Friday, December 28, 2007

အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်


ခြောက်ကပ်ပြီး ပတ်ကြားအက်နေတဲ့
ငါ့နှလုံးသာ ဥယျာဉ်မှာ
ကန္တာရတွေ အဆုပ်လိုက် ပွင့် နေတယ်။

ညပေါင်း တသောင်းကျော်စောင့်တာတောင်
ငါမျှော်နေတဲ့ လမင်းက
အခုထိ မသာဘူး။

ငါဟာ
အချစ်ရဲ့ ပွင့်ချပ်တွေနဲ့ 
ငါ့လှေငယ်မှာ ရွက်တပ်ချင်လို့ 
စောင့်နေတဲ့သူပါ။

ခြေလှမ်းတလှမ်းလှမ်းလိုက်တိုင်း
အထီးကျန်မှုဟာ
ငါ့နောက်က တကောက်ကောက်လိုက်လာတယ်။

သြော်…
ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာမြေပြင်ရှိသေးတယ်၊
ဝေဒနာနဲ့ နှစ်ရက်တွေမှာငါ
ငိုစရာရင်ခွင် မရှိဘူး။
ကံကြမ္မာက အတင်းပစ်ချလိုက်တဲ့တိုက်ပွဲမှာ
လောကဓံရဲ့  လက်သီးချက်တွေနဲ့ 
ဘဝက ခဏခဏ ကွဲတယ်။
ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့သွေးတွေကို
အကြင်နာလက်တွေနဲ့ 
ဘယ်သူလာ ဆေးထည့်ပေးပါ့မလဲ။

သြော်…ငါ့ပါးနှစ်ဘက်ကမ်းခြေမှာ
အားတက်စေမဲ့ “အနမ်းလှေ” ဟာ
ဘယ်အချိန်လာရောက် ဆိုက်ကပ်လေမလဲ။

ကောင်းကင်ကို


မှတ်ချက်။ ပဉ္စမမြောက်အပိုဒ် “ကြွေရှာတဲ့ သစ်ရွက်တွေ….” ကို ကျွန်တော့်ရဲ့ တခြားကဗျာထဲကနေ ဆီလျော်လို့ ပြန်ယူသုံးထားပါတယ်။

6 comments:

su wai said...

ကိုကောင်းကင်…ကဗျာလေး အရမ်းကောင်းတယ်…စကားလုံးတွေ သုံးနှုန်းထားတာ ရိုးရိုးလေးနဲ့ဆန်းသလို ကာရန်လဲ မိတယ်… ကိုကောင်းကင်လက်က professional ကဗျာဆရာတစ်ယောက်ရဲ့ လက်မျိုးနော်… အပိုဒ်တိုင်းကို ကြိုက်ပေမယ့် `ကြွေရှာတဲ့သစ်ရွက်တွေမှာတောင် ခိုစရာမြေပြင်ရှိသေးတယ်…ဝေဒနာနဲ့နှစ်ရက်တွေမှာငါ ငိုစရာရင်ခွင်မရှိဘူး´ဆိုတဲ့ အပိုဒ်လေးကို အကြိုက်ဆုံးပဲ…အဲဒီအပိုဒ်ပါတဲ့ တခြားကဗျာလေးကိုလဲ အဆင်သင့်ရင် တင်ပေးပါဦး…

Nyein Chan Aung said...

ကောင်းကင်လဲ တိမ်တွေကို တမ်းတနေပြီထင်တယ်.. ဒါမှမဟုတ် ခမဲလိုနေတာ ဖြစ်မယ်။ ဆေးထည့်ပေးဖို့ဆိုရင် ကောင်းကောင်း ကျွမ်းကျင်မှာက ဆရာဝန်တွေ ဆေးကျောင်းသူတွေပဲ.. သူနာပြုဆရာမလေးတွေလည်း တတ်မယ်ထင်တယ်။ ဟဲဟဲ။။

Saung Yune La (aka) Way said...

သြော်…
ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာမြေပြင်ရှိသေးတယ်၊
ဝေဒနာနဲ့ နှစ်ရက်တွေမှာငါ
ငိုစရာရင်ခွင် မရှိဘူး။



ကံကြမ္မာက အတင်းပစ်ချလိုက်တဲ့တိုက်ပွဲမှာ
လောကဓံရဲ့  လက်သီးချက်တွေနဲ့ 
ဘဝက ခဏခဏ ကွဲတယ်။
ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့သွေးတွေကို
အကြင်နာလက်တွေနဲ့ 
ဘယ်သူလာ ဆေးထည့်ပေးပါ့မလဲ။


သြော်…ငါ့ပါးနှစ်ဘက်ကမ်းခြေမှာ
အားတက်စေမဲ့ “အနမ်းလှေ” ဟာ
ဘယ်အချိန်လာရောက် ဆိုက်ကပ်လေမလဲ။ကဗျာကလေးကအင်မတန်မှဖတ်လို့ကောင်းပြီးကာရံလေးတွေလည်းလှတယ်.ခံစားချက်လည်းအပြည့်ပါတယ်.ကောင်းလိုက်တဲ့ကဗျာလေးပါဘဲ ညီလေးရေ

နှင်းပွင့်ဖြူလေး said...

ကမ်းခြေကို ` အနမ်းလှေ ´ ကမ်းခွင့်မ၇ခင်
အမုန်း လှိုင်းက အငြိုးကြီးစွာ
နောက်ပြန်ခေါ်ဆောင်မှု.ကြောင့်
ကမ်းမမြင် လမ်းဘယ်မှာ မသိတဲ့
အလွမ်းပင်လယ်ပြင်ကြီးမှာ
ပင်လယ်ေ၇ကိုသာသောက်သုံးနေ၇တယ်။

း)
ကဗျာလေးက အရမ်းကောင်းတယ်

မေပျို said...

ဆရာလည်း တပည့်မြှောက်ပေးလိုက်တာနဲ့ အချစ်ကဗျာတွေ ဘာတွေရေးလို့ပါလားဗျ။

သြော်…
ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာမြေပြင်ရှိသေးတယ်၊
ဝေဒနာနဲ့ နှစ်ရက်တွေမှာငါ
ငိုစရာရင်ခွင် မရှိဘူး။

ဒီအပိုဒ်လေး မိုက်တယ်နော်။ ငိုစရာရင်ခွင်က ဘယ်ရှိမလဲ။ စင်္ကာပူရောက်နေတာကိုး။ ဟဲဟဲ။ စိတ်ဆိုးနဲ့နော်။ သဲက ကြော်ငြာပေးတာ။

MELODYMAUNG said...

အလွမ်းကဗျာလာဖတ်ဦး မလွမ်းစဖူးလွမ်းထားလို့ 
ဆိုပြီးကြော်ငြာပီးတော့
လာဖတ်ကြည့်တော့မှ လွမ်းပါဘူး အနမ်းလှေ ဆိုက်ဖို့ တင်ဒါခေါ်ထားတဲ့ ကဗျာကြီး ဟွန့်
အဟိ စတာပါ ဒီလိုဆိုတော့လဲ ဘယ်ဆိုးလို့လဲလို့ :P
ဒါနဲ့ ကွန့်မန့် ထဲက နှင်းပွင့် ပြောတဲ့ အပိုဒ်လေးက ပြင်လိုက်တာလားဟင်