင်းပြဖို့ အကြံရပြီ။ ဆိုပါစို့ ချောင်းသာကို သွားမယ် မသွားဘူး “will (သွားလိမ့်မယ်)” နဲ့ “will not” ပေါ့။ အဲလိုမျိုးပေါ့။ Program ရေးထားခံရတယ်လို့ သဘောထားကြည့်။ Will (သွားလိမ့်မယ်) အတွက်လည်း ရေးထားမယ်။ မလုပ်ဘူးလို့ ဆုံးဖြတ်မယ့် will not အတွက်လည်း ရေးထားလိမ့်မယ်။ လုပ်ရင် ဘာဖြစ် မလုပ်ရင် ဘာဖြစ် ဆိုပြီး နှစ်မျိုးလုံး ရေးထားလိမ့်မယ်။ ဟုတ်ပြီ။ ချောင်းသားကို သွားဖို့ ဆုံးဖြတ်တဲ့ “will (သွားလိမ့်မယ်)” ရဲ့ အောက်မှာ condition ထပ်စစ်မယ်။ ကိုဇော်ဇော်ဟာ မခံချင်စိတ်နဲ့ free will ရှိကြောင်း ပြချင် မပြချင် ဆိုတဲ့ condition။ အဲဒီ့ condition မှာ yes ဆိုရင် (မခံချင်စိတ်ရှိတယ်ဆိုရင်) မူလဆုံးဖြတ်ချက်နဲ့ ပြောင်းပြန်လုပ်မှာမို့ “will not” လမ်းကြောင်း ချောင်းသာကို မသွားတော့ဖူး ဆိုတဲ့ လမ်းကြောင်းထဲကို ပြန်ရောက်သွားလိမ့်မယ်။ ဆိုလိုတာက ဆုံးဖြတ်ချက်ကို ပြန်ပြန်လိမ့်မယ်။ သဘောက ချောင်းသာကို သွားမယ်ဆိုရာကနေ မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်ချင်းဟာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်လိုက်တာ မဟုတ်ဘူး။ Free Will ရှိကြောင်းပြချင်လို့ ကိုဇော်ဇော်ရဲ့ မခံချင်စိတ်ရဲ့ ပြဌာန်းမှု အရ ဆုံးဖြတ်လိုက်ခြင်းမဟုတ်လား။ ဆိုလိုတာက ရွေးချယ်လို့တော့ ရတယ်။ ပရိုဂရမ်ထဲမှာ စီးဆင်းတဲ့ flow တော့ ပြောင်းချင်ပြောင်းသွားမယ်။ ဒါပေမဲ့ ဒါဟာ ပရိုဂရမ်ထဲက နေ ထွက်သွားနိုင်တာမျိုး မဟုတ်ပါဘူး။ ကစားခံနေရတဲ့ ဂိမ်းဇာတ်ကောင် သဘောမျိုးပါပဲ။ ပရိုဂရမ်က လူတယောက် ရွေးချယ်လာမယ့် လမ်းကြောင်းတိုင်းအတွက် ရေးထားတယ် ဆိုပါတော့။”


ဇော်ဇော်က မပြီးသေးဘူး။ “ကမ္ဘာကြီးကို လွန်ခဲ့တဲ့ နှစ်လေးထောင် ဆီကို ပြန်ရစ်လိုက်မယ်ဗျာ။ Time machine နဲ့ ပြန်သွားလိုက်မယ်။ အဲဒီ့မှာ အဲဒီ့တုန်းက လူတွေ အကုန်လုံး ဆုံးဖြတ်ချက်တွေကို ပြင်ခွင့်ရမယ်။ အဲဒါဆိုရင် ခုချိန်မှာ ကမ္ဘာကြီးက ဒီ version အတိုင်းပဲ ရှိနေဦးမလား။ ဆိုလိုတာက အခု အဖြစ်အပျက်တွေ အတိုင်းပဲ အားလုံးဖြစ်နေမှာလား။ ဒါမှမဟုတ် ပြောင်းသွားမှာလား”

ဇော်ဇော့်နှယ်…လျှာရှည်ရန်ကော။ နှင်းဆီလေးတော်တော် မောရောပေါ့။ ကိုကို့အတွေးတွေကတော့ စကားရည်လုပွဲမှာ မရှိတော့ဘူး။ နောက်ထပ် ရင်မောစရာ တခုဆီကို ရောက်သွားပြန်တယ်။ နှင်းဆီခိုင်ရဲ့ မိဘတွေက သူနဲ့ သဘောမတူတဲ့ ကိစ္စ။

ခဏနေတော့ နှင်းဆီခိုင်ရဲ့ အသံကိုကြားမှ ကိုကို သတိပြန်ဝင်လာတယ်။ “ဘာသာရေးတွေရဲ့ Theological determinism ဆိုရင်၊ ဗျာဒိတ်တွေ အတိအကျ ပေးလို့ရတဲ့ hard determinism ဆိုရင် တော့ မှတပါး အခြားမရှိဆိုတဲ့ ဒီအဖြစ်အပျက်တွေအတိုင်း ဖြစ်နေမှာပါ။ အဲဒါဆို ပြန်ရစ်လည်း ဒီအချိန်ပြန်ရောက်တဲ့အခါ နှင်းဆီတို့ စကားရည်လုပွဲ လာနွှဲနေရမှာပါ။ ဒါပေမဲ့ soft determinism ဆိုတာ ရှိပါသေးတယ်။ အဲဒါကမှ နှင်းဆီ လက်ခံနိုင်တဲ့ determinism ပါ။ အဲဒါက ဘာလည်းဆိုတော့ ကမ္ဘာကြီးကို အတိတ်ဆီကို ပြန်ရစ်လိုက်ပြီး ဆုံးဖြတ်ချက်တွေ ပြင်လိုက်ရင် ကမ္ဘာကြီးရဲ့ အဖြစ်အပျက်တွေက အများကြီး ပြောင်းလဲသွားပါလိမ့်မယ်။လက်ရှိအချိန်ကို ပြန်ရောက်လာတဲ့အခါ နှင်းဆီဆိုတဲ့ ကောင်မလေးတောင် ရှိလာချင်မှ ရှိလာတော့မှာပါ။ ဒါပေမဲ့ အများကြီး ပြောင်းသွားတယ် ဆိုပေမဲ့ ပရိုဂရမ်ကြီးရဲ့ တခြားလမ်းကြောင်းအတိုင်း တခြား flow အတိုင်း ဖြစ်သွားတဲ့ သဘောပါ။ ဂိမ်းဆော့တဲ့ အခါ တပွဲနဲ့ တပွဲ ထပ်တူ မကျတဲ့ သဘောမျိုးပေါ့။ ဇာတ်လမ်း ဇာတ်ကွက် အသေးစိတ်တွေတော့ ပြောင်းသွားလိမ့်မယ်။ ကမ္ဘာကြီးမှာ ရှိတဲ့ နိုင်ငံ စုစုပေါင်း အရေအတွက်တွေ ဘာညာတွေ ပြောင်းချင် ပြောင်းသွားလိမ့်မယ်။ ဒါပေမဲ့ လူတွေ အတ္တအကျိုးအတွက် ပြိုင်ဆိုင်နေကြတယ် လှုပ်ရှားနေကြတယ်၊ survival အတွက် ရုန်းကန်နေကြတယ် ဆိုတဲ့ ဇာတ်လမ်းကျောရိုးကတော့ ပြောင်းမှာ မဟုတ်ပါဘူး။ ပရိုဂရမ် ဆိုတဲ့ Nature + Nurture ရဲ့ ပြဌာန်းမှုအောက်ကတော့ လွတ်မသွားပါဘူး။ အခုကမ္ဘာကြီးနဲ့ ဇာတ်ကွက်တွေ တူတော့မှာ မဟုတ်ဘူး။ ကျောရိုးကတော့ တူနေလိမ့်မယ်။ Flow တွေ အများကြီးရှိတဲ့ programကြီး ထဲက တခြား flow ကို ရောက်သွားတာကိုး”

နှင်းဆီပြောပြီးတော့ ခဏ တိတ်သွားတယ်။ ဒါပေမဲ့…

အလို။ ကြားသားမိုးကြိုး။ မျက်စိရှိလို့သာ မြင်ရတယ်။ မင်းမင်းက ပြောဖို့ ထနေပြီ။ ပြောချင်တာတွေ တော်တော်များလာပုံ ရတယ်။
“Compatibilism ဗျာ။ ပါမောက္ခ ..ဟိုဟာဗျာ။ ပါမောက္ခ ဟိုဟာ၊ ထားတော့။” အောက်က ကျောင်းသားတချို့က လှမ်းအော်တယ်။ “ပါမောက္ခ ဦးကို” လို့ လှမ်းအော်ကြတယ်။ တကယ်တော့ လှမ်းနောက်တာ။
မင်းမင်းက ဆက်ပြောတယ်။ “ဦးကို မဟုတ်ဘူး။ သူမဟုတ်ဘူး။ ထားတော့။ ကျနော် ဖတ်ဖူးတာ။ “will not” နဲ့ “cannot” မတူတာကို ပြောမှာ။ ကျနော့်လက်ထဲမှာ…တယောက်ယောက်လက်ထဲမှာ ဟိုဟာရှိတယ်ဗျာ။ ဟိုဟာ ရှိတယ်”
ကျောင်းသားတွေ ဝါးကနဲ ပွဲကျသွားပြန်တယ်။ မင်းမင်းကတော့ ဆက်ပြောတယ်။ “ကျနော်လက်ထဲမှာ ချွန်ထက်တဲ့ ဘောပင်တခုကို ကျနော်က ကိုင်ထားမယ်။ တခြားတယောက်က တော့ လက်နှစ်ဘက်လုံး ပြတ်နေတယ်။ သူကလည်း ဘောပင် တခုကို ကိုင်ထားမယ်”
လက်နှစ်ဘက် ပြတ်နေတဲ့လူက ဘောပင်ကို ကိုင်ထားမယ် ဆိုလို့ ကျောင်းသားတွေ ပွဲကျသွားပြန်တယ်။
“မဟုတ်ဘူး ကျနော်ဆိုလိုတာကဗျာ။ ကျနော်က အဲဒီ့ဘောပင်နဲ့ ကျနော့်မျက်လုံးကို ထိုးပစ်နိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ ကျနော်မထိုးဘူး။ အဲလိုပဲ လက်နှစ်ဘက်ပြတ်နေတဲ့ လူကလည်း မျက်လုံးကို ဘောပင်နဲ့ ထိုးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မတူဘူး။ တူပေမဲ့ မတူဘူး။ ကျနော် ဘယ်လိုပြောရင် ကောင်းမလဲ” မင်းမင်း ပြောချင်တာကို လိမ့်ပတ်လည်အောင် မပြောနိုင်ပဲ ဖြစ်နေတယ်။ အဲဒီ့အချိန်မှာ မိုးပြိုတော့တာပဲ။

မိုးပြိုတော့ ဘာဖြစ်သလဲ။ မိုးပြိုတော့ ပွဲပျက်သွားတာပေါ့။ ပွဲပျက်သွားတော့ ဘာဖြစ်သလဲ။ မင်းမင်းလည်း ကြိုးစားပြီး ပြောမနေရတော့ဘူးပေါ့။ နားထောင်တဲ့သူတွေလည်း ဝဋ်ကျွတ်သွားတာပေါ့။

တကယ်တော့ မိုးပြိုတယ် ဆိုတာက နှင်းဆီခိုင်က “မိုး…နေမကောင်းဘူးလား” လို့ အမေးခံရတဲ့ မိုးဆိုတဲ့ ညိုချောကောင်မလေး မူးလဲသွားတာကို ပြောတာပါ။ ပြေးပြီး ထူမ မယ့်သူ ထူမ၊ ယပ်ခတ်ပေးမယ့်သူပေး၊ ဖုန်းသွားဆက်မယ့်သူ ဆက်နဲ့ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်သွားတာပေါ့။ ပါမောက္ခ ဦးကိုလည်း ပျာယာခတ်သွားတာပေါ့။ စကားရည်လုပွဲကလည်း အဲဒီ့မှာတင် ပြီးသွားတယ်။

(၄)
နှင်းဆီခိုင်ကတော့ ဇော်ဇော် စပေးလိုက်တဲ့ time machine အကြောင်းတွေးနေတယ်။ “Time machine ဆိုတာ တကယ်ရှိနိုင်ပါ့မလား။ အဲလိုသာ ရှိကြေးဆိုရင် လူအားလုံးရဲ့ အခိုက်အတန့်တွေ အားလုံးဟာ တနေရာရာမှာ အစဉ်အမြဲ ရှိနေမှာပေါ့။ ရုပ်ရှင်ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းတွေ အားလုံး အမြဲရှိနေပြီး ပြန်ရစ်ကြည့်လို့ ရသလိုလေ။ ဒါဆိုရင် လူတွေဆိုတာကရော ကိုယ့်ကိုယ်ကို လူလို့ထင်နေတဲ့ screen ပေါ်က အရုပ်တွေလား။ ဒါပေမဲ့ လူတွေရဲက အချိန်ကို ပြန်ရစ်ပြီး သွားလို့ ရတယ်ပဲ ထားပါဦး။ လူတွေကိုယ်တိုင်ကတော့ အဲဒါကို အချိန်ကို ပြန်ရစ်နိုင်စွမ်း ရှိမယ် မထင်ဘူး။ ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင်တွေတောင် သူတို့ကိုယ် သူတို့ ပြန်ရစ်ကြည့်လို့ မရသလိုမျိုးပေါ့။ အဲဒီ့ရုပ်ရှင်တွေကို ဖန်တီးခဲ့တဲ့ လူသားတွေကသာ နောက်ကိုရစ် ရှေ့ကိုကျော် လုပ်နိုင်တာကိုး။ ဒါဆို ရင် လူသားတွေကိုရော ဘယ်သူက ရစ်ကြည့်နိုင်မလဲ။ ဂြိုလ်သားတွေကများ ရစ်ကြည့်နိုင်မလား။ ကိုယ့်ဘာသာကိုယ် လိုချင်တဲ့ ဇာတ်ဝင်ခန်းကို ပြန်ရစ်ကြည့်လို့ ရကြေးဆိုရင်တော့ ကိုကိုနဲ့ ကြည်နူးစရာ ဇာတ်ဝင်ခန်းလေးတွေကိုပဲ အထပ်ထပ် ရစ်ကြည့်ပစ်လိုက်မယ်။”

နှင်းဆီခိုင် တွေးနေတုန်းမှာပဲ ကိုကိုရောက်လာတယ်။ မိုးအကြောင်း၊ စကားရည်လုပွဲအကြောင်းနဲ့ တခြားအကြောင်းလေးတွေ ပြောကြတယ်။ လက်ထပ်ဖို့ ကိစ္စရောက်သွားလို့ ကိုကို က မေးတော့

နှင်းဆီခိုင်က “သူတို့ သဘောမတူလည်း ဘာဖြစ်လဲ။ နှင်းဆီ သဘောတူရင် ပြီးပြီ မဟုတ်ဘူးလား။ တကယ်က လူတွေကသာ လောကကြီးမှာ လူမျိုးတွေ လျှောက်ခွဲနေတာ။ တကယ်က လူမျိုး နှစ်မျိုးတည်းရှိတယ်”

“ဘာလဲ။ လူကောင်းနဲ့ လူဆိုးကို ပြောတာလား”
“ဟုတ်ဘူး။ ယောကျာ်း နဲ့ မိန်းမ”
နှင်းဆီခိုင်ရဲ အရွှတ်အနောက်ကို ကိုကို သဘောကျသွားတယ်။ “ဟားဟား၊ ကြံကြံဖန်ဖန်”

Love-oriented free thinker နှင်းဆီလေးက မပြောမဆိုနဲ့ သူ့နှင်းဆီနှုတ်ခမ်းလေးကို ကိုကို့နှုတ်ခမ်းဆီကို ကပ်လိုက်တယ်။ ဒီတော့ ကိုကို့အနေနဲ့ လက်စားချေမယ်ဆိုတဲ့ Free Willကြီး နဲ့ လက်ဦးမှု ယူပြီး ကိုယ်ကစနေ စရာ မလိုတော့ဘူးပေါ့။

အခု ချစ်သူနှစ်ယောက် နမ်းနေတာကရော ဓာတ်သဘောတွေရဲ့ ပြဌာန်းမှုလား။ Neuropsychology အရ ဆိုရင်တော့ ချစ်သူနှစ်ယောက် အသိရှိရှိနဲ့ နမ်းတာ မဟုတ်ဘူးလို့ ဆိုတယ်။ သူ့ဘာသာသူ ဓာတ်သဘောတွေ အရပဲ နမ်းနမ်း၊ အသိရှိရှိနဲ့ပဲ နမ်းနမ်း…အနမ်းထဲမှာ နစ်မျောနေတဲ့ ချစ်သူနှစ်ဦးကတော့ ဒါတွေကို တွေးနေစရာ မလိုတော့ဘူးလေ။ ပစ္စုပ္ပန်မှာ လှိုက်ဖိုရင်ခုန်မှုနဲ့ နေထိုင်လိုက်ရုံပဲ။
ကောင်းကင်ကို (၂၉.၀၁.၂၀၁၂)

5 comments:

Anonymous said...

NICE

ဝေးခွန် said...

ဦးကို ဇာတ်လမ်းထဲက နှင်းဆီခိုင်ဘယ်သူလည်းတော့
ကျွန်တော်မသိဘူး... စိတ်ဝင်စားသွားတာတော့ အမှန်ပဲ :P
ဗျာဒိတ်နဲ့ ဗေဒင်ဆိုတာ နဂိုမူရင်းစကားလုံးတစ်ခုထဲကနေ
များဆင်းလာလားမသိဘူး 'ဗ နဲ့ ဒ' ကိုကြည့်ရင်။ အနာဂတ်ကိုပြောကြခြင်းတူပေမယ့် အဓိပ္ပာယ်
အရဆိုရင်တော့ ဗျာဒိတ်က 'မှတစ်ပားအခြားမရှိ' ဗေဒင်
က 'ဖြစ်တတ်တဲ့သဘော' လောက်သာလို့နားလည်ထား
တယ်။ ဟိန္ဒူရဲ့ လွမ်းမိုးမှုအောက်မှာပဲရှိနေသေးတဲ့လူမှု
ပတ်ဝန်းကျင်မှာဒာတွေလားရောရှက်နေနိုင်တာပဲမဟုတ်
လား။ ဘယ်နေ့ဘာအပင် ဘယ်နာမည်ဆိုတာတွေကို ဗုဒ္ဓကတကယ်ပြောခဲ့ရင် သူ့ဝာဒရဲ့corevalues တွေကိုသူ
ကိုယ်တိုင်ပြန်ဖျက်ဆီးသလိုဖြစ်နေမှာပော့။ hard determinism ကကျွန်တော်သိသလောက်ဆိုရင် Hinduism ရဲ့ဖလော်ဖြစ်တယ်....

science ကပြောတဲ့ determinism သဘောက soft
determinism နဲ့ပိုနီးစပ်ပာတယ်... ပြီးတော့ time frame သေးသေးလေးမှာပဲစဉ်းစားပီး ထုတ်ပြန်ထားတဲ့
အဖြေတွေဖြစ်တယ်.. စမ်းသပ်ချက်တစ်ခုမှာ လူတစ်
ယောက်ဘယ်ခလုတ်ကိုနိပ်မလဲဆိုတာ တစ်နာရီ
လောက်ကြိုသိတာတောင်မဟုတ်ဘူး။ စက္ကန့်ပိုင်း
လောက်ပဲကြိုသိနိုင်တာ... သဘောကတော့ သူ့ဦးနှောက်မှာ processing လုပ်နေတာကိုကြည့်ပီး
သူမသိခင်မှာပဲ စမ်းသပ်တဲ့လူကကြိုသိနေပီ...ဒေတာ
ပောင်းများစွာကို အခြေခံပီးမှရလာတဲ့အဖြေကို နောက်
ဆုံးအဆင့်အနေနဲ့မှ 'ငာဒာလုပ်လိုက်မယ်' ဆိုပီးသိခွင့်ရ
တယ်... 'ငာတာလုပ်ကွ ငာရွေးတာကွ' လို့ပေးသိ
လိုက်တယ်.. အဲဒာကြောင့်ပညာရှင်တွေက illusion လို့
ကောက်ချက်ချတာပာ..'ငာရွေးတာ မဟုတ်ဘူး ဦးနှောက်
ကရွေးသွားတာပါ' ကျွန်တော်တို့မှာလွတ်လွတ်လပ်လပ်
ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ထင်ကြတာမဟုတ်ကြောင်း
ကိုပြရုံပာပဲ..

အဲဒီ determinism သဘောကို time frame အကြီးကြီးမှာ ထည့်စဉ်းစားရင်ဒက်ထိ ဘယ်လိုမှ
မမှန်နိုင်ပာဘူး... ကျွန်တော်တို့ တည်မှီနေရတဲ့ ဗီဇနဲ့
ပတ်ဝန်းကျင်ဟာ စဉ်ဆက်မပြတ်ပြောင်းလဲနေလို့
time frame ကြီးလာတာနဲ့အမျှ ဟောကိန်းမှန်နိုင်ချေ
နည်းနည်းလာမှာပဲ။ ယေဘုယျတော့ သူသူငာငာ
ပြောနိုင်တာပော့...နောက်ကျရင် ဗုဒ္ဓလိုလူရှိလာအုံးမှာ
ပဲ.. အခုတောင်ရှိနေလားမပြောတတ်..:) သစ်ပင်အောက်မှာ မဟုတ်ဘူး အိမ်အောင်းပြီးကျင့်
ရင်းရသွားနိုင်တာပဲ ဒေးဗစ်ဆိုတဲ့နာမည်နဲ့ ဆိုရင်ရော
:)

Kaung Kin Ko said...

စိတ်ကူးထဲ ထပ်ပေါ်လာတဲ့ဟာပါ။ ညဘက်ကျရင်တော့ ဇာတ်လမ်းထဲမှာ ထပ်ဖြည့်လိုက်မယ်။ (((ကွန်ပျူတာနဲ့ တယောက်ယောက် ဂိမ်းကစားတဲ့ အခါ …ဒီကိစ္စမှာ ကစားတဲ့သူကို မေ့ထားလိုက်။ သူ့ကို အရေးမကြီးလို့ A လို့ပဲ အဖြည့်ခံ အဖြစ်ပဲ သုံးလိုက်မယ်။ ကွန်ပျူတာဘက်က ကစားနေတာကို လူသားတွေ အဖြစ် မြင်ယောင်ကြည့်လိုက်တယ်။ ဒီနေရာမှာ စိတ်ဝင်စားတာက ကွန်ပျူတာကိုပါ။ A က ကစားပွဲ တခု ပြီးလို့ နောက်တပွဲ ပြန်စရင် ကွန်ပျူတာဟာ ထပ်တူ ကစားဦးမှာလား။ အဖြေက ထပ်တူ ကစားတော့မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီ software ကြီးပဲနော်။ ရေးထားတဲ့ ပရိုဂရမ်ထဲက လွတ်သွားပြီး ကွန်ပျူတာက free will နဲ့ တုံ့ပြန်နေခြင်းတော့ မဟုတ်ဘူး။ ပရိုဂရမ်အရသာ အလုပ်လုပ်နေတာပါ။ ကွန်ပျူတာဟာ ဆော့နေတဲ့ အခါမှာ Aရဲ့ဗျူဟာ ကစားကွက်ကို ကြည့်ပြီး တုံ့ပြန်မှာ ဖြစ်ပေမယ့် free will နဲ့ တုံ့ပြန်နေခြင်းတော့ မဟုတ်ဘူး။ random ဖြစ်အောင် ရေးထားတဲ့ Software အရသာ်။တုံ့ပြန်နေခြင်းဖြစ်တယ။် ဒါပေမယ့် ကစားပွဲ ပြန်စတဲ့အခါ ဆော့ပုံက နောက်တမျိုးဖြစ်ချဖြစ်သွားမယ အဲဒီ့ ကွန်ပျူတာရဲ့ တုံ့ပြန်ပုံကို ထိန်းချုပ်ထားတာကတော့ ဒီ software ကြီးပါပဲ။ တခါနဲ့ တခါတော့ တူချင်မှ တူလိမ့်မယ်။ ဒါပေမယ့် programကြီ အတိုင်းသာ တုံ့ပြန်နေခြင်းဖြစ်တယ်။ အတိတ်ကို ပြန်ရစ်လိုက်ရင် ကွန်ပျူတာ ပရိုဂရမ်တောင်မှ နောက်တမျိး လုပ်နိုင်ပါသေးတယ်

သိင်္ဂါကျော် said...

အင်း.. စဉ်းစားစရာပဲ..
ခေါင်းထဲမှာတောင် ရှုပ်သွားပြီ..

ကောင်းကင်ကို said...

ခုရှုပ်မှ နောင်ရှုပ်မှာ။ :D