Tuesday, December 11, 2007
ခောတ်ကအတင်းရေးခဲ့တဲ့ ငါ့ရဲ့ အတ္ထုပ္ပတ္တိ
နှင်းတွေကိုဝတ်စုံချုပ်ဝတ်ထားတဲ့
ခရစ္စမတ် ရာသီဟာ
အကြိမ် ၃၀ မြောက်သတိပေးဖို့ 
ငါ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီ။
ဖွင့်လျက်နဲ့ ပိတ်နေခဲ့တဲ့ကျောင်းတွေမှာ
ရှိလျက်နဲ အဖျောက်ခံထားရတဲ့ အိပ်မက်တွေကို ရှာဖွေရင်း
အချိန်တွေကို မီးရှို့ ပစ်ခဲ့လိုက်ရတဲ့ ဒေါင်းတစ်ကောင်ဟာ
ငါပဲဖြစ်တယ်။
ယူတိုးပီးယန်းအိပ်မက်တစ်ခုကို
မနိုင်မနင်းထမ်းပိုးရင်း
ရင်ဘတ်နှစ်ခုကို အကြိမ်ကြိမ်ချိုးခဲ့သူဟာလည်းငါပဲပေါ့။
ငါ့စိတ်နယ်မြေဟာ
ငါ့အိပ်မက်တွေနဲ့ အမေ့အိပ်မက်တွေ
အသေအကြေစစ်ခင်းကြတဲ့
ငြိမ်းချမ်းရေးမရသေးတဲ့ စစ်တလင်းတခုဖြစ်တယ်။
ငါဟာ အပြုံးငှက်ကလေး အမေ့မျက်နှာပေါ်မှာ ခိုနားတာမြင်ချင်သလို
ကျောင်းနားတဝိုက်လေပြေက ခွပ်ဒေါင်းအလံလေးကို ဖွဖွလေးနမ်းလိုက်တာ မြင်ချင်တဲ့သူပါ။
ဒါပေမယ့် ကျိန်စာသင့်ဒီရပ်ဝန်းမှာ
သုဝဏ္ဏသာမ ဖြစ်ချင်ရင်
ခွပ်ဒေါင်း ဖြစ်ခွင့်မရှိဘူး။
“ဗိုလ်အောင်ဆန်းလို သူရဲကောင်းမျိုးမွေးရမယ်”ဆိုတဲ့စကားကို
မိဘအများစုက
ဒဏ္ဍာရီထဲမှာထားခဲ့ကြပြီ။
ဒီလိုနဲ့ 
ဆန့် ကျင်ဘက်လိုဖြစ်သွားရတဲ့အိပ်မက်တွေက ကာရံထားတဲ့ နံရံတွေကြားမှာ
ငါဟာအကျဉ်းကျခဲ့ပေါ့။
ငါဟာ
ခေါင်းနှစ်လုံးနဲ့ မြွေတစ်ကောင်ဖြစ်တယ်။
အသည်းနှလုံး နှစ်ခုနဲ့ လူတစ်ယောက်ဖြစ်တယ်။
သြော်…ယုံကြည်ချက်နဲ့ သံယောဇဉ်တွေ
အပြန်အလှန်ကြိုးရှုပ်ကြတော့
ခုချိန်ထိအမေ့အတွက် နို့ တစက်ဖိုးတောင် မကျေနိုင်သေးသလို
တဘက်မှာကျပြန်တော့လည်း
ရန်သူကိုခွပ်မယ့် ငါ့ရဲ့  အတောင်ပံဟာ
ငါထင်သလောက်မသန်သေးဘူး။
ဧရာဝတီရေ....
မင်းကလည်း ပျောက်ဆုံးသွားတဲ့ မင်းရဲ့ ရင်သွေးတွေအတွက် မင်းရေစီးသံတိုးတိုးလေးနဲ့ မင်းဘာသာမင်းငို၊
ငါကလည်း အနှစ် ၃၀ လုံးလုံးမေးခိုင်နေခဲ့ရတဲ့ ငါ့ နှုတ်ခမ်းတွေကိုကိုက်ပြီး
ငါ့ကဗျာတွေနဲ့ ငါငိုမယ်။
ဧရာဝတီရေ….
ရက်စက်မှုတွေတသွင်သွင်စီးဆင်းနေတဲ့
ဆုပ်ကပ်မြစ်ကြီးထဲမှာ
မင်းလည်းရေနစ်နေပြီကော။
ခွင့်လွှတ်တော့ ဧရာဝတီ။
မင်းကိုဆယ်မယ့် ငါတို့ ရဲ့ လက်တွေ
မိစ္ဆာတွေလက်ချက်နဲ့ 
သွေးထွက်နေလို့ ပါ။
ဧရာဝတီ ရေ...
မင်းသွေးကြောထဲ အဆိပ်ခတ်တဲ့လက်တွေကို ဖြတ်ဖို့ 
ငါတို့ ခွပ်ဒေါင်းအတောင်ပံတွေကို
ဓားလိုထွက်အောင်သွေးနေတယ်။
ကောင်းကင်ကို
Subscribe to:
Post Comments (Atom)
12 comments:
ကိုကောင်းကင်လည်း ဒီဇင်ဘာမှာမွေးတာပဲပေါ့နော်။ မွေးနေ့က ဘယ်တော့လဲဟင်။ မုန့်လေးဘာလေးလည်း ကျွေးဦးပေါ့နော်။ သဲတို့ကလည်း ဆုတောင်းပေးမှာပေါ့။ ဂျပန်မလေးနဲ့တူတဲ့ ကောင်မလေးရပါစေလို့။
ခောတ်ကအတင်းရေးခဲ့တဲ့ ငါ့ရဲ့ အတ္ထုပ္ပတ္တိက တော်တော်ကောင်းပါတယ်။ ဖွင့်လျက်နဲ့ ပိတ်နေခဲံတဲ့ ကျောင်းတွေမှာ ရှိလျက်နဲ့ အဖျောက်ခံထားရတဲ့ ဒေါင်းတစ်ကောင်ဟာ ငါပဲဖြစ်တယ်။ ဆိုတဲ့ အပိုဒ်ကို အကြိုက်ဆုံးပဲ။ အဆင်ပြေပါစေ အကိုရေ
ဧရာဝတီရေ….
ရက်စက်မှုတွေတသွင်သွင်စီးဆင်းနေတဲ့
ဆုပ်ကပ်မြစ်ကြီးထဲမှာ
မင်းလည်းရေနစ်နေပြီကော။
ခေတ်ကအတင်းရေးခဲ့တဲ့ ဧရာဝတီရဲ့ အတ္ထုပ္ပတ္တိ
ဖွင့်လျက်နဲ့ ပိတ်နေခဲ့တဲ့ကျောင်းတွေမှာ
ရှိလျက်နဲ အဖျောက်ခံထားရတဲ့ အိပ်မက်တွေကို ရှာဖွေရင်း
အချိန်တွေကို မီးရှို့ ပစ်ခဲ့လိုက်ရတဲ့ ဒေါင်းတစ်ကောင်ဟာ
ငါပဲဖြစ်တယ်။
ဒီအပိုဒ်လေးကအကိုတို့ညီလေးတို့အားလုံးရဲ့ဘဝတွေကိုပီပီသသကြီးလှစ်ဟပြထားတာပဲနော်
ညီလေးရဲ့ကဗျာလေးကိုဖတ်ပြီးခံစားချက်တွေယူသွားပါတယ်
သိပ်လှတဲ့ ကဗျာတစ်ပုဒ်ပဲ..။ ကဗျာကလှပေမဲ့ အကြောင်းအရာ နောက်ခံ ခေတ်တခုလုံးကတော့ ကြေမွနေတယ်..
very very great poem!!!...bro....
အဆိပ်ခတ်တဲ့လက်တွေကို ဖြတ်ဖို့ 
ငါတို့ ခွပ်ဒေါင်းအတောင်ပံတွေကို
ဓားလိုထွက်အောင်သွေးနေတယ်ဆိုတာ အားမာန် အပြည့်ပါတယ်ဗျာ နှုတ်ခမ်းတွေကိုကိုက်ပြီးငါ့ကဗျာတွေနဲ့ ငါငိုနေတဲ့ အသည်းနှလုံး နှစ်ခုနဲ့ လူတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ရင်းအပြုံးငှက်ကလေး အမေ့မျက်နှာပေါ်မှာ ခိုနားတာမြင်ချင်သလို ကျောင်းနားတဝိုက်လေပြေက ခွပ်ဒေါင်းအလံလေးကို ဖွဖွလေးနမ်းလိုက်တာ မြင်ချင်တဲ့ဆန္ဒလေး မြန်မြန်ပြည့်နိုင်ပါစေလို့ ခရစ္စမတ် ရာသီရဲ့ အကြိမ် ၃၀ မြောက်မွေးနေ့ အတွက် ဆုတောင်းလေးအနေနဲ့ ဘယ်နေ့မှန်းမသိတဲ့ ကောင်းကင်ကိုရဲ့ မွေးနေ့အတွက် မှန်းပြီး ဆုတောင်းပေးလိုက်တယ်နော်
အကြိမ် ၃၀ မြောက် နတ်တော်မှာ မြူနှင်းပါးပါးထဲက အမေ့ရဲ့ အပြုံးတွေနဲ့အတူ ဧရာဝတီရဲ့ ရင်သွေးတွေကို ဆယ်ယူနိုင်တဲ့ ရင်ဝေးဌက်တစ်ကောင်ဖြစ်ပါစေလို့ ...
အခုတော့ ရင်ဝေးဌက်ပေါ့အစ်ကိုရေ ...။
တော်တော်ကောင်းတာပဲဗျာ၊အတွေးကောအရေးကော။
အကို့ ကဗျာတွေက တာရာမင်းဝေနဲ့ အပြိုင်ကို ဝေဆာလှပနေပါလား။
ဒီကဗျာကတော့ ဖတ်ပြီး စိတ်ညစ်မိခဲ့ရပါတယ်။
ဧရာဝတီ
တိုးဆီညည်းရှိုက်
ငါ့နားခိုက်လို့ ငိုခဲ့ပြီ
ဧရာဝတီအတွက် ကျိန်စာတွေ
၃၁နှစ်မြောက်မှာ ပြယ်ပါစေဗျာ..
အဆိပ်ခတ်တဲ့လက်တွေကို ဖြတ်ဖို့ 
ငါတို့ ခွပ်ဒေါင်းအတောင်ပံတွေကို
ဓားလိုထွက်အောင်သွေးနေတယ်
မိုက်တယ် အကိုရေ
တက်ကြွသွားတယ်.. ကြွတက်တာ ဟုတ်ဘူးနော်
အကို့ ကဗျာတွေကဖတ်လိုက်ရတိုင်း
အဘက်ဘက်ကကောင်းတယ်အပြစ်ဆိုစရာမရှိ။
နောက်ခံသမိုင်းတွေကိုတော်တော်လေးကြေကွဲပြီး
အားလဲတက်စေတယ်။
လေးစားပါတယ်အကိုကောင်းကင်ခင်ဗျာ။
Post a Comment