မိန်းမလို မိန်းမရ/ mein: malou mein: maja. / adv ( of men ) in a womanish or effeminate manner; narrow-mindedly
“မိန်းမလို မိန်းမရ” ဆိုတဲ့ စကားလုံးကို မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်ရဲ့ ဖွင့်ဆိုမှုပါ။ စိတ်သဘောထား ကျဉ်းမြောင်းမှုကို ရည်ညွှန်းတဲ့ နေရာမှာ သုံးလေ့ရှိပါတယ်။
“မိန်းမကျင့် မိန်းမကြံ” ဆိုတဲ့ အသုံးအနှုန်းလည်း ရှိပါသေးတယ်။ မကောင်းတဲ့ အကျင့်တွေ၊ မကောင်းတဲ့ အကြံအစည်တွေကို ရည်ညွှန်းဖို့ သုံးကြတာပါ။
အမျိုးသမီးတွေဟာ စိတ်ထား ပိုယုတ်ညံ့တယ် ဆိုတဲ့ အယူအဆတွေကနေ ဆင်းသက်လာတဲ့ အသုံးအနှုန်းမျိုးတွေပါ။
ရုပ်ပိုင်းဆိုင်ရာတွေ အပါအဝင် တချို့နေရာတွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အားနည်းလေ့ ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒါဟာ အမျိုးသမီးတွေကို တဆင့်နှိမ်ဖို့ အတွက် အကြောင်းပြချက်တခုတော့ မဖြစ်သင့်ပါဘူး။ တဘက်မှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အားသာတတ်တဲ့ နေရာတွေလည်း ရှိတာပါပဲ။
ဘာသာတရားအရ ကြည့်မယ်ဆိုရင်တော့ မြန်မာအများစု ကိုးကွယ်တဲ့ ဘာသာရေး အယူအဆဟာ တချို့ဘာသာရေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ယောကျာ်းမိန်းမ ခွဲခြားမှု အတော်လေး နည်းတာကို တွေ့ရပါတယ်။ တော်တော်လေး လွတ်လပ်ခွင့် ရှိတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကို နှိမ်ထားတဲ့ အယူအဆလေးတွေတော့ ရှိနေပါသေးတယ်။ ရှင်အာနန္ဒာ အလောင်းအလျာဟာ ဘဝတခုမှာ ကာမေသု မိစ္ဆာစာရာ ကံကို ကျူးလွန်မိလို့ ငရဲကျ၊ ငရဲက လွတ်လာတဲ့ အခါ အပြစ် ဆက်ခံရတဲ့ အနေနဲ့ မိန်းမဘဝတွေ အလီလီဖြစ်၊ Gay ဘဝတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုထားပါတယ်။ အဲဒီ့အချက်ဟာ အမျိုးသမီးတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်တဲ့ အချက်ပါပဲ။ ဒီနေရာမှာ တချို့က အမျိုးသမီးတွေလည်း တရားကျင့်ပြီး တရားရခွင့်ရှိတယ် ဥာဏ်အလင်းရခွင့် ရှိတယ်…ဒါကြောင့် နှိမ်ထားတာ မဟုတ်ဘူးလို့ စောဒက တက်နိုင်ပါတယ်။ ဥာဏ်အလင်းရခွင့် ရှိတယ်ဆိုတာကတော့ ကောင်းပါတယ်။ နှိမ်ထားသလို ဖြစ်နေတယ် ဆိုတာကလည်း ခေါင်းမဖော်နိုင်အောင် နှိမ်ထားခြင်းမျိုးတော့ မဟုတ်ပါဘူး။ တဆင့်နှိမ့်ထားခြင်းမျိုးပဲ ဖြစ်ပါတယ်။ အပြစ်လုပ်လို့ တိရစ္ဆာန် ဖြစ်လာရတယ် ဆိုတာမျိုးဆန်ဆန်ပါပဲ၊ အပြစ်လုပ်လို့ အမျိုးသမီး ဖြစ်လာရတယ် ဆိုတော့ အဆင့်နှိမ့်ထားခြင်းဟာ ထင်ရှားနေပါတယ်။ သဘာဝ တရားကြီးက … အပြစ်ကျူးလွန်ခဲ့တဲ့ အပြစ်သားတွေကို နိမ့်ကျတဲ့ နေရာကိုသာ ပို့လေ့ရှိတယ်လို့ ဆိုတယ် မဟုတ်လား။ အမျိုးသမီးဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ အတိတ်ဘဝမှာ ကာမေသု မိစ္ဆာစာရာ ကို ကျူးလွန်းခဲ့ခြင်းကလည်း တခုအပါအဝင် ဆိုတော့ အမျိုးသမီးဖြစ်ခြင်းဟာ နိမ့်ကျနေတဲ့ အပြစ်ဘုံ တခုဆန်ဆန် အဓိပ္ပါယ် သက်ရောက်သွားပါတယ်။
ဝေသန္တရာ ဇာတ်တော်မှာဆိုရင်လည်း အလှူခံသူ အပေါ် အယုတ်၊ အလတ်၊ အမြတ် ကြည့်မနေဘဲ ပြတ်ပြတ်သားသား စွန့်လွှတ်လှူဒါန်းတဲ့ ဝေသန္တရာ မင်းကြီးရဲ့ စေတနာ၊ တလောကလုံးအတွက် အလင်းပေးနိုင်သူ ဖြစ်လာဖို့ ကြိုးစားတဲ့ စေတနာကို နားလည်လို့ ရပေမဲ့ တဘက်မှာ ခုခေတ် အမြင်နဲ့ ကြည့်လိုက်ရင် ကလေး အခွင့်အရေးတွေ၊ အမျိုးသမီး အခွင့်အရေးတွေ၊ human trafficking တွေ၊ ကျွန်စနစ်တွေနဲ့ ငြိနေတာကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းရေးတဲ့သူက ကလေးတွေနဲ့ မိန်းမကို အရွယ်ရောက်ပြီး ယောကျာ်းတယောက်ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေလို့ သဘောထားပုံ ရပါတယ်။ ပဒေသရာဇ်ခေတ်အမြင် ဖြစ်ပါလိမ့်မယ်။ အလှူခံသူက ကောင်းတဲ့နေရာမှာ အသုံးချမှာ မဟုတ်ဘဲ ကျွန်သဖွယ် အသုံးချမှာမို့ အဲဒီ့ အလှူဟာ ရက်စက်တယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ စောဒက တက်နိုင်တာက လောကတခုလုံး အလင်းရမယ့် အကျိုးကို မြင်လို့ ဘုရားပွင့်ရင် အားလုံးအတွက် အကျိုးရှိမှာမို့ ကလေးတွေနဲ့ မိန်းမကို လှူလိုက်ရတာလို့ ပြောနိုင်ပါတယ်။ ဒါဆိုရင် မိန်းမနဲ့ သားသမီးတွေကို လှူမှ ဘုရားဖြစ်မယ် ဆိုတဲ့ ဥပဒေသကြီး၊ သဘောတရားကြီးကို ဘယ်လိုရက်စက်တဲ့ တန်ခိုးရှင်ကြီး(သို့မဟုတ်) သဘာဝတရားကြီးက ပြဌာန်းပေးလိုက်သလဲ။ ဥာဏ်အလင်းရရေးအတွက် ကိုယ်ကိုယ်တိုင်နဲ့တင် မလုံလောက်ဘဲ အမျိုးသမီးနဲ့ ကလေးကို ဥပဒေသကြီးအရ သဘာဝတရားထံ ယဇ်ပူဇော်နေရသလိုဆန်ဆန် ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒါတွေဟာ အပြင်မှာ လက်တွေ့ ရှိမနေတော့တဲ့အတွက် Stoning ကို ကျင့်သုံးနေတဲ့ ဘာသာရေးဓလေ့တွေနဲ့ စာရင် အများကြီး တော်ပါသေးတယ်။
ဓလေ့ထုံးတမ်းအရ ကြည့်မယ်ဆိုရင်လည်း မိန်းမတွေ မတက်ရဘူး၊ မသွားရဘူး ဆိုတဲ့ နေရာတွေ ရှိနေသလို ထဘီဟာ ဘုန်းနိမ့်စေတယ် ဆိုတဲ့ အယူအဆတွေကိုလည်း တချို့တွေ လက်ခံထားတုန်း ရှိပါသေးတယ်။
ဒီနေရာမှာ တခုရှိတာက အမျိုးသမီးတွေကို နှိမ်ထားတဲ့ အယူအဆတွေကို အမျိုးသမီးတချို့ ကိုယ်တိုင်က ကျေကျေနပ်နပ် လက်ခံကြခြင်းပါပဲ။ “ယောကျာ်းကြီး ဖြစ်ပြီးတော့” ဆိုတဲ့ စကားကို အမျိုးသမီးတချို့ ကိုယ်တိုင် မြိန်ရည်ယှက်ရည် သုံးစွဲနေကြသလို “မိန်းမလို မိန်းမရ” ဆိုတဲ့ စကားလုံးတွေကိုလည်း အမျိုးသမီးတွေ ကိုယ်တိုင် သုံးစွဲ နေကြတာပါပဲ။ ဘာသာရေး အစဉ်အလာ ထဲက နှိမ်ထားတဲ့ အယူအဆ မျိုးကို ဆိုရင်တော့ ပိုပြီး လက်ခံထားတတ်ကြပါတယ်။ အရိုးစွဲနေကြပြီလေ။ ဒါကြောင့် အမျိုးသမီးတွေကိုယ်တိုင်က မဟာပုရိသ ဝါဒကို တဘက်တလမ်းက အားပေးနေသလိုလည်း ဖြစ်နေတတ်ပါသေးတယ်။
(by ကောင်းကင်ကို + ခရေငယ်)
ဓါတ်ပုံတချို့၏ နောင်အနှစ် (၂၀) | ပျူနိုင်ငံ
2 days ago
10 comments:
မဟာပုရိသ၀ါဒ ပို့စ်ကို သိပ်ကြီုက်ပါတယ်။ ဘုန်းဘုန်းတို့ ဘာသာတရားမှာ မရှိပေမဲ့ လူတွေက အယူစွဲနေတာလဲ ရှိသပေါ့.အိန္ဒိယမှာ လက်ထပ်ပွဲမှာ မိန်းကလေးဘက်က တင်ပြီးတောင်းရတာ တွေ့ခဲ့တယ်။ဗမာမှာ ဒါမျိုးတော့ မရှိဘူး။ခေါင်းမြီးခြုံပြီး အပြင်မထွက်ရတာလဲ လွတ်လပ်မှုပါဘဲ။
တင်ပါ့ဘုန်းဘုန်း။ တပည့်တော်တို့ နိုင်ငံက အများကြီး လွတ်လပ်ပါတယ်။ အိန္ဒိယတို့ အာရပ်နိုင်ငံတို့ဆို အစစ အရာရာ အများကြီး ဆိုးမယ်။
ကာမေသုကံကျူးလွန်လို. နောင်ဘ၀မှာ မိန်းမဖြစ်ရ၊ Gay ဖြစ်ရတယ်ဆိုရင်၊ Tomboy တွေကိုကျတော့ရော ဘယ်လိုနားလည်ကြမလဲ
တော်တော်လေး ထိန်းထိန်းသိမ်းသိမ်း ရေးထားတာပဲ ။ တချက်တချက် မအောင့်နိုင်လို့ ပြုံးတောင် ပြုံးမိလိုက်သေးတယ် ။ ကျေးဇူးပါ ။
လက်ရှိခေတ်အနေအထားနဲ့ ဖြစ်သင့်တာတွေကို တွေးတောပြီးရေးထားတာ ကောင်းပါတယ်။ ဒါပေမယ့် ဘာသာရေးနယ်ပယ်နဲ့ ပါတ်သတ်တဲ့ အချို့အချက်အလက်တွေအတွက် သံသယ ၀င်မှုတွေများနေတာ တွေ့ရတယ်။ ဝေသန္တရာဇာတ်တော်ကို ဇာတ်လမ်းရေးတဲ့သူက လို့သုံးနှုန်းထားတယ်။ ဒီဇာတ်တော်က ၀တ္ထုမဟုတ်ပါဘူး။ ဘုရားဟောပါ။ စဉ်းစားတာကောင်းပါတယ်။ ဒါပေမယ့် ကိုယ်မပိုင်နိုင်သေးတဲ့ နယ်ပယ်ကို ကိုယ့်အမြင်တစ်ခုတည်းနဲ့ချည်း ကောက်ချက်ချလိုက်ရင် လွဲသွားနိုင်ပါတယ်။ အစ်ကို့စာတွေတော်တော်များများ ကျနော်ကြိုက်ပါတယ်။ ဘာသာရေးနဲ့ ပါတ်သတ်တဲ့အမြင်တွေမှာတော့ နည်းနည်းသတိထားစေချင်တယ်။ ကျနော်တို့ဘာသာက နူးညံ့နက်ရှိုင်းပါတယ်။ နောက်ပြီး မြန်မာရှေးစာပေမှာ ဘုန်းတော်ဘွဲ့တွေ ရွှေနားတော်သွင်းတွေ ရေးတိုင်း အလွန်အကျူးရေးလေ့ရှိတာကို သတိပြုစေချင်ပါတယ်။ မျက်စိရှေ့မြင်နေရတဲ့ လူစင်စစ်ကို မမြင်ဘူးတဲ့ နတ်နဲ့နှိုင်းပြီး တင်စားတဲ့ ဓလေ့က အခုထိရှိတုန်းပါ။ အလားတူပဲ အလွန်အကျူးရေးဖွဲမှုပေါင်းများစွာကြောင့် နတ်ကိုးကွယ်မှုမျိုးစုံလည်း ခေတ်ကောင်းနေတာပါ။ ဒီကွန်မန့်က ပြဿနာရှာတာ ဝေဖန်တာမဟုတ်ပါဘူး။ အစ်ကို့နောက်ပိုင်းအရေးအသားတွေမှာ ဘာသာရေးသံသယတွေ များလာလို့ ခါးတို့လိုက်ရတာပါ။ အများကြီး ဆွေးနွေးချင်ပါတယ်။ မျက်စိနောက် စိတ်ကောက်မှာစိုးလို့ ဒီလောက်ပါပဲ။ ကျေးဇူးတင်ပါတယ်။
ဇာတ်လမ်းရေးတဲ့သူလို့ သုံးတာက ညီပြောသလိုပါပဲ (((နောက်ပြီး မြန်မာရှေးစာပေမှာ ဘုန်းတော်ဘွဲ့တွေ ရွှေနားတော်သွင်းတွေ ရေးတိုင်း အလွန်အကျူးရေးလေ့ရှိတာကို သတိပြုစေချင်ပါတယ်။ မျက်စိရှေ့မြင်နေရတဲ့ လူစင်စစ်ကို မမြင်ဘူးတဲ့ နတ်နဲ့နှိုင်းပြီး တင်စားတဲ့ ဓလေ့က အခုထိရှိတုန်းပါ။ )) အဲဒါ ဟုတ်တယ်လေ။ ဇာတ်ကြီးဆယ်ဘွဲ့နဲ့ ၅၅၀ ဇာတ်နိပါတ်တွေ မှာလည်း အဲလို အလွန်အကျူးရေးထားတာတွေနဲ့ ဖောင်းပွနေတာမို့....ဇာတ်လမ်းရေးသူလို့ သုံးလိုက်တာပါ။ ချက်တော်ကို လက်တော်နဲ့ ရစ်လိုက်တာနဲ့ ကိုယ်ဝန်ရှိလာတယ် ဆိုတာမျိုးပေါ့။ ဘာသာက နူးညံ့နက်ရှိုင်းတာ ဟုတ်ပါတယ်။ အဓိကက ဝိပဿာနာနဲ့ ဘာဝနာ ပိုင်းက နက်ရှိုင်းတာပါ။ ဇာတ်တော်တွေကတော့ အနုပညာ အမြင်နဲ့ ကြည့်ရင်တော့ surrealism တွေလိုပါပဲ။ နက်ရှိုင်းပါတယ်။ ဒါပေမယ့် ဒဲ့ယုံမယ် ဆိုရင်တော့ ယုတ္တိမရှိတော့ဘူး။ ဒါပေမယ့်လည်း ဒဲ့ယုံသူ များပါတယ်။ ထားပါတော့။ အမြင်ကို ဝေဖန်သုံးသပ် ချရေးခြင်းကလည်း အကျိုးမယုတ်ပါဘူး။ စဉ်းစားပြီး အဖြေရှာတဲ့သူတွေ ပေါ်လာတာပေါ့။ မျက်စိနောက် စိတ်ကောက်စရာတော့ မရှိပါဘူး။ ဆဲတာနဲ့ ပုဂိုလ်ရေး တိုက်ခိုက်တာမျိုး လွဲရင် အကုန်ရေးလို့ရပါတယ်။ အကိုရေးတာတွေကိုလည်း မျက်စိတွေ တော်တော်နောက်နေကြပြီလား မသိ :D
ဦးကောင်းကင်ကို တန်တော့ မိစ္ဆာဒိဌိကြီပါပဲလား။ ခင်ဗျားကြီးဟာ ဗုဒ္ဓဘာသာကို ကောင်းကောင်း မလေ့လာဖူးပဲနဲ့ လျှောက်ဝေဖန်နေတယ်ပေါ့လေ။ ကိုယ့် Popularity ရအောင် ဘာသာတရားတွေကို စတန့်ထွင် တိုက်ခိုက်ပြနေတာ တော်တော် အကျဉ်းတန်ပါတယ်။
ဝေသန္တရာဇာတ်တော်ကို Surrealism သဘောမျိုးလို့ ပြောတယ်ပေါ့လေ။ ဘုရားဟောကို အမှားလို့ ပြောတာဟာ ဘုရားကို လိမ်နေတယ်လို့ စော်ကားတာနဲ့ တူတူပါပဲ။ ဘုရားကို စော်ကားတာဟာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်ထုကြီးနဲ့ အထူးသဖြင့် နိုင်ငံတော် သံဃာ့မဟာ နာယက သာသနာစောင့် အဖွဲ့တော်မြတ်ကြီးကို စော်ကားတာနဲ့ အတူတူပါပဲ။ ဒီလိုစော်ကားတဲ့ blogger ကောင်းကင်ကို ကို ထိုင်းနိုင်ငံအထိ အရောက်လာပြီး အရေးယူရမယ်။ လိုအပ်ရင် ရှင်မိုးပြာအမှု လုပ်ထုံးအတိုင်း ဖမ်းဆီးထိန်းသိမ်း ရမယ်။
ဟီး။ လန့်သွားလား။ ကိုကင်း။
:D
ဘာပဲဖြစ်ဖြစ် ဖတ်လို့တော့ ကောင်းတယ်အကို
အကိုတို့ လို စာတက်ပေတက် မဟုတ်တော့
သိ.ကြား.ခဲ့.ဘူးတာလေးတွေပြောပြ ဝေဖန်ချင် ပေမယ့်
စကား အမှားပါမှာဆိုးလို့
စိတ်ထဲမှာပဲ မှက်သား သွားပါတယ်
.. ခင်မင်လေးစားလျှက်
(ဒုတိယဝ
ပေးသွားတဲ့ ရ်ုပရှင် LINK လေးတွေအတွက် ကျေးဇူးပါ။း)
အင်း..အတွေးလေးတွေ ကောင်းတယ်ဗျာ..ကိုယ့်သားသမီး မိန်းမတွေကို ကိုယ်ပိုင်ပစ္စည်းတစ်ခု သဘောထားပုံ..စတာ တွေပေါ့..
သေချာစဉ်းစားကြည့်ရင် လောကအမြင်နဲ့မကိုက်ညီဘူးဗျ.နော်. သူတို့မှာလည်း အသက်နဲ့ကိုယ်ပဲလေ..ပုတ္တပရိစ္စာဂ တို့ ဘရိယပရိစ္စာဂတို့ တော့ ရှိတာပေါ့.. ဒါတွေလုပ်မှ ဘုရားဧကန်ဖြစ်ရတာလား ဆိုတာတော့ အင်း သံသယဖြစ်ချင်စရာပဲ၊ လူသာမာန်တွေ မလုပ် နိုင်တာကို ဘုရားဖြစ်မဲ့သူက ဓမ္မတာသဘောအရ လုပ်ပြရ တာလား..အင်း.. စဉ်းစားစရာပဲ၊ ဥပမာ-လူတွေကို တရားပြဖို့ကျင့်ကြံတဲ့သူက တကယ် ဘုရားဖြစ်တဲ့အခါ တရားမဟောဖို့ဆုံးဖြတ်ပြီး. သဟမ္ပတိဗြဟ္မာက လာတောင်းပန်မှ တရားဟောဖို့ ဆုံးဖြတ်ချက်ချတာတို့ပေါ့..
ဘုရားပိဋကတွေကလည်း နှစ်ပေါင်း ၂၅၅၄ တောင် ရှိခဲ့ပြီဆိုတော့ ခေတ်အဆက်ဆက်ပြောင်းလာလိုက်တာ အဲဒီအထဲ ဘယ်လိုပညာရှင်တွေက ဘယ်လိုပုံမှားတွေ ဘယ်လိုအတွေးအခေါ်တွေ ထိုးထည့်ခဲ့မှန်း ဘယ်သူ သိနိုင်မလဲ၊ အင်း ပြောရရင်တော့ အများကြီးပဲဗျာ.. ကျနော်လည်းး သိသလောက်တွေးမိတာလေးပါ.. (အားလုံး) အမှားပါရင်ခွင့်လွတ်ပါ..
Post a Comment