Tuesday, April 28, 2009

စု….လျား….ရစ်….ပတ်


စိတ်ဆိုတာ အသိုက်မဲ့တဲ့ ငှက်မို့ လား?
ဓလေ့ဆိုတာ တချက်လွှတ် အမိန့် မို့ လား?
ဘဝနှစ်ခု တွဲချည်လိုက်တဲ့ ကိစ္စမှာ
စာချုပ်ခြင်းက စတယ်။

ဦးနှောက်နဲ့ အချစ်ကိုချောင်း
အချစ်နဲ့ ဦးနှောက်ကိုပြန်ကျောင်းပြီး
ဘဝနဲ့ ရင်းလို့ လောင်းလိုက်တယ်။

ချစ်တဲ့သူကို တောင်းဖို့ 
လွတ်လပ်မှုတချို့လည်း ရောင်းလိုက်တယ်။

သူနဲ့ ကိုယ်နဲ့ ပေါင်းလို့ 
လူသားအသစ် တောင်းလိုက်မယ်။

ကောင်းကင်ကို

Tuesday, April 21, 2009

လူမိုက်လည်ပြန်


မြို့ စွန်
လယ်ကွင်းထဲက

တက္ကသိုလ်တောရနား

ငှားထားတဲ့ အသိုက်လေးမှာ

လက်မှတ်တခုကို အကိုးကွယ်လွန်သွားမိခိုက်

ကော်ဖီတခွက်ကိုအားထား

ကြက်တူရွေး ဘာဝနာ ပွါးများမိခဲ့တဲ့ညတွေက

ခုပြန်တွေးတော့ အလဟဿ။


မြူးကြ၊ အော်ကြ

မူးကြ၊ ပျော်ကြ

တခွက်မကျန်သောက်ခဲ့ကြတဲ့ည

မျက်မှန်ပျောက်ခဲ့ရတဲ့ညကမှ

ရင်ဘတ် တချို့ ရခဲ့သေးတယ်။


ကောင်းကင်ကို

Thursday, April 16, 2009

ပြိုင်တူလင်းတဲ့ကောင်းကင် (အမှတ်တရ ကဗျာစု) (ကဗျာဆရာများ စုပေါင်း ရေးသားသည်)

ကဗျာဆရာဆရာမတွေစုပေါင်းပြီး အမှတ်တရ ရေးသားထားကြတဲ့ - ပြိုင်တူလင်းတဲ့ကောင်းကင် - သင်္ကြန်အမှတ်တရ ကဗျာစု pdf စာအုပ်ပါ။ ဒီမှာ donwload လုပ်လို့ ရပါတယ်။ ကျွန်တော်ရေးတဲ့ကဗျာကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

ပါရမီမြောက်တဲ့ ဝဋ်ကြွေး

အကြောင်းမသိဘူး ဆိုပြီး တချို့ က သနားချင်သနားမယ်။

ခေါင်းမရှိဘူး ဆိုပြီး တချို့ က ဟားချင်ဟားမယ်။


ကိုယ့် အိပ်မက်မြို့ လယ်ခေါင်မှာ

ကိုယ့်ရုပ်တုကိုယ်ပြန်ကိုးကွယ်ချင်နေတဲ့ကောင်ဟာ

ကိုယ့်ကိုယ်ကို သနားလွန်းလို့ 

ကိုယ့်ကိုယ်ကို မသနားတော့ဘူး။


ဘာကိုမှ မစတေးပဲနဲ့ 

ဘယ်သူတွေ သမိုင်းရေးဖူးလို့ လဲ။


အသိုင်းအဝိုင်းကတော့

လူအုပ်ကြီးအတိုင်းတွေး

ပုံမမှန်တဲ့ ပုံမှန်လမ်းအတိုင်းပြေးဖို့ 

အဝါကတ် ပြ သတိပေးနေပြီ။


ဒီလို…

ပေးဆပ်ခြင်းနဲ့  လမ်းဖောက်ခ

မီးခိုးကြွက်လျှောက် ဒုက္ခတွေကို

ဝဋ်ကြွေးတွေလို့ ပြောဦးမလား။


ဝဋ်ကြွေးဆိုတာ ဘုရားသခင်အလိုတော်လို

လွန်ဆန်လို့ မရဘူး ဆိုရင်တောင်မှ

ဒါတွေဟာ

အလဟဿ ဝဋ်ကြွေး သန်းပေါင်းများစွာ ထဲက

ဝဋ်ကောင် တစ်ထောင်မှာ တကောင်တောင်ဖွားခဲတဲ့

ပါရမီ မြောက်တဲ့ ဝဋ်ကြွေး။


ကောင်းကင်ကို


ကဗျာစာအုပ် ဒေါင်းလုဒ်လုပ်ရန် esnips

Monday, April 6, 2009

God ခဏဖြစ်သွားခိုက်

(ကိုရင်နော်ကြီးရဲ့ တိုက်တွန်းချက်အရ မဖတ်ရသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ထပ်မံ ဆားချက် လိုက်ပါတယ် ။)

Customer is God တဲ့။ အခု ကျွန်တော် မြန်မာပြည်ရဲ့ Cyber Cafe တစ်ခုထဲမှာ အင်တာနက် သုံးနေတယ်။Google က အလကား ပေးထားတဲ့ service တစ်ခုကို သုံးနေတယ်။ ဒါဆို အခု ကျွန်တော် Cyber Café လေးရဲ့ God။Google ရဲ့ God ။ အံမယ်God မှ နှစ်ထပ်ကွမ်း God တောင် ဖြစ်လို့ပါလား။ တယ်ဟုတ်တဲ့ ငါပါလား။

အခု ဟောဒီ့ God လက်ဆယ်ချောင်းနဲ့ အံသြဖွယ်ရာ ပဉ္စလက် ကို ဖန်တီးနေတယ်။ စင်ကာပူက သူငယ်ချင်း တွေကို မြန်မာပြည်ထဲကနေ Gtalk ကနေ လှမ်း စကားပြောနေတယ်။ email တွေလှမ်းပို့နေတယ်။Google က အလကားပေးထားတဲ့ အတောင်ပံနဲ့ ကမ္ဘာတစ်ပတ်ပျံနေတယ်။ slow motion နဲ့ ပျံနေတယ်။ (မြန်မာပြည်မှာ အင်တာနက်သုံးရတာသိပ်နှေးတာကိုး။) ဘာပဲဖြစ်ဖြစ်လေ၊ God ကျေနပ်ပါတယ်။
ကမ္ဘာပြားပြီဆိုတာ တကယ် မှန်တာပဲ။ ဒီ အင်တာနက်ခေတ်ကြီးထဲမှာ ဘယ် မှာနေနေ အခွင့်အရေးက အတူတူပဲ။ တစ်ယောက် နဲ့တစ်ယောက် ဆက်သွယ်ဖို့ လွယ်လွယ်လေး ဆိုတာကို ကိုယ်တွေ့ကြုံလို့ ယုံသွားပြီ။ အရာရာကို ဖန်တီးနိုင်တယ်ဆိုတဲ့ ကျေနပ်မှု အရသာကို ပျော်ပျော်ကြီးခံစားနေရပြီ။ ဒီလိုနဲ့ ပျော်ပျော်ကြီး ကမ္ဘာတစ်ပတ်ပတ်နေတုန်းမှာပဲမီးက ရုတ်တရက်ပျက်သွားတယ်။ UPS ကမနိုင်ဘူးဗျာ။ ကွန်ပျူတာပိတ်သွားတော့တာပေါ့။ မီးကလဲ၊ ပျက်မှာဖြင့် ပြတ်ပြတ်သားသားပျက်ရောပေါ့။ ခုတော့မဟုတ်ဘူး။ God ဆိုင်ထဲက မထွက်ခင် မှာပဲ မီးကပြန်လာတယ်။ ဒါနဲ့ ပဲ God ကွန်ပျူတာ ပြန်ဖွင့်ပြီးGod ရဲ့ account ထဲပြန်ဝင်ရောဆိုပါတော့။ ခုနစ်မိနစ်လောက်ကြာတယ်။ ဒီလိုနဲ့  Gtalk ပြန်တက်ရုံပဲ ရှိသေးတယ်။ သောက်မီး ကထပ်ပျက်ပြန်ရော။ တောက်…EPC ကလူတွေကလဲ ဆော့စရာတော်တော်ရှားတယ်ထင်တယ်။ ဒီလောက်တောင်ဆော့ချင်နေလဲ…တောက်... ပြောလိုက်ရရင်မကောင်းဘူး။ UPS ကမနိုင်တော့ Computer က ထပ်ပိတ်သွားတော့တာပေါ့။ God တော်တော် စိတ်တိုသွားတယ်။ ကျေနပ်တဲ့ အရသာတွေ ဘယ်ပျောက်သွားမှန်း မသိဘူး။ စိတ်တိုတိုနဲ့ပဲ ကွန်ပျူတာဆီကနေ ခွာလိုက်တယ်။ ကမ္ဘာကလဲ နာရီဝက်လောက်ပဲ ပြားနိုင်တော့ တယ်။“စင်္ကာပူကအကောင်တွေ၊ မင်းတို့ဘာသာ မင်းတို့ ဆက်ပြားကြတော့၊ ငါကတော့ ပြန် လုံးပြီ” လို့ စိတ်ထဲကနေ ပြောလိုက်တယ်။ ပိုက်ဆံရှင်းတော့ ဆိုင်က အဲဒီလို ဖြစ်တာ သိသိကြီးနဲ့ နာရီဝက်စာ အပြည့် ယူတယ်။Google ကို ပိုက်ဆံမပေးခဲ့ရတဲ့God ခုတော့ ဘာမှသိပ်မလုပ်လိုက်ရပဲ Cyber Cafe ကို နာရီဝက်စာ အင်တာနက်သုံးခ အောင့်သက် သက်နဲ့ ပေးလိုက်ရပြီ။God တော်တော်စိတ် တိုသွားပြီးတော့ နောက်ဒီဆိုင်ကို ဘယ်တော့မှ မလာဖို့ ချက်ခြင်းဆုံးဖြတ်လိုက်တယ်။

Cyber Café ကနေစိတ်တိုတိုနဲ့ ထွက်လာပြီးတော့ God စာအုပ်ဆိုင်တဆိုင် ကိုဝင်လိုက်တယ်။ God က English သိပ်မကောင်းဘူး။ Vocabulary သိပ်မကြွယ်ဘူးဗျာ။ God “မသိမဖြစ်ဝေါဟာရများ” ဆိုတဲ့စာအုပ်တအုပ်တွေ့ တယ်။ အသုံးများတဲ့ English စကားလုံးတွေစုပေးထားတာလို့ God ထင်တယ်။ God လည်းစိတ်ဝင်စားသွားပြီးတော့ ပထမဆုံး စာမျက်နှာကို လှန်ကြည့်လိုက်တာပေါ့။ တွေ့ ပါပြီဗျာ။ မသိမဖြစ်စကားလုံးတွေ။ “တို့ တာဝန် အရေးသုံးပါး”တဲ့။ “ပြည်သူ့ သဘောထားတဲ့”။ တော်ပြီ၊တော်ပြီ၊ဒီစကားလုံးတွေကတော့ ကြားရတာများလွန်းလို့ လူမပြောနဲ့ ၊အိမ်ကရွှေဝါတောင်အလွတ်ရနေပြီ။ God ဘာစာအုပ်မှ မဝယ်ပဲ စာအုပ်ဆိုင်ထဲကနေ ချာကနဲလှည့်ထွက်ခဲ့တယ်။ God ကို စိတ်တိုရန်ကောလို့ အပြစ်မတင်နဲ့ ။ God က Cyber Café ကထွက်လာကတည်းက ကျွဲမြီးတိုလာတာ။ စာအုပ်တိုင်းမှာ အဲဒါတွေမထည့်မနေရဆိုတာတွေ ဘာတွေ တွေးမနေနိုင်တော့ဘူး။

ဒီလိုနဲ့ စိတ်တိုတိုနဲ့ စာအုပ်ဆိုင် ထဲကနေ ထွက်လာပြီးတော့ လ္ဘက်ရည်ဆိုင် တစ်ဆိုင်ထဲကို ၀င်ထိုင်လိုက်တယ်။ God ကိုတော်တော်ဂရုစိုက်ကြတာပဲ။ ဘယ်သူက မှ ဘာမှ လာမမေးကြဘူး။ Godကို အရှင်လတ်လတ်ကြီး မြင်နေတာတောင် ဒင်းတို့ က အဖက်မလုပ်ကြဘူး။ စားပွဲထိုးတစ်ယောက်ကို တော် တော် ခေါ်ယူရတယ်။God လည်း ကွေကာ ပလိန်းတစ်ခွက် မှာလိုက်တယ်။ စားပွဲထိုးလာချ တော့ ကော်ဖီမစ်(စ်)ပလိန်း။ ဒါနဲ့ ပြန်လဲခိုင်း လိုက်ရတယ်။ ပြန်လဲပြီးတော့လည်း ဖျော်စရာ ရေနွေးခွက်က ပါမလာပြန်ဘူး။ God က လည်း God ဆိုပေမယ့် တကယ့် God အစစ် မဟုတ်တော့ ရေနွေးမပါဘဲနဲ့ ကွေကာအထုပ် ချည်းပဲသက်သက် ဖျော်သောက်နိုင်တဲ့ နည်းစနစ် ကို မဖန်တီးနိုင်ဘူး။ ဒါနဲ့ ရေနွေးမှာရင်း ခံတွင်းချဉ်လာတာနဲ့ ငါးသုံးလုံး စီးကရက်တစ်ပွဲ ပါ မှာလိုက်တယ်။ လာချတော့ လန်ဒန်။ အလိုက်တသိနဲ့ မီးခြစ်လည်း ယူမလာပြန်ဘူး။ စားပွဲထိုးတွေက အလုပ်ကို တော်တော်စိတ်ဝင်စားတာပဲ။ ဒါနဲ့  God သူတို့ ကို လခ ဘယ်လောက်ရလဲစပ်စုကြည့် တော့ ၆၀၀၀ တဲ့။ တစ်လကို ၅ ဒေါ်လာ ကြီးများတောင်မှ။ တော်တော်အလုပ်ကြိုးစားချင်စရာကောင်းတဲ့ လခပဲ။ ဆိုင်ရှင်ကလည်း management ညံ့လိုက်တာ။ God တွေကို ဂရုမစိုက်ဘူး။God တွေကလည်း God တွေပဲ။ တစ်ခါတလေ တချို့ God တွေက လ္ဘက်ရည်တစ်ခွက်ပဲမှာပြီးတနေကုန်ထိုင် လေ ကန်ချင် လေကန်ကြတာ။God ရဲ့သူငယ်ချင်း တချို့  God တွေဆို လ္ဘက်ရည်လေးတစ်ခွက် ကိုယ်စီမှာပြီး ကမ္ဘာကြီးကို ဟိုလိုဖန်တီးပစ်မယ်၊ ဒီလိုဖန်တီးပစ်မယ် ဆိုတဲ့စကားတွေကို အာပေါင် အာရင်းသန်သန်နဲ့ ဝေဖန်လေကန်နေလိုက်ကြတာ တစ်ခါတလေ ၃ နာရီ၊ ၄ နာရီ လောက်ကြာ တယ်။ ဒါပေမယ့် သူတို့ကို ၀န်ဆောင်မှု ကောင်းကောင်းမပေးရင် မကြည်ဘူး။ ရေနွေးအိုး အသစ်လဲမပေးရင် မကြိုက်ဘူး။ အားလုံးချုပ်ပြီး တွေးကြည့်လိုက်တော့ လ္ဘက်ရည်ဆိုင်ဆိုတာ မလှမပနဲ့ ညီနေတဲ့ သုံးနားညီတြိဂံတစ်ခုပဲ။ ဘယ် “အနား” က စပြင်သင့်သလဲတော့ မသိ ဘူး။ ဟိုတွေး၊ ဒီတွေး လျှောက်တွေးရင်း စိတ်ညစ်လာတာနဲ့ God လည်း ပိုက်ဆံ မြန်မြန်ရှင်း၊ ပါးစပ်ကို တစ်ရှူးနီနီကြီးနဲ့သုပ်ပြီး လ္ဘက်ရည်ဆိုင်က မြန်မြန်ထလာခဲ့တယ်။ အိမ် ပြန်ဖို့ ဘတ်(စ်)ကား ဂိတ်ကို သွားရတာပေါ့။

ဒီလိုနဲ့ ဘတ်(စ်)ကားလဲ လာ ရော၊ God တွေ အများကြီး ကားပေါ်တိုးကြိတ် တက်ရတယ်။ လူစပါယ်ယာက God တွေကို ကားအတွင်းထဲ အတင်းတိုးခိုင်းနေတယ်။ ဆဲဆို နေတယ်။ God တွေက လူစပါယ်ယာကို ပြန် ကြောက်နေရတယ်။ တချို့  God တွေလည်း ကိုယ့်ဒေါသကိုယ် မထိန်းနိုင်ပဲ လူစပါယ်ယာ တွေနဲ့ ဖက်ပြိုင်ပြီး ရန်ဖြစ်နေကြတယ်။God တွေခမျာ ဆင်းရင်လည်း God နဲ့တူအောင် မဆင်းရဘူး။ တစ်ခါတလေ လူစပါယ်ယာက တွန်းချတာခံရတယ်။ God ရဲ့အမေဆို တစ်ခါ သူခြေထောက်နာနေတုန်း လူစပါယ်ယာက တွန်း ချတာခံရလို့ နောက်ဘယ်တော့မှ ဘတ်(စ်)ကား မစီးတော့ဘူး။ ဒီတော့ အိမ်ကနေခွာလို့ မရ တော့ဘူးပေါ့။ ကိုယ်ပိုင်ကားမှ မရှိတာ။God အမေ God မကြီး ခြေထောက်ကျိုးသလို ဖြစ်သွားတာပေါ့။

ဒီလိုနဲ့  God လည်း အိမ်ပြန်ရောက် လာရောဆိုပါတော့။ စိတ်မောတာနဲ့ ရေသန့် တစ်ခွက်သောက်လိုက်တယ်။ ရေသန့်လို့သာ ပြောရတယ်။ တကယ်သန့်၊ မသန့်တော့ မသိ ဘူး။ ရေသန့်တွန်းလှည်းနဲ့ လာပို့တဲ့သူတွေက uniform လည်းဝတ်မထားဘူး။ နောက်ပြီး ရေသန့်ဗူး တံဆိပ်က တစ်ခါကို တစ်မျိုး။ ဗူးပေါ်က တံဆိပ်နဲ့ ပလတ်စတစ်ပတ်ပေါ်က တံဆိပ်ကလည်း တူချင်မှ တူတာ။ တစ်ခါတလေဆို ရေသန့်ဗူး တွေက မြင်မကောင်းလောက်အောင်ကို မည်း သည်းညစ်ပတ်နေသေးတယ်။ မတတ်နိုင်ဘူး။ ရေကျက်အေး ကျိုသောက်ဖို့ကလည်း မီးမှမလာပဲ။ သန့်သန့်၊ မသန့်သန့် ဒါပဲ သောက်ရမှာပဲ။ ညစ်ပတ်တာကို ကိုယ့်မျက်စေ့နဲ့ တပ်အပ်မမြင်ရရင်ပြီးတာပဲ။ ရောဂါပိုးတွေကို အကောင်လိုက် ရေထဲမှာ မမြင်ရရင် ပြီးတာပဲ။

ဒီလိုနဲ့ ညရောက်လာတော့ တစ်နေကုန် မောသမျှကို ဖြေဖျောက်ဖို့ သူငယ်ချင်းတစ်ယောက် ကိုခေါ်ပြီး စားသောက်ဆိုင်တစ်ဆိုင်ထဲကို ရောက် လာတယ်။ အဲဒီမှာလည်း စားပွဲထိုးတွေနဲ့ သိပ်အဆင်မပြေပါဘူးဗျာ။ စိတ်ညစ်တယ်ဗျာ။ တစ်နေကုန် God သာ ဖြစ်နေရတယ်။God ဖြစ်ခြင်းရဲ့ အရသာစစ်စစ်ကို ခုထိ မခံစားရ သေးဘူး။ ခုချိန်ထိ ကိုယ့်ကို လေးလေးစားစား ဆက်ဆံပြီး ရောင်းမယ့်သူ၊ ၀န်ဆောင်မှုပေးမယ့်သူတွေ မတွေ့ သေးဘူး။

ဒါပေမယ့် နောက်ဆုံးတော့ အဲဒီအခိုက် အတန့်ကို ရောက်လာတယ်။God တကယ် ဖြစ်မယ့် အခိုက်အတန့်ကို ရောက်လာတယ်။ ကောင်မလေး ချောချောလေးတွေများ ရေမွှေးတွေ၊ ခေါင်းလိမ်းဆီတွေ၊ စီးကရက်တွေကို marketing များ လာလုပ်ဦးမလားလို့ မျှော်နေတုန်းမှာပေါ့။ စာလေးခွေ ရောင်းတဲ့ အဘွားကြီးတစ်ယောက် ရောက်လာတယ်။ “အားပေးကြပါ၊ သားတို့ရယ်၊ ရှိခိုးဆိုရင် ရှိခိုးပါ့မယ်” တဲ့။ ကြည့်စမ်း။ လူတွေအဲဒီလောက်တောင်ဆင်းရဲ ကြပ်တည်းလာပြီလား။ စာလေးခွေလေး ၁၀၀ ဖိုးရောင်းရဖို့ အရေး ကိုယ့်ကို ရှိခိုးပြီး ရောင်းမယ့်သူ ပေါ်လာပြီ။ကျွန်တော် God တကယ်ဖြစ်ပြီ။
ဒါပေမယ့် ကျွန်တော် မပျော်နိုင်ဘူးဗျာ။God ဖြစ်ခြင်းရဲ့ အရသာကို မခံစားရရင်လည်း နေပါစေတော့။ အဲဒီလို God မျိုးတော့ မဖြစ် ချင်ပါဘူးဗျာ။ ။

ကောင်းကင်ကို

(၂၀၀၆ ခုနှစ် ဒီဇင်ဘာ က ရန်ကုန်တွင်ရေးခဲ့ပါသည်။)

Thursday, April 2, 2009

ဒုတိယအကြိမ်

ကိုရင်နော်နဲ့ ခင်လေးက Tag လိုက်လို့ ဘလော့ရေးခါစ က တင်ခဲ့တဲ့၊ ခဏလေးပဲ အပေါ်ဆုံးမှာ နေလိုက်ရတဲ့ ကဗျာလေးကို ပြန်တင်လိုက်ပါတယ်။ ဘန်နာ စာသားက အဲဒီ့ကဗျာက ယူထားတာပါ။ ကဗျာချစ်သူအားလုံးကို ရည်ညွန်းထားတဲ့ ကဗျာလေးပါ။

ကဗျာချစ်သူ

ငါဟာ ကဗျာလမင်း
ညကိုချစ်လို့ သာတာ။
ငါ့ နဂိုအစစ်မို့ ဝါတာ။

ငါဟာ ကောင်းကင်
အမြင့် တက်ချင်စိတ်နဲ့ ငါနေတာ။
ရင့် ကျက်ချင်စိတ်နဲ့ ပြာနေတာ။

ငါဟာ ကဗျာသီချင်းသီချင်တဲ့ 
မဟာ နှင်းဆီတပွင့် ။
ဥယျာဉ်မှာ မွှေးပျံ့ စေဖို့ အတွက်
အနုပညာပေးဖြန့် ဝေဖို့ ဟာ
ပန်းပွင့် တိုင်းရဲ့ အလုပ်။

ငါ့ ကဗျာသီချင်းသစ်တွေ
ကမ္ဘာ့ သတင်းဖြစ်စေရမယ်။

လေပြင်းတွေလာခြွေလို့ 
သေမင်းဆီငါကြွေသွားရင်တောင်
ကဗျာတွေကိုစုပ်ခဲ့ တဲ့ နှုတ်ခမ်းနဲ့ 
ကမ္ဘာမြေကိုနှုတ်ဆက်နမ်းခဲ့ မယ်။

ကောင်းကင်ကို

Tuesday, March 31, 2009

ကဗျာစာအုပ် ထုတ်မလို့ 

ကျနော့် ကဗျာတွေကို ဖတ်လေ့ရှိတဲ့ မိတ်ဆွေ တယောက်က ကဗျာစာအုပ် ထုတ်ပေးမယ် ဆိုလို့ ကဗျာစာအုပ် ထုတ်ဖို့ ကျနော် စီစဉ်နေပါတယ်။ size ကတော့ A4 စာရွက်ရဲ့  တဝက်လောက်ပါ။ စာရွက် ကောင်းကောင်း သုံးဖို့ စဉ်းစားထားပါတယ်။ ကဗျာစာအုပ်အတွက် အတွင်း သရုပ်ဖော်ပန်းချီပုံ တွေတော့ မထည့်ဘူးလို့  စဉ်းစားထားပါတယ်း။ ကဗျာ အပုဒ်လေးဆယ်လောက် ထည့်ဖို့ စိတ်ကူးထားပါတယ်။ အစ်မ တယောက် ကလည်း ကဗျာ ဆယ့်တစ်ပုဒ် ရွေးပေးထားပါတယ်။ ကြယ်တွေပြိုင်တူလင်းဖို့  လိုတယ်၊ မွေးရပ်မြေရဲ့  အကြောင်း၊ ကျွန်၊ ကမ္ဘာ၊ အငိုဒုက္ခ တိုင်းပြည်၊ ငါဖန်ဆင်းမယ့် နိုင်ငံ၊ ကဗျာချစ်သူ ဆိုတဲ့ ကဗျာတွေကိုတော့ ထည့်ဖြစ်အောင် ထည့်မှာပါ။ အချစ်ကဗျာ တွေလည်း ထည့်ဖို့  စဉ်းစားထားပါတယ်။ ကဗျာရွေးတဲ့ ကိစ္စ၊ ဖြန့်ချီရေး ကိစ္စနဲ့  တခြားလိုအပ်မယ် ထင်တဲ့ အကြံဥာဏ်တွေ၊ ထင်မြင်ချက်တွေ ကွန်မန့်  မှာ ပေးသွားကြပါနော်။

Saturday, March 28, 2009

တချို့ လမ်း

ဒြပ်မဲ့ ဆံကေသာမှာ
လျှပ်တစ်လက်စာ ပန်ခွင့်ရဖို့ 
‘ကတ္တီပါလက်’ထိပ် ‘ဖန်’ရှသလို
တီကောင် ကြက်အဆိတ် ခံရသလို
အလူးအလဲ
ငရဲ။

ကောင်းကင်ကို

Wednesday, March 25, 2009

ဂုဏ်ပုဒ်

အဝေးကွင်းမှာတော့ ဘုရင်
အိမ်ကွင်းကို ပြန်မကန်ရဲတဲ့ သူဖုန်းစား
ခေါက်ဆွဲလေး မစို့ မပို့  စားနေကြတဲ့
နောက်တန်းက တိုက်စစ်မှူးများ။

ကောင်းကင်ကို

Sunday, March 22, 2009

မညီမျှခြင်း

ခေတ် သမုဒ္ဒရာမှာ
နစ်မြုပ်တာခြင်း အတူတူတောင်
သူတို့မှာတော့ မေခလာတွေရှိ
ကိုယ့်မှာတော့ ဝေဒနာတွေပိ ။

ပျိုရွယ်တဲ့ အပင်တွေကို အငြိုးနဲ့ မွှေရမ်း
လေကြမ်းက တဖြည်းဖြည်းနဲ့ ရင့်
လွင့်ခဲ့ရတာခြင်းအတူတူတောင်
တစ်ချို့ ကတော့ မိုးတိမ်တွေလို ဝေဟင်မှာ ပျံနေကြပြီ။
ကိုယ့်ကျတော့ ရွက်ကြွေတွေလို မြေပြင်မှာ ခံနေရသည်။

အဆိုးပဲရောက်ရောက်လာလို့ 

တမိုးတည်းအောက်မှာ
မျက်ရည်ချောင်း ဖောက်လိုက်တာခြင်း အတူတူတောင်
သူတို့ က မုတ်ကောင်လေးတွေ
သူတို့ ငိုသမျှ ပုလဲတွေရသည်။
ကိုယ့်ကျမှ လွဲနေရသည်။

ကောင်းကင်ကို

Tuesday, March 17, 2009

သုံးဆယ့်နှစ်ခုမြောက်ဘုံ က ရေစက်ချပွဲ

အဲဒီ့ဘုံမှာ

ဘုံသားတစုက

အကုသိုလ် အလုံးအရင်းကို

ရောက်ရာ အရပ်က ကြုံသလို့ ဆဲဖို့ 

အမျှ ဝေတယ်။


ရင်ထဲအထိအောင် အမှောင်ချပြီး

ဖယောင်းစက်တွေ ချနေတယ်။


ကောင်းကင်ကို

Tuesday, March 10, 2009

ဘာမြူဒါ

နှုတ်ခမ်းကြွက်သားလေးတွေ အက၊

'ပန်း'ဆက်တံခါးလေး အဟမှာ

အလွန်ဆုံးကျယ်လှ တလက်မ ပေါ့။

ဒါပေမယ့်

နှင်းဆီနဲ့ တူတဲ့ အပေါက်

ပုရိသတွေ ပြုတ်ပြုတ်ကျတတ်တဲ့ ချောက်ဟာ

စူပါမင်းတစ်ယောက်ကိုတောင်

ခြေထောက်ဆွဲထားနိုင်တယ်။


ကောင်းကင်ကို

Friday, March 6, 2009

အလုပ်ကြီး အကိုင်ကြီး


အဟောင်းဖော်ကြ ၊လှန်ကြနဲ့ ...

ကျောင်းတော်က ရန်စ
အကြောင်းပေါ်က ပြန်ချမယ်ဟေ့။

ကောင်းကင်ကို

Wednesday, March 4, 2009

အရည်အချင်း

ကိုယ့်အကျိုးကိုယ်ငြင်း

ကိုယ့်အမျိုးကိုယ်ညှဉ်း

ကိုယ့်ပုဆိုးကိုယ်နင်း

ကိုယ့်ဂိုးကိုယ်သွင်း

တို့ အရည်အချင်း။

ကောင်းကင်ကို

Saturday, February 28, 2009

ဝေရင်းနဲ့ ကြွေ


တစ်ချို့နေရာလေးတွေမှာ ဆင်တူယိုးမှားနဲ့ 

သဏ္ဍာန်တွေ မျိုးစုံကွဲပြား

နှလုံးသားတွေရဲ့ အပေါ်ဆုံးအထပ်မှာ ပင့်ထားကြလည်း

စုံအကန်းတွေရဲ့ အလုံခန်းတွေထဲမှာ

အပူသတ်တရားတွေက လူသတ်ဓားတွေလောက်မစွမ်း

လူလူချင်း မမြင်နိုင်လောက်အောင်ကို ကန်းနေသေးတော့

ဘုရားတွေဟာ part time ပဲ အာဏာရ

တန်ခိုးအရှိန်အဝါတွေ လျှောကျသွားတော့တယ်၊

အပူတွေနဲ့ ကစားနေတဲ့

လူတွေရဲ့ နားမှာ

တရားဆိုတဲ့ တူရိယာကို

တီးရင်းအသံဝင်သွားတဲ့

စည်းမျဉ်းခံ ဘုရင်များအဖြစ်...


ကောင်းကင်ကို

Monday, February 23, 2009

လူငယ်

ညီငယ် မိုးစက်နှင်းဆီ(စိတ်စမ်းရေ) က တောင်းဆို့ လို့ လူငယ်အကြောင်းကဗျာလေး ရေးလိုက်တာပါ။

လူငယ်

ကြယ်တွေအချင်းချင်း မိုးပေါ်မှာဆုံဖို့ 

စိတ်ဆိုတဲ့ အတောင်ပံတွေနဲ့ 

အပြင်းပျံနေတာ လူငယ်။

သူတို့ အတွင်းသဏ္ဍာန်တွေဟာ ဖြူတယ်။


အရွယ်စုံ ကြယ်အုပ် လေးမှာ

ငယ်ဂုဏ် ငယ်ရုပ်လေးတွေနဲ့ 

အများချစ်မယ့် ပီယဆေးတွေရှိတယ်

စတားဖြစ်မယ့် ဗီဇလေးတွေ ရှိတယ်။


နှစ်တွေ ဘယ်လောက်ခြားခြား

ဆဌမအာရုံဆိုတဲ့ နားနဲ့ 

သမိုင်းဆီက အမွေခံ

ဒါ သူတို့ ကိုညှို့ နေကျ ပုလွေသံပေါ့

ရာဇဝင်ဇာတ်အိမ်တိုင်းရဲ့ မင်းသား

မီးတောက် အပြင်းစားတွေ

ရင်ခွဲပေးလိုက်တဲ့ ဝင်းတံခါးဆီ

အတင်းတိုးလို့ လျှောက်ကာနင်းသွား

မင်းဆိုးတို့ ကျောက်ဖျာ တင်းသွားခဲ့ဖူးတယ်။


ဟော

ဟိုမှာ

လူငယ်ဆိုတဲ့ ရထား

ကမ္ဘာအနှံ့ က ကြိုးတန်းတွေပေါ်မှာ

စွန့် စွန့် စားစားသွားနေတယ်။


ဟော

ဟိုမှာ

လူငယ်ဆိုတဲ့ ကျား

လူငယ်စာကိုစားဖို့ 

အန္တရာယ်တွေနဲ့ ကစားနေတယ်။


ကောင်းကင်ကို

Tuesday, February 17, 2009

ကွက်လပ်ထဲမှာ

လူသန်းပေါင်းများစွာကို

လေးငါးစုတည်းခွဲပြီး

တန်ဖိုးဖြတ်မယ့်ကွက်လပ်

ကျွန်တော့် မျက်လုံးတွေရှေ့ မှာ မတ်တပ်ရပ်နေတယ်။


တကယ်တမ်းကျတော့

ကျွန်တော် ယူထားတဲ့နာမည်နဲ့ 

ခင်ဗျားယူထားတဲ့နာမည်

တူချင်လည်း တူလိမ့်မယ်။

ဒါပေမယ့်

လူတိုင်းလူတိုင်းဟာ

ဘယ်သူနဲ့ မှ မတူတဲ့ ညီမျှခြင်းတစ်ကြောင်း

အဖြစ်အပျက်တွေသာ တစ်စက်ပြီးတစ်စက် လောင်းထည့်ကြည့်လိုက်

ကွဲပြားတဲ့ အဇ္ဈတ္တတွေ ရာနဲ့ ချီပြီး ထွက်လာမယ်။


ဒီမယ်ဒီမယ်

သိုးအုပ်တိုင်းမှာတော့ သိုးမည်းတွေ ရှိကြမှာပဲ။

မျက်မှန်စိမ်းတပ်ပြီးရှာမယ်ဆိုရင်

စကြာင်္ဝဠာတစ်ခုလုံး သိမ်းကျုံးရိုက်နိုင်တဲ့ ဝါးလုံးရှည်ကိုတောင်

အလွယ်တကူရမှာပဲ။


ကျွန်တော့် ခေါင်းထဲမှာလည်း မီးလုံးတစ်လုံးရှိတယ်။

သူ့ ခေါင်းထဲမှာလည်း မီးလုံးတစ်လုံးရှိမယ်။

ကိုယ့်ခေါင်းထဲက မီးလုံးကို ကိုယ်အလင်းဆုံးထင်ကြတာပဲ။

ကိုယ့်မီးလုံးနဲ့ ကိုယ်လင်း၊

သူများမီးလုံးကိုတော့ လာမခွင်းကြေး။


ကိုယ်စီ ခြုံထားတဲ့ အရွက်တွေအောက်က

စိတ်ရင်းဆိုတဲ့ သစ်သီး

မမြင်ဖူးသေးပဲနဲ့ မဖြီးပါနဲ့ ။


ကျွန်တော်တို့ အားလုံး

ကိုယ့်ပေတံကို ကိုယ်စီကိုင်ရင်းက

ငြိမ်းချမ်းရေး သီချင်းကိုတိုင်

အပြစ်မဲ့သူချင်းဆိုရင်တော့ ရွေဘော်ထိုး နိုင်ရမယ်။


ကျွန်တော်ကတော့

ကာလာမသုတ်ကိုပဲ ခေါင်းထဲထည့်ထားတဲ့ကောင်၊

ဘယ်သူ့ ကိုမှတော့ မလှောင်ခဲ့ဘူး။


ကမ္ဘာဆိုတဲ့ ရွာထဲမှာ

ကိုယ့်တဲ ကိုယ်ထိုးရင်း

ကိုယ့်ဖဲကိုယ်ချိုး

ကိုယ့်အသည်း ကိုယ်ပျိုးမယ်။


အိုးတိုင်းက ဗီတာမင်တွေကို

ကျွန်တော်နှစ်သက်သလောက်စီ ကျင်မယ်။

ကြိုက်ရင်တော့ စမ်းသောက်ကြေး

မကြိုက်ရင်တော့ ယမ်းမဖောက်ကြေး။


ကျွန်တော်လား?

အကောင်းမြင်စိတ်ကို ပိုက်တစ်ချောင်းလုပ်

အဆီအနှစ်တွေကို နှလုံးသားနဲ့ လိုက်စုပ်မယ်။

တိမ်တစ်တိုက်လို့ သမုတ်ချင် သမုတ်တော့

ကိုယ့်ဘာသာကိုယ်တော့ ပျံနေတဲ့ငှက် လုပ်မယ်။


ကမ္ဘာကျယ်သလောက် မျက်လုံးတွေလိုက်ကျယ်ချင်တဲ့ကောင်မှာ

ငြိမ်းချမ်းရေး ငှက်တစ်ကောင်လည်း ရှိတယ်။

အဲဒီ့ ငှက်အလိုကျ

အချွန်အတက်တွေကိုလည်း မြိုချထားတယ်။


ကဲ ကဲ…

အတွေးတွေကို စီးကရက်လိုခဲ

မျက်လုံးတွေကို စာရွက်ပေါ်ဆီ ဝဲပြီးတော့

စောင့်နေတဲ့ ကွက်လပ်ထဲမှာ

နာမည်တွေ တွဲပြီး ထည့်ပစ်လိုက်တယ်။


ကောင်းကင်ကို

Monday, February 16, 2009

စကားပြေအဖြစ် ထပ်ပြီး အဖျက်ဆီးခံခဲ့းရတဲ့ ကျွန်တော့် နောက်ထပ် ကဗျာနှစ်ပုဒ်နဲ့  ကဗျာမျှဝေသူများအပေါ် ကျွန်တော့် ထင်မြင်ချက်

ပိုင်ရှင်မဲ့နေတဲ့ ကျွန်တော့် ကဗျာတွေစာတွေ အကြောင်းနဲ့ နောက်ထပ် အဖျက်ဆီးခံထားရတဲ့ ကဗျာနှစ်ပုဒ် အကြောင်းပါ။ စာတွေယူသုံးတာနဲ့ ပတ်သတ်ပြီး ကျွန်တော်တစ်ယောက်တည်းရဲ့သဘောထားကိုလည်း ပြောပြပါမယ်။့ ဘာတွေ ပြင်သင့်သလဲဆိုတဲ့ ကျွန်တော် တစ်ယောက်တည်းရဲ့ အမြင်ကိုလည်းပြောပါမယ်။

ကျွန်တော့် ကဗျာနှစ်ပုဒ်ကိုရောသမမွှေပြီး စကားပြေ အဖြစ် ဖျက်ဆီးထားတဲ့ ပို့ စ်တစ်ခု တွေ့ ပြန်ပါပြီ။ မူရင်းက ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာနဲ့ အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက် ဆိုတဲ့ ကဗျာလေးတွေပါ။

(ကျွန်တော့်ကို ပြန်လည်တောင်းပန်ပြီးလို့ ကျွန်တော် screenshot နဲ့ လင့်ခ်ကိုပါ ဖြုတ်လိုက်ပါတယ်။ တောင်းပန်လို့ အကြွင်းမဲ့လဲ့ ခွင့်လွှတ်ပါတယ်။ ဒီပို့ စ်ဆက်တင်ထားတာကတော့ ကျွန်တော့်သဘောထားတွေကို ပြောချင်လို့ ပါ။)

ကဗျာနှစ်ပုဒ်ကို ရောသမ မွှေပစ်လိုက်တော့ အဆက်အစပ်မဲ့ပြီး ကဗျာက ပျက်စီးသွားပါတယ်။ ပြီးတော့ ငါ ဆိုတဲ့ နေရာမှာ အစ်ကိုကြီးလို့ လည်း ပြောင်းပစ်ပါတယ်။ ညီငယ် ထည့်တဲ့ စာကြောင်း တစ်ကြောင်းပဲ ရှိပါတယ်။(ညီငယ်လို့ ပဲခေါ်လိုက်တယ်။ ကျွန်တော် ကိုယ့်အမှားကိုယ် ဝန်ခံတာကို လေးစားတယ်။ အောက်က တစ်ယောက်ဆို ကွန်မန့် ကို ပိတ်ပြီး ခပ်တည်တည်နဲ့ ဆက်တင်ထားတုန်းလေ။ စုဗူးက အက်ဒ်မင်တွေကို လည်းစာရေးပါသေးတယ်။ ဘာမှ မထူးခြားပါဘူး)

“တိတ်ဆိတ်လွန်းတဲ့ ညအမှောင်တွေကြားမှာ စိတ်ကူးတွေက ဂယောင်ခြောက်ခြားပေါ့”

အဲဒီ့ စာကြောင်းပါ။ ပို့ စ်မော်ဒန်မှာ အဲလို ဖြတ်ညှပ်ကပ် ရေးနည်းတော့ ရှိပါတယ်။ ကဗျာဆရာ အများကြီးရဲ့ ကဗျာတွေကို ဆက်ပြီးတော့ လည်း ကိုယ်တလုံးမှ မရေးပဲနဲ့ ဖြတ်ညှပ်ကပ် ကဗျာလုပ်လို့ တော့ ရပါတယ်။ ဒါဆိုလည်း ဘယ်နေရာက ဘယ်စာရေးစရာရဲ့ စကားလုံးဆိုတာ အတိအကျ ပြောရပါတယ်။ အဲလို ပို့ စ်မော်ဒန် နည်းနဲ့ တခြားလူ ဟာတွေ ယူသုံးတယ် ဆိုတာ ပြောရပါမယ်။ ခုဟာကတော့ ပျက်စီးသွားတာပဲရှိပါတယ်။

နောက်တစ်ခုက တစ်ချို့ က ထင်ကောင်းထင်ပါမယ်။ ကျွန်တော် သိပ်တွန့် တို တယ်လို့ ။ ကိုယ့်ကဗျာကြိုက်လို့ ကူးတာပဲလို့ ။ မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော် ဆုံးဖြတ်ထားတာ ရှိပါတယ်။ ဖျက်ဆီးပစ်တာရယ် သူတို့ မရေးပဲ သူတို့ နာမည် တပ်ပစ်တာရယ်ကို လုံးဝ လက်မခံနိုင်တာပါ။ ကဗျာ မျှဝေသူ အမျိုးမျိုးရှိပါတယ်။

(၁)တစ်အုပ်စုက ခွင့်တောင်းသည်ဖြစ်စေ၊ ခွင့်မတောင်းသည် ဖြစ်စေ နာမည်တပ်ပေးတာပါ။ သူတို့ ကို ကဗျာရှင်ဖြစ်တဲ့ ကျွန်တော်က အရမ်း ကျေးဇူးတင်ရမှာပါ။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ ကဗျာတွေများစွာ ရှိတဲ့ အထဲက ကိုယ့်ကဗျာကို မှ နှစ်သက်ပြီး အခမဲ့ ကြော်ငြာ ပေးတာနဲ့ အတူတူပါပဲ။

(၂) နောက်အုပ်စုက မေးလ်ထဲက ရလို့ ဖြစ်စေ တစ်ခြားတစ်နည်းနည်းနဲ့ ရလို့ ရေးသူ အမည်မသိတော့ပဲ တင်တာပါ။ ဒါပေမယ့် သူတို့ က ကိုယ်တိုင်ရေးမဟုတ်ကြောင်း အသိပေးထားပါတယ်။ မေးလ်ထဲက ရတာတို့ ၊Label မှာ from a site လို့ ရေးတာတို့ (သူတို့ အရင်ရက်တွေက ဖိုင်ကို saveလုပ် ပြီး မှ ဆိုဒ်နာမည်မမှတ်မိတော့လို့ ဖြစ်လိမ့်မယ်) ဒါကိုလည်း လက်ခံပါတယ်။ အနုပညာရှင်ဆိုတာ အနုပညာ ပြန့် ဖို့ အားပေးရမယ်လို့ ကျွန်တော်ယုံကြည်လို့ ပါ။ သိရင် သိတဲ့လူကတော့ ရေးသူ မူရင်း ဘယ်သူဆိုတာ ကွန်မန့် ပေးခဲ့ရပါမယ်။ ကိုယ်တိုင်လည်း သိခဲ့ရင် ပိုင်ရှင်ဖြစ်ကြောင်း ကွန်မန့် ပေးခဲ့ရမယ်လို့ ထင်ပါတယ်။ ကိုယ့်ကဗျာကိုရော ကိုယ့်ကဗျာကို နှစ်သက်တဲ့လူကိုပါ နှစ်မျိုးလုံးလေးစားရမယ် ထင်တယ်ဗျ။ အဲ သူများကဗျာကို အလွဲသုံးစားလုပ်ထားတာ တွေ့ ၇င်လည်း ထောက်ပြရပါမယ်။

(၃) နံပါတ်သုံးအုပ်စုကတော့ ကလောင်ရှင်နာမည်လည်း မတပ်၊ သူ့ နာမည်လည်း မတပ်၊ ဘယ်က ရတယ်ဆိုတာကိုလည်း ဖော်မပြထားတာပါ။ သူတို့ ထဲမှာလည်း လူအမျိုးမျိုး ရှိပါတယ်။ သူတို့ ကို လည်း အပြစ်တင်မစောခင် ကွန်မန့် တစ်ခု ကိုဖတ်ကြည့်ပါ။

ကျွန်တော် မနေ့ ကမှ လိုက်ရှာရင်း တွေ့ တာပါ။


ကို......

ကို ကောင်းကင်ကို ရေ... တောင်းပန်ပါရဲ့ဗျာ... အစ်ကို ကဗျာလေးတွေ ကို သူဖတ်လို့ရအောင် ကျွန်တော်က ကော်ပီ လုပ်ပြီး ပေးလိုက်တာဗျ.. အခုသူက သူ့အတွက် အသုံးတည့်သွားတယ်... လွန်တာရှိရင်တော့ ၀န္ဒာမိပါပဲဗျာ... စိတ်တော့ မဆိုးပါနဲ့.. အစ်ကို့နှလုံးသွေးနဲ့ အလှဆင်ထားတာလို့ပဲ ဂုဏ်ယူပေးပါဗျာ....

ညီမလေး ......

Tue, 09 Sep 2008 22:51:13

နင်ကလဲငါကမသိဘူးလေ နောက်ဆိုမတင်ရမဲ့ဟာဆိုတစ်ခါထဲကြိုပြော

အဲဒီ့ကပါ။သူ့ကို အပြစ်တင်ချင်တာ မဟုတ်ပါဘူး။ သူ့ရင်ထဲကို ဝင်ကြည့်တာပါ။ သူတို့ နဲ့ မိတ်ဆွေဖြစ်ချင်တာပါ။ ဟိုလူတွေနဲ့ အဲဒီ့ဘလော့က ကွန်မန့် ပိုင်ရှင်တွေက အဆင့်ချင်း ရိုးသားမှုခြင်း မတူပါဘူး။ ဒီကွန်မန့် ပိုင်ရှင်တွေဟာ သူတို့ ဘလော့ကို မှတ်စုစာအုပ်လို သဘောထားရင်း အမှတ်တမဲ့ ဘယ်ကရကြောင်းမဖော်ပြမိတာပါ။

အဲဒီ့တော့ လူတိုင်းကတော့ ခိုးတာမဟုတ်ပါ။ အများစုက ရိုးသားစွာ တင်တာပါ။ ဒီတော့ ကျွန်တော်တို့ ဝါးလုံးရှည်နဲ့ တော့ ရမ်းရိုက်လို့ မဖြစ်ပါဘူး။ ခိုးတာဆိုရင် ဖျက်ပစ်ကြမှာပါ။ လူသိတာနဲ့ ကွန်မန့် ပေးလိုက်တာနဲ့  ဖျက်ပစ်မှာပါ။ ဒီတော့ အဲဒီ့ထဲက တချို့ ဟာ ကျွန်တော်တို့ လေးစားရမယ့် ကိုယ့်ကဗျာကို နှစ်သက်တဲ့ ပရိသတ်လည်းဖြစ်တတ်ပါတယ်။

ကျွန်တော့် ကဗျာတွေ အဲလို ကလောင်နာမည်ကော ဘယ်ကရမှန်းပါ မပြောပဲ တင်ထားတဲ့ နိုင်ငံရေးဘလော့တွေလည်း တော်တော်များများတွေ့ ပါတယ်။ ကျွန်တော် သူတို့ ကို စွပ်စွဲချင်ခြင်း မဟုတ်ပါ။ အမှတ်မဲ့ ဖြစ်တတ်တဲ့ သဘောပါ ။

ဒါ ခုနက အပြန်အလှန် ကွန်မန့် လေး ဖတ်ပြီး သိလာတဲ့ အသိပါ။ အနုပညာရှင် တစ်ယောက်နဲ့ တစ်ယောက်တော့ အမြင်တူမှာ မဟုတ်ပါ။ ကျွန်တော် တစ်ယောက်တည်း အမြင်ဖြစ်ပါတယ်။ ကျန်တဲ့ အနုပညာရှင်တွေရဲ့ အမြင်ကိုလည်း ကျွန်တော် လိုချင်ပါတယ်ခင်ဗျာ။

နောက်တစ်ချက်နားလည်ပေးတာက သူတို့ ထဲက တစ်ချို့ ဟာ ပြည်တွင်းက လူတွေဖြစ်ချင်ဖြစ်မယ်။ အင်တာနက်ကို တစ်ခါ တစ်လေမှ သုံးတဲ့သူတွေ ဖြစ်မယ်။ အဲဒီ့တော့ အင်တာနက် ethics အကြောင်းလည်း မသိဘူး။ သုံးချိန်သိပ်မရတော့ သေချာ ဂရုတစိုက် မတင်နိုင်ဘူး။သူတို့ ဘလော့ကို သာမန် မှတ်စုစာအုပ်လို သဘောထားမိချင် ထားမိမယ်။ ကျွန်တော့် အနေနဲ့ တော့ ဟိုကဗျာ ဖျက်ဆီးပစ်လိုက်တဲ့ နှစ်ယောက်က (အပေါ်က ကွန်မန့် ပိုင်ရှင်နှစ်ယောက်မဟုတ်ပါဘူး။ ကဗျာကိုပြင်ပစ်ပြီး သူတို့ နာမည်တပ်လိုက်တဲ့ သူတွေပါ။)လွဲလို့ ဘယ်သူ့ ကိုမှ စိတ်မဆိုးတော့ပါ။ အဲဒီ့နှစ်ယောက်ထဲက ညီငယ်တစ်ယောက်ကိုလည်း ခွင့်လွှတ်ကြောင်းပြောပါရစေ။

ဒါပေမယ့် အနုပညာရှင်တွေဘက်ကတော့ သတိထားရမယ်။ တခြားလူ ကဗျာ တွေ ကလောင်နာမည် မပါပဲ တွေ့ ရင် စွပ်စွဲမှု မပါပဲ အသိပေးရမယ်။ ပြီးတော့ ကျွန်တော်တို့က စာဖတ်သူတွေ ၊ မျှဝေသူတွေ ကောင်းတဲ့အကျင့်ပါလာတဲ့ အထိ ညင်ညင်သာသာ ပညာလည်း ပေးနိုင်ရပါမယ်။

(၄) ယူပြီး ကိုယ့်နာမည် တပ်ပစ်တာဖြစ်စေ၊ ပြင်ပစ်တာ ဖြစ်စေ အဲဒါတွေကိုတော့ လုံးဝ ပြင်းပြင်းထန်ထန် ဆန့် ကျင်ပါတယ်။ ကျွန်တော့်ကဗျာတွေကို ဖျက်ဆီးပစ်တဲ့ နှစ်ယောက်မှာ Suboo က တစ်ယောက်က အဲဒီ့ ပို့ စ်တစ်ခုတည်းကို ရွေးပြီး ကွန်မန့် ပေးခွင့်ပိတ်ထားတာပါ။ ကျွန်တော့် ကွန်မန့် ပေးချင်လို့ register လုပ် sign in လုပ်ပြီး ၀င်ပေမယ့် တခြားပို့ စ်ကိုပဲ ကွန်မန့် ပေးခဲ့ရပါတယ်။ ေ

ကျွန်တော် အောက်မှာ ကျွန်တော့်ကဗျာ တွေပါတဲ့ (တစ်မနက်လုံး ရှာလို့ ရသမျှ )လင့်ခ်တွေ စာရင်းလုပ်ထားပါတယ်။ အောက်က ဟာက ကျွန်တော့်ရဲ့ ပိုင်ရှင်ပျောက်နေတဲ့ သားသမီးလေးတွေသာ မက ကျွန်တော့်ကို ခွင့်တောင်းပြီးတော့ရော ခွင့်မတောင်းပဲနဲ့ ရော ကျွန်တော့်ကဗျာတွေကို ကလောင်နာမည်နဲ့ တကွ တင်ပေးတဲ့ လင့်ခ်တွေပါ ပါပါတယ်။ ကျွန်တော် ကလောင် အရင်ကနဲ့ စာရင် ပိုခိုင်မာလာတာ သူတို့  တင်ပေးတဲ့ ကျေးဇူးပါ။ ကျွန်တော် ယဉ်ကျေးမှု အရ ကျေးဇူးစကား ဆိုတာ မဟုတ်ပါဘူး။ တကယ်ကျေးဇူးတင်လို့ ပါ။

ကျွန်တော် ဒီစာရင်းလုပ်တာကတော့ အပြစ်တင်ဖို့ မဟုတ်ပါ။ ကိုယ့်ဘာသာကိုယ် ဂုဏ်ယူချင်တာ လည်းပါပါတယ်။(နာမည်တပ်သည်ဖြစ်စေ မတပ်သည်ဖြစ်စေ ပရိသတ်ရဲ့ အားပေးမှုကို ဂုဏ်ယူပါတယ်။) ပြီးတော့ ပိုင်ရှင်မဲ့ ကဗျာတွေ ဖြစ်နေတဲ့ ကျွန်တော့် ကဗျာတွေ တော်တော်များများကြီးကို တွေ့ နေရလို့ ပါ။ ဟစ်ဟော့ ပုံစံ ရေးထားတဲ့ ကဗျာဆို တစ်ယောက်က ဟစ်ဟော့ သီချင်း ထင်တယ်လို့ ရေးထားပါတယ်။ ကလောင် နာမည်တော့သိလို့ တပ်ထားပေးပါတယ်။ ကျွန်တော့်ကို ဟစ်ဟော့ ရေးတဲ့လူ ထင်သွားလို့ နေမှာပါ။ "မွေးရပ်မြေဆိုတဲ့ အကြောင်း" ကဗျာပါ။ ဘလော့တွေ ပေါ်မှာ အဲဒီ့ ကဗျာရဲ့ ခေါင်းစဉ်ကလည်း အမျိုးမျိုးဖြစ်နေပါတယ်။ တစ်ယောက်က “ရွှေ” လို့ နာမည်ပေးထားပါတယ်။(ခုနကလို မလိုတမာစိတ်နဲ့ ပြင်တာ မဟုတ်ပါ။ ခေါင်းစဉ်မပါဘူးထင်လို့  စေတနာနဲ့ ထည့်ပေးတာနေမှာပါ။) (ကိုမိုးသီးဘလော့မှာတော့ အဲဒီ့ကဗျာကိုပဲ ကိုမြတ်စိုးက ပြည်တွင်းကလူက အီးမေးလ်း ပို့ တဲ့အတိုင်း ဝမ်းနည်းစရာ့ အတော့် ဘဝလို့ နာမည်ပေးခဲ့ပါတယ်။) ဒီပို့ စ်ရေးရခြင်းရဲ့ နောက်တစ်ချက်က နာမည်တပ်မထား၊ ဘယ်ကရမှန်းလဲ မဖော်ပြထားပေမယ့် သူတို့ နှစ်သက်တဲ့ စာတွေ၊ ကဗျာတွေကို့ ဒိုင်ယာရီသဘောနဲ့ ရိုးရိုးသားသား စုထားကြတာတွေလည်း ရှိတာကို အနုပညာရှင်တွေ အနေနဲ့ နားလည်သတိထားမိစေဖို့ ပါ။

ကလောင်နာမည်နဲ့ တကွ တင်ပေးထားတဲ့ ကျေးဇူးတင်ရမယ့် တစ်ဆင့်ဖြန့့် ဝေပေးသူတွေရဲ့ လင့်ခ်တွေရော နှစ်သက်သူ အားလုံးရဲ့ လင့်ခ်တွေကိုပါ ကျွန်တော့်ကိုယ် ကျွန်တော် ဂုဏ်ယူတဲ့ အနေနဲ့ ထည့်ထားပါတယ်။ စိတ်ညစ်စရာထဲက ပျော်စရာပေါ့ဗျာ။ ပြီးတော့ ကျွန်တော့်အတွက် အမှတ်တရဖြစ်စရာလေးတွေ တစ်စု တစ်စည်းထဲလည်း ဖြစ်သွားတာပေါ့။

အမာခံပရိသတ် စာရင်း

http://pwagyi7.blogspot.com/2009/01/blog-post_8256.html (ကျွန်တော့် ကလောင်နာမည် မပါပါ။ ခေါင်းစဉ်ကို ရောက်ရှိလာသော ဖတ်ရသည့် ကဗျာတစ်ပုဒ်လို့ ပေးထားပါတယ်။ ဒီကဗျာနဲ့ ပတ်သတ်ရင် အီးမေးလ်မှာ တူတာက တကယ့် ခေါင်းစဉ်ဖြစ်တဲ့ မွေးရပ်မြေရဲ့ အကြောင်းက ကဗျာစာသားထဲကို ရောက်သွားပါတယ။်)

http://photayokeking.myanmarbloggers.org/2008/05/blog-post_4179.html

(ကျွန်တော့် ကလောင်နာမည် တပ်မထားရသေးပါဘူး။ ကျွန်တော့် ကဗျာချည်းပဲ နှစ်ပုဒ်ပါ။ “ငါတို့ ထဲက တစ်ချို့ သို့ ” နဲ “့ငါဖန်ဆင်းမယ့် နိုင်ငံ”ံဖြစ်ပါတယ်။ ကျွန်တော်နဲ့ အချင်းချင်း ခင်မင်တဲ့ မိတ်ဆွေပါပဲ။ ကျွန်တော့် ကဗျာတွေမှန်း မသိလို့ ပါ။)

http://aung-pan.blogspot.com/2008/09/blog-post.html (ကျွန်တော့် ကလောင်နာမည် တပ်မထားရသေးပါဘူး။အီးမေးလ်ကနေ ရတာလို့ လည်း ပြောမထားပါဘူး။)

(ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့ သူငယ်ချင်းပါ။ ဒါပေမယ့် ကျွန်တော် ရေးမှန်း သူမသိပါဘူး။ သူသိတဲ့ကဗျာဆို ကျွန်တော့် နာမည် တပ်ပါတယ်။ ကလေး ဆိုတဲ့ ကဗျာပါ။ http://aung-pan.blogspot.com/) (အခု တပ်လိုက်ပြီဗျ။ ခုရေးတာ ဖေဖော်ဝါရီ ၂၀)


http://sawkyiguy.blogspot.com/2009/01/blog-post_08.html (ကျွန်တော့် ကလောင်နာမည် မပါပါဘူး။ အီးမေးလ်ကနေ ရတယ်လို့ လည်း ရေးမထားပါဘူး)

http://mgnagelay.blogspot.com/2008/08/blog-post.html (မောင်ငယ်လေး)

ရွှေ (ခေါင်းစဉ်မှားနေတဲ့ကဗျာပါ။ ခေါင်းစဉ်မှန်က မွေးရပ်မြေရဲ့ အကြောင်းပါ။ အီးမေးလ်ကနေ ရကြောင်း ရေးထားပါတယ်။ )

(http://burmanewsandarticles.blogspot.com/2008/11/select.html)

(ကျွန်တော့်နာမည် မပါပေမယ့် ပြည်တွင်းက အီးမေးလ်က နေ တစ်ဆင့် တင်လိုက်တာပါ။ ဖြန့် ဝေပေးတဲ့ စေတနာကို လေးစားပါတယ်။ ကျွန်တော် ပို့ စ်က ဟိုးအောက်ရောက်နေပြီမို့ ကျွန်တော့်ကဗျာဖြစ်ကြောင်း ကွန်မန့် မပေးဖြစ်ခဲ့တာပါ။ ကိုမိုးသီး ဘလော့မှာတော့ တစ်ယောက်က ပြောလို့ ချက်ခြင်း ကျွန်တော့်နာမည်ကို လင့်ခ်နဲ့ တကွ တင်ပေးပါတယ်။)

http://komoethee.blogspot.com/2008/11/blog-post.html (ကိုမိုးသီး)

(မွေးရပ်မြေရဲ့ အကြောင်းပါ။ နာမည်ကော လင့်ခ်ပါ လုပ်ပေးထားပါတယ်။ )

ချစ်သူ့ ပါလေး နှစ်ဘက်ပေါ်မှာ

http://www.khitkhamkong.co.cc/2008/12/blog-post_25.html (ကျွန်တော့် နာမည်တပ်မထားပါ။ အီးမေးလ်က ရတယ်လို့ ဖော်ပြမထားပေမယ့် အီးမေးလ်ကနေ ရတယ်လို့ ပဲ ယူဆမိပါတယ်။)

အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်

http://youthnetworks.ning.com/profile/khitkhamkong (ကျွန်တော့် နာမည်တပ်မထားပါ။ အီးမေးလ်က ရတယ်လို့ ဖော်ပြမထားပေမယ့် အီးမေးလ်ကနေ ရတယ်လို့ ပဲ ယူဆမိပါတယ်။)

အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်

http://ayecherry.weebly.com/1/post/2008/09/25.html (ခုနက ကွန်မန့် ပိုင်ရှင်ရဲ့ ဘလော့ပါ။ သူမသိလို့ တင်တာပါနော်။ ကျွန်တော် သူတို့ နဲ့ မိတ်ဆွေဖြစ်ချင်ပါတယ်။ )

ရင်ထဲက အမေ http://photayokeking.myanmarbloggers.org/2008/05/blog-post_9943.html (ကျွန်တော့် နာမည်တပ်မထားပါ။ အီးမေးလ်က ရတယ်လို့ ဖော်ပြမထားပေမယ့် အီးမေးလ်ကနေ ရတယ်လို့ ပဲ ယူဆမိပါတယ်။)

ရင်ထဲက အမေ http://boboburma.blogspot.com/2008/05/blog-post_5333.html (ကျွန်တော့် နာမည်တပ်မထားပါ။ အီးမေးလ်က ရတယ်လို့ ဖော်ပြမထားပေမယ့် အီးမေးလ်ကနေ ရတယ်လို့ ပဲ ယူဆမိပါတယ်။)

ကျွန်

(ဒို့ အာဇာနည်ဘလော့)

http://arzarni.blogspot.com/2008/12/blog-post_7695.html (ကော်ပီရိုက်နဲ့ ပတ်သတ်ရင် ကျွန်တော် အလေးစားဆုံး ဘလော့ပါ။ တစ်ဆင့်ရတာကိုတောင်မှ မူရင်းကလောင်ရှင်ကို တဆင့်ရတဲ့ ဘလော့ကော ဖော်ပြပေးတဲ့ ဘလော့ပါ။ ခုဟာက ကျွန်တော်ရေးမှန်း မသိလို့ ပါ။ကျွန်တော့် နာမည်တော့ မတပ်ရသေးပါခင်ဗျ။ အီးမေးလ်ကရတာလို ရေးထားပါတယ်။ ကျွန်တော်က ဒိတ်ဟောင်းနေပြီမို့ ဘယ်သူမှလည်း ဖတ်မိတော့မှာ မဟုတ်လို ခုထိ ကွန်မန့် မပေးရသေးပါဘူး။

ဘဝ (ရှမ်းမကလေး)

http://shanmakalay.blogspot.com/2008/07/blog-post_926.html (ကျွန်တော့်နာမည် တပ်ထားပါတယ်။)

ခေတ်သစ် သတင်းစာပညာ (နာမည် တပ်မထား) http://sites.google.com/site/kyeinzar/%E1%81%82%E1%81%80%E1%81%81%E1%81%80-%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%A1%E1%80%B1%E1%80%95%E1%81%9A%E1%80%9E%E1%80%B1%E1%80%98%E1%80%AC%E1%80%91%E1%80%AC%E1%80%B8 (တခြားပို့ စ် တစ်ခုနဲ့ ပါရောနေ) (ကျွန်တော့် နာမည်တပ်မထားပါ။ အီးမေးလ်က ရတယ်လို့ ဖော်မပြထားပေမယ့် အီးမေးလ်ကနေ ရတယ်လို့ ပဲ ယူဆမိပါတယ်။) (ကဗျာတော့ မဟုတ်ပါဘူး။ သရော်စာအတိုပါ။)

ခေတ်သစ် သတင်းစာပညာ

စစ်သင်္ဃန်းခြုံ တက္ကသိုလ်

http://moepyay88.blogspot.com/2008_01_11_archive.html

http://maungdai.blogspot.com/2007/10/blog-post_164.html

(ခွင့်တောင်းပြီး တင်တာပါ။ကဗျာမဟုတ်ပါဘူး။ သရော်စာပါ။)



မျက်နှာ နှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့ပါ။

http://www.realburmese.com/2008/10/gun.html (မေဘားမား ဘလော့ပါ။ ပိတောက်မြေက ယူတာလို့ ဆိုပါတယ်။ အဲဒီ့တုန်းက ပိတောက်မြေရဲ့ တခြားကွန်မန့် တစ်ခု မှာ မျိုးဆွေ ဆိုတဲ့သူက ကျွန်တော့် ကဗျာကို ကွန်မန့် အဖြစ်ရေးလိုက်ပါတယ်။ အဲဒါကို ပိတောက်မြေက တင်ချင်လို့ အဲဒီ့ ကွန်မန့် မှာပဲ ကိုမျိုးဆွေကို ခွင့်တောင်းပါတယ်။ အဲဒါနဲ့ ကျွန်တော်က ကျွန်တော့် ကဗျာဖြစ်ကြောင်း လမ်းချင်း မတူလို့ မသုံးစေချင်တဲ့ အကြောင်း ရေးလိုက်ပါတယ်။ ကွန်မန့် မှာပဲ။ နောက်နေ့ မနက် ကျတော့ ပိတောက်မြေက ကျွန်တော် ခွင့်မပြုတဲ့ ကြားက တင်ပြီး တခြားလူတွေက ၀ိုင်းပြောကြလို့ ဖြုတ်ပြီး ကျွန်တော့်ကို တောင်းပန်ထားပါတယ်။ကျွန်တော် ကွန်မန့် ထဲမှာ ကျွန်တော့် ကဗျာ ဖြစ်ကြောင်း ပြောပြီးမှ မဖတ်မိလို့ ဆိုပြီး တင်တာပါ။ ကျွန်တော်က အဲဒီ့ ကွန်မန့် ကို ထောက်ပြတဲ့ အချိန်မှာ စောစောက ကျွန်တော် မသုံးစေချင်ကြောင်း ရေးထားတဲ့ကွန်မန့် ကိုလည်း ဖျက်ပစ်ပါသေးတယ်။ ဒေါ် မေဘားမားက သူ့ အင်္ဂလိပ် ဘလော့မှာ အဲဒီ့ ကဗျာ ကိုဘာသာပြန်ပြီး တင်ထားပါသေးတယ်။ ကျွန်တော်တော့ ကျွန်တော် ပြောချင်တဲ့ အဓိပါယ်ထက် သူလိုချင်ရာကို အသားပေးပြီး ဘာသာပြန်သွားတယ်လို့ ထင်ပါတယ်။ ဥပမာ “နိုင်ငံရေးဆိုတာ သံဃာကိုတောင် သတ်ရဲတဲ့ သေနတ်၊ နိုင်ငံရေးဆိုတာ ပင်လယ်လို ဖြဲထားတဲ့ပါးစပ်’ ဆိုတဲ့ နေရာမှာ ကျွန်တော်က သေနတ်ကို ဗီလိန်နေရာ ထားပြီးရေးပေမယ့် သူက “politics can even kill the monks” လို့ ပြန်သွားပါတယ်။ သူဘာသာ ပြန်လိုက်တာ ဘုန်းကြီးတွေ နိုင်ငံရေး မလုပ်သင့်တဲ့ ပုံစံ သဘောမျိုး သက်ရောက်သွားပါတယ်။

ရင်ထဲက အမေ (ကျွန်တော့် နာမည် တပ်ထားတယ်)http://ygnpeople.blogspot.com/2008/06/for-our-beloved-mohter.html

ဈာပန

http://en.zorpia.com/nadihtutkhaung (ကျွန်တော့် နာမည် တပ်ထားတယ်)



ကဗျာချစ်သူ

http://mizzimapoem.blogspot.com/2007/10/blog-post.html (ကျွန်တော့် နာမည် ကိုတပ်ထားပါတယ်။ home page မှာပါ အဲဒီ့ ကဗျာကို လင့်ခ်လုပ်ထားပေးပါတယ်။ )



ခွပ်ဒေါင်းတို့ ရဲ့ ရင်ခုန်သံ
(ဆုံစည်းရာကို ပို့ ထားတာပါ။)

http://soneseayar.blogspot.com/2007/12/blog-post_21.html



ခေတ်
(ဆုံစည်းရာ ဘလော့)

http://soneseayar.blogspot.com/2007/12/blog-post_6910.html

(ကျွန်တော်ပို့ ထားတာပါ။)



(ကျွန်) (ဆုံစည်းရာ ဘလော့)

http://soneseayar.blogspot.com/2008/01/blog-post_3458.html

(ကျွန်တော့်နာမည်ကို တပ်ပေးထားပါတယ်။)


http://vimutti.blogspot.com/2008/01/blog-post_6267.html

ကျွန်ကဗျာပါပဲ။ ကျွန်တော့် နာမည် တပ်ထားပေးတယ်။



ငါတို့ ဘဝနဲ့ မွှေးရမယ့် မီးတောက်

http://vimutti.blogspot.com/2008/01/blog-post_23.html

(ကျွန်တော့်နာမည် တပ်ထားပေးတယ်။)



ကျွန်

http://shweaoutal.blogspot.com/2008/01/blog-post_8136.html

ကျွန်တော့် ဆီက ခွင့်တောင်းပြီးမှ တင်တာပါ။



God ခဏ ဖြစ်သွားခိုက် (http://moepyay88.blogspot.com/2008/02/god.html) (ကျွန်တော့်နာမည် တပ်ထားပေးတယ်။



ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်

http://mizzimapoem.blogspot.com/2007/10/blog-post_8654.html


သင်္ကြန် မတိုင်ခင် ကျတဲ့မျက်ရည်
(ကျွန်တော့်နာမည် တပ်ထားပေးတယ်။)

http://pyethubhunebhune.blogspot.com/2008/04/blog-post_5162.html


ငါနေတဲ့ နေရာ

http://moepyay88.blogspot.com/2008/05/blog-post.html

http://mizzimapoem.blogspot.com/2007/10/blog-post_18.html

(ကျွန်တော့်နာမည် တပ်ထားပေးတယ်။)



ရက်စက်တဲ့ နှုတ်ခမ်းနဲ့ နမ်းမှ

http://pinkygold.multiply.com/journal/item/213

(ကျွန်တော့်နာမည် တပ်ထားပေးတယ်။)



အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်

http://tawthumalay.blogspot.com/2008/08/blog-post_6283.html (ကျွန်တော့်နာမည်ကိုဖော်ပြပေးထားတယ်)



ငါနေတဲ့ နေရာ

http://tawthumalay.blogspot.com/2008/05/blog-post_22.html (ကျွန်တော့်နာမည်ကို ဖော်ပြပေးထားတယ်)



ချစ်သူ့ ပါးလေးနှစ်ဘက်ပေါ်မှာ

http://tawthumalay.blogspot.com/2008/08/blog-post_7411.html

(ကျွန်တော့် နာမည်ကို ဖော်ပြပေးထားတယ်)



ကြိုး
(လမ်းပြကြယ်)

http://lampyakyal.blogspot.com/2009/01/blog-post_7984.html (ကျွန်တော့်နာမည်ကိုဖော်ပြပေးထားတယ်)



မိဘမကောင်း သားသမီးခေါင်း

http://arzarni.blogspot.com/2009/01/blog-post_6565.html (ကျွန်တော့်နာမည်ကိုဖော်ပြပေးထားတယ်။)


http://kopeter.blogspot.com/2009/01/blog-post_19.html (ကျွန်တော့်ဆီက ခွင့်တောင်းပြီးမှ တင်တာပါ။)



http://pyethubhunebhune.blogspot.com/2008/06/blog-post_3038.html (ပြည်သူ့ ဘုန်းဘုန်း) (ဘုန်းဘုန်းက အမြဲတမ်း အနုပညာကို တန်ဖိုးထားပြီး ကလောင်ရှင်နာမည်တွေ ကို အမြဲတမ်းဖော်ပြလေ့ရှိပါတယ်။)



http://myochitmyanmar.blogspot.com/2008/06/blog-post_2174.html (ကိုမျိုးချစ် ဘလော့....နာမည်ကို ထင်ထင်ရှားရှားကို ရေးထားပါတယ်။ှ)



(မွေးရပ်မြေရဲ့ အကြောင်း)

ဇောင်းလေး (ကျွန်တော့် ကလောင်နာမည် တပ်ထားပါတယ်။)

http://www.zaunglay.co.cc/2008/11/blog-post_20.html



God ခဏဖြစ်သွားခိုက် (မဇ္ဈိမ)

http://www.mizzimaburmese.com/component/content/article/19/898-god-.html (ကျွန်တော်ပို့ ထားတာပါ။)



ကလေး (မဇ္ဈိမ)

http://www.mizzimaburmese.com/yatha-bank/poem/2033-2008-11-24-12-03-13.html (ကျွန်တော့် နာမည်ဖော်ပြထားပါတယ်။)


အမှတ်ပေးစည်းမျဉ်း
(ပြည်သူ့ ဘုန်းဘုန်း)

http://pyethubhunebhune.blogspot.com/2009/01/blog-post_12.html

(ဘုန်းဘုန်းက ကျွန်တော့် ကလောင်နာမည် အမြဲတမ်းကဗျာတိုင်းမှာ တပ်ပေးထားပါတယ်။)


Blog of Nyein Chan Yar

http://dathana.blogspot.com/2008/09/good-news.html (ကျွန်တော့် ကလောင် နာမည် ပါပါတယ်။ဒါပေမယ့် ကျွန်တော့်ကို ကဗျာဆရာမှန်း မသိပါ။ ဟစ်ဟော့သီချင်းထင်နေပါတယ်။ ကဗျာက ဟစ်ဟော့ပုံစံပေါက်နေလို့ ပါ)။


ကျွန်

http://shweaoutal.blogspot.com/2008/01/blog-post_8136.html (ကျွန်တော့်ဆီက ခွင့်တောင်းပြီး ယူတာပါ ခင်ဗျ။ ကျေးဇူးပါဗျာ။)


ကိုစံနေမင်း

http://sannaymin.blogspot.com/

သူနှစ်သက်တဲ့ ကဗျာနဲ့ ဝတ္ထုတို(မော်ဒန်ဝတ္ထုဆန်ဆန်)တွေကို ခွင့်တောင်းပြီး အမြတ်တနိုး လင့်ခ်လုပ်ထားတာပါ။



အမေ့အသံ (လမ်းပြကြယ်)

http://lampyakyal.blogspot.com/2009/01/blog-post_2418.html

(ကျွန်တော့် ကလောင်နာမည် ပါပါတယ်)



မြင်ကွင်း (လမ်းပြကြယ်)

http://lampyakyal.blogspot.com/2009/01/blog-post_8770.html

(ကျွန်တော့် ကလောင်နာမည် ပါပါတယ်)



မြင်ကွင်း (ပြည်သူ့ ဘုန်းဘုန်း)

http://pyethubhunebhune.blogspot.com/2008/12/blog-post_8862.html

(ကျွန်တော့် ကလောင်နာမည် ပါပါတယ်)


http://3kachin.blogspot.com/2008/11/blog-post_9915.html (ခရီးသည်)

(ကျွန်တော့် ကလောင် နာမည် ပါပါတယ်။)



http://revolution-8888.revolution-8888.co.cc/2008/11/blog-post_6848.html (ခရီးသည်) (ကျွန်တော့် ကလောင် နာမည် ပါပါတယ်။)


အငိုဒုက္ခ တိုင်းပြည်
(မဆုမွန်) http://masumon.blogspot.com/2008/11/blog-post_14.html (ကျွန်တော့်သူငယ်ချင်းက ခွင့်တောင်းပြီးတော့ကို ကျွန်တော့် ကလောင်ကို ကြေငြာပေးတာပါ။)


ဇောင်းလေး
(အငိုဒုက္ခတိုင်းပြည်) http://www.zaunglay.co.cc/2008/11/blog-post.html (ကျွန်တော့် ကလောင် နာမည် ပါပါတယ်။)


အငိုဒုက္ခတိုင်းပြည်
(အငိုဒုက္ခ တိုင်းပြည်)

http://bdc-burma.blogspot.com/2008/11/blog-post_19.html

(ကျွန်တော့် ကလောင် နာမည် ပါပါတယ်။ ကျေးဇူးတင် စကားတောင် ဆိုလိုက်ပါသေးတယ်။)


အမြစ်
(ဘီဒီစီ)

http://bdc-burma.blogspot.com/2009/01/blog-post_8371.html

(ကျွန်တော့် ကလောင် နာမည် ပါပါတယ်။)


ကလေး
(ဘီဒီစီ)

http://bdc-burma.blogspot.com/2009/01/blog-post_8371.html

(ကျွန်တော့် ကလောင် နာမည် ပါပါတယ်။)


ည

http://co2zenith.blogspot.com/2008_11_13_archive.html

(ကျွန်တော့် ကလောင်နာမည် ပါပါတယ်)



သမုဒ္ဒရာအောက်မှာ (မျိုးချစ်မြန်မာ)

http://myochitmyanmar.org/2008-07-25-07-31-58/2008-07-25-07-51-05/734-2008-09-29-04-49-41

(ကျွန်တော့် ကလောင်နာမည် ပါပါတယ်။ ကိုမျိုးချစ်လို လူသိပိုများတဲ့ ဘလော့ပေါ်မှာ တင်ပေးလို့ လည်း ကျေးဇူးပါဗျာ။)



http://myanmar-ccg.org/forum/viewtopic.php?f=20&t=309 (ကျွန်တော့်နာမည် တပ်ထားပေးပါတယ်။)



http://pyoekhinnyouth.blogspot.com/2008_09_01_archive.html

(ကျွန်တော် တောင် မသိပဲနဲ့ ကျွန်တော့်ကို နာမည် တပ်ပြီးသွားကြောင်း လာ အကြောင်းကြားသွားတဲ့ ဘလော့လေးပါ။)



ဘုရားသခင်.blogspot.com

http://lampyakyal.blogspot.com/2009/01/blogspotcom.html ((ကျွန်တော့်နာမည် တပ်ထားပေးပါတယ်။)



မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့

http://moehlaingnya.blogspot.com/2008/10/blog-post_22.html (ကဗျာဆရာ အချင်းချင်း အကောင်းဆုံး ကျွန်တော့်ကို အသိအမှတ် ပြုလိုက်တာပါ။)



မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့

http://kopeter.blogspot.com/2008/10/blog-post_06.html (ကျွန်တော့်ကို ခွင့်တောင်းပြီးမှ အမြဲ တင်တာပါ။



အတု၊ ငါ ၊ ပစ္စည်းပျောက်ကြော်ငြာ၊

(ကျွန်တော့် ကဗျာသုံးပုဒ်ပါ။ ကျွန်တော့် နာမည်တွေရေးထားတယ်ဗျ ။)http://www.crystalrays.org/forum/viewtopic.php?f=170&t=2089&start=40



http://yekyawaung.blogspot.com/2008/08/so-true-poem.html (မွေးရပ်မြေရဲ့ အကြောင်း)

ကိုရဲက ကျွန်တော့် သူငယ်ချင်းပါ။ ကျွန်တော့်နာမည် တပ်ထားပါတယ်။



ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ (http://heartskylover.blogspot.com/2008_05_11_archive.html)

(ကဗျာကုန်တိုက်ငယ်ပါ ခွင့်ပြုချက်တောင်းပြီး တင်ထားတာပါ။)



အချစ်ဆိုတဲ့ အကုသိုလ် (ကျွန်တော့် နာမည်တပ်ပေးထားတယ်)

http://www.mysuboo.com/index.php?option=com_blog&name=http://www.mysuboo.com/mg&task=view&pid=4517&Itemid=



ရက်စက်တဲ့ နှုတ်ခမ်းနဲ့ နမ်းမှ

http://www.mysuboo.com/index.php?option=com_blog&name=http://www.mysuboo.com/mg&task=view&pid=4523 (ကျွန်တော့်နာမည် တပ်ထားပေးပါတယ်။)



လမင်းလေးသို့ 

http://www.padonma.com/forums/index.php?automodule=blog&blogid=17&showentry=147 (ကျွန်တော် စက်တင်ဘာလကုန်တုန်းက blog လုပ်ခါစက တင်ပြီး နိုင်ငံရေးနဲ့ ပတ်သတ်တာပဲ တင်မယ်ဆိုပြီး ဖြုတ်ပစ်ခဲ့တဲ့ ကဗျာ။ နောက် ပြန်မတင်ဖြစ်တာက မကြိုက်တော့လို့ ။ ချွဲပစ်ပစ်နဲ့ ။ ကောင်မလေး အတွက် သီးသန့် ရေးပေးတဲ့ ကဗျာပါ။ တစ်ပိုဒ်ပဲကြိုက်တော့တယ်။တခြား မကြိုက်လို့ ဖြုတ်ပစ်ခဲ့တဲ့ ကဗျာလည်း ရှိတယ်။ စက်တင်ဘာ ဆိုတဲ့ကဗျာ။) (ဒါလည်း နာမည် တပ်မထား၊ဘယ်နေရာက ရတာလည်း မပြော တုံးတိ) (ဒါပေမယ့် သူက ကျွန်တော် ဘလော့ မလုပ်ခင်က အွန်လိုင်းသူငယ်ချင်းလို့ ထင်ပါတယ်။ ကျွန်တော် ဘလော့လုပ်တော့ ကျွန်တော့် ဘလော့လိပ်စာကို သူငယ်ချင်းတွေကို ပေးလိုက်ပါတယ်။ သူ့ နာမည်ကကိုထွဋ်ပါ။ အဲဒီ့တုန်းက တစ်ရက်ပဲ တင်တာဆိုတော့ လူတွေသိပ်မဖတ်မိတော့ သူပဲဖတ်မိပြီး ကြိုက်လို့ တင်လိုက်တာ နေမှာပါ။ သူပဲ ဖြစ်မှာပါ။ ကျွန်တော် ကွန်မန့် ရေးပြီး ကျွန်တော့် ကဗျာဖြစ်ကြောင်းပြောတော့ အင်တာနက် မသုံးတော့ဘူးနဲ့ တူပါတယ်။ ထိုင်းမှာလည်း မရှိတော့ဘူးထင်ပါတယ်။ အဲဒီ့ကာလ တုန်းက သူ ကျွန်တော့်ဘလော့ စီဗုံ့းမှာ ကိုထွဋ်နာမည်နဲ့ ပဲ လာရေးပါသေးတယ်။ အဲဒီ့ ကဗျာလိုကဗျာဖတ်ချင်ရင် သူ့ ဆီပဲသွားဖတ်ပါ။

ကျွန်တော် အထူးကျေးဇူးတင်ကြောင်းပြောချင်တာကတော့ ကျွန်တော့်ကဗျာတွေကို ဖြန့် ဝေပေးတဲ့ သူတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ထင်မြင်ချက်လေးတွေ ရေးပေးကြပါခင်ဗျား