Tuesday, January 8, 2013

(ကမ္ဘာပျက်မပျက်နှင့် ဘာသာရေး) (အလုံးစုံသိသော God နှင့် အရာရာစွမ်းဆောင်နိုင်ခြင်း တွဲပြီးရှိနိုင် မရှိနိုင်) (အလုံးစုံကြိုတင်သိသောဥာဏ်နှင့် free will တွဲပြီးရှိနိုင် မရှိနိုင်)

(ကြိုတင်သတိပေးလိုတာက ဒီပို့စ်မှာ ဘာသာရေးတွေရဲ့ ရှေ့နောက်ညီမှု မညီမှုကို ဆန်းစစ်တာတွေ ပါဝင်မှာဖြစ်တာကို သတိပေးလိုပါတယ်။)
(၁) တခြားနိုင်ငံတွေမှာတော့ အသေအချာမသိ။ ကျနော်တို့ နိုင်ငံမှာတော့ ကမ္ဘာပျက်မပျက်ကို NASA ရဲ့ webstie မျိုး သွားကြည့်ကြတာထက် ဘာသာရေးရှုထောင့်ကနေ ကြည့်ပြီး တွေးကြတာ များပါတယ်။ အဲဒီ့လိုတွေးတဲ့ နေရာမှာ တကယ်လည်း ကမ္ဘာက ပျက်စရာ မရှိသေးတာကြောင့် ဘာသာရေးရှုထောင့်ကနေ ထွက်လာတဲ့ result တွေကတော့ မှန်နေမှာပဲ။

(၂) ကွန်မန့်တခုကို ဖတ်ပြီး ပြုးမိတယ်။ စကားလုံးအတိအကျ မမှတ်မိပေမဲ့ ကမ္ဘာပျက်မပျက်ကို ဗုဒ္ဓက အသိဆုံးတဲ့။ ဗုဒ္ဓသာလျှင် ကမ္ဘာကြီးရဲ့ အစောဆုံး၊ အကုန်အသိဆုံး သိပ္ပံပညာရှင်ကြီးတဲ့။ NASA ဆိုတာက Junior လေးတဲ့။ (ဒီနေရာမှာ တခု စဉ်းစားမိတာက ဘာသာရေးတွေ အသီးသီးကသာ သိပ္ပံနည်းကျ ဘာသာရေး ဆိုပြီး ဘာလို့ သိပ္ပံကို အလေးထားပြီး ဂုဏ်ယူနေကြတာလဲ။ ဘာကြောင့် သိပ္ပံရဲ့ အသိအမှတ်ပြုမှု ထောက်ခံမှု ကို ဘာသာဝင်တွေက အရေးတကြီး လိုအပ်နေရတာလဲ။ သိပ္ပံကတော့ ရှင်းတယ်။ ဗုဒ္ဓနည်းကျ သိပ္ပံတို့၊ ခရစ်ယာန် နည်းကျသိပ္ပံတို့၊ အစ္စလာမ်နည်းကျ သိပ္ပံတို့ ဆိုတာတွေ မရှိဘူး။ ဘယ်ဘာသာရေးရဲ့ နာမည်ကိုမှ ယူသုံးနေဖို့ မလိုပါ) ပြီးတော့ ခုနက Comment ရှင် ဆက်ပြောထားတာက နောက်ဘုရားပွင့်ပြီးမှ ကမ္ဘာပျက်မယ် တဲ့။ အဲဒါနဲ့ ပတ်သတ်ပြီးတော့ ကျနော် ဝတ္ထုတပုဒ်ထဲမှာ ထည့်ရေးထားတာလေးကိုပဲ ပြန်ကော်ပီလုပ်ပြချင်ပါတယ်။ “ကမ္ဘာမပျက်ခင်မှာ ပွင့်မယ့် ဘုရားတွေ အကြောင်း ကျမ်းပြုသူတွေ ရေးတာကိုလည်း တွေးကြည့်တယ်။ ယာဉ်ရထားတွေက ဆင်မင်း ၇,၀၀၀၊ မြင်း ၁,၀၀၀ နဲ့ မောင်းနှင်မယ့် ရာထားယာဉ်တော် ခုနစ်ရာတဲ့။

ပဒေသရာဇ်ခေတ်ရဲ့ အကောင်းဆုံးယာဉ်တွေကို ကြည့်ပြီး ရေးလိုက်တာဖြစ်ရမယ်။ တကယ်ဆို ကမ္ဘာမပျက်ခင်မို့ ခေတ်မီယာဉ်တွေပဲ ဖြစ်သင့်တာပေါ့။ ကမ္ဘာမပျက်ခင်မှာကိုပဲ လူတွေက ဟိုးကျောက်ခေတ်ကနေ evolution နဲ့ ပြန်စရမယ်ဆိုရင်တော့လည်း မသိဘူးပေါ့”

အဲဒီ့လိုပဲ အုပ်ချုပ်မယ့် စနစ်ကလည်း ရှေးခေတ်က အမတ်တွေနဲ့ အုပ်ချုပ်မယ့် ပဒေသရာဇ်စနစ်၊ စကြဝတေးမင်း ဆိုတာကလည်း တကမ္ဘာလုံးကို ပိုင်ဆိုင်ဖို့ မဆိုထားနဲ့ အဲဒီ့ခေတ်က သူတို့သိသလောက် မဇ္ဈိမ ဒေသလေး၊ အိန္ဒိယ ကွက်ကွက်ကလေးကို ပြောတာမျိုးဖြစ်နေတယ်။” ဒီတော့ ယုတ္တိမရှိဘူးပဲ ဆိုရမှာပေါ့။ ဒီနေရာမှာ တချို့က စောဒက တက်နိုင်တယ်။ တခြားလူတွေ လျှောက်ရောထားတာတွေလည်း ပါတယ်လို့။ ဒါဆိုရင် ဒီပိဋကတ်တွေထဲက ဒီပုံပြင်တပုဒ်ထဲမှာပဲ ပါတာချင်း အတူတူ ကိုယ်နှစ်သက်တဲ့ ဘုရားပွင့်မယ် ဆိုတာကျတော့ ဘုရားဟောလို့ လက်ခံနိုင်ပြီး ခုနကလိုဟာတွေကျတော့ ရှေးကတခြားလူတွေ လျှောက်ထည့်ထားတာလို့ ဘယ်လိုအထောက်အထားနဲ့ ပြောနိုင်ရတာလဲ? တကယ်က အကုန်လုံး တခြားလူတွေ အဆက်ဆက် လျှောက်ရေးထားတာ ဖြစ်နိုင်သလို နှစ်ခုလုံး ဘုရားဟောခဲ့တာလည်း ဖြစ်နိုင်တာပဲ။ ဒီတော့ ကိုယ်လက်ခံချင်တဲ့ အပိုင်းမှ ဘုရားဟော ဆိုပြီးတော့ လက်ခံပြီးတော့ မလက်ခံချင်တဲ့ အပိုင်းမှ ဘုရားဟော မဟုတ်ဘူးလို့ (ဘာအထောက်အထားမှ မပါဘဲ) ပြောခြင်းကရော တရားနည်းလမ်းကျပါသလား?

ကိုသိန်းမြင့်ဝင်းဆိုတဲ့ မိတ်ဆွေတယောက် ရေးဖူးသလို…. လူ့သဘာဝအတိုင်း ကိုယ်လိုချင်တဲ့အချက်ကလေးကို ကြိုတင် ရွေး၊ မလိုချင်တဲ့ အပိုင်းကို ပယ်ပြီးတဲ့အခါမှ….ကိုယ်ရွေးထားတာနဲ့ ပယ်ထားတာကို အထောက်အကူပြုမယ့် ဆင်ခြေဆင်လက်တွေ လိုက်ရှာနေခြင်းနဲ့ အတူတူပါပဲ။

ဒီနေ့လိုခေတ်မှာ လူအများကြီး လက်ခံနိုင်မယ့် ဘုရားအသစ်တွေ၊ တမန်တော်အသစ်တွေ မပေါ်တော့တာကလည်း အကြောင်းရှိပါတယ်။ ဒီနေ့ခေတ်မှာက အရာရာကို ဆန်းစစ်မယ့် သူတွေရယ်၊ စမ်းသပ်စစ်ဆေးမယ့် မီဒီယာတွေရယ်ကြောင့် ဘယ်သူမဆို perfect မဖြစ်နိုင်ဘူးဆိုတာ ထင်းထင်းကြီး ပေါ်လာမှာ ဖြစ်တဲ့အတွက် အင်မတန် ဥာဏ်ပညာကြီးသူ ပေါ်လာရင်တောင် ဘုရားတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

ခုခေတ် သိပ္ပံပညာရှင်တွေ တွေ့ရှိသမျှက ဗုဒ္ဓဘာသာထဲမှာ ပါပြီးသားတွေချည်းပဲ။ သူတို့ကတောင် အကုန်မသိသေးဘူးလို့ ယုံကြည်သူများနဲ့ ပတ်သတ်ပြီးတော့ ပြောရရင် ကျော်စွာလင်း ပြောဖူးတာကို သတိရပါတယ်။ အဲလိုသာဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့ တက္ကသိုလ်ကြီးတွေ ပိတ်လိုက်ပြီးတော့ မြန်မာပြည်က ဘုန်းကြီးကျောင်းတွေမှာ စာလာသင်ကြရုံပဲတဲ့။

တကယ်တွေးကြည့်တော့လည်း ဟုတ်ပါတယ်။ ကိုယ့်ဘာသာရေးမို့ ကိုယ်ပိုတွေးမိတတ်တာတွေ ဖြစ်တတ်ပါတယ်။ တကယ်က ဗုဒ္စစာပေထဲမှာပါတဲ့ အနန္တ စကြဝဠာ ဆိုတာနဲ့ ဒီနေ့ခေတ် သိပ္ပံက စကြဝဠာ ဆိုတာက တူတာမဟုတ်ပါ။ စာပေထဲမှာ ပါတဲ့ အနန္တ စကြဝဠာ ဆိုတာက တကယ်တော့ မြင့်မိုရ်တောင်လို ဟာတွေကို အခြေခံထားတဲ့ စကြဝဠာပါ။ သိပ္ပံက infinite universe ဆိုတဲ့ အသုံးအနှုန်းကို မြန်မာလိုမှာ အဲဒီ့ အနန္တ စကြဝဠာ ဆိုတဲ့ အသုံးအနှုန်းနဲ့ စကားလုံး ဖလှယ်ပြီး သုံးလိုက်တော့ ကာလ ရွေ့လျားလာတဲ့အခါ ဗုဒ္ဓစာပေထဲမှာ ပါခဲ့တယ်လို့ တချို့ ဆွဲပြောကြ၊ တချို့က ထင်လာကြတာပါ။ သိပ္ပံက တွေ့ပြီးမှ ဖြစ်လာတဲ့ ဟာတွေပါ။

နဂိုတုန်းက လပေါ်လူမရောက်နိုင်လို့ အများစုက ထင်ခဲ့ကြတာ မဟုတ်လား။ ရှေးစာပေထဲမှာ အနန္တ စကြဝဠာ မပြောနဲ့ ၊ လကိုတောင် ကောင်းကောင်းရှင်းပြနိုင်တာမှ မဟုတ်တာ။ အဲလိုပဲ အဏုမြူ ဆိုတဲ့ စကားလုံးကို nucleus ဆိုတာ တွေ့လာပြီးမှ စကားလုံးဖလှယ်ကြ ဘာသာပြန်လိုက်ကြတော့ ကျမ်းစာထဲမှာ ပါဖူးသလိုလို ဖြစ်သွားတာပေါ့။ တကယ်က အသေးစိတ် ဘာမှ မပါတဲ့အတွက် တူတယ်လို့ ပြောစရာ လုံးဝ အကြောင်းမရှိပါ။

တကယ်တော့လည်း ဘာသာရေးဆိုတာ စိတ်ငြိမ်းချမ်းအောင် အထောက်အကူ ပြုတဲ့ အလုပ်ပါပဲ။ သိပ္ပံကို မသိခြင်းကလည်း ဘာသာရေးရဲ့ အပြစ် မဟုတ်ပါ။

(၃) အလုံးစုံ သိနိုင်တယ် ဆိုတာနဲ့ ပတ်သတ်ပြီး နောက် တဆင့် တက်စဉ်းစားကြည့်ရအောင်။ ဒီတခါ ထာဝရ ဘုရားသခင်ကို ယုံကြည်တဲ့ ဘာသာတွေကနေ စပြီး ပြောကြည့်ချင်ပါတယ်။ ထာဝရ ဘုရားသခင်က အရာရာကို စွမ်းတယ်၊ လုပ်ပေးနိုင်တယ် ဆိုပြီး God’s omnipotence လို့ ပြောကြလေ့ ရှိတယ်။ စဉ်းစားကြည့်ရအောင်။ သူက အရာရာကို ဇာတ်ကွက်ချပြီး ကြိုတင် ဖန်ဆင်းထားတယ် ဆိုတာ ဟုတ်နေတယ်ပဲ ဆိုပါစို့။ သူက အကွက်ချတဲ့သူဆိုတော့ ဘယ်သူဘာဖြစ်မယ်၊ ဘယ်သူဘယ်နေ့သေမယ် ဆိုတာ ကြိုသိနိုင်မယ် ဆိုပါတော့။ ကြိုအကွက်ချထားမှ ကြိုသိနိုင်မယ်လေ။ ဒါဆိုရင် God ဟာ သူသိထားတဲ့၊ သူပြဌာန်းထားတဲ့ ဘယ်သူဘာဖြစ် ဆိုတာကို ပြောင်းနိုင်ပါဦးတော့မလား? ဒါဆိုရင် God ဟာ ဘယ်သူဘယ်နေ့မှာ အမိန့်တော်ခံယူ၊ ဘယ်သူဘယ်နေ့မှာ သေ၊ ဘယ်သူဘယ်နေ့မှာ လက်ထပ် ဆိုတာကြီးကို ပြောင်းပေးဖို့ မဖြစ်နိုင်တော့ဘူး။ သူ့ကို ယုံကြည်လာပြီး ဆုတောင်းလာသူကို သူကိုယ်တိုင် ရေးခဲ့တဲ့ နဂိုဇာတ်လမ်းကနေ သွေဖည်ပြီး ပိုကောင်းအောင် လုပ်ပေးလို့ မရတော့ဘူး။ လုပ်ပေးလိုက်ရင် သူကြိုသိတယ်ဆိုတာက တလွဲကြီး ဖြစ်သွားပြီလေ။ သူကြိုသိသွားခြင်းက မမှန်တော့ဘူး။ ဒီတော့ God ဟာ အရာရာကို ကြိုသိနေတယ်ဆိုရင် အရာရာကို မစွမ်းတော့ပါဘူး။ ဒီလိုဆိုရင် God က အရာရာကိုစွမ်းတယ်လို့ ယူဆလိုက်ရင်ကော….ဒါဆိုရင် သူ့ကိုဆုတောင်းလာသူတွေရဲ့ ဆန္ဒကို ဖြည့်ပေးဖို့ အတွက် သူကြိုရေးခဲ့တဲ့ ဇာတ်လမ်းကို ပြောင်းပေးနိုင်စွမ်း ရှိရမှာ ဖြစ်တဲ့အတွက် God ဟာ အနာဂတ်ကို ကြိုသိနိုင်စွမ်း ရှိမှာ မဟုတ်ပါ။ ဒါဆိုရင် God မတတ်နိုင်တာ ရှိကိုရှိရမယ် ဆိုတာ သေချာနေပါပြီ။ ဒီတော့ All-knowing God နဲ့ အရာရာကို စွမ်းနိုင်ခြင်းဟာ တွဲပြီး မရှိနိုင်ပါ။ နှစ်ခုလုံးရှိနေတယ် ဆိုရင် ရှေ့နောက်မညီဘူးလို့ပဲ ပြောရမှာပါ။ (တကယ်ဆိုရင်တော့ logic အရ အဲဒီ့နှစ်မျိုးလုံး တွဲပြီး ရှိဖို့ မပြောနဲ့ တမျိုးမှ မရှိနိုင်ဘူးဆိုတာတောင် ထင်ရှားသွားပါပြီ။)

(၄) ဗုဒ္ဓဘာသာဘက်ကို လှည့်ပြီး စဉ်းစားကြည့်ရအောင်။ ဗုဒ္ဓက အကြောင်းကြောင့် အကျိုး ဖြစ်ရတယ် ၊ လုပ်မှ ရတယ် ဆိုတာကို အလေးပေးတယ်လို့ ကျမ်းတွေက ဆိုကြတယ်။ ဒါဆိုရင် အကြောင်းတရားကိုတောင် မလုပ်ရသေးခင်မှာ အကျိုးတရားကို ဟောတယ်ဆိုတာ သဘာဝ ကျရဲ့လား။ ကျနော့် တခြား ဝတ္ထုတိုထဲကပဲ ကောက်နုတ်ပြပါမယ်။ “ဗျာဒိတ်တွေကိုပဲကြည့်။ မီးနဲ့ ၇ ကြိမ်၊ ပြီးရင် ရေနဲ့ ၁ကြိမ် နောက်ပြီး ၆၄ ကြိမ် မြောက်ကျ လေနဲ့ ပျက်မယ် ဆိုတာတွေက အသေပြဌာန်းပြီးသား ဖော်မြူလာတွေလို ဖြစ်နေတယ်။ ကမ္ဘာကြီး ဘယ်နည်းနဲ့ ပျက်မယ် ဆိုတဲ့ ကိစ္စဟာ လူသားတွေ ဒါမှမဟုတ် သတ္တဝါတွေရဲ့ လုပ်ဆောင်မှုတွေ အပေါ် မူတည်မနေဘဲ (သို့မဟုတ်) လူသားတွေကိုယ်တိုင်ရဲက လက်ထဲမှာ ရှိမနေဘဲ သူဟောတဲ့အတိုင်းဘဲ ဖြစ်ရမယ် ဆိုတဲ့အတွက် ပုံသေဇာတ်ညွှန်း ရေးထားသလိုကြီး ဖြစ်နေတယ်” အခု အစိုးရရဲ့ လေသံကို မှီးပြီး ဟာသလုပ်ရမယ်ဆိုရင်တော့ နောက်ကွယ်က ကြိုးကိုင်သူ ရှိသလို ဖြစ်နေတယ်။ ဘုရားပွင့်မယ့် နာမည်တွေ၊ ဒေသတွေ ၊အပင်တွေက အစ အသေးစိတ် ကြိုတင် ဇာတ်ညွှန်းချထားသလိုကြီး ဖြစ်နေတယ်။ ဒီနေရာမှာ ပါရမီဖြည့်မှ ရတာလို့ စောဒက တက်လို့ ရပေမဲ့ ရှေးက ဘုရားတွေရဲ့ ဟောသမျှ ဗျာဒိတ်တွေသာ ရာနှုန်းပြည့် မှန်ကြေးဆိုရင်၊ ဘုရားတွေ ဟောထားတဲ့ ဗျာဒိတ်တော်တွေ “မှတပါး အခြားမရှိ” အဲဒီ့အတိုင်းပဲ ဖြစ်ရမယ်ဆိုရင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရှိတယ်ဆိုတာ ဘယ်ဟုတ်နိုင်တော့မလဲ။ အဟောခံရသူတွေရဲ့ စိတ်ထားတွေ ပြောင်းသွားပြီး လုပ်ဆောင်ချက်တွေ ပြောင်းသွားရင် အကျိုးဆက်တွေ ပြောင်းမသွားနိုင်ဘူးလား။ ပြောင်းသွားနိုင်တယ်ဆိုရင် ဘုရားတွေရဲ့ ဗျာဒိတ်တွေ လွဲပြီ။ ပြောင်းမသွားနိုင်ဘူး ဗျာဒိတ်တွေ အတိုင်း ဖြစ်ရမယ်ဆိုရင်လည်း လူတွေမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိတယ် (free will) ရှိတယ်ဆိုတာက လွဲပြီ။ ရာနှုန်းပြည့်ဟောသမျှက မှန်ရမယ် ဟောတဲ့အတိုင်းက လွဲလို့ တခြားဖြစ်နိုင်ချေ မရှိဘူးဆိုရင် လူတွေမှာ free will ရှိတယ်လို့ ဘယ်လိုလုပ် ခေါ်နိုင်တော့မှာလဲ။ လူတယောက်အတွက် ဒါမှမဟုတ် လူပေါင်းများစွာအတွက် ကိုယ်လုပ်တာတွေပေါ် မူတည်ပြီး ဖြစ်နိုင်ချေတွေ အများကြီး ပွင့်နေတယ်ဆိုရင်တော့ “ဗျာဒိတ်တွေ ဟောတဲ့အတိုင်း အကုန်လုံး မှန်ရမယ်” ဆိုတာက အဓိပ္ပါယ် မရှိတော့ပါ။ ဒီနေရာမှာ စာကျက်တဲ့ကျောင်းသား စာမေးပွဲအောင်မယ်လို့ ဟောတာမျိုး ဆိုရင်တော့ လက်ခံတယ်။ ဒါဆိုရင်လည်း စာမေးပွဲအောင်မယ် ဆိုတာကိုပဲ ဟောလို့ရမယ်။ အဲဒါမျိုးက တွက်ချက်တာ။ ကြိုသိလို့ ဟောခြင်းမဟုတ်။ ဒီတော့ ခန့်မှန်းတာဆိုတော့ လွဲတဲ့အခါလည်း ရှိကိုရှိရမယ်။ အဲ…စာကြိုးစားတဲ့ကျောင်းသားကို ဘယ်အပုဒ်တွေမှာ အမှတ်ဘယ်လောက်ရပြီး စုစုပေါင်း အမှတ်ဘယ်လောက်နဲ့ အောင်မယ်လို့ ဟောတာမျိုးကကျ အကုန်ကြိုသိသလို ဖြစ်သွားပြီ။ တွက်တာ မဟုတ်တော့ဘူး။ ဗျာဒိတ်တွေ အတိုင်းသာ အတိအကျဖြစ်ကြေးဆိုရင် hard determinism ဖြစ်သွားပြီ။ ပွင့်လာမယ့် ဘုရားတွေဆိုတာ မလွဲမသေ ပွင့်ရမှာမို့၊ ငရဲကျမယ့်သူဟာလည်း ကြိုဟောထားတဲ့အတိုင်းမလွဲမသွေ ကျကိုကျရမှာမို့ တကယ်လေးလေးနက်နက် စဉ်းစားကြည့်ရင် လူတွေ သတ္တဝါတွေ အားလုံးဟာ ကြိုတင်ရှိပြီးသား ဇာတ်ညွှန်းထဲက ဇာတ်ကောင်တွေ အဆင့်ကို လျှောကျသွားလိမ့်မယ်။ ဥပမာ ဒီလူဟာ တရားရကို ရရမယ် ဆိုပါစို့။ ဒါဆိုရင် တရားက ဗျာဒိတ်အတိုင်း (ဟောတဲ့အတိုင်း) ရကို ရရတော့မှာမို့ တရားကိုလည်း ကျင့်ကို ကျင့်ရတော့မယ်။ ဒီတော့ တရားကျင့်ခြင်းက free will နဲ့ ကျင့်တာမျိုး မဟုတ်တော့ဘဲ ရုပ်ရှင်ဇာတ်ညွန်း တခုမှာ ယုတ္တိရှိအောင် တရားရမယ့်ဇာတ်လိုက်အတွက် တရားကျင့်တဲ့ဇာတ်ဝင်ခန်း ထည့်ပေးတဲ့ အဆင့်မျိုးပဲ ရှိတော့မယ်။ ဘာလို့တုန်းဆိုတော့ အဲဒီ့အတိုင်းကြီး ဖြစ်ကို ဖြစ်ရတော့မယ်လို့ ဆိုထားတာကိုး။ ဒီတော့ free will နဲ့ အလုံးစုံကြိုသိခြင်းဟာ mutually exculsive ဖြစ်နေတဲ့ အတွက် တခုမှန်ရင် တခုမှားမှာပါ။ ဘယ်ဟာမှန်မယ် ဘယ်ဟာမှားမယ်လို့တော့ မပြောနိုင်ပါ။ ((

(၅) ကျနော် ဆိုလိုချင်တာက free will က မှန်ပြီး အလုံးစုံ ကြိုသိနိုင်ခြင်းက မှားတယ်လို့တော့ ဆိုလိုတာ မဟုတ်ပါ။ အဲဒီ့နှစ်ခု တွဲပြီး မရှိနိုင်တာ၊ တွဲပြီး ရှိနေတယ်ဆိုရင် ရှေ့နောက်မညီဘူး ဆိုတာကို ဆိုလိုတာပါ။ ဒီနေရာမှာ philosophy မှာ determinism ဆိုတဲ့ ဟာ ရှိပါတယ်။ အရာရာက ပြဌာန်းပြီးသားပေါ့။ အဲဒါကလည်း God ကို ထောက်ခံထားခြင်းတော့ မဟုတ်ပါဘူး။ Nature နဲ့ Nurture က အရာရာကို ပြဌာန်းထားတဲ့ သဘောမျိုးပါ။ အဲဒါကို ဆက်ရေးရရင် ရှည်မှာမို့လို့ မရေးတော့ပါဘူး။ တကယ်က ကျနော်ဒီထဲက စာသားများများကို http://kaungkinko.blogspot.com/2012/01/free-will-determinism-by.html မှာ ရေးပြီးသားပါ။ အကြောင်းတိုက်ဆိုင်လာလို့ နောက် version တမျိုးအဖြစ် ရေးကြည့်တာပါ။ (

(၆) ကျနော်ပြောချင်တာ တခုရှိပါသေးတယ်။ ဘာသာရေးဆိုတာ အာဏာရှင် စနစ်တခု မဟုတ်လို့ လွတ်လွတ်လပ်လပ် အကျိုးသင့် အကြောင်းသင့် ဝေဖန်ခွင့် ရှိသင့်ပါတယ်။ ဝေဖန်တာနဲ့ စော်ကားတာ မတူပါ။ ကျမ်းတွေ အလိုအရဆိုရင်တော့ ဗုဒ္ဓရှိစဉ်အခါကလည်း မေးခွန်းတွေ လွတ်လွတ်လပ်လပ်မေးခွင့် ရှိခဲ့ပါတယ်။ ပဒေသရာဇ် ဘုရင်တွေ အုပ်ချုပ်တဲ့ ခေတ်တွေမှာတောင် မယုံကြည်လို့ မေးခွန်းထုတ်တဲ့သူတွေ အများကြီးပါ။ တကယ်တော့ ဘာသာအားလုံး အကုန်ကောင်းတယ်၊ သူ့ဟာလည်းကောင်းတယ် ငါ့ဟာလည်း ကောင်းတယ်ဆိုပြီး သဘောထားခြင်းက ရေရှည်မတည်တံ့နိုင်တဲ့ ယာယီ ဟန်ဆောင် ငြိမ်းချမ်းရေးမျိုးပါ။ တကယ့်တကယ် ဘာသာနှစ်ခု ယှဉ်လာကြတဲ့အခါ၊ အကျိုးကျေးဇူး ယှဉ်လာကြတဲ့အခါ ဟန်ဆောင်တာတွေ ပျောက်ပြီး ငြိကုန်ကြတာ များပါတယ်။ ဘာသာရေးတွေ ကြားမှာဖြစ်ဖြစ်၊ ဘာသာဝင်တွေနဲ့ ဘာသာမဲ့တွေ ကြားမှာဖြစ်ဖြစ် တကယ်ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးမျိုးက ဟန်ဆောင်ပန်ဆောင်တွေ ပြောမနေဘဲ သူ့ဟာလည်း အားနည်းချက် အားသာချက်တွေရှိတယ်၊ ငါ့ဟာမှာလည်း အားနည်းချက် အားသာချက်တွေ ရှိတယ်ဆိုတဲ့ လက်တွေ့ကျတဲ့ အယူအဆမျိုးပါ။ ဒါမှ ကိုယ့်ဘာသာရဲ့ အားနည်းချက်တွေကို ပြောလာကြတဲ့အခါ ခံနိုင်ရည်ရှိပြီး သဘောထားကြီးလာကြမှာ ဖြစ်ပါတယ်။

by ကောင်းကင်ကို (Facebook မှာ Friday, December 21, 2012 က တင်ခဲ့တဲ့ Note ပါ။)

19 comments:

ဝိမွန် said...

ကျိုးကြောင်းညီညွတ်အောင် ရှင်းပြနိုင်တာကို ချီးကျူးတယ် ကောင်းကင်ကို။ ကိုယ်တိုင်လည်း ဘာသာတရားကို စိတ်ငြိမ်းချမ်းမှုအတွက်ပဲ ရည်ရွယ်ပြီး ကိုးကွယ်ပါတယ်။ ဗုဒ္ဓရဲ့  အတွေးအခေါ်တွေဟာ အတော်ကို မြင့်မြတ်ပါတယ်။ ဒါပေမယ့် တချို့  အကြောင်းအရာတွေမှာ လက်မခံနိုင်တာ ဟုတ်ပါ့မလားလို့  သံသယဖြစ်တာမျိုးလည်း ကိုယ်တိုင် ခံစားဖူးပါတယ်။ အထူးသဖြင့် နောင်ပွင့်မယ့်ဘုရား လို အကြောင်းအရာမျိုးပေါ့ ။ ကောင်းကင်ကို ပြောသလိုပဲ ကြိုတင်ဇာတ်ညွန်းရေးထားသလို ဖြစ်နေသလားလို့ ။

Anonymous said...

အရာရာကို ကိုယ့်ရဲ့ ကံ ဉာဏ် ၀ီရိယကသာ ဖန်တီးပေးတာပါ၊ ဒီ post ကိုရေးမယ်ဆို သေသေခြာခြာ ဘာသာပေါင်းစုံကို နိုက်နိုက်ချွတ်ချွတ် လေ့လာပြီးမှ ရေးသင့်ပါတယ်၊ မတောက်တစ်ခေါက် အတွေးနဲ့ ငမြောက်ငခြောက်တွေ မရေးသင့်ပါဘူး။

Arkar Kyaw said...

အဟမ်း နံပါတ် (၃) နဲ့ ပါတ်သက်ပြီး ပြဿနာရှိတယ်။ ငြင်းစရာတွေ အများကြီးပါ။

1 - ဘုရားသခင် အရာရာကို စွမ်းတယ်၊ လုပ်ပေးနိုင်တယ်ဆိုတာ ဘုရားသခင် အရာရာကို လုပ်ပေးမယ်လို့ အဓိပ္ပာယ်မရောက်ပါ။ ဆိုလိုတာက ဇာတ်ညွှန်းကို ပြောင်းလိုက်တယ် ဆိုတာမျိုး မရှိပါ။ ဘုရားသခင်က ဘယ်သူ့ကိုမှ မကယ်တင်ပါ။ ဇာတ်ညွှန်းဟာ အမြဲတမ်း ပုံသေပါပဲ။ (သိပ်ကောင်းတဲ့ argument တော့မဟုတ်ပါ။ ဆက်ငြင်းရင် အရှည်ကြီးပဲ)

2 - အရာရာကို သိတယ်ဆိုတာကလည်း ဇာတ်ညွှန်းကို သိတဲ့ သဘောမရောက်ပါ။ Causal relations ကို သိသလိုမျိုးသိတာပါ။ ကမ္ဘာပေါ်မှာရှိသမျှ "အသိ" တွေအားလုံး God ပိုင်ဆိုင်တယ် (have knowledge ကိုဆိုလိုတာပါ he knows မဟုတ်ပါ) လို့အဓိပ္ပာယ်ရပါတယ်။

3 - God ဟာ time & space ရဲ့ အပြင်ဘက်မှာဆိုတာ သတိပြုရပါမယ်။ ဒီတော့ သူဟာ ဇာတ်ညွှန်းကို ပြင်တယ်ဆိုရင်တောင် ပြင်ထားတဲ့ ဇာတ်ညွှန်းကိုလည်း သိပြီးသား ဖြစ်မှာပါ။ (Present မှာပဲ ရှိနေတာမဟုတ်ပဲ future မှာလည်း God ရှိနေတာကို သတိပြုပါ) ဒီအတွက် omnipotent နဲ့ all-knowing ဆိုတာ contradict မဖြစ်ပါ။
(weak argument ပါ။ time & space ဆိုတာ ဘာလဲတွေ ဘာတွေ ရှုပ်ကုန်ပါလိမ့်မယ်)

4 - God ဟာ မရှိတဲ့အရာတွေကို မသိနိုင်ပါ။ ဒါမှမဟုတ် God မသိတဲ့အရာဆိုတာ မရှိနိုင်ပါ။ (God cannot have knowledge of nonexistent things since because there is no possible knowledge about nonexistent things.)
အနာဂတ်ကို မဖြစ်သေးတဲ့အရာ၊ မရှိသေးတဲ့အရာထဲမှာ အကျုံးဝင်ပါမယ်။ (Omnipotence paradox ကိုသွားသတိရပါလိမ့်မယ်။ အခုတော့ မရှင်းနိုင်တော့ဘူး။ ဘယ်လိုရှင်းသလဲဆိုတာ ရှာဖတ်ကြပါ)

5 - နံပါတ်ငါးအချက် မရှိတော့ပါ။

ကောင်းက်ငကို said...

ဝိမွန်နဲ့ Anonymous ကို ဖတ်ရှုပြီး Comment ပေးတဲ့ အတွက် ကျေးဇူးပါ။ (ကိုယ်တိုင်လည်း ဘာသာတရားကို စိတ်ငြိမ်းချမ်းမှုအတွက်ပဲ ရည်ရွယ်ပြီး ကိုးကွယ်ပါတယ်။) ဆိုတာ ကောင်းတာပေါ့။ Anonymous ကိုတော့ ဘာမှ ပြန်ပြောစရာ မရှိပါ။ ပို့စ်ရဲ့ ရေးထားတဲ့ အကြောင်းအရာကို ဟုတ်၏ မဟုတ်၏ argument ပေးတာမျိုးထက် ဘလိုင်းကြီး ရေးတဲ့ comment မျိုးမို့ပါ။

ကို အာကာကျော် ပြောသွားတဲ့ argument တွေကို နှစ်သက်ပါတယ်။ နံပါတ် တစ်ကို တော့ ကယ်တင်မယ် ထင်တဲ့သူတွေ ဘုရားသခင် ဆီ ဆုတောင်းနေတဲ့ သူတွေကို သိစေချင်တယ်။ argument တွေ အကုန် သဘောကျပါတယ်။ အထူးသဖြင့် argument ထဲက နံပါတ် ၃ ပေါ့။ နံပါတ်လေးကိုလည်း သဘောကျတယ်။ အနာဂတ်ဆိုတာက အခု ရှိနေတဲ့ အရာမဟုတ်ဘူးဆိုတော့လေ။

Anonymous said...

ဲသြော်...သနားစရာကောင်းလိုက်တာနော်။
ဗုဒ္ဓလို အနိုင်းမဲ့ အတုမဲ့တဲ့ တန်ခိုးတော်ရှင်က
သဗေညုတ ဥာဏ်တော်နဲ့ တွေ့ မြင်လို့ 
ပြောခဲ့ဟောခဲ့တာကို ဇတ်ညွှန်းရေးထားသလိုပဲတဲ့။ ပရွက်ဆိတ်ဦးနှောက်နဲ့ 
တိုင်းထွာပြီးပြောနေတာပါလား။
ဒုက္ခ

kotwo said...

ကိုကောင်းကင်ကိုရယ်..တခြားအကြောင်းအရာတွေနဲ့ ကဗျာတွေပဲ ရေးပေးပါလား။ဘာသာရေးဆိုတာ အမျိုးမျိုးကွဲပြားနေပြီး ဖြစ်တဲ့အတွက် ကိုးကွယ်သူအများစုကလည်း ဒါမှဒါဆိုပြီး အသေကိုးကွယ်ထားပြီးသား ဖြစ်တဲ့အတွက် ဖတ်ရတဲ့သူတွေအတွက်ဒေါသထွက်ကြရမယ်။သရော်ဟားတိုက်ချင်ကြမယ်။ ကိုကောင်းရဲ့ ဆွေးနွေးချက်ကို ပြန်ဆွေးနွေးကြဖို့ထက် အကျိုးမရှိတဲ့ ဒေါသတွေနဲ့ပဲ ပြန်တုန့်ပြန်ချင်ကြမယ်။
၃၈ဖြာ မင်္ဂလာမှာတပါးပါတယ်လေ။ အကြင်သူသည် အကြောင်းအရာတခုကို သေချာ မဆင်ခြင်ပဲ ပြုမိ ပြောမိ၏။ တခြားသူတို့က ဒေါသထွက်၍ ဝေဖန်ပြောပြလျင် သူကိုယ်တိုင်လည်း ဒေါသတဖန်ထွက်ရ၏။ ဤသို့ နှစ်ဦးနှစ်ဘက်ဒေါသဖြစ်ကြရသဖြင့် အကျိုးမဲ့ကိုသာ ဖြစ်ရ၏။ ကောင်းသောစကား ကောင်းသောအကြောင်းအရာပင် ဖြစ်စေကာမူ အခြေအနေ အချိန်အခါ နှင့် နာခံသူ၏ အသိ အပေါ် ကြည့်ရမည်။
ကျွန်တော်လည်း ဒီပိုစ့်အပေါ်မှာ ဆွေးနွေးသုံးသပ်နိုင်တဲ့ အသိမရှိပါဘူး။ ဒါပေမယ့် ဒီ post ကဖတ်ရသူတော်တော်များများအတွက် အကျိုးမရှိနိုင်ဘူး ထင်လို့ပါ။ကိုကောင်း ဒီpost ကို ရေးနေစဉ်မှာတောင် ဒေါသ အာဃာတ နဲ့ တုန့်ပြန်မှု့တွေပါနေမယ် လို့ ထင်မိပါတယ်။
ကျွန်တော့်ရဲ့ coment ကြောင့် စိတ်အနှောင့်အယှက်ဖြစ်မယ်ဆိုရင်တော့ တောင်းပန်ပါတယ်။ ကျွန်တော်က ကိုကောင်းရဲ့ အမြဲတမ်း ပရိသတ်တယောက်ပါ။

Kaung Kin Ko said...

Kotwo ရေ၊ ကွန်မန့်ပေးလို့ရော၊ သတိပေးတာရော၊ ကဗျာတွေ ရေးပေးဖို့ပြောတာရော တန်ဖိုးထားပါတယ်ခင်ဗျာ။ စာရေးသူကို အကြံပေးတာမှန်သမျှလည်း လက်ခံတန်ဖိုးထားပြီး ကျနော် စဉ်းစားပါတယ်။ ဒါပေမဲ့ ဒီလို post မျိုးကို၊ out of the box တွေးတာမျိုးကို နှစ်သက်တဲ့ သူတွေလည်း ရှိပါတယ်။ Facebook မှာဆို ဘာသာရှိတဲ့သူတွေရော၊ ဗုဒ္ဓဘာသာတွေရော နှစ်သက်တဲ့သူတွေ ရှိပါတယ်။ ဘုန်းဘုန်းတွေနဲ့ ဆွေးနွေးတာမျိုးတောင် ရှိပါတယ်။ ဒါမျိုး post တွေကို အဓိကထားဖတ်တဲ့ free thinker တွေ ရေးတာကို အဓိက ထားဖတ်တဲ့ ဘုန်းဘုန်းတွေတောင် ရှိပါတယ်။ ဘုန်းဘုန်းတပါး ကိုယ်တိုင် ပြောဖူးတာပါ။ ဒေါသထွက်တာက အယူသည်းလွန်းတဲ့သူတွေ ဖြစ်ပါတယ်။ ကျနော် ဒီ post ရေးတာကတော့ ဒေါသတွေ၊ အာဃာတ တွေ ဘာမှ မပါပါ။ Facebook မှာ စရေးတာပါ။ ကွန်မန့်တွေ ပြန်ရေးတဲ့အချိန်မှာတော့ လူတယောက်ကိုတော့ အဲဒီ့မှာ ဒေါသထွက်မိပါတယ်။ ဒါပေမဲ့ အခုတော့ ကျနော့်ကို ပုရွက်ဆိတ် ဦးနှောက်နဲ့ တိုင်းထွားပြိး ရေးနေတယ်လို့ ပြောတဲ့ Anonymous ကိုတောင် ဒေါသတွေ ဘာတွေ ထွက်ခြင်းမရှိပါ။ သူနားလည်နိုင်စွမ်းမရှိလို့ အဲလိုပြောတာပဲလို့ အောက်မေ့ပါတယ်။ တကယ်က ကျနော်ရေးတာက အလုံးစုံကြိုသိတဲ့ဥာဏ်နဲ့ free will ရှိမရှီ ဆိုတာရယ် တခုရှိရင် တခုမရှိနိုင်ဘူးဆိုတဲ့ mutually exclusive ဖြစ်နေတာလောက်ကို ရေးတာကို သူက တလွဲတွေးနေတာ တခုရှိရင် တခုမရှီနိုင်ကြောင်းပြောတာကို နားလည်နိုင်စွမ်း မရှိတာက သေချာပါတယ်။ Facebook မှာတော့ သူ့လိုပြန်ပြောတာမျိုးမဟုတ်ဘဲ ကောင်းကောင်းမွန်မွန် နားမလည်ကြောင်းပြောလို့ ကျနော် ဥပမာတွေနဲ့ ပြန်ရှင်းပြထားတာတွေ ရှိပါတယ်။ ခုနက Anonymousတို့ စိတ်တကယ်ဝင်စားပြီး ကြိုးစားပြီး နားလည်အောင် လုပ်မယ်ဆိုရင် နားလည်လာစေဖို့ ကွန်မန့်တွေကို ကျနော် ကော်ပီ လုပ်ပြပါ့မယ်။

Kaung Kin Ko said...

ဒီမှာလည်း ဖတ်နိုင်တယ်။ http://www.facebook.com/notes/kaung-kin-ko/%E1%80%80%E1%80%99%E1%81%BB%E1%80%AC%E1%80%95%E1%80%BA%E1%80%80%E1%80%B9%E1%80%99%E1%80%95%E1%80%BA%E1%80%80%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B7%E1%80%B9-%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8-%E1%80%A1%E1%80%95%E1%80%AB%E1%80%A1%E1%80%9D%E1%80%84%E1%80%B9-%E1%80%86%E1%80%80%E1%80%B9%E1%80%85%E1%80%95%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC-%E1%80%A1%E1%80%BB%E1%80%81%E1%80%AC%E1%80%B8%E1%80%A1%E1%80%B1%E1%80%90%E1%80%BC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/10151300707829116

Kaung Kin Ko said...

Kaung Kin Ko အင်း ဟုတ်တယ်။ ကျနော်ဆိုလိုချင်တာက ကြိုဟောလို့ မရဘူးဆိုတာ မဟုတ်ပါဘူး။ (ရာနှုန်းပြည့်တောင် ကြိုပြောလို့ ရတာမျိုးဖြစ်ချင်ဖြစ်မယ်။ God က ပြဌာန်းထားတာမျိုးတော့ မဟုတ်ဘူး။ ဆိုပါတော့ လူတွေကို ကွန်ပျူတာ ပရိုဂရမ် အဖြစ် မြင်ကြည့်လိုက်၊ Nature နဲ့ Nurture က ပြဌာန်းသွားတာ။ Universe ကြီးမှာ တစုံတရာက အလုံးစုံ အချက်အလက် (လေတိုက်နှုန်းကအစ၊ မြေကြီး က ဘယ်နှစ်မှုန်ဆိုတာအဆုံး ဒေတာတွေ အကုန်လုံးသိရင် ကြိုဟောလို့ ရတယ်ဆိုတဲ့ အဆိုရှိတယ်။ ရာနှုန်းပြည့်။ အဲဒါကို determinism လို့ ခေါ်တယ်။ အဲဒါဟုတ်မဟုတ် ငြင်းနေတုန်းပဲ။) ဒါပေမဲ့ ကျနော် ထောက်ပြချင်တာက "အလုံးစုံကြိုသိခြင်းနဲ့ free will" တွဲပြီး ဘယ်လျိုမှ မရှိနိုင်ဘူးဆိုတာပဲ။ ရှေ့နောက်မညီတာကိုပဲ ပြောချင်တာ။
December 21, 2012 at 2:19pm • Like • 9

Kaung Kin Ko (မူလအရင်းခံကံအတိုင်းခံစားရပြီး အပြောင်းအလဲ လုပ်မယ်ဆိုရ်င အပြောင်းအလဲလုပ်တဲ့ ကံအတိုင်းခံစားရမယ်လို့ ဆိုရင်ရမလား) အဲဒါက လက်ခံလို့ရတယ်။ ဒါဆို ဘုရားဟော ဗျာဒိတ်ဆိုတာလည်း မှားချင်မှားနိုင်တယ်ဆိုတာကို လက်ခံမှ ရတော့မယ်။ ၈၀ ရာခိုင်နှုန်းမှန်ချင်လည်း မှန်မယ်။ အကုန်မမှန်ဘူးဆိုမှ ရတော့မှာပေါ့။ အပြောင်းအလဲ လုပ်သူအတွက်ဆို မှားသွားပြီကို ဆိုလိုတာ။
December 21, 2012 at 2:20pm • Like • 5


စိုင်း ခမ်း ထွန်း အလုံးစုံကြိုသိတာနဲ့ Free Will ကို မထိခိုက်ဘူး လို့ ထင်ပါတယ်။
လူတစ်ယောက် သို့မဟုတ် သတ္တဝါတစ်ဦးက သူဖာသာ "Free" Will နိုင်ပါတယ်။
ဒါပေမယ့် အလုံးစုံသိသူဟာ Free Will သမား ဘယ်လို Will မယ်ဆိုတာကို သိနိုင်ပါတယ်။ သူက ဘာဖြစ်ရမယ်လို့ အဆုံးအဖြတ်ပေးတာမဟုတ်ပါဘူး။ ဘာဖြစ်လာလိမ့်မယ်လို့ ကြိုသိနေတာမျိုးလို့ ထင်ပါတယ်။
ဒါကြောင့် သတ္တဝါတစ်ဦးဟာ ကိစ္စတစ်ခုကို သူ့ဖာသာ Free Will တာပါပဲ။
ရာသီဥတု ခန့်မှန်သလို အရိပ်လက္ခဏာတွေကို ကြိုသိရင် ဘယ်အချိန် ဘယ်လို မိုးရွာမယ်လို့ ခန့်မှန်းနိုင်တာမျိုးလို
အရာရာကို သိသူဟာ အသေးအဖွဲ အကျိုးသက်ရောက်မှုကနေအစ ရုပ်အခြေအနေရော၊ နာမ်အခြေအနေကိုပါ သဘောပေါက် နားလည်သူဟာ ဘာဖြစ်မယ်ဆိုတာကို ကြိုသိနိုင်ပါတယ်။ သူက ဘာဖြစ်ရမယ်လို့ ကြိုတင် သတ်မှတ်ပေးလိုက်တာ မဟုတ်ပါဘူး။ သူဖန်တီးတာလည်း မဟုတ်ပါဘူး။
သတ္တဝါတစ်ဦးက သူကိုယ်တိုင်ဖန်းတီးကြိုးစားပြီး ဖြစ်လာမယ့် အချိန်၊ နေရာ၊ အကျိုးရလဒ်ကို ကြိုသိနေတဲ့ ပုံမျိုးပါ။

Kaung Kin Ko ကိုစိုင်းလွဲနေပြီဗျ (အလုံးစုံကြိုသိတာနဲ့ Free Will ကို မထိခိုက်ဘူး လို့ ထင်ပါတယ်။
လူတစ်ယောက် သို့မဟုတ် သတ္တဝါတစ်ဦးက သူဖာသာ "Free" Will နိုင်ပါတယ်။) free will ရှိတယ်ဆို လူက လုပ်ချင်တာ လုပ်တော့မယ်။ ဒီတော့ ကြိုတင်ဟောကိန်းထုတ်လို့ မရတော့ဘူး။ ဂြိုလ်တွေ လတွေကိုသာ ဟောကိန်းထုတ်လို့ ရမှာဗျ။ ကြို ရှိနေမှ ကြိုသိလို့ ရမှာပေါ့။ ဆိုပါစို့ ဒီကျနော်တို့ ရေးနေတဲ့ မြန်မာစကားဆိုတာ ရှေးက သမိုင်းတွေပေါ်မူတည်ပြီး ဆင့်ကဲပြီး ဖြစ်လာတာ။ ရှေးကလူတွေက ဟောင်နေတဲ့ အကောင်ကြီးကို ခွေးလို့ သတ်မှတ်ပြီး ဒီလိုရေးလို့ သတ်မှတ်လို့ ကျနော်တို့ မြန်မာလို ဒီလိုရေးရတာ။ အဲဒါကို ဗုဒ္ဓက ကြိုသိနေမယ် ဆိုရင်ဗျာ ကျနော်တို့မှာရော လူ့သမိုင်းကြီးတခုလုံးက လူတွေမှာပါ free will နဲ့ လုပ်လို့ ဒီမြန်မာစာ ဖြစ်လာတာ ဘယ်ဟုတ်တော့မတုန်း။ သူကြိုသိလို့ ရနေတယ် ဆိုတကည်းက ဒီအတိုင်းပဲ ဖြစ်ရတော့မှာမို့ ။ တခြားနည်း ဖြစ်စရာကို မရှိတော့လို့။ ဒါဆို free will ရှိတယ်လို့ ဘယ်လိုလုပ် ပြောလို့ရတော့မတုန်း ကိုစိုင်း။ အဲ့နှစ်ခုက ဘယ်လိုမှ တွဲလို့မရတဲ့ နှစ်ခုဗျ။

Kaung Kin Ko said...

Kaung Kin Ko အဲ့နှစ်ခုမှ တခုကတော့ မှန်နိုင်တယ်ဆိုရင် လက်ခံလို့တယ်။ နှစ်ခုလုံးဆိုရင်သာ mutually exclusive ဖြစ်လို့။ (ကြိုသိနိုင်ခြင်းနဲ့ free will မှာ)
December 21, 2012 at 2:34pm • Like • 1

စိုင်း ခမ်း ထွန်း အိုင်စတိုင်း နောက်ဆုံး အားထုတ်တဲ့ အီကွေးရှင်းက အရာရာတိုင်းက ကြိုတင် တွက်ထုတ်နိုင်မယ့် အီကွေးရှင်းပါ။
သူ့အယူအဆ တစ်ခုက အံစာတုံး တစ်တုံးကို မြှောက်တဲ့ အခါ မျက်နှာ ၆ ဖက်ရှိတဲ့ အတွက် ဖြစ်နိုင်ခြေက တစ်ဖက်စီအတွက် ၆ ပုံ ၁ ပုံ ပါ။
ဒါပေမယ့် သူလုပ်ချင်တာက ပစ်လွှတ်မယ့်အား။ လေထုအခြေအနေ၊ ကမ္ဘာ့ဆွဲအား စတဲ့ သက်ရောက်မယ့် အကြောင်းအရာ အားလုံးကို ကြိုတင် တွက်ဆ နိုင်ရင် ... နောက်ဆုံး အံစာတုံးရဲ့ ဘယ်မျက်နှာဟာ အပေါ်ဖက် ကျမလဲ ဆိုတဲ့ ယူဆချက်ပါ။
December 21, 2012 at 2:35pm • Like • 1

Kaung Kin Ko အိုင်းစတိုင်းက ရုပ်ဝတ္ထုတွေ အတွက်ဗျ။ ရုပ်ဝတ္ထုတွေက free will မရှိဘူးလေ။ ကျနော်က ကြိုတွက်လို့ မရဘူးလို့ တရားသေ ပြောတာ မဟုတ်ဘူးဗျ။ ရာနှုန်းပြည့်မှန်အောင် ကြိုသိခြင်းနဲ့ free will တွဲမရှိဘူးလို့ပဲ ဆိုလိုတာဗျ။ နှစ်ခုမှာ တခုကတော့ ရှိကောင်း ရှိနိုင်တယ်။
December 21, 2012 at 2:37pm • Like • 4

စိုင်း ခမ်း ထွန်း ဗုဒ္ဓဟောတဲ့ အထဲမှာ စိတ်တွေရဲ့ အလေ့အကျင့်နဲ့ အထုံ စရိုက်ဆိုတာတွေ ရှိတယ် ကိုကောင်း။ ဒါ့ကြောင့် သတ္တဝါတစ်ခု ဘယ်လိုအခြေအနေမှာ သူဘယ်လို့ တုံ့ပြန် ဆုံးဖြတ်တတ်တယ်ဆိုတာကို သိရင် နဲ့ ပတ်ဝန်းကျင်က ဘယ်လိုအခြေအနေ ရှိနေနိုင်တယ်ဆိုတာကို ကြိုသိနေရင် သူဘယ်လို လုပ်မယ်ဆိုတာကို ပြောနိုင်ပါလိမ့်မယ်
December 21, 2012 at 2:39pm • Like • 2

Kaung Kin Ko တကယ်တော့ ကိုစိုင်းဘာသာ ကိုစိုင်း ရှုပ်သွားတာဗျ။ ကိုစိုင်းပြောတဲ့ စကားထဲမှာတင် ပါသွားပြီ။ "ဒါပေမယ့် အလုံးစုံသိသူဟာ Free Will သမား ဘယ်လို Will မယ်ဆိုတာကို သိနိုင်ပါတယ်။" ဆိုကတည်းက အဲဒီ့ Will ကြီးက ကြိုဟောကိန်းထုတ်လို့ ရတယ်ဆိုကတည်းက ဘယ်လိုလုပ် free ဖြစ်တော့မှာတုန်းဗျာ။ ကျနော်က ကြိုသိသူက အဆုံးအဖြတ် ပေးတာလို့တော့ ပြောမထားပါဘူး။ အဲလို ကြိုသိလို့ ရတယ်ဆိုရင် Nature နဲ့ Nuture က ဆုံးဖြတ်ထားတာလို့ပဲ ပြောလို့ရမယ်။ အဲလိုဆို free will မရှိတော့ဘူးလေ။

Kaung Kin Ko said...

Kaung Kin Ko ကိုစိုင်းကို ကျနော်ပြောနေတာက အဲလိုကြိုတွက်လို့ရတဲ့အကြောင်းတင် မကဘူးဗျ။ ဗျာဒိတ်ပေးတဲ့ အခါမှာ တွက်ဖို့မဖြစ်နိုင်တဲ့ ဘယ်အပင်အောက်မှာ ဆိုတာက အစ၊ ဘယ်နာမည်နဲ့ ပွင့်မယ် ဆိုတာက အစ သိနေတော့ တွက်ချက်ခြင်း ဆိုတဲ့ ဘောင်ကို ကျော်သွားပြီ။ ပြီးတော့ ကိုစိုင်းက ဒီလိုပြောတယ်။ (((ဗုဒ္ဓဟောတဲ့ အထဲမှာ စိတ်တွေရဲ့ အလေ့အကျင့်နဲ့ အထုံ စရိုက်ဆိုတာတွေ ရှိတယ် ကိုကောင်း။ ဒါ့ကြောင့် သတ္တဝါတစ်ခု ဘယ်လိုအခြေအနေမှာ သူဘယ်လို့ တုံ့ပြန် ဆုံးဖြတ်တတ်တယ်ဆိုတာကို သိရင် နဲ့ ပတ်ဝန်းကျင်က ဘယ်လိုအခြေအနေ ရှိနေနိုင်တယ်ဆိုတာကို ကြိုသိနေရင် သူဘယ်လို လုပ်မယ်ဆိုတာကို ပြောနိုင်ပါလိမ့်မယ်)) အဲဒီ့ကိုစိုင်း စကားမှာကိုက အဖြေပါသွားပြီလေ။ ကျနော်တို့က ပရိုဂရမ်လို အသေကြီး ဖြစ်သွားပြီး ကျနော်တို့နာမ်ဆိုတာကြီး ကွန်ပျူတာဆော့ဝဲလို ဘယ်လိုလာရင် ဘယ်လိုလုပ်မယ်ဆိုတဲ့ အသေကြီးဖြစ်နေလို့ (free will မရှိလို့) သူဟောတဲ့အတိုင်းကြီးပဲ ဖြစ်မှော ပရိုဂရမ်ကြီးအတိုင်းဖြစ်နေမှာမို့လို့သာ သူကြိုဟောလို့ ရတာပေါ့။ ပရိုဂရမ်ထက် ထူးခြားပြီး အမျိုးမျိုးဖြစ်နိုင်ချေတွေ သန်းနဲ့ချီပြီး ပွင့်နေတယ် ဆိုရင် သူဘယ်လိုလုပ် ကြိုဟောမှာလဲ
December 21, 2012 at 2:43pm • Like • 2

Kaung Kin (((အဲ့ဒီ လူ (လူတစ်ဦး) ဟာ - "အလုံးစုံ ကြိုသိ" အောက်မှာလည်း မဟုတ်ဘူး။ ဖရီးလည်း မဝဲလ် ဘူး ဆိုရင်ကော --- အကို K.)) အဲဒါက လက်ခံလို့ ရတယ်ဗျ။ ဟိုနှစ်ခုသာ ယှဉ်ပြီးမရှိနိုင်တာ။

Kaung Kin Ko said...

Kaung Kin Ko ကိုစိုင်။... ကျနော့်ဆိုလိုရင်းက ဒီလိုဗျ။ free will ဆိုတဲ့ အဓိပ္ပါယ်မှာက ကျနော် ဆုံးဖြတ်ချင်တာ ဆုံးဖြတ်မယ် ဆိုတဲ့သဘော လုပ်ချင်တာ အဲဒီ့အချိန်ရောက်မှာ လုပ်မယ် ဆိုတဲ့သဘော။ ဖြစ်နိုင်ချေတွေ အများကြီး ပွင့်နေတယ် ဆိုတဲ့သဘောဗျ။ အဲ...ဗုဒ္ဓက အကုန်ကြိုဟောနိုင်တယ် ဆိုတက မဖြစ်နိုင်ဘူးလို့ ကျနော်မပြောဘူး။ အပင်က အစ ကြိုဟောတာလည်း ဖြစ်နိုင်တယ်။ အဲလိုဆိုရင်သာ ကျနော်တို့မှာ free will မရှိတော့ဘူးဗျ။ ကိုယ့်ကိုယ်ကို လူလို့ထင်နေတဲ့ ပရိုဂရမ်ကြီးတွေ ဖြစ်ကုန်ပြီ။ အဲလိုဆိုရင် ကျနော်တို့ရဲ့ Will တွေ (စိတ်တွေ) ဟာ တကယ်တော့ စက်ကြီးတွေ။ တစုံတယောက်က ကြိုဟောကိန်းထုတ်လို့ရမယ်ဆိုတဲ့သဘော။ အဲလိုဟောကိန်းထုတ်နိုင်သူကတော့ ဗုဒ္ဓဆိုတဲ့ သူပေါ့။ (သူဘာကြောင့်ဟောနိုင်တုန်းဆိုတာ ခဏထား) ကျနော်တို့ စိတ်က ပညာရှိတဲ့သူ ဘယ်သူက မဆို ဟောလို့ ရသလို ဖြစ်နေတယ်။ ပုံသေကြီးဖြစ်နေတယ်။ ဒီ့အတွက် free will ဆိုတာ မရှိတော့ဘူး (အကုန်သာ ကြိုဟောလို့ ရမယ်ဆိုရင်) အကုန်ကြိုဟောလို့ မရဘူးဆိုရင် free will က ရှိနိုင်တယ်။ တစိတ်တပိုင်းဟောလို့ ရမယ်ဆိုရင်လည်း ဖြစ်နိုင်တယ်။ ကိုဇေယျပြောသလို နှစ်ခုလုံးအောက်မှာ မရှိတာလည်း ဖြစ်နိုင်တယ်။
December 21, 2012 at 2:50pm • Like • 2

Zar Ni Aung “ကံ” ကံ ရဲ့ အဆိုး အကောင်း ကို မယုံ ရင် ဒုက္ခ တွေ ရောက်ကုန်ကြတော့မှာပါဘဲ။
December 21, 2012 at 2:53pm • Like • 1

Zay Ya ကံ- ကံ၏ အကျိုး ??

သား ယုံချင်ဘူး ကိုဇာနည်။ သားက သိချင်တာ ။ သိအောင် ကြည့်လို့ - သိပါပြီ ဆိုရင် ယုံစရာ မလိုတော့ဘူး မလား
December 21, 2012 at 2:56pm • Edited • Unlike • 5

Kaung Kin Ko ဒီဟာက ကံကံရဲ့ အကြောင်းမပါဘူးဗျ။ ဟိုနှစ်ခု ယှဉ်တွဲမတွဲပဲ ပြောတာ။ ကံကံရဲ့ အကြောင်းဆိုတာက လူတယောက်ကို definition ဖွင့်ကြမှဆြိုတော့ အဲဒီ့အကြောင်းရေးရင် ကိုယ့် definition နဲ့ ကိုယ်ရေးမှ ရမှာ။း-) လူအများစု ပြောပြောနေတဲ့အပေါ်ယံ ကံကံရဲ့ တရားတို့ ရှေးဘဝကံဆိုတာလောက်ကိုတော့ ကျနော် လက်မခံဘူး။
December 21, 2012 at 2:57pm • Like • 3

Kaung Kin Ko said...

Jame Lwin ကျွန်တော်ကတော့ ရုပ်ရှင်သမားဆိုတော့ Free will ကို အပေါ်ယံလောက် လေ့လာချင်ရင် Minority Report ကြည့်ပါလို့ပဲ ပြောချင်တယ်

ပြောချင်တဲ့ Msg က လူ့ဦးနှောက်က တွက်ထုတ်လိုက်တဲ့ (ကိစ္စတစ်ခု အပေါ်မှာ) ဖြစ်နိုင်ချေများစွာ (ရာဂဏန်းကနေ သန်းချီရှိနိုင်) ကို ကြို ဟောဖို့ ဆိုတာ တော်တော်ကို ခဲယဉ်းတဲ့ အလုပ်ဗျ
December 22, 2012 at 12:51am • Unlike • 3

Kyi Soe သိတော့ မသိဘူးးး။ ထင်တာပြောရရင် ဗုဒ္ဓ/ဗုဒ္ဓတွေ ကတော့ ဗျာဒိတ်တွေ မပေးခဲ့လောက်ဘူး ထင်တာပဲ ။ လူတွေကို ဆုံးမသွန်သင်ချင်တဲ့ စာရေးဆရာတွေ လက်ချက်ဖြစ်လိမ့်မယ်။:) ( ကောင်းကင်ကို ပြောတဲ့ ဟိုနှစ်ချက် တစ်ပြိုင်တည်း/ပူးတွဲ ရှိ/မှန် မနေနိုင်ဘူးဆိုတာ ယုတ္တိ ရှိပါတယ်..)
December 22, 2012 at 12:57am • Unlike • 10

Kaung Kin Ko ဗေဒင်ကို ပယ်ခဲ့တယ်ဆိုတာလည်း ရှိတယ်ဗျ။ ဒီတော့ ဗျာဒိတ်ဆိုတာ ဗေဒင်သဘောမျိုးဆိုတော့ အတိအကျကြီးတော့ ဟောခဲ့မယ် မထင်ဘူး။ ဘုရားဖြစ်ဖို့ ကြိုးစားတဲ့သူတွေကို အားပေးတဲ့သဘောမျိုးပဲ ရှိလောက်မယ်။ ဘယ်အပင်အောက်မှာ ပွင့်မယ် ဘယ်ဘွဲ့နဲ့ ပွင့်မယ်ဆိုတာတို့၊ ကမ္ဘာကြီး ဘယ်နည်းနဲ့ ပုံသေပျက်မယ် ဆိုတာတို့ မပြောခဲ့လောက်ဘူး ထင်တာပဲ။
December 22, 2012 at 12:59am • Like • 2

Kyi Soe ခြုံယူယုတ္တိအရ ယေဘုယျနိဂုံး(ကြိုတင်ဟောကိန်းထုတ်) ထုတ်နိုင်တာမျိုးတော့ရှိမယ်။ ဒါတောင် ခြုံယူယုတ္တိဗေဒက အတွေ့အကြုံ (သိခဲ့ပြီးတဲ့ အချက်တွေ)ပေါ်မှာ အခြေခံရတာ မဟုတ်လား။
December 22, 2012 at 1:03am • Unlike • 1

Jame Lwin လက်ရှိမှာ ပရိုဂရမ်မင်း လုပ်ထားတဲ့ (လုပ်ထားသလို ဆိုတဲ့) သဘောတရားကို 2008 နောက်ပိုင်းထွက်တဲ့ ဂိမ်းတွေမှာ ရုပ်ရှင်တွေမှာ ထည့်သွင်းဖော်ပြလာကြတယ်

ဘာလို့ ကျွန်တော် ဂိမ်းတွေ ရုပ်ရှင်တွေ ၀တ္ထုတွေပဲ ညွန်းနေလဲဆိုတော့ - အဲဒီဟာတွေက ( ဂိမ်းတွေ ရုပ်ရှင်တွေ ၀တ္ထု) နေ ဖန်တီးထားသူ တွေရဲ့ နေထိုင်ရာ နိုင်ငံ ရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ နည်းဗျူဟာပိုင်းဆိုင်ရာတွေ လေ့လာသိနိုင်တယ်ဗျ
ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း ဆိုတာတွေလည်းပါတာပေါ့ဗျာ

ကျွန်တော်ပြောထားတဲ့ Programmed Processing Planet ဆိုတာမျိုးက ဂိမ်းတွေ အနေနဲ့ ဆိုရင် လက်ရှိ Console တွေ Game Engine တွေရဲ့ တွက်ချက်နိုင်စွမ်းအရ ဖြစ်နိုင်ချေ ထည့်သွင်းနိုင်မှု နည်းသေးတယ်ဗျ

ဥပမာ ထောင်ချောက်မိနေတဲ့ ခွေးလေးကို ကယ်လိုက်တယ် ကိုယ် အရေးကြုံတဲ့ အချိန်မှာ အဲဒီခွေးလေးက ပြန်လာ ပြီး ကူညီတယ် ဆိုတာမျိုးပေါ့
(ခွေးက အသိဥာဏ်တွေ ဘာညာတွေ ထည့်မတွေး အထွန့်မတက်နဲ့ နော်)

ကိုယ် လုပ်တာကို မူတည်ပြီး ဆက်ဖြစ်တယ်ဆိုရင် Possibility က တစ်ကယ်ကို များလှပါတယ် ချက်ချင်းသက်ရောက်မှုရယ်မှ မဟုတ်ဘူး နောက်ပိုင်းမှာလည်း သက်ရောက်တယ်လေ

ဥပမာ ပြင်ပလောကမှာ ကျွန်တော်တို့ေ တွ ဘွဲ့ တစ်ခု ယူထားတယ်ဆိုပါစို့ နောက်ပိုင်းပညာတွေ ထပ်သင် လုပ်ငန်းတွေ လုပ်မယ်ဆိုရင် အဲဒီ ဘွဲ့လက်မှတ်က အသုံးဝင်လာပြီ

အဲ ....... ကျွန်တော်တို့သာ အဲဒီလက်မှတ် ယူမထားပဲ နောက်တခြားတစ်ခုယူထားတယ်ဆိုရင် နောက် 10 နှစ်မှာ ဖြစ်နေမယ့် အခြေ အနေကွာခြားသွားမယ် လေ

ဒါက သက်ရောက်မှု ဥပမာ တစ်ခုပဲ ရှိသေးတယ် လက်တွေ့ဘ၀မှာ အများကြီး ဖြစ်ပျက်နေတယ်လေ

အိပ်တော့မယ် မနက် စောကြီးထရဦးမှာ
December 22, 2012 at 1:05am • Edited • Unlike • 4

Kyi Soe (စောစောထ ရမှာမို့ စောစော အိပ်တယ်):)
December 22, 2012 at 1:05am • Like • 2

Kaung Kin Ko said...

Kaung Kin Ko Nay Chi စာကျက်လို့ စာမေးပွဲအောင်တာမျိုး ပါရမီ ဖြည့်လို့ ဘုရားဖြစ်မယ်ဆိုတာမျိုး အားပေးတာတော့ လက်ခံပါတယ်။ ဒါပေမယ့် ဘယ်အပင်အောက်မှာ ဘယ်ဘွဲ့နဲ့ ဆိုတာမျိုးကကျ ပုံသေဆန်လွန်း အားကြီးသွားပြီလေ။ ဘယ်အပင်အောက် ဘာညာဆိုတာက အဲဒီ့အချိန်မှာ အဲဒီ့အပင် မျိုးတုန်းချင် မျိုးတုန်းသွားမယ်။ ကြက်ကလေးတကောင်က အဲဒီ့ မျိုးစေ့ကို ဝင်ယက်လိုက်ရုံနဲ့ ပျက်သွားမှာပေါ့။ (တကယ်လို့ free will ရှိတယ်ဆိုရင်)....ဒါပေမဲ့ ကြိုဟောလို့ လုံးဝ မရဘူးလို့ ဆိုလိုချင်တာမဟုတ်။ ကြိုဟောတိုင်း ရာနှုန်းပြည့် မှန်မယ်ဆိုရင် free willl မရှိနိုင်ဘူး။ ဒါမှ မဟုတ် free will ဆိုတာရှိရင် ရာနှုန်းပြည့်အလုံးစုံ ကြိုသိဖို့ဆိုတာ မဖြစ်နိုင်ဘူး လို့ပဲ ဆိုလိုတာ။ ကြိုတွက်လို့ ရတယ်ဆိုရင်တောင် တွက်တယ်ဆိုတာမျိုးက သက်မဲ့ ဂြိုလ်တွေကိုပဲ ရမယ်။ သက်ရှိတွေကိုတော့ တချို့ဟာတွေပဲ ကြိုတွက်တဲ့အတိုင်း ဖြစ်မှာလေ။
December 23, 2012 at 1:02pm • Like • 1

Kaung Kin Ko ဒီ link ကိုပဲ ဖတ်ကြည့်လိုက်။ ယုတ္တိမရှိတောတွေ တွေ့လိမ့်မယ်။ လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းကိစ္စမှာလည်း ယုတ္တိမတန်တာတွေက အများကြီးပဲလေ။ ထင်ရှားတာလေးတခု ထောက်ပြရရင် တိရစ္ဆာန်ဘဝတွေ ပါတယ်။ တိရစ္ဆာန်ဦးနှောက်နဲ့ လူ့ဦးနှောက်နဲ့က လုံးလုံး မတူပါ။ တိရစ္ဆာန်ဦးနှောက်နဲ့ လူတွေနဲ့ ဆက်သွယ် စကားပြောတာမျိုး၊ ဘုရားဖြစ်ဖို့ ကြိုးစားဖို့ နေနေသာသာ ဘုရားဆိုတာ သိတာမျိုးက မဖြစ်နိုင်ပါ။ ပြီးတော့ အဲဒီ့ဇာတ်တော်တွေထဲမှာ တခြားဘာသာတွေနဲ့ ဆင်တာ (ဥပမာ မဟောသဓရဲ့ သားတရား စီရင်ခန်းဆိုရင် ဂျူးကျမ်းစာထဲက ဆော်လမွန်ဘုရင်ရဲ့ ဇာတ်လမ်းနဲ့ ဆင်နေတာမျိုးတွေ၊ ချက်တော်ကို လက်တော်နဲ့ သံုးသပ်လို့ ကလေးမွေးလာတယ် ဆိုတာမျိုးတေါ၊ လူနဲ့ တရိစ္ဆာန် စကားပြောတာမျိုးတွေ ပါတယ်။ အဲဒါကို တခြားလူတွေက လျှောက်ထည့်ထားတာဆိုရင် လေးအင်္သချေနဲ့ ကမ္ဘာတသိန်းဆိုတာလည်း တခြားလူတွေ လျှောက်ထည့်ထားတာ ဖြစ်နိုင်တာပဲလေ။ ((ဗဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော်
ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင်
သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက်မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူတစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော်
၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။

အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။
ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး
ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။
ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး “ယခုဘဝကား
ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ
အာသဝေါကင်းသည်ဖြစ်သောကြောင့်ငြိမ်းအေးလတံ္တ့”
ဟူသောစကားကိုအရပ်လေးမျက်နှာကိုကြည့်ပြီးပြောဆိုလိမ့်မယ်။

ပြာသာဒ်လေးဆောင်ပေါ်လာခြင်း

အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့လူသားတွေမျက်စိဖြင့်စိန်းစိန်းမကြည့်ဝံ့တဲ့
အရောင်တလက်လက်ဖြင့် ရတနာအရောင်ထွန်းလင်းပြောင်တဲ့
တင့်တယ်ခံ့ညားသောပြာသာဒ်လေးဆောင်ပေါ်ပေါက်လာလိမ့်မည်။ http://wnt208047.multiply.com/journal/item/84

Kaung Kin Ko said...

နားမလည်သေးတဲ့သူတွေ ဒီမှာဆက်ပြီး သွားဖတ်ကြည့်ပါ။ ကွန်မန့်တွေ များလွန်းလို့ ဒီမှာ ကော်ပီ ဆက်ပြီး မလုပ်ပြချင်တော့ဘူး။ တကယ်တော့ တယောက်စ နှစ်ယောက်စက နားမလည်နိုင်လို့ ပြောပြီးသားတွေပဲ နည်းအမျိုးမျိုးနဲ့ လှည့်ရှင်းနေရတဲ့ ကွန်မန့်တွေပါ။ တော်တော်ကို ထပ်နေတဲ့ ကွန်မန့်တွေပါ။ determinism တို့ free will တို့ကြောင်း ခုမှ သိတဲ့သူတွေ၊ ဖီလော်ဆော်ဖီ အခြေခံမရှိဘဲ ကြိုတင်ယုံကြည်ထားတဲ့ အစွဲအလမ်းတွေ များနေလို့ အကြောင်းအရာကို သဘောမပေါက်တာလို့ ထင်ပါတယ်။

Kaung Kin Ko said...

http://www.facebook.com/notes/kaung-kin-ko/%E1%80%80%E1%80%99%E1%81%BB%E1%80%AC%E1%80%95%E1%80%BA%E1%80%80%E1%80%B9%E1%80%99%E1%80%95%E1%80%BA%E1%80%80%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B7%E1%80%B9-%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8-%E1%80%A1%E1%80%95%E1%80%AB%E1%80%A1%E1%80%9D%E1%80%84%E1%80%B9-%E1%80%86%E1%80%80%E1%80%B9%E1%80%85%E1%80%95%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC-%E1%80%A1%E1%80%BB%E1%80%81%E1%80%AC%E1%80%B8%E1%80%A1%E1%80%B1%E1%80%90%E1%80%BC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/10151300707829116

Wunna Soe said...

ကွန်မန့်တွေ ဖတ်လို့တော့ကောင်းသားဟ....... ရေးတဲ့သူရော..မေးတဲ့သူရော.... ဖြေတဲ့သူရော...ရှည်တဲ့သူရော...... အဲ့တာမှ ကာလာမ သုတ်နဲ့ ညီတော့မပေ.ါ့...ကောင်းလေစွ

AUNG MYO KYAW said...

အချိန်ယူ သေသေချာချာစဉ်းစားပြီးမှ comment တွေပေးကြပါလားဗျာ။ကိုကောင်းကင်ကိုပြေားတာကသုံးသပ်ပြတဲ့သဘောပါ။မှန်တာ မှားတာကကိုယ့်ဘာသာကိုယ်စဉ်းစာသုံးသပ်ကြပေါ့ဗျာ။

Anonymous said...

ဟဲ့ဟဲ ဖတ်ရတာတွေကတော့တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ။ သိပ္ပံအတတ်တွေတိုးတက်လာတယ်ဆိုတာ အင်မတန်မှကိုကောင်းပါတယ်၊၊ လူတွေအတွက်လဲတော်တော် အကြိုးဖြစ်ထွန်းပါတယ်။ ပါတယ်။ အစစအရာပေါ့ ၊ လူနေမှု့ဘ၀ကို အဘက်ဘက်ကအထောက်အကူပြုပါတယ်။ ဒီ လို ညဏ်ပညာ သိပ္ပံ ပညာ လေးနဲ့ကမ္ဘာကို ဖန်ဆင်းခဲ့တဲ့ဘုရားကိုတောင် ပြန်ပြီး မေးခွန်းတွေထုတ်၊ ပြန်ပြီးဝေဖန်တာ တော့ အတော်လေးကို ရယ်စရာတော့ကောင်း တယ်၊ ဟားဟား ။ သိပ္ပံ ပညာရှင်တွေ တိုးလိုတန်လန်း ကိုးရိုးကားရား အဖြေမရှာ နှိုင်တဲ့ အရာ တွေကို နောက်ဆုံး ကျမ်း စာ ထဲမှာ အများကြီးတွေ့ခဲ့ရတယ် ဆိုတာလဲမမေ့နဲ့ဦးနော် ဟဲဟဲ။ ဥပမာတခုအနေနဲ့ - NASA အဖွဲ့ဝင်တွေ ဆယ်စုနှစ်ကျော်ကျော် စူးစမ်းလေ့လာပြီး ပျေက်ဆုံးနေတဲ့တရက်(the missing day)ကို အဖြေရှာမရနှိင်ခဲ့တာ ကိုပြန်ပြီး တော့သတိရစေချင်တယ်။ ဘုရားသခင်ဆိုတာ မရှိဘာဘူး လို့ ထင်တဲ့သိပ္ပံပညာရှင်တစ်ချို့ အတွက်တော့ဘုရားသခင်ဟာတကယ်ရှိတယ်ဆိုတာ ကို သက်သေပြ နှိုင်ခဲ့တာပေါ့။ ကျမ်းချက် ကိုပါအတိအကျပေးလိုက်မယ်။ ပြန်ဖတ်ကြည့်ပေါ့ကွာ။ ( ယောရှူ့ မှတ်စာ ၁၀း ၁၂ -၁၃) နဲ့ (ဓမ္မရာဇ၀င်ချုပ် စတုတ္ထစောင် ၂၀း ၉-၁၁) ။ ဥပမာ အများကြီးကျန်ပါသေးတယ် ပြောရမယ်ဆိုရင်တော့။ အေးကွာ ကိုယ့်ထင်မြင်ယူဆချက်တွေကိုဒီလို ပေါ်ပေါ်လွင်ရေးထားတာကိုတော့ လေးစားပါတယ်။ ဘုရားသခင်ကလဲလူသားတွေကို ရွေးချယ်ဖို့အခွင့်တွေပေးထားတာ ပဲ။ ကြိုက်တာကိုရွေးလို့ရပါတယ်။ နောက်တော့လဲ ကိုယ်စိုက်တဲ့အတိုင်းပဲရိပ်သိမ်းရမှာပေါ့၊ စပါးစိုက်တဲ့လူကတော့ စပါးရိပ်ရမှာပေါ့ကွာ။